မောင်(စ/ဆုံး)
————-
” မောင် …….. ”
မောင့်ကို ကျွန်မ လွန်ခဲ့သော (၇ ) နှစ်ကျော်က စတင်ပြီး သတိထားမိခဲ့တယ် …..
မှတ်မှတ်ရရ ပြောရမယ်ဆိုရင် မောင့်ဆီကို ကျွန်မ ရောက်ခဲ့တာကို ပြောပြရရင် နည်းနည်း ထူးဆန်းလိမ့်မယ် လို့ ကျွန်မထင်တယ်
ကျွန်မ မောင့်ဆီ ရောက်ခဲ့တဲ့ အချိန်က ကျွန်မရဲ့ချစ်သူနဲ့ အတူ မောင့်ဆီ ရောက်ခဲ့ဖူးတယ်
ထိုအချိန်က ကျွန်မချစ်သူက သူခင်တဲ့ မိတ်ဆွေဆီ သွားမယ်ဆိုတာနဲ့ ကျွန်မ မောင့်အိမ်ကို အလည်သွားရင်း မောင့်ကို စပြီး ကျွန်မသတိထားမိတယ် ….
မောင်က စကားပြောချိုသာတယ် …
မှတ်မိသေးတယ်
ကျွန်မရဲ့ ချစ်သူက မောင့်အိမ်ထဲ၀င်သွားတဲ့ အခါ မောင်က အပြင်ကို ထွက်လာပြီး
“ညီမလေး ၀င်ထိုင်ပါလား” လို့ ခေါ်တဲ့အခါ ကျွန်မရဲ့ ပင်ကို စတိုင်အတိုင်း ခင်ချေချေနဲ့
“နေပါစေ” လို့ပြောပေမယ့်
“လာပါ ညီမလေးရယ်” လို့ အသံချိုချိုနဲ့ ခေါ်တဲ့ မောင့် ကို ကျွန်မ သတိထားမိတယ်
မောင့်ကို ကြည့်ရတာ ကြင်နာတတ်ပုံပေါ်တယ်
ပြီးတော့….
မောင်ဟာ နွေးထွေးမှု ရှိကြောင်း ကျွန်မချစ်သူဆီက သိရတယ်
အထူးသဖြင့်
မောင်ဟာ အမြဲတမ်း ပြုံးနေတာဟာ မောင့်ရဲ့ ထူးခြားချက် ဖြစ်တာကိုတော့ ကျွန်မ နောက်ပိုင်း သတိပြုမိခဲ့တယ်
နောက်ပိုင်း (၆) လလောက်ကြာတော့ ကျွန်မ ချစ်သူနဲ့ပဲ မောင့်ထံ နောက်တစ်ခေါက်ထပ်ရောက်ဖြစ်ခဲ့တယ် ….
ဒီ့ထက်ပိုပြီး မောင့်ထံ ကျွန်မရောက်ခဲ့ဖို့ အကြောင်းဖန် လာလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်မိသလို …
မောင်လည်း မျှော်လင့် လိမ့်မည်မဟုတ် …
သို့ပေမယ့် ကျွန်မနဲ့ မောင်နဲ့ ဆုံဆည်းဖို့ အကြောင်းဟူသည်ကား …..
●●●●●●●●●●●●●●●●●
ကျွန်မ …..
စီးကျလာသော မျက်ရည်တွေကို အသာ သုတ်ပစ်ရင်း ကျွန်မရဲ့ နှုတ်ခမ်းဖျားတွေကို အနာကျင်ဆုံး ဖိကိုက် ထားလိုက်တယ်…
ကျွန်မ ခံစားမှုတွေကို အဆုံးသတ်ချင်ပီ …
သူ …
“သူ” ဆိုသော ကျွန်မရဲ့ ချစ်သူ
ကျွန်မကို စွန့်ပစ်ခဲ့လိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ခဲ့
သို့ပေမယ့်လည်း …..
ကံကြမ္မာဆိုတာ ရေစက်ရှိသလောက်ပဲ ဆုံစည်းခွင့်ရမယ် ဆိုတာ …
ကျွန်မ စာတစ်စောင်ဖတ်ခဲ့ဖူးတယ် ….
