ဖိနပ်ပြတ်သူများ(စ/ဆုံး)
———————
ကျုပ်သား အငယ်ဆုံးကောင်အိပ်နေတဲ့ခြင်ထောင်ကိုလက်နှိပ်ဓာတ်မီးနဲ့ထိုးကြည့်လိုက်တယ်။ခြင်ထောင်ဘေးမှာတော့ ခြင်တွေတဝီဝီ
နဲ့ လူကတော့အိပ်နေပြီ။ညနေက..ဒီကောင်ဖျားနေလို့ ရွာကဆရာမလေးကိုခေါ်ပြီးဆေးထိုးခိုင်းထားတာ။ဆရာမလေးကတော့ ပြောတယ်။စိတ်ပူစရာမလိုဘူး၊ အအေးပတ်တာပါတဲ့။ကျုပ်မပူပဲရှိမလား ကျုပ်သားပေပဲဗျာ။ကျုပ်လည်းဆန်ပြုတ်လေးပြုတ်ပြီး ဆေးတိုက်လိုက်တယ်။ သက်သာသွားလို့ထင်ပါရဲ့ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်သွားတာ။မနေ့က ဒီကောင်မိုးရေချိုးနေတာ တော်တော်ကြာသွားတယ်။ကျုပ်လည်းမပြောမိလိုက်ဘူး။
ကျုပ် ဒူးကဒဏ်ရာကိုကြည့်လိုက်မိတယ်။ဒဏ်ရာကိုအုပ်ပြီးစီးထားတဲ့ပိတ်စဖြူဖြူလေးပေါ်မှာတော့နီနီရဲရဲသွေးစအချို့ကခြောက်နေပြီ။ဒီဒဏ်ရာက နေ့ခင်းကလယ်ထဲမှာ စက်ပျက်လို့ ပျင်ရင်းနဲ့စက်ကိုအစမ်းနှိုးကြည့်တာ လက်ကအင်ဂျင်ဝိုင်တွေပေနေတော့ ချော်ပြီးဒူးခေါင်းကိုရိုက်မိသွားတာ။နည်းနည်းတော့ပြဲသွားတယ်။အခုလို မိုးဦးကျပြီဆိုရင်ကျုပ်တို့ တောသူတောင်သားတွေဆိုတာကအတော်ကို အလုပ်ရှုတ်တဲ့အချိန်။ ဟိုစက်ကလေးပြင် ….ဒီစက်ကလေးနှိုက်နဲ့ လယ်ထဲစက်မောင်းဖို့လုပ်ရပြီ၊ စက်ဆိုတာကလည်း တစ်နှစ်တစ်ခါပြင်ရမှ အလုပ်ခွင်မှာအဆင်ပြေချောမွေ့တာမဟုတ်လား။
ကျုပ်မှာ သားသုံးယောက်နဲ့သမီးတစ်ယောက်ရှိတယ်။ သားကြီးနှစ်ယောက်ကတော့ အိမ်ထောင်ကျပြီးပြီ။အိမ်ထောင်ကျပြီးကတည်းက ယောက္ခမအိမ်တွေမှာလိုက်သွားကြတာဆိုတော့ ကျုပ်နဲ့ အငယ်ဆုံးကောင်ပဲ အိမ်မှာရှိတော့တာ။ ဇနီးဖြစ်သူထားမေက အိမ်ပေါ်က ဆင်းသွားတာကြာပြီ။ကျုပ်မှာတော့ သမီးလေးတစ်ယောက်တည်းပါလာတာမို့ အားကိုးရမယ်ထင်ထားတာ။ သမီးကပါအမေဖြစ်သူနောက်လိုက်သွားတော့ ကျုပ်ဘဝက အသက်ငါးဆယ်ကျော်ရောက်မှ ကိုယ့်ထမင်း ကိုယ်တိုင် ချက်စားနေရတဲ့သူ။ဖျားနေတဲ့အငယ်ဆုံးကောင်က ရှစ်တန်းကျောင်းသား။ကျုပ် ဒီကောင်နဲ့နေတာ တစ်နှစ်ကျော်ပြီ။ဒီကောင်ကလည်း သူ့အမေမှ သူ့အမေ။တစ်ခါတစ်ရံ ကျောင်းပိတ်ရက်တွေမှာ သူ့အမေကိုသွားသွားတွေ့နေတာ ကျုပ်သိတယ်။ဒါပေမဲ့ ကျုပ်ဘာမှမပြောဘူး။ကျုပ်ဇနီးထားမေကို စိတ်နာပေမဲ့ မိခင်မေတ္တာငတ်နေတဲ့ သားလေးကိုတော့ ကျုပ်သနားတယ်။
ကျုပ်ဇနီး ထားမေအိမ်ကဆင်းသွားရတဲ့အကြောင်းကလည်းဘာမှပြောပလောက်တာမဟုတ်ဘူး။အယုံလွယ်တဲ့ထားမေကြောင့်ဖြစ်ရတာ။ကျုပ် အငယ်အနှောင်းထားတယ်ဆိုပြီး တစ်ဘက်သတ်စွပ်စွဲကာ အိမ်ပေါ်ကဆင်းသွားတယ်။အိမ်ပေါ်က ဆင်းတယ်ဆိုတာထက် သူ့ရွာ သူပြန်သွားတာ။ထားမေက ကျုပ်တို့ရွာရဲ့အရှေ့ဘက် သုံးလေးမိုင်လောက်ဝေးတဲ့ တမာကုန်းရွာသူ။
