ထန်းပင်စောင့်ငတေကြီး(စ/ဆုံး)
——————————-
၁၉၇၀ ပြည့်နှစ်ဝန်းကျင်လောက်က နွေရာသီရောက်လျှင် လုံခြုံရေးမီးကင်းများ ရပ်ကွက်တိုင်းလိုလို ဖွဲ့ကြစောင့်ကြရ၏။ ကျွန်တော်နေသည့် ထန်းပင်ကုန်းရပ်ကွက်မှာလည်း အရှေ့မီးကင်းနှင့် အနောက်မီးကင်းဟူ၍ လုံခြုံရေးမီးကင်းနှစ်ခုရှိသည်။ ညစဉ် ကင်းမှူးတစ်ယောက်နှင့် အဖွဲ့ဝင်ခြောက်ယောက် ၊ ပေါင်း ခုနှစ်ယောက်ကို ကင်းနှစ်ကင်းခွဲ၍ တာဝန်ယူကြရသည်။
ကင်းစောင့်သည့်ညများတွင် တစ်ခါတစ်ရံ ရပ်ကွက်ထဲမှ စေတနာရှင်များက စားသောက်ဖွယ်ရာများနှင့်ဧည့်ခံကျွေးမွေးကြသည်။ မှတ်မှတ်ရရတစ်ညမှာ ထန်းပင်ကုန်း(၂)လမ်းမှ
ဦးဘိုးရုန်း(ကွယ်လွန်)မိသားစုက ဆိတ်ပဲကုလားဟင်းချက်၍ ကင်းအဖွဲ့များအားလုံးကို ကုသိုလ်ပြုသည်။ ဒေါ်အေးကြည်
(၅)လမ်းမိသားစုကလည်း အုန်းနို့ခေါက်ဆွဲနှင့် ကုသိုလ်ပြုသည်။ လမ်းပေါင်း(၈)လမ်းရှိသည့်အနက် တစ်လမ်းလမ်းကတော့ တစ်ခုခုနှင့် ကုသိုလ်ပြုကျွေးမွေးလေ့ရှိသည်။
အကျွေးအမွေးမရှိသည့်ညများရောက်ခဲ့လျှင် ကိုယ့်အစီအစဉ်နှင့်ကိုယ် ကာလသားထမင်းချက်စားကြသည်။ အိမ်ကနေ ဆန်နို့ဆီဘူးနှစ်လုံးစီယူလာကြ။ ဆန်မပါသူက ပိုက်ဆံထည့်။ ဆီတတ်နိုင်သူက ဆီထည့်။ ရလာသည့်ပစ္စည်းများနှင့် တစ်နာရီတစ်ကြိမ်ကင်းလှည့်လို့ပြီးလျှင် ကြက်(သို့)ဘဲဝယ်၍ သန်းခေါင်ထမင်းချက်စားကြသည်။ ရိုးသားစွာဝန်ခံရလျှင် လူငယ်ဘာသာဘာဝမို့ တစ်ခါတစ်ရံအသောက်လည်းပါတတ်သည်။
ထိုစဉ်က ကျွန်တော်တို့အဖွဲ့၏ကင်းမှူးမှာ ကိုဝင်းမောင်ဖြစ်သည်။ အဖွဲ့ဝင်ကင်းသမားများက ကျွန်တော် ၊ ကိုအေးကြူ ၊ ကိုအောင်ရွှေ ၊ ကိုသောင်းညွန့်ဦး( တေးသံရှင် သန်လျင်ညွန့်ဦး)နှင့် အခြားနှစ်ဦးလည်းဖြစ်သည်။ ထိုသူများအားလုံး သန်လျင်မှာ ယနေ့တိုင် သက်ရှိထင်ရှားရှိနေကြသည်။
ရပ်ရေးရွာရေးသာမှုနာမှုမှသည် အရပ်ပြဇတ်ပျော်ပွဲရွှင်ပွဲများမှာလည်း ကျွန်တော်တို့အဖွဲက အမြဲပါဝင်ကြသည်။ ပြောရလျှင် ကိုယ့်လူများကို ကိုယ့်ရပ်သာမက မြို့ကပါသိကြသည်။
ပြောချင်သည်မှာ လူငယ်ဆိုတော့ နာနာဘာဝတို့ ၊ ဂမ္ဘီရတို့ ၊ ပရဝိညာဉ်တို့ကို သိပ်အလေးအနက် ယုံကြည်လက်ခံမှုမရှိကြ။ သို့နှင့် ညစဉ် အငြင်းအခုံရှိကြ၏။ လှည့်ကင်းအဖွဲ့များနှင့်ဆုံမိလျှင် ရှေးလူကြီးများရော ခေတ်လူကြီးများပါ ပါဝင်ကြသည်မို့ စကားဝိုင်းက ကမ္ဘာ့နိုင်ငံရေးမှ ဘာသာရေးရောက် ၊ သည်နောက် ရာဇဝင်ကိုပြန်လှည့် ၊ နောက် ပရဝိညာဉ်
များအကြောင်းသို့ ရောက်သွားတတ်ကြသည်။
ပရဝိညာဉ်များအကြောင်းသို့ရောက်လျှင် အတိုက်အခံအငြင်းသန်သူက ကိုအေးကြူဖြစ်သည်။ သူကခေတ်ပညာတတ်။ စာလည်းစုံအောင်ဖတ်သည်။ အာဘောင်အာရင်းလည်းကောင်းသည်။ သူကပရဝိညာဉ်များအကြောင်းကို
လုံးဝမယုံကြည်။
ကျွန်တော်တို့အဖွဲ့ထဲတွင် ဂမ္ဘီရဆေးဆရာပေါက်စတစ်ဦးလည်းပါသည်။ သူ့အမည်က ကိုအောင်ရွှေ။ ကိုအောင်ရွှေကား အင်းအိုင်ခါးလှည့်လက်ဖွဲ့ကိစ္စများကိုယုံကြည်သည်။ တစ်ခါတစ်ရံ သူ့ထံမှ ပစ္စည်းဆန်းများကိုမြင်ရသည်။ ဥပမာ တိုက်နွား ၊ တိုက်ပိတုန်း ၊ ဂမ္ဘီရမြှုံးစသည့် ပစ္စည်းများဖြစ်သည်။ ပစ္စည်းများ၏ ထူးဆန်းအံ့သြဖွယ်ကောင်းသည့် အကြောင်းအရာများကို ပုံတိုပတ်စများ ၊ သူ့ကိုယ်တွေ့ဖြစ်ရပ်များနှင့်ပြောပြသောအခါ အလွန်စိတ်ဝင်စားဖို့ကောင်းသည်။
