ငရဲပန်းကို ရွှေပန်းထင်

Posted on

“ငရဲပန်းကို ရွှေပန်းထင်”(စ/ဆုံး)
——————————
တပေါင်း လပြည့်ညဖြစ်သည်။လမင်းကြီးက ကောင်းကင်ပေါ်တွင် ထိန်ထိန်သာ နေသည်။ငွေလရောင်ခြည်သည် ည၏အမှောင်ထုကို ဖြိုခွင်းပြီး တိတ်ဆိတ် ငြိမ်သက်လျက်ရှိသော သပြေတန်း ရွာကလေး အပေါ်သို့ ဖြာကျလျက် ရှိသည်။

“အောက် အီး အီး အွတ်”

ညဦး ကြက်တွန်သံ တချက်ကို အေးသီ ကြားလိုက်ရသည်။သူငယ်အိပ်ချိန်တောင် ရောက်နေပြီပဲ။အဖေနှင့် အမေတို့ကတော့ အခုချိန်ထိ မအိပ်နိုင်ကြသေးပါ။အဖေက ဝါးပက်လက် ကုလားထိုင် တလုံးပေါ် တွင် ထိုင်ရင်း ဆေးလိပ်ဖွာနေသလို အမေကလည်း ဘုရားရှိခိုးနေ၏။အမေ့၏ ဘုရားရှိခိုးသံကို အိမ်အောက်မှ နေပြီး အေးသီ အတိုင်းသား ကြားနေရသည်။

ခြံတံခါးတွေကို သေချာပိတ်ကာ စစ်ဆေးပြီးနောက် အိမ်အပေါ်ထပ်သို့ အေးသီ တက်လာခဲ့သည်။အခန်းထဲသို့ ဝင်ပြီး အိပ်ရာပြင်ကာ အိပ်ရန် ပြင်ဆင်နေမိစဉ် ခြံအပြင်ဘက် ခပ်လှမ်းလှမ်းဆီမှ ရုတ်တရက် လွှင့်ပျံ့လာသည့် မယ်ဒလင်သံကြောင့် အေးသီ နားစွင့်နေလိုက်မိသည်။

မယ်ဒလင်သံက သာယာနာပျော်ဖွယ်ကောင်းလှသဖြင့် အေးသီလည်း ချက်ချင်း မအိပ်ဖြစ်သေးဘဲ စိတ်ဝင်တစား ငြိမ်၍ နားထောင်နေလိုက်မိသည်။

“ဘယ်က လာတာပါလိမ့်။ဘယ်သူများ တီးနေတာပါလိမ့်။နားထောင်ရတာ နဝင်ပီယံ ရှိလိုက်ပါဘိ။”

အေးသီသည် ခဏမျှ ငြိမ်သက်ကာ စဉ်းစားရင်း နားထောင်နေလိုက်ပြီးမှ မယ်ဒလင်တီးသူကို သိချင်စိတ်က ပြင်းပြလာရသည်။ထိုကြောင့် အခန်းပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်ရာ မွှေးမြသော ဆပ်သွားဖူးပန်းရနံ့ နှင့်အတူ အေးမြသော လရောင်ခြည်က ပြတင်းပေါက်မှ တဆင့် အေးသီ၏ အခန်းထဲသို့ ဖြာကျလာသည်။

အေးသီမှာ စူးစမ်းချင်စိတ်ဖြင့် အပြင်ဘက်သို့ လှမ်းကြည်လိုက်ရာ အပြင်ဘက်တွင် လရောင်ကြောင့် ည၏ပတ်ဝန်းကျင် မြင်ကွင်း အားလုံးကို မြင်လိုက်ရသည်။အေးသီက အသံလာရာ ဘက်ဆီသို့ လှမ်းမျှော်ကြည့်ရင်း မယ်ဒလင်တီးသူအား ရှာဖွေကြည့်လိုက်ပါသည်။

မယ်ဒလင်လက်သံသည် အေးသီတို့ အိမ်ခေါင်းရင်း ရွာလယ် လမ်းမကြီး၏ ဟိုတဘက်မှာရှိသည့် ထနောင်းပင်ကြီးအောက်မှ ထွက်ပေါ်နေခြင်း ဖြစ်သည်။ထိုထနောင်းပင်ကြီးအောက်ရှိ ခုံတန်းပေါ်တွင် ကာလသား လူပျိုတသိုက် ထိုင်နေကြသည်ကို တွေ့ရသည်။ထိုလူသုံးယောက်အနက်မှ တယောက်သောသူသည် မယ်ဒလင်ကို စိတ်ပါလက်ပါ တီးခတ်နေခြင်း ဖြစ်ဟန်တူ၏။

ထိုခဏ၌ အေးသီ၏အတွေးထဲတွင် တစုံတခုကို စဉ်းစားမိသွားသလို ဖြစ်သွားရပြီး ချက်ချင်း သဘောပေါက်ကာ ပြုံးလိုက်မိသည်။ထိုသူ ဘယ်သူလဲဆိုတာကို မေးကြည့်နေစရာပင် မလို။ထိုသူ့ကို အေးသီ ရင်ထဲမှာ အလိုလို သိနေပါသည်။သူကား ကိုအောင်သိန်းပင် ဖြစ်လိမ့်မည် ထင်သည်။

ကိုအောင်သိန်းဆိုသည်မှာ အေးသီတို့ ရွာသူကြီး ဦးဖိုးစိန်၏ တဦးတည်သော သား ဖြစ်သည်။မြို့ပေါ်၌ ကောလိပ်ကျောင်းတက်နေသည့် ခေတ်ပညာတတ် ကောလိပ်ကျောင်းသား တယောက်ဆိုလည်း မမှားပေ။ကိုအောင်သိန်းမှာ အေးသီတို့ ရွာရှိ လူပျိုကာလသားများကြားတွင် မယ်ဒလင်တီး အလွန်ကောင်းသူ ဖြစ်ပြီး၊သီချင်းဆိုရာတွင်လည်း လွန်စွာ ပိုင်နိုင်ကောင်းမွန်သူဖြစ်ကြောင်း သတင်းကြီးသည်။

