အကြွေးရမှကျွတ်ပါ့မယ်(စ/ဆုံး)
——————————-
လွန်ခဲ့သော ( ၅ ) နှစ်ခန့်အချိန်ကဖြစ်သည်။ သူမအမည်
က ခင်ခင်မိုး။ အများက မမိုး ဟုသာခေါ်ကြသည်။ အ
သက်( ၄၀ )ကျော်အရွယ်မမိုးတွင်ကလေး( ၂ )ယောက်
လည်းရှိသည်။ သူမခင်ပွန်းကိုသက် က ကားပွဲစား။ အရောင်းအဝယ်လုပ်ရင်းကိုင်ရင်းဖြင့် ရှိစုမဲ့စု စုဆောင်းကာ အတော်အသင့်ကားလေးတစ်စီးကိုဝယ်နိုင်လာတော့သည်။
ကိုယ်ပိုင်ကားလေးဖြင့်ဘယ်သွားသွားကျော့ကျော့မော့
မော့သွားရသည့်အခါ မမိုးလည်း အနည်းငယ် မာန်လေး
တက်လာတော့သည်။ ထိုအခါ ဆိုက်နှင့်ဂိုက်နှင့် နေချင်
လာသည်။ သူဌေးလိုသုံးချင်ဖြုန်းချင်၊ ဝတ်ချင်စားချင်
သော်လည်း ခင်ပွန်းသည်က ထင်သလောက်ဝင်ငွေ မ
ကောင်းလှချေ။
ကလေးနှစ်ယောက်စရိတ်ကလည်းထောင်းလှသည်ဖြစ်
၍ မမိုးလည်းစိတ်ထင်တိုင်းမသုံးရဘဲ မတင်မကျသာ
ဖြစ်နေရသည်။ သမီးအကြီး နှင်းနှင်းအိ မှာလည်း မကြာ
ခင် အပျိုဖြန်းကလေးဖြစ်လာတော့မည်။ သူမကလည်း
လူငယ်ပီပီ လှတာတွေ့လျှင် လိုချင်၊ ဝတ်ချင်သည်။ လို
ချင်တာမြင်လျှင် မိခင်ဆီသာတောင်းသည်။
သားအငယ်မှာ ယခုမှ (၁၃)နှစ်အရွယ်။ ကလေးဆိုးကြီး
လိုဖြစ်နေသည်။ သားသမီးနှစ်ယောက်လုံး မမိုးကိုပိုဂျီကျ
နွဲ့ဆိုးတတ်သဖြင့် ပိုက်ဆံလေးစုလိုက်၊ ကလေးများထံပါ
သွားလိုက်နှင့် ငွေမမြဲခဲ့ပေ။ ခင်ပွန်းသည်၏ဝင်ငွေကိုအား
မလိုအားမရဖြစ်လာသည့်အခါ သူမကိုယ်တိုင် စီးပွားရေး
လုပ်မည်ဆိုပြီး စတင်လှုပ်ရှားတော့သည်။
သူမလုပ်သည်က နေ့ပြန်တိုးပေးခြင်းပင်ဖြစ်သည်။ တစ်
နေ့တာအတွက်ပြန်ရသည့်ပိုက်ဆံက မက်မောစရာကောင်း
လေသည်။ သူမ ရသည့်အတိုးက ၂၀%။ ငွေတစ်သောင်း
တွင် တစ်နေ့အတိုး နှစ်ထောင်ရသည်။ မနက်ငွေ တစ်
သောင်းချေးပေးလိုက်လျှင် ညနေ တစ်သောင်းနှစ်ထောင်
ပြန်ရသည်။ စစလုပ်ချိန်တွင်တော့ သူမကသိပ်မလည်ဝယ်သေးချေ။
တစ်လခန့်ကြာလာသည့်အခါ မမိုးလည်း ပါးနပ်လာချေ
ပြီ။ ရလေလိုလေ အိုတစ္ဆေဖြစ်လာသည်။ သူမထံ ငွေ
