သေချာမှ (စ/ဆုံး)
———————-
မွန်းသည်းအိမ်
“အလုပ်သွားတာလားမောင်လွင်ဦး”
“မဟုတ်ပါဘူးဦးရေ၊ကျွန်တော်
အလုပ်မလုပ်သေးပါဘူး၊အခုအချိန်အထိ ဘာလုပ်ရမယ်မှန်း မစဥ်းစားရသေးပါဘူး”
“အေးပါကွာ”
“ဦးသင်္ဘောကပြန်ရောက်တာ ကြာပြီလား”
“တစ်လကျော်လောက်ရှိပါပြီ”
“သွားလိုက်အုံးမယ်ဦးရေ၊သူငယ်ချင်းတွေနဲ့ ချိန်းထားလို့”
သပ်သပ်ယပ်ယပ်ဝတ်ဆင်ထားသော ထိုလူငယ်က နှုတ်ဆက်ပြီး ကျွန်တော့်ဘေးမှ အမြန်လျှောက်သွားသည်။
သူ့ထံမှရေမွှေးနံ့နှင့်ရောလျှက် အရက်နံ့ပါရလိုက်သည်။
မနက်စောစောစီးစီးသောက်ထားတာလား။ဒါမှမဟုတ် ညဘက်ကသောက်ထားတဲ့မပြယ်သေးတဲ့အနံ့တွေလား တစ်ခုခုဖြစ်မည်ထင်ပါသည်။
**********
ဖခင်မရှိတော့ပေမယ့်ဖခင်ပင်စင်လစာခံစားနေရဆဲဖြစ်သည်။မိခင်ကလည်း
အငြိမ်းစားအရာရှိတစ်ဦးမို့ ပင်စင်လစာကောင်းပါသည်။အစ်မကဝန်ထမ်း၊ယောက်ဖကလည်းဝန်ထမ်းဖြစ်သည်။မောင်လွင်ဦး၊သူ့မိခင် နှင့်အတူမောင်လွင်ဦးအစ်မတို့ဇနီးမောင်နှံနှစ်ယောက်က မောင်လွင်ဦးတို့တိုက်ခန်းမှာပင် အတူနေကြသည်။လူလေးယောက်မှာ သုံးယောက်က ဝင်ငွေတွေရှိကြတော့ မောင်လွင်ဦးက မိခင်ထံလက်ဖြန့်လိုက်၊အစ်မလင်မယားထံလက်ဖြန့်လိုက်နှင့် အလုပ်လုပ်ရန်လည်းစိတ်မဝင်စား။
အဝေးသင်လည်းပြီးအောင်မတက်တော့ ဘွဲ့လည်းမရ။အခြားကွန်ပျူတာလိုစာရင်းကိုင်လိုဘာသာရပ်တွေတက်လားဆိုတော့လည်း ယောင်ခြောက်ဆယ်သမားဆိုတော့ ဘာမှထိထိရောက်ရောက်မသင်ယူခဲ့ပါ။မတတ်မြောက်ပါ။
“လောကကြီးမှာ နေတတ်ရင် ကျေနပ်စရာချည်းပဲ”
ဟုသာသာယာယာတွေးရင်းအလိုက်သင့်မျောနေသောလူငယ်တစ်ဦးသာ ဖြစ်ပါသည်။
အမည်နာမတွေရွေးချယ်ရာမှာ သားငယ်၊သမီးငယ်တွေကိုအမည်မှာ “ဦး”
“ကိုကို””မမ” မထည့်သင့်ဟု ဗေဒင်ဆရာကြီးတစ်ဦး၏အာဘော်ကို ဖတ်ရဖူးသည်။လေ့လာကြည့်တော့ မှန်ကန်မှုက ကိုးဆယ်ရာနှုန်းခန့်ရှိပါသည်။
အခုလည်း မောင်နှမနှစ်ယောက်မှာ အစ်မ နှင်းရည်ဦး၊မောင်က မောင်လွင်ဦးဆိုတော့ မောင်လွင်ဦးက မိသားစုထဲမှာ
အယ်ဆုံးက “ဦး”ဖြစ်နေတော့ ဆုံးမလိုက်တိုင်း “အဖေထက်သားတစ်လကြီး”ဆိုသလိုပင် ပြောမရဆိုမရဖြစ်နေတာဟုထင်ပါသည်။
*********
“ကိုအေးမင်းကို မေးစရာရှိလို့ပါ”
“သြော်ဒေါ်လှလှရီပါလား၊လာထိုင်ပါ”
