ပန်း၏ဓါးသွား

Posted on

ပန်း၏ဓါးသွား(စ/ဆုံး)

——————–

“ကဲ အေးသီ ဘယ်လို လုပ်မလည်းအေ။သည် ပတ်ဝန်းကျင်မှာ ငါတို့သားအမိ ဘယ်လို ရပ်တည်ရမလည်း အေးသီ အမိုက်မ ပြောအုံး”

အေးသီကိုထုရိုက်ရင်း အော်ငိုနေတဲ့ အမေ့ကို ကြည့်ပြီး အေးသီလည်း ရင်ထုမနာဖြစ်မိသည်။ လွယ်လွယ်ကူကူ ဖြေရှင်းလို့ရတဲ့ ပြဿနာ မဟုတ်၍ အေးသီ ဘာမှ မစဉ်းစားနိုင်။ခုချိန်မှာ အေသီ လူ့ဘဝကြီးထဲက ထွက်ခွါသွားချင်မိသည်။

“အမေရယ်။သမီးကို သတ်လိုက်ပါတော့ ။သမီး အမိုက်မကို သတ်လိုက်ပါတော့ အမေရယ်။သတ်လိုက်ပါတော့”

ခေါင်းထိုးခံကာ အထုအရိုက်ခံ အော်ငို နေသော သမီးဖြစ်သူကို ရင်ခွင်ထဲထည့်၍ ဒေါ်အေးဘုံ တစ်‌ယောက် ဖြတ်သန်းရမယ့် နေ့ရက်တွေကို တွေးရင်း မျက်ရည်တွေက တားဆီးမရနိုင်တော့ပေ။

(၂)

မုဆိုးမဘဝနဲ့ အကြော်ရောင်းရင်း သည်သမီးလေးကို ပြုစုပျိုးထောင်ပေးခဲ့သည်။ အတန်းပညာ ရှစ်တန်း အထိသာနေပြီး ဈေးထဲက ကုန်စုံဆိုင်မှာ သမီးလေး အေးသီ အလုပ်ဝင်လုပ်ခဲ့သည်။ အသက် (၁၈)နှစ်သာရှိသေးတဲ့ အေးသီ။ခုတော့ လင်ကောင် မပေါ်ပဲ ကလေးမွေးရတော့မည်။ ဈေးထဲက ဆန်ဆိုင်ကို ဆန်လာသွင်းတဲ့ ကုန်သည် တစ်‌‌ယောက်နဲ့ မေတ္တာမျှခဲ့ကြပြီး ရူးမိုက်စွာ ဘဝတစ်ခုလုံး ပုံပေးခဲ့တဲ့ အေးသီ။ ခုတော့ ဒုက္ခ လှလှ တွေ့ရလေပြီ။ လက်စဖျောက် တိမ်းရှောင်သွား၍ ခုတော့ ဗိုက်တစ်လုံးနဲ့ ဒုက္ခကြုံးရပြီဖြစ်သည်။

ဒေါ် အေးဘုံ မျက်ရည်တွေကို ခပ်ကြမ်းကြမ်း သုတ်ပစ်ပြီး

“တော်တော့ မငိုနဲ့တော့ သမီး ။ဖြစ်လာမှတော့ အမေတို့ ရင်ဆိုင်ရုံပေါ့။ ပတ်ဝန်းကျင်ပြောလည်း ခဏပါ သမီးရယ်။ ရှောင်ပြေးလို့ရတဲ့ အရာမှ မဟုတ်တာ။ အမေတို့ သားအမိ လောကကြီးကို အစွမ်းရှိသလောက် ရင်ဆိုင်ကြစို့”

“အမေရယ်။ သမီးကို ခွင့်လွှတ်ပါနော်”

“ခွင့်လွှတ်ပါတယ် သမီးရယ် ။လူဆိုတာမှားတတ်ပါတယ်။ သမီးလေး ဘာမှ အားမငယ်နဲ့နော်။သမီးရှေ့မှာ အမေ တစ်‌ယောက်လုံးရှိတယ်”