ထို့အပြင် ကိုအောင်သိန်းသည် မြို့ကျောင်းတက် ခေတ်ပညာတတ် ကောလိပ်ကျောင်းသားပီပီ အပြောလည်း ကောင်းသလို ရုပ်ကလည်း ချောသည်။သို့ကြောင့် ကိုအောင်သိန်းမှာ အေးသီတို့ နယ်တကြောတွင် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်၍ နေလေသည်။

ထိုအထဲတွင် အေးသီသည်လည်း တယောက်အပါအဝင် ဖြစ်၍ နေလေသည်။ကိုအောင်သိန်းမှာ ကျောင်းပိတ်၍ ရွာပြန်ရောက်သည့် အခါတိုင်း ညဘက်ရောက်လျှင် အေးသီတို့ ခြံရှေ့သို့ အမြဲ ရောက်လာတတ်ပြီး မယ်ဒလင်တီးကာ သီချင်းဆိုရင်း အေးသီအား လာရောက် ပိုးပန်းလေ့ရှိသည်။

တခါတလေ ရွာထဲတွင် သူနှင့် အေးသီတို့ မမျှော်လင့်ဘဲ ဆုံတွေ့ကြသည့်အခါ လူလစ်သည့်အခါများ၌ သူက အေးသီအား လူပျိုစကား အမြဲ လိုက်ပြောလေ့ရှိသည်။အေးသီမှာ သူ့ကို ရှက်လွန်သဖြင့် သူ့မျက်နှာကို မကြည့်ဝံ့သော်လည်း ကိုယ်သဘောကျသည့် ကောင်လေးက ကိုယ့်ကို ရည်စားစကားလိုက်ပြောသည့်အခါ ရင်ထဲမှာကြည်နူးသလိုလို ခံစားရပါသည်။သူ့အကြည့်တွေ အောက်မှာ အေးသီရင်တွေ အလွန် ခုန်ရသည်။

တခါက သူ ထိုကဲ့သို့ ရည်းစားစကားလိုက်ပြောသောအခါ အေးသီမှာ သူ့ရှေ့မှာ ရဲရဲ မနေရဲတော့ဘဲ ရုတ်တရက် ထွက်ပြေးမည်အလုပ် သူက အေးသီ၏ လက်တဖက်ကို ချက်ချင်း ဖမ်းကိုင်လိုက်ပြီး

“ကိုအောင်သိန်း ဘယ်လိုမှ မမျိုသိပ်နိုင်တော့ဘူး အေးသီ။ဖွင့်ပြောပါရစေ။အေးသီလေးကို ကိုအောင်သိန်း အရမ်း ချစ်မိနေပြီကွယ်။တနေ့ မမြင်ရရင်ကို မနေနိုင်တော့ဘူး။ အေးသီကိုပဲ အမြဲ မြင်ယောင်ပြီး သတိရနေမိတယ်။ကျောင်းဖွင့်ရင် မြို့ကို ပြန်သွားရမှာတောင် မပြန်ချင်တော့ဘူးကွာ။”

အေးသီက သူ့လက်ထဲမှ ရုန်းကြည့်ပေမဲ့ သူ့က လွှတ်မပေးခဲ့ပါ။သူက အေးသီအား ရီဝေရွှန်းလဲ့သည့် အချစ်မျက်ဝန်းများနှင့် စိုက်ကြည့်ရင်း လက်ကို အတင်းဆွဲထားပြန်သည်။

“လွှတ်ပါ ကိုအောင်သိန်း။အေးသီကို ဒီလို မလုပ်ပါနဲ့။တော်ကြာ ရွာထဲက တယောက်ယောက် မြင်သွားရင် မကောင်းပါဘူးရှင်။”

“ဟင့်အင့်။မလွှတ်နိုင်ဘူးကွာ။အေးသီကို ကိုယ်ပြောချင်တာ ပြောပြီးမှ လွှတ်ပေးမယ်။ခဏလေးပါ အေးသီ။ခဏလေးပါကွာနော်။နောက်တခါ ကျောင်းပိတ်လို့ ရွာပြန်လာရင် အေးသီဆီက အဖြေကို ကိုအောင်သိန်း ကြားချင်တယ်ကွာ။ဘယ့်နှယ်လဲ အေးသီ။ကိုအောင်သိန်းကို အဖြေပေးမယ် မဟုတ်လား ဟင်။”

“ဟုတ် ဟုတ်ကဲ့ ကိုအောင်သိန်း။အခု အခုတော့ အေးသီကို သွားခွင့်ပြုပါဦးနော်။”

အေးသီမှာ ထိုတခွန်းကိုသာ ခပ်မြန်မြန် ပြောပြီး သူ့ရှေ့မှ ပြေးထွက်လာခဲ့မိသည်။အခုတော့ ကျောင်းပိတ်လို့ ကိုအောင်သိန်း ရွာကို ပြန်ရောက်နေပြီ ထင်ပါရဲ့။သူဆိုနေသည့် သီချင်းကလည်း အဓိပ္ပါယ်ရှိလှသည်။

အဆိုတော် တွံတေးသိန်းတန်၏”ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်”ဆိုသည့် သီချင်း ဖြစ်သည်။အေးသီ ပြုံးမိသည်။အေးသီမှာ ကိုအောင်သိန်း၏ မယ်ဒလင်လက်သံနှင့် သီချင်းဆိုသံကို နားထောင်ရင်း မနက်ဖြန်အတွက် ကိုအောင်သိန်းနှင့် တွေ့ရမည့် အရေးကို စဉ်းစားကာ ကြည်နူးစိတ်ဖြင့် ရင်ခုန်နေမိပါသည်။

