ဆီးသီးသည် မဗျိုင်း

Posted on

ဆီးသီးသည် မဗျိုင်း(စ/ဆုံး)

————————–

သူ့နာမည်က မဗျိုင်း တဲ့။ ငယ်ငယ်တုန်းက အသားဖြူသည်။ ဗျိုင်းကလေးနှင့် တူသည်ဆို၍ အမေက “မဗျိုင်း-မဗျိုင်း” ဟုခေါ်သည်။
သည်လိုနှင့် “မဗျိုင်း” အမည် တွင်သွားသည်။ ခုတော့ အသားက မဖြူလှ။ အသားလတ်လတ်။ အရပ်အမောင်းကတော့ ရှည်ရှည်သွယ်သွယ်။ မျက်နှာပုံပန်းက ခပ်ဝိုင်းဝိုင်း။ သနားကမားပင် ဖြစ်သည်။

မဗျိုင်းကလေးတို့ ဆင်းရဲရှာသည်။ သူ့အမေက မန်ကျည်းရွက်ခူး၍ ရပ်ထဲရွာထဲမှာ ရောင်းရသည်။ အဖေက လှေထိုးလိုက်ရသည်။ ရွာမှာ အမြဲမနေနိုင်။ အောက်ပြည် အောက်ရွာ သွားနေရသည်က များသည်။

မဗျိုင်းကလေး အရွယ်ရောက်လာတော့ အမေတို့၊ အဖေတို့ကို ကူရသည်။ ထမင်းအိုးခွင်၊ ဟင်းအိုးခွင် ဝင်တတ်ပြီ။ ကောက်စိုက် ပျိုးနုတ် လုပ်တတ်ပြီ။ အမေတို့၊ အဖေတို့မှာ မဗျိုင်းကလေးကြောင့် စိတ်နှလုံး ချမ်းသာရသည်။

“ဗျိုင်းကလေးရေ အေ… ဗျိုင်းကလေး…”
“တော်…”
“လာဟေ့… ရွာတောင်ဖက် ဆီးသီးကောက် ထွက်ရအောင်”
အော်… ဟုတ်သားပါလား။ သည်နေ့ ဆီးသီးကောက် သွားရအောင်လို့ အဖော်တွေနှင့် ချိန်းထားသည်။

အဖော်တွေ လာခေါ်နေကြပြီ။ အေးမြတို့၊ ထွေးခင်တို့ လာခေါ်ကြသည်။ မဗျိုင်းကလေးသည် တောင်းကလေးကို ခါးစောင်းတင်၍ လိုက်သွားသည်။

(၂)

ရွာတောင်ဖက်တွင် ရေကန်ကြီးရှိသည်။ ရေကန်ကြီး၏ အနီးတွင် ဆီးချုံတွေ အများကြီးရှိသည်။ ရေကန်ဖက်ဆီသို့ ကိုင်း၍ ပေါက်နေသော ဆီးတော်ပင်ဟု ခေါ်သည့် ဆီးချိုပင်များသည် ညွှတ်နေအောင် သီးကြသည်။ တချို့ စိမ်းစိမ်း၊ တချို့ မှည့်နေပြီ။ တလင်းမှာ ကြွေနေကြပြီ။
ရေကန်ကြီးထဲ ကြွေကျသောအခါ “ပလုံ-ပလုံ” ဟု မြည်သည်။ ဆီးချဉ်ပင်ကလေးတွေကလည်း ဝိုင်းဝိုင်းပုပု။ သည်အပင်တွေက ပိုပြီးသီးသည်။ ဆီးပွင့်လေးတွေကတော့ သေးသေးပါ။ အနံ့က မသင်း။ အနံ့ နည်းနည်းပြင်းသည်။

