ဘိုးတော်ပေ နှင့် ကြိမ်ချောင်းမှ မိဝါ 

Posted on
ဘိုးတော်ပေ နှင့် ကြိမ်ချောင်းမှ မိဝါ
◾အခန်း (၁)
“ဖိုးသာထူး ဖိုးသာထူး အလွန်ဝတဲ့ ဖိုးသာထူး ဖိုးသာထူးက ဝမ်းပူပူ မေ့သားငယ်နဲ့ တူ “
သားဖြစ်သူအားချော့မြှုနေသော မိခင်တယောက် ၏အသံသည် မှောင်မှောင်မဲမဲ ချောင်းရိုးထဲတွင် ပျံ့လွင့်လို့နေလေသည်။ထိုအသံကိုကြားရင်ဖြင့် ချောင်းထဲသို့ လင်းပက်လာတားသော လူရွယ်နှစ်ယောက်သည် တယောက်မျက်နှာတ‌ယောက်ကြည့်လိုက်ပြီး
“ကိုတူး မင်းကို ငါပြောပါတယ် ကြိမ်ချောင်းကို မလာချင်ပါဘူးဆိုတာကိုကွာ လင်းပက်စင်ကြီးကလည်း ဆောက်ပြီးပြီ သောက်ပြဿနာတော့ တက်ပြီ “
“မင်းကလည်းကွာ ဘာလို့အဲ့လောက်ကြောက်နေတာလဲ သူ့ဘာသာသီချင်းဆိုနေတာကို “
“အသံက ပိုနီးလာပြီဟ တကယ်ပါပဲ ငါတော့ ကြောက်နေပြီကွာ “
“ရွာကလူတွေကတော့ ပြောသားကွ နေ့လယ်နေ့ခင်းလာ‌တော့ ဘာမှမထူးတာနဲ့ ငါလည်း အခုအချိန် လာတာ “
ကိုတူးနှင့် မောင်ဝိုင်းအမည်ရသော လူရွယ်နှစ်ယောက်တို့သည် တယောက်နှင့်တယောက် ပူးပူးကပ်ကပ်ထိုင်လိုက်ရင်းက ကြောက်ကြောက်လန့်လန့်နှင့်ပင် တီးတိုးစကားဆိုနေခြင်းဖြစ်သည်။ကိုတူးနှင့် မောင်ဝိုင်းတို့သည် ဝေဘူရွာသားများဖြစ်ကာ အကြောက်အလန့်ကင်းသည့် လူရွယ်များဖြစ်ကြသည်။သူတို့သည်တခြားသော ရွာသားများ၏ပြောစကားကို ဂရုမစိုက်ပဲကြိမ်ချောင်းတွင် စင်ထိုး၍ လင်းပက်လာခံခြင်းဖြစ် သည်။လင်းပက်ဆိုသည့် အပြာရောင်ငါးဖမ်းပိုက်တမျိုးအား စင်ထိုးပြီး ရေစီးအတိုင်းခံထားကာ ငါးကြီး၊ငါးသေးနှင့် ငနုတ်ငဖွဲများအား ငါးရှာကြခြင်းဖြစ် သည်။ယခုတော့ ကိုတူးနှင့် မောင်ဝိုင်း ပြဿနာတက်နေချေပြီဖြစ်သည်။တယောက်တလှည့်အိပ်ရင်း လင်းပက်ထဲမှ ငါးများကို ပန်းကန်လုံးတလုံးဖြင့် ခပ်နေရာမှ ညသန်းခေါင်ယံအချိန်တွင် ချောင်းဖျားမှ ကလေးချော့နေသည့် မိန်းမတယောက်၏အက်ကွဲကွဲအသံကို စတင်ကြားလိုက်ရခြင်းကြောင့် ဖြစ်သည်။မိန်းကလေး၏အသံမှာ သူတို့နှင့် နီးလာလိုက် ဝေးသွားလိုက်နှင့် အတော်ခြောက်ခြားဖွယ်အနေအထားတွင် ကိုတူးနှင့် မောင်ဝိုင်းတို့သည် လက်ထဲမှဓာတ်မီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း အချင်းချင်းအားပေးစကားပြောလိုက်ကြသည် ။
“ငဝိုင်း မင်း တအားလည်းကြောက်မနေနဲ့ဦး ဟိုက ရုပ်တောင်ပြသေးတာ မဟုတ်ဘူး”
“ရုပ်မပြနဲ့ ကြောက်တယ်ကွာ သူ့အသံကြီးက နားထောင်ကြည့်ဦး တုံးပိထားတဲ့ အသံကြီး “
“ဟုတ်တယ် ဘုရားစာရွတ်လေကွာ မင်းကလည်း သရဲက ဘုရားစာကြောက်တယ်တဲ့ကွ “
“ခွီးပဲ မင်းနဲ့ ငါနှစ်ယောက်ပေါင်းလို့ ဩကာသတောင်မရတာ ဘယ်ကဘုရားစာကို ရွတ်ခိုင်းနေတာလဲ”
“ဟုတ်သား တောက် အမေကပြောဖူးတယ် လူလေးစာတတ်အောင် ဘုန်းကြီးကျောင်းကိုသွားတဲ့ အခုတော့ သားမိုက် ကျုပ် လူမိုက်နဲ့ ပေါင်းမိလို့ သရဲခြောက်တာတောင် ဘုရားစာမရွတ်တတ်တဲ့ဘဝပါ အမေရေ “
“ကိုတူး မင်းကများ ငါနဲ့ပေါင်းလို့တဲ့ မင်းနဲ့ ပေါင်းလို့ငါက အခုလို တံငါသည်ဖြစ်နေတာ “
ကိုတူးနှင့် မောင်ဝိုင်းမှာ ကြောက်အားလန့်အားနှင့် တယောက်ကိုတယောက် အပြစ်ဆိုနေသည်။လင်းပက်တလိပ်ရဖို့ မလွယ်သောအနေအထားတွင် သရဲကြောက်၍ ပိုက်ကိုဖြင့် သူတို့မထားခဲ့လိုပေ။ထို့ကြောင့် ငါးစင်ပေါ်တွင် တယောက်နှင့်တယောက်ပူးကပ်ကာ နေ နေကြသည်။မကြာမီ ကလေးချော့နေသည့် မိန်းမတယောက်၏ခြောက်ကပ်ကပ်အသံအပြင် တခစ်ခစ် နှင့်ရယ်နေသော ကလေးငယ်၏အသံကိုပါ ကြားလိုက်ရလေသည်။ထိုအသံများသည် တဖြည်းဖြည်း ‌ကိုတူး နှင့် မောင်ဝိုင်းတို့၏ လင်းပက်စင်အနီးသို့ ရောက်လာပြီဖြစ်သည်။အသံမှာ သူတို့အနားသို့ကပ်လာသဖြင့် ကိုတူးသည် လက်ထဲမှဓာတ်မီးဖြင့် အသံကြားရာဆီကိုထိုးကြည့်လိုက်ချိန် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် စကားပင်မပြောနိုင်ပဲ ကြောင်ငေးလို့နေသည်။ရေစိုနေသည့်ဆံပင်များမှာ မျက်နှာကိုဖုံးအုပ်နေသလို ရေစိုအင်္ကျီရေစိုထဘီတို့အား ဝတ်ဆင်ထားသည့်မိန်းမတ‌ ယောက်သည် ဖြူဖွေးကာ သွေးရောင်ကင်းမဲ့နေသည့် သူမ၏မျက်နှာတွင် မျက်လုံးနှင့် နှုတ်ခမ်းတို့မှာ မဲနက်လို့နေသည်။ထို့အပြင် သူမသည် လသားအရွယ်ကလေးကို ချီထားသေးသည်။ကိုတူးနှင့် မောင်ဝိုင်းမှာ သူတို့မြင်နေရသောမြင်ကွင်းကို အတန်ကြာအောင်ငေးကြည့်နေပြီးမှ ရုတ်တရုတ်ဆိုသလို နှစ်ယောက်သား ဝုန်းကနဲမတ်တတ်ရပ်လိုက်ကာ လင်းပက်စင်ကို ထားရစ်ခဲ့ပြီးနောက် ဖနောင့်နှင့်တင်ပါးတသားတည်းကျ အောင် ထွက်ပြေးခဲ့ကြပါ‌လေတော့သည်။ကျန်‌ခဲ့သော ‌သရဲအမျိုးသမီးသည်ကား အသံခြောက်ကပ်ကပ်ဖြင့် သားချော့တေးတပုဒ်ကို ဆက်လက်၍ဆိုနေပါလေတော့သည်။
◾အခန်း (၂)
ဝေဘူဟုအမည်ရသောကျေးရွာလေးရှိ တောင်ဘက်အစွန်းတွင်ရှိသော အိမ်တအိမ်တွင်ဖြစ်သည်။ ထိုအိမ်မှာ ကိုတူး၏အိမ်ဖြစ်ပြီး ကိုတူးအိမ်နှင့် သုံးအိမ် အကျော်လောက်တွင် မောင်ဝိုင်း၏နေအိမ်လေးရှိလေသည်။ယခု ကိုတူး၏အိမ်တွင်တော့ လူတော်တော်များများ ရောက်ရှိနေပြီး ငှက်ဖျားတက်နေသည့်အလား စောင်ကိုခေါင်းမီးခြုံထားရင်း တအင်းအင်းနှင့် ငြီးငြူနေသည့် ကိုတူးအား သူ၏မိခင်ကြီးမှ စိတ်မသက်မသာစွာကြည့်လိုက်ရင်း အိမ်သို့သတင်းလာမေးကြသော ရွာသားများကို စကားဆိုလိုက်လေသည်။
“ကျုပ်သားကို ကျုပ်ပြောပါတယ်တော်် ကြိမ်ချောင်းကိုမသွားပါနဲ့ဆို‌တာ ကျုပ်တားလို့ မရပါဘူးတော် အခုတော့ ဘာလုပ်လို့လုပ်ရမှန်းကို မသိတော့ပါဘူး”
“မတင် ခင်ဗျားသားတင်မဟုတ်ဘူး မမုန်းတင်သား မောင်ဝိုင်းပါ အခုလိုဖြစ်နေတာတဲ့ ဆရာလေးဘာလေးပင့်ကြပါဦး “
“မောင်လွင်ကိုတော့ သွားပင််ခိုင်းထားတာပဲ ပြန်မလာသေးဘူး “
“ခင်ဗျားသား အခုပုံအတိုင်းဆို မလွယ်လောက်ဘူး ကြောက်နေတာထက် ဇောချွေးပျံပြီး သေတော့မှာ “
ဟုတ်ပေသည်။ကိုတူးမှာ ကြောက်တယ် ကြောက်တယ်ဟုအော်ဟစ်ညည်းတွားနေပြီး ပူလောင်သောနေ့လယ်နေ့ခင်းအချိန်မှာပင် စောင်ခေါင်းမြီးခြုံ၍သာနေလေသည်။များမကြာသောအချိန်တွင်တော့ အိမ်လေးပေါ်သို့ သျှောင်တစောင်းနှင့် လူကြီးတယောက် လွယ်အိတ်ကြီးတလုံးကိုလွယ်ကာ တက်လာလေသည် ။သူ၏နောက်တွင်တော့ လူရွယ်လေးတယောက်လည်းပါလာပြီး ထိုလူရွယ်လေးသည် အိမ်‌ပေါ်သို့လှမ်းကြည့်ကာ စကားဆိုလေသည်။
“လေးကြီးမတင် ကျုပ် ဆရာပင့်လာပြီ “
“အေး အေး မောင်လွင်ရေ ဆရာကြီး ကြွပါရှင် “
ဒေါ်တင်သည် အိမ်ပေါ်သို့တက်လာသော သျှောင်ထုံးနှင့် ဆရာကြီးအား ‌ဖိတ်ခေါ်လိုက်သည်။ ဆရာကြီးသည်ကား မည်သည့်စကားမှမပြောသေးပဲ ဦးခေါင်းကိုညိတ်လို့ ဒေါ်တင်၏စကားကိုအသိအမှတ်ပြုလိုက်ပြီး‌ရင်း အိမ်ဦးခန်းတွင်ထိုင်လိုက်လေသည်။ထို့နောက် ဘုရားစင်အား ရှိခိုးဦးချလိုက်ပြီးစောင်ခေါင်းမြီးခြုံထားသောတုန်ယင်နေသည့် ကိုတူးအားကြည့်လိုက်ကာ
“မင်းကြောက်နေတာ တော်သင့်ပြီ ငါ ဆရာ‌ရောက်ပြီ ကြောက်တာတွေ ရပ်လိုက်တော့ “
“ကြောက် ကြောက်တာက ရပ်လို့ မရဘူးဗျ “
တုန်တုန်ယင်ယင်နှင့် ပြန်လည်ပြောဆိုနေသော ကိုတူးကြောင့် ဆရာကြီးမှ တချက်ပြုံးလိုက်ပြီး
“ကဲ ကဲ စောင်တွေကို ဖယ်ပေးလိုက်စမ်း ရတဲ့အထိဖယ်ပစ်”
ဆရာကြီး၏စကားကြောင့် ဒေါ်တင်နှင့် ရွာသားများ သည် ကိုတူးအတင်းဖက်တွယ်နေသည့်ကြားမှ စောင်များကို အတင်းဖယ်လိုက်သည်။ကြောက်ရွံ့နေပြီး ‌ချွေးများပျံနေသော ကိုတူးအား ဆရာကြီးမှ ရုတ်တရက်လက်မောင်းကိုဆွဲထူကာ ထိုင်လိုက်စေသည်။လူကောင်ထွားသောဆရာကြီးကြောင့် ကိုတူးမှာ စွေ့ကနဲပါသွားပြီး ငုတ်တုတ်လေးထိုင်လို့နေသည်။ထို့နောက်ဆရာကြီးသည် ဘေးမှလူများကိုကြည့်လိုက်ပြီး
“ကဲ ကဲ ‌ကောင်လေးကို‌ရေတိုက်ပြီး ယပ်တောင်လေးနဲ့ ယပ်ပေးလိုက်ကြပါဦး “
“ဟုတ်ကဲ့ ဆရာကြီး “
ဆရာကြီးစကားအတိုင်း ဒေါ်တင်နှင့် ရွာသားများ သည် ကိုတူးအားရေတိုက်လိုက်ပြီး ယပ်တောင်နှင့်ယပ်ခပ်ပေးလို့နေသည်။ထိုအခါမှ ကိုတူးသည်လည်းသက်သာသွားဟန်ရှိလေသည်။ဆရာကြိီးသည် ကိုတူးကိုကြည့်လိုက်ပြီး
“ကောင်လေး ကြောက်မနေနဲ့ ငါ ဆရာသြဘာရောက်လာပြီ”
“ဟုတ် ဟုတ်ကဲ့ ဆရာကြီးကိုမြင်လိုက်တာနဲ့ ကျုပ်ကြောက်စိတ်တွေ တဝက်သက်သာသွားပါပြီ “
“ငါ ဆရာနဲ့တွေ့ရင် အဲ့လိုပဲဖြစ်ရမယ်လေ ဒါနဲ့ မင်းဘယ်လိုကောင်‌နဲ့ တွေ့လာတာလဲ ဆိုစမ်းပါဦး “
“သိပ်ကြောက်စရာကောင်းတယ် ဆရာ ကြိမ်ချောင်းထဲမှာ ကလေးပွေ့ထားတဲ့သရဲမတ‌ကောင်ကို သေချာမြင်ခဲ့ရတယ် ကျုပ်တင်မဟုတ်ဘူး ငဝိုင်းလည်း မြင်ခဲ့ပါတယ် “
“အေး အေး ကဲ တယောက်လောက် သောက်ရေတခွက်ခပ်ခဲ့စမ်း “
ဆရာသြဘာသည် ကိုတူးပြောစကားကို နားထောင်လိုက်ပြီးနောက် ရေတခွက်တောင်းလိုက်လေသည်။ သွက်သွက်လက်လက်ရှိလှသော ကိုလွင်ဟုအမည်ရ သည့် လူရွယ်‌တဦးမှ သောက်ရေတခွက်ခပ်ကာ ဆရာသြဘာအား ရိုရိုသေသေဖြင့်ကမ်းပေးလိုက်လေသည်။ ထိုအခါ ဆရာသြဘာမှ ကိုလွင်ကမ်းပေးလာသော‌ သောက်ရေခွက်ကိုယူလိုက်ပြီး နဖူး၌တည်ကာ အသံခပ်တိုးတိုးနှင့် မန္တန်တပုဒ်ကိုရွတ်ပြီးနောက် ကိုတူးအားတိုက်လိုက်လေသည်။
