ရှိနေမယ်မိုး

Posted on

ရှိနေမယ်မိုး(စ/ဆုံး)

—————-

၁၉၇၅ခု နှစ်တွင် ရန်ကုန် ဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ် ဓာတုဗေဒ အဓိကဖြင့် မိုး ကျောင်းတက်သည်။

လက်တွေ့လုပ်ရန် အဖွဲ့ခွဲတော့ မောင်မောင်၊ မိုး၊ ကေသီအေး၊ သီတာမော်တို့ အဖွဲ့တူသွားသည်။ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်သွားကြသည်။

ပထမနှစ်တွင် မိုးတို့အတန်း corridor အုတ်ဘောင်ပေါ်မှ မိုးကိုနေ့စဥ် လာကြည့်သော ကျောင်းသားများရှိသည်။

” အဲဒီကျောင်းသား စာမေးပွဲကျမှာပဲ၊ အတန်းမတက်ပဲနေ့တိုင်း လာနေတာ”

သီတာက အပြင်ကိုကြည့်၍ ပြောလိုက်သည်။

မိုးတို့ နောက်တန်းတွင် ထိုင်နေသော မောင်မောင်က အတန်းအပြင်ဘက် ထွက်သွားပြီး ထိုကျောင်းသားဘေးတွင် တက်ထိုင်လိုက်သည်။

” သူငယ်ချင်းက ဘယ် major ကလဲ”

” Physics က ဘာဖြစ်လို့လဲ”

” အပြာရောင်ဇာအင်္ကျီနဲ့ ကောင်မလေးကို လာကြည့်နေတာမို့လား သူက ကိုယ့်ကောင်မလေး၊ အတန်းတွေပျက်နေမှာစိုးလို့ စေတနာနဲ့ပြောတာ”

” မဟုတ်တာလာမပြောနဲ့ကွာ”

” မယုံဘူးပေါ့၊ကြည့်နေနော်၊ လက်တွေ့ပြမယ်”

ဆရာ စာသင်မဝင်သေးသဖြင့် မောင်မောင်အခန်းထဲပြန်ဝင်လာသည်။ မိုးရဲ့ဘေး လွတ်နေသောနေရာတွင် ဝင်ထိုင်ကာ…

” လုပ်ပါအုံး၊ ငါ့မျက်လုံးထဲဘာကောင်ဝင်သွားလဲမသိဘူး”

” လက်ဖယ်လိုက်လေ၊ ကြည့်ပေးမယ်”

မိုးက မောင်မောင့်လက်ကို ဖယ်လိုက်ပြီး မျက်ခွံကိုဖြဲကာ ရှာပေးသည်။

” ဘာမှမတွေ့ပါဘူးဟဲ့”

မောင်မောင်အပြင်ကို ကြည့်လိုက်တော့ ဟိုကျောင်းသားမရှိတော့ပါ။

မျက်လုံးကို ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး..

” ကောင်းသွားပြီ”

” နင်..ဟိုကျောင်းသားကို ဘာတွေသွားပြောနေတာလဲ”

” နင်နဲ့ အဆင်ပြေနိုင်လား ၊ လိုက်ဘက်ရဲ့လားလို့ သူ့အကြောင်း နည်းနည်းသွားမေးကြည့်တာ”

” ကောင်စုတ်”

” မိုးမိုးရိုက်တာကို ရှောင်ရင်း တဟားဟားရီကာ နောက်တန်းသို့ပြောင်းထိုင်လိုက်သည်။

ဒုတိယနှစ်တက်နေစဥ် တစ်ရက် အတန်းအစောကြီးပြီးသွားတော့ သူတို့လေးယောက် မြို့ထဲသို့သွားကြသည်။

ပပဝင်းရုံတွင် အင်္ဂလိပ် ဟာသကားတင်ထားတာ တွေ့ပြီး ရုပ်ရှင်ဝင်ကြည့်ကြသည်။

သူတို့ရုံထဲရောက်တော့ ရုပ်ရှင်ကပြနေပါပြီ။အမှောင်ထဲတွင် မောင်မောင်က ရှေ့ဆုံးမှဝင်သည်။ သူ့နောက်မှာ မိုး၊ ကေသီ၊ သီတာ။

ရုပ်ရှင်ကို စိတ်ဝင်တစားကြည့်နေစဥ်…

” ချစ်လိုက်တာ မိုးရယ်”

နားနားကပ်ကာ လေသံလေးနှင့်ပြောလာသော မောင်မောင့်ကို မိုးလှည့်ကြည့်လိုက်သည်။

မှောင်ထဲတွင် ချစ်ခင်ကြင်နာမှု ​အပြည့်နှင့် ကြည့်နေသော မောင်မောင့်မျက်ဝန်းတွေအောက် မိုးကျရှုံးခဲ့ရသည်။

မိုးလက်ကို ဆုပ်ကိုင်လာတော့ သူငယ်ချင်းတွေမမြင်အောင် လွယ်အိတ်နှင့် ကွယ်ထားရသည်။

နောက်တစ်နေ့ ကျောင်းရောက်တော့ ကေသီနှင့်သီတာကို ပြောပြလိုက်သည်။

” ငါထင်တယ်၊ အရီသန်တဲ့ နင့်ဆီက ရီသံမကြားရတော့ ငါလှည့်ကြည့်သေးတယ်၊ သူတို့က အကြည်စိုက်နေကြတာကိုး…ငါတို့နှစ်ယောက်ကို တစ်ခုခုကျွေးမှ အသိအမှတ်ပြုမယ်”

” အတန်းပြီးရင် Science Canteen သွားမယ်၊ ခေါက်ဆွဲကြော်စားရအောင်”

စားသောက်ပြီး အိမ်ပြန်တော့ ဓမ္မစေတီလမ်းရှိ မိုး၏အိမ်နားထိ မောင်မောင်လိုက်ပို့သည်။ ပြီးမှ သူ့အိမ်ရှိရာ ကျောက်ကုန်းသို့ ပြန်လာခဲ့သည်။

တတိယနှစ်မှာ တက္ကသိုလ်ကျောင်းသားတွေ အ..သုံးလုံးလုပ်အားပေးသွားဖို့ စာရင်းပေးကြသည်။

“မိုး..သွားကြမယ်ကွာ၊ လုပ်အားလည်းပေး..မိုးနဲ့လည်းခရီးထွက်ဖြစ်တာပေါ့”

“ဖေဖေကလွှတ်ပါ့မလားမသိဘူး၊ မိုး..ပြောကြည့်ဦးမယ်”

အိမ်ပြန်အရောက် ထမင်းစားပြီး ဧည့်ခန်းမှာ ဖေဖေရှိနေတုန်း မိုးပြောကြည့်သေးသည်။

“အနေအစားဆင်းရဲတယ်၊ သမီးနဲ့ဖြစ်မှာ မဟုတ်ဘူး။ လိုက်မသွားနဲ့”

တစ်အိမ်လုံး. ဖေဖေက ဒါဆိုဘာမှ ပြောမရအောင် လိုက်နာရသောကြောင့် မိုး..စောဒကမတက်ရဲပါ။

မနက်ကျောင်းတက်တော့ သူငယ်ချင်းကေသီနှင့် သီတာတို့ မကျေနပ်ကြပါ။

“ဘာတတ်နိုင်မှာလဲမိုးရယ်”

လို့ မောင်မောင်က ညည်းရှာသည်။

သူတို့သွားမှာ ရှမ်းပြည်နယ်၊ ရပ်စောက်ပါ။

ရန်ကုန်ဘူတာကြီးတွင် လုပ်အားပေးသွားမည့် ကျောင်းသားများနှင့် စည်ကားနေသည်။

“မောင်မောင်..ကျန်းမာရေးဂရုစိုက်နော်၊ မိုးထည့်ပေးတဲ့ အထုပ်ထဲမှာ စားစရာတွေရော..ဆေးတွေပါ ပါတယ်”

“မိုးကိုကြည့်ပြီး မောင်..သွားတောင်မသွားချင်တော့ဘူး”

“ဟိတ်..သူများတွေကြားရင်ရှက်စရာကြီး”

“ဟိုနှစ်ယောက်..အလွမ်းသယ်လို့. မပြီးသေးဘူးလား၊ရထားထွက်တော့မယ်”

“သွားတော့နော်”

လှည့်ကြည့်..လှည့်ကြည့်နှင့် ရထားပေါ်တက်သွားသော မောင်မောင့်ကို ကြည့်ရင်း မိုး ..ကျလာသည့် မျက်ရည်ကို သူများတွေ မမြင်ခင် သုတ်လိုက်ရသည်။

ရထားကြီးက သီချင်းသံပြိုင် သီဆိုနေသော တက္ကသိုလ်ကျောင်းသားများကို တင်ဆောင်ကာ ရန်ကုန်ဘူတာကြီးမှ တရွေ့ရွေ့ထွက်ခွာသွားပါပြီ။

လူက ဘူတာကြီးပလက်ဖောင်းမှာ လက်ပြလျက်ရပ်နေသော်လည်း မိုး..အသည်းနှလုံးက ရထားနှင့်အတူ မောင်မောင့်ဆီ ပါသွားပါပြီ။

ရှိနေမယ်….မိုး
အပိုင်း.(၂ )

နောက်ဆုံးနှစ်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ မော်တင်စွန်းဘုရားဖူးခရီးထွက်ခဲ့ကြပါသည်။

နောက်ဆုံးနှစ်မို့ လိုက်ပါရစေဟု ဖေဖေ့ကို မနည်း ပူစာရသည်။လိုက်ခွင့်ရသောအခါ မိုးပျော်လိုက်တာ မပြောပါနှင့်တော့..

မိုးတို့သူငယ်ချင်းလေးယောက် တစ်ယောက် တစ်ရာ့တစ်ဆယ်ကျပ်စီ စုကြသည်။ထိုငွေကို မောင်မောင်ကိုင်သည်။ တစ်လမ်းလုံး ကုန်ကျငွေ သူထုတ်ရမှာပါ။

မော်တင်စွန်း အသွား၊ အပြန်ခရီးအတွက် လက်မှတ်တစ်စောင် ၄၀ကျပ်။

လိုက်မည့်ကျောင်းသားများ၍ သင်္ဘောကြီးတစ်စီးလုံးပြည့်ကျပ်နေပါတော့သည်။

မိုးတို့လေးယောက်အတွက် ရသည့်နေရာက သုံးယောက်သာအိပ်လို့ရသည်။

လူဦးရေနှင့် ရသည့်နေရာ ကျဥ်းပြီး သင်္ဘောမထွက်ခင် ဦးေဆာင်သူများနှင့် ပြဿနာ အနည်းငယ်ရှိပေမယ့် ရန်ကုန်ဆိပ်ကမ်းကနေ ညနေငါးနာရီ ထွက်ခဲ့ပါပြီ။

သင်္ဘောထွက်ပြီး ခဏအကြာ ပျော်ပျော်ပါးပါး ဂိမ်းကစားသူ၊ အဖွဲ့လိုက်ဖဲရိုက်သူတွေနှင့် ပျော်စရာပါ။

ညဘက်ဂီတာတီးပြီး သီချင်းဆိုသည့် ကျောင်းသားများကို လက်ခုပ်သံနဲ့ အားပေးကြပါသည်။

“မိုးအတွက် မောင်သီချင်းသွားဆိုမယ်”

ရုတ်တရက်ထသွားသည့် မောင်မောင့်ကို တားချိန်မရလိုက်ပါ။
ဂီတာစတီးချိန် လက်ခုပ်သံတွေ ဆူညံနေသည်။

တာဝတိံသာက နတ်သမီးလေးတစ်ပါး…နတ်သက်ကြွေကာ…

မြန်မာပြည်မှာ လူဖြစ်ပြီးတော့..မွေးဖွားလာတယ်…

အိန္ဒြေပိုင်ရှင် ယဥ်ကျေးမှုနဲ့ သူ့အလှတွေရယ်..