ဝင်လာသူက မျက်နှာချင်းဆိုင်အခန်းက မောင်လွင်ဦး၏မိခင် ဒေါ်လှလှရီဖြစ်သည်။
ကျွန်တော့်ဇနီးကလည်း အိမ်နီးချင်းတွေမို့
“အစ်မလာလေ၊ဘာမေးစရာရှိလို့လဲမေးပေါ့”
သူမက ဆက်တီခုံမှာဝင်ထိုင်ရင်း
“သားငယ်ကိစ္စပါကိုအေးမင်းရေ၊သူ့ကို သင်္ဘောသားလုပ်ခိုင်းမလားလို့ပါ”
“မောင်လွင်ဦးကရော သင်္ဘောသားလုပ်ချင်တဲ့ဆန္ဒရှိလို့လား”
“အင်း၊သူကတော့သူ့အသက်၂၄မပြည့်ခင် သင်္ဘောသားလျှောက်ရင် ကောင်းမလားဆိုပြီးပြောနေလို့ပါ၊အခုကသင်္ဘောသားလူသစ်တွေအသက်ကန့်သတ်လိုက်ပြီဆိုတော့ သူ့စိတ်တွေ ပြောင်းပြီး သင်္ဘောသား လုပ်ချင်နေလားလို့ ကျွန်မထင်မိတာပါ”
ယောင်ခြောက်ဆယ်သားအတွက် ပင်စင်စားမိခင်တစ်ယောက်၏ ပူပင်သောကတွေဟု ထင်မိပါသည်။
ဘွဲ့လည်းမရ၊လက်ကြောလည်းမတင်း၊အသက်နှစ်ဆယ်ကျော်သည်
အထိ ပိုက်ဆံကိုလက်ဖြန့်တောင်းသုံး၊လည်ရာပြန်စားရေးလုပ်နေသော မောင်လွင်ဦးက မိခင်ဆုံးမလျင်လည်း အကိုးအကားအချက်အလက်နှင့်ပြန်ပြောတတ်သည်။
ယောက်ဖကတော့ ဘာတစ်ခွန်းမှဝင်မပြောပေမယ့် အစ်မလုပ်သူက တစ်ခါတစ်လေ ဝင်ဆုံးမမိလျှင်
“အစ်မတို့အခုဘယ်သူ့အိမ်မှာနေ နေတာလဲ၊အမေ့အိမ်မှာနေတော့ အိမ်ငှားခစာရိတ်မသက်သာဘူးလား၊ နေရာတကာ ဝင်မပါနဲ့၊ဆရာမကြီးဝင်မလုပ်နဲ့၊”
စသည်ဖြင့် ကလန်ကဆန်စကားတွေ ပြောတတ်လွန်း၍ အစ်မကလည်း သူတောင်းလျှင်ပေး၊မေးထူးခေါ်ပြော
အဆင့်သာ သူ့မောင်ကိုဆက်ဆံတော့သည်။
“မောင်လွင်ဦး စိတ်ဝင်စားရင် လျှောက်ကြည့်ပေါ့အစ်မရေ၊လိုအပ်တာ အကူအညီလိုလည်းပေးပါမယ်”
“ကျေးဇူးပါကိုအေးမင်း၊သားငယ်ကိုအခုပဲသွားခေါ်လိုက်ပါမယ်၊သူကိုယ်တိုင်မေးကြည့်တာ အကောင်းဆုံးပါဘဲ”
*********
“ဦးရေ၊ကျွန်တော်ကသင်္ဘောသားအလုပ်ကိုစိတ်ဝင်စားတာတော့မဟုတ်ပါဘူး၊အခွင့်အရေးလေးရှိတုန်း သင်္ဘောသားလုပ်ထားလိုက်လားမလို့ပါ”
သူ့စကားကြောင့်စိတ်ထဲမှာ ကျွဲမြီးတိုသွားရသည်။
“အဲဒါဆိုလည်းမလုပ်စေချင်ဘူး၊စိတ်မဝင်စားပဲ လုပ်ရင်တော့ လုပ်ငန်းခွင်မှာကိုယ့်အတွက်ရော၊လုပ်ဖော်ကိုင်ဖက်တွေအတွက်ပါ အန္တရာယ်ရှိတယ်၊ပင်လယ်ထဲမှာအလုပ်လုပ်ရတော့လှိုင်းဒါဏ်လေဒါဏ်၊မုန်တိုင်းဒါဏ်တွေရှိတယ်။အလုပ်ကြောင့်စိတ်ပင်ပန်း၊ကိုယ်ပင်ပန်း