မဗျိုင်းကလေး အလွန်ပျော်သည်။ ဆီးသီးကောက်ဖော်တွေနှင့် စကြ၊ ပြောင်ကြသည်။ တေးတဟိုဟို ဆိုကြသည်။ ဆီးပင်အောက်မှာ ဝိုင်းဖွဲ့ပြီး ထိုင်သည့်အခါ ထိုင်သည်။ ရေကန်ကြီးထဲမှာ ရေချိုးသည့်အခါ ချိုးသည်။
နေစောင်းတော့ ကန်ပေါင်ရိုးပေါ်က လျှောက်ပြီး ဆီးသီးတောင်းကိုယ်စီနှင့် အိမ်ပြန်ကြသည်။

မနက်လင်းတော့ ရွာထဲမှာ ဆီးသီးလည်ရောင်းသည်။ “ဆီးသီးသည်တော်ရို့… ဆီးသီးသည်” ဟု ဟစ်သည်။

မဗျိုင်းကလေး၏ အသံစာစာကလေးကို ကြားရသူတိုင်း ဆီးသီးမဝယ်ပဲ မနေနိုင်ကြ။ အနည်းနှင့်အများ ဝယ်ကြသည်။
နောက်တော့ “ဆီးသီးသည်ကလေး မဗျိုင်း” ဟု လူတိုင်းက သိလာကြသည်။ ဆီးချိုကုန်းရွာတွင် မဗျိုင်းကို မသိသူ မရှိတော့။

(၃)

သည်နေ့ ကျီးသာသည်။ မနက်စောစောကတဲက တဲခေါင်မိုးပေါ်မှာ ရွှေကျီးသာနေသည်။ ကျီးသာလျှင် ဧည့်လာတတ်သတဲ့။ ဘယ်အရပ်က ဧည့်များဖြစ်မည်နည်း။ လသာသော ညမျိုးမှာ မဗျိုင်းတို့အိမ်ကို လာတတ်သူကတော့ တမာတန်းရွာက ကိုရင်မွှေးပင် ဖြစ်သည်။ ကိုရင်မွှေးလာလျင် သည်တခါ မဗျိုင်းက စကားထာ ဝှက်ဦးမည်။ ကိုရင်မွှေး ပန်းပေးတော့မှ စကားထာ ဖော်မည်။

အရင်တခါ ကိုရင်မွှေးက မဗျိုင်းအသက်ကို မေးတော့ မဗျိုင်းက-
“မဗျိုင်းအသက် သိချင်ယင်- ကျွန်မအသက် သပြေခက်တဲ့၊ ရလဒ် စားခြေ တူပါစေ” ဟု ပြောခဲ့သည်။
ကိုရင်မွှေး မဖြေနိုင်၍ မဗျိုင်းအသက် (၁၆) နှစ်မှန်း မသိခဲ့။

မဗျိုင်း ပြုံးမိသည်။ သနပ်ခါးလူးရင်း ဟိုတွေး၊ သည်တွေး တွေးသည်။

“ဗျိုင်းကလေးရေ လာဟေ့”
“ဟော ထွေးခင်တို့ လာကြပြီ လာပြီ ထွေးခင်ရေ့ …”
ပြောပြောဆိုဆို မဗျိုင်းထွက်ခဲ့သည်။ သနပ်ခါးအဖွေးသားနှင့်။ ကြက်ရုံးပန်းတွေလည်း ပန်ထားလိုက်သေး။

“အမယ်လေးဟဲ့ ဗျိုင်းကလေးရယ်၊ ရုပ်သေးပွဲသွားမှာကျလို့”
ထွေးခင်က သည်လိုပြောတော့ အဖော်တွေကပါ ဝိုင်းရယ်ကြသည်။ မဗျိုင်းခမျာ ရောယောင် ရယ်နေရသည်။ ရှက်သလိုလို ဘာလိုလို။

ဆီးချိုပင်ရိပ်ရောက်တော့ တအောင့် နားကြသည်။ ကန်ကြီးထဲမှာ ကြာပွင့်ကလေး နှစ်ပွင့်ကို လှမ်းမြင်ရသည်။ လေပြည်ထဲတွင် ကြာပန်းနံ့ကလေး သင်းလာသည်။

