အိမ်ထောင်ရှင်မ(စ/ဆုံး)
————————
“အမေရေ မောင်လေးကဗိုက်ဆာပြီတဲ့”
“အေး..အေး..အုပ်ဆောင်းအောက်မှာ ထမင်းနဲ့ဟင်းရှိတယ် သေချာစားကြ မဖိတ်စေနဲ့နော်”
“ဟုတ်ကဲ့အမေ…လာ..မောင်လေးလာ ထမင်းစားမယ်”
မီးဖိုချောင်ထဲသို့ ဝင်သွားသော ဆယ်နှစ်အရွယ် သမီးလေးသီရိနှင့်ခြောက်နှစ်အရွယ်သားလေးဖြိုးဝေတို့ကိုကြည့်ရင်း စိတ်မကောင်းဖြစ်မိသည်။ အစစအရာရာ ကြီးမားနေသော ကုန်ဈေးနှုန်းများကြားမှာ မပြေလည်သည့် ခေါင်းစဉ်တစ်ခုအောက် ရှင်သန်နေရသူတွေမို့ အစစအရာရာ ချို့တဲ့လွန်းလှသည်။
“မမ..ဟင်းက ပဲပင်ပေါက်နဲ့ငပိရည်ပဲလား နေ့တိုင်း ဒါကြီးပဲ”
“ရှုးတိုးတိုး မောင်လေး အမေကြားသွားဦးမယ် ဒီနေ့က အမေပိုက်ဆံမရှိလို့ မောင်လေးရဲ့နောက်နေ့ဟင်းကောင်းချက်မှာပေါ့”
“အဲလိုပဲပြောနေတာ ပြီးတော့ တစ်ခါမှလည်းမဟုတ်ဘူး ဒါနဲ့ ညနေက မမဝယ်တဲ့ ဘဲဥကရော ဘယ်ရောက်သွားပြီလဲ”
“ေဩာ် ဘဲဥကတစ်လုံးတည်းဝယ်တာလေ အဖေ့အတွက်အမေကြော်ပြီး သိမ်းထားတယ်”
“ဟင် အဖေကျတော့ ဘဲဥစားရပြီး မောင်လေးတို့ကျ မစားရဘူး ဘာဖြစ်လို့လဲ”
“အဖေက အလုပ်လုပ်ရတယ်လေ အဖေကပင်ပန်းတော့ အားရှိအောင်ပေါ့ ကဲ..လိမ္မာတယ်ထမင်းစားရအောင်နော်”
သားနှင့်သမီး တီးတိုးပြောနေကြပေမယ့် မခင်စန်း အတိုင်းသားကြားနေရပါသည်။ စိတ်မကောင်းဖြစ်မိပေမယ့်လည်း မတတ်သာသည့်အဆုံး မျိုသိပ်၍သာ နေလိုက်တော့သည်။
ယောက်ျားဖြစ်သူကိုထွန်းမောင်က စက်ရုံတစ်ခုတွင် ရုံးစာရေးတစ်ယောက်ဖြစ်သည်။ လစာကအသင့်အတင့်ရသော်လည်း မိသားစုလေးယောက်စာ စားဝတ်နေရေးရှိသည့်အပြင် အိမ်လခပေးရသည့်အတွက် လောက်ငှရုံသာမနည်းရပ်တည်နေခဲ့ရသည်။ ယခုလို ပြတ်တုန်းလပ်တုန်းနှစ်ဆယ့်သုံးရက်မျိုးဆိုလျှင် ပို၍ခက်ခဲလှသည်။ ရှိစုမဲ့စုလေးတွေနှင့် စားအိုးမပျက်အောင် ဖန်တီးရသည်မှာ အိမ်ထောင်ရှင်မတွေ၏ အရည်အချင်းဖြစ်သည်ဆိုတာကို မခင်စန်းကိုယ်တွေ့ကြုံမှသိခဲ့ရပြီလေ။ ရပ်ကွက်ထဲတွင်လည်း လုပ်ကိုင်စရာအလုပ်ကမယ်မယ်ရရမရှိသည့်အတွက် ကိုထွန်းမောင်၏ လစာတစ်ခုတည်းဖြင့် ခက်ခဲစွာရုန်းကန်နေရသည်။ မီးဖိုချောင်ထဲတွင် ငြိမ်သက်စွာထမင်းစားနေကြသော သားနှင့်သမီးကိုအသာချောင်းကြည့်ပြီး မခင်စန်း၏ မျက်ဝန်းအိမ်မှ မျက်ရည်များ စီးကျလာပါတော့သည်။