မိန်းမတစ်ယောက်ဟာ
ဘယ်လောက်ပဲ ထက်မြက်၊ ထက်မြက်
ဘယ်လောက်ပဲ မာန်မာနရှိရှိ
ချစ်သူစွန့်ပစ်ခြင်းခံခဲ့ရရင် မိမိကိုယ်ကို ယုံကြည်မှုများစွာ မဲ့သွားနိုင်တယ်ဆိုတဲ့ စာလေး
တကယ်လည်း …………..
ကျွန်မ ခုတော့ ကျွန်မအတွက် ဘယ်လိုယုံကြည်မှုမှ မရှိတော့
ချစ်သူတစ်ယောက်ရဲ့ စွန့်ပစ်ခြင်းခံခဲ့ရတဲ့ မိန်းမသား တစ်ယောက်ဘ၀မှာ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ နှစ်ယောက် ပြန်ဆုံဆည်းနိုင်မလားဆိုတဲ့ မျှော်လင့်ချက် များစွာနဲ့ပဲ မောင့်ဆီကို ကျွန်မ ချစ်သူမပါဘဲ ပထမဆုံး အကြိမ် ရောက်ဖြစ်ခဲ့တယ်
မှတ်မိသေးတယ် …..
ကျွန်မ မောင့််ဆီရောက်တော့ မောင်က ကျွန်မကို ထူးဆန်းသလိုကြည့်ရင်း
“ ညီမလေး ဘာကိစ္စရှိလို့လဲ
တစ်ယောက်တည်းလား၊
ညီလေးရော မပါဘူးလား” ဆိုတာနဲ့ ကျွန်မတို့ နှစ်ဦးရဲ့ ဖြစ်ကြောင်းကုန်စင်ကို မောင့်ထံပြောပြရင်း မောင့်ဆီက ကောက်ရိုးတမျှင်သည်ကား …..
မောင်က ကျွန်မတို့ ချစ်သူနှစ်ဦး ပြန်လည်ဆုံဆည်းနိုင်ဖို့ အတွက် ချိတ်ဆက်ခဲ့ပေးပေမယ့် လည်း ရေစက်ကုန် လာတဲ့အခါ …….
နောက်ပိုင်း …
ကျွန်မ မောင့်ကို ရင်ဖွင့်စရာတွေ၊
တိုင်ပင်စရာတွေရှိရင်
အကိုတစ်ယောက်လို ဖွင့်ပြောဖြစ်ခဲ့တယ် ….
မောင်ကလည်း ကျွန်မကို ညီမလေး တစ်ယောက်လိုပါပဲ …
အထူးခြားဆုံးက မောင်က ဘယ်သူ့ကိုမဆို ဆက်ဆံတဲ့အခါ နွေးထွေးမှုရှိတာကိုတော့ အတိုင်း အတာ တစ်ခုအတွင်း ကျွန်မ အကြွင်းမဲ့ ယုံကြည်ခဲ့မိတယ်
ပြီးတော့ …..
မောင့်ကြောင့်ပဲ ကျွန်မ ဘ၀တစ်ဆစ်ချိုး ပြောင်းလဲ ပစ်နိုင်ခဲ့တယ်
ထိုအကြောင်းတရားသည်ကား ….
●●●●●●●●●●●●●●●●●●●
ကျွန်မ မဟာဘွဲ့ရပြီးပေမယ့် နယ်ကနေ အခြားမြို့ကို သွားဖို့ စိတ်မချတဲ့ မိဘတွေကြောင့်ပဲ ကျွန်မတို့မြို့ လေးမှာ သာမာန်စာရေး အလုပ်လေးလောက်ရဖို့ ကြိုးစားနေသလို …..
ကျွန်မရဲ့ သူငယ်ချင်းကတော့ ပြည်ထောင်စုရာထူး၀န်အဖွဲ့က ခေါ်ယူတဲ့ စာမေးပွဲ ၀င်ရောက် ဖြေဆိုဖို့ မောင်တို့ ရုံးကို ရောက်ဖြစ်ခဲ့တယ်။
ကျွန်မ ၀င်ခွင့်ဖောင်သွား၀ယ်ရင်း အလုပ်ရှုပ်နေတဲ့ မောင့် ကို အားနာတာနဲ့ မောင့်ရုံးခန်း မ၀င်ဖြစ်ခဲ့ …
သို့ပေမယ့် …
သူငယ်ချင်း ဖောင်တင်တဲ့အခါမှာ သိချင်တာတွေ၊ လိုအပ်ချက်တွေ များစွာကြောင့် မောင့်ကို ဆက်သွယ်ရင်း နဲ့ပဲ ….
