အိမ်အိုလေး

Posted on

အိမ်အိုလေး(စ/ဆုံး)

——————

“ အမေ…မအိတို့လာနေတယ်´´

ဆိုင်ကယ် ဟွန်းတီးသံ​နဲ့မရှေးမနှောင်းမှာ သမီးငယ်ရဲ့အသံကျယ်ကျယ် ထွက်ပေါ်လာတာမို့ ဒေါ်မိမိကြီး
အိမ်ရှေ့ထွက်ခဲ့တယ်။သမီးငယ်နဲ့အတူတူ မအိရယ်၊လူငယ်လေးတစ်ယောက်ရယ်၊နောက်မိန်းကလေးငယ်နှစ်ယောက်ရယ် ဝင်လာတာကိုတွေ့လိုက်ရတော့ ဒေါ်မိမိကြီးခြေလှမ်းတွေ နှေးကွေးသွားရတယ်။သက်မတစ်ချက်ကြိတ်ရှိုက်လိုက်ပြီး သမီးငယ်နဲ့အတူယှဥ်လျှောက်လာတဲ့မအိကိုခပ်ဖွဖွပဲပြုံးပြလိုက်တယ်။

“ အန်တီ ….ဒီအမတွေက ဝယ်လက်တွေပါ
အဲဒါ အိမ်ကိုကြည့်ချင်တယ်ဆိုလို့ လိုက်ပို့တာပါ´´

“အေး…အေး ကြည့်ပါကွယ်
သမီးငယ် သမီးအမတွေကို လိုက်ပြလိုက်ပါအုံး
မအိ…သမီးတို့ထိုင်အုံးလေ´´

အိမ်ရှေ့ကသရက်ပင်ကြီးပင်စည်ကို စက်ဝိုင်းပုံပတ်ပြီး
သစ်သားတွေနဲ့လုပ်ထားတဲ့ကွပ်ပျစ်လေးမှာ ထိုင်ဖို့နေရာပေးဖြစ်တယ်။သမီးငယ်ဦးဆောင်ပြီး မိန်းကလေးနှစ်ယောက်အိမ်ထဲဝင်သွားတာကိုလှမ်းကြည့်မိခိုက် ရင်ဘတ်ထဲကဖိညှစ်ဆွဲဆုတ်လိုက်သလိုနာကျင်သွားတယ်။

“အဲဒီအမတွေက သံလမ်းမနီး၊ တာဝါတိုင်မနီး၊ မြောင်းမနီးတဲ့နေရာပဲလိုချင်တာတဲ့၊ပြီးတော့ ပတ်ဝန်းကျင်ကလည်းသန့်ရအုံးမယ်တဲ့။ အန်တီတို့ ဝိုင်းက အဲဒီအမတို့လိုချင်တာနဲ့ ကွက်တိဖြစ်နေတာ ။ ပွဲတည့်လောက်မယ်ထင်တယ် အန်တီ´´

မအိနဲ့အတူပါလာတဲ့ လူငယ်လေးရဲ့အပြောကို ဒေါ်မိမိကြီး အသာအယာခေါင်းငြိမ့်ပြမိတယ်။ လေတိုးလို့လှုပ်ခတ်သွားတဲ့ သရက်ရွက်တွေကြောင့် ဒေါ်မိမိကြီးအ
ကြည့်တွေက အုပ်မိုးနေတဲ့သရက်ပင်ကြီးဆီရောက်သွားတယ်။တချို့ကိုင်းတွေမှာ သရက်ကင်းလေးတွေတောင်သီးနေပြီ။တချို့ကိုင်းတွေမှာတော့ သရက်ဖူးတွေ တစ်ထွေးကြီး။

“မိရေ…ညနေ ငါးပိချက်စပ်စပ်လေးချက်ကွာ
ဟိုးမှာ သရက်ကင်းတွေ၊ ငါတက်ခူးလိုက်အုံးမယ်´´

“တော်ကလည်း အသီးတွေကမွစိလေးရှိသေးတာကို
နဲနဲကြီးအောင်စောင့်လိုက်ပါအုံး´´

“ဟေ့…မင်းအကြောင်းငါသိတယ်နော် …မိ။
အဲဒီသရက်ကင်းတွေကြီးလာရင် ခေါင်းရွက်မိဝိုင်းကို…မင်းဖောက်သည်ပေးတော့မှာ။အမြဲတန်း ငါ့ကလေးတွေဆို
လေအကြွေပဲစားနေရတာ။ဒီတစ်ခါတော့ ငါ့ကလေးတွေကိုဦးဦးဖျားဖျားကျွေးမှာပဲ´´