(၂)
ကိုထွန်းမောင် အိမ်ပြန်ရောက်သည့်အချိန်မှာ ညရှစ်နာရီကျော်ပြီဖြစ်သည်။ သားနှင့်သမီးကတော့ အိပ်နေကြပြီ။ ကိုထွန်းမောင်ကမ်းပေးသော လွယ်အိတ်အစုတ်လေးကိုယူရင်း နံရံရှိတိုင်တွင်ချိတ်လိုက်သည်။
“ဒီနေ့ နောက်ကျလှချည်လား ကိုထွန်းမောင်”
“ဟုတ်တယ်..ဒီနေ့ညနေစောင်းမှ ဂိုဒေါင်ကို ပစ္စည်းတွေဝင်လို့ ပင်ပန်းလိုက်တာကွာ”
“ေဩာ်..ဒါဆို ရေအရင်ချိုးလိုက်လေ ကျွန်မထမင်းပြင်ထားလိုက်မယ်”
“အေး”
ကိုထွန်းမောင်ရေချိုးပြီးသည်နှင့် အဆင်သင့်ဖြစ်အောင် ထမင်းဝိုင်းကိုပြင်ထားလိုက်သည်။ ထမင်းဝိုင်းပြင်နေရင်းနှင့် ညနေကသားနှင့်သမီးပြောနေကြသော စကားများကိုပြန်လည်ကြားယောင်ရင်း စိတ်မကောင်းဖြစ်မိသည်။ ဆင်းရဲတွင်းကရုန်းထွက်ဖို့ ကြိုးစားလေလေ လမ်းစပျောက်လေဖြစ်သောဘဝမှာ သည်းခံခြင်းဖြင့်သာ ရောင့်ရဲတင်းတိမ်နေရသည်။
“ကဲ..စားမယ်..မိန်းမရေ..”
“အဆင်သင့်ပါပဲ ကဲ တစ်ခါတည်း လက်ဆေးပြီး စားရုံပါပဲရှင်”
“ဟင်”
စားပွဲခုံပေါ်ရှိ ဘဲဥကြော် ပဲပင်ပေါက် ငပိရည်တို့ကိုကြည့်ရင်း ကိုထွန်းမောင်နှာခေါင်းရှုံ့သွားသည်။
“မိန်းမရာ တစ်ခါလာလည်း ပဲပင်ပေါက် ဘဲဥကြော် ဒါတွေကြီးပဲ စားရတာစိတ်ပျက်လာပြီ”
ပိုက်ဆံမှမရှိတာ ရှိတာနဲ့ရအောင်ချက်ထားရတာ ဆိုပြီး မခင်စိန်ပြောလိုက်ချင်ပေမယ့် ပြောမထွက်ရက်ပေ။
“နောက်နေ့မှ ကိုထွန်းမောင်ကြိုက်တာလေးတွေ ချက်ပေးပါမယ် ခုတော့ ဒါလေးနဲ့ပဲစားနော်”
“အေးပါ ရပါတယ် ဒါနဲ့ ကလေးတွေရော ဘာနဲ့စားကြလဲ မိန်းမ မင်းရော တစ်ခါတည်းမစားဘူးလား”
“ကလေးတွေလည်းဘဲဥကြော်နဲ့ပဲပင်ပေါက်ကြော်ပဲလေ..ကျွန်မလည်း ဗိုက်ဆာတာနဲ့သူတို့နဲ့တစ်ခါတည်းစားလိုက်တာ..ကိုထွန်းမောင်သာ ဝအောင်စား”
ယောက်ကျားဖြစ်သူအနား ယပ်ခပ်ပေးရင်း မုသားစကားသုံးလိုက်သည်။ အရာရာတွင် စေ့စပ်တိကျလွန်းသော ကိုထွန်းမောင်အကြောင်း သိနေသောကြောင့် မခင်စန်းစိုးရိမ်မှုတော့ဖြစ်မိခဲ့သည်။
“ပိုက်ဆံရောရှိသေးလား မိန်းမ”
“လကုန်တဲ့အထိတော့ အဆင်ပြေအောင်မှေးသွားရမှာပဲလေ..ဆန်တွေဆီတွေတော့ရှိပါသေးတယ် ကိုထွန်းမောင်ရယ် ”
“အေးပါ အခုရက်ကသိတဲ့အတိုင်းပဲလေ လစာကျလည်းကြိုမထုတ်ချင်ဘူး ဒါ့ကြောင့်ပါ”