မြင်လျှင်..မြင်လျှင်..မြင်ချင်းဘဲကွယ်..ချစ်မိစေတယ်…

ကိုယ့်နှလုံးသားက..လက်ညှိုးထိုးပြခဲ့တယ်..

ရည်မှန်းထားတဲ့..အချစ်ပန်းမောင့်တစ်ပွင့်မို့ကွယ်…

ဆွတ်ခူးလျက်..ကမ်းလှမ်းကြံရွယ်..ကြွေပါတော့ကွယ်….

ပေပေတေတေ နေဖြစ်ခဲ့သမျှ..တို့ပြုပြင်မယ်…

အိမ်ရာထူထောင်..အတည်တကျဖြစ်ဖို့..ကြိုးစားချင်တယ်…

ကိုယ်ကြင်နာသူ..ကိုယ့်ရည်းစားလေး..တင့်တင့်တယ်တယ်…

လူပုံအလယ်မှာ..မျက်နှာပန်းလှဖို့..တို့စွမ်းဆောင်မယ်…

သူငယ်ချင်းများနဲ့..အပျော်အပါးလည်း..လျော့ပါ့မယ်..

အိမ်မြဲပါ့မယ်..သန်းခေါင်ညဥ့်နက်..လမ်းထွက်မလည်..

အရင်တုန်းက.အချိုးမျိုးပြင်ကာ..လိမ္မာပါ့မယ်…

ကြင်နာသူကို..ရည်မှန်းကြိုးစား..စွမ်းပကားတွေရယ်..

ဓူဝံကြယ်ကို..တောင်ဘက်အရပ်သို့..ရွှေ့ပစ်လိုက်နိုင်တယ်..

နာမည်ကျော်တဲ့..သူရဲကောင်းတစ်ယောက်..မဟုတ်ခဲ့ပေမယ့်..ပင်လယ်ပြင်ကို..ပြာကျတဲ့အထိ..မီးရှို့နိုင်တယ်..

ညာလက်ရုံးနဲ့ တည်ဆောက်ရမယ့်..ဘဝရယ်..

ဘယ်လက်ရုံးနဲ့..ကိုယ်သိမ်းပိုက်မယ့်အချစ်ရယ်..

ယောက်ျားကောင်းတစ်ယောက်ရဲ့သစ္စာနဲ့..ကြင်နာပါ့မယ်…

သူရယ်..ကိုယ်ရယ်..ရှေ့သွားနောက်လိုက်..ဆံထုံးနဲ့ယောင်နဲ့..

အိမ်သူကြင်ဖော်..နှစ်ယောက်ထဲသီးသန့်..ဖြစ်တဲ့အခါမယ်…

သူသူငါငါ..ရေလဲသုံးတဲ့..စကားလေးကိုကွယ်…

အကြိမ်ကြိမ်အဖန်ဖန်..ထပ်တလဲလဲမက..ပြောပြောနေမယ်…

ဒီလောကနဲ့..အလွန်ဝေးတဲ့ အရပ်တစ်ခုမယ်..

သမ္မာကျမ်းထဲက..ကမ္ဘာဦးသမီးရည်းစားလို..နှစ်ယောက်ထဲနဲ့..တို့ရဲ့တိုင်းပြည်ကို..ထူထောင်ကြမယ်..

မောင်မောင့်သီချင်းမှာ အားလုံးမျောနေကြပြီး သီချင်းအဆုံး လက်ခုပ်သံတွေ ညံလို့။

“မိုးရေ..မောင်မောင့်အသံက တအားကောင်းတယ်နော်”

“သူသီချင်းဆိုတတ်တာ ငါတို့အခုမှသိတော့တယ်”

ကေသီနဲ့သီတာတို့ မောင်မောင့်ကို တအံ့တသြချီးကျူးကြသည်။

သူသီချင်း အဆိုကောင်းတာ မိုးတောင်မသိ၊

မိုးတို့နေရာပြန်လျှောက်လာတော့ ကျောင်းသားတွေ မိုးကိုဝိုင်းကြည့်နေသည်။ရှက်လိုက်တာ..

ညဘက် အိပ်စရာမရှိမယ့်အတူတူ မိုးတို့နှစ်ယောက်တွတ်ထိုးနေသည်။

ကေသီနှင့်သီတာတို့ အိပ်မောကျ၍ ဟောက်တာကြည့်ပြီး နှစ်ယောက်သားရီရသေးသည်။

နောက်တစ်နေ့မနက် ၈:၃၀ မှာ မြောင်းမြမြို့ကို သင်္ဘောဆိုက်ပါသည်။မြောင်းမြမှာ ဂျစ်ကားငှားဘုရားတွေဖူးပြီး ၁၀:၃၀ မှာ ခရီးဆက်ခဲ့ကြသည်။

မော်တင်စွန်း ခမောက်မော်ဆိပ်ကမ်းကို ည ၇: ၃၀မှာ သင်္ဘောကပ်ပါသည်။

ခမောက်မော်ကနေ မိုးတို့ သောင်ပြင်ကနေ ဂျစ်ကားစီးပြီး မော်တင်စွန်းကိုထွက်ခဲ့ကြသည်။

တစ်ချို့ကျောင်းသားတွေကတော့ ဂျစ်ကားမစီး၊လရောင်အောက်မှာ သောင်ပြင်အတိုင်းလမ်းလျှောက်သွားကြပါသည်။
ကားနဲ့သွားလျှင် နာရီဝက်လောက်စီးရပါသည်။မော်တင်စွန်းရောက်တော့ ည ၁၀:၀၀နာရီ..

မိုးတို့သူငယ်ချင်းတွေ ဓာတ်ပုံဆိုင်တစ်ဆိုင်မှာနေရာရပါသည်။

ခရီးပမ်း၍ သီတာနှင့် ကေသီအိပ်ကြသည်။မိုးတို့နှစ်ယောက် ဘုရားဖူးပြီးတာနှင့် ကျောက်ဆောင်တွေပေါ်မှာ ထိုင်ပြီး တစ်ညလုံး စကားပြောကြသည်။

မနက်ရောက်တော့ ပင်လယ်ထဲဆင်းပြီး ရေကစားကြသည်။ထိုအချိန်မှာ ကျောင်းသား/သူ ငါးယောက်လောက် ဘောနှစ်ခုနှင့် ရေချိုးနေရင်း ရေဆွဲတဲ့အထဲပါသွားပါတော့သည်။

တဖြည်းဖြည်းဝေးသွားသည့် သူတို့တွေကြည့်ပြီး စိုးရိမ်ကာ ဆရာတွေက စက်လှေငှားဖို့ စီစဥ်သည်။

ဝုန်းဆို လူတစ်ယောက် ရေထဲဒိုင်ဗင်ထိုးဆင်းပြီး သူတို့ဆီကို လက်ပစ်ကူးသွားပါတော့သည်။

လှိုင်းကပြန်ပုတ်လိုက်၊ ကူးလိုက်နဲ့ ရောက်သွားပါပြီ။ သူတို့အဖွဲ့ကို ဆွဲ ပြီး ကမ်းဆီပြန်ကူးလာပါသည်။

မိုးတို့ကသာ စိုးရိမ်နေကြတာ..ကမ်းရောက်တော့ သူတို့က ရီမောလို့ပါ။ တောင်ကြီးကောလိပ်က ကျောင်းသားတွေတဲ့။ သူတို့ကို ဆင်းကယ်တဲ့သူက ဓာတ်ပုံဆရာ။

ဆရာတွေက ကျေးဇူးတင်စကားပြောကြပါသည်။

မော်တင်စွန်းကနေမှ ခမောက်မော်ဆိပ်ကမ်းကို ပြန်ကြရသည်။

မိုးတို့တွေ ကားမစီးတော့ဘဲ သောင်ပြင်အတိုင်း လမ်းလျှောက်ကြသည်။

ညနေ ခြောက်နာရီမှာ ခမောက်မော်ဆိပ်ကမ်းကနေ သင်္ဘောကြီးပြန်ထွက်ခဲ့ပါပြီ။

ခရီးအတူသွားရင်း မိုးတို့နှစ်ယောက်လည်း ပိုပြီးရင်းနှီး ပိုပြီးသံယောဇဥ်တွယ်မိကြသည်။

အပြန်ခရီးတွင် တစ်ညလုံးမအိပ်ကြဘဲ ပျော်စရာ အစီအစဥ်တွေ တစ်ခုပြီးတစ်ခု ကစားကြတာပါ။

မနက် ခုနစ်နာရီမှာ ပုသိမ်ကိုရောက်ပါသည်။ပုသိမ်မှာ ဂျစ်ကားစင်းလုံးငှားပြီး ဘုရားတွေဖူးကြပါသည်။

ညနေဘက် ပုသိမ်ကနေ သင်္ဘောကြီးပြန်ထွက်လာရာ နောက်တစ်နေ့ ရန်ကုန်ပြန်ရောက်ပါသည်။

ရန်ကုန်ရောက်တော့ လေးဘီးလေးငှားပြီး မိုးတို့ မိန်းကလေးသုံးယောက်ကို အိမ်ပြန်ပို့ပေးပြီးမှ မောင်မောင်ပြန်သွားသည်။

မိုးတသက် ဘယ်တော့မှ မေ့မရတဲ့ခရီးလေးပါ မောင်မောင်ရယ်…

ရှိနေမယ်….မိုး
အပိုင်း- ( ၃ )

မိုးတို့ ဓာတုဗေဒ လက်တွေ့တွေ လုပ်ရတာ များပါသည်။ လက်တွေ့ခန်းဝင်လျှင် စမ်းသပ်ပစ္စည်းများ ထုတ်ပေး၏။

ထိုနေရာတွင် ပစ္စည်းထုတ်ပေးသည့် ဦးလေးကြီးတစ်ယောက်ရှိသည်။

စမ်းသပ်မှုတစ်ခုအတွက် မီးအပူပေးရသည့် ကြွေခွက်က အက်နေတာကြာပြီ။

ထိုကြွေခွက်ကို သွားထုတ်ပြီး လက်တွေ့လုပ်၊ အဖြေရ၍ လက်တွေ့ချိန်ပြီးလျှင် ပစ္စည်းပြန်အပ်ရသည်။

ပစ္စည်းပြန်အပ်လျှင် သေချာစစ်ဆေးပါသည်။ ထိုအက်နေသောကြွေခွက်ကို ပိုအက်သွားလို့ လျော်ရမည်ဟုဆိုသည်။

ကျောင်းသားတွေ တစ်နေ့မှ မုန့်ဖိုးနှစ်ကျပ်ခန့်သာရတာပါ။ကြွေခွက်တန်ဖိုးက ခြောက်ကျပ်ခွဲ၊ စုပြီးလျော်ပေတော့…

နောက်တစ်နေ့ တခြားကျောင်းသားတွေ ထိုလက်တွေ့ခန်းဝင်ချိန် လျော်ရပြန်သည်။

ခဏ..ခဏ. ဖြစ်လာသောအခါ စာသင်နားချိန် စကားစပ်မိ၍ အတန်းထဲတွင် သူတို့အဖွဲ့ လျော်ခဲ့ရသည်၊ ငါတို့လည်းလျော်ခဲ့ရသည်နှင့် မကျေမနပ်သံတွေ ကြားလာရသည်။

တစ်နေ့ မိုးတို့အုပ်စု ထိုကြွေခွက်နှင့် လက်တွေ့လုပ်ရသည်။ မလုပ်ခင်ထဲက သေချာကြည့်ထားလိုက်သည်။

လက်တွေ့ပြီး၍ ပစ္စည်းအပ်ချိန် ပိုအက်သွားပြီ..လျော်ပါတဲ့..

