အောက်ဝိဇ္ဖာဒေါ်သောင်းနှင့် ကျားအိုကြီးဗျဂ္ဃ

Posted on

အောက်ဝိဇ္ဖာဒေါ်သောင်းနှင့် ကျားအိုကြီးဗျဂ္ဃ

(၁)

မောင်စိုင်းမှာ သမန်းကုန်းတောအုပ်အတွင်း တောတိုးကာဝင်ရောက်နေမိသည်။ လမ်းတွင်အိမ်ကလေးများကိုတွေ့ရသော်လည်း ထိုအိမ်ကလေးများအတွင်းတွင် လူမရှိဘဲ အဝတ်အထည်အသုံးအဆောင်များမှာ ပြန့်ကျဲနေသည်ကိုသာတွေ့ရသည်။ သို့နှင့် တစ်အိမ်ပြီးတစ်အိမ်လိုက်လံရှာဖွေရင်း ရေကန်ကြီးတစ်ခုအနီးသို့ရောက်လာခဲ့သည်။ ရေကန်မှာ စက်ဝိုင်းပုံသဏ္ဍာန်ရှိကာ ရေကန်ပတ်ပတ်လည်တွင် ငှက်ပျောပင်များ၊ အုန်းပင်များက အစီအရီပေါက်နေကြလေသည်။ ရေကန်တစ်ဖက်ကမ်းတွင်တော့ အိမ်ကလေးတစ်လုံးကိုတွေ့ရပြီး အိမ်ကလေးအတွင်းမှ မီးခိုးများအူထွက်နေသည်ကိုတွေ့ရပြန်သည်။

“မီးခိုးထွက်နေတယ်ဆိုရင်တော့ လူရှိပုံရမှာပဲ”

မောင်စိုင်းမှာ ထိုသို့တွေးမိကာ ရေကန်အားပတ်လာခဲ့လိုက်သည်။ မောင်စိုင်းထင်သည့်အတိုင်း အိမ်ကလေးတွင် လူသူအရိပ်အယောင်ကိုတွေ့ရပြီး အိမ်ရှေ့တွင် ကွပ်ပျစ်ကြီးတစ်ခုခင်းထားကာ လူကြီးသုံးလေးယောက်က ထိုင်နေကြသည်။ မောင်စိုင်းက အနီးသို့တိုးကပ်လာခဲ့သည့်အခါ ထိုလူများက မောင်စိုင်းကိုတွေ့ပြီး အနည်းငယ်ထိတ်လန့်သွားကြလေသည်။ လူကြီးတစ်ဦးက နံဘေးတွင်ချထားသည့် ဓါးကြီးကိုလက်လှမ်းယူလိုက်သည်။

“ဟေ့ကောင် မင်းဘယ်သူလဲ၊ တို့ရွာကိုဘာလာလုပ်တာလဲ”

မောင်စိုင်းက ပြဿနာမဖြစ်ချင်သဖြင့် လက်ကာပြလိုက်ကာ

“ကျုပ်က လူကောင်းတစ်ယောက်ပါ၊ နောင်ကြီးတို့ကို အန္တရာယ်ပြုဖို့လာတာ မဟုတ်ပါဘူးဗျာ”

အသက်ငါးဆယ်ခန့်ရှိသည့်လူကြီးက ကျန်လူများကိုခေါင်းညိတ်ပြလိုက်သည့်အခါမှ ကျန်လူများမှာလက်နက်များကိုပြန်ချထားလိုက်သည်။ တဲကလေးမှာ တစ်ဖက်ဖွင့်တဲကလေးဖြစ်ကာ ဆိုင်ကလေးတစ်ခုနှင့်ပင်တူညီနေသည်။ မောင်စိုင်းက ကွပ်ပျစ်တွင်ထိုင်ချလိုက်ကာ

“မောလိုက်တာဗျာ၊ ရေလေးဘာလေးတိုက်ပါအုံး”

ထိုအခါ လူကြီးတစ်ယောက်က သူတို့အရှေ့တွင်ချထားသည့် ဝါးကျည်တောက်အတွင်းမှ အညိုရောင်အရည်များကို ဝါးဆစ်ခွက်တစ်ခုအတွင်းသို့ လောင်းထည့်ပေးလိုက်ကာ မောင်စိုင်းထံကမ်းပေးလိုက်သည်။ မောင်စိုင်းက ထိုအရည်များကိုယူလိုက်ကာ နမ်းကြည့်လိုက်လေသည်။

“ဒါက ဘာတွေများလဲ”

“တို့ဆီမှာ ရေတော့မရှိဘူးကွ၊ စိမ်ရေပဲရှိတယ်၊ ရော့ သောက်”

စိမ်ရေဆိုသည်မှာ ခေါင်ရည်ကဲ့သို့ ကဇော်ဖောက်ထားသည့်အရည်တစ်မျိုးပင်ဖြစ်သည်။ မောင်စိုင်းမှာ ဝါးဆစ်ခွက်ကိုယူကာ မော့သောက်ချလိုက်သည်။ စိမ်ရေမှာ အေးမြနေကာ ချဉ်စုတ်စုတ်အရသာရှိသော်လည်း မကြာခင် ခံတွင်းတစ်ခုလုံးချိုမြိန်သွားလေသည်။ မြိုချလိုက်သည့်အခါ လည်ချောင်းတစ်ခုလုံး ပူရှိန်းသွားပြန်သည်။ မောင်စိုင်းက ပြုံးလိုက်ပြီး

“သောက်လိုက်ရင်ချို၊ မြိုလိုက်ရင်ခါးဆိုတာ ဒါမျိုးဖြစ်မှာဗျ၊ ဒီစိမ်ရေက ချိုလိုက်တာဗျာ”

“အဲဒါ ကောက်ညှင်းငချိတ်နဲ့ဖောက်ထားတဲ့ စိမ်ရေကွ၊ ကဲ သောက်အုံးမလား”

“သောက်မှာပေါ့ဗျာ၊ ဒီလောက်ကောင်းတဲ့ စိမ်ရေကိုမသောက်ရင် ကျုပ်လူဖြစ်ရှုံးသွားမှာပေါ့ဗျ”

ထိုစဉ် တဲကလေးအတွင်းမှ မိန်းကလေးတစ်ယောက်ထွက်လာလေသည်။ ထိုမိန်းကလေး၏လက်ထဲတွင် မြေဖြင့်ပြုလုပ်ထားသည့် ပန်းကန်ပြားကလေးကိုင်လာကာ မည်းမည်းအကောင်လေးများကိုထည့်ထားသည်။

“ရော့ ဟောဒါက ရှဉ့်သားကျပ်တင်ကွ၊ စိမ်ရေနဲ့ဆို သိပ်လိုက်တာပေါ့”

မောင်စိုင်းက ရှဉ့်တစ်ကောင်ကို ကိုက်ဝါးလိုက်ရင်း

“ကောင်းလိုက်တာ နောင်ကြီးတို့ရာ၊ ကျုပ်အလကားမစားပါဘူးဗျ၊ ငွေပေးပါ့မယ်”

“မလိုပါဘူးကွာ၊ ကျုပ်တို့ရွာကို တကူးတကလာလည်တဲ့ ခင်ဗျားကို ဧည့်ခံတဲ့သဘောပါ ကြိုက်သလောက်သာစား၊ကြိုက်သလောက်သောက်နော်၊ ကျုပ်တို့က ကျုပ်တို့ပေးတာကျွေးတာကို အားရပါးရစားမှ ကျေနပ်တာဗျ”

မောင်စိုင်းမှာ ခေါင်းညိတ်လျှက် ရှဉ့်ကောင်ကိုကိုက်လိုက် စိမ်ရေကိုသောက်လိုက်နှင့် ဇိမ်ကျနေလေသည်။ စိမ်ရေသောက်လိုက်သည့်အခါ မောင်စိုင်း၏ အာများလျှာများမှာ သွက်လက်လာလေသည်။ ထိုအခါ ထိုလူကြီးများနှင့် စကားများဖောင်ဖွဲ့ကာပြောဆိုနေလေသည်။ ထိုသို့ပြောဆိုစားသောက်နေရင်း မောင်စိုင်း၏ခေါင်းအတွင်းသို့ အတွေးတစ်ခုဝင်ရောက်လာလေသည်။

“ငါက ဒီမှာစားသောက်နေပေမယ့် မိခါးတို့က အဆင်ပြေပါ့မလား”

မောင်စိုင်းမှာ စိမ်ရေခွက်ကို ကိုင်ကာ တွေးတောနေမိသည်။ ထိုအခါ စိမ်ရေဝိုင်းတွင်ထိုင်နေသည့်လူကြီးက