တစ်သောင်းချေးမည်ဆိုပါက အတိုးနှစ်ထောင်ကို တစ်ပါ
တည်းအရင်ကြိုနှုတ်ယူထားတော့သည်။ ထိုနှုတ်ယူထား
သောအတိုးများဖြင့် အခြားတစ်ယောက်ကိုထပ်ပေး
သည်။ သူမက စားပြီးရင်းစားကာ လက်ဖျားငွေသီးလာ
တော့၏။
ထိုအလုပ်ကလည်း လွယ်ကူသည်တော့မဟုတ်ချေ။ အချို့က ညနေပြန်ဆပ်ချိန်ပိုက်ဆံမပြည့်ခြင်း၊ အခြား
အကြောင်းတစ်ခုခုကြောင့် မပေးနိုင်သည့်နေ့များလည်း
ရှိသည်။ ထိုအခါ မမိုး ထမိန်အလံထူသည့်နေ့ပင်။ ဆဲနည်း
ပေါင်းစုံဖြင့်ဆဲတော့သည်။ ဆဲ၍မရပါက နဘန်းပါသတ်
သည်။ ထိုအချိန်ဆိုလျှင် သူမမျက်လုံးထဲ ငွေတစ်ခုသာ
မြင်နေတတ်၏။
အချို့လူများ ပိုက်ဆံပြန်မဆပ်နိုင်ဟုဆိုသည်နှင့် ၎င်းတို့
ပိုင်ပစ္စည်းများကို မတန်တဆဈေးနှိမ်ဖြတ်ပြီး အကြွေး
သိမ်းလာတတ်သေးသည်။ ဤကဲ့သို့ငွေကိုရှာရင်း ရွှေသီး
နေအောင်ဝတ်နိုင်သည်ကို သူမကိုယ်သူမ ဂုဏ်ယူမဆုံး
တော့ပေ။ ငွေ သိန်း ၅၀ ဖြင့်စတင်ခဲ့သည့်အတိုးချေးခြင်း
အလုပ်မှာ ယခု ၃ နှစ်တာအတွင်းတနေ့တခြား တိုးပွားလာ
ေသာကြောင့်သူမ မာန်တက်လာခဲ့သည်။
ခင်ပွန်းသည်ကိုပင် သူမလောက်မရှာနိုင်သဖြင့် အမြင်
မကြည်ချင်လာတော့။ မမိုးယောကျာ်းကလည်း မိန်းမဖြစ်
သူကို ကြောက်ရသည်။ ပြန်ခံမပြောဝံ့၊ မမိုးတစ်ခွန်းဆို ဆို
သလောက် ငြိမ်သည်။ ကလေးနှစ်ယောက်ကလည်း အစကတည်းမှ ဖြုန်းချင်သုံးချင်သူများဖြစ်၍ ယခုလိုသုံး
ဖြုန်းလာနိုင်သည်တွင် ထင်တိုင်းကျဲတော့သည်။ မမိုးဆူငေါက်လျှင်ခေတ္တတော့ငြိမ်သွားတတ်ကြသည်။
မကြာ၊ အရင်အတိုင်းပြန်ဖြစ်မြဲ။ မမိုးလည်းမထိန်းနိုင်
လာတော့ပေ။ အကြွေးစာရင်းများလုပ်ရ၊ အကြွေးတောင်း
ရနှင့် အားလှသည်ဟူ၍မရှိ။ နေ့နေ့ညညသူမခေါင်းထဲ၌ မည်သူ့ထံမှ မည်မျှရစရာရှိသည်၊ မည်သူ့ကိုတော့ မည်မျှ
လောက်သာပေးချေးမည်၊ ယခုထက်ပို၍ငွေတိုးများပွားများလာရန် မည်ကဲ့သို့လုပ်မည် စသဖြင့် ထိုအတွေးများသာရှိနေသည်။
အိမ်ကလေးကိုအသစ်ပြန်ဆောက်ချင်သည်မှာကြာနေ