တစ်နည်းပြောရလျှင် ကိုအောင်ရွှေကား ပယောဂဆရာပေါက်စတည်း။
ကျွန်တော်တို့ အရှေ့ဘက်ကင်းထိပ်တစ်ခေါ်မှာ အ.ထ.က ကျောင်းတစ်ကျောင်းရှိသည်။ ထိုစာသင်ကျောင်းပြင်ဘက်လမ်းနံဘေး၌ ထန်းပင်ညီနောင်ရှိသည်။ တစ်ပင်နှင့်တစ်ပင် (၁၀)ပေခန့်ခြားသည်။ ကိုအောင်ရွှေနှင့် သက်ကြီးဝါကြီးအချို့၏သတိပေးချက်အရ ထိုထန်းပင်ညီနောင်သည် ကြမ်းသည်ဟုဆိုသည်။ တောင်ဘက်ထန်းပင်ကား လွန်ခဲ့သည့်
အနှစ်(၂၀)ခန့်က အညာသားထန်းတက်သမား ကိုငတေကြီးဆိုသူ ၎င်းအပင်ပေါ်မှကျ၍သေဆုံးခဲ့ပြီး ဒီအပင်မှာပင်
အစောင့်ဖြစ်နေသည်ဟုဆိုကြသည်။
ကိုငတေကြီး သေဆုံးပြီးသည့်အချိန်မှစ၍ ထိုအပင်ကို မည်သူမျှ ထန်းတက်၍မရ။ ဟိုတုန်းကတော့ ထန်းရည်လှိုင်သည်။ အရသာချိုခါးပြင်း။
အချို့က ထန်းရည်ချိုခါးပြင်းအလွန်ကြိုက်သည့် ကိုငတေကြီး တစ္ဆေဘဝနှင့် သောက်ပစ်သည်ဟုပြောကြသည်။ သတ္တိ
ကောင်းလှပါသည်ဆိုသော ထန်းတက်သမားများ ၎င်းအပင်ဆိုလျှင် လက်ရှောင်သည်ကများသည်။ အပေါ်ရောက်လျှင် ညည်းသံကြား၍ ပြန်ဆင်းပြေးကြသည်က များသည်ဟုဆိုကြသည်။
ညည်နောက်ပိုင်း ၎င်းအပင်ကို မည်သူမျှမတက်ကြတော့။ အပင်အောက်မှာ အပေါ့အပါးသွားသည်ကိုမကြိုက်။ သွားခဲ့လျှင် ခြောက်လှန့်သည်။ အိမ်မက်ဆိုးများပေးသည်။
အခန်း(၂)
တစ်ကြိမ် ၎င်းထန်းနှစ်ပင်အကြားမှာ ကင်းတဲထိုးခဲ့ဖူးသည်။ ကွယ်လွန်သူ ဓာတ်ပုံဆရာတစ်ဦးသည် သူ့အလှည့်ကင်းကျ၍ သူ့လူများကင်းလှည့်သွားနေစဉ် ကင်းတဲပေါ်မှာအိပ်ပျော်သွားခဲ့သည်။ သူနိုးသောအခါ ကင်းတဲပေါ်မှာသူရှိမနေဘဲ ကင်းတဲနှင့်(၁၀)ပေခန့်ဝေးသည့် ကုက္ကိုပင်အောက်သို့ရောက်နေ၏။ သူလန့်ဖျပ်အံသြသွားခဲ့သည်။ သူက သူအိပ်ပျော်နေစဉ်
သူ့ရဲဘော်များ မ,ရွှေ့သည်ဟု သံသယဝင်သော်လည်း
သူဒီလောက် အအိပ်မကြီးမှန်း သူကိုယ်သူသိသည်။
စဉ်းစားရင်း ကြက်သီးမွေးညင်းများထလာခဲ့သည်။
အခြားသူအချို့လည်း မကြာခဏသည်အဖြစ်မျိုးကြုံရသည်။ တစ်ခါတစ်ရံ လှုပ်နိူးအသံပြုသံကြား၍ ထပြီးမီးထိုးလိုက်ရှာကြည့်လျှင် အနားမှာမည်သူမျှမရှိ။ နောင်အခါ မည်သူမျှတစ်ယောက်တည်း ကင်းစောင့်မနေရဲတော့သဖြင့် ၎င်းကင်းတဲကို ထန်းပင်ကုန်း(၂)လမ်းထိပ်သို့ ရွှေ့ဆောက်ကြရသည်။
ဆိုရလျှင် သည်ကိစ္စက ကျွန်တော်တို့အမှားများပါသည်။ ကျွန်တော်တို့ ၊ အေးကြူတို့ကား ပါးစပ်ထဲသို့အရည်ကလေးနည်းနည်းဝင်လျှင် နှုတ်ကြမ်း ၊ စရိုက်ကြမ်းဖြစ်ကြသည်။ သန်းခေါင်ထမင်းချက်ပြီး ငှက်ပျောရွက်များခင်း၍ ထမင်းစားကြလျှင် အယုံကြီးပြီးကြောက်တတ်သည့် ပယောဂဆရာပေါက်စကိုအောင်ရွှေကို ရွဲ့သည့်အနေနှင့် အေးကြူက သူ့ငှက်ပျော်ရွက်ထမင်းပန်းကန်ကိုကိုင်မကာ…
“ကိုင်း…ကိုင်း အစိမ်းသေများ ၊ အကျက်သေများ ၊
သရဲထီး ၊ သရဲမ ၊ အစိမ်းသေတစ်ခုလပ် ၊ မုဆိုးဖို ၊ မုဆိုးမများ ၊ ကျတ်အိုနာကျိုးကန်းများနှင့် ဥစ္စာစောင့်အပေါင်းတို့ ဤတိုးတက်နေသည့်ခေတ်ကြီးအတွင်း သက်ရှိထင်ရှားရှိနေကြောင်းမှန်ကန်ပါက အီဖေကိုတို့နှင့် ထမင်းတစ်ဝိုင်းတည်း ၊ တစ်ပန်းကန်တည်း ၊ လက်ရေတစ်ပြင်တည်း လာရောက်၍ မြိန်ရှက်စွာစားသောက်ကြပါလော့။ ကုလားထိုင် ၊ ဖျာခင်းမပေးနိုင်သည်ကို ခွင့်လွှတ်ကြပါကုန်။ လာကြလော့။ ပြေး၍လာကြလော့…
သို့ကလိုလည်းပြောလိုက်ရော ကိုအောင်ရွှေမျက်လုံးပြူးမျက်ဆန်ပြူးဖြစ်ပြီး…
“ဟေ့ကောင်…ဒါ…ဒါ…နောက်စရာမဟုတ်ဘူးကွ..
