ဘကြီးမှုန်နဲ့ မကြေးအုံ

Posted on

စောရမင်းခေါင်
ဘကြီးမှုန်နဲ့ မကြေးအုံ ( စ/ဆုံး)
ထမံ ( တောင်ငူ)
—————————————-

အချိန်အခါ မဟုတ်ပါဘဲ မိုးက ရွာသွန်းလို့နေတယ်။

မင်းခေါင်တို့သုံးယောက်ဟာ တောင်ငူမြို့ကနေ ထွက်လာခဲ့ကြပြီး မြို့ငယ်ကလေးများကို ဖြတ်သန်းကာ ပျဉ်းမနားမြို့ဆီကို ရောက်ခဲ့ကြတယ်။

မြို့က အတော့်ကို စည်ပင်သာယာလွန်းတယ်။

မင်းခေါင်တို့လည်း မြို့ပြရဲ့ အခြေအနေအရပ်ရပ်ကို ရောက်တုန်းရောက်ခိုက် လှည့်လည်ပြီး ကြည့်မိကြတယ်။

ကြည့်ရင်းက မြို့ပြရဲ့ ခိုင်မာတဲ့ အခြေအမြစ်တွေကို ကြည့်ရှုပြီး သမိုင်းကြောင်းကို သိလိုလာကြတယ်။

ဒီ့အတွက် မေးမြန်းကြည့်ဖို့ရာ အဆင်ပြေနိုင်လောက်မယ့် နယ်ခံလူတို့ကို ရွေးချယ်ကြည့်မိတယ်။ မေးလည်း မေးမိကြတယ်။

အတော်များများက အလုပ်မရှုပ်လိုတာလား၊ တကယ်ပဲ မသိတာလား မပြောတတ်၊ မသိဘူးလို့သာ ပြောကြတယ်။

လေးငါးဆယ်ယောက်မက မေးမိလို့ အဖြေကို မရေတာ့ မင်းခေါင်တို့လည်း လက်လျော့တော့မယ်လို့ တွေးမိကြချိန် ဖြတ်သွားဖြတ်လာရင်း နားစွန်နားဖျား ကြားမိတဲ့ လူတစ်ယောက်က သူတို့အနားကို ရောက်လာတယ်။

” နောင်ကြီးတို့…”

ခေါ်သံကြောင့် မင်းခေါင်တို့ လှည့်ကြည့်လိုက်ကြတယ်။

တစ်ဖက်ကလူက ရည်ရည်မွန်မွန်နဲ့ သူတို့ကို ကြည့်နေပြီး…။

” ခင်ဗျားတို့အခုနက ဒီမြို့အကြောင်းကို မေးမြန်းနေတာ ကြားမိလိုက်လို့…”

မင်းခေါင်တို့လည်း ဝမ်းသာသွားကြတယ်။ ဒေသန္တရ ဗဟုသုတတစ်ခုအဖြစ် ရောက်တုန်းရောက်ခိုက် သူတို့မှတ်သားသွားချင်ကြတယ်လေ။

” ဟုတ်တယ်​ဗျ။ ဒါပေမယ့် ဒိက လူတော်တော်များများက မသိကြဘူးလို့ပဲ ပြောနေကြတယ်…”

” အင်း…ဟုတ်မှာပေါ့။ သူတို့တစ်တွေက ထူအလွန်းတာကိုး။ တကယ်ဆို ကိုယ့်မြို့အကြောင်းတော့ ကိုယ် သိသင့်တယ် မဟုတ်လား…”

” ဒါပေါ့ဗျာ…ဒါပေါ့…”

ဦးဘထူးက ပြောလိုက်တယ်။ ဒီအခိုက် တာနောက ဝမ်းသာအားရနဲ့…။

” ဒီလို ပြောပုံအရ ဒီက နောင်ကြီးကတော့ သိတယ် ထင်တယ်နော်…”

တစ်ဖက်ကသူက ရယ်လေတယ်။

” ကျုပ်လည်း မသိဘူးဗျ။ ဒါကြောင့် ကျုပ်ကိုယ်တိုင်လည်း ငထူငအအဖြစ် သတ်မှတ်ထားတယ်…”

” ဟောဗျာ…”

မင်းခေါင်တို့ ရယ်ရခက်ခက်၊ ငိုရခက်ခက်။ တစ်ဖက်ကသူက ဆက်ပြောတယ်။

” ဒါပေမယ့် ဒီမြို့အကြောင်းကို သိတဲ့သူ ရှိတယ်ဗျ။ သူ ဘယ်မှာနေသလဲဆိုတာ ကျုပ် သိတယ်…”

” ဟုတ်လား။ ဒါဖြင့်လည်း လမ်းညွှန်ပေးစမ်းပါဦးဗျာ…”

” လမ်းညွှန်ရုံတင် မဟုတ်ဘူး။ လိုက်ပါ ပို့ပေးမယ်ဗျာ…”

” ဒါဆိုရင်တော့ ပိုကောင်းတာပေါ့ဗျာ…”

” လိုက်ပို့ခတော့ ၂ ရူပီး ပေးရမယ်နော့်…”

” ဟာ…အခကြေးနဲ့လား…”

မင်းခေါင်တို့ အံ့သြစွာနဲ့ မေးမိကြတယ်။

” အခကြေးနဲ့ပေါ့ဗျ။ ဘာလို့လဲ ခင်ဗျားတို့က မပေးနိုင်လို့လား…”

” ပေးနိုင်ပါတယ်ဗျာ။ ဒါပေမယ့် စေတနာ သီးသန့်နဲ့ ကူညီတယ် ထင်တာ…”

” အင်း…စေတနာကောင်းရင် ကံကောင်းတယ်လို့ ကျုပ် ကြားဖူးတယ်။ ဒါပေမယ့်ဗျာ လက်ရှိ အခြေအနေမှာတော့ စေတနာဆိုတာ ဝမ်းရေးလောက် အရေးမပါတော့ဘူးဗျ။ ပြီးတော့ သူတို့နေရာတွေက ဒီနဲ့ နည်းနည်းလှမ်းတယ်…”

ဦးဘထူးက ဆက်မပြောတော့ဘူး။ နှစ်ရူးပီး ထုတ်ပေးလိုက်တယ်။

” ကဲ…လိုက်ပို့ချေတော့ဗျာ…”

” ကဲ…လိုက်ခဲ့ကြဗျာ…”

” ဒါနဲ့ ခင်ဗျား နာမည်က…”

” ကျုပ်နာမည်က ကံမြင့်တဲ့…”

ကံမြင့်ဆိုတဲ့လူက သူ့နာမည် ပြောပြီးတာနဲ့ အရှေ့ကနေ လှမ်းထွက်သွားတော့တယ်။

မင်းခေါင်တို့လည်း အနောက်ကနေ လိုက်ခဲ့ကြတယ်။

စိတ်ထဲ မကြည်မလင်ဖြစ်သွားရတော့ ကံမြင့်ဆိုတဲ့လူကိုတော့ စကားမပြောဖြစ်ကြတော့ဘူးပေါ့…။

တစ်နေရာကို ရောက်တော့…။

အရှေ့က သွားနေတဲ့ ကံမြင်က ဘီးမုန့်သည်ဆီကနေ ဘီးမုန့်အများအပြားကို ဝင်ဝယ်လေဆယ်။ ပြီးတော့ ဘီးမုန့်အထုပ်ကို ကိုင်ပြီး လမ်းအတိုင်း ဆက်သွားတယ်။

အတော်ကြာကြာသွားပြီးတော့ မြို့ရဲ့ အစွန်ဘက်နေရာကို ရောက်လာကြတယ်။

နေရာအငွေ့အသက်က မြို့ပြအရိပ်ဆီမှာပဲဆိုပေမယ့် တစ်သီးတစ်ခြားဆန်လှတယ်။

နေရာတိုင်းမှာ ကလေးသူငယ်တွေ ရှိနေတယ်။

နေရာတိုင်းမှာ အစုတ်အပြတ်၊ အမွိုက္ပုံမ်ားက ရှိနေတယ်။ ကံမြင့်ကို မြင်တာနဲ့ ကလေးတွေက စုဝေးရောက်ရှိလာကြတယ်။

ကလေးတွေ အတော်များလာတော့ ကံမြင့်က…။

” ကဲ…ဒီကနေ့တော့ မင်းတို့အတွက် ဘီးမုန့်ပါလာတယ်ကွ။ ယူကြ…စားကြ…”