“ကဲ ကောင်လေး ဒီရေမန်းကိုသောက်လိုက် မင်းစိတ်ထဲမှာရှိတဲ့ ကြောက်စိတ်တွေ မရှိသလောက်ကို သက်သာသွားလိမ့်မယ် “
“ဟုတ်ကဲ့ ဆရာကြီး “
ကိုတူးသည် ဆရာသြဘာပေးလာသော‌ရေမန်းကိုသောက်လိုက်ပြီးနောက် ဇောချွေးများပျံနေသည်မှာ တမဟုတ်ချင်းသက်သာသွားလေသည်။ထိုအခါ ကိုတူး တယောက် ရေခွက်ကိုကိုင်ရင်း အံ့သြဝမ်းသာစွာနှင့် စကားဆိုလိုက်လေသည်။
“ဆရာကြီး ကျုပ်ရင်ထဲ တလှပ်လှပ်ဖြစ်ပြီးကြောက်နေတာ ကောင်းသွားပြီ ကျေးဇူးတင်ပါတယ်ဗျာ “
“ကဲ ကဲ မင်းက ပျောက်သွားပြီဆိုတော့ မင်းသူငယ်ချင်းအိမ်ကို သွားလိုက်ဦးမယ် “
ဆရာသြဘာမှာ အချိန်ဆွဲခြင်းမရှိပဲ ထိုင်ရာမှ မတ်တတ်ထရပ်လိုက်လေ၏။ထိုအခါ ဒေါ်တင်သည် ငွေစက္ကူတချို့ကိုယူလာပြီး ဆရာသြဘာအားကန်တော့လိုက်လေသည် ။
“ဆရာကြီး ကျမသားလေးအတွက် ပူဇော်ငွေပါ “
“နင့်မှာ တော်တော်ပေါနေလား “
“ရှင် “
ဒေါ်တင်သည် ထင်မှတ်မထားသောစကားကိုကြား လိုက်ရသောကြောင့် မည်သို့ပြန်ပြောရမှန်းမသိဖြစ်လို့နေသည်။ဆရာသြဘာသည်ကား သူ၏လွယ်အိတ်ကြီးကိုကောက်လွယ်လိုက်ပြီးနောက် ဘာပြောရမှန်းမသိဖြစ်နေသော ဒေါ်တင်အား ထပ်မံစကားဆိုလိုက်လေသည်။
“ငါက ဒီလိုပဲ ပြောတတ်တယ် စိတ်ထဲမထားနဲ့ နင့်သားကိုသာ အကုသိုလ်အလုပ်တွေ ထပ်မလုပ်ရအောင်ထိန်း ကြားလား “
“ဟုတ် ဟုတ်ကဲ့ “
ဆရာသြဘာမှာ ထိုကဲ့သို့ပြောဆိုပြီး‌နောက် သူ့အားပင့်ဆောင်လာသောကိုလွင်ဆိုသည့်လူရွယ်နှင့်အတူ မောင်ဝိုင်း၏အိမ်သို့ ထွက်ခွာသွားပါလေတော့သည် ။
◾အခန်း (၃)
ဝေဘူရွာလေးရှိ ရွာသူရွာသားများသည် ရွာအနောက်ဘက်၌ရှိသော ကြိမ်ချောင်းသို့ မည်သူမှ မသွားရဲကြတော့ပေ။အကြောင်းသည်ကား ကြိမ်ချောင်းတွင်ခြောက်လှန့်နေသော သရဲမကြောင့်ပင် ဖြစ်သည်။ ကြိမ်ချောင်းကိုအမှီသဟဲပြုပြီး ဝမ်းစာရှာနေရသောသူများမှာဖြင့် များစွာအခက်ကြုံကြလေသည် ။ ထို့‌ကြောင့် ငါးမျှား၊ငါးထောင်၊လင်းပက်တိုက်နှင့် ငါးကိုင်းထောက်ကာ အသက်မွေးရသူများအဖို့ များစွာ အခက်ကြုံလေတော့သည်။အကြောင်းမှာ နေ့ခင်း ကြောင်တောင်လူပြတ်သည့်အချိန်မှာပင် ‌ရိုးတိုးရိပ်တိတ်အရိပ်ပြကာ ခြောက်လှန့်တတ်သောကြောင့်ဖြစ်သည်။ထိုအရေး‌ကြောင့် ဝေဘူရွာမှ ကြိမ်ချောင်းကိုအဓိကထားပြီး ဝမ်းစာရှာနေသည့် လူအများမှာ စုဝေးပြီးတိုင်ပင်ကြလေတော့သည်။
“ကိုပြူးကျော် ခင်ဗျားလို‌အကြောက်အလန့်မရှိတဲ့လူတောင် မသွားရဲဘူးဆိုတော့ ကျုပ်တို့လိုလူတွေအတွက်ကတော့ ဆိုဖွယ်မရှိပေါ့ဗျာ “
“အင်း ငါဆိုတဲ့ကောင်ကလည်း လက်တွေ့သမားဆိုတာ မင်းလည်းအသိ ဒါပေမဲ့ လက်တွေ့ကြီးဖြစ်လာတော့ ငါလည်း မသွား‌ရဲတော့ဘူး “
“ခင်‌ဗျား‌ခေါင်းကို ခြေနဲ့နင်းပြီး ရေထဲနှစ်တယ်ဆိုတာ ဟုတ်လားဗျ “
“မဟုတ်ပဲနဲ့ ငါက ပြောပါ့မလားကွာ တကယ် နင်းခံလိုက်ရတာကွ ကလေးပိုက်ထားတဲ့သရဲမ ငါ့ခေါင်းတက်နင်းပြီး‌ ရေနှစ်တာ တော်သေးတယ် အသေမနှစ်လို့ “
“ကျုပ်ဖြင့်ကြားရတာ ယုံတောင်မယုံနိုင်ပါဘူး‌ဗျာ ခင်ဗျားတောင် မသွားရဲဘူးဆိုရင် ကျုပ်တို့တွေဆို ပြောမနေနဲ့တော့ဗျာ “
ရွာတောင်ဘက်စွန်းရှိ ဦးပြူးကျော်၏နေအိမ်တွင်ဖြစ်သည်။ကြိမ်‌ချောင်းကိုအမှီသဟဲပြုပြီး ငါးရှာဖားရှာလုပ်ကိုင်စားနေကြသော ဝေဘူရွာမှ ရွာသားများ သည် ဝိုင်းဖွဲ့ပြီး တိုင်ပင်ဆွေးနွေးနေကြသည်။အကြောင်းမှာ တခြားတော့ မဟုတ် ကြိမ်ချောင်းတွင် သူတို့၏လုပ်ငန်းများပြန်လည်လုပ်ကိုင်နိုင်ရေးအတွက်ဖြစ်သည်။
“အဲ့တာ ထားဦး ကျုပ်တို့တွေက လယ်မရှိယာမရှိမို့ဒီချောင်းလေးကိုအားကိုးပြီး လုပ်ကိုင်စားသောက်နေရတာ ဒီချောင်းမှာမှ အလုပ်မလုပ်ရရင် ဘယ်လိုလုပ် ရပ်တည်ကြမလဲ “
“အဲ့တာကို ပြောတာပေါ့ ကျုပ်တို့တွေ တခုခုလုပ်မှဖြစ်တော့မယ် ကျုပ်တွေးထားတာ‌ ရှိတယ် ကိုတူးနဲ့‌ မောင်ဝိုင်းကိုကုပေးတဲ့ ဆရာကြီးကိုအကူအညီတောင်းကြည့်ရင်ရော”
“ဘာကိုလဲ လွင်စိုးရ”
လွင်စိုးဟုအမည်ရသော လူရွယ်၏စကားကိုတခြားသောသူများမှ နားမလည်၍ပြန်မေးလာကြလေသည်။ ထိုအခါ လွင်စိုးသည် သူစဥ်းစားထားသည်များကိုသေချာရှင်းပြ‌လိုက်လေ၏။
“ဒီလိုဗျ ကိုလွင်ပင့်လာတဲ့ ဆရာကြီးကို သိတယ်မဟုတ်လား”
“သျှောင်ထုံးနဲ့ဆရာကြီးကို ပြောတာလား လွင်စိုး”
“ဟုတ်တယ် ဆရာကြီးဦးဩဘာတဲ့ ကျုပ်အထင် သူက ကြိမ်ချောင်းကသရဲမကို နှိမ်နှင်းနိုင်မှာပဲ “
“သူက အကုသိုလ်လုပ်တာ မကြိုက်ဘူးတဲ့လေကွာ ငါတို့လို အကုသိုလ်အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းလုပ်ရတဲ့သူတွေကို ကူညီပေးပါ့မလား”
“အဲ့တာတော့ ပြောကြည့်ရင်သိရမှာပဲလေ ဒီအတိုင်း ဘာမှမလုပ်တာထက်စာရင် ကျုပ်ပြောသလိုလုပ်တာကောင်းမလားလို့”
“မင်းပြောတာလည်း မဆိုးပါဘူး ခုဆို ကြိမ်ချောင်းသရဲမကလည်း ပိုကြမ်းလာပြီလေ ဟိုးတုန်းက အသံပဲပေးတာ အခု ကိုယ်ထင်ပြရုံတင်မဟုတ်ဘူး ခြေထောက်နဲ့ပါ နင်းနေပြီ တော်ကြာ ဂုတ်ချိုးမသတ်ဘူးလို့ပြောမရပေဘူး အဲ့တော့ ငါတို့ထဲမှာ အကြီးဆုံး ပြီးတော့ သမ္ဘာအရင့်ဆုံး ဦးပြူးကျော်ကပဲ ဆုံးဖြတ်ပါစေကွာ “
လူရွယ်နောက်တယောက်မှ ထိုသို့‌ဆိုလိုက်သော အခါ တခြားသူများအားလုံးသည်လည်း သဘောတူကြ‌လေသည်။ထို့ကြောင့် ဦးပြုံးကျော်သည် ခေါင်းကိုတဆတ်ဆတ်ညိတ်လိုက်ပြီး စကားဆိုလာလေသည်။
“အင်း တို့တွေကလည်း ဒီကြိမ်ချောင်းလေးမှာပဲ အသက်မွေးဝမ်းကြောင်းပြုနေရတာလေ လယ်ကလည်းမရှိ ယာကလည်းမရှိဆိုတော့ ဝမ်းစာရဖို့ တို့တွေ အလုပ်ကိုလုပ်နေရမှာ အဲ့တော့ ဟုတ်သည်ရှိ မဟုတ်သည်ရှိ လွင်စိုးပြောသလို ဆရာကြီးကိုပင့်ပြီးသရဲမကို ချောင်းက နှင်ကြတာပေါ့ “
“ကောင်းပါတယ် ညဏ်ပူဇော်ခပေးရမယ်ဆိုရင်လည်း ကျုပ်တို့တွေ တတ်နိုင်သလောက်စုပြီးပေးကြတာပေါ့ “
“ကောင်းပါတယ်လေ ကဲ ဆရာကြီးကိုပင့်ဖို့ လွင်စိုး မင်းနဲ့ မြသောင်းတို့က တာဝန်ယူလိုက် ကြားလား”
ဦးပြူးကျော်မှထိုသို့တာဝန်ပေးလေရာ တာဝန်ပေးခံရသော လွင်စိုးနှင့် မြသောင်းတို့နှစ်ယောက်မှ တက်တက်ကြွကြွပင် ပေးအိပ်သောတာဝန်ကိုယူလိုက်ပြီးနောက် ဆရာကြီးဦးဩဘာနှင့် အဆက်အသွယ်ရှိသော ကိုလွင်၏အိမ်သို့သွားရန် လွင်စိုးနှင့် မြသောင်းတို့ပြင်လိုက်ကြပါလေတော့သည် ။
◾အခန်း (၄)
ကိုလွင်၏အိမ်သို့ လွင်စိုးနှင့် မြသောင်းတို့သွားနေကြသည်။ကိုလွင်၏အိမ်မှာ ရွာမြောက်ဖျားတွင်ရှိသော ကြောင့် လှည်းလမ်းအတိုင်းမသွားတော့ပဲ အိမ်ကြိုအိမ်ကြားလမ်းလေးအတိုင်းသွားလိုက်ရာ များမကြာသောအချိန်တွင်တော့ ကိုလွင်၏အိမ်သို့ရောက်ရှိလာလေသည်။ကိုလွင်သည် သူတို့နှင့်ရွယ်တူဖြစ်ကာ ငယ်သူငယ်ချင်းများလည်း ဖြစ်သည်။ယခု ကိုလွင်သည် သူ၏အိမ်နောက်ဘက်ရှိနွားတင်းကုတ်တွင် နွားစာကျွေးနေလေသည်။သူသည် အပေါင်းအသင်းဖြစ်သူ လွင်စိုးနှင့် မြသောင်းကိုမြင်သည်နှင့် နွားစာကျွေးနေရင်းမှ လှမ်း၍နှုတ်ဆက်လေသည်။
“ဟေ့ မြသောင်းနဲ့ လွင်စိုးပါလားကွ အိမ်အောက်မှာထိုင်နှင့်ကြကွာ ငါ ဖွဲလေးပက်လိုက်ဦးမယ် “
“အေး အေး ကိုလွင်ရေ ငါတို့ အိမ်အောက်မှာ စောင့်နေမယ် အရီးနဲ့ ဦးကြီးရော မတွေ့ပါလား”
“အေး ဟုတ်တယ် အဘနဲ့ အမက ရွာဦးကျောင်းသွားတယ်ကွ “
ကိုလွင်မှာအဆင်ပြေသော လယ်ရှင်ယာရှင်မိသားစုမှ ပေါက်ဖွားလာသူဖြစ်သည်။သို့ပေမဲ့ သူသည်လယ်ရှင်ယာရှင်ဆိုသော မာနကြီးဖြင့်မနေပဲ အဆင်မပြေသောသူများကိုကူညီတတ်သည့် ပရဟိတစိတ်ထား ရှိသူတဦးဖြစ်သည်။လူကို လူလို့သာမြင်ပြီး တခြားသောဂုဏ်ပကာသနာတို့အား အလေးမထားသူ တယောက်လည်းဖြစ်သည်။ကိုလွင်သည် သူ၏ နွားစားကျင်းထဲမှ နွားစားများအပေါ်ဖွဲနုများ ပက်ပေး လိုက်ပြီး‌နောက် အိမ်အောက်ရှိ စားပွဲတန်းလျားတွင်ထိုင်နေသော လွင်စိုးနှင့် မြသောင်းထံသို့ သွားလိုက်လေသည်။
“မင်းတို့ကောင်နှစ်ယောက် ထူးထူးဆန်းဆန်းငါ့အိမ်လာလို့ပါလားကွ “
“အေး ဟုတ်တယ် ကိုလွင်ရေ မင်းကို အကူအညီလေးတခုလောက်တောင်းချင်လို့‌ကွာ “
“ပြောစမ်းပါဦး ဘာအကူအညီလဲကွ ငါတတ်နိုင်တာဆို ကူညီမယ်လေ “
“မင်း တတ်နိုင်မှာပါကွာ တခြားတော့ မဟုတ်ပါဘူး ငါ့ကောင်ရေ မင်း‌ဟိုတလောကပင့်လာတဲ့ဆရာကြီးကိုပင့်ချင်လို့ကွ “
“ဘယ်သူဘာဖြစ်လို့လဲကွ ပြောစမ်းပါဦး “
“ဘယ်သူမှ ဘာမှမဖြစ်ဘူးဟေ့ ကြိမ်ချောင်းကသရဲမကို နှင်ထုတ်ခိုင်းမလို့ကွ”
ကိုလွင်သည် လွင်စိုး၏စကားကြောင့် တွေတွေဝေဝေဖြစ်သွားပြီး
“အဲ့တာတော့ ဆရာကြီးက လုပ်ပါ့မလားမသိဘူး လွင်စိုးနဲ့ မြသောင်းရေ “
“လုပ်ပါ ဆရာကြီးကူညီအောင်ပြောပေးပါလား မင်း သိပါတယ်ကွာ တို့တွေဆိုတာ ကြိမ်ချောင်းကိုအမှီသဟဲပြုပြီး လုပ်ကိုင်စားနေရတာလေကွာ အခုကြိမ်ချောင်းကိုမသွားရဲတော့ တို့ရွာသားတွေတယ်ပြီး ဒုက္ခရောက်တယ်ကွ”
“မင်းတို့ကလည်းကွာ သူ့တပါးအသက်သတ်ပြီးပဲ စီးပွားရှာတတ်တာလား တခြားအလုပ် လုပ်ပါလား”
ကိုလွင်သည် သူ၏စိတ်ထဲရှိသည့်အတိုင်း လွှတ်ခနဲ ပြောလိုက်မိပြီးမှ အပေါင်းအသင်းနှစ်ယောက်တို့အား များစွာအားနာမိသွားသည်။ကိုလွင် ထိုသို့ပြောလိုက်သောကြောင့် မျက်နှာငယ်သွားကြသော လွင်စိုးနှင့် မြသောင်းမှာ သူတို့၏အခက်အခဲများကို ပြောပြလာလေသည်။