အစကတော့ ကျုပ်ဘက်ကဆွေမျိုးတွေကပြန်လာမယ်လို့ထင်ထားခဲ့ကြတာ။ကျုပ်လည်းအဲ့လိုပဲ။ထားမေပြန်လာမယ်ပေါ့။ကျုပ်ထားမေကို ဘယ်လောက်ချစ်တယ်ဆိုတာထားမေအသိဆုံး။ကျုပ်ထားမေအပေါ်လင့်ဝတ္တရားကျေပွန်ခဲ့သလို သားသုံးယောက်နဲ့ သမီးတစ်ယောက်ကို ဘယ်လိုလုပ်ကိုင် ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ရတယ်ဆိုတာ ထားမေသိတယ်။ကျုပ် သားတွေကိုရော သမီးကိုပါ မိဘဝတ်တရားကျေပွန်အောင် အခက်အခဲတွေကြားက ပညာသင်ပေးခဲ့တယ်။တစ်ယောက်မှ ဆယ်တန်းမအောင်ခဲ့ကြတာတော့ သူတို့ကံပေါ့ဗျာ။အခု…အိမ်ထောင်ကျပြီးတော့လည်း တစ်ယောက်ကမလေးရှားဆိုပြီးထွက်သွားတယ်။တစ်ယောက်က ထိုင်းတဲ့ဗျာ။ရွာမှာနေတုန်းကလည်း ကျုပ်ဆီကိုမလာကြပါဘူး။အခေါ်ခိုင်းရင်တောင် အကြောင်းအမျိုးမျိုးပြပြီးရှောင်လွှဲတတ်တဲ့ကောင်တွေ။ကြောင်အိုတော့ ကြွက်မလေးဆိုတဲ့စကား မှန်တယ်ဗျ။ကျုပ်ကလက်တွေ့ပါ။သူတို့ရှာတဲ့ပိုက်ဆံကျတော့ အခုထိ ကျုပ်ဆီတစ်ပြားမှ မပို့ဗူးသေးပါဘူး။သူတို့အမေဆီကိုတော့ ပို့တယ်လို့ကြားတာပဲ။သူတို့က အမေချစ်တဲ့သားတွေလေ။ကျုပ်ကိုတော့ အဖေနေကောင်းလားဆိုပြီးတောင် ဖုန်းလေးနဲ့ဆက်ပြီးမေးဖော်မရကြဘူး။ကျုပ်ကလည်းသူတို့ဆီက ပိုက်ဆံကိုမမျှော်လင့်ဘူး။ကျုပ်မှာ လက်တွေခြေတွေရှိနေသေးသမျှ အားအင်တွေရှိနေသေးသမျှ ဘယ်သားသမီးကိုမှ အားမကိုးဘူး။ကျုပ်က တောင်သူလုပ်ရင်း တစ်ဘက်က စက်ပြင်တယ် ။အဲ့ဒီစက်ပြင်ခလေးနဲ့ပဲကျုပ်ရဲ့သားသမီးတွေကို တင့်တင့်တယ်တယ်ထားနိုင်ခဲ့တာ။ စက်အပိုပစ္စည်းလေးတွေပါတင်ရောင်းနိုင်တော့ဝင်ငွေလေးကမဆိုးပါဘူး။ လယ်ခြောက်ဧကလည်းရှိသေးတယ်။စက်ပြင်လို့ရတာလေးကိုစားပြီး လယ်ကထွက်တဲ့စပါးကို လှောင်ထားနိုင်တော့ ကျုပ်ပိုပြီးအဆင်ပြေတယ်။စပါး ခေါင်ဈေးအမြင့်ဆုံးထိရောက်မှရောင်းတာ။တောင်သူတွေဆိုတာကလည်း အခုရိတ် အခုသိမ်းပြီး အခုချက်ချင်းရောင်းလို့ကတော့ ရှုံးတယ်ဗျ။တစ်ချို့လည်းအဆင်မပြေတော့ သိသိကြီးနဲ့ရောင်းလိုက်ရတာရှိတယ်။ကျုပ်သေရင်တော့ ကျုပ်ပိုင်သမျှနဲ့ ကျုပ်လယ်လေးကိုသားသမီးတွေအတွက်ထားရစ်ခဲ့ရမှာ။ ကျုပ်သားသမီးတွေခွဲဝေယူကြမယ်ဆိုတာလည်း ကျုပ်သိတယ်။လွန်ခဲ့တဲ့လေးငါးနှစ်လောက်ကဘကြီးထွန်းစိန်ပြောခဲ့ဘူးတာ ကျုပ်နားထဲကကိုမထွက်ဘူး။
” မင်းက သေရင်ငရဲရောက်
မဲ့ကောင် “တဲ့။
ဟုတ်တယ်။ဘကြီးပြောတာမှန်တယ်။ ကျုပ်ကို
ဘကြီးကကရုဏာဒေါသနဲ့ပြောခဲ့တယ်ဆိုတာလည်းကျုပ်သိတယ်။ကျုပ်ကလည်းကျုပ်ပဲ။အဲ့ဒီတုံးက ကျုပ်ကြွက်တူးပြီးပြန်လာတာ။လက်ထဲမှာလည်းကြွက်တွေတန်းလန်းနဲ့။မျက်လုံးလေးတွေပြူးထွက်နေတဲ့ကြွက်လေးငါးကောင်ကိုအမြီးကနေဆွဲပြီးပြန်လာခဲ့တာ။ဒါကိုဘကြီးထွန်းစိန်နဲ့တိုက်ရိုက်တွေ့သွားလို့ပြောခဲ့တဲ့စကား။ကျုပ်က အဲ့ဒီလိုအဖေမျိုး။ငရဲနဲ့ရင်းပြီးရှာဖွေကြွေးခဲ့တာ။