မောင်က ကျွန်မကို
“ ညီမလေး …
ဘာလို့ ၀င် မဖြေတာလဲ
သူငယ်ချင်းက ဖြေပြီး၊
ညီမလေးက ဘာဖြစ်လို့လဲ” လို့ ကျွန်မ ကိုမေးတဲ့အခါ
“မိဘတွေနဲ့ အဝေးကြီး မသွားချင်ပါဘူး အကိုကြီးရာ
အိမ်ကလည်း စိတ်မချဘူး” ဆိုတာနဲ့
“အေးပါ ညီမလေးရာ
ခုချိန်မှာတော့ မတိုက်တွန်းတော့ပါဘူး
ညီမလေး သူငယ်ချင်းအောင်တဲ့အချိန်မှ ညီမလေး သိလာလိမ့်မယ်” လို့ လောက်သာ ကျွန်မ ကိုပြောခဲ့တယ်
နောက်ပိုင်း ကျွန်မလည်း အခြားမြို့က ဦးလေးဖြစ်တဲ့ သူရဲ့ ရုံးမှာပဲ အငယ်တန်းစာရေး ရာထူးနဲ့ ၀င်ရောက် အလုပ်လုပ်ဖြစ်ရင်း ကျွန်မရဲ့ သူငယ်ချင်းလည်း ဦးစီး အရာရှိ စာမေးပွဲ အောင်မြင်ကြောင်း သိရတဲ့ အတွက် ကျွန်မ မောင့်ဆီ ဖုန်းဆက်ဖြစ်ခဲ့တယ် …..
မောင်က ကျွန်မကို
“ ညီမလေးရော ဒီတိုင်းဘဲနေတော့မှာလား
ခုလည်း အဝေးမှာ အလုပ်လုပ်နေရတာပဲ၊
ညီမလေးမှာ အရည်အချင်းရှိရဲ့သားနဲ့
၀င်ဖြေစေချင်တယ်” ဆိုတဲ့ တိုက်တွန်းမှုတွေကြောင့်ပဲ
ကျွန်မ ပြည်ထောင်စု ရာထူး၀န်အဖွဲ့က ခေါ်တဲ့ ပြန်တမ်း ၀င်အရာရှိစာမေးပွဲ (၂) ခုကို ၀င်ရောက်ဖြေဆိုဖြစ်ခဲ့တယ် …..
ပြီးတော့ ….
မောင်က ကျွန်မကို ” ဘယ်လို လေ့လာရမယ်၊
ဘယ်လို ဖြေဆိုရမယ်” ဆိုတဲ့ သူရဲ့ အတွေ့အကြုံတွေကို ပြောပြရင်း ကျွန်မအတွက် ခွန်အားများစွာ ပေးခဲတယ် …
ဒီလို ..
ဒီလို …. နဲ့ပဲ
ကျွန်မရင်ထဲမှာ မောင့်အပေါ် မမြင်နိုင်တဲ့ သံယောဇဉ်တွေနဲ့ ရင်ထဲက အလိုလိုတွယ်မိခဲ့တယ်
သို့ပေမယ့်
ချစ်သူ စွန့်ပစ်ခြင်းခံရတဲ့ မိန်းမ
သူငယ်ချင်းရဲ့ ချစ်သူဆိုတဲ့ အသိရှိနေတဲ့ မောင်နဲ့ ကျွန်မ ဘယ်လိုမှ ဆုံစည်းဖို့ ဖြစ်လာမှာ မဟုတ်ဘူးဆိုတဲ့ အတွေးတွေနဲ့ပဲ ကျွန်မတို့ အဝေးဆုံး ဝေးကွာ နေဆဲပါပဲ …
တိုက်တိုက်ဆိုင်ဆိုင်ပဲ …
ကျွန်မဖြေဆိုတဲ့ ရာထူး၀န်စာမေးပွဲ (၂) ခုလုံး အောင်မြင် ခဲ့တဲအတွက် လူတွေ့ဖြေဆိုရမယ့် အချိန်မှာ ကျွန်မ အတွက် ရွေးချယ်ဖို့ များစွာ ဒွိဟ ဖြစ်နေတဲ့အချိန်မှာပဲ ကျွန်မ မောင်ရွှေးချယ်ပေးတဲ့ လမ်းကြောင်း ပေါ်ကို ပဲ ရွေးချယ်ဖြစ်ခဲ့တယ်…
ပြီးတော့ ကျွန်မတို့ ဆုံစည်းမှု (၃) နှစ်ခန့်လောက်
မထင်မှတ်တဲ့ ညတစ်ညမှာ ကျွန်မထံကို ချစ်တဲ့ အကြောင်း ဖွင့်ဟခဲ့တယ်
ပြီးတော့ ကျွန်မနူးညံ့တယ် ထင်သော သူ့ထံမှ
ဇွတ်တရွတ်ဆန်သော အကျင့်ကို ကျွန်မ စ သိခဲ့ရတယ်
ပြီးတော့ …..