“မောင်ရင် ဘာတွေတွေးနေသလဲကွ၊ မသောက်ဘူးလား”

“သောက်မှာပါဗျာ သောက်မှာပါ”

မောင်စိုင်းက စိမ်ရေခွက်ကို မော့သောက်ချလိုက်လေသည်။ စိတ်ထဲမှလည်း

“အို၊ မိခါးမှာ စိန်တလုံးရှိသေးတာပဲ၊ စိန်တလုံးက သူ့ကိုစောင့်ရှောက်မှာပေါ့၊ သူတို့လမ်းအတိုင်းဆက်လိုက်လာရင် ဒီနေရာကိုရောက်လာကြမှာပါ”

မောင်စိုင်းက ထိုသို့တွေးကာ ဆက်လက်သောက်စားနေလေသည်။

စိန်တလုံးမှာလည်း လူတစ်ယောက်အနောက်သို့ပြေးလိုက်လာခဲ့သည်။ ထိုလူမှာ လူတစ်ယောက်၏ ပုံသဏ္ဍာန်ရှိသော်လည်း လူသားတစ်ဦးထက် သုံးဆခန့်အပြေးမြန်လှပေသည်။ ထို့ကြောင့် စိန်တလုံးတစ်ယောက် ထိုလူအားမျက်ခြေပြတ်သွားမိသည်။

“တောက်၊ ဒီကောင်ဘယ်ရောက်သွားပါလိမ့်၊ မောင်စိုင်းတစ်ကောင်လည်း ဘယ်ရောက်သွားတယ်မသိဘူး”

စိန်တလုံးက ထိုတော့မှ မိခါးကိုသတိရသွားသည်။ စိတ်ထဲတွင် မိခါးတစ်ယောက်အနောက်မှပြေးလိုက်လာသည်ဟု ထင်မှတ်လိုက်မိလေသည်။ စိန်တလုံးက အနောက်သို့ပြန်ကာ လမ်းလျှောက်လာသည့်အခါမှ မိခါးနှင့်လူချင်းကွဲသွားပြီမှန်း သိလိုက်ရသည်။

“ဒုက္ခပဲ၊ မိခါးဘယ်ရောက်သွားပါလိမ့်”

စိန်တလုံးမှာ သစ်ပင်များအကြားတွင် လှည့်ပတ်သွားလာနေရင်း လမ်းပျောက်နေပြီမှန်းကိုသိလိုက်ရသည်။ တောအုပ်မှာ သစ်ပင်ကြီးကြီးမားမားမရှိဘဲ လူကြီးထွာဆိုင်ခန့်လုံးပတ်ရှိသည့် သစ်ပင်များသာရှိသည်။ အချို့နေရာတွင် လူသွားလမ်းကြောင်းရာကလေးကိုတွေ့ရသော်လည်း အချို့နေရာတွင်တော့ ချုံနွယ်ပိတ်ပေါင်းများဖုံးအုပ်နေသည်ကိုတွေ့ရသည်။

စိန်တလုံးမှာ ထိုသို့သွားလာနေရင်း ရေအိုးကလေးရွက်လာသည့် မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုမိန်းကလေးမှာ စိန်တလုံးကိုတွေ့သည့်အခါ ထိတ်လန့်သွားပြီး ရေအိုးကိုပစ်ချလိုက်လေသည်။ စိန်တလုံးမှာ ဒိုင်ဗင်ပစ်ထိုးလိုက်ရင်း ရေအိုးကိုမြေသို့မကျမီအချိန်တွင် ဖမ်းယူလိုက်လေသည်။ ထို့နောက် မိန်းကလေးအား ရေအိုးကိုပေးလိုက်သည်။

“တော်သေးတာပေါ့ အိုးမကွဲတာ”

“ကျေးဇူးတင်ပါတယ်ရှင်၊ ဒါနဲ့ ဒီတောထဲကို ရှင်ကဘာလာလုပ်တာလဲ”

“ပြောရမယ်ဆိုရင်တော့ သမန်းဆရာကြီးနဲ့တွေ့ချင်လို့လာခဲ့တာပါ၊ ဒါနဲ့ သမန်းဆရာကြီးရှိတဲ့နေရာကို မိန်းကလေးက သိသလား”

“သိပါတယ်ရှင်၊ ကျွန်မအနောက်ကိုလိုက်ခဲ့ပါ”

စိန်တလုံး၏အကြံမှာ ယခုလိုတောအုပ်အတွင်းလှည့်ပတ်ကာ သွားလာနေရုံဖြင့် မိခါးအားတွေ့နိုင်ရန်ခဲယဉ်းမည် တွေးမိသည်။ ထို့ကြောင့် သမန်းဆရာကြီးနှင့်အရင်တွေ့ဆုံပြီးမှ မိခါးအားရှာဖွေမည်ဟု တွေးမိလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ထိုမိန်းကလေးခေါ်ဆောင်ရာအနောက်သို့ လိုက်လာခဲ့သည်။

ထိုမိန်းကလေးမှာ အသားဖြူဖြူနှင့်ဖြစ်ကာ တိုတောင်းလှသောထမီကို ရင်လျားဝတ်ဆင်ထားသည်မို့ ခြေသလုံးသားဖြူဖြူများကို အတိုင်းသားမြင်တွေ့နေရသည်။ အပေါ်ပိုင်းတွင် အဝတ်အစားမဝတ်ဆင်ထားဘဲ ခြုံထည်ကြီးတစ်ခုကိုပတ်ထားလေသည်။ ထိုသို့သွားလာနေရင်း တစ်နေရာအရောက်တွင် သစ်ချွန်၊ ဝါးချွန်များဖြင့် ခံတပ်သဖွယ်ကာရံထားသည့် နေရာတစ်ခုသို့ရောက်သွားသည်။ မိန်းကလေးက ထိုနေရာကိုလက်ညှိုးထိုးပြရင်း

“သမန်းဆရာကြီးက အဲဒီမှာနေတာပဲ”

စိန်တလုံးမှာ သစ်လုံးချွန်များကို ခက်ခက်ခဲခဲဖက်တက်ခဲ့ရပြီးသည့်နောက် မို့မောက်နေသည့် ကုန်းမြေကလေးတစ်ခုအပေါ်သို့တက်လာခဲ့သည်။ အရှေ့တွင် ကျင်းနက်ကြီးတစ်ခုရှိသည်ကိုတွေ့လိုက်ရသည်။ စိန်တလုံးက ကျင်းနက်အတွင်းသို့ငုံ့ကြည့်လိုက်စဉ် အနောက်မှတစ်စုံတစ်ယောက်က တွန်းချလိုက်သဖြင့် ကျင်းနက်ကြီးအတွင်းသို့ ခြေပစ်လက်ပစ်ပြုတ်ကျသွားတော့သည်။ ကျင်းကြီးမှာ ဝါးတစ်ပြန်ခန့်နက်ရှိုင်းလေသည်။ ကျင်းအောက်ခြေရှိမြေသားများမှာ ရွံဗွက်များထနေသဖြင့် စိန်တလုံးတစ်ယောက် အကျမနာခြင်းဖြစ်သည်။

ရွံဗွက်များအတွင်းမှ လူးလဲကာ ကုန်းထလိုက်စဉ်တွင် စိန်တလုံးအရှေ့တွင် လူတစ်ယောက်က လဲကျနေလေသည်။ ထိုလူအားအသေအချာကြည့်လိုက်သည့်အခါ မောင်စိုင်းဖြစ်နေသည်ကိုတွေ့ရသည်။

“ခွေးကောင်မောင်စိုင်း၊ မင်းဒီမှာဘာလုပ်နေတာလဲ”

မောင်စိုင်းမှာ မူးယစ်ကာ ရီဝေနေသည့်မျက်လုံးများဖြင့် စိန်တလုံးအားကြည့်ရင်း

“နေပါအုံး မင်းကရောဘယ်လိုရောက်လာတာလဲ”

“ကောင်မလေးတစ်ယောက်က သမန်းဆရာကြီးကိုတွေ့ချင်ရင် လိုက်ခဲ့ဆိုပြီး ဒီတွင်းကြီးထဲကိုတွန်းချလိုက်တာပဲ၊ ဒါနဲ့ မင်းရော ဘယ်လိုရောက်လာတာလဲ မောင်စိုင်း”

“ငါလည်း ရွာထဲက လူကြီးသုံးယောက်ကို သမန်းဆရာကြီးနဲ့တွေ့ချင်တယ်လို့ပြောလိုက်တာ သူတို့က ငါ့ကိုစိမ်ရေတွေမူးအောင်တိုက်ပြီး ဒီထဲကိုခေါ်လာတာပဲ၊ ဒါနဲ့ မိခါးရော၊ မိခါးက မင်းနဲ့ရှိနေတာမဟုတ်ဘူးလား စိန်တလုံး”