မောင်မောင်က အိတ်ထဲမှ ပိုက်ဆံခြောက်ကျပ်ခွဲ ထုတ်ပေးလိုက်ပြီး..

“ကြွေခွက်ဖိုး လျော်ပြီးပြီဆိုတော့ ဒီကြွေခွက် ကျွန်တော်ပိုင်သွားပြီနော်ဦးလေး”

ထိုဦးလေးကြီး ဘာပြန်ပြောရမှန်းမသိချိန် မောင်မောင်တစ်ယောက် ကြွေခွက်ကို ကြမ်းပြင်ပေါ် ချခွဲလိုက်သည်။

ကျောင်းသားတွေ တအံ့တသြနှင့် မောင်မောင့်ကို သြဘာပေးကြသည်။ ဆရာမတွေရှိ၍ လက်ခုပ်တော့ မတီးရဲကြပါ။

လက်တွေ့ခန်းကထွက်အလာ..

“မောင်မောင်..ရော့..ငါ့အတွက် တစ်ကျပ်ခွဲ”

ကေသီပေးတော့ မောင်မောင်မယူ..

“ရော့..ငါလည်းပေးမယ်”

သီတာကပေးပြန်သည်။

“ဘယ်သူ့ဆီကမှ မယူဘူး၊ ငါစုထားတဲ့ပိုက်ဆံရှိတယ်၊ဒီနေ့ကို ငါစောင့်နေတာ..ခုဆို တခြားကျောင်းသားတွေပါ လျော်ရတဲ့ဒုက္ခ လွတ်သွားတာပေါ့”

“နင့်စိတ်ဓါတ်ကို ချီးကျူးပါတယ်မောင်မောင်ရယ်”

“ကဲ..ကဲ..ဗိုက်ဆာပြီ၊ လာ ဂျပ်ဆင် ကန်တင်းန်သွားကြမယ်..ဒီနေ့ ငါ့အဖွားဆုံးတာ လေးနှစ်မြောက်နေ့.ငါဒကာခံမယ်”

မိုးပြောအပြီးမှာ..

“ဟေး…ပျော်လိုက်တာ”

ကေသီနှင့်သီတာ ထအော်ကြသည်။

ညနေ ကျောင်းမှအပြန် မိုးကို လိုက်ပို့ရင်း မောင်မောင်က ပြောသည်။

“အဖွားနှစ်ပတ်လည်တဲ့..ကောင်မလေးညာတယ်”

“သွား..မောင်မောင်နော်”

တဟားဟားရယ်နေသော မောင်မောင့်ကို မိုးလိုက်ရိုက်၍ ရှောင်ရင်း မိုးလက်ကိုဖမ်းဆွဲထားလိုက်သည်။

“ချစ်လိုက်တာ..မိုးရဲ့ အဲဒီစိတ်လေးကြောင့် ပို..ပိုချစ်နေရတာ”

ပြောလည်းပြော မိုးလက်လေးကို သူ့ရင်ဘတ်မှာ ကပ်ထားလိုက်သည်။

“မိုးလည်းသိပ်ချစ်တာဘဲ”

ဘေးဘီဝဲယာ တချက်ကြည့်ပြီး ဘယ်သူမှ မရှိဘူးဆိုမှ မိုးပါးလေးကို ရွှတ်ကနဲ နမ်းလိုက်ပါသည်။

************ ************* *************

နောက်ဆုံးနှစ် စာမေးပွဲကြီး ဖြေရတော့မည်ဆိုမှ ခြေဖျားလက်ဖျားတွေ အေးပြီး ကြောက်နေမိသည်။

တစ်နှစ်လုံး စာမှ ကောင်းကောင်းမကျက်ခဲ့ကြတာပါ။အတန်းအားချိန် အပြင်မလည်ဖြစ်တော့..အခန်းလွတ်တစ်ခုထဲ စာ စုကျက်သည်။ စာတွေ အပြန်အလှန်မေး..မရလျှင် နဖူးတောက်ကြေး..

မောင်မောင်ကတော့ စာသာကျက်နေရသည်။ ကျောင်းပြီးလျှင် မိုးနှင့်တွေ့ရဖို့ မလွယ်တော့တာ တွေးပြီး စိတ်မချမ်းမသာဖြစ်မိသည်။

“ဟဲ့..မောင်မောင်..ငါခေါ်နေတယ်လေ”

“အေး..ဘာလဲ”

“နင်ဘာဖြစ်နေလဲ၊ ခုရက်ထဲ မရွှင်မပျနဲ့”

“ငါသိတယ်သီတာ..သူကျောင်းပြီးမှာကြောက်နေတာ”

“ဟုတ်တယ်နော် .ငါတို့ မိုးနဲ့တွေ့ဖို့မလွယ်ဘူး၊ သူ့ဖားသားကြီးက အပြင်ပေးထွက်မှာ မဟုတ်ဘူး”

“နင်တို့နှစ်ယောက် တလှည့်စီ လာခေါ်ဟာ”

“အေးပါမိန်းမရယ်..မောင်မောင် ကြားလား၊ စိတ်မပူနဲ့..မိုးကို ငါတို့သွားခေါ်ပေးမယ်”

“ငါက နေ့တိုင်းတွေ့ချင်တာ”

“ဟယ်..ကောင်စုတ်”

သူတို့နှစ်ယောက်လိုက်ရိုက်၍ မောင်မောင်ထွက်ပြေးရသည်။မိုး.သူတို့တွေကြည့်ရင်း ရီလိုက်ရတာ..

မိုးတို့တွေ စာမေးပွဲကို ဖြေနိုင်ကြသည်။ နောက်ဆုံးနေ့ စာမေးပွဲ ဖြေပြီးပြီးချင်း မြို့ထဲ သွားကြသည်။

လက်မှတ်မကုန်သေးသော ရုံတွင် ရုပ်ရှင်ဝင်ကြည့်ကြသည်။ ကားနာမည်က စိန်သွားအလား..နှလုံးသား တဲ့…

ရုပ်ရှင်သာပြီးသွားသည်။ဘာဇာတ်လမ်းမှန်းမသိအောင် အလွမ်းသယ်နေမိသည်။

ထိုရုံမှ ထွက်ပြီး ကုလားကားတင်ထားသောရုံ လက်မှတ်ရသေး၍ ဝင်ကြည့်ကြပြန်သည်။

အိပ်ရေးပျက်ထားတာကြာတော့ မျက်စေ့တွေညောင်းပြီ။

မိုးက မောင်မောင့်ပခုံးပေါ်မှီအိပ်ပျော်သွားသည်။ကေသီနှင့်သီတာ ခေါင်းချင်းဆိုင် အိပ်ပျော်သွားကြသည်။

ဇာတ်ကားပြီး မီးလင်းတော့မှ နိုးကြသည်။

“အိမ်မပြန်ချင်သေးဘူး”

မောင်မောင်ကပြောတော့ မိုးလည်းမပြန်ချင်..

“နောက်တစ်ပတ်လောက်နေမှ ငါတို့မိုးကို သွားခေါ်ပေးပါ့မယ်..လာ..မိုးချုပ်တော့မယ်၊ ပြန်ကြရအောင်”

မိုးတို့နှစ်ယောက်က တစ်စီး..ကေသီတို့နှစ်ယောက်က တစ်စီး လေးဘီးငှားကာ ပြန်ခဲ့ကြသည်။

ကားပေါ်မှာ မိုးပါးလေးကို အထပ်ထပ်နမ်းရင်း မိုးတို့ အိမ်ရှေ့အရောက် ထားခဲ့ရ၍ မောင်မောင့်ရင်ထဲ ဟာကနဲ ဖြစ်သွားရသည်။

ရှိနေမယ်….မိုး
အပိုင်း-( ၄ )

ကျောင်းပြီးသွားတော့ မိုးတို့သူငယ်ချင်းတွေ တွေ့ဖို့ မလွယ်တော့ပါ။

စာမေးပွဲဖြေပြီး တစ်ပတ်ခန့်အကြာ ကေသီအေးနှင့် သီတာ အိမ်သို့ လာလည်ကြသည်။

မိုး အခန်းထဲသို့ခေါ်သွားသည်။ မောင်မောင်ကစာတစ်စောင်ထည့်ပေးလိုက်၏။

လွမ်းလိုက်တာမိုးရေ..

ဘယ်ကြည့်ကြည့်၊ ဘာလုပ်လုပ် မိုးမျက်နှာပဲ မြင်ယောင်နေတယ်၊

မောင့်ဖေဖေနဲ့ မေမေ့ကို မိုးနဲ့ မောင့်အကြောင်း ပြောပြပြီးပြီ။

လာမယ့် တနင်္ဂနွေနေ့ မောင့်အိမ်လိုက်ခဲ့နော်၊ ယောက္ခမတွေက မိုးကို တွေ့ချင်နေကြတယ်။

မိုးမလာရဲမှာစိုးလို့ ကေသီနဲ့ သီတာပါခေါ်ထားတယ်၊ မောင် ကျောက်ကုန်းထိပ်ကစောင့်နေမယ်။

အချစ်၊ အလွမ်း၊ သတိရခြင်းများစွာနဲ့

မောင်မောင်

စာရွက်လေးကို ရင်မှာပိုက်ထားရင်း မိုးလည်း မောင့်ကို သိပ်လွမ်းနေတာပါလို့ စိတ်ထဲက ပြောနေမိသည်။

**************** ************* **************

မောင်မောင်တို့အိမ်သည် နှစ်ထပ် တိုက်ခံပျဥ်ထောင်အိမ် ၊ တစ်ခြမ်းကပ်၍ ဆောက်ထားသည်။

ဘေးမြေကွက်လပ်တွင် သရက် ၊မာလကာ၊ ဇီး၊ မရမ်း အပင်ကြီးများစိုက်ထားသဖြင့် အရိပ်ရကာ အေးမြနေသည်။

” လာ .. လာ သမီးတို့”

မောင်မောင့်အမေက အိမ်ဝမှဆီးကြိုကာ အိမ်ပေါ်သို့ ခေါ်သွားသည်။

မောင်မောင့်အဖေက ထိပ်ဆုံးထိုင်ခုံတွင် ထိုင်ကာ မိုးတို့ကို ပြုံး၍ ကြည့်နေသည်။

မောင်မောင့်အဖေသည် ဌာနတစ်ခုမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အမေက ကျောင်းဆရာမ..ခုတော့ ကိုကို၊ မောင်မောင်၊ ညီညီ သားချည်းသုံးယောက်မို့ ကလေးတွေငယ်ငယ်ထဲက အလုပ်ထွက်ထားတာ ကြာပါပြီ။

မောင်မောင်က မိုးတို့နှင့် မိဘနှစ်ပါးကို မိတ်ဆက်ပေးပြီး အားလုံး ထမင်းစားခန်းထဲသွားကြသည်။

ထမင်းစားကြသောအခါ မိုးက မောင်မောင့်ဖေဖေနှင့် မေမေကို ဟင်းတွေခပ်ပြီး အရင်ဦးချလိုက်သည်။

မောင်မောင့် အမေလက်ရာက အရသာရှိလိုက်တာ..