ပြီ။ မမိုးအတိုးပေးစားလာသည်က ၃နှစ်နီးပါးရှိနေပြီဖြစ်
သော်လည်း အိမ်အသစ်ဆောက်ရန် မလုံလောက်နေချေ။
ထိုထက်ပို၍ရှာရမည်ဟုအကြံထုတ်နေသည်။ သူမ၏နှုတ်
ကြမ်းမှုများ၊ မတန်တဆအတိုးနှုံးများကြောင့် အရေးပေါ်
မလိုအပ်လျှင် မချေးကြတော့ပေ။ ထို့ကြောင့် ဝင်ငွေက
ခါတိုင်းလိုမကောင်းလှတော့။
မမိုးလည်းအခြားလုပ်ငန်းများတွဲလုပ်ကြည့်ရန်စဉ်းစား
ကြည့်သော်လည်း နေ့ပြန်တိုးလောက်မက်စရာမရှိနေချေ။
သူမ၏မတော်လောဘကိုမကျော်လွန်နိုင်ခဲ့။ ထို့ကြောင့်
နယ်ချဲ့ရတော့သည်။ သူမနေသည့်မြို့၏အနီးတဝှိုက်ရှိ
မြို့ငယ်လေးများသို့တိုင် ငွေတိုးလိုက်ပေးသည်။ ယုံ
ကြည်ရလောက်သည့်လူရင်းများမွေးပြီး တိုးချဲ့တော့
သည်။ သူမက ၁၅%ယူပြီး ကိုယ်စားလုပ်ပေးသူကို ၅%
ပေးလိုက်သည်။
ထိုအခါ အလုပ်ကပြန်တွင်ကျယ်လာသည်။ သို့သော်သူမ
ထင်သကဲ့သို့ ကြာရှည်အဆင်မပြေခဲ့ပေ။ သူမယုံကြည်
စွာခိုင်းစေခဲ့သော မနီလာဆိုသည့်အမျိုးသမီးက အရင်း
ရော၊အတိုးပါ မပေးဘဲရှောင်တိမ်းသွားခဲ့လေသည်။ ပိုက်
ဆံ သိန်းတစ်ရာေကျာ်နီးနီးခန့်ပါသွားသဖြင့် မမိုးရင်ထု
မနာဖြစ်ရတော့သည်။ အပူမီးကြောင့်သွေးဆောင့်တက်
ပြီး လဲကျကာဆေးရုံသို့ရောက်သွား၏။
မည်မျှစိတ်ကြီးသည်မသိ။ နှာခေါင်းမှပင် သွေးယိုကျ
သည်အထိ သွေးတက်ပစ်လေသည်။ ဆေးရုံ၌ ၃ ရက်
တက်ပြီး သက်သာလာသဖြင့်အိမ်ပြန်ခွင့်ရခဲ့သည်။ အိမ်
ရောက်သော်လည်း မနား။ မနီလာကဲ့သို့ ငွေပေးထားသူ
များကိုစိတ်ပူလာသည်။ ထို့ကြောင့် ရလောက်ပြန်သိမ်း
ရန် စာရင်းစာအုပ်လေးအိတ်ထဲထည့်ကာထွက်လာခဲ့
တော့သည်။
နေအပူရှိန်ကလည်းပြင်းလွန်းလှသည်။ လူကလည်းမူး
ရိပ်ရိပ်။ သူမမျက်လုံးထဲ ငွေပဲမြင်နေမိသည်။ ဤသို့နှင့်
ကားလမ်းတစ်ဖက်သို့အကူး ကုန်းဆင်းတွင်အရှိန်ဖြင့်ကွေ့ချလာသောကားနှင့်ပက်ပင်းတိုးကာ ထိုနေရာ၌ပင်
သေဆုံးသွားခဲ့တော့သည်။ မမိုးအလောင်းကိုရင်ခွဲရုံပို့ပြီး