*************************************************

ကိုအောင်သိန်းနှင့် အေးသီတို့ နှစ်ယောက်သည် ရွာထိပ်ကုန်းလေးပေါ်ရှိ ရွာဦး စေတီလေး နံဘေးတွင် ချိန်းတွေ့ဖြစ်ကြသည်။ထိုနေ့က ကိုအောင်သိန်းမှာ အလွန် ကြည့်ကောင်းနေခဲ့ပါသည်။အေးသီနှင့် တွေ့ဖို့ အရေး သူ တော်တော် ပြင်ဆင်လာပုံရသည်။ကိုအောင်သိန်းက အေးသီကို မြင်တာနှင့်

“အေးသီ ကိုအောင်သိန်း ချိန်းတဲ့ဆီ ရောက်အောင်လာတယ်နော်။ဝမ်းသာလိုက်တာကွာ။အေးသီ ဒီနေ့ အရမ်း လှနေတယ် သိလား။”

အေးသီက ဘာမှ မပြောဘဲ သူ့ကို ကြည့်ပြီး ပြုံးရုံသာ ပြုံးနေလိုက်မိသည်။ဒါကို ကြည့်ပြီး သူက မချင့်မရဲ ဖြစ်လာဟန်တူ၏။သူသည် အေးသီ အနားသို့ စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် လွှားခနဲ ရောက်လာပြီး အေးသီ၏ပုခုံး နှစ်ဖက်ကို ပိုင်စိုးပိုင်နင်း ဆုပ်ကိုင်လိုက်ရင်း

“အေးသီ ဟိုတခါ ကိုအောင်သိန်း တောင်းထားတဲ့ အဖြေကို အေးသီ အခု ပေးမယ် မဟုတ်လား ဟင်။အေးသီ ကိုအောင်သိန်းကို ချစ်တယ် မဟုတ်လား။ဖြေပါဦး အေးသီရယ်။ကိုအောင်သိန်းကို ချစ်တယ် မဟုတ်လား လို့။”

“ဟင့်အင့် မဖြေရဲဘူး။ရှက်တယ်။”

အေးသီ မဖြေရဲပါ။သူ့ကို ရှက်နေမိသဖြင့် မျက်နှာတွေ ထူပူနီမြန်းပြီး ခေါင်းကိုသာ တွင်တွင်ငုံ့ထားမိသည်။ကိုအောင်သိန်းက ဒါကို ချက်ချင်း သဘောပေါက်ပြီး ပြုံးသည်။ထို့နောက် လေသံတိုးတိုးဖြင့် ပြောသည်။

“ကိုအောင်သိန်းကို ရှက်နေတာလား အေးသီ။ဒါဆိုလည်း ခေါင်းညိတ်ပြလေကွာ။အေးသီ ကိုအောင်သိန်းကို ချစ်တယ် မဟုတ်လား။”

“အင်း”

အေးသီက ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်မိပါသည်။ထိုအခါ ကိုအောင်သိန်းမှာ စိတ်ကို မထိန်းနိုင်တော့ဘဲ အေးသီ၏ ငါးရံ့ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲသို့ အတင်း ဆွဲယူကာ ထွေးဖက်ထားရင်း ပါးချင်းအပ်ထားလိုက်ပါသည်။အေးသီလည်း သူဖက်ထားတာကို မရုန်းမိဘဲ သူ့ရင်ခွင်ထဲမှ နေ၍ သူ့ကို ပြန်လည်ကာ ဖက်ထားမိပါသည်။

ကျောင်းပိတ်ရက်ဖြစ်သဖြင့် ကိုအောင်သိန်း ရွာတွင် နှစ်လခန့်ကြာပါသည်။ထိုနှစ်လအတွင်း ကိုအောင်သိန်းနှင့် အေးသီတို့ ချစ်သူတို့ သဘာဝ ထိုကဲ့သို့ပင် မကြာမကြာ ချိန်းတွေ့ ဖြစ်ကြသည်။

တွေ့တိုင်းလည်း ချစ်စကား၊ကြိုက်စကားလေးကို ပြောလို့ မဝ၊ဆိုလို မဝ ဖြစ်ခဲ့ကြရသည်။အေးသီ ကိုအောင်သိန်းကို သိပ်ချစ်ပါသည်။အချစ်ဦးမို့လည်း ရူးရူးမူးမူး ချစ်ခဲ့မိပါသည်။ကိုအောင်သိန်းကို အေးသီ ချစ်သည့် အချစ်မှာ ရင်ထဲ၌ များပြားလွန်းသဖြင့် စာဖွဲ့ပြ၍ပင် ကုန်နိုင်လိမ့်မည် မထင်ပေ။အေးသီမှာ ကိုအောင်သိန်းကို ဤမျှလောက်အထိ ချစ်ရပါသည်။

အေးသီဘဝတွင် ကိုအောင်သိန်းကို ချစ်သည့်အချစ်မျိုးဖြင့် ဘယ်တစိမ်း ယောက်ျားသား တယောက်အပေါ်မှာမှ မချစ်ခဲ့ဖူးသေးပါ။ကိုအောင်သိန်းသည်သာ အေးသီ၏ အချစ်ဦး၊အချစ်ဆုံးဖြစ်လေသည်။

ကိုအောင်သိန်း မြို့သို့ မပြန်ခင် တညမှာ ကိုအောင်သိန်းချိန်းသဖြင့် အေးသီတို့ တွေ့ဖြစ်ကြသည်။အေသီတို့ အိမ်နောက်ဖေး ကောက်ရိုးပုံ နံဘေးမှာပင် ညဘက် လူခြေတိတ်ချိန် တွေ့ဆုံဖြစ်ကြခြင်း ဖြစ်သည်။ထိုညက ကိုအောင်သိန်းမှာ အရက် နည်းနည်း မူးနေဟန်ရှိသည်။

သူ့၏ ပြုမူဆက်ဆံပုံများမှာလည်း အေးသီအပေါ် အရင်ကနှင့်မတူ ခါတိုင်းထက် အနည်းငယ် ပိုရင်းနှီးလွန်းနေသည်ဟု ခံစားရသည်။(ချစ်သူတို့ သဘာဝ နမ်းတာ၊ပွေ့ဖက်တာမျိုးထက် အဆင့်ကျော်နေသည်ကို ဆိုလိုခြင်း ဖြစ်သည်။)