ထမင်းစားပြီး မောင်မောင့်အဖေက..

“သမီးတို့လွတ်လွတ်လပ်လပ်နေကြနော်၊ ဘာမှ အားမနာနဲ့”

သူတို့ချည်း ကျန်ခဲ့သောအခါ မောင်မောင်က ခြံထဲသို့ခေါ်သွားသည်။ အေးမြသော သစ်ပင်ရိပ်အောက်တွင်ထိုင်ကာ စကားပြောကြသည်။

” မောင့်အိမ်ကတော့ မိုးကို တွေ့ပြီးသွားပြီ ၊မိုးလည်း မောင့်ကို အိမ်အလည်ခေါ်အုံးလေ”

” မိုးမွေးနေ့ရောက်ရင် အိမ်မှာဆွမ်းကပ်မယ်၊ အဲဒီနေ့ ခေါ်မယ်နော်”

နေ့လည်တွင် မိုးတို့အိမ်ပြန်ခဲ့ကြသည်။မောင်မောင်ပြန်လိုက်ပို့သည်။

“မိုး..တနင်္ဂနွေနေ့ရောက်အောင် မနည်းအားတင်းထားရမှာ..ဆက်ဆက်လာခဲ့နော်”

မိုး. အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

************** ************* **************

အိမ်သို့ရောက်သောအခါ ဖေဖေက

” ရှေ့အပတ်ထဲ စင်္ကာပူသွားစရာရှိတယ်။ ဖြိုးနဲ့တိုးက ရောက်ဘူးပြီးပြီ၊ မိုး ..သမီးကမရောက်ဘူးသေးတော့ လိုက်ခဲ့”

မရောက်ဘူးသေးသော နိုင်ငံသို့ လိုက်ရမည်မို့ မိုးပျော်သွားသည်။

မိုးဖေဖေ ဦးကျော်ကျော်မိုးက အင်ဂျင်နီယာ၊ ဘွဲ့ရပြီးပြီးချင်း စင်္ကာပူတွင် အလုပ်သွားလုပ်သည်။

မိုးမေမေ ဒေါ်ခင်လေးသိမ့်က စင်္ကာပူနိုင်ငံသို့ အလည်သွားသစဥ်..

မောင်မောင်နေသောအိမ်သို့ လူကြုံထည့်ပေးလိုက်သောပစ္စည်း သွားပေးစဥ် အိမ်ရှင် လင်မယားမိတ်ဆက်ပေး၍ သူတို့နှစ်ယောက် မိတ်ဆွေတွေ ဖြစ်သွားသည်။

ခင်လေးသိမ့် စင်္ကာပူတွင်ရှိနေစဥ် သွားချင်သည့်နေရာတွေလိုက်ပို့ပေးသည်။

ခင်လေးသိမ့်ပြန်သွားပြီး တစ်လခန့်အကြာ ကျော်ကျော်မိုး မြန်မာပြည် အလည်ပြန်လာသည်။

ခင်လေးသိမ့်အိမ်သွားလည်၊ မပြန်ခင် သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားသည်။

ချစ်သူသက်တမ်း နှစ်နှစ်အကြာ လက်ထပ်လိုက်ကြသည်။

သားကြီး ဖြိုး၊ သမီးလတ် တိုးနှင့် သမီးငယ်မိုးတို့ ရသည်အထိ စင်္ကာပူနှင့်မြန်မာပြည် သွားလိုက်..ပြန်လိုက်..အလုပ်လုပ်နေတုန်းပါ။

မိုး အသက်လေးနှစ်တွင် ကျော်ကျော်မိုး လုပ်ငန်းခွင်မှာ ခြေထောက်ထိခိုက်မိသည်။

ကုမ္ပဏီက ဆေးကုပေးသော်လည်း လမ်းေလျှာက်လျှင် ထော့နင်း..ထော့နင်းနှင့် အရင်လိုမဖြစ်တော့..

အလုပ်ထွက်..ကုမ္ပဏီကလျော်ကြေးယူ၊ မြန်မာပြည်အပြီးပြန်လာသည်။

ယောက္ခမတွေ၏ ဓမ္မစေတီလမ်းအိမ်ကို သုံးထပ်ခွဲပြင်ဆောက်ပြီး မြေညီကို အလုပ်သမားရှာဖွေရေးကုမ္ပဏီဖွင့်သည်။

စင်္ကာပူမှာ နိုင်ငံသားဖြစ်နေသည့် သူငယ်ချင်း စိုးမြင့်နှင့် ချိတ်ကာ အလုပ်သမားပို့သည်။

မှန်ကန်ပြီးတိကျသော အေးဂျင့်မို့ ထိုလုပ်ငန်းနှင့်ကြီးပွားလာသည်။

အလုပ်သမားသင်တန်းကျောင်းပါ ဖွင့်လိုက်သည်။

************ ************* *************

သူငယ်ချင်းနှစ်ယောက်လာလျှင် ပေးရန် မိုး..စာလေးတစ်စောင် ရေးပေးခဲ့သည်။

စင်္ကာပူရောက်တော့ ဖေဖေတို့က အလုပ်ကိစ္စတွေနှင့်ရှုပ်နေသည်။ ဖေဖေ့သူငယ်ချင်း ဦးစိုးမြင့်၏ တစ်ဦးတည်း သော သား မိုးမြင့်သိန်းက နေရာအစုံလိုက်ပို့ပေးသည်။

သူ့ကိုမြင်မြင်ချင်းကတည်းက မိုးသဘောမကျ။ သူ့အကြည့်တွေသည် တဖက်သားကို အထင်အမြင်သေးသည့် အကြည့်ပါ။

SENTOSA သွားသည့်နေ့က သူ့စိတ်နေစိတ်ထားကို ပို၍ သိလာရသည်။

တိရစ္ဆာန်ပြပွဲကြည့်ရန် ထိုင်ခုံမှာ ထိုင်စောင့်နေစဥ် မိုးတို့ထိုင်ခုံအောက် တစ်ဆင့်နိမ့်သောခုံတွင် မလေးရှားမိသားစု တစ်စုလာထိုင်သည်။

ကလေးသုံးယောက်မို့ စကားပြောသံ အနည်းငယ်ဆူညံသည်။

မိုးမြင့်သိန်းသည် အင်္ဂလိပ်လို တိုးတိုးလေး ဆဲရေးလိုက်ရင်းနေရာမှထသွားပြီး တခြားနေရာပြောင်းထိုင်သည်။

အတော်ကြီးကျယ်သည့်လူပါ။မိုးကိုတော့ ပျာနေအောင် ဂရုစိုက်၏။

တစ်ခါတလေ မိုးလက်ကို လာတွဲသေး၏။ မိုးကအထိမခံ ဆောင့်ရုန်းလိုက်သည်။ ရိုင်းတယ်ထင်လည်း ထင်ပါစေတော့..

နှစ်ပတ်ခန့်အကြာ ဖေဖေ့အလုပ်ကိစ္စတွေပြီးသွားသဖြင့် ရန်ကုန်သို့ပြန်လာခဲ့ကြသည်။

ရှိနေမယ်…..မိုး
အပိုင်း( ၅ )

အောင်စာရင်းထွက်တော့ မိုးတို့လေးယောက်လုံးအောင်သည်။ အောင်စာရင်းကြည့်အပြီး ရွှေတိဂုံဘုရားသွားဖူးကြသည်။ မြို့ထဲသွားကာ ရုပ်ရှင်ကြည့်သည်။

” မိုးမွေးနေ့ ဘယ်တော့လဲ”

” လာမယ့် ကြာသပ​တေးနေ့ ၊ မောင်လာခဲ့နော်”

” ဟဲ့ ငါတို့ကိုတော့ မဖိတ်ဘူးပေါ့ ”

” နင်တို့ကျန်လို့ ဘယ်ဖြစ်မလဲ ၊ အချစ်ဆုံးတွေပဲဟာ”

” အမလေး ငါတို့ကိုပါ အချစ်ဆုံးတဲ့ ”

ကေသီအေးအပြောကြောင့် မိုးပြုံးမိသည်။

“လာခဲ့နော်..လက်ဆောင်တွေ ဝယ်လာတယ်”

“လာမယ်..လာမယ်၊ စိတ်ချ”

မိုးမွေးနေ့ကို အိမ်အပေါ်ထပ်မှာပင် ဘုန်းကြီးဆယ်ပါးဆွမ်းကပ်သည်။

ဧည့်သည်များရှင်းချိန်မှ လာရန် သူငယ်ချင်းများကိုပြောထားသည်။

သူတို့ရောက်လာတော့ ဧည့်သည်များ ကုန်သလောက်ရှိသွားပါပြီ။

မိုးရဲ့ဖေဖေ၊ မေမေနှင့် မောင်မောင့်ကို မိတ်ဆက်ပေးသည်။ မိုးမွေးနေ့အတွက် မောင်မောင်က ယုန်မွှေးဆွယ်တာ ပန်းရောင်လေး လက်ဆောင်ပေးသည်။

မိုးတို့လေးယောက် အခန်းထောင့်စားပွဲတွင်ထိုင်ကာ ထမင်းစားကြသည်။

မွေးနေ့ပွဲပြီးသောညတွင် ဦးကျော်ကျော်မိုးက ဒေါ်ခင်လေးသိမ့်ကို ပြော၏။

” မနက်က လာတဲ့ကောင်လေးက သမီးနဲ့ မရိုးဘူးခင်ရေ၊ အဲဒါ သမီးကို အပြင်ပေးမထွက်နဲ့တော့ ၊ စိုးမြင့်သားက သမီးကို မြင်ပြီးကတည်းက တောင်းပေးဖို့ တဂျီဂျီ လုပ်နေတာတဲ့၊ ကျောင်းပြီးပြီဆိုတော့ အမြန်ဆုံးစီစဥ်ပေးတော့မယ်”

” မလုပ်ပါနဲ့ဦး ကိုရယ်၊ သမီးလေးကသိပ်ငယ်ပါသေးတယ်၊ ပြီးတော့ ခင် သမီးနဲ့မခွဲနိုင်ဘူး”

” မခွဲနိုင်ဘူးတို့၊ ငယ်ပါသေးတယ်လို့လုပ်နေ၊ ဟိုကောင်လေးနောက်ပါသွားမှ မိတ်ဆွေချင်းမျက်နှာပျက်ရမယ်။ ပြီးတော့ ကို့လုပ်ငန်းတွေက သူနဲ့တွဲလုပ်နေရတာ။ အမြန်ဆုံးစီစဥ်မယ်၊ သမီးကို ငါကိုယ်တိုင်ပြောမယ်”

ဖေဖေပြော၍ မိုးသိသွားသောအခါ ငိုယိုကာ တောင်းပန်သည်။ မရသောအခါ မိုး အခန်းထဲမှမထွက်တော့ပါ။

တစ်ရက်တွင် စာတစ်စောင်ရေး၍ ဒရိုင်ဘာဦးလေးကြီးကို ဗဟန်းမှ ကေသီအေးအိမ် လိပ်စာပေးပြီး ပို့ခိုင်းလိုက်သည်။ ပြန်စာပါယူလာခဲ့ရန်မှာလိုက်သည်။

ဦးလေးကြီးကို စာပေးခိုင်းတာ မိုးမေမေသိသွားသည်။ဒရိုင်ဘာဦးလေးကြီးပြန်လာသောအခါ..

