“နောင်တများနဲ့အတူ”(စ/ဆုံး)
—————————-
လက်ထဲမှာ အဆက်မပြတ် မြည်နေတဲ့ ဖုန်းကို ထုတ်ကြည့်ရင်း ဘုန်းမြတ် စိတ်တို နေမိတယ်။ဖုန်းနံပါတ်ကို ကြည့်တာနဲ့ ဖြူရဲ့ဖုန်းနံပါတ် ဖြစ်မှန်း သူ ချက်ချင်း သိလိုက်တယ်။
ဒီတစ်ခါနဲ့ ဆိုရင် ဖြူ သူ့ဆီကို အဆက်မပြတ် ခေါ်နေတာ ငါးကြိမ်၊ခြောက်ကြိမ်လောက် ရှိရော့မယ်။စန္ဒီချို ရှေ့မှာမို့ သူ ဖြူရဲ့ဖုန်းကို မကိုင်ရဲပါ။တော်ကြာ သူနဲ့ ဖြူ့အကြောင်းကို စန္ဒီချို ရိပ်မိ၊သိရှိပြီး အထင်လွဲသွားမှာမျိုး၊စိတ်ဆိုး၊စိတ်တိုသွားမှာ မျိုးကို သူ မလိုလားပါ။သူ ဒီလိုလည်း အဖြစ် မခံနိုင်ပါ။ဒါကြောင့် ဖုန်းကို အသံပိတ်ထားလိုက်တယ်။
အသံပိတ်ထားပေမဲ့လည်း ဖုန်းရဲ့တုန်ခါနှုန်းက သူ့စိတ်ကို ရှုပ်ထွေးနောက်ကျိနေစေတယ်။
ဖုန်းက သူ မကိုင်မချင်း အဆက်မပြတ် ခေါ်နေသဖြင့်ဘုန်းမြတ် ဒေါသ ထွက်လာပြီး မကျေမနပ်စိတ်တို့ဖြင့် တက်တချက်ကို ဘေးလူ မကြားအောင် ခပ်ကြိတ်ကြိတ် ခေါက်ပစ်လိုက်မိပါတယ်။
ဒီနေ့ သူနဲ့ စန္ဒီချိုတို့ရဲ့ ရှေ့တစ်ပတ်ကျင်းပမဲ့ မင်္ဂလာပွဲအတွက် သူနဲ့စန္ဒီချိုတို့ နာမည်ကြီး ဒီဇိုင်နာ တစ်ယောက်ဆီမှာ မင်္ဂလာဝတ်စုံတွေ နှစ်ယောက်အတူ လာရောက် ရွေးချယ်နေကြခြင်း ဖြစ်တယ်။
တချိန်မှာ စန္ဒီချိုက ဆိုင်ရှင်အစ်မနဲ့ တိုင်ပင်ကာ မင်္ဂလာဝတ်စုံအတွက် အရောင်တွေကို စိတ်ဝင်တစား ရွေးချယ်နေတာကို တွေ့လိုက်ရသဖြင့် သူ့အတွက် အခွင့်အရေးရသွားတယ်။
ဘုန်းမြတ် ထိုအခွင့်အရေးကို လက်လွှတ်မခံပါ။စန္ဒီချို အလစ်ကို သူ တချက်မျှ အကဲခတ်ကြည့်လိုက်ပြီး ထိုအခွင့်အရေးကို အခွင့်ကောင်းယူကာ ကားထဲမှာ တစ်ခုခု ကျန်ခဲ့လို့ ထွက်ယူတဲ့ ပုံစံမျိုးဖြင့် ဖုန်းကို ကိုင်၍ ထိုင်ရာမှ အပြင်သို့ ထွက်လာခဲ့လိုက်တယ်။
ဆိုင်အပြင် တနေရာသို့ အရောက် မြည်နေတဲ့ ဖုန်းကို ဖွင့်၍ နားထောင်လိုက်တယ်။ပြီးတော့ စိတ်ပေါက်ပေါက်နဲ့ ဖုန်းကို နားမှာ အသာကပ်ကာ ခပ်ကြိတ်ကြိတ် လေသံဖြင့် ဒေါသတကြီး အော်ဟောက်ပစ်လိုက်တယ်။
“ဟယ်လို ဖြူ၊မင်း ဘာဖြစ်နေတာလဲ။မင်း ဘာဖြစ်လို့ ဖုန်းတွေ ဒီလောက် ခဏခဏ ဆက်နေရတာလဲ။ကိုယ် ဒီတစ်ပတ် အလုပ်များမယ်။မင်းဆီ မလာနိုင်ဘူးဆိုတာ ကြိုပြီး ပြောထားရဲ့သားနဲ့ကွ။”
သူ့စကားဆုံတာနဲ့ တဖက်မှ သနားစဖွယ် တောင်းပန်တိုးလျှိုးတဲ့ ဖြူ့ရဲ့အသံလေးကို စတင်ကြားရတယ်။
“သိပါတယ် ကိုကို။ကိုကို ဖြူ့ကြောင့် စိတ်အနှောက်အယှက် ဖြစ်သွားရင် ဖြူ တောင်းပန်ပါတယ်။အခုချိန် ကိုကို အလုပ်များနေမှန်း ဖြူ သိပါတယ်။အခုလည်း ကိုကိုအလုပ်အားတဲ့ အချိန်၊နေ့လည် ထမင်းစားချိန်ကို မှန်းပြီး ဖြူ ရွေးဆက်လိုက်မိတာပါ။ဖြူ့မှာ ကိုကိုကို ပြောစရာ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ ကိစ္စရှိလာလို့ပါ ကိုကို။”
ထူးဆန်းလှတဲ့ ဖြူ့ရဲ့စကားကြောင့် ဘုန်းမြတ် မျက်ခုံးတစ်ချက် တွန့်လိုက်မိသွားတယ်။
“ဘာလဲ။မင်း သုံးစရာ ပိုက်ဆံ မရှိတော့လို့လား။ကုန်သွားပြီလား။ဟိုတလောကပဲ ငါ မင်းကို ပိုက်ဆံ ၃သိန်း ပေးထားခဲ့သေးတယ်လေကွာ။”
“မဟုတ်ဘူး ကိုကို။ဖြူ့မှာ ကိုကို ပေးထားတဲ့ ပိုက်ဆံ ၃သိန်း အခုထိ လက်ထဲမှာ ရှိနေပါသေးတယ်။ဖြူ အခုထိ မသုံးရသေးပါဘူး။”
“ဒါဆို မင်း ပြောချင်တဲ့ ကိစ္စက ဘာလဲ။ငါ နားလည်အောင် သေချာ ပြောစမ်းပါ။”
“ကိုကို ဖြူ့မှာ ဖြူ့မှာ …..”
ဖြူက စကားကို ရှေ့မဆက်နိုင်ဘဲ ကတုန်ကရင် ဖြစ်နေသဖြင့် သူ စိတ်မရှည်နိုင်အောင် ဖြစ်လာရတယ်။
“ဖြူ မင်း ပြောစရာရှိတာ မြန်မြန် ပြောစမ်းပါ။ကိုယ် ခဏနေ အလုပ်ပြန်ဝင်ရမှာ။ကိုယ်မှာ အချိန် သိပ်မရဘူး။”
ဘုန်းမြတ် ပိတ်ဟောက်လိုက်တော့မှ ဖြူ့ထံမှ မရဲတရဲ ငိုသံစွက်နေတဲ့ အသံလေးကို ကြားလိုက်ရတယ်။
“ကိုကို ဖြူ့မှာ ကိုကို့ရင်သွေးလေး လွယ်ထားရပြီ။ကိုယ်ဝန်က ၃လတောင် ရှိနေပြီတဲ့။အဲဒါ ဖြူ ဘယ်လို လုပ်ရမလဲ ဟင်။ကိုကိုနဲ့ ဖြူတို့ အမြန်ဆုံး လက်ထပ်မှ ဖြစ်တော့မယ် ထင်တယ်။မဟုတ်ရင် ဖြူ အရှက်ကွဲလိမ့်မယ် ကိုကို။”
“ဘာ”
ဖြူ့ထံမှ မထင်မှတ်ဘဲ ကြားလိုက်ရတဲ့ စကားကြောင့် သူ ခေါင်းနပန်းတောင်ကြီးသွားခဲ့ရတယ်။သူ ရုတ်တရက် ဘာပြန်ပြောရမှန်း မသိအောင်ပင် ဖြစ်သွားခဲ့ရတယ်။
“ကိုကို ဖြူ ပြောတာ ကြားရဲ့လား။ကြားရဲ့လားဟင်။”
“အင်း ကြားပါတယ်။”
“ဖြူ အခု ဘာဆက်လုပ်ရမလဲ ဟင်။ဒီညနေ ဖြူ့ဆီကို ကိုကို ဆက်ဆက်လာခဲ့ပါဦးနော်။ဖြူနဲ့ ကိုကို မတွေ့ရတာလည်း ကြာနေပြီ။ဖြူ အရမ်း အားငယ်တာပဲ။ကိုကိုကိုလည်း ဖြူ လွမ်းလှပြီ။ပြီးတော့ ကိုယ်ဝန်ကိစ္စအတွက်လည်း ဖြူတို့ တိုင်ပင်ကြရအောင်။ကိုကို ဒီညနေ ရောက်အောင် လာခဲ့နော်။ဖြူ ဆက်ဆက် စောင့်နေမယ်နော် ကိုကို။”
ဖြူ့စကားကို သူ ဘယ်လို တုန့်ပြန်လိုက်မိသလဲ သတိမထားလိုက်မိတော့ပါ။သူ့အသိစိတ်တွေ ထွေပြား ရှုပ်ထွေးလို့ နေခဲ့တယ်။သူ သတိဝင်လာတော့ ဖြူ့ထံမှ ဖုန်းက ကျသွားလေပြီ။အခုလောလောဆယ် သူ ဘာလုပ်ရမှန်း မသိ။သူ့ခေါင်းတွေ ထူပူ နေမိတယ်။
တဖက်မှာ ကလည်း မေမေ သဘောတူတဲ့ စန္ဒီချိုနဲ့ သူ့ရဲ့မင်္ဂလာပွဲက နောက်တပတ်ဆို စတော့မှာ။မင်္ဂလာပွဲက အားလုံး စီစဉ်ပြီးနေပြီ။စန္ဒီချိုဆိုတာက ကုမ္ပဏီတွေ၊ဟော်တယ်တွေ များစွာပိုင်ပြီး ငွေးကြေးချမ်းသာကြွယ်ဝတဲ့ ခရိုနီသူဌေးကြီးရဲ့တစ်ဦးတည်းသော သမီး။
စန္ဒီချိုနဲ့ လက်ထပ်ဖြစ်ရင် သူရရှိပိုင်ဆိုင် ခံစားခွင့်ရမဲ့ အမွေတွေက မနည်းမနောပါ။စန္ဒီချိုကို သူ လုံးဝ လက်လွှတ်ခံလို့ မဖြစ်။သူလည်း တစ်ဦးတည်းသော သူဌေးသား တစ်ယောက်ပါပဲ။အခုလည်း သူ့ဘဝက အရာရာ ပြည့်စုံ ချမ်းသာပြီးသာပါ။
ဒါပေမဲ့ စန္ဒီချိုနဲ့ လက်ထပ်လိုက်ရင်တော့ သူ့ဘဝက ဒီထက်မက အဆပေါင်းများစွာ အစစအရာရာ သာလို့ ချမ်းသာပြည့်စုံသွားမှာ။ဒါဟာ သူ့ဘဝရဲ့အိပ်မက်တစ်ခုပဲ။ဒီအိပ်မက်ကို သူ လက်လွှတ် အဆုံးရှုံးခံလို့ လုံးဝမဖြစ်ပါ။
ဟူး…သူ သက်ပြင်း တချက်ကို လေးပင်စွာ ချလိုက်မိတယ်။အတွေးထဲမှာ ဖြူ့ပုံရိပ်လေးပေါ်လာတယ်။ဖြူ..ဖြူဟာ သူတွဲခဲ့သမျှ မိန်းကလေးတွေထဲမှာ ရိုးသားဖြူစင်ပြီး သူ့အပေါ် အင်မတန် အလိုက်သိ ချစ်မြတ်နိုးရှာတဲ့ မိန်းကလေး။သူ့အပေါ်လည်း အလွန် အားကိုး တွယ်တာရှာတဲ့ မိန်းကလေး။ဖြူ့ကို သူ သိပ်ချစ်ပါတယ်။အခုလည်း ချစ်နေဆဲပါ။
ဒါပေမဲ့ သူ ဖြူ့ကို လက်ထပ်လို့ မဖြစ်ပါ။သူ့အတွက် အချစ်က ငွေထက် အရေးမကြီးနိုင်ပါ။ငွေရှိရင် အရာရာ ဖန်တီးနိုင်တယ်လို့ သူ ထင်မြင်ယူဆမိတယ်။ငွေရှိရင် ဖြူ့လို ရုပ်ရည်ချောမောတဲ့ မိန်းကလေးတွေ အများကြီး သူ ပိုင်ဆိုင်နိုင်သေးတယ် မဟုတ်လား။
ဖြူဟာ ရုပ်ရည်ဘက်မှာ ပြစ်မျိုးမှဲ့မထင်လို့ ဆိုရလောက်အောင် အင်မတန်ချော၊အင်မတန် လှတဲ့ မိန်းကလေးတစ်ယောက်ပါ။ပညာလည်း အတော်အသင့်တတ်ပါတယ်။အခု လောလောဆယ် နယ်ကနေ ရန်ကုန်မှာ စီးပွါးရေးတက္ကသိုလ် လာတက်နေတဲ့ နောက်ဆုံးနှစ်ကျောင်းသူ မေဂျာကွင်းပါ။
ဒါပေမဲ့ ဖြူဟာ ဆင်းရဲတယ်။မိမရှိဖမရှိ။တကောင်ကြွက်။နယ်က ဦးလေးမိသားစုရဲ့ထောက်ပံ့မှုနဲ့ ကျောင်းတက်နေရသူ။ဒါကြောင့်လည်း သူ ငွေနဲ့ရင်း ဖြူ့ကို သူ့ဘက်ပါအောင် အလွယ်တကူ သိမ်းသွင်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ဖြူ့ကိုလက်ထပ်လိုက်ရင် သူ့ဘဝတိုးတက်ဖို့ လမ်းမမြင်။ဆုတ်ယုတ်ဖို့သာများတယ်။သူ့က ရည်မှန်းချက်ကြီးမားသူ။မြင်မားပြီး ချမ်းသာတဲ့ ဘဝမှာ စည်းစိမ်များနဲ့ နေထိုင်ယစ်မူးချင်သူ။
ဒီတော့ သူ ဖြူနဲ့ ကိစ္စကို ဒီညနေ အပြတ်သွားပြီး ဖြူ့ကို နားလည်အောင် ပြောပြရမည်။ရှင်းပြရမည်။ပြီးတော့ အပြတ်ရှင်းရမည်။ဒီအတွက် စိတ်တော့ မကောင်းပါ။ဒါပေမဲ့ ဖြစ်လာမှတော့ ရှောင်လွှဲလို့မှ မရတာ။ရင်ဆိုင်ရမည်ပေါ့။
သူ စဉ်းစားကာ စိတ်အိုက်နေစဉ် စန္ဒီချိုက သူ့နောက်မှ လာ၍ သူ့လက်ကို လာကိုင်ကာ ခေါ်တော့မှ သူ အသိ ဝင်လာခဲ့ရတယ်။
“မောင် ဒီမှာ ဘာရပ်လုပ်နေတာလဲ။ဒီမှာ မင်္ဂလာဝတ်စုံ အဆင်ပြေမပြေ ဝတ်ကြည့်ရအောင် ဆိုင်ထဲကို ဝင်လာခဲ့ဦးလေ။”
“ဪ အင်း အင်း ကောင်းပြီ စန္ဒီ။ဒီမှာ အလုပ်ကိစ္စနဲ့ ဖုန်းပြောရင်း စဉ်းစာနေမိလို့ပါ။လာလေ။မောင်တို့ အထဲကို သွားကြရအောင်။”
ဘုန်းမြတ် တစ်ယောက်မလုံမလဲ စိတ်တို့ဖြင့် သက်ပြင်းကို ခိုးချရင်း စန္ဒီချို့လက်ကို ဆွဲကာ ဆိုင်ထဲသို့ ဝင်လာခဲ့လိုက်ပါတယ်။
*************************************************
“ဘာ ကိုကို ဘာပြောလိုက်တယ်။ဒီကိုယ်ဝန်ကို ဖျက်ချရမယ် ဟုတ်လား ကိုကို။”
“အင်းလေ ဒါဟာ ဖြူအတွက် အကောင်းဆုံးနည်းလမ်းပဲလေ။ဒီကိုယ်ဝန်ကို ဖြူ မွေးလို့ မဖြစ်ဘူး။ပြီးတော့ ကိုကိုလည်း စန္ဒီချိုနဲ့ မကြာခင် လက်ထပ်တော့မှာ။ဖြူ့ကိုလည်း ကိုကို သေချာနားလည်အောင် ရှင်းပြထားပြီးပြီလေကွာ။”
“ဒီကိုယ်ဝန်ဖျက်ချဖို့အတွက် ကိုကို့ဘက်က ကုန်ကျစရိတ်အားလုံး ထုတ်ပေးမှာပါ။ကိုကို့ကို ချစ်ရင် ကိုကို့ စကားကို နားထောင်စမ်းပါ ဖြူရာ။ကိုကိုတို့ အခုချိန်မှာ လုံးဝ လက်ထပ်လို့ မဖြစ်သေးဘူး။ဒါကို ဖြူ နားလည်ပေးပါ။ကိုကို့ကို အခက်တွေ့အောင် မလုပ်ချင်စမ်းပါနဲ့။ကိုကို့စကားကို နားထောင်စမ်းပါကွာ နော်။”
ဖြူသည် တအံ့တဩဖြင့် သူ့ရှေ့မှာ ထိုင်နေတဲ့ ဘုန်းမြတ်ကို နာကျင်စက်ဆုတ်စွာ၊ရွံရှာမုန်းတီးလွန်းစွာ အံကို တင်းတင်းကြိတ်၍ ကြည့်နေမိပါတယ်။ဒီလူဟာ သူမကို အရင်က အသည်းနင့်အောင် ချစ်ပါတယ်လို့ အထပ်ထပ်အခါခါ ပြောခဲ့ဖူးတဲ့ သူမရဲ့ချစ်သူ ကိုကိုမှ ဟုတ်ပါလေစ။
ပြောရက်လိုက်တာ။ပြောထွက်ရဲလိုက်တာ။သူ့သွေး၊သူ့သားကို သူ့ရဲ့သိက္ခာနဲ့ အလဲအလှယ်လုပ်ပြီး သတ်ပစ်ရဲတဲ့ လောက်တဲ့အထိ ပြောထွက်ရဲ၊အကြံပေးရဲတဲ့ သူ့ရဲ့တကိုယ်ကောင်းဆန်တဲ့ အတ္တစိတ်က ကြောက်စရာပါလား။
ရက်စက်ယုတ်မာလိုက်တဲ့ လူပါလား။တွေးရင်း ဖြူ့ရဲ့ မျက်ဝန်းအိမ်မှ မျက်ရည်များတသွင်သွင် စီးကျလာခဲ့ပါတယ်။
“ဒါဆို ကိုကိုက ဖြူ့ကို တကယ်မချစ်ဘဲ၊လက်မထပ်နိုင်ဘဲနဲ့ ဖြူ့ဘဝကို ကျောရရုံဖျက်ဆီး စော်ကားခဲ့တာပေါ့။ဟုတ်လား ကိုကို။”
“ဒီလိုလည်း မဟုတ်ဘူးလေဖြူ။ကိုကို ပြောနေတာ အားလုံး ကောင်းဖို့ အတွက်ပါ။ဒီလို ဖြစ်ရတာ ကိုကို့ကြောင့်ချည်းပဲလဲ မဟုတ်ဘူး။ဖြူ့အပြစ်လည်း မကင်းဘူး။”
“ဘာ ကိုကို ဘာပြောလိုက်တယ်။ပြန်ပြောစမ်းပါ။ဒီလို ဖြစ်ရတာ ဖြူ့အပြစ်လည်း ပါတယ်။ဟုတ်လား ကိုကို။”
သူ့စကားကြောင့် ဖြူ ဒေါသထွက်လာကာ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးများနဲ့ သူ့ကို စိုက်ကြည့်ရင်း မေးလာတယ်။
“အင်းလေ။ဖြူ့ကို ကိုကို ဒီလို ဖြစ်မယ်မှန်းသိလို့ ကိုယ်ဝန်တားဆေးတွေ ကြိုပြီး ဝယ်ထားပေးသားပဲ။ဒါကို ဖြူမှ သေချာမသောက်တာ။အခုခေတ်မှာ ယောက်ကျားနဲ့ မိန်းမ ဒီလို အတူတူနေကြတာ ဆန်းတဲ့ ကိစ္စမှ မဟုတ်တာ ဖြူရယ်။”
“ကိုကိုက မဆန်းပေမဲ့ ဖြူကတော့ ဆန်းတယ် ကိုကို။ဒါ အနောက်နိုင်ငံ မဟုတ်ဘူး။မြန်မာပြည်။မိန်းကလေးတစ်ယောက်ကို လက်မထပ်နိုင်ဘဲ၊အတည်မယူနိုင်ဘဲ အတူတူ နေလို့ မရဘူး။ဒါဟာ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့လည်း မညီဘူး။”
“ကိုကို ဖြူ့ကို ဒီကိစ္စအတွက်နဲ့ စည်းရုံးခဲ့စဉ်က တစ်နေ့ လက်ထပ်ယူပါ့မယ်လို့ အကြိမ်ကြိမ်အခါခါ ကတိပေးခဲ့တာ မဟုတ်လား။ဒါတွေကို ကိုကို မေ့သွားတာလား။တမင် မေ့ချင်းယောင်ဆောင်နေတာလား ကိုကို။”
“ကဲပါ။ထားလိုက်စမ်းပါ။ကိုကို့အမှားပါ။ကိုကို့အပြစ်တွေပဲ ထားလိုက်ပါ။ဖြစ်လာတော့လည်း ဘယ်တတ်နိုင်မလဲ ဖြူရာ။ကိုကိုတို့ ဒီလိုနည်းနဲ့ ဖြေရှင်းမှပဲ အဆင်ပြေမှာပေါ့။မဟုတ်ဘူးလား။ကိုကို့ စကားကို နားထောင်စမ်းပါကွာ။ဖြူက လိမ္မာပါတယ်။ ခေါင်းမမာ စမ်းပါနဲ့ ဖြူရာ။”
ဘုန်းမြတ် ဖြူ့ကိုယ်လေးကို ထွေးဖက်ကာ ချော့မော့စည်းရုံးမည့်ဟန်ပြင်တော့ ဖြူက အရင်လို ငြိမ်ငြိမ်မနေ။အဖက်မခံ။သူ့ရင်ခွင်ထဲမှ အတင်း ရုန်းထွက်တယ်။
“မင်း ကိုကို့ကို ချစ်တယ်ဆို။ကိုကို မင်းကို လက်မထပ်ချင်လို့ ပြောနေတာ မဟုတ်ဘူးနော်။ဒါ ကိုကို့အတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေးမို့ပါ။ကိုကို့ကို နားလည်းပေးပါကွာ။မင်း ကိုကို ကောင်းစားတာကို မမြင်ချင်ဘူးလား ဖြူ။”
“တော်တော့ ကိုဘုန်းမြတ်။ရှင်ဘာမှ ဆက်မပြောနဲ့တော့။ရှင်ဟာ လူယုတ်မာ။လူစိတ်မရှိတဲ့သူ။သစ္စာမရှိတဲ့သူ။အလကား။ယောက်ကျား မပီသတဲ့သူ။သတ္တိမရှိတဲ့သူ။ရက်စက်တဲ့သူပဲ။”
“ကိုယ့်ရင်သွေး၊ကိုယ့်သွေးသားကိုမှ မဆင်မခြင် သတ်ပစ်ဖို့အထိ ပြောထွက်ရက်လိုက်တာ။အောက်တန်းကျလိုက်တာ။ကျွန်မ သိပ်အံဩတယ်။ယုံတောင် မယုံနိုင်ဘူး သိလား။”
“ဒီကိုယ်ဝန်ကို ကျွန်မ ဖျက်မချဘူး။ရှင့်ဆီက အကူအညီကို ဒီနေ့ဒီအချိန်ကစပြီး တစ်ပြားတစ်ချပ်မှ မယူဘဲ ဒီကိုယ်ဝန်ကို ကျွန်မ ရအောင် မွေးပြမယ်။ရော့ ဒီမှာ ရှင်ပေးတဲ့ ပိုက်ဆံတွေလည်း ရှင့်ဟာရှင် ပြန်ယူသွား။ရှင့်အတွက် ဒါတွေဟာ လိုအပ်ပေမဲ့ ကျွန်မအတွက် မလိုအပ်ဘူး။”
ဖြူသည် ဒေါသဖြစ်ဖြစ်နဲ့ ထိုင်ရာမှ ဆတ်ခနဲ ထကာ သူ့ကို နာနာကျည်းကျည်း ကြည့်ပစ်လိုက်ပြီး သူယူလာတဲ့ ပိုက်ဆံထုပ်နဲ့ သူ့ကိုယ်ပေါ်သို့ အားရပါးရ စိတ်ရှိလက်ရှိပစ်ပေါက်လိုက်တယ်။
“ဒီမှာ ကိုဘုန်းမြတ် ဒီနေ့ ဒီအချိန်က စပြီ ရှင်နဲ့ ကျွန်မ ဇာတ်လမ်း ဒီနေရာမှာတင် ပြီးပြီ။ရှင် ကျွန်မကို နောက် ဘယ်တော့မှ လာမရှာပါနဲ့။ဆက်သွယ်ဖို့လည်း မကြိုးစားပါနဲ့။ရှင်နဲ့ ကျွန်မ ရေစက်ကုန်ပြီလို့ပဲ သတ်မှတ်လိုက်ပါ။”
သူသည် နီရဲမဲမှောင်နေတဲ့ မျက်နှာထားဖြင့် ဖြူအား တအံ့တဩ စိုက်ကြည့်နေတယ်။ပြောပြီးပြီးချင် ဖြူနေရာမှ ဆတ်ခနဲ လှည့်ကာ ပြေးထွက်လာခဲ့မိတယ်။သူကတော့ ဘယ်လို ဖြစ်ကျန်ခဲမည် မသိနိုင်ပေမဲ့ ဖြူ့နှလုံးသားတွေကတော့ တစစီ စုတ်ပြတ်ကာ နာကျင်ကြေကွဲလို့ နေခဲ့ပါတယ်။
ကိုယ်မြတ်နိုးယုံကြည်ပြီး အားထားရတဲ့ ချစ်သူက ကိုယ့်အပေါ် ရက်ရက်စက်စက် သစ်စိမ်းချိုး သစ္စာဖောက်စော်ကားခံရတာလောက် နာကျင်ရတာ မရှိတော့ပါ။ဘယ်လိုမှ နှိုင်းပြလို့ မရနိုင်ပါ။
ဒီခံစားချက်မျိုးကို ခံစားဖူးတဲ့ သူတိုင်းမှ ကိုယ်ချင်းစာ နားလည်နိုင်ပါလိမ့်မယ်။ဖြူ့မျက်ဝန်းအိမ် နှစ်ဖက်မှာလည်း မျက်ရည်တွေက တားမနိုင်၊ဆီးမရ
ပိုးပိုးပေါက်ပေါက် စီးကျလျက်ပါ။
***********************************************
“ဒေါက် ဒေါက် ဖြူ ဖြူ”
ဖြူ တအင်းအင်းရှိုက်ကာ ငိုနေရာမှ အခန်းအပြင်မှ ခေါ်သံတစ်ခုကြောင့် မျက်ရည်များကို ကမန်းကတန်း သုတ်ရင်း နားစွင့်လိုက်မိပါတယ်။
“ဖြူ နင် အထဲမှာ ရှိတယ် မဟုတ်လား။ငါပါ နီလာ။တံခါးဖွင့်ပါဦး။”
သူမရဲ့သူငယ်ချင်းဖြစ်သူ နီလာဆို၍ တံခါးကို ဖွင့်လိုက်မိတဲ့ အခါ အခန်းတံခါးရှေ့မှာ နီလာနဲ့ အတူ လူတစ်ယောက်ရပ်နေတာကို ဖြူ တွေ့လိုက်ရတယ်။ထိုလူ့ကို ကြည့်ပြီး ဖြူ အံ့ဩသွားတယ်။ဖြူ ထင်မှတ်မထားတဲ့သူပါ။
“ဒီမှာ ကိုရဲဦးလည်း ပါလာတယ်။နင်နဲ့ တွေ့ချင်လို့တဲ့။”
