နတ်ရေတွင်း ( စ၊ ဆုံး)
ရေးသားသူ နောင်ရိုး( ဆေးတပ်)
******
ဒီရွာကလေးရဲ့ နာမည်က နတ်ရေတွင်းရွာတဲ့။
ဒီရွာကလေးဟာ မြန်မာပြည်ခါးပိုင်းနားမှာပဲ တည်ရှိတာဖြစ်ပြီး ပင်လယ်ဒေသ၊ အပူလွန်ကဲတတ်တဲ့ အထက်အညာဒေသမဟုတ်ပါဘဲနဲ့ ထူးထူးခြားခြားကိုပဲ ဘယ်နေရာဆီ ရေတွင်းတူးတူး ရေငံတွေပဲ ထွက်ရှိတတ်တာမို့ ဒီနာမည်ကို တွင်လေတယ်။ ရွာနီးချုပ်စပ် ဘယ်ရွာမှ သူတို့ရွာလို ရေငံမထွက်ဘူး။
သူတို့ရွာကတော့ အညာဒေသလိုပဲ ရေငံထွက်နေပေမယ့် အညာဒေသလို သောက်သုံးရေအတွက် မိုးရေကို ကန်နဲ့ လှောင်လို့လည်း မရပြန်ဘူး။
မိုးရေတွေကို ကန်နဲ့ လှာင်ထားရင် အဲ့ဒီ့လှောင်ထားတဲ့ ရေပါ ငံသွားတတ်တယ်။ စိုက်ပျိုးရေးဆိုတာလည်း ရွာရဲ့ ရေ၊ မြေအခံနဲ့ မအပ်စပ်တာဘူးဖြစ်နေတော့ တစ်ရွာလုံးဟာ စိုက်ပျိုးရေးမလုပ်ဘဲ တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းကိုသာ အဓိက အားပြုပြီး လုပ်ကိုင်ကြရတယ်။
ဟုတ်ပြီ။ ဒါဖြင့် ဒီလောက်ရေငံထွက်ပြီး သောက်သုံးရေခက်ခဲနေတဲ့ရွာအတွက် လက်ရှိသုံးနေတဲ့ သောက်သုံးရေကို ဘယ်ကရသလဲဆိုပြီး မေးစရာရှိမယ်။
ဒီအတွက်ကတော့ ဘုရားပေးတဲ့ကောင်းခြင်းလား၊ နတ်ကောင်းတို့ ဆောင်မခြင်းလား မပြောတတ်ဘူး။ ရွာမတည်ခင်ကတည်းက ဖြစ်တည်နေတဲ့ သဘာဝစိမ့်ပေါက်လို ရေတွင်းငယ်လေးတစ်ခုတော့ ရွာရဲ့ အရှေ့ဘက်အစွန်းမှာ ရှိတယ်။ အားလုံးက နတ်ရေတွင်းရယ်လို့ အခေါ်ပြုကြတယ်။ ဒီနတ်ရေတွင်းကို အစွဲပြုပြီး သူတို့ရွာကိုလည်း နတ်ရေတွင်းရွာပေါ့။ တချို့ကတော့ ရေငံကုန်းရွာလို့ မထင်မရှား ခေါ်တတ်တယ်။
ဘယ်လိုပဲ ခေါ်ခေါ် ရွာနေတဲ့ လူသူအားလုံးက နတ်ရေတွင်းလို့ အခေါ်ပြုကြတာကို ပိုသဘောကျတာကတော့ အမှန်ပဲ။ ဒီတွင်းကလေးက ရေကိုပဲ သူတို့တစ်ရွာလုံး အားကိုးအားထားပြုပြီး သောက်သုံးရေအဖြစ် သုံးနေရတာမဟုတ်လား။
ရေတွင်းလေးကလည်း ထူးဆန်းပါတယ်။ အကျယ်က တစ်တောင်ပတ်ချာလည်လောက်သာ ရှိပေမယ့် နွေမိုးဆောင်း ဘယ်သောအခါမှ မခမ်းဖူးဘူး။ ကြိုက်သလောက်ခပ်၊ ကြိုက်သလောက်သုံး ရေတည်ရေတံ့ကတော့ မလျော့မတိုး အမြဲဒီအတိုင်းပဲ။ ဒါကြောင့်လည်း ရွာသူရွာသားတွေဟာ အကျိုးပြုလွန်းအားကြီးတဲ့ ရေတွင်းလေးကို နာမပြုပြီး သူတို့ရွာကို ရေငံကုန်ရွာဆိုတဲ့နာမည်အစား နတ်ရေတွင်းရွာလို့ အခေါ်ခံရတာကို ပိုနှစ်သက်ကြတယ်။
မွေးမြူရေးကိုပဲ အားပြုထားတဲ့ရွာမို့ ရွာသူရွာသားတွေဟာ ဆိတ်မွေးသူက မွေးတယ်။ ဝက်မွေးသူက မွေးတယ်။ နွား၊ ကျွဲစတာတွေကို မွေးသူက မွေးတယ်။ စိုက်ပျိုးရေးလုပ်ချင်သူတို့ကတော့ ရွာနဲ့အတော်လှမ်းရာ နေရာတွေဆီမှာ မြေယာထွင်ပြီး တဲထိုးလို့ စိုက်ပျိုးတတ်ကြတယ်။
ဘာကြောင့်ပဲဖြစ်ဖြစ် သူတို့နယ်တစ်ကြောမှာတော့ မွေးမြူရေးထွက် အသားနဲ့ နို့ထွက်စားကုန်တို့မှာတော့ နတ်ရေတွင်းရွာဟာ နာမည်ကြီးပါရဲ့။
အခုတော့ ဒီရွာကလေးဆီဟာ ပြဿနာကြီးတစ်ခုကို ရင်ဆိုင်နေခဲ့ရတာ နှစ်နှစ်ကျော်ကြာခဲ့ပြီ။
အဲ့ဒီ့ပြဿနာကတော့ သူတို့အားပြုရာ နတ်ရေတွင်းအနားမှာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရေခပ်ရင်း လူသတ်မှုတစ်ခုဖြစ်လေပြီးနောက် နတ်ရေတွင်းဟာ ထူးထူးဆန်းဆန်းကိုပဲ ရေခန်းခြောက်သွားခဲ့တာပါ။
နတ်ရေတွင်းရဲ့ ရေခမ်းခြောက်မှုနောက်ပိုင်းမှာတော့ ရွာထဲက သစ်ပင်တွေဟာလည်း ညှိုးရော်လာပြီး နွမ်းဖတ်ဖတ်နဲ့ စိမ်းလန်းမှုမရှိတော့တာကို အများမျက်မြင် မြင်ကြရတယ်။
တစ်ခါတစ်ရံ ညပိုင်းတွေမှာဆိုရင်လည်း ရွာထဲက ခွေးတွေအားလုံး စီညံနေအောင်အူတတ်ပြီး အဲ့ဒီ့လိုညတွေမှာ ရွာထဲက မွေးထားတဲ့ တိရိစ္ဆာန်တချို့ ထူးဆန်းစွာနဲ့ သေဆုံးတတ်လေတယ်။ တစ်ခါတစ်ရံ လူအသေအပျောက်လည်း ရှိတတ်လာတယ်။
နတ်ရေတွင်း ရေခမ်းခြောက်သွားတဲ့နောက်ပိုင်း ရွာသူရွာသားတွေဟာ ဉာဉ်မမီနိုင်တဲ့ ပြဿနာပေါင်းစုံကို ရင်ဆိုင်ရတဲ့အပြင် သောက်သုံးရေအတွက်ကို ရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ နေရာအထိ လှည်းနဲ့သွားပြီး သောက်သုံးရေကို ရေစည်တို့နဲ့ ခပ်သယ်ကြရတဲ့ ဒုက္ခကလည်း ရှိနေပြန်သေးတယ်။