“ေဩာ် ကိုထွန်းမောင်ရယ် ပိုက်ဆံချေးတာတို့ လစာကြိုထုတ်တာတို့တော့ မလုပ်ပါနဲ့ သူ့ဟာနဲ့သူအဆင်ပြေသွားမှာပါ”
အမြဲတမ်းအကောင်းဘက်ကတွေးတတ်သော မခင်စန်းကိုကြည့်ရင်း ကိုထွန်းမောင် သက်ပြင်းချလိုက်မိတော့သည်။အသိစိတ်ထဲတွင်တော့ သိလိုမှုအချို့ဖြင့် ပြင်းပြနေခဲ့သည်ကို ကိုထွန်းမောင်ကိုယ်တိုင်သာ အသိဆုံးဖြစ်ခဲ့ရသည်။
(၃)
အချိန်အားဖြင့် ညနှစ်နာရီခန့်ရှိပြီ။ ဗိုက်ထဲဆာသလိုလိုရှိသောကြောင့် အိပ်နေသော ကိုထွန်းမောင်နှင့်ကလေးတွေမသိအောင် ခြေသံကိုဖွဖွနင်း၍ မီးဖိုချောင်သို့လျှောက်လိုက်တော့သည်။
အုပ်ဆောင်းအောက်ကိုဖွင့်ကြည့်တော့ ထမင်းအနည်းငယ်နှင့် ငပိရည်ကျန်သေးသည်။ လက်ကိုပင်မဆေးတော့ပဲ ထမင်းကိုငပိရည်နှင့်နယ်လိုက်ပြီး အသံမကြားအောင် မခင်စန်းစားလိုက်သည်။
အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်သည့်အတွက် အိမ်မှုကိစ္စအားလုံး၏ အခြေအနေကို မခင်စန်းသိထားပြီးဖြစ်သည်။ ထို့ကြောင့်ပင် လကုန်ထိ ဆန်မလောက်မှာစိုးသည့်အတွက် ညနေစာကို ကိုထွန်းမောင်နှင့် ကလေးနှစ်ယောက်အတွက်သာ ထမင်းချက်ပြီး သူမကတော့ ထမင်းရည်ဖြင့်သာ တင်းတိမ်ခဲ့ရသည်မှာ နှစ်ရက်ရှိပြီဖြစ်သည်။ ခါတိုင်းလတွေ ယခုလလောက်မကြပ်တည်းပါ။ ယခုလရပ်ကွက်ထဲတွင်သာရေးနာရေးကိစ္စတွေကများပြားလွန်းလှသည်။ လူမှုရေးအရမပါဝင်လျှင်လည်း မကောင်းသည့်အတွက် တတ်နိုင်သလောက်ပါဝင်ပေးခဲ့ရသည်။ ထို့ကြောင့် မိမိကိုယ်ကို ခြိုးခြံခြွေတာပြီး အိမ်ရှိစားအိုးလေးဖရိုဖရဲမဖြစ်အောင် ပဲ့ကိုင်ပေးနေရသည်။
“ဟင် အဖေကျတော့ ဘဲဥစားရပြီး မောင်လေးတို့ကျ မစားရဘူး ဘာဖြစ်လို့လဲ”
သားငယ်လေး၏ အမဖြစ်သူကိုမေးလိုက်သော အမေးစကားကိုပြန်လည်ကြားယောင်ကာ ရင်ထဲဆို့တက်လာပြီး ထမင်းနင်သလိုပင်ဖြစ်ခဲ့ရသည်။ ရေတစ်ခွက်အမြန်ထသောက်ပြီး မနက်ဖြန် သူမအတွက် မလောက်ရင်နေပါစေ ကလေးတွေနှင့်ကိုထွန်းမောင် စိတ်ချမ်းချမ်းသာ စားနိုင်ဖို့အတွက် ရှိသလောက်နှင့် မဖြစ်ဖြစ်အောင် ဖန်တီးမည်ဟု ဆုံးဖြတ်လိုက်လေတော့သည်။
(၄)
ကိုထွန်းမောင် အိမ်ပြန်ခြေလှမ်းတွေသွက်နေသည်။ အလုပ်ထဲတွင်ရာထူးတစ်ဆင့်တိုး၍ လစာငါးသောင်း ထပ်တိုးသည့်အကြောင်းကို သူ၏ အိမ်ထောင်ရှင်မ မခင်စန်းကို ပြောပြချင်နေသည်။