“မင်းလည်း သိပါတယ်ကွာ တို့တွေမှာ လယ်ပိုင်ယာ ပိုင်မှမရှိတာ ငါလည်း မင်းတို့လို လယ်ယာလေးလုပ်ပြီး နေချင်တာပေါ့ကွာ ဖြစ်မှမဖြစ်နိုင်ပဲ မင်းသိတဲ့အတိုင်း ငါက အကြီးဆုံးသားလေ အခုအလုပ်လေးနဲ့အဆင်ပြေလို့ လုပ်နေရတာပါကွာ တခြားအလုပ်ကလည်း လုပ်မှမလုပ်တတ်တာ “
မြသောင်းနှင့် လွင်စိုးတို့မှာ သူတို့နှစ်ယောက်၏ အခက်အခဲများကို ကိုလွင်အား တယောက်တလှည့်ပြောပြလေရာ ကိုလွင်မှာ သူပြောမိသောစကားကိုပင် နောင်တရနေမိသည်။ထို့ကြောင့် သူသည် သူငယ်ချင်းနှစ်‌ယောက်အား နှစ်သိမ့်လိုက်၏။
“လွင်စိုးနဲ့ မြသောင်း မင်းတို့နှစ်ယောက်အကြောင်းကို ငါ ကောင်းကောင်းသိပါတယ်ကွာ စိတ်ပူမနေနဲ့ ဆရာကြီးကို ငါ ပင့်ပေးမယ် လိုက်ခဲ့စေရမယ်ကွာ “
“မင်း တကယ်ပြောတာလား “
“တကယ်ပေါ့ကွာ မင်းတို့ဆီကိုတော့ ခေါ်မလာတော့ဘူး ငါ့ဘာသာပဲ ကြိမ်ချောင်းကသရဲမကို ရှင်းပေးဖို့ပြောမယ် မင်းတို့က ရှင်းခိုင်းတယ်ဆိုရင် သူ လုပ်ပေးမှာမဟုတ်ဘူးကွ”
“ငါတို့ သဘောပေါက်ပါတယ်ကွာ မင်းကူညီပေးတာကိုပဲ တကယ်ကျေးဇူးတင်ပါတယ် “
“မင်းတို့ကလည်းကွာ ပြောစရာလူတွေကြနေတာပဲ ဟေ့ကောင်တွေ ဆေးပေါ့လိပ်သောက်ကြမယ်မဟုတ်လား”
“မင်းကလည်း ပြောစရာလိုသေးလို့လားကွာ “
“အေး အေး ငါ အိမ်ပေါ်မှာ သွားယူလိုက်ဦးမယ် “
ဤသို့ဖြင့် လွင်စိုးသည် သူ၏အကြံမှာ အလုပ်ဖြစ်သွားသောကြောင့် ပျော်တပြုံးပြုံးဖြစ်ကာ မြသောင်းနှင့်အတူ ကိုလွင်ပေးသောဆေးပေါ့လိပ်အား သောက်ရန် စောင့်ဆိုင်းနေပါ‌လေတော့သည် ။
◾အခန်း (၅)
“ကိုလွင်မင်း ပြောပုံအရဆို ကြိမ်ချောင်းကသရဲမက မင်းတို့ရွာကို တော်တော်ဒုက္ခပေးနေတာပေါ့”
“ဟုတ်တယ် ဆရာကြီး စောင်လေးဘာလေး လျှော်ချင်တာတောင် ချောင်းထဲ သွားမလျှော်ရဲကြဘူး သရဲမက နေ့ရောညရောအချိန်မရွေးဘူးဗျာ အတော်ကိုခြောက်နေတာ “
“အင်း ဒီသရဲမ အတော်လေးကိုဂြိုလ်ကြွနေတာပဲ ငါကတော့ ကလေးလေးပိုက်ပြီး မကျွတ်မလွတ်ဖြစ်နေတယ်ဆိုလို့ သနားပြီးလွှတ်ထားတာ ဒင်းက အတော်ကိုသောင်းကြမ်းနေတယ်ပေါ့ “
“ဟုတ်တယ်ဗျာ အတော်ကိုဆိုးပါတယ် ကျုပ်တို့တရွာလုံးလည်း အဲ့ဒီသရဲမကြောင့် စိတ်ညစ်နေရတယ် “
ကိုလွင်သည် သူ၏အပေါင်းအသင်းများကို ကူညီချင်သောကြောင့် ဆရာကြီးဩဘာအား ကြိမ်ချောင်းမှသရဲမ မည်သို့မည်ပုံဆိုးကြောင်းကိုပြောပြပြီး လာပင့် ခြင်းဖြစ်သည်။ဆရာဩဘာသည်လည်း ထူးထူးခြားခြား ကိုလွင်ကို ယုံကြည်သူဖြစ်ကာ ကြိမ်ချောင်းသရဲမ ကို နှင်ထုတ်ဖို့ လက်ခံလိုက်လေသည်။
“ကဲ ကဲ မင်းကို ငါ့တူသားလိုခင်နေတယ်ဆိုတော့ ငါမင်းပြောတာကို လက်ခံလိုက်မယ်ကွာ လာမဲ့လကွယ်ညမှာ ငါ့ဘာသာသွားပြီး နှင်လိုက်မယ် ကြားလား”
“ဝမ်းသာလိုက်တာ ဆရာကြီးရာ “
“မင်းလည်း ပြန်တော့ ငါ အဲ့နေ့ကျမှ မင်းတို့ပြောတဲ့ကြိမ်ချောင်းကသရဲမကို အကျိုးအကြောင်းမေးပြီး နေရာပြောင်းသင့်ပြောင်းပေးလိုက်မယ် စိတ်မပူတော့နဲ့ ကြားလား”
“ဟုတ်ကဲ့ အဲ့တာဆို ကျုပ်ပြန်တော့မယ် ဆရာကြီး”
“အေး အေး ပြန် ပြန် “
ကိုလွင်တယောက် ဆရာကြီးဦးဩဘာ၏ ရွာမှ အားရဝမ်းသာပြန်သွားလေသည်။သူသည် ဝေဘူရွာသို့ပြန်ရောက်သည်နှင့် လွင်စိုးနှင့် မြသောင်းတို့ဆီသွားကာ ကြိမ်ချောင်းမှသရဲမကို ဆရာကြီးဦးဩဘာမှ အကျိုးသင့်အကြောင်းသင့်မေးလိုက်ပြီး ပြောင်းသင့်ပြောင်း ဒါမှမဟုတ် နှင်သင့်လျှင် နှင်မည်ဟုပြောပြလိုက်လေသည်။လွင်စိုးတို့သည်လည်း များစွာဝမ်းသာသွားကြလေသည်။ဤသို့ဖြင့် တဆင့်စကားတဆင့်နားဖြင့် ဝေဘူရွာလေးထဲတွင်တော့ ကြိမ်ချောင်းမှသရဲမ အားနှင်ထုတ်တော့မည်ဆိုသည့်အကြောင်းမှာ ပျံနှံ့လျက်ရှိနေလေသည်။
“ဟေ့ကောင်တွေ မင်းတို့ကြားလား ဆရာကြီးဩဘာက ကြိမ်ချောင်းက သရဲမကိုနှင်မယ်ဆိုပဲကွ”
“ဟုတ်တယ် ဆရာကြီးက သရဲမကို အကျိုး အကြောင်းမေးပြီးမှ နှင်မှာတဲ့ ကောင်ရေ “
“အေးကွာ ဆရာကြီးနှင်ရင်တော့ ကြိမ်ချောင်းသရဲ မလည်း နေနိုင်မှာမဟုတ်ပါဘူးကွာ ဆရာကြီးဩဘာဆိုတာ ဒီနယ်တကြောမှာ နာမည်ကြီးကို “
ထိုသတင်းသည် ဝေဘူရွာတွင်းသာမက ရွာနီး ချုပ်စပ်များအထိပါ ပျံ့နှံ့လို့သွားပြီဖြစ်သည်။ကြိမ်ချောင်းတွင် နာမည်ကြီးနေသော သရဲမနှင့် သျှောင်တစောင်းနှင့်နာမည်ကြီးသည့် အထက်လမ်းဆရာကြီးဩဘာတို့ ထိပ်တိုက်တွေ့မည့်အကြောင်းသည်ကား ယခုနယ်လေးတွင် လူတိုင်း၏နှုတ်‌ဖျားမှ ပြောကြားသော သတင်းထူးတပုဒ်ဖြစ်လို့နေပါလေတော့သည် ။
◾အခန်း (၆)
လကွယ်ညသို့ရောက်လာပြီဖြစ်သည်။ဝေဘူရွာသားများအတွက် မျှော်လင့်တောင့်တနေသော ညတညလည်းဖြစ်သည်။လူကြီးလူငယ်လူရွယ်များမှာ အချင်း ချင်း မအိပ်ကြသေးပဲအချိန်လင့်သည်အထိ တီးတိုးစကားများဆိုနေကြသည်။
“ဒီနေ့ကတော့ အိပ်ပျော်မယ်မထင်ပါဘူးတော် “
“ကျုပ်လည်း အတူတူပါပဲ ကြိမ်ချောင်းကို ဇရစ်ရိုးလေးသွားချိုးချင်တာတောင် သရဲမကြောက်နေရတာ နောက်ဆို ဘာမှကြောက်စရာမလိုတော့ဘူး သွားလို့ရတော့မယ် “
“အေး ဟုတ်တယ် ညည်းတို့သိတဲ့အတိုင်းပဲ ဟင်းသီးဟင်းရွက်ကလည်း ကြိမ်ချောင်းဝန်းကျင်မှာပဲပေါတာမလား”
“အရင်ကဆို အိမ်က သားတော်မောင် ငါးသွားမျှားလို့ ဟင်းစားရသေးတယ် အခုတော့ ငါးမစားရတာအတော်ကြာပေါ့”
အမျိုးသမီးကြီးများသည် အိမ်နီးနားချင်းစုဝေးကာစကားဆိုနေကြခြင်း ဖြစ်သည်။ကိုလွင်၊လွင်စိုးနှင့် မြသောင်းတို့သည်ကား ဦးပြူးကျော်၏အိမ်တွင် စုဝေးကာ မအိပ်ပဲစကားဆိုနေကြသည်။
“ကိုလွင် မင်းကိုတော့ တို့တွေသိပ်ကျေးဇူးတင်တယ်ကွာ “
“ရပါတယ် ဦးလေးရာ “
“မင်းတို့သိတဲ့အတိုင်း တို့ရွာက လူတွေကလည်း ကြိမ်ချောင်းကိုပဲ အမှီသဟဲပြုနေရတာလေ ဆရာကြီး ကောင်းမှုကြောင့် အဆင်ပြေတော့မယ်ထင်တယ်ကွ”
“အဆင်ပြေမှာပါဗျာ ဆရာကြီးရဲ့ပညာကို ကျုပ်တို့သိနေတာပဲကို “
ထို့နောက် လွင်စိုးသည် ရေနွေးကြမ်းတခွက်ကိုငှဲ့လိုက်ပြီး ဦးပြူးကျော်နှင့် စကားဆိုနေသည့် ကိုလွင်အား မေးမြန်းလိုက်လေသည်။
“ကိုလွင် ဆရာကြီးက ဘာလို့တယောက်တည်းသွားတာလဲ ငါတို့ကိုအဖော်ခေါ်လို့ရတာကို ကူညီစရာရှိတာကူညီလို့ရတာပေါ့”
“ဆရာကြီးက တဇွတ်ထိုးကြီးကွ သူပြောတဲ့အတိုင်းပဲလိုက်လုပ်ရတာ အထွန့်တက်မယ်မကြံနဲ့ ငေါက်ရော “
“အေး အဲ့တာတော့ ဟုတ်တယ် ငါလည်း လက်တွေ့မြင်ဖူးတယ် “
“ဟုတ်တယ် သူက မလိုက်ခဲ့နဲ့ တယောက်တည်းသွားမယ်ဆိုတော့ ငါလည်း မလိုက်ရဲဘူးပေါ့ကွာ ဆရာကြီးကိုကြည့်ရတာလည်း အေးအေးဆေးဆေးပါပဲ ကြိမ်ချောင်းကသရဲမက သူ့အတွက်တော့ အပျော့ပါ”
“အဲ့တာဆိုလည်း ပြီးတာပါပဲကွာ ငါက တခုခုဖြစ်မှာစိုးလို့ “
“လွင်စိုး ဘာမှတွေးမနေနဲ့ တို့တွေ ရွာအပြင်မှာသွားစောင့်ကြတာပေါ့ မကောင်းဘူးလား “
“အဲ့တာ ကောင်းတယ် ကွပ်ပျစ်လည်းရှိတယ်ဆို‌ တော့ အေးအေးလူလူအိပ်လို့ရတာပေါ့ “
ကိုလွင်၏စကားကြောင့် ဦးပြူးကျော်မှအပ လူရွယ်များသည် ‌ရွာအပြင် မန်ကျည်းပင်ကြီးတပင်အောက်ရှိ ကွပ်ပျစ်သို့‌သွားလိုက်ကြသည်။ထိုကွပ်ပျစ်သည် ကြိမ်ချောင်းဘက်သို့သွားသောလမ်းတွင် ရှိသည့်အတွက် ကြိမ်ချောင်းကို အသွားအပြန်လုပ်ကြသောသူအား တန်း၍တွေ့နိုင်မည်ဖြစ်သည်။
“တို့ ဒီကိုလာတော့ တခြားရွာသားတွေလည်း မအိပ်ကြသေးပါလားကွ ငါတို့ပဲ အိပ်မရဘူးထင်နေတာ သူတို့လည်း ငါတို့လိုပါပဲလား”
“ကြိမ်ချောင်းနဲ့ကင်းတဲ့ ရွာသူရွာသားက ခပ်ရှားရှားရယ်ကို မင်းသိတဲ့အတိုင်း ဇရစ်ရိုးတို့ ဒရင်ကောက်ညွန့် တို့ဆိုတာ ကြိမ်ချောင်းအထက်ဖျားမှာပဲရတာမဟုတ်လား “
“ဟုတ်တယ် ငါ့အမေဆိုလည်း ကြိမ်ချောင်းကသရဲမကို နှင်တော့မယ်ဆိုတော့ ဝမ်းသာနေတာကွ “
သူတို့စကားတပြောပြောနှင့်ပင် ကွပ်ပျစ်တွင် အိပ်သူက အိပ် ထိုင်သူက ထိုင်နှင့် ကြိမ်ချောင်းဘက်ကို မျှော်ကြည့်နေကြသည်။တခါတခါ ‌စူးရှစွာအော်‌ဟစ် နေသော မိန်းမ‌တယောက်၏အသံသဲ့သဲ့ကိုကြားနေရသောကြောင့် တယောက်နှင့်တယောက် သတိပေးနေကြသေးသည်။
“ကိုလွင် ကြားလား “
“ကြားတယ် မြသောင်း “
“သရဲမရဲ့အော်သံပဲ နေမှာကွ ကြိမ်ချောင်းနဲ့ဝေးတာတောင်အသံကြားနေရတယ်ဆိုတော့ ဆရာကြီးတော် တော်ကြမ်းနေပြီထင်တယ် “
“သရဲမက ကပ်တတ်တတ်လုပ်နေလို့ ပညာပေးနေတာနေမှာပေါ့ကွာ “
“ဟုတ်လောက်တယ် သရဲမကတော့ ငယ်သံပါအောင် အော်နေပြီ ဒီလောက်ခြောက်တဲ့ သရဲမ အခုတော့ ဒင်းအလှည့်ရောက်ပြီ”
ကိုလွင်တို့အဖွဲ့မှာ သရဲမ၏အော်သံကိုကြားနေရပြီး များစွာကျေနပ်အားရနေကြသည်။နောက်ထပ် အသံမကြားရတော့သောအခါတွင် သူတို့ထင်ရာမြင်ရာများကိုပြောကြပြန်လေသည်။
“သရဲမတော့ သွားပြီထင်တယ် အသံမကြားရတော့ဘူး “
“ထွက်ပြေးသွားပြီနေမှာပေါ့ ဒါမှမဟုတ် ဆရာကြီးတခါတည်း ဘဝပြောင်းပေးလိုက်လားမှ မသိတာ “
“အေး သရဲမရန်တော့ အေးပြီ တို့တွေ မနက်ဖြန် ငါးရှာထွက်ကြတာပေါ့ကွာ “
သူတို့သည် အချိန်အတော်ကြာသည့်အထိစကားများပြောနေကြပြီးနောက် လေတဖြူးဖြူးတိုက်နေသည့် ကွပ်ပျစ်တွင် သူတို့အားလုံးအိပ်ပျော်သွားကြပါလေတော့သည် ။