ခင်ပွန်းသည်ကသေဆုံးစဉ်၌ကျန်နေသော ပိုက်ဆံအိတ်ကိုယူပြန်လာခဲ့၏။
ထိုအိတ်ကို ဗီဒိုထဲထည့်ထားလိုက်သည်။ လိုအပ်သည်များ
ကိုပြင်ဆင်နေသဖြင့် တစ်ညလုံးမအိပ်နိုင်ခဲ့ပေ။ အိပ်၍
မပျော်ဘဲဖြစ်နေသည်။ တစ်နေကုန်ပင်ပန်းလှသဖြင့် အ
ခန်းထဲဝင်ပြီးကုတင်ပေါ်လှဲချရုံရှိသေးသည်၊ ဗီဒိုတံခါးက
ကျွီခနဲ သူ့အလိုလိုပွင့်လာပြီး ပိုက်ဆံအိတ်ပြုတ်ကျလာ
တော့သည်။ ကိုသက်လည်း အံ့ဩစွာကြည့်နေရင်း လှဲ
နေရာမှထကာ ပိုက်ဆံအိတ်ကိုကောက်ယူပြီး ပြန်ထည့်
လိုကျ၏။
ပြီးနောက် ပြန်လှဲချလိုက်သည်။ ဟိုလှိမ့် ဒီလှိမ့်ဖြင့် ၁၅
မိနစ်ခန့်ကြာသည့်အခါ ဗီဒိုကသူ့အလိုလိုပွင့်လာပြီး အိတ်
ပြန်ပြုတ်ကျလာပြန်သည်။ ထိုအခါ ကိုသက်လည်းသိ
လိုက်လေပြီ။ မမိုးသာဖြစ်မည်မှန်းသိနေသလို ဆံပင်ပဲ
ထောင်လာသလိုလိုဖြစ်လာသည်။ အိတ်ကိုလည်းထပ်
မကောက်ရဲတော့ဘဲ မသိဟန်ဆောင်ပြီးနေလိုက်၏။
ထိုသို့ဖြစ်ပြီးမကြာ အခန်းမီးခလုတ်ကသူ့အလိုလိုဖျတ်ခနဲ
ပိတ်သွားသည့်အခါ ကြောက်စိတ်ကိုမထိန်းနိုင်တော့ဘဲ
အခန်းအပြင်သို့ပြေးထွက်လေတော့သည်။ ဖဲဝိုင်းဘေး၌
ထိုင်လိုက်မှ စိတ်အနည်းငယ်ပေါ့ပါးသွားသလိုဖြစ်သွား
၏။ ည ၁နာရီခန့်အချိန်တွင် သားအငယ်ဖြစ်သူက အိပ်
နေရာမှ ထပြေးလာတော့သည်။
” အဖေ … ”
သားဖြစ်သူကတုန်လှုပ်နေသောအသံဖြင့်ခေါ်ကာ
” အမေက ကျွန်နော်အိပ်နေတာကို ဘေးကနေလာရပ်
ကြည့်နေတယ် ”
လူကြားသူကြားထဲလာပြောသဖြင့် စကားရောဖောရော
ပြောပြီး သားဖြစ်သူကိုအခန်းထဲလက်ကုတ်ခေါ်လာခဲ့
သည်။
” လူတွေရှေ့မပြောနဲ့လေသားရဲ့ ”
” အရမ်းလန့်သွားလို့… အမေ့ကိုတကယ်တွေ့တာ ”
” လူတွေအများကြီးရှိနေတာပဲ … ကြောက်စရာမရှိဘူး
အမေကဘာမှမလုပ်ဘူး… ဟုတ်လား ”
သားဖြစ်သူကိုနှစ်သိမ့်ကာပြန်အိပ်ခိုင်းရသည်။ ပြောမယ့်
သာပြောရသည်။ ကလေးနှစ်ယောက်မှာ မိခင်ကိုသာအား
ကိုးကြသည်ဖြစ်၍ ယခုကဲ့သို့ခွဲခွါရခြင်းကိုလက်မခံနိုင်
ကြသေးဘဲ အလူးအလဲခံစားနေကြရှာသည်။ ကိုသက်
