ပြိတ္တာမျက်ရည်

Posted on

ပြိတ္တာမျက်ရည်(စ/ဆုံး)
———————-

“အကို မိုးလင်းပြီ ထတော့လေ”
သာယာညိမ့်ညောင်းသောအသံလေးနှင့်အတူ သင်းပျံု့သော သနပ်ခါးရနံ့လေးက အိပ်ချင်စိတ်မပြေသေးသောကျွန်တော့၏
အာရုံကို ကြည်လင်လန်းဆန်းစေခဲ့ပေသည်။

“ထတော့လေအကို ခုမနက် ကျောင်းမှာစီးဝေးပွဲရှိလို့ စောစောသွားရမယ် ထတော့နော်”

“ဟုတ်ကဲ့ပါမိန်းမရယ် ထပါပြီဗျာ”

အိမ်ထောင်သက်၆နှစ်ရှိပြီဖြစ်သော ကျွန်တော်တို့လင်မယား၊
အသက်အားဖြင့် မိန်းမကကျုပ်ထက် ၉နှစ်လောက်ငယ်ပါသည်။
အိမ်ထောင်သက်၆နှစ်မှာ၃နှစ်သာ
အတူနေခွင့်ရပြီး ကျန်၃နှစ်က ယိုးဒယားမှာရွှေ့ပြောင်းလုပ်သားအဖြစ် အလုပ်သွားလုပ်ရာက ပြန်ရောက်တာ လပိုင်းပဲရှိသေးသောကျွန်တော်၊ အိမ်ထောင်ကျတဲ့နှစ်ကြမှ ၁၀တန်းအောင်သောကျွန်တော့မိန်းမကို ရရာအလုပ်လေးလုပ်ပြီး အဝေးသင်ဆက်ထားပေးခဲ့တာ ခုတော့ ရွာအထက်တန်းကျောင်းလေးမှာ မူပြဆရာမတဝန်ကိုထမ်းဆောင်နေလျှက်ရှိပေသည်။ မိန်းမက ငယ်သူဆိုပေမဲ့ စည်းစနစ်ကောင်းသောမိဘလက်မှာ
ကြီးပြင်းလာသူမို့ ကျွန်တော်ရှာပို့သမျှငွေကို မဖိတ်မစင်အောင် တစ်ကျပ်မှ နှစ်ကျပ်ဖြစ်အောင် အတိုးရင်းပွားလေးချ၊စပါးပေး၊ပဲပေးလေး ပေးကန်းထားတာလေးတွေနဲ့ လုပ်ထားလိုက်တာ ၃နှစ်အတွင်း ငွေသား
သိန်းရာဂဏန်းလောက်နှင့်အတူ “wave100honder”ဆိုင်ကယ်လေးတစ်စီး
အထိ ပိုင်ဆိုင်ခဲ့လေသည်။ ဒီတော့ ၆နှစ်အတွင်း ယောက္ခမအိမ်ကပ်နေရသော ကျွန်တော်တို့လင်မယားအတွက် မြေကွက်လေးတစ်ကွက်နဲ့အတူ အိမ်ယာသစ်လေးတစ်လုံးဆောက်ဖို့နီးစပ်ခဲ့ရပြီဖြစ်သည်။
ခုတော့ မိန်းမကလဲ တစ်ဘက်တစ်လမ်းက ဝင်ငွေရှိသလို ကျွန်တော်ကလဲ မိဘလက်ဖွဲ့ပေးသော ယာခင်းအတွင်း ကွမ်း၁သောင်းခြံချပြီး အလုပ်ကိုကြိုးကြိုးစားစားလုပ်ကိုင်လျှက်ရှိရာ နှစ်ဘက်ဝင်ငွေများနဲ့အတူ အိမ်ဆောက်ဖို့ ရည်မှန်းချက်ပန်းတိုင်သို့ အရှိန်အဟုန်နှင့် ချီတက်နေသောကာလဟုဆိုနိုင်ပေသည်။

အိပ်ယာထပြီးနောက် မျက်နှာသစ်၊
မိန်းမပြင်ပေးထားသောအဆာပြေကို ခက်သုတ်သုတ်စားပြီး အိမ်အောက်ကဆိုင်ကယ်ပေါ်တက်ခွ
လိုက်သည်။
“ဟော…. မေ့နေပြန်ပြီ ..ဓားမယူဖို့
ညီမရေ အောက်ဆင်းရင်း ဓားမပါဆွဲခဲ့ကွာ ခုမနက် သစ်ပင်ချိုင်ဖို့ရှိတယ်”
“ဟုတ်ကဲ့” ဆိုပြီးဓားမကတစ်ဘက် ကျောင်းဆွဲခြင်းတစ်ဘက်ဖြင့် အနှင်းတစ်ယောက် အိမ်အောက်ဆင်းလာလေသည်။

“အကိုရယ် မိုးတွင်းကြီးအပင်ပေါ်မတက်ပါနဲ့လား မဖြစ်မနေဆိုလဲ လူငှါးချိုင်ပါလား”
“ဒါတွေက အကိုလုပ်နေကျပါအနှင်းရယ်
လူငှါးရင် အနဲဆုံး၅ထောင်ပေးရမယ် ကို့ဖာသာချိုင်တော့ မပေးရဘူးပေါ့ ”
ကျွန်တော့အကြောင်းသိသော အနှင်းက သက်ပြင်းတစ်ချက်ချပြီး ဆိုင်ကယ်ပေါ်တက်လိုက်ချိန်…….