ငရဲကိုတော့ကျုပ်လည်းကြောက်တာပေါ့။ဒါပေမယ့်ကျုပ်သားတွေက ကြွက်ဆိုအင်မတန်ကြိုက်တဲ့ကောင်တွေလေ။ရွာဦးကျောင်းဆရာတော်က ရွာထဲမှာသာရေးနာရေးရှိတိုင်း ” သဒိသံ ပါကံ ဇနေတိ ” ဆိုပြီးခဏခဏဟောလို့ ကျုပ်အလွတ်ရနေပြီ။တူသောအကျိုးပေးမယ်ဆိုပါလား။မတတ်နိုင်ဘူးလေ၊ကျုပ်ကလည်း ကျုပ်သားတွေစားရဖို့အဓိကပဲ တူးခဲ့တာ။အခု ဆရာတော်ဟောသလို တူတဲ့အကျ်ိုးတွေပေးနေပြီဗျ။ ကျုပ်တူးခဲ့တဲကြွက်တွေထဲမှာ ကြွက်လေးတွေရဲ့အဖေအမေတွေပါချင်ပါမယ်။ဒီတော့ ကျုပ်..သားကွဲ မယားကွဲ အထီးကျန်ဖြစ်နေရတာ ဒီဝဋ်ကြွေးတွေကြောင့်လို့ပဲထင်တယ်။ဟိုအရင်ကျုပ်သားနှစ်ယောက်အိမ်ထောင်မကျခင်တုန်းကတော့ အခုလို မိုးရာသီဆိုရင်..ရွာအနောက်ဘက်ကချောင်းထဲမှာရော လယ်ကြိုလယ်ကြားမှာရောမြွေမကြောက် ကင်းမကြောက် ကျုပ်ငါးရှာဖားရှာထွက်ပြီးလုပ်ကိုင်ကြွေးမွေးခဲ့တာ။ဒီကျေးဇူးတရားတွေကိုမှမထောက်ဗျာ။အခု သူတို့မရှိတော့ကျုပ်လည်း ရှာချင်စိတ်မရှိတော့ပါဘူး။
ကျုပ်လေ..နှစ်လသုံးလလောက်အထိထားမေကို မျှော်လင့်နေခဲ့သေးတယ်။ထားမေပြန်မလာမှ လင်းမယားကွဲမှန်း သိလိုက်ရတာ။ကျုပ်ရှက်လည်းရှက်တယ်။ဝမ်းနည်းလွန်းလို့ မျက်ရည်တောင်ကျမိတယ်။ကျုပ်ရင်တွေအခုထိနာတုံး။တကယ်ဆို ကျုပ်ကို မချစ်မနှစ်သက်တော့ရင်တောင် ကျုပ်တို့ရဲ့သားလေးကိုငဲ့ညှာသင့်ပါတယ်။ရွာထဲမှာတော့ ကိုမြကြိုင်မယားငယ်နေလို့ ဆင်းရတာလို့ ထားမေပြောထားခဲ့တယ်။တကယ်ဆို ပတ်ဝန်းကျင်ကိုပြောစရာလိုလား။ကျုပ်ကိုမေးလေ။နောက်ပြီး မယားငယ်နေတယ်ဆိုတာ အကြားတစ်ခုပဲရှိတာ။ အမြင်မရှိဘူး။အမြင်မရှိပဲနဲတော့ မျက်ကမ်းတောတိုးယုံလို့မရဘူးလေဗျာ။ကျုပ်အမှန်တကယ်အငယ်အနှောင်းရှိတယ်ဆိုရင်ထားပါအုံး။အခုဟာက..မလိုလို့ပြောတဲ့ သူများစကားနဲ့တင် အသက်ကြီးကောင်းကြီးမှအခုလို သားကွဲ မယားကွဲဖြစ်ရတာ ကျုပ်ရင်နာလို့မဆုံးဘူး။
မှန်တင်ခုံပေါ်က နာရီလေးကိုကြည့်လိုက်တော့ ညနှစ်နာရီတောင်ထိုးနေပြီ။ကျုပ်ဟိုတွေးဒီတွေးနဲ့ မျက်လုံးကျယ်ပြီး အိပ်ချင်စိတ်တောင်မရှိ
တော့ဘူး။နောက်နာရီနှစ်ပတ်ဆို လေးနာရီထိုးလို့ ရွာဦးကျောင်းက အုံးမောင်းခေါက်တော့မယ်။ကျုပ် ဆွမ်းချက်ဖို့ ပြင်ရပြီ။မီးဖိုထဲကိုဝင်ကာ ထင်းစသေးသေးလေးတွေရှာပြီး မီးမွှေးဖို့ပြင်လိုက်တယ်။ဒီလိုမိုးရာသီဆိုရင်မီးကတော်တော်နဲ့မွှေးလို့ရတာမဟုတ်ဘူး။ ရေနံဆီဗူးလေးကိုယူပြီးထင်းစလေးတွေပေါ် နည်းနည်းလောင်းထည့်လိုက်မှဘဲ မီးမွှေးရတာအဆင်ပြေတာ။အပြင်မှာတော့ မိုးတွေရွာနေပြီ။လေကလည်းတစ်ချက်တစ်ချက်ပါလာတယ်။လေအဝေ့မှာအိမ်ခေါင်မိုးသွတ်ကို အုန်းလက် ပွတ်တိုက်တဲ့အသံကိုလည်းကြားရတယ်။ကဲ..မတတ်နိုင်ဘူး ရွာချင်သလောက်ရွာပါစေ မိုးလင်းရင်တော့ လယ်ထွန်သွားရအုံးမယ်။
