ချစ်လှစွာသော

Posted on

ချစ်လှစွာသော(စ/ဆုံး)

—————————-

‎”မမ မထသေးဘူးလား”
‎ဘေးနားက မောင့်‌ေခါ်သံကြောင့်ကျွန်မနိုးလာသည်။ခေါင်းတွေလဲ ချာချာလည်အောင်မူးနေပြီး တကိုယ်လုံးနာကျင်ကိုက်ခဲနေသည်။ညကမောင်နဲ့ကျွန်မ မူးပြီးအကြီးအကျယ်စကားများခဲ့ကျသည်ကိုတော့မှတ်မိသည် ကျန်တာတော့မမှတ်မိ။
‎”ရော့ ကျွန်တော်သံပုရာရည်ဖျော်လာခဲ့တယ်
‎ မမခေါင်းကိုက်နေတာမလား ”
‎မောင့်ဆီက သံပုရာရည်ခွက်ကိုလှမ်းယူသည့်အချိန်တွင် လက်မှ ညိုမဲစွဲရာအကြီးကြီးကိုတွေ့လိုက်ရသည်။
‎”ဟင် ဒါဘယ်လိုဖြစ်တာလည်း”
‎”မမ ညကမူးပြီးကုတင်ပေါ်ကပြုတ်ကျတာလေ မမှတ်မိဘူးလား”
‎”ဟင့်အင်း”
‎သံပုရာရည်သောက်ပြီးသော်လည်းခေါင်းကိုက်တာမသက်သာသဖြင့် ရေချိုးဖို့သာပြင်လိုက်ရသည်။ ရေချိုးခန်းက ကိုယ်လုံးပေါ်မှန်တွင် ခန္ဓာကိုယ်အနှံ့ ညိုမဲစွဲရာများကိုမြင်လိုက်ရပြီး နာကျင်ကိုက်ခဲနေသည်။
‎”ငါတကယ်ဘဲ ကုတင်ပေါ်က ပြုတ်ကျထားတာလား”
‎မောင်ကစကားများသည့်အခါတိုင်းလက်ပါတတ်သောကြောင့် ဇဝေဇဝါဖြစ်နေသည်။
‎ညကဘာ‌ေတွဖြစ်သွားတာလဲကိုပြန်စဥ်းစားရင်းခေါင်းကိုက်လာသဖြင့် ရေအမြန်ချိုးလိုက်ရသည်။
‎ထို့‌ေနာက်ရေချိုးခန်းက ထွက်လာသောအခါ ကုတင်ပေါ်တွင်ထိုင်၍ပြတင်းပေါက်ကိုငေးနေသောမောင့်ကိုတွေ့လိုက်ရသည် ။
‎”မောင်အလုပ်မသွားဘူးလား ဒီနေ့ကပိတ်ရက်လား”
‎”မဟုတ်ဘူးမမ ကျွန်တော်မမနဲ့ခရီးတိုလေးထွက်ဖို့ ရုံးကိုခွင့်ယူထားတယ်”
‎ဘုရားရေ တခါမှကျွန်မနားမကပ်တဲ့မောင်က အတူတူခရီးထွက်မယ်တဲ့။
‎”မောင်က ဘယ်ကိုသွားဖို့စဉ်းစားထားလို့လဲ”
‎”တခြားတော့မဟုတ်ပါဘူး မမအမေလက်ဖွဲ့ပေးထားတဲ့ တောင်ပေါ်ကခြံကို စိတ်အပန်းပြေအောင်သွားမလို့
‎ ညက ခြံစောင့်ဦးလေးကြီးကိုလဲ အခန်းတွေရှင်းဖို့ ပြောပြီးသွားပြီ”
‎”အံမယ်‌တယ်ဟုတ်ပါလား ငါ့‌ယောက်ကျားက”
‎မောင်ကနှုတ်ခမ်းလေးတွန့်ရုံသာပြုံးပြသည်။ထို့နောက်မနက်စာစားပြီး ခရီးသွားဖို့ပြင်ဆင်ရသည်။
‎” မမ ကျွန်တော်နေသိပ်မကောင်းလို့ မမဘဲကားမောင်းလိုက်ပါ”