အမှန်အတိုင်း ပြောရလျှင် ထိုညက သူ့၏ ထိတွေ့ ယုယမှုလေးများအောက်တွင် အေးသီ၏ မသိစိတ်က သာယာခဲ့မိတာကိုတော့ ဝန်ခံရပေမည်။သို့သော် အေးသီ၏ သိစိတ်ကတော့ ဒါကို တားမြစ်နေပါသည်။သူနှင့် အေးသီတို့က တရားဝင် အကြင်လင်မယားအဖြစ် လူသိရှင်ကြား လက်ထပ်ထားခြင်းလည်း မရှိသေးပါ။

ထိုကဲ့သို့ ဆိတ်ကွယ်ရာအရပ်မှာ စိတ်အလိုကို လိုက်ပြီး သူနှင့် အတူတူ၊ဖိုနှင့်မ ယခုကဲ့သို့ ရင်းနှီးလွန်းစွာ မနေသင့်သေးပါ။အေးသီ၏ မိန်းမသား ဂုဏ်ရည်နှင့် မိန်းမသား တန်ဖိုးကို စောင့်ထိန်းသင့်သည်ဟု တွေးမိသည်။

ထို့ကြောင့် သူ၏ဆန္ဒနှင့် သူ့၏ တောင်းဆိုမှုများအားလုံးကို အေးသီမှာ အလွယ်တကူ မလိုက်လျောဘဲ သူ့ကို နားဝင်အောင် ချော့မော စည်းရုံးပြီး ငြင်းပယ်ခဲ့ရသည်။ကျောင်းဖွင့်၍ ကိုအောင်သိန်း မြို့သို့ ပြန်သွားသည့်အခါ အေးသီမှာ ကိုအောင်သိန်းကို လွမ်း၍ ကျန်ရစ်ခဲ့ရသည်။

*************************************************

ကိုအောင်သိန်းနှင့် အေးသီတို့ ချစ်ကြိုက်နေကြသည်ကို တဆင့်စကား တဆင့်နားဖြင့် အဖေနှင့် အမေ သိသွားကြသည့်အခါ အေးသီကို ဝိုင်းပြီး တားမြစ်ကြပါသည်။အဖေကဆိုလျှင် သိသိချင်း ဒေါသအမျက် ချောင်းချောင်းထွက်လျက် အေးသီအား ဆူပူမာန်မဲခဲ့ပါသည်။

“ကြိုက်စရာရှားလို သမီးရယ်။ဒီလို လူရှုပ်၊လူပွေကိုမှ ရွေးပြီ ကြိုက်ရသလားကွယ်။ငါ့သမီး သူ့ကို ယူရင် ဒူးနဲ့မျက်ရည် သုတ်နေရမှာ အဖေ မြင်ယောင်သေးတယ်။သူ့ပုံစံကို ကြည့်ဦး။သူ့ကိုယ်သူ ခေတ်ပညာတတ် ကောလိပ်ကျောင်းသာဆိုပြီး မယ်ဒလင်လေး တဒေါင်ဒေါင်နဲ့ ရွာထဲမှာ ခြေဖျားထောက်နေတာ။သူလည်း သူ့အဖေလိုပဲ။”

“အလုပ်ကို လက်ကြောတင်းအောင် လုပ်မဲ့ ရုပ်လည်း မပေါက်ဘူး။လူက လူပေါ်ကြော့။ပြီးတော့ သူ့အဖေဆိုသူနဲ့ အဖေနဲ့ကလည်း ကမ္ဘာ့ရန်။အဖေ ကြိုပြီး သတိပေးထားမယ်နော်။ဒီလို လူမျိုးရဲ့သားနဲ့တော့ ငါသမီးကို အဖေ လုံးဝ အဖြစ်မခံနိုင်ဘူးနော်။ငါ့သမီး သူ့ကို ယူရဲ ယူကြည့်။အဖေ့အကြောင်း ကောင်းကောင်းကြီးကို သိစေရမယ်။”

အမေလည်း အေးသီကို ကြိတ်၍ ဆူပါသည်။

“သမီး အေးသီ။ညည်း ဘာဖြစ်လို့ မိုက်ချင်ရတာလဲ အေ။ညည်းအဖေနဲ့ သူ့အဖေက လုံးဝ တည့်ကြတာလည်း မဟုတ်ဘူး။ငယ်ငယ်လေးကတည်းက ရန်ဖက်တွေဆိုတာလည်း ညည်း သိရဲ့သားနဲ့အေ။”

ပြီးတော့ မောင်အောင်သိန်း အကြောင်း ညည်း ဘယ်လောက်သိလို့လဲ။ဒီကောင်လေးက လူရှုပ်လူပွေ။ရုပ်ကလေး ဗန်းပြပြီး ရည်စားတွေ မှိုလို ပေါက်အောင် ထားနေတာ။ဟိုရွာ၊ဒီရွာ သူနဲ့ကင်းတဲ့ မိန်းကလေးဆိုတာက ခပ်ရှားရှား။”

“ပြီးတော့ ရှိသေးတယ်။ဟိုမြို့ပေါ်မှာလည်း ဒီကောင်လေးနဲ့ မိန်းကလေးတယောက် ကျောင်းတက်ရင်း တိတ်တိတ်ပုန်း ညားနေကြတယ်ဆိုလား။ဘာဆိုလား။ဒီသတင်းက သေတော့ မသေချာပေမဲ့ ဒီကောင်လေး ပုံစံကြည့်ရတာ ဖြစ်နိုင်ခြေရှိတယ်လို့ အမေကတော့ ထင်မိတာပါပဲအေ။”

ထိုအခါ အေးသီသည် ချစ်ရသူ ကိုအောင်သိန်းဘက်မှ နေ၍ ကာကွယ်ရင်း အမေ့အား ပြန်ပြောဆိုမိခဲ့သည်။