ထမင်းအိုးကျက်တော့မှ ကြက်ဥငါးလုံးကို ကြက်သွန်ပါးပါးလှီးကာ မွှေကြော်လုပ်လိုက်တယ်။ဒါက ကျုပ်မိန်းမ မရှိတော့တဲ့နောက် ကျုပ်ရဲ့အမြန်ဆုံးနဲ့ အကောင်းဆုံးဟင်း။
ပြီးမှ အငယ်ကောင့်အတွက် ဆန်ပြုတ်အိုးတည်ထားလိုက်တာ။
” သားလေးရေ၊ထတော့ဟေ့ မိုးလင်းတော့မယ် ”
အငယ်ကောင်ကိုနှိုးတော့ မထချင် ထချင်နဲ့။
” အဟွတ်….အဟွတ် ”
ကျုပ်သားဆီကချောင်းဆိုးသံကိုကြားလိုက်ရလို့ အနားသွားပြီး နဖူးကိုစမ်းကြည့်တာ၊ ကိုယ်က တော့မပူတော့ဘူး။ကျုပ်စိတ်အေးသွားရပြီ။
” ကဲ သားရေ ထတော့ကွာ၊အဖေလဲ လယ်ထဲသွားရအုံးမှာ ”
ကျုပ်ထမင်းပူပူလေးကိုဆီဆမ်းပြီး ကြက်ဥမွှေကြော်လေးနဲ့နယ်ဖတ်စားနေလိုက်တယ်။
” ကိုမြကြိုင်…ဗျို့ကိုမကြိုင် သွားကြစို့ဗျို့ ”
ခေါ်သံကြားရလို့အိမ်ရှေ့ကို ထွက်လာခဲ့တယ်။
” ဟာ..ကိုသန်းအောင် ခဏစောင့်အုံးဗျာ၊ကျုပ်
ထမင်းပြီးအောင်စားလိုက်အုံးမယ်၊ လူရောခေါ်ခဲ့သေးလား ”
” စက်မောင်းသမားတစ်ယောက်နဲ့ ကန်သင်းနားရှင်းဖို့တစ်ယောက် ခေါ်လာခဲ့တယ်ကိုမြကြိုင် ”
” အော် ဟုတ်ကဲ့ .ကျုပ်လဲဒီနေတော့ဘာမှလုပ်နိုင်မှာမဟုတ်သေးဘူးဗျာ ”
ကိုသန်းအောင်ဆိုတာက လူပျိုကြီး။မိုးဦးစကျကတည်းက ကျုပ်လယ်ထဲမှာ နေ့စားလုပ်နေတဲ့သူ။မနေ့က ကိုသန်းအောင်ကိုနေ့စားအလုပ်
သမားနှစ်ယောက် အပိုခေါ်ခဲ့ဖို့မှာလိုက်တာ၊အရင်ကတော့ ကျုပ်ကလည်း အားကောင်းမောင်းသန်ဆိုတော့ ဘယ်အလုပ်သမားမှခေါ်စရာမလိုဘူး။ထွန်တော့လည်းကျုပ်ပဲ၊ကန်သင်းနားရှင်း၊ပျိုးကြဲ၊မြေဆီကြဲအကုန်ကျုပ်ကိုယ်တိုင်လုပ်ခဲ့တာ။အခုတော့ အားမတန်လို့မာန်လျော့လိုက်ရပြီ။တကယ်ဆို ကျုပ်အသက်အရွယ်အရ တရားအလုပ်ကိုလုပ်သင့်နေပြီဆိုတာကျုပ်သိတယ်။အငယ်ကောင် ဆယ်တန်းအောင်ပြီးသွားရင်တော့ကျုပ်တရားအလုပ်ပဲ လုပ်တော့မယ်လို့ဆုံးဖြတ်ထားတယ်။
” သားရေ..ဒီမှာဆန်ပြုပ်အိုးတည်ထားတာ ရပြီနော်၊ထမင်းတော့မစားနဲ့အုံး၊ ဆန်ပြုပ်လေးနည်းနည်းသောက်ပြီး မနေ့ကဆရာမပေးခဲ့တဲ့ ဆေးလေးသောက်ထားလိုက်၊အဖေလယ်ထဲသွားလိုက်အုံးမယ် ”
မျက်နှာသစ်နေတဲ့အငယ်ကောင်ကိုမှာစရာရှိတာ
မှာပြီး ကိုသန်းအောင်နဲ့ထွက်လာခဲ့တယ်။မိုးလေးကတစ်ဖြောက်ဖြောက်ကျနေတာ။လယ်ထဲရောက်တော့အနောက်တောင်က မိုးရိပ်တွေတက်လာတာတွေ့ရတယ်။မကြာခင်မိုးရွာတော့မယ်။လျှပ်စီးများကလည်းတလက်လက်။ကျုပ်တဲထဲကိုဝင်ထိုင်ပြီးဆေးလိပ်တစ်လိပ်ကိုမီးညှိသောက်နေလိုက်တယ်။မကြာဘူး ဆေးလိပ်လေး နှစ်ဖွာလောက်ဖွာကာရှိသေး မိုးကသဲကြီးမဲကြီးကို တဝေါဝေါနဲ့ရွာချလိုက်တာ။ထွန်စက်မောင်းနေတဲ့ အောင်ဘုဆိုတဲ့ကောင်လေးကတော့ မိုးကာအင်းကျီကိုဝတ်နေလေရဲ့ ။ကိုသန်းအောင်က မြက်ခုတ်ဓားနဲ ကန်သင်းနားတစ်လျှောက် ခုတ်နေပြီ။