‎”ဟင် မောင်နေမ‌ကောင်းဘူးလား”
‎မောင့်နှဖူးကိုစမ်းလိုက်သောအခါ အေးစက်နေသည်။မျက်နှာကလဲဖြူဖက်ဖြူရော်ဖြစ်နေသောကြောင့်
‎”မောင် နေမကောင်းရင်နောက်ရက်မှသွားကျမယ်လေ”
‎”ရပါတယ် ကျွန်တော်ဆေးသောက်ထားတယ် ကားပေါ်မှာအိပ်လိုက်ရင် သက်သာသွားမှာပါ”
‎ကားကိုအာရုံစိုက်မောင်းရင်း နှာခေါင်းထဲတွင်ညှိစို့စို့အနံ့ကြီးကို ရတချက်မရတချက်ဖြစ်‌ေနသောကြောင့် ပျို့ချင်လာသည်။ မောင့်ကို လှမ်းကြည့်လိုက်သောအခါ ကလေးလေးတယောက်လိုအိပ်နေသဖြင့် မောင်နဲ့ကျွန်မရဲ့အတိတ်ကိုအမှတ်ရမိပြန်သည်။မောင်နဲ့ကျွန်မရည်းစားဖြစ်ချိန်တွင် မောင်ကအထက်‌တန်းကျောင်းသားသာရှိသေးသည်။မောင်ကကျွန်မထပ်၇နှစ်လောက်ငယ်ပေမဲ့ အရမ်းထက်မြက်သည်အရမ်းလဲတော်သည်။ ကျွန်မ မိဘတွေကမောင်နဲ့ကျွန်မကိုအသက်ကွာသောကြောင့် သဘောမတူသဖြင့် မောင်ကျောင်းသားဘဝမှာတင်ခိုးပြေးခဲ့ကျသည်။မောင့်မိဘတွေကတော့ ကျွန်မကိုမုန်းတယ် သူ့သားတက်လမ်းကိုကျွန်မကရိုက်ချိုးမိခဲ့သလိုဖြစ်ခဲ့တာကိုး။မောင်နဲ့ကျွန်မ ခိုးပြေးခါစက အရမ်းပင်ပန်းရခဲ့သည် နှစ်ယောက်ထဲတူတူရုန်းကန်ခဲ့ရပေမဲ့ မောင်ကကျွန်မကို အရမ်းချစ်သည် ဂရုလဲစိုက်သည်။လက်ပါဖို့မဆိုထားနှင့် လေသံမာမာနဲ့တောင်မပြောဖူးပါ။
‎ကျွန်မဆင်းဆင်းရဲရဲနေရတာကို မကြည့်ရက်တော့တဲ့ ကျွန်မမိဘတွေက မောင့်ကိုရုံးတွင် အလုပ်သွင်းပေးပြီး အိမ်နှစ်လုံး နှင့်အသုံးအဆောင်ပစ္စည်းများကိုလက်ဖွဲ့ပေးခဲ့သည်။ထိုအချိန်မှစ၍ မောင့်အချိုး‌များလဲပြောင်းလဲလာသည် ညတိုင်းအရက်သောက်ပြီးပြန်လာသလို တချို့ည‌များဆိုလုံးဝပြန်မလာပါ။ဒေါသထွက်လွယ်လာပြီး ကျွန်မကိုစကားများသည့်အခါတိုင်းလက်ပါတတ်လာသည်သို့သော်နောက်နေ့တွင် သူမဟုတ်သလိုနှင့်ပြန်လာချော့သည်။ ကျွန်မကိုရိုက်နှက်တတ်တဲ့မောင့်ကိုလဲ တခါမှ အပြစ်မမြင်ရက်ပါ။မောင်က‌ ကလေးဘဲရှိသေးတာမဟုတ်လား ပြီးတော့ကျွန်မအပေါ်လည်းတခါမှမဖောက်ပြန်ဖူးဘူး။ဖောက်ပြန်ရင်တော့ ကျွန်မသူ့ကိုခွင့်လွှတ်မိမယ်မထင်ဘူး။
‎”တီ….”