◾အခန်း (၇)
“ဟေ့ကောင်တွေ ဟေ့ကောင်တွေ “
ဦးပြူးကျော်တယောက် ရွာအပြင်မန်ကျည်းပင်အောက်ရှိ ကွပ်ပျစ်ပေါ်တွင်အိပ်ပျော်နေသော ကိုလွင်တို့အား နှိုးနေခြင်းဖြစ်သည်။
“ဦးပြူးကျော် ဘာဖြစ်လို့လဲဗျ “
“မင်းတို့က အိပ်နေ ဆရာကြီးက ပြန်မလာသေးဘူး ငါ အစောကြီးကတည်းကရောက်နေတာ မင်းတို့အိပ်ရေးပျက်မှာစိုးလို့မနှိုးတာ အခု နေလည်းထွက်ပြီ ဆရာကြီး ဒီလောက်မကြာသင့်ဘူးထင်တယ်နော် “
“ဟုတ်တယ်ဗျ နေတောင်ထွက်နေပြီ ဆရာကြီး ညတွင်းချင်းပြန်လာမယ်တောင်ထင်တာ ဘာများဖြစ်နေလဲ မသိဘူး”
“တို့တွေလိုက်ကြည့်ကြမလား ကိုလွင်”
“လိုက်ရမှာပေါ့ဗျာ ကျန်တဲ့သူတွေလည်း လိုက်မှာလား လူများတယ်ဆိုတော့ ကြောက်စရာမလိုပါဘူး “
“လိုက်ရမှာပေါ့ “
ထိုသို့ဖြင့် သူတို့သည် ကြိမ်ချောင်းသို့အားလုံးစုဝေးပြီးလိုက်သွားလိုက်ကြလေသည်။အချိန်အတန်ကြာလမ်းလျှောက်ပြီးသောအခါ ကြိမ်ချောင်းကိုရောက်ရှိလာပြီဖြစ်သည်။ကြိမ်ချောင်းသို့ရောက်သောအခါ သူတို့သည် ချောင်းဘေးအတိုင်းလိုက်လံကြည့်ရှူကြလေသည်။ကိုလွင်သည်ကား သူပင့်ထားသောဆရာကြီးမို့ များစွာစိုးရိမ်စိတ်ဝင်လို့နေသည်။ထို့ကြောင့် အသံ ကျယ်ကျယ်နှင့် အော်ခေါ်‌လိုက်လေသည်။
“ဆရာကြီး ဗျို့ ဆရာကြီး”
“ဆရာကြီးဩဘာ “
ကိုလွင်သည်သာမက တခြားသောသူများသည်လည်း ဆရာကြီးဩဘာ၏နာမည်ကိုအော်၍ခေါ်နေကြသည်။ချောင်းရိုးအတိုင်းဆန်ပြီးရှာဖွေလာရာ ဝါးရုံပင်ရှိသည့် ချောင်းစပ်အရောက် တယောက်သောလူရွယ်မှ ‌ကြောက်လန့်တကြားချောင်းစပ်ကိုလက်ညှိုးထိုးပြီး အော်ပြောလိုက်လေသည်။
“ဟို ဟိုမှာ လူတယောက်”
“ဟေ ဟုတ်တယ် အဲ့တာဆရာကြီးပဲကွ”
ချောင်းစပ်တွင် ဆံပင်တို့ဖွာလန်ကျဲပြီး လဲကျသေဆုံးနေသည့် ဆရာကြီးဩဘာကိုမြင်သောအခါ အားလုံးထိတ်လန့်သွားကြလေသည်။သျှောင်တုံးပြေပြီး ဆံပင်များရှုပ်ပွကာ ချောင်းရေတိမ်တိမ်တွင် ရေနစ်သေဆုံးခဲ့ဟန်ရှိသော ဆရာကြီးဩဘာ၏ အလောင်းအား ကိုလွင်တို့လူရွယ်တစုမှ သွားရောက် သယ်ဆောင်လိုက်ကြလေ၏။
“‌ဆရာကြီးတော့ သေသွားပြီ သရဲမက တော်တော်ဆိုးနေပြီပဲကွာ “
“ဟုတ်တယ် ဆရာကြီးရဲ့အလောင်းကို မြန်မြန်သယ်ကြဟေ့ ဒီချောင်းကနေ မြန်မြန်ပြန်ကြရအောင် “
လူရွယ်များသည် အလောင်းအား ဝိုင်းဝန်းသယ် ဆောင်ကာ ကြိမ်ချောင်းမှ အလျှင်အမြန် ထွက်ခွာလာခဲ့ကြလေသည်။ထို့နောက် ကြိမ်ချောင်းနှင့် အတန်ဝေးသော ညောင်ပင်ကြီး၏အောက်တွင် ဆရာကြီးဩဘာ ၏အလောင်းကိုချထားလိုက်ပြီး သက်ပြင်းကိုယ်စီချကာစိတ်ညစ်နေကြသည်။သူတို့ထဲတွင် ပို၍စိတ်ညစ်နေသူမှာ ကိုလွင်ဖြစ်သည်။
“ဒီသရဲမ အခုလောက်အစွမ်းထက်လိမ့်မယ်လို့မထင်ထားဘူးဗျာ ဆရာကြီးရာ အခုလိုဖြစ်မယ်မှန်းသိရင် ဆရာကြီးကို ကျုပ် မပင့်ခဲ့ပါဘူး”
“ကိုလွင် စိတ်လျှော့ကွာ တို့လည်း အခုလိုဖြစ်လိမ့်မယ်လို့ ဘယ်သူမှ မသိကြပါဘူး သိခဲ့ရင်လည်း လူတယောက်အသက်တချောင်းနဲ့ တို့တရွာလုံးအဆင်ပြေဖို့ကို မလဲခဲ့ပါဘူး”
“ကျုပ် နားလည်ပါတယ် ဦး‌ပြူးကျော် အထက်လမ်း ဆရာတယောက်လုံးကို သတ်နိုင်တဲ့သရဲက တကယ်ရှိတာလား”
“ရှိလို့ပေါ့ကွာ ငါ့တုန်းကဆို သရဲမက ခြေနဲ့နင်းပြီးရေနှစ်တာ ငါ့ကိုတော့ အသေမသတ်ခဲ့ဘူး”
“ကျုပ်ဖြင့် စိတ်ညစ်ပါတယ်ဗျာ ဘယ်လိုလုပ်ရမှန်းကို မသိတော့ဘူး”
“ဆရာကြီးရွာကို‌ သွားအကြောင်းကြားကြတာပေါ့ကွာ ပြီးမှ သူတို့လုပ်ချင်တာကို လုပ်ပေးကြတာပေါ့ “
ဤသို့ဖြင့် ကိုလွင်တို့လူရွယ်အဖွဲ့သည် ဆရာ‌ကြီး ဦးဩဘာ၏အလောင်းအား သူ၏ရွာသို့ပို့ပေးရန် ဆုံးဖြတ်ချက်ချလိုက်ပြီး အလောင်းကြီးအား ဝိုင်းဝန်းသယ်ဆောင်သွားကြပါလေတော့သည်။
အခန်း (၈)
ဝေဘူရွာရှိ ကြိမ်ချောင်းသို့ မည်သူကမှ မသွားရဲကြတော့ပေ။ကြိမ်ချောင်းကိုသွားခြင်းသည် သေရွာကိုသွားခြင်းနှင့် အတူတူပဲဟုထင်မြင်လာကြသည်။သေချင်လျှင် စိန်မစားနှင့် ကြိမ်ချောင်းသို့ သွားဟုပင် အမည်ကျော်လာလေသည်။မယုံကြည်သော အထက် လမ်းဆရာများသည် ကြိမ်ချောင်းသို့သွားပြီး သရဲမအားနှင်ကြပေမဲ့ သရဲမကို မနှင်နိုင်ခဲ့ကြပေ။နှင်မည့်သူတို့သည်သာ လောကကြီးထဲမှ အပြီးသတ်နှင်ထုတ်ခြင်းကိုခံရခဲ့သည်ချည်းသာဖြစ်သည်။ထို့အတွက်ကြောင့် ပြန်လမ်းမဲ့ချောင်းဟု အမည်ကျော်နေခြင်းဖြစ်သည်။ယခုနောက်ပိုင်း အထက်လမ်းဆရာများ ကြိမ်ချောင်းအား လာရောက်စမ်းသပ်ရင်း အသက်ပေးသွားရသူများ တစထက်တစများလာပြီဖြစ်သည်။ထိုအတွက်ကြောင့် ရွာသားများသည် ကြိမ်ချောင်းသို့ လာရောက်သည့် အထက်လမ်းဆရာများအား ကြိမ်ချောင်းသို့မသွားရန်ချော့မော့ပြော‌ဆိုပြီး ပြန်လွှတ်နေရသည် မှာ အလုပ်တခုလိုဖြစ်နေပြီဖြစ်သည်။ယနေ့လည်း အကြော်ဆိုင်တဆိုင်တွင် ဘိုးတော်ပေါက်စတယောက်နှင့် လူရွယ်တယောက်တို့မှာ ကြိမ်ချောင်းသို့သွားမည်ဟုဆိုနေသောကြောင့် အကြော်ဆိုင်တွင်ရှိနေသောသူများမှာ တားဆီးကြလေသည်။
“ငါ့တူကိုကြည့်ရတာ ဘိုးတော်ဖြစ်ချင်နေတာထင်တယ် “
“ကျုပ်က ဘိုးတော်ပါပဲ ဘိုးတော်ပေဆိုတာ ကျုပ်ပါ ဒီဘက်က မောင်မောင်ကျော်တဲ့ ကြိမ်ချောင်းကနာမည်ကြီးနေလို့ လာခဲ့တာပါ “
“တခြားနေရာမှာသာ သွားစမ်းကြစမ်းပါကွယ် အသက်နဲ့လောင်းကြေးထပ်ရမဲ့အလုပ်တော့ မောင်ရင်တို့ကို မစမ်းသပ်စေချင်ဘူး”
“ရပါတယ်‌ဗျာ”
ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့၏ခေါင်းမာသောအပြုအမူများ‌ကြောင့် ဝေဘူရွာထိပ်ရှိ အကြော်ဆိုင်တွင်ထိုင်နေသောသူများမှာ များစွာစိတ်ညစ်လို့နေကြသည်။ထို့နောက် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော လူကြီးတယောက်မှ ဘိုးတော်ပေတို့နှစ်ယောက်အား နားမလည်နိုင်စွာနှင့် မေးမြန်းလာလေသည်။
“မောင်ရင်တို့က ဘာဖြစ်လို့ ကြိမ်ချောင်းကိုသွားချင်နေရတာလဲ မင်းတို့ထက်သမ္ဘာရင့်တဲ့ ဆရာကြီးတွေတောင် အသက်ပေးလိုက်ရတယ် ကြိမ်ချောင်းမှာ ရတနာသိုက်များရှိနေလို့လားကွာ “
“မရှိလောက်ပါဘူး ဦးကြီး ကျုပ်တို့လာတယ်ဆိုတာ အရင်ဆရာတွေလို ပညာမာန့်ဝင့်ပြီးလာတာမဟုတ်ပါဘူး တကယ်အကျိုးဖြစ်ထွန်းစေချင်တဲ့စေတနာနဲ့ လာတာပါ “
“အင်း မောင်ရင်တို့အပြောကတော့ ကောင်းတယ် ဒါပေမဲ့ လက်တွေ့တော့ ခက်မယ်ထင်တယ်နော် “
“အလုပ်မှန်သမျှတော့ ခက်ခဲတာချည်းပါပဲ ဦးကြီးရယ် ကျုပ်တို့ ကြိမ်ချောင်းကိုသွားကိုသွားမှဖြစ်မယ်”
“အင်း တားမရဘူးဆိုတော့လည်း မင်းတို့သဘောပေါ့ကွယ် အထောက်အကူပြုလိုပြုငြား ကိုလွင်နဲ့တော့သွားတွေ့ဦးပေါ့ “
“ကိုလွင်ဆိုတာ ဘယ်သူလဲ ဦးကြီး “
“ကြိမ်ချောင်းမှာ ပထမဆုံးအသတ်ခံလိုက်ရတဲ့ ‌ဆရာကြီးကို ပင့်ခဲ့တဲ့သူပေါ့ကွယ် ဦးသာရင်လွှတ် လိုက်တယ်လို့သာ ပြောလိုက် “
“ဟုတ်ကဲ့ အဲ့တာဆိုရင်တော့ ကျုပ်တို့သွားတွေ့လိုက်ပါမယ်ခင်ဗျ “
ဝေဘူရွာသားများသည် သူတို့နှစ်ယောက်အားသေလူများဟုသာ သတ်မှတ်ထားပုံရသည်။အကြောင်းမှာသူတို့အားကြည့်လာသည့် အကြည့်များကြောင့်ပင်ဖြစ် သည်။ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့သည် အကြော်ဆိုင်မှထွက်လိုက်ပြီး ဦးသာရင်ပြောသော ကိုလွင်ဆိုသည့် လူရွယ်၏အိမ်သို့ထွက်ခွာသွားလိုက်လေသည်။များမကြာသောအချိန်တွင်တော့ ကိုလွင်၏အိမ်ကို‌ရောက်လာပြီး မောင်မောင်ကျော်သည် အိမ်ဝိုင်းဝမှရပ်၍ အိမ်ဝိုင်းထဲတွင်ရှိနေသောသူအား လှမ်းခေါ်လိုက်လေသည်။
“အိမ်ရှင်တို့ “
“ဝင်ခဲ့ဗျာ အိမ်အောက်က တန်းလျားမှာ အရင်ထိုင်နှင့်ကြဦး ကျုပ် ပဲဖတ်တွေကိုင်ထားလို့ လက်ဆေးလိုက်ဦးမယ် “
အိမ်ရှင်ဖြစ်သူ၏စကားကြောင့် ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့သည် အိမ်အောက်ရှိ စားပွဲတန်းလျားတွင်ထိုင်နေလိုက်သည်။များမကြာသောအချိန်တွင်တော့ အိမ်ရှင်ဖြစ်သူ ကိုလွင်သည် သူတို့နှစ် ယောက်နှင့် မျက်နှာချင်းဆိုင်တန်းလျားတွင် ထိုင်လိုက်ပြီး
“ဘာကိစ္စများရှိလို့လဲဗျ”
“ကိုလွင်ဆိုတာလား ခင်ဗျာ “
“ဟုတ်ပါတယ် ခင်ဗျားတို့က “
“ကျုပ်တို့က အထက်လမ်းဆရာတွေပါ “
“အသေလာခံကြတာလား “
ကိုလွင်၏ခပ်ပြတ်ပြတ်ပြောစကားကြောင့် ဘိုးတော်ပေနှင့် မောင်မောင်ကျော် တယောက်မျက်နှာတယောက်ကြည့်လိုက်ပြီး
“ကျုပ်တို့ကို ခင်ဗျားနဲ့သွားတွေ့လိုက်ပါလို့ ဦးသာရင်ဆိုတဲ့လူက လွှတ်လိုက်ပါ “
“ကပ္ပိယကြီးဦးသာရင်လား “
“ကျုပ်တို့လည်း မပြောတတ်ပါဘူး အကြော်ဆိုင်မှာထိုင်နေတုန်း တွေ့လို့ ပြောလိုက်တာပါ “
“အကြော်ဆိုင်ကိုနေ့တိုင်းသွားတာ ကပ္ပိယကြီးပဲ ထူးဆန်းတယ် သူက ခင်ဗျားတို့ကို ဘာကြောင့်များလွှတ်လိုက်ရတာလဲ “
“အဲ့တာတော့ ကျုပ်တို့လည်း မသိဘူး သူပြောတာတော့ အထောက်အကူပြုလိမ့်မယ်ဆိုလို့လာခဲ့တာ “
“ကျုပ်လည်း ခင်ဗျားတို့အထက်လမ်းဆရာတွေကိုနားမလည်တော့ဘူးဗျာ အထက်လမ်းဆရာတွေ သေတာ တယောက်လည်း မဟုတ် နှစ်ယောက်လည်းမဟုတ်တော့ဘူးလေ အဲ့တာကို ဘာကြောင့်များ မကြာမကြာလာနေကြတာလဲ မသိတော့ဘူး “
