နှုတ်ရန် မလွယ်သောဆူး

Posted on

နှုတ်ရန် မလွယ်သောဆူး(စ/ဆုံး)

——————————–

“ဒုန်း….” ကျွန်မ အခန်းတံခါးကို ဆောင့်ပိတ်လိုက်တဲ့အသံကြောင့် ခုတင်ပေါ်မှာ စာဖတ်နေတဲ့ ကိုသူက မျက်မှောင်ကြုတ်ကြည့် ရင်းပြောတယ်။
“ဟောဗျာ ကေသီရယ် ဘာဖြစ်ရပြန်ပြီတုန်း”

“ဘာဖြစ်ရမလဲ၊ ကျွန်မကြည့်နေတာ ကြာ ပြီ..၊ ဒီအိမ်ကလူတွေ တော်တော် အဖြစ်သည်း ကြတာပဲ၊ ကြာတော့ အမြင်ကတ်လာပြီ၊ ဟုတ်တယ်”
” မင်းစကားကလည်း အဆုံးမရှိ အစမရှိနဲ့၊ ဘာကို ကြည့်မရဖြစ်နေတာတုန်းဆိုတာ သေချာပြောပြစမ်းပါတော့လား”
“ဟိုဘက်အိမ်က ပိုင်လေးကိုလေ…သည်းသည်းလှုပ်နေကြလွန်းလို့ပေါ့…၊ ကိုယ့် မြေးလည်းမဟုတ် ဘာလည်းမဟုတ်ကို ချစ်နေ လိုက်ကြတာများ ..မပြောချင်ဘူး”

“ဟားဟား.. .. ဘာများလဲလို့ ကေသီ ရယ်၊ ဘာမဟုတ်တဲ့ ကိစ္စလေးကို ပုံကြီးချဲ့ခံစား နေရသေးတယ်၊ ဖေဖေတို့ မေမေတို့က ဟိုး အရင်ကတည်းက ကလေးချစ်တတ်တာလေ၊ အမျိုးထဲမှာလည်း ကလေးမှ သိပ်မရှိတော့တာ၊ အဲဒီတော့ ဘေးအိမ်က ပိုင်လေးကို ချစ်နေကြ တာ ဘာဆန်းသလဲကွာ၊ ဒါကိုပဲ ချွေးမဖြစ်တဲ့ မင်းက မနာလိုဘူးဆိုရင်တော့ မင်းကိုယ်တိုင် သားသမီးသုံးလေးယောက်လောက် တစ်ဆက် တည်း မွေးပေးလိုက်…”

“ကိုနော်.. .ဟွန့်…၊ ကေသီတို့မှာက ကိုယ်ပိုင်အိမ်လေးတစ်လုံးတောင် မရှိသေးတာ ဘယ်လိုလုပ်ပြီး ကလေးယူမှာလဲ၊ ပြီးတော့ ကေသီလည်း ပိုက်ဆံစုမိချင်သေးတယ်၊ အိမ်ထောင်ကျတာမှ နှစ်နှစ်မကြာသေးဘူး၊ ကလေးတွဲလောင်းနဲ့ မနေချင်သေးပါဘူးနော်”

“အေး… အဲသလိုဆိုလည်း စိတ်လေး ဘာလေးကိုလျှော့၊ သဘောထားကြီးကြီး ထား၊ ကလေးကလားအပြုအမူတွေ မလုပ်စမ်း ပါနဲ့ကွာ၊ သူစိမ်းကလေးကိုတောင် ဒီလောက် ထိချစ်တတ်တဲ့ ငါ့မိဘတွေက ကိုယ့်မြေးအရင်း သာဆို ဘယ်လောက်အထိ ချစ်ကြလိမ့်မလဲ၊ တွေးကြည့်ပေါ့” ကိုသူ့စကားကြောင့် ကျွန်မ ဘာမှ ထပ်မပြောသာ။ ဒါပေမယ့် စိတ်ထဲမှာ တော့ မကျေနပ်နေတာတွေက လျော့ပါးမသွား ခဲ့။ စိတ်ထဲကနေလည်း တေးထားလိုက်တယ်။