“နောက်တာမဟုတ်ပါဘူးကိုအောင်ရွှေရာ…တကယ်ခေါ်ကျွေးနေတာပါ။ ရှိရင် လာစားလိမ့်မယ်။ ပျော်ပျော်ပါးပါးပေါ့ကွာ။ မရှိရင် လာမှာမဟုတ်ဘူး။ မင်းကဘာလဲ ကြောက်နေလို့လား။ ကြောက်ရင် အိမ်ပြန်အိပ်ကွာ…
“ငါကြောက်လို့ပြောနေတာမဟုတ်ဘူး အေးကြူ။
ငါ့မှာအဆောင်ရှိတယ်။ မင်းတို့အတွက် စိုးရိမ်လို့ပြောနေတာ။ ပြောနေတာကွ…
ဒီတင် ကျွန်တော်ကလည်း အမြင်ကက်ကက်နှင့်…
“မလိုပါဘူးကွာ…ကိုင်း…စားကြစို့ဟေ့…
သို့နှင့် စားကြသောက်ကြသည်။ ဘယ်ဝိညာဉ်လောက
သားမှလဲ လာမစားကြ။ စားသောက်၍ပြီးစီးသောအခါ
အေးကြူက အရိုးအရင်းများကို ဖက်နှင့်စုထုပ်လိုက်ပြီး…
“ကဲ…ကဲ…ဂုဏ်သရေရှိ…ကျွန်ပ်လိုပုဂ္ဂိုလ်မျိုးနှင့်တစ်ဝိုင်းတည်းစားရမှာ အားနာစိုးရွံနေရင်လည်း။ ရော့ဗျာ…
စားကြွင်းစားကျန်အရိုးများကို ကျုပ်တို့ကရက်ရက်ရောရောကျွေးပါတယ်ဗျာ။ စားကြသောက်ကြပါဗျာ…
သို့ကလို သူကရွတ်လေ အောင်ရွှေက ပိုစိုးရိမ်ကြောက်လန့်လေဖြစ်လာ၏။ ဘာမှမကြာလိုက် သန်းခေါင်ကျော်မှာ ရှည်လျားလွန်းလှသည့် ဆွဲဆွဲငင်ငင်ခွေးအူသံကြီးသည် ကျွန်တော်တို့နှင့် တစ်ခေါ်လောက်ဆီမှ ချောက်ချားဖွယ်ရာပေါ်ပေါက်လာခဲ့တော့သည်။ မကြာခင် အခြားခွေးများကပါဝိုင်းအူလာကြသဖြင့် အယုံအကြည်မရှိပါဘူးဆိုသော
မိမိပင် ကြက်သီးမွှေးညင်းများ ဖြန်းခနဲထလာသည်။
ကိုအောင်ရွှေကား ဘုရားစာ ၊ တရားစာများကို ရွတ်နေသည်။ (၂၄)ပစ္စည်းနှင့် လက်ညိုးထိုး၍စည်းချနေသည်။ ထိုအရွဲ့တိုက် စမ်းသပ်မှုမျိုးကား ကျွန်တော်တို့ကင်းအလှည့်ကျသည့်ညများမှာ မကြာခဏပြုမူမိလေ့ရှိသည်။
ကိုအောင်ရွှေကတော့ပြောသည်။
“မင်းတို့ဘုန်းကံမြင့်တုန်းတော့ ဘာမှမဖြစ်သေးဘူးပေါ့ကွာ။ အေး…ကံနိမ့်တဲ့အချိန်ရောက်လာရင် မင်းတို့လိုကောင်မပြောနဲ့ကွာ အနော်ရထာမင်းတောင် နတ်ကျွဲခတ်လို့ သေရသကွ…
“ကံနိမ့်ရင်ပြန်တူးပြီး မြေကြီးရောင်းစားမှာပေါ့ကွာ
ဟား…ဟား…ဟား…
ကျွန်တော်တို့ကျန်လူများကလည်း အေးကြူအပြောကြောင့် ဝိုင်းရယ်ကြသည်။ သို့နှင့် သူပြောသလို များမကြာခင် ကံနိမ့်ချိန်သို့ ရောက်ခဲ့တော့သည်။
အခန်း(၃)
တစ်ည။
အချိန်က (၁၁)နာရီခန့်။ ကင်းလှည့်မှအပြန် ထုံးစံအတိုင်း
ပရောဂဆရာပေါက်စကိုအောင်ရွှေက သရဲတစ္ဆေများနှင့်
သူကြုံခဲ့ရဖူးသည့် သူ့ဆရာဆေးကုခန်းများအကြောင်း လေကန်သည်။ သူပြောတိုင်း အေးကြူက လူနောက်ပီပီအရွန်းဖောက်သည်။ ကြာတော့ ကိုအောင်ရွှေစကားအကောင်းပြော၍မရတော့။ ပြက်ရယ်ပြုခြင်းခံရလွန်း၍ စကားဝိုင်းမှာ ပေါတောတော ပေါက်တောက်တောက်လိုဖြစ်လာခဲ့သည်။ ဒေါလည်းပွလာသည်။
“မင်းတကယ်မယုံဘူးလား…အေးကြူ…
“ငါကလက်တွေ့သမားကွ…အောင်ရွှေရ…
“ဒါဖြင့်…မင်းနဲ့ငါ…အခုလောင်းကြေးစားကြေးလုပ်
မလား…
“စိန်လိုက်လေ။ ကြာမယ်ထင်ရင် ဇွန်းတောင်မတပ်ဘူး။ အေးကြူကွ…
“ဒီမှာဟေ့ကောင်…ဟိုမှာကြည့်…အဲ့ဒါထန်းညီနောင်ပဲ။ တောင်ဘက်ကအပင်က ဦးငတေကြီး အပင်ပေါ်ကကျသေပြီး အစောင့်ဖြစ်နေတဲ့အပင်လို့ နာမည်ကြီးနေတာ။ မင်းလည်းအသိပဲ။ အဲ့ဒါယုံသလား…
“ငါ့ကိုယုံအောင်…မင်းက…ကိုယ်ထင်ပြခိုင်းလေးကွာ…
သည်အပြောကြောင့် ကိုအောင်ရွှေပို၍ ကျွဲမြီးတိုသွားသည်။