” ကိုသန်းအောင်ရေ လာဗျို့၊မိုးတွေရွာ
လာပြီ ”
ကန်သင်းနားရှင်းနေတဲ့ ကိုသန်းအောင်ကိုကျုပ်လှမ်းခေါ်လိုက်ပေမယ့် မိုးသံလေသံတွေကြားမှာ ကျုပ်အသံကိုမကြားရဘူးထင်ပါတယ်။မိုးကလည်းအညှိုးနဲ့ရွာသလားအောက်မေ့ရတယ်။သဲကြီးမဲကြီးမှ တကယ့်ကိုသဲကြီးမဲကြီး။ဗျိုင်းတစ်အုပ်ကတော့ထပျံသွားပြီ။ထွန်စက်နောက်မှာ အစာလိုက်ကောက်နေတဲ့ ဇရက်ငှက်လေးနှစ်ကောင်ကတော့ရှိတုန်း။ကျုပ်စိတ်တွေကတော့ မိုးနဲ့အတူဟိုရောက်ဒီရောက်ပေါ့။ဟိုတစ်ချိန် အခုလိုစက်တွေမပေါ်ခင်ကတော့ နွားတွေနဲ့ရုံးရတာ၊ အဲ့ဒီအချိန်တုံးကတော့… ထွန်းတုံးပြင်ရ …ထွန်သွားခုတ်ရနဲ့ပေါ့၊ တွေးကြည့်ရင်လွမ်းစရာတော့ အကောင်းသားဗျ။.မလိုတော့လို့ရောင်းထုပ်လိုက်ရတဲ့ နွားတအုပ်ကိုမဆီမဆိုင် သတိရလိုက်မိတယ်၊ ဒီကောင်ကြီးတွေသာရှိရင် ဒီအချိန်ဆို…ခုန်ပေါက်မြူးတူးနေကြပြီ။
” ကိုမြကြိုင်၊ ကိုမြကြိုင် ”
မိုးကလည်းတိတ်သွားပြီ။ကိုသန်းအောင် ကန်သင်းနားရှင်းရာကနေ ကျုပ်ကိုခေါ်တဲ့
အသံကြားလိုက်ရတယ်။ကျုပ်တဲထဲကနေ ထွက်လာခဲ့တယ်။
” ဘာလဲ ကိုသန်းအောင်ရ ”
ကိုသန်းအောင်က ဘာမှပြန်မပြောပဲ ကောက်ရိုးပုံအနီးကိုလက်ညိုးထားပြတယ်။ကျုပ် ကြည့်လိုက်တော့
” ဟာ ”
လင်းမြွေနဲ့ ကြွက်မကြီးတစ်ကောင်။
တွင်းထဲဝင်နေတဲ့လင်းမြွေအမြီးပိုင်းကို ကြွက်မကြီးတစ်ကောင်က..ဝင်လို့မရအောင် ကိုက်ပြီးဆွဲထားတယ်။လင်းမြွေကလည်း တွင်းထဲကိုမရမကကို တိုးဝင်နေတာ။
” ကိုသန်းအောင်ရေ…ကျုပ်တို့တော့ စားရကံကြုံလို့မုတ်ဆိတ်ပျားစွဲတာပဲ၊သွားဗျာ..တဲထဲမှာ ကြွက်ထိုးမှိန်းရှိတယ် ၊သွားယူလိုက် ”
ကိုသန်းအောင်တဲဘက်ကိုခပ်သွပ်သွပ်လျှောက်သွားတော့ ကျုပ် ကြွက်နဲ့မြွေတိုက်ပွဲကိုကြည့်နေလိုက်တယ်။ကြွက်မကြီးတစ်ကိုယ်လုံးလည်း သွေးစသွေးနတွေနဲ့ ၊အားအင်လည်းကုန်ခံနေတဲ့ပုံ။လင်းမြွေရဲ့အမြီးပိုင်းကလည်းဒဏ်ရာဒဏ်ချက်တွေနဲ့။ အင်း..ဒီအတိုင်းဆိုနှစ်ကောင်းလုံးစားရတော့မယ်ထင်တယ်။ကျုပ်ကြည့်နေတုန်းမှာပဲကြွက်မကြီးက အားကုန်ထုပ်ပြီးလင်းမြွေရဲ့အမြီးကို ဆွဲလိုက်တယ်။လင်းမြွေကလည်းတစ်ချက်တွန့်လိမ်ပြီးအထဲကိုတိုးဝင်လိုက်တယ်။ခဏကြာတော့ လင်းမြွေဦးခေါင်းက တွင်းပေါက်ဝကပေါ်လာတယ်။ပါးစပ်မှာလည်း ကြွက်ပိစိသေးသေးနီတာရဲလေးတစ်ကောင်။တွင်းထဲမှာလည်းကြွက်လေးတွေရှိအုံးမယ်ထင်တယ်။
ကြွက်မကြီးက သူ့ကလေးကိုလဲတွေ့လိုက်ရော
ဒေါသမာန်ဟုန်ထသွားတယ်။ကိုက်ထားတဲ့အမြှီးကိုလွှတ်လိုက်ပြီးလင်းမြွေရဲ့လည်ပင်းတည့်တည့်ကိုပြေးပြီး ကိုက်လိုက်တယ်။လင်းမြွေကလည်းမရဘူး။လျောကနဲခုန်ထွက်လိုက်တယ်။
” ကျွိ… ကျွိ…ကျွိ..”