“ဒီသတင်းကတော့ မဟုတ်ပါဘူး အမေရယ်။သမီး သူ့ကို မေးကြည့်ပြီးပါပြီ။သူ့ကို မနာလိုတဲ့ သူတွေက ဝိုင်းပြီး သွားပုပ်လေလွင့် ပြောကြတာပါတဲ့။”

“ဟုတ်ဟုတ်၊မဟုတ်ဟုတ် တော်ပြီအေ။ငါ့သမီးကို ဒီလို မိန်းမကိစ္စရှုပ်ပွေတတ်တဲ့ လူမျိုးရဲ့လက်ထဲကိုတော့ ဘယ်တော့မှ အပါမခံနိုင်ဘူး အေ။ညည်းကို ငါ စိတ်မချတော့ဘူး။ဒီတော့အဖွားငြိမ်းနဲ့ အမေတို့ တိုင်ပင်ထားတဲ့အတိုင်း ငါ့သမီးကို မောင်ရန်နိုင်နဲ့ အမြန်ဆုံး နေရာချထားပေးဖို့ စီစဉ်မှ ဖြစ်တော့မယ်။”

ရုတ်တရက် ပြောချလိုက်သည့် အမေ၏ စကားကြောင့် အေးသီမှာ အံ့ဩရသည်။

“ရှင် အမေ ဘာပြောလိုက်တယ်။သမီးကို ကိုရန်နိုင်နဲ့ လက်ထပ်ပေးမယ် ဟုတ်လား။ဟင့်အင့်။သမီး ကိုရန်နိုင်ကို လုံးဝ မယူနိုင်ဘူးနော်။သမီး သူ့ကို လက်မထပ်ချင်ဘူး။သမီး သူ့ကို ကြောက်တယ်။ဒီကိစ္စကို အမေတို့ သမီးကို တခါမှလည်း မပြောခဲ့ဖူးပါဘူး။”

“ဟုတ်တယ် သမီး။အမေနဲ့ အဘွားငြိမ်းတို့ အရင်ကတည်းက တိုင်ပင်ထားကြတာ ကြာပြီ သိလား။ဒါကို မောင်ရန်နိုင်လည်း သိတယ်။သမီးကိုပဲ အသိမပေးရသေးတာ။သမီး အဖေကိုလည်း အမေ မေးကြည့်ပြီးပြီ။သူလည်း မောင်ရန်နိုင်နဲ့ဆို သူ့သမီးကို သဘောတူတယ်တဲ့လေ။”

“ရှင်”

“ဒါကြောင့် အမေတို့ မောင်ရန်နိုင်နဲ့ သမီးတို့ရဲ့မင်္ဂလာကိစ္စကို မြန်မြန် စီစဉ်လိုက်ကြတော့မယ်။”

အေးသီမှာ အမေ့ကို ကြည့်ပြီး အံဩပြီးရင်း အံ့ဩနေမိသည်။ဘာပြောလို့ ပြောရမှန်းလည်း မသိတော့ပါ။ရင်ထဲမှာတော့ အမေ လုပ်ရက်တယ်ဆိုပြီး အော်ငိုပစ်လိုက်ချင်သည့်စိတ်ကသာ တားမရ၊ဆီးမရ ဖြစ်ပေါ်နေမိသည်။

“မောင်ရန်နိုင်က သမီးကို အရော မဝင်ဘူး။သမီးနဲ့ သူက ငယ်ငယ်လေး ကတည်က တယောက်နဲ့ တယောက် ခင်ခင်မင်မင် ရင်းရင်းနှီးနှီးလည်း မရှိကြဘူး။သမီးနဲ့လည်း သက်တူ၊ရွယ်တူ မဟုတ်ကြလေတော့ သူက အကြီးဆိုပြီး သမီးအပေါ်မှာ ခပ်တည်တည် နေတတ်တယ်။ဒါကြောင့် သမီးက သူ့ကို ကြောက်တယ်။လက်မခံချင်ဘူးဆိုတာ အမေတို့ အားလုံး သိပါတယ်ကွယ်။”

“မောင်ရန်နိုင်ဟာ အဲသလို သူ့ဘာသာသူ ခပ်တည်တည်နေတတ်တာလေး တခုကလွဲလို့ သူဟာ လူကောင်းတယောက်ပါ သမီးရယ်။အလုပ်လည်း အလွန် ကြိုးစားတယ်။ဝီရိယလည်း ရှိတယ်။ဇွဲလည်း ကောင်းတယ်။ရေသာမခိုဘူး။မပျင်းတတ်ဘူး။”

“ပြီးတော့ ရိုးသားတယ်။အကျင့်စာရိတ္တပိုင်းမှာဆိုလည်း သူ့မှာ ဘာမှ အပြစ် ပြောစရာ မရှိဘူး။သူ့ကို လက်ထပ်လိုက်ရလို့ ငါ့သမီး ဘယ်တော့မှ မျက်နှာမငယ်စေရဘူး။နောင်တ မရစေရဘူး။သူ့ကို အမေ ယုံတယ်။”

ကိုရန်နိုင်က အဖွားငြိမ်း၏မြေး ဖြစ်သည်။အေးသီတို့နှင့် တရွာတည်းနေ တရေတည်းသောက်ဆိုလည်း မမှားပေ။အေးသီတို့ ခြံနှင့် ကပ်လျက် တဖက်ခြံမှာ ကိုရန်နိုင်တို့ မြေးအဖွားနှစ်ယောက် အတူတူ နေကြသည်။အဖွားငြိမ်း၏ ခြံက ကျယ်ဝန်းပြီး ခြံထဲမှာလည်း နှစ်ရှည်သီးပင်၊စားပင်တွေကို အမြောက်အများ စိုက်ပျိုးထားသည်။

ထိုအထဲတွင် မန်ကျည်းပင်နှင့် စိန်တစ်လုံး သရက်ပင်တွေက အများဆုံး ဖြစ်လေသည်။အဖွားငြိမ်းတို့က စီးပွါးအဖြစ် စိုက်ပျိုးထားကြခြင်း ဖြစ်သည်။အဖွားငြိမ်းက အသက် တော်တော် ကြီးနေပါပြီ။အဖွားငြိမ်းမှာ သွေးသားရင်းဆိုလို့ သမီးက မွေးသည့် ကိုရန်နိုင်နှင့် ကိုရန်ပိုင်ဆိုသည့် မြေးယောက်ျားလေး ၂ယောက်သာ ရှိသည်။