တဲ့ဒါဏ်တွေ အနည်းနဲ့အများတော့ရှိတာပေါ့ကွာ”
“Seamanlifeကိုတော့အနည်းနဲ့အများ သိပြီးသားပါ၊ဘာဖြစ်ဖြစ်ဦးရေ အခွင့်အရေးလေးရတုန်း လုပ်ထားလိုက်မယ်လေ”
“အဲလိုဆိုလည်းလုပ်ပေါ့မောင်လွင်ဦး၊တဖြည်းဖြည်းနဲ့သင်္ဘောသားသင်တန်းတွေတက်ရင်းစိတ်ဝင်စားလာမှာပါ၊သင်္ဘောသားသင်တန်းစတက်မယ်ဆိုတာနဲ့ဆေးအရင်စစ်ရလိမ့်မယ်၊မူးယစ်ဆေးဝါးသုံးစွဲထားတာကအစ ရောဂါပေါင်းစုံရှိမရှိ စစ်ပါလိမ့်မယ်၊ဆေးအောင်မှ သင်တန်းလျှောက်ခွင့်ရှိတယ်၊
သင်္ဘောသားသင်တန်းတွေပြီးလို့ သင်္ဘောသားမှတ်ပုံတင်စာအုပ်ထုတ်ရင်လည်လည်းအရင်ကလိုမလွယ်တော့ဘူးနော်။အင်္ဂလိပ်စာ 4 Skill အဆင့်5 ရမှထုတ်ပေးမယ်ဆိုတော့ အင်္ဂလိပ်စာသင်တန်းတွေလည်းတက်ထားပေါ့”
“ဟုတ်ကဲ့၊ကျွန်တော်ဖေ့ဘုတ်မှာ အဲဒီအချက်တွေသိပြီးပါ၊အခုအမေက ဦးကို
ထပ်မေးကြည့်ပါဆိုလို့ မေးကြည့်တာပါ၊
အသက်ကန့်သတ်ချက်မီသေးတော့ လုပ်သင့်မလုပ်သင့်စဥ်းစားလိုက်အုံးမယ် ဦးရေ”
ဒေါ်လှလှရီက သူ့သား၏ အပြောအဆိုအတွက်အားနာဟန်ပြသည်။ကျွန်တော့်စိတ်ထဲမှာတော့ မောင်လွင်ဦးကို စကားပြောချင်စိတ် ကုန်ခမ်းသွားပြီဆိုတာသေချာသည်။
သည်လို လူငယ်တွေ လုပ်ငန်းခွင်မှာရော အဆင်ပြေအောင် လုပ်နိုင်ပါ့မလားဟုအတွေးရောက်သည်။
အခုခေတ်လူငယ်တွေက အရက်သေစာအပြင် မူးယစ်ဆေးဝါးတွေကိုလွယ်လွယ်ရလွယ်လွယ်သုံးနေကြသည်။
ကိုယ်ခန္ဓာထဲကသွေးကြောတွေဆီရောက်နှင့်ပြီးသော မူးယစ်ဆေးတွေက
၆ လအတွင်းဆေးစစ်လို့ သွေး၊ဆီးစစ်တာနှင့် ပေါ်တော့သည်။
အမျိုးသားဓာတ်ခွဲခန်းမှာ ကုမ္ပဏီကဆေးစစ်ခိုင်းလို့စစ်ရလျှင် ဆီးစစ်ရသည့်အခါတိုင်း ဘေးမှာအမျိုးသားဝန်ထမ်းကလိုက်ပါပြီး မသမာမှုရှိမရှိစောင့်
ကြည့်တတ်ပါသည်။
စိတ်ထဲမှာတော့ မောင်လွင်ဦးတစ်ယောက် မူးယစ်ဆေးဝါးမသုံးစွဲထားပါစေနှင့်
ဟုသာ ဆုတောင်းနေမိပါသည်။
********
“ကိုအေးမင်းရေ၊သားငယ်ဆေးစစ်တာကျတယ်၊ကိုအေးမင်းပြောသလိုပါဘဲ၊ဆီးနဲ့သွေးစစ်တော့ အဖြေပေါ်ပြီ၊ကျွန်မဘာဆက်လုပ်ရမယ်မှန်းမသိတော့ဘူး”
“အကောင်းဆုံးကတော့ မူးယစ်ဆေးတွေကိုဖြတ်ပြီး သွေးထဲမှာကုန်ဆုံးအောင်ခြောက်လကျော်ကျော်လောက်ကြာမှ ပြန်စစ်ပါ။ကျန်းမာအောင်နေပါ။