“ဦးတိုး..ဘယ်ကပြန်လာတာလဲ”

“သမီးမိုး ခိုင်းလို့ သူ့သူငယ်ချင်းအိမ် စာသွားပေးတာ”

“စာပြန်ပေးလိုက်လား၊ ကျွန်မကိုပြ”

ဦးတိုးလက်ထဲမှ စာကို ဒေါ်ခင်လေးသိမ့် ယူဖတ်လိုက်သည်။ဖတ်ပြီး ဦးတိုးလက်ထဲ ပြန်ပေးလိုက်သည်။

“ရပြီ၊ သမီးကိုသွားပေးလိုက်တော့”

မိုးအခန်းတံခါးကိုခေါက်၍ စာအိတ်လေး ပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ်ဦးတိုး”

“ရပါတယ်သမီးရယ်”

အခန်းတံခါးပိတ်ပြီး စာကိုဖွင့်ဖတ်လိုက်သည်။

မိုးရေ

နင်အားလည်းမငယ်နဲ့၊ စိတ်လိုက်မာန်ပါ ဘာမှလည်းမလုပ်နဲ့၊ ငါမောင်မောင့်ကို ပြောလိုက်မယ်၊ နင့်ကို အပြင်ခေါ်ထုတ်မယ်၊ မောင်မောင့်နောက်အပြီးလိုက်သွားတော့နော်။ ငါလာခဲ့မယ်။

ကေသီအေး

စာလေးဖတ်ပြီး မိုးအားတက်သွားသည်။ ဘာမှမဖြစ်သလိုနေလိုက်သည်။

ကေသီအေးလာသည့်နေ့တွင် မိုးမသိလိုက်ခင် ဒေါ်ခင်လေးသိမ့်က သူ့အခန်းထဲခေါ်သွင်းသွားသည်။

” ထိုင် သမီး”

” မိုးနဲ့ပေးမတွေ့လို့ အန်တီ့ကို စိတ်မရှိပါနဲ့နော်၊ ပြောပြချင်တာလေးရှိလို့ပါ။

အန်တီဟာ မိုးဖေဖေနဲ့ အိမ်ထောင်ကျကတည်းက သူ့စိတ်၊ သူ့ဆန္ဒအတိုင်းနေခဲ့ရတယ်၊
မိုးအစ်ကိုနဲ့အမ တွေလည်း အတူတူဘဲ၊ သူ့အဖေကိုမလွန်ဆန်နိုင်ဘူး၊

အန်တီ့သမီးလေးက ငယ်သေးတော့ သိပ်သနားတာ၊ဒါပေမယ့် အန်တီလည်းဘာမှ မတတ်နိုင်ဘူး”

ပြောရင်းငိုနေသော ဒေါ်ခင်လေးသိမ့်၏ ပခုံးကိုကိုင်ကာ

” မငိုပါနဲ့အန်တီရယ်”

ဟုနှစ်သိမ့်လိုက်သည်။

” သမီး မိုးကို ဝင်မတွေ့ဘဲ ပြန်ပါလို့ အန်တီ တောင်းပန်ပါရစေ”

ကေသီအေး လက်လျော့ပြီး ပြန်လာခဲ့ရသည်။

မိုးကတော့ ကေသီအေး လာခေါ်မယ့်နေ့ စောင့်ရင်း မင်္ဂလာဆောင်ရန် စင်္ကာပူသို့ မိသားစုအားလုံးနှင့်အတူပါသွားပါပြီ။

မင်္ဂလာဆောင်ကို စင်္ကာပူရှိ ဟော်တယ်ကြီးတစ်ခုတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပသည်။

နေတော့ ယောက္ခမတွေနှင့်အတူ နေရသည်။

ညဘက်တွင် လူပျိုည ကျင်းပပြီး မိုးမြင့်သိန်းပြန်လာတော့ ညတစ်နာရီထိုးပြီ။

ကိုယ်ချင်းစာစိတ် နည်းပါးပြီး တကိုယ်ကောင်းဆန်သော၊ ကြမ်းတမ်းသော ခင်ပွန်းသည်၏ လက်တွင်းမိုးသက်ဆင်းခဲ့ရသည်။

လက်ထပ်ပြီးကာစ ညဘက်များတွင် ဟိုဒီလျှောက်လည်ရန် မိုးကိုခေါ်သည်။

လမ်းတွင် လည်ဟိုက်ဟိုက်ဝတ်ထားသည့်မိန်းကလေး၊ ဘောင်းဘီတိုနှံ့နှံ ဝတ်ထားသည့်မိန်းကလေးများမြင်လျှင် လည်ပြန် လိုက်ကြည့်တတ်သည့် ခင်ပွန်းသည်နှင့် တွဲသွားရမှာရှက်လာသည်။

အနေကြာလာသောအခါ ပွေရှုပ်သည့် သူ့အကြောင်းတွေလည်းသိလာရသည်။

အိမ်ထောင်သက် တစ်နှစ်ကျော်သောအခါ မိုးကိုယ်ဝန်ရှိလာသည်။

ကိုယ်ဝန်ရှိနေကြောင်း ပြောပြသည့်နေ့က မြေးလိုချင်နေသော ယောက္ခမများက ဝမ်းသာအားရ ရှိလှပြီး သူကတော့ ဝမ်းသာသည့်ပုံလည်းမပြပါ။

ကိုယ်ဝန် သုံးလေးလအရတွင် မိုးမြင့်သိန်း ပြဿနာအကြီးကြီးတက်သည်။

အိမ်ထောင်ရှိသော မြန်မာမတစ်ယောက်နှင့် ဟိုတယ်တစ်ခုတွင်ချိန်းတွေ့ရာမှ သူ့ယောက်ျားလိုက်လာပြီး ထိုးကြ ၊ကြိတ်ကြသည်။

ဟိုတယ်က ဖုန်းဆက်၍ ဦးစိုးမြင့်လိုက်သွားသောအခါ ထိုးကြိတ်ထားသော ဒဏ်ရာတွေနှင့် အခန်းတစ်ခုထဲတွင် မှောက်နေသော သားကိုတွေ့လိုက်ရသည်။

ထိုကိစ္စကို ကြေအေးအောင် အတော်ဖြေရှင်းယူလိုက်ရ၏။

ငွေလည်းအတော်ကုန်သွားပါသည်။မြန်မာတွေအတော်များများလည်း သိသွားကြသည်။

ထိုနေ့ကတည်းက ကိုယ်ဝန်အကြောင်းပြပြီး မိုးအခန်းခွဲအိပ်လိုက်တော့သည်။

ကိုယ့်ဘဝကိုယ် စိတ်ပျက်အားငယ်မိပြီး တစ်ခုခု လုပ်ပစ်လိုက်ချင်သော်လည်း ရင်သွေးလေးရှိနေပြီမို့ မျက်ရည်ကျရုံမှ အပ မိုးဘာမှ မတတ်နိုင်ပါ။

ရှိနေမယ်……မိုး
အပိုင်း-( ၆ )

သားသားကိုမွေးတော့ မေမေသည် မိုးနှင့်ခဏလာနေသည်။

လာနေတော့မှ သားမက်၏အကြောင်းတွေကို သိလာရသည်။

ဇနီးမယားရယ်လို့လည်း ကြင်ကြင်နာနာမရှိ၊ သားလေးရယ်လို့လည်း ထွေးပွေ့ယုယတာ တစ်ခါမှမတွေ့ရ။ ညတိုင်း ညဥ့်နက်မှပြန်လာသည်။

တစ်ခါတရံ အိမ်ပြန်မအိပ်၊ ကလေးငိုသံဆူညံနေလျှင် တိုက်အောက်ဆင်းသွားတော့သည်။

သုံးလပြည့်ပြီး ပြန်ကာနီးတွင် သမီးကိုမှာစရာရှိတာတွေမှာရသည်။

” သမီး၊ မောင်မိုးနဲ့တစ်ခန်းထဲ အိပ်ပါတော့လား။သမီးတို့သားအမိနဲ့ နီးနီးကပ်ကပ်နေတော့မှ သားရယ်၊မယားရယ်နဲ့သံယောဇဥ်တွယ်လာမှာ”

“မေမေ မသိလို့၊ သူက မိုးနဲ့မရခင်ကတည်းက မိန်းမပေါင်းစုံနဲ့အိပ်နေတာ။ သားသား မွေးတုန်းက ဘယ်သူမှမသိအောင် မိုးနဲ့ သားသားမှာ ရောဂါရှိ၊ မရှိ တစ်ခါတည်း စစ်လိုက်တယ်။ မိုးလေ သူနဲ့နေပြီး ရောဂါရသွားမှာကြောက်တယ်”

” ဖြစ်မှဖြစ်ရလေသမီးရယ်၊ အဲဒီအကြောင်းတွေ မေမေတို့ဆီ စာရေးရင် သမီးဖေဖေ စီစဥ်ပေးမှာပေါ့”

” သူကဆိုးပေမယ့် သူ့မိဘတွေက မိုးကို သမီးအရင်းလိုဂရုစိုက်တယ်၊ မေမေ စိတ်အေးအေးထားပြီး ပြန်နော်”

ရန်ကုန်ပြန်ရောက်သောအခါ ခင်ပွန်းသည် ဦးကျော်ကျော်မိုးကိုပြောပြလိုက်သည်။

သူ့အတ္တကြောင့် သမီးဒုက္ခရောက်နေတာသိတော့ စိတ်ထိခိုက်ရသည်။

အလုပ်ကိစ္စတွေဖြတ်ပြီး သမီးရှိရာ စင်္ကာပူသို့ထွက်ခဲ့သည်။

မမျှော်လင့်ပဲ ရောက်လာသော ဖေဖေ့ကိုဖက်ပြီး မိုးငိုမိသည်။

” မငိုနဲ့သမီး ၊ ဖေဖေ စီစဥ်ပေးမယ်”

ညရောက်သောအခါ ဦးစိုးမြင့်နှင့် ဆိုင်တစ်ဆိုင်တွင် စကားပြောကြသည်။

” ငါပြောတာကို သေချာနားထောင်သူငယ်ချင်း၊ ငါ့သမီး အခု အတော်စိတ်ဆင်းရဲနေတယ်။ အဲဒီတော့ သမီးကို ကွာရှင်းပေးဖို့ မင်းရဲ့သားကို ပြောပါလား”

” ခဏတော့ စောင့်ကြည့်ပေးပါအုံးကွာ၊ ငါ့မိန်းမက မြေးလေးကို တုန်နေအောင်ချစ်တာ၊ ခုချိန် ဗြုန်းစားကြီး ကွာရှင်းလိုက်ရင် သူအရင်အိပ်ရာထဲလဲမှာ၊
မိုးကို ငါတို့က သမီးအရင်းလိုချစ်တာ ၊ ခုလည်း သူ့အမေပြန်သွားတာနဲ့ အားငယ်မှာစိုးလို့ ငါ့မိန်းမက သူ့အနားမှာ တချိန်လုံးနေပေးတယ်၊ နာနီလည်းငှားပေးထားတယ်၊ စိတ်ချပြီးပြန်သူငယ်ချင်း”

သားသား ဝေယံမောင်မောင် ကျောင်းတက်တော့ မိုးလိုက်ပို့၊ လိုက်ကြိုသည်။ မြန်မာစာကို မိုးကိုယ်တိုင် အိမ်မှာသင်ပေးသည်။

” သမီးရေ ရန်ကုန်အိမ်ကဖုန်းလာနေတယ်”

အခန်းထဲမှ ထွက်လာပြီး ဖုန်းနားထောင်လိုက်တော့..