ကျွန်မရဲ့ စိတ်ကို ကြိုမြင်နေဟန်ထင်သော မောင်
ကျွန်မကို ဖွင့်ပြောသော ညမှာပဲ မလွန်ဆန်နိုင်သော ကျွန်မ ရင်ထဲကအဖြေတစ်ခု မောင်ထံ အဆောတလျင် ပေးခဲ့ခြင်းသည်ကား ….
●●●●●●●●●●●●●●●●●
မောင်နဲ့ ကျွန်မ ချစ်သူဖြစ်ပြီး နောက်ပိုင်း တစ်နယ်စီဖြစ်သော ကျွန်မအတွက် ဖုန်းသည်သာ ကျွန်မတို့ ချစ်သူနှစ်ဦးကို ချိတ်ဆက်ပေးနိုင်သော ကွန်ယက်တစ်ခု ….
ကျွန်မတို့ ချစ်သူဖြစ်စ အစပိုင်း လောက်သာ မောင်က ကျွန်မကို အချိန်ပေးပေမယ့်
အချိန်တွေ ကြာလာတာနဲ့အမျှ အလုပ်ရှုပ်နေသော မောင်နဲ့ ကျွန်မ ဘယ်လိုမှ အဆင်မပြေခဲ့
ဖုန်းဆက်တိုင်း မကိုင်တတ်သလို
ကိုင်ပြန်ရင်လည်း နူးညံ့သိမ်မွှေ့ပါတယ်ဆိုသော မောင်
“ မင်းကလည်းကွာ
အလုပ်ရှုပ်နေပါတယ်ဆိုမှ အလိုက်မသိဘူး
နားလည်မှုကိုမရှိဘူး
ငါမင်းနဲ့ ဘယ်လိုရှေ့ဆက်ရမလဲ” ဆိုတဲ့ မောင် …
မောင်နဲ့ ကျွန်မကြား များစွာ ဝေးကွာနေပီလားလို့ ကျွန်မအားငယ်မိတယ်
ကျွန်မ တစ်ချိန်က သိခဲ့သော မောင်
ကျွန်မ တစ်ချိန်က အားကိုးရသော မောင်
အမြဲတမ်း လူတစ်ယောက်အပေါ် နားလည်ဖေးမ တတ်သော အကြည့်နဲ့ ကြည့်တတ်သော မောင်က ကျွန်မ မျှော်လင့်သလိုဖြစ်မလာခဲ့
သို့ပေမယ့် …..
အချို့ရက်တွေမှာတော့ မောင့်ရဲ့ စိတ်လိုလက်ရ နွေးထွေးမှု လေးတွေ ရတတ်ပါတယ်လေ
အစပိုင်းမှာ တော့ နားလည်သလိုရှိပေမယ့် အချိန်ကြာလာတာနဲ့ အမျှ အချို့အရာတွေမှာ မောင့်ကို ကျွန်မ နားမလည်ခဲ့
အချို့ရက်တွေ Facebook မှာ မီးစိမ်းပြပြီး အချို့ Comment တွေကို Reply ပြန်နိုင်ပေမယ့် ကျွန်မကို တော့ ဖုန်းမဆက်
အချို့ရက်တွေမှာ စာတွေ၊ ခရီးသွားနေတာတွေ တင်နေပေမယ့် ကျွန်မကို အချိန်မပေးနိုင်ခဲ့
မောင်က ဘယ်လိုလူမျိုးလဲ ….