အိမ်ထောင်တစ်ခုမှာ ငွေရှာသည့် အိမ်ထောင်ဦးစီးယောက်ျားတစ်ယောက်ကအရေးကြီးသလို အိမ်ထောင်ထိန်းမယ့် အိမ်ထောင်ရှင်မတစ်ယောက်ကလည်း ပို၍ အရေးကြီးကြောင်း ကိုထွန်းမောင် မနေ့ညကပင်သိခဲ့ရပြီဖြစ်သည်။
မနေ့ညကအကြောင်းပြန်တွေးရင်း စိတ်မကောင်းဖြစ်မိရပြန်သည်။ မနေ့ညက ထမင်းစားပြီးသည်နှင့် နောက်ဖေးတွင်လက်ဆေးရန်အသွား အမှိုက်ခြင်းထဲမှ တစ်စုံတစ်ခုကိုတွေ့လိုက်ရ၍ အံ့အားသင့်ခဲ့ရသည်။ ထိုအရာမှာ တခြားမဟုတ် ဘဲဥ အခွံနှစ်ခြမ်းဖြစ်သည်။ သေချာပါသည်။ တစ်လုံးတည်းသော ဘဲဥကိုသူ့အတွက်သာကြော်ရင်း မိန်းမနှင့်ကလေးများ ဖြစ်သလိုစားထားကြကြောင်းရိပ်မိလာခဲ့သည်။ ထို့ပြင် ထမင်းအိုးထဲမှထမင်းကိုကြည့်သည်နှင့် မိန်းမနှင့် ကလေးနှစ်ယောက်စားထားသည်မှာ မည်သို့မှမဖြစ်နိုင်ကြောင်းကိုလည်း ထပ်မံသိရှိခဲ့ရသည်။
“ကိုထွန်းမောင်..ရော့…ရေသောက်လိုက်ဦး”
“ေဩာ်..အေး…အေး..”
သောက်ရေခပ်လာပေးသော မခင်စန်းကိုကြည့်ရင်း မေးချင်သည့်စကားများပင်ပျောက်ကွယ်သွားခဲ့ရသည်။ မိသားစုအပေါ်တွင် အနစ်နာခံပေးဆပ်သော အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်မှန်း ကိုထွန်းမောင် ရင်နင့်စွာသိခဲ့ရပြီဖြစ်သည်။
အိပ်ရာထဲရောက်သော်လည်း တစ်ညလုံးအိပ်မပျော်နိုင်ခဲ့ပါ။မိန်းမစိတ်မကောင်းမည်စိုး၍ အိပ်ချင်ယောင်ဆောင်ခဲ့သော်လည်း အဆင်မပြေခဲ့ပါ။သန်းခေါင်ကျော်ချိန်ရောက်တော့ မခင်စန်းအသာထပြီး မီးဖိုချောင်ထဲဝင်သွားတာကိုလည်း ကိုထွန်းမောင်သိပါသည်။မသိမသာ အနောက်ကနေလိုက်ကြည့်သောအခါ ဗိုက်ဆာလွန်း၍ ထမင်းစားနေသော မခင်စန်းကိုကြည်ပြီး ကိုထွန်းမောင် မျက်ရည်ပင်ကျခဲ့ရသည်။
ယခုတော့ မိသားစုအပေါ်စေတနာထားသူတွေမို့ သူတို့မိသားစုအတွက်ကံတရားက ဆုလာဘ်အဖြစ် ဖန်တီးပေးခဲ့ပြီဖြစ်သည်။လစာငါးသောင်းတိုးသည်ဆိုသောသတင်းစကားကိုကြားလျှင် ဝမ်းသာအားရဖြစ်နေမည့် မိန်းမဖြစ်သူကို မြင်ယောင်ရင်း ကိုထွန်းမောင်ပီတိတွေဖြာနေမိသည်။ ငါးသောင်းဆိုသောပမာဏကများလှသည်မဟုတ်ပေမယ့် သူတို့မိသားစုအတွက်တော့ ခမ်းနားလွန်းလှပါသည်။ မခင်စန်းကိုလည်း မနေ့ကလိုမျိုးမလုပ်ဖို့ သတိပေးရင်းမိသားစုထမင်းဝိုင်းလေးကို လှပစွာဖန်တီးသွားဖို့ ကိုထွန်းမောင် ဆုံးဖြတ်လိုက်ပါတော့သည်။
ပိုင်ဆု(အင်းစိန်)