….ဝုတ်….ဝုတ်…
….ဂီး…..ဟဲ့ သောက်ခွေး….
…ဗျိ……ဗျိ…..
….ဟာ….မိုးမှောင်….ဘယ်လိုလုပ်တာလဲ
ငါ့ပုဆိုးတော့ကုန်ပါပြီ……
ဆိုင်ကယ်ထွက်မယ်အလုပ် ဘယ်ချောင်က ဘယ်လိုထွက်လာမှန်းမသိသော မိုးမှောင်က ကျုပ်ပုဆိုးစကိုအတင်းလာဆွဲသဖြင့် လင်မယားနှစ်ယောက် ကို့ရိုကားယားဖြစ်သွားသည်။
မိုးမှောင်ဆိုသည်မှာ အခြားမဟုတ် ကျုပ်တို့လက်ထပ်တဲ့နှစ်မှာပဲ ကျုပ်မွေးထားတဲ့
အိမ်မွေးခွေးကြီးဖြစ်သည်။

“ဟ မိုးမှောင် ဘယ်လိုဖြစ်နေတာလဲ ငါ့ပုဆိုးကို အခုလွှတ်စမ်း”

ဂီးးးးဂီးးးးဝုတ်… ဝုတ်….

ဘယ်လိုမှပြောမရတဲ့အဆုံး ဆိုင်ကယ်ပေါ်ကဆင်းပြီး လက်နဲ့အတင်းဆွဲဖြတ်လိုက်ရသည်။
ပြီးတော့ ဂုတ်ကဆွဲပြီး တိုင်မှာ သံကြိုးချည်ထားခဲ့လိုက်သည်။ ဒါတောင် အမျိုးကောင်းသားက ကျုပ်ကိုစူးစူးစိုက်စိုက်ကြည့်ပြီး သံကြိုးကိုအတင်းရုန်းဖြတ်နေသေးသည်။

ဆိုင်ကယ်စီးနေရင်း ….
“အကို ခုမနက် မိုးမှောင် ဘာဖြစ်တာလဲ”
“ညီမစိတ်တွေလေးသွားသလိုပဲ သူက အကို့ကိုမသွားစေချင်လို့ အတင်းဆွဲထားသလိုပဲနော်”

“အို….တိရစ္ဆာန်ပဲကွာ သူလဲ စိတ်အခက်မသင့်လို့နေမှာပေါ့…..”
ကျုပ်၏ခက်တိုတိုစကားကြောင့် မိန်းမလဲ ဘာမှဆက်မမေးတော့ချေ။
တကယ်ဆို တိရစ္ဆာန် တွေမှာ လူတို့ဥာဏ်နဲ့လိုက်မမှီနိုင်သော အတိတ်နိမိတ်တွေကိုကြိုမြင်နိုင်ကြတယ်ဆိုတာ ထိုအချိန်က ကျုပ်မသိခဲ့ပါလေ။

ကျောင်းရှေ့ရောက်တော့ဆွဲခြင်းလေးးဆွဲပြီး အိနြ္ဒရေရရလှန်းသွားသောမိန်းမကိုကြည့်ပြီး စိတ်ထဲမှကျေနပ်နေမိသည်။
ပြောလိုသာပြောတာ ကျုပ်မိန်းမက အိမ်ထောင်သူဆိုပေမဲ့ အသက်က၂၄နှစ်ထဲဝင်ယုံရှိသေး အဝတ်အစားကို ချပ်ချပ်ရပ်ရပ်ဝတ်ထားရင် တော်ယုံအပျိုတွေတောင်
လည်ပြန်ငေးရတဲ့ အလှမျိုးခင်ဗျ ကျုပ်လိုသက်ကြားအိုလေးအဖို့ ခုလို ငယ်ငယ်နုနုလေးရထားတာ တော်ယုံ ကုသိုလ်တထူးပြုခဲ့ယုံနဲ့တော့ ဖြစ်နိုင်မည်မထင်ချေ။

အခန်း(၂)

ဒုတ်…..ဒုတ်…..ဒုတ်…..
သတိကောင်းကောင်းထားပြီး လက်ဆခက်မှန်မှန်ဖြင့် ကွမ်းခြံကိုလောင်းဖြစ်နေသော
ကုက္ကိုကိုင်းကြီးကို တစ်ချက်ခြင်း ခုတ်ချလိုက်သည်။
ဖြောင်း….ဂျိုင်း…….အုန်း…
လူတစ်ဖက်စာသစ်ကိုင်းကြီးတော့ ချောချောမောမော အောက်ကျသွားသည်။
ကျန်သေးတယ် နောက်တစ်ကိုင်း ဒီအကိုင်းက ခက်တန်တန်ရယ် ဒါပေမဲ့ ကွမ်းခြံပေါ်မိုးနေသဖြင့် သတိနဲ့ခုတ်ရပေမည်။ အခက်မသင့်ရင် အောက်ကကွမ်းပင်တွေပြားသွားလိမ့်မည်။

ဒုတ်…..ဒုတ်………ဒုတ်

သစ်ပင်ပင်လုံးကို လက်တစ်ဘက်ကကိုင်ပြီး ကျန်တစ်ဘက်ဖြင့် သစ်ကိုင်းကိုမှန်မှန်လေးခုတ်ချလိုက်ရာ…
…ဂျွတ်…..ကျွီ…….ဗြုံး……
တစ်ဖြေးဖြေးညွှတ်ဆင်းသွားသောသစ်ကိုင်းအရှိန်ကြောင့် ကျုပ်နေသောအကိုင်းပါနိမ့်ဆင်းသွားသည်။
ဂျွတ်…..ဖြောင်း…..ဝှီး……..
…ဟာ…….အား……အမလေး……….
လုံးဝတွက်ဆမထားမိသော
အဖြစ်အပျက်ရယ်ပါ….အဖျားဝိတ်ပြတ်ကျသွားပြီးနောက် ကျုပ်တွယ်ထားသော ကုက္ကိုကိုင်းက ငါးများတံသုတ်လိုက်သလို ပြန်ထောင်သွားရာ ကုတ်ဖက်ထားသောကျုပ်ရဲလက်နှစ်ဘက်လုံး သစ်ကိုင်းမှလွတ်ပြီး အတောင်၃၀မြင့်သော ကုက္ကိုပင်ပေါ်ကနေ အောက်သို့ ဦးစောက်ထိုးကျသွားလေတော့သည်။
အုန်း………
ဂျွတ်……..
အီး……….
ဝုတ်….ဝုတ်…..
ဂါး…ဂါး….ဖြော….ဖရော…..
နောက်ဆုံးအအကြားအာရုံထဲတွင် ကျုပ်၏လည်ပင်းနေရာက “ဂျွတ်”ဆိုသောအရိုးကျိုးသံ တစ်ဖန် မှုံဝါးဝါးအမြင်အာရုံထဲ၌ သံကြိုးတန်းလန်းနှင့်ကျုပ်ဆီအတင်းပြေးလာသောမိုးမှောင်ဟာ ကျုပ်ရဲ့ ပူပူနွေးနွေး အသက်မဲ့တော့မဲ့အတဘောကြီးကို သစ်ကိုင်းကြားမှ အင်္ကျီဂုတ်ကိုကိုက်၍ ဆွဲထုတ်လျှက်ရှိသည်။ ထို့နောက် ကျုပ်ရဲ့အသိအာရုံအားလုံးအမှောင်ကျသွားလေတော့သည်။