“ကိုယ်ထင်ပြခိုင်းစရာမလိုပါဘူးအေးကြူရာ။ မင်းသတ္တိရှိရင် ၊ မယုံဘူးဆိုရင် ဒီည(၁၂)နာရီ သန်းခေါင်တိတိမှာ အဲ့ထန်းပင်ကိုထုံးသွားကွင်း။ ပြီးရင် ကိုဝင်းမောင်ရဲ့ဓားကောက်နဲ့ အဲ့ဒီထုံးကွင်း အလယ်စက်ဝိုင်းဗဟိုကို ဓားစိုက်ခဲ့။ ဘယ့်နှယ်လဲ…
“အဲ့လို…ငါကလုပ်ပြနိုင်တော့…ကိုယ့်ဆရာက…
ဘယ်လိုဆုများချီးမြှင့်မှာလဲပြောလေ။ ဟဲ…ဟဲ…ဟဲ
“မင်းလုပ်နိုင်ခဲ့ရင် နက်ဖြန်ခါည ငါအိုးလ်ဘရမ်ဒီအကြီးတစ်လုံးဆုချမယ်ကွာ။ မင်းရှုံးရင်တော့…
“ပြောပါ…ငါရှုံးရင်ဘာလုပ်ပေးရမလဲ…
“အခြားတော့မဟုတ်ပါဘူး။ မင်းရှုံးခဲ့ရင်…ဟော့ဒီနေရာမှာစားတိုင်းသောက်တိုင်း ၊ သူ့နဂိုနေမြဲ သွားသွားလာလာနေနေထိုင်ထိုင်ရှိနေကြတဲ့ ပရဝိညဉ်လောကသားများကို အကြောင်းမဲ့မစော်ကားပါဘူးဆိုတဲ့ ကတိကိုပေးရုံပါပဲ…
“အောင်မလေးကွာ…ပိုက်ဆံများပေးရမလားလို့။
ဒါလေးများ ကြာသေးလားလို့။ ရတယ်…စိန်လိုက်…
သည်သို့ သူတို့နှစ်ဦးသား လောင်းကြေးစားကြေးပြိုင်နေစဉ် ကျွန်တော်တို့အထဲမှ အသက်လည်းကြီး ၊ အတွေ့အကြုံလည်းရှိသည့် ကိုသောင်းညွန့်ဦးက…
“ဟေ့ကောင်နှစ်ကောင်…ဒါမျိုး လောင်းကြေးစားကြေး
မလုပ်ကောင်းဘူးနော်။ တော်ကြာ…ဒုက္ခရောက်ကုန်လို့ခက်နေမယ်။ ကင်းမှူးလည်း အောက်ဘက်ဆင်းသွားတယ်။ မလုပ်ကြပါနဲ့ကွာ…
“လုပ်မယ်ဗျာ။ ကျုပ်က…ဒါမျိုးကြုံချင်နေတာကြာပြီဗျ…
“မင်းသေချင်လို့လား အေးကြူ…
“မသေနိုင်ပါဘူး ကိုသောင်းရ…
“အေး…ပြောမရလည်း…မင်းတို့ထိုက်နဲ့ မင်းတို့ကံပဲကွာ။ ကိုယ်ဖြစ် ကိုယ်ခံဥစ္စာ။ လုပ်ချင်သပဆို တားမရမှတော့
သဘောပေါ့မောင်ရာ…
သို့နှင့်ကိုသောင်းညွန့်ဦးက ကင်းတဲပေါ်တုံးလုံးလှဲကာ
ဝတ္ထုစာအုပ်ကိုဖတ်နေလိုက်သည်။ သည်လိုနှင့် (၁၂)
နာရီထိုး၍ ကင်းသံချောင်းခေါက်လိုက်ကြသည်။ သံချောင်းခေါက်၍ပြီးသောအခါ အောင်ရွှေက သူ့ကွမ်းထုပ်ထဲမှ ထုံးဘူးကိုထုတ်၍ အေးကြူလက်ထဲသို့ကမ်းပေးလိုက်သည်။ ကျန်လူများက အေးကြူမျက်နှာကို ဝိုင်းအကဲခတ်နေကြသည်။
အေးကြူကား သွေးမကြောင်ဘူးကွဆိုကာ ထုံဘူးကိုဆတ်ခနဲလှမ်းယူပြီး အနီးရှိ ဓားကောက်ချွန်ကိုယူလို့ မှောင်ကျကျထန်းပင်ကြီးရှိရာ လှမ်းသွားလိုက်သည်။ ကျွန်တော်တို့က
ပရဝိညာဉ်လောကကို ကိုယ်တွေ့မကြုံဘူးသေး၍ မယုံမိသေးသော်လည်း ယခုလိုလောင်းကြေးစားကြေးလုပ်ကြရသော
အခါ ကြည့်နေရင်း အလိုလိုရင်ခုန်စပြုလာသည်။
အေးကြူကား ရင်ကိုကော့၍ ရှေ့တူရူသို့ခြေလှမ်းကျဲကျဲနှင့်သွားနေသည်။ အောင်ရွှေက ကင်းတဲရှေ့မှရပ်၍
လက်နှိပ်ဓာတ်မီးနှင့် လမ်းကြောင်းကိုထိုးပြနေသည်။
ကျန်လူများကား အေးကြူတကယ်လုပ်မလုပ် စူးစိုက်၍ဝိုင်းကြည့်နေကြသည်။ မကြာခင် အေးကြူသည် ကိုငတေကြီးစွဲနေသည်ဆိုသောထန်းပင်ကြီးရှေ့တည့်တည့်သို့ ရောက်ရှိသွားသည်ကို ထိုးထားသောမီးရောင်ရှေ့မှာ မြင်နေရသည်။ သူက ထန်းပင်ကိုမော့ကြည့်လိုက်သည်။
ထန်းပင်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေ၏။ အနားက ဝါးရုံပင်များပင် နားရွက်မခတ်။ သည့်နောက် ထုံးကိုလက်နှင့်ကော်ယူပြီး ထန်းပင်လက်တစ်မီမှာ စက်ဝိုင်းဝိုင်း၍ကွင်းလိုက်သည်။ ပြီးသည်နှင့် ခါးကြားမှဓားကို ညာလက်နှင့်ဆွဲထုတ်ယူလိုက်ပြီး စက်ဝိုင်းအလယ်ဗဟိုသို့ ဓားဦးကိုထိုးဆိုက်ချလိုက်သည်။ ဓားစိုက်သံကို တိတ်ဆိတ်နေသည့်ညမို့