တချို့က တစ်နှစ်လောက်ကြာပြီးချိန်မှာ ဒီဒုက္ခတွေကို မခံစားနိုင်ကြတော့တာမို့ တစ်ရပ်တစ်ပါးကို ပြောင်းကြတယ်။ ဒီအခါမှာတော့ ပိုမိုဆိုးရွားတဲ့ အဖြစ်အပျက်အနေနဲ့ ပြောင်းဖို့ကြိုးစားသူအားလုံးဟာ ဘေးဒုက္ခဆိုးတွေကို ကြံရပြန်လေတယ်။
အခုတော့ ရေငံကုန်းရွာက ရွာသူရွာသားတွေဟာ ဆုပ်လည်းစူး၊ စားလည်းရူးဆိုတဲ့ ကိန်းကို ဆိုက်ကြရပြီး တစ်ရပ်တစ်ပါးပြောင်းရွှေ့ပြေးဖို့ကို မလုပ်ရဲကြတော့ဘဲ ရွာဆီမှာပဲ ဖြစ်ပျက်နေတဲ့ ဒုက္ခအပေါင်းကို ခါးစည်းလို့ ခံစားကြရပါတော့တယ်။
******
‘ ဝု…အူး…အူး…’
ညဦးပိုင်းရောက်ရုံရှိသေးတယ်။ ရုတ်တရက် ဆွဲဆွဲငင်ငင်ထအူလိုက်တဲ့ ခွေးတစ်ကောင်ရဲ့ အူသံအဆုံး တစ်ရွာလုံးက ခွေးတွေပါ လိုက်လံဆူအူကြပါတော့တယ်။
ကိုမြိုင်တစ်ယောက် ခွေးအူသံတွေကို နားစွင့်ရင်း စိတ်ညစ်ညူးသွားရတယ်။
‘ ခွေးတွေကလည်း အူပြန်ပြီကွာ။ ရွာထဲမှာ ဘာတွေဖြစ်ပြန်ဦးမလဲ မသိဘူး…’
ကိုမြိုင်က ဖွာလက်စ ဆေးလိပ်တိုကို မီးသတ်ပြီး ညည်းတွားရေရွတ်လိုက်တော့ ကလေးသိပ်နေတဲ့ သူ့မိန်းမ မဘုတ်က…။
‘ တစ်ရွာလုံး ရင်ဆိုင်ခံစားနေရတာပဲ နှစ်နှစ်ပြည့်ပြီးခဲ့ပြီ။ တော်က အခုမှ ဘာတွေဖြစ်ပြီး ထညည်းနေတာတုန်း…’
‘ အခုမှ ထပြီး ညည်းတာ မဟုတ်ပါဘူး မိဘုတ်ရာ။ အစကြုံကတည်းက ငါညည်းတွားနေခဲ့တာပါ။ ဟူး…ဒီအခြေအနေကြီးကို
မကြုံချင်တော့ပါဘူးဟာ။ စိတ်လည်း မချမ်းသာ၊ ကိုယ်လည်းမချမ်းသာ။ ဒီကြားထဲ အခုလို ခွေးအူသံတွေ ထွက်လာတိုင်း စီးပွားပျက်မယ့် ကိစ္စတွေက ဖြစ်လာပြန်သေးတယ်။ အခုဆိုကွာ ရွာက ညအိပ်ညနေတောင် အပြင်ထွက်မရတော့ဘူး။ ဟိုးသမုန်းပြင်ဘက်ထဲ စိုက်ခင်းလုပ်သူတွေတောင် ညအိပ်လို့မရတာမို့ န့သွားညပြန်လုပ်နေကြရတယ် မဟုတ်လား…’
ကိုမြိုင်ပြောတာလည်း ဟုတ်ပါတယ်။
ဒီလို ခွေးအူတဲ့ မွေးထားတဲ့ တိရိစ္ဆာန်တွေသေဆုံးတတ်တဲ့အပြင် ရွာထဲက ဘယ်သူကမှ ရွာအပြင်မှာ ညအိပ်လို့မရဘူး။ အိပ်တာနဲ့ တစ်ခုမဟုတ် တစ်ခု ဒုက္ခကြုံကြရတယ်။
ရွာတောင်ဘက်ခြမ်းက မြင့်ဝင်းတို့ မိသားစုဆို စိုက်ခင်းထဲ ညအိပ်မိလို့ မနက်လင်းချိန် ကလေးနှစ်ယောက် ပိုးထိပြီးဆုံးရတယ်။ နောက်ထပ် အနောက်ထိပ်က ဘိုဦးတို့ညီအကို။
မြို့ကို တက်ရာက အပြန်ခရီးမမီတော့လို့ မဖြစ်မနေ ညအိပ်ရာက မနက်ကားစီးတော့ ကားမှောက်ပြီး ညီအကိုနှစ်ယောက် ပွဲချင်းပြီးရတယ်။ ဒိလိုမျိုးပဲ ရွာအပြင်မှာ ညအိပ်လို့ ဖြစ်တဲ့အဖြစ်အပျက်တွေက အများကြီးမှ အများကြီး။
‘ ဒါကတော့ ဒါပေါ့တော်။ ဒါပေမယ့် ကျုပ်တို့ဖြေရှင်းနိုင်တဲ့အရာမှ မဟုတ်တာ။ ဒီတော့ မကြုံချင်လည်း ကြုံနေရမှာပဲလေ…’
‘ အေးဟာ…တစ်ခါတစ်လေ ငါပြန်တွေးမိတယ်…’
‘ အင်း…’
‘ အဲ့ဒီ့နေ့ကသာ သာစိန်တို့နှစ်ကောင် ရေခပ်တာ အလုအယက်မဖြစ်ဘဲ လူသတ်တာမျိုးသာ မဖြစ်ခဲ့ရင်လို့ ငါတွေးမိတယ်။ အဲ့ဒီ့လိုသာ ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ။ အချိန်တွေသာ နောက်ပြန်သွားလို့ရမယ်ဆိုလို့ကတော့ အဲ့ဒီ့အချိန်ကို ပြန်သွားပြီး ဒီကောင်တွေကို ရန်မဖြစ်စေဖို့ ငါ ကန်တော့်ပြီးကို တောင်းပန်မိမှာပဲ…’
‘ ဒါဖြင့်လည်း အဲ့ဒီတုန်းက တော်သွားပြီး ကန်တော့်တောင်းပန်လိုက်ပေါ့တော်။ တကယ်တည်း သေမယ့်သူက သူတို့မဟုတ်ဘဲ သူတို့ကို ကန်တော့်တဲ့ တော်ဖြစ်သွားလိမ့်မယ်…’
မဘုတ်က ယောက်ျားကြီးတန်မဲ့ ခိုတစ်ကောင်လို ညည်းတွားလွန်းနေတဲ့ ကိုမြိုင့်ကို ကြည့်မရတော့တာမို့ အငေါ်တူးလိုက်တယ်။ ဒိအခါ ကိုမြိုင်က…
‘ ဟာ…မိဘုတ်။ ငါက တစ်ရွာလုံးခံစားနေရတဲ့ ဒုက္ခတွေအတွက်ကို ညည်းတွားနေမိတာဟ…’
‘ ဒါဖြင့်လည်းတော်။ ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ နည်းလမ်းကို ရှာပါ့မလား။ မဖြစ်နိုင်တော့တဲ့ ဟိုမသာနှစ်ကောင် သတ်တဲ့ဆီကိုပဲ ပြန်တမ်းတနေသေးတယ်…’
‘ ဖြေရှင်းဖို့နည်းလမ်း ဟုတ်လား…’