အစိန်းသေမို့ထင်ရဲ့
စည်ကားလိုက်တဲ့အသုဘ ၃ရက်အတွင်း စပါး၃၀ကြိတ်ထားတာ တက်တက်စင်ကုန်ပါလေရော
အမေနဲ့ မိန်းမကတော့ ကမ္ဘာပျက်နေတာပေါ့လေ
ဖောင်း…ဒိုင်း……
ဝုန်း……
အမလေး သားကြီးရဲ့…..
အကိုရေ……အကို့ကို မီးမတို့ကြပါနဲ့
….အမလေး……..သေပါပြီ……….အီး…..ဟီး…….ဟီး……..

ဘာပဲပြောပြော ၁နာရီလောက်ကြာတော့ ကျုပ်ရဲ့ ကြွင်းကျန်ရစ်သော အလောင်းကောင်ကြီးက ပြာပုံဖြစ်သွားသလို မီးသင်္ဂြိုပေးသော ကစော်သမားတွေလဲ ပြန်ကုန်ကြလေပြီ။
ခုတော့ သုသာန်မှာ သက်ရှိဆိုလို့ ကျုပ်ရဲ့ခွေးမိုးမှောင်နဲ့ သက်မဲ့ဝိညဉ် ကျုပ်ပဲကျန်ခဲ့လေသည်။
မိုးမှောင်ကတော့ အပယ်ဘုံသားခြင်းတူလို့ထင်တယ် ကျုပ်ကိုမြင်တယ် တော်သေးတာပေါ့ တီးတိုးတိုင်ပင်ဘက်ခွေးတစ်ကောင်ရှိနေလို့။

၇ရက်လည်ပြီးသည့်နောက်တတစ်နေ့…

“မိုးမှောင် သားကြီး
ငါ အနှင်းကိုစိတ်မချဘူး အနှင်းနဲ့လဲ မခွဲနိုင်ဘူးကွာ ငါ အနှင်းရဲ့အနားမှာပဲနေချင်တယ်”
အီ…..အီ…..အူးးစ်
ကျုပ်စကားကိုနားလည်ပုံရသောမိုးမှောင်ကရှေ့ကဦးဆောင်ပြီးရွာဘက်ပြန်သည်။ ကျုပ်ကနောက်ကလိုက်ရင်း ရွာအဝရောက်တော့
“ဟိတ်ကောင် ရွာထဲမဝင်နဲ့ ၇ရက်ပြည့်သွားပြီဝင်ခွင့်မရှိတော့ဘူး”
….ကြည့်ရတာ ရွာစောင့်နတ်ဖြစ်ဖို့များတယ် ရမ်းဝင်ရင် သူလက်ထဲကိုင်ထားတဲ့ ကြိမ်လုံးကသက်ညှာမည်မဟုတ်။ ဒီတော့ ကျုပ်လဲ ဘာဆက်လုပ်ရမည်မသိတာနဲ့
မိုးမှောင်ဘက်ကို မျက်နှာငယ်လေးနဲ့ကြည့်လိုက်တယ်….
ထိုအခါ အကင်းပါးသောမိုးမှာင်က သုသာန်ဘက်ပြေးထွက်သွားပြီး ပါးစပ်ကနေ ဖြူဖြူ အရာတစ်ခုကိုကိုက်လာတယ် သေသေချာချာကြည့့်လိုက်တော့ ကျွန်ုပ်၏ တင်ပါးဆုံအရိုးစလေးဖြစ်သည်။
“အဲ့ဒါ ဘာလုပ်ဖို့လဲမိုးမှောင်”
အီ…အီ……..
မိုးမှောင်ဟာ ထိုအရိုးစလေးကိုချီပြီး ရွာအစွန်ရှိ ယောက္ခမအိမ်ခြံ
(ကျုပ်တို့လင်မယားအတူနေခဲ့သော
အိမ်ဝိုင်း)အပြင် ဆောက်ကုလားခြုံအောက်မြေကြီးအတွင်း လက်ဖြင့်ယက်၍မြှုတ်လိုက်သည်။
ဒီတော့မှ ကျုပ်သဘောပေါက်လိုက်သည်။

“ဒါမှ မိုးမှောင်ကွ မွေးရကျိုးနပ်တဲ့ခွေးကွ”

ကျွန်ုပ် လက်ခမောင်းခက်ပြီး ဆောက်ကုလားခြုံပေါ်တက်ထိုင်လိုက်ကာ ရွာအဝက ရွာစောင့်နတ်ဆိုသူကြီးကို တစ်ချက်မဲ့ပြလိုက်လေသည်။
ထိုအခါ ရွာစောင့်နတတ်က ပြန်ရွဲ့ပြပြီး “တတ်လဲတတ်နိုင်တဲ့ ခွေးနဲ့ ပြိတ္တာကောင်”ဆိုပြီး ကွယ်ပျောက်သွားလေတော့သည်။