အားလုံးကြားလိုက်ရသည်။
ပြီးသည်နှင့် ရင်ကော့လက်မြှောက်ပြပြီး ပြန်လှည့်လာလိုက်သည်။ ခြေလှမ်းနှစ်လှမ်းခန့်အရောက်မှာ ငြိမ်သက်နေသည့်ထန်းပင်မှ ထန်းရွက်များသည် ရုတ်ခြည်းပင် အင်အားအလွန်ကြီးမားသည့်လက်အစုံနှင့် လှုပ်ကာရိုက်ပုတ်လိုက်သည့်အလား။
သို့မဟုတ်ပါမူ လေပြင်းမုန်တိုင်းတစ်ခု ရုတ်တရက်ဝင်အဆောင့်ခံလိုက်ရသည့်အလား ဝုန်းဝုန်းဒိုင်းဒိုင်း အရွက်ချင်း ၊ အခက်အလက်ချင်း ရိုက်ကာဆူညံသွားပြီး ရွက်ကိုင်းလက်အခြောက်များ ပြုတ်ကျလာတော့သည်။ ဒါနှင့်အပြိုင် အနီးရှိဝါးရုံနှင့်ကုက္ကိုပင်ပေါ်မှ ညအိပ်ကျီးကန်းငှက်အုပ်ကြီးသည် ဝေါခနဲ အသံမြည် အသံစုံအော်ကာ ကြောက်လန့်တကြားထပျံကြကုန်တော့သည်။
ကျွန်တော်တို့အားလုံး ထိတ်ခနဲ့ဖြစ်သွားကြကာ ပြိုင်တူယှဉ်ရပ်ပြီး အာရုံစိုက်ကြည့်နေစဉ်မှာပင် `ဖောင်းခနဲရိုက်သံလို အသံမျိုးကြားလိုက်ရပြီး`အောင်မလေးဗျဆိုသည့် အော်သံ
နှင့် အေးကြူမှောက်လျက် ဗုန်းခနလဲကျသွားသည်ကိုမြင်လိုက်ရ၏။
ပထမတော့ အေးကြူဟန်ဆောင်နေသည်ဟုထင်မှတ်၍ `ဟေ့ကောင်ထခဲ့ဟု ဝိုင်းအော်အသံပြုကြပါသော်လည်း
သုံးလေးခွန်းခေါ်သည့်တိုင် ထမလာဘဲ လူးလှိမ့်နေသည်ကို
မြင်ကြရသောအခါ ကိုသောင်းညွန့်နှင့်ကိုအောင်ရွှေမှ လက်နှိပ်ဓာတ်မီးကိုယ်စီထိုးပြီး စိုးရိမ်ကြီးစွာပြေးသွားကြည့်ကြသဖြင့် ကျွန်တော်တို့အားလုံး သူတို့နောက်မှအပြေးလိုက်သွားကြသည်။
မီးရောင်အောက်မှာ မြင်လိုက်ရသည့်မြင်ကွင်းကား
အေးကြူသည် လျှာတန်းလန်းထွက်၍ မျက်ဖြူလန်နေ၏။ လှုပ်နှိုးကြည့်သောအခါ လုံးဝမထနိုင်ဘဲ တအည်းအည်းညည်း၍ သွားရည်များ ပါးစပ်မှစီးကျလာသည်ကို ထူးခြားစွာတွေ့လိုက်ကြရသည်။ သို့နှင့် အောင်ရွှေနှင့်ကိုသောင်းညွန့်ဦးမှ အမြန်လက်လျှို၍ပွေ့မကြသည်။ သို့သော် လုံးဝမကြွ။
သို့နှင့် ကျွန်တော်တို့လေးဦးကပါ ကူ၍ဝိုင်းမကြသော်လည်း သူ့ကိုယ်လုံးကထူးခြားစွာ မြေမှာစွဲနေသကဲ့သို့ ရှိနေ၏။ ထန်းရွက်များကလည်း လေမတိုက်ဘဲနှင့် ဝုန်းဒိုင်းကြဲ ၊ ကျီးတွေကလည်း ပြို။ မကြာခင် အရပ်ခွေးများရဲ့ ကြက်သီးမွေးညင်းထဖွယ်ရာ ဆွဲဆွဲငင်ငင်အူသံများကြားလိုက်ရသောအခါ မကြွနိုင်သောကိုယ်လုံးအား လက်နှစ်ဖက်မှဆွဲ၍ မြေကြီးတရွတ်တိုက် ဆွဲလာလိုက်ကြတော့သည်။
ကင်းတဲပေါ်သို့ရောက်သည်နှင့် အောင်ရွှေက တတ်သမျှ ၊ မှတ်သမျှမန်းမှုတ်သည်။ မရ။ လျှာတန်းလန်းနှင့် မျက်လုံးကြီးပြူး၍ ဟီးဟီးဟဲဟဲအော်နေသည်။
“ကဲဟေ့…ဒီလိုကြည့်နေလို့မဖြစ်ဘူး။ ဆရာကြီးဦးဖြူးဆီခေါ်သွားမှဖြစ်မယ်။ ကိုင်း…ဆွဲကြကွာ…
လူခြောက်ယောက်ခန့် မ,မရသည့်ကိုယ်လုံးအား
နောက်ဆုံး မြေကြီးတရွတ်တိုက်ဆွဲ၍ သုံးလမ်းကျော်ရှိ ဆရာကြီးဦးဖြူးကိုနှိုးကာ အကျိုးအကြောင်းပြောပြရသည်။ ဆရာကြီးက တစ်ချက်လှမ်းကြည့်လိုက်ပြီး…
“သြော်…မင်းကခွစီးလာသကိုး။ လာ…မင်းပါဝင်ခဲ့