‘ ဟုတ်တယ်လေ။ ဘယ်အရာဖြစ်ဖြစ် ဖြေရှင်းစရာနည်းလမ်းတော့ ရှိမှာပဲ မဟုတ်ဘူးလား…’
‘ အေးဟ…နင်ပြောတာ ဟုတ်တော့ဟုတ်ပြီ။ အင်း…ဒါပေမယ့်ဟ ရွာက ဖိုးသူတော်ကြီးကလည်း ရေတွင်းကို ပရိတ်တွေရွတ်ပြီး သန့်စင်ဖို့ လုပ်ပြီးပြီ။ နတ်ဆရာကြီးကလည်း ရေတွင်းဆီမှာ နတ်ပွဲတွေ တင်ပြီးပြီ။ ဒါပေမယ့် အဲ့ဒီ့နည်းလမ်းတွေတောင် မရဘူးလေဟာ။ အဲ့ဒိ့တော့ ဘယ်လို လုပ်ရမတုန်း…’
‘ ဘယ်လိုလုပ်ရမတုန်းဆိုတော့ သူတို့မလုပ်ပေးနိုင်ရင် လုပ်ပေးနိုင်သူကို ရှာပေါ့တော်…’
‘ ဟာ…။ အေးဟ ဟုတ်သားပဲ။ ရှာရမယ်…ရှာရမယ်…’
မဘုတ်က မရည်ရွယ်ပါဘဲ လင်လုပ်သူကို အငေါ်တူးစကားတွေချည်းပဲ ပြောတာပါ။
ဒါပေမယ့် ဒီစကားတွေက ကိုမြိုင်အတွက်တော့ မျှော်လင့်ချက်အလင်းရောင်တစ်ခုကို မြင်မိသွားသလိုပါပဲ။
ဒီလိုနဲ့ နောက်တစ်နေ့ မိုးသောက်ချိန်မှာတော့ ကိုမြိုင်တစ်ယောက် လွယ်အိတ်တစ်လုံးလွယ်ပြီး ကူညီပေးနိုင်မယ့်သူကို ရှာဖွေဖို့ ထွက်ခဲ့ပါတယ်။
ရွာကမထွက်ခင် ညတုန်းက ခွေးအူမှုကြောင့် ရွာထဲမှာ နွားနှစ်ကောင်သေတဲ့အကြောင်းကိုလည်း ကြားမိခဲ့သေးရဲ့…။
ကိုမြိုင်တစ်ယောက် အဲ့ဒီနေ့က ရွာနီးချုပ်စပ်ဆီကို နေ့ချင်းပြန်ခရီးသွားပြီး သူတို့ရွာ အခက်အခဲကို ကူညီပေးနိုင်မယ့် ဆရာကို လိုက်လံရှာဖွေတယ်။
တစ်ရွာဝင် တစ်ရွာထွက်နဲ့ ရှာဖွေပေမယ့် လောက်လောက်လားလား ကူညီပေးနိုင်သူ မရှိဘူး။ အကြောင်းက သူတို့ရွာရဲ့ ပြဿနာဟာ နှစ်နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ရွာနီးချုပ်စပ်ဆီကိုပါ သတင်းဆိုးက ပြန့်နှံ့နေတာ ကြာပြီ။
ဒါကြောင့် ဒီရွာတွေထဲ ရှိနေတဲ့ ဆရာတွေက လက်ရှောင်ကြတယ်။
တချို့က ယဉ်ယဉ်ကျေးကျေး ဥပါယ်တံမျဉ်နဲ့ ငြင်းဆန်ပေမယ့် တချို့ကကျတော့ ပေါ်ပေါ်တင်တင်ကိုပဲ ငြင်းဆန်တယ်။ ဒါပေမယ့် ကိုမြိုင်ကတော့ ရွာဆီက အခက်အခဲတွေကို အမြန်ဆုံး ပြေလည်စေချင်လှပြီ။
ဒါကြောင့် နေ့ရှိတိုင်း မနက်လင်းတာနဲ့ လွယ်အိတ်တစ်လုံးဆွဲပြီး ဆရာအရှာထွက်တယ်။ ညအိပ်ညနေကျ နေဖို့ကကျ သိတဲ့အတိုင်း အဆင်မပြေဘူးလေ။ သူကိုယ်တိုင်လည်း ညအိပ်မနေရဲသလို သူ့ကိုလည်း ဘယ်ရွာကမှ ညအိပ်လက်မခံရဲကြဘူး။
ဒိကနေ့နဲ့ဆိုရင်တော့ ကိုမြိုင်တစ်ယောက် ဆရာအရှာထွက်တာ တစ်ပါတ်တင်းတင်းပြည့်ခဲ့ပြီ။ အရပ်လေးမျက်နှာတင်မက ရှစ်မျက်နှာအရပ်ကိုပါ ခရီးရှည်နိုင်သမျှရှည်အောင် ကြိုးစားရင်း ရှာဖွေခဲ့ပေမယ့် အခုထိ ကူညီပေးနိုင်မယ့် ဆရာကို မရနိုင်သေးဘူး။
******
သူတော်တစ်ယောက် သစ်ငုတ်ဆုံကြီးတစ်ခုနံဘေးဆီမှာ ခွေခေါက်ပြီး အိပ်နေလေတယ်။
‘ ငသူတော်…’
‘ ရှိပါတယ် ဘိုးသိကြား…’
နားထဲမှာ ခေါ်သံကြားတာနဲ့ သူတော် ပြန်ထူးရင်း ငေါက်ခနဲ ထထိုင်မိတယ်။
မထိုင်လို့ကလည်း မဖြစ်ဘူးလေ။
သိပ်မကြာသေးခင်ကာလကမှ သူတော်အိပ်ပုတ်ကြီးနေတာကို ဘိုးသိကြားက ပုတ်သင်ကောင်နဲ့ ခြောက်လှန့်
ထားတာဆိုတော့ ဒီတစ်ခါမှာ ထပ်အဖြစ်မခံနိုင်ဘူးလေ။ ဒါကြောင့်မို့ အသံကြားတာနဲ့ ငေါက်ခနဲ ထပြီး ထူးတာပေါ့။
‘ ငသူတော်…’
‘ ရှိ…ရှိပါတယ် ဘိုးသိကြား ဟီး…ဟီး…’
ထပ်ပြီးခေါ်သံကို သူတော် ထပ်ပြီး ဖြေကြားရင်း ဘိုးသိကြားကို လိုက်ရှာတယ်။
‘ ဘိုးသိကြားက ဘယ်မှာတုန်း။ သူတော် လိုက်ရှာတာ မတွေ့ဘူးလေ…’
‘ ဟဲ့…ငသူတော်။ နင့်ကို
‘ ဟုတ်ပါပြီ ဘိုးသိကြားရယ်။ သူတော်မှာတော့ မောင်ပုတ်သင်နဲ့ တွေ့မှာစိုးလို့ အတင်းကာရော ကုန်းထလိုက်တာ ဘောင်းဘီတောင် ပြဲသွားပြီ…’
သူတော်က ပြောပြီးတော့ သူဝတ်ထားတဲ့ ဘောင်းဘီအစုတ်ကြီးကို အရှေ့ကြည့်၊ အနောက်ကြည့်နဲ့ အလုပ်ရှုပ်နေလေတယ်။
‘ ငသူတော် နင် သရုပ်သဟာတွေ ပျက်ပြမနေနဲ့။ ငါ ပြောမယ့်ဟာက နင်လုပ်တာနဲ့ မေ့တော့မယ်…’
‘ မလုပ်ပါဘူး ဘိုးသိကြားရယ်။ ပြောပါ ပြောပါ…’
‘ အိမ်း…ပြောမယ်။ နင် အသေအချာမှတ်။ နင် ရှိနေတဲ့ နေရာကနေ အရှေ့ဘက်စူးစူးကို သွားရင် နတ်ရေတွင်းဆိုတဲ့ ရွာကို ရောက်လိမ့်မယ်…’