” သမီး ..မေမေပါ။ ဖေဖေ့ကို ဆေးရုံတင်ထားရတယ်၊ ခဏပြန်လာခဲ့နော်”

” ဟုတ်ကဲ့မေမေ၊ မိုး အမြန်ဆုံးပြန်လာမယ်”

နောက်တစ်နေ့ မိုး..ရန်ကုန်သို့ပြန်ခဲ့သည်။ ဖေဖေက ဆေးရုံမှ အိမ်ပြန်ရောက်နေပါပြီ။

နှလုံးရောဂါအတွက် ဆေးစစ်ရန် ခဏသာ ဆေးရုံတက်ခဲ့တာပါ။

သမီးပြန်လာချင်တာသိပြီး ခေါ်လိုက်ခြင်းဖြစ်သည်။

************ ************** ************

” လှလိုက်တဲ့ဆိုင်လေးပါလား”

” မိုးရေ နင်သဘောကျနေပြီမို့လား၊အထဲရောက်ရင်ပိုကြိုက်သွားမှာ”

ခဲရောင်တွင် အနက်ရောင်အကွက်များဖော်ကာ မီးလုံးသေးသေးလေးတွေ တလက်လက်နှင့် ပြားပြားကြီးကြီးဆောက်ထားသော အဆောက်အဦး..

နေ့ဘက်တွင် အပြင်မှအတွင်းသို့ မမြင်ရပဲ ညဘက်မှ လှပသောမီးများထွန်းထားသည့် ဆိုင်အတွင်းသို့ တစ်ဝက်ခန့်မြင်ရသည့် မှန်များကာထားသည်။

ဆိုင်ရှေ့တွင် ပန်းအိုးအကြီးစားဖြင့်စိုက်ထားသောအပင်များကြား မီးပြောက်အဖြူရောင်လေးတွေ တဖျတ်ဖျတ်လက်နေသည်။

ဆိုင်ဘေးမြေကွက်လပ်တွင် ကားများရပ်နားရန် ကားပါကင်ကို အမိုးများမိုးပေးထားသည်။

ဆိုင်ထဲဝင်လိုက်သောအခါ ခဲနုရောင်ကြမ်းပြင်၊ အပြာနုရောင်စားပွဲ၊ နက်ပြာရောင် ဆိုဖာထိုင်ခုံလေးများဖြင့် တစ်ဝိုင်းစီ ပြင်ထားသည်။

ရှေ့အလည်တည့်တည့်တွင် စန္ဒရားတစ်လုံးနှင့် ထောင်ထားသောဂစ်တာတစ်လက်ရှိသည်။

အရက်၊ဘီယာ လုံးဝမရောင်းသော ထိုဆိုင်လေးကို မိုး သဘောကျလှသည်။

မိုးတို့ရောက်တော့ ဆိုင်ထဲတွင်ဝိုင်းအတော်များများ လူပြည့်နေပါပြီ။ နောက်နားမရောက်တရောက် လွတ်နေသောဝိုင်းကို ရွေးချယ်လိုက်သည်။

” မိုး နင်ကသီချင်းကြိုက်တော့ တီးဝိုင်းဘက်လှည့်ထိုင်၊ ငါတို့က အစားသမားတွေ”

“အစားလည်း နည်းနည်းလျှော့ကြအုံး၊မင်္ဂလာဆောင်ရင်မလှပဲနေမယ်။”

“ငါတို့နှစ်ယောက်လုံး အပျိုကြီးလုပ်မှာ၊ ဟုတ်တယ်မို့လားသီတာ၊နင်လည်းပြောလေ”

” ငါကတော့ အစားမက်တဲ့ငါ့ကို ကျွေးနိုင်တဲ့ယောက်ျားတွေ့ရင်တော့ ယူမလားလို့”

” သစ္စာဖောက်မ”

သူတို့နှစ်ယောက်ကို ကြည့်ကာ မိုးအားရပါးရ ရယ်မိသည်။ မိုး..မရယ်ဖြစ်တာကြာပါပြီကော။

ဖခင် မကျန်းမာ၍ မြန်မာနိုင်ငံသို့ ခဏပြန်လာသောမိုးကို သူငယ်ချင်းများဖြစ်သည့် ကေသီအေးနှင့် သီတာမော်က သိပ်လှတဲ့ဆိုင်လေးပြမယ်ဟု ဆိုပြီးခေါ်လာတာပါ။

စားပွဲထိုးလေးက MENU စာရွက်လာပေးသောအခါ စားစရာများ မှာကြသည်။

” ငါကဘဲကင်”

” ငါကတော့ ပြည်လုံးချမ်းသာနဲ့ ဂျပန်တို့ဟူးချဥ်စပ်”

” မိုးမှာလေ ”

” ကြက်ထမင်းကြော်နဲ့ ကျောက်ပွင့်သုပ် ဟင်းချိုပူပူလေး”

စားစရာများ ရောက်လာသောအခါ တစ်ယောက်ပန်းကန်ထဲ တစ်ယောက်ထည့်ပေးရင်း ဆာဆာနှင့် စားကြသည်။

ထိုအချိန်တွင် ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားသော လူငယ်တစ်ယောက်ထွက်လာကာ မိုက်ခ်ရှေ့မှာထိုင်လိုက်သည်။

ဂစ်တာကိုကိုင်ကာ ကြိုးညှိပြီး အသံစမ်းလိုက်သည်။

ခဏအကြာ သီချင်းသံ ထွက်လာသည်။

နေ့ရက်အချိန်လေးတွေ..ပြောင်းပေမယ့်….နှလုံးသားထဲမှာ….အချစ်ဆုံးကို..ဘယ်လိုမှမမေ့နိုင်…သိလား…

အိပ်မက်ချိန်ထဲမှာ…တွေ့ပေမယ့်..တရေးနိုးတဲ့အခါ…
ကွယ်ပျောက်သွားမှာ..တကယ်နှမျောမိတယ်…သိလား……

ချစ်ရတဲ့သူ့ကို..ဒါတွေသာ….ပြောခွင့်ရရင်..ရင်နာရမလား…ကြင်နာရမလားကွယ်…သိလား……

သူ့ရဲ့အသံလေးတွေ..ကြားနေဆဲ..နားထဲမှာ…
အချစ်ဆုံးရယ်..ဘယ်လိုမှမဖျောက်နိုင်…..
သိလား…..

အထီးကျန်ဇာတ်လမ်းကို….ဆက်ချင်လည်း…
သူ့စိတ်ထဲမှာ…ဘယ်လိုရှိမယ်….ကြိုတင်မတွေးရဲပါ…သိလား…..

သူ့တစ်ယောက်ကလွဲရင်….ဘယ်သူမှချစ်လို့မရပါ….
သူသိသားနဲ့…နေနိုင်လားအချစ်ရယ်..သိလား…..

ကိုယ်ဆိုတဲ့ သီချင်းသံကြားရင်..သူ….
ဒီသီချင်းအဓိပ္ပါယ်..သိပါစေ…..

ကိုယ်ဆိုတဲ့သီချင်းသံကြားရင်….သူ…..
ရည်ရွယ်တဲ့အကြောင်းကို…သူမြန်မြန်သိပါစေ…..
သူမြန်မြန်ကြားပါစေ……

ရင်နာရမလား…ကြင်နာရမလားကွယ်…သိလား….

” အသံကလည်းကောင်း၊ အဆိုကလည်းပိုင်လိုက်တာ၊ အဆိုတော်ဘယ်သူလဲ၊ နင်တို့သိလား။”

“သေချာစဥ်းစားကြည့်စမ်း..မိုး.ဒီအသံကြားဘူးတယ်မို့လား”

“ကြားဘူးသလိုလိုဘဲ”

” အဆိုတော်မဟုတ်ဘူး မိုး၊ သူကဒီဆိုင်ပိုင်ရှင်”

” ဟယ်..တကယ်”

” ဟုတ်တယ်၊သူက သင်္ဘောသား ၊ အမြဲမရှိဘူး။ သင်္ဘောဆင်းလာတဲ့အချိန်မှ သူကိုယ်တိုင် ဧည့်ခံတာ”

” သူ့ကို ဆိုင်ကလူတွေက. အသည်းကွဲတိုးရစ်စ်ကြီးလို့ခေါ်ကြတယ် ”

မိုးတို့စကားပြောနေစဥ် သူအထဲဝင်သွားပြီး အခြားတစ်ယောက် သီချင်းထွက်ဆိုသည်။

” မိုး ငါတို့ toilet သွားရအောင်”

toilet ဆိုပြီး ဆိုင်အတွင်းဘက်သို့ လျှောက်ဝင်လာသောအခါ..

” သူတို့ဆိုင်ရဲ့ toilet ကလည်း အဆန်းကြီးပါလား”

မိုးကိုဘာမှပြန်မပြောပဲ အတွင်းဘက် အခန်းတစ်ခုရှေ့အရောက်တွင် ကေသီအေး အခန်းတံခါးကိုခေါက်လိုက်သည်။

အခန်းတံခါးလာဖွင့်သူကို ကြည့်လိုက်သောအခါ..

” ဟင်…မောင်မောင်”

အံ့သြလွန်း၍ သူငယ်ချင်းနှစ်ယောက် ထွက်သွားတာကိုတောင် မိုးမသိလိုက်တော့ပါ။

” လာလေမိုး အထဲမှာ အေးအေးဆေးဆေးပြောရအောင်”

မိုး အခန်းထဲဝင်ကာ ဆိုဖာဆက်တီမှာထိုင်လိုက်သည်။

” မောင်မောင်က မိုးပြန်လာတာသိနေတာပေါ့။ ဟိုမိန်းမနှစ်ယောက် အတော်ဆိုးတယ်”

” ပထမတစ်ခေါက်က သူတို့ မောင့်ဆိုင်မှန်းမသိပဲလာတာ၊ မောင်သီချင်းဆိုတာ တွေ့တော့မှ ပြန်ဆုံကြတာလေ။မကြာသေးဘူး။

ခု မိုးပြန်လာတယ်ပြောလို့ တွေ့ချင်တယ်၊ခေါ်လာပေးပါလို့ မောင်ကပြောလို့ခေါ်လာပေးတာပါ၊ မိုးဖေဖေ ဘယ်လိုနေသေးလဲ ”

” ဖေဖေက နည်းနည်းပဲနေမကောင်းတာပါ၊ မိုးပြန်လာချင်မှန်းသိလို့ ခေါ်လိုက်တာ”

” သားသားရောပါလား မိုး”

“လူနာပြုစုရတာ အဆင်မပြေမှာစိုးလို့ ယောက္ခမတွေက မထည့်လိုက်ဘူး။ မောင်မောင်ရော အိမ်ထောင်ကျပြီလား။”

” မေးရက်လိုက်တာမိုးရယ်၊ မောင့်ရင်ထဲ မိုးကလွဲရင် ဘယ်သူမှ လက်ခံလို့မရဘူးဆိုတာ မိုးမသိဘူးလား”