‎အတွေးတွေပျံ့လွင့်နေ၍ ရှေ့ကလာသောကားနှင့်တိုက်မိမလိုဖြစ်သွားသောကြောင့် ကားကိုလမ်းဘေးချရပ်လိုက်ရသည်။
‎” မမ အဆင်ပြေရဲ့လား ကျွန်တော်မောင်းရမလား”
‎”ဟင့်အင်းရတယ်မောင် မမနဲနဲခေါင်းမူးနေလို့ ရှေ့ကဆိုင်မှာ အအေးဝင်သောက်ရအောင်”

‎”ညီမလေးရေအမကို lemon teaနှစ်ခွက်လောက်”
‎”ရှင်”
‎ဝိတ်တာမလေးကကြောင်တောင်တောင်ဖြင့်
‎မောင့်ကိုလှမ်းကြည့်နေသောကြောင့်ကျွန်မလည်းလေသံမာမာဖြင့်
‎”Lemon tea နှစ်ခွက်”
‎”ဟုတ် ဟုတ်အမ”
‎”အခုခေတ်မိန်းမတွေများ မပြောချင်ဘူးမောင်ရယ် ကာမပိုင်မိန်းမတယောက်လုံးပါနေတာတောင် မောင့်ကိုလိုက်ကြည့်နေတာများ မျက်လုံးကျွတ်မထွက်ဘဲ ဟွန်း”
‎”ဟားဟား ကိုယ့်ဇနီးလေးက သဝန်တိုနေတာလား စိတ်လျှော့ပါကွာ မောင်က မောင့်မိန်းမတယောက်ဘဲ ချစ်တာ”
‎‌ထို့နောက်ဝိတ်တာမလေး က ဖျော်ရည်ခွက်လာချရင်း မောင့်ကိုကြည့်နေပြန်၍ ကျွန်မအာရုံတော်တော်နောက်သွားသည်။ မောင်ကတော့ အပြင်ကိုသာငေးလျက်။
‎”မောင်မသောက်ဘူးလား ‌”
‎‌”ဟင့်အင်းမမ ကျွန်တော်မသောက်ချင်ဘူး”
‎မောင်က စားပွဲပေါ်ကိုလက်ချောင်းများဖြင့် တတောက်တောက် ဆော့နေသည်။
‎ထို့နောက်ခရီးဆက်ခဲ့ရာ ညနေစောင်းတွင်ခြံရှေ့သို့ရောက်လေသည်။
‎”ဘဘကြီး ဘဘကြီးရေ
‎တီ တီ ခြံစောင့်ဦးလေးကြီး ဘယ်သွားနေလဲမသိပါဘူး”
‎”မမ ဘဘကြီးမရှိဘူး‌‌ေလ ကျွန်တော်တို့လာမယ်ဆို‌လို့ သူ့မိသားစုဆီ တပတ်လောက်ပြန်ချင်တယ် ပြောတယ်ညက”
‎”ဪ အင်းပေါ့လေ သူလဲသူ့မိသားစုကိုလွမ်းရောပေါ့ လာ မမတို့အထုတ်တွေချရအောင်”
‎”ကဲပါမောင့်မိန်းမလေးက အရင်အထဲဝင်ပြီး မောင်တို့နေဖို့အခန်းကို ရွေးလိုက် မောင်အထုတ်တွေသယ်ခဲ့မယ်”
‎မောင်ခုလိုပြုံးပျော်နေတာကို မမြင်ရသည်မှာအလွန်ကြာပြီဖြစ်သည်။
‎အိမ်ကြီးမှာအလွန်ကျယ်ပြီး နှစ်ထပ်တိုက်ဖြစ်သည်။ခြံထဲတွင်လည်းသီးပင်စားပင်လေးတွေနှင့်ပန်းမျိုးစုံစိုက်ထားလေသည်။
‎ထို့နောက် အခန်းတခုကိုရွေးလိုက်ပြီး ပြတင်းပေါက်အပြင်ကိုလှမ်းကြည့်သောအခါ ရေကန်ရှေ့တွင်နောက်ကျောပေးပြီးရပ်နေသောမောင့်ကိုတွေ့လိုက်ရသည်။