ကြွက်နီတာရဲလေးရဲ့အော်သံက ကြွက်မကြီးအတွက်ဘယ်လောက်နာကျင်စရာကောင်းလိုက်မလဲလို့ကျုပ် စာနာမိလိုက်တယ်။ကိုသန်းအောင်ပြန်လာတော့ လက်ထဲကမှိန်းကိုကျုပ်ယူလိုက်တယ်။ထိုးဖို့စဥ်းစားလိုက်ပေမဲမထိုးဖြစ်ဘူး။ကြွက်နီတာရဲလေးကရှိသေးတာ။
မှိန်းနဲ့လင်းမြွေရဲ့ခေါင်းကို အသာလှမ်းဖိလိုက်တယ်။ဒါပေမယ့် လင်းမြွေက
ကြွက်ပေါက်စလေးကိုလွှတ်ပြီးသူ့အသက်ဘေးကလွတ်အောင်ကောက်ရိုးပုံအောက်ကိုဝင်သွားလေရဲ့။ကြွက်မကြီးကတော့ တကျွိကျွိအော်နေတဲ့ သူ့ကလေးကို ကိုက်ချီပြီး တွင်းထဲကိုဝင်သွားတယ်။
တစ်နေဝင်လို့ တစ်မိုးချုပ်တော့မယ် ၊နီနီရဲရဲနေလုံးက အနောက်ရိုးမပေါ်မေးတင်နေပြီ။ငွေဗျိုင်းဗြူငှက်တွေကအိပ်တန်းပြန်ကြပြီ။ဖားလတက်ကလေးတွေရဲ့အော်သံကိုဟိုမှ ဒီမှကြားရပြီဆိုရင် ကျုပ်တို့အလုပ်သိမ်းအိမ်ပြန်ခဲ့ကြတယ်။
ဒီနေ့တော့အိမ်မပြန်ခင် ကိုသန်းအောင်နဲ့ကျုပ် ကြွက်မကြီးအခြေအနေကိုသွားကြည့်လိုက်ကြသေးတယ်။
ကျုပ်တို့နှစ်ယောက် ကောက်ရိုးပုံအနီးရောက်တော့ တွင်းပေါက်ဝမှာပဲ ကြွက်ကလေးခြောက်ကောင်ကိုနို့တိုက်နေတဲ့ ကြွက်မကြီးကိုတွေ့လိုက်ရတယ်။ကြွက်မကြီးကတော့ မလှုပ်မယှက်ငြိမ်သက်လို့။တစ်ကိုယ်လုံးလဲ မိုးရေတွေ သွေးစတွေနဲ့။
” ကိုသန်းအောင်ရေ..ကြွက်မကြီးက အသက်ရောရှိသေးလားဗျာ ၊သေချာကြည့်ပါအုံး ”
ကျုပ်ပြောပြောဆိုဆို ခဲလုံးတစ်လုံး ကြွက်မကြီးကိုယ်ပေါ်ပစ်ချကြည့်လိုက်တယ်။ကြွက်မကြီးကမလှုပ်။လုံးဝကိုမလှုပ်တော့။
” အသက်မရှိတော့ဘူးကိုသန်းအောင်၊ကြွက်ကလေးတွေကတော့ သနားစရာပဲဗျာ၊သူ့အမေမှမရှိတော့ရင် ရှင်သန်ဖို့မလွယ်တော့ဘူး၊အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ပေးမဲ့မိဘမရှိတော့သေဖို့ဘဲရှိတယ်၊ ဟိုမှာတွေ့လား တစ်ကောင်သေနေပြီ ”
” အဲ့ဒါပဲ ကိုမြကြိုင် သားသမီးတွေအတွက် အသက်ကိုတောင်စွန့်ပြီး ကာကွယ်စောင့်ရှောက်တာလူတွေမှမဟုတ်ဘူး၊ တိရိစ္ဆာန်တွေမှာလဲရှိတယ်နော် ”
” ဟုတ်တယ် ကိုသန်းအောင်ရေ၊ မိဘကျေးဇူးမြင့်ရ်မိုးဦးတဲ့၊ ကျုပ်တို့ဗုဒ္ဓက မာတာပိတုဂုဏော အနန္တော လို့ဟောထားတာမဟုတ်လား၊ဆပ်လို့မကုန်တာ မိဘကျေးဇူးဗျ။ မိဘဆိုတာဘယ်လိုမိဘမျိုးပဲဖြစ်ဖြစ် မပြစ်မှားထိုက်ဘူးဗျ ”
အပြန်လမ်းမှာ ကိုသန်းအောင်နဲ့ ကျုပ်အတွေးကိုယ်စီနဲ့ပြန်လာခဲ့ကြတယ်။ရွာနားရောက်တော့
မှကိုသန်းအောင်စကားတစ်ခွန်းစပြောလာတယ်။
” ကိုမြကြိုင် ခင်ဗျားသမီး ခင်ဗျားဆီပြန်လာမယ်ဆိုရင်ရော ခင်ဗျားလက်ခံနိုင်မလား ”