‘ ဟုတ်ကဲ့ ဘိုးသိကြား…’
‘ အဲ့ဒိ့က ဂန္ဓာမိဂနတ်စောင့်ကြပ်ရတဲ့ နတ်ရေတွင်းဆီမှာ ပြဿနာတစ်ခုရှိနေတယ်။ နင်သွားပြီး ဖြေရှင်းပေးရမယ်။ အခုလောလောဆယ် အဲ့ဒီ့ရွာက ကိုမြိုင်ဆိုတဲ့ လူက ရွာရဲ့အခက်အခဲကို ဖြေရှင်းပေးနိုင်မယ့် ဆရာကို ရှာဖွေနေတယ်။ သူနဲ့ ဆုံဖြစ်အောင် စောင့်ဆိုင်းပါ။ နင်တစ်ယောက်ထဲ ဝင်သွားပြီး ဖြေရှင်းဖို့က မဖြစ်နိုင်ဘူး…’
‘ ဟုတ်ကဲ့ ဘိုးသိကြား…’
သူတော် စကားဖြေပြီးတော့ ခဏငြိမ်သွားတယ်။
မျက်လုံးက ဂနာမငြိမ်၊ လက်က ခေါင်းကိုတွင်တွင် ကုတ်လေပြီး ပါးစပ်ကလည်း စကားပြောဖို့ ဟန်တပြင်ပြင်နဲ့။
‘ နင် ဘာပြောချင်လို့လဲ ငသူတော်…’
‘ ဟို…ဟိုလေ…’
သူတော်က ပြောဖို့ကို ခက်ခဲနေတဲ့ ပုံနဲ့ ခေါင်းကိုပဲ တွင်တွင်ကုတ်နေတယ်။
‘ ဟဲ့…ငသူတော်။ နင်ပြောမှာလား မပြောဘူးလား…’
‘ ပြော…ပြောပါ့မယ်…’
‘ နတ်ရေတွင်းက ရေကို သူတော်သောက်လိုက်ရင် ချက်ချင်း နတ်သားဖြစ်သွားနိုင်မလားလို့…အဲ့ဒါ…’
‘ တယ်…ဒီ ငသူတော်တော့။ နင် အတော်ကိုပဲ နတ်သားဖြစ်ချင်နေတာပဲလား…’
‘ ဖြစ်ချင်တာပေါ့ ဘိုးသိကြားရယ်။ သူတော်ဖြင့် နတ်သားလေးဖြစ်ချင်လွန်းလှပြီ…’
‘ အေး…ဖြစ်ချင်တယ်ဆိုရင်လည်း အပြစ်ကြွေးတွေသာ မြန်မြန်ဆပ် ငသူတော်ရေ…’
‘ ဟုတ်ကဲ့ ဘိုးသိကြား။ သူတော် သွားပြီ…’
သူတော်က ပြောပြောဆိုဆိုပဲ နေရာကနေ လှည့်ထွက်သွားတယ်။
‘ ဟဲ့…ငသူတော်။ နင်သွားရမယ့် နတ်ရေတွင်းရွာက အရှေ့ဘက်စူးစူးမှာလေ…’
‘ ဟုတ်တယ်လေ ဘိုးသိကြား။ သူတော်ရဲ့ အသထိုရ်စီးတော် မြင်း ကျန်ရစ်ခဲ့လို့…’
သူတော်က ပြောပြောဆိုဆိုပဲ သူ့ရဲ့ အုန်းလက်မြင်းကြီးကို ကောက်ပြီး ခွတယ်။
‘ သွားပြီ ဘိုးသိကြားရေ…’
သူတော် ပြေးထွက်သွားခဲ့ပြီ။
‘ အင်း…တယ်မလွယ်တဲ့ ငသူတော်ပဲ…’
ဒီစကားကို ရေရွတ်ပြီး အသံက တိတ်ခနဲ ပျောက်သွားတယ်။
ဒီအချိန် သူတော်ဟာလည်း အတော်ဝေးဝေးကို ရောက်နေခဲ့ပါပြီ။
******
‘ ဟူး…’
ကိုမြိုင် သက်ပြင်းရှည်ကို ချလိုက်မိတယ်။
ဒီနေ့ဆိုရင် သူ ဆရာရှာပုံတော်ခရီးကို ဆက်နေမိတာ ဆယ်ရက်တင်းတင်း ပြည့်ခဲ့ပြီ။
အလုပ်အကိုင်တွေဖျက်ပြီး သွားလာနေခဲ့တာ ရက်ကြာလာပြီမို့ မယားကလည်း ငြိုငြင်လာပြီဖြစ်သလို သူကိုယ်တိုင်လည်း စိတ်ဓာတ်က ဖြစ်လာသလိုပဲ။
အခုလည်း မနက်သွား၊ ညပြန် သွားရင်းလာရင်း လူက ပင်ပန်းလာရပြီမို့ နေ့တစ်ပိုင်းမကျိုးသေးဘူး ပြန်ဖို့ကိုသာ စိတ်ဆုံးဖြတ်ရင်း ခေါင်းငိုက်စိုက်ကျလို့ လှမ်းလာနေတယ်။
ရွာကို လှမ်းမြင်နိုင်တဲ့နေရာရောက်တော့ အချိန်က နေမွန်းလွဲနေပြီ။ ဆရာရှာဖွေမှု မအောင်မြင်ခဲ့တာမို့ စိတ်ထဲ ရွာကို အားနာမိတဲ့ ခံစားချက်က ပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေမိတယ်။ ခြေလှမ်းတွေကို ဆက်လှမ်းရင်း ရွာအနားကို ရောက်လာခဲ့ပြီ။
အိမ်ကို ပြန်ရင်လည်း မိဘုတ်က ဆူပူမြည်တွန်ဦးမှာ အသေအချာပဲ။ ဒါကြောင့် ကိုမြိုင် အိမ်ကိုလည်း မပြန်ချင်မိသေးဘူး။
‘ ဟူး…’
ကိုမြိုင်ရဲ့ လှမ်းနေတဲ့ ခြေလှမ်းတွေက ရပ်တန့်သွားမိပြီး သက်မောကို အသာချမိတယ်။ ရွာဆီကို မျှော်ငေးနေရာက ပတ်ဝန်းကျင်ကို အမှတ်မထင် ဝေ့ပြီး ကြည့်မိတယ်။
တာလမ်းမကြီးနံဘေးဘက် လယ်ကွင်းပြင်တွေအထဲက ကိုးနဝင်းစေတီလေးနဲ့ ပင်လုံးကျွတ် ရဲရဲနီအောင် ပွင့်နေတဲ့ လက်ပံပင်ကြီးနှစ်ပင်ရဲ့ မြင်ကွင်းက ကိုမြိုင့်အာရုံကို ဖမ်းစားသွားလေတယ်။
ကိုမြိုင်ရဲ့ ပူပန်နေမိတဲ့ ရင်ကို ဒိနေရာလေးက အေးချမ်းစေလိမ့်မယ်လို့ စိတ်က ထင်မိလာတာမို့ ခြေလှမ်းတွေကို ကန်သင်းရိုးအတိုင်း ဖြတ်လျှောက်ရင်း ကိုးနဝင်းစေတီကလေးဆီကို သွားမိပါပြီ။
စေတီကလေးရဲ့ ပုရဝုန်အကျယ်က ဆယ့်ငါးပေဝန်းကျင်သာရှိမယ်။ မြေသားချည်းသက်သက်ပါပဲ။ နွေဘက်မို့ မြက်ပင်တချို့တော့ ကျိုးတို့ကျဲတဲ ရှိနေလေတယ်။
ကိုမြိုင်စိတ်က ထင်မြင်မိသလိုပါပဲ။
ပုရဝုန်လေးအထဲကို ခြေချမိလိုက်တာနဲ့ ရင်ထဲမှာ အေးချမ်းမှုကို ခံစားရလေတယ်။ လေးပေလောက်သာ အကျယ်ရှိတဲ့ စေတီကလေးရဲ့ ရင်ပြင်အပေါ်ကို တက်လိုက်ပြီး သုံးကြိမ်ဝတ်ပြုကန်တော့်လိုက်တယ်။