အခန်း(၃)
အိမ်ကရွာအစွန်မှာဆိုတော့ ကျုပ်နေတဲ့ ဆောက်ကုလားခြုံပေါ်ကကြည့်ရင် မိန်းမနေတဲ့အခန်းကိုကောင်းကောင်းမြင်ရသည်။ ခုလိုအခြေနေမျိုးမှာ ဒီလိုအခွင့်အရေးလေးမျိုးနဲ့မြင်တွေ့ခွင့်ရတာ အဆိုးထဲကအကောင်းလို့ယူဆမိပါသည်။
ကျွန်တော်က ပြိတ္တာဆိုတော့ ခန္တာကိုယ်ကို လိုသလို ကြီးနိုင်သေးနိုင်သောကြောင် မိန်းမနေတဲ့အခန်းကို အနိမ့်အမြင့် လိုသလိုဖန်ဆင်း၍ လမ်းကြည့်နိုင်သည်။ ကြည့်လိုက်တိုင်း အခန်းထဲမှာ ကျုပ်တို့မင်္ဂလာဦးဓာတ်ပုံလေးကိုကြည့်ပြီးငိုနေတော့တာပါပဲ။
ခုမှတော့ စိတ်မကောင်းဖြစ်ယုံကလွဲပြီး ဘာတက်နိုင်မလဲလေ ။
ယနေ့ည ကျုပ်ဗိုက်တွေ အရမ်းဆာနေသည်။မသေခင်မနက်က မိန်းမပြင်ပေးသောအဆာပြေထမင်းကိုစားပြီးထဲက ခု ၁လကျော်တဲ့အထိ အစားမစားဖြစ်သေဘူး။ ရင်ထဲကသောကမီးအရှိန်တွေကြောင့် အစားစားဖို့တောင်မေ့နေခဲ့သည်။

“ဆာ….ဆာလိုက်တာမိုးမှောင်ရယ် ငါ ဗိုက်တွေဆာလိုက်တာ….. ကွာ” ရင်ဝကိုမှးစပြင်းပြင်းနှင့်အထိုးခံရသလို
ရှိသဖြင့် ညည်းလိုက်မိသည်။
အီ….အီ………အိုင်…
ညည်းပြစရာလဲမိုးမှောင်ပဲရှိတယ်
အရမ်းဆာလွန်းတော့ မတ်တပ်တောင်
ကောင်းကောင်းမရပ်နိုင်သောကျွန်တော် အရုပ်ကြိုးပြတ်လဲကျသွားသည်။ ထိုအချင်းအရာကိုမြင်တော့ မိုးမှောင် ချာခနဲ အိမ်ဘက်ကိုပြေးထွက်သွားသည်။ လူ့ဘဝတုန်းက ဗိုက်ဆာရင် မိန်းမကို တစ်ခွန်းပြောလိုက်တာနဲ့ လက်ဆေးနှိုက်ယုံ ရှိခဲ့သောကျွန်တော် ယခုဘဝမှာတော့ဗိုက်ကိုလက်နဲ့နှိပ်ပြီး လှည်းလမ်းမှာ လူးလှိမ့်နေရသည်။
ဝုတ်…ဝုတ်….
အီး…..ဟီး…..ဘာ…ဘာလဲမိုးမှောင်…
…ဟင်…….ဘုရား ဘုရား…….
မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ကျွန်တော် အရမ်းအံ့သြသွားသည်။ ပါးစပ်မှာ ကိုက်ချီလာသော သူစားတဲ့စားခွက်၊စားခွက်ထဲမှာ ငါးအရိုးအရင်းလေးတွေအနဲအကျင်းနဲ့ နယ်ဖက်ထားသော ထမင်းများ။ သူ့ရဲ့အမူအရာက ကျုပ်စားဖို့ယူလာတယ်ဆိုတယ့်သဘောပေါ့လေ။ အစတော့ ကျွန်တော် တွေသွားသည် ခွေးစားခွက်ထဲကထမင်းကို စားရမည့်ဘဝတဲ့ဗျာ၊ထပ်ပြီးစဉ်းစားတယ် ဒါမှာမစားလို့ ဘာသွားစားမလဲပေါ့..
ပြီးတော့ မိုးမှောင်က ခွေး တစ်နည်းအားဖြင့် တိရစ္ဆာန်၊ ကျုပ်က ပြိတ္တာ အပါယ်ဘုံသားခြင်းအတူတူ ဘာဖြစ်တော့တာမှတ်လို့ ….ကဲ သားကြီးရေ မင်းလဲဒီညစားဖို့ ဒီဟာပဲရှိတာ ငါလဲ ဒါမှမစားရင် ဘာဆက်ဖြစ်မယ်ဆိုတာမတွေးရဲဘူး ဒီတော့ တစ်ယောက်တစ်ဝက်စားမယ်ကွာဆိုပြီး စားခွက်ထဲကထမင်းကို မိုးမှောင်နဲ့ကျွန်တော်အားရပါးရစားသောက်လိုက်လေတော့သည်။ မိုးမှောင်၏ကောင်းမှုကြောင့် ပြိတ္တာဘဝမှာ နေရေး၊စားရေးလေးတော့ အဆင်ပြေသွားသည်။ အဝတ်အစားကတော့ ပြိတ္တာတစ်ကောင်အတွက်မလိုအပ်ချေ။

အခန်း(၄)
တောက်…….
ကြားလိုက်ရသောစကားတွေကြောင့် အံကြိတ်ပြီးတောက်တစ်ချက်ခေါက်လိုက်မိမိသည်။
ဘယ့်နယ်ဗျာ ယောင်္ကျားသေတာဖြင့် အခါမလည်သေးသော ကျုပ်မိန်းမကို နောက်လင်ယူဖို့နားချနေသော ယောက္ခမ၏အသံ။
“ဒီမယ်သမီး အမေတို့အားလုံးစီစဉ်ပြီးပြီ
နင့်အဖေကလဲ သဘောတူလက်ခံတယ်၊
တစ်ပင်လဲလို့တစ်ပင်ထူတာပဲအေ သွားလေသူ “မောင်အောင်မောင်း”အပေါ် သစ္စာမဲ့တာမှမဟုတ်ပဲ အမေတို့လဲ အသက်ကြီးပြီ ပြီးတော့ သမီးမှာ အောင်မောင်းရဲ့ရင်သွေးကျန်ခဲ့တာလဲ
မဟုတ်၊အမေတို့ရှိတာမှဒီသမီးတစ်ယောက်ရယ်၊ အမေတို့ မျက်ကွယ်မပြု ငါ့သမီးလေးကို မောင်ခင်အောင်ရဲ့လက်ထဲမှာ စိတ်ချလက်ချထားခဲ့ချင်တယ်ကွယ်”