“မိကေသီတို့ကလေးမွေးလို့ကတော့ သင်း တို့တွေ သည်းသည်းမလှုပ်ကြည့်၊ တွေ့မယ်၊ အဲဒီ ပိုင်လေးဆိုတဲ့ ကလေးထက် ချောချော လှလှကလေးကို မွေးပေးလိုက်ဦးမယ်”

အခန်း(၂)

“ကေသီရေ ဟိုဘက်အိမ်က မွေးနေ့ ဖိတ်ထားတယ်နော်၊ မသွားဘူးလား”
“သိတယ်လေ၊ မသွားပါဘူး၊ မဟုတ်လည်း အမေတို့ သွားကြမှာပဲ”
“ဟဲ့ တူမလား…၊ ဖိတ်စာနှစ်ခုနဲ့ သေချာ ဖိတ်ထားတာမို့ သွားမှကောင်းမှာပေါ့၊ လူမှု ရေးလေးဘာလေး သိစမ်းပါ ကေသီရဲ့”

“အို…လူမှုရေးတွေဘာတွေ အဲလောက် ထည့်တွက်မနေပေါင်၊ အမေတို့ကသာ အဲဒီ ကလေးကို ချစ်ကြအလေးပေးကြတာ၊ ကျွန်မ ဖြင့် အဲဒီကလေးကို ချစ်ကိုမချစ်တတ်ဘူး၊ ဘယ် ဘဝက ရေစက်ပါလိမ့်နော်၊ ကလေး ကလေး နေရာ မနေတတ်၊ မဆိုတတ်နဲ့ မုန်းစရာလေး”

“အေးအေး မလိုက်လည်း သဘောပါ တော်၊ ဒါပေမယ့် ကိုယ်ကလည်း ဒီအတိုင်းပဲ တစ်သက်လုံး ကလေးမမွေးဘဲ နေသွားမှာ မဟုတ်ဘူးလေ၊ လူဆိုတာ အသွားရှိမှ အပြန် ရှိတာ”

ကျွန်မယောက္ခမ ပြောနေသည်ကို မကြား သယောင်ပြုနေလိုက်တယ်။ သွားချင်လည်း ကိုယ့်ဘာသာသွားကြပေါ့။ ကိုသူက အလုပ် သွားတယ်ဆိုတော့ ကျွန်မကို နိုင်တဲ့လူ မရှိဘူး ရယ်။ အဲဒီ ပိုင်လေးဆိုတဲ့ ကလေးက လူကသာ အခုမှ အသက် လေးနှစ်ပြည့်တာ။ လည်တာက မွတ်နေတာပဲ။ အရွယ်နဲ့မလိုက်အောင် အရိပ် အကဲက နားလည်သေး။ အိမ်ကလူတွေကတော့ လည်လွန်းလို့ ချစ်စရာကောင်းတယ်ဆိုပြီး ချစ်ကြတာ။ ကျွန်မကတော့ လည်လွန်းလို့ကို အမြင်ကပ်တာ။
အိမ်မှာ မုန့်တစ်ခုခု လုပ်စားလို့ကတော့ ပိုင်လေးအသံ တစာစာကြားရပြီပဲ။ အစော ကြီးရှိသေး အိမ်ကလူတွေတစ်ယောက်ယောက် က ပိုင်လေးကို သွားခေါ်ထားကြတာလေ။