ကလေးတွေက ပျော်ရွှင်ပြီး ဟေးခနဲ အော်ဟစ်ကြတယ်။

ကံမြင့်က ရယ်မောပြုံးရွှင်စွာနဲ့ ကလေးတွေဆီကို ဘီးမုန့်တွေ ဝေပေးနေတယ်။

ကလေူတွေအားလုံးနီးပါးကို ဝေလို့ပြီးစီးချိန်ကျတော့ ဘီးမုန့်နှစ်ခုကို ကိုင်ပြီး ကလေးတွေကို ကြည့်ကာ…။

” အဘမှုန် ဘယ်မှာတုန်းကွ…”

” ဟိုးဘက်က ကန်မှာ ငါးမျှားနေတယ် ကိုကြီးကံ…”

” ဪ…အေး…သြား သြား မင်းတို့ သွားကစားကြတော့။ ရန်မဖြစ်နဲ့နော်…”

” ဟုတ်ကဲ့ပါဗျ…”

ကလေးတွေ ပြေးထွက်သွားတော့ ကံမြင့်က ရပ်ကြည့်နေကြတဲ့ မင်းခေါင်တို့ဆီကို ရောက်ရှိလာတယ်။

” နောင်ကြီးတို့ရေ။ အဘမှုန်ဆီကို သွားကြစို့…”

ကံမြင့်က ခြေလှမ်းစပေမယ့် မင်းခေါင်တို့က ရပ်နေမြဲ ရပ်နေရင်းက…။

” ခင်ဗျားက ဒီကို အမြဲလာနေကျပဲလား…”

” လာနေကျ မဟုတ်ဘူး​ဗျ။ ကျုပ်က ဒီမှာပဲ နေတာ…”

” ဟင်…ခင်ဗျားက ဒီမှာနေတာ။ ဟုတ်လား…”

” ဟုတ်တယ်လေ ဘာဖြစ်လို့လဲ…”

” ဒါနဲ့များဗျာ။ ခင်ဗျားနေတဲ့ နေရာပါလို့ အစောကတည်းက ပြောကောပေါ့…”

” ဪ…စကားမစပ်မိလို့ပါဗျာ။ ကျုပ်က ဒီကနေပြီးတော့ မြို့ထဲမှာ အလုပ်လုပ်တယ်လေ…”

” ဪ…”

” ကဲ…အဘမှုန်ဆီကို သွားကြစို့လား…”ဆ

ကံမြင့်က အရှေ့က သွားတော့ မင်းခေါင်တို့လည်း မနောက်ကလိုက်ကြပါတယ်။

တဲလို့ရယ်တောင် မမည်နိုင်တဲ့ နေရာကလေးတွေအကြားကနေ ဖြတ်သန်းပြီး တစ်ဖက်က ကန်ဘောင်ကြီးဆီကို တက်ကြရတယ်။

ကန်ဘောင်ကြီးအတိုင်း ဆက်တက်လာတော့ တစ်နေရာက သစ်ပင်အရိပ်အောက်မှာ ငါးမျှားတံတစ်ချောင်းနဲ့ ငါးမျှားနေတဲ့ အသက်ရှစ်ဆယ်ကျော်အရွယ် အဘိုးကြီးတစ်ယောက်နဲ့ အလွန်မှကို ချောမောလှပလွန်းတဲ့ အသက်ဆယ့်ရှစ်နှစ်လောက်သာ ရှိဦးမယ့် မိန်းမငယ်တစ်ယောက်ကို တွေ့ကြရတယ်။

” အဲ့ဒါ ဘကြီးမှုန်ပဲ။ သူက ဗဟုသုတအရာ တော်တော်စုံလင်တယ်။ ခင်ဗျားတို့ သိလိုတာတွေ သူ့ဆီ မေးမြန်းလို့ရတယ်…”

” အင်း…”

” သူ့နံဘေးက မိန်းကလေးကတော့ မကြေးအုံတဲ့။ ဘကြီးမှုန်ရဲ့ တစ်ဦးတည်းသော မြေးမလေး။ မကြေးအုံက မျက်စိမမြင်ဘူး။ လှတာတော့ သိပ်လှတယ်…”

ကံမြင့်ပြောတော့ မင်းခေါင်တို့လည်း စိတ်မကောင်းဖြစ်မိကြကာ မိန်းမငယ်ဆီကို လှမ်းကြည့်မိကြတယ်။

ပန်းနုရောင် ပိတ်စငယ်ကို ခေါင်းဆီမှာ သိုင်းလို့ စည်းနှောင်ထားတဲ့ မိန်းမငယ်ရဲ့ အသွင်က တကယ့်ကို နှစ်လိုဖွယ်ရာအချင်းတို့နဲ့ ပြည့်စုံလွန်းနေပါရဲ့။

ကံမြင့်က ရှေ့ဆက်လှမ်းတော့ မင်းခေါင်တို့လည်း အေနာက္ကေန လိုက်ကြတယ်။ သူတို့အနားရောက်ချိန်ကျတော့ မကြေးအုံက ဆီးကြိုကာဖြင့်…။

” အစ်ကိုကံမြင့်…ရောက်လာပြီလား…”

” အင်း ရောက်ပြီ မကြေးအုံ။ ဒီတစ်ခါကော ဘယ်ကဘယ်လို ကြိုသိနေရပြန်တာလဲ…”

ကံမြင့်ပြောတော့ မကြေးအုံက ရယ်တယ်။

” သိတာပေါ့။ မကြေးအုံဆီမှာ သာမန်မျက်စိမဟုတ်တဲ့ နတ်မျက်စိရှိတယ်လေ။ ဧည့်သည်တွေလည်း ပါတယ် မဟုတ်လား…”

ကံမြင့် ရယ်လိုက်တယ်။ ပြီးတော့ မကြေးအုံကို ရွှန်းရွှန်းစားစား ကြည့်လိုက်ပြီး…။

” မကြေးအုံရဲ့ အထောက်တော်လေးများ လာသွားခဲ့ပြီ ထင်တယ်…”

” အမှန်ပါပဲ…”

ကံမြင့်နဲ့ မကြေးအုံတို့ အပြန်အလှန်ပြောရင်း ရယ်မောနေကြတယ်။

မင်းခေါင်တို့ကတော့ ရယ်မောနေတဲ့ မကြေးအုံကို အမှတ်တမဲ့ ငေးကြည့်နေမိကြတယ်။

ဒီအခိုက် ဘကြီးမှုန်က ကံမြင့်ကို လှည့်ကြည့်လာပြီး…။

” မောင်ကံ…”

” ဗျာ…ဘကြီး…”

” မင်း လုပ်အားခတွေနဲ့ မုန့်တွေ ဝယ်လာပြန်တယ်ဆို…”

” ဟုတ်ကဲ့ ဘကြီး။ ထွန်းလေးတို့ကို ကျွေးခဲ့လိုက်တယ်။ ဘကြီးနဲ့ မကြေးအုံအတွက်တော့ တစ္ခုစီ ယူလာခဲ့တယ်…”

” မင်းနှယ်ကွယ်။ အကုန်အကျရှာလို့…”

” အို…အဲ့ဒီ့လိုတော့ ဘယ်ဟုတ်ပါ့မလဲ ဘကြီးရယ်။ ဒီက ကလေးတွေကို ကျုပ်က သံယောဇဉ်ရှိနေလို့ပါ…”

” အင်း…”

ဘကြီးမှုန်က ဘာမှမပြောတော့ဘူး။ ကံမြင့်လည်း ဘာဆက်ပြောရမယ် မသိတော့ ငြိမ်သွားရတယ်။ မင်းခေါင်တို့ကဆို သာဆိုးရောပေါ့။

ဒီအခြေအနေကို မကြေးအုံက ဝင်ထိန်းလိုက်တယ်။

” ကိုကံ…ဧည့်သည်တွေလည်း ပါတယ္ဆို။ ဘယ်အတွက်ကြောင့် ရောက်လာကြတဲ့ သူတွေလဲ…”

” ဪ…ဟုတ်သားပဲ။ ဧည့်သည်တွေက ဘကြီးဆီကို လာကြတာ…”

” ကျုပ်ဆီကို…”