သည်လည်း ကလေးနှစ်ယောက်ကိုကြည့်ကာစိတ်မချမ်း
သာချေ။
နောက်တစ်ရက် အလောင်းကိုရင်ခွဲရုံမှအိမ်သို့သယ်လာ
ခဲ့ကြသည်။ မကြာခင်မှာပင် မမိုးထံအကြွေးပေးရန်ကျန်
သူများဆိုကာ လူတချို့ ပိုက်ဆံနှင့်စာရင်းဇယားနှင့်လာ
အပ်ကြလေသည်။ ကိုသက်က နာရေးနှင့်မအားသဖြင့်
နာရေးပြီးမှသာ လာပေးကြရန်ပြောသော်လည်းမရ၊ အ
တင်းပေးသွားကြသည်။ စာရင်းပြန်ကြည့်၍မကိုက်ပါက
လာပြန်ပြောရန် လိပ်စာများပင်ရေးပေးသွားကြလေ
သည်။
ကိုသက်လည်း လာပေးသည့်အတိုင်းလက်ခံပေးပြီး
ဗီဒိုထဲထည့်ကာ သော့ခတ်ထားလိုက်တော့သည်။ စာရင်း
လည်းမတိုက်အားသဖြင့် နောက်မှတိုက်ကြည့်မည်ဟု
တွေးထားသည်။ အသုဘမှာ မစည်ပေ။ မမိုးအသက်ရှိ
စဉ်က ငွေတစ်ခုတည်းကြည့်ပြီးဆက်ဆံခဲ့သော ဆက်ဆံ
ရေးများကြောင့် မလာကြသူများသည်။ ထို့ကြောင့်အသု
ဘနာရေးမှာ လူကျဲကျဲသာရှိလေသည်။
ညရောက်သည့်အခါ ကလေးနှစ်ယောက်က ကိုသက်ကို
အခန်းထဲခေါ်ပြောသည်။ မမိုးမကျွတ်ဘဲ အကြွေးလိုက်
တောင်းနေသည်ဟူ၏။ ထို့ကြောင့် အကြွေးများအလျှို
လျှိုလာပေးကြခြင်းဖြစ်ကြောင်းတိုးတိုးတိတ်တိတ်ပြော
ပြကြသည်။ ကိုသက်လည်း မယုံတစ်ဝက်ယုံတစ်ဝက်
ဖြင့် နားထောင်နေရသော်လည်း မနေ့ညကဗီဒိုပွင့်လာကာ
ပိုက်ဆံအိတ်ပြုတ်ကျသည်ကိုတွေ့မြင်ထားသဖြင့် မယုံ
ဘဲလည်းမနေရဲပေ။
ကလေးနှစ်ယောက်မှာတော့ မိခင်ကိုချစ်သော်လည်း
ထိုကဲ့သို့မြင်ေတွ့ရမည်ကိုကြောက်နေပုံရလေသည်။
ကလေးနှစ်ယောက်ထွက်သွားပြီး အခန်းထဲတစ်ယောက်
တည်းကျန်နေစဉ် ခေါင်းရင်းဖက်တံခါးကို ဒုန်းခနဲ ခပ်
ကြမ်းကြမ်းတစ်ချက်ထုလာကာ မမိုးအသံနှင့်
” ကိုသက် … စာရင်းတွေကိုက်ကြည့်ဦး ”
ဟူ၍ အေးစက်စက်အသံဖြင့်ပြောနေသည်ကို နားနှင့်
ဆတ်ဆတ်ကြားလိုက်သောအခါ ကျောရိုးတွင်းစိမ့်တက်
လာပြီး ခြေလက်များအေးခဲလာတော့သည်။ အခန်းထဲ
မနေရဲသဖြင့် အပြင်သို့ ထွက်ထိုင်နေလေ၏။
‘ အော်… မမိုး … မမိုး ဘယ်သူတွေဆီသွားခြောက်ပြီး