ကိုသန်းအောင်စကားကြောင့် ကျုပ်ခြေစုံရပ်လိုက်မိတယ်။ကိုသန်းအောင် ကျုပ်ကိုမေးတာအကြောင်းရှိဟန်တူပါတယ်။
” ကိုသန်းအောင်ရာ ကိုယ့်အရိပ်အောက်မှာနေပြီး
ကိုယ့်ကိုခြေကန်ထွက်သွားလဲ ကမ္ဘာပေါ်မှာ ပြန်လက်ခံနိုင်တာဆိုလို့ မိဘပဲရှိပါတယ် ၊ဘယ်မိဘပဲဖြစ်ဖြစ် ကိုယ့်သားသမီးနဲ့ အတူနေချင်ကြတာချည်းပဲ၊လူပေါင်းများစွာလိုက်သတ်ပြီး..ဆိုးမိုက်နေတဲ့အဂ်ုလိမာလကိုတောင် သူ့အမေကပြစ်မထားရက်ဘူးဗျ။တွေ့ချင်လွန်းလို့ တောတွေတောင်တွေထဲမှာ..လိုက်ရှာခဲ့တဲ့ သက်သေသာဓကရှိခဲ့ဘူးတာပဲ၊ကျုပ်သားသမီးတွေက အဂ်ုလိမာလလောက်မဆိုးသေးပါဘူး၊ ကျုပ်သမီးမှမဟုတ်ဘူး၊ကျုပ်သားတွေရော ကျုပ်အိမ်မှာပြန်လာမယ်ဆိုရင် ကျုပ်ကျေကျေနပ်နပ်ကိုလက်ခံမှာပါဗျာ ”
” ဒါဆို ခင်ဗျားသမီးက ခင်ဗျားဆီပြန်လာချင်လို့တဲ့ဗျ၊ ဘယ်လိုလဲ ”
” ဟုတ်မှလဲပြောပါကိုသန်းအောင်၊ ကျုပ်သမီးက ကျုပ်ကိုချစ်ဟန်မရှိပါဘူး၊သူ့အမေကိုပဲချစ်တာဗျ၊တကယ်ဟုတ်ရိုးမှန်ရင်လက်ခံတယ်လို့ပြောပေးပါဗျာ၊ ကျုပ်ကအဖေပါဗျ ”
” ဟုတ်ပါတယ် ကိုမြကြိုင်၊ ကျုပ်ညီမ မိအေး တမာကုန်းရွာကိုသွားလို့ ခင်ဗျားသမီးကိုယ်တိုင်ပြောလိုက်တာ၊အဖေကသာ လက်ခံမယ်ဆိုရင်ပြန်လာမလို့တဲ့ ”
” ဟုတ်မယ်ဆိုလဲ ဟုတ်မှာပါဗျာ၊ကျုပ်သမီးက အလိမ်မာလေးရယ် ၊လိမ်မာတဲ့သားသမီးဆိုတာ
ဆင်ခြေမပေးတတ်ဘူးဗျ ”
” ခက်တော့ အခက်သားကိုမြကြိုင်ရေ… ဒီနေ့ခေတ်ကြီးက အဖေနဲ့သား၊ အမေနဲ့သမီးကရန်သူတွေလိုဖြစ်နေကြပြီ ၊ နိုင်ငံခြားပြန် ၊ နိုင်ငံခြားသွားမလို့ဆိုပြီး သားသမီးတွေကလဲ အခြောက်တိုက်ကို ဘဝင်တွေမြင့်ပြီး သွေးနားထင်ကိုရောက်နေကြတာ၊အကုန်လုံးတော့မဆိုလိုပါဘူးဗျာ၊ အချို့သားသမီးတွေကိုပြောတာပါ ”
” ဒီလိုတော့ရှိတယ် ကိုသန်းအောင်…
ရေဘူးနဲ့ဖိနပ်မပါရင် နွေခါမှသိမယ်၊ဒါနနဲ့သီလမပါရင် သေခါမှသိမယ်တဲ့၊ရေဘူးဆိုတာကတော့ ထားတော့ဗျာ ၊ ဖိနပ်ဆိုတာ တစ်ဘက်ထဲပြောတာမဟုတ်ဘူးဗျ ၊ နှစ်ဘက်လုံးပါမှဖြစ်မှာ၊ နောက်ပြီးဖိနပ်ကလဲ ပြတ်နေလို့မဖြစ်ဘူး၊
ဖိနပ်ပြတ်နဲ့ခရီးသွားတော့ရော အဆင်ပြေမလားဗျာ၊ လူမြင်လို့ရော တော်မလား ၊ဒီလိုပဲဗျ ၊ ကျုပ်တို့မိဘတွေဆိုတာ ဘဝခရီးကို လျှောက်လှမ်းမယ့် သားသမီးတွေအတွက် မရှိမဖြစ်ဖိနပ်တစ်ရံလိုပါပဲ၊မိဘကိုဖိနပ်နဲ့နှိုင်းတာတော့မဟုတ်ဘူးနော်။ကျုပ်က သဘောကိုပြောပြတာ။ဖိနပ်ဆိုတာ အအေး ၊ အပူ၊ဆူးငြှောင့်ခလုပ်ကို ကာကွယ်ပေးတာဗျ။ဒီသဘောပဲ မိဘကလည်း ဘေးရန်အသွယ်သွယ် အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့သူတွေပါ။ ဖိနပ်ပြတ်ရင်တော့ နွေအခါမှပဲ သိရမှာ ၊ ကျုပ်တို့မိဘတွေ မရှိလို့ကတော့ တစ်သက်လုံးနောင်တရမယ်သာမှတ်ဗျာ ”