ဘကြီးမှုန်က မင်းခေါင်တို့ဘက်ကို ကြည့်လာတယ်။

” ဘယ်ကများလဲကွယ့်…”

ဘကြီးမှုန်ကပဲ ဆက်မေးတယ်။

” စစ်ကိုင်းကပါ ဘကြီး။ ခရီးသွားရင်း အပြန်၊ ဒီမြို့ကိုရောက်တော့ လူနေစည်ကားတာမို့ မြို့အကြောင်းလေး စိတ်ဝင်စားမိလာလို့ပါ ဘကြီး…”

ဦးဘထူးက ပြောလိုက်တယ်။ ဘကြီးမှုန်က ခေါင်းကို ညိတ်ပြီး…။

” အင်း…ဒီမြို့လေး အကြောင်းက စိတ်ဝင်စားမယ်ဆိုရင်လည်း စိတ်ဝင်စားလို့ရလေရဲ့။ စိတ်မဝင်စားဘူးဆိုရင်လည်း စိတ်မဝင်စားလို့ရလေတယ်…”

” ဘကြီးရဲ့ စကားက ထူးဆန်းလှချည်လား။ ဘယ်လိုကြောင့်တုန်း ပြောပြပါဦးဗျာ…”

” ဒီမြို့ကို ဗမာဘုရင်တွေ လက်ထက်ကတည်းက ဦးရွှေတုတ်ဦးစီးတဲ့ လူကိုးဦးက ဆင်းတုတော်ကိုးဆူနဲ့အတူ စတင်တည်ထောင်တယ်။ နင်းကြမ်းလို့ခေါ်တယ်။ နယ်ကျန် ၁၂ မြို့ထဲမှာ အစည်ကားဆုံးမြို့လို့ သတ်မှတ်တယ်။ ဗျဉ်းမနား၊ ပျဉ်းမနားဆိုပြီး ခေါ်ကြတယ်…”

” ဟုတ်ကဲ့… ”

” ဗျဉ်းမနားကနေ စပြီး ပြောမယ်။ ဗျဉ်းမနားဆိုတာကတော့ တောင်ငူကို အုပ်စိုးတဲ့ ကရင်ဘဟာ သမီးမထွန်းကားတာမို့ ဗျဉ်းမဆိုတဲ့ ကရင်မလေးကို မွေးစားလိုက်တယ်။ ဗျဉ်းမက အရွယ်ရောက်တော့ လယ်သမားတစ်ယောက်နဲ့ ခိုးရာ လိုက်ပြေးတယ်။ ကရင်ဘက ဒေါသထွက်ပြီး သူ့ရဲမက်တွေနဲ့ လိုက်စေတာမှာ ဒီအရပ်မှာ ဗျဉ်းမတို့ နားနေကြတုန်း မိသွားခဲ့တယ်။ ဒါကြောင့် ဗျဉ်းမနားပေါ့။ နောက်…နင်းကြမ်းဆိုတဲ့ နာမည်ကို လက်လိုက်ချောင်းခေါ်တဲ့ ငလိုက်ချောင်းကို ဝါးကြမ်းခင်းနဲ့ ဖြတ်နင်းပြီး သွားရတာကြောင့် အဲ့ဒီ့အမည်တွင်တာလို့ သိရတယ်။ နင်းကြမ်းအတွက် အခြားသော အကြောင်းတွေလည်း ရှိတယ်။ ထားတော့ ဒါက…”

” ဟုတ်ကဲ့…”

” နယ်ကျန်မြို့ ၁၂ မြို့ဆိုတာကတော့ မဟာသက္ကရာဇ် ၁၂၁၄ အင်္ဂလိပ်တို့က ဗမာပြည်ကို ဒုတိယအကြိမ် သိမ်းယူတယ်။ အဲ့ဒီ့မွာ ကေတုမတီ ၅၅ မြို့အနက်က ၁၂ မြို့ကိို ချန်ပြီး ပေးအပ်ရတယ်။ နယ်ခြားကျောက်တိုင်ကို ရေနီမြို့ဆီမှာ စိုက်ထူတယ်။ ကျန်ရစ်တဲ့ ၁၂ မြို့ကိုတော့ နယ်ကျန်လို့ သတ်မှတ်တာပေါ့။ နယ်ကျန်မြို့တွေကတော့ တောင်ညို၊ ဝါးနွယ်ကုန်း(လယ်ဝေး)၊မင်းပြင်၊ ရန်အောင်မြင်၊ ဝက္ကမူ၊ သစ်တပ်တောင်ဝင်၊ ဇေယျသိမ် (အေလာ)၊ ရွှေမြို့၊ နင်းကြမ်း(ပျဉ်းမနား)၊ ပျဉ်းမနား (ယခုပျဉ်းမနားဟောင်း)၊ ပြကောင်း(ကျည်တောင်ကန်)နဲ့ ကျည်တောင့်ခေါမတို့တစ်တွေပေါ့။ ဒိမြို့တွေအထဲမှာမှ နင်းကြမ်းမြို့ဟာ လူသူအစည်ကားဆုံးဖြစ်ရတယ်။ နောင်အခါမှာ မြင်းခြံနဲ့ နင်းကြမ်းက အင်္ဂလိပ်သတ်ပုံမှာ ဆင်တူနေတဲ့အတွက်ကြောင့် စာပေးစာယူကိစ္စများမှာ လွဲမှားကြရတယ်။ ဒါကြောင့်လည်း နင်းကြမ်းကနေ ပျဉ်းမနားလို့ အမည်ပြောင်းတယ်။ မြို့ဆီမှာ အဂ်လိပ်ရုံးတွေ အခြေစိုက်ကြတယ်။ ဒါပါပဲ…”

ဘကြီးမှုန်က ပျဉ်းမနားမြို့အကြောင်းကို နိဂုံးချုပ်လိုက်လေတယ်။

” ထူးထွေတဲ့ သမိုင်းကြောင်းကော ရှိသေးလား ဘကြီး…”

” ရှိတော့ ရှိမှာပေါ့…”

ဘကြီးမှုန်က မတင်မကျ ဖြေတယ်။ ပြီးတော့ သက်ပြင်းအရှည်ကြီးကို ချတယ်။

ဘကြီးမှုန်ကို ကြည့်ရတာ စိတ်မကောင်းစရာ သမိုင်းကြောင်းတစ်ခုအတွက် နင့်နဲနေပုံပါပဲ။

လူအကခတ် မညံ့ကြတဲ့ ဦးဘထူးတို့လည်း ဒီအတွက်ကြောင့် ထပ်မမေးတော့ပါဘူး။

” သိချင်တာလည်း သိပြီးပြီဆိုတော့ ဘကြီးမှုန်အတွက်ကို ငွေတစ်ချို့ ဂါရဝပြုခဲ့ပါရစေ…”

” အင်း…သာဓု…သာဓု…သာဓု…”

ဦးဘထူးတို့လည်း ထပြန်လာခဲ့ကြတယ်။

သုံးယောက်စလုံးရဲ့ စိတ်ထဲမှာတော့ ကိုယ့်မြို့ရဲ့ အကြောင်းကို ပြောပြသူ ဘကြီးမှုန်တစ်ယောက် ဂုဏ်ယူကြည်ပြဟန်မရှိတာကို သတိထားမိကာ တွေးမိနေကြလေတယ်။

” ဘကြီးမှုန် ပုံစံက တစ်မျိုးပဲနော့်…”

” အင်း…ဟုတ်တယ်။ တစ်စုံတစ်ခုအတွက်ကို ကြေကွဲ ဝမ်းနည်းနေသလိုပဲ…”

” သူ့အတိတ်မှာ ဒီမြို့နဲ့ ပက်သက်ပြီး အကြောင်းတစ်ခုခု ရှိနေလို့ နေမှာပေါ့…”

” အင်းပေါ့…ဒီလိုပဲ ဖြစ်မှာပါ…”

သုံးယောက်သား စကားပြောရင်း ထွက်လာကြတုန်း အနောက်ကနေ ခြေသံကို ကြားရတယ်။ လှည့်ကြည့်လိုက်ကြတော့ ကံမြင့်တစ်ယောက် သူတို့အနောက်ကို ပြေးလိုက်လာတာပါ။