ဆရာကြီးအပြောကြောင့် ကျွန်တော်တို့ပိုလန့်သွားခဲ့ကြသည်။ သည်နောက် အေးကြူကို ဘုရားခန်းအရှေ့သို့ အရောက်ပို့ပေးကြသည်။ ဆရာကြီးက သူ့ကိုစစ်ဆေးတော့၏။
ကနဦးတော့ အပူးအကပ်ခံနေရသည့်အေးကြူက
ဆရာကြီးကို လျှာတန်းလန်း ၊ မျက်လုံးပြူးကြီးနှင့်
ဝင်မပါရန် လက်ဝါးကာပြသည်။ ဆရာကြီးက အမျိုး
မျိုးမေတ္တာရပ်ခံသည်။ မေတ္တာရပ်ခံ၍ မရသည့်အဆုံး
ဘုရားစင်ပေါ်မှရေစင်ခွက်ကိုယူပြီး ရေစင်နှင့် မျက်နှာကိုတောက်လိုက်သောအခါ ရေနွေးပူနှင့်အပက်ခံလိုက်ရသည့်အလား ထွန့်ထွန့်လူး၍အော်တော့သည်။ ငုတ်တုတ်လည်း ထ,ထိုင်သည်။ အသားတွေတဆတ်ဆတ်တုန်၍ တောက်ခေါက်သည်။
“ကဲပြော…မင်းဘယ်သူလဲ။ ဘယ်ကလဲ ပြောလေ
“ကျုပ်…ကျုပ်…
“ပြောပါ…ပြော…
“ကျုပ်…ကျုပ်…ထန်းညီနောင်က ငတေ….ကြီး…
င…တေ…ကြီး…
“အေးကြူပါးစပ်မှ မူလအသံမဟုတ်ဘဲ အသံသြသြနှင့် ပြောလိုက်သည့်စကားကို ကြားလိုက်ရသောအခါ
ကျွန်တော်တို့ ပို၍အံ့သြတုန်လှုပ်ကြရတော့သည်။
“သြော်…လွန်ခဲ့တဲ့ကာလက…ထန်းပင်ပေါ်ကကျခဲ့တဲ့ထန်းသမား ငတေကြီးလား…
“ဟုတ်…တယ်…ဟုတ်တယ်…ဟင်း…ဟင်း…ဟင်း
“မင်းဘာကြောင့်…ဒီသူငယ်ကို…ခုလိုရက်ရက်
စက်စက်လုပ်လိုက်ရတာလဲ ငတေကြီး…
“သူ…သူ…တို့ ကျုပ်ကိုအကြိမ်ကြိမ်စော်ကားကြတယ်။
ညစ်ညစ်ညမ်းညမ်း ဆဲရေးတိုင်းထွာတယ်။အ…ခု…ကျုပ်….ကို…ကိုယ်ထိလက်ရောက်စော်ကားကြတယ်။ ကျုပ်…ကျုပ်…မကျေနပ်ဘူး။ သူ့…သူ့ကို…အသေ…လုပ်
…လုပ်ရမယ်။ ဒီ…ကောင်…ဒီည…သေ…ရ…မယ်…ဟေ့…
သူက သူ့နဖူးကိုထု ၊ ရင်ဘတ်ကိုထုရင်း ကုန်းအော်လိုက်သည်။
“ဒီလိုမလုပ်ပါနဲ့ ကျုပ်ခွင့်မပြုနိုင်ဘူး။ မင်းကိုစော်ကားမိတဲ့ကိစ္စ ကျေနပ်အောင် တောင်းပန်ခိုင်းပါ့မယ်။ ဒီတစ်ကြိမ်တော့ ကျုပ်စကားကိုနားထောင်တဲ့အနေနဲ့ မောင်မင်းသည်းခံလိုက်ပါ ငတေကြီး…
“သည်းခံရပေါင်းများပြီဟေ့…
သူကပြောရင်း ကြမ်းပြင်ကိုလက်ဝါးနှင့် ဒေါသတကြီးပုတ်
လိုက်ပြန်၏။
“ဒီတစ်ကြိမ် ခွင့်လွှတ်ပေးလိုက်ပါကွာ…
“မလွှတ်ဘူး…
“ကဲ…မင်းက ဒီမလိမ်မိုးမလိမ်မာတွေရဲ့ မှားယွင်းမိုက်မဲမှုကိုမှ လုံးဝခွင့်မလွှတ်နိုင်ဘူးဆိုတော့ ကျုပ်ကလည်းသတ္တဝါများအသက်ကို ကယ်ရပေမပေါ့ ကဲ..
ဆရာကြီးကပြောပြောဆိုဆိုဖြင့် ဆေးတော်စုတ်နှင့်
အပဝင်ပူးနေသည့် အေးကြူ၏ငယ်ထိပ်ကိုတေ့စိုက်လိုက်ရာ ပူးနေသည့်အေးကြူသည် စူးစူးဝါးဝါးအော်ရင်း ကြမ်းပြင်ပေါ်မှာ တီကောင်ဆားပက်သလို လူးလှိမ့်တွန့်လိမ်နေတော့သည်။
“အား…ပူ…လှချည်ရဲ့ဗျ။ ကြောက်…ကြောက်ပါပြီခင်ဗျ။ အား…အား…ဆ…ဆရာကြီး။ အမလေး…ပူလှချည်ရဲ့။ လွှတ်ပါဗျ…ပူတယ်…ပူတယ်…အား…အား
“မင်းခွင့်လွှတ်မယ်လို့ ကတိပြုမလား…
“ကျုပ်ကိုမစော်ကားတော့ရင်…လွှတ်…လွှတ်ပါ့မယ်ဗျာ…
“အေး…နောင်ကို မစော်ကားစေရဘူး။ စိတ်ချ။
ကဲ…မင်းလုပ်လိုက်တဲ့ဒဏ်ရာကို အခုချက်ချင်း
မင်းကိုယ်တိုင်ပြန်ကု ၊ ကုလေ…
ဆရာကြီးက သို့ကလို စုတ်တော်ကိုမြှောက်၍အမိန့်ပေးလိုက်သောအခါ အပမှီနေသည့်အေးကြူသည် အားယူထထိုင်လိုက်ပြီး လက်ဝါးနှစ်ဖက်နှင့် သူ့ရင်နှင့်ကျောကို သုံးကြိမ်သုံးခါသပ်ချလိုက်သည်။
“ကုန်အောင်နှုတ်နော်။ ကုန်စင်ပြီလား…
သူက ဦးခေါင်းကိုညိတ်ပြ၏။
“ပျောက်အောင်မကုဘဲ လိမ်ညာထွက်သွားခဲ့ပါက