တစ်ခွန်းချင်း စီးချက်ညီညီ
ရိုက်သွင်းနေသောစကားတွေက အနှင်းအတွက် ပြန်လည်ငြင်းဆန်ပြောဖို့ အခက်တွေ့စေခဲ့ပါသည်။
ထင်ထားတဲ့အတိုင်း
နောက်ရက်များမှာ ခင်အောင်ဆိုတဲ့ငနဲ အိမ်ကိုအဝင်အထွက်များလာလေသည်။
အထူးသဖြင့် ကျောင်းပိတ်ရက် စနေ၊တနင်္ဂနွေလိုရက်မျိုးမှာပေါ့။ ကျုပ်မိန်းမလဲ မိဘတွေရဲ့ပြောစကားကြောင့် အလိုက်သင့် ပြောဆိုဆက်ဆံနေရပုံရပါသည်။
“မိုးမှောင်ငါ့အသည်းတွေတော့ကွဲရတော့မယ်ထင်တယ်။ အနှင်းကို သူ့အိမ်က ခင်အောင်နဲ့ ပေးစားတော့မယ်ကွ ငါ..ငါ…မခံစားနိုင်ဘူးကွာ….”

ကျုပ်မိန်းမဟာ ကျုပ်ရဲ့ဘဝတစ်ခုပါ ချစ်လွန်းလို့ မရမက ရအောင်ယူထားရတဲ့သူလေးပါ။ ကျုပ်နဲ့လက်ထပ်စဉ်က ငယ်သေးလို့ သူ့မိဘကမျက်ရည်လေးတစ်စမ်းစမ်းနဲ့ပေါ့။
ခုတော့ ကျုပ် ဝဋ်လည်ပြီထင်တယ်။

ထို့နောက် တစ်နေ့သောတနင်္ဂနွေနေ့မှာ ခင်အောင်အပါအဝင် သူ့မိဘများ၊ရပ်မိရပ်ဖများ အိမ်ကိုရောက်လာပြီး အနှင်းကို လာမြန်းကြတယ်။
ဘာတဲ့….ရွှေတစ်ဆင်စာ၊လယ်၃ရှဉ်းမောင်း၊ငွေသား သိန်းတစ်ရာတိတိထည့်မဲ့အပြင် မင်္ဂလာဆောင်ကိုလဲ ခင်အောင်တို့ရွာမှာ ကြီးကြီးကျယ်ကျယ်ဆောင်ဦးမှာတဲ့။ ထိုစကားတွေကြားတော့ ကျုပ် အရုပ်ကြိုးပြတ်လဲကျသွားသည်။ ဘယ်ကဘယ်လိုကျလာမှန်းမသိသော မျက်ရည်တွေက ထိန်းလို့မနိုင်အောင်ပါပဲ။ ဝမ်းနဲ့ခြင်း၊သိမ်ငယ်ခြင်းဆိုတာ ဒါမျိုးဖြစ်ပေလိမ့်မည် ကျုပ်မိန်းမကို ကျုပ်တောင်ယူစဉ်အခါက
မြေတစ်ဧကနှင့် ငွေသား၃သိန်းသာထည့် နိုင်ခဲ့သည်မဟုတ်လား။ ဝမ်းနည်းချင်းနဲ့တူ ခံပြင်းစိတ်၊ ဒေါသစိတ်တွေနဲ့အတူလဲကျနေရာမှာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး
ပြန်ထလိုက်သည်။
ပြီးတော့ ကန်စင်းဘောက်ဘေးရှိ ပုစွန်လုံးကျစ်စာခဲ(ကျစ်လစ်သော မြေစိုင်ခဲ)ကိုကောက်ယူပြီး
“ဟင်း…ဟင်း…
….ခင်အောင်….ခင်အောင်…..မင်းက ငါ့မိန်းမကိုငွေနဲ့ပေါက်ပြီးဝယ်တယ်ပေါ့လေ အေး….ငါ့မိန်းမတော့မရဘူး ဒါပဲရမယ်ကွ…
..ကဲကွာ….ဝှီး….ဖြော……ဂလုံ….အား….
..အမလေး…ဘ…ဘာဖြစ်တာလဲ…ဘယ်သူပစ်တာလဲ…ဘယ်ကောင် လက်ကမြင်းတာလဲ……
..အားလုံးရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး အောက်ကိုဆင်းကြည့်ကြသည်။
ကျုပ်ရဲ့လက်ဆက လူ့ဘဝတုန်းကလိုပဲ သိပ်တည့်ချေတော့ ပြည်တောင်းလောက်ရှိတဲ့ ပုစွန်လုံးကျစ်စာခဲကြီးက အိမ်ပြူတင်းပေါက်ကနေဝင်ပြီး မိန်းမလာတောင်းတဲ့ငှက်ပျောပွဲဖလားကြီးကိုတည့်တည့်မှန်သွားတာကိုး….
ပစ်တဲ့သူကိုလိုက်ရှာကြသောလဲ ဘာအရိပ်အယောင်မှမတွေ့ရ ၊ မတွေ့ဆို
ဥက္ကဌကိုယ်တိုင်ပါတဲ့မိန်းမတောင်းတဲ့ပွဲကို ဘယ်သူကခဲနဲ့ပစ်ရဲမှာတုန်း။
“ကို….ကိုတင်သိန်း….ဖြစ်…ဖြစ်ပါ့မလား”
” ဘာကိုပြောတာလဲ မယ်ကြိုင်ရဲ့…. ”
“ဒါ…ဒါ….အောင်မောင်းများ သူ့မိန်းမကိုယောကျာင်္းပေးစားမှာမကျေနပ်လို့ ပစ်လိုက်တာလားမသိဘူး”
ဘလို……အောင်မောင်း….ဘုရား…ဘုရား..
အိမ်ပေါ်ရှိလူအားလုံး မျက်လုံးပြူးကုန်ကြသည်။ သည်အထဲမှာ လူစွမ်းကောင်းထလုပ်သူက “ခင်အောင်”ဖြစ်သည်။
“အိုဗျာ အောင်မောင်းကသေတာဖြင့် အခါလည်တော့မယ် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကျုပ်ကတော့ မင်္ဂလာပွဲအပျက်မခံနိုင်ဘူး ကျုပ်ကမိနှင်းကို ငယ်ငယ်ထဲက တစ်ဘက်သက်ကြိုက်ခဲ့တာ အောင်မောင်းကဦးသွားလို့…ဒီတစ်ခါတော့ မိနှင်းကို လက်လွှတ်မခံနိုင်ဘူး….အဲ့တော့ သံသယရှင်းသွားအောင် ခုနပစ်တဲ့ခဲက အောင်မောင်းပစ်တာ ဟုတ်မဟုတ်ကျုပ်စမ်းပြမယ်”
“ဟေ့ကောင် အောင်မောင်း ခုနပစ်တဲ့ခဲက မင်းလက်ချက်ဟုတ်မဟုတ် အားလုံးကသေသေ ချာချာ သိချင်ကြတယ် ဒီတော့ မင်းပစ်တာဆိုရင် နောက်..တစ်…ချက်…….လောက်..လောက်