“အမေ .. အမေ့လက်ထဲက ဗီနိုင်းက ဘယ်သူ့ပုံတုန်း၊ အခုမှ ရွေးလာတာလား”
“ရွေးလာတာ မဟုတ်ပါဘူးအေ၊ ဟိုဘက် အိမ်က တောင်းလာတာလေ၊ ပိုင်လေးပုံပေါ့၊ ဒီမှာ ကြည့်စမ်းပါဦး၊ စတိုင်လ်ကတော့ ဗိုလ်အောင်ဒင်ပဲ ၊ စတစ်နဲ့ ပုဆိုးနဲ့ ၊ ခါးပတ်နဲ့ ဖိနပ်နဲ့၊ တိုက်ပုံကို ပခုံးမှာတင်ပြီး မျက်နှာက ခပ်ငေးငေးမော့လို့၊ ဘယ်လောက် အသက်ပါ လိုက်သလဲ ၊ ငါ့မှာ ချစ်လွန်းလို့ကို မ၀နိုင်ပါဘူး ကေသီရယ်၊ ရော့ ရော့ သားကြီး၊ ဒီပုံလေးကို ဟောဟို ဧည့်ခန်းရှေ့မှာ ချိတ်ပေးပါဦးကွယ်”
ကိုသူကတော့ “ဟုတ် အမေ” ဆိုပြီး သွားချိတ်လေရဲ့။ ကျွန်မကတော့ ဒီလို အကဲ ပိုတာတွေကြောင့် စိတ်မကြည်။ အဲလောက်ရှိ လှတာ ကျွန်မ ကလေးယူလိုက်တော့မယ်။ ဟုတ်တယ်။ အဲဒီလောက်ကလေးထိန်းချင်နေတဲ့သူတွေ။ ထိန်းရစေမယ်ပေါ့။

အခန်း(၃)
“ဟဲ့…သိန်းခင်၊ ဒါလေးက ဘယ်သူတုန်း၊ ညည်းမြေးလား၊ ချောလိုက်တာ ဟယ်၊ ကလေး နှယ် ဓာတ်ပုံရိုက်တာများ နေတတ်လိုက်တာ”
“ကြီးတော်အိကလည်း အဲတာ ကျုပ်မြေး မဟုတ်ပါဘူး၊ ဒါပေမယ့် ကျုပ်မြေးလိုပါပဲ၊ ဟိုဘက်အိမ်ကလေ၊ ကြီးတော်နဲ့မဆုံဖြစ်လို့ မမြင်ဖူးတာ၊ အဲဒီကလေးဟာလေ လိမ္မာချက် ချစ်စရာကောင်းချက်ဆိုမှ၊ ကျုပ်တို့လည်း မြေး မရသေးတော့ ဒါလေးချစ်နေရတာပါပဲ”

“အေးဟဲ့ ကလေးက ချစ်စရာကောင်းချက်” ကျွန်မအခန်းထဲက အတိုင်းသားကြားနေရတဲ့ စကားသံတွေပေါ့။ ဘယ်ဧည့်သည်လာလာ ဧည့်ခန်းထဲက ပိုင်လေးဓာတ်ပုံဟာ မပါမပြီး။ နဂိုကမှ ကြည့်မရပါဘူးဆို လူတွေကလည်း ခက်တယ်။ စကားမဟုတ်စကားရှာ ဘယ့်နှယ် ဒီဓာတ်ပုံက ပါပါလာရတယ်မသိ။ နားကြား ပြင်းကတ်လိုက်တာ ဆိုမှ။ နောင်များတော့ ကိုယ့်ကလေးမွေးပြီးတဲ့အခါ ဒီဓာတ်ပုံနဲ့ ယှဉ်ယှဉ်ပြီး ကိုယ့်ကလေးကို မလှဘူးဘာညာ နှိုင်းယှဉ်ကဲ့ရဲ့ကြရင် ခက်ရချည်သေးရဲ့။ ဧည့်ခန်းထဲမှာ ဒီဓာတ်ပုံမရှိရေး ကျွန်မ ဘယ်လို ကြံတွေးရပါ့။ နောက်ဆုံး အဖြေရတာကတော့ ကျွန်မကလေးရတဲ့အခါ ဧည့်ခန်းက ပိုင်လေး ဓာတ်ပုံကို အသာလေး ဖယ်ပစ်လိုက်လို့ရတာ ပဲလေ။ တကယ်တော့ အချိန်ပဲလိုတာပါပဲ။ ဘယ့်နှယ်ရှိစ။