အမေ့ရဲ့ ရင်ခွင်ထဲတိုးဝင်ရင်း အေးသီတစ်ယောက်
ရှက်ရွံ့အားငယ်စိတ်များ အနည်းငယ်လျော့ပါးသွားသည်။ ကျန်ရှိနေတဲ့ အနာဂတ်နေ့ရက်တွေမှာ ဗိုက်ထဲက မိမိရင်သွေးလေးအတွက် သတ္တိရှိရှိ ရင်ဆိုင်ဖြတ်သန်းသွားရပေမည်။

(၃)

ရာသီတွေ ပြောင်းလဲသွားလို့ အေးသီရဲ့ သမီးလေး
ပင် သုံးနှစ်အရွယ် ရောက်ပြီဖြစ်သည်။ အမေနဲ့ အတူတူ အကြော်တဲလေးထဲ တနေကုန် ရုန်းကန်ကြရင်း ။ပတ်ဝန်းကျင်ရဲ့ မေးငေါ့ပြောဆို သံတွေကို အံတု ရင်ဆိုင်ရင်း သားအမိနှစ်ယောက် ဖြတ်သန်းလာနိုင်ခဲ့သည်။ အသက် နှစ်ဆယ့်ကျော်လေးသာ ရှိသေးတဲ့ ကလေးတစ်ယောက်အမေ အေးသီကို လွယ်လွယ် ရမလားလို့ သွေးတိုးစမ်းကြတဲ့ ယော်ကျားပေါင်းစုံနဲ့ အေးသီ ကြုံတွေ့ခဲ့သည်။
ဘဝနာခဲ့တဲ့ အေးသီ တစ်‌ယောက် အားလုံးကို ရှောင်နိုင်ခဲ့သည်။ သမီးလေး ရှေ့ရေးအတွင် ပထွေးဆိုတဲ့ လူမျိုးလည်း သူတို့ မိသားစုထဲ အဝင်မခံနိုင်ပေ။

” ကျွန်မ အေးအေးဆေးဆေး နေချင်တယ်။”

“ကျွန်မ အိမ်ထောင်ရေး စိတ်မဝင်စားတော့ဘူး”

“နောက် အိမ်ထောင်ပြုဖို့လည်း စိတ်မကူးဘူး”

“ကျွန်မ ဘဝ ကျွန်မ ရပ်တည် နိုင်တယ်။ဒါကြောင့် မနှောင်ယှက်ပါနဲ့”

နည်းအမျိုးမျိုးနဲ့ ရှောင်ခဲ့သည်။ ငြင်းဆန်ခဲ့သည်။
မိန်းမသားတွေပဲရှိလို့ မိုက်ကြေးခွဲ အတင်းအဓမ္မ လွယ်လွယ် ရမလားလို့ ကြံစည်တဲ့ ရပ်ကွက်ထဲက ထောင်ထွက်လူမိုက် မြဒင်ကို ကောင်းကောင်းပညာပြ လိုက်တဲ့ အေးသီကို အားလုံး လန့်ကုန်ကြသည်။

“ကိုမြဒင် ….ရှင် အေးသီ လက်ကို လွတ်နော် မူးနေရင် ရှင် အိမ်ပြန်”

အမေနဲ့ သမီးလေး ဈေးသွားနေတုန်း အကြော်ဆိုင်ထဲ ဝင်နှောက်ယှက်ခြင်းဖြစ်သည်။

“အေးသီရယ်။နင့်ကို ငါ တကယ်ချစ်တာပါ ။တသက်လုံးတာဝန်ယူမှာ”

“ရှင်လွှတ်နော် ။ကိုမြဒင် ”

“မလွတ်ဘူးကွာ”

အရက်မူးမူးနဲ့ လူစိတ်ပျောက်ကာ ရိုင်းစိုင်းလာ၍
အေးသီ သည်းမခံနိုင်ပဲ အားကုန်လွှဲရိုက်ပစ်သည်။
အသားနာသွား၍ မြဒင် တစ်‌ယော က် အမူးပြေကာ
အကြော်ခုံတွေကို ကန်ပြီး သောင်းကျန်းပါတော့သည်။
အကြော်ဆိုင်ကလည်း လူရှင်းနေ၍ အေးသီတစ်‌ယောက်ထဲ ရင်ဆိုင်နေရသည်။
အသံတွေ ကြားမှ အနီးအနားက ပြေးလာကြ၍
အေးသီ အားတက်သွားရသည်။