ကိုရန်နိုင်က အကြီးဖြစ်ပြီး ကိုရန်ပိုင်က အငယ် ဖြစ်သည်။သူတို့ နှစ်ယောက်၏ မိဘနှစ်ပါး ဖြစ်ကြသည့် အဖွားငြိမ်း၏ သမီးနှင့် သမက်ကတော့ သက်ရှိထင်ရှား မရှိကြတော့ပါ။ကိုရန်နိုင်တို့ ငယ်စဉ်ကပင် ရွာမှာ ဓါးပြတွေ ဝင်တိုက်ရင်း သူတို့လက်ချက်ဖြင့် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းကို ခံရပြီး ဆုံးပါးကုန်ကြသည်။

သူတို့ညီအစ်ကို နှစ်ယောက်စလုံးက အေးသီထက် အသက်ကြီးကြသည်။အငယ်ဖြစ်သည့် ကိုရန်ပိုင်ထက်ပင် အေးသီက ၃နှစ်ခန့် ငယ်ပါသေးသည်။အကြီးဖြစ်သည့် ကိုရန်နိုင်နှင့် ဆိုလျှင် အေးသီးက ၁၀နှစ်ခန့် ငယ်ပါလိမ့်မည်။

ကိုရန်ပိုင်က ကိုရန်နိုင်နှင့်စာလျှင် ဖော်ရွေပြီး ပိုသဘောကောင်းသည်။ထို့ကြောင့် အေးသီက ကိုရန်နိုင်ထက် ကိုရန်ပိုင်ကို ပိုခင်သည်။ကိုရန်နိုင်ကိုတော့ အေးသီတို့က ကြောက်ရသည်။ကိုရန်နိုင်က ကိုရန်ပိုင်လို မဟုတ်။အေးသီးအပေါ် ဖော်ရွေမှုလည်း မရှိ။စကားလည်း အလွန်း နည်းပြီး သူဘာသာ ခပ်တည်တည်ပဲ နေတတ်သည်။စည်းကမ်းကြီးပြီး ဒေါသလည်း အလွန် ကြီးသူ ဖြစ်သည်။

သို့အတွက်ကြောင့် အေးသီတို့က ကိုရန်နိုင်ရှေ့ရောက်လျှင် သူ့ကို ရှိန်ပြီး ကြောက်ရသည်။တခါတရံ ကိုရန်နိုင်က ကိစ္စရှိ၍ “ဟိုကောင်မလေး”ဟု လှမ်းခေါ်လိုက်လျှင်ပင် အေးသီမှာ နေစရာမရှိ ခြေဖျားလက်ဖျားတွေ အေးပြီး အသည်းတုန်၊အူတုန်ဖြစ်နေရတတ်သည်။

အဖွားငြိမ်းတို့ အိမ်မှာ ကိုရန်နိုင် ရှိနေသည့် အချိန်များဆိုလျှင် အေးသီမှာ အဖွားငြိမ်းကို ချစ်ပေမဲ့ အဖွားငြိမ်းအနားတွင် ကြာကြာ မနေရဲပေ။ခြံထဲတွင် ကိုရန်နိုင်၏ အရိပ်အယောင်ကို မြင်သည်နှင့် အေးသီမှာ နေရာမှ ချက်ချင်း လစ်ပြေးပြီးသား ဖြစ်နေတတ်သည်။ကိုရန်နိုင်အပေါ် အေးသီ ဤမျှလောက် ကြောက်ရပါသည်။

အဖွားငြိမ်းတို့အိမ်မှာ ကိုရန်နိုင် မရှိသည့်အချိန်၊အဖွားငြိမ်းတယောက်တည်း ရှိနေသည့် အချိန်များဆိုလျှင်တော့ အေးသီက အဖွားငြိမ်းတို့ အိမ်ဘက်သို့ အမြဲ ဝင်ထွက်သွားလာလေ့ရှိသည်။မန်ကျည်းပင်အောက်က ကွပ်ပျစ်လေးမှာ ထိုင်ပြီး အဖွားငြိမ်းနှင့် စကားပြောရင်း အဖွားငြိမ်း၏အလုပ်များကိုလည်း ဝိုင်းကူလုပ်ပေးလေ့ရှိသည်။အဖွားငြိမ်းကလည်း အေးသီကို အလွန်ချစ်ပါသည်။

ကိုရန်နိုင်က အစ်ကိုကြီးတော့ အဖရာဆိုသကဲ့သို့ အစ်ကိုကြီး အလွန် ပီသသူဖြစ်သည်။မိဘနှစ်ပါးဆုံးပြီးနောက် အဖွားနှင့် နေရသည့်အခါ အိမ်မှာရှိသည့်လယ်ယာ၊ဥယျာဉ်ခြံမြေစသည့်အိမ်၏စီးပွါးရေးလုပ်ငန်းအားလုံးကို သူ့ကိုယ်တိုင် ဦးစီးပြီး လုပ်ကိုင်သည်။သူက အတန်းပညာ သိပ်မတတ်ပေမဲ့ ညီဖြစ်သူ ကိုရန်ပိုင်ကိုတော့ ဘွဲ့ရပညာတတ် တယောက်ဖြစ်သည့်အထိ ကျောင်းထားပေးခဲ့သည်။

နောက်ဆုံး ညီဖြစ်သူ အလုပ်ရပြီး အိမ်ထောင်ကျသွားသည့်အချိန်ထိ အစ်ကိုကြီး တာဝန်ကို ကျေပွန်ခဲ့သူ ဖြစ်လေသည်။အဖွားငြိမ်းက ကိုရန်နိုင်ကို အိမ်ထောင်ပြုစေချင်သည်။