နားနားကပ်ကြားလိုက်ရတယ်ထင်တဲ့အသံကပျောက်သွားပြီ။မျက်လုံးထဲမှာတော့ သရက်ပင်ပေါ် တက်ဟန်ပြင်လိုက်တဲ့ ကိုအေးဆောင်ကိုမြင်လိုက်ရတယ်။
ကိုအေးဆောင်…
ဒေါ်မိမိကြီးခေါ်သံက လည်ချောင်းဝမှာပဲလွင့်ပျယ်သွားတယ်။အတွေးတွေကတော့ဆက်လွင့်သွားပြန်တယ်။
ကိုအေးဆောင်ကကန်ထရိုက်ယူတဲ့လက်သမားဆရာ။မိမိကြီးနဲ့အိမ်ထောင်ကျတော့ အလုပ်စန်းထနေတဲ့အချိန်မို့ မိမိကြီးတစ်ယောက် ရွှေမရှား ငွေမရှားနဲ့ ။ဒါပေမဲ့ကိုယ့်ဝိုင်းကိုယ့်ခြံဝယ်နိုင်ဖို့ဆိုတာတော့အလှမ်းဝေးနေတုန်းပေါ့။ဒီလိုနဲ့မိမိကြီးတို့အမေရဲ့အိမ်မှာ နောက်ဖေးအဖီလေးဆွဲနေပြီး ရွှေငွေစုခဲ့ကြတယ်။ဘဝမှာအနည်းဆုံးတော့ကံတရားရဲ့ထောက်ပံ့မှုကတစ်ကြိမ်တစ်ခါတော့ကြုံခွင့်ရတတ်ပါတယ်။အဲဒီကံကောင်းခြင်း မိမိကြီးတို့ဆီအရောက်လာခဲ့တယ်လို့ဆိုရပါလိမ့်မယ်။သမီးငယ်မူလတန်းတက်တဲ့အချိန်မှာ အောင်ဘာလေထီကလည်းပေါက်ရော။

ထီပေါက်လို့ရတဲ့ငွေနဲ့ စုဆောင်းထားတဲ့ရွှေတိုငွေစတွေရောင်းပြီး ဒီ ၁၅‌ ပေ×၄၀ ပေဝိုင်းလေးဝယ်ဖြစ်ခဲ့တာ။အိမ်ဆောက်တုန်းက မှတ်မှတ်ရရ ဝါခေါင်လကြီး။အိမ်ခေါင်မိုးသာမိုးပြီးတာနံရံမကာရသေးဘူး။လေရောမိုးရောကျတော့ ဝင်းထရံမှာနံရံကာဖို့ထောင်ထားတဲ့ကပ်ထရံချပ်ကိုလှည်းပေါင်းမိုးအုပ်သလို အခုံးပုံစံလုပ်ပြီး မိုးရေမစိုအောင် သားအဖတွေ နေခဲ့ရတာ။ နောက်နေ့ မိမိကြီးတို့သားအမိကိုမိမိကြီးအမေတို့ထံလိုက်ပို့ပေးပြီး အိမ်လုံးဝပြီးမှပဲ ကိုအေးဆောင်လာခေါ်တော့တာ။

ဘာလိုလိုနဲ့ ဒီအိမ်လေးဆောက်ထားတဲ့သက်တမ်းဆယ်
နှစ်ကျော်ပြီ။ဒါပေမဲ့ အိမ်ထရံကို ရေနံချေးမဲမဲတွေအထပ်ထပ်သုတ်ထားလို့ သိပ်တော့မပျက်စီးသေးဘူး။ ကပ်ခေါင်မိုးကနေ သွပ်ခေါင်မိုးတော့ဖြစ်သွားပြီ။
ဒေါ်မိမိကြီးမျက်လုံးတွေက နေရောင်အာက်မှာ ​မဲမဲပြောင်နေတဲ့ အိမ်ဘက်ရောက်သွားတယ်။သမီးငယ်နဲ့ မိန်းကလေးနှစ်ယောက် အိမ်ထဲကထွက်လာကြတာမို့ အတွေးစက ပြတ်သွားတယ်။
ဒေါ်မိမိကြီးဘေးမှာကပ်ထိုင်နေတဲ့ မအိက တလှမ်းချင်းနီးလာတဲ့မိန်းကလေးတွေကိုလှမ်းမေးတယ်။