“ကောင်မ လူပါးဝတယ်။ လင်ကောင်မပေါ်ပဲ ကလေးမွေးခဲ့ပြီးမှ မာန်တက်နေသေးတယ်။နင့်လို့ မိန်းမမျိုး ဘယ်သူမှ အတည်မကြံဘူးဟေ့။ငါ့ကို များပါးရိုက်တယ်ပေါ့။မြဒင် အကြောင်း သိရသေးတာပေါ့”

ရှက်ရမ်းရမ်းနေသော မြဒင်ကို အံတုနိုင်ဖို့ အေးသီ ထင်းခွဲတဲ့ ဓါးမကို ကောက်ကိုင်လိုက်သည်။

” အေး ဘာဖြစ်လည်း ငါလင်ကောင်မပေါ်ပဲ ကလေးမွေးပေမယ့် နင့်လို ကြာကူလီမဟုတ်ဘူး။
အေး ငါ့ကံတရားကြောင့် တာဝန်မဲ့တဲ့ ယော်ကျားနဲ့ တွေ့ခဲ့လို အနွမ်းပန်းဖြစ်ခဲ့ပေမယ့် ။အလွယ်တကူရမလား အတွေးမှားမနေနဲ့ ခပ်ညံ့ညံ့ ။ပျော့ပျောင်းသွားပြီး ကြောက်တဲ့အထဲ အေးသီမပါဘူး။ လမ်းဘေးက ပန်းလို့ အလွယ်တကူချိုးလို့ရမယ် ထင်မနေနဲ့ အဲဒီပန်းမှာလဲ သူ့ကိုယ်ကို ကာကွယ်နိုင်တဲ့ အင်အားတွေ ရှိတယ်ဆိုတာ သဘောပေါက် နင်သတ္တိရှိရင် ရှေ့တိုးလာခဲ့စမ်း ”

အားအင် အပြည့်နဲ့ ဓါးမကြီးကိုင်ကာ စိန်ခေါ်နေသော အေသီကို ကြည့်၍ အားလုံး လန့်ကုန်ကြသည်။ တကယ် ခုတ်မယ် ဆိုတာ သေချာတာမို့ မြဒင်တစ်ယောက် ရှက်ရှက်နဲ့ ထွက်ပြေးသွားတော့သည်။ တွေးတိုးစမ်းချင်နေကြသော တချို့သော သူများလည်း အေးသီကို ရှောင်ကုန်ကြသည်။

(၄)

ဈေးက ပြန်လာတဲ့ ဒေါ်အေးဘုံတစ်ယောက် အကြောင်းစုံကို သိရ၍ ရင်ဘတ်ကလေးဖိကာသမီးအတွက် စိုးရိမ်နေတော့သည်။

“မစိုးရိမ်ပါနဲ့ အမေရာ။ကြောက်တတ်ရင် လာဖြဲခြောက်အုံးမှာ။တစ်ခါတည်း အမောက်ထောင်ပြလိုက်တာ ။အားလုံးသိသွားတော့ အေးသီကို လိုက်ပြီး မနှောက်ယှက်ကြတော့ဘူးပေါ့အမေရယ်”

“အင်း မိန်းမသားဘဝဆိုတာ ဒီလိုပဲကြုံရတာပဲ။ အရွယ်ကောင်း ကလေးတစ်ယောက်အမေဆိုပြီး အချောင်ရ အချောင်လိုချင်တဲ့ လူတွေ ရှိတယ်သမီး။ ရှောင်နိုင်ဖို့ပဲလိုတယ်”