နောက်ဆုံးအကြံပေးချင်တာက သူစိတ်မဝင်စားတဲ့ အလုပ်ကိုမသေချာပဲမလုပ်စေချင်ပါဘူး။အချိန်ကုန်၊လူပင်ပန်းငွေပင်ပန်းတာပဲ အဖတ်တင်ပါလိမ့်မယ်အစ်မရေ။မောင်လွင်ဦးကို သေချာမှ ဆက်လုပ်ပါလို့အကြံပေးချင်ပါတယ်။”
သားဆိုးအမေဘဝကလည်းမလွယ်ပါ။
ခိုးဆိုးလုယက်နေသူမဟုတ်ပေမယ့် အရက်၊မူးယစ်ဆေးဝါးကိုလွယ်လွယ်သုံး၊မိဘကို ကလန်ကဆန်လုပ်ပြီးလိုသလောက်လက်ဖြန့်သုံးနေသော
မောင်လွင်ဦးက သားကောင်းတစ်ယောက်မဟုတ်တာတော့သေချာသည်။
မူးယစ်ဆေးဝါးသုံးစွဲဖူးသူက မူးယစ်ဆေးအရသာကိုခံစားဘူးတော့ ထပ်ပြီးကျူးလွန်ရန်လည်း ဝန်မလေးတတ်ကြပါ။
သင်္ဘောသားဖြစ်လို့ သင်္ဘောပေါ်ရောက်ပြီဆိုပါစို့။တစ်ချို့နိုင်ငံတွေမှာ မူးယစ်ဆေးဝါးက အလွယ်တကူဝယ်လို့ရတတ်သည်။
ဂျပန်လိုနိုင်ငံမျိုးကို သင်္ဘောကပ်လျှင် တစ်ခါတစ်ရံ မူးယစ်ဆေးဝါးကို ရှောင်တခင်ရှာဖွေတတ်သည်။လူရော
အနံ့ခံသည့်ခွေးတွေနှင့်ပါ သင်္ဘောတစ်စီးလုံး ပိုက်စိတ်တိုက်ရှာတတ်သည်။ထိုမျှနှင့်မပြီးသေး မိမိနေသည့်အခန်း(Cabin)ထဲမှာ စားပွဲခုံ၊ကွန်ပျူတာအိပ်ယာစသည်တို့ကို တို့ဖတ်နှင့်တို့ပြီးဓာတ်ခွဲခန်းသို့ပို့၍ ချွေးထဲမှာမူးယစ်ဆေးဝါးရှိမရှိအတိအကျစစ်တတ်သည်။
စင်ကပူမှာတော့ Tanker သင်္ဘောတွေစီးခဲ့စဥ်ကသင်္ဘောက်ုစတက်လာသည်နှင့်
ဆီးစစ်တော့သည်။ကုမ္ပဏီကဆရာဝန်တစ်ဦးကိုလွှတ်ပြီး သင်္ဘောမှာပင်
စစ်ခိုင်းပါသည်။ဆီးထဲမှာ အရက်နှင့်မူးယစ်ဆေးဝါး သုံးစွဲမစွဲကိုစစ်ခြင်းဖြစ်သည်။
စစ်ပြီး၍နောက်ဆိပ်ကမ်းတစ်ခုကိုသွားနေစဥ် ဘယ်သင်္ဘောသားကမူးယစ်ဆေးဝါးသုံးစွဲကြောင်း ကုမ္ပဏီက စာလှမ်းပို့လိုက်သည်နှင့် ထိုသင်္ဘောသား
ကနောက်ဆိပ်ကမ်းမှာ အိမ်ပြန်ပေတော့။
ထိုသင်္ဘောသားကိုလည်းကုမ္ပဏီက ရာသက်ပန်အလုပ်ထုတ်လိုက်တော့
အခက်အခဲများစွာကြုံရတတ်ပါသည်။
Chemical Tankerအတော်များများက သင်္ဘောပေါ်မှာ အရက်သောက်ခွင့်မပေးသော Dry Ship တွေဖြစ်ကြသည်။
မောင်လွင်ဦးတစ်ယောက် မိမိစိတ်ဝင်စားသောအလုပ်ကို အမြန်ဆုံးရှာတွေ့နိုင်သော ကျန်းမာသန်စွမ်းသည့် လူငယ်တစ်ယောက်အမြန်ဆုံးဖြစ်လာနိုင်ပါစေဟု မျှော်လင့်ရင်း။
မေတ္တာဖြင့်
မွန်းသည်းအိမ်
3/7/25