ကိုရဲဦးဆို၍ ဖြူစိတ်ထဲ ထိတ်ခနဲ ဖြစ်သွားရတယ်။ကိုရဲဦးဆိုတာက ကိုကို့ သူငယ်ချင်း။ကိုကိုတို့နဲ့ ခြံချင်း ကပ်ရက်မှာ နေတာ။ကိုရဲဦးက ဖြူနဲ့ ကျောင်းတူပေမဲ့ အတန်းတော့ မတူပါ။
ကိုရဲဦးက ဖြူထက် တတန်းပိုကြီးတယ်။ဖြူက ဒီနှစ်နောက်ဆုံးနှစ်ဆိုတော့ ကိုရဲဦးက ဖြူထက် တစ်နှစ်စောပြီး ကျောင်းပြီးသွားလို့ အခုဆို ကုမ္ပဏီတစ်ခုမှာ အလုပ်တောင်ဝင်နေပါပြီ။
ကိုရဲဦးနဲ့ သူမ အစက သိပ်မရင်းနှီးပါ။တကျောင်းတည်းမို့ တစ်ယောက်နဲ့ တစ်ယောက် မြင်ဖူး၊သိဖူးနေကြပေမဲ့ စကားတော့ မပြောဖူးကြပါ။နောက်တော့ ကိုကိုနဲ့ ချစ်သူတွေ ဖြစ်ပြီး ကိုကို မိတ်ဆက်ပေးတော့မှ ခင်မင်ရင်းနှီး သိကျွမ်းခွင့်ရခဲ့တာ။
ကိုရဲဦးတို့က သားအမိ နှစ်ယောက်တည်းရှိတယ်။အဖေက ကိုရဲဦး ငယ်ငယ်ကတည်းက ဆုံးသွားတာ။ကိုရဲဦးက ကိုကိုတို့လောက် မချမ်းသာ။ဆင်းရဲတယ်။သာမန် ဝန်ထမ်း မိသားစုဘဝမှ ဆင်းသက် ပေါက်ဖွားလာသူ။
ကိုရဲဦးက ကိုကို့သူငယ်ချင်းဆိုတော့ ဖြူ ကိုရဲဦးကိုလည်း ဒီပုတ်ထဲက ဒီပဲပဲဆိုပြီး မတွေ့ချင်ပါ။စကားလည်း မပြောချင်ပါ။သူလည်း ကိုကို့သူငယ်ချင်းပဲ ဆိုတော့ ကိုကို့လို စိတ်ဓာတ်မျိုးပဲ နေမှာပေါ့။ဒါကြောင့် မျက်နှာပြောင်ပြောင်နဲ့ နှင်လွှတ်လိုက်မိတယ်။
“အခုချိန်မှ ကျွန်မ ဘယ်သူနဲ့မှ စကားမပြောချင်ဘူး ကိုရဲဦး။ကိုရဲဦးလည်း ပြန်ပါ။ကျွန်မ တစ်ယောက်တည်း နေပါရစေနော်။ကျွန်မကို စိတ်ဒုက္ခမပေးကြပါနဲ့။ကျွန်မ တောင်းပန်ပါတယ်ရှင်။အဟင့် ဟင့်။”
ပြောရင်း ဖြူ ဝမ်းနည်းလာကာ ရှိုက်ကြီးတငင် ငိုချပစ်လိုက်မိတယ်။ကိုရဲဦး ဖြူ့ကို ကြည့်ကာ စိတ်မကောင်း ဖြစ်သွားရတယ်။
“ကျွန်တော်က ဖြူထင်သလို ဖြူကို စိတ်ဒုက္ခပေးဖို့ ရောက်လာတာ မဟုတ်ရပါဘူးဗျာ။ဖြူ့ကို မိတ်ဆွေကောင်း သူငယ်ချင်းကောင်း တစ်ယောက်အနေနဲ့ အားပေးနှစ်သိမ့်ချင်လို့ပါ။ကျွန်တော် စေတနာကို နားလည်ပေးပါဗျာ။”
“ဖြူနဲ့ ဘုန်းမြတ်တို့ ဘာတွေ ဖြစ်ကြတာလဲဗျာ။ကျွန်တော် ဖြူ့အတွက် စိုးရိမ်ပြီး စိတ်ပူလို့ လိုက်လာခဲ့တာပါ။ကျွန်တော် အလုပ်ကိစ္စနဲ့ နယ်ဘက်ကို ရောက်နေလို့ ဘာမှ မသိလိုက်ဘူးဗျာ။ပြန်ရောက်ရောက်ချင်း ဒီကောင် မင်္ဂလာဆောင်တော့မယ် ဆိုတဲ့ သတင်းလည်း ကြားရော ကျွန်တော်ဖြင့် အံဩလိုက်တာဗျာ။”
“ကျွန်တော်ထင်တာက ဘုန်းမြတ်နဲ့ ဖြူတို့ တစ်နေ့နေ့ လက်ထပ်ဖြစ်ကြလိမ့်မယ်လို့ပဲ ထင်ထားခဲ့တာ။အခုတော့ဗျာ။ကြားရတဲ့ သတင်းက ကျွန်တော့်နားတောင် ကျွန်တော် မယုံနိုင်အောင်ပဲ။ဖြူ နီလာပြောပြလို့ ကျွန်တော် ဖြူတို့ အကြောင်းကို အနည်းအကျည်းတော့ သိပြီးပါပြီ။ဒီကောင် ဘုန်းမြတ် လုပ်ရက်တယ်ဗျာ။”
“ဖြူ အခု တော်တော် ခံစားနေရမှာပဲ။ဘာတွေ ဖြစ်ကြတာလဲဗျာ။ကျွန်တော့်ကို အသေးစိပ် ပြောပြကြပါဦး။ကျွန်တော် တတ်နိုင်ရင် ဖြူတို့ နှစ်ယောက်အကြားမှာ ကြားဝင် စေ့စပ်ပေးချင်ပါတယ်။အချိန် မလွန်ခင်လေးပေါ့။ဒီအတွေးနဲ့ ရောက်လာခဲ့တာလည်း ပါပါတယ်။”
“ကိုရဲဦး ကြားဝင်စေ့စပ်ပေးဖို့ မလိုတော့ပါဘူး။သူကလည်း သူ့လောဘနဲ့ သူအတ္တနဲ့ စန္ဒီချိုနဲ့လက်ထပ်မဲ့ကိစ္စကို လုံးဝ နောက်ဆုတ်မှာ မဟုတ်သလို့ ကျွန်မကလည်း သူနဲ့ ရှေ့ဆက်လက်တွဲဖို့ အစီအစဉ် မရှိတော့ပါဘူး။သူနဲ့ ကျွန်မလမ်းခွဲလိုက်ကြပြီ ကိုရဲဦး။”
“မဟုတ်သေးဘူးလေ ဖြူ။ဒါဆို နင့် ကိုယ်ဝန်ကိစ္စနဲ့နင် ဘယ်လို ရှေ့ဆက်မလဲ။မကြာခင် ဒီကိစ္စက ဖုံးမနိုင်ဖိမရ ပေါ်လာတော့မှာလေ။”
“ဗျာ။ကိုယ်ဝန် ဟုတ်လား မနီလာ။ဒါဆို ဖြူ့မှာ ဘုန်းမြတ်နဲ့ ရတဲ့ ရင်သွေးရှိနေတာပေါ့ ဟုတ်လား။”
“ဟုတ်တယ် ကိုရဲဦး။အခု ဖြူ့မှာ ကိုယ်ဝန်က ၃လတောင်ရှိနေပြီလေ။ဒါကို သူ ဘယ်လို ရင်ဆိုင် ဖြေရှင်းမလဲ။”
“ဗျာ။ကိုယ်ဝန်က ၃လတောင် ရှိနေပြီ။ဒါကို ဘုန်းမြတ် မသိဘူးလား။ဘုန်းမြတ်ကို မပြောပြကြဘူးလား။”
ကိုရဲဦးမှာ နီလာစကားကို ကြားပြီး အံဩထိတ်လန့်နေတဲ့ အမူအရာနဲ့ မျက်လုံးပြူး၊မျက်ဆံပြူး ဖြစ်လို့နေတယ်။နီလာ စကားဆုံးတာနဲ့ ဖြူ့မျက်နှာလေး ရှက်စိတ်ဖြင့် နီရဲတက်သွားပြီး ခေါင်းငုံ့သွားတာကို ရဲဦး သတိထားလိုက်မိတယ်။
ရင်ထဲမှာတော့ စိတ်မကောင်းခြင်းကြီးစွာဖြင့် ဖြစ်ရလေ ဖြူရယ်လို့ ဖြူ့အပေါ် သနားဂရဏာ သက်မိသလို ဟိုကောင် ဘုန်းမြတ်ကိုလည်း နှမချင်း မစာမနာ ပြုရက်လေခြင်းလို့ ဒေါသ ထွက်မိတယ်။
“သိပ်ပြောပြတာပေါ့ ကိုရဲဦးရယ်။ဒါပေမဲ့ ရှင့် သူငယ်ချင်းက ဘာပြောတယ် ထင်သလဲ။ဖြူ့ကို သူ လက်မထပ်နိုင်ဘူး။ဒီကိုယ်ဝန်ကိုလည်း တာဝန် မယူနိုင်ဘူး။ပြီးတော့ စန္ဒီချိုနဲ့ လက်ထပ်မဲ့ ကိစ္စကိုလည်း သူ နောက်မဆုတ်နိုင်ပါဘူး။ဒီကိုယ်ဝန်ကို ဖျက်ချဖို့သာ သူက ဖြူ့ကို နားချတယ်လေ။”
“တောက် လူမဆန်လိုက်တာဗျာ။တော်တော် အသည်းနှလုံးမရှိတဲ့ လူပဲ။ကိုယ့်သွေးသားကိုတောင် သတ်ရက်တဲ့အထိ အကြံပေးရသတဲ့လား။လူစိတ် မရှိတဲ့ကောင်၊တွေ့မယ် ကျွန်တော်နဲ့။”
ကိုရဲဦး မျက်နှာကြီး တစ်ခုလုံး ဒေါသစိတ်၊မခံချင်စိတ်တို့ဖြင့် နီရဲပြီး တင်းမာ ခက်ထန်နေတယ်။လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ကိုရဲဦး အံကို တင်းတင်း ကြိတ်ထားတယ်။နီလာတောင် ကိုရဲဦးရဲ့အမူအရာကို ကြည့်ပြီး တအံ့တဩ ဖြစ်နေမိတယ်။
“ကိုရဲဦး စိတ်ကိုထိန်းပါ။ဖြူ့အတွက်နဲ့ ဒေါသကြောင့် ကိုရဲဦး အမှား မဖြစ်ပါစေနဲ့ရှင်။အခုလို ဖြူ့ဘက်ကနေစာနာနားလည်ပြီး ဝင်ခံစားပေးတဲ့တွက် ဖြူ ကိုရဲဦးကို ကျေးဇူး အများကြီး တင်မိပါတယ်။”
“ဝဋ်ကြွေးပေါ့ရှင်။ဘယ်တတ်နိုင်မလဲ။သူလည်း သူ့အကြောင်းနဲ့ သူ ရှိပါစေတော့။ဖြူလည်း အတိတ်က သူများသားသမီးကို ဖြူ မကောင်းတာ တခုခု လုပ်ခဲ့မိလို့ အခုလို အဖြစ်မျိုးနဲ့ ကြုံရတယ်လို့ မှတ်ပါတယ်ရှင်။”
ပြောရင်း ဝမ်းနည်းစိတ်ကြောင့် ရင်ထဲဆို့ပြီး မျက်ရည်ကျနေတဲ့ ဖြူ့အဖြစ်ကို ကြည့်ကာ ရဲဦး ရင်ထဲ မချိအောင် သနားနေမိပါတယ်။
“ကဲကွာ။လူစိတ်မရှိတဲ့ ကောင်။သစ္စာမရှိတဲ့ကောင်။”
“ခွပ်။ခွပ်။”
“အား။”
ဘာမပြော ညာမပြော ခြံထဲသို့ ဝင်လာပြီး မိမိကို မြင်တာနဲ့ ရုတ်တရက် ထိုးချလိုက်တဲ့ ရဲဦးရဲ့လက်သီးချက် ပြင်းပြင်းများကြောင့် ဘုန်းမြတ် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက် လဲကျသွားတယ်။ဘုန်းမြတ် နှုတ်ခမ်းထောင့်မှ သွေးတွေ ချက်ချင်း ယိုစီးလို့ ကျလာခဲ့တယ်။
ရဲဦးရဲ့မျက်နှာတစ်ခုလုံး ဒေါသကြောင့် တင်းမာပြီး နီးရဲခက်ထန်နေတယ်။အံကို တင်းတင်းကြိတ်ကာ ရဲဦး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။နာကျင်သွားတဲ့ မေးရိုးကို လက်နဲ့ အသာ ပွတ်သပ်ရင်း ဘုန်းမြတ် ရဲဦးရဲ့အမူအရာကို ကြည့်ပြီး အံဩနေမိတယ်။
ဒီကောင် ဘာဖြစ်လာတာလဲ။သူ့မှာ ဘာအပြစ်ရှိလို့ အခုလို ဘလိုင်းကြီး ဘာမှ မပြောမဆို ထိုးကြိတ်ရတာလဲ။ပြီးတော့ လက်သီးချက်ကလည်း ပြင်းလိုက်တာ။
သူ ရုတ်တရက် ရဲဦးရဲ့အပြုအမူကို စဉ်းစားမရ ဖြစ်ကာ နားမလည်နိုင်အောင် ဖြစ်နေမိတယ်။ရဲဦးနဲ့ ဘုန်းမြတ်ဆိုတာ ငယ်ငယ်ကတည်းက လည်ပင်းဖက်ပေါင်းလာကြပြီး သိပ်ချစ်ကြတဲ့ အိမ်နီးချင်း ငယ်သူငယ်ချင်း အရင်းကြီးတွေပဲ မဟုတ်ပါလား။
သူနဲ့ ကိုယ့်ကြားမှာ ဘာရန်ငြိုး၊ရန်စမှလည်း ကြီးကြီးမားမား မရှိခဲ့ပါပဲနဲ့ ဒါကို ဒီကောင် ဘာဖြစ်လို့ သူ့ကို အခုလိုမျိုး ထိုးကြိတ်ဆက်ဆံရတာလဲ။တွေးရင်း သူ ကြိတ်မနိုင်၊ခဲမရဖြစ်လာကာ မြေပေါ်မှ လူးလဲထလိုက်ရင်း
“ဟေ့ကောင် ရဲဦး။မင်း ဒါ ဘာလုပ်တာလဲ။မင်း ဘာကြောင့် ငါ့ကို အခုလိုမျိုး ဘလိုင်ကြီး လာပြီး ထိုးကြိတ်ရတာလဲ။ငါ့မှာ ဘာ အပြစ်ရှိလို့လဲ။မင်း အကြောင်းပြချက် ပေဦးလေကွာ။”
“အကြောင်းပြချက် ဟုတ်လား။မင်းမှာ ဘာ အပြစ်ရှိလို့လဲ ဟုတ်လား။မင်း ကများ ငါ့ကို ပြန်မေးနေရသေးတယ်။မင်း လုပ်တဲ့ အပြစ်ကို မင်းမသိဘူးလား။မင်း တမင် မသိချင်ယောင်ဆောင် နေတာလား ဟေ့ကောင်။”
“ငါ ဘာမှ နားမလည်ဘူး။မင်း ဘာကို ဆိုလိုတာလဲ ဟေ့ကောင်။ငါ့ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် မင်း ရှင်းပြစမ်းပါ။”
အဲဒီအခါ ရဲဦးရဲ့မျက်နှာမှာ နီရဲလာပြီး သူ့မျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုးကာ
“မင်း သိပ်သိချင်နေတယ်ပေါ့။အေး ဒါဆို ငါပြောပြမယ်။ငါကလည်း ဒီအကြောင်းတွေကို ပြောချင်နေတာနဲ့ အတော်ပဲ။ဒီမှာ ဘုန်းမြတ် အိပ်ချင်ယောင်ဆောင်တဲ့ သူဟာ အနှိုးရခက်တယ်ဆိုတာ မင်းလို ကောင်မျိုးကို ပြောတာပဲ နေမှာ။”
ဘုန်မြတ် ရဲဦးကို ဘာမှ ပြန်မပြောဘဲ နှုတ်ဆိတ်ကာ မျက်မှောင်တွန့်ရင်း နားထောင်နေမိတယ်။
“မင်း ဖြူကို ဘာလို အဲလို လုပ်ရက်ရတာလဲ။မင်း ဖြူ့အပေါ် ဘာလို့ အဲလိုမျိုး ရက်စက် စိမ်းကာရတာလဲ။ဘာလို့ မင်း ဖြူ့အပေါ် သစ္စာမဲ့ရတာလဲ။မင်း အခု ငါ့ကို ပြောစမ်းပါ။”
ရဲဦး ထံမှ ဖြူဆိုတဲ့အသံကို ကြားတာနဲ့ ဘုန်းမြတ်ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရပြီး မျက်နှာကလည်း ကွက်ခနဲ ပျက်သွားရတယ်။
“အခု သူ့မှာ မင်းနဲ့ ရတဲ့ ကိုယ်ဝန်ရှိနေပြီ။မင်း ဘာဆက်လုပ်မလဲ။မင်း ဘာလို့ သူ့အပေါ် အဲလို နှမချင်းမစာမနာ လုပ်ရက်ရတာလဲ။ဖြူ့နေရာမှာ မင်း အမေတို့ မင်းအစ်မ၊မင်းညီမဆိုရင်ရော မင်း ဘယ်လို လုပ်မလဲ။”
ရဲဦးရဲ့ခနဲ့တဲ့တဲ့ စကားက သူ့ရင်ကို အင့်ခနဲ ဖြစ်သွားစေခဲ့တယ်။
“မင်း ဒီအတိုင်းပဲ နေမှာလား။မင်းကွာ။ကိုယ့်မှာ အစ်မ၊ညီမ မရှိတိုင်း သူများ သားသမီးအပေါ် အညွန့်ချိုးပြီး ရက်ရက်စက်စက် စော်ကား ဖျက်ဆီရဲရတယ်လို့။အံ့ပကွာ။”
“မင်းဟာ ရုပ်ကလေး သနားကမားနဲ့ ရုပ်ရည်နဲ့မလိုက်အောင် အတော်ကြောက်ဖို့ ကောင်းတဲ့ကောင်ပဲ။မင်းဟာ ပန်းစားဘီလူး။မင်းဟာ လူယုတ်မာပဲ။”
ဘုန်းမြတ် အခုမှ ရဲဦး ဘာကို ဆိုလိုတယ်ဆိုတာ ချက်ချင်း သဘောပေါက်သွားတယ်။တကယ်တော့ မြယွန်းဖြူဆိုတဲ့ ကောင်မလေးဟာ တချိန်က ရဲဦး တိတ်တခိုး စွဲလန်းမြတ်နိုးခဲ့ဖူးတဲ့ မိန်းကလေးဆိုတာ ဘုန်းမြတ် သိပါတယ်။
ဒါပေမဲ့ ရဲဦးက မြယွန်းဖြူကို ဖွင့်မပြောရဲ။သူ့ဘဝကို သူ အားငယ်နေတယ်။ဒါကြောင့် အဝေးကပဲ ငေးကြည့်ရင်း သူ့အချစ်တွေကို မျိုသိမ့်ကာ ထိန်းချုပ်နေခဲ့တယ်။ဒါကို ဘုန်းမြတ်က သိတယ်။
ရဲဦးနဲ့ ဘုန်းမြတ်တို့က အိမ်နီးနားချင်း ငယ်သူငယ်ချင်းတွေဆိုတော့ ရဲဦး အမြဲတမ်း ပြောပြောနေလေ့ရှိတဲ့၊ရဲဦးတဖက်သတ်ကြိတ်ပြီး ကြိုက်နေတဲ့ မြယွန်းဖြူဆိုတဲ့ ကောင်မလေးကို ဘုန်းမြတ် တစ်ကြိမ်၊တစ်ခါလောက်တော့ မြင်ဖူး၊တွေ့ဖူးချင်လာခဲ့တယ်။
အဲဒီတုန်းကတော့ ကိုယ်က ဘာရယ်မဟုတ် ကိုယ့်သူငယ်ချင်း ကွယ်ရာမှာ သဲသဲလှုပ် ကြိတ်ကြွေနေတဲ့ ကောင်မလေးကို မြင်ဖူးချင်ရုံ၊တွေ့ဖူးချင်ရုံ၊သိထားချင်ရုံသက်သက်ပါ။တခြား မရိုးမသား ဘာ စိတ်ကူး၊ဘာစိတ်ဆန္ဒမှ မရှိခဲ့ရိုး အမှန်ပါ။ဝန်ခံပါတယ်။
နောက်တော့ ရဲဦးကို အကျပ်ကိုင်ပြီး မြယွန်ဖြူရှိတဲ့ စီးပွါးရေးတက္ကသိုလ်သို့ သူ လိုက်ပို့စေခဲ့တယ်။ရဲဦး လိုက်ပြ၍ မြယွန်းဖြူဆိုတဲ့ ကောင်မလေးကို သူ မြင်တွေ့သွားခဲ့တယ်။
အဲဒီအခါ မြယွန်းဖြူရဲ့အလှက ရဲဦးရဲ့နှလုံးသားတင်မကဘဲ သူ့နှလုံးသားကိုပါ ဆွဲငင် ဖမ်းစားသွားနိုင်ခဲ့တယ်။မြယွန်းဖြူရဲ့အလှမှာ သူ ကျဆုံးသွားခဲ့ရတယ်။မြင်မြင်ချင်း သူ့ရင်တွေ အတိုင်းအဆမဲ့ ခုန်လှုပ်သွားအောင် မြယွန်းဖြူရဲ့အလှက သူ့ကို ဆွဲဆောင် ပြုစားသွားနိုင်ခဲ့တယ်။
အဲဒီနောက် ရဲဦး မသိအောင် ရဲဦးကွယ်ရာမှာ မြယွန်းဖြူရဲ့အချစ်ကို ရအောင် သူ နည်းအမျိုးမျိုးနဲ့ ကြံစည် ကြိုးစားခဲ့ရတယ်။ရိုးသားဖြူစင်လှတဲ့ မြယွန်းဖြူဟာ သူ့ရဲ့လှည်ကွက်အောက်မှာ ကျဆုံးပြီ နောက်ဆုံး မြယွန်ဖြူနဲ့ သူ ချစ်သူတွေ ဖြစ်ရုံတင်မက မြယွန်းဖြူရဲ့ဘဝတစ်ခုလုံးကိုပါ ပိုင်ဆိုင်ခွင့်ရသွားခဲ့တယ်။
အမှန်ပြောရရင် သူ့လုပ်ရပ်က အောက်တန်းကျတဲ့ လုပ်ရပ်တစ်ခုပါ။အချစ်းဆုံး ငယ်သူငယ်ချင်း အပေါ် သူ သစ္စာဖောက်ခဲ့မိတယ်။သူငယ်ချင်း တိတ်တခိုး စွဲလန်း မြတ်နိုးပြီး ချစ်နေတဲ့ ကောင်မလေးမှန်း သိရက်နဲ့ သူငယ်ချင်း ဖြစ်သူရဲ့လက်ထဲမှ သူ လုယူခဲ့တယ်။
ထိုစဉ်က မြယွန်ဖြူရဲ့အချစ်နဲ့ဘဝကို သူ ပိုင်ဆိုင် ခွင့်ရ၍ သူငယ်ချင်းဖြစ်သူ ရဲဦးကိုတောင် မေ့ပြီး သူ့ဘဝကို သူ ကျေနပ်လို့ အပျော်ကြီး ပျော်နေမိခဲ့တယ်။ဒီအကြောင်းတွေကို ရဲဦး သိပြီး ကွယ်ရာမှာ ဘယ်လောက်များ ခံစားနေရမလဲ။
ယူကျုံးမရ ဖြစ်နေမလဲဆိုတာ သူ နည်းနည်းလေးမှ ရဲဦးအတွက် ထည့်တွက် စဉ်းစားပေးခဲ့ခြင်း မရှိခဲ့ပါ။ကိုယ်ချင်းစာ နားလည်းပေးရကောင်းမှန်းလည်း သူ မသိခဲ့ပါ။
“ဒါ သူနဲ့ ငါ့ကိစ္စလေ။မင်းနဲ့ ဘာဆိုင်လို့လဲ။မင်း အနေသာကြီးပါကွာ။ငါတို့ နှစ်ယောက်ကြားမှာ မင်း ဝင်ပတ်သက်ဖို့ အကြောင်း မရှိဘူးထင်တယ်။”
“ဘာလို့ မဆိုင်ရမှာလဲကွ။ဖြူဟာ ငါ တိတ်တခိုး ချစ်ခင်စွဲလန်း မြတ်နိုးခဲ့ဖူးတဲ့ မိန်းကလေးလေ။ဒါကို သိရက်နဲ့ မင်း ငါ့လက်ထဲကနေ ဖြူ့ကို မရရအောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားပြီး ကြံစည် လုယူခဲ့တယ်။ဒီအထိ ငါ ဘာမှ မပြောသေးဘူး။”
“အဲဒီတုန်းက ဖြူဟာ ငါ့လို ဥစ္စာမွဲ သာမန်ဆင်းရဲသား အဆင့်အတန်းမျိုးလောက်နဲ့ မထိုက်တန်ပါဘူး။မင်းလို ဥစ္စာပေါ၊ရုပ်ချော၊ပညာတတ်သူဌေးသားနဲ့မှ လိုက်ဖက်ပါတယ်လေလို့ ငါ့စိတ်ကို ငါဖြေသိမ့်ပြီး နေခဲ့တယ်။”
“မင်းတို့ နှစ်ယောက်အတွက် ငါ စိတ်ရင်းနဲ့ ကြည်ကြည်ဖြူဖြူ ဝမ်းသာ ကျေနပ်ပေးခဲ့တယ်။ငါ့ရဲ့အသည်းကွဲနေတဲ့ နှလုံးသား ဒဏ်ရာကိုတော့ ကွယ်ရာမှာ ကြိတ်ပြီး လူမသိသူမသိ ငါ ကုစားခဲ့ရတယ်။”
“မင်းနဲ့ သူ့က ချစ်သူမှ မဖြစ်ကြသေးတာ။လုယူတယ်လို့ ပြောလို့ မရဘူးလေ။ဖြူဟာ လွတ်လပ်တဲ့ မိန်းကလေး တစ်ယောက်ပဲ။လွတ်လပ်တဲ့ မိန်းကလေးတစ်ယောက်ကို လွတ်လပ်တဲ့ ယောက်ျားလေးတိုင်းက ချစ်ခွင့်၊မြတ်နိုးခွင့်၊ကြိုးစားခွင့် လူတိုင်းမှာ ရှိကြတာပဲ။”
“အေးလေ။အဲဒါကို သိလို့ မင်းကို ငါ အဲဒီအတွက်နဲ့ ထိုးကြိတ်ခဲ့ဖူးသလား။ရန်ရှာခဲ့ဖူးသလား။မလိုတမာ စကားတွေနဲ့ ကွယ်ရာမှာ မင်းကို သွားပုပ်လေလွင့်ပြောခဲ့ဖူးသလား။မင်း ပြောစမ်းပါ။”
ဘုန်းမြတ် ဘာမှ ပြန်မပြောနိုင်။ရဲဦး ပြောတာ မှန်နေသည်မို့ နှုတ်ဆိတ်၍သာ ငြိမ်သက်ရင်း နားထောင်နေမိတယ်။
“ဖြူနဲ့မင်း ချစ်သူတွေ ဖြစ်နေကြပြီဆိုတာ သိသိချင်း မင်းကို ငါ ဘာပြောခဲ့သလဲ။ဖြူ့ဟာ အင်မတန် ရိုးသားဖြူစင်တဲ့ မိန်းကလေး တစ်ယောက်ပါ။ဖြူဟာ မင်းတွေ့ဖူးတဲ့ မိန်းကလေးတွေနဲ့ မတူဘူး။အယုံလွယ်တယ်။ဖြူ့ကို မင်း တန်ဖိုးထားပါ။ဖြူ့အပေါ် အရင် ရည်းစားတွေလိုတော့ မင်း မဆက်ဆံပါနဲ့။ဖြူဟာ ငါတန်ဖိုးထားရတဲ့ မိန်းကလေး တစ်ယောက်ပါလို့ ငါ အကြိမ်ကြိမ်အခါခါ တောင်းဆို ခဲ့တယ်လေကွာ။”
“အဲဒီတုန်းက မင်းပြောခဲ့တာကို ငါ အခုထိ မှတ်မိနေသေးတယ်။မင်း ပြောတော့ ဖြူ့ကို မင်း တကယ်ချစ်တာပါဆို။မင်း လက်ထပ်ဖို့အထိ ရည်ရွယ်ပြီး တွဲခဲ့တာပါဆို။မင်း ငါ့ကို ကတိတွေ အထပ်ထပ်ပေးခဲ့တာ မင်း မှတ်မိသေးသလား ဘုန်းမြတ်။”