“စိတ်ချပါ အမေရယ်။အေးသီ အနွမ်းပန်းမို့ တန်ဖိုးမထားကြပေမယ့် ။သူ့မှာလည်း ထိုက်သင့်တဲ့ မာန နံ့ ဆူးတွေရှိကြောင်းပြပေးရမယ် အမေ။ အေးသီ အရင်လို နုံအအ အေးသီ မဟုတ်ဖူးအမေ။ဘဝအကြောင်းကို ဘဝတစ်ခုလုံးရင်းပြီး သိခဲ့ရပြီမို့ အာရာအားလုံးကို အေးသီ ကျော်ဖြတ်နိုင်ပါပြီ”

ယုံကြည်ချက်ရှိစွာနဲ့ ပြောနေတဲ့ သမီးကို ကြည့်ပြီး ဒေါ်အေးဘုံ စိတ်ချမ်းသာမိသည်။ မနက်ပိုင်းအကြော်ကူရောင်းရင်း ညနေပိုင်း စက်ချုပ်သင်တန်းသွားတတ်နေတဲ့ သမီးလေးက နောက်လဆို ကိုယ်ပိုင် အပ်ချုပ်ဆိုင်လေးဖွင့်တော့မည်။
သူ့ သမီးလေးအတွက်၊အမေ့အတွက် အများကြီး ကြိုးစားမယ် ပြောပြ၍ မိမိ သားအမိတွေ အနာဂတ်က ပျော်ရွှင်စရာများနဲ့ ပြည့်နေတော့မည်။

(၅)

“လင်ကောင် မပေါ်ပဲ ‌ကလေးမွေးတဲ့ ကောင်မ”

“ဟဲ့ သူ့အဖေ ဘယ်သူလဲ”

“သည်အတိုင်း ထားခဲ့တာဟေ့။ကျောရုံကြံသွားတာ”

“အဲဒီ့ကလေးနဲ့ သွားမပေါင်းနဲ့နော်”

“ဘယ် ဥက ပေါက်မှန်းမသိ”

“ဟုတ်ပ”

အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ အေးသီ သမီးလေးကိုလည်း ချိုးနှိမ်ကြပေမယ့် အေးသီ သမီးလေးကို စိတ်ဓါတ် ခွန်အားတွေ ပေးခဲ့သည်။
အမေတူသမီးမို့ ငယ်ငယ်ကလေးတည်းက လောကကြီးအကြောင်းကို နားလည် သဘောပေါက်စွာ ရင်နာစရာတွေကို ဘဝရပ်တည်မှု့မှာ အသုံးချခဲ့သည်။စာကြိူစားတဲ့သမီးလေး တစ်နှစ်တစ်တန်း မှန်မှန် အောင်ခဲ့ကာ ခုဆို မူလတန်းပြ ဆရာမလေး ဖြစ်နေပြီ။ဒေါ်အေးသီလည်း စက်ချုပ်ဆိုင်အကြီးကြီးဖွင့်ထားနိုင်ပြီဖြစ်သည်။
လောကကြီးမှာ ပန်းကလေးတစ်ပွင့်လို့ ကိုယ်တိုင်သတ်မှတ်ထားရင် လောကကြီးအလယ်မှာ ရှင်သန်ရပ်တည်နိုင်ဖို့ ဓါးသွားလို ချွန်ထက်တဲ့ အရာတွေရှိဖို့လိုသည်။ သိမ်မွေ့နူးညံ့တဲ့ သဏ္ဍန်ရှိနေပေမယ့် ပန်းတစ်ပွင့်မှာလည်း သူ့ဘဝရှင်သန်ရပ်တည်ဖို့အတွက်
အနှောက်အယှက်တွေ ရှင်းနိုင်ဖို့ အသိတရား၊သတိတရားနဲ့ ကိုယ်ပိုင်အစွမ်းအစ၊လုံ့လဝီရီယဆိုတဲ့ ဓါးသွားတွေကို သူ့နေရာနဲ့ သူ သုံးတတ်မယ်ဆို ပန်းကလေးတွေအားလုံး လဲကျသွားမယ်ဆိုတာတောင်
ကိုယ်တိုင် ပြန်တည့်မတ်ရင်း အေးသီလို ဓါးလေးတွေ သွေးထားဖို့ လိုမယ်ထင်မိသည်။

ပြီး
ဆောင်းမာန်ဝင့်အောင်
(တောင်ကြီး)