ကိုလွင်မှာ စိတ်မသက်မသာဖြင့်ညည်းညူနေလေသည်။ဘိုးတော်ပေသည်ကား ကြိမ်ချောင်းတွင် ပထမဆုံးသေဆုံးသွားသော ဦးသြဘာအပါအဝင် တခြားသော အထက်လမ်းဆရာများ၏သေဆုံးပုံကို မေးမြန်းလိုက်လေသည်။ကိုလွင်သည်လည်း သူသိထားသမျှအကုန်ပြောပြလာလေ၏။
“ခင်ဗျားပြောပုံအရဆိုရင်တော့ အထက်လမ်းဆရာတွေသေဆုံးတာ ထူးဆန်းနေတယ်ဗျ”
‌”ဟုတ်တယ် ဘိုးတော်လေး ကျုပ်လည်း အခုကိစ္စကိုမသင်္ကာဘူး “
ဘိုးတော်ပေနှင့် မောင်မောင်‌ကျော်တို့၏စကားကြောင့် ကိုလွင်တယောက် နားမလည်နိုင်စွာဖြင့် မေးလာလေသည်။
“ကိုယ့်ဆရာတို့ ကြည့်ရတာတမျိုးပဲ ဘာထူးဆန်းတာများ တွေ့ရလို့လဲ သရဲမကိုမနိုင်လို့ သေသွားတာမဟုတ်လား “
“အထက်လမ်းဆရာတယောက်ကို ပရလောကသားတယောက်က သတ်ဖို့ဆိုတာ မလွယ်ဘူး ကျုပ်အထင်တခြားအကြောင်းတရားတွေရှိလောက်သေးတယ် “
“ကိုယ့်ဆရာတို့ပြောတာက သေသွားတဲ့သူတွေကို သရဲမသတ်တာမဟုတ်ဘူးလို့ ပြောချင်တာလား “
“အတတ်တော့မ‌ပြောနိုင်ဘူး ခင်ဗျားတို့ရွာသား‌တွေပူးပေါင်းမယ်ဆိုရင်တော့ ကျုပ်တို့ ဖော်ထုတ်‌ပေးနိုင်လောက်ပါတယ် “
“ဘာတွေဖော်ထုတ်ဖို့လိုသေးလို့လဲဗျာ ကြိမ်ချောင်းသရဲမကသတ်လိုက်တာ အဲ့လောက် ရှင်းဦးမလား “
“အဲ့တာကိုက မဟုတ်သေးတာလေ သွားတဲ့သူတိုင်းက တယောက်တည်းချည်းပဲ ခင်ဗျားပဲ စဥ်းစားကြည့် အထက်လမ်းဆရာဦးသြဘာကို သရဲမက လွယ်လွယ်လေး သတ်လို့ရမယ်ထင်နေလား နောက်တခု သူတို့အကုန်လုံး ရေနစ်သေကြတယ် သေတဲ့ပုံစံတွေကလည်း တူနေတယ် “
“ခင်ဗျားတို့ပြောတာ ကျုပ်ဖြင့် နားကိုမလည်တော့ပါဘူးဗျာ ကပ္ပိယကြီးက လူကဲခတ်မညံ့ပါဘူး ခင်ဗျားတို့အရည်အချင်းကိုခန့်မှန်းမိလို့ ကျုပ်ကိုကူညီခိုင်းတာဖြစ်မယ် လိုအပ်တာရှိရင် ကျုပ်ကို ပြောဗျာ ကျုပ်အကုန်ကူညီမယ် “
“‌အဲ့တာဆိုရင်တော့ ကျုပ်တို့က ကျေးဇူးတင်ရတော့မှာပဲ”
“ကိုယ့်ဆရာတို့တည်းဖို့နေရာရော ရှိရဲ့လား “
“ကျုပ်တို့ဘုန်းကြီးကျောင်းမှာပဲ သွားတည်းလိုက်ပါ့မယ် လိုအပ်တာရှိရင် ဒီကနောင်ကြီး ကျုပ်တို့ကို ကူညီပေးစေချင်တယ် “
“စိတ်ချပါဗျာ ကျုပ် ကူညီပါ့မယ် ဆရာကြီးဆုံးသွားကတည်းက ကျုပ်လည်း ကြိမ်ချောင်းကသရဲမကို မကျေနပ်ဘူး မတတ်သာလို့ငြိမ်နေရတာ “
“ကောင်းပြီလေ ကျုပ် အကူအညီလိုရင် ခင်ဗျားဆီလာခဲ့ပါမယ် အခုတော့ ခွင့်ပြုပါဦးဗျာ “
ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့သည် ကိုလွင်အားနှုတ်ဆက်လိုက်ပြီးနောက် ဝေဘူရွာဘုန်းတော်ကြီးကျောင်းဆီသို့ ထွက်လာခဲ့လိုက်လေသည်။ဘုန်းတော်ကြီးကျောင်းမှာ ရွာနှင့် အတန်သင့်ဝေးလေသည်။သူတို့နှစ်ယောက်‌ ကျောင်းဝန်းထဲ ဝင်သွားချိန်တွင်တော့ အကြော်ဆိုင်တွင် ဆုံခဲ့ရသည့် ဦသာရင်ဆိုသောလူကြီးနှင့် ထပ်ဆုံလေသည်။ဦးသာရင်မှာ ပြုံး၍ နှုတ်ဆက်လာသည်။
“မောင်ရင်တို့ ထပ်ဆုံပြန်ပြီနော် “
“ဟုတ်ပါ့ဗျာ ဦးကြီးက ကျောင်းမှာနေတာလား “
“ကိုလွင်က‌ မပြောဘူးလား “
“ပြောပါတယ်ဗျာ စကားပြောလို့‌ကောင်းအောင်လို့တမင်ပြောလိုက်တာပါ”
“ကဲ ကဲ ဒီမှာတည်းမှာ မဟုတ်လား ဆရာတော်ကိုသွားလျှောက်ကြရအောင်”
“ကောင်းပါပြီဗျာ “
ကပ္ပိယကြီးသည် ဘိုးတော်ပေနှင့် မောင်မောင်‌ ကျော်အား ဆရာတော်ဆီသို့ ခေါ်သွားလေသည်။ သဘောကောင်းသည့်ဆရာတော်သည် သူတို့နှစ်ယောက်အား ကြည်ကြည်ဖြူဖြူနှင့်လက်ခံပြီး ကပ္ပိယကြီးအား ထမင်းဟင်းကိစ္စကို တာဝန်ပေးလေသည်။ ထို့နောက် ကပ္ပိယကြီးသည် ဘိုးတော်ပေနှင့် မောင်မောင်ကျော်တည်းခိုရန်အတွက် သစ်သားကျောင်းလေးတခုဆီိသို့ပို့ဆောင်ပေးပြီးနောက် သူသည်လည်းကျောင်းပေါ်မှ ချက်ချင်းပြန်မထွက်သေးပဲ စကားစမြည်ပြောကြလေသည်။
“မောင်ရင်တို့ကြည့်ရတာ အရင်အထက်လမ်းဆရာတွေနဲ့မတူဘူးထင်နေတာ ကျုပ်ထင်တာမှန်နေတာပေါ့”
“ဘာဖြစ်လို့လဲ ဦးကြီး”
“အရင်အထက်လမ်းဆရာ‌တွေက သိပ်မာနကြီးတယ်ကွ သူတို့လာတယ်ဆိုတာလည်း နာမည်ကြီးအောင်လာပြီးလုပ်တဲ့သဘောလေ စိတ်စေတနာ မပါဘူး ဒီရွာကိုရောက်တာနဲ့ ဘုန်းကြီးကျောင်းကိုတောင် ဝင်မလာဘူး ကြိမ်ချောင်းကိုတယောက်တည်းတန်းသွားတော့တာ သူတို့ရဲ့အစွမ်းတွေပြချင်နေတာလေ ‌”
“အဲ့တာဆို သူတို့ဘယ်လိုဖြစ်ပြီးသေတယ်ဆိုတာ မျက်မြင်သက်သေမရှိဘူးပေါ့ “
“တယောက်ထဲပဲ သွားတာ‌ဆိုတော့ ဘယ်ရှိမှာလဲကွယ် “
ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့သည် တယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးနောက် မောင်မောင်ကျော်သည်ကား ကပ္ပိယကြီးကို စကားဆိုလိုက်လေသည်။
“ဦးကြီး ကျနော်က စုံထောက်လုပ်ခဲ့ဖူးပါတယ် “
“ဟုတ်လား မောင်ရင် မောင်ရင့်အနေနဲ့ ဘာများလွဲနေတာ တွေ့ရလို့လဲ”
“အထက်လမ်းပညာအရပြောရရင် ကြိမ်ချောင်းကခြောက်လှန့်နေတဲ့ လောကသားက အထက်လမ်းဆရာတယောက်ကို သတ်နိုင်မစွမ်းလောက်ဘူး ဦးကြီး”
“အဲ့တာကိုပဲ ကျုပ်လည်း စဥ်းစားမရတာ မောင်ရင်ရ အထက်လမ်းဆရာ‌တွေက ကျုပ်မျက်စိရှေ့မှာပဲ သေထားတော့ စမ်းကလည်းမစမ်းရဲဘူးလေ “
“ဒါက စမ်းသင့်တဲ့အရာတော့မဟုတ်ဘူးနော် ဦးကြီး”
“မောင်ရင်တို့က ဘယ်လိုထင်လို့လဲ “
ကပ္ပိယကြီးမှ ထိုသို့မေးမြန်းလိုက်လေရာ ဘိုးတော်ပေသည် ဦးခေါင်းကိုတချက်ငြိမ့်ပြလိုက်ပြီးနောက်။
“ကျုပ်အထင်တော့ ကြိမ်ချောင်းမှာ သရဲအပြင် လူသတ်သမားပါရှိနေပြီထင်တယ် “
“မောင်ရင်တို့အဆိုအရ‌ ကြိမ်ချောင်းမှာသေကြတာ သရဲသတ်တာမဟုတ်ပဲ လူက သတ်နေတာပေါ့ အဲ့လိုလား”
“ဟုတ်တယ် ကျုပ်တို့ကတော့ အဲ့လိုပဲ ခံယူထားတာ မနက်ဖြန်လကွယ်ရက်မဟုတ်လား ကျုပ်တို့ ကြိမ်ချောင်းကိုသွားမယ် တခုပဲ သတ္တိရှိတဲ့လူရွယ်တွေ လိုအပ်တယ်”
“ဒါတော့ ခက်မယ် ရွာက လူငယ်လူရွယ်တွေ ကြိမ်ချောင်းကို မတရားကြောက်နေကြတာ လိုက်ဖို့မလွယ် လောက်ဘူး “
ကပ္ပိယကြီး၏စကားကြောင့် ဘိုးတော်ပေသည် သက်ပြင်းတချက်ချလိုက်ပြီး
“အင်း သူတို့ရှေ့မှာသေထားတဲ့ဆရာတွေ များနေပြီဆိုတော့လည်း ကျုပ်တို့ အပြစ်ဆိုလို့မရဘူးလေ ဒါနဲ့ အရင်သွားခဲ့တဲ့ဆရာတွေကို သူတို့ကြိမ်ချောင်းသွား‌မဲ့ရက်ကို ကြိုပြောတာမျိုးရှိလား “
“ရှိတာပေါ့ မောင်ရင်ရယ် သူတို့မသွားခင်နှစ်ရက်လောက်ကတည်းက သွားမယ်ဆိုတာ ကြိုကြော်ငြာထားတာ သူတို့က နာမည်ကြီးချင်တာလေကွယ်”
“ဟုတ်ပြီ အဲ့လိုဆိုမှတော့ ကျုပ်တို့လည်း ကြော်ငြာ ပေးရတော့မှာပေါ့ ကျုပ်တယောက်တည်းသွားမယ်လို့ သတင်းလွှင့်ပေးစမ်းပါ ကပ္ပိယကြီးရာ “
“စိတ်ချ မောင်ရင် ကျုပ်‌ သတင်းလွှင့်လိုက်မယ် အသက်ရှင်လျက်ပြန်လာနိုင်ပါစေလို့ပဲ ကျုပ် ဆု‌တောင်းပါတယ်”
ဘိုးတော်ပေသည် မောင်မောင်ကျော်နှင့် နှစ်ယောက်ထဲသွားမည့်အရေးကို လျှို့ဝှက်ထားပြီး ကြိမ် ချောင်းသို့ တယောက်တည်းသွားမည်ဟုသာ သတင်း လွှင့်ခိုင်းလိုက်ပါလေတော့သည်။
◾အခန်း (၉)
လကွယ်ညသည် လကွယ်ရုံတင်မကပဲ တိမ်တိုက်များကပါဖုံးအုပ်နေသောကြောင့် မှောင်သထက်မှောင် နေသော ညတညဖြစ်သည်။ထိုနေ့မျိုးကို မဟူရာညဟုခေါ်ဆိုလျှင်ကို မှန်မည်ဖြစ်သည်။ထိုသို့သော အမှောင်ထုထဲတွင် လူနှစ်ယောက်လမ်းလျှောက်လို့နေသည်။ထိုလူနှစ်‌ယောက်မှာ ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့ဖြစ်သည်။ဓာတ်မီးတလက်သာထိုးထားပြီး မည်သည့်စကားမှမဆိုသောကြောင့် လူတ‌ယောက်နှစ်ယောက် ခွဲခြားရန်ခက်လှပေသည်။သူတို့နှစ်ယောက်သည် မည်သည့်စကားမှမပြောပဲလမ်းလျှောက်လာရာ များမကြာ သောအချိန်တွင် ကြိမ်ချောင်းသို့ ရောက်လာကြပြီဖြစ် သည်။ထို့နောက် ချောင်းဘေးတွင်ရှိသော လက်ပံပင်ကြီးအနားတွင်ရပ်လိုက်ပြီး အခြေအနေကိုစောင့်ကြည့်နေစ‌ဉ်
“သားလေးရေ အိပ်တော့နော် သားလေးမအိပ်ရင် ကြောင်ကြီးလာကိုက်လိမ့်မယ် အိပ်တော့ အိပ်တော့ “
“ခစ် ခစ်”
အသံခြောက်ကပ်ကပ်နိုင်လှသောမိန်းမတယောက် ၏အသံနှင့်အတူ ကလေးငယ်တယောက်၏ငိုသံကိုပါအတိုင်းသား ကြားလိုက်ရလေသည်။ထို့ကြောင့် ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့ အသံခပ်တိုးတိုးနှင့် တီးတိုးစကားဆိုလေသည်။
“မောင်ကျော် ဇာတ်လမ်းကတော့ စပြီ ကြိမ်ချောင်းကသရဲမဆိုတာ သူပဲဖြစ်မယ် “
“ဟုတ်တယ် ဘိုးတော်လေး ကျုပ်တို့ ဘယ်လိုလုပ်မလဲ”
“‌မောင်ကျော် ခင်ဗျား ဟိုအနားက ကျွန်မနိုင်တောနားသွားနေဗျာ ကျုပ် ဒီတစ္ဆေမကိုဖမ်းပြီးအကျိုးအကြောင်းမေးကြည့်မယ် “
“ဟုတ်ကဲ့ ဘိုးတော်လေး ကျုပ်ကို ဓာတ်မီးမထိုးပြနဲ့ ကျနော့်ဘာသာ သွားမယ် “
“အင်း အင်း “
မောင်မောင်ကျော်သည် ပြောပြောဆိုဆိုစမ်းတဝါး ဝါးနှင့်ပင် မလှမ်းမကမ်းရှိ ကျွန်မနိုင်ပင်များအနီးသွားထိုင်နေပြီး ဘိုးတော်ပေ၏အခြေအနေကိုစောင့်ကြည့်နေလိုက်သည်။များမကြာသောအချိန်တွင်တော့ ဘိုးတော်ပေသည် အသံလာရာဆီသို့ ဓာတ်မီးနှင့်ထိုးကြည့်လိုက်ပြီး အသံခပ်မာမာနှင့် စကားဆိုလိုက်လေသည် ။
“ဒီချောင်းမှာနေပြီး နှောက်ယှက်နေတဲ့ အစိမ်းသရဲမ အခုချက်ချင်း ငါ့အရှေ့ ရောက်စမ်း”