‎”ဟင် မောင်ဆေးလိပ်ထွက်သောက်နေတာများလား မှောင်နေပြီကို မဖြစ်သေးပါဘူး”
‎ကျွန်မလဲ အခန်းထဲက ‌ထွက်လာသောအခါ အသားဘူးတချို့ကိုရေခဲ သေတ္တာထဲထည့်နေသောမောင့်ကိုတွေ့လိုက်ရသည်။
‎”မဟုတ်သေးပါဘူး ခုနလေးတင်ရေကန်နားမှာတွေ့လိုက်တာကို”
‎ကျွန်မတော်တော်လန့်သွားမိတယ်။ အိမ်ကြီးထဲကိုစစဝင်ကတည်းက တမျိုးကြီးခံစားမိသည်။အခန်းတိုင်းကလဲမီးထွန်းထားပေမဲ့ မီးရောင်ကမှိန်ပျပျသာဖြစ်သည်။
‎” မောင် မမတို့ညစာ အပြင်ထွက်စားကျမလား”
‎”မောင်အိမ်ကနေ မမကိုချက်ကျွေးချင်လို့ အသားတွေရောဆန်တွေရောယူလာပါတယ် ခင်ဗျာ မောင့်အမျိူးသမီးလေးက သက်တောင့်သက်သာနဲ့ အခန်းထဲကနေစောင့်နေနော် ကျက်တာနဲ့မောင်ခေါ်လိုက်မယ်”
‎”ကောင်းပါပြီ ချစ်ယောက်ကျားရယ် ဟီးဟီး”
‎အခန်းထဲသို့ပြန်ဝင်လာသောအခါ ညှိစို့စို့အနံ့ကြီးက နှာခေါင်းထဲစူးကနဲဝင်လာ၍ ပြတင်းပေါက်ကိုအမြန်ဖွင့်လိုက်ရသည်။
‎”ဟူး အသက်ကြီးလာလို့ထင်တယ် ၄/၅နာရီလောက်ဘဲ ကားမောင်းရတာတောင်ခါးတွေနာချက်”
‎ထို့နောက် မွေ့ယာပေါ်‌တွင် လှဲချကာ အိပ်ပျော်သွားလေသည်။အိမ်မောကကျနေသောအချိန်တွင်နားထဲမှာ တောင်းပန်အော်ဟစ်သံများကိုမရှင်းမလင်းကြားလိုက်ရသောကြောင့် လန့်နိုးလာသည်။
‎”ဟင် ငါပြတင်းပေါက်ကိုဖွင့်ပြီးအိပ်နေတာပါ ဘယ်လိုလုပ်ပိတ်သွားတာလဲ မောင်များပိတ်သွားတာလား” သေချာဖွင့်ထားသောပြတင်းပေါက်မှာ ဂလန့်ချပြီးသားဖြစ်နေသောကြောင့် ကြက်သီးမွှေးညှင်းများပင်ထသွားရသည်။
‎အခန်းအပြင်သို့ထွက်လာသောအခါ အလွန်မွှေးပျံ့သောဟင်းနံ့များနဲ့အတူ မောင့်၏ခပ်တိုးတိုးသီချင်းညည်းသံများကိုကြားလိုက်ရသည်။
‎”မမနိုးပြီလား ဒီမှာလဲဟင်းကျက်တာနဲ့ကွက်တိဘဲ ခြံထဲက ချဉ်ပေါင်ရွက်လေးတွေနဲ့ ငရုတ်သီးစိမ်းလေးခူးနေလို့နဲနဲကြာသွားတာ”
‎”အာ မွှေးနေတာဘဲကွာ မမစားဖိုမှူးလေးချက်တာလေးမြည်းကြည့်ရတာပေါ့”

‎” မမရော့ ချစ်ဇနီးလေးကိုအရင်ဦးချတာ ”
‎မောင်က ဟင်းတော်တော်များများကိုအရင်ထည့်ပေးနေ၍ကြည်နူးမဆုံးဖြစ်ရသည်။