ရဲဦးရဲ့စကားကို ဘုန်းမြတ် ဘာမှ ခွန်းတုံ့မပြန်နိုင်ပါ။ဘုန်းမြတ် ခေါင်းငိုက်စိုက်ကျသွားရတယ်။သူ အဲဒီတုန်းက ရဲဦးကို ကတိတွေ ပေးခဲ့မိတာ မှန်နေတာပဲ မဟုတ်လား။သူ မှတ်မိပါတယ်။
“မင်းကို ငါ နောက်ဆုံး မေးမယ်။မင်း အခု စန္ဒီချိုနဲ့ မင်္ဂလာပွဲကို ဖျက်ပြီး ဖြူ့ကို လက်ထပ်မလား။လက်မထပ်ဘူးလား။ဒါပဲ ပြောပါ။”
“စန္ဒီနဲ့ ငါ့ကိစ္စက နှစ်ဖက် အသိုင်းအဝိုင်းကြားမှာ အားလုံး လူသိရှင်ကြား ဖြစ်နေကြပြီကွ။ဒီမင်္ဂလာပွဲကို ဖျက်လိုက်ရင် အားလုံး အရှက်ကွဲသွားကြမှာပေါ့။ဒါကြောင့် ဒီမင်္ဂလာပွဲကို ငါ နောက်ဆုတ်လို့ မဖြစ်ဘူး ရဲဦး။”
“ဖြူ့ကို တာဝန်မယူဘဲ မင်း ဒီ မင်္ဂလာပွဲကို ဆက်ပြီး ကျင်းပမယ်ပေါ့။ဟုတ်လား။အဲသလိုလား။မင်း ဖြေလေကွာ။”
“ငါ့ကို နားလည်ပေးပါ ရဲဦးရာ။အားလုံးကို ငါ တောင်းပန်ပါတယ်ကွာ။”
ရဲဦး အံကိုတင်းတင်း ကြိတ်ပြီး ဘုန်းမြတ်ကို အထင်သေးတဲ့ အကြည့်တစ်ချက်နဲ့ ရွံရှာမုန်းတီးစွာ စူးစူးစိုက်စိုက် ကြည့်ပစ်လိုက်တယ်။ပြီးတော့ အံကြိတ်သံဖြင့် စကားကို တစ်လုံးချင်း ပြောလာတယ်။
“နောင်တဆိုတာ နောက်မှ ရတတ်တယ်တဲ့ ဘုန်းမြတ်။ဒီနေ့ ဒီအချိန်က စပြီး မင်းနဲ့ ငါ့ရဲ့ခင်မင်မှု သူငယ်ချင်း သံယောဇဉ်က ဒီမှာတင် ပြီးဆုံးသွားပြီလို့ မှတ်လိုက်ပါ။”
“ငါ့မှာ မင်းလို သစ္စာမရှိ၊ကတိမတည်တဲ့ သူငယ်ချင်းမျိုး၊ယောက်ျားမပီသတဲ့ သူငယ်ချင်းမျိုး လုံးဝ မရှိတော့ဘူး။မင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်မှ နောင်တ မရမိပါစေနဲ့။ငါ ဆုတောင်းတယ်။ကဲ ငါသွားပြီ။မင်း ကံကောင်းပါစေ။”
ကျောခိုင်းကာ လှည့်ထွက်သွားတဲ့ ငယ်သူငယ်ချင်း ဖြစ်သူ ရဲဦးရဲ့ကျောပြင်ကို ကြည့်ရင်း သူ့ရင်မှာ ဘာမှန်းမသိတဲ့ ဝေဒနာနဲ့အတူ ရင်တစ်ခုလုံး လစ်ဟာနေခဲ့ပါတယ်။
နောက်၂ရက်ခန့်အကြာမှာ ရဲဦးနဲ့ မြယွန်းဖြူတို့ လက်ထပ်လိုက်ကြပြီဆိုတဲ့ မင်္ဂလာသတင်းကို သူ ကြားလိုက်ရတယ်။ဒီသတင်းကို ကြားရတော့ သူ့ စိတ်ထဲ အံ့လည်းဩမိသလို အမှန်အတိုင်း ပြောရရင် ဝမ်းလည်းသာမိပါတယ်။သူ့ရင်ထဲ အခုမှ အလုံးကြီးကျသွားပြီး ပေါ့ပါးငြိမ်းချမ်းသွားသလိုလည်း ခံစားလိုက်ရပါတယ်။
ဖြူ လက်ထပ်သွားပြီဆိုတော့ တနည်းအားဖြင့် သူ့ရင်ထဲ စိတ်အေးသွားရပြီပေါ့။အစပိုင်းကတော့ သူနဲ့ စန္ဒီချိုတို့ရဲ့မင်္ဂလာပွဲကို ဖြူ လာရောက်နှောက်ယှက်မလားဆိုတဲ့ သံသယစိတ်နဲ့ သူ နည်းနည်းစိုးရိမ်နေမိသေးတယ်။
ဒါပေမဲ့ ဖြူ့မှာ ဒီလို အောက်တန်းကျတဲ့ လုပ်ရပ်မျိုး ၊သေးသိမ်တဲ့ လုပ်ရပ်မျိုး မလုပ်နိုင်လောက်ဘူးဟုလည်း သိစိတ်က ဖြူ့ကို သူ ယုံကြည်နေမိပြန်သေးတယ်။ဒီလိုပဲ သူ့စိတ်ကို သူ ဖြေသိမ့်တွေးတွေးရင် အားပေးနေမိပါတယ်။
အခုတော့ ဖြူက ရဲဦးနဲ့ လက်ထပ်သွားပြီဆိုတော့ သူ့အတွက် တရန်ရှင်းသွားပြီပေါ့။ဖြူက ရဲဦးနဲ့ လက်ထပ်ပြီး ရဲဦးတို့ အိမ်မှာ လိုက်လာနေတယ်။အဲဒီအခါ ဖြူ့ရဲ့ပုံရိပ်လေးတွေကို ရဲဦးတို့ ခြံထဲမှာ သူ ခဏခဏ တွေ့ရတတ်တယ်။
တခါတလေ မထင်မှတ်ဘဲ သူနဲ့ ဖြူ မျက်နှာချင်း၊အကြည့်ချင်း ဆိုင်မိတဲ့ အခါတိုင်း သူ့ကိုယ်သူ လိပ်ပြာမလုံသလို ခံစားရတတ်တယ်။ဖြူက သူ့ကို နာကျည်းမုန်းတီးစက်ဆုတ်ရွံရှာနေတဲ့ အကြည့် ခါးခါးတွေနဲ့ စူးစိုက်ကြည့်ရင်း မျက်နှာကို တဘက်သို့ ချာခနဲ့ လှည့်ထွက်သွားတဲ့အခါ သူ့ရင်ထဲ မောဟိုက်ပြီး လှစ်ဟာလို့ ကျန်ခဲ့ရတယ်။
တခါတရံ ရဲဦးနဲ့ ဖြူကို ရဲဦးတို့ ခြံထဲမှာ ယှဉ်တွဲလျက် တွေ့ရတဲ့အခါ၊ရဲဦးက ဖြူ့အပေါ် ကြင်ကြင်နာနာ ဂရုတစိုက်နဲ့ ရှိနေတာကို တွေ့ရတဲ့အခါ သူ့ရင်ထဲမှာ ဘာမှန်းမသိ မနာလိုသလိုလို နာကျင်တဲ့ ခံစားချက်မျိုး ခံစားရတတ်တယ်။
ဘုန်းမြတ် သူ့ကိုယ်သူလည်း မဝေခွဲနိုင်။သူ နှလုံးသားက အခုအချိန်ထိ ဖြူ့ကို ချစ်နေတုန်းပဲလား။ဟင့်အင့် ဒီလို မဖြစ်ရဘူး။ဖြူက အခုအချိန်မှာ ရဲဦးရဲ့ဇနီးဖြစ်သွားပြီပဲ။သူက မကြာခင် စန္ဒီချိုနဲ့ လက်ထပ်ရတော့မှာပဲလေ။
သူ စန္ဒီချို့အပေါ် ဖြူ့လောက် မချစ်နိုင်ဘူးဆိုတာကိုတော့ ဝန်ခံရမည်ပင်။စန္ဒီချို မပြောနဲ့။အရင်က သူတွဲခဲ့သမျှ ရည်စားဟောင်းတွေထဲလည်း ဖြူ့လောက် စွဲစွဲလန်းလန်း ရူးရူးမူးမူး ရင်ခုန်ရလောက်အောင်၊ချစ်ရလောက်အောင် ဖြစ်ရတဲ့ အထိ သူ ဘယ်သူ့အပေါ်မှ မချစ်ဖူးခဲ့ပါ။ဖြူ့တစ်ယောက်တည်းကိုသာ စွဲစွဲလန်းလန်း မြတ်မြတ်နိုးနိုး ချစ်ခဲ့ဖူးပါသည်။
ဖြူ မင်း ကိုကို့အပေါ် ခွင့်လွှတ် နားလည်နိုင်ပါစေကွာ။
********************************************
သူနဲ့ စန္ဒီချိုတို့ရဲ့ မင်္ဂလာပွဲကို ရန်ကုန်မြို့က ထင်ရှားတဲ့ ဟော်တယ်ကြီး တစ်ခုမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။နှစ်ဖက် မိဘ အသိုင်းအဝိုင်းက လူကုံထံ၊လူချမ်းသာစရင်းဝင်တွေဆိုတော့ သူနဲ့ စန္ဒီချိုတို့က နေနဲ့လ၊ရွှေနဲ့မြပဲပေါ့။သူတို့မင်္ဂလာပွဲက ထင်ထားတာထက်ပင် ပိုလို့ စည်ကား နေခဲ့တယ်။
မင်္ဂလာပွဲပြီးတော့ သူက စန္ဒီချို ဆန္ဒအတိုင်း စန္ဒီချိုတို့ အိမ်မှာ လိုက်နေရတယ်။နန်းတော်ကြီးတမျှ ကြီးကျယ်ခမ်းနားလှတဲ့ စန္ဒီချိုတို့ တိုက်ကြီးနဲ့ ခြံကြီးကို ကြည့်ပြီး သူ ကျေနပ်ပျော်ရွှင်ခဲ့ရတယ်။အခုတော့ သူလိုချင်တဲ့ ဘဝကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီလေ။
စန္ဒီချိုတို့အိမ်မှာ သူစားချင်တာမှန်သမျှ၊သူလုပ်ချင်တာ မှန်သမျှ သူ့အလိုကျ ပြင်ဆင်လုပ်ကိုင်ပေးမဲ့ အစေခံတွေကလည်း မနည်းမနော။ဆယ်ယောက်ထက် မနည်းပင်ရှိခဲ့ပါတယ်။သူ့အတွက်တော့ လောကစည်းစိမ်ကို အခုမှ ကျေကျေနပ်နပ် ခံစားနေရသလိုလိုပင်။
ထိုခဏအတွင်း သိပ်လှတဲ့ စန္ဒီချိုကို ရင်ခွင်ထဲမှာ ထားပြီး လောက စည်းစိမ်ကို ခံစားရင်း သူ အရာရာကို မေ့လျော့နေခဲ့မိတယ်။
နောက်၂ရက်ခန့်အကြာ သူနဲ့ စန္ဒီချိုတို့ ချောင်းသာကို ဟန်းနီးမွန်း ခရီးထွက်ခဲ့ကြတယ်။ကြင်စဦး ဇနီးမောင်နှံဆိုတော့ ထင်တဲ့အတိုင်ပင် တစ်ယောက်နဲ့ တစ်ယောက် ချစ်စ၊ခင်စ၊ကြင်နာစမို့ စရင်း၊နောက်ရင်း၊ကျီစယ်ရင်း ခရီးဆက်ခဲ့ကြတာပေါ့။
ဒါပေမဲ့ မမျှော်လင့်တဲ့ ကံကြမ္မာဆိုးက သူတို့ နှစ်ယောက်ကြားကို ဝင်ရောက်နှောက်ယှက် ဖျက်ဆီးပစ်ခဲ့တယ်။ချောင်းသာသို့ မရောက်ခင် လမ်းခရီးမှာ သူတို့ရဲ့ကားလေးက ကုန်ကားကြီး တစ်စီးနဲ့ မတော်တဆ တိုက်မိပြီး ယဉ်တိမ်းမှောက်မှု ဖြစ်ပွါးခဲ့တယ်။
စန္ဒီချိုက လက်နဲ့ ခြေထောက်မှာ ပွန်းပဲ့ ထိခိုက်ဒဏ်ရာ ရပြီး သတိမေ့ခဲ့ပေမဲ့ ရတဲ့ ဒဏ်ရာက သူ့လောက် မပြင်းထန်ခဲ့ပါ။သူ့မှာသာ ယဉ်မတော်တဆတိုက်မှုကြောင့် ခန္ဓာကိုယ် အောက်ပိုင်း တစ်ခုလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး အောက်ပိုင်း သေသွားသလို ခြေထောက်တစ်ဖက်လည်း ဖြတ်တောက်ပစ်လိုက်ရတယ်။
သူ့ ဘဝက အခုမှ လူမမာ ဒုက္ခိတဘဝ၊ဒုက္ခိတလုံးလုံး ဖြစ်သွားခဲ့ရတယ်။ဒဏ်ရာပြင်းထန်၍ ဆေးရုံပေါ်မှာ သူ နှစ်လခန့် တက်ရောက် ကုသလိုက်ရတယ်။ဒီအတောအတွင်း စန္ဒီချိုနဲ့ စန္ဒီချိုတို့ အသိုင်းအဝိုင်းဘက်က သူ့အပေါ် အချိုးတွေ ပြောင်းလာခဲ့ကြတယ်။
စန္ဒီချိုမိဘတွေက သူ့သမီးကို ဒုက္ခိတ တစ်ယောက်ရဲ့မယားတော့ အဖြစ်မခံနိုင်ပါဘူး ဆိုပြီး သူ့ဆီက ကွာရှင်းခွင့်ကို စတင်တောင်းခံလာခဲ့ကြတယ်။
စန္ဒီချို ကိုယ်တိုင်ကလည်း သူ ဆေးရုံပေါ်မှာ အောက်ပိုင်း သေပြီး ခြေထောက်ကျိုး၍ ဒုက္ခိတ တစ်ယောက်ဖြစ်သွားချိန်ကစပြီး အနေစိမ်းလာခဲ့တယ်။သူစိမ်းဆန်လာခဲ့တယ်။သူ့အပေါ် အရင်လို ဂရုစိုက်မှု၊ကြင်နာမှု၊နွေးထွေးယုယမှုမျိုးလည်း မရှိတော့ပါ။
ဒီကြားထဲ စန္ဒီချိုက သူ့ကို ထားပြီး ညဘက်ဆို သူ့သူငယ်ချင်းတွေနဲ့ ကလပ်တွေတက်၊ဘားတွေ သွားတယ်။အရင် ရည်းစားဟောင်းတွေနဲ့လည်း ပြန်တွဲတယ်။
ထင်သလို သောက်စားပျော်ပါးပြီး နေချင်သလို နေလာခဲ့တယ်။သူက ဒါကို မကြိုက်၍ တားရင်လည်း မရ။သူ့ကို ပြန်ပြောတယ်။ပြန်ဆိုတယ်။ပြန်အော်တယ်။
“ဒီမှာ ရှင် ကျွန်မကို ဘာမှ ဆရာလာလုပ်ဖို့ မစဉ်းစားနဲ့။ရှင့်စကားကို ကျွန်မက နားထောင်မယ်များ ထင်နေသလား။ဝေးသေးတယ်။ရှင့်လို ဒုက္ခိတ တစ်ယောက်ကို လင်တော်ထားရတာ ကျွန်မ လူကြားထဲမှာ ဘယ်လောက်များ မျက်နှာငယ်ပြီး သိမ်ငယ် ရှက်ရွံ့အောက်ကျရတယ် ထင်သလဲ။ရှင့်ကြောင့် ကျွန်မ အရမ်းရှက်တယ် သိလား။”
စန္ဒီချိုရဲ့စကားက သူ့ရင်ကို နာကျင်အခံရခက်စေတယ်။စည်းစိမ်ဥစ္စာကို မက်ပြီး စန္ဒီချို့ကို လက်ထပ်ခဲ့မိခြင်းအတွက် သူ အမှားကြီးမှားမှန်း အခုမှ နောင်တရနေမိတယ်။
“ကိုယ်ကရော ဒီလို ဒုက္ခိတ ဘဝမျိုးကို ရောက်နေရတာ စိတ်ချမ်းသာနေတယ်လို့များ မင်းက ထင်နေသလား။နေတိုင်း စိတ်ဆင်းရဲနေရတာကွ။ကိုယ်လည်း ဒီလို ဘဝမျိုး ဘယ်ဖြစ်ချင်ပါ့မလဲ။ဒါပေမဲ့ ဖြစ်လာမှတော့ လုပ်လို့မှ မရတာ။ဘယ်တတ်နိုင်မလဲ။ကိုယ့်ကံအတိုင်းပဲ ပေါ့။”
ပြောရင်း ရင်ဆို့ကာ သူ မျက်ရည်လည်ရပါတယ်။
“မင်းနဲ့ ငါက လင်မယား ဖြစ်နေကြပြီလေ။မတော်လို့မှ မရတာ စန္ဒီ။လင်မယားဆိုတာ တစ်ယောက်ရဲ့ကောင်းမွေ၊ဆိုးမွေကို တစ်ယောက်က နားလည် လက်ခံကြရတာပဲ မဟုတ်ဘူးလား။တစ်ယောက်မှားနေရင် တစ်ယောက်က ပြုပြင်နားချပေးရမယ်။ဆုံးမရမယ်။”
“မယားမှားနေရင် လင်က ပြုပြင်နားချပေးရမယ်။လင်မှားနေရင်လည်း မယားက ဒီအတိုင်းပဲ။မင်းခြေလှမ်းမှားနေတာကို သိသိကြီးနဲ့ ကိုယ်က မပြောဘဲ ဒီအတိုင်း ငြိမ်နေပေးရမှာလား။ကိုယ်ဟာ မင်း ယောက်ျားလေ။မင်းကို ပြောရမှာ ကိုယ့်တာဝန်ပဲ မဟုတ်လား။ဒါကြောင့် မပြောချင်ဘဲ မင်းကို ပြောနေရတာကွ။”
“အို သိဘူး။သိဘူး။ရှင် ကျွန်မကို ဘာမှ လာမပြောနဲ့။ရှင်နဲ့မဆိုင်ဘူး။ဒါ ကျွန်မ မိဘတွေ ပိုင်တဲ့ အိမ်။ကျွန်မ အိမ်နော်။ကျွန်မ ဘာသာ လွတ်လွတ်လပ်လပ် နေချင်သလိုနေမယ်။စားချင်သလို စားမယ်။ကျွန်မ တွဲချင်တဲ့သူနဲ့တွဲမယ်။ဒါဟာ ကျွန်မရဲ့အခွင့်အရေးပဲ။ရှင့်လို ဒုက္ခိတကို ကျွန်မက အရေးစိုက်နေစရာလား။”
“ရှင် ဒီအိမ်မှာ ကျွန်မနဲ့ အတူတူ ဆက်ပြီး မနေချင်ရင် အချိန်မရွေး ဆင်းသွားလို့ ရတယ်။ကျွန်မ မတားဘူး။ရှင့်ကို ကျွန်မရဲ့ခင်ပွန်း အိမ်ဦးနတ်လို့ အိမ်ခေါင်းရင်းမှာ အငြိမ့်သားထားပြီး သူများ မိန်းမတွေလို ရိုရိုသေသေမဆည်းကပ်၊မကိုးကွယ်နိုင်ပါဘူး။”
“ပြီးတော့ ကျွန်မ ရှင့်ကို ကြိုပြောထားစရာ ရှိသေးတယ်။ကျွန်မကိုလည်း မင်းဟာ ငါ့မိန်းမပဲ ၊ငါဟာ မင်းယောက်ျားပဲ ငါပြောသလို နေရမယ်ဆိုပြီး ကျွန်မအပေါ် အာဏာပြဖို့၊ချုပ်ချယ်ဖို့ လုံးဝ စိတ်မကူးပါနဲ့။မကြိုးစာပါနဲ့။”
“ကျွန်မရဲ့အပြုအမူတွေကို ရှင် စိတ်ပျက်ပြီး ကျွန်မကို ကွာရှင်း ချင်တယ် ဆိုရင်လည်း အချိန်မရွေးပဲနော်။ကြိုက်တာလုပ်။ရှင့်သဘောပဲ။ရှင့်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်။”
“ပြီးတော့ နောက်ထပ် ရှင့် ဝေယျာဝစ္စတွေကိုလည်း ရှင် လုပ်ပေးစေချင်သလို ကျွန်မ လုံးဝ လုပ်မပေးနိုင်ဘူး။စိတ်လည်း မဝင်စားဘူး။ကျွန်မ အိမ်မှာ အစေခံတွေ အများကြီးရှိတယ်။သူတို့က ကျွန်မကိုယ်စား ရှင့်ကို လုပ်ပေးကြလိမ့်မယ်။ပြုစုကြလိမ့်မယ်။ကျွန်မရဲ့ပြုစုယုယမှုကိုတော့ ရှင် ဘယ်တော့မှ မမျှော်လင့်နဲ့။ဒါပဲ။”
သူ အံကြိတ်ကာ စန္ဒီချို ပြောသမျှကို နားထောင်နေရတယ်။သူနဲ့စန္ဒီချိုတို့ရဲ့အိမ်ထောင်ရေးဟာ အရင်က သူ စိတ်ကူးရင် မျှော်လင့်ထားသလို့ ပျော်ရွှင်စရာ မကောင်းတော့တာ အမှန်ပါ။ကြာလေ စန္ဒီချို့ကို သူ စိတ်ပျက်လာလေ ဖြစ်လာခဲ့တယ်။
ဒါကြောင့် စန္ဒီချိုရဲ့လုပ်ရပ်တွေကို သည်းမခံနိုင်တော့တဲ့ အဆုံး စန္ဒီချိုတို့ အသိုင်းအဝိုင်းဘက်က သဘောဆန္ဒအတိုင်း သူ နဲ့ စန္ဒီချို့တို့ ကွာရှင်းပြတ်စဲပြီး လမ်းခွဲခဲ့ကြတယ်။
“ဟော အစ်ကို ပြန်လာပြီလား။”
အိမ်ထဲသို့ ဝင်လိုက်တာနဲ့ အိမ်ထဲရှိ ထိုင်ခုံလေးမှာ ထိုင်ရင်း စာဖတ်နေတဲ့ ဖြူက ရဲဦးကို နှုတ်ဆက်တယ်။ဖြူက ရေမိုးချိုးပြီး အဝတ်အစားလဲကာ သနပ်ခါးလေးလည်း လိမ်ထားသဖြင့် ဖြူ့ရဲ့ပုံစံလေးက သပ်ရပ်ကျော့ရှင်းလို့ နေပါတယ်။
သူ ဖြူ့ကို ကြည့်ပြီး ကြည်နူးသွားရတယ်။ဖြူနဲ့ လက်ထပ်ပြီးလို့ ဖြူ သူတို့အိမ်ကို လိုက်လာတဲ့ အချိန်က စပြီး ညနေ ရုံးဆင်းချိန်တိုင်းမှာ ဖြူက သူ့ကို အမြဲ ဒီလိုပဲ ကြိုဆိုလေ့ ရှိတတ်တယ်။
ဒါကြောင့်လည်း အကြောင်းကိစ္စမရှိဘဲ အပြင်မှာ သူကြာကြာနေလေ့ မရှိပါ။အိမ်မှာ ဖြူ သူ့ကို စောင့်နေမှာကို သိလို့ အလုပ်ပြီးတာနဲ့ နေ့တိုင်း စောစော အိမ်ပြန်ဖြစ်ခဲ့တယ်။
သူ ဖြူ့အနားမှာ ဝင်ထိုင်လိုက်တဲ့ အခါ ဖြူဆီက သနပ်ခါးနံ့မွှေးမွှေးလေးကို ရလိုက်သဖြင့် ရင်ထဲ အေးချမ်းပြီး အမောပြေသွားရတယ်။ဖြူက ထိုင်ရာမှ ချက်ချင်း ထပြီး သူ့လက်ထဲမှ ဘေးလွယ်အိတ်လေးကို ယူတော့ သူအတင်း ပဲ ငြင်းရပြန်သေးတယ်။
“မလုပ်ပါနဲ့ ဖြူရယ်။ဖြူ အေးအေးဆေးဆေး နားစမ်းပါ။”
ဖြူက ဗိုက်ကြီး တကားကားနဲ့ နေရာမှ ပေါ့ပါးစွာ ထပြီး ထမင်းစားခန်းထဲသို့ ဝင်သွားပြန်တယ်။ခဏအကြာ ဖြူ့လက်ထဲမှာ ရေတစ်ဖန်ခွက်ကို ကိုင်ပြီး သူ့အနားသို့ ပြန်ရောက်လာခဲ့တယ်။
“ရော့ အစ်ကို။အစ်ကို အပြင်က ပြန်လာတာ မောနေရောပေါ့။အမောပြေ ရေအေးအေးလေး သောက်လိုက်ဦးနော်။”
“ကျေးဇူးပါ ဖြူ။နေစမ်းပါဦး ဖြူရယ်။ဖြူ့ကို အစ်ကို ပြောစရာ ရှိတယ်။လာ အစ်ကို့ဘေးမှာ ခဏလာထိုင် ဦး။”
သူ ဖြူ့လက်ကလေးကို အတင်းဆွဲကာ ထိုင်ခိုင်းတော့မှ ဖြူ သူ့ဘေးမှာ ဝင်ထိုင်တယ်။
“အစ်ကို ဘာပြောမှာလဲ။ဘာပြောချင်လို့လဲ ပြောလေ။ဖြူ နားထောင်နေပါတယ်။”
“ဖြူရယ် ကိုယ့်မှာလည်း မပေါ့မပါးကြီးနဲ့ မွေးရက် ဖွားရက်ကလည်း နီးနေပြီ။ကိုယ့်ကိုယ်ကို ဂရုစိုက်စမ်းပါ။ဒါတွေကို အစ်ကို လုပ်နိုင်ပါတယ်ကွာ။ကိုယ့်ဟာကိုယ် ခပ်သောက်မှာပေါ့။ဖြူ နားနားနေနေ နေပါကွာနော်။”
ရဲဦးက ဖြူပေးတဲ့ ရေခွက်ကို စားပွဲပေါ်တင်ရင်း ဖြူ့ကို စိုးရိမ်စိတ်နဲ့ လှမ်းပြောတယ်။ထိုစဉ် သူ့အသံကြောင့်ထင် မေမေက အခန်းထဲမှ ထွက်လာပြီး သူ့အနားမှာ ဝင်ထိုင်လိုက်ကာ
“သား မိန်းမကို ပြောဦး သားရေ့။သူ့ကို ဒီအတိုင်းပဲ လွှတ်မထားနဲ့ဦး။သူက အိမ်မှာ ငြိမ်ငြိမ်ကို မနေဘူး။အိမ်မှု ကိစ္စတွေကို ဟိုဟာလုပ်၊ဒီဟာလုပ်နဲ့။နေ့လည်ကလည်း သား အဝတ်တွေကို ယူပြီး လျှော်နေတာလေ။မတော် ဆပ်ပြာရည်တွေ ဘာတွေကို တက်နင်းပြီး ချော်လဲမှာ စိုးလို့ မေမေ အတင်းလုပြီး နားခိုင်းရတယ်။”
“ဒါတောင် ညနေက သားကြိုက်တတ်တဲ့ ဟင်းတွေကို သူ့ဘာသာသူ မီးဖိုချောင်ဝင်ပြီး ပြင်ဆင်ချက်ပြုတ်နေလေရဲ့။မေမေ ဘယ်လိုတားတား တားလို့ကို မရပါဘူးကွယ်။”
မေမေ့စကားကြောင့် သူ ဖြူ့အတွက် စိတ်ပူသွားရတယ်။ဒါကြောင့် ဂရုဏာဒေါသော စိတ်နဲ့ ဖြူ့ကို လှမ်းကြည့်ရင်း ဆူပူမာန်မဲရတယ်။
“ဟုတ်လားဖြူ။ဘာလို့ အဲလိုတွေ လျှောက်လုပ်နေရတာလဲကွာ။ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦးမှာပေါ့။အခုချိန် ဖြူသာ မတော်တဆ တစ်ခုခုဖြစ်သွားရင် ဖြူတစ်ယောက်တည်း ခံရမှာ မဟုတ်ဘူးနော်။ဗိုက်ထဲက ကလေးလေးပါ ထိခိုက်မှာ။ကလေးအတွက် ဖြူ မစိုးရိမ်ဘူးလား။ဒါကို ဖြူ သတိရော ထားမိရဲ့လား။”