“ကိုသူရေ..ကိုသူ၊ ဒီမှာကြည့် ဒီမှာ ဒီမှာ”
“ဟေ…ဘာတုန်းဟ”

“ကိုသူ…ရှင် ကလေးအဖေဖြစ်တော့မယ် တော့်၊ ကလေးအဖေဖြစ်တော့မယ် ”
“ဟာ..ဟုတ်လား..၊ ပျော်စရာကြီး မိန်းမ ရာ၊ ငါ ကလေးအဖေဖြစ်တော့မယ် ဟုတ်လား၊ အမေရေ..အမေ ၊.သား ကလေးအဖေဖြစ်တော့ မယ်တဲ့ ဗျ”
“ဪ ..ကိုသူရယ် ..တိုးတိုးသာသာ သွား ပြောပြပါလား၊ ဒီအနားက အော်ပြောနေတယ်၊ ရှက်စရာကြီးတော် ..ရှင်ကလည်း”
“အို..ဘာဖြစ်လဲ၊ ဘယ်သူ့မှ မရှက်ပါဘူး ကွာ၊ ဒါသဘာဝပဲ ၊ ကိုယ်တို့ ကလေးရတာဖြင့် နောက်တောင်ကျသေးတယ် ”
အခန်း(၄)

“ထွေးထွေးရေ..ဟဲ့ ထွေးထွေး”
“ရှင်…ကြီးမေ ..လာပါပြီရှင့်”