မင်းခေါင်တို့လည်း ရပ်စောင့်လိုက်ကြတယ်။

ကံမြင့်က အနားရောက်လာတော့ ရယ်ရွှင်တဲ့ မျက်နှာထားနဲ့…။

” ကဲ…ဘယ်လိုလဲ နောင်ကြီးတို့။ ကြားချင်သိချင်တာတွေ သိခဲ့ရပြီလား…”

” သိခဲ့ရပြီဆိုပါတော့…”

တာနောက ပြန်ဖြေလိုက်တယ်။

” အင်း…နောင်ကြီးတို့ သိချင်ရာ သိခဲ့ရတယ်ဆိုတော့ ကျုပ်လည်း ဝမ်းသာမိပါတယ်ဗျာ…”

ကံမြင့်က ပြောတယ်။

” အင်း…”

ဦးဘထူးတစ်ယောက်ကသာ အင်းတစ်လုံး ဖြေလို့ တုန့်ပြန်တယ်။ ဒါကို ကံမြင့်က သတိထားမိလေပြီး…။

” ခင်ဗျားတို့ ကြည့်ရတာ ဘကြီးမှုန်ရဲ့ အပြောအဆိုတွေ ပုံသဏ္ဍာန်တွေကြောင့် စိတ်ထဲ စနောင့်စနင်း ဖြစ်နေတယ် ထင်တယ်။ ဘကြီးမှုန်က အဲ့ဒီ့အတိုင်းပဲဗျ။ တကယ်တော့ သူ့ဘဝက အတိတ်မှာ ကြေကွဲစရာတွေနဲ့ ပြည့်နှက်နေခဲ့တယ်ဗျ…”

” ဘယ်လိုကြောင့်လဲ…”

တာနောက ဝင်မေးလာတယ်။ ကံမြင့်က…

” ဒီအကြောင်းတွေကို ပြောမယ်ဆိုရင်တော့ ကျုပ်တို့ အေးအေးလူလူ ရှိမယ့် တစ်နေရာဆီ သွားမှ ထင်တယ်နော့်…”

” နှစ်ရူးပီး ပေးရဦးမှာလား…”

ကံမြင့်က စကားခေါ်သလို ပြောနေတာကြောင့် တာနောက အရှေ့က စကားပိတ် ပြောလိုက်တယ်။ ကံမြင့်က ရယ်မောလိုက်တယ်။

” မပေးရပါဘူးဗျ။ အခုနက နှစ်ရူပီးတောင်းတယ်ဆိုတာ ကလေးတွေကို မုန့်ဝယ်ကျွေးဖို့ နည်းနည်းလိုနေလို့ပါဗျာ…”

” ခင်ဗျားက အဲ့ဒီ့ကလေးတွေကို အမြဲဝယ်ကျွေးနေကျလား…”

မင်းခေါင်က ဝင်မေးလာတယ်။

” အင်း…ဟုတ်တယ်။ အဲ့ဒီ့ကလေးတွေက ဘကြီးမှုန် မွေးစားထားတဲ့ မိဘမဲ့ကလေးတွေလေ။ သူတို့လေးတွေအတွက် ကျုပ်က အမြဲတမ်း ဝယ်ကျွေးဖြစ်တယ်…”

ကံမြင့်စကားကြောင့် မင်းခေါင်တို့လည်း ဘကြီးမှုန်ရဲ့ နောက်ကြောင်းကို ပိုမိုသိလိုလာခဲ့တယ်။

” ကိုကံမြင့် ဘကြီးမှုန်အကြောင်းကို ကျုပ်တို့ဆီ ပြောပြဗျာ…”

” ခင်ဗျားတို့ သိချင်နေတာပဲဗျာ။ ဘကြီးမှုန်ဆီက သိခဲ့ရတဲ့ အရာတွေက နည်းပါးတော့ နှစ်ရူပီးတန်မှာမဟုတ်ဘူး။ ဒီတော့ တန်ရာတန်ကြေးဖြစ်အောင် ကျုပ် ပြောပြပါ့မယ်…”

” အဖိုးအခအတွက်ကြောင့် သိချင်တာ မဟုတ်ဘူး မောင်ကံမြင့်…”

ကံမြင့် ချက်ချင်း ပြာပြာသလဲ ဖြစ်သွားတယ်။

” တောင်းပန်ပါတယ်ဗျာ။ ကျု​ပ်က စကားပြော လောစောသွားတာပါ…”

” ထားပါတော့လေ…”

” ကဲပါဗျာ။ ဒီကနေ ဟိုးဘက်နားမှာ ကန်ရှိတယ်။ အဲ့ဒီ့နံဘေးမှာ ပြောပြပါ့မယ်…”

မင်းခေါင်တို့လည်း ဘာမှမပြောတော့လဲ ကံမြင့်ခေါ်ဆောင်ရာနောက်ကို လိုက်ခဲ့ကြပါတော့တယ်။

******

ငမှုန်ဆိုတာ နယ်ကျန် ၁၂ မြို့ကို အပိုင်စားတဲ့ နယ်စားမင်းရဲ့ အမှုထမ်းတစ်ယောက်။

သူထမ်းရွက်ရတဲ့ အမှုက အပြစ်သားတွေကို သုတ်သင်ကွပ်မျက်ရတဲ့ အာဏာပါးကွက်သား အလုပ်ရယ်။

ဒီအလုပ်က သူတို့ မျိုးရိုးစဥ်ဆက် ဆင့်ကမ်းလာခဲ့ကြရာက အခု ငမှုန်လက်ထက်ဆီကို ရောက်ရှိလာတယ်။

ငမှုန်က ဒီအမှုကို လုပ်လိုသူမဟုတ်ဘူး။ ​ဒါပေမယ့် ငြင်းဆန်ဖို့ အခွင့်မရှိလေတော့ လုပ်ဆောင်ရတယ်။

တစ်ကြိမ်တစ်ခါမှာတော့ သူဟာ အပြစ်သားဖြစ်တဲ့ မယ်ညိုဆိုတဲ့ မိန်းမပျိုတစ်ယောက်ကို သုတ်သင်ဖို့ ဖြစ်လာတယ်။

သုတ်သင်မယ့်နေ့မှာ မြင်မိတဲ့ မယ်ညိုကို ရုတ်တရက်ကြီး သူ စွဲလန်းသွားမိရတယ်။ မယ်ညိုကလည်း သူ့လိုပဲ။

ဒီလို အရေးကြောင့် ငမှုန်ဟာ မယ်ညိုကို ဥပါယ်တံမျဥ်သုံးလို့ လွတ်မြောက်စေလိုက်တယ်။

နောက်တော့ သူကိုယ်တိုင်လည်း အဲ့ဒီ့နေရာကနေ စွန့်ခွာပြီး မယ်ညိုနဲ့အတူ တောနယ်တစ်ခုမှာ ဇာတ်မြုပ် နေထိုင်ခဲ့တယ်။

မြနှင်းဆိုတဲ့ သမီးလေးတစ်ယောက် ထွန်းကားတယ်။

မြနှင်းလေးက အရွယ်ရောက်လာတော့ သိပ်ကို လှပလွန်းတယ်။

ငမှုန်နဲ့ မယ်ညိုကလည်း မြနှင်းကလေးကို အလွန်အမင်း ချစ်ကြလေတော့ လိုလေသေးမရှိအောင် ထားကြတယ်။

ဒီလိုနဲ့ မြနှင်းလေး အိမ်ထောင်ရက်သားပြုမယ့် ရက်ကို ရောက်လာတယ်။

မင်္ဂလာဆောင်ပွဲ ကျင်းပနေတဲ့ အချိန်မှာ နယ်စားမင်းရဲ့ ရဲမက်တွေ ရုတ်တရက် ရောက်လာပြီး ငမှုန်နဲ့ မယ်ညိုကို ဖမ်းဆီးခေါ်ဆောင်သွားတော့တယ်။

မိဘနှစ်ပါးကို ဖမ်းဆီးသွားတဲ့အချိန် မြနှင်းတစ်ယောက်ထဲ မင်္ဂလာပွဲပျက်တဲ့ သူတို့သမီးအဖြစ် ကျန်ရစ်ရတယ်။

တစ်ဖက်က သူတို့သားနဲ့ အသိုင်းအဝိုင်းကလည်း သူယူမယ့် မိန်းကလေးဟာ အာဏာပါးကွက်သား မျိုးဆက်မှန်း သိခဲ့ရတော့ ခါးသီးကုန်ကြတယ်။