မဗျိုင်းကလေးသည် ခေါင်းကလေးကို ငုံ့ကာငုံ့ကာ ဆီးသီးကောက်လျက် ရှိသည်။ အဖော်တွေကလည်း တပင်က တပင် ကူးချည်သန်းချည်ပြု၍ ဆီးသီး ကောက်နေကြသည်။ လှမ်း၍ လှမ်း၍လည်း စကားပြောကြသည်။

ထိုအခိုက် မဗျိုင်း ဦးခေါင်း မော့ကြည့်လိုက်မိရာ “အို… အမေ့” ဟု လန့်သွားမိသည်။

ဆင်ပြောင်ကြီးကို စီးလာသော ဘုရင်ကြီးပါတကား။ နောက်လိုက်နောက်ပါ အခြွေအရံများလည်း ပါသည်။

မဗျိုင်းကလေးသည် ဘာလုပ်ရမည် မသိ။ တုန်ရီနေသည်။ ဆီးသီးတောင်းကလေး ပိုက်လျက် မင်သက် မိနေသည်။ အဖော်တွေလည်း ဆီးချိုရိပ်မှာ ကြောက်အား လန့်အားနှင့် ပုဆစ်တုပ်သူ တုပ်၊ ဆီးပင်ခြေ ကပ်သူ ကပ် ဖြစ်နေကြသည်။

ဆင်ပေါ်က ဘုရင်သည် မဗျိုင်းကလေးကို စိမ်းစိမ်း ကြည့်နေသည်။ မဗျိုင်းသည် မျက်လွှာချနေသည်။
ထို့နောက်-
“သည်မိန်းကလေးကို ကိုယ်တော်မြတ် စုံမက်တော်မူသည်။ ဤသတို့သမီးငယ်ကို ဆောင်ယူတော်မူမည်” ဟူသော အသံကိုသာ မဗျိုင်းကြားရတော့သည်။ မဗျိုင်း ဘာကိုမျှ မမြင်တော့။ မျက်စိတွေ ပြာသွားလေသတည်း။

(၄)

“မဗျိုင်းကလေး တော်ကောက်ခံရသတဲ့”
တရွာလုံး မဗျိုင်းအကြောင်းချည်း ပြောနေကြသည်။
“ကုသိုလ်က ထူးပါသတော်”ဟု ဝမ်းမြောက် ဝမ်းသာ ချီးကျူးကြသည်။
“ရုပ်ရည် ကြည့်ပါလား အေ့။ တောနဲ့ မတန်အောင် သန့်ပါဘိသနဲ့”ဟု ဆိုကြသည်။

မဗျိုင်း၏ သူငယ်ချင်းတွေက ဝမ်းလည်း သာကြသည်။ လွမ်းလည်း လွမ်းကြသည်။ ထွေးခင်က ဆိုလျှင် မျက်ရည် တလည်လည်နှင့်။

မဗျိုင်းဆီကို လည်နေကျ ကိုရင်မွှေးကတော့ ဝမ်းသာရအခက် ဝမ်းနည်းရအခက်။
“မဗျိုင်းအကြောင်း မပြောကြပါနဲ့ဗျာ။ ငိုချင်ရက် လက်တို့ ဖြစ်လွန်းလို့”
ကိုရင်မွှေးက ရိုးရိုးကြီး ပြောလိုက်သောအခါ သနားရယ် ရယ်ကြလေသည်။

(၅)