ဖြူ တစ်ခုခု ဖြစ်မှာ စိုး၍ ဖြူ့အတွက် စိုးရိမ် စိတ်ပူရင်းဆူပူ မာန်မဲနေတဲ့ အစ်ကို့ကို ကြည့်ပြီး ဖြူ ပြုံးရတယ်။အစ်ကိုဟာ ယောက်ျားပီသပြီး သူနဲ့ လက်ထပ်ထားတဲ့ ဖြူ့အပေါ် အခုချိန်ထိ အခွင့်အရေးမယူ နှမလေးတစ်ယောက်လို ကာကွယ်စောင့်ရှောက်ပေးခဲ့တယ်။
ဖြူ့အပေါ် ညှတာထောက်ထား စာနာတတ်တဲ့ သဘောထားပြည့်ဝတဲ့ ယောက်ျားတစ်ယောက်ဆိုတာကို အစ်ကိုနဲ့ ကြာကြာပေါင်းမှ ဖြူ ပိုသိလာခဲ့ရတယ်။ဒါကြောင့် အစ်ကို့ရဲ့စိတ်ဓာတ်ကို ဖြူလေးစားမိတယ်။အစ်ကိုရဲ့အမေ အမေစောလည်း ဒီအတိုင်းပါပဲ။ဖြူ့အပေါ် သမီးအရင်း တစ်ယောက်လို ချစ်ခင် ဂရုစိုက်ပေးခဲ့တယ်။
“အစ်ကိုနဲ့ အမေစောက ဖြူ့ရဲ့ကျေးဇူးရှင်တွေပါ။ဖြူ့ရဲ့အသက်နဲ့ အရှက်ကို ကာကွယ်စောင့်ရှောက်ပေးထားတဲ့ ကိုယ့်ကျေးဇူးရှင်တွေကို ဖြူ တတ်နိုင်တဲ့ အင်အားလေးနဲ့ ကျေးဇူးဆပ်ချင်လို့ပါ အစ်ကိုရယ်။”
“ဒီအလုပ်တွေက ဖြူ့အတွက် အသေးအမွှားပါ။ဖြူ အရင်ကလည်း အိမ်မှာ အမြဲ လုပ်နေကျမို့ ကျွမ်းကျင်ပါတယ် အစ်ကို။ပြီးတော့ ဖြူ ကိုယ့်ကိုယ်ကိုယ်လည်း အမြဲ ဂရုစိုက်ပြီး နေပါ့မယ်။အစ်ကို စိတ်ချပါနော်။”
“ဖြူ့ကြောင့် ဗိုက်ထဲက ဖြူ့ကလေးလေး ဘာမှ မဖြစ်စေရပါဘူး။စိတ်မပူပါနဲ့ အစ်ကိုရယ်။ဖြူ အခုလို သွားလာ လှုပ်ရှားနေတော့ လေ့ကျင့်ခန်း လုပ်သလို ဖြစ်ပြီး ကိုယ်ဝန်အတွက် မွေးဖွားရလွယ်ကူတာပေါ့။မဟုတ်ဘူးလား။”
“မရဘူး ဖြူ။ဒီအချိန်မှာတော့ ဖြူ့ကို အစ်ကို ဘာမှ လုပ်ခွင့်မပေးနိုင်ဘူး။ခွင့်မပြုနိုင်ဘူး။ဖြူ အစ်ကို့စကားကို နားထောင်ရလိမ့်မယ်။ဖြူ့အတွက် အစ်ကို စိုးရိမ်လို့ ပြောနေတာပါ။ဖြူကလေး မွေးပြီရင်တော့ ကြိုက်တာလုပ် အစ်ကို ခွင့်ပြုမယ်။”
“ဟုတ်ကဲ့ပါ။အစ်ကို မလုပ်စေချင်ရင် ဖြူ နောက် ဘယ်တော့မှ မလုပ်တော့ပါဘူး။ဆင်ခြင်ပါ့မယ် အစ်ကိုရယ်။ကဲ ဒီနေ့ အစ်ကို ကြိုက်တဲ့ ဟင်းတွေချည်း ဖြူ ချက်ထားတယ်။အစ်ကို ရေသွားချိုးတော့လေ။ဖြူ အစ်ကို့အတွက် ထမင်းပွဲ အဆင်သင့် ပြင်ဆင်ထားမယ်။”
သူ ရေချိုးပြီးလို့ ထမင်းစားပွဲဆီ ရောက်လာတော့ ဖြူက သူ့အတွက် ထမင်းပွဲ အဆင်သင့် ပြင်ဆင်ထားတယ်။မန်ကျည်းသီးစိမ်း ငပိချက်၊ငါးရံ့အူဟင်း၊ချဉ်ပေါင်ရွက်ဟင်းချို၊ငပိရည် တို့စရာ တို့နဲ့ ဟင်းလျာတွေလေးက ဖွယ်ဖွယ်ရာရာ ရှိလှတယ်။
စားကြည့်တော့လည်း အရသာရှိလို့ ခံတွင်း မြိန်လှတယ်။စားကောင်းလွန်းလို့ သူ ထမင်း ၃ပန်းကန်တောင် စားပစ်လိုက်တယ်။ဖြူက အနားမှာ ထိုင်ရင်း သူ စားနေတာကို ပီတိအပြုံးနဲ့ လှမ်းကြည့်နေတယ်။
“စားကောင်းလား အစ်ကို။”
“အင်း အရမ်း စားလို့ ကောင်းတယ် ဖြူ။ဖြူက ဟင်းချက်လက်ရာလည်း တော်တော် ကောင်းတာပဲနော်။အစ်ကို့ကို ရုံးက အစ်ကို့ရဲ့လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကတောင် အားကျလို့ မေးကုန်ကြပြီ သိလား ဖြူ။”
“ဟင် ဘာတွေ မေးလို့လဲ အစ်ကို။”
“အစ်ကိုက မိန်းမရပြီးတော့မှ အရင်လို ပိန်ညှောင်ညှောင်မဟုတ်တော့ဘဲ ပိုပြည့်ဖြိုးလာပြီး ပိုကြည့်ကောင်းလာတယ်တဲ့။ပြီးတော့ အသားအရေတွေလည်း စိုပြည်ပြီး ပိုဖြူလာတယ်တဲ့။အဝတ်အစားတွေဆိုလည်း အရင်လို ဖိုသီဖတ်သီ မဟုတ်တော့ဘဲ မီးပူခေါက်ရာ သပ်သပ်ရပ်ရပ်လေးနဲ့ သပ်ရပ်သန့်ရှင်းနေတာပဲတဲ့။”
“သူ့မိန်းမက သူ့ကို တော်တော်ချစ်ပြီး တော်တော် ဂရုစိုက်တာ ဖြစ်မယ် ထင်တယ်တဲ့။ရဲဦးက မိန်းမရ ကံကောင်းပုံ ရတယ်တဲ့။သူ့ကြည့်ရတာ စိတ်ချမ်းသာနေပုံပဲ။မျက်နှာကလည်း အရင်လို မှုန်ကုပ်ကုပ် ခပ်တည်တည် မဟုတ်တော့ဘဲ အမြဲပြုံးရွှင်းပြီး ကြည်လင်လန်းဆန်းနေတာပဲတဲ့။”
“ဒီတော့ အစ်ကိုက ဘာပြန်ပြောလိုက်လဲ။”
“ဘာပြန်ပြောရမှာလဲ။မင်းတို့ ခန့်မှန်းတာ တော်တယ်လို့။မင်းတို့ ပြောတာ အားလုံး မှန်တယ်လို့။ငါ အခု အရမ်း စိတ်ချမ်းသာပြီး ပျော်နေတယ်လို့ ပြန်ဖြေလိုက်တာပေါ့ ဖြူရယ်။”
“ဟင် အစ်ကိုကလည်း ဟုတ်လည်းမဟုတ်ပဲနဲ့။ဖြူကြောင့် အစ်ကို စိတ်ချမ်းသာနေရတယ်ဆိုတဲ့ အဖြေက တကယ်ရော ဟုတ်လို့လား။ဖြူ့ကို သနားလို့ နှမချင်း စာနာပြီး ဖြူ ဒုက္ခရောက်နေတာကို ကာကွယ်ပေးချင်လို့ အစ်ကို လက်ထပ်ခဲ့တာ မဟုတ်လား။”
“ဖြူက အဲလို ထင်တယ်ပေါ့။”
“မဟုတ်လို့လား အစ်ကိုရယ်။ဖြူ့က သူများ နမ်းပြီးသား၊သူများ ခြွေပြီးသား အကြွေပန်းတစ်ပွင့်ပါ။ဖြူ့လိုဒုက္ခသည်၊ဗိုက်ကြီးသည် ဆင်းရဲတဲ့ မိန်းကလေးတစ်ယောက်ကို အစ်ကို့လို ပညာတတ်၊အလုပ်အကိုင်ရှိ၊ရုပ်ချောတဲ့ လူပျိုယောက်ျားတစ်ယောက်က သနားလို့ နှမချင်း ကိုယ်ချင်းစာလို့ လက်ထပ်တာကလွဲရင် ဘာများ ရှိနိုင်ဦးမှာလဲ အစ်ကိုရယ်။”
ပြောရင်း သူ့ကိုယ်သူ ဝမ်းနည်း အားငယ်လာဟန်ဖြင့် ဖြူက အသံတွေတုန်ပြီး မျက်ရည်လည်လာပါတယ်။ အဲဒီအခါ ဖြူ့ကို ကြည့်ပြီး သနားစိတ်နဲ့ ရင်ထဲမကောင်းသလို စိတ်မကောင်းလည်း ဖြစ်သွားခဲ့ရပါတယ်။
သူ့ရင်ထဲမှာ ဖြူနဲ့ ပတ်သက်ပြီး ဘာတွေ ရှိနေသလဲ။ဖြူ ဒုက္ခရောက်နေတာကို နှမချင်း စာနာလို့ ကာကွယ်ပေးခြင်ရုံ သက်သက်နဲ့ ဖြူ့ကို သနားလို့ သူ ကိုယ်ချင်စားပြီး လက်ထပ်ခဲ့တာ မဟုတ်ဘူးဆိုတာကိုတော့ သူ့ကိုယ်သူသာ အသိဆုံး ဖြစ်ပါတယ်။
ဒါကို တစ်နေ့ ဖြူ့သိအောင် ဖြူကို သူ ပြောပြရပါဦးမယ်။တနေ့နေ့ တချိန်ချိန်ပေါ့ ဖြူရယ်။အခုတော့ ဖွင့်ပြောဖို့ စောသေးတယ်လို့ ကိုယ်ထင်တယ်။ကိုယ်က လူတမျိုးပါ ဖြူ။
ဖြူ့ဆီက အချစ်ကို ဖြူ မကြည်ဖြူဘဲ ကိုယ်အတင်း မတောင်းဆိုရက်ပါဘူး။လိုလည်း မလိုချင်ဘူး ဖြူ။ဖြူကိုယ်တိုင် ကိုယ်အပေါ် တကယ်ချစ်ပြီး မြတ်မြတ်နိုးနိုး ကြည်ကြည်ဖြူဖြူနဲ့ ပေးလာမဲ့ အချိန်၊ပေးလာမဲ့အချစ်မျိုးကိုပဲ ကိုယ်လိုချင်တယ်။
ဒုက္ခရောက်လို့ ကူကယ်ရာမဲ့ အားကိုးတကြီးနဲ့ ကိုယ်အရိပ်ကို လာခိုတဲ့ မိန်းကလေးတစ်ယောက်ဆီက အချစ်ကို အတင်း အခွင့်အရေးယူပြီး ကိုယ်မတောင်းဆိုရက်ဘူး ဖြူ။တောင်းလည်း မတောင်းချင်ဘူး။
ကိုယ်ဟာအခွင့်အရေးသမားလည်း မဟုတ်ဘူး ဖြူ။ဖြူ ကိုယ့်ကို အထင်သေးသွားမှာ ကိုယ်တကယ်ကြောက်မိပါတယ် ဖြူရယ်။
*************************************************
ဘုန်းမြတ်တစ်ယောက် အခုတော့ သူ့ အိမ်သူ ပြန်ရောက်နေခဲ့ပါပြီ။သူနေထိုင်ရာ သူ့ရဲ့အိမ်နဲ့ ခြံကြီးက အရင်လိုမဟုတ် သူ့ကို တိတ်ဆိတ်ခြောက်သွေ့စွာ ကြိုဆိုနေတယ်လို့ ရင်ထဲမှာ ခံစားရတယ်။
ဘုန်းမြတ်မှာ ဖခင်ဖြစ်သူက မရှိတော့ပါ။သူ ဆယ်တန်းနှစ်မှာ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။မိခင်ဖြစ်သူ တစ်ယောက်သာ ရှိလေတယ်။
မိခင်ကြီးကတော့ သူ ပြန်အလာကို ဝမ်းသာ၊ဝမ်းနည်း မျက်ရည်လည်ရင်း ပြုံးနေတဲ့ အမူအရာနဲ့ သူ့ကို ဖက်ရင်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုရှာပါတယ်။
ဖခင် မရှိတော့တဲ့နောက်ပိုင်း ဖတဆိုးသားလေးမို့ အချစ်ပိုကာ သူ့ကို အစစအရာရာ လိုလေသေးမရှိအောင် အလိုလိုက်ပြီး ဖြည့်ဆည်းပံ့ပိုးပေးခဲ့တဲ့ မိခင်ကြီး။
ရောက်ရောက်ချင်း မိခင်ရင်ခွင်ထဲ အတင်းတိုးဝင်ကာ သူ့ဘဝကို သူ တွေးရင်း ယူကျုံးမရစိတ်ဖြင့် ဝမ်းနည်းလွန်းလို့ ရှိုက်ကြီးတငင် ငိုမိပါတယ်။
ညီအစ်ကို မောင်နှမ သားချင်းမရှိဘဲ တစ်ဦးတည်သော သားဖြစ်တဲ့ ဘုန်းမြတ်ဟာ မိခင်ရဲ့အလိုလိုက်မှုကြောင့် ဘဝကို အလေးအနက်မထား။
မိန်းကလေးတွေနဲ့ ထင်တိုင်းတွဲ၊ထင်တိုင်းကျဲပြီး မိန်းကလေးတွေကိုလည်း တန်ဖိုးထားရကောင်းမှန်း မသိဘဲ ပေါ့ပျက်ပျက်နေခဲ့မိတယ်။အခုတော့ သူ့ဘဝ တဖန် ဝဋ်လည်ခဲ့လေပြီထင်ပါတယ်။
မေမေကတော့ သူ့အဖြစ်ကို ကြည့်ပြီး ရင်ထုမနာ၊ယူကျုံးမရ ဖြစ်လို့ မဆုံးခဲ့ပါ။ရောက်ရောက်ချင်း သားအမိ နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ဖက်ရင်း အားရပါးရ ငိုမိခဲ့ကြတယ်။
မိခင်ဖြစ်သူက စီးပွါးရေးသမားမို့ သူ့အနားမှာ အချိန်ပြည့်မနေနိုင်။သူ အိမ်ပြန်ရောက်ပြီး တစ်ပတ်လောက်ကြာတော့ သူ့အလုပ်နဲ့ သူ အိမ်မှာ အချိန်ပြည့် မနေနိုင်တော့ပါ။
အခုမှ သူ့ဘဝက တကယ့်ကို အထီးကျန်ဆန်လာခဲ့ရတယ်။ပျင်းရင် စာဖတ်လိုက်၊တီဗွီထိုင်ကြည့်လိုက်နဲ့ တစ်နေ့တစ်နေ့ ဒါတွေနဲ့ပဲ အချိန်ကုန်နေရတယ်။ကြာတော့ သူ ပျင်းရိငြီးငွေ့လာရတယ်။
အိမ်မှာ အိမ်ဖော်တွေ ရှိပေမဲ့လည်း သူတို့တွေကလည်း သူတို့အလုပ်နဲ့ သူတို့မို့ သူ့အနားမှာ အချိန်ပြည့် အဖော်မပြုနိုင်ကြပါ။လုပ်စရာရှိတာ လုပ်ကိုင်ပေးပြီးရင် သူ့အနားမှ အမြန် ထွက်ခွါသွားကြတာက များတယ်။
ဝှီးချဲလ်ပေါ်မှာ နေရင်း ဘာရယ်မဟုတ် အခန်းတံခါးကို ဖွင့်ပြီး လေကောင်းလေသန့်ရှူရန် တဖက်ခြံထဲသို့ အကြည့်ရောက်သွားခိုက် တဖက်ခြံထဲမှ ကိုယ်ဝန်အရင့်အမာနဲ့ ရဲဦးကိုတွဲရင်း လမ်းလျှောက်နေတဲ့ ဖြူ့ရဲ့ပုံရိပ်လေးကို သူ လှမ်းတွေ့လိုက်ရတယ်။သူ ဖြူ့ကို ခေတ္တမျှ သတိလက်လွတ် ငေးခနဲ့ ကြည့်မိသွားတယ်။
ဗိုက်ဖုံးအင်္ကျီလေးနဲ့လည်း ဖြူဟာ သူ့မျက်လုံးထဲ အေးချမ်းစွာ လှနေတာပါပဲ။ဒီလို ဖြူစင်ပြီး ရိုးသားလှတဲ့ မိန်းကလေး တစ်ယောက်အပေါ် သူ အနိုင်ယူခဲ့မိတယ်။ရက်ရက်စက်စက် အသည်းခွဲခဲ့မိတယ်။
သူအပေါ် အနွံတာခံပြီး ချစ်တတ်လွန်းတဲ့ မိန်းကလေး တစ်ယောက် အပေါ်ကိုမှ သူ ဘာစိတ်ကူးနဲ့ အမှောင်ဖုံးပြီး အခုလို လုပ်ခဲ့မိသည် မသိ။သူ့ကိုယ်သူ မှားမှန်း အခုမှ နောင်တ အကြိမ်ကြိမ်ရနေမိတယ်။
အခုမှ သူ ဖြူ့ရဲ့ခံစားချက်ကို ကိုယ်ချင်စာ နားလည်လာခဲ့မိတယ်။သူ့ရဲ့ရင်သွေးကို လွယ်ထားရတဲ့ ဖြူ။သူ သူမကို စွန့်ပစ်မိခဲ့တဲ့ အချိန်က သူမ ဘယ်လောက်များ နာကျင်ရူးသွပ်စွာ ခံစားလိုက်ရမလဲ။
ရဲဦးသာ သူ့လို လူစိတ်မရှိဘဲသူမ ဘဝကို မကယ်တင်၊မစောင့်ရှောက်၊မကာကွယ်ပေးခဲ့ရင် သူမ လူပုံအလယ်မှာ အခုချိန်ဆို ဘယ်လောက်များ မျက်နှာငယ် ရှက်ရွံ့အားငယ်လိုက်ရှာမလဲ။
ကိုယ်ဖြစ်ဖူးမှ တပါးသူအပေါ် စာနာနားလည်တတ်တဲ့ ကိုယ့်အဖြစ်ကိုလည်း အခုမှ ရှက်ရကောင်းမှန်း သူ ပို၍ သိလာခဲ့ရတယ်။
ဖြူ အခုချိန်မှာ မင်းသာ ကိုကိုလုပ်ခဲ့မိတဲ့ အပြစ်တွေကို နားလည် ခွင့်လွှတ်ပေးနိုင်မယ်ဆိုရင် မင်းရဲ့ရှေ့မှာ ကိုကို ဒူးထောက်ပြီး ဘယ်လိုပဲ တောင်းပန်ရ၊တောင်းပန်ရ တောင်းပန်လိုက်ချင်တယ် ဖြူရယ်။
ရဲဦးက ဖြူ့ကို ကြင်နာယုယစွာ ဖေးကူတွဲပေးရင်း တခုခု ပြောနေတာကို ဖြူက သဘောကျစွာ ပြုံးရယ်ရင်း နားထောင်နေတယ်။ဒီမြင်ကွင်းကို ကြည့်ပြီး သဝန်တို စိတ်နဲ့အတူ သူ့ရင်ထဲ တဆစ်ဆစ်နာကျင်လာရတယ်။သူ ဆွေးသွားခဲ့ရတယ်။
သူ ပိုင်ဆိုင်ရမဲ့ နေရာမှာ အခုတော့ တပါးသူက နေရာ ရခဲ့လေပြီ။ဒီအခွင့်အရေးကိုလည်း သူ ကိုယ်တိုင်ပဲ အခွင့်အရေးပေးသလို၊ဖန်တီး ပေးသလို ဖြစ်ခဲ့ရတယ်။ဒါဟာ သူ့အမှားပဲ မဟုတ်လား။
တချိန်က ကိုယ်ပိုင်ဆိုင်ခွင့်ရရဲ့သားနဲ့ စည်းစိမ်ကို မက်ပြီး ဒီမိန်းကလေးကို သူ စွန့်လွှတ်ခဲ့မိတယ်။စန္ဒီချိုနေရာမှာ ဖြူဆိုရင် သူ့အပေါ်အခုလို ဖြူ ရက်စက် စိမ်းကားနိုင်မှာ မဟုတ်ပါ။
သူ ဘယ်ဘဝပဲရောက်ရောက် သူ့အနားက တစ်ဖဝါးမှ ခွါမဲ့သူ မဟုတ်ပါ။ဒုက္ခိတဘဝရောက်သွားလည်း ဖြူဟာ သူ့ကို ခွဲရက် စွန့်ပစ်နိုင်လိမ့်မည် မထင်ပါ။ဖြူဟာ တသက်လုံး သူ့ကို ပြုစုရင်း သူအနားမှာ ရိုးမြေကျ သစ္စာရှိရှိနဲ့ နေသွားမဲ့ မိန်းမကောင်း၊မိန်းမမြတ်လေးဆိုတာ သူ ယုံကြည်နေပါတယ်။
အထက်တန်းလွှာ လူတန်းစားတွေရဲ့အချစ်ကို အထင်ကြီးပြီး ယုံစားခဲ့မိလေသမျှ အခုတော့ သူ့မှာ ဖွတ်ထွက်မှ တောင်ပို့မှန်း သိခဲ့ရတယ်။ဟူး ဒါဟာ ဘယ်သူမပြု မိမိမှုပဲလေ။သက်ပြင်းမောကို ချရင်း သူ မြင်ကွင်းကို ဆက်မကြည့်နိုင်တော့လို့ တံခါးကို ပိတ်ပစ်လိုက်ရတယ်။
သူတို့က သူ့လောက် စည်းစိမ်၊ငွေကြေး မချမ်းသာပေမဲ့ စိတ်ချမ်းသာ ပျော်ရွှင်နေကြတယ်။တစ်ယောက်နဲ့တစ်ယောက် ကြင်နာကြတယ်။ဂရုစိုက်ကြတယ်။ဖေးမကူညီကြတယ်။ဒါဟာ မေတ္တာရဲ့သဘောပဲ။ရဲဦး ဖြူအပေါ် ဘယ်လောက်အထိ ဂရုစိုက်ကြင်နာပြီး တန်ဖိုးထားသလဲ ဆိုတာ အဝေးကပင် သူ့ရဲ့အမူအရာကို မြင်ရုံမျှနဲ့ သိနိုင်ပါတယ်။
တန်ဖိုးရှိတဲ့ ပန်းတစ်ပွင့်ကိုမှ သူ့တန်ဖိုးကို မသိဘဲ ရက်ရက်စက်စက် နင်ခြေစွန့်ပစ်မိခဲ့ရက်လေခြင်း။
*************************************************
ဖြူ ကလေး မွေးပြီ။သားယောက်ျားလေး နှစ်ယောက် အမြွှာလေးမွေးတယ် ဆိုတဲ့ သတင်းကို စကြားကြားချင်း ဘုန်းမြတ် ရင်ထဲ ရူးမတတ် လှုပ်ရှားတုန်ခါသွားခဲ့ရပါတယ်။ကိုယ့်ရင်သွေးလေးတွေဆိုတဲ့ အသိစိတ်တစ်ခုနဲ့ ကြက်သီးတွေ တဖြန်းဖြန်းထပြီး သူ့ ရင်တွေ တဒိန်းဒိန်းခုန်ကာ ဘယ်ကမှန်းမသိ ပေါ်ပေါက်လာတဲ့ ဖခင်စိတ်ဖြင့် အဲဒီညက သူ တစ်ညလုံး လုံးဝ အိပ်လို့ မပျော်ခဲ့ပါ။
ဖြူမွေးလိုက်တဲ့ ကလေးတွေက သူ့ရင်သွေး၊သူ့သွေးသားဆိုတဲ့ အသိစိတ်တစ်ခုဟာ သူ့ကို အကြောပေါင်းတစ်ထောင် စိမ့်ဝင်ပျံ့နှံ့စေတဲ့အထိ သူ့အာရုံကို လှုံ့ဆော်ပေးခဲ့တယ်။
အဲဒီနေ့က ဖြူ ဒီနေ့ကလေး မွေးတော့မယ်ဆိုတာ သိသိချင်း ဖြူကလေးမွေးနေတဲ့ အချိန် ဖြူ သူ့ရင်သွေးလေးတွေကို လွယ်ကူ ချောမောစွာ မွေးနိုင်ပါစေ။ဖြူနဲဲ့ သူ့ကလေးတွေ ဘေးရန်ကင်းပြီး ကျန်းမာ၊ချမ်းသာကြပါစေလို့ သူတစ်ယောက်တည်း ဘုရားရှေ့မှာ လူမသိသူမသိ အကြိမ်ကြိမ် အခါခါ ဆုတောင်းနေမိရတာလည်း အကြိမ်ပေါင်း မနည်းတော့ပါ။
ညနေ မေမေရောက်လာတော့ မေမေဆီက ဖြူကလေးမွေးတာနဲ့ ပတ်သက်လို့ ဖြူနဲ့ ကလေးတွေ အကြောင်း ကြားရတယ်။
“မစောတို့ကတော့ ကံကောင်းချက်သားရယ်။သူ့ချွေးမက ခုနှစ်လနဲ့ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးတယ်သာပြောတယ်။ ကလေးတွေက ကျန်းမာသန်စွမ်းလိုက်ကြတာ မပြောပါနဲ့တော့။ကလေးတွေက နေ့စေ့လစေ့ မွေးသလိုပဲ ပေါင်ပြည့်တန်းပြည့်ပဲ သားရေ့။”
ဒီစကားကို ကြားရတော့ မလုံမလဲ စိတ်တို့ဖြင့် မေမေ့မျက်နှာကို သူ မကြည့်ရဲ။ဒါကြောင့် မျက်နှာကို တဖက်သို့ မသိမသာ လွှဲထားလိုက်ရင်း
“မေမေ ဖြူရော နေကောင်းတယ် မဟုတ်လား။”
သူ့စကားကြောင့် မေမေ ရုတ်တရက် ဘာကို ပြောမှန်းမသိ ကြောင်အ တိတ်ဆိတ်သွားတယ်။ဒီတော့မှ သူ စကားမှားသွားမှန်း သတိရလိုက်မိတယ်။
“နေပါဦး။ဖြူဆိုတာက ဘယ်သူ့ကို ပြောတာလဲ သား။မစောချွေးမ မြယွန်းဖြူကို ပြောတာလား။”
“ဟုတ်ကဲ့ မေမေ။”
“သား သူ့ကို ခေါ်လိုက်တဲ့ လေသံက သိပ်ရင်းနှီးနေသလိုပဲ။သူနဲ့ သားက အရင်ကတည်းက သိနေကြတာလား သား။”
မေမေ သူ့ကို စူးစမ်းသလို၊အကဲခတ်သလို မေးလာသဖြင့် သူ ကပျာကသီ ရှင်းပြရတယ်။
“ဟုတ်ကဲ့။ရဲဦးနဲ့ ပတ်သက်ပြီး သိကြတာပါ မေမေ။သူက ရဲဦးရဲ့ကောင်မလေးလေ။”
“ဪ အဲလိုလား။မစော ချွေးမက တော်တော် လှတဲ့ မိန်းကလေး တစ်ယောက်ပဲ။သူ့ကို မေမေ အခုမှ အနီးကပ် သေချာ မြင်ဖူးတာ သားရဲ့။ရဲဦးက ဒါမျိုးကျ ရွေးတတ်သားပဲနော်။သူ့သားလေးတွေကလည်း ဖြူဖြူခဲခဲ တတုံးတခဲကြီးတွေနဲ့ ချစ်စရာလေးတွေ သားရဲ့။”