နောက်ဆုံးတော့ မြနှင်းဟာ ရွာကနေ စွန့်ခွာထွက်ခဲ့ရတဲ့ အထိပါပဲ။

တစ်ဖက်က မိဘတွေဖြစ်တဲ့ ငမှုန်တို့မှာတော့…။

မယ်ညိုဟာ သေဒဏ်ပြန်လည်အပေးခံရပြီး ငမှုန်ကတော့ နှစ်ကာလရှည်လျားလွန်းတဲ့ ထောင်သွင်းအကျဥ်းချတာကို ခံရတယ်။

ဆယ်နှစ်လောက်ကြာတဲ့အခါ အကြောင်းကြောင်းကြောင့် ငမှုန်က ထောင်ဒဏ်က ပြန်လည်လွတ်မြောက်လာခဲ့တယ်။

ဒီအခါ ရွာကို ပြန်ပြီး အကြောင်းစုံကို သိရတဲ့အခါ သမီးဖြစ်တဲ့ မြနှင်းကို နေရာအနှံ့ လိုက်လံရှာဖွေတော့တာပါပဲ။

ဒီလို ရှာဖွေလိုက်တာ ငါးနှစ်လောက် ကြာခဲ့ပြီး တစ်နေ့မှာတော့…။

ငမှုန်ဟာ မြို့တစ်မြို့ကို ရောက်ခဲ့ပြီး မြနှင်းရဲ့ သတင်းအစအနကို ရရှိခဲ့တယ်။

မြနှင်းက သမီးမိန်းကလေးတစ်ယောက် ရနေပြီး အဲ့ဒီ့မြို့မှာ ပြည့်တန်ဆာ အလုပ်ကို လုပ်ကိုင်နေတယ်တဲ့။

ငမှုန်ဟာ မြနှင်းရှိရာကို မရမက လိုက်ရှာပြီး သွားခဲ့တယ်။

မြနှင်းဆီကို သူ ရောက်သွားခဲ့တယ်။

ဒီအခါ ရင်နင့်စရာ မြင်ကွင်းတစ်ခုကို သူ မြင်ရတယ်။

မြနှင်းဟာ ယောကျ်ားတစ်သိုက်အကြားမှာ ပလူးနေပြီး သူ့ရဲ့ နှစ်နှစ်အရွယ် ကလေးလေးကိုတော့ အကာအကွယ်မဲ့ပြီ အခင်းလေးတစ်ခုနဲ့ အဆင်ပြေသလို ချသိပ်ထားတာကို မြင်လိုက်ရတယ်။

ကလေးဆီမှာ မှက်၊ ခြင်တို့က အပြည့်ပဲ ကိုက်ခဲနေတယ်။

ငမှုန်လည်း မြေးလေးအတွက် ရင်နင့်ရပြီး အပြေးပွေ့ချီမိတော့ မြနှင်းတို့က ငမှုန်ကို မြင်ကုန်တယ်။

” သမီး…မြနှင်း…”

ငမှုန်က သမီးရယ်လို့ ခေါ်လိုက်ပေမယ့် မြနှင်းကလုံးဝ မထူးဘူး။

သူ့ရဲ့ အလုပ်ရှင်တို့ကိုတော့ တောင်းပန်ပြီး ပြန်လွှတ်တယ်။ ယောကျ်ားတွေလည်း မကျေမချမ်းဖြစ်ကြပေမယ့် မြနှင်းက တောင်းပန်လွန်းမက တောင်းပန်တော့ ပြန်ကုန်ကြတယ်။

မြနှင်းက အေးစက်စက် မျက်နှာထားနဲ့ သူ့အဖေ ငမှုန်ဆီကို ရောက်လာတယ်။ ပြီးတော့…။

” ရှင်တို့ လင်မယားကြောင့် ကျွန်မဘဝ၊ ကျွန်မအသက်၊ အလုံးစုံက ပျက်ဆီးခဲ့ရပြီ။ အခု ကျွန်မက ရှင်တို့ရဲ့ သမီးမဟုတ်တော့ဘူး။ ဒါကြောင့် အစားလိုချင်တယ်ဆိုရင် ဒီကလေးကို မွေးစားဖို့ ခေါ်သွားလှည့်ပါ…”

” သမီး…”

” ဒီကလေးက နင်းကြမ်းမြို့က မြို့ပိုင်ရဲ့ သွေးသားပဲ။ ကလေးကို ကောင်းစားစေချင်တယ်ဆိုရင်တော့ သူ့အဖေကို လိုက်ရှာပေးလိုက်ပါ။ အမှတ်အသားအဖြစ် ကလေးလည်ပင်းမှာ ဆွဲပေးထားတဲ့ ဆွဲကြိုးကလေးကို ပြလိုက်ပေါ့…”

မြနှင်းက ပြောပြီးတာနဲ့ ထွက်သွားပါတယ်။

” သမီး…..မြနှင်း…”

ငမှုန်တစ်ယောက် မြေးလေးကို ပွေ့ချီရင်း သမီးရယ်လို့ လှမ်းခေါ်တားပေမယ့် မြနှင်းကတော့ လုံးဝ လှည့်မကြည့်ခဲ့ပါဘူး။

အဲ့ဒီ့နေ့က စပြီးတော့ မြနှင်းဟာ အခုအချိန်အထိကို မတွေ့ရတော့ဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။

*******

” ဒါကတော့ ခင်ဗျားတို့ သိချင်ကြတဲ့ ဘကြီးမှုန်အကြောင်းပဲ။ ဆက်ပြောရမယ်ဆိုရင်တော့ ဘကြီးမှုန်ဟာ မကြေးအုံရဲ့ အဖေကို ရှာဖွေပေးဖို့အတွက် ဒီမြို့ကို ရောက်လာခဲ့တယ်။ ဆွဲကြိုးကလေးကို ပြပေမယ့် တစ်ဖက်က လက်မခံဘူး။ အသရေဖျက်တယ်ဆိုပြီး သူ့တပည့်တွေနဲ့ ဘကြီးမှုန်တို့ မြေးအဘိုးကို ဝိုင်းရိုက်ကြတယ်။ ဒဏ်ရာတွေနဲ့ ဘကြီးမှုန်ဟာ မိဘမဲ့သွားရတဲ့ မြေးလေးအတွက်ကို မခံစားနိုင်လောက်အောင်ပဲ ရင်နင့်ကြေကွဲရတယ်။ ဒီကြားထဲ မကြေးအုံလေးက ကံဆိုးပြန်တော့ အသက်ငါးနှစ်မှာ အပြင်းဖျားရာကနေ မျက်စိကွယ်သွားရတယ်။ နှစ်နှစ်လောက်ကို ရှိတာတွေ ရောင်းချပြီး ဆေးကုပေမယ့် ပြန်လည်ကောင်းမလာဘူး။ အဲ့ဒီ့အချိန်မှာ ဘကြီးမှုန် အသက်က ခြောက်ဆယ်ကျော်၊ ခုနှစ်ဆယ်နား ကပ်နေပြီ။ မြေးမလေးကို ခွန်စိုက်အားစိုက်နဲ့ လုပ်ကျွေးဖို့က မစွမ်းသာတော့ဘူးလေ။ ဒါနဲ့ သူ့မှာ ရှိထားတဲ့ နောက်ဆုံးလက်ကျန် ပစ္စည်းလေးတွေကို ထုခွဲရောင်းချပြီး မြို့အစွန် အဲ့ဒီ့နေရာမှာ အဟောင်းဆိုင်လေး တည်လိုက်တယ်။ ဘကြီးမှုန်က စေတနာ သိပ်ကောင်းတယ်။ မိဘမဲ့ ကလေးတွေကို သူ့ဆီမှာ ခေါ်ယူမွေးစားတယ်လေ။ သူရှာဖွေလို့ ရသမျှကို ကလေးတွေဆျိ သူစွမ်းနိုင်သမျှ ဖြည့်ဆည်းပေးပြီး ပျော်အောင်ထားပေးတယ်။ ဒါကတော့ အခုလက်ရှိအထိ ဘကြီးမှုန်နဲ့ ပက်သက်တဲ့ အကြောင်းပဲ…”

” စိတ်ဝင်စားစရာ ကောင်းသလို စိတ်မကောင်းဖြစ်စရာ သနားစရာလည်း မကောင်းသားဗျ…”