” အဲဒီလို မနေပါနဲ့၊ မိုးကို စိတ်ချမ်းသာစေချင်ရင် တစ်ယောက်ယောက်နဲ့ လက်ထပ်လိုက်ပါနော်”

” ဘယ်တော့မှစိတ်မကူးဘူး၊ ဒီအတိုင်းပဲနေမယ်”

” အရက်တွေကောသောက်သေးလား”

” မိုးထွက်သွားပြီး သောက်တာပေါ့၊ ဖေဖေကလည်းဆုံးမတယ်၊ သင်္ဘောပေါ်မှာလည်း မူးရူးနေရင် နိုင်ငံခြားသားတွေကအထင်သေးကြတယ်လေ၊ ဒါကြောင့် မသောက်တော့တာ”

” မိုး”

” ဟင်”

” မောင့်ကိုမကြည့်ပဲ စကားတွေပြောနေတယ်၊ သေသေချာချာကြည့်ပါဦး မိုးရဲ့”

မောင်မောင့်ကိုကြည့်ရင်း မိုးငိုချင်လာသည်။

” ကေသီနဲ့သီတာပြောပြလို့ မိုးရဲ့အိမ်ထောင်ရေးအဆင်မပြေတာတွေကြားရတာစိတ်မကောင်းဘူး။ခုရော အဆင်ပြေကြလား”

” မမေးပါနဲ့မောင်မောင်ရယ်၊ မိုး ရန်ကုန်ရောက်တုန်း စိတ်ချမ်းချမ်းသာသာ နေပါရစေ၊ မိုး မပျော်ရတာကြာပြီ။ သူငယ်ချင်းတွေနဲ့ တွေ့တုန်း မိုးပျော်ပျော်နေချင်တယ်”

” ကောင်းပြီလေ၊ မိုး မောင့်ဆိုင်ကို နေ့တိုင်းလာခဲ့ပါ။ မိုးကြိုက်တဲ့သီချင်းတွေ ဆိုပြမယ်”

” အတော်နောက်ကျနေပြီ၊ မိုးတို့ပြန်တော့မယ်နော်”

အပြင်စားပွဲမှာထိုင်စောင့်နေသော သူငယ်ချင်းများနှင့် အိမ်ပြန်လာခဲ့သော်လည်း မိုးစိတ်က မောင်မောင့်ဆီမှာ ကျန်ခဲ့သည်။ ဒီည မိုးအိပ်မှပျော်ပါ့မလားမသိ။

ရှိနေမယ်….မိုး
ဇာတ်သိမ်း

“မောင်မောင်..ဒီဆိုင်လေး ဘယ်တုန်းကဖွင့်ထားတာလဲ”

“မိုး..မရှိတော့တဲ့အချိန်က အကြောင်းတွေ ပြောပြမယ်”

***************** ********** ****************

မိုးနှင့်မတွေ့ရဘဲ ပြန်လာခဲ့ရသည်ဟု ကေသီအေး ပြောတော့ မောင်မောင်ရူးချင်သွားသည်။

မိုးတို့အိမ်နားသို့ နေ့စဥ် သွား၍ တွေ့လိုတွေ့ငြား စောင့်ကြည့်ပါသော်လည်း အချည်းနှီးသာ။

တစ်ရက် အရဲစွန့်၍ မိုးတို့အိမ်ထဲမှ ထွက်လာသော ဦးလေးကြီးကို မေးကြည့်သည်။

မိသားစုအားလုံး စင်္ကာပူသွားကြသည်ဟု သိလိုက်ရတော့သည်။

ထိုနေ့က မောင်မောင်အိမ်မပြန်ပဲ တနေကုန် အရက်တွေသောက်ကာ မူးရူးနေ၏။

ညဥ့်အတော်နက်တော့မှ သူငယ်ချင်းတစ်ယောက်က အိမ်ပြန်ပို့ပေးသည်။

နောက်တစ်နေ့တွင် ခေါင်းကိုက်ပြီး တစ်နေ့လုံး အိပ်ရာထဲခွေနေသည်။

ညနေ မောင်မောင့်အဖေ ရုံးမှပြန်လာသောအခါ သူ့အခန်းထဲဝင်လာသည်။

” သား အရက်လည်း တစ်ခါမှမသောက်ဘူးပဲနဲ့ ဘာဖြစ်လို့လဲ”

” ဖေဖေ၊ မိုးကို သူ့အိမ်က ယောက်ျားပေးစားလိုက်ပြီ၊ သားရင်တွေကွဲပြီး မခံစားနိုင်လို့ပါ” ပြောရင်း ငိုနေသော သား၏ပခုံးကို ကိုင်ကာ

” သူကိုယ်တိုင်ကသဘောတူတာလား”

” သူ့အိမ်က အတင်းအကျပ်စီစဥ်လိုက်တာ”

” သူက သားကိုမုန်းမှမမုန်းဘဲ၊ သားက ပိုကြိုးစားပြရမှာ သား သင်္ဘောတက်ဖို့ ကိစ္စ ဖေဖေ့သူငယ်ချင်းကို ပြောပြီးပြီ ။

လုပ်စရာရှိတာတွေလုပ်ထားတော့ ၊သူ့မိဘ သဘောမတူတဲ့သားက ငါဘာကောင်လဲဆိုတာ ပြရမယ်၊ ဒီနေ့ကစပြီး အရက်တွေလည်း မသောက်ပါနဲ့”

မကြာမီ မောင်မောင် သင်္ဘောတက်သွားသည်။ သူ့ထက်အကြီး ကိုကိုက ကားအရောင်းအဝယ်၊ အိမ်ခြံမြေအရောင်းအဝယ်လုပ်သည်။

မောင်မောင်ပို့သမျှ ပိုက်ဆံကို ရင်းနှီးပြီးလုပ်ရင်း ​မြေကွက် အတော်များများပိုင်လာသည်။

ရာထူးတိုးစာမေးပွဲဖြေရန် ပြန်လာသော မောင်မောင်သည် ကိုကို စျေးချောင်ချောင်နှင့်ဝယ်ထားသည့် ဆရာစံလမ်းမှ မြေကို စားသောက်ဆိုင်ဆောက်ချင်သည်။

နိုင်ငံတကာ လှည့်လည်သွားလာရင်း သူတွေ့ခဲ့၊ သဘောကျခဲ့သောဆိုင်မျိုး ဖွင့်ချင်လာသည်။

မိသားစု၊ သူငယ်ချင်းများ အေးအေးဆေးဆေး ဆုံတွေ့နိုင်သောဆိုင် မြန်မာနိုင်ငံတွင် သိပ်မရှိသဖြင့် ထိုဆိုင်မျိုးဖွင့်ရန် ဆုံးဖြတ်လိုက်သည်။

ကိုကိုနှင့်တိုင်ပင်ကာ BLUE HEART ဆိုသည့်ဆိုင်လေးကို စတင်အကောင်အထည်ဖော်တော့သည်။

သူချစ်သောမိုးက အပြာရောင်နှစ်သက်သူပါ။

နှစ်နှစ်ခန့် အချိန်ယူတည်ဆောက်ပြီးသောအခါ ဆိုင်လေးကို စတင်ဖွင့်လှစ်နိုင်သည်။

တဖြည်းဖြည်း လူသိများလာပြီး BLUE HEART. လည်းအောင်မြင်လာပါပြီ။

သူ သင်္ဘောမှ ဆင်းသည့်အခါ သူကိုယ်တိုင် ဂစ်တာတီး၍ ဧည့်ခံသည်။

“အဲဒါပါဘဲ..မိုးအိမ်ထောင်ပြုသွားတာ မိုးသဘော မဟုတ်တာသိပေမယ့် ခံပြင်းနာကျည်းစိတ်နဲ့ ကြိုးစားထားရတာပါ”

မိုးသွားကတည်းက..ကေသီအေးတို့နဲ့ အဆက်အသွယ် မရှိတော့ဘူး”

“ဒါကြောင့် ကေသီအေးဆီက စာလာရင် မောင်မောင်နဲ့ မတွေ့တော့ဘူးပြောတယ်”

“မိုး..ဘယ်တော့ပြန်မလဲ”

“လာမယ့် တနင်္ဂနွေ”

“မိုး..မြန်မာပြည်..ပြန်လာနေပါလား”

“မဖြစ်ဘူးမောင်မောင်၊ မိုး..မချစ်ဘဲ ယူထားရတဲ့ ယောက်ျားက သားသားအဖေလေ ၊သားလေး ငယ်ငယ်ထဲက စိတ်ဒဏ်ရာ ရသွားမှာစိုးတယ်၊ ပြီးတော့….”

“ပြီးတော့..ဘာဖြစ်လဲ”

“မောင်မောင်နဲ့ ဝေးဝေးကနေ သူငယ်ချင်းလိုဘဲ နေချင်တယ်”

“မိုးသဘောပါ၊ တနင်္ဂနွေနေ့ လေဆိပ်လာခဲ့ရမလား”

“ဟင့်အင်း..မလာနဲ့၊ လေဆိပ်ကို ဖေဖေလိုက်ပို့မှာ”

“စနေနေ့တော့ ဆိုင်လာခဲ့ပါဦး မိုးရယ်”

“လာခဲ့မယ်”

************** ************ *************

မိုး..သားလေးရှိရာ စင်္ကာပူသို့ ပြန်ခဲ့ပါပြီ။

ဝေယံမောင်မောင် ကျောင်းတက်တော့ မိုးအလုပ်လုပ်ချင်လာသည်။ ယောက္ခမများက သဘောမကျသဖြင့် လုပ်ခွင့်မရပါ။

တစ်ရက် ဖုန်းလာသဖြင့် မိုးနားထောင်လိုက်သည်။

” ဟဲလို”

” မိုးရေ၊ မောင်မောင်ပါ၊ သင်္ဘောတက်ဖို့ စင်္ကာပူရောက်နေတယ်၊ မောင်တည်းတဲ့ HOTEL လာခဲ့ပါလား”

” HOTEL တော့မိုးမလာချင်ဘူး၊ ဒီနေ့ သားသား ကျောင်းပိတ်တယ်၊ စျေးဝယ်ရင်းလာခဲ့မယ်၊ သားသားပါခေါ်ခဲ့မယ်နော်”

” ကောင်းသားဘဲမိုး၊ မောင်လာခေါ်ရမလား”

” လာမခေါ်နဲ့ မိုးတို့သားအမိ ရထားစီးလာမယ်၊ CITY HALL ဘူတာကစောင့်နေနော်”

မိုးနာရီကြည့်လိုက်တော့ မနက်ခုနစ်နာရီပါ။ ကိုယ်တော်ချော ညကအိပ်မှ အိပ်ရဲ့လားမသိဟု တွေးရင်းပြုံးမိသည်။

CITY HALL ရောက်တော့ ဘူတာအပြင်ဘက်မှာ မောင်မောင်စောင့်နေသည်။ SHOPPING MALL တွင် သားသားအတွက်ကျောင်းပစ္စည်းတွေဝယ်သည်။

မောင်မောင်က သားသားလိုချင်သောအရုပ်တွေ ဝယ်ပေးသည်။ စျေးဝယ်ပြီး TAXI နှင့် EAST COAST သို့သွားကြသည်။

ကမ်းခြေတွင် နှစ်ယောက်သားထိုင်ကာ စကားပြောကြသည်။ သားသားက သူတို့ရှေ့တွင် ဝယ်လာသောအရုပ်လေးတွေနှင့် ဆော့နေသည်။

” သင်္ဘောမတက်ခင် မိုးမျက်နှာလေးမြင်လိုက်ရတော့ အားရှိသွားတယ်”

” မောင်မောင် ဘယ်နေ့တက်မှာလဲ။”

” သဘက်ခါတက်ရမယ်”

” သားသားရေ၊ ဦးဆီ ခဏလာပါအုံးကွ”

အရုပ်လေးတွေချထားခဲ့ပြီး သူ့နားရောက်လာသော
သားသားလက်ကိုကိုင်လိုက်သည်။သားသားက မိုးနှင့်တူသည်။ဖြူဖြူချောချော..