“မေမေဖြင့် ဘယ်ဘဝက ရေစက်မှန်းမသိ သူတို့လေးတွေကို မြင်တာနဲ့ ကိုယ့်ရဲ့သွေးရင်းသားရင်းတွေလို ရင်ထဲမှာ ခံစားရတယ်။မြင်မြင်ချင်းကို ချစ်သွားတာပဲ သားရယ်။ဖြစ်တော့ မဖြစ်နိုင်ပေမဲ့ အဲကလေးလေးတွေ မေမေ့ရဲ့မြေးအရင်းလေးတွေများ ဖြစ်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲလို့ တွေးမိသေးတယ်။”
“မေမေလည်း မစောလို ချစ်စရာကောင်းတဲ့ မြေးလေးတွေ တစ်ယောက်၊နှစ်ယောက်လောက် ပိုင်ဆိုင်ချင်မိတယ် သားရယ်။ပိုင်ဆိုင်ခွင့်ရရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်။အခုတော့ မေမေ့ ဘဝမှာ သားနဲ့ ပတ်သက်ပြီး သားရဲ့မျိုးဆက်ဖြစ်တဲ့ မြေးလေးတွေ ပိုင်ဆိုင်ခွင့်၊ချီပိုးခွင့်၊နမ်းရှိုက်ခွင့်ရဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူ ထင်ပါတယ်ကွယ်။”
ဒီစကားတွေကို ကြားရတော့ သူ့ရင်ထဲ အလွန်ပင် စိတ်မကောင်းဖြစ်သွားရတယ်။အဲဒါ မေမေ့ရဲမြေးအရင်းလေးတွေပါပဲ။အဲဒီကလေးလေးတွေက သားရဲ့ရင်သွေးအစစ်လေးတွေပါ မေမေရယ်လို့ သူ မေမေ့ကို အမှန်အတိုင်း ရင်ဖွင့်ပြီး ပြောပြချင်စိတ်တွေ ပါးစပ်က တရွရွဖြစ်ပေါ်မိတယ်။ဒါပေမဲ့ သူ ပြောခွင့်မရ။
ပြောချင်နေတဲ့ သူ့ပါးစပ်ကို တင်းတင်းကိုက်ရင်း အံကို တင်းနေအောင် ခဲထားမိတယ်။မျက်ဝန်းဝမှာ စိုဝဲလာတဲ့ မျက်ရည်စတွေကို မေမေ မမြင်အောင် သူ တဖက်သို့ ကမန်းကတန်း လွှဲလိုက်ရတယ်။
သားကို ခွင့်လွှတ်ပါ မေမေ။သားရဲ့မိုက်ပြစ်ကြောင့် မေမေ့ရဲ့မြေးတွေနဲ့ မေမေ ရှင်ကွဲကွဲနေရပြီ။မေမေ ခံစားနေရတာကို သား မကြည့်ရက်ဘူး။သားလည်း ဘာထူးသလဲ။သားလည်း သည်းခြေပျက်မတတ် ခံစားနေရတာပါပဲ။အခုမှ ကိုယ့်ရင်သွေးလေးတွေကို ဖခင်တစ်ယောက်အနေနဲ့ ပိုင်ပိုင်နိုင်နိုင် တွေ့ခွင့်၊မြင်ခွင့်၊ထိတွေ့ နမ်းရှိုက်ခွင့်၊ယုယကြင်နာခွင့် သားမှာ မရနိုင်တော့ဘူးလေ။”
တွေးရင်း နာကျင်ခြင်း၊ယူကျုံးမရဖြစ်ခြင်း၊နောင်တရခြင်းတွေနဲ့ သူ့ရင်တစ်ခုလုံးဟာ ဝမ်းနည်းစိတ်ဖြင့် မောဟိုက်ရင်း တုန်ခါနေခဲ့ပါတယ်။
ယောက်ျားမို့ သိက္ခာကို ငဲ့ပြီး ပွင့်ပွင့်လင်းလင်း ငိုခွင့် မရလို့သာ ရင်ထဲမှာ ကြိတ်မှိတ်ပြီး ခံစားနေရတာ။ပွင့်ပွင့်လင်းလင်း ငိုခွင့်သာရမည်ဆိုရင် ကမ္ဘာကြီးတုန်ခါသွားတဲ့ အထိ သူ့ရင်ထဲက ခံစားနေရတဲ့ ခံစားချက်တွေ အကုန်ဖွင့်ထုတ်ပြီး ပေါ့ပါးသွားအောင် ဟစ်အော်ကာ ငိုပစ်လိုက်ချင်ပါတယ်။
“မဖြစ်နိုင်ဘူး အန်တီ။သမီးရဲ့သားတွေကို သမီး ဘယ်သူ့ကိုမှ မွေးစားခွင့် မပြုနိုင်ပါဘူး။အန်တီ ပြောတာကို သမီး လုံးဝ သဘော မတူနိုင်ပါဘူးရှင်။”
“စဉ်းစားပါဦး သမီးရယ်။ကလေးတွေရဲ့နောင်ရေးကောင်းစားဖို့ အတွက်လည်း ပါပါတယ်။ဘယ်ဘဝက ရေစက်မှန်းမသိ အန်တီ ဒီကလေးတွေကို မြင်မြင်ချင်း ချစ်ကို ချစ်မိတာပါကွယ်။ပြီးတော့ သံယောဇဉ်လည်း ဖြစ်မိတယ်။သားလည်း ဒီအတိုင်းပဲ။အန်တီတို့ သားအမိ နှစ်ယောက်စလုံးက ဒီကလေးတွေကို မြင်မြင်ချင်း မေတ္တာရှိနေကြတာပါကွယ်။”
“ဒီကိစ္စကို အန်တီ တစ်ယောက်တည်း သဘောတူ ကြည်ဖြူလို့ ဆုံးဖြတ်ခဲ့တာ မဟုတ်ဘူး သမီး။အန်တီ့သား ကိုယ်တိုင်က လိုလိုချင်ချင်နဲ့ သဘောတူ ကြည်ဖြူပြီး တောင်းခိုင်းလို့ အန်တီ ဝမ်းသာအားရနဲ့ လာတောင်းရတာပါကွယ်။အန်တီရော၊သားရော တစ်သဘောတည်းပါကွယ်။ယုံပါနော်။”
“သားက လမ်းမလျှောက်နိုင်တဲ့ ဒုက္ခိတ တစ်ယောက်ပါ။သူကိုယ်တိုင် ဒီကို လာချင်ပေမဲ့ ကျန်းမာရေးမကောင်းလို့ သူ မလာနိုင်ပါဘူး။သားက တစ်ဦးတည်းသောသားပါကွယ်။သားပြီးရင် အန်တီတို့မှာ နောက်ထပ် မျိုးဆက်ရတနာလည်း မကျန်တော့ပါဘူး။ ”
“ဒါကြောင့် အန်တီတို့ ဒီကလေးတွေကို မွေးစားပြီးရင် အန်တီတို့သားအမိ မရှိတော့တဲ့နောက်ပိုင်း အန်တီတို့ ပိုင်ဆိုင်သမျှကို ဒီကလေးတွေရဲ့နာမည်နဲ့ အန်တီတို့ အကုန်လွှဲထားခဲ့မှာပါ။စိတ်မပူပါနဲ့။အန်တီတို့ သမီးရဲ့ကလေးတွေကို မွေးစားပြီးရင် ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာနဲ့ တကယ့် လိုလေသေးမရှိအောင်ကို ထားမှာပါကွယ်။”
“ဟင့်အင့်။မလိုချင်ဘူး အန်တီ။ကျွန်မကို ရွှေငွေတွေ၊စည်းစိမ်ဥစ္စာပစ္စည်းတွေနဲ့ လာရောက် သွေးဆောင်လည်း ကျွန်မ ဒီကလေးတွေကို အန်တီတို့ လက်ထဲ မထည့်နိုင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြင်မှာ မဟုတ်ဘူး။ကျွန်မ ဘာစည်းစိမ်၊ဘာပစ္စည်းဥစ္စာမှာလည်း မမက်မောဘူး။”
“ကျွန်မ သားတွေကို ကျွန်မ ခွန်၊ကျွန်မ အားနဲ့ ရုန်းကန်လှုပ်ရှားပြီး လူလားမြောက်အောင် မွေးမှာပါ။ကျွန်မ တခြား ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ထောက်ပံ့ကူညီမှုမှ မလိုချင်ပါဘူး ။ယူလည်း မယူချင်ပါဘူး။”
“ကျွန်မ သားတွေအတွက် ကျွန်မ ပင်ပန်းရင် ပင်ပန်းပါစေ အန်တီ။ကျွန်မ အသက်ရှင်နေသမျှ ကာလပတ်လုံး သူတို့အတွက် ကျွန်မ ကြိုးစားပြီး ရုန်းကန်လှုပ်ရှားသွားမှာပါ။အခုမှ ကျွန်မ သားတွေကို ကျွန်မ ချစ်လို့ကို မဝသေးပါဘူး။”
“ကျွန်မ သားတွေကို ကျွန်မကလွဲပြီး တခြား ဘယ်သူ တစ်ဦး တစ်ယောက်ရဲ့လက်ထဲကိုမှ ကျွန်မ ထည့်မပေးလိုက်နိုင်ပါဘူးရှင်။ဒါဟာ ကျွန်မ ရဲ့နောက်ဆုံး စကားပါ အန်တီ။”
“နှစ်ယောက်မရလည်း အမြွှာလေးနှစ်ယောက်ထဲက တစ်ယောက်လောက် ဖြစ်ဖြစ် အန်တီတို့ကို မွေးစားခွင့်ပြုပါလား သမီးရယ်။အိမ်ချင်းလည်း နီးနီးလေးပဲဟာ။သမီး သားလေးကို သမီးတွေ့ချင်ရင် အန်တီတို့ အိမ်မှာ အချိန်မရွေး လာကြည့်လို့ ရနေတာပဲ။သမီးနဲ့ သမီးရဲ့သားလေးကို အန်တီတို့ ခွဲမထားပါဘူး။သမီးကို အန်တီတို့ အမြဲတမ်း ဝင်ထွက်ခွင့်ပြုမှာပါကွယ်။”
“သားကို စိတ်ချမ်းသာစေချင်တယ်။ပြီးတော့ သားရဲ့ဆန္ဒကို အန်တီ ဖြည့်ဆည်းပေးချင်လွန်းလို့ပါ။သူက လာတောင်းခိုင်းလို့ အန်တီ လာတောင်းရတာပါ သမီးရယ်။အန်တီ တောင်းပန်ပါတယ် သမီးရယ်။အန်တီတို့ကို တစ်ယောက်လောက်တော့ မွေးစားခွင့်ပြုပါနော် သမီး။”
“ဟင့်အင့်။ဝမ်းနည်းပါတယ် အန်တီ။အန်တီ ပြန်ပါ။ကျွန်မ ကလေးတွေကို အန်တီမပြောနဲ့။တခြား ဘယ်သူ့ကိုမှ မွေးစားခွင့် ကျွန်မ လုံးဝ ပေးမှာ မဟုတ်ပါဘူးရှင်။”
ဖြူ့ရဲ့စိတ်ထဲမှာတော့ အဟင်း။ရယ်တော့ ရယ်ချင်စရာပါလား ဦးဘုန်းမြတ်ရယ်။လောကကြီးက အခုမှ တကယ့်ကို ရယ်စရာကောင်းနေပါလားရှင်။ဒီကလေးတွေကို လူ့လောကထဲ ရောက်မလာခင်က ရှင်ကိုယ်တိုင် ကျွန်မကို ကိုယ်ဝန်ဖျက်ချခိုင်းပြီး ရက်ရက်စက်စက် သတ်ပစ်ဖို့အထိ အကြံပေးခဲ့တာလေ။
အခုမှ ဘာလို့ မွေးစားပြချင်နေရတာလဲ။အခုမှ လူမသိသူမသိ မွေးစားမယ်လို့ အကြောင်းပြပြီး တဖက်လှည့်နဲ့ ဖခင်အဖြစ် အသိအမှတ်ပြုခွင့်ရဖို့ ကြိုစားမယ်ပေါ့။စဉ်းစား။ဆုတောင်းလေ။ကျွန်မကလည်း ကျွန်မ ကလေးတွေကို ရှင့်လက်ထဲတော့ ဘယ်တော့မှ မပေးနိုင်ဘူး။
ရှင်အခု ဝဋ်လည်နေပြီလေ။ရှင် အခု မိန်းမ တစ်ယောက်ရဲ့စွန့်ပစ်ခြင်းကို ခံရပြီး လမ်းမလျှောက်နိုင်ဘဲ အောက်ပိုင်း သေနေတဲ့ ဒုက္ခိတ တစ်ယောက် ဖြစ်နေရပြီ မဟုတ်လား။ရှင့်ကိုတော့ ကျွန်မက ကမ္ဘာမကြေပဲ။ဘယ်တော့မှ ခွင့်မလွှတ်ဘူး။
***********************************************
မမျှော်လင့်ဘဲ သွေးတိုးရောဂါဖြင့် မေမေ ရုတ်တရက် ဆုံးပါးသွားခြင်းက ဘုန်းမြတ်အတွက် အားကိုးရာရွှေတောင်ကြီးပြိုသလို ဖြစ်ခဲ့ရပါတယ်။သူ့အနားမှာ အားကိုးစရာ သွေးသားရင်ချာဆိုလို့ မေမေ တစ်ဦးတည်းသာရှိခဲ့ရာမှ အခုတော့ မေမေကလည်း သူ့အား ထားပြီး တမလွန်ခရီးသို့ နှုတ်မဆက်ဘဲ ထာဝရ ကျောခိုင်းလို့ ထွက်ခွါသွားခဲ့လေပြီ။
မေမေ မရှိတော့တဲ့နောက်ပိုင်း သူ့ဘဝဟာ ပိုလို့ ခြောက်သွေ့ပြီး ပိုလို့ အထီးကျန် ဆန်လာခဲ့ရတယ်။ဒါကြောင့် မေမေ့ကို သတိရလို့ ဝမ်းနည်းတဲ့အခါတိုင်း၊သူ့ဘဝကို သူ မကျေနပ်လို့ စိတ်တိုင်းမကျဖြစ်ရတဲ့အခါတိုင်း၊အလိုမပြည့်တဲ့အခါတိုင်း၊အားငယ်ပြီး စိတ်ညစ်မိတဲ့ အခါတိုင်း အရက်ကိုသာ နေ့နေ့ညညသောက်ရင်း အဖော်ပြုနေခဲ့ရလေတယ်။
စီးပွါးရေးကိုလည်း သူ စိတ်မဝင်စား။အားရင် အရက်သောက်မယ်။သူ တွေးချင်ရာကို တွေးမယ်။သူ လုပ်ချင်ရာကို လုပ်မယ်။နေချင်သလို နေမယ်။အရက်သောက်မှ သူခံစားနေရတဲ့ သောကဝေဒနာတွေ သက်သာရာရပြီး အတိတ်ကို တခဏတာမျှ မေ့ပျောက်နိုင်မှာ မဟုတ်လား။
ဒီလိုနဲ့ပဲသူဘဝဟာ အရက်ရဲ့ကျေးကျွန်လုံးလုံးဖြစ်ခဲ့ရတယ်။မေမေ့ရဲ့စီးပွါးရေးကိစ္စ အဝဝကိုတော့ မေမေ့ရဲ့လူယုံဖြစ်တဲ့ ဦးလေး ဦးစိုးမောင်တို့ သားအဖရဲ့လက်ထဲမှာပဲ အပ်ထားလိုက်တယ်။ဦးလေး စိုးမောင်တို့ ပေးသမျှကိုသာ ယူတယ်။အပ်သမျှကို လက်ခံတယ်။ဘာဘာညာညာ ဘာမှ မပြော။
အလုပ်နဲ့ ပတ်သက်ပြီး လက်မှတ်ထိုးစရာ ရှိရင် ထိုးပေးလိုက်တယ်။ကျန်တာ သူ ဘာမှ မမေး။ဘာမှ မပြော။စောဒကလည်း မတက်။အလုပ်အကြောင်းလည်း သူ ဘာမှ စိတ်မဝင်စား။သူ့ ဘဝကိုသူ ဖြစ်ချင်ရာဖြစ်ဆိုပြီး ရေစုန်မျောကာ အရက်နွံထဲမှာပဲ နှစ်စိမ့်ထားလိုက်တယ်။
ထမင်းလည်း စားချင်တဲ့ အချိန်မှ ထစားတယ်။မစားတဲ့ရက်က ပိုများတယ်။သူ့အတွက် အရက်နဲ့ မြည်းစရာ ကောင်းကောင်းရရင် လုံလောက်ပြီ။ဦးလေး ဦးစိုးမောင်က သူ့ကို ကြည့်ပြီး စိတ်မသက်သာဟန်ဖြင့် တားပါတယ်။
“ကျန်းမာရေးလည်း ဂရုစိုက်ပါဦး မောင်ဘုန်းရယ်။ဒီအတိုင်း မင်း ဖြစ်သလိုနေပြီး ဖြစ်သလိုပဲ စားနေတော့မှာလား။အရက်ကို ဒီလို နေ့ရော၊ညပါသောက်ပြီး အမြဲ မူးနေတော့ ကြာရင် အစာအိမ်ထိခိုက်ပြီးမင်း ကျန်းမာရေး ထိခိုက်မှာမျိုးကို ဦးလေး စိုးရိမ်မိတယ်ကွယ်။ဦးလေး မင်းကို မြင်ရတာ စိတ်မချမ်းသာဘူး မောင်ဘုန်းရယ်။”
“သေတဲ့သူလည်း သေသွားပြီးပြီပဲ။မင်း အမေသာ သူ့သားကို ဒီအတိုင် မြင်ရရင် တမလွန်ကနေ မင်းအမေ စိတ်ဖြောင့်နိုင်မှာ မဟုတ်ဘူး။ဆင်ခြင်ပါဦး လူလေးရယ်။”
“တကယ်သေသင့်တဲ့ လူက ကျွန်တော်ပါ ဦးလေးရာ။ကားတိုက်မှု ဖြစ်ကတည်းက ကျွန်တော် တခါတည်း သေသွားရမှာ။ဘာလို့ အခုလို ဘဝကြီးနဲ့ ဆက်ပြီး အသက်ရှင် ကျန်နေရစ်ခဲ့တာလဲ မသိဘူးဗျာ။”
“လောကကြီးမှာ ကျွန်တော်နေရတာ မပျော်တော့ဘူး။သေချင်နေပြီဗျာ။အင်္ဂါမစုံတဲ့ ဒီလို ဒုက္ခိတဘဝကြီးနဲ့ လူ့လောကထဲ ဆက်ပြီး အသက်မရှင်ချင်တော့ဘူး။လူကြားသူကြားထဲလည်း လူလုံးပြလို့ မလှတဲ့ ဘဝ။မေမေ့အစား ကျွန်တော်သာ အရင် သေသင့်တာ။ကျွန်တော် အရင် သေသွားရမှာ ဦးလေးရာ။ဒီလိုဘဝကြီးနဲ့ ကျွန်တော် ဆက်ပြီး အသက်ရှင်နေတော့ရော ကျွန်တော့်အတွက် ဘာများ အဓိပ္ပါယ် ရှိဦးမှာလဲ ဦးလေးရာ။”
“လူဆိုတာ ဒီလိုပါပဲ မောင်ဘုန်းရာ။ဖြစ်ချင်တိုင်းလည်း ဖြစ်လို့ မရသလို သေချင်တိုင်းလည်း သေလို့မရဘူးကွ။သူ့ကံတရားအတိုင်းပဲ အသက်ရှင်သန် နေထိုင်ကြရတာ။ဝဋ်ကြွေးရှိရင်တော့ ဆပ်ရမှာပဲ မောင်ဘုန်း။ဘယ်သူမှ ရှောင်လွှဲလို့ မရဘူးကွ။တရားနဲ့ သာ ဖြေပါ လူလေးရာ။”
“ကျွန်တော့်ဘဝက ပျော်စရာဆိုတာ မရှိတော့ပါဘူး။စိတ်ညစ်ရင် အရက်သောက်မယ်။အရက်သောက်ပြီး မူးနေတာကမှ ကောင်းသေးတယ်။အရက်သောက်ပြီး မူးနေတော့ ကျွန်တော့်ရင်ထဲက ခံစားနေရတဲ့ ဝေဒနာတွေ မေ့ပျောက်ထားနိုင်တာပေါ့ ဦးလေးရာ။”
ဦးလေးစိုးမောင် သူ့ကို ဘယ်လိုပဲတားတား၊ဘယ်လိုပဲ တရားချချ သူ နားမဝင်ခဲ့ပါ။နေ့တိုင်း၊ညတိုင်း သောက်မြဲ၊မူးမြဲပါပဲ။ကြာတော သူ ကျန်းမာရေး ထိခိုက်လာတယ်။ဆေးခန်းသွားပြတော့ ဆရာဝန်က အစာအိမ်ရောဂါနဲ့ နှလုံးပါ ထိခိုက်နေပြီလို့ ပြောတယ်။
“အရက်သောက်တာ လျော့ပါ ကိုဘုန်းမြတ်။ခင်ဗျားမှာ အခု အစာအိမ်ရောဂါ ဖြစ်နေပြီ။နှလုံးရောဂါ ဖြစ်နိုင်တဲ့ လက္ခဏာတွေလည်း တွေ့နေရတယ်။အိပ်ချိန်၊စားချိန် ဂရုစိုက်ပါ။ဒီအတိုင်းသာ အိပ်ချိန်၊စားချိန် မမှန်ဘဲ ခင်ဗျား အရက်ပဲ ဖိသောက်နေမယ်ဆိုရင်တော့ ကြာရင် ခင်ဗျား ရောဂါ ဒီထက် ပိုပိုဆိုးဝါးလာဖို့ပဲ ရှိတယ်။အသက်အန္တရာယ်ပါ ထိခိုက်လာနိုင်တယ်နော် ကိုဘုန်းမြတ်။”
“ကျွန်တော်တားတာ မရဘူး ဆရာရေ့။ဆရာပဲ ကြည့်ပြောပြီး တားပေးစမ်းပါဗျာ။မောင်ဘုန်းက အရမ်း ခေါင်းမာတာပဲ ဆရာရယ်။ပြောလို့လည်း မရ၊တားလို့လည်း မရဘူးဗျာ။သူ့အမေဆုံးပြီးကတည်းက သူ စိတ်ဓာတ်တွေကျပြီး အရက်ကို နေ့ရောညပါ အလွန်အကျွံဖိသောက်မိလို့ အခုလို ကျန်းမာရေး ထိခိုက်လာတာပဲ။”
“ဟုတ်လား ကိုဘုန်းမြတ်။ကိုဘုန်းမြတ် ကျွန်တော့်စကားကို နားမထောင်ဘဲ အခုလိုသာ ပေတေပြီး အရက်ဆက်သောက်နေမယ်ဆိုရင် ကျွန်တော် ခင်ဗျားကို ဆေးဆက်ပြီး မကုပေးတော့ဘူး။ကုလည်း အကြောင်းမှ မထူးတာ ဘာလုပ်မှာလဲ။”
“ခင်ဗျား ရောဂါက အရက်ကြောင့် အရှင်းမပျောက်ဘဲ ကုလိုက်၊ပျောက်လိုက်နဲ့ ဒီအတိုင်း ဆက်ကုနေမယ်ဆိုရင် ကျွန်တော့်အတွက် တွက်ခြေကိုက်တာပေါ့။ပိုက်ဆံပိုရတာပေါ့ဗျာ။ခင်ဗျားကို ကြည့်တာနဲ့ ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းက လာတဲ့ လူတစ်ယောက်မှန်း ကျွန်တော် ရိပ်မိပါတယ်။”
“ဒါပေမဲ့ အဲလို ညှင်းပြီး ကုလို့ရမဲ့နည်းနဲ့ ရတဲ့ ပိုက်ဆံမျိုးကိုလည်း ကျွန်တော် မလိုချင်ဘူး။မက်လည်း မမက်မောဘူး ကိုဘုန်းမြတ်။ကိုယ်ပိုက်ဆံရရင် ပြီးရော၊လူနာ ဘာဖြစ်ဖြစ် ဆိုတဲ့ စေတနာမပါတဲ့ အသပြာ ဆရာဝန်မျိုးလည်း ကျွန်တော် မဖြစ်ချင်ဘူး။”
“ကျွန်တော် ဆေးပညာကိုသင်တာ လူနာတွေရဲ့ရောဂါဝေဒနာတွေကို ပျောက်ကင်းချမ်းသာအောင် ကုသပေးချင်တဲ့ စေတနာသန့်သန့်နဲ့ သင်ယူခဲ့တာပါ။ကျွန်တော်က စေတနာ ဆရာဝန်ပါ ကိုဘုန်းမြတ်။ခင်ဗျားလည်း ပညာတတ်တစ်ယောက်ပဲ။ကျွန်တော် ဘာကို ရည်ရွယ်ပြီး ပြောတယ်ဆိုတာ သဘောပေါက်မှာပါ။”
အရင်းက နိုင်ငံခြား မင်းသားတစ်ဦးနှယ် ကြည့်လိုက်တိုင်း အမြဲ ရှင်းသန့်ခန့်ညားပြီး ကြည့်ကောင်း ချောမောနေတတ်တဲ့ ဘုန်းမြတ်တစ်ယောက် ဒီနှစ် အတွင်းမှာ စိတ်ထောင်းလို့ ကိုယ်ကြေနေတဲ့ဘဝမျိုးနဲ့ အသားအရေတွေ မွဲခြောက်ပြီး အရက်ဒဏ်၊ရောဂါဒဏ်တွေကြောင့် လူက ယူပစ်သလို ပိန်လှီလို့ ခြောက်ကပ်သွားခဲ့ပါတယ်။
ဆံပင်က ဖရိုဖရဲ၊မုတ်ဆိတ်မွေး၊နှုတ်ခမ်းမွေး ပရပွနဲ့ အရင်က ရုပ်ရည်မျိုးနဲ့ လားလားမျှ မတူတော့ပါ။ဆရာဝန် စကားကြောင့် ဘုန်းမြတ် အရက်သောက်တာ ဆင်ခြင်ပြီး ဆေးရုံပေါ်မှာ တစ်ပတ်လောက် တက်ရောက်ကုသလိုက်ရပါတယ်။
ဒီလိုနဲ့ပဲ ဆေးရုံပေါ်မှ ဆင်းပြီး ဆေးခန်းပြလိုက်၊ဆေးသောက်လိုက်နဲ့ အိမ်မှာ တစ်လလောက်အနားယူလိုက်တဲ့အခါ လူက နာလန်ထပြီး ပြန်လည် ကျန်းမာလို့ ထူထူထောင်ထောင် ဖြစ်လာခဲ့ပါတယ်။
************************************************
ဒီနေ့ သူ ဆေးခန်းချိန်းရက် ဖြစ်သဖြင့် သူနဲ့ ဦးလေး စိုးမောင်ရဲ့သား သက်စိုးတို့ ဆေးခန်းလာပြကြတယ်။သက်စိုးက သူရဲ့ဝှီးချဲလေးကို လိုက်ပါကာ ကူတွန်းပေးရင်း သူ့ရဲ့ဝေယျာဝစ္စကိစ္စအဝဝကို ဆောင်ရွက်ပေးရန် လိုက်ပါလာခဲ့ခြင်း ဖြစ်တယ်။
ဆေးခန်း ဆိုပေမဲ့လည်း ဆေးခန်းက ဆေးခန်းအသေးစားမဟုတ်ဘဲ ဆေးရုံလောက်နီးနီး ကြီးတဲ့ ဆေးခန်း အကြီးစားမျိုးပါ။ဘိုကင်ယူပြီး ဘိုကင်တင်ထားတဲ့ ဆရာဝန်နဲ့ ဆေးခန်းပြပြီးလို့ ဆေးခန်းမှ အထွက် တစ်နေရာသို့ အရောက် မမျှော်လင်ဘဲ ဆေးခန်းရဲ့အခန်း တစ်ခုထဲသို့ ပြေးဝင်သွာတဲ့ ဖြူ့ကို သူ တွေ့လိုက်ရတယ်။