ဝှီး…..ဝှီး…..ဖြော…ဖွမ်း

.အ….အမလေး…….သေပါပြီဗျ…

ပြောလို့ဖြင့်မဆုံးသေး ကျုပ်ပစ်လိုက်တဲ့ ၂တောင်သာသာဝါးရင်းပိုင်းကြီးက ခင်အောင့်နှာဖူးဆီသိုတည့်တည့်မှန်သွားလေသည်။ ထို့နောက် အိမ်ပေါ်ရှိသူအားလုံး အရပ်ရှစ်မျက်နှာသို့ ပုံစံမျိုးစုံဖြင့် ခုန်ဆင်းသွားကြကုန်လေတော့သည်။

(ဇာတ်သိမ်း)

ထိုသီတင်းဟာ ရွာနီးခြောက်စပ်ထိပြန့်သွားပြီ တစ္ဆေအောင်မောင်းတို့ နာမည်ကြီးချင်တိုင်းကြီးသွားတော့သည်။
နှာဖူးကို၆ချက်ချုပ်လိုက်ရသော ခင်အောင်ကတော့အိမ်ဘက်ကိုခြေဦးမျှပင်လှည့်မလာတော့ချေ။ ဒါပေမဲ့ ဉာဏ်နီဉာဏ်နက်များသော
ခင်အောင်ကိုတော့ သိပ်ပြီးစိတ်ချလို့မရသေး သတိတော့ ကြီးကြီးထားရပေမည်။
သည်လိုနှင့်တစ်ပါတ်လာက်ကြာတော့ ယောက္ခမ အမကြီးက မိန်းမကိုခေါ်ပြီး ဘယ်ကိုသွားတယ်မသိ တစ်ပါတ်လောက်ပျောက်သွားလေသည်။ ကျုပ်သိနေတယ် ဒါ ရိုးရိုးသားသား ပြောက်သွားခြင်းတော့ဟုတ်မည်မထင်….အကြောင်းတော့ရှိကိုရှိရမယ်။
တစ်ပါတ်လောက်ကြာတော့ အနှင်းပြန်ရောက်လာသည်။
ဟာ…..အ…..နှင်း..နဲ့….ခင်….အောင်…

လုပ်ရက်လိုက်လေခြင်းဗျာ ဒီမှာမင်္ဂလာဆောင်ရင် ကျုပ်ကနှောက်ယှက်မှာသိကြလို့ ခင်အောင်တို့ရွာမှာသွားဆောင်ပြီးပြန်လာ
ကြတာတဲ့လေ။ ဒါ ဒါဆို….ဒီ…ဒီညက သူတို့ရဲ့ မင်္ဂလာဦးညပေါ့လေ….
…လုံးဝ…အဖြစ်မခံနိုင်ဘူး….ဒီကောင် ငါ့မိန်းမကို…..တောက်….သိကြရောပေါ့ကွာ…ဒီည ငါ့အကြောင်းသိရမယ် ခင်အောင်…ငါ့မိန်းမအနားမှား မင်းကို လုံးဝနေခွင့်မပေးနိုင်ဘူး….တောက်….
ဒီညကြမှာ အလိုက်သိသော ယောက္ခမနှစ်ယောက်က ဘယ်သွားနေတယ်မသိ အိမ်မှာရှိပုံမရချေ။
သည်လိုနှင့် ည၉နာရီအချိန်ရောက်သောအခါ…
……နှစ်ဖြာယှဉ်တွဲပြီး ဆောင်တော်ခန်းထဲဝင်သွားကြလေပြီ။
ကျုပ်ရင်တွေကိုမီးစနဲ့ထိုးထားသလို ပူလောင်နေရလေပြီ။ ထိန်းမရသောဒေါသတွေနဲ့အတူ ပြူတင်းပေါက်မှတစ်ဆင့် အိမ်ခန်းထဲကည့်လိုက်ချိန်…
…ဟာ….အီးး…ဟီးး…အနှင်း….အနှင်းရယ်
…ကျုပ် အရမ်းမြတ်နိုးရတဲ့ ပန်းလေးကို
ဟိုကောင်ခင်အောင်…
တောက်….မင်းလားကွ ငါမိန်းမကိုထိတာ…
…ဝုန်း….ဗြုံး…..အုန်း……..
…အမလေး……
ကျုပ် အိမ်ဝိုင်းထဲကိုခုန်ဝင်ပြီး ထံရံကြားကနေ ခင်အောင့်ခြေထောက်ကို ဆွဲချလိုက်သည်။
အမလေး…ကိုခင်အောင်…..
ကယ်ကြပါဦး ကယ်ကြပါ….ဒီမှာ ကိုခင်အောင်သေတော့မယ်….
ကြောက်အားလန့်အားနှင့်အော်ပြီးဆင်းပြေးသွားသော အနှင်းကိုကြည့်ပြီး နဲနဲတော့ ရင်ထဲနင့်သွားသည်။ အသစ်ဆက်ဆက်ယောင်္ကျားအတွက်စိတ်ပူတတ်နေသောအနှင်း။
အိမ်အောက်သို့ပြုတ်ကျလာသောခင်အောင်လဲ အကျနာပြီးပြန်မထနိုင်သေးချေ။
ဟင်း…ဟင်း….ဒီပွဲက မင်းသေမှအေးမှာခင်အောင်….သေပေတော့…ခင်အောင်ကိုအသေသတ်ရန် ခြေနှစ်ချောင်းကိုင်ပြီး အုန်းပင်နဲ့ရိုက်မည်အလုပ်။

“ဒါကာအောင်မောင်း”
ဘုရား…….