အကြွေးတောင်းဦးမလဲမသိဘူး ‘ ဟု ကိုသက်အတွေး
ထဲကြီးစိုးနေတော့သည်။ ထို့အပြင် ပေးစရာရှိသူများ
အစား ရင်ထိတ်မိနေလေ၏။
” ကိုသက် ”
ခေါ်သံကြားသဖြင့်လှည့်ကြည့်သည့်အခါ ဘေးအိမ်မှ
ကိုလင်းဇော် ဖြစ်နေသည်။
” အော် ”
” လာပါဦးဗျ ”
ထိုသူက လက်တို့ခေါ်သဖြင့် အခန်းထောင့်နေရာသို့ သွား
ထိုင်လိုက်ကြသည်။
” ပြောရမှာလည်းအားနာတယ်ကိုသက်ရာ … ခုလိုပြော
တာစိတ်လည်းမရှိနဲ့ဗျ ”
” ရပါတယ်ဗျာ … အချင်းချင်းတွေပဲ … ပြောပါဗျာ ”
” မနေ့ညကကျွန်တော်နောက်ဖေးသွားတော့ မမိုးလေ
တဖြည်းဖြည်းအရပ်ကြီးရှည်လာပြီး ကျွန်တော့်အိမ်ဖက်
လှည့်ကြည့်နေတယ် ”
” ဗျာ … ဟုတ်လို့လားဗျ ”
” ဘုရားစူးရစေဗျာ … ကျွန်တော်လည်းကြောက်အားလန့်
အားနဲ့ အိမ်သာထဲတောင်မဝင်နိုင်ဘူး ပြန်လှည့်ပြေးတာ”
” အင်းပေါ့ဗျာ … သူလည်းစွဲမိ စွဲရာ ထင်ပါတယ် ”
” စိတ်လည်းမကောင်းဘူးဗျ … ကျွန်တော်ဘယ်သူ့ကို
မှ မပြောဖြစ်ဘူး … ကိုသက်ကိုတော့ ပြောသင့်တယ်ထင်
လို့ ”
” ဟုတ်ကဲ့ … ကိုလင်းဇော် … ကျေးဇူးတင် … ”
” ဒုန်း ”
စကားမဆုံးသေးခင် ၎င်းတို့ထိုင်နေရာဘေးရှိနံရံကြီးအား
အပြင်ဖက်မှနေ၍ ထုထည့်လာသည့်အခါ နှစ်ယောက်သားမျက်စိမျက်နှာပျက်သွားကြလေသည်။ မသိဟန်ပြု
ရင်းဖဲဝိုင်းဘေး၌ပြန်ဝင်ထိုင်ကာ ဖဲရိုက်နေကြသည်များ
ကို ထိုင်ကြည့်နေလိုက်ကြတော့သည်။
” အား အမလေး ”
အိမ်နောက်ဖက် မီးဖိုခန်းဆီမှ အော်သံကြားသဖြင့်
ထကြည့်ကြသည်။ နာရေးလာကူသည့် မမိုးညီမဝမ်းကွဲ
မှာ ပြေးထွက်လာပြီး တုန်နေသည်။
” ဘာဖြစ်တာလဲ … မမေလေး ”
” မမိုးကြီးတော့ ”
” ဘယ်မှာလဲ ”
” ပြူတင်းပေါက်နားမှာရပ်ပြီးလာကြည့်နေတယ် ”
သူမကမဟုတ်ဘဲပြောတတ်သူမဟုတ်။ မျက်နှာလည်း
တည်ပြီး အရယ်အပြုံးလည်းနည်းလှသူ။ မမေလေးတွေ့
သည်ဆိုလျှင် ပို၍သေချာလေသည်။ နာရေးပြီးမှစိတ်
အေးပေမည်ဟု ကိုသက်တွေးမိသည်။
နောက်တစ်ရက်အသုဘချမည့်မနက်တွင် ပုန်းရှောင်
နေပါသည်ဆိုသည့် မနီလာရောက်ချလာတော့သည်။