ဖြူ့ရဲ့ပုံစံက သောကပရိဒေဝမီး တောက်လောင်နေတဲ့ အပူသည်ရုပ်မျိုးပါ။မျက်နှာက စိုးရိမ်စိတ်တို့ဖြင့် ပူလောင်ကာ ပျာယာခတ်နေပြီး ငိုထားမှန်းလည်း သိသာလှတယ်။မျက်နှာမှာ သနပ်ခါးလည်း သေချာ မလူးနိုင်ဘဲ ထမိန်၊အင်္ကျီခပ်နွမ်းနွမ်းနဲ့ ဆံပင်တွေကိုလည်း ဖြစ်သလို စုစည်းပြီး ချည်နှောင်ထားတယ်။
ဖြူ ဝင်သွားတဲ့ ဆေးခန်းရဲ့နံရံပေါ်က ဆိုင်းဘုတ်ကို ဘာရယ် မဟုတ် သူ လှမ်းကြည့်လိုက်တဲ့အခါ ကလေးအထူးကု ဆရာဝန်ကြီး ထိုင်တဲ့ အထူးကု အခန်းမှန်း သိလိုက်ရတယ်။ကလေးအထူးကု ဆိုတာနဲ့ သူ့ရင်ထဲ ထိတ်ခနဲ့ဖြစ်သွားရတယ်။
သူ့ရင်ထဲ ရုတ်တရက်တွေးမိတာက သား..ငါ့သားလေးတွေ။ငါ့သားလေးတွေများ တခုခု ဖြစ်ကြလို့လားဆိုတဲ့ စိုးရိမ်စိတ်ပါ။ဖခင်တစ်ယောက်ရဲ သားတွေအတွက်နဲ့ ပတ်သက်ပြီး ခံစားရတဲ့ သောကစိတ်၊စိုးရိမ်စိတ် အပူမီးက သူ့ရင်ကို ဟုန်းခနဲ လောင်မြိုက်စေခဲ့လေပြီ။ဒီအပူမီးကြောင့် သူ့စိတ်တွေ ဂဏှာမငြိမ်ဘဲ သူသည် နေရာမှာ နေလိုမရ၊ထိုင်လို့မရအောင် ဖြစ်လာခဲ့ရပါတယ်။
သိချင်စိတ်တို့ကြောင့် သူ ဘာကိုမှ မစဉ်းစာနိုင် သူ့စိတ်ရဲ့ဦးတည်ရာ ဖြူ အနောက်သို့ ဝှီးချဲလ်ကို ကိုယ်တိုင် တွန်းရင်း လိုက်ပါသွားခဲ့မိတယ်။
ကောင်တာမှာ ဆေးစာပြရင်း ငွေရှင်းနေတဲ့ သက်စိုးကိုလည်း သူ မစောင့်နိုင်တော့ပါ။သူ့စိတ်တွေက သင့်၏၊မသင့်၏လည်း သူ ဘာမှ မတွေးတောနိုင် အားလုံးကို မေ့ပြီး ဖြူရှိရာ ထိုအခန်းဆီသို့သာ ရောက်ချင်ဇောက ကြီးစိုးနေမိပါတယ်။
ဝှီးချဲလ်ကို တွန်းရင်း ဖြူရှိရာ အခန်းဆီသို့ လိုက်ဝင်လာတဲ့အခါ အခန်းဝကို ရောက်တာနဲ့ ဖြူနဲ့ ဆရာဝန်၊သူနာပြုတစ်စုတို့ အပြန်အလှန် ပြောနေကြတဲ့ စကားတွေကို စတင်ကြားလာရတယ်။
“ဒီအချိန်က သွေးလွန်တုတ်ကွေး ဖြစ်တတ်တဲ့ ရာသီဆိုတော့ ကလေးတွေကို သေချာ ဂရုစိုက်ဖို့ လိုတယ် ညီမရဲ့။ပေါ့လို မဖြစ်ဘူး။ညီမရဲ့ကလေး နှစ်ယောက်စလုံးက သွေးလွန်တုတ်ကွေးဖြစ်နေကြပြီ။အခြေအနေကလည်း စိုးရိမ်ရတယ်။ချက်ချင်း သွေးသွင်းပြီး ကုသမှ အဆင်ပြေလိမ့်မယ် ညီမ။နောက်ကျလို့ မဖြစ်ဘူး။”
“နောက်ကျရင် ကလေးအတွက် အသက်အန္တရာယ်စိုးရိမ်ရတယ်။ကလေးတွေရဲ့သွေးအမျိုးအစားက( )ဆိုတော့ ဒီသွေးမျိုးက သိပ်ရှားတယ်။အခုလောလောဆယ် အစ်မတို့ဆီမှာလည်း ဒီသွေးမျိုး အဆင်သင့်မရှိဘူး ဖြစ်နေတယ်။”
“အရင်က လှူဖူးတဲ့ သွေးအလှူရှင်တွေနဲ့ ဆက်သွယ်ကြည့်တော့လည်း အဆင်မပြေဘူး။မနေ့ကပဲ ဆေးရုံက အရေးပေါ်သွေးလိုတယ်ဆိုပြီး ဖုန်းဆက်ပြောလို့ သူတို့ လှူလိုက်ကြတယ်တဲ့။သွေးက ခြောက်လပြည့်မှ နောက်တစ်ခါ ထပ်လှူလို့ ရတာလေ ညီမရဲ့။”
“ကလေးတွေရဲ့သွေးအမျိုးအစားက ညီမသွေး အမျိုးအစားနဲ့လည်း မတူဘူးဆိုတော့ ညီမ အမျိုးသားနဲ့ ဆက်သွယ်ကြည့်လိုက်ပါလား။သူက ကလေး အဖေဆိုတော့ ညီမနဲ့ မတူရင် သူနဲ့တော့ သေချာပေါက် တူလိမ့်မယ် ထင်တယ်။သူက ဘယ်သွားတာလဲ ညီမ။ခရီးလွန်နေလို့လား။”
“သူက အလုပ်ကိစ္စရှိလို့ သူ့သူဌေးခေါ်သွာတာနဲ့ တောင်ကြီးကို လိုက်သွားပါတယ်ရှင်။မနက်ဖြန် ညနေလောက်မှ ပြန်ရောက်လိမ့်မယ် ထင်တယ်။ဒုက္ခပါပဲရှင်။ကျွန်မကို ကူညီကြပါဦး။ကယ်ကြပါဦး။ကျွန်မမှာ အားကိုးစရာ ဘယ်သူမှ မရှိဘူး။ကျွန်မယောက်ျားကလည်း မရှိ။ကျွန်မ ယောက္ခမကလည်း အိမ်မှာ တစ်ယောက်တည်း နေမကောင်းဖြစ်ပြီး ကျန်ရစ်ခဲ့ပါတယ်။”
“အိမ်မှာ တခြားဘယ်သူမှ မရှိကြဘူး။ကလေးတွေ ဆေးခန်းပြချင်လွန်းလို့သာ အိမ်နားက အစ်မတစ်ယောက်ကို အကူအညီတောင်းပြီး ဒီကို ရောက်လာခဲ့တာပါ။အခု ဘယ်လို လုပ်ကြမလဲ ဟင်။ကျွန်မ ခေါင်းထဲမှာ ဘာမှ စဉ်းစားလို့ မရတော့ဘူး။ထူပူပြီး မီးတောက်နေပြီ။ကျွန်မသားတွေကို မကယ်နိုင်ကြတော့ဘူးလား။ကယ်မဲ့သူ မရှိကြတော့ဘူးလား ရှင် အဟင့် ဟင့်။”
ကူကယ်ရာမဲ့ သားဇောဖြင့် အပူမီးတောက်နေတဲ့ ဖြူ့ရဲ့ပုံစံက အရူးမလေးတစ်ယောက်နှယ်ပါ။ဖြူ့ကို ကြည့်ရင်း သူ ရင်ထဲမချိအောင် သနားသွားရတယ်။
“ဖြူ ဖြူ”
သူ့ရဲ့ခေါ်သံကြောင့် ဖြူနဲ့အတူ ဆရာဝန်၊ဆရာမသူနာပြုတွေအားလုံးရဲ့အကြည့်တွေက သူ့ထံသို့ စုပြုံ၍ ကျရောက်လာကြတယ်။ဖြူက သူ့ကို မြင်တာနဲ့ သရဲသဘက်ကို ရုတ်တရက် မြင်လိုက်ရသလို အံဩပြီး ကြောင်အကာ စိုးရိမ်ထိတ်လန့်တဲ့ မျက်ဝန်းများနဲ့ ငေးစိုက်ကြည့်နေပါတယ်။သူက ဝှီးချဲကို လက်နဲ့ အားစိုက်ပြီး တွန်းကာ ဖြူ့အနားသို့ ရောက်အောင်သွားလိုက်တယ်။
“ကလေးတွေနဲ့ ကိုယ်နဲ့ သွေးချင်းတူပါတယ်။ကလေးတွေ အတွက် လိုအပ်တဲ့ သွေးကို ကိုယ်လှူပါရစေ။ကိုယ့်ကို လှူခွင့်ပေးပါ ဖြူ။”
ဖြူက သူ့စကားကို ကြားတာနဲ့ ကြောင်အနေရာမှ သတိဝင်လာပြီး ဒေါသထွက်နေတဲ့ ကျားနာမလေး ပုံစံမျိုးချက်ချင်း အသွင်ပြောင်းသွားတယ်။ပြီးတော့သူ့ကို နှင်ထုတ်တယ်။
“သွား။ရှင်ထွက်သွား။ရှင် အခု ချက်ချင်း ဒီအခန်းထဲကနေ မြန်မြန် ထွက်သွားလိုက်ပါ ဦးဘုန်းမြတ်။ရှင့်အသံကိုလည်း ကျွန်မ မကြားချင်သလို ရှင့်မျက်နှာကိုလည်း ကျွန်မ မကြည့်ချင်ဘူး။ရှင့် အကူအညီကိုလည်း ကျွန်မ မလိုချင်ဘူး။ရှင့်အသံနဲ့ ရှင်မျက်နှာကို မြင်ရတာ ကျွန်မအတွက် နေလို၊မီးလို ပူတယ် သိရဲ့လား။”
“ကျွန်မ သားတွေအတွက် လိုအပ်တဲ့ သွေးကို တခြားနည်းနဲ့ တခြား တစ်ယောက်ယောက်ဆီက ကျွန်မ ရအောင်ရှာမယ်။အဲဒီလူက ရှင် မဟုတ်ရင် ပြီးရော။တခြား ဘယ်သူ့ဆီက ဖြစ်ဖြစ် ကျွန်မ လက်ခံမယ်။ရှင်က လွဲရင်ပေါ့။ရှင့်ဆီကတော့ ဘယ်တော့မှ ယူဖို အစီအစဉ်မရှိဘူး။စိတ်ကူးထဲမှာလည်း မရှိဘူး။”
“ရှင့်လို လူယုတ်မ တစ်ယောက်ရဲ့သွေးဆိုး၊သွေးညစ်တွေကို ကျွန်မ သားတွေရဲ့ကိုယ်ထဲ လုံးဝ စီးဝင်ခွင့် ၊စီးဆင်းခွင့် မပေးနိုင်ဘူး ဦးဘုန်းမြတ်။ရှင် ကြားတယ်နော်။”
“ဖြူ ကိုယ်ပြောတာကို သေချာ နားထောင်ပါဦးကွာ။အခုချိန်မှာ ဖြူ ဒါတွေ ပြောနေရမဲ့ အချိန် မဟုတ်ဘူး။ကလေးတွေအတွက် အရေးကြီးဆုံး အချိန်ကို ရောက်နေပြီ။အရေးကြီးတာက ကလေးတွေရဲ့အသက်ကို ကယ်တင်ရဖို့ပဲ မဟုတ်လား။အဓိကနဲ့ သာမညကို ခွဲခြားတတ်စမ်းပါ ဖြူရယ်။”
“ကလေးတွေရဲ့အသက်ကို ကိုယ့်ကို ကယ်တင်ခွင့်ပေးပါ။ကိုယ့်ရဲ့မိုက်ပြစ်တွေအတွက် ကိုယ်ပေးဆပ်ပါရစေ။ကိုယ့်ကို ပေးဆပ်ခွင့်ပြုပါ ဖြူရယ်။ကျေးဇူးပြုပြီး မင်း မာနနဲ့ အတ္တကို ခဏ လျော့ထားစမ်းပါ။ကိုယ် တောင်းပန်ပါတယ်ကွာ။မဟုတ်ရင် ကလေးတွေ၊ကိုယ့်ကလေးတွေ ဒုက္ခရောက်လိမ့်မယ်။ရေတိမ်နစ်လိမ့်မယ် ဖြူ။မင်း စဉ်းစားစမ်းပါ။”
“ဟင့်အင့် မရဘူး။ကျွန်မ ခွင့်မပြုနိုင်ဘူး။ရှင် ထွက်သွား။သွားဆိုသွား။ရှင်အခု ဒီကနေ အမြန် ထွက်သွား။”
ဆရာဝန်နဲ့ သူနာပြုဆရာမ တစ်စုမှာ ကြားထဲမှ ဘာလုပ်ရမှန်းမသိ စိတ်ရှုပ်နေတဲ့ အမူအရာနဲ့ သူတို့ အပြန်အလှန်ပြောနေသမျှကို ဟိုကြည့်၊ဒီကြည့်ဖြင့် နားထောင်နေပါတယ်။
ဘုန်းမြတ် ဘာမှ စဉ်စား မနေနိုင်ဘဲ ဖြစ်ချင်ရာဖြစ် ရင်ဆိုင်မယ်ဆိုတဲ့ ပုံစံမျိုးဖြင့် ဖြူ့ရှေ့မှခွါကာ
“မထွက်ဘူးကွာ။မထွက်တော့ မင်း ဘာလုပ်ချင်သလဲ။တိုင်ချင်သလိုတိုင်။ကြိုက်တဲ့နေရာသာ သွား။ငါ ရှင်းမယ်။ငါက ကလေးတွေရဲ့အဖေအရင်းဆိုတာ ဒီအင်အေစစ်ပြီး အားလုံးကို လူသိရှင်ကြားဖြစ်အောင် ငါ လုပ်လိုက်လို့ ရတယ်ဆိုတာ မင်း မေ့နေတာလား။”
“ဒီကလေးတွေကို မင်း တစ်ယောက်တည်း ပိုင်တာ မဟုတ်ဘူးနော်။ငါလည်း ပိုင်တယ်။အခုချိန်မှာ ငါ့ကလေးတွေရဲ့အသက်က ငါ့အတွက် အရေးကြီးဆုံးပဲ။မင်းက အသေခံနိုင်ပေမဲ့ ငါက ငါ့ကလေးတွေကို အသေမခံနိုင်ဘူးကွ။ရအောင် ကယ်ရမှာပဲ။ဒီအချိန်မှာ မင်းနဲ့ငါ နာလုံးတွေ ဖော်ပြီး ရန်ဖြစ်နေဖို့ အချိန်မရှိဘူး။”
“ဟင့်အင့်။ရှင် မလုပ်ရဘူး။ကျွန်မ လုပ်ခွင့် မပေးနိုင်ဘူး။”
“ဖယ်စမ်းကွာ။မင်း ငါ့ကို လာမဆွဲနဲ့။”
ဖြူက သူ့ဝှီးချဲကို လာဆွဲတယ်။သူကလည်း လာဆွဲတဲ့ ဖြူ့ရဲ့လက်တွေကို တွန်းထုတ်ပစ်လိုက်ပြီး ဘေးမှာ ရပ်ကြည့်နေတဲ့ ဆရာဝန်ကြီး ရှေ့မှာ လက်အုပ်ချီလိုက်ကာ
“ဆရာကြီး ခင်ဗျ။ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပါ။ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်။ကျွန်တော်က ဒီကလေးတွေရဲ့အဖေပါ။ကျွန်တော့်နဲ့ ကလေးတွေရဲ့သွေးအမျိုးအစားချင်းလည်း တူပါတယ်။ဒီကလေးတွေအတွက် လိုအပ်တဲ့ သွေးပမာဏကို ကျွန်တော်လှူပါရစေ။”
“ကျွန်တော့်ကလေးတွေရဲ့အသက်ကို ကယ်ဖို့၊အသက်ချမ်းသာရရဖို့ဆိုရင် ကျွန်တော့်ရဲ့ခန္ဓာကိုယ်ထဲက ရှိသမျှသွေးတွေ အကုန်လုံး ဖောက်ထုတ်ပြီး အသုံးပြုမယ်ဆိုရင်တောင် ကျွန်တော်ခွင့်ပြုပါတယ်။ယူပါခင်ဗျ။”
“ကုန်ကုန်ပြောမယ်ဗျာ။ဒီကလေးတွေအတွက် ကျွန်တော့်ဆီက သွေးတွေ ယူသုံးလိုက်ရလို့ ကျွန်တော်သေသွားရင် သေသွားပါစေ။ကျွန်တော့်သားတွေ အသက်ရှင်ခွင့်ရရင် ကျွန်တော် ကျေနပ်ပါတယ်။ကျွန်တော် ဘာဖြစ်ဖြစ်။ကျွန်တော့်သွေးတွေကို ကျွန်တော့်သားတွေအတွက် ကြိုက်သလို ယူသုံးခွင့်ပြုပါတယ်ဗျာ။”
“ကျွန်တော်သားတွေရဲ့အသက်ကို ကယ်တင်ပေးကြပါ။ကယ်တင်ဖို့ အမြန်ဆုံး လုပ်ဆောင်ပေးကြပါဗျာ။ကျွန်တော်တောင်းပန်ပါတယ်။ကျွန်တော် တောင်းပန်ပါတယ်ဗျာ။”
သူသည် မျက်ရည်တွေ အလိုလို စီးကျရင်း လက်အုပ်ချီကာ ဆရာဝန်ကြီးကို အကြိမ်ကြိမ် အခါခါ တောင်းပန်ရင်း အသနားခံနေမိပါတယ်။အဲဒီအခါ ဆရာဝန်ကြီးက သူ့အား အလွန်ပင် သနားဂရုဏာသက်တဲ့ မျက်ဝန်းများနဲ့ အတန်ကြာအောင် စိုက်ကြည့်ရင်း ခေါင်းညိတ်ပြလိုက်ပါတယ်။
“ကဲ ဆရာမတွေ ကလေးတွေအတွက် လိုအပ်တဲ့ သွေးလှူရှင်လည်း အဆင်သင့်ရပြီဆိုတော့ သူ့အဖေဆီက သွေးကို ဖောက်ပြီး ကလေးတွေရဲ့အသက်ကို ကယ်ဖို့ ဆရာတို့ အမြန်ဆုံး စီစဉ်ကြရအောင်။”
“ကဲ ကိုဘုန်းမြတ် အဆင်သင့်ဖြစ်ရင် သွေးဖောက်ဖို့ အခန်းထဲကို လိုက်ခဲ့ပါ ခင်ဗျ။”
သူ မျက်ရည်များကို သုတ်ရင်း ဝမ်းသာအားရဖြင့် ဆရာဝန်ကြီး ခေါ်ဆောင်ရာနောက်သို့ ဝှီးချဲလ်ကို အသာတွန်းရင်း လိုက်ဖို့ ပြင်ခိုက် သူ့နောက်မှ တစ်စုံတစ်ယောက်ရဲ့လဲပြိုကျသံလိုလို အသံတစ်ခုကို ကြားလိုက်ရပါတယ်။သူ လှည့်ကြည့်လိုက်တော့ ဖြူ။ဖြူက ဆေးရုံးရဲ့သမံတလင်ပေါ် လဲပြိုကျရင်း ခွေခေါက်ပြီး ငြိမ်သက်ကာ သတိလစ်နေပါတယ်။
“ဟင် ဖြူ။”
သူ ဖြူ့အတွက် စိုးရိမ်သွားရပြန်တယ်။
“သူ့ကို စိုးရိမ်မနေနဲ့။သူ့ကို ပြုစုဖို့ တခြား သူနာပြု ဆရာမတွေရှိတယ်။သူ ဘာမှ မဖြစ်ဘူး။သူလည်း ကလေးတွေအတွက် စိတ်ဖိစီးပြီး တော်တော် ပင်ပန်းခဲ့ပုံရတယ်။အားနည်းလို့ မူးပြီး လဲသွားတာပါ။မကြာခင် သူ သတိရလာလိမ့်မယ်။”
“ကျွန်တော်တို့မှာ အချိန်မရှိတော့ဘူး ကိုဘုန်းမြတ် ။အခုချိန်က ကလေးတွေအတွက် အရေးကြီးဆုံးအချိန်ပဲ။ကလေးတွေအတွက် သွေးသွင်းနိုင်ဖို့ ကျွန်တော်တို့ အချိန်မီ လုပ်ဆောင်ဖို့ လိုတယ်။ဒါကအဓိကပဲ။ကဲ့လာ ဗျာ။ကျွန်တော်တို့ သွေးဖောက်ဖို့ အခန်းထဲကို သွားကြရအောင်။”
ဆရာဝန်ကြီးခေါ်ရာနောက်သို့ ဖြူ့အတွက် နောက်ဆံတင်းရင်း သူ ဝင်လိုက်သွားရပါတယ်။
************************************************
သွေးလှူပြီးလို့ ကုတင်ပေါ်မှ ဆင်းဆင်းချင်း ခေါင်းထဲမှာ မိုက်ခနဲ ဖြစ်ပြီး မူးဝေသွားသဖြင့် သူ ကုတင်ပေါ်မှပဲ ခဏ ဆက်ပြီး လှဲနေလိုက်ရတယ်။အနားမှာ ရှိနေတဲ့ သက်စိုးက သူ့အတွက် စိုးရိမ်တဲ့ လေသံဖြင့် မေးလာပါတယ်။
“အစ်ကိုဘုန်း ဘာဖြစ်တာလဲ။အဆင်ပြေလား။ဘယ်လို နေသေးသလဲ။ကျန်းမာရေး မကောင်းရတဲ့ ကြားထဲ သွေးတွေ အများကြီး လှူလိုက်ရတယ်လို့ဗျာ။”
“မင်း ငါ့အတွက် မစိုးရိမ်ပါနဲ့။ငါ အဆင်ပြေပါတယ်။ဦးလေးစိုးဆီ ဖုန်းဆက်စမ်း သက်စိုး။ကုမ္ပဏီမှာ ဝန်ထမ်းတွေထဲက ( )သွေးအမျိုးအစား ဘယ်သူ့ဆီမှာ ရှိသလဲလို့ မေးပြီး အခုချက်ချင်း အဲသွေးအမျိုးအစားရှိတဲ့ ဝန်ထမ်းတွေကို ( )ဆေးခန်းကို လာပို့ပေးဖို့ ပြောပေးပါ။အရေးကြီးတယ်လို့။”
“ငါ သွေးလှူထားတဲ့ကလေးတွေ နောက်ထပ် အရေးပေါ် သွေးလိုလို့ ရှိရင် အဆင်သင့် သွေးလှူလို့ ရအောင် အမြန်ဆုံး စီစဉ်ပေးပါလို့။သေချာပြော ကြားလား။”
“ဟုတ်ကဲ့ ကိုဘုန်း။”
“ဪ နေဦး။ပြီးတော့ စောစောက ငါ သွေးလှူထားတဲ့ ကလေးတွေနဲ့ ကလေးတွေရဲ့အမေ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိသလဲဆိုတာ ကြည့်ခဲဦး။ပြီးရင် ငါ့ကို အကျိုးအကြောင်း ပြောဖို့လည်း မမေ့နဲ့ဦး။”
“ဟုတ် ဟုတ် ကိုဘုန်း။”
အခန်းထဲမှ သက်စိုးထွက်သွားတော့နဲ့ သူ ကုတင်ပေါ်မှာ မျက်လုံးမှိတ်ရင်း ခဏ မှေးနေမိပါတယ်။
“ဘယ်လို နေသေးသလဲ ကိုဘုန်းမြတ်။အဆင်ပြေရဲ့လားဗျ။”
ခဏအကြာ နံဘေးမှ အသံကြားလို့ သူ မျက်လုံးကို ဖွင့်ကြည်လိုက်မိတဲ့အခါ သူ့ကုတင်ဘေးမှာ ရပ်ကြည့်နေတဲ့ ဆရာဝန်ကြီးကို တွေ့လိုက်ရတယ်။
“ဟုတ်ကဲ့ အဆင်ပြေပါတယ် ဆရာကြီး။ကလေးတွေ အခြေအနေ ဘယ်လို နေသေးသလဲ မသိဘူး။သက်သာရဲ့လား ခင်ဗျ။”
“ဪ ကလေးတွေ အခြေအနေက စိုးရိမ်စရာ မရှိတော့ပါဘူး။သက်သာနေပါပြီ။တော်သေးတာပေါ့။ခင်ဗျားဆီက သွေးကို အချိန်မီရလိုက်လို့။နို့မို သွေးရှာနေရတာနဲ့ အချိန်ကုန်ပြီး ကလေးတွေ အခြေအနေ စိုးရိမ်ရတယ်။ကံကောင်းလို့ပေါ့ဗျာ။”
ဆရာဝန်ကြီးဆီက ဒီစကားကြားရတော့မှ သူ့ရင်ထဲ အေးသွားရတယ်။
“ဒါနဲ့ ဆရာကြီး ကလေးတွေရဲ့အမေကော သက်သာရဲ့လား ခင်ဗျ။”
“သက်သာပါတယ်။သူ အခု သတိ ပြန်ရနေပါပြီ။သူ့ခင်ပွန်းလည်း ခုနကပဲ ပြန်ရောက်လာတယ်။”
“ဪ ဟုတ်ကဲ့ပါ ဆရာကြီး။ဆရာကြီးကို ကျွန်တော် ပြောထားတဲ့ အတိုင်းပဲ ကလေးတွေရဲ့အမေကို ပြောပေးပါခင်ဗျနော်။ကလေးတွေကို သွေးလှူတာ ကျွန်တော် မဟုတ်ဘူးလို့။ကျွန်တော်က သွေးအားနည်းနေလို့ လှူလို့ မရဘူး။တခြာ သွေးလှူရှင် နှစ်ယောက် လာလှူသွားတာပါလို့ ညာပြောပေးစမ်းပါ ဆရာကြီးရယ်။”
“ဘာရယ် မဟုတ်ပါဘူး။ကျွန်တော် လှူတာသာ ကလေးတွေ အမေသိရင် ဒေါသထွက်ပြီး စိတ်ထိခိုက်နေမှာ၊စိတ်မချမ်းမသာ ဖြစ်နေမှာ စိုးရိမ်မိလို့ပါဗျာ။ကလေးတွေရဲ့ကျန်မာရေးနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ကုန်ကျစရိတ်အားလုံးကိုလည်း ကျွန်တော်ပဲ အကုန်အကျခံ တာဝန်ယူ ရှင်းပေးပါ့မယ်။ဒါ ကျွန်တော့်ရဲ့ဖုန်းနံပါတ်နဲ့ လိပ်စာကဒ်ပါ ဆရာ။ကလေးတွေရဲ့ ကျန်မာရေးနဲ့ ပတ်သက်ပြီး အခက်အခဲရှိရင် ကျွန်တော့်ဆီ အချိန်မရွေး ဖုန်းလှမ်းပြီး ဆက်သွယ်နိုင်ပါတယ် ခင်ဗျ။”
ဆရာဝန်ကြီးက သူ့အား ဂရုဏာသက်သော မျက်ဝန်းများနဲ့ ခေတ္တမျှ ငေးကြည့်ကာ
“စိတ်ချပါ ကိုဘုန်းမြတ်။ခင်ဗျားရဲ့ဆန္ဒအတိုင်း ဖြစ်စေရမှာပါ။ခင်ဗျားရဲ့လိမ်ညာခြင်းဟာ ဘယ်သူ့ကိုမှ မထိခိုက်ဘဲ ကောင်းသော လိမ်ညာခြင်းမို့ ကျွန်တော်ကူညီမှာပါ။ကျွန်တော်အားလုံးကိုအဲ့လိုပဲပြောဖို့မှာထားပြီးပါပြီ။စိတ်ချပါ။”
“ကျေးဇူးပါဗျာ”
“ဖြူ ဖြူ ဘယ်လို နေသေးသလဲ။သက်သာလား။နေလို့ကောင်းသွားပြီလား။သတင်းကြားကြားချင်း ရင်ထဲမှာ ပူသွားတာပဲကွာ။”
“သက်သာပါတယ် အစ်ကို။ဖြူ နေလို့ ကောင်းသွားပါပြီ။”
“အစ်ကိုလည်း ဖြူ လှမ်းပြီး ဖုန်းဆက်ကတည်းက စိတ်ပူနေတာ။ဖြူ တစ်ယောက်တည်း အရမ်း အားငယ်နေမှာပဲလို့ သိနေတယ်လေ။ဒါကြောင့် အရေးကြီးတဲ့ အလုပ်တွေ လုပ်လို့ ပြီးပြီးချင်း သူဌေးဆီမှာ ခွင့်တောင်းပြီး အမြန် ပြန်လာခဲ့တာပေါ့။”