နန်းတော် ရောက်စက မဗျိုင်း မပျော်ရှာ။ ငိုတလုံး၊ ရယ်တလုံး နေရှာသည်။ အဆောင်တွေ၊ အခန်းတွေကို သူ မမက်။ သူ့တဲကလေး၊ ဗူးစင်ကလေးကိုသာ နှစ်သက်သည်။ စံပယ်ရုံ၊ မြတ်လေးရုံကြားမှာ မနေတတ်။ ဆီးချို၊ နဗူးရုံကြားမှာသာ နေတတ်သည်။ နန်းတော်က စောင်းသံကို သူ မကြည်နူး။ ချောင်းရိုးထိပ်က ပလွေသံကလေးကိုသာ ကြည်နူးသည်။ သလွန်တော်ပေါ်၌ သူ မပျော်မွေ့။ လသာသာတွင် သူအိပ်ခဲ့ရသော ဝါးကွပ်ပျစ်ကလေးကိုသာ အောက်မေ့ရှာသည်။

သို့နှင့် လပေါင်းအတန် ကြာသွားသည်။ မိဖုရား မဗျိုင်းသည် ရွာကို မေ့စပြုပြီ။ နန်းတော်ထဲတွင် ပျော်စပြုပြီ။
ငယ်ငယ်တုန်းက မဗျိုင်းက မော့မကြည့်ဝံ့ခဲ့သော မြင်းစီးမင်း၊ သွေးသောက်ကြီး စသည်တို့သည် ယခုအခါ မဗျိုင်းကို ယောင်လို့မှ မော့မကြည့်ဝံ့တော့ပြီ။ မဗျိုင်းထံပါးသို့ပင် ဝင်ရဲကြသည်မဟုတ်။ မြို့စားနယ်စားကြီးများ၊ မှူးကြီး မတ်ကြီးများတို့သည်လည်း မဗျိုင်းထံပါးသို့ အခစား ဝင်ကြရသည်။ လက်ဆောင်တော် ဆက်ကြရသည်။ မဗျိုင်း၏ အမိန့်ကို ရိုသေစွာ နာခံကြရသည်။

မဗျိုင်း၏ ဆွေမျိုးသားချင်းတို့သည်လည်း နန်းတော်ထဲ၌ ရာထူးရာခံ အသီးသီး ရကုန်ကြပြီ။ အချို့လည်း မြို့စား၊ အချို့လည်း အတွင်းဝန် စသည်ဖြင့်။ မဗျိုင်းသည် ဘုရင်ကိုယ်တော်တိုင် အရေးပေး ခံရသော မိဖုရားဖြစ်သည်။ ထိုကြောင့် မဗျိုင်းအပါးတွင် ခစားသူ ဝိုင်းဝိုင်း လည်တော့သည်။

မဗျိုင်း၏ အလှကို ချီးမွမ်းသူ မြောက်မြားစွာ ရှိသည်။ လပြည့်နေ့ကပင် စာဆိုတော် ပင်းယမြို့စား မောင်စံသည် မိဖုရား မဗျိုင်းဘွဲ့ ရတုတပုဒ် စီကုံးဆက်သခဲ့သေးသည်။ မဗျိုင်းက မြလက်စွပ်တကွင်း ဆုချခဲ့သေးသည်။

မဗျိုင်း၏ နားတွင် ချီးကျူးသံများသာ အမြဲကြားရသည်။ မဗျိုင်း၏ နားတွင် “မှန်ပါ့ဖုရား” များသာ ပတ်လည် ဝိုင်းနေသည်။ မဗျိုင်း လုပ်သမျှ အမှန်၊ မဗျိုင်း ပြောသမျှအကောင်း၊ မဗျိုင်း စီမံသမျှ တင့်တယ်သည်ချည်းတည်း။

မဗျိုင်း လက်ညှိုးညွှန်ရာ ရေဖြစ်ပြီ။ ထိုအခါ မဗျိုင်း မာနတက်လာတော့သည်။ မဗျိုင်း ရွာကို မေ့ပြီ။ ဆီးပင်ပျိုကလေးကို မလွမ်းတော့ပြီ။ ငယ်ပေါင်း ရောင်းရင်းတို့ကိုလည်း သတိမရပြီ။