ထိုကြောင့် တိုက်တွန်းသည်။နားချသည်ဟုတော့ အမေ ပြောပြ၍ အမေမှတဆင့် အေးကြည် ကြားခဲ့ရဖူးသည်။လက်စသတ်တော့ အဖွားငြိမ်းက ကိုရန်နိုင်ကို အေးသီနှင့် သဘောတူလို့ နားချနေသည်ပဲ။အေးသီ အခုမှ တွေးရင်း တဖြည်းဖြည်း သဘောပေါက်လာရသည်။

************************************************

နှစ်ဖက် လူကြီးများ၏ စီစဉ်မှုကြောင့် ကိုရန်နိုင်နှင့် အေးသီတို့၏ မင်္ဂလာကိစ္စက မကြာမီ အကောင်အထည် ပေါ်တော့မည် ဖြစ်သည်။မင်္ဂလာပွဲ ကျင်းပမည့် ရက်ကလည်း သတ်မှတ်ပြီးပြီ။အချိန်က သိပ်မလိုတော့ပါ။သည်ကြားထဲ အေးသီမှာ ချစ်ရသူ ကိုအောင်သိန်းနှင့် အဆက်အသွယ်ရရန် ကြိုးစားရသည်။

ကိုအောင်သိန်းဆီသို့ အေးသီကို အမြန် လာခိုးရန် စာရေးပြီး လူကြုံပါးကာ စာထည့်ပေးလိုက်သည်။သို့သော် မအောင်မြင်။အေးသီမှာ ကိုအောင်သိန်းအား မျှော်နေရသော်လည်း ကိုအောင်သိန်းကား လုံးဝ ပေါ်မလာခဲ့ပါ။

(နောက်မှ သိရသည်မှာ အေးသီ စာထည့်ပေးလိုက်သည့် လူကြုံက လမ်းမှာ ကားမှောက်ပြီး ဆေးရုံပေါ် ရောက်သွားခဲ့ရသဖြင့် စာက ကိုအောင်သိန်း လက်ထဲသို့အချိန်မှီ မရောက်နိုင်တော့ပဲ နောက်ကျမှ ရောက်သွားခဲ့ရခြင်း ဖြစ်သည်။)

နောက်ဆုံးတော့ အေးသီလည်း ဘာမျှ မတတ်နိုင်တော့ဘဲ မိဘတွေ၏ သဘောဆန္ဒအတိုင်း ကိုရန်နိုင်နှင့် လက်ထပ်လိုက်ရသည်။အေးသီမှာ ချစ်သူနှင့် လွဲခဲ့ရသဖြင့် မင်္ဂလာပွဲမှာ စိတ်ထိခိုက်ပြီး လူမသိသူမသိ ကြိတ်၍ ငိုရှိုက်ခဲ့ရပါသေးသည်။

ကိုရန်နိုင်နှင့် လက်ထပ်ပြီး နှစ်ရက်ခန့် အကြာတွင် ကိုအောင်သိန်းတယောက် အေးကြည်၏ မင်္ဂလာသတင်းကို ကြားပြီး ရွာသို့ ချက်ချင်း ရောက်ချလာခဲ့ပါသည်။သို့သော် အချိန် နောက်ကျခဲ့လေပြီ။ချစ်ရသူ ကိုအောင်သိန်း တယောက် အလာကောင်းခဲ့ပေမဲ့ အခါနှောင်းသွားခဲ့ရလေပြီ။

အေးသီမှာ ကိုရန်နိုင်နှင့် လက်ထပ်ပြီး ကိုရန်နိုင်၏ဇနီး ဖြစ်နေရပြီမို့ သူလည်း ဘာမှ မတတ်နိုင်တော့ဘဲ လက်လျော့ကာ မြို့သို့ ပြန်သွားခဲ့ရသည်။အေးသီလည်း ထိုအဖြစ်ကို သိပြီး ရင်ကွဲပက်လက် ဖြစ်ကာ ဝမ်းနည်းလွန်း၍ ကိုရန်နိုင် ကွယ်ရာတွင် ကိုရန်နိုင် မသိအောင် တိတ်တိတ်လေး ကြိတ်၍ ငိုခဲ့ရလေသည်။

ထိုနောက် အေးသီလည်း စိတ်ကို ပြန်လည် ဖြေသိမ့်ကာ ကုစားရင်း လက်ရှိဘဝမှာ ပျော်အောင်နေရန်သာ ဆုံးဖြတ်ချက် ချလိုက်ပါသည်။မိမိက အိမ်ထောင်ရှင်မ တယောက် ဖြစ်နေခဲ့ပြီမို့ လင်ယောက်ျား ကွယ်ရာတွင် ယခုကဲ့သို့ စိတ်အလိုကို လိုက်ပြီး မဖေါက်ပြားသင့်တော့ကြောင်း ဆင်ခြင်မိလာသည်။

မိမိ၏လင်သား ဖြစ်သူ ကိုရန်နိုင်အပေါ်တွင် မိမိ သစ္စာစောင့်သိရမည်ဟုလည်း ယူဆမိသည်။သို့ကြောင့် ကိုရန်နိုင်နှင့် အဆင်ပြေအောင်၊သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံရင်း သူ့အပေါ် မယားဝတ္တရား ငါးပါးနှင့် အညီ ပြုစုလုပ်ကျွေး၍သာ နေထိုင်ဖြစ်ခဲ့လေသည်။

တကယ်တမ်း ပေါင်းသင်းကြည့်သည့်အခါ ကိုရန်နိုင်၏ စိတ်နေစိတ်ထားက အေးသီ ထင်သလောက်ကြီးလည်း မဆိုးဝါးခဲ့ပါ။ကိုရန်နိုင်သည် အေးသီအပေါ် ဇနီးတယောက်အနေနှင့်ရော၊နှမကလေး တယောက်အနေနှင့်ပါ အစစအရာရာ အလိုလိုက်ပြီး ဂရုစိုက်ခဲ့ပါသည်။သို့အတွက်ကြောင့် အေးသီမှာ စိတ်ချမ်းသာရသည်။