ကျွန်မ ကြာလေ မောင့်ကို နားမလည်လေပါဘဲ
အထူးသဖြင့် …..
အချို့အချိန်တွေ ကျွန်မ ဖုန်းဆက်တဲ့အခါ
“ ကိုယ်စိတ်တွေ ညစ်နေတယ်ကွာ
ဒါပဲနော်” လို့ ပြောရင် ကျွန်မက
“ မောင်ရယ် …
ဘာဖြစ်တာလဲဟင်၊ ပြောပြပါလား ” ဆိုတဲ့ အခါ မောင်ပြန်ပြောတဲ့ စကားတွေဟာ မောင့်အတွက် တော့ မသိပေမယ့် ကျွန်မ ခံစားရမြဲ
“ မင်း မသိချင်ပါနဲ့ကွာ
မင်းသိတော့ရော ဘာလုပ်ပေးလို့ရမှာလဲ
ငါ စိတ်ညစ်လာရင် ဖြေရှင်းမပေးနိုင်တဲ့သူကို အချိန်ကုန်ခံပြီး မပြောချင်ဘူး
ငါ့ အိမ်တောင် ငါမပြောဘူးကွာ
စိတ်ပူတာတွေက ငါ့ကို ပိုပြီး ၀န်ပိစေတယ်
ငါ့ဘာသာ အေးဆေးနေပါရစေကွာ” ဆိုတဲ့ မောင်ပြောတဲ့ စကားတွေက မောင့်ကို အဆင်ပြေ ချိန်မေးလိုက်ရင် ငါချစ်တဲ့ သူတွေကို အပူမပေးချင်ပါဘူးကွာ ဆိုပေမယ့် ချစ်သူဖြစ်သော ကျွန်မ မောင့်ရဲ့ အခက်အခဲတွေကို မဖြေရှင်းနိုင်ရင်တောင် မျှဝေခံစားခွင့်မရှိတော့ဘူးလား?
ကျွန်မထင်သော သိမ်မွှေ့သော မောင်၊ အားငယ်လွယ်မယ်ထင်သော မောင်က
တကယ်တမ်းတော့ ဇွတ်တရွတ်ဆန်သည်
ကိုယ်ခံယူချက်ဖြင့် သာ အသက်ရှင်သော ကိုယ်ထင်ရာ ကိုသာ တစိုက်မတ်မတ် လုပ်တတ်သော သူအဖြစ် ကျွန်မမြင်လာရသည်
အချို့သော အချိန်တွေ မောင့်ရဲ့တုန့်ပြန်မှုဟာ မောင့်အတွက် ဘာမှ မဟုတ်ပေမယ့်
ကျွန်မ အတွက် တော့ ကြာလေ နာကျင်ရလေပါပဲ
ဒါပေမယ့် တစ်ခုရှိတာက
မောင်ဟာ ကျွန်မအပေါ်တော့ ဘယ်တော့မှ သစ္စာ မဖောက် သူ့အလုပ်တွေနဲ့သာ ရှုပ်နေတတ်သည်
တစ်ခုရှိတာက မောင်သည် တစ်ခါတစ်ခါ မိန်းကလေး အချို့နှင့် လိုအပ်တာထက် ပိုပြီး ရင်းနှီးသလို နေတယ်လို့ ကျွန်မ ထင်မိတယ်
သို့ပေမယ့် …
ထိုကိစ္စတွေနဲ့ ပတ်သက်လို့ ကျွန်မပြောမိရင်
“ မင်းကဘာလဲ
ငါ့ကို မင်းလိုများ မှတ်နေလား” ဆိုပြီး စသလို၊ နောက်သလိုနဲ့ ပြောပေမယ့် ခဲမှန်ဖူးသော ကျွန်မ ခံစားချက်အချို့ကို မြိုသိပ်ဖြစ်ခဲ့တယ်
သည်လို ….
သည်လိုနဲ့ပဲ …..