ရဲဦးက ခရီးမှ ပြန်ရောက်ရောက်ချင်း အဝတ်အစားတောင် မလဲနိုင်ဘဲ အမောတကောပုံစံဖြင့် ဆေးခန်းသို့ ရောက်လာခဲ့ဟန်တူပါတယ်။ရဲဦးကို မြင်တာနဲ့ ဖြူ တစ်ယောက်တည်း ဝမ်းနည်းအားငယ်နေရာမှ အားရှိသလိုခံစားသွားရပြီး ရဲဦးကို ပြေးဖက်ကာ ရင်ခွင်ထဲ ပြေးဝင်၍ ငိုမိတယ်။
“ဟာ ဖြူ မငိုနဲ့တော့လေ။တိတ်တော့နော်။အစ်ကို ရောက်လာပြီပဲ။ဘာမှ ဝမ်းမနည်းနဲ့။စိတ်မပူနဲ့တော့နော်။ဖြူ့ဘေးမှာ အစ်ကို တစ်ယောက်လုံးရှိတယ်။ဟုတ်ပြီလား။”
“အိမ်မှာ အမေစောရော ဘယ်လို နေသေးသလဲဟင် အစ်ကို။အမေစော သက်သာရဲ့လားမသိဘူး။”
“အမေ အဆင်ပြေပါတယ်။သက်သာနေပါပြီ ဖြူ။ဒါပေမဲ့ စိတ်မချလို့ ဒေါ်ကြီးစိန်ကို ခေါ်ပြီး အပ်ထားခဲ့ရတယ်။”
“ဖြူက အိပ်ရေးပျက်ပြီး အားနည်းလို့ ခဏ မူးပြီး သတိလစ်သွားတာပါ။”
“ဘာမှ မဖြစ်လို့ တော်သေးတာပေါ့ ဖြူရယ်။မငယ်ပြောပြတော့ အစ်ကို ဖြူအတွက် အရမ်းစိုးရိမ်သွားတာပဲကွာ။ဒါကြောင့် အမြန် လိုက်လာခဲ့တာပေါ့။ကလေးတွေရော အခြေအနေ ဘယ်လို နေသေးသလဲ ဖြူ။သက်သာရဲ့လား။အစ်ကို ကလေးတွေ အတွက်လည်း အရမ်းကို စိုးရိမ်တယ်။”
“စောစောက ဆရာဝန်ကြီး ပြောတာတော့ အခြေအနေ အားလုံး အိုကေသွားပါပြီတဲ့။မစိုးရိမ်ရတော့ဘူးလို့ ပြောတာပဲ အစ်ကို။”
“ဖြူ သက်သာတယ် ဆိုရင် အစ်ကို ကလေးတွေကို သွားကြည့်လိုက်ဦးမယ်။ဒါနဲ့ သွေးလှူရှင်က ဘယ်သူလဲ။သူ ရှိနေသေးလား ဖြူ။သူ ရှိနေသေးရင် အစ်ကိုတို့ သူနဲ့ တွေ့ပြီး ကျေးဇူးတင်စကားလေး ဘာလေး သွားပြောသင့်တယ်ထင်တယ်။”
“သူတို့က ပြန်သွားကြပြီတဲ့ အစ်ကို။ဆရာဝန်ကြီးပြောတာတော့ ကလေးတွေအတွက် သွေးလှူသွားတဲ့ လူတွေက အသက် နှစ်ဆယ်ကျော်အရွယ်လူငယ်ကောင်လေး နှစ်ယောက်တဲ့။ဖြူသတိရလာတာနဲ့ သူတို့ကို ကျေးဇူးတင် စကားပြောမလို့ လိုက်ရှာသေးတယ်။ရှာလို့ မတွေ့တော့ဘူး။သူတို့ကို ဖြူလည်း တွေ့ပြီး စကားပြောချင်ပေမဲ့ တွေ့ခွင့်မရလိုက်ဘူး အစ်ကို။”
“အေးကွာ။မတွေ့တော့လည်း ဘယ်တတ်နိုင်မလဲ။သူတို့ အကြောင်းကိစ္စရှိလို့ ပြန်သွားကြတာ ဖြစ်ပါလိမ့်မယ်။လာ ကလေးတွေရှိတဲ့ နေရာကို အစ်ကို့တို့ သွားကြည့်ရအောင်။”
ဖြူက ရှေ့မှ ဦးဆောင်ကာ ရဲဦးကို ကလေးတွေရှိရာ အရေးပေါ်အခန်းဆီသို့ ခေါ်ဆောင်လာခဲ့တယ်။ကလေးတွေက ဘေးမှာ သူနာပြုဆရာမတွေ ကိုယ်စီနဲ့ အရေးပေါ်ခန်းထဲမှာ သွေးသွင်းနေကြဆဲပင် ရှိသေးတယ်။
ရဲဦးက ကလေးတွေရှိရာ ကုတင်ဆီ လျှောက်သွားလိုက်ပြီး ကုတင်ပေါ်မှာ ပက်လက်ကလေး မှိန်းရင်း သွေးသွင်းနေကြတဲ့ သားကြီး ဦးဦးနဲ့ သားငယ် ထူးထူးတို့ကို ကြည့်လိုက်ပါတယ်။ကလေးတွေက စောစောက ဆရာမတွေ သွေးသွင်းရင်း အပ်ထိုးတော့ နာလို့ ငိုထားကြပုံရတယ်။မျက်ရည်စီးကြောင်းလေးတွေ ကိုယ်စီနဲ့ပါ။
ရဲဦးရဲ့ရင်ထဲ နစ်ခနဲနေအောင် ခံစားလိုက်ရပါတယ်။ပြီးတော့ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။သနားစရာကောင်းလိုက်တဲ့ ကလေးလေးတွေ။အပြစ်မဲ့တဲ့ ကလေးလေးတွေဆိုတော့ ဘယ်အချိန်ကြည့်ကြည့် ချစ်စရာ ကောင်းနေတာပါပဲ။ရဲဦး ရပ်နေရာမှ ကုတင်ပေါ်မှာ တင်ပါးလွှဲဝင်ထိုင်လိုက်ရင်း သားကြီးရဲ့လက်ကလေး တစ်ဖက်နဲ့ သားငယ်ရဲ့လက်ကလေး တစ်ဖင်ကို ဆုပ်ကိုင်ကာ သူ့ပါးမှာ ကပ်၍ နမ်းလိုက်ပြီး အားပေးလိုက်မိပါတယ်။
“သားကြီး ဦးဦးနဲ့ သားငယ် ထူးထူး ဘာမှ မကြောက်နဲ့နော်။ဖေဖေ ပြန်ရောက်ပြီ။သားတို့ အနားမှာ ဖေဖေရှိတယ်။ပြီးတော့ ဟောဒီမှာ သားမေမေလည်း ပါတယ်။ဖေဖေ့သားတွေကို ဖေဖေ အရမ်းချစ်တယ်နော် သားတို့။နေကောင်းအောင် ကြိုးစားကြမယ်နော် သားတို့။”
“ယောက်ျားလေးဆိုတာ မငိုရဘူးကွ။အားတင်းထားရမယ်။ငိုရင် ယောက်ျားမဟုတ်တော့ဘူး။ဟောကြည့် ဖေဖေလည်း မငိုဘူး။မေမေလည်း မငိုဘူး။ဖေဖေ့သားတွေလည်း မငိုရဘူးနော်။”
“ဆရာမတွေက သားတို့ကို ချစ်လို့ သားတို့ ကျန်းမာအောင် ဆေးထိုးပေးကြတာလေ။ဒဏ်ရာက ဒီလောက်လေး။ပိစိလေး။ပိုးပိုး ကိုက်ရုံလောက်ပဲ နာတာပါ။ဟုတ်တယ် မဟုတ်လား။ဟုတ်တယ်နော်။”
“သားတို့ ဆေးထိုးမှ မြန်မြန် နေကောင်းမှာလေ။မြန်မြန်နေကောင်းမှ ဖေဖေတို့ ဒီဆေးခန်းက မြန်မြန်ဆင်းပြီး အိမ်မှာ အတူတူ ကစားလို့ရမှာပေါ့။ဒါကြောင့် လိမ်လိမ်မာမာ နေရမယ်နော်။မငိုရဘူး။ဖေဖေ ပြောတာ ကြားလား။”
သားနှစ်ယောက်စလုံးက ရဲဦးကို ခေါင်းညိတ်ပြကြတယ်။သား နှစ်ယောက်စလုံးက ဖြူ့ထက် အစ်ကိုရဲဦးကို ပိုချစ်ကြပြီး အစ်ကို့စကားဆိုလည်း ဖြူ့စကားထက် ပိုနားထောင်ကြတယ်။အစ်ကို ရဲဦးက ကလေးချစ်တတ်သူဆိုတော့ အိမ်မှာနေလည်း ကလေးတွေနဲ့ လုံးလုံးထွေးထွေး ထွေးရောယှက်တင်နေတတ်တယ်။ခြံထဲမှာ ကလေးနှစ်ယောက်နဲ့ ဘော်လုံးကန်လိုကန်၊ဒါမှမဟုတ် တူတူပုန်းတမ်း ဆော့လိုဆော့နဲ့ပေါ့။
ညအိပ်ရာဝင်ချိန်ဆိုရင်လည်း သားနှစ်ယောက်ကို တဖက်တချက် ဘေးမှာ ထားပြီး အိပ်ရင်း ပုံပြင်ပြောပြတတ်သေးတယ်။ကလေးတွေ နားဝင်မှတ်မိလွယ်အောင်လည်း သူက ပြောပြတတ်သလို ကလေးတွေ မေးသမျှကိုလည်း စိတ်ရှည်လက်ရှည် ပြန်လည်ရှင်းပြတတ်သေးတယ်။ဒါကြောင့် ကလေးတွေက သူ့ကိုဆို ဖြူ့ထက် ပိုခင်ပြီး ပိုတွယ်တာကြတယ်။သူ့စကားဆို ပိုနားထောင်ကြတယ်။
“အိမ်မှာ ဖေဖေ သားတို့အတွက် ဘော်လုံးတွေရော၊မုန့်တွေရော၊ရုပ်ရုပ်တွေရော အများကြီး ဝယ်လာခဲ့တယ်။အင်္ကျီ၊ဘောင်းဘီအသစ်တွေရောပဲ။ဦးဦးအတွက်ရော ထူးထူးအတွက်ပါ နှစ်ယောက်စလုံးအတွက် ပါတယ်နော်။”
“ဖေဖေ့သားတွေ နေမကောင်းသေးလို့ ဖေဖေ ပေးလို့ မရသေးဘူး။အိမ်က ဖွါးဖွါးကြီးဆီမှ အပ်ထားခဲ့တယ်။သားတို့ နေကောင်းလို့ ကျန်းမာပြီး အိမ်ပြန်ရောက်ရင် ဖေဖေနဲ့ အတူ ခြံထဲမှာ အင်္ကျီလှလှ၊ဘောင်းဘီလှလှတွေ ဝတ်ပြီး မုန့်တွေ အများကြီး စားကြမယ်။ပြီးတော့ ဘော်လုံးလည်း ကန်ကြမယ်နော် သားတို့။
ဖြူက ဘေးမှာ ရပ်ရင်း သားနှစ်ယောက်နဲ့ အစ်ကို ရဲဦးပြောနေ၊ဆိုနေသမျှကို ကြည်နူးချမ်းမြေ့စွာ ငေးကြည့်လို့နေမိပါတယ်။အစ်ကို ရဲဦးဟာ အရမ်းချောတဲ့ ယောက်ျားထဲမှာတော့ မပါပါဘူး။သာမန် ရွက်ကြမ်းရေကျိုး ကြည့်ကောင်းရုံ အဆင့်လောက်ပါပဲ။
ဒါပေမဲ့ အစ်ကိုရဲဦးဟာ စိတ်ဓာတ်ကောင်း၊အကျင့်ကောင်း၊အရည်အချင်းကောင်းတွေနဲ့ ပြည့်နှက်နေတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ဒါတွေကို အစ်ကိုနဲ့ နီးနီးကပ်ကပ်နေပြီး အစ်ကို့ရဲ့အရိပ်မှာ မှီခိုခွင့်ရတော့မှ ဖြူပိုလို့ သိလာခဲ့ရပါတယ်။
ကြာလေ အစ်ကိုရဲဦးကို ဖြူပိုလို့ လေးစာလာရလေလေပါပဲ။အစ်ကို့ရဲ့စိတ်ဓာတ်က အင်မတန် ယောက်ျားပီသတယ်။မဟုတ်မခံ စိတ်ရှိတယ်။စိတ်ရှည်တယ်။စိတ်ထားကောင်းပြီး နူးညံ့သိမ်မွေတယ်။အားနည်းသူဖက်က ဖေမ ကူညီတတ်တယ်။
အစ်ကို ရဲဦးကို ကြည့်ရင်း ဖြူတွေးမိတာက ယောက်ျားတစ်ယောက်ဟာ ပစ္စည်းဥစ္စာချမ်းသာ ကြွယ်ဝဖို့၊ရုပ်ရည်ချောဖို့၊ပညာတတ်ဖို့က အဓိကလား။
ဒါတွေထက် အဓိက ကျတာက မိမိချစ်သူ၊ဇနီးမယားအပေါ် တန်ဖိုးထားပြီး သစ္စာရှိရမယ်။တာဝန်ယူမှု၊တာဝန်ခံမှုအပြည့်ရှိရမယ်။စိတ်ဓာတ်ကောင်းပြီး မိသားစုအပေါ် ကာကွယ်စောင့်ရှောက်လိုစိတ် အပြည့်ရှိရမယ်။ဒါတွေကသာ အဓိကကျတာ မဟုတ်ဘူးလား။
အစ်ကို ရဲဦးရဲ့အရိပ်မှာ ခိုလှုံခွင့်ရတာ ဖြူတို့သားအမိ ကံကောင်းပါတယ်။စိတ်ချမ်းသာရတယ်။ပြီးတော့ အေးမြငြိမ်းချမ်တယ်။လုံခြုံနွေးထွေးမှုကိုလည်း ခံစားရပါသေးတယ်။
***********************************************
အခုနှစ်အတွင်း နေရ၊ထိုင်ရတာ ဘုန်းမြတ် သိပ်ပြီး အဆင်မပြေလှပါ။အသက်ရှုလို့လည်း မကောင်း၊အမြဲ မောမော နေတတ်သဖြင့် ဆရာဝန်နဲ့ ဆေးစစ်ကြည့်တဲ့အခါ သူ့မှာ အစာအိမ်အပြင် နှလုံးရောဂါပါဖြစ်နေပြီလို့ သိရပါတယ်။
ဆေးခန်းပြ ဆေးတွေထိုး ဆေးတွေသောက်နဲ့ သူ့ဘဝကြီးက ဒီဆေးတွေ ကြားထဲမှာပဲ သံသရာ လည်နေတယ်။ကြာတော့ သူ စိတ်မရှည်ချင်။ဒီကြာထဲ သူ့ရဲ့စီးပွါးရေးလုပ်ငန်းတွေလည်း သိပ်အဆင်မပြေ။လုပ်ငန်းထဲမှာ ငွေကြေး လိမ်လည်ခံရတယ်။ဒါကြောင့် သူ့မှာ ငွေကြေးတွေ အများကြီး ဆုံးရှုံးလိုက်ရတယ်။
ဒီ့အတွက် သူ့မှာ လုပ်ငန်းနဲ့ ပတ်သက်ပြီး အများကြီး ထိခိုက်နစ်နာခဲ့ရတယ်။အရှုံးတွေ ထပ်ကာထပ်ကာ ပေါ်လာတော့ ကုမ္ပဏီကိုလည်း သူဆက်မလုပ်ချင်တော့လို့ တခြားသူ လက်ထဲသို့ လွှဲပြောင်း ရောင်းချလိုက်ရတယ်။
စီရပွါးရေးက အဆင်မပြေ အရာအားလုံးကို စိတ်တိုင်းမကျ၊စိတ်အလိုမပြည်တော့ ဒီနှစ်အတွင်း သူ့စိတ်တွေအမြဲရှုပ်ထွေးနေရပြီး အမြဲ စိတ်တိုနေရတတ်တယ်။ဒီလို စိတ်ဖိစီးမှုတွေ များလွန်းလို့ သူ့ ရောဂါလည်း အရင်ကထက် ပိုလို့ ဆိုးဝါးလာခဲ့ရတယ်။
သူ့စိတ်ထဲ စိတ်တိုင်းမကျ စိတ်အလို မပြည့်တိုင်း အိမ်က အိမ်ဖော်တွေကိုလည်း ဆူပူငေါက်ငမ်းမိတယ်။ကြာတော့ သူ့ကို ကြောက်ပြီး အိမ်က ခေါ်ထားသမျှ အိမ်ဖော်တွေလည်း အလျှိုလျှို ထွက်ပြေးသွားကြတယ်။
သူ့အမေ လက်ထက်ကတည်းက ခေါ်ထားတဲ့ သူ့အမေရဲလက်စွဲတော် ဒရိုင်ဘာလည်း ဖြစ်၊ခြံစောင့်လည်း ဖြစ်တဲ့ အဘတိုး တစ်ယောက်သာ ကျန်ရစ်ခဲ့ပါတယ်။အဘတိုးကတော့ သူ့စိတ်ကို နားလည်တယ်။သူ့ကို ငယ်ငယ်လေးကတည်းက ထိန်းကျောင်းလာသူဆိုတော့ သူ့အပေါ် သံယောဇဉ်လည်း ကြီးရှာသူပါ။
အိမ်မှာ အိမ်ဖော်တွေ မမြဲတော့ အဘတိုးက ရွာက သူ့တူဝမ်းကွဲတော်သူ အသက် ၄၀ကျော်အရွယ် လူပျိုကြီး ကိုသန်းကျော်ဆိုသူကို ခေါ်ပေးထားရတယ်။ကိုသန်းကျော်ပုံစံက ယောက်ျားတစ်ယောက်လို ကျားကျားလျားလျားတော့ မရှိ။နည်းနည်းနွဲ့ချင်တယ်။
ကိုသန်းကျော်က အိမ်မှာ အိမ်မှုကိစ္စတွေကို တကယ့်မိန်းမကြီး တစ်ယောက်သဖွယ် နိုင်နိုင်နင်းနင်းလည်း လုပ်တတ်သလို အချက်အပြုတ်ဖက်မှာလည်း ကျွမ်းကျင်ပိုင်နိုင်လှပါတယ်။သူ့ တကိုယ်ရည် ကိစ္စအဝဝကိုလည်း ကိုသန်းကျော်က တာဝန်ယူ လုပ်ကိုင်ပေးရပါသေးတယ်။
အရင်ကတော့ သူ့ရဲ့ကျန်းမာရေးကိစ္စနဲ့ တကိုယ်ရည် ကိစ္စအဝဝကို မောင်သက်စိုးနဲ့ အိမ်ဖော်တွေက တာဝန်ယူ လုပ်ကိုင်ပေးပါတယ်။နောက်တော့ မောင်သက်စိုးလည်း အိမ်ထောင်ကျပြီး သူ့မိန်းမနောက်ပါသွားသလို အိမ်ဖော်တွေလည်း သူ့ရဲ့ဒဏ်ကို မခံနိုင်လို့ ထွက်ပြေးသွားကြတယ်။
ဒီနေ့တော့ ရာသီဥတုက သာသာယာယာကလေး ရှိတာနဲ့ သူ ခြံထဲဆင်းပြီး လေကောင်းလေသန့်ရှူဖို့ စိတ်ကူးမိတယ်။ဒါကြောင့် မနက်စာ စားပြီးတာနဲ့ ကိုသန်းကျော်ကို ခေါ်ပြီး သူ့ကို ခြံထဲသို့ ပို့ပေးဖို့ ပြောရတယ်။
ကိုသန်းကျော်နဲ့ အဘတိုးတို့အကူအညီကို ယူပြီး သူ ခြံထဲက မြက်ခင်းပြင်ပေါ်မှာ ဝှီးချဲလ်နဲ့ ထိုင်ရင်း လေကောင်း လေသန့် ရှူနေမိတယ်။အသက်ရှူရတာ နည်းနည်း အဆင်ပြေသလို ခံစားရတယ်။ပြီးတော့ မောတာလည်း သက်သာလာတယ်။
ထိုစဉ် သူ့ခြေထောက်နားသို့ ရောင်စုံ ဘော်လုံးလေး တစ်လုံး လှိမ့်လာတာကို တွေ့လိုက်ရလို့ သူ အံ့ဩသွားရတယ်။ဘော်လုံးလေးက ကလေးတွေဆော့တဲ့ ရောင်စုံဘော်လုံးမျိုးလေးပါ။ဘော်လုံးလေးကို ကုန်းကောက်ရင်း ဘယ်သူ့ဟာလေးပါလိမ့်လို့ သူ အတန်ကြာ တွေးနေမိတယ်။
ရဲဦးတို့ ခြံဘက်က ခုန်ကျော်ပြီး ဝင်ရောက်လာတာများလား။သူ ဘော်လုံးလေးကို ကိုင်ရင်း တွေးနေမိခိုက် သူ့မျက်လုံးအောက်သို့ ကလေးတစ်ယောက်ရဲ့ ခြေတောက် ဖြူဖြူလေး တစ်စုံ လာရပ်တာကို တွေ့လိုက်ရတယ်။
သူ မော့ကြည့်လိုက်တော့ သူ့လက်ထဲက ရောင်စုံဘော်လုံးလေးကို စူးစိုက်ကြည့်နေတဲ့ အသက်၄နှစ်အရွယ် ကလေးပေါက်စလေး တစ်ယောက်ကို တွေ့လိုက်ရပါတယ်။ကလေးလေးက သူ့အနား မလာရဲသလို သူ့ကိုလည်း မဝံ့မရဲ ရပ်ကြည့်နေပါတယ်။
သိပ်မကြာ အဲကလေးလေးနားသို့ သူနဲ့ပုံစံတူ နောက်ထပ် ကလေးငယ်လေး တစ်ယောက်ထပ်မံ၍ အပြေး ရောက်လာပြန်တယ်။ကလေးငယ်လေးတွေက အံဩစရာကောင်းလောက်အောင် သူ ငယ်ငယ်က ရုပ်နဲ့ ချွတ်စွပ်တူနေပါတယ်။
ကလေးတွေက တစ်ယောက်နဲ့ တစ်ယောက် ပုံစံချင်း တစ်ထေရာတည်း တူသလို အဝတ်အစားချင်းလည်း ဆင်တူ ဝတ်ဆင်ထားကြတယ်။ကလေးတွေကို ကြည့်ပြီး သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းတွေထလာသလို တပြိုင်တည်း အံဩ ဝမ်းသာမှုကိုလည်း ခံစားရပါတယ်။
သား။ငါ့သားလေးတွေ။ဒါဟာ သူ့ရဲ့သား အမြွာလေးနှစ်ယောက်ပေါ့။သူရဲ့သွေးသားရင်းချာ ရင်နှစ်သည်းချာ သားလေးနှစ်ယောက်ပေါ့။သားတို့ရုပ်ရည် သီတာမည်သားတဲ့။သူ့သားလေးနှစ်ယောက်ကို တွေ့ရတာ သူ့ရင်ထဲမှာ သီတာရေစင်သောက်သုံးရသလို့ အေးမြငြိမ်းချမ်းလှပါတယ်။အနှစ်နှစ်အလလက သူ မြင်ချင်၊တွေ့ချင်လွန်းလို့ မျှော်လင့်တောင့်တနေရတဲ့ သူ့ရဲသား အမြွာလေး နှစ်ယောက်။
သားတွေရဲ့မျက်နှာကို ရင်ခုန် စိတ်လှုပ်ရှားခြင်း များစွာနဲ့ သူ သေချာ ကြည့်မိတယ်။မျက်နှာ အနေအထား အရပ်ရှည်ပုံ၊မျက်ခုံးကောင်းပုံ၊နှာတံကျပုံတွေက သူနဲ့ တူသလို မျက်တောင်ကော့ပုံ၊နှုတ်ခမ်းရဲပုံတွေက ဖြူနဲ့တူတယ်။ကလေးတွေကို သူ အားရပါးရ ပြုံးပြလိုက်တယ်။ပြီးတော့ ဘော်လုံးလေးကို ကိုင်မြှောက်ရင်း မေးလိုက်ပါတယ်။
“ဒါ သားသား ဘော်လုံးလား။”
“ဟုတ်ကဲ့။”
“ဒါဆို လာယူလေ။ဘာလုပ်နေတာလဲ။”
ကလေးတွေက သူ့အနားကို မလာရဲ။တွန့်ဆုတ်နေကြတယ်။သူ့ကို ကြောက်နေပုံရတယ်။သူ့ကို မဝံ့မရဲ ရပ်ကြည့်နေကြတယ်။သူ ထပ်မံ၍ ပြုံးပြလိုက်ပြီး
“လာပါ။ဖေဖေ့ကို…”
သူ့ပါးစပ်က ဖေဖေဆိုတဲ့ အသုံးအနှုန်းကို မေ့ပြီး သတိလက်လွတ် ရုတ်တရက် သုံးလိုက်မိပြီးမှ ချက်ချင်း သတိရလို့ ပြန်ပြင်ရတယ်။
“လာပါ။ဦးဦးကို မကြောက်ကြပါနဲ့။ဦးဦးက လူဆိုးကြီး မဟုတ်ပါဘူးကွာ။ဦးဦးက သားတို့ကို ဘာမှ မလုပ်ပါဘူး။စိတ်ချနော်။ဒီကို လာကြ။”
ဒီတော့မှ ကလေးတွေက သူ့အနားသို့ ရဲရဲဝင့်ဝင့် ကပ်လာခဲ့ကြတယ်။သူက ကလေးတွေ လက်ထဲသို့ ဘော်လုံးလေးကို လှမ်းပေးရင်း ကလေးတွေရဲ့လက်ကလေးတွေကို ကိုင်တော့ ကလေးတွေက အတင်းရုန်းတယ်။
“နေပါဦး။ခဏနေပါဦး။ဦးဦးက သားသားတို့ကို ဘာမှ မလုပ်ပါဘူး။ဦးဦးတစ်ယောက်တည်း နေရတာ ပျင်းလို့သားသားတို့နဲ့ စကားပြောချင် လွန်းလို့ပါကွာနော်။မပြန်ကြနဲ့ဦးနော်။ဦးဦး မင်းတို့ကို မုန့်တွေ အများကြီး ကျွေးမယ်။ဟုတ်ပြီလား။”
ကလေးတွေက ဒီတော့မှ မရုန်းတော့ဘဲ သူ့အနားမှာ ရပ်နေကြတယ်။ခြံထဲမှာ အဘတိုးကို အနီးမှာ ပန်းပင်ရေလောင်းနေတာကို တွေ့လို့ လှမ်းခေါ်လိုက်ပြီး
“အဘတိုးရေ့ အိမ်ထဲမှာ ကိုသန်းအောင်ကို သွားပြောပေးပါဦးဗျာ။အိမ်ထဲမှာ ရှိသမျှ မုန့်နဲ့ သစ်သီးတွေ အကုန်ယူပြီး လာချပေးပါလို့။ဒီမှာ ကလေးတွေကို မုန့်ကျွေးရအောင်လို့ပါ။”
“ဪ ဟုတ်ကဲ့ မောင်ဘုန်း။အဘ အခုပဲ မောင်သန်းအောင်ကို သွားပြောပေးမယ်နော်။”
အဘတိုးက သူနဲ့ ကလေး နှစ်ယောက်ကို အံ့ဩသလို ၊ထူးဆန်းသလို တစ်ချက်မျှ စူးစမ်း ကြည့်ရင်း အိမ်ထဲသို့ ဝင်သွားပါတယ်။
“သားသားတို့ နာမည်က ဘယ်လို ခေါ်သလဲ။ဦးဦးကို မိတ်ဆက်ပေးပါဦးကွ။”
“သားသား နာမည်က ရဲရင့်ထူး။ကိုကိုက ရဲရင့်ဦး။”
“ဟာ နာမည်တွေက အပျံစားပါလားကွ။ကောင်းလိုက်တာ။ဦးဦးနာမည်လည်း မှတ်ထားဦးနော်။ဦးဦးနာမည်က ဦးဘုန်းမြတ်လို့ ခေါ်တယ်။မင်းတို့ ခေါ်ရင် ဦးဘုန်းပေါ့ကွာ။မှတ်ထားနော်။လမ်းမှာ တွေ့ရင် ဦးဦးကို ခေါ်ရမယ်။”