ဦးဘထူးက ပြောလိုက်တယ်။ တာနောက…

” မကြေးအုံလေးကတော့ အားလုံးထဲမှာ သနားစရာ အကောင်းဆုံးပါပဲ…”

တာနောကြီးက မကြေးအုံလေးကို တကယ်သနားနေတဲ့ ဟန်ရှိတယ်။ မင်းခေါင်က…

” မကြေးအုံလေးရဲ့ အဖေက ဒီမြို့က မြို့ပိုင်ဆိုတော့ အခုလက်ရှိကလည်း သူပဲလား…”

” အခု လက်ရှိက ဦးသစ်တင်။ မကြေးအုံအဖေက ဦးထိန်ဝင်းတဲ့။ မြို့ပိုင်ဘဝကနေ အနားယူပြီး မြေယာရှင်ကြီးအဖြစ် နေထိုင်နေတယ်…”

” ဪ…”

” ဒါနဲ့ ကံမြင့်…”

ဦးဘထူးက ကံမြင့်ကို အခေါ်ရှိလိုက်တယ်။

” ဟုတ်ကဲ့ နောင်ကြီး…”

” ကျုပ် နားမလည်တာ တစ်ခုတော့ ရှိနေမိတယ်…”

” ဘာများလဲ…”

” ဘာလဲဆိုတော့ကွာ။ မကြေးအုံလေးရဲ့ အမေ မမြနှင်းက ပြည့်တန်ဆာအလုပ်ကို လုပ်နေပါရက်နဲ့ မြို့ပိုင်ဦးထိန်လင်းကိုမှ ကြေးအုံလေးရဲ့ အဖေပါလို့ အတိအလင်း ပြောရတာလဲ…”

ဦးဘထူးရဲ့ စကားအဆုံးမှာတော့ ကံမြင့်က ခြောက်ကပ်ကပ် ရယ်လိုက်လေတယ်။

” ကံမြင့် မင်းရယ်ပုံက တစ်မျိုးပဲ။ အကြောင်းတော့ ရှိမယ်ထင်တယ်…”

တာနောက သတိချပ်လိုက်ရင်း ကံမြင့်ကို မေးခွန်းပါ ထုတ်လိုက်တယ်။

” အဲ့ဒီ့အရာ​က ဘယ်သူမှ မသိသေးတဲ့ လျှို့ဝှက်ချက် တစ်ခုပဲဗျ။ အယုတ်စွဆုံး ဘကြီးမှုန်တောင် မသိသေးတဲ့ အရာပေါ့…”

” ဘယ်လို လျှို့ဝှက်ချက်လဲ…”

မင်းခေါင်တို့ စိတ်ဝင်စားလွန်းလို့ မေးခွန်းထုတ်မိကြရတယ်။

” မြနှင်း မြို့ဆီကို ရောက်ပြီးချိန်မှာ သူ့ကို မိဘအရင်းလို စောင့်ရှောက်ပေးတဲ့ ထမင်းရောင်းတဲ့ လင်မယားဆီ ရောက်ခဲ့တယ်။ အဲ့ဒီ့မှာ မြို့ပိုင်မင်း ဖြစ်လုဖြစ်ခင် ဦးထိန်လင်းက မြနှင်းကို တွေ့သွားတယ်။ အကြိမ်ကြိမ် လာရောက်ရင်း ခင်မင်မှုကို ယူတယ်။ အချစ်ကို ယူတယ်။ ကာမကိုလည်း ယူသွားတယ်။ နောက်ဆုံး မြနှင်းမှာ ကိုယ်ဝန်ရှိချိန်လည်းကျကော ဦးထိန်လင်းက သူ့ရာထူးတက်မယ့် အရေးကို ထိခိုက်လာမှာစိုးပြီး ဘူးခံငြင်းတော့တာပဲ။ မြနှင်းရဲ့ မွေးစားမိဘတွေက တရားစွဲဆိုဖို့ တိုင်ကြားတော့ အသရေဖျက်တယ်ဆိုပြီး တိုင်ကြားချက်ပြန်ဖွင့်တယ်။ ပြီးတော့ ညဘက်ကြီး ဆိုင်ကို မီးရှို့၊ လင်မယားနှစ်ယောက်ကို သတ်တယ်။ မြနှင်းကိုလည်း အဲ့ဒီ့ညမှာပဲ ဖမ်းဆီးပြီး ပြည့်တန်ဆာအဖြစ် ရောင်းချလိုက်တော့တာပါပဲ…”

” ဟာ…ယုတ်မာလိုက်တာ…”

” တောက်…ဒိလူ့ကို လူလို့တောင် ခေါ်ဖို့ မသင့်တော့ပါလား…”

” အဲ့ဒီ့ကနေ နောက်ဆက်တွဲကိစ္စတွေ ရှိနေသေးတယ်…”

” ဘာတွေလဲ…”

” ဒေါ်မြနှင်းဟာလည်း ဦးထိန်လင်း လက်ချက်နဲ့ သေသွားရတယ်ဆိုတာ…”

” ဘယ်လို…”

” ဟုတ်တယ်။ ဘကြီးမှုန်တို့ မြေးအဘိုးကို ရိုက်နှက်လွှတ်လိုက်တဲ့ အကြောင်းကို ဒေါ်မြနှင်းကြားတော့ ဦးထိန်လင်းအပေါ် မုန်းတီးရင်းစွဲ စိတ်က ပိုမိုခါးသီးလာရတော့တာပဲ။ ဒါကြောင့် ဒေါ်မြနှင်းဟာ ဦးထိန်လင်းအိမ်ကို ဝင်ပြီး လုပ်ကြံဖို့ ကြိုးစားတယ်။ ကံမကောင်းလေတော့ ဦးထိန်လင်းက ဒေါ်မြနှင်းကို ဖမ်းမိသွားတယ်။ ဦးထိန်လင်းက အဲ့ဒီ့အချိန်က မြို့ပိုင်ဆိုတော့ လူသတ်သမားရယ်လို့ ခေါင်းစဥ်တပ်ပြီး နေရာမှာတင် ဒေါ်မြနှင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ သတင်းကိုတော့ ဖုံးကွယ်ထားလိုက်တော့ ဒီကိစ္စကို ဘယ်သူကမှ မသိလိုက်ဘူး။ ဒီကိစ္စကို ဘကြီးမှုန်တို့တောင် အခုထိ မသိခဲ့ကြဘူး…”

” တော်တော့်ကို ဆိုးရွားလွန်းတဲ့လူပါလား…”

မင်းခေါင်တို့ ဦးထိန်လင်းဆိုတဲ့ လူအပေါ် အတော့်ကို မုန်းတီးရွံရှာမိသွားကြတယ်။

” ဒါနဲ့ ဘကြီးမှုန်တောင် မသိဘူးဆိုတဲ့ ဒီအကြောင်းတွေကို ခင်ဗျားက ဘယ်လိုကြောင့်များ သိနေရတာလဲ…”

ဒီလစ်ဟာမှုကို သတိထားမိသူ မင်းခေါင်က မေးလိုက်တယ်။

” ကျုပ် စုံစမ်းထားတဲ့ အရာတွေမို့ပါပဲ…”

” ခင်ဗျားက စုံစမ်းတယ်။ ခင်ဗျားက စုံထောက်လား…”

” ကျုပ်က စုံထောက်မဟုတ်ပါဘူး။ ဒါပေမယ့် သံယောဇဥ်တရားကြောင့် လက်တုန့်ပြန်ဖို့ ကြိုးစားနေသူပါ…”

” ဘာကို ပြောချင်တာလဲ…”

” ကျုပ်ကို ဘကြီးမှုန်က မွေးစားခဲ့တယ်။ မကြေးအုံကို ကျုပ် နှမလေးတစ်ယောက်လို သံယောဇဥ်ကြီးခဲ့ရတယ်။ မကြေးအုံရဲ့ ဘဝကို သိရတော့ မိဘမဲ့ချင်းတူပေမယ့် သူမကို ပိုပြီး သနားခဲ့ရတယ်။ ဒါကြောင့်လည်း ကျုပ်က လိုက်ပြီး စုံစမ်းနေခဲ့တာပေါ့…”

” ကိုကံမြင့် မကြေးအုံအတွက်ကို ခင်ဗျား ဘယ်လို ဖြစ်စေချင်မိသလဲ…”