ကျွန်မတို့ ချစ်သူသက်တမ်း (၄) နှစ်ကျော်ကာလကို ဖြတ်သန်းလာနိုင်ခဲ့ပြီ
သို့ပေမယ့် အချိန်တွေ ကြာလာတာနဲ့ အမျှ နာကျင်သော ခံစားချက်အချို့က ကျွန်မ စိတ်ဓါတ်ကျချိန်နှင့် အခွင့်သင့်သွားသော အခါ ……
●●●●●●●●●●●●●●●●●
ကျွန်မ ….
ကျွန်မ မောင့်ကို မဆက်သွယ်ဖြစ်တော့
မောင် ဘယ်လောက် ဖုန်းဆက် ဖုန်းဆက် ကျွန်မ မကိုင် ချင်တော့
ကျွန်မ အကြောင်းပြချက်မရှိဘဲ မောင့်ကို ထားပစ်ခဲ့ တယ်
တကယ်တော့ ကျွန်မမှာ အဆင်မပြေတဲ့ အခက်အခဲ ပြသနာများစွာကြား ကျွန်မ မောင့်လိုဘဲ ဘယ်သူကိုမှ မပြောတော့ပဲ တစ်ကိုယ်တည်း ဖြေရှင်းနေမိတယ်
ဒီချိန်မှာ ကျွန်မအတွက် ကျွန်မအလုပ်တွေ ပြီးမြောက်ဖို့ ကလွဲလို့ ဘာကိုမျှ မမျှော်လင့်ခဲ့
မောင့်နဲ့ ကျွန်မ ရေစက်ကုန်ပီလို့ပဲ ကျွန်မ ခံယူခဲ့တယ်
ဒါကြောင့်ပဲ မောင်အကြိမ်ကြိမ်ဆက်ခဲ့တဲ့ ဖုန်းကို သည်တစ်ခါ တော့ ကျွန်မကိုင်လိုက်တယ်
ဒီအချိန်မှာပဲ မောင့်ဆီက
“ မင်းက ဘာတုန်း
မင်းဘာဖြစ်လို့ ဒီလောက်ဖုန်းခေါ်နေတာကို မကိုင်တာလဲ
မင်းလုပ်ချင်တာကို လုပ်လို့ရတယ်
အေး တစ်ခုတော့ရှိတယ်၊
ခိုင်လုံတဲ့ အကြောင်းပြချက်တော့ ပေးခဲ့” ဆိုတဲ့ မောင့်ရဲ့ တရစပ် စကားတွေကို ကြားရင်ပဲ အားလုံးပြီးဆုံးပြီလို့ ဆုံးဖြတ်ထားသောကျွန်မ
“ ဘာမှ မဖြစ်ပါဘူး
အဆင်မပြေတာတွေရှိလို့ပါ
ကိုယ့်ဘာသာ အေးဆေးနေပါရစေ” ဆိုပြီး မောင်ပြောနေကျစကားကို ကျွန်မပြောဖြစ်ခဲ့တယ် ဆိုရင်ဘဲ
“ မင်းဘာဖြစ်တာလဲ
မင်းပြောမှ သိမှာပေါ့
ဒါမှ ဘယ်လိုဖြေရှင်းရမလဲ သိမှာပေါ့
မင်းရူးနေတာလား” ဆိုတဲ့ အခါ ကျွန်မစိတ်ထဲက
“ဟုတ်တယ်၊
ကျွန်မရူးနေတာပါ” လို့ စိတ်ထဲကဆိုရင်း
မောင့်ကို ” ပြောပြတော့ရော ဘာလုပ်ပေးနိုင်မှာမို့လို့လဲ
ကိုယ့်ဘာသာ အေးဆေးနေပါရစေ
မောင်လည်း ကိုယ်လုပ်စရာရှိတာ အေးဆေးလုပ်ပါ
ကျွန်မအတွက် ဘာမှ မစဉ်းစားပါနဲ့” ဆိုတဲ့အခါ
“မင်းပြောတဲ့ အဓိပ္ပါယ်က လမ်းခွဲချင်တယ် ပြောတာလား?