ဘိုးတော်ပေ၏စကားဆုံးသည်နှင့် ဓာတ်မီးအလင်း ရောင်အောက်သို့ ကလေးချီထားသော သရဲမရောက်ရှိလာလေသည်။သရဲမသည် ချီထားသည့် ကလေးကိုကြည့်ရင်း တခစ်ခစ်နှင့်ရယ်မောနေပြီး သူ၏ရှေ့တွင်ရှိနေသော ဘိုးတော်ပေအား ဂရုမစိုက်ပေ။ထိုအခါ ဘိုးတော်ပေသည် သရဲမအား စူးစိုက်ကြည့်ကာ
“ငါ့ကို မလေးမခန့်လုပ်နေတာလား သရဲမ “
“ခစ် ခစ်”
သရဲမသည် တကိုယ်လုံးရေများစိုရွှဲနေပြီး မျက်နှာ မှာသွေးရောင်ကင်းမဲ့နေသလို မျက်လုံးနှင့် နှုတ်ခမ်းတို့မှာမဲနက်လို့ ကြောက်စရာအဆင်းသဏ္ဍန်နှင့်ဖြစ်သည်။ သရဲမသည် ဘိုးတော်ပေ၏ပြောစကားကိုဂရုမစိုက်ပဲ ကြောက်စရာအသံနှင့်ရယ်မြဲရယ်နေလေရာ ဘိုးတော်ပေမှာ စိတ်မရှည်ဖြစ်လာပြီး
“ကြိုးပိုင် ငါ့ကိုမခန့်လေးစားလုပ်တဲ့ တစ္ဆေမကို ဒူးနဲ့ထောက်ခိုင်းပြီး ကြိုးနဲ့တုတ်စမ်း”
စကားဆုံးသည်နှင့် ကြိမ်ချောင်းမှ တစ္ဆေမသည် ဒူးထောက်ထိုင်ကျသွားပြီး ရွှေရောင်ကြိုးမျှင်များမှာ သူမအား ရစ်ပတ်လို့သွားလေသည်။ထိုဖြစ်ရပ်ကြောင့် ‌တစ္ဆေမပိုက်ထားသောကလေးငယ်မှာ စူးစူးဝါးဝါးအော်ဟစ်ငိုယိုလေတော့သည်။ထိုအခါ တစ္ဆေမသည်စိတ်တိုဒေါသထွက်သွားပြီး အော်ဟစ်ကာ ဘိုးတော်ပေအား မာန်မဲလေသည် ။
“အထက်လမ်းဆရာ နင် သေချင်နေတာလား ငါ့ကိုအခုချက်ခြင်း လွှတ်ပေးစမ်း”
“နင် သတ်ပစ်တဲ့ အထက်လမ်းဆရာတွေများပြီ အခုလည်း နင် ငါ့ကိုသတ်ဦးမလို့လား”
“ငါ ဘယ်သူ့ကိုမှမသတ်ခဲ့ဘူးဟဲ့ “
“တော်စမ်း နင်သတ်လို့သေတဲ့သူတွေများနေပြီ “
“ငါ မသတ်ဘူး ငါ့ကို လွှတ် ငါ့သားလေးအိပ်နေတာနိုးမှာစိုးလို့ သူတို့ကို ဒီချောင်းအနားမလာစေချင်တာပဲရှိတာ ငါ မသတ်ဘူး”
“နင်မသတ်ရင် အထက်လမ်းဆရာတွေက ဘယ်လိုလုပ် သေသွားတာလဲ “
“မသိဘူး သေချာတာကတော့ ငါ မသတ်ဘူး “
“ထားလိုက် နင့်နာမည်ဘယ်သူလဲ အခုဖြေစမ်း လိမ်ပြောတာနဲ့ နင် နာပြီသာမှတ် “
“ငါ မလိမ်ပါဘူး ငါ့နာမည်က မိဝါ “
“နင် ဘယ်ရွာကလဲ ပြောစမ်း “
“ငါက လေးအိမ်စုက “
“ဘယ်လိုလုပ်ပြီး နင် ဒီရောက်နေတာလဲပြောစမ်း “
“ငါ့ကိုသတ်ပြီး ဒီမှာလာပစ်ထားတာ “
“နင့်ကို ဘယ်သူသတ်တာလဲ ပြောစမ်း ‌”
“လေးအိမ်စုရွာက ရွာလူကြီး ငါ့ကလေး နာနေပြီလွှတ်ပေးပါ “
“ငါမေးတာတွေ နင် အကုန်ဖြေမှာလား ထွက်ပြေးဖို့မစဉ်းစားနဲ့ ထွက်ပြေးရင် နာမယ်သာမှတ်”
“ငါ ထွက်မပြေးဘူး အခု လွှတ်ပေး”
သရဲမမိဝါသည် သူနှင့်အတူကြိုးဖြင့် အတုတ်ခံနေရသော လက်ထဲမှကလေးငယ်၏စူးစူးဝါးဝါးအော်ငိုသံကြောင့် ဘိုးတော်ပေအား ကြိုးဖြည်ပေးဖို့တောင်းဆို နေလေသည်။သနားငဲ့ညှာစိတ်ရှိသော ဘိုးတော်ပေမှာ ကြိုးပိုင်အား ကြိုးဖြည်ခိုင်းလိုက်လေသည်။ကြိုးပြေသွားသည်နှင့် တစ္ဆေမမိဝါသည် ဒူးထောက်ထိုင်နေရမှာ မတ်တတ်ထရပ်လိုက်ပြီး သူမ၏ကလေးငယ်ကို ချော့မော့နေလေသည်။စွဲလန်းစိတ်ကြီးမားပြီး မကျွတ်မလွတ်ဘဝရောက်နေသည့်တိုင် သားသမီးအပေါ်ထားသော မိခင်မေတ္တာသည်ကား ပျောက်ကွယ်မသွားသေးပေ။
“သားလေးရေ တိတ် တိတ် လူဆိုးကြီးတွေပြန်သွားပြီနော် တိတ် တိတ်”
ကလေးငယ်အငိုတိတ်သွားသောအခါ မိဝါသည် ဘိုးတော်ပေကိုကြည့်လိုက်ပြီး
“နင်တို့အထက်လမ်းဆရာတွေ ဘာလို့ငါ့အကြောင်းပဲလာမေးနေတာလဲ ငါ့အကြောင်းမေးပြီးရင် နင်လည်းအသတ်ခံရမှာနော် “
“ဘာလဲ တစ္ဆေမ နင်က ငါ့ကိုသတ်မလို့လား”
“နင်တို့လိုအထက်လမ်းဆရာတွေကို ငါက သတ်နိုင်စွမ်းမတဲ့လား ငါ့အကြောင်းသိသွားရင် နင်တို့ကို သတ်ပစ်မဲ့လူတွေရှိတယ် သူတို့ မကြာခင်ပဲ ရောက်လာလိမ့်မယ် ငါ သူတို့ကို ကြောက်တယ် “
တ‌စ္ဆေမမိဝါပြောပုံအရ သူ့အကြောင်းသိသွားသည်နှင့် ထိုလူသည် သတ်ပစ်ခံရသည်ဟုဆို၏။ထို့ကြောင့် ယခုနေရာသို့ရောက်လာသော အထက်လမ်းဆရာများကို လူတစုက သတ်ဖြတ်ခြင်းသာဖြစ်ပေလိမ့်မည်။ထို့ကြောင့် အစစအရာရာသတိထားရမည်ဟုစဉ်းစားမိသွားပြီး
“ရတယ် နင်ဘာဖြစ်ခဲ့သလဲဆိုတာကို ငါ့ကို ပြောပြကြားလား “
“ဟုတ်ပြီလေ နင်ကသေချင်နေတော့လည်း ငါက ပြောပြရတာပေါ့ “
တစ္ဆေမမိဝါမှ သူမ၏အဖြစ်အပျက်ကိုပြောပြမည်ဖြစ်လေရာ ဘိုးတော်ပေသည် ထိုးထားသောဓာတ်မီးကိုပိတ်လိုက်ပြီး
“ကဲ နင့်ကို ငါ ကူညီပေးနိုင်တာရှိရင် ကူညီပေးမယ် နင်လူ့ဘဝက အဖြစ်အပျက်တွေကိုမှတ်မိတယ် မဟုတ်လား “
“မှတ်မိတာပေါ့ ငါမှတ်မိလို့ အခုလိုဘဝကိုရောက်နေရတာ “
“ဟုတ်ပြီ နင် ပြောပြနိုင်တယ်မဟုတ်လား”
“ပြောပြနိုင်တယ် “
ဤသို့ဖြင့် ကြိမ်ချောင်းမှ ခြောက်လှန့်နေသော တစ္ဆေမမိဝါသည် ဘိုးတော်ပေအား အတိတ်ဘဝကသူမ ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကိုပြန်လည်ပြောပြလာပါလေတော့သည် ။
◾အခန်း (၁၀)
လေးမျက်နှာဟုအမည်ရသည့် ရွာလေးတရွာတွင်အပျိုချောများ လွန်စွာပေါများလေ၏။ထိုအထဲတွင် မိဝါဟုအမည်ရသော မိန်းမချောလေးမှာ လူပျိုတိုင်းကြိုက်ကြသော လှပျိုဖြူလေးတယောက်ဖြစ်သည်။ သူမအား ပိုးပန်းကြသူအများသားရှိပေမဲ့ ကြည့်ဖွယ်ရှုဖွယ်ရှိပြီး ရိုးရိုးသားသားနှင့် ဂုဏ်မာနမထောင်လွှားသော ရွာလူကြီးသား မြင့်ဝင်းဆိုသူနှင့် ရည်ငံနေလေ ၏။မြင့်ဝင်းမှာ တရွာလုံးတွင် အလှဆုံးစားရင်းဝင်ဖြစ်သည့် ပျိုကညာလေးနှင့်ရည်ငံနေသောကြောင့် ကာလသားများကြားထဲတွင် များစွာမျက်နှာပွင့်၏။လိုလားသောသူများမှာ ချီးမွမ်းကြသလို မလိုလားသူ များသည်ကား အပြစ်ဆိုကာ အပုတ်ချကြလေသည် ။
“မြင့်ဝင်း မိဝါက မင်းကိုတကယ်ချစ်တာမဟုတ်ပါဘူးကွာ မင်းက ရွာလူကြီးသားမို့သာ ပြန်ကြိုက်တာနေမှာ မင်း လှတာသိပ်မမက်နဲ့ ငါ့ကောင် ညစာငတ်နေဦးမယ် “
“ဟုတ်တယ် မြင့်ဝင်း မိဝါဆိုတာ မင်းသိတဲ့အတိုင်းမြို့ကလာတဲ့စပါးပွဲစားတယောက်နဲ့ ညလုံးပေါက်ချိန်းတွေ့ဖူးတယ်ဆိုပဲကွ မင်းကွာ လှည်းကျိုးနဲ့ နွားသိုးကြီးဖြစ်နေတော့မှာပဲ “
အပျက်သဘောဆောင်သောသူများမှာ သူ့အတွက်ပြောပေးသလိုလိုနှင့် မိဝါနှင့် မြင့်ဝင်း ဝေးကွာအောင်ကြံဆောင်ကြလေသည်။ထိုအခါမျိုးတွင် မြင့်ဝင်းပြောပြန်လိုက်သည်မှာ
“ခင်ဗျားတို့ မပူကြစမ်းပါနဲ့ ကျုပ် တခါထဲအပြတ်ပြောလိုက်မယ် သူ့စိတ်မပါပဲ တခြားကောင်နဲ့ ဗိုက်ကြီးလာရင်တောင် ကျုပ်က သူ့ကိုယူဖို့အသင့်ပဲ အဲ့‌တော့ ဘာမှလာမပြောနဲ့တော့ “
ထိုသို့သောစကားကိုဆိုသောကြောင့် တခြားသူများမည်သို့သောစကားမှ မဆိုသာတော့ပေ။ဤသို့ဖြင့် တနေ့သော အချိန်အခါကို ရောက်ရှိလာလေသည်။
လေးမျက်နှာရွာလေး၏ ရှင်ပြုအလှူပွဲတခုတွင် ဇာတ်ပွဲထည့်လေသည်။ထုံးစံအတိုင်း ပွဲငတ်နေသော လေးမျက်နှာရွာသားများနှင့် အခြားရွာနီးချုပ်စပ်မှ ရွာသားများသည် လေးမျက်နှာအလှူအောင်ပွဲကို နွားလှည်းများဖြင့်လာကြည့်ကြရာ အတော်ကိုစည်ကားလှလေသည်။လေးမျက်နှာရွာသူ အပျိူချောလေးများမှာ သူ့ထက်ငါအလှပြင်ကြသော်လည်း ရိုးရိုးယဥ်ယဥ်ဝတ် ဆင်သည့်တိုင် လှနေသော မိဝါအား မည်သူမှမယှဉ်နိုင်ကြပေ။ထိုသို့သောအခါမျိုးတွင်တော့ ဣသာမစ္ဆရိယများသောသူများမှာ မနာလိုမရှုစိမ့်ကြသလို မုဒိတာပွားနိုင်ကြသူများမှာဖြင့် မိဝါ၏အလှကိုချီးမွမ်းခန်းဖွင့်ကြ‌ လေသည် ။
“မိဝါတို့များ ရိုးရိုးလေးဝတ်ထားတာတောင် လှ‌လိုက်တာဟယ် သိပ်ပြီး ကံကောင်းတာပဲ ပိုက်ဆံဘယ်လောက်ရှိရှိ သူ့လိုအလှမျိုးလေးပိုင်ရဖို့ဆိုတာ ခဲယဥ်းပါ့တော် “
“ဟုတ်တယ်အေ့ အဲ့တာကြောင့်လည်း ကိုမြင့်ဝင်းကြီးက အသဲစွဲဖြစ်နေတာပေါ့တော် ခစ် ခစ်”
ဤသို့ချီးမွန်းသည့် လှပျိုဖြူများလည်းရှိသလို မိဝါကိုမြင်သည်နှင့် မျက်နှာ‌ရှစ်ခေါက်ချိုးပြီး မဲ့ကာရွဲ့ကာပြစ်တင်ပြောဆိုနေကြသော မိန်းမပျိုလေးများလည်း ရှိကြပြန်သည်။
“အဲ့ကောင်မပေါ့ ငါ့ရည်းစားရှေ့ရောက်ရင် အဆီဗူး ထောင်သွားတာ “
“ဟဲ့ မိလှ ဘာလဲဟ အဆီဗူးထောင်တယ်ဆိုတာ “
“တော်တို့ကလည်းတော် အ ရန်ကော သူက တို့တွေထက် တင်ပိုရှိတယ်လေ အဲ့တာကိုပြောတာ “
“ဪ ငါ သိပြီ ညည်းက မိဝါကို ကြက်မနဲ့နှိုင်းနေတာပေါ့လေ ဒီကောင်မက ကြက်မထက်တောင်ဆိုးပါတယ်ဟာ ငါ့ကိုကြိုက်နေတဲ့ လူကြီးသားကိုမြင့်ဝင်းကိုလည်း ဘာတွေနဲ့မြူဆွယ်လိုက်တယ် မသိ‌ပါဘူးပါသွားပြီ “
“ဟုတ်ပါ့ ငါလည်း အဲ့ဒီကောင်မကို ကြည့်မရဘူး လူကြည့်တော့ သနားကမားနဲ့ ကုတ်ကမြင်း”
“ကုတ်ကမြင်းတွေက ပိုဆိုးတာ‌ဟဲ့ ဒီကောင်မ မိဝါဘယ်တော့များမှ ဗိုက်တလုံးနဲ့ကျန်ခဲ့မလဲဆိုတာ နင်တို့စောင့်ကြည့်နေ”
ထိုသို့ပြောသောမိန်းကလေးများကြားတွင် မြင့်ဝင်းကို ငယ်ငယ်ကတည်းက သဘောကျနေသည့် မြင့်မြင့်ခင်ဆိုသော မိန်းခလေးတယောက်ပါရှိနေလေ၏။သူမသည် မည်သည့်စကားမှမပြောပဲ ငြိမ်သက်နေသည်။သူမ၏စိတ်ထဲတွင်တော့ မိဝါအားသတ်ပစ်ချင်လောက်အောင် မုန်းတီးနေလေသည်။မိဝါနှင့် မြင့်‌ဝင်း ကြိုက်သောအချိန်တွင် မြင့်ဝင်းသည် သူမအား စကားပင်မပြောတော့ပေ။ထို့ကြောင့် စိတ်ထဲတွင် မိဝါအားအတော်ကိုမကျေမချမ်းဖြစ်လို့နေသည်။အခွင့်အရေးရရင်ဖြင့် မိဝါအား ဒုက္ခပေးမည်ဟုသာ ကြံထားလိုက်လေသည်။ဤသို့ဖြင့် မြင့်မြင့်ခင်အိမ်ပြန်လာချိန် သူမ၏အိမ်ဝိုင်းထဲတွင် အကိုဝမ်းကွဲတော်စပ်သူ ‌လူမုန်းရောက်ရှိလို့နေသည်ကို တွေ့လိုက်ရလေသည်။လူမုန်းသည် လူရှုပ်လူပွေတယောက်ဖြစ်ကာ မိန်းမလိုက် စားသူတယောက်လည်း ဖြစ်သည်။လူမုန်းသည် ညီမဝမ်းကွဲဖြစ်သူကိုမြင်သောအခါ ပြုံးရယ်ပြီး နှုတ်ဆက်စကားဆိုလေသည် ။