နောက် ၅လခန့်ကြာသည့်အခါ ကိုအောင်သိန်း တယောက် ရွာသို့ ပြန်ရောက်လာခဲ့ပါသည်။သို့သော် အရင်လို လူကောင်း ပကတိ အတိုင်း ပြန်ရောက်လာခဲ့ခြင်းတော့ မဟုတ်ပေ။လူမမာ အဖြစ်နှင့် ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ကိုအောင်သိန်း၏ ရုပ်ရည်မှာ အရိုးပေါ် အရေတင်နေပြီး ပိန်လှီခြောက်ကပ်ကာ မျက်တွင်းဟောက်ပက်နှင့် လူရုပ်တောင် ကောင်းကောင်း မပေါ်နိုင်တော့ပါ။လူကလည်း အားအင်ချိနဲပြီး လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်သဖြင့် သူ့မိသားစုက သူ့အား လှည်းဖြင့် တင်ပြီး ခေါ်လာခဲ့ရခြင်း ဖြစ်သည်။

ထိုအချိန်၌ အေးသီမှာ ကိုရန်နိုင်နှင့် ရသည့် ပထမ ကိုယ်ဝန်အား လွယ်ထားခဲ့ရပြီ ဖြစ်လေသည်။ကိုအောင်သိန်း၏ ရောဂါအခြေအနေအား သိချင်စိတ်ဖြင့် မေးမြန်းကြည့်မိသည့်အခါ သိလိုက်ရသည့် အဖြေကြောင့် အေးသီမှာ အကြီးအကျယ် အံဩပြီး ထိတ်လန့်တုန်လှုပ်ကာဘုရားတခဲ့ရပါသည်။

အေးသီ သိလိုက်ရသည့် အဖြေက ကိုအောင်သိန်း၏ ရောဂါအခြေအနေက ရိုးရိုးရောဂါ မဟုတ်။(HIV)ပိုး ကူးစက်ခံရပြီး (AIDS)ရောဂါ ဖြစ်နေခဲ့သည်ဟု သိရသည်။ (မှတ်ချက်-ထိုရောဂါနှင့် ပတ်သက်သည့် ဆေးဝါး မပေါ်ပေါက်ခင်က အခြေအနေ တခုဖြစ်သည်။)

ကိုအောင်သိန်းက မိန်းမကိစ္စ၌ အလွန် ဝါသနာထုံသည့် လူတယောက်ဟု သိရသည်။မြို့တွင် ထိုကိစ္စဖြင့် သူ တော်တော်ရှုပ်ပွေခဲ့သည်။သူ့တွင် အရင်က သူ့လို ဘဝတူ နယ်မှ ကျောင်းလာတက်သည့် မိန်းကလေး တယောက်နှင့် ချစ်ကြိုက်မိပြီး ခြေလွန်လက်လွန်ဖြစ်ကာ ကလေး တယောက်ရခဲ့သည်။

ထိုမိန်းကလေး လက်ထဲတွင်လည်း သူက ငြိမ်ငြိမ်မနေဘဲ သူ့၏ ဝါသနာ၊ဗီဇ၊အကျင့်အတိုင်း နောက်ထပ် ရည်းစာများ ထည်လဲတွဲပြီး ရှုပ်ပွေခဲ့သဖြင့် ထိုမိန်းကလေးနှင့် ပြဿနာတက်ပြီး လမ်းခွဲ ပြတ်စဲခဲ့ကြသည်။

ထိုမိန်းကလေးကတော့ အရှက်ကွဲပြီး မြို့မှာ မနေရဲတော့သဖြင့် ကလေးတယောက်နှင့် သူ့နယ်သို့ ပြန်သွားခဲ့ရသည်။ထိုနောက်ပိုင်း သူက အရင်လို ရည်စားများနှင့် ရှုပ်မြဲပွေမြဲဖြစ်သလို မကောင်းသည့် မိန်းမများကိုလည်း အခါအားလျော်စွာ လိုက်စားပျော်ပါးခဲ့သည်ဟု သိရပြန်သည်။

“ဘုရား ဘုရား တော်ပါသေးရဲ့။ဘုရားသိကြားမလို့။ငါ ကံကောင်းလို့ သူ့လက်ထဲကနေ သီသီကလေး လွတ်ခဲ့ရတာပါလား။ငါ့မိဘတွေနဲ့ ငါ့ယောက်ျား ကိုရန်နိုင်ကို ကျေးဇူးတင်လိုက်တာ။”

“ငါ့မိဘတွေနဲ့ ကိုရန်နိုင်သာ မကယ်ရင် အခုဆို ငါ့ဘဝတော့ သွားပြီ။သူ့ဆီက ဒီရောဂါဆိုးကြီး ကူးစက်ခံရပြီး ငါ့ဘဝ ရှေ့ဆက် မတွေးရဲစရာပါလား။ကြောက်ဖို့ ကောင်းလိုက်တာ။”

“ငါက ကိုရန်နိုင်လို လူကို ကြောက်နေတယ်။တကယ့် လက်တွေ့ကျတော့ ကိုရန်နိုင်က ကြောက်စရာမကောင်းဘဲ ကြောက်စရာကောင်းတဲ့ လူက ကိုအောင်သိန်း ဖြစ်နေပါရော့လား။ဘုရား၊ဘုရား။ငါက ငရဲပန်းကို ရွှေပန်းထင်မိတာပဲ။ငါမှားတော့ မလို့။မှားမိတော့မလို့ပါလား။ဟူး။

အေးသီမှာ တွေးရင်း လေပူတချက်ကို မှုတ်ထုတ်လိုက်ပြီး ကြက်သီးတွေ တဖြန်းဖြန်းထကာ သတိသံဝေဂတရားနှင့်အတူ နောင်တများစွာ ရနေမိပါတော့သည်။

*************************************************

အားပေးမှုကို ကျေးဇူးတင်လျက်
ဆက်လက်ကြိုးစားပါဦးမည်။
#စစ်နိုင်ထွန်း