” ကိုသက်ရယ် ကြားရတာလည်းစိတ်မကောင်းဘူး …
ကျွန်မ မမိုးပိုက်ဆံကိုပြန်ဆပ်မှာပါ … ကျွန်မကို တစ်လ
လောက်အချိန်ပေးပါရှင် … တစ်လအတွင်း ခွဲခွဲဆပ်ပါ့
မယ် ”
မနီလာမှာ အလွန်ပင်စိုးထိတ်နေဟန်ရသည်။ ဆုံးပြီဟု
ထင်ထားပြီးမှ ယခုလိုဆပ်ပါမည်ဟုလာပြောသည်ကို
မငြင်းနိုင်ပေ။ လာဆပ်သည်ပင် ကျေးဇူးတင်နေမိသည်။
နောက်မှကြားသိသည်က မနီလာကိုလည်ပင်းတက်ညှစ်သည်ဟူ၍ဖြစ်သည်။ လည်ပင်းညှစ်ပြီး’ ငါ့ပိုက်ဆံ
လိမ်သွားတာနင် ‘ ဟုဆိုကာအချိန်အတော်ကြာလည်ပင်းညှစ်ထားသည်ဟုပြန်ပြောပြသည်။ သေဆုံးပြီးပြီးချင်း
ညကတစ်ခါ နောက်ညတစ်ခါ ၂ညဆက်တိုက်လည်ပင်းလာညှစ်နေသဖြင့် မနီလာလည်းပုန်းနေရာမှကြောက်အား
လန့်အားဖြင့် အသုဘအိမ်ပြေးလာကာအကြွေးလာတောင်းပန်ရခြင်းဖြစ်သည်။
အလောင်းဘေးနားသွားကာ ” မမိုးရေ ပေးစရာရှိတာ
တွေအကုန်လုံး ကိုသက်ဆီတစ်လအတွင်းလာပေးပါ့
မယ် ကျွန်မကို ထပ်မခြောက်ပါနဲ့တော့ရှင် ” ဟု ခပ်
တိုးတိုးပြောသွားေသးသည်။
ထို့နောက် မမိုးကိုအသုဘချပြီး ရက်လည်ပြီးသည်အထိ
ခြောက်လှန့်နေဆဲပင်။ ခြေသံများကြားရသည်တမျိုး၊
အသံပေးသည်တစ်မျိုး၊ အကောင်အထည်ဖြင့်ခြောက်
လှန့်သည်ကတစ်မျိုး အမျိုးမျိုး ခြောက်နေဆဲ။ တရားနာအမျှဝေပေးသော်လည်းမကျွတ်လွတ်နိုင်ဖြစ်နေသည်။
ခြောက်လှန့်ခံရပေါင်းများသည့်အခါ ကိုသက်လည်း
နှုတ်မှခပ်တိုးတိုးပြောလိုက်မိသည်။
” ငါတို့ကိုထပ်မခြောက်ပါနဲ့ … စိတ်ဖြောင့်ဖြောင့်သွားပါ
မိန်းမရယ် … ”
ကိုသက်ကနေ့လည်ခင်းကတစ်ကိုယ်တည်းကြားရုံ
ခပ်တိုးတိုးပြောလိုက်ခြင်းသာ။ ည ၁၁ နာရီအချိန်ခန့်
ကိုသက်အိပ်နေတုန်း သူ့ဘေး၌ တဂျွတ်ဂျွတ်အသံ
ကြားနေရသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ
မမိုးက ကိုသက်အိပ်နေရာဘေးတွင် ဖြူဖတ်ဖတ်နှင့်
ကျောချမ်းစရာငုတ်တုတ်ထိုင်ကြည့်နေသည်။
ထို့နောက်
” အကြွေးရမှ ငါကျွတ်မယ် ”
ဟူသတည်း။
သော်တာလမင်းစန္ဒာ