ဘုရားအဆူဆူပွင့်သော်လည်း မကျွတ်မလွတ်ဖြစ်ပါစေ
သတည်းလို့ ကျိန်ရဲရဲ့လား…
ခေါင်းညိတ်ပြသည်။
“ပြန်…ပြန်…ပြန်ပါရစေ…
“အေး…သာဓု…သာဓု…သာဓု ငတေကြီး။ ခုလိုသည်းခံခွင့်လွှတ်ခြင်းကြောင့် မောင်မင်းသည် ပရဝိညာဉ်မိစ္ဆာဘုံသားဘဝမှသည် ကောင်းရာသုဂတိဘုံသို့ ရောက်ရှိခံစားနိုင်ပါစေဗျာ။ ကဲ…ကဲ…မင်းဌာနမင်းပြန်ချင်ရင် ကုသိုလ်ရအောင် ဘုရားကိုဦးသုံးကြိမ်တိုက်ပြီး ပြန်ပေရော့…
သူ ဘုရားကိုဦးသုံးကြိမ်တိုက်သည်။ တိုက်ပြီးသောအခါ ဖုတ်ခနဲ လဲကျသွားတော့သည်။ ယခုအခါ အေးကြူသည် သစ်တုံးတစ်တုံးကဲ့သို့ ငြိမ်သက်၍နေ၏။ ကျွန်တော်တို့ကား အံသြခြင်း ၊ ကြောက်လန့်ခြင်း ၊ စိုးရိမ်စိတ်များနှင့် တုန်လှုပ်နေကြဆဲ။ သည်မှာ ဆရာကြီးက သူ့ကိုယ်လုံးပေါ်သို့ ရေစင်နှင့်တောက်ပေးလိုက်ပြီး `နှိုးလိုက်ဟုပြော၍ ကျွန်တော်က
အေးကြူကို လှုပ်နှိုးလိုက်သည်။
အခန်း(၄)
အေးကြူ ဗြုန်းခနဲထ၍ထိုင်ပြီး ပတ်ဝန်းကျင်ကိုမျက်လုံးကစားကာ အထူးအဆန်းဖြစ်နေ၏။
“မင်းဘာဖြစ်တာလဲ…သိရဲ့လား သူငယ်…
“ခင်ဗျာ…ကျွန်…တော်…ဟို…ဟို…
သူ အတန်ကြာစဉ်းစားပြီးနောက်…
“ကျွန်တော် လောင်းကြေးစားကြေးနဲ့ ထန်းပင်ကိုဓားနဲ့သွားစိုက်ခဲ့ပါတယ်ခင်ဗျ…
“ဒီတော့…ဘာဆက်ဖြစ်သလဲ…
“ဓားနဲ့စိုက်ပြီးလှည့်အပြန်မှာ လေကြီးမိုးကြီးကျသလို ထန်းအရွက်တွေတုန်ခါမြည်လာပြီး ကျွန်တော်ကျောကို လက်ဝါးနဲ့တအားရိုက်ချခံလိုက်ရတယ်။ ပြီးတော့…ကျွန်…ကျွန်တော်
ဘာ…ဘာမှ…မ….မ…သိ…
“အေး…အဲ့ဒီမှာ မင်းသတိမေ့နေလို့။ ကျုပ်ဆီကို
မင်းသူငယ်ချင်းများက ပို့လာခဲ့တယ်။ ထန်းပင်စောင့်
ငတေကြီးဆိုတဲ့ နာနာဘာဝက မင်းကိုဒဏ်ခတ်လိုက်တာပဲ။ မင်းကို ငတေကြီးကဘာလုပ်လို့ မင်းကဓားနဲ့သွားစိုက်ရတာလဲ…
“ဘာ…ဘာမှမလုပ်ပါဘူးဆရာကြီး…
“သူက…ကိုယ့်ကိုမစော်ကားဘဲ။ မောင်ရင်က…
ဘာလို့သူကို အသားလွတ်သွားစော်ကားတာလဲ။ ကဲ…
ပြော…ပြောလေကွာ…
“ကျွန်…ကျွန်တော်မယုံလို့ လောင်းကြေးစားကြေး
သွားလုပ်မိတာပါဆရာကြီး။ ကျွန်တော်မှားပါတယ်…
“နောင်ကို…သူ့ဘာသာသူနေတဲ့ ပရဝိညာဉ်လောကသားတွေကို အသားလွတ်မထီမဲ့မြင် စော်ကားမော်ကားသွားလုပ်ဦး
မလား…
“မ…မလုပ်ရဲတော့ပါဘူးခင်ဗျား…
“မင်းလူတွေကိုမေးကြည့်စမ်း။ မင်းကို အသေလုပ်မလို့တဲ့…
“ခင်ဗျာ…။ ဘုရား…ဘုရား…ကျွန်တော်ကြောက်ပါပြီ။ ယုံပါပြီ…ဆရာကြီးခင်ဗျား…
“အားလုံးမှတ်ထားကြကွယ့်။ မင်းတို့က ငယ်သေးတယ်။ ဘဝအတွေ့အကြုံ နည်းသေးတယ်။ ပရဝိညာဉ်လောက ၊ နတ် ၊ နာနာဘာဝ ၊ စုန်း ၊ ဖုတ် ၊ ပြိတ္တာ ၊ တစ္ဆေ ၊ သရဲ စသည့် မကျွတ်မလွတ်သေးသောပုဂ္ဂိုလ်များသည်…ဟိုး…တို့ဘုရားရှင်များလက်ထက်တော်ကတည်းက ရှိခဲ့ဖူးတယ်ကွဲ့။ ဘုရားတော်ကျမ်းဂန်များမှာ အထင်အရှားရှိပါတယ်။ သူတို့သည် သူတို့ရဲ့ကုသိုလ်ကံ ၊ အ,ကုသိုလ်ကံ အစွဲအလမ်းအပြုအမူများကြောင့် ဘဝအဆိုးအကောင်းကိုရောက်နေကြတာပါ။
သူတို့ခဗျာ အနေဆင်းရဲ ၊ အစားဆင်းရဲ ၊ ဘဝဆင်းရဲ
ဖြစ်နေကြတာပါကွယ်။ ဒီလိုနိမ့်ကြသည့် ဘဝဆိုးကလွတ်မြောက်ဖို့ မင်းတို့ငါတို့က ကုသိူလ်ပြုအမျှဝေရပါတယ်။ ဒါမှကိုယ်လည်း ကုသိုလ်ရ ၊ သူတို့လည်း အကျွတ်အလွတ်ဖြစ်ကြရပါတယ်။ အင်း…ပြောရရင် ကိုယ်မေတ္တာရှိမှ သူကလည်းမေတ္တာရှိတာရယ်။
ဒါ့ကြောင့်…ကိုယ့်ဖက်ကသန့်စင်ကြပါ။ အေး…ဒီလိုပရဝိညာဉ်သားများသည် ကိုးကွယ်အပ်သောပုဂ္ဂိုလ်စာရင်းမှာတော့ မပါဘူးပေါ့။ ဒါပေမယ့် မစော်ကားကြပါနဲ့။ ကိုင်း…ကိုင်း…မောင်ရင်ကတောင်းပန်ပြီး အမျှပေးဝေလိုက်ပါ…
ဆရာကြီး၏ ဆုံးမသြဝါဒစကားဆုံးသောအခါ အေးကြူက…
“ဦးငတေကြီးခင်ဗျား…ကျွန်တော်တို့သည် လူငယ်ဘာသာ
ဘာဝ ကိုယ်တွေ့မကြုံ မယုံဖြစ်မိပါ၍ မိုက်မဲရိုင်းပြသည့်အပြုအမူများကို ပြုခဲ့မိကြပါတယ်။ ယခုကိစ္စကိုလည်း ခွင့်လွှတ်ပါလို့တောင်းပန်ပါတယ်ခင်ဗျာ။ ကျွန်တော်ပြုသမျှ သစ္စာစကားများကိုရည်စူး၍ အမျှအတန်းများလည်းပေးဝေပါတယ်။ ဦးငတေကြီးနှင့်တကွ…မကျွတ်မလွတ်သေးသောပုဂ္ဂိုလ်များသာဓုခေါ်ကြပါခင်ဗျား။ အမျှ…အမျှ…အမျှ…
အေးကြူရဲ့ကတိသစ္စာဆုံးသောအခါ ဆရာကြီးကလည်း မေတ္တာပို့လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် ဒီအချိန်မှာပင် အပြင်မှ ဝေါခနဲလေပြင်းတစ်ချက်ဝှေ့လိုက်ပြီး ရုတ်ချည်း ခွေးများထိုးဟောင်ကြသည်ကို အားလုံးကြားလိုက်ရသည်။ ကျွန်တော်တို့အားလုံး စိုးရိမ်ကြောက်ရွံစွာဖြင့် ခြံပြင်သို့မီးထိုး၍ကြည့်လိုက်သောအခါ မီးရောင်အောက်ဆီမှ ရိပ်ခနဲဖြတ်ပြေးသွားသည့် ဧရာမအရိပ်ကြီးတစ်ခုကို လှမ်းတွေ့လိုက်ရသည်။
ထိုးဟောင်နေသောခွေးများက ဝိုင်းအူကြပြီး ၎င်းနောက်သို့လိုက်ကြသည်။ အချို့က စူးစူးဝါးဝါးလိုက်ဟောင်ကြသည်။ ခွေးအူသံများငြိမ်သက်သွားသော် ဆရာကြီးကပြုံးရင်း`သူအခုမှပြန်သွားသည်ဟုဆိုသည်။ သို့နှင့် ကျွန်တော်တို့သည် ဘုရားကိုလည်းကောင်း ၊ ဆရာကြီးကိုလည်းကောင်း ရိုသေစွာဦးချ၍ ကင်းတဲသို့ စိုးရွံသောအသိစိတ်များနှင့် ပခုံးချင်းကပ်၍ ပြန်လာခဲ့ကြသည်။
သည်နောက်ပိုင်း ကိုယ့်အလှည့် ကင်းကျသည့်ညများမှာ
မည်သည့်အစားအစာကိုစားစား ဦးငတေကြီးကို
တစ်လုတ်တစ်ဖဲ့တော့ ကုသိုလ်ပြုကျွေးမိကြသည်။
ထမင်းချက်စားသည့်ညများဆိုလျှင် သီးသီးသန့်သန့်
ဖက်နှင့်ခင်း၍ ကုသိုလ်ဒါနပြုသည်။ အမျှဝေသည်။
မေတ္တာပို့သည်။ ထူးခြားသည်ကား ရပ်ထဲရွာထဲသူခိုးမဝင်ရဲ။ အပ်တိုတစ်ချောင်းမပျောက်။ စောင်ရှောက်ဖို့လည်း မေတ္တာရပ်ခံသည်။
ကင်းစောင့်ရင်း ရုတ်တရက်အိပ်ပျော်သွားသည့်အခါ တစ်စုံတစ်ဦးက လှုပ်ကာနှိုးသကဲ့သို့ခံစားရပြီး နိုးလာကြသည်။ နိုး၍ ထထိုင်ပြီးမကြာမီ ဗဟိုကင်းစစ်အဖွဲ့မှလူကြီးများ လာရောက်စစ်ဆေးကြသည်ကို မကြာခဏကြုံရသည်။ အေးကြူကား ယင်းအဖြစ်အပျက်မှစ၍ သူကိုယ်တိုင်ခံစားခဲ့ရသည့်
သေကောင်ပေါင်းလဲစိန်ခေါ်မှုအဖြစ်ဆိုးကို အစဉ်သတိရနေကာ မည်သူ့ကိုမျှလည်း ဒုက္ခမပေးရဲ။ ပရဝိညာဉ်လောကသားများကိုလည်း မထီမဲ့မြင်မလုပ် ရဲတော့။
ညဘက်ကင်းကျခဲ့လျှင် ကိုးမုခ်ရှင်ဘုရားသို့အရင်ဝင်ရောက်ပြီး ဘုရားရှိခိုးပြီးမှ ကင်းတဲသို့လာလေ့ရှိသလို
ဗုဒ္ဓဂုဏ်တော်များကိုလည်း ရိုရိုသေသေလေးလေးစားစား ရွတ်ဆိုပွားများရမှန်းလည်း သိလာခဲ့တော့သည်။
#မောင်ညိုမှိုင်း(သန်လျင်)
#ညမဖတ်ရ
#သရဲသဘတ်
#လေးစားစွာcreditပေးပါသည်