“မြင့်ခင်ရေ မတွေ့တာတော်ကြာပြီ နင်တို့ရွာက မိဝါ ဆိုတဲ့ကောင်မလေး သိပ်ချောတယ်ဟ နင်နဲ့ သိလား ငါ့ကိုအောင်သွယ်ပေးပါလား “
မြင့်မြင့်ခင်သည် လူမုန်း၏စကားကိုကြားလိုက်သောအခါ စိတ်ထဲတွင် အတွေးတခုဝင်လာလေသည်။ ထိုအတွေးမှာ အခြားမဟုတ် မိဝါအား‌ အကောက်ကြံမည့်အ‌တွေးပင် ဖြစ်သည်။ထို့ကြောင့် မြင့်မြင့်ခင်သည် အကိုဝမ်းကွဲဖြစ်သူအား အသံခပ်တိုးတိုးနှင့် စကားဆိုလိုက်‌လေသည် ။
“အကိုလူမုန်းက မိဝါကို တကယ်ကြိုက်တာလား “
“အင်းပေါ့ဟ ဒီလောက်လှတဲ့ကောင်မလေးကို မကြိုက်ရင် မကြိုက်တဲ့သူက အခြောက်ပဲဖြစ်ရမယ် “
“အကို မိဝါကို တကယ်ယူချင်တာလား “
“နင်ကလည်းဟာ ငါအကြောင်းသိရဲ့သားနဲ့ ငါကမိန်းမတော့ မလိုချင်သေးဘူး “
လူမုန်း၏စကားကြောင့် မြင့်မြင်ခင် သဘောပေါက်စွာဖြင့်ပြုံးပြလိုက်ပြီး
“ဟုတ်ပြီလေ အဲ့တာဆိုရင် ညီမပြောတဲ့အတိုင်းလိုက်လုပ်နိင်မလား ပြော”
“ဘယ်လိုလုပ်ရမှာလဲ ပြောလေ”
“ပွဲညမှပဲ ညီမ ပြောမယ် “
ထိုသို့ဖြင့် မြင့်မြင်ခင်သည် လူမုန်းအား တချက်‌ပြုံးပြလိုက်ပြီးနောက် အိမ်ထဲသို့ဝင်သွားလေသည်။လူမုန်း သည်ကား သဘောကျစွာနှင့် ပြုံးရယ်လို့သာ နေပါလေတော့သည် ။
◾အခန်း (၁၁)
လေးမျက်နှာရွာလေးရှိ အလှူ‌အောင်ပွဲအတွက်ကျင်းပသော ဇာတ်ပွဲသည်ကား ရွာအရှေ့ဖျားရှိ လယ်ကွင်းများတွင် ဖြစ်သည်။ထိုနေ့မှာဖြင့် ရွာမှလှပျိုဖြူလေးများသည် အလှအပဆုံး‌ဝတ်စားဆင်ယင်ကာ ဖြစ်‌တောင့်ဖြစ်ခဲ ပွဲဈေးတန်းတွင် လမ်းသလားနေကြပြီးနောက် ဇာတ်ပွဲ၏ရှေ့ဆုံးတွင် သူထက်ငါ ဖျာများခင်းကာ နေရာဦးထားကြလေသည်။ထိုအထဲတွင် မိဝါတို့သားအမိသည်လည်း အပါအဝင်ဖြစ်သည်။မိဝါသည် ရိုးရှင်းစွာဝတ်ဆင်ထားသော်လည်း နဂိုရှိရင်းစွဲအလှကြောင့် လူများအကြားထင်ပေါ်နေပြီး ကာလသားများ၏ ငေးမောခြင်းကိုခံနေရသည်။ရွာလူကြီးသားဖြစ်ပြီး တည်တည်ကြည်ကြည်ရှိသော မြင့်ဝင်းမှာ ပွဲထိန်းလုပ်‌နေရပြီး ခိုက်ရန်မဖြစ်ပွားအောင် ကာလသားများအား ထိန်းကြောင်းပေးနေရသော ကြောင့် မအားလပ်ပေ။သို့ပေမဲ့ ချစ်ရသူမိဝါ၏ မလှမ်းမကမ်းသို့သွားကာ မကြာခဏဆိုသလို လက်ပြလိုက် ပြုံးပြလိုက်နှင့် မဏ္ဍပ်တိုင်တက်ပြလျက်ရှိသည် ။ဇာတ်ပွဲစသောအခါ လူအများသည် ‌ဇာတ်ပွဲကိုသာအာရုံရောက်နေကြသည်။ထိုအချိန်တွင် မိဝါအနားသို့ မြင့်မြင့်ခင်ရောက်လာလေ၏။မြင့်မြင့်ခင်သည် စိတ်ထဲတွင် ကြိတ်ပြီးမကျေနပ်ဖြစ်နေသော်လည်း မိဝါအား အမြဲတမ်းကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံသည့်အတွက် အများအမြင်တွင် သူမတို့နှစ်ယောက်မှာ ကောင်းမွန်သည့်ဆက်ဆံရေးတွင် ရှိနေလေသည်။မိဝါမှာ သူ့အနားလာထိုင်သော မြင့်မြင့်ခင်ကိုပြုံးပြလိုက်ပြီး
“သူငယ်ချင်း နင့်မျက်နှာလည်း မကောင်းပါလား ဘာဖြစ်လို့လဲ “
“ငါ အိမ်ပြန်ပြီး အိမ်သာတက်ချင်လို့ဟာ ဗိုက်နာလို့”
“နင်က‌တော့ ဖြစ်ရမယ် ဘာတွေများစားလိုက်လို့လဲမသိဘူး “
“မြေပဲပြုတ်တွေနေမှာပေါ့ဟယ် “
“အေး အေး အဲ့တာဆို ငါ လိုက်ခဲ့မယ် အမေက ပွဲကြိုက်တယ်လည်းပြောသေးတယ် တွေ့လား အိပ်နေပြီ”
မိဝါသည် သူမ၏ဘေးတွင်အိပ်နေသော မိခင်ဖြစ်သူအား မေးငေါ့ပြပြီးစကားဆိုလေသည်။ထို့နောက်သူမသည် ထိုင်နေရာမှ မတ်တတ်ရပ်လိုက်ပြီး
“ကဲ ကဲ သူငယ်ချင်း သွားကြရအောင်”
မိဝါသည် ရှေ့မှနေ၍ ပွဲခင်းအပြင်သို့ထွက်သွားလေသည်။မြင့်မြင့်ခင်သည်ကား နောက်မှနေ၍လိုက်ပါသွား၏။မြင့်မြင်ခင်၏မျက်နှာတွင် ကောက်ကျစ်သည့်အပြုံးတခုလိုက်သည်ကို အရှေ့မှ လမ်း‌လျှောက်နေသော မိဝါတယောက် မမြင်တွေ့လိုက်ရပဲ ချိုသာသောမျက်နှာလေးဖြင့် ပွဲခင်းအပြင်သို့ဦးဆောင်ပြီး ထွက်ခွာသွားပါလေတော့သည်။
◾အခန်း (၁၂)
လေးမျက်နှာရွာလေးထဲတွင်တော့ လူသူကင်းမဲ့နေသည်။တရွာလုံးနီးပါး အိမ်စောင့်ပင်မထားပဲ ဖြစ်ခဲသောဇာတ်ပွဲကို သွားရောက်ကြည့်ရှူနေကြသည်။ထိုအတွက် ရွာထဲတွင်တိတ်ဆိတ်ငြိမ်သက်နေခြင်းသာဖြစ်သည်။မြင့်မြင့်ခင်သည်ကား မိဝါကိုခေါ်ပြီးသူမ၏အိမ်ဝိုင်းထဲသို့ ဝင်လိုက်လေသည်။ပျဉ်ထောင်ပျဉ်ခင်းအိမ်ကြီးသည်ကား မှောင်မဲပြီး တိတ်ဆိတ်လို့နေသည်။မြင့်မြင့်ခင်သည် မိဝါကိုလက်ကိုတို့လိုက်ပြီး
“မိဝါ ငါ နောက်ဖေးသွားလိုက်ဦးမယ် နင် အိမ်ပေါ်တက်ပြီး ယပ်တောင်လေးသွားယူပေးပါလား “
“မှောင်နေတယ်လေ ငါ ဘယ်လိုလုပ်မြင်ရမှာလဲ”
“အိမ်အလယ်တိုင်မှာ ချိတ်ထားတယ်ဟ လက်နဲ့စမ်းတာနဲ့ ရပါတယ်ဟယ် ပွဲခင်းထဲမှာပူလို့ပါ နော်”
“အေးပါဟယ် အဲ့တာဆိုလည်း ငါ သွားယူလိုက်မယ်”
မိဝါမှာ သဘောကောင်းသူပီပီ မြင့်မြင့်ခင်၏ခိုင်းစေချက်ကိုပြုလုပ်ပေးရန် အိမ်ပေါ်သို့ တက်သွားလေသည်။မြင့်မြင့်ခင်သည်ကား နောက်ဖေးသွားမည်ဟုပြောကာ ပွဲခင်းဖက်ဆီသို့ သုတ်ခြေတင်ထွက်ပြေးသွားပါလေတော့သည် ။
◾အခန်း (၁၃)
ပွဲညကအဖြစ်ဆိုးကြောင့် မိဝါတယောက် ငူငူငိုင်ငိုင်ဖြစ်လို့နေသည်။မြင့်မြင့်ခင်အားယုံစားပြီး သူမနောက် လိုက်သွားမိရာမှ ကြိုတင်ကြံစည်ထားသည့် မည်သူမှန်းမသိရသော ယောကျာ်းသားတ‌ယောက်မှ သူမအား မတော်မတရားကြံလေရာ ကူရာကယ်ရာမဲ့နေသော ကြောင့် သားကောင်ဖြစ်ခဲ့ရလေသည်။တောသူတောင် သားပေမို့ သူမ ဘဝပျက်စီးသွားပြီဟုသတ်မှတ်လိုက်ပြီး ရူးမတတ်ခံစားနေရသည်။မြင့်မြင့်ခင်သည်ကား ထိုနေ့မှစ၍ ရွာတွင် မတွေ့ရတော့ပေ။သူမသည်လည်း မည်သူကိုမှ အတွေ့မခံတော့ပဲ အိမ်ထဲတွင်သာ နေ နေလေ၏။ချစ်သူဖြစ်သည့်မြင့်ဝင်းမှာ သူစိမ်းဆန်နေသော မိဝါအားနားမလည်နိုင်အောင်ဖြစ်ပြီး မိဝါ၏အိမ်အထိလိုက်လာကာ အကျိုးအကြောင်းလာ‌ရောက်မေးမြန်းလေသည် ။
“အရီး မိဝါရှိလား”
“ရှိတယ် အိမ်ထဲမှာ မောင်မြင့်ဝင်း”
“အရီးသမီး ဘာတွေဖြစ်နေတာလဲဗျာ ကျုပ်ကိုတောင် အတွေ့မခံတော့ဘူး “
“ငါလည်း မသိပါဘူးဟယ် စိတ်လည်းညစ်ပါတယ်သူ့ကိုမေး‌တော့လည်း ဘာမှပြန်မဖြေဘူး “
“အရီးသမီးကို ခေါ်ပေးစမ်းပါဗျာ”
မြင့်ဝင်းမှာစိတ်မရှည်တော့ပဲ အိမ်အထိရောက်လာကာ ယောက္ခမလောင်းကြီးအား မိဝါကိုခေါ်ခိုင်းလိုက်လေသည် ။မိဝါ၏မိခင်ကြီးသည်လည်း မိဝါအားလှမ်းခေါ်ပေးပေမဲ့ မိဝါမှာ အိမ်ပေါ်မှမဆင်းလာပေ။သည်းမခံနိုင်တော့သော မြင့်ဝင်းသည် အိမ်ပေါ်သို့တက်သွားလိုက်ရာ ငူငူငိုင်ငိုင်နှင့်ထိုင်နေသည့် မိဝါအားတွေ့လိုက်ချိန်တွင်တော့ ဒေါသဖြစ်နေသောစိတ်တို့မှာ ဘယ်ဆီထွက်ပြေးသွားမှန်းမသိပဲ သနားစဖွယ်ဖြစ်နေသော ချစ်ရသူအား ကြင်ကြင်နာနာစကားဆိုလိုက်သည် ။
“မိဝါ ဘာဖြစ်နေတာလဲ အကိုချိန်းတာလည်း များနေပြီ ဘာလို့လာမတွေ့တာလဲ”
“ကိုမြင့်ဝင်း နောက်ဆို ကျမကိုမချိန်းပါနဲ့ ကျမ ရှင်နဲ့ လာမတွေ့နိုင်တော့ဘူး “
“အကို ဘာအမှားလုပ်မိလို့လဲကွာ ပြောစမ်းပါဦး”
“ကျမကို လာမတွေပါတော့နဲ့ရှင် တောင်းပန်ပါတယ် ကျမတယောက်တည်းနေချင်လို့ပါ အခုပဲ ထွက်သွား‌ပါတော့ “
မျက်ရည်စက်လက်ဖြင့် တောင်းတောင်းပန်ပန်ပြောနေသော ချစ်ရသူအား မြင့်ဝင်းတယောက် သနားသောအားဖြင့် အိမ်ပေါ်မှ ဆင်းလာလိုက်သည်။သို့ပေမဲ့ စိတ်က မကြည်ပေ။ထို့နောက် မြင့်ဝင်းသည် သူမ၏မိခင်ကြီးအား ထပ်မံမေးမြန်းလိုက်ပြန်သည်။
“အရီးသမီး ဘာဖြစ်တာလဲဗျာ သူ့ကြည့်ရတာ တမျိုးပဲ”
“ငါလည်း စိတ်ညစ်နေတာ မေး‌တော့လည်း မေးမရဘူး ပွဲပြီးကတည်းက အဲ့လိုဖြစ်နေတာ “
“သေချာမေးကြည့်ပါဦး အရီးရာ တခုခုဖြစ်မှာ စိုးရိမ်နေတာ “
“ငါ သေချာမေးထားပါ့မယ် နင်လာလို့သာ တော်သေးတာ ငါလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး”
“ကျုပ် မကြာမကြာလာပါ့မယ် အခြေအနေထူးရင် ကျုပ်ကို ပြောဦး အခုတော့ ကျုပ် သွားဦးမယ် “
မြင့်ဝင်းသည် စိတ်ညစ်ညစ်နှင့်ပင် မိဝါအမေအားနှုတ်ဆက်ကာ ရွာအပြင်ထန်းတောဆီသို့ ထွက်ခွာသွားပါလေတော့သည် ။
◾အခန်း (၁၄)
တကြိမ်မှားရုံနှင့် အကျိုးအကြောင်းတိုက်ဆိုင်သွားလေရာ မိဝါတွင် ကိုယ်လေးလက်ဝန်ရှိနေသည့် အရိပ်လက္ခဏာတို့ပေါ်လာလေ၏။မိဝါအနေဖြင့် များစွာစိတ်ညစ်နေသော်လည်း ကလေးငယ်ကိုဖျက်စီးပစ်ရန် မစဉ်းစားမိပေ။ထိုအတွက် များစွာစိတ်သောကရောက်နေချိန် မိခင်ကြီး၏ဆူပူခြင်းနှင့်အတူ မြင့်ဝင်းတယောက် ထန်းရည်သောက်ပြီး ရစ်ခြင်းကိုပါခံနေရသည်။သူမမှာဖြင့် မြင့်ဝင်းအား လှည်းကျိုးမထမ်းစေလိုခြင်းကြောင့် အကြောင်းမျိုးမျိုးပြပြီး အဆက်ဖြတ်သော်လည်း မြင့်ဝင်းမှာဖြင့် အမှန်တကယ်မေတ္တာ သက်ဝင်နေသူမို့ လက်လျှော့ခြင်းမရှိပဲ နေ့တိုင်း ထန်းရည်မူးပြီး သူမအား လာရစ်‌နေတတ်သည်။ သစ္စာရှိလှသော ချစ်သူကြောင့် စိတ်မကောင်းဖြစ်ရသလို သူမ ကြုံတွေ့နေရသောအခက်အခဲအား မိခင်ဖြစ်သူကိုလည်း ပြောမထွက်ဖြစ်လို့နေသည်။ထိုစဉ် မိခင်ဖြစ်သူ၏အလန့်တကြားစကားဆိုသံ ထွက်ပေါ် လာလေသည် ။
“မိဝါ ဟဲ့ မိဝါ လာခဲ့ဦး နင့်ကောင် ရေနံဆီတွေလောင်းနေပြီ”