ကျွန်မ ယောက္ခမ ဒေါ်သိန်းခင် မအော်စဖူး အခေါ်ထူးနေပုံထောက်တော့ ဒီကိစ္စပဲ ဖြစ်လိမ့် မယ်လို့ ကျွန်မထင်တော့ထင်မိသား။
“ဒီနားက ပိုင်လေးဓာတ်ပုံ ဘယ်ရောက် သွားတာလဲ ၊ နင်သိလား”
“အဲဒါ.. .ဟို..ဟို… မမလေးကေသီ၊ မမလေးကေသီ ဖြုတ်ပြီး သူ့အခန်းထဲ ယူသွား တာတော့ တွေ့လိုက်တယ် ကြီးမေ”
“ဟုတ်တယ် အမေ.. သမီးအခန်းထဲ ပြောင်းချိတ်လိုက်တာ၊ အမေ့သား ကိုသူက ပိုင်လေးလိုသားလေးရချင်သပဆိုလို့ သမီး အဲဒီ ဓာတ်ပုံ ခဏခဏကြည့်ဖြစ်အောင်လို့ သမီး အခန်းထဲ ထည့်ကပ်လိုက်တယ် ”
“ဪ..ဟုတ်လား၊ အေး အေး..၊ ကောင်းတယ် သမီး ၊ ကောင်းတယ်”
“အလျှောက်ကောင်းရင် အထောင်း သက်သာ “ဆိုတယ်မို့လား။ ကျွန်မ ယောက္ခမ ကျွန်မပြောတာကို ယုံသွားတာပဲလေ။ ဒီကိစ္စ ဒီလောက်နဲ့ ဖြေရှင်းလိုက်နိုင်တာပဲ။ လွယ်ချင် တော့လည်း လွယ်လိုက်တာ။ သူတို့အတွက် ချိုမြိန်တဲ့ရသတစ်ခုဖြစ်နေခဲ့တဲ့ ဒီဓာတ်ပုံဟာ ကျွန်မရင်ထဲမှာတော့ စိုက်ဝင်နေတဲ့ စူး တစ်ချောင်းပဲ။ ရက်ရှည်လများ ကျွန်မ နစ်ဝင် နေတဲ့စူးကို ဖယ်ရှားလိုက်ရသလို စိတ်လက် ကြည်သာဖြစ်မိတယ်။ နှုတ်ခမ်းအစုံဟာ နှစ်လို ဖွယ်အပြုံးတို့ တွဲခိုလို့။ ဘယ်သူသိမလဲ။ ကျွန်မ အိပ်ခန်းထဲက ဗီရိုဘေးမှာ ကပ်ထားတဲ့ ဒီဓာတ်ပုံဟာ အဝတ်တန်းအောက်မှာ ခပ်ရို့ရို့။ ဝတ်လက်စ အပေါ်အင်္ကျီနှစ်ထည် ချိတ်ထား လိုက်ရင် ကျွန်မမြင်ကွင်းကနေ ကွက်တိ အပျောက်ပဲ။ ဗီရိုဖွင့်လိုက်တဲ့အခါဆို အစအန တောင် မမြင်ရအောင်အပျောက်ပဲ။ ကျေနပ် တယ်။ ကျွန်မ သိပ်ကိုကျေနပ်တာပေါ့။ ကိုယ်ဝန် သုံးလလောက်မှာ ချင်ခြင်းတက်တဲ့ အရာဟာ ဒီဓာတ်ပုံကိုဧည့်ခန်းထဲက ဖယ်ထုတ် လိုက်တဲ့အရာများ ဖြစ်နေမလား။ ထူးထူး ခြားခြား စားချင်တာမျိုးမှ မရှိခဲ့ဘဲ။ ဆူဖြိုးလာစ ဗိုက်ကလေးကိုပွေ့ပြီး အိမ်သားတွေကို စားချင် တာ တစ်မျိုးပြီးတစ်မျိုး ဂျီကျရတာကိုလည်း ကျေနပ်တယ်။ ကိုသူပြောတဲ့အတိုင်း ကျွန်မကို ဗိုက်ကလေးဆိုပြီး အလိုလိုက်ကြပါတယ်။ ကိုသူကစ တစ်အိမ်သားလုံးပါပဲ။ အသစ်ရောက် လာမယ့် ကျွန်မရင်သွေးကလေးကို သူတို့ မျှော်လင့်တကြီး ချစ်ဖို့ အသင့်ဖြစ်နေကြပါပြီ။ သူတို့တစ်တွေ ပိုင်လေးကိုလည်း အရင်လောက် သိပ်မသည်းကြတော့ဘူး။ ပိုင်လေးကပဲ တဖြည်းဖြည်း ကြီးလာလို့လား၊ ကျွန်မ ကိုယ်ဝန် ကြောင့်လားတော့ သေချာမသိပါဘူး။ ဘာ ဖြစ်ဖြစ် ကျွန်မလိုချင်နေတဲ့ အခြေအနေတစ်ခု ရောက်နေတာမို့ သိပ်ကျေနပ်နေပါတယ်။ ဒါပဲလေ။ ဒီလိုပဲ ဖြစ်နေရမှာပေါ့။ ကျွန်မတို့အိမ် မှာ ပိုင်လေးစိုးမိုးခဲ့တာ နှစ်တွေချီနေပြီးပြီပဲ။

အခန်း(၅)

“သမီး..ကေသီ၊ ကိုယ်ဝန်က ရှစ်လကျော် လာပြီ၊ ဆိုင်ကယ်နောက် လျှောက်မလိုက်ပါနဲ့ တော့၊ သမီးနဲ့ ကလေးအတွက် အမေက ပြောတာပါ”
“အို အမေကလည်း ဆိုင်ကယ်အနောက် က လိုက်တာဖြင့် ဘာမှ မဖြစ်ပါဘူး၊ သူများ တွေဆို ကိုယ်တိုင်တောင် မောင်းပြီးစီးနေကြ တာ အများကြီးပဲ ”
“အေး… မဖြစ်သေးလို့ မသိကြတာပဲ၊ တကယ်တမ်း ဖြစ်လာပြီဆိုမှ အမေကယ်ပါ၊ အဖေကယ်ပါလုပ်လို့ ဘယ်သူမှ မကယ်နိုင် ဘူးနော် ကေသီ၊ အမေကတော့ သတိပေးရုံ သက်သက်ပဲ၊ ကိုသူ မင်းကလည်း မပြောနဲ့ ကြားလား ၊ မင်းမိန်းမကို အလိုလိုက်နေ၊ သွား ရင်းလာရင်းနဲ့ လမ်းမှာသာ ကလေးထွက်ကျ လို့ကတော့ မင်းဘာသာ မွေးပေးလိုက်”
အပြင်ထွက်တိုင်းလည်း ကျွန်မယောက္ခမ က ပွစိပွစိ ရွတ်မြဲ။ ကျွန်မကလည်း လိုက်ချင်ရင် လိုက်မြဲ။ ကိုသူကလည်း ကျွန်မကို ကိုယ်ဝန် ကြီးနဲ့မို့ အလိုလိုက်တယ်လေ။ အလိုလိုက်မှာ ပေါ့။ ကိုယ်ဝန်ခြောက်လတုန်းက အာထရာ ဆောင်းရိုက်ကြည့်တော့ ယောက်ျားလေးတဲ့ လေ။ ကိုသူ လိုချင်နေတဲ့ သားလေးပေါ့။ ကျွန်မ လည်း ကျေနပ်ပါတယ်။ အိမ့်ဆည်းလည်း ကလေးဖြစ်လာမယ့် ကျွန်မသားပဲ။