မွန်လွဲ နေစောင်းချိန်မို့ အနောက်ဘက်နားဆီက သရက်ပင်ရိပ်က စေတီကလေးဆီကို ကျရောက်နေတယ်။
ကိုမြိုင်လည်း စိတ်ပင်ပန်း၊ လူပင်ပန်းရှိလှတာမို့ စေတီကလေးကို ကျောမှီပြီး စိတ်လျှော့လို့ လှဲလျောင်းလိုက်တယ်။ တစ်ခဏအတွင်းမှာပဲ အိပ်ပျော်သွားလေရဲ့။
‘ ကိုမြိုင်…ကိုမြိုင်…’
ကိုမြိုင် ဘယ်လောက်တောင် အိပ်ပျော်သွားမိတယ် မသိဘူး။ နားထဲမှာ ခေါ်သံကို ကြားမိပြီး လှုပ်နှိုးလာသလို ခံစားရပါမှ လန့်နိုးလာရတယ်။
နိုးနိုးချင်း လှုပ်နှိုးသူကို ကြည့်လိုက်တော့ ယောဂီဝတ်နဲ့ လူငယ်တစ်ယောက်။ ရုပ်ရည်က တည်ကြည်ချောမောလွန်းနေပြီး စိမ်ဖန့်တဲ့ နှုတ်ခမ်းမွှေးလေးတွေ ခပ်ရေးရေးရှိနေတယ်။ နက်မှောင်တဲ့ ဆံပင်တို့ကိုလည်း ဦးခေါင်းထက်ဆီမှာ သပ်သပ်ရပ်ရပ် ထုံးဖွဲ့ထားတာကိုလည်း တွေ့ရတယ်။
‘ ထတော့ ကိုမြိုင်။ မိုးချုပ်လုပြီ…တော်ကြာ ရွာထဲဝင်မရဘဲ ဖြစ်နေလိမ့်မယ်…’
ကိုမြိုင် လူးလဲပြီး ထလိုက်တယ်။ ပတ်ဝန်းကျင်က နေဝင်ဆည်းဆာချိန်ကို ရောက်နေကာ မကြာခင် မှောင်ရီပျိုးပေတော့မယ်။
‘ ဒီက ညီလေးက…’
‘ ကျုပ်နာမည် သူတော်ပါ။ မန္တာန်တိဿဂိုဏ်းဝင် ဂန္ဓာရီခရီးသွားဆိုပါတော့။ အခုက ဒီနားမှာ တစ်ညတည်းခိုမလို့ ရောက်လာတာပါ…’
‘ အကိုနာမည်က ကိုမြိုင်ပါ။ ဒိရွာထဲ နေပါတယ်…’
‘ ဟုတ်ကဲ့ အကိုမြိုင်။ ကျုပ်မှတ်ထားပါ့မယ်။ ဒါနဲ့ ကိုမြိုင်က အခုအချိန်ကြီးကို ဘယ်လိုဖြစ်ပြီး ဘုရားလေးမှာ လာအိပ်နေရတာလဲ…’
‘ ပင်ပန်းလွန်းပြီး အိပ်ပျော်သွားတာပါ ငါ့ညီရာ…’
‘ ဘာတွေများလုပ်ပြီး ဘယ်လောက်တောင် ပင်ပန်းနေလို့လဲ ကိုမြိုင်ရာ…’
‘ ဘာတွေများလုပ်သလဲဆိုတော့ ဒီလိုပါ ငါ့ညီရာ။ အကိုတို့ရွာဆီမှာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ဆိုးရွားတဲ့ကိစ္စတွေ ဖြစ်ပျက်နေလို့…’
ကိုမြိုင်က စကားကို အစချီလိုက်ပြီး ဖြစ်ကြောင်းအကုန်စင်ကို သူတော်ဆီ အသေးစိတ် ပြောပြလိုက်လေတယ်။
‘ အဲ့ဒီ့အတွက် ဖြေရှင်းပေးနိုင်မယ့် ဆရာကို လိုက်ရှာနေတာ ငါ့ညီရာ…’
‘ တွေ့ပြီလားဗျ…’
‘ မတွေ့ပါဘူး ငါ့ညီရာ။ ဒကနေ့ဆိုရင် ဆယ်ရက်မြောက်ပဲ။ အလုပ်ပျက်အကိုင်ပျက်နဲ့ သွားလာနေမိတာဆိုတော့ အိမ်က မိန်းမကလည်း ငြိုငြင်နေပြီ။ ဟူး…မနက်ဖြန်တော့ ဆက်ပြီး မရှာတော့ပါဘူးကွာ။ စိတ်ဓာတ်လည်း ကျသွားရပါပြီ…’
ကိုမြိုင့်စကားကြောင့် သူတော်က ပြုံးလိုက်မိတယ်။
‘ စိတ်ဓာတ်မကျပါနဲ့ ကိုမြိုင်ရာ။ ဒီကိစ္စတွေအားလုံးကို ကျုပ် ဖြေရှင်းပေးပါ့မယ်…’
‘ ဟင်…’
ကိုမြိုင် ရုတ်တရက်တော့ အံ့အားသင့်မိသွားရတယ်။ ပြီးကာမှ ပြာပြာသလဲနဲ့…။
‘ ငါ့…ငါ့ညီက ဆရာလား။ ရွာက ကိစ္စတွေကို ဖြေရှင်းပေးနိုင်တယ်လား…’
‘ အင်း…ကျုပ် ဖြေရှင်းပေးနိုင်ပါတယ် ကိုမြိုင်…’
‘ အဟား…ဒါဆိုရင်တော့ အခန့်သင့်လိုက်တာ ငါ့ညီရာ။ အဲ…မဟုတ်ဘူး ဆ…ဆရာလေးရာ…’
ကိုမြိုင် ဝမ်းသာအားရပြောလိုက်တာမို့ စကားတွေတောင် ထစ်ငေါ့ကုန်ရတယ်။
‘ ရွာက ကိစ္စတွေအတွက် စိတ်အေးအေးနေလိုက်ပါတော့ဗျာ…’
‘ ဝမ်းသာလိုက်တာ ဆရာလေးရာ။ ကဲ…ဒါဖြင့် ဒီညအတွက်ကို အကို့အိမ်ဆီ လိုက်တည်းဗျာ…’
‘ နေပါစေ ကိုမြိုင်။ ကျုပ် ဒီမှာပဲ တည်းပါ့မယ်…’
‘ ဒီမှာပဲ တည်းမလို့လား။ အဆင်ပြေပါ့မလား…’
‘ ညကျရင် စေတီကလေးဆီမှာ ဝတ်ပြုဘာပြုနဲ့ လုပ်စရာလေးတွေလည်း ရှိသေးတော့ အဆင်ပြေပါတယ်…’
‘ ဟုတ်ကဲ့ပါ ဆရာလေး။ ဒါဖြင့်လည်း ကျုပ် အတင်းအကြပ်မခေါ်တော့ဘူးနော့်…’
ကိုမြိုင်ပြောပြီးတော့ သူ့စိတ်ထဲက မတင်မကျ သိလိုနေတာကို ဆက်မေးဖို့ ကြံရွယ်လိုက်တယ်။ ဒါပေမယ့် သူတော်က သူ့စိတ်အကြံကို ကြိုတင်သိနေပြီး…။
‘ မှောင်တော့မယ် ကိုမြိုင် ပြန်ချေတော့။ ကိစ္စတွေကို ဖြေရှင်းဖို့အတွက်က မနက်ဖြန် မနက် ပထမ အာရုံတက်ချိန်မှာ ကျုပ်ကို ရွာထိပ်ဆီက စောင့်နေပေးပါ။ ကျုပ်လာခဲ့ပါ့မယ် ‘
‘ ဪ…ဟုတ် ဆရာလေး။ ကောင်းပါပြီ…’