” သားသားနံမည်ဘယ်လိုခေါ်လဲ”

“ဝေယံမောင်မောင်”

“ဟင်”

မိုးကိုလှည့်ကြည့်လိုက်တော့ သူတို့ကိုမကြည့်ပဲ ခေါင်းငုံ့ကာ သဲတွေမှာ စာရေးနေသည်။

” အသက်ဘယ်လောက်ရှိပြီလဲ”

“ခုနစ်နှစ်ပြည့်တော့မယ်”

“သားသားကြီးရင် ဘာလုပ်မလဲ”

“ဆရာဝန်”

“အိုး..ကောင်းလိုက်တာ၊ ဆရာဝန်ဖြစ်ရင် ဦးဦးကို ဆေးထိုးပေးနော်”

“ခဏ..ခဏ..နေမကောင်းတဲ့ မေမေ့ကို အရင်ဆေးကုပေးမှာ”

“လိမ္မာလိုက်တဲ့ သားသား..ကဲ ..သွားဆော့တော့နော်၊ မေမေနဲ့ စကားပြောပြီးရင် ဦးဦးနဲ့ ကစားကြမယ်”

ကလေးလက်ကို လွှတ်ပေးလိုက်သည်။

” ကလေးကို မောင့်နံမည်ပါအောင်ပေးထားလို့ ကြည်နူးလိုက်တာမိုးရယ်၊
ကြည့်စမ်း စိတ်ဆင်းရဲတယ်သာဆိုတယ် မိုးက ပိုတောင်လှနေသေးတာဗျာ”

မိုး…ငိုမှာစိုး၍ မောင်မောင်နောက်လိုက်သည်။

အားရပါးရရီရင်း မောင်မောင့်ကို ထုမည်လုပ်ပြီးမှ မိုးမထုဖြစ်လိုက်ပါ။

မိုးမြင့်သိန်းသည် သူနှင့်ငြိနေသော ဖိလစ်ပိုင်မနှင့် EAST COAST တွင် ရွက်ဖျင်တဲထိုးကာ တစ်ညလုံး အိပ်နေတာပါ။

ခုမနက်ပြန်ဖို့ ကမ်းခြေအတိုင်းလျှောက်လာစဥ် သားသားကို အရင်မြင်လိုက်သည်။

သားသားနောက်ကိုကြည့်လိုက်တော့ သူ့ဇနီးက အမျိုးသားတစ်ယောက်နှင့် ရီမောကာ စကားပြောနေသည်ကို တွေ့လိုက်ရသည်။ မိုးတို့ အနောက်ဘက်မှ ကွေ့ထွက်ပြီး အိမ်သို့ ပြန်လာခဲ့သည်။

ဘဲလ်မြည်သံကြား၍ ဒေါ်နွယ်နီသိန်းတံခါးဖွင့်ပေးလိုက်သည်။ အမေဖြစ်သူကို တွေ့သောအခါ ဒေါသတကြီးနှင့်…

” မာမီ၊ အိမ်မှာဘာလုပ်နေလဲ၊ မာမီ့ ချွေးမက EAST COAST မှာ အကောင်တစ်ကောင်နဲ့ချိန်းတွေ့နေတာသိလား”

” မာမီ့ကို ပြောသွားတယ်၊သူ့မိတ်ဆွေတစ်ယောက်နဲ့ သွားတွေ့မလို့တဲ့၊ကလေးပါပါသွားတာပါ၊ ချိန်းတွေ့မှတော့ လူတွေအများကြီးနဲ့ EAST COAST လိုနေရာကိုသွားမလား၊ HOTAL တွေပြည့်လို့၊ မင်းပြဿနာမရှာနဲ့နော်”

” ပြန်လာကြည့်၊ သိမယ်။”

ပြောပြောဆိုဆို ဒေါသတကြီး အခန်းထဲဝင်သွားသော သားကို ကြည့်၍ ဒေါ်နွယ်နီသိန်း သက်ပြင်းချမိသည်။

တစ်ဦးထဲ မွေးထားပြီး ငယ်စဥ်ကပင် သွန်သင်ဆုံးမနေပါလျက် ဘာကြောင့် ဒီလောက် ဆိုးသွမ်းနေတာပါလိမ့်…

************** ************ ************

သားသားနှင့် မောင်မောင် ပြေးတမ်းလိုက်တမ်းဆော့နေသည်ကို မိုးထိုင်ကြည့်နေမိသည်။ ဗိုက်ဆာလာသောအခါ အနီးဆုံးဆိုင်တွင်စားကာ ခဏနေ မိုးတို့သားအမိ အိမ်ပြန်လာခဲ့သည်။

အိမ်ထဲသို့ဝင်ကာစမှာပင် အခန်းတံခါးကို ဝုန်းကနဲ တွန်းဖွင့်ပြီး မိုးမြင့်သိန်း အခန်းထဲမှ ထွက်လာပြီး မိုးလက်ကိုဆွဲကာ…

“သိပ်ပျော်ခဲ့တယ်ပေါ့ ၊ လာခဲ့”

” မေမေ့ကိုမလုပ်ပါနဲ့”

အခန်းတံခါးပိတ်သွားသောအခါ ငိုနေသော မြေးလေးကို ဖက်ထားပြီး ခင်ပွန်းသည်ဆီ ဖုန်းဆက်လိုက်သည်။

ပြန်ရောက်လာသော ဦးစိုးမြင့်သည် မိုးမြင့်သိန်းအခန်းတံခါးကိုထု၍ ဖွင့်ခိုင်း၏။

” ဟေ့ကောင် တံခါးဖွင့်စမ်း”

“မင်းဖွင့်မပေးရင် ငါကိုယ်တိုင်ရဲကိုဖုန်းဆက်ပြီး မင်းကိုထောင်ထဲထည့်လိုက်မယ်”

ရဲကိုဖုန်းဆက်မယ်၊ ထောင်ထဲထည့်မယ်ဆိုတော့မှ တံခါးဖွင့်ပေးသည်။

တံခါးပွင့်သွားသောအခါ လက်သီးနှင့်ထိုးထည့်လိုက်သည်။

နောက်ထပ် အထိုးမခံရခင် အိမ်ထဲမှ မိုးမြင့်သိန်းထွက်သွားတော့သည်။

ဒဏ်ရာတွေနှင့်လဲနေသောမိုးကို ဒေါ်နွယ်နီသိန်း ပွေ့ထားလိုက်၏။

ဦးစိုးမြင့်က သူ့အသိမြန်မာဆရာဝန်ကြီးကို ဖုန်းဆက်ခေါ်လိုက်သည်။

လူကြီးတွေ အလုပ်ရှုပ်နေစဥ် ဝေယံမောင်မောင်သည် ရန်ကုန်အိမ်သို့ ဖုန်းခေါ်ကာ ငိုယိုပြီးတိုင်လိုက်ပါတော့သည်။

သုံးရက်အကြာ မိုးဖေဖေ ရောက်လာ၏။ သားမက်ကို လက်သီးနှင့်ဆွဲထိုးပြီး ထိုနေ့တွင်ပင် ကွာရှင်းစာချုပ်၌ လက်မှတ်ထိုးခိုင်းသည်။

မိုးတို့သားအမိကို ခေါ်ကာ HOTEL တစ်ခုတွင်နေပြီး စင်္ကာပူတရားရုံးတွင် ကွာရှင်းခွင့် တခါထဲတင်သည်။

မိုးတို့ ပြန်သည့်နေ့က လေဆိပ်သို့ ဦးစိုမြင့်တို့ ဇနီးမောင်နှံ လိုက်ပို့ကြသည်။

ငိုနေသော ဒေါ်နွယ်နီသိန်းကိုဖက်ကာ မိုးမျက်ရည်ကျမိသည်။

စိတ်ထားကောင်းသော..သူ့ကိုသမီးအရင်းလို.ချစ်ပေးသော ယောက္ခမကို အမေလို အတူနေခဲ့ကြတာပါ။

” မေမေ…..မိုးတို့ဆီ အချိန်မရွေးလာနော်။ အပြီးလာနေရင်လည်းရတယ်။ မိုးသားလေးကြီးလာရင်လည်း မေမေတို့ဆီလွှတ်ပေးပါ့မယ်၊ ကျန်းမာအောင်နေပါ၊ မိုးခဏ ခဏ ဖုန်းဆက်မယ်”

……………………………………………………………….

ရန်ကုန်ရောက်တော့ သားသားကို ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း ( ကမာရွတ်) တွင်ကျောင်းအပ်သည်။

မိုး. ကားမောင်းသင်ပြီး သားကို ကျောင်းပို့၊ ကျောင်းကြိုလုပ်သည်။

သီတာမော်သည် အိမ်ထောင်ကျပြီး မြိတ်သို့ပြောင်းသွားပါပြီ။

ကေသီမိုးသည် ခုထိ အပျိုကြီးမို့ မိုးသွားလေရာပါ၏။

မိုး.အရင်းအနှီးထုတ်ပြီး fashion ဆိုင်လေးဖွင့်သည်။ ကေသီအေးကို ဆိုင်မှ အလုပ်သမားများကို ကြီးကြပ်စေသည်။

မောင်မောင် သင်္ဘောမှ ပြန်ရောက်လာသည့်ညက မိုးတို့နှစ်ယောက် မောင်မောင့်ဆိုင်သို့ သွားကြသည်။

” မိုး ၊ လက်ထပ်ရအောင်… မိုးနဲ့အတူနေချင်ပြီ”

” ခု ဝါတွင်းကြီးလေ ၊ မောင် ဘယ်တော့ပြန်တက်ရမလဲ”

” နောက်သုံးလလောက်ဆို ပြန်တက်ရမယ်”

” နောက်တစ်ခေါက်ပြန်လာမှ လက်ထပ်ကြမယ်နော်”

” မိုးနဲ့ထပ်ပြီးလွဲရမှာ မောင်ကြောက်နေတယ်”

” မိုးကိုစိတ်ချပါ၊ မောင်သာ ပေါင်တံဖြူဖြူ မလေးတွေနဲ့တွေ့ရင် မိုးကို မေ့သွားမှာ”

” မောင်က ခုချိန်ထိ မိုးဘေးမှာရှိနေတာ မယုံဘူးလား ..နောက်လဲ မိုးဘေးမှာ အမြဲရှိနေမယ်”

ထိုညက မောင်မောင်သည် ရှေ့တည့်တည့်တွင်ထိုင်နေသော မိုးကိုကြည့်ကာ ဟန်ထွန်းရဲ့ ‘ရှိနေမယ်’ သီချင်းလေးကို ဆိုလိုက်ပါသည်။

တစ်ခါငိုချင်တိုင်း……..မင်းရဲ့အနားမှာ…….မင်းလေးရဲ့အနား……..အတူရှိနေမယ်……..

ပြီးပါပြီ..

စာချစ်သူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ရွှင်လန်းချမ်းမြေ့ကြပါစေ….

💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