( ၆ )

မဗျိုင်းကသာ သတိမရသည်။ ထွေးခင်တို့ သူငယ်ချင်းတွေက တနေ့မျှ မမေ့။ ရေကန်ကြီးထဲမှာ ရေချိုးတော့လည်း သတိရသည်။ ကန်ပေါင်ရိုးပေါ်က လမ်းလျှောက်ပြီး ပြန်လာကြတော့လည်း ဗျိုင်းကလေးကိုလွမ်းသည်။ ဆီးပင်အောက် ရောက်တော့ ထွေးခင် ငိုမဲ့မဲ့။

“ဗျိုင်းကလေးနဲ့ တွေ့ချင်သေး အေတို့ရယ်။ သူငယ်ချင်း နေကောင်း ထိုင်သာမှ ရှိပါစ။ သင်း အလွန်ကြိုက်တဲ့ အညှက်ရည်နဲ့ ဆီးသီးမှ စားရပါစ အေ…။
ငါတော့ ဗျိုင်းကလေးဆီ သွားချင်သေးတယ် ကောင်မတို့ရယ်”

ထွေးခင် ဆီးသီးတောင်းကလေး ရွက်၍ မြို့တက်ပြီ၊ ဗျိုင်းကလေးနှင့် တွေ့ရအောင် ထွေးခင် ကြံသည်။ နန်းတော်တွင်းသို့ ဝင်နိုင်အောင် ဝင်သည်။

နန်းတော်တွင်း မင်းမှုထမ်းတို့ ရပ်ကွက် ရောက်သောအခါ ထွေးခင်သည် “ဆီးသီးသည် တော်ရို့… ဆီးသီးသည်” ဟု အသံစာစာနှင့် ဟစ်လေတော့သည်။

ထွေးခင်သည် အိမ်ပြတင်း ပေါက်များသို့လည်း မကြာ မကြာ လှမ်းကြည့်သည်။ “မိရွှေဗျိုင်း ငါ့ကို လှမ်းပြီး ခေါ်ကောင်းပါရဲ့” ဟုလည်း အောက်မေ့သည်။

သည်လိုနှင့် မိဖုရား မဗျိုင်း၏ အဆောင်တော် အနီးသို့ ထွေးခင် ရောက်လာသည်။

“အရပ်ကတို့ ဆီးသီး ဝယ်ကြအုံးမလား အလုံးကြီး အသီးချိုတဲ့ ဆီးသီး တော်လို့ ”

ထိုအခါ၊ မဗျိုင်း၏ အဆောင်တော်မှ အပျိုတော်တစု ထွေးခင်အနီးသို့ ဝိုင်းအုံလာပြီးလျှင် ဆီးသီးကို အလုအယက် ဝယ်ကြသည်။ ရယ်မော ကျီစယ်ကြသည်။

ထိုအခိုက် မဗျိုင်းနှင့် ဘုရင်ကြီး ထွက်လာသည်။ မဗျိုင်းသည် ထွေးခင်၏ အသံကို ကြားပြီး ဖြစ်သည်။ ထွေးခင်ကြောင့် မိမိ၏ နိမ့်ကျသော `ဆီးသီးသည် မဗျိုင်း’ ဘဝကို အများသိကုန်ကြမည်ကို မဗျိုင်း ရှက်သည်။ မိမိဇာတိ ပေါ်မည်ကို အစိုးရိမ်ကြီး စိုးရိမ်သည်။

ထို့ကြောင့် ထွေးခင်ကို မသိယောင်ပြုကာ “ဟဲ့ ရွှေစာတို့ ဘာလုပ်နေကြတာတုံး” ဟု ငေါက်ဆတ်ဆတ်နှင့် မေးသည်။