“ဘယ်လိုလဲ အမ ကြိုက်လား´´

“အင်း ….မဆိုးဘူးလို့တော့ထင်တာပဲ
ဒါနဲ့ မိုးတွင်းဆို ရေတော့မဝင်ပါဘူးနော်´´

“မဝင်ဘူး အမ
ဟိုးအရှေ့ရပ်ကွက်က ရေဝင်ပေမဲ့ သမီးတို့ဘက်က အေးဆေးပဲ´´
သမီးငယ်က သွက်သွက်လက်လက် ဝင်ဖြေတယ်။

“ဈေးရော…နဲနဲလောက်ညှိမပေးတော့ဘူးလား´´

“ထပ်မညှိခိုင်းပါနဲ့တော့ အမရယ်
စာရွက်လည်းမှန်တယ် ၊ နေရာလည်းကောင်းပါတယ်
ပွဲစားစကားပြောရရင် ထားကောင်း ရောင်းစွံမဲ့အကွက်ပါ
ဒီကအန်တီမိမိတို့က လုပ်ငန်းလုပ်ဖို့အရင်းအနှီးကြောင့်မို့သာရောင်းတာ။မအိကဒီဝိုင်းကို ပွဲစားတစ်ယောက်ထက် အမျိုးတစ်ယောက်လိုလုပ်ပေးတာမို့ မအိတို့ရမဲ့ပွဲခတောင်လျှော့ယူပြီး နှစ်ဦးနှစ်ဘက် မင်္ဂလာဖြစ်စေအောင်ပါ´´

“ဟုတ်ကဲ့ပါ…
ဒါဆို မနက်ဖြန် စာရွက်တွေစစ်ပြီး စရံချမယ်လေ´´

“မအိတို့ မှာရှေ့နေ အသိရှိတယ် ခေါ်မလား´´

“အစ်မတို့ကတော့ ဒေါ်ယမင်းနဲ့ချုပ်ချင်တယ်´´

“၅၇လမ်းကရှေ့နေလား ၊သိတယ် သိတယ်
ဒီညနေ အချက်အလက်တွေပို့ထားလိုက်မယ်လေ။ မနက်ဖြန်မြေယာဌာနမှာ စစ်လို့ရအောင်´´

မအိနဲ့ အိမ်ဝိုင်းဝယ်မဲ့ မိန်းကလေးတို့ စကားတွေဆက်ပြောနေကြတယ်။ပြီးတော့ နှုတ်ဆက်ကြတယ်။ ပြီးတော့ ဆိုင်ကယ်မောင်းပြီးပြန်သွားကြတယ်။ဒေါ်မိမိကြီး ကိုနှုတ်ဆက်တော့ ခေါင်းတော့ညိတ်ပြလိုက်တယ်ထင်တာပဲ။
ခြံတံခါးပိတ်ပြီးတာနဲ့ သမီးငယ်က ဒေါ်မိမိကြီးအနားလာထိုင်တယ်။

“ ဒီတခါ တကယ်ရောင်းရတော့မှာထင်တယ် နော် …အမေ။ အဲလိုဆိုတော့လည်း ရောင်းရမှာနှမြောသလိုပဲ။ခုချိန်ထိ အဖေ့အငွေ့အသက်တွေခံစားရနေသေးတယ်´´
သမီးငယ်ရဲ့အသံက အဆုံးသတ်မှာလှုပ်ခတ်သွားတယ်။
ဒေါ်မိမိကြီးရော သမီးငယ်ရော စကားမဆိုဖြစ်ဘဲတစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားမိတယ်။