အေး ဒါဆိုလည်း ပြတ်ပြတ်သားသားပြော
တစ်ခုခုဆို မင်းကို မနစ်နာစေချင်လို့ပြောနေတာ” ဆိုတဲ့ စကားမှာပဲ ကျွန်မ ဖုန်းကို အပြီးချရင်း……
မောင့်ဆီက ကျွန်မအတွက် အကြိမ်ကြိမ်နာကျင်ခဲ့ရသော နှလုံးသားထက် ဘယ်အရာကမှ ကျွန်မကို ပိုမနစ်နာစေ နိုင်တော့ဘူး ဆိုတဲ့ ခံယူချက်တွေ ရင်ထဲထည့်ရင်း ….
ယောကျာ်းတစ်ယောက်ဘယ်လောက်ပဲ တော်တော်
ဘယ်လောက်ပဲ နွေးထွေး နွေးထွေး
ဘ၀ လက်တွဲဖော်ဆိုတာ ကိုယ်လျှောက်လှမ်းမယ့် လမ်း အတွက် ကိုယ်နဲ့ ဘက်ညီဖို့ထက် ဘယ်အရာက ပိုအရေးကြီးစေတာလဲ
အချစ်ဆိုပြီး တစ်ဘ၀လုံး ကျွန်မ စိတ်ကို လှောင်ပိတ် မခံလိုတော့ ….
ဒါ့ကြောင့်ပဲ ….. ကျွန်မ
မောင့်ကို မောင်နဲ့ မပတ်သက်ခင်က မိတ်ဆွေတွေကို နွေးထွေးမှုပေးတဲ့ မောင်တစ်ယောက်အနေနဲ့ပဲ အဝေးက မြင်ပါရစေ
ချစ်သူကလွဲရင် ဘယ်သူ့ကိုမဆို ပျူငှာစွာ ဆက်ဆံတတ် သော ခပ်ပြုံးပြုံးကောင်လေးတစ်ယောက် အဖြစ်နဲ့သာ မြင်ပါရစေ
အလုပ်ကိုသာ ဇွဲရှိရှိ အချိန်ပေးတတ်သော အမြဲအလုပ် ရှုပ်နေသော မောင့်ကို အဝေးကနေပဲ အားကျပါရစေ
ကျွန်မဘ၀ အတွက် အားအင်ဖြစ်စေဖို့ အချို့နေရာတွေ အတွက် စံပြုထိုက်သော ပုဂ္ဂိုလ်တစ်ယောက်အဖြစ် မောင့်ကို ထားပါရစေ လို့တွေးရင်း
အချစ်ဆိုတာ …..
ကျွန်မထင်သလို ..
ကျွန်မမျှော်လင့်တတ်သလို …. စိတ်ကူးယဉ်မဆန်ဘူးဆိုတာ မောင်က ပဲ သက်သေပြခဲ့ လေပီ
ကျွန်မ တစ်ချိန်က ထင်ခဲ့သော
“ချစ်သူစွန့်ပစ်ခံရတဲ့ မိန်းမတစ်ယောက်ဟာ
အရာရာကို ယုံကြည်မှု နည်းစေတယ်” ဆိုတဲ့ ကျွန်မ ဘ၀ကို အားအင်တွေနဲ့ ရှင်သန်နိုင်ဖို့ မောင်က အားပေး ခဲ့ဖူးတယ်
ခုလည်း မောင်က မစွန့်ပစ်ခဲ့ပေမယ့် ..
ကိုယ့်ယုံကြည်တဲ့ ဆုံးဖြတ်ချက်တစ်ခုအတွက် အချစ် ဆိုတဲ့အရာရဲ့ စွန့်ပစ်ခြင်းခံရပေမယ့် ကျွန်မ မောင်ပေးခဲ့ ဖူးတဲ့ နည်းလမ်းတွေသုံးပီး အကောင်းဆုံး ဖြတ်သန်း မှာပါလို့ … စိတ်ထဲကဆိုရင်း ….
မောင် နှင့် ပေါင်းစပ်ဖို့ ဝေးခဲ့ပေမယ့်
တစ်ချိန်က စွန့်ပစ်ခံမိန်းကလေးတစ်ယောက်ကို ပေးခဲ့ ဖူးသော မောင်ပေးခဲ့တဲ့ အားအင်တွေနဲ့ နီးရာ ….
နီးရာသို့ …..
ပြီးပါပြီ