ကျုပ် ရောင်ပြီးထူးလိုက်သည်…
လှည့်ကြည့်လိုက်တော့
ဟင်….ရွာဦးကျောင်းဆရာတော်ကြီး…

” ဒေါသ…မောဟတွေ ကြီးလိုက်တာကွယ်
ဒီဘဝရောက်နေတာတောင်လောဘ၊ဒေါသတွေကြီးနေတုန်းပဲလား”
ဘုန်းကြီးမေတ္တာရပ်ခံပါတယ် ခုချက်ခြင်း ခင်အောင်ကိုလွှတ်လိုက်ပါကွယ်….
ဆရာတော်၏မေတ္တာရပ်ခံမှုကြောင့် ကိုင်ရိုက်မည့်ဆဲဆဲ ခင်အောင်ကို အောက်ချပေးလိုက်သည်။
ခဏအတောအတွင်း
အနှင်း၏အော်သံကြောင့် တစ်ရွာလုံးနီးပါးလည်းရောက်လာကြသည်။သို့သော်ကျုပ်ကိုဆရာတော်ကလွဲပြီးဘယ်သူမှမမြင်ရပေ။

“ဘာ ဘာတွေဘယ်လိုဖြစ်တာလဲအရှင်ဘုရား”

ဥက္ကဌအမေးကြောင့် ဆရာတော်က ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်ရာ.
…ဒါ…ဒါဆို ဒီနားမှာ အောင်မောင်းရှိတယ်ပေါ့…ဟုတ်လားဘုရား… ” ရှိတယ် ရှိတာခုမှမဟုတ်ဘူး ၇ရက်လည်ပြီးထဲက သူ့ခွေးခေါ်လာလို့ ဟိုဆောက်ကုလားခြုံမှာနေနေတာ”

“ဟုတ်ရော ဟုတ်ရဲ့လားဘုရား….”

တကယ်ပါဒါကာ အောင်မောင်းရဲ့ ယခုရောက်နေတဲ့ဘဝရဲ့အသွင်ကို ကြည့်ဝံ့သူရှိရင် ရှေ့ကိုထွက်ခဲ့။ ဆရာတော်ရဲ့စကားဆုံးတော့ အမေ၊ဘယ်ကပြန်ရောက်လာမှန်းမသိသော ယောက္ခမနှစ်ယောက်၊ ဥက္ကဌ၊အနှင်း၊ခင်အောင်အပါအဝင် လူလတ်ပိုင်း၊လူကြီးပိုင်းအကုန်နီးပါရှေ့ထွက်လာသည်။
“ကိုင်း…ကြည့်မဲ့လူအားလုံးဘုန်းကြီးဝိုင်းပေးတဲ့စည်းဝိုင်းထဲကိုဝင်၊ပြီးရင် အောင်မောင်းအပါအဝင် မြင်အပ် မမြင်အပ် ပုဂ္ဂိုလ်အပေါင်းကို မေတ္တာပို့ကြ”
စည်းဝိုင်းအတွင်းလူစုံသောအခါ ဆရာတော်က ဖုတ်(မြေမှုံ) တစ်ဆုပ်ကိုကောက်ယူပြီး
“ကိုင်း မြင်ချင်တာကို မကွယ်မဝှက်မြင်စေ”ဆိုပြီး ကျုပ်ကိုလှန်းပက်လိုက်သောအခါ။

ဟာ….အ….အမလေး….ဘာကြီးလဲ
…သရဲ….သရဲ……အကောင်ကြီး နဲတဲ့ကောင်ကြီးမဟုတ်ဘူး…ပြေး..ပြေး….