” အရင်ကတော့ မကြေးအုံကို သမီးအဖြစ် လက်ခံပေးစေရင် ရပါပြီ။ ဒါပေမယ့် အခုတော့ အဲ့ဒီ့လူယုတ်မာကို အသေသတ်ချင်စိတ်က လွဲပြီး တစ်ခြား ရှိမနေတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလူဟာ အခု လက်ရှိမှာ တစ်ခြားသော မိန်းမငယ်တစ်ယောက်၊ အို…တစ်ယောက်မဟုတ်ဘူး သုံးယောက်တိတိကို ငွေနဲ့ပေါက်ပြီး အရယူထားတယ်။ အဲ့ဒီ့လို အရယူမှုမှာ ကျုပ်အသိထဲက လင်ရှိမယားတစ်ယောက်လည်းပါတယ်။ လင်ဖြစ်သူကတော့ သူတို့သတ်လို့ ထောင်နန်းစံသွားရပြီ။ ဦးထိန်လင်းက သူ့မယားလို သူ့လင်လှံနဲ့ထိုး လုပ်သွားခဲ့တာပဲ…”

” ဒီလူယုတ်မာကို ဆုံးမဖို့အတွက် ကျုပ်တို့ ခင်ဗျားကို ကူညီနိုင်မယ်ဆို ကူညီပါ့မယ် ကိုကံမြင့်…”

” ခင်ဗျားတို့က ဘယ်လို ကူညီနိုင်မှာလဲ။ ကျုပ်က အဲ့ဒီ့လူကို သတ်ပစ်ချင်တာဗျ…”

” ခင်ဗျား သေစေချင်ရင် သတ်ပေးမှာပေါ့ဗျ။ ဒီလိုလူတစ်ယောက်က လောကမှာ မရှိသင့်တဲ့လူဆိုတော့ သတ်ကိုသတ်ပစ်သင့်တဲ့ လူတစ်ယောက်ပဲ မဟုတ်လား…”

မင်းခေါင်က ပြောလိုက်တယ်။

ဦးဘထူးနဲ့ တာနောတို့က မင်းခေါင်ကို လှမ်းကြည့်ကြတယ်။

တာနောက မင်းခေါင်ကို တစ်စုံတစ်ခု လှမ်းပြောဖို့ရာ ဟန်ပြင်လိုက်တယ်။ ဒါပေမယ့်လည်း ဦးဘထူးက တာနောကို တားမြစ်လိုက်လေရဲ့…။

*******

ညဥ့်နက်ချိန်…။

မီးတွေ ထိန်ညီးနေတဲ့ လူကုံထံ အိမ်ကြီးဆီကို မင်းခေါင်နဲ့ ကံမြင့်တို့ မျက်နှာဖုံးများကိုယ်စီတပ်ပြီး ချဥ်းကပ်လာကြတယ်။

မြို့ပိုင်အဟောင်းဆိုတော့ ပုလိပ်အနည်းငယ် အစောင့်အကြပ်ရှိတယ်။

မင်းခေါင်က ခြံကြီးရဲ့ အခြေအနေကို မသိတော့ ကံမြင့်ဦးဆောင်ရာအတိုင်း သွားရတယ်။

” ဟိတ် ဘယ်သူလဲ…”

ရုတ်တရက် ထင်မှတ်မထားဘဲ အစောင့်သုံး​ယောက်နဲ့ ပက်ပင်းတိုးလေတယ်။ ကံမြင့်က လူကျွံဝင်သွားလေတော့ အစောင့်တွေရဲ့ လျှပ်တပြက် ဖမ်းဆီးတာကို လံလိုက်ရတယ်။

မင်းခေါင်ကတော့ ချက်ချင်းတုန့်ပြန်တိုက်ခိုက်တယ်။

ဆူညံသံတွေကြောင့် အခြားနေရာတွေက အစောင့်တွေပါ စုဝေးရောက်ရှိလာကြကုန်တယ်။

တိုက်ခိုက်မှုတွေ ဖြစ်ကြရလေပြီ။

မင်းခေါင်က သူ့မူဟန်အတိုင်းအလျင်အမြန် တိုက်ခိုက်တယ်။ ​ရှောင်တယ် တိမ်းတယ်။ ခုန်တယ်၊ ကန်တယ်။

မင်းခေါင်ကို လူလေးငါး​ယောက် တိုက်ခိုက်တာတောင် မရမှန်း တစ်ဖက်က သိလာတယ်။ ဒဏ်ရာဒဏ်ချက်ရပြီး လဲနေသူတွေလည်း သုံးလေးယောက် မကတော့ဘူးလေ။

” ဟေ့ကောင်…မင်းရပ်လိုက်စမ်း။ မရပ်ရင် ဒီကောင့်ကို…ဒီမှာ တွေ့လား…”

ကံမြင့်ကို သေနတ်နဲ့ထောက်ပြီး မင်းခေါင်ကို အကြပ်ကိုင်လေပြီ။

မင်းခေါင် လှုပ်ရှားမှုထပ်ပြီး လုပ်လိုက်ရင် တကယ်ပစ်မယ့် အသွင်ရှိတယ်။

” ကောင်းပြီလေ…”

မင်းခေါင် ဓားကို ချလိုက်တယ်။ အဖမ်းခံလိုက်တယ်။

သူတို့နှစ်ယောက်ကို ကြိုးနဲ့ တုပ်ပြီး အိမ်ထဲကို ခေါ်ဆောင်သွားကြတယ်။

အိမ်ထဲရောက်တော့ ဦးထိန်လင်းက ထိုင်ခုံတစ်လုံးမှာ မိန့်မိန့်ကြီး ထိုင်ပြီး…။

” ဘယ်ကကောင်တွေလဲ…”

” ပုံစံကြည့်ရတာ သာမန်သူခိုးတွေ မဟုတ်ဘူး။ လူသတ်သမားတွေ ဖြစ်ဖို့များတယ်…”

” မျက်နှာဖုံးကို ချွတ်ကြည့်စမ်းကွာ…”

မင်းခေါင်တို့ကို မျက်နှာဖုံး ချွတ်လိုက်ကြတယ်။

” ဟင်…မင်း…မင်းက…”

ဦးထိန်လင်းဟာ ကံမြင့်ကို မြင်တော့ ဘီလူးသဘက်တစ်ကောင်ကို မြင်ရတဲ့ အလားပဲ။

ကံမြင့်က ဦးထိန်လင်းရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး ဟက်ဟက်ပက်ပက်ရယ်လိုက်တယ်။

” ဘယ်လိုလဲ…ကျုပ်ကို သားအဖြစ် လက်မခံခဲ့တဲ့ ခင်ဗျားကြီး။ အခုတော့ ဘယ်လိုလဲ။ ကျုပ် အဲ့ဒီ့တုန်းက ပြောခဲ့တယ်။ အကြောက်တရားက ခင်ဗျားကို အမြဲတမ်း ခြိမ်းခြောက်နေလိမ့်မယ်ဆိုတာကို။ ခင်​ဗျား မှတ်ကော မှတ်မိသလား။ ဒီတစ်ခေါက် ခင်ဗျားဆီကို ကျုပ်ရောက်လာရတာကတော့ အရင်တစ်ခါလို သားတစ်ယောက်အဖြစ်နဲ့ မဟုတ်ဘူးနော် ဦးထိန်လင်း…”

ကံမြင့်ရဲ့ စကားတွေအပေါ်မှာ မင်းခေါင် မျက်စိလည်သွားရတယ်။

” ကံမြင့် မင်းတို့က…”

” ကျုပ်တို့က သားအဖတွေပဲ ကိုမင်းခေါင်။ ကျုပ်လည်း မကြေးအုံလိုပဲ။ ကျုပ်နဲ့ မကြေးအုံက အဖေတူ အမေကွဲ မောင်နှမတွေ။ ကျုပ် သားတစ်ယောက်အဖြစ်နဲ့ ဒီလူကြီးဆီကို လာခဲ့တယ်။ ဒီလူကြီးက ငြင်းဆန်တယ်။ ရိုက်ပုတ်လွှတ်တယ်။ အခု ဒီလူကြီးရဲ့ သားအဖြစ်နဲ့ ကျုပ် လာခဲ့တာ မဟုတ်ဘူး။ ဒီလူကြီးရဲ့ သေမင်းအဖြစ်နဲ့ ကျုပ် လာခဲ့တာပဲ…”