မိခင်ဖြစ်သူ၏စကားကြောင့် မိဝါ အထိတ်တလန့်ဖြစ်သွားပြီး အိမ်အောက်ဆင်းလိုက်ရာ အိမ်ရှေ့တွင်ထန်းရည်မူးပြီး သူ့ကိုယ်သူ ရေနံဆီလောင်းရင်း သစ်သားမီးခြစ်ကိုကိုင်ထားသည့် မြင့်ဝင်းအား တွေ့လိုက်ရ၍ ထိတ်လန့်ပြီး ရင်တုန်ရပြန်လေသည်။မြင့်ဝင်းသည်ကား သူမကိုမြင်သည်နှင့် ကြေကွဲစွာဖြင့်စကားဆိုလာလေသည်။
“မိဝါ နင် ငါ့ကို မချစ်တော့မှတော့ ငါလည်း လူ့ဘဝမှာ မနေချင်တော့ဘူး နင့်ရှေ့မှာပဲ ငါ သေပြမယ် “
“ကိုမြင့်ဝင်း ရှင် ရူးများရူးနေလား”
“ဟုတ်တယ် ငါရူးနေတာ နင့်ကိုချစ်လို့ ငါ ရူးနေတာ “
“‌ရှင် မဟုတ်တာတွေ လျှောက်မလုပ်စမ်းပါနဲ့တော် ကျမ တောင်းပန်ပါတယ်”
“မတောင်းပန်နဲ့ မိဝါ ငါ နင်နဲ့ခွဲပြီး မနေနိုင်ဘူးဟာ နင် ငါ့ကိုမချစ်မှတော့ ငါ လူ့ဘဝမှာ နေတာ ဘာလုပ်ရမှာလဲ”
ပြောပြောဆိုဆိုမြင့်ဝင်းသည် မီးခြစ်ကိုခြစ်လိုက်မည်ကြံနေသဖြင့် မိဝါမှာ မြင့်ဝင်းထံပြေးသွားပြီး မီးခြံကိုပုတ်ထုတ်လိုက်ကာ ရေနံဆီများပေကျံနေသော မြင့်ဝင်း၏ကိုယ်ခန္ဓာအား ပွေ့ဖက်လိုက်ပြိး သူမ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်တို့ကို တရပ်စပ်ပြောချလိုက်လေသည်။ငိုရှိုက်ပြီးစကားဆိုနေသော ချစ်သူဖြစ်သူ ၏စကားကိုနားထောင်ရင်း မြင့်ဝင်း၏မျက်ဝန်းတို့မှလည်း မျက်ရည်စတို့ရစ်ဝဲကာ မိဝါအား ပြန်လည်ဖက်ထားလေသည်။မိဝါ၏စကားဆုံးသည်နှင့် မြင့်ဝေမှာ ချစ်ရသောသူ မိဝါ၏မျက်ဝန်းကိုကြည့်လိုက်ပြီး
“မိဝါရယ် အကို မိဝါကိုချစ်တာသိသားနဲ့ ဒီကိစ္စတွေကို ဘာလို့တယောက်တည်းကျိတ်ခံစားနေရတာလဲ အရီး ကျုပ် မနက်ဖြန်ပဲ မိဝါကိုလာတောင်းမယ်”
မြင့်ဝေသည် မိဝါအားနှစ်သိမ့်ပေးရင်းမှ မိဝါ၏ မိခင်ကြီးအား ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။ထိုအခါ မိဝါတို့သားမိနှစ်ယောက်လုံးက သူ့အား တခုခုပြောမည်ပြင်လိုက်စဉ် မြင့်ဝင်း လက်ကာပြလိုက်ပြီး
“မိဝါနဲ့ အရီး ဘာမှမပြောပါနဲ့ဗျာ ကျုပ်ကိုမသေစေချင်ရင် ကျုပ်ပြောသလိုသာ လုပ်ပါ”
ထိုသို့ပိတ်၍ပြောလာသောစကားကြောင့် မိဝါတို့သားအမိ ဘာပြောရမှန်းမသိဖြစ်နေကြသည်။မြင့်ဝေသည်ကား မိဝါတို့သားအမိနှစ်ယောက်ကို နှုတ်ဆက်ပြီး လာရောက်‌တောင်းရမ်းဖို့အတွက် စီစဉ်လိုက်မည်ပြော‌ကာ အိမ်ဝိုင်းထဲမှထွက်ခွာသွားပါလေတော့သည်
◾အခန်း (၁၅)
“ကြောက်တယ် ငါ ကြောက်တယ် “
တစ္ဆေမမိဝါသည် ဘိုးတော်ပေအား သူမ၏လူ့ဘဝမှအဖြစ်အပျက်များကိုပြောပြနေရင်းမှ ရုတ်ချည်းပင်ထိုသို့အော်ကာ ပျောက်ကွယ်သွားလေသည်။ထိုအခြေအနေကြောင့် ဘိုးတော်ပေမှ ဓာတ်မီးဖြင့်‌ ဘေးဘီဝဲယာအားလိုက်ထိုးကြည့်နေစဥ် ဓာတ်မီးအလင်း ရောင်တဝင်းဝင်းနှင့်အတူ လူသုံးယောက်တို့သည် သူ့အားဝိုင်း၍ ဖမ်းချုပ်ရန်ပြေးလာကြလေသည်။ဘိုးတော်ပေသည်ကား သတိရှိနေသူမို့ မောင်မောင်‌‌ကျော်ရှိရာဘက်ကို ဓာတ်မီးဖြင့်ထိုးလိုက်ပြီး
“မောင်ကျော်ရေ ကျုပ်တို့ထင်ထားသလိုပဲ သူတို့ ရောက်လာပြီ “
“ဟုတ်ကဲ့ ဘိုးတော်လေး ကျနော် လာပါပြီ “
မောင်မောင်‌ကျော်သည်လည်း ကျွန်မနိုင်ချုံနောက် ကွယ်မှထွက်လာပြီး ဘိုးတော်ပေအနားသို့သွားကာ သူတို့ထံပြေးဝင်လာသော လူသုံးယောက်တို့အား တိုက်ခိုက်ရန် အသင့်အနေအထားဖြင့်စောင့်ဆိုင်းလို့နေသည်။ဓာတ်မီးထိုးပြီး သူတို့ထံဝင်လာကြသူများမှာ ဘာလက်နက်မှမပါပဲ လက်ဗလာချည်းသက်သက်သာ ဖြစ်နေသောကြောင့် ဘိုးတော်ပေနှင့် ‌မောင်မောင်‌ ကျော်တို့ သက်ပြင်းချလိုက်မိသွားသည်။များမကြာသောအချိန်တွင်‌တော့ လူသုံးယောက်တို့သည် ဘိုးတော်ပေနှင့် မောင်မောင်ကျော်အား ပြေး၍ချုပ်လိုက် ၏။သို့ပါသော်လည်း ကိုယ်ခံပညာအား ကောင်းစွာတတ်မြောက်ထားသူနှစ်ယောက်မို့ တဖက်လူသုံး ယောက်မှာ ချုပ်၍မရပဲ ဆီး၍ လက်သီးဖြင့်ထိုးခြင်းကိုသာ ခံလိုက်ရသည်။
“လာစမ်း “
လက်သီးချက်များကြောင့် အတော်အထိနာသွားသော လူသုံးယောက်တို့သည် ဘိုးတော်ပေနှင့် မောင်မောင်ကျော်အား မနိုင်သောအခါ ချောင်းရိုးဘေးရှိ ကိုင်းတောများဆီသို့ ပြေးဝင်သွားကြလေသည်။ထိုအခါ ဘိုးတော်ပေသည် မောင်မောင်ကျော်အား ဓာတ်မီးနှင့် ထိုးလိုက်ပြီး
“မောင်ကျော် ခင်ဗျားဘာဖြစ်သွားသေးလဲ “
“ကျုပ် ဘာမှမဖြစ်ဘူး ဘိုးတော်လေး “
“တော်သေးတာပေါ့ဗျာ တယောက်တည်းဆို မလွယ်ဘူး အရင်အထက်လမ်းဆရာတွေကိုလည်း ဒီလူတွေက ဖမ်းပြီး ရေနှစ်သတ်တာဖြစ်မယ် “
“သေချာတာပေါ့ဗျာ ကျနော့်အထင် သက်သေပေါ်မှာစိုးလို့ တုတ်တွေ ဓားတွေတောင်မယူခဲ့ပုံပဲ ကျနော်တို့ဘယ်လိုဆက်လုပ်မလဲ ဘိုးတော်လေး “
“မိဝါကလည်း ပြေးပြီ ကျုပ်တို့ ဒီမှာဆက်နေရင်လည်း ဟိုကောင်တွေဒု က္ခထပ်ပေးတာကို ခံရလောက်တယ် အဲ့တော့ ဝေဘူရွာကိုပဲပြန်ကျတာပေါ့”
“ဘိုးတော်လေးသဘောပါပဲ “
ဘိုးတော်ပေသည် မိဝါ‌ပြောသောအကြောင်းများကိုဆက်ပြီးသိချင်သော်လည်း အခွင့်မသာသောကြောင့် ကြိမ်ချောင်းမှခွာခဲ့ရလေသည်။သူတို့နှစ်ယောက်ဝေဘူရွာဘက်သို့လမ်းလျှောက်လာရာ ရွာနှင့်မလှမ်းမကမ်းသို့ရောက်သည့်အခါ ရွာဘက်မှ ဓာတ်မီးများထိုးလာပြီး စကားအော််ပြောသော အသံတို့ကြားလိုက်ရသည်။
“‌ဟိုဆရာတွေ ပြန်လာတယ်ဟေ့ သူတို့မသေဘူး”
ဓာတ်မီးရောင်တဝင်းဝင်းနှင့် ဝေဘူရွာမှ လူငယ်လူရွယ်များသည် ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့အနားသို့ရောက်ရှိလာပြီး အံ့သြတကြီးနှင့် စကားဆိုလာကြလေသည် ။
“ကိုယ့်ဆရာတို့ကို သေပြီထင်နေတာ ကျုပ်တို့ကတော့ မနက်ကျရင် အလောင်းလာသယ်ရပြီတွက်ထားတာ ဒါနဲ့ဆရာသမားက တို့နှစ်ယောက်သွားတာလား”
“ဟုတ်တယ် ခင်ဗျားကို ပြောစရာရှိတယ် ကျုပ်တို့ရွာထဲ အရင်သွားကြတာပေါ့ “
“ကောာင်းပြီလေ ကျုပ်အိမ်ကိုပဲသွားကြမလား “
လူငယ်လူရွယ်များကြားတွင် ပါလာ‌သော ကိုလွင်မှ သူ၏အိမ်သို့ခေါ်လာလေရာ အားလုံးသဘော‌တူသောကြောင့် ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့နှင့်အတူ လူငယ်လူရွယ်များ တပါတည်းလိုက်လာကြလေသည် ။အိမ်သို့ရောက်သောအခါ အိမ်ကြီးပေါ်တွင် အားလုံးဝိုင်းဖွဲ့ထိုင်လိုက်ကြပြီးနောက် ဘိုးတော်ပေပြောသောစကားများကို စိတ်ဝင်တစားဖြင့်နားထောင်ပြီး‌နောက် သူတို့၏ ထင်မြင်ယူဆချက်များကိုပြောကြလေသည်။
“လေးမျက်နှာရွာဆိုတော့ ကျုပ်တို့ရွာအထက်ပိုင်းကရွာပေါ့ တော်တော်တော့ လှမ်းတယ်လေ “
“အေး ဟုတ်တယ် ဖြစ်ကြောင်းကုန်စင်မသိလိုက်ရတာ နာတယ်ကွာ “
“တောက် မြင့်မြင့်ခင်ဆိုတဲ့ဟာမ တော်တော်လူမဆန်တာပဲ “
ရွာသားများသည် သူတို့၏စိတ်ထဲမှ ကျေနပ်ချက်များကိုပြောကြားနေကြသည် ။ထို့နောက် ဘိုးတော်ပေသည် သူ့အနားတွင်ရှိသောကိုလွင်အားကြည့်လိုက်ပြီးလေးနက်တည်ကြည်စွာ စကားဆိုလိုက်လေသည်။
“ခင်ဗျားဆရာကြီးလည်း ရေနှစ်ပြီးအသတ်ခံလိုက်ရတာ သူလည်း မိဝါအ‌ကြောင်းပေါ်သွားမှာစိုးလို့အသတ်ခံလိုက်ရတာပဲ နေမယ် “
“ဟုတ်မှာပေါ့ ဆရာသမားရယ် “
“ကျုပ်တောင် အဖော်ပါသွားလို့ပဲ လူသုံးယောက်ကဝိုင်းချုပ်တာ “
“သူတို့တွေ ဒီလိုနည်းနဲ့ လူသတ်လာတာတော်တော်များနေပြီ ထင်တယ် ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ ဘိုးတော်”
ကိုလွင်သည် ဘိုး‌တော်ပေအား ဘိုးတော်ဟုခေါ်ဆိုလိုက်လေသည်။ဘိုးတော်ပေသည်ကား အိမ်ပေါ်ရှိလူများကို ဝေ့ကြည့်လိုက်ပြီး
“ခင်ဗျားတို့တွေ အမှန်တရားကိုသိချင်တယ်မဟုတ်လား “
ဘ”သိချင်တာပေါ့ “
“ဟုတ်ပြီလေ အမှန်တရားသိပြီးရင်ရော ခင်ဗျားတို့ဘာဆက်လုပ်မလဲ “
“မတရားသဖြင့်လုပ်တဲ့သူကိုတော့ အပြစ်ခံရအောင်လုပ်ရမှာပဲ‌”
“ကောင်းတယ်ဗျာ ခင်‌‌ဗျားတို့မှာ အဲ့လိုစိတ်ရှိတာသိပ်‌ကောာင်းတယ် အဲ့တာဆို ကျုပ်တို့ မနက်ဖြန် ကြိမ်ချောင်းကို နောက်တခေါက်ထပ်သွားကြတာပါ့ လူများနေရင် လူသတ်သမားတွေလာရဲမှာ မဟုတ်လောက်ပါဘူး”
“အဲ့တာဆို ကျုပ်တို့ ခုညပဲ သွားလိုက်ကြမလား”
တက်ကြွနေသ‌ည့် လူငယ်လူရွယ်များကိုကြည့်ပြီး ဘိုးတော်ပေနှင့် မောင်မောင်‌ကျော် များစွာ ခွန်အားဖြစ်ရသည်။ထို့နောက် ဘိုးတော်ပေသည် လက်ကာပြလိုက်ပြီး
“နေကြပါဦး အခုညတော့ ကျုပ်တို့သွားလို့ အဆင် ပြေမှာ မဟုတ်တော့ဘူး မနက်ဖြန် ကျုပ်တို့အားလုံးပဲသွားကြမယ် ပြီးရင် အပြစ်လုပ်ထားတဲ့သူကို အပြစ် ပေးမယ်ဗျာ အဲ့တာတွေပြီးရင်တော့ ခင်ဗျားတို့ရဲ့ကြိမ်ချောင်းကို ခင်ဗျားတို့ ပြန်ပိုင်နိုင်ပြီပေါ့ဗျာ “
ဘိုးတော်ပေမှ ထိုသို့ပြောလိုက်ရာ ဝေဘူရွာမှ လူငယ်လူရွယ်များသည် များစွာဝမ်းသာလို့နေကြပြီး မနက်ဖြန်ကြိမ်ချောင်းကိုလိုက်ဖို့အတွက်အားကျိုးမာန်တက်ဖြစ်ကာ တက်ကြွနေပါလေတော့သည် ။
◾ ဘိုးတော်ပေနှင့် ကြိမ်ချောင်းမှ မိဝါသည်ကား ဤမျှသာ။မကြာမီ ဘိုးတော်ပေနှင့် သွေးသား အမည်ရဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
◾ကျနော်တို့ရဲ့ page လေးကို LIKE & FOLLOW လေးလုပ်ပေးကြပါဦး ခင်ဗျ။
စာဖတ်သူများကို လေးစားစွာဖြစ်
📝မောင်တင်ဆန်း