“ကိုသူရေ…၊ အမေရေ…လာပါဦး..အ…အမေရေ” တီဗွီကြည့်နေတဲ့ ကိုသူတို့သားအမိ တွေရော တခြားအိမ်သားတွေပါ ကျွန်မအခန်း ထဲ အပြေးအလွှား ရောက်လာကြတယ်။ ဒီနေ့ ရုံးပိတ်ရက် စနေနေ့မို့ အိမ်မှာ လူစုံနေကြတာပဲ။ အချိန်က နံနက် ၁ဝနာရီ ။ ဗိုက်နာနေတဲ့ကြားက အချိန်တွေ ရက်တွေကို ကျွန်မ စဉ်းစားကြည့် မိတော့ “ဟာ…သားဦး စနေကြီး၊ ” ဒီနေ့မှ ဗိုက်ကလည်း နာရတယ်လို့ပဲ။ အယူသီးလှ တယ်မဟုတ်ပေမယ့် ဒီနေ့မွေးမယ့် ဇာတာပါ လာရင်တော့ ဘယ်တတ်နိုင်ပါ့မလဲပေါ့။ ဗိုက်နာ တဲ့ ဝေဒနာက အတော်ဆိုးတော့ ဆေးရုံကို ဘယ်လိုရောက်လာမှန်းကို မသိလိုက်။ ကား ပေါ်တက်တက်ဆို တက်လိုက်တာပဲ။ ဆင်း ဆင်းဆို ဆင်းပြီး လှဲ ..လှဲ ဆို လှဲနေရတာပဲ။ အဲဒီနေ့က တစ်နေကုန် တစ်နေခန်း ဗိုက်နာ ပါတယ်။ ဗိုက်နာတဲ့အချိန်အတော်ကြာသွား တော့ နောက်ဆုံး ခွဲမွေးဖို့ ဆုံးဖြတ်လိုက်ကြ တယ်။ ဘဝမှာ မိန်းမတစ်ယောက်အတွက် အခက်အခဲဆုံး တိုက်ပွဲလို့လည်း ပြောလို့ရ တယ်။ ဪ ..မိခင်မေတ္တာဆိုတာ ဒီလိုပါလား လို့ သိခွင့်ရတဲ့နေ့လည်းဖြစ်သလို သားသမီး ဆိုတာ မိဘတွေအတွက် စမ်းရေအေးပါလားလို့ နားလည်မိတယ်။ ထုံဆေးနဲ့ပဲ ခွဲမွေးတော့ မျက်လုံးအုပ်ထားပေမယ့် အသံတွေကြားနေရ တယ်။ အခုကြားနေရတဲ့ “အူဝဲ…အူဝဲ” ဆိုတာ ကျွန်မသားလေး ငိုသံပေါ့ ။ ကမ္ဘာမှာ နှစ်လိုဖွယ် အကောင်းဆုံးသော မယ်လိုဒီ အသံကလေးပေါ့။ ကိုယ့်ကိုယ်ကိုယ် ငါဟာ မိခင်တစ်ယောက်လို့ အသေအချာ သဘောပေါက်ရတဲ့နေ့ပါပဲ။ ခွဲခန်းကထွက်တော့ ထုံဆေးအရှိန်ကြောင့် အချိန်တော်တော်ကြာတဲ့အထိ လှုပ်မရသေး။ ကျွန်မလည်း တစ်ရေးလောက် အိပ်ပျော်သွားခဲ့ တယ်။ ကျွန်မ ပြန်နိုးလာတော့
“အမေ…သားရော သား..၊ နို့တိုက်မယ် လေ..၊ မိခင်နို့ကို စောနိုင်သမျှစောတိုက်တာ အကောင်းဆုံးပဲလို့ ကြားဖူးတယ်”