ရွာထဲဝင်လာတော့ ကျုပ်နဲ့ကိုသန်းအောင်နှုတ်ဆက်လမ်းခွဲလိုက်ကြတယ်။ကျုပ်ကလည်း
သမီးပြန်လာမယ်ဆိုလို့ ပျော်နေပြီ။။ငါ့သမီးလေး ငါ့ကိုချစ်ရှာသားပဲလို့တွေးနေမိတယ်။ဟုတ်မှာပေါ့ ကျုပ်သမီးက ကျုပ်ရွာမှာမွေးပြီး ကျုပ်နဲ့ပဲကြီးပျင်းခဲ့ရတဲ့သူ။ကျုပ်ကိုခွဲပြီး အကြာကြီးမနေနိုင်ဘူးဆိုတာကျုပ်သိတယ်။ပြန်လာရင်တော့ ကျုပ်သမီးကိုဆယ်တန်းအောင်တဲ့အထိကျောင်းပြန်ထားမယ်လိို့ဆုံးဖြတ်လိုက်တယ်။
ကျုပ်အိမ်ပြန်ရောက်တော့ မိုးချုပ်စပြုနေပြီ။
” သား သက်သာသွားပြီလား၊ဘာစားထားသေးလဲ ”
” သက်သာသွားပြီအဖေ၊ဆန်ပြုတ်လဲကုန်သွားပြီ၊ထမင်းဆာလို့အဖေ့ကိုစောင့်နေတာ ”
ကျုပ်သား…ထမင်းဆာနေပြီဆိုလို့ ရေကိုခပ်သွက်သွက်ချိုးလိုက်ပြီးဆန်ဆေး ထမင်းအိုးတည်ထားလိုက်တယ်။ပြီးမှ အိမ်ရှေ့ရှိဝါးကုလားထိုင်ပေါ်ထွက်ထိုင်ပြီး ဆေးလိပ်ကိုမီးညှိနေလိုက်တယ်။အဲ့ဒီအချိန် ကျုပ်သားက ကျုပ်ရှေ့လာပြီးရစ်သီ ရစ်သီလုပ်နေတာ။တစ်ခုခုပြောချင်နေပုံရတယ်။
” ဘာဖြစ်နေတာလဲသား၊ပြောချင်တာရှိရင်အဖေ့ကိုပြောလေ ”
သားကိုအကဲခတ်ကြည့်လိုက်တော့မျက်ရည်..ကလည်ကလည်နဲ့။
” နေ့လည်က မမလာသွားတယ်အဖေ၊အဲ့ဒါပြောမလို့ ”
” ဘာ ”
ကျုပ်အာမေဋိတ်သံကြောင့် ကျုပ်သားလန့်သွားတယ်။ကျုပ် ချက်ချင်းလေသံကိုလျော့ပြီး
” အင်း.သူ အခုဘယ်မှာလဲ ”
” ပြန်သွားပြီ အဖေ ”
” သူကဘာကိစ္စလာတာလဲ..မင်းကိုရောဘာပြောသွားသေးလဲ..ဒီမှာနေမလို့မဟုတ်ဘူးလားသားရ ”
ကျုပ်အသံတွေကတုန်နေတယ်။ကျုပ်သိချင်တာတွေက အများကြီး။
” အီး…ဟီး…ဟီး…မနေဘူးတဲ့အဖေ ၊ ယူစရာရှိလို့ လာတာတဲ့၊ သေတ္တာထဲက လက်ကောက်နှစ်ကွင်းယူသွားတယ်အဖေ အီး ဟီး ”
ကျုပ်သာလေး သူ့အစ်မပြန်သွားလို့ ဝမ်းနည်းသွားတာထင်ပါတယ်။ ရှိုက်ကြီးတငင်ငိုချလိုက်တယ်။အစ်ကိုတွေ အစ်မတွေရှိနေပါရဲ့နဲ့ တစ်ကောင်ကြွက်အထီးကျန်နေရတော့…သူလည်း ဝမ်းနည်းမယ်ဆို ဝမ်းနည်းမှာပေါ့။
ကျုပ်လည်း…ကျုပ်သမီးက အိမ်ကိုပြန်လာမယ်ဆိုတာ..ကျုပ်ကိုတွေ့ချင်လို့မဟုတ်မှန်းသိလိုက်ရတော့… ကျုပ်လေ လူတကိုယ်လုံးလေဟာနယ်ထဲမှာ မြောက်တက်သွားသလိုခံစားလိုက်ရတယ်။
” သားရာ..ဒါ..ငိုစရာလားကွ၊ အားတင်းထားစမ်းပါ ”
ကျုပ်….သားကိုနှစ်သိမ့်ပြောဆိုလိုက်ရပေမဲ့
ကျုပ်ကိုယ်တိုင်လည်း မျက်ရည်တွေကျလာလို့ သားလေးမမြင်အောင် တစ်ဖက်ကိုလှည့်သုတ်လိုက်ရတယ်။
ရွှေညာ (ရွာတန်းရှည်)