‎”ဒီတခေါက်ဘာအတွက်ကြောင့်များ ရန်ဖြစ်ရလို့မောင်ကဒီလောက်ပြောင်းလဲသွားရတာလဲမသိဘူး အိုဘာဘဲဖြစ်ဖြစ်ပါ ခုလိုကြည်နူးနေရတာပျော်စရာဘဲ”
‎”မောင် ဒါကဘာအသားလဲဟင် ကြက်သားလဲ မဟုတ်ဘူးဝက်သားလဲမဟုတ်ဘူးစားလို့တော်တော်ကောင်းတာဘဲ ”
‎”ဟို အဲ့တာ အဲ့တာက တောကြောင်သားလေ ညနေက ခြံရှေ့မှာလာရောင်းနေတာတွေ့လို့ မမစားဖူးတယ်ရှိအောင် ဝယ်လာတာ”
‎”အယ် ဒီကလေးပေါက်ပေါက်ရှာရှာတွေဝယ်တာနော် ”
‎”မမ မကြိုက်လို့လားဟင်”
‎”အရမ်းကြိုက်တာပေါ့ဟီး ”
‎”ဟားဟား မမကတော့ဗျာ”
‎ထို့နောက်ညစာစားပြီးမောင်နှင့်အတူတူတီဗီကြည့်ပြီး အိပ်ယာတူတူဝင်ခဲ့ကျသည်။
‎”ဒေါက် ဒေါက်”
‎အိမ်‌ေရှ့ကတံခါးခေါက်သံကြောင့် ကျွန်မလန့်နိုးသွားသည်။မောင်ကတော့ဘေးတစောင်းအနေအထားဖြင့်အိပ်နေမြဲ။
‎”မောင် မောင် တံခါးခေါက်နေတယ်ဘယ်သူလဲမသိဘူး ဒီအချိန်ကြီးကို”
‎မောင့်ကိုလှုပ်နှိုးနေသော်လဲ မောင်ကနိုးမလာဘဲ တံခါးခေါက်သံမှာပို၍ကျယ်လောင်လာသည်။ကျွန်မလဲ မောင့်ကိုဆက်နှိုးမနေတော့ဘဲ စားပွဲပေါ်က ပန်းအိုးကို ယူကာ အခန်းပြင်သို့ထွက်လာသည်။
‎”ဘယ်သူလဲ ဘယ်သူလဲလို့မေးနေတယ်လေ”
‎”‌ဝုန်း ဝုန်း”
‎တံခါးခေါက်သံမှတဆင့်အိမ်ရှေ့တံခါးကိုဝုန်းကနဲအပြင်ကနေတွန်းလိုက်သောကြောင့် တံခါးမှာပွင့်သွားပြီး လေတွေဒလဟောတိုက်လာသည်။အိမ်ထဲကမီးများကလဲမှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး ကျွန်မတကိုယ်လုံးအေးစက်တောင့်တင်းသွားသည်။မျက်ရည်များလဲကျလာပြီး အသံပင်မထွက်နိုင်တော့ ဘုရားစာအယောင်ယောင်အမှားမှားကိုစိတ်ထဲကနေဆိုနေမိသည်။
‎အိမ်ရှေ့တွင် ဘယ်သူ့ကိုမှမတွေ့ဘဲ အခန်းထဲမှ အော်ဟစ်သံများကိုကြားလိုက်ရသောကြောင့်မောင့်ကိုစိတ်ပူမိသွားသည်။
‎”မောင် မောင်”
‎အခန်းထဲသို့ရောက်သောအခါ မြင်လိုက်ရသောမြင်ကွင်းကြောင့်ကျွန်မခြေထောက်တွေ ယိုင်နဲ့ကာ ခွေကျသွားသည်။မောင့်ရဲ့လည်ပင်းမှာ ဓားပြတ်ရာများဖြင့် လက်တဖက်ကလဲပြတ်နေပြီး သွေးတွေပင်ခြောက်နေသည်။
‎”ငါအိပ်မက်မက်နေတာမလား အိပ်မက်မက်နေတာပါ”