ကိုမြိုင်တစ်ယောက် အပြန်လမ်းဆီကို ဦးတည်ခဲ့ပါပြီ။
လမ်းတစ်လျှောက်မှာတော့ ရှာတုန်းက မကြုံဘဲ မရှာတော့မှ ဆုံလာတဲ့ သူတော်ဆိုတဲ့ ထူးဆန်းတဲ့ယောဂီလူငယ်အကြောင်းကို အမျိုးမျိုး တွေးတောမိနေပါလေရဲ့…။
******
ကိုမြိုင် အိမ်ကို ပြန်ရောက်တော့ မှောင်စပျိုးနေပြီ။ ဝမ်းသာစိတ်ကို ဆုပ်ကိုင်ပြီး အိမ်ထဲကို လှမ်းဝင်လိုက်တော့ မဘုတ်က သူ့ကို ဒေါသမျက်လုံးတွေနဲ့ စောင့်ကြိုနေလေပြီး…။
‘ ကိုမြိုင်…တော်၊ တစ်နေ့တစ်နေ့ ဆရာအရှာထွက်တယ်ထွက်တယ်နဲ့။ ဆယ်ရက်သာ ကြာသွားတယ်။ ဘာမှအကြောင်းမထူးဘူး။ မနက်ကစပြီး တော် ဒီပုံအတိုင်းသာဆိုရင်တော့ ကျုပ် အမေတို့ဆီ ပြန်နေမယ်…’
မဘုတ်အပြောကြောင့် ကိုမြိုင် ခပ်ဖွဖွ ပြုံးလိုက်တယ်။
‘ အဆူမစောနဲ့ မိနိးမရယ်။ ငါ ဆရာခေါ်လာနိုင်ခဲ့ပြီဟ။ မကြာခင် ငါတို့ရွာလေး အေးချမ်းတော့မှာဟ…’
မဘုတ်က မယုံသင်္ကာဖြစ်ဟန်နဲ့ ကိုမြိုင့်အနောက်ကို ကဲကြည့်တယ်။
‘ ကိုမြိုင် ကျုပ်ပါးစပ်ကို ကြောက်လို့ တော်ရမ်းရော်ရမ်း လာလိမ်မနေနဲ့။ ဘယ်မှာလဲ တော့် ဆရာ…’
‘ ပါတယ်ဟ။ ရွာအပြင်က ကိုးနဝင်းစေတီကလေးဆီမှာ ကျန်ရစ်တယ်။ မနက်အာရုံချိန်မှ သွားခေါ်ရမှာ…’
မဘုတ် ယုံချင်ချင်ဖြစ်လာပါပြီ။
‘ တော့်ဆရာက ဘယ်လိုကြီးတုန်း။ ရောက်တဲ့ဟာပဲ တစ်ခါထဲ လာခဲ့ပြီး ဖြေရှင်းပေးပေါ့…’
‘ အဲ့ဒီ့လိုတော့ မဟုတ်ဘူးလေဟာ။ သူလည်း သူ့အချိန်အခါဆိုတာ ရှိမှာပေါ့။ ပြီးတော့ ဆရာက ယောဂီဝတ်နဲ့ ငယ်ငယ်ချောချောလေးဟ…’
‘ ဟောတော်…ငယ်တယ်ဆိုတော့ ဘယ်အရွယ်လောက်မို့လို့တုန်း…’
‘ နှစ်ဆယ်ကျော် နှစ်ဆယ့်ငါးဝန်းကျင်ဟ…’
‘ တော့် ဆရာက ဟုတ်ကောဟုတ်ပါ့မလားတော်။ နတ်ဆရာကြီးလို အသက်ကြီးပြီး ပညာစုံသူတောင် ဘာမှမတတ်နိုင်တာကို…’
‘ ဆရာလေးက ထူးဆန်းတယ်ဟ။ ယောဂီဝတ်နဲ့ သိပ်လိုက်တာပဲ။ အသံသြဇာကအစ ကြည်ညိုဖို့ သိပ်ကောင်းတယ်။ ရယ်လိုက်ရင်လည်း သွားတက်လေးက ပါသေးတယ်။ ပြီးတော့လေ…ထူးဆန်းတာက သူက အခုမှ ရွာကိုရောက်ဖူးပြီး ငါဘုရားမှာ အိပ်ပျော်နေတာကို လာနှိုးတာ။ မိုးချုပ်ရင် ပြန်ဝင်မရဘဲနေမယ်တဲ့။ နင်စဉ်းစားကြည့်စမ်း။ ဒီရွာက ညဘက်အပြင်ထွက်မရ၊ အထဲဝင်မရတဲ့ အကြောင်းကို သူက အခုမှ ရောက်သူဖြစ်ပြီး ဘယ်လိုသိသလဲ…’
‘ အင်း…ဒါတော့ ထူးဆန်းသလိုပဲ…’
‘ ဟုတ်တယ်ဟ။ ငါလည်း သူနဲ့ စကားပြောနေတုန်းက သတိမထားမိဘူး။ ပြန်လာရင်းနဲ့ လမ်းကျမှပဲ…’
ကိုမြိုင် စကားပြောနေတုန်းမှာပဲ မဘုတ်ရဲ့ မျက်နှာက ကွက်ခနဲ တင်းမာသွားတယ်။ ဒါကို သတိထားမိတဲ့ ကိုမြိုင်က စကားကို တန့်လိုက်ပြီး…။
‘ မဘုတ်…နင် ဘာဖြစ်လို့တုန်း…’
‘ ကိုမြိုင်…တော်မှန်မှန်ပြောစမ်း…’
‘ ဟေ…ဘာကိုတုန်း…’
‘ တော်က ဆရာအရှာထွက်တယ်ဆိုပြီး ဘယ့်နှယ့်ကြောင့် ကိုးနဝင်းဘုရားမှာ သွားအိပ်နေရတာလဲ…’
‘ အဲ…မဘုတ်။ ဒါ…ဒါက ဒီလို…’
‘ ဘာမှ ဒီလိုမနေနဲ့။ နေ့စဉ်ရက်ဆက်ကြီး သွားလာနေလို့ တော့်ကို ကျုပ် သင်္ကာမကင်းဖြစ်နေတာ။ လက်စသတ်တော့ တော်က နောက်မီးလင်းချင်နေတာပဲ။ တော်ပြီ ကျုပ်အခုပဲ အမေ့အိမ်ပြန်မယ်…’
မဘုတ်က ပြောပြောဆိုဆိုပဲ ကလေးကိုချီပြီး အပေါက်ဝက ကိုမြိုင်ကို ဝင်တိုးတိုက်လို့ အပြင်ကို ထွက်ဖို့လုပ်လိုက်တယ်။
‘ မဘုတ်…မ မဟုတ်ဘူးဟ။ ငါ…ငါရှင်းပြမယ်…’
‘ တော် ဘာမှမပြောနဲ့။ ကျုပ်တို့သားအမိ သွားပြီ…’
ကိုမြိုင်တားလို့ မရတော့ပါ။ မဘုတ်တို့သားအမိနှစ်ယောက်က သူ့ကို တွန်းတိုက်ပြီး ဆောင့်အောင့်လို့ ခြံထဲက ထွက်သွားခဲ့ပါပြီ။
‘ ဟူး…ဒိမိန်းမကတော့ကွာ…’
ကိုမြိုင် မချင့်မရဲ ရေရွတ်မိလိုက်တယ်။
အခုနေတော့ မဘုတ်ကို သူပြန်ခေါ်ဖို့ ဘယ်လိုကြိုးစားကြိုးစား ရမှာမဟုတ်တော့ဘူး။ မနက်မှသာ အသေအချာရှင်းလင်းပြောပြပြီး ပြန်ခေါ်မှသာ ရပေတော့မယ်။
******
မနက်ခင်း၊ ပထမအာရုံတက်ချိန် ( မနက် ၃ နာရီအချိန်)မှာ ကိုမြိုင်တစ်ယောက် ရွာထိပ်ဆီကို ထွက်ကာ ယောဂီဝတ် သူတော်ကို စောင့်ဆိုင်းနေလေတယ်။