ထွေးခင် ဝမ်းသာသွားသည်။ သူငယ်ချင်းမ အလှကြီး လှနေပါလား။ အရင်ထက် နည်းနည်း ပိုဝသည်။ ထွေးခင်သည် “ငါ့ကို နှုတ်ဆက် ခေါ်ငင်တန် ကောင်းရဲ့” ဟုလည်း အောက်မေ့သည်။
“ထွေးခင်ကိုတော့ မမေ့တန်ပါဘူး” ဟုလည်း တွေးသည်။

ထိုအတွင်း ရွှေစာ ဆိုသူက –
“မှန်လှပါဘုရား ဆီးသီး ဝယ်နေကြောင်းပါ” ဟု လျှောက်သည်။

ထိုအခါ မဗျိုင်းသည် တင်းမာသော မျက်နှာထားနှင့်-
“ဆီးသီးဆိုတာ ဘယ်ဟာတဲ့တုံး။ မှန်း … ပြစမ်း ဘယ်ရွာက လာပြီး ရောင်းသတဲ့တုံး.. ဆိုစမ်း” ဟု ဆိုလိုက်ရာ၊ ထွေးခင်သည် ဆီးသီးတောင်းကလေးကို ကပျာကရာ ရွက်ပြီးလျှင် မျက်စိမျက်နှာ အပျက်ပျက်နှင့် ခပ်သုတ်သုတ် ပြန်ထွက်ခဲ့ရလေသည်။

“ဖြစ်ရလေ ဗျိုင်းကလေးရယ်… သင်း သည်လောက် မောက်မာဖို့ မသင့်ပါဘူး အေ” ဟု ထွေးခင် တွေးရင်း ငိုချင်ရင်း ရွာဆီသို့ ပြန်လေသည်။

မဗျိုင်း၏ “ဆီးသီးဆိုတာ ဘယ်ဟာတဲ့တုံး” ဟူသော အမေးကို ဘုရင် ကြားရသောအခါ အမျက်ပြင်းစွာ ထွက်လေသည်။

“မိမိ၏ ဘ၀မှန်ကို မေ့သူအား ငါမစုံမက်လိုပြီ။ ငါသည် သင်၏ ရိုးသားမှုကို ချစ်ခင်ခဲ့ခြင်း ဖြစ်သည်။ ယခု သင်၏ မာန်မာနကို မြင်ရ၍ နှလုံး မသာမယာ ဖြစ်ခဲ့သည်။ ယနေ့မှစ၍ သင်သည် နန်းတွင်းမှ ထွက်စေ”

ဤသို့ အမိန့်တော် မှတ်ပြီးလျှင် မိဖုရား အရာက နုတ်၍ နန်းတွင်းမှ နှင်ထုတ်လေသတည်း။

(၇)

မဗျိုင်းကလေး ပြန်လာပြီ။ ဆီးချိုကုန်း ရွာကလေးသည် မဗျိုင်းကို ကြိုလျက်ရှိသည်။ ဆီးသီးကောက်ဖော် ယောင်းမတို့ကလည်း ဝမ်းသာအားရ ကြိုကြသည်။ ထွေးခင်လည်း မဗျိုင်းကို စိတ်မနာနိုင်။ ပျော်လျက်ရှိသည်။ ငယ်ပေါင်း ရောင်းရင်းတို့သည် မဗျိုင်းကို ဝိုင်းလျက်။ ဆီးသီးပင်က ဆီးသီးဖြိုင်ဖြိုင်
သီးသကဲ့သို့ပင်။ မဗျိုင်း နောင်တ အရကြီး ရခဲ့ပြီ။

ဆီးပင်ရိပ်သို့ မဗျိုင်း ပြန်ရောက်ပါပြီ။ မဗျိုင်းကလေး ဆီးပင်ရိပ်က ဘယ်မျှ မခွာတော့ပါ။
ထို့အတူ ကိုရင်မွှေး ၏ ပလွေသံကလေးကလည်း ဆီးပင်ရိပ်က ဘယ်မျှ မခွာနိုင်တော့ပါ။

(တင်မိုး)