‎ကျွန်မမျက်စိစုံမှိတ်ကာနားနှစ်ဖက်ကိုပိတ်လိုက်သောအချိန်တွင် အခန်းမီးကပြန်လင်းလာပီး ဆူညံသံတွေလဲတိတ်ဆိတ်သွားသည်။
‎ဘေးပတ်ပတ်လည်ကိုကြည့်လိုက်သောအခါ အရင်အိမ်ဟောင်းကိုပြန်ရောက်နေပြီး ထိုင်ခုံပေါ်တွင်အရက်ပုလင်းကိုကိုင်ကာ ရှိုက်ကြီးတငင်ငိုနေသောကျွန်မကိုယ် ကျွန်မ ပြန်တွေ့လိုက်ရသည်။
‎”ဟင် ဘာတွေဖြစ်နေတာလဲ”
‎ကျွန်မဦးနှောက်ထဲတွင်လည်း တခုခုကိုတစတစ မှတ်မိလာသည်။
‎ထိုနေ့က မောင်ဖောက်ပြန်နေတဲ့သတင်းမှန်မမှန်ကိုစုံစမ်းရန် မောင်တို့ရုံးကိုထွက်လာခဲ့သည်။
‎ရုံးနားသို့ရောက်သောအခါ ကားပါကင်တွင်မိုးမမြင်လေမမြင်တခြားမိန်းမတယောက်နဲ့နမ်းနေသောမောင့်ကိုမြင်လိုက်ရသောကြောင့်
‎မျက်ရည်ပူတွေကျလာပြီး မောင့်ကိုအလွန်ရွံ၍မုန်းလာသည်။
‎”ငါဒီလောက်ချစ်ပေး သည်းခံပေးနေတာတောင် နင်က ငါအမုန်းဆုံးလုပ်ရက်ကိုလုပ်တယ်ပေါ့လေ ”
‎ကျွန်မ အရက်တပုလင်းနှင့် ဟင်းလှီးဓား အကြီးတချောင်းကိုဝယ်ကာ အိမ်သို့ပြန်လာခဲ့သည် ။မောင်ကတော့ပြန်မရောက်သေး။
‎”ဒေါက် ဒေါက်”
‎”တံခါးဖွင့်ထားတယ် ဝင်ခဲ့”
‎မောင်က လေလေးတချွန်ချွန်ဖြင့် အိမ်ထဲကိုဝင်လာသည်။
‎”နင် ဘာလို့ငါ့ကိုဖောက်ပြန်တာလဲ”
‎”ဘာတွေလာပြောနေတာလဲ ကျုပ်ဘာလုပ်နေလို့လဲ”‌
‎ဗြောင်လိမ်နေသောမောင့်ကို ဆွဲကုတ်ပြီးသတ်ပြစ်ချင်သလိုဖြစ်လာသောကြောင့်လက်တွေပါတုန်လာသည်။ ထို့နောက်ဖုန်းထဲက ရိုက်လာသောသူတို့နှစ်ယောက်ပုံကိုပြလိုက်သောအခါ အနာပေါ်ဒုတ်ကျသလို မောင်စိတ်တိုလာသည်။
‎”မင်းငါတို့ရုံးနားထိဘာလာလုပ်တာလဲဟမ် မင်းမရှက်ဘူးလား ငါ့အရှက်ကိုမင်းလိုက်ခွဲနေတာလား”
‎”လူမြင်ကွင်းမှာ မိုးမမြင်လေမမြင်ဖြစ်နေတဲ့နင်တို့နှစ်ယောက်ကသာ စောက်ရှက်မရှိတာစောက်ကောင်ရဲ့”
‎”ဖြန်း”
‎ကျွန်မရဲ့ပါးပေါ်မောင့်ရဲ့လက်ဖဝါးများကဆက်တိုက်ကျရောက်လာသည်။ထို့နောက်ဆံပင်ကိုဆောင့်ဆွဲကာ ခြေထောက်ဖြင့် ကန် သည်။ကျွန်မ အလွန်နာကျင်လာသည် ခန္ဓာကိုယ်ထပ် နှလုံးသားထဲမှတဆစ်ဆစ်နာကျင်လာပြီး မောင့်ကိုအပိုင်လိုချင်လာသည်။ထို့နောက်အသင့်ဆောင်ထားတဲ့ဓားကို အိတ်ထဲမှထုတ်ကာ မောင့်ကိုပြန်တိုက်ခိုက်တော့သည်။