“သမီးက ဗိုက်ခွဲထားတာ ၊ သက်သာသလို နေပါဦး၊ ဟိုမှာ နာ့စ်မလေးက နို့ဘူးတိုက်ပေးနေ တယ်လေ” အမေက အဲသလို ပြောပေမယ့် အမေ့မျက်နှာ သိသိသာသာ ပျက်နေတယ်။ ကျွန်မ အကဲခတ်မိတာပေါ့။ ဘာလဲဆိုတာသာ မသိတာ။
“အဲတာဆိုလည်း သမီးကို သားလေးပြစမ်း ပါဦး၊ အဖေနဲ့ တူသလား၊ အမေနဲ့ တူသလား ကြည့်ရအောင်၊ ကိုသူတို့ရော အမေ….၊ သားလေးကို လာမကြည့်ကြဘူးလား ”

အမေ့မျက်ရည်တွေကို တွေ့လိုက်ရတော့ ကျွန်မပိုလို့ စိတ်ပူမိပါပြီ။ နာ့စ်မလေးက မရဲ တရဲ ကျွန်မမျက်နှာနားမှာ သားလေးကို မြင်သာအောင် လာပြတယ်။ ကလေးက နို့ဘူး လွတ်သွားလို့ တစ်ချက်လွန့်ရင်း အော်ငိုတယ်။
“အို…ဘယ်လိုကြီးလဲ၊ အမေ…ဒါ….ဒါ…ကျွန်မ သားတဲ့လား…၊ မဖြစ်နိုင်ဘူး ၊ ဒါ ကိုသူနဲ့ ကေသီရဲ့ သား လုံးဝမဖြစ်နိုင်ဘူး၊ ဒီလောက် ဆိုးဆိုးရွားရွား ဖြစ်စရာလား ၊ ကလေးမှားတာ..၊ ဒါ ကလေးမှားတာ အမေ..ဟင့်…ဟင့်…”
“သမီးရယ်..စိတ်ထိန်းပါ..၊ ကိုသူတို့ သားအမိတွေလည်း ဖြေမဆည်နိုင်ဖြစ်နေကြ လို့ အပြင်ဘက်မှာ မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေ ကြတာပါ။ ဒီလိုနှုတ်ခမ်းကွဲ အာခေါင်ကွဲဆိုတာ အခုခေတ်ကြီးမှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ အခမဲ့ ခွဲစိတ်လို့ ရနေပါပြီ၊ သမီး ဘာမှ စိတ်မညစ်နဲ့နော်…၊ အမေ ရှိပါတယ်ကွယ်၊ ငါ့မြေးလေးကို ဘယ်သူမချစ်ချစ် အမေတို့ ချစ်ကြမှာပေါ့၊ တိတ်..တိတ်”
“ဟင့်အင်း…ဟင့်အင်း..၊ အဲဒါ ကလေး မှားတာ၊ ကလေးမှားတာပါ အမေရဲ့…ဟင့် ဟင့်…ဟင့်”

မျိုးဆက်သစ်ရင်ပြင်
===========

ကြေးမုံသတင်းစာ
ဝတ်ထုတို
====
နှုတ်ရန် မလွယ်သောဆူး

လင်းဝင့်မြူ (ပြင်ဦးလွင်)
======================
အခန်း(၁)