“တခါတုန်းက ခွေးထီးကြီးနဲ့ ခွေးမကြီးရှိတယ်တဲ့
တနေ့တော့ ခွေးထီးကြီးဟာခွေးမကြီး မီးဖွားဖို့ နေရာရှာရင်း ဂူကြီးတစ်ခုကိုတွေ့သတဲ့။ အဲဒီဂူကြီးထဲမှာခွေးမကြီးမီးဖွားတော့ ခွေးထီးကြီးကစောင့်ပေးနေတာပေါ့။အဲဒီအချိန်မှာပဲ ကျားကြီးတစ်ကောင် အဲဒီဂူကြီးဆီကိုဦးတည်လာနေတာကို ခွေးထီးကြီး သွားတွေ့သတဲ့။ဒါနဲ့ခွေးမကြီးကိုပြောတာပေါ့။ရှင်မရေ….ဒီဂူဟာ ကျားဂူထင်တယ်ဟ
ငါတို့ကိုတွေ့ရင် ကျားကြီးက အကုန်ကိုက်သတ်စားမှာပဲ။
ဒီတော့ ငါတို့ ဇာတ်လမ်းဆင်ကြရအောင်တဲ့။ မင်းကကလေးတွေအော်အောင်လုပ်ပေး။ငါကဘာဖြစ်လို့ဆူနေတာလည်းလို့မေးရင် ကျားသားစားချင်လို့လို့ မင်းက​ဖြေတဲ့။အဲလိုအတိုင်အဖောက်ညီညီနဲ့ စီစဥ်ထားတဲ့အတိုင်းပြောကြတာ ဂူနားကပ်လာတဲ့ကျားကြီးကအဟုတ်ထင်ပြီးပြေးပါလေရောတဲ့´´

မိမိကြီးတို့ အမေ့ဆီမှာနေတုန်းက သမီးကြီးနဲ့သားလတ်ကို ကိုအေးဆောင်ပြောပြခဲ့တဲ့ဒီပုံပြင် သမီးငယ်သိတတ်စအရွယ်မှာလည်း ဒီပုံပြင်ပဲ။နေ့ရက်တွေသာ ပြောင်းသွားတာ ပုံပြင်က ဒီတစ်ပုဒ်တည်းပဲ။ဒီခြံကိုပြောင်းလာပြီးတဲ့အခါ လမင်းကြီးသာသာမသာသာဒီကွပ်ပျစ်လေးပေါ်မှာမိသားစုတွေညတိုင်းထိုင်ဖြစ်တဲ့အချိန် ကိုအေးဆောင်က သူ့ပေါင်ပေါ်မှာသမီးငယ်ကိုခေါင်းအုံးစေပြီး တစ်ပုဒ်တည်းသောဒီပုံပြင်ကိုပြောပြတတ်တုန်း။မူလတန်းအရွယ်သမီးငယ်ကို ပခုံးပေါ်တင်လေယာဥ်ကြီးစီးမယ်ဆိုပြီး ပါးစပ်ကတွတ်တွတ်ပြောစက်ဝိုင်းပုံလှည့်ပြေးတတ်သေးတာ။

အကြီးနဲ့အလတ်က ဘာသိဘာသာနေတတ်ပေမဲ့ သမီးငယ်လေးကတော့ နေရာတကာချွဲစိန် ပါရာစိန်ဖြစ်ခဲ့တယ်။ကိုအေးဆောင် အလုပ်သစ်လက်ခံရတဲ့နေ့ဆို ဖတ်ကလေးနဲ့ထုတ်ထားတဲ့ခေါက်ဆွဲကြော် ဝယ်လာပြီး မိသားစုထမင်းလွတ်စားခဲ့ကြတာ။ နောက်ပိုင်း ပလတ်စတစ်အိတ်တို့ ဖော့ဘူးတို့နဲ့ထည့်တဲ့ခေါက်ဆွဲကြော်တွေ အဲ့အရသာမမှီဘူးလို့ ကိုအေးဆောင် ပြောတတ်သေးတာ။

ကိုအေးဆောင်က အရက်ဘီယာ မသောက်တတ်ပေမဲ့ဆေးပြင်းလိပ်ကိုတော့ အမြဲခဲထားတတ်တယ်။ဒါပေမဲ့ သားလတ် လူပျိုပေါက်လေးဖြစ်လာတော့ အတုမြင်အတတ်သင်သွားလိမ့်မယ်ဆိုပြီးဆေးလိပ်ဖြတ်ခဲ့တာပေါ့။အစပိုင်းတော့ ”ခံတွင်းချဉ်လိုက်တာကွာ ” ဆိုပြီး ညည်းသံကြားရ‌ပေမဲ့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ပြန်ပြီးဆေးလိပ်သောက်ဖို့ကိုတော့ ကိုအေးဆောင်မလုပ်ခဲ့ပါဘူး။

မိန်းမနဲ့ သားသမီးတွေအတွက်အင်္ကျီအသစ်အကောင်းကိုရက်ရက်ရောရောဝယ်ပေးသလောက် သူ့မှာအလှူ ၊ မင်္ဂလာဆောင်ဝင်ရင်နဲ့အပြင်သွားရင်ဝတ်ဖို့အင်္ကျီအဖြူလက်ရှည်နှစ်ထည်အသန့်ထားပြီး အရောင်လွင့်နေတဲ့စပို့ရှပ်အစင်းသုံးလေးထည်နဲ့ပဲ နိစ္စဓူဝလည်ပတ်ခဲ့တာ။

ရတဲ့လုပ်ခ မိမိကြီးဆီ အကုန်အပ်ပြီး အပြင်သွားရင်တောင် မိမိကြီးပေးသလောက်ပဲ ယူသွားတတ်တာ။
သမီကြီးကဆယ်တန်း၊ သားလတ်ကရှစ်တန်း၊သမီးငယ်လေးက ‌ခြောက်တန်းနှစ်တက်တဲ့အချိန်မှာ ကိုအေးဆောင် ကျန်းမာရေးခြူချာလာပြီ။ အမြဲလိုလို အဖျားငွေ့ရှိနေတော့ ဆရာဝန်ကဆေးစစ်ခိုင်းတယ်။ ကိုအေးဆောင်က လည်းခပ်ပေပေရယ်။ ပါရာစီတမောတနေ့သုံးကြိမ်သောက်ပြီး သက်သာတယ်ဆိုကာ ဆေးခန်းကိုခြေမလှည့်တော့ဘူး။

ဒုက္ခဆိုတာ အဖော်နဲ့လာတတ်တယ်ဆိုတာ မိမိကြီးကြုံရပြန်ပါပြီ။ သံဖရိန်နဲ့ဆောက်တာ‌တွေ ခေတ်စားလာတော့ လက်သမားဆရာကိုအေးဆောင် တစ်‌ယောက်နားရတဲ့ရက်တွေ စိပ်လာခဲ့တယ်။ကန်ထရိုက်အနေနဲ့မဟုတ်လည်း သူများရတဲ့ဆိုက်မှာ ဆရာကြေးနဲ့နေ့စား ခေါ်လည်း လိုက်လုပ်ရှာတယ်။ ဒီတော့တစ်ဖက်တစ်လမ်းက ကာမိအောင် မိမိကြီးတစ်ယောက် အိမ်ရှေ့မှာကိုအေးဆောင်လက်ရာ စားပွဲခုံအရှည် ခွေးခြေပုလေး သုံးလေးခုံချပြီး မိမိကြီးလက်ရာခေါက်ဆွဲကြော် အသားတုကြော်လေးတွေလုပ်ပြီးဈေးရောင်းခန်း စဖွင့်ဖြစ်တယ်။

အပျိုအရွယ်ဆယ်တန်းကျောင်းသူ သမီးကြီးက မိမိကြီးအလုပ်ကို ရှက်လို့ထင်ပါရဲ့ စာလုပ်ရအုံးမယ်ဆိုပြီး ကျူရှင်ကပြန်လာရင်အိမ်အပြင်ကို မထွက်တော့ဘူး။ သားလတ်ကတော့ မိမိကြီးဆိုင်သိမ်းရင်ကူသိမ်းပေးတတ်ပါတယ်။ကျန်တဲ့အချိန် ကတော့ ကြက်ပျောက်ငှက်ပျောက်ပါပဲ။ မိမိကြီးဘေးမှာ ဝါးပက်လပ်ကုလားထိုင်နဲ့ကိုအေးဆောင်ကအဖော်ပြုပေးသလို သမီးငယ်လေးကဟိုမတ်မတ်ဒီမတ်မတ်ရပ်လျက် မိမိကြီးအတွက်တောက်တိုမယ်ရ အကူအညီရခဲ့တယ်။

တစ်ခါတစ်ရံ ရောင်းလို့မကုန်တဲ့ ခေါက်ဆွဲကြော်ဟာ မိမိကြီးတို့ မိသားစုအတွက် ညစာဖြစ်ခဲ့ရတာလည်းရှိပါတယ်။
“မိ…..မင်းလက်ရာ တော်တော်ကောင်းလာတယ်ကွ´´
လို့ပြောပြောပြီး မြိန်ရည်ရှက်ရည် စားပေးတဲ့ ကိုအေးဆောင်။
ကိုအေးဆောင်ကိုယ်တိုင်လုပ် သုံးပေအကျယ်စားပွဲဝိုင်းမှာ မိသားစုထမင်းဝိုင်းလေး လူမဆုံတာကြာခဲ့ပြီပဲ။
“ ကိုအေးဆောင်…..´´
ဒေါ်မိမိကြီးရဲ့တမ်းတမ်းတတခေါ်သံဟာ ရင်ထဲမှာပဲခပ်ကျယ်ကျယ်ပေါ်ထွက်လာပါတယ်။

“မိ…ငါလေ ဒီအချိန်မှာ သေသွားရင် အသေမဖြောင့်လောက်ဘူးထင်တယ်ကွာ။ ငါသားသမီးလေးတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့အခြေအနေထိ အသက်ရှင်ချင်သေးတယ်။ ငါ့ကလေးတွေအတွက် ငါဘာမှ
မလုပ်ပေးနိုင်သေးဘူး´´တဲ့။

အသံတွေတုန်တုန်ရီရီနဲ့ပြောလာတဲ့ ကိုအေးဆောင်ရဲ့အရည်လဲ့နေတဲ့ မျက်လုံးညိုညိုကြီးတွေကို မိမိကြီး
ကြည့်ရင်း မိမိကြီးမျက်လုံးတွေပါ စိုစွတ်လာတယ်။

ပါးပြင်မှ ပူနွေးတဲ့အသ်ိကြောင့် မိမိကြီး လက်ဖမိုးနဲ့
ကပြာကယာ သုတ်လိုက်တယ်။မျက်ရည်တွေ ကျလို့မဖြစ်ဘူး။အဲဒီစိတ်က ကိုအေးဆောင်ကို မန္တလေးဆေးရုံကြီးမှာအရေးပေါ်တင်လိုက်ရကတည်းက မိမိကြီးတင်းခဲ့ရတဲ့စိတ်ပဲ။မျက်ရည်က အရာရာကိုမဖြေရှင်းနိုင်ပေမဲ့
တစ်ခါတစ်ရံ လွတ်လပ်စွာ အော်ဟစ်ငိုမိလိုက်ချင်တာပေါ့။ ဒါပေမဲ့ငါ့နောက်မှာငါ့ကလေးတွေရှိနေတယ် ဆိုတဲ့အတွေးကခေါင်းထဲဝင်လာရင် မိမိကြီး မျက်ရည်သိမ်းဖို့ကြိုးစားလိုက်တာပဲ။

နေ့လည်ကလေပြင်းလေးတိုက် မိုးလေးတဖြောက်ဖြောက်ရွာသွားတော့ အဲ့ဒီအရှိန်နဲ့ ညနေစောင်းက မှောင်ရိပ်သန်းစပြုချင်လာပြီ။ဒါပေမဲ့ အလင်းဖျော့ဖျော့တော့ ရှိနေပါသေးတယ်။သမီးကြီးကသူတက်ခဲ့တဲ့လမ်းထိပ်က ကျူရှင်မှာပဲ study guideပြန်လုပ်နေပြီး ပြန်မလာသေးတာမို့ သားလတ်ကိုသွားကြိုခိုင်းလိုက်တယ်။ သမီးနဲ့သားပြန်အလာကို မိမိကြီးနဲ့ သမီးငယ်ကတော့ အိမ်ရှေ့ကွပ်ပျစ်လေးမှာ ထိုင်စောင့်နေခဲ့တာပေါ့။

မိမိကြီးဘေးမှာထိုင်နေတဲ့ သမီးငယ်က ရုတ်တရက် ဆတ်ခနဲထကာ ခပ်လှမ်းလှမ်းဆီလျှောက်သွားပြီး တစ်စုံတစ်ရာကို ကောက်ယူလိုက်တယ်။သူ့လက်ထဲမှာလေ​​ခြွေခဲ့တဲ့ သရက်ကင်းလေးတွေပါလာတယ်။ နေ့လည်ကတိုက်ခတ်တဲ့လေက သရက်ကင်းတွေကိုကြွေကျစေခဲ့ပြီပဲ။

“အမေ
မနက်ဖြန် ဟိုဘက်က ငွေအကြေအပြီးချေတော့မှာနော်
သမီးတို့တောင် ဒီအိမ်ကပြောင်းရတော့မှာပဲ´´ တဲ့။

သမီးအသံလေးကပျော့ပျော့ ။ အလင်းမှိန်မှိန်လေးအောက်မှာ ကိုအေးဆောင်ထိုင်ခဲ့တဲ့ ဝါးပက်လပ်ကုလားထိုင်လေးဆီ မိမိကြီးအကြည့်တွေရောက်သွားတယ်။အပြုံးပါးလေးနဲ့ မိမိကြီးတို့ကိုလှမ်းကြည့်နေတဲ့ ကိုအေးဆောင်ရဲ့ ပုံရိပ်ကိုဖျတ်ခနဲ မိမိကြီးမြင်လိုက်ရသလိုပါပဲ။
သမီးငယ် ပြောခဲ့သလိုပေါ့။ ကိုအေးဆောင်ရဲ့အရိပ် ၊ကိုအေးဆောင်ရဲ့အငွေ့အသက်တွေ ခုချိန်ထိ မိမိကြီးလည်းခံစားရတုန်း။ဒါ့ကြောင့်လည်း ပစ္စည်းတွေ အားလုံး သိမ်းပြီး မြရည်နန္ဒာတိုက်ခန်းတစ်ခန်းကို ဝယ်ပြီးတာတောင် တစ်ရက်ပဲဖြစ်ဖြစ် ဒီအိမ်လေးမှာရှိနေချင်သေးလို့ မိမိကြီးတို့သားအမိတွေ မပြောင်းကြသေးတာ။

နောက်နှစ် သမီးကြီးလည်း မဟာတန်းဆက်တက်ရတော့မယ်။ သားလတ်ကတော့ ဆယ်တန်းတစ်ခါကျပြီးကတည်းက ဆိုင်ကယ်ဝပ်ရှော့တစ်ခုမှာ အလုပ်ဝင်သွားပြီ။ သမီးငယ်လေးကတော့ ဆယ်တန်း​အောင်စာရင်း
စောင့်နေတုန်း။အ​ချိန်တွေ မြန်တယ်နော် ကိုအေးဆောင်။
မိတို့သားအမိတွေ အခက်အခဲတွေကို အတူကြံ့ခိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ ကလေးတွေကို ခက်ခဲမှုနွံထဲမှာ မိ..
မထားချင်တော့ဘူး။မိရဲ့ရွေးချယ်ချက်တွေ မိရဲ့ဆုံးဖြတ်ချက်တွေ ကိုအေးဆောင် နားလည်နိုင်မယ်ထင်ပါရဲ့။

မနက်ဖြန်ဆို မိမိကြီးတို့ အိမ်ရှင်အသစ်လက်ထဲ သော့အပ်ရတော့မယ်။ တကယ်တော့ ဒီဝိုင်းလေးချည်း သူများလက်ထဲထားခဲ့ရတာမဟုတ်ပါဘူး။ ဒီဝိုင်းလေးထဲမှာ မိမိကြီးတို့မိသားစုရဲ့အမှတ်တရတွေလည်း ကျန်ခဲ့ရတာပါ…။
မိမိကြီးသည် သမီးငယ် လက်ပြောင်းထည့်ပေးလိုက်သော သရက်ကင်းလေးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်ပါတော့တယ်။

ခင်ဦး