‎ဗိုက်ကိုအရင်ထိုးလိုက်သဖြင့် မောင်ပက်လက်လဲသွားသည်။မောင့်ရဲ့ဗိုက်ပေါ်ကို ခွကာ လည်ပင်းတွေဓားတင်ထားလိုက်ပြီး ကလေးသဖွယ်မသတ်ဖို့တောင်းပန်နေ‌သောမောင့်ကိုအရသာခံပြီးကြည့်နေမိသည်။
‎”မမ မောင်တောင်းပန်ပါတယ် မောင်မှားသွားတာပါ မမကိုဘဲချစ်တာပါ မောင့်ကိုခွင့်လွှတ်ပေးပါနော် မမ”
‎”ဟားဟား ချစ်စရာကလေးလေးဘဲ မင်းကိုလဲမမကချစ်ပါတယ် အဲ့တာကြောင့်တသက်လုံးအနားမှာခေါ်ထားမှာ”
‎မောင့်လည်ပင်းပေါ်တင်ထားသောဓားမှာ တိကနဲပြတ်သွားသဖြင့် သွေးများဖြန်းကနဲထွက်လာသည်။ထို့နောက် ကျွန်မကိုအမြဲရိုက်နှက်တတ်သောညာဘက်လက်ကို ဖြတ်ကာခုတ်ထစ်ပြီး ရေခဲသေတ္တာထဲသို့ထည့်လိုက်သည်။
‎”ဟယ်လို ဘဘကြီးလား သမီးတို့လင်မယားနှစ်ယောက်မနက်ဖြန် လာမှာမလို့ အခန်းတွေရှင်းထားပေးပါ ပြီးဝောာ့သမီးတို့လွတ်လွတ်လပ်လပ်လဲနေချင်လို့လေ”
‎”ဪ အေးပါကွယ် ဘဘကြီးလဲအိမ်ကိုလွမ်းနေတာနဲ့အတော်ဘဲ”
‎”ဟုတ် အဲ့တာဆိုဒါဘဲနော်”
‎မောင့်ရဲ့သွေးများမှာ အခန်းတခုလုံးပေပွနေ၍ သန့်ရှင်းရေးအ‌တော်ကြာအောင်လုပ်လိုက်ရသည်။ထို့နောက် မောင့်ကို မ ကာအဝတ်ပုံးထဲသို့ခွေခေါက်ပြီးထည့်လိုက်သည်။
‎”ချစ်စရာကလေးလေး အိပ်နေတဲ့ပုံလေးကအပြစ်ကင်းစင်လိုက်တာကွယ် ”
‎မောင့်ရဲ့စေးကပ်နေတဲ့ဆံပင်လေးတွေကိုဖွပေးကာတောင်းပန်နေမိတော့သည်။
‎မြင်ကွင်းများကလက်ရှိအချိန်သို့ပြန်ရောက်လာပြီး ကျွန်မရူးမလိုခံစားလိုက်ရသည်။ရင်ထဲတွင်လဲကုလားဘုရားပွဲလှည့်သလိုဆူညံနေသည်။
‎”ငါ ငါတကယ်ဘဲ မောင့်ကိုသတ်ခဲ့တာလား ဒီလက်တွေနဲ့လေ ငါဘာတွေလုပ်ခဲ့တာလားဟာအီးဟီးဟီး”
‎”မမရေ မမ”
‎မောင့်ရဲ့အသံမှာ တအိမ်လုံးပဲ့သံထပ်နေသည်။
‎”မင်းသေသွားပြီလေ ငါ့ကိုမခြောက်ပါနဲ့ ငါတောင်းပန်ပါတယ်မောင်ရယ်”
‎ကျွန်မအရမ်း‌ေကြာက်ပြီးခြံထဲသို့ထွက်ပြေးလာခဲ့သည် အ‌ေနာက်တွင်လဲ ‌ခြေသံများကိုကြားရပြီး မောင့်ရဲ့အော်ဟစ်ငိုယိုသံတွေကိုလဲကြားနေရသည်