စည်းထဲကလူအားလုံးကျုပ်ကိုမြင်တော့ သွေးပျက်ပြီး တစ်ချို့ ထွက်ပြေးဘို့ပြင်ကြသည်၊တစ်ချို့မေ့လဲသွားကြသည်။
…ဟေ့…တစ်ယောက်မှမပြေးနဲ့ …ဒါဟာ..
ဒါက/ဒါယိကာမတို့နဲ့ တစ်ရွာထဲနေခဲ့တဲ့ အောင်မောင်းပဲ ဘဝကူးမကောင်းလို့ ပြိတ္တာဖြစ်နေတာ…..
ဆရာတော်မိန့်ခါမှ ကျုပ်ကိုယ်ကျုပ်ပြန်ကြည့်မိလိုက်သည်။
ဟုတ်ပါရဲ့ ဒေါသအရမ်းကြီးနေသောအချိန်မို့ထင်ရဲ့ ကျုပ်အရပ်က အိမ်ခေါင်မိုးကျော်ကျော်ရှိနေသည်၊
တစ်ကိုယ်လုံး အမွှေးကြမ်းများ၊တစ်ထွာကျော်ကျော်ခြေသည်း၊လက်သည်းများနှင့် အင်မတန်ကြောက်စရာကောင်းနေပါလိမ့်မည်။
” ကိုင်း….ဒါကာအောင်မောင်း ဘုန်းကြီးမေးတာ အမှန်အတိုင်းဖြေ
” တင်ပါ့ဘုရား…..”
“ဒါကာခင်အောင်ကို ဘာကြောင့်ရန်မူတာလဲ”
တပည့်တော်မိန်းမနဲ့ အတူမနေစေချင်လို့ပါ..
“ကောင်းပြီ ခု ဒါကာရောက်နေတဲ့ဘဝကိုရောသိလား”
တင်ပါ့…ပြတ္တာ ဘဝပါဘုရား….
“ဒါဖြင့် ပြိတ္တာနဲ့လူ ဘဝခြားသွားပြီ ပေါင်းဖတ်လို့မရတော့ဘူးဆိုတာရော လက်ခံသလား…..
“တင်ပါ့…..ဒါ…ဒါပေမဲ့……
“အဲ့ဒါပဲ ဒါကာအောင်မောင်း စွဲလန်းခြင်းဆိုတာ ကိုယ့်အတွက် မကောင်းကျိုးဘယ်လောက်ပေးတယ်
ဆိုတာ ဒါကာစဉ်းစားကြည့် ဒါကာကိုယ်တိုင် ကိုယ်ခန္တာကြီးကိုအစိုးမရလို့ ထားခဲ့ရပြီးဒီဘဝကိုရောက်နေပြီလေ ဘာ့ကြောင့် သူများခန္တာကြီးကိုစွဲလန်းပြီးသောကများနေရတာတုန်း….ဆင်ခြင်ပါတော့ ဒါကာအောင်မောင်း… လူ့ဘဝတုန်းက ကောင်းမှုကုသိုလ်လေးတွေရှိခဲ့လို့ ခု ပြိတ္တာဘဝနဲ့ ရွာအနားမှာနေခွင့်ရတဲ့အခိုက် အမျှဝေသံလေးနားစွန့်ပြီး မြင့်မြတ်တဲ့ဘဝကိုသွားဖို့ ကြိုးစားပါဒါကာရယ်…………..
ဆရာတော်၏ တရားနဲ့အညီဆုံးမသောစကားတွေကြောင့် ကျုပ်ရင်ထဲက ဒေါသအပူမီးတွေတဖြေးဖြေးငြိမ်းသွားပြီး အေးချမ်းသွားသည်။ဒေါသကြောင့် နီရဲနေသောမျာက်လုံးအစုံလဲ ဒေါသငွေ့ပြောက်ပြီး ဖုတ်ပြိတ္တာကြီးဘဝမှ လူ့ဘဝကအောင်မောင်းအသွင်သို့
တစ်ဖြေးဖြေးကူးပြောင်းသွားသည်။

ထိုအချိန်မှာ စည်းဝိုင်းထဲက ပြေးထွက်လာသော အမေ…..
….သား…သားကြီး….
အမေ့သားကြီးအောင်မောင်း…..
…..ဖြစ်ရလေသားရယ်……
…အေမ…..ဟီး…ဟီး……………
ပြောပါဦးသားကြီးရယ်….ငါ့သားကြီးဒီဘဝမှာ ဘယ်လိုတွေများနေနေရလဲသားရယ်…..
….ဟီး….သား…ဘယ်လိုနေ ဘယ်လိုစားရတယ်ဆိုတာ မိုးမှောင်အသိဆုံး မိုးမှောင်က အစစအရာရာ သားကိုကူညီပေးခဲ့တာလေ…….
ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သောအခါ..

……အုန်း…အုန်း……ဖြစ်ရလေသားရယ်….အမေ့ရင်တွေကွဲရပါပေါ့သားရဲ့….
….ခွေးစာခွက်ထဲကထမင်းကိုမှစားရတဲ့ဘဝတဲ့ အမလေးသားရဲ့…….
အမေလဲ ရင်ထုမနာ တစ်ဘုန်း ဘုန်း ရင်ဘက်ကိုထုပြီးငိုရှာသလို ဘေးကဝိုင်းကြည့်နေသော ပရိသတ်လဲ တစ်ရွာထဲသားမို့ မျက်ရည်မဆည်နိုင်ကြလေပြီ။

“ဟဲ့ ဘယ်အိမ်မှာထမင်းအဆင်သင့်ရှိကြလဲ ယူပေးကြစမ်းပါ ငါသားကြီးကိုကျွေးချင်လို့ပါအေ….”

.”…ဟာ…ရှိတယ် ရှိတယ်…ကျုပ်ယူပေးမယ်…”

မိန်းမတွေတစ်ယောက်သူ့အိမ်ကို
အပြေးပြန်ပြီး ထမင်းအိုးပိုက်ပြီးပြန်ရောက်လာသည်။ ထမင်းအိုးဖွင့်လိုက်တော့ ဆမ်းထားသောငါးပိရည်အနံ့လေးက မွှေးလွန်းလှပါသည်။ ထမင်းရောက်တော့ အမေက လက်နဲ့နယ်ပြီး ကျုပ်ကိုခွံ့တယ် စားလို့ကောင်းလိုက်တာ……ထမင်းတစ်အိုးခဏအတွင်းကုန်သွားသည်။စားပြီးတော့ အနှင်းက ရေလာတိုက်သည်။ခင်အောင်ကလဲ သူ အနှင်းကိုသေတပန်သက်တစ်ဆုံး
သစ္စာရှိရှိပေါင်းသင်းသွားမည့်အကြောင်း
ကတိသစ္စာပြုလေသည်။
ကိုင်း အချိန်မရှိဘူး သန်းခေါင်ရောက်တော့မယ် ဒါကာအောင်မောင်းအတွက် ဘုန်းကြီးကတရားတပုဒ်ဟောပေးမယ် သေသေချာချာ နာယူမှတ်သားပြီး ပြုခဲ့ဖူးသော ကောင်းမှုကုသိုလ်တွေကို အာရုံပြု….အမျှဝေရင် သာဓုလိုက်ခေါ်…ဟုတ်ပြီလား……….
တရားဟောပြီး ရေစက်ချသောအခါ…..
…ဒါကာအောင်မောင်းနှင့်တစ်ကွ…………………သာ…ဓု…..သာဓု……သာဓု……..
……သာဓု…..သာဓု…….သာဓု……
…..သာဓု…..သာဓု…….သာဓု……

( ပြီးပါပြီ)