ကိုမြိုင်ရောက်ပြီး သိပ်မကြာလိုက်ပါဘူး။ သူတော်တစ်ယောက် ကိုမြိုင်ရှိရာဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ကာ…။
‘ ကဲ…ကိုမြိုင်။ ကျုပ်ကို နတ်ရေတွင်းဆီ ခေါ်သွားပေးပါ…’
‘ ဟုတ်ကဲ့ ဆရာလေး…’
ကိုမြိုင်ရဲ့ ပြန်ဖြေသံက လှုပ်လှုပ်ခတ်ခတ်နဲ့။ နှစ်နှစ်တိတိ မက်ခဲ့တဲ့ အိပ်မက်ဆိုးကြီးကနေ အခုနိုးခွင့်ရမှာလား၊ ဒါမှမဟုတ် အရင်လိုပဲ ပြန်ဖြစ်ဦးမလားဆိုတာ တစ်ချက်တစ်ချက် တွေးနေမိတယ်။ ကိုမြိုင် သူတော်ကို ရွာရဲ့ အရှေ့ဘက်ထိပ် ရေတွင်းဆီ ခေါ်ဆောင်လာခဲ့တယ်။
‘ ကိုမြိုင်…’
‘ ဗျာ…ဆရာလေး…’
‘ ပရိတ်ကြီး ၁၁ သုတ်ကို အလွတ်အာဂုံဆောင်နိုင်သလား…’
‘ ကျုပ် ငယ်ငယ်က ကိုရင်လေးဝါဝတ်ဖူးတော့ ပရိတ်၊ ပဋ္ဌာန်းတွေကို အလွတ်ကြီး ကောင်းကောင်းမွန်မွန်ရပါတယ်ဗျာ…’
‘ ဒါဖြင့် ရတနသုတ်နဲ့ မေတ္တာသုတ်ကို အဆက်မပြတ်ရွတ်ချေဗျာ…’
‘ ဪ…ဟုတ်ကဲ့။ ဆရာလေး…’
ကိုမြိုင်လည်း သူတော်ပြောတဲ့အတိုင်း နှုတ်ကနေ ရတနသုတ်နဲ့ မေတ္တာသုတ်ကို ခပ်တိုးတိုး အဆက်မပြတ်ရွတ်ဖတ်ပါတယ်။ နှစ်ယောက်သား ရေတွင်းနေရာဆီကို ရောက်လာကြပြီ။
‘ ဟိုရှေ့က နေရာပဲ…’
သူတော်လှမ်းကြည့်တော့ ကျွဲနွားများမဝင်နိုင်အောင် စည်းရိုးခတ်ထားပြီး ရာဇမတ်ကွက်တို့ကာရံထားတဲ့ နတ်ရေတွင်းကို တွေ့ရတယ်။ သူတော်စိတ်ထဲ သင်္ကာမကင်းရှိတာမို့ မန္တာန်ရွတ်ပြီး နတ်ရေတွင်းဆီကို ကြည့်လိုက်တယ်။
ရေတွင်းကို ဖိုခနောက်ဆိုင်ပြီး ထိုင်ပြီး အိပ်ပျော်နေတဲ့ သဘက်ကြီးသုံးကောင်ကို တွေ့ရလေတယ်။ အစောင့်အကြပ်ဖြစ်တဲ့ ဂမ္ဓမိဂနတ်ကိုတော့ အရိပ်အယောင်တောင် မတွေ့ရဘူး။ သူတော်လည်း ကာဓမန္တာန်ကို အသုံးပြုရွတ်ဆိုလိုက်ပြီး သဘက်ကြီးသုံးကောင်ကို ချုပ်နှောင်လိုက်တယ်။ သဘက်ကြီးသုံးကောင်ခမျာ အိပ်ပျော်နေရာက သိတောင်မသိလိုက်ဘဲ အချုပ်အနှောင်ခံလိုက်ရလေတယ်။
သဘက်ကြီးသုံးကောက်ကို ချုပ်နှောင်ပြီး နံဘေးဘက်တွေကိုသူတော် လိုက်ကြည့်လိုက်တော့ ကာရံထားတဲ့စည်းရိုးရဲ့ ထောင့်သုံးထောင့်ဆီမှာ မကောင်းတဲ့အငွေ့အသက်တို့ လွှမ်းနေတာကို သတိထားမိလိုက်တယ်။
‘ လက်စသတ်တော့ နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနေတာကိုး…’
‘ ဗျာ…ဘာဖြစ်လို့လဲ ဆရာလေး…’
သူတော်ရဲ့ ရေရွတ်မှုကို ကိုမြိုင်က သူ့ကိုပြောတယ်အထင်နဲ့ မေးမြန်းလာတယ်။
‘ ဪ…ဘာမှမဟုတ်ဘူး ကိုမြိုင်။ ဒီနတ်ရေတွင်းကို တစ်စုံယောက်က မကောင်းတဲ့အစီအရင်နဲ့ ပြုလုပ်ထားတာဗျ…’
‘ ဟာ…ဟုတ်လား ဆရာလေး…’
‘ အမှန်ပဲ။ အဲ့ဒါကို ဖော်ထုတ်ဖျက်ဆီးဖို့ဆိုရင် အကူအညီပေးဖို့ နောက်ထပ်လူနှစ်ယောက်လိုအပ်တယ်…’
‘ လူနှစ်ယောက်…’
ကိုမြိုင် ဘယ်သူ့ကို ခေါ်ရမလဲဆိုတာ တစ်ချက်စဉ်းစားလိုက်တယ်။
‘ ဟုတ်ပြီ ဆရာလေး။ ဒီနားမှာ ကျုပ်ရဲ့ ဝမ်းကွဲယောက်ဖတွေ ရှိတယ်။ သူတို့ကို သွားခေါ်ပေးမယ်…’
‘ အချိန်မရှိတာမို့ မြန်မြန်သွားပြီး မြန်မြန်ပြန်ခဲ့ဗျာ။ တူးစရာပစ္စည်းတွေကိုပါ တစ်ပါထဲ ယူခဲ့ကြ…’
ကိုမြိုင် ခပ်သုတ်သုတ်ပဲ ထွက်သွားလေတယ်။
တစ်အောင့်ကြာတော့ သူ့ယောက်ဖဝမ်းကွဲနှစ်ယောက်နဲ့အတူ သံတူရွင်းတွေကိုင်ပြီး ပြန်ရောက်လာတယ်။
‘ ကဲ…စလိုက်ကြမယ်။ ကျုပ်ပြတဲ့နေရာတွေမှာ ရပ်နေကြဗျာ။ ကျုပ်က တူးဆိုတာနဲ့ တစ်ပြိုင်ထဲသာ တူးကြတော့…’
သဘက်ကြီးသုံးကောင်ကတော့ အခုထိကို ချုပ်နှောင်ထားတာမသိသေးဘဲ အိပ်ပျော်နေကြဆဲပဲ။ သူတော်က သဘက်ကြီးတွေကို ကိုမြိုင်တို့သုံးယောက် မြင်နိုင်အောင်တော့ မစီမံပေးထားဘူး။ မြင်ရင် လန့်ဖျပ်သွားတာမျိုး ဖြစ်နိုင်တယ်လေ။
ကိုမြိုင်တို့သုံးယောက် နေရာယူပြီးကြပြီ။
သူတော်က အဝင်ဝဆီကနေ မန္တာန်တွေကို အဆက်မပြတ်ရွတ်ဆိုနေတယ်။ မြင်နိုင်သူတို့အဖို့ဆိုရင်တော့ သူတော်ရဲ့ မန္တာန်စက်တွေဟာ အစီအရင်သုံးနေရာဆီကို ဖြန့်ကျက်မြူးကွန့်ပြီး အုပ်လွှမ်းနေတာကို မြင်ကြရလိမ့်မယ်။
‘ ရပြီ…တူးကြတော့…’
သူတော်ရဲ့ အမိန့်ပေးသံအဆုံး ကိုမြိုင်တို့သုံးယောက်လည်း မြေပြင်ကို တူးဆွလိုက်ကြပြီ။