” ကံမြင့်…တောသားလေး။ မင်းက သိပ်ကို ရယ်စရာကောင်းတာပဲ။ မင်းကို သားအဖြစ် လက်မခံတာနဲ့ပဲ ငါ့ကို မင်းက သတ်မယ်ပေါ့။ ဟုတ်လား…ရယ်စရာ ကောင်းလိုက်တာကွာ…”

” ကျုပ်အတွက်နဲ့ ခင်ဗျားကို သတ်မှာ မဟုတ်ဘူး။ ဘကြီးမှုန်နဲ့ မကြေးအုံတို့အတွက် ခင်ဗျားကို ကျုပ်က သတ်ချင်တာ…”

” ဘာ…ဘကြီးမှုန်နဲ့ မကြေးအုံ။ အဲ့ဒါက ဘယ်သူတွေလဲ။ ငါ သူတို့ကို မသိဘူး…”

” ခင်ဗျားက ပြုသူဆိုတော့ ဘယ်မှတ်မိမလဲဗျာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ခင်ဗျား ရက်ရက်စက်စက် ရိုက်ပုတ်လွှတ်လိုက်တဲ့ မြေးအဘိုး။ မကြေးအုံဆိုတာ ခင်ဗျားကြောင့် ပြည့်တန်ဆာဘဝကို ရောက်သွားရတဲ့ ဒေါ်မြနှင်းရဲ့ သမီးပဲ။ ခင်ဗျားကိုယ်တိုင် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်လိုက်တဲ့ ဒေါ်မြနှင်းကိုတော့ ခင်ဗျား မမေ့လောက်ဘူးလို့ ကျုပ် ထင်တယ်…”

” မြ…​မြနှင်း….”

ဦးထိန်လင်း အံ့သြမင်သက်ရပြီး ထိုင်ခုံဆီမှာ ပြန်ထိုင်ကျသွားရတယ်။

” ခင်ဗျား အကုန်မှတ်မိသွားပြီ ထင်တယ်…”

” ငါ အကုန်မှတ်မိပြီ…”

” မှတ်မိတယ်ဆို ခင်ဗျားကြီး သေပေတော့…”

ပြောပြီးတာနဲ့ ဘယ်အချိန်ကတည်းက ကြိုးကို ဖြေထားပြီးတယ် မသိတဲ့ ကံမြင့်ဟာ ဦးထိန်လင်းဆီကို ခုန်ဝင်ပြီး တိုက်ခိုက်လေတယ်။

ဦးထိန်လင်းက လန့်တကြားနဲ့ အနောက်ကို ဆုတ်လိုက်သလို နံဘေးရမှာ ရှိတဲ့ ဦးထိန်လင်းဘက်က လူတွေက ကံမြင့်ကို ဝင်ရောက်တိုက်ခိုက်ကြတယ်။

မင်းခေါင်လည်း ကြိုးတုပ်ထားရက်ကနေ ခုန်ထလိုက်တယ်။ လူတစ်ရပ်လောက်ကို မြောက်တက်သွားပြီး ပြန်ကျလာချိန်မှာတော့ နီးစပ်ရာက လူတို့ကို ခြေနဲ့ ဝိုက်ကန်တယ်။

အိမ်အတွင်းမှာ တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာတယ်။ အခြေအနေက ရုတ်ရုတ်သည်းသည်းနဲ့ အားလုံး ရှုပ်ထွေးလို့။ မင်းခေါင်က အနီးဝန်းကျင်က လူတိုင်းကို တစ်ချက်ထိ တစ်ချက်လဲ ဖြစ်အောင် တိုက်ခိုက်နေတယ်။ အတော်များများလဲ လဲကျကုန်ပြီး ပြန်မထနိုင်တော့ဘူး။

ဒီလို ဖြစ်နေဆဲ အချိန်…။

” ဒိုင်း…”

ရုတ်တရက် ထွက်ပေါ်လာတဲ့ သေနတ်သံ။

ကံမြင့်တစ်ယောက် ရင်ဘတ်ပွင့်ထွက်ပြီး ခွေခနဲ လဲကျရလေတယ်။ သေနတ်ပစ်သူက ဦးထိန်လင်း…။

” ငါ့အသက်ကို ရန်ရှာလာရင်တော့ သားလည်းရန်သူ အဖေလည်း ရန်သူပဲ…”

ဦးထိန်လင်း နှုတ်ကနေ အရူးတစ်ယောက်လိုပဲ ရေရွတ်လိုက်တယ်။

မင်းခေါင်က ကံမြင့်ဆီကို ပြေးခုန်ဝင်လိုက်တယ်။

” ကံမြင့်…”

မင်းခေါင် ကံမြင့်ဆီကို ရောက်ပြီး ပွေ့မယ် ကြံလိုက်ချိန် ဦးထိန်လင်းရဲ့ သေနတ်ပြောင်းက မင်းခေါင်ဆီကို ထိုးချိန်လာတယ်။

” ဝှစ်….”

” ဖောက်…”

လေကို ခွင်းကာ လွင့်ပျံလာတဲ့ ဓားမြှောင်တစ်ချောင်း…။

ဒီဓားမြှောင်က ဦးထိန်လင်းရဲ့ ရင်ပုံ နှလုံးနေရာကို တစ်ဆုံး ထိုးဝင်စိုက်သွားခဲ့တယ်။

” အ…”

ဦးထိန်လင်းဆီက ညည်းတွားသံ။ သူ့ရင်ဘတ်က စိုက်နေတဲ့ ဓားကို မယုံသင်္ကာနဲ့ ကြည့်နေတယ်။ ပြီးတော့ အလွန်အမင်း ခြောက်ခြားသွားပုံရပြီး မျက်ပြူးဆန်ပြာဖြစ်ရင်း ဒူးထောက်လဲကျလေတယ်။ ပြီးတော့ နောက်ဆုံး ခွန်အားကို စုစည်းရင်း မင်းခေါင်ဆီကို သေနတ်ထိုးချိန်တယ်။

” ဝှစ်….”

နောက်ထပ် လွင့်ပျံလာတဲ့ ဓားမြှောင်တစ်ချောင်း…။

ဒီဓား​မြှောင်ကတော့ ဦးထိန်လင်းရဲ့ မျက်စိအနားကနေ ခေါင်းထဲကို ထိုးဝင်စိုက်သွားတယ်။

ဦးထိန်လင်း မချိမဆန့် ညည်းတွားရင်း အရှေ့ကို ဟပ်လျားထိုး လဲကျသွားလေတယ်။

” မင်းခေါင်…မင်းကို ထိခိုက်မိသေးလား…”

မင်းခေါင်ရဲ့ အနောက်ကို ရောက်လာကြတဲ့ တာနောနဲ့ ဦးဘထူး။

မင်းခေါင်က ခေါင်းကို ရမ်းခါပြလိုက်တယ်။ ပြီးတော့ ကံမြင့်ဆီကို စိတ်မကောင်းခြင်းများစွာနဲ့ ကြည့်မိလိုက်ပါရဲ့…။

*******

မနက်လင်းချိန်…။

မြို့တစ်မြို့လုံး မြို့ပိုင်မင်းအဟောင်းဖြစ်သူ ဦးထိန်လင်းအိမ်ကြီး မီးလောင်ပြီး လူတွေလည်း သေဆုံးနေတဲ့ အကြောင်းကို ပြောဆိုနေကြတယ်။

ဒီလိုအချိန် မြို့အစွန်ဘက်က တဲစုကလေးဆီမှာတော့…။

အသက်ဝိဥာဥ် ကင်းမဲ့နေတဲ့ ကံမြင့်ရဲ့ အလောင်းနဲ့ နံဘေးက တန်ဖိုးကြီး လက်ဝတ်ရတနာများ ပါဝင်တဲ့ အထုပ်တစ်ထုပ်။

အဲ့ဒီ့အနားမှာ ဘကြီးမှုန်နဲ့ မကြေးအုံတို့က မျက်ရည်တွေနဲ့ ရှိနေကြလေရဲ့။

ဘကြီးမှုန်ရဲ့ လက်ထဲမှာတော့ ကံမြင့်ရဲ့ အလောင်းဆီကနေ ရရှိခဲ့တဲ့ စာလေးတစ်စောင်ကို ကိုင်စောင်ထားပါတယ်။

ပြီးပါပြီ။

ထမံ(တောင်ငူ)