စိန်တလုံးမှာ ခေါင်းကုပ်လိုက်ပြီး

“အေးကွာ၊ မိခါးနဲ့ငါနဲ့လူချင်းကွဲသွားတယ်”

“ဘာကွ၊ မိခါးကိုသေချာစောင့်ရှောက်ပါလို့ မင်းကိုမှာထားတယ်မဟုတ်ဘူးလား စိန်တလုံး”

“အောင်မာ၊ မင်းကရောဘာထူးသလဲ ရွာထဲအရိပ်အခြေသွားကြည့်ခိုင်းတာ အရက်ဝိုင်းနဲ့တိုးပြီး အရက်သောက်နေရတယ်လို့ကွာ”

စိန်တလုံးနှင့် မောင်စိုင်းတို့မှာ တစ်ယောက်နှင့်တစ်ယောက်ထေ့ငေါ့ကာရန်ဖြစ်နေကြလေသည်။ ထိုစဉ် ကျင်းနှုတ်ခမ်းဝသို့ လူများလာရပ်လေသည်။ ထိုလူများထဲတွင် မောင်စိုင်းနှင့်အတူတူ စိမ်ရေသောက်ခဲ့ကြသည့်လူများပါဝင်သကဲ့သို့ စိန်တလုံးအားလမ်းညွှန်ပြသခဲ့သည့် မိန်းကလေးလည်းပါဝင်သည်။ အားလုံးပေါင်း အယောက်နှစ်ဆယ်ခန့်ရှိလေသည်။ ထိုအထဲမှာ အသက်ငါးဆယ်ခန့်ရှိသည့်လူကြီးက ကျင်းအောက်သို့ငုံ့ကြည့်ပြီး

“ဟေ့ကောင်တွေ၊ မင်းတို့ တို့ရွာကိုဘာလာလုပ်ကြတာလဲကွ”

“သမန်းဆရာကြီးနဲ့တွေ့ချင်လို့လာခဲ့တာပါ”

မောင်စိုင်းနှင့် စိန်တလုံးမှာ တူညီသောအဖြေကိုဖြေဆိုကြလေသည်။

“ဟုတ်ပြီလေ မင်းတို့ကဘာဖြစ်လို့ သမန်းဆရာကြီးကိုတွေ့ချင်ကြတာလဲ”

မောင်စိုင်းမှာ စိတ်မရှည်တော့ဘဲ

“ကျုပ်တို့က ရွှေဟင်္သာဂိုဏ်းက ဂိုဏ်းသားတွေပဲ ကျုပ်တို့ခင်ဗျားတို့ဆရာကြီးကို တွေ့ချင်တယ်ဆိုတာ ခင်ဗျားတို့ရဲ့ဆရာကြီးကို ကျုပ်တို့ဂိုဏ်းထဲဝင်အောင် စည်းရုံးမလို့ပဲ”

ထိုအခါ ထိုလူကြီးက ခွက်ထိုးခွက်လန်ရယ်မောလိုက်ရင်း

“ဘာကွ၊ သူများကိုလာစည်းရုံးတဲ့ကောင်တွေကလည်း သူများဖမ်းတာကိုခံထားရပါလားကွ၊ မင်းတို့လိုအရည်အချင်းမျိုးနဲ့ ငါတို့က ဘာကိုယုံကြည်ပြီး ပူးပေါင်းရမှာလဲကွ ဟား ဟား”

မောင်စိုင်းက လက်အတွင်းကြီးမားသည့်ဓါးမောက်ကြီးကိုဖန်တီးလိုက်ကာ

“အောင်မာ၊ ခင်ဗျားတို့သတ္တိရှိရင် အောက်ကိုဆင်းလာခဲ့ကြစမ်းပါ၊ မောင်စိုင်းဘာကောင်လဲဆိုတာ ခင်ဗျားတို့သိသွားစေရမယ်”

“မင်းတို့ကို လွယ်လွယ်လေးဖမ်းမိပါတယ်ဆိုမှ မင်းတို့နဲ့တိုက်ဖို့ ငါတို့က အောက်ကိုဆင်းလာရအုံးမှာတဲ့လားကွာ၊ ငါတို့ အဲဒီလောက်မရူးမိုက်ပါဘူးကွ၊ ဒါပေမယ့် မင်းတို့ရဲ့အရည်အချင်းကို ငါတို့စမ်းသပ်ကြည့်ချင်သေးတယ်ကွ”

“ခင်ဗျားဘယ်လိုစမ်းမလဲ၊ ကြိုက်သလိုသာစမ်း”

“ဒီတွင်းကြီးကို သားရဲတွင်းကြီးလို့ခေါ်တယ်ကွ၊ ဒီတွင်းထဲက သတ္တဝါကြီးကို မင်းတို့တိုက်ခိုက်နိုင်တယ်ဆိုရင် မင်းတို့အသက်ရှင်လိမ့်မယ်၊ မဟုတ်လို့ကတော့ မင်းတို့လည်းတခြားလူတွေလို ဒီသတ္တဝါကြီးရဲ့ သတ်ဖြတ်စားသောက်တာကိုခံရလိမ့်မယ်”

ထိုစဉ် သစ်ပင်များမှာ တရှဲရှဲနှင့်လှုှုပ်ခတ်သွားကြပြီး ကျင်းအပေါ်မှလူများက လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။ သစ်ရွက်သစ်ခက်များကို ကိုယ်ပေါ်တွင်ဝတ်ဆင်ထားသည့်လူတစ်ဦးက အသက်ငါးဆယ်ခန့်ရှိသည့်လူကြီးအရှေ့တွင်ထိုင်ချလိုက်ကာ

“ဆရာကြီး . . . မုဆိုးတွေ တောထဲကိုရောက်လာကြပါတယ်”

ဆရာကြီးဆိုသူက တောက်တစ်ချက်ခေါက်လိုက်ကာ

“မုဆိုးတွေကို ဒီလူတွေက ခေါ်လာခဲ့တာပဲဖြစ်မယ်”

“အဲဒါအရေးမကြီးပါဘူးဆရာကြီး မုဆိုးတွေက ကျုပ်တို့လူနှစ်ယောက်ကို ဖမ်းဆီးသွားကြတယ်”

“ဘယ်သူတွေပါသွားတာလဲကွ”

“ဆရာကြီးရဲ့သား မောင်သီဟပါသွားပါတယ်၊ ကျန်တဲ့တစ်ယောက်ကတော့ ဘယ်သူလဲဆိုတာ အတည်မပြုရသေးပါဘူး၊ မိန်းကလေးတစ်ယောက်ပါပဲ”

ဆရာကြီးမှာ တောက်ခေါက်လိုက်ပြီး

“ဒီကောင်တွေ တော်တော်လွန်နေကြပြီဟေ့၊ ကဲ သမန်းလူသားတို့အားလုံးအသင့်ပြင်ထားကြ၊ ဒီကောင်တွေ သမန်းတောထဲက မထွက်ခွာသေးခင် ငါတို့လိုက်ပြီးကယ်ကြမယ်ဟေ့”

ထိုသို့ပြောဆိုပြီးသည့်နောက် ဆရာကြီးဆိုသူက ဦးဆောင်ကာ သမန်းလူသားများမှာ ကျင်းကြီးအနီးမှပြေးထွက်သွားကြလေသည်။ ကျင်းထဲတွင်ကျန်နေခဲ့သည့် မောင်စိုင်းနှင့်စိန်တလုံးတို့မှာ

“ဟေ့လူတွေ၊ ဘယ်သွားကြတာလဲဗျ၊ ကျုပ်တို့ကိုလွှတ်ပေးအုံးလေဗျာ”

“ဒီမှာမောင်စိုင်း၊ ခုနက သူတို့ပြောတာကြားတယ်မဟုတ်လား၊ မိန်းကလေးတစ်ယောက်ကို မုဆိုးတွေဖမ်းသွားကြပြီဆိုတာလေ”

“အေး၊ အဲဒါ ငါတို့မိခါးများဖြစ်နေမလား”

“ဟုတ်ရင်ဟုတ်လောက်တယ်ကွ၊ တောက် . . . မိခါးသာတစ်ခုခုဖြစ်လို့ကတော့ မင်းကိုငါအရှင်မထားဘူးမောင်စိုင်း”

“အောင်မာ၊ မိခါးကိုမင်းစောင့်ရှောက်မယ်ဆိုပြီး နေခဲ့တာလေကွာ၊ ဒါတွေအကုန်လုံးက မင်းကြောင့်ကွ စိန်တလုံးရ”

“ကဲ ငြင်းခုန်နေလို့မထူးဘူး၊ ဟောဒီကျင်းကြီးထဲက လွတ်မြောက်အောင်လို့ အရင်လုပ်ရမယ်၊ မောင်စိုင်းရေ မင်းအရင် ကျင်းထဲက ပျံထွက်လိုက်ကွာ၊ ငါက မိုးပေါ်မပျံတတ်ဘူးကွ”

မောင်စိုင်းကလည်း ပုခုံးတွန့်လိုက်ပြီး

“ငါက မိုးပေါ်ပျံတတ်နေမှတော့ မြေကြီးမှာလမ်းလျှောက်နေအုံးမလားကွ စိန်တလုံးရ”

စိန်တလုံးမှာ စိတ်ပျက်သွားပြီး

“သွားပါပြီကွာ၊ မင်းကတော်တော်အသုံးမကျတဲ့ကောင်ပဲ မောင်စိုင်းရ”

“အောင်မာ သူကရော ပျံတတ်တာကျလို့”

စိန်တလုံးမှာ ကျင်း၏နံရံမြေသားများကို လက်နှင့်ကုပ်ဖက်ကာ တက်လိုက်လေသည်။ သို့သော် မြေသားများမှာ ရွံ့စေးမြေများဖြစ်ကာ ချောမွေ့နေသဖြင့် ကုပ်မတက်နိုင်ဘဲဖြစ်နေလေသည်။ ကျင်းကြီး၏ ပုံစံမှာလည်း အောက်တွင်လှိုဏ်ခေါင်းသဏ္ဍာန်ကျယ်ဝန်းကာ ကျင်းဝမှာ အနည်းငယ်ကျဉ်းမြောင်းနေသဖြင့် ကုပ်ဖက်တက်ရသည်မှာ မလွယ်ကူလှပေ။ မောင်စိုင်းရော စိန်တလုံးပါ ကျင်းနံရံအားကုပ်ဖက်တက်ကြရင်း တဘုန်းဘုန်းနှင့်ပြုတ်ကျနေလေသည်။

“ဟေ့ကောင်မောင်စိုင်း၊ တို့နှစ်ယောက် တစ်ယောက်အပေါ်တစ်ယောက်တက်ပြီး ခုန်လိုက်မယ်ဆိုရင် မီနိုင်တယ်ကွ၊ မင်းအောက်ကနေ ခံပေးစမ်းကွာ”

“အောင်မာ၊ ငါကမင်းအောက်ကနေ ခံပေးရမယ်တဲ့လားကွ၊ မင်းသာအောက်ကနေစမ်းပါ”

“မင်းရဲ့ကျားကိုးစီးစားမကုန်တဲ့ ခန္ဓာကိုယ်ကြီးနဲ့ ငါ့အပေါ်ကိုခုန်တက်ချင်နေသေးတာလားကွ”

ထိုစဉ်မှာပင် ကျင်းနှုတ်ခမ်းဝသို့အဘိုးကြီးတစ်ဦးရောက်လာလေသည်။ အဘိုးကြီးမှာ ကြာဆန်ချောင်းများကဲ့သို့ ဆွတ်ဆွတ်ဖြူနေသည့် ဆံပင်များကို ဖားလျားချထားပြီး မှုတ်ဆိတ်မွှေးရှည်ကြီးများမှာလည်း ဖြူဆွနေပြီဖြစ်သည်။ ခါးတွင် ကျားသားရေတစ်ခုကိုပတ်ထားသည်မှလွဲ၍ ခန္ဓာကိုယ်တစ်ခုလုံးတွင် အဝတ်အစားမပါပေ။ အဘိုးကြီးကိုတွေ့လိုက်ရသဖြင့် မောင်စိုင်းတို့အားတက်သွားလေသည်။

“ဝေး အဘကြီး ကျုပ်တို့ကို ကယ်ပါအုံးဗျာ”

“အေး၊ ငါမင်းတို့ကို ကယ်ဖို့လာပြီဟေ့”

အဘိုးကြီးမှာ ကျင်းအောက်သို့ခုန်ချလိုက်လေသည်။ မောင်စိုင်းတို့မှာ စိတ်ပျက်သွားပြီး

“အဘကြီးရာ ကျုပ်တို့ကိုကယ်မယ်ဆိုပြီးတော့ ဘာဖြစ်လို့ကျင်းထဲခုန်ချလိုက်ရတာလဲဗျ”

ထိုစဉ် အဘိုးကြီးမှာ ရင်ဘတ်ကိုဘုန်းခနဲပုတ်လိုက်ပြီးသည့်နောက် ခန္ဓာကိုယ်မှ အမွေးအမျှင်ကြီးများပေါ်ထွက်လာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျားကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။ မောင်စိုင်းနှင့် စိန်တလုံးတို့မှာ ကျားကြီးကိုကြည့်ကာ အံ့သြနေမိသည်။

“ခင်ဗျားကယ်မယ်ဆိုတာ ဒီလိုပုံစံနဲ့ကယ်မှာကိုပြောတာလား”

ကျားကြီးက ဝုန်းခနဲဟိန်းဟောက်လိုက်ကာ မောင်စိုင်းတို့နှစ်ဦးကို လှည့်ပတ်ချောင်းမြောင်းနေလေသည်။ မောင်စိုင်းမှာ လှံရှည်ကြီးတစ်ခုကိုဖန်ဆင်းလိုက်ကာ အသင့်ကိုင်ဆောင်ထားသည်။ စိန်တလုံးမှာလည်း ကျားကြီးအားတိုက်ခိုက်ရန်အသင့်ပြင်ဆင်လိုက်လေတော့သည်။ မကြာမီ ကျားကြီးမှာ ဝေါင်းခနဲတစ်ချက်ဟိန်းဟောက်လိုက်ပြီး စိန်တလုံးတို့နှစ်ဦးနှင့် တိုက်ခိုက်ကြလေသည်။

(၂)

မုဆိုးများမှာ သမန်းတောအတွင်းလှည့်လည်သွားလာနေကြရင်း တစ်နေရာအရောက်တွင် မုဆိုးခေါင်းဆောင်ကြီးက ရပ်တန့်လိုက်လေသည်။ ထို့နောက် နံဘေးပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီး

“ငါတို့ ဒီမှာစခန်းချမယ်ဟေ့”

ထိုအခါ မုဆိုးတစ်ယောက်က ခေါင်းဆောင်အနားကပ်လာပြီး

“ခေါင်းဆောင်ကြီး၊ ဒီနေရာက သမန်းတောနယ်မြေထဲမှာပဲရှိသေးတယ်နော်၊ သမန်းကောင်တွေရဲ့လက်ထဲကနေ လွတ်ပြီလို့ မပြောနိုင်သေးဘူး၊ ကျွန်တော်တို့ဒီကနေ ထွက်သွားကြတာကောင်းမယ်ထင်တယ်”

“ဟေ့ကောင် မင်းကခေါင်းဆောင်လား၊ ငါက ခေါင်းဆောင်လားကွ”

“ခေါင်းဆောင်ကြီးက ခေါင်းဆောင်ပါ”

“အေး၊ ဒါဆိုရင် ငါပြောတာကိုနားထောင်စမ်းပါ၊ သမန်းကောင်တွေဟာ သူတို့သားသမီးတွေအဖမ်းခံထိတယ်ဆိုရင် အသက်နဲ့လဲပြီး လိုက်လံကယ်တင်ကြတာ ထုံးစံပဲမဟုတ်လား၊ ဒါကြောင့် သူတို့ကလေးတွေအဖမ်းခံရတဲ့သတင်းကြားတာနဲ့ ငါတို့အနောက်ကိုလိုက်လာကြလိမ့်မယ်”

“ဟုတ်တယ်လေခေါင်းဆောင်ကြီးရဲ့ အခုအချိန်လောက်ဆိုရင် ဒီကောင်တွေလိုက်လာနေလောက်ပြီ”

“ဒီကလေးတွေက တည်ကြက်ပဲ၊ သူတို့ကလေးတွေကို လိုက်လာပြီးကယ်ဆယ်ကြတဲ့အချိန်မှာ ငါတို့က သူတို့တွေကိုစောင့်ဖမ်းကြမယ်”

“ကျွန်တော်နားလည်ပါပြီခေါင်းဆောင်ကြီး၊ ခေါင်းဆောင်ကြီးက ဒီတောထဲကိုလာပြီးတော့ လက်ဗလာနဲ့မပြန်ချင်ဘူးပဲ”

“ဘာမှအဖိုးမတန်တဲ့ကလေးနှစ်ယောက်ပဲ ယူမလားကွ၊ ဒီထက်တန်ဖိုးရှိတဲ့ အကောင်ကြီးတွေကိုပဲ ဖမ်းမှာပေါ့”

ခေါင်းဆောင်ကြီးက ကောက်ကျစ်စဉ်းလဲသည့် အပြုံးပြုံးလိုက်ကာ

“ကဲ အားလုံးပဲ၊ ဒီနားမှာ ထောင်ချောက်တွေဆင်နိုင်သလောက် များများဆင်ထားကြစမ်း၊ ဒီနယ်မြေဟာ သမန်းကောင်တွေရဲ့ သတ်ကွင်းဖြစ်စေရမယ်ဟေ့”

မုဆိုးများမှာ ထိုနေရာနှင့်ပတ်ပတ်လည် တစ်ဝိုက်တွင် ထောင်ချောက်မျိုးစုံကို ပြင်ဆင်ကြလေသည်။ ထိုလူများမှာ မုဆိုးများဟုဆိုသော်လည်း သာမန်မုဆိုးများနှင့်မတူဘဲ မှော်ပညာကိုအသုံးပြုကာ ဖမ်းဆီးကြသည့် မှော်မုဆိုးများဖြစ်လေသည်။

မိခါးနှင့် မောင်သီဟကို သစ်ပင်ကြီးတစ်ပင်တွင် လွန်ကြိုးများနှင့် ရင်ဝမှ ခြေမျက်စိအထိ တင်းကြပ်စွာချည်နှောင်ထားကြလေသည်။ မုဆိုးများက ပြင်ဆင်နေကြသည့်အချိန်တွင် မုဆိုးခေါင်းဆောင်ကြီးမှာ မိခါးတို့အနီးသို့ရောက်လာခဲ့သည်။ ထိုလူကြီးက မောင်သီဟကိုကြည့်ပြီး

“မင်းတောင် တော်တော်အရွယ်ရောက်နေပြီပဲ သီဟရေ”

“ဟင် ခင်ဗျားက ကျုပ်ကိုသိတယ်တဲ့လား”

“သိပ်သိတာပေါ့ကွာ၊ ဘာလဲ မင်းကရော ငါ့ကိုမသိဘူးလား”

“ခင်ဗျားလို သမန်းမုဆိုးတစ်ယောက်ကို ကျုပ်ကဘယ်သိမှာလဲဗျ”

“မင်းတို့အဖေ မောင်ဝကက တစ်ချိန်တုန်းက သူ့ညီမောင်ဝရအကြောင်းကို မပြောပြခဲ့ဖူးဘူးလား”

“ဝရဆိုတာ သမန်းလူသားတွေရဲ့ သစ္စာဖောက်တစ်ယောက်ပဲ၊ သူ့ကြောင့် သမန်းလူသားတွေက အခုလိုမျိုးတောထဲမှာ ပုန်းလျှိုးကွယ်လျှိုးနေထိုင်နေရတာပဲ”

ထိုအခါ မုဆိုးခေါင်းဆောင်က ရယ်မောလိုက်ပြီး

“အေး၊ မင်းတို့ပြောတော့လည်း မင်းတို့စကားပေါ့ကွာ၊ တကယ်တော့ အရင်သစ္စာဖောက်ခံလိုက်ရတာ ငါကွ”

မောင်သီဟမှာ မျက်လုံးပြူးသွားပြီး

“ဒါဆို ခင် . .ခင်ဗျားက”

“ဟုတ်တယ် ငါက ဝရပဲ”

“ခင်ဗျားကြီးက ကျုပ်တို့တွေရဲ့သစ္စာဖောက်ကြီးပဲဗျ၊ ခင်ဗျားက အရင်က သမန်းလူသားဖြစ်ခဲ့ပေမယ့် ဘာဖြစ်လို့ သမန်းလူသားတွေကို ရန်ရှာနေရတာလဲ၊ သမန်းလူသားတွေကို မုန်းတီးနေရတာလဲ”

“အမှားအမှန်ကို မင်းမကြာခင်သိရတော့မှာပါ သီဟရာ၊ မင်းအဖေတို့ မင်းအဘိုးတို့လူစုံတက်စုံဖြစ်တော့မှ ငါ့လုပ်ရပ်က မှန်သလားမှားသလားဆိုတာကို မင်းကိုယ်တိုင်ဆုံးဖြတ်စမ်းပါကွ”

ထိုစဉ်မိခါးက

“ကျွန်မက သမန်းလူသားလည်းမဟုတ်ဘူး၊ ရှင်တို့နဲ့လည်း ဘာမှမပတ်သက်ဘူး၊ ဒါကြောင့် ကျွန်မကိုလွှတ်ပေးပါ”

“သမန်းတောဆိုတာ တော်ရုံယောက်ျားတွေတောင် လေးငါးခြောက်ယောက်စုပြီး လာရဲတဲ့နေရာမဟုတ်ဘူးကွ၊ မင်းက ဒီနေရာမှာရောက်နေပြီး သမန်းကောင်တွေနဲ့ မပတ်သက်ဘူးဆိုတာကို ငါကယုံကြည်ရမှာလား”

“ကျွန်မက ရွှေဟင်္သာဂိုဏ်းက ဂိုဏ်းချုပ်ပဲ၊ ဒီတောကိုလာတာက သမန်းလူသားတွေနဲ့ဆွေးနွေးစရာရှိလို့လာခဲ့တာပဲ”

မိခါးပြောသည့်အခါ မုဆိုးဝရမှာ အလွယ်ရယ်မောဖွယ်ကောင်းသည့် ဟာသတစ်ပုဒ်အား ကြားလိုက်ရသကဲ့သို့ အူလှိုက်သည်းလှိုက်ရယ်မောလေသည်။

“မင်းလို ကလေးပေါက်စက ရွှေဟင်္သာဂိုဏ်းချုပ်ဖြစ်မလားကွ၊ နောက်ပြီးတော့ ရွှေဟင်္သာဂိုဏ်းဆိုတာ ပြိုကွဲသွားပြီ၊ ပျောက်ကွယ်သွားခဲ့ပြီ”

“ရှင်ယုံချင်ယုံ မယုံချင်နေပါ၊ ဒါပေမယ့် ကျွန်မကတော့ အမှန်အတိုင်းပြောတာပဲ၊ ကျွန်မကိုဒီလိုဖမ်းချုပ်ထားတယ်ဆိုတာ ကျွန်မရဲ့ကိုယ်ရံတော်နှစ်ယောက်သိသွားရင် ရှင်တို့ဘဝတော့ မတွေးရဲစရာပဲရှင်”

“ဒါဆိုရင်လည်း မင်းရဲ့ကိုယ်ရံတော်တွေကို ဒီကိုခေါ်လိုက်လေကွာ၊ ရွှေဟင်္သာဂိုဏ်းကလူတွေ ဘယ်လောက်စွမ်းတယ်ဆိုတာ စမ်းသပ်ကြည့်ကြတာပေါ့”

မုဆိုးဝရမှာ အော်ဟစ်ရယ်မောရင်း မိခါးတို့အနားမှထွက်သွားလေသည်။ မောင်သီဟက မိခါးကိုကြည့်ကာရယ်မောလိုက်ရင်း

“မင်းက မိန်းကလေးပီပီ တော်တော်ပလီပလာပြောတတ်တဲ့လူပဲ၊ ဘာတဲ့ မင်းကိုယ်မင်းများ ရွှေဟင်္သာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုပဲ”

“ဟုတ်တယ်လေ၊ အဲဒါအမှန်ပဲ”

“ငါကြားဖူးတာက ရွှေဟင်္သာဂိုဏ်းက ဂိုဏ်းသားတွေက မှော်ပညာတွေအဆင့်မြင့်ကြသတဲ့၊ ရွှေဟင်္သာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟာ ပြိုင်စံရှားတဲ့လူတစ်ယောက်ပဲတဲ့ကွ၊ မင်းကျတော့ ဘာမှမတတ်တဲ့အပြင် သူများဖမ်းတာကိုတောင် ခံနေရသေးပါလား”

မိခါးမှာ မောင်သီဟပြောဆိုသည်ကို မခံချင်သဖြင့်

“အောင်မယ်၊ ကျွန်မက သိပ်အစွမ်းထက်တာပေါ့၊ ဒီလူတွေလောက်ကို တစ်ချက်တည်းနဲ့တင် တိုက်ခိုက်အနိုင်ယူနိုင်တယ်”

“ဒါဆို အခုတိုက်ပါတော့လား”

“ကျွန်မလာတာ သူတို့နဲ့တိုက်ခိုက်ဖို့မှမဟုတ်တာ သမန်းဆရာကြီးနဲ့တွေ့ပြီး စည်းရုံးချင်လို့လာတာလေ”

မောင်သီဟမှာ ဟက်ခနဲရယ်မောလိုက်လေသည်။ မိခါးမှာ စကားလမ်းကြောင်းလွှဲချင်သဖြင့်

“ဒါနဲ့ သမန်းလူသားတွေဆိုတာ ဘယ်လိုလူသားတွေလဲ”

“မှော်ပညာတွေထဲမှာ သဏ္ဍဝါရက ဆိုတဲ့ပညာရပ်တစ်မျိုးရှိတယ်၊ လူနားလွယ်အောင်ပြောရရင်တော့ ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းလဲနိုင်တဲ့အတတ်ပညာပဲ၊ လူကနေ သားရဲကောင်၊ သားရဲကောင်ကနေ လူအဖြစ် အဖန်ဖန်အလဲလဲပြောင်းလဲနိုင်တဲ့ ပညာရပ်ပဲ၊ ဒီပညာရပ်ကို လက်ခံလိုက်တဲ့လူဟာ လူအဖြစ်ကနေ သားရဲကောင်အဖြစ်ပြောင်းလဲနိုင်ကြတယ်”

“ဒါကြောင့်ရှင်ပြောင်းလဲသွားတာကိုး၊ ဒါဆိုရင် ဘယ်အကောင်ကိုမဆို ပြောင်းလဲလို့ရတယ်ပေါ့”

“ဒီလိုတော့မဟုတ်ဘူးကွ၊ လူတစ်ယောက်ရဲ့ မွေးနေ့မွေးလအပေါ်မူတည်ပြီး အဲဒီလူအပေါ်ကို သားရဲတိရစ္ဆာန်တစ်ကောင်ရဲ့ ဝိညာဉ်က ကြီးစိုးသက်ရောက်မှုရှိတယ်၊ ဒီပညာကိုသင်ယူလိုက်တဲ့အခါ ကိုယ်မွေးရက်ကို ကြီးစိုးတဲ့ သားရဲကောင်ရဲ့ ဝိညာဉ်ခန္ဓာနဲ့ချိတ်ဆက်ရတယ်၊ ငါက သိဟ်လဂ်မှာ မွေးခဲ့တော့ သီဟဆိုတဲ့ ခြင်္သေ့ပုံအဖြစ် ပြောင်းလဲနိုင်တာပဲ၊ တခြားလူက သူမွေးတဲ့လဂ်အခြေအနေအပေါ်မူတည်ပြီး သားရဲကောင်တွေကွဲပြားသွားတယ်”

“ဒါပေမယ့် ခုနက ရှင်ပြောင်းလဲတုန်းက လူတစ်ပိုင်းခြင်္သေ့တစ်ပိုင်းကြီးဖြစ်နေခဲ့တယ်မဟုတ်လား”

“သားရဲကောင်တွေဆိုတာ အမှောင်ထဲမှာ ပိုမိုအစွမ်းထက်ကြသတဲ့၊ ဒါကြောင့် နေ့ခင်းကြောင်တောင် နေရောင်အောက်မှာ ပုံစံပြောင်းရင် လူတစ်ပိုင်းပုံစံအဖြစ်ပဲပြောင်းလို့ရပြီး အမှောင်ထုအတွင်းမှ ပုံစံပြောင်းတဲ့အခါမှသာ သားရဲကောင်အဖြစ် အပြည့်အဝပြောင်းလဲနိုင်မှာဖြစ်တယ်”

“ကျွန်မ သမန်းလူသားတွေအကြောင်း နည်းနည်းတော့နားလည်သွားပြီ”

“သမန်းလူသားတွေဆိုတာလည်း ငါတို့ကိုသူများတွေက ခေါ်ကြတဲ့နာမည်ပါ၊ ငါတို့တွေကိုယ်တိုင်ကတော့ သဏ္ဍာရ ပညာရှင်တွေလို့ခေါ်ကြတယ်၊ ဒါပေမယ့် ငါတို့အကြောင်းကို ထဲထဲဝင်ဝင်မသိတဲ့လူတွေကျတော့ ငါတို့က လူအဖြစ်ကနေ သားရဲကောင်တွေအဖြစ် ပြောင်းလဲနိုင်တယ်ဆိုပြီး သမန်းကောင်တွေ သမန်းလူသားတွေလို့ခေါ်ကြတာပေါ့”

“အဲဒါဆို ခုနက မုဆိုးဝရဆိုတာကရော ဘယ်သူလဲ”

“သူက တစ်ချိန်တုန်းက သမန်းလူသားတစ်ယောက်ပေါ့၊ သူသာ ဝရအစစ်အမှန်ဆိုရင် ငါ့ရဲ့ဦးလေးတော်စပ်တယ်၊ ငါတို့အဘိုးက သမန်းလူသားတွေကို အုပ်ချုပ်တဲ့ဆရာကြီးပေါ့၊ သူက ကျားပုံစံအဖြစ်ပြောင်းလဲနိုင်လို့ ဦးဗျဂ္ဃ လို့ခေါ်ကြတယ်၊ ဦးဗျဂ္ဃမှာ သားနှစ်ယောက်ရှိတယ်၊ ဝကနဲ့ ဝရလို့ခေါ်တယ်၊ ဝကဆိုတာ ဝံပုလွေအသွင်ကိုပြောင်းနိုင်ပြီး ဝရဆိုတာ လူဝံကြီးအဖြစ်ပြောင်းလဲနိုင်တယ်”

“ဒါဆို ဝရက နင့်ဦးလေးဆိုတော့ နင့်အဖေက ဝကပေါ့နော်”

“ဟုတ်တယ်၊ အဘိုး ဦးဗျဂ္ဃက သားနှစ်ယောက်ကို ပညာကုန်သင်ပေးလိုက်တဲ့အတွက် သားနှစ်ယောက်က တခြားသမန်းလူသားတွေထက် ပိုပြီးအစွမ်းထက်ကြတယ်၊ ဒါပေမယ့် တစ်နေ့မှာ အဘိုး ဦးဗျဂ္ဃက အသက်အရွယ်ကြီးနေပြီဖြစ်တဲ့အတွက် သမန်းလူသားတွေကို အုပ်ချုပ်ခွင့်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်ပေးချင်တယ်၊ သဏ္ဍာရတွေရဲ့ ထုံးစံအတိုင်း သားရဲကောင်တွေထဲကမှ ခေါင်းဆောင်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ချင်တဲ့လူတွေဟာ အချင်းချင်းတိုက်ခိုက်သတ်ဖြတ်ကြပြီး အနိုင်ရတဲ့လူကသာ သဏ္ဍာရ တွေရဲ့ ခေါင်းဆောင်ဖြစ်ခွင့်ရှိတယ်”

“ဒီပြိုင်ပွဲမှာ ဘယ်သူနိုင်သွားသလဲ”

“ငါ့အဖေ ဝကက အနိုင်ရသွားတာပေါ့ကွာ၊ ဒါပေမယ့် အဲဒါကို ငါ့ဦးလေး ဝရက မကျေနပ်ဘူးကွ၊ သူ့ကိုရှုံးနိမ့်အောင်လို့ ငါ့အဖေက မဟုတ်တဲ့နည်းလမ်းတွေနဲ့ ယုတ်မာကောက်ကျစ်တယ်လို့စွပ်စွဲတယ်၊ နောက်ဆုံးတော့ အဘိုးက နောက်ဆုံးတိုက်ပွဲအတွက်ခွင့်ပြုလိုက်ရတယ်”

“အဲဒီနောက်ဆုံးတိုက်ပွဲဆိုတာ ဘာလဲ”

“သဏ္ဍာရ ထုံးတမ်းစဉ်လာမှာ ခေါင်းဆောင်တစ်ယောက်ကိုမကျေနပ်ဘူးဆိုရင် မကျေနပ်တဲ့လူနဲ့ ခေါင်းဆောင်နဲ့က မသေမချင်းသတ်ဖြတ်ယှဉ်ပြိုင်ရတာဖြစ်တယ်၊ အဲဒီပွဲမှာ ဝရက ရှုံးနိမ့်ခဲ့တယ်၊ ငါ့အဖေဆီကနေလည်း သေလောက်တဲ့ဒဏ်ရာတစ်ခု ရခဲ့တယ်လို့ပြောတယ်၊ အရှုံးကိုရင်မဆိုင်ချင်တဲ့ ဝရက ဟောဒီတောအုပ်ထဲကနေထွက်ပြေးသွားခဲ့တယ်၊ နောက်တော့ သမန်းမုဆိုးတွေနဲ့ပူးပေါင်းပြီးတော့ သမန်းကောင်တွေကို လိုက်လံဖမ်းဆီးပြီး သတ်ဖြတ်ရောင်းချတယ်”

“ဒါဆို သမန်းကောင်တွေကို ဝယ်နေတဲ့လူတွေရှိတာပေါ့နော်”

“ငါလည်း အတိအကျတော့မသိပေမယ့် သမန်းကောင်တွေကို မှော်ပညာရှင်တွေက ဝယ်ယူကြတယ်လို့ပြောတယ်ကွ”

မိခါးမှာ မုဆိုးဝရကိုကြည့်လိုက်ကာ

“သူက နင့်ဦးလေးဆိုတာ ဖြစ်နိုင်တယ်ဟ၊ သူ့မျက်နှာမှာ ကုပ်ခြစ်ရာကြီးကိုတွေ့တယ်မဟုတ်လား၊ အဲဒါက နင့်အဖေလက်သည်းနဲ့ကုပ်လိုက်တဲ့ ဒဏ်ရာဖြစ်နိုင်တယ်ဟ”

မောင်သီဟမှာခေါင်းညိတ်လိုက်လေသည်။ မုဆိုးများမှာ ထောင်ချောက်များတပ်ဆင်ပြီးသော်လည်း သမန်းလူသားများ ရောက်မလာကြသဖြင့် ထူးဆန်းနေလေသည်။

“ခေါင်းဆောင်ကြီး၊ သမန်းကောင်တွေ အခုထိမလာသေးပါလား”

“နေ့အလင်းရောင်အောက်မှာဆိုရင် ဒီကောင်တွေက တစ်ဝက်ပဲစွမ်းတယ်ကွ၊ ငါ့အထင် ညရောက်တဲ့အခါမှ ငါတို့ကိုချောင်းမြောင်းတိုက်ခိုက်လိမ့်မယ်”

မုဆိုးဝရမှာ ပြောပြောဆိုဆိုနှင့် ခေါင်းစွပ်ကြီးတစ်ခုကို စွပ်ချလိုက်လေသည်။ မုဆိုးဝရထင်သည့်အတိုင်းပင် မကြာခင် သမန်းလူသားများရောက်ရှိလာကြကာ မုဆိုးများအားချောင်းမြောင်းကြည့်ရှုနေကြလေသည်။ သစ်ပင်တွင်ချည်နှောင်ကာ ဖမ်းဆီးထားသည့် မောင်သီဟအားတွေ့လိုက်သည့်အခါ ဦးဝကတစ်ယောက် ဒေါ်သထွက်သွားသည်။

“တောက်၊ ငါဒီကောင်တွေကို သွားကယ်မယ်ဟေ့”

“မသွားပါနဲ့ ဆရာကြီး၊ မုဆိုးတွေက ဒီနားမှာထောင်ချောက်တွေထောင်ထားတဲ့ပုံပဲ၊ ကျွန်တော်တို့က နေ့မှာတစ်ဝက်သာစွမ်းတာကြောင့် ညရောက်တဲ့အခါမှ ဒီလူတွေကိုချောင်းမြောင်းတိုက်ခိုက်သင့်ပါတယ်”

“ငါ့သားကိုဒီကောင်တွေနှိပ်စက်နေတာကို ဒီအတိုင်းလက်ပိုက်ပြီး ကြည့်နေရမှာလားကွ”

“အခုညနေတောင်စောင်းလာပါပြီ ဆရာကြီးရယ်၊ မိုးချုပ်အမှောင်ကျသွားတာနဲ့ ကျွန်တော်တို့ဝင်ပြီးကယ်ပါ့မယ်”

ဦးဝကမှာ တောက်တစ်ခေါက်ခေါက်နှင့်ဖြစ်နေလေသည်။

ညနေစောင်းသို့ရောက်သွားသည့်တိုင် မြေကျင်းကြီးအတွင်းမှ တိုက်ပွဲမှာ မပြီးဆုံးနိုင်သေးဘဲရှိနေလေသည်။ ကိုးတောင်ခန့်ရှည်သည့် ကျားကြီးမှာ စိန်တလုံးအား ခုန်အုပ်ကာ တိုက်ခိုက်လေသည်။ စိန်တလုံးနှင့်ကျားကြီးမှာ မြေပေါ်တွင်လူးလိမ့်နေကြသည်။ မောင်စိုင်းက ပေါက်ဆိန်ကြီးတစ်လက်ကို ဖန်ဆင်းလိုက်ကာ ကျားကြီး၏ ခါးလယ်ကိုခုတ်ပိုင်းချလိုက်သည်။ ကျားကြီးမှာ နာကျင်လွန်းလှသဖြင့် တစ်ချက်တွန့်သွားလေသည်။ စိန်တလုံးမှာလည်း ကျားကြီးတွန့်သွားသည်နှင့် မျက်စိမှအလင်းရောင်များကိုပစ်ခတ်ထည့်လိုက်သည်။ ကျားကြီးမှာ အရှောင်မြန်သဖြင့်သာ နှားရွက်တစ်ဖက်သို့အလင်းတန်းထိမှန်သွားပြီး နားရွက်ပြတ်ကျသွားလေသည်။

ကျားကြီးမှာ တစ်ချက်ဟိန်းဟောက်ပြီး အနောက်ကျွမ်းပစ်ကာ အမှောင်ထုအတွင်းသို့ခုန်ဝင်သွားလေသည်။ အမှောင်ထုအတွင်းမှ ပြန်ထွက်လာသည့်အခါ ပြတ်ထွက်သွားသည့်နားရွက်မှာ အကောင်းပကတိအတိုင်းဖြစ်နေပြီး မောင်စိုင်းခုတ်ထားသည့်် ဓါးခုတ်ရာမှာလည်း ပျောက်ကွယ်သွားလေသည်။ ကျားကြီးနှင့််မောင်စိုင်းတို့မှာ အကြိမ်ကြိမ်တိုက်ခိုက်ပြီးသော်လည်း ကျားကြီးမှာ ဒဏ်ရာရသည့်အခါ အမှောင်ထုအတွင်းသို့ခုန်ဝင်သွားကာ ပြန်ထွက်လာသည့်အချိန်တွင် အကောင်းပကတိအတိုင်းဖြစ်နေသဖြင့် တိုက်ပွဲမှာရှည်ကြာနေရခြင်းဖြစ်သည်။

ယခုအချိန်တွင်တော့ ကျားကြီးက မောင်စိုင်းအား ဝင်ရောက်ဆွဲပြန်သည်။ ထိုစဉ် စိန်တလုံးက ကျားအမြီးကိုလက်နှစ်ဖက်ဖြင့် အားကုန်ဖမ်းဆွဲထားလိုက်သည်။

“မောင်စိုင်းရေ ခုတ်ဟ၊ ခုတ်ဟ”

မောင်စိုင်းမှာ လက်ထဲမှပေါက်ဆိန်ကြီးဖြင့် ကျားကြီး၏ ငယ်ထိပ်အားပေါက်ချထည့်လိုက်သည်။ ကျားကြီးမှာ အလွန်နာကျင်စွာအော်ဟစ်ပြီး အမှောင်ထုအတွင်းသို့ ပြန်ဝင်သွားပြန်သည်။ မောင်စိုင်းနှင့် စိန်တလုံးတို့မှာ မောပန်းနေကြပြီဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် ကျောခြင်းကပ်လိုက်ရင်း

“ဒီမှာစိန်တလုံး ကျားကြီးက အမှောင်ထဲကိုဝင်သွားပြီး ပြန်ထွက်လာရင် အကောင်းအတိုင်းဖြစ်ဖြစ်သွားတာ မင်းသတိထားမိလား”

“သတိထားမိတယ်မောင်စိုင်း”

“ငါ့အထင်တော့ အမှောင်ထုက သူ့အတွက်အားဖြစ်နေတာပဲကွ၊ နေရောင်အောက်မှာဆိုရင် ဒီကောင်ကြီးက အစွမ်းထက်သလိုပဲ”

“ဒါဆိုဘယ်လိုလုပ်ကြမလဲ”

“ဒီတစ်ခါ ငါသူ့ကိုဖမ်းပြီးလုံးထားမယ်ကွာ၊ မင်းက ကျင်းကြီးရဲ့နှုှုတ်ခမ်းက မြေသားတွေကို မှော်အလင်းနဲ့ပစ်ပြီးဖြိုချလိုက်ဟေ့၊ ကျင်းကြီးက အဝကျဉ်းတယ်ဆိုတော့ အဲဒီမြေသားတွေပြိုကျလာမှာပဲ၊ နေလည်းမဝင်သေးဘူးဆိုတော့ ဒီကောင်ကြီးအလင်းရောင်အောက် ရောက်တဲ့အချိန်မှ ငါတို့အပြတ်ရှင်းကြမယ်”

“အေး၊ မင်းပြောတဲ့အကြံကောင်းတယ် မောင်စိုင်း”

ကျားကြီးမှာ အမှောင်ထုအတွင်းမှခုန်ထွက်လာပြန်သည်။ မောင်စိုင်းက ကျားကြီးထံသို့ခုန်ဝင်သွားကာ ကျားကြီးနှင့်လုံးထွေးသတ်ပုတ်လေသည်။ ကျားကြီးနှင့်အားချင်းမယှဉ်နိုင်သဖြင့် မောင်စိုင်းမှာ ကျားအောက်သို့ရောက်ကာ ကျားကြီးမှာမောင်စိုင်းအပေါ်မှတက်ဖိထားလေသည်။ ထိုစဉ် စိန်တလုံးက မြေကျင်းကြီးနှုတ်ခမ်းကို အလင်းတန်းများနှင့်ပစ်ခတ်လိုက်လေသည်။ မြေကျင်းကြီး၏ နှုတ်ခမ်းသားများမှာ တဝုန်းဝုန်းနှင့်ပြိုကျလာကာ နေ့အလင်းရောင်များမှာ ကျင်းကြီးအတွင်းသို့ဖြာကျလာလေသည်။

အလင်းရောင်အောက်သို့ရောက်သည့်အခါ ကျားကြီးမှာ လူတစ်ပိုင်းကျားတစ်ပိုင်းအသွင်သို့ကူးပြောင်းသွားသည်။ ထိုအခါ စိန်တလုံးက ထိုလူကြီး၏ ကျောကုန်းပေါ်သို့ခုန်တက်လိုက်ကာ ဇက်ကိုလှန်ချိုးပြီး မောင်စိုင်းကလည်း ထိုလူကြီး၏ လည်ပင်းအား အောက်မှ ဖမ်းညှစ်ထားလေသည်။ ထိုလူကြီးမှာ ငယ်သံပါအောင် အော်ဟစ်ရင်း

“ကြောက်ပါပြီ၊ ငါ့ကိုလွတ်ပေးပါတော့၊ ငါမင်းတို့ကို အရှုံးပေးပါတယ်”

ထိုအခါမှ စိန်တလုံးနှင့်မောင်စိုင်းတို့မှာ ထိုလူကြီးအားလွှတ်ပေးလိုက်သည်။ ထိုလူကြီးမှာ ကျားတစ်ပိုင်းလူတစ်ပိုင်းအဖြစ်မှ လူစင်စစ်အသွင်ပြောင်းသွားလေသည်။

“ကျားအိုကြီး ဦးဗျဂ္ဃဆိုတာ ခင်ဗျားပဲဖြစ်ရမယ်”

စိန်တလုံးက ပြောဆိုလိုက်လေသည်။

“ကဲ ခင်ဗျားကိုကျုပ်တို့နိုင်ပြီဆိုတော့ ကျုပ်တို့ကိုလွှတ်ပေးတော့”

“လွတ်ပေးပါ့မယ်၊ ရွှေဟင်္သာဂိုဏ်းကလူတွေရဲ့ အစွမ်းကို ငါကောင်းကောင်းကြီးသိသွားပါပြီ”

ဦးဗျဂ္ဃမှာ ကျင်းကြီးတစ်နေရာအတွင်းရှိ သစ်သားချောင်းကြီးအား လက်ဖြင့်ဆွဲလိုက်လေသည်။ စင်စစ်အားဖြင့် ထိုသစ်သားချောင်းမှာ စက်မောင်းခလုပ်တစ်ခုဖြစ်နေသည်။ မကြာခင် ကျင်းကြီးတစ်နေရာတွင် လူတစ်ကိုယ်ဝင်စာအပေါက်တစ်ခုပေါ်ပေါက်လာလေသည်။ ထိုအပေါက်အတိုင်း ဝင်ရောက်ခဲ့ကြရာ မကြာခင်တွင် ကျင်းအပေါ်ဘက်သို့ပြန်ရောက်လာခဲ့ကြသည်။ ဦးဗျဂ္ဃ ကျင်းအပေါ်ရောက်သည်နှင့် သမန်းလူသားတစ်ဦးက ပြေးလာလေသည်။

“ဘာထူးသေးလဲဟေ့”

“မောင်သီဟကို သမန်းမုဆိုးတွေဖမ်းသွားကြပါတယ်၊ အခုထိမကယ်ထုတ်ရသေးပါဘူး”

မောင်စိုင်းနှင့်စိန်တလုံးတို့မှာ မိခါးအားသတိရသွားကြသည်။

“အဲဒီမောင်သီဟနဲ့အတူ အဖမ်းခံရတဲ့မိန်းကလေးက မိခါးပဲဖြစ်မယ်၊ ကျုပ်တို့ကို အဲဒီနေရာခေါ်သွားပေးပါ”

ဦးဗျဂ္ဃက မိုးပေါ်သို့မော့ကြည့်လိုက်ရင်း

“မကြာခင် နေဝင်တော့မှာပဲကွ၊ ငါ့အထင် ငါ့တပည့်တွေက ညရောက်တာကိုစောင့်နေကြတာထင်တယ်”

ဦးဗျဂ္ဃနှင့်အတူ စိန်တလုံးနှင့် မောင်စိုင်းတို့မှာလိုက်ပါလာခဲ့ကြသည်။ နေဝင်သွားသည်နှင့် တောအုပ်အတွင်းအမှောင်ဖုံးလာခဲ့သည်။ သမန်းမုဆိုးများက မီးပုံကြီးများကိုဖိုထားကာ အသားခြောက်များကို ကင်စားနေကြလေသည်။ မုဆိုးဝရ က ပတ်ဝန်းကျင်အခြေအနေကိုတစ်ချက်အကဲခတ်ကြည့်ရင်း

“ဒီကောင်တွေ အနီးအနားကိုရောက်နေကြပြီဟေ့”

“ကျွန်တော်တို့တော့ ဘာမှမမြင်ပါလား ခေါင်းဆောင်ကြီး”

“အေးပေါ့ကွ၊ သမန်းကောင်တွေဆိုတာ တောထဲမှာ ကိုယ်ရောင်ဖျောက်တဲ့အတတ်ပညာတစ်ခုကိုလည်းတတ်မြောက်ထားကြတယ်”

“ခေါင်းဆောင်ကြီးက သမန်းကောင်တွေအကြောင်းကို အတော်သိတာပဲနော်”

မုဆိုးဝရမှာ တစ်ချိန်က သမန်းကောင်ဖြစ်ခဲ့ဖူးမှန်းကို မုဆိုးများက မသိရှိကြသေးပေ။

“ငါက သမန်းကောင်တွေပညာသုံးလိုက်ရင် အနံ့ရတတ်တယ်ကွ၊ ဒါကြောင့်လည်း ဟိုကောင်လေး သမန်းကောင်အဖြစ်ပြောင်းလဲလိုက်တော့ သူ့နေရာကိုရှာတွေ့ခဲ့တာမဟုတ်လား၊ ငါသာမှားချင်မှားမယ် ငါ့နှာခေါင်းကတော့ မမှားဘူးဟေ့၊ သမန်းကောင်တွေရဲ့အနံ့တွေ ဒီပတ်ဝန်းကျင်မှာ ပြင်းပြင်းထန်ထန်ရနေတယ်ကွ၊ မင်းတို့အဆင်သင့်ပြင်ထားကြတော့၊ ဒီအတိုင်းဆို သမန်းကောင်တွေက ညသိပ်နက်တဲ့အထိစောင့်မှမဟုတ်ဘူး”

“ထောင်ချောက်တွေရော လက်နက်မျိုးစုံပါ အသင့်ပြင်ထားပြီးသားပါ ခေါင်းဆောင်ကြီးရာ၊ ဒီသမန်းကောင်တွေ အသက်ဆယ်ချောင်းရှိရင်တောင် ပြေးမလွတ်တော့ပါဘူးဗျ”

မုဆိုးဝရမှာ ကြိတ်ပြုံးလိုက်ကာ

“ဒီညကတော့ ငါ့ရဲ့ရန်ကြွေးတွေကို လက်စားချေတဲ့နေ့ပဲဟေ့၊ မင်းတို့သမန်းကောင်တွေလာကြစမ်း၊ ငါက မင်းတို့တစ်မျိုးလုံးကို မျိုးဖြုတ်ပေးမယ်ကွ”

မုဆိုးဝရမှာ စိတ်ထဲမှ ကြိမ်းဝါးလိုက်လေတော့သည်။