‘ ဟာ…’
‘ အလိုလို…’
ဘယ်လောက်မှ မတူးလိုက်ရပါဘူး။ မြေကြီးထဲဆီကနေ အနီရောင်အဝတ်စနဲ့ ပတ်ထားတဲ့ အထုပ်ကလေးသုံးထုပ် ထွက်ပေါ်လာတယ်။
‘ ကျုပ်ဆီကို ယူခဲ့ကြပါ…’
ကိုမြိုင်တို့က အထုပ်ကလေးတွေကို သူတော်ဆီ ယူလာကြတယ်။
‘ အထုပ်ထဲမှာ ဘာတွေလုပ်ထားတာလဲ မသိဘူးနော်…’
ကိုမြိုင်တို့က အထုပ်ထဲမှာ ဘာတွေပါသလဲ သိချင်နေတယ်။ ဒါပေမယ့် သူတော်က အထုပ်သုံးထုပ်ကို မြေပြင်ဆီချလိုက်ပြီး အပေါ်ဆီကနေ လက်နဲ့အုပ်ကာ မန္တာန်ရွတ်ဆိုလိုက်တယ်။ ဒိအခါ အထုပ်သုံးထုပ်ဆီမှာ ဟုပ်ခနဲ မီးတောက်တစ်ခု ထတောက်လာပြီး လောင်ကျွမ်းလေတယ်။ သူတော်က မန္တာန်ကို အဆက်မပြတ်ထပ်ရွတ်ဖတ်တော့ ရေတွင်းဘက် မြေကြီးထဲကနေ နီစွေးတဲ့ သွေးစတို့က ထွက်ပေါ်ရွေ့လျားလာပြီး မီးတောက်ထဲကို တိုးဝင်လောင်ကျွမ်းပါတယ်။
တစ်ခဏအတွင်းမှာပဲ အထုပ်တွေကော သွေးတွေကေယ မီးလောင်ပြီး ပြာကျသွားလေတော့ ရေတွင်းကို ဖိုခနောက်ဆိုင်ပြီး ထိုင်နေကြတဲ့ ချုပ်နှောင်ခံသဘက်ကြီးသုံးကောင်ဟာ အမှုန်အမွှားများအဖြစ် ကွယ်ပျောက်သွားပါတော့တယ်။
ဒီအချိန်နဲ့ တစ်ပြိုင်နက်ထဲမှာပဲ ငွေရောင်တောက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက် သူတော်တို့အရှေ့ဆီမှာ ထွက်ပေါ်လာတယ်။ သူတော်က ကိုမြိုင်တို့ကိုလည်း မြင်နိုင်စေဖို့ အမြင်ဖွင့်ပေးလိုက်တော့ ကိုမြိုင်တို့သုံးယောက်လည်း တစ်ဖက်ကပုဂ္ဂိုလ်ကို ကြည့်လို့ အံ့သြကုန်ကြတယ်။
‘ ကျွန်ုပ်က ဒီရေတွင်းကို စောင့်ကြပ်ရတဲ့ ဂမ္ဓမိဓနတ်ပါ။ ရေတွင်းဆီ လူသွေးစင်လို့ ကျွန်ုပ် အင်အားချိနဲ့သွားရချိန် သူယုတ်မာက အစီအရင်ဝင်လုပ်သွားတာပါ။ သူ့ရဲ့ ရည်ရွယ်ချက်က မထင်မှတ်ဘဲ ဖြစ်လာတဲ့ လူသတ်မှုအပေါ် မှီတည်ပြီး သူကောင်းစားဖို့ အခွင့်ရှာလိုတယ်။ ရွာသူရွာသားတွေ ဒုက္ခရောက်ပြီးချိန် သူကိုယ်တိုင်ပဲ ဖြေရှင်းပြပြီး အများက သူ့ကို ကိုးကွယ်လာစေဖို့ စီမံတယ်။ ကျွန်ုပ်က ရေတွင်းကို ရေခမ်းအောင် လုပ်လိုက်တော့ သူ့အစီအစဉ် ကမောက်ကမဖြစ်သွားပါတယ်။ သူ့ကို ကျွန်ုပ် တန်ပြန်ဆုံးမပါ့မယ်။ အသင် ကျွန်ုပ်ကို ကူညီပေးလို့ ကျေးဇူးများမြံစွာ တင်ရှိရပါတယ်…’
‘ ကောင်းပါပြီ။ အစီအရင်လုပ်သူကို သင်ပဲ တန်ပြန်မယ်ဆိုတော့ ကျုပ်အတွက် ဒီမှာက လုပ်စရာမရှိတော့ဘူး။ သင် အကောင်းဆုံး တန်ပြန်နိုင်ပါစေ…’
သူတော် ပြောလိုက်တော့ ဂမ္ဓမိဓနတ်ဟာ ရုတ်ခနဲ ကွယ်ပျောက်သွားလေတယ်။
‘ ကဲ…ကိုမြိုင်။ ကိစ္စတော့ ပြီးစီးခဲ့ပြီ။ မနက်လင်းတာနဲ့ ရေတွင်းမှာ ရေကြည်ရေသန့်တွေ ပြန်ပြီး ပြည့်စုံနေလိမ့်မယ်။ ကျုပ်ကိုတော့ ခွင့်ပြုပါဦး…’
‘ ဆရာလေး ကျေးဇူးတရားကြီးမားလွန်းတာမို့ ရွာမှာ တစ်ခဏနေပါဦးလား…’
‘ နေပါစေ ကိုမြိုင်ရယ်။ ကျုပ်က ခရီးသွားဆိုတော့ ပန်းတိုင်မရောက်သရွေ့ ခြေလှမ်းတွေ ဆက်လှမ်းနေရပါဦးမယ်။ ကျုပ်ကို ခွင့်ပြုပါဦး…’
သူတော် ထွက်ခွာသွားခဲ့တယ်။
ကိုမြိုင်တို့သုံးယောက်ကတော့ လင်းချင်းစပြုနေတဲ့ အာရုံဦးအလင်းအောက်မှာ သူတော်ရဲ့ ကျောပြင်ကို ငေးမောကြည့်ရှုကြရင်းပေါ့…။
******
နတ်ဆရာကြီး သွေးအန်ကာ ရုတ်တရက်သေဆုံးတဲ့သတင်းက နတ်ရေတွင်းရွာကလေးကို အံ့အားသင့်စေခဲ့တယ်။
ဒီသတင်းကို အံ့အားမသင့်ကြသူတွေကတော့ သုံးယောက်ထဲ ရှိတယ်။
သူတို့ကတော့ ကိုမြိုင်တို့ သမီးယောက်ဖသုံးယောက်ရယ်လေ။
သိပ်မကြာလိုက်တဲ့အချိန်မှာတော့ နတ်ရေတွင်းကလေးဆီမှာ ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကလို ရေခပ်သူတို့နဲ့ ပြန်လည်စည်ကားလာခဲ့ပြီး ရေတွင်းကလေးရဲ့ နံဘေးဘက်ဆီမှာလည်း နတ်ကွန်းလေးတစ်ခု ဖြစ်တည်လာခဲ့တယ်။
ရွာကလေးဟာလည်း ရေချိုမထွက်ပေမယ့် အရင်အတိုင်းပဲ သာယာစည်ပင်လာခဲ့ပါပြီ။
ကိုမြိုင်တို့သုံးယောက်ကတော့ ပြဿနာအရပ်ရပ်ကို ဖြေရှင်းပေးသွားခဲ့တဲ့ သူတော်ဆိုတဲ့ ယောဂီလူငယ်ကို အချိန်တိုင်း ကျေးဇူးတွေ တင်နေတုန်းပါပဲ။
ပြီးပါပြီ။