“ဟုတ်ကဲ့ ဦးဘုန်း။”
ကိုသန်းအောင် လာချပေးတဲ့ ဘီစကစ်မုန့်၊ကိတ်မုန့်၊ပန်းသီး၊လိမ္မော်သီး၊စပျစ်သီးတွေကို သူ ကလေးတွေရှေ့မှာ ချကျွေးတော့ ကလေးတွေက အားရပါးရ စားကြတယ်။အားရပါးရ မုန့်စားနေကြတဲ့ သားနှစ်ယောက်ရဲ့ချစ်စရာကောင်းလှတဲ့ အမူအရာလေးတွေ၊ပါးဖောင်းဖောင်းလေးတွေကို ကြည့်ရင်း သူ့ရင်ထဲမှာ ဘာနဲမှ လဲလို့ မရတဲ့ ကြည်နူးစိတ်၊ပီတိစိတ်တွေက တဖွားဖွားပေါ်ပေါက်လာရတယ်။
ဖြစ်နိုင်မယ်ဆိုရင် သူ့သားနှစ်ယောက်ကို ရင်ခွင်ထဲ တင်းတင်းပွေ့ဖက်ရင်း နစ်နေအောင် အားရပါးရ နမ်းပစ်လိုက်ချင်မိပါတယ်။သားလေးနှစ်ယောက်ရဲ့ခေါင်းလေးတွေကို ပွတ်သပ်လိုက်၊ပါးလေးတွေကို ကိုင်ကြည့်လိုက်၊သူတို့လေးတွေပြောတဲ့ တီတီတာတာ စကားလေးတွေကို နားထောင်လိုက်နဲ့ ကြည်နူးနေမိတယ်။ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာအပြည့်ဖြင့် သူ့ရင်ထဲမှာ သားကလေး နှစ်ယောက်ကို ကြည့်လို့မဝ၊ရှုလိုမဝ၊ချစ်လို့ မဝ ဖြစ်နေမိပါတယ်။
သွေးက စကားပြောသည် ထင်ပါရဲ့။ဦးဦးနဲ့ထူးထူးတို့ ညီအကိုကလည်း သူ့အား ခဏလေးအတွင်းမှာပင် ရင်းနှီးခင်မင်သွားကြပါတယ်။ချစ်စရာကောင်းတဲ့ သားနှစ်ယောက်ကို ကြည့်ရင်း စိတ်ထဲမှ တောင်းပန်နေမိတယ်။
ဖေဖေ့ကို ခွင့်လွှတ်ပါ သားတို့ရယ်။ဖေဖေ့ အမှားကြောင့် သားတို့ နှစ်ယောက်ကိုလည်း ဖေဖေ ပိုင်ပိုင်နိုင် ချစ်ခွင့်မရဘူး။မင်းတို့နဲ့လည်း ဖေဖေ အတူတူ နေချင်ပေမဲ့နေခွင့်မရတော့ဘူး။ဖေဖေတို့ မိသားစုလေးလည်း တကွဲတပြားစီ ဖြစ်နေရပြီ။
မင်းတို့ မေမေကိုလည်း ဖေဖေ့ရဲ့သိက္ခာအတွက်နဲ့ မင်းတို့ လူ့လောကထဲ မရောက်ခင် မင်းတို့ ကိုယ်ဝန်ကို ဖျက်ချပြီး သတ်ပစ်ဖို့အထိ အကြံပေးခဲ့ဖူးတယ်။ဖေဖေဟာ လူကောင်းမဟုတ်ပါဘူး။ဖေဖေဟာ လူဆိုးပါ။လူယုတ်မာ တစ်ယောက်ပါ။မင်းတို့အတွက် မကောင်းတဲ့ ဖအေမျိုးပါ။
မင်းတို့ အမေ အပေါ်မှာလည်း ဖေဖေ မကောင်းခဲ့ပါဘူး။အမှားတွေ အများကြီး လုပ်မိခဲ့တယ်။ကိုယ်လုပ်ခဲ့တဲ့ အပြစ်ကို ကိုယ်တာဝန်မယူရဲဘဲ ဗိုက်တစ်လုံးနဲ့ ရက်ရက်စက်စက် စွန့်ပစ်မိခဲ့တယ်။ဖေဖေ မင်းတို့နဲ့ မင်းတို့ရဲ့မေမေ အပေါ်မှာ အပြစ်တွေ အများကြီး ကျူးလွန် စော်ကားမိခဲ့ပါတယ် သားတို့ရယ်။
ဒါကြောင့်လည်း လောကကြီးက ဖေဖေ့ကို အခုလို ဒဏ်ခတ်လိုက်တာ နေမှာပါ။ဖေဖေ မှားပါတယ်။ဖေဖေ အခု နောင်တတွေ အကြီးကြီးလည်း ရနေပါပြီကွာ။
“ဟင် ဦးဦးဘုန်း။ဦးဦးဘုန်းမျက်ရည်တွေ ကျနေတယ်။ ဦးဦးဘုန်း မျက်ရည်ကျနေတာ ငိုနေတာလား ဟင်။”
သူ သတိလက်လွတ် ဖြစ်နေမိခိုက် အနားမှ ကပ်ပြောလိုက်တဲ့ ထူးထူးလေးရဲ့အသံကြောင့် ချက်ချင်း သတိဝင်လာခဲ့ရပါတယ်။ယောင်ရမ်းပြီး လက်နဲ့ ပါးပေါ် အသာစမ်းမိတော့ စိုစွတ်နေတဲ့ မျက်ရည်စတွေကို တွေ့ရတယ်။
ဟုတ်သားပဲ။ထူးထူးလေး ပြောသလို မျက်ရည်ကျပြီး သူ ငိုနေမိတာပါလား။ဘုန်းမြတ် မျက်ရည်တွေကို ကမန်းကတန်း သုတ်ရင်း ဦးဦးလေးနဲ့ ထူးထူးလေးကို အရှက်ပြေ ပြုံးပြီး ရှင်းပြလိုက်ရတယ်။
“မဟုတ်ပါဘူးကွာ။ဦးဦးမှာ အရင်က သားသားတို့လိုအရွယ် သားနှစ်ယောက်ရှိပါတယ်။သူတို့က ဦးဦးနဲ့ အတူတူ မနေကြဘူးလေ။သူ့အမေအိမ်မှာ သူ့အမေနဲ့ အတူတူ နေကြတယ်။သားတို့ နှစ်ယောက်ကို မြင်တော့ ဦးဦးရဲသားတွေကို သတိရပြီး လွမ်းလွန်းလို့ ငိုမိတာပါကွာ။”
“ဦးဦးဘုန်းရဲ့သားတွေက အခု ဘယ်နေရာ မှာလဲ ဟင်။”
“သူတို့က အခု ဒီမြို့မှာ မရှိကြဘူး။ဟိုး အဝေးကြီးမှာနေကြတာလေ သားတို့ရဲ့။”
ကလေးတွေကို မုသားတစ်ဝက်၊အမှန် တစ်ဝက်ဖြင့် ရှင်ပြရင်း သူ့ရင်တွေ နာကျင်ဆို့နစ်လို့ လာရပါတယ်။ထိုခဏအတွင်း သူ ရင်ဘတ်ထဲမှာ နာကျင်အောင့်မျက်တဲ့ဝေဒနာကို ခံစားလာရပြီး အသက်ရှုရတာလည်း ခက်ခဲပင်ပန်းလာခဲ့ပါတယ်။
*********************************************
“သားရေ ဦးဦး၊ထူးထူး။ဒီကလေးတွေ ဘယ်ရောက် သွားကြတာပါလိမ့်။ခုနက ခြံထဲမှာ ဘော်လုံးကန်နေကြတာပါ။သားရေ ထူးထူး၊ဦးဦး။”
စောစောကပဲ သားနှစ်ယောက် ခြံထဲမှာ ဘော်လုံးကန်ရင်း ဆော့နေကြတာကို ဖြူ တွေ့လိုက်ပါတယ်။မီးဖိုချောင်ထဲ ခဏဝင်ပြီး ထမင်းဟင်းချက်ဖို့ ပြင်ဆင်ကာ အလုပ်များနေခိုက် ပြန်ထွက်လာတော့ ကလေးနှစ်ယောက် ခြံထဲမှာ မရှိကြတော့ပါ။
“သားရေ ဦးဦး၊ထူးထူး ဘယ်သွားနေကြတာလဲ။မေမေ ခေါ်နေတယ်လေ။”
မသိစိတ်ရဲ့လှုံ့ဆော်မှုကြောင့် ဘာရယ်မဟုတ် ဖြူ့ရဲ့အာရုံတွေက တဖက်ခြံထဲသို့ ရောက်သွားရပါတယ်။တဖက်ခြံထဲမှ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဖြူ့ မျက်လုံးတွေ ထူပူပြာဝေလို့ သွားရပါတယ်။တဖက်ခြံထဲရှိ မြက်ခင်ပြင်ပေါ်တွင် ဝှီးချဲလ်တစ်ခုပေါ်၌ ဘုန်းမြတ်က ထိုင်နေတယ်။အမြွာနှစ်ယောက်ထဲက အကြီးကောင် ဦးဦးက သူ့ဘေးရှိ ထိုင်ခုံပေါ်မှာထိုင်ရင်းဘုန်းမြတ်နဲ့ ရယ်မောကာ စကားပြောနေသလို အငယ်ကောင် ထူးထူးကလည်း ဘုန်းမြတ်ရဲ့ပေါင်ပေါ်မှာ တက်ထိုင်ရင်း တစ်ခုခုကို စားနေတယ်။
ဒီမြင်ကွင်းကို ကြည့်ပြီး ဖြူ တုန်လှုပ်ခြောက်ခြားသွားမိတယ်။ဆက်ပြီး သည်းခံကာ ကြည့်မနေနိုင်တာမို့ ခြံစည်းရိုး အစပ်မှ နေ၍ကလေးနှစ်ယောက်ရဲ့ နာမည်ကို အော်ခေါ်လိုက်ပါတယ်။
“သားရေ ဦးဦး၊ထူးထူး ဒီကို အမြန် လာကြစမ်း။မေမေ့ဆီကို အခုချက်ချင်း ပြန်လာခဲ့ကြစမ်း။မလာရင် မေမေကိုယ်တိုင် လိုက်လာပြီး ရိုက်မှာနော်။”
ဦးဦးနဲ့ ထူးထူး က ဖြူ့အသံကို ကြားတာနဲ့ ဆတ်ခနဲ တုန်သွားပြီး ထိတ်လန့်တဲ့ အမူအရာနဲ့ ဖြူ့ထံသို့ ချက်ချင်း လှည့်ကြည့်လာကြတယ်။ဖြူ့ကို ရုတ်တရက်တွေ့လိုက်ရသဖြင့် အံ့ဩနေကြပုံလည်း ရပါတယ်။
ဘုန်းမြတ်က ဖြူ့ကို တစ်ချက်ကြည့်ပြီး ဦးဦးနဲ့ထူးထူးကို တစ်ခုခု ပြောနေတာကို တွေ့လိုက်ရတယ်။ခဏ အကြာ ညီအစ်ကို နှစ်ယောက် ဘော်လုံးလေး ပိုက်ရင်း ဖြူ့ဆီကို ရောက်လာကြတယ်။အမေဖြစ်သူ ဒေါသထွက်နေမှန်း သိသဖြင့် နှစ်ယောက်စလုံးရဲ့မျက်နှာလေးတွေက မျက်နှာငယ်လေးတွေ ကိုယ်စီ နဲ့ပါ။
“လာစမ်း ဦးဦးနဲ့ ထူးထူး။မင်းတို့ အဲဒီ ခြံထဲကို ဘာသွားလုပ်ကြတာလဲ။မေမေ့ကို ပြောကြစမ်း။”
“သားရဲ့ဘော်လုံး အဲဒီခြံထဲကို ဝင်သွားလို့ သွားကောက်တာပါ မေမေ။”
“မေမေ ပြောထားမယ်နော်။နောက်တစ်ခါ အဲဒီ ခြံထဲကို လုံးဝ မသွားရဘူး။အဲဒီခြံထဲက လူတွေနဲ့လည်း ရောရောဝင်ဝင် ရင်းရင်း နှီးနှီး မနေရဘူး။မေမေ မကြိုက်ဘူး။သူတို့က လူကောင်းတွေ မဟုတ်ဘူး။လူဆိုးတွေ။အဲလို ရင်းရင်းနှီးနှီး နေတာ မြင်ရင် မေမေသားတို့ နှစ်ယောက်စလုံးကို ရိုက်မှာနော်။ကြားလား သား။”
“ဟုတ်ကဲ့ မေမေ။”
သားနှစ်ယောက်စလုံးက ဖြူ ပြောတာကို အလိုမကျတဲ့ မျက်နှာလေးတွေနဲ့ မှုန်ကုပ်ကုပ်ဖြစ်နေကြပါတယ်။
*************************************************
ဒီနေ့ ဟာ အစ်ကိုရဲဦးရဲ့မွေးနေ့လည်း ဖြစ်သလို ဖြူနဲ့အစ်ကိုရဲဦးတို့ အကြင်လင်မယား အရာမြောက်ခဲ့တာ နှစ်နှစ်တင်းတင်းပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။အခုဆို ဖြူ့မှာ အစ်ကိုရဲဦးနဲ့ ရတဲ့ ရင်သွေးရတနာလေးကို လွယ်ထားရပြီး ရင်သွေးလေးက ၆လလောက်ရှိနေပါပြီ။
ဒါကြောင့် အစ်ကိုရဲဦးနဲ့ ဖြူတို့ သားအမိတတွေ ဒီမနက်အစောကြီး ထပြီး ဘုရားလာဖူးကြတယ်။ဘုရားဖူးပြီးတော့ အစ်ကိုရဲဦးက ဖြူတို့ သားအမိကို ရုပ်ရှင်ပြမည်ဟု ပြောပြီး မြိုထဲဘက်သို့ ခေါ်ဆောင်လာခဲ့တယ်။
သားနှစ်ယောက်ကို အစ်ကိုရဲဦးက စားချင်တာစား၊ဝယ်ချင်တာဝယ် ပြီးတော့ ရုပ်ရှင်လည်း ပြမည်၊ကစားကွင်းလည်း ပို့ပေးမည်ဆို၍ သူတို့လေးတွေ ဝမ်းသာပျော်ရွှင်နေကြတယ်။ဖြူလည်း အစ်ကို ရဲဦးနဲ့အတူ ကလေးတွေပါ ခေါ်ပြီး အခုလို လျှောက်လည်ရတာ ပျော်ပါတယ်။
ဖြူတို့ မိသားစု တနေကုန် လျှောက်လည်ပြီးလို့ အိမ်ပြန်လာတဲ့ အချိန်က ညနေ ၅နာရီလောက်ရှိနေပါပြီ။အစ်ကိုရဲဦးက သားကြီး ဦးဦးနဲ့ သားငယ် ထူးထူးတို့ကို တစ်ဖက်တချက်ကိုင်ပြီး လျှောက်လာခဲ့တယ်။မကြာမီ လူတွေ၊ကားတွေ ရှုပ်ရှက်ခတ် ဆူညံ လှုပ်ရှားနေကြတဲ့ မီးပွိုင့်လမ်းဆုံတစ်ခုသို့ ရောက်လာခဲ့ကြတယ်။
အဲဒီအခါ အစ်ကိုရဲဦးက လမ်းရဲ့တစ်ဖက် မျက်နှာချင်းဆိုင် အရပ်မှာ ရှိတဲ့ ဆေးဆိုင်တစ်ခုမှာ အမေစောအတွက် အားဆေးဝယ်ဖို့ ဦးဦးနဲ့ ထူးထူးကို ဖြူ့လက်ထဲမှာ ခဏ အပ်ထားခဲ့တယ်။
“ဖြူ ကလေးတွေကို ခဏ ခေါ်ထားဦးနော်။အစ်ကို ဟိုဘက်က ဆေးဆိုင်မှာ အမေ့အတွက် အားဆေးသွားဝယ်လိုက်ဦးမယ်။ခဏလေးပါ။ဆေးဝယ်ပြီးတာနဲ့ အစ်ကို ချက်ချင်း ပြန်လာခဲ့မယ်နော်။”
“အစ်ကိုတို့ ပြန်ရင် ကားစီးရမဲ့ မှတ်တိုင်က ဒီဘက်မှာဆိုတော့ ဒီနေရာက ကားတွေ၊လူတွေရှုပ်လွန်းလို့ အန္တရာယ်များတယ်။ဖြူတို့သားအမိကို ဟိုဘက်ကို အစ်ကို ခေါ်မသွားတော့ဘူး။ဒီဘက်မှာပဲ ခဏ စောင့်နေလိုက်နော်။
“ဟုတ်ကဲ့ပါ အစ်ကို။”
“သား ဦးဦးနဲ့ ထူးထူး ဖေဖေ ဟိုဘက်က ဆေးဆိုင်မှာ ဖွားဖွားကြီးအတွက် အားဆေးသွားဝယ်လိုက်ဦးမယ်။ဖေဖေ မကြာဘူး။ဆေးဝယ်ပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့မယ်။ဒီမှာ မေမေနဲ့ အတူ ခဏစောင့်ပြီး နေရစ်ခဲ့ကြနော်။လိမ္မာတယ်။ဖေဖေ ပြောတာ ကြားလား။”
“ဟုတ်ကဲ့ ဖေဖေ။”
အစ်ကိုရဲဦး ထွက်သွားတာနဲ့ ဖြူက သားနှစ်ယောက်ကို ခေါ်ပြီး ကားမှတ်တိုင်က ခုံလေးပေါ်မှာ ထိုင်ရင်း အစ်ကိုရဲဦးပြန်အလာကို စောင့်နေမိပါတယ်။ထိုစဉ် ဦးဦးနဲ့ ထူးထူးက တဖက်လမ်းရဲ့ယဉ်ကြောပေါ်ရှိ ကားတစ်စီးပေါ်မှာ ထိုင်နေတဲ့ ဘုန်းမြတ်ကို လှမ်းတွေ့သွားကြပါတယ်။
ဘုန်းမြတ်ရဲ့ကားက မီးပွိုင့်မှာ မီးနီနေသဖြင့် ရပ်နားထားပြီး စောင့်နေဟန်တူတယ်။သူတို့ နှစ်ယောက် ကားမှတ်တိုင်မှာ ထိုင်နေကြတာကို ဘုန်းမြတ်က လုံးဝ မမြင်ပါ။အဲဒီအခါ ဦးဦးနဲ့ ထူးထူးက ထိုင်ရာမှ ထပြီး ဘုန်းမြတ်ကို လှမ်းခေါ်ကြတယ်။
“ဦးဦးဘုန်း၊ဦးဦးဘုန်း။”
ကလေးနှစ်ယောက်ရဲ့ပြိုင်တူ ခေါ်လိုက်တဲ့ အသံကြောင့် ဘုန်းမြတ်က ကြားသွားပြီး သူတို့ဖက်သို့ လှည့်ကြည့်ကာ ဝမ်းသာအားရဖြင့် လက်လှမ်းပြနေတယ်။ဦးဦးနဲ့ထူးထူးကို ဖြူတားချိန်တောင် မရလိုက်ပါ။ကလေးနှစ်ယောက်က ထိုင်နေရာမှ ရုတ်တရက်ထပြီး လမ်းကို ဖြတ်ကာ ဘုန်းမြတ်ကား ရှိရာဆီသို့ ပြေးထွက်သွားကြတယ်။
ဖြူမှာ ကိုယ်ဝန်ကလည်း တဖက်နဲ့ မို့ စိတ်သွားတိုင်ကိုယ်မပါ။သူတို့နောက်ကို အမှီ မလိုက်နိုင်ဘဲ ဖြစ်နေရတယ်။ထိုအချိန်တွင် မီးပွိုင့်မှာ မီးကလည်း စတင်စိမ်းနေပြီမို့ ကားတွေက နေရာမှ မောင်းထွက်ဖို့ ပြင်ဆင်နေကြပါပြီ။
“ဟဲ့ သား ဦးဦီးနဲ့ ထူးထူး လမ်းဖြတ်ကူးလို့ မရဘူးလေ။ဘယ်သွားကြမလို့လဲ။ပြန်လာခဲ့ကြစမ်း။ဟဲ့သား ဦးဦး။အောင်မယ်လေး တိုက်ပြီ။လုပ်ကြပါဦး။ဘုရား ဘုရား ကယ်ကြပါဦးရှင်။”
မီးပွိုင့်မှာ မီးစိမ်းနေပြီ ဖြစ်၍ မောင်းထွက်လာတဲ့ ကားတစ်စီးရဲ့ရှေ့မှာ ဦးဦးနဲ့ထူးထူး။ဖြူ မြင်ကွင်းကို ဆက်မကြည့်ရဲလို့ မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်လိုက်ရပါတယ်။
“ဒုန်း။ကျွီး။ဝုန်း။”
“ဟာ တိုက်ပြီ။တိုက်ကုန်ကြပြီဟ။”
ကားတစ်စီးရဲ့တစ်စုံတစ်ခုကို ဝင်တိုက်လိုက်တဲ့ အသံတွေ၊လူတချို့ရဲ့အော်သံတွေ၊အာမေဋိတ်သံတွေက ပတ်ဝန်းကျင်တစ်ခုလုံးကို ဆူညံရှုပ်ထွေးလို့ သွားခဲ့ပါတယ်။ဒီအသံတွေကို ဖြူ အတိုင်းသားကြားနေရတယ်။
ဒီမြင်ကွင်းမျိုးကို ဖြူ မကြည်ရဲလို့ မျက်လုံးကို စုံမှိတ်ထားဆဲပင်ဖြစ်တယ်။လူက တဆတ်ဆတ်တုန်နေပြီးမျက်ဝန်းမှ မျက်ရည်များကလည်း သူ့အလိုလို စီးကျနေပါတယ်။ဖြူ အတန်ကြာတဲ့အထိ ငိုနေမိပြီးမှ စိတ်ကို တည်ငြိမ်အောင်ထားရင်း မျက်လုံးကို ဖွင်ဖို့ ကြိုးစားရပါတယ်။
ထိုအခါ သူ့နားထဲသို့ တိုးဝင်လာတာက အနီးမှာရှိတဲ့ လူတချို့ရဲ့စကားသံတွေပါ။
“တော်သေးတာပေါ့ကွာ။ကလေးနှစ်ယောက်ကို ဟို ကားပေါ်က လူ ဆင်းကယ်လိုက်လို့။ကလေး နှစ်ယောက်က ဘာမှ မဖြစ်ပေမဲ့ သူကတော့ ပွဲချင်းပြီးပဲထင်တယ်။လမ်းပေါ်က သွေးအိုင်ထဲမှာ အခုထိ မထနိုင်သေးဘူး။ဒီလူ သနားပါတယ်ကွာ။စိတ်ဓာတ်ကတော့ လေးစားစရာပဲ။ကလေး နှစ်ယောက်ရဲ့အသက်ကို သူ့အသက်နဲ့ လဲပြီး ကာကွယ်သွားတာကွ။နို့မို့ ကလေးနှစ်ယောက်ရဲ့အဖြစ်က မတွေးရဲစရာပဲ။”
ဖြူ ထိုင်နေရာမှ ဆတ်ခနဲ ထပြီး ကားတိုက်မှု ဖြစ်တဲ့ လူအုပ်ရှိရာဆီသို့ ပြေးသွားလိုက်မိပါတယ်။လူအုပ်ကြားထဲ အတင်းတိုးဝင်ကာ ကြည့်လိုက်မိတဲ့အခါထိုလူအုပ်ရဲ့အလယ်မှာ ကလေးနှစ်ယောက်နဲ့ အစ်ကိုရဲဦး။အစ်ကိုရဲဦးရဲ့လက်ထဲမှ အသက်ကို အငမ်းမရ ရှူနေရပြီး သွေးတွေ တပွက်ပွက်အန်ရင်း စကားပြောဖို့ အားယူကာကြိုးစားနေရှာတဲ့ ကိုဘုန်းမြတ်။
ရဲဦးရဲ့မျက်နှာက ငိုထားမှန်းသိသာလှတယ်။မျက်လုံးတွေက နီရဲပြီး မျက်ခွံတွေက မို့အစ်နေကြတယ်။လူအုပ်ကြားထဲမှ တိုးဝှေ့ကာ ဝင်ရောက်လာတဲ့ ဖြူ့ကို ရဲဦးလက်ထဲမှ ဘုန်းမြတ်က တွေ့သွားပြီး အားယူကာ တောင်းပန်စကားဆိုတယ်။ဘုန်းမြတ်ရဲ့အသံက မပီမသ လေးတွဲနေတယါ
“ဖြူ ဖြူ ကိုကို ရဲ့ မိုက်ပြစ်တွေ အ တွက် ကို ကို တောင်း..ပန်..ပါတယ်။ကို ကိုကို ခွင့်လွှတ်……”
ဘုန်းမြတ် စကားကို ဆုံးအောင် မပြောလိုက်ရပါ။အသံတွေ တိုးဝင်ကာ ပျောက်ကွယ်သွားရပြီး လူကလည်း ရဲဦးရဲ့ရင်ခွင်ထဲမှာ ငြိမ်ကျသွားခဲ့ပါတယ်။
************************************************
“ကိုရဲဦးနဲ့ မမြယွန်းဖြူတို့ သေချာ နားထောင်ပါ။ကျွန်တော်က ကိုဘုန်းမြတ်ရဲ့အကျိုးဆောင် ရှေ့နေ တစ်ဦးပါ။ကျွန်တော့်နာမည်က ဦးထွန်းဝင်းလို့ ခေါ်ပါတယ်။ကိုဘုန်းမြတ်က သူ မကွယ်လွန်ခင် လွန်ခဲ့တဲ့ တနှစ်လောက်က အခုလို စားချုပ်စာတမ်း အပြည့်အစုံနဲ့ သူ့ရဲ့သေတမ်းစာကို စီစဉ်သွားခဲ့ပါတယ်။”
“သူ ကွယ်လွန်သွားတဲ့အခါ သူပိုင်ဆိုင်သမျှ တိုက်နဲ့ခြံရယ်၊သူ့ရဲ့အတွင်းပစ္စည်းတွေရယ်၊ဘဏ်မှာ ရှိတဲ့ ငွေအားလုံးနဲ့ သူရဲ့အမွေ ပစ္စည်းအားလုံးရယ်ကို သူ့သားနှစ်ယောက်ဖြစ်တဲ့ ရဲရင့်ဦးနဲ့ ရဲရင်ထူးတို့ အမြွာညီအစ်ကို နှစ်ယောက်ကို အမွေ ဆက်ခံခွင့်ပြုဖို့ သေတမ်းစာ ရေးသွားခဲ့ပါတယ်။”
“ကလေးနှစ်ယောက်က အရွယ်မရောက်သေးရင် အုပ်ထိန်းသူ သူတို့ရဲ့မိဘနှစ်ပါးဖြစ်တဲ့ ဦးရဲဦးနဲ့ ဒေါ်မြယွန်းဖြူတို့က ကလေးတွေရဲ့အမွေကို လက်ခံပြီး ထိန်းသိမ်းပေးထားရမှာပါ။အမွေထိန်း သဘောမျိုးပေါ့ဗျာ။ကလေးတွေ အရွယ်ရောက်တဲ့အခါ သူတို့ကို ပြန်ပြီး လွှဲပြောင်းပေးရမဲ့ သဘောပါ။”
“ဒါကြောင့် ကွယ်လွန်သူ ကိုဘုန်းမြတ်ရဲ့ဆန္ဒအတိုင်း ဆောင်ရွက်ပေးဖို့ ကျွန်တော် ဒီကို ရောက်လာခဲ့ရခြင်းပါ ခင်ဗျ။ဒီစာရွက်စာတမ်းတွေနဲ့ စာချုပ်တွေပေါ်မှာ လက်မှတ်ထိုးပြီး လက်ခံပေးကြပါ ခင်ဗျ။”
ရဲဦးနဲ့ မြယွန်းဖြူတို့မှာ သေတမ်းစာနဲ့ စာချုပ်စာတမ်းတွေပေါ်က စာတွေကို ဖတ်ရင်း ကွယ်လွန်သူ ဘုန်းမြတ်အတွက် စိတ်မကောင်းခြင်း ကြီးစွာဖြင့် မျက်ရည်ကိုယ်စီကျကာ တွေတွေကြီး ငေးစိုက်လို့ ကြည့်နေမိကြပါတယ်။
**********************************************
ပြီးပါပြီ။
အားပေးမှုကို ကျေးဇူးတင်လျက်
ဆက်လက်ကြိုးစားပါဦးမည်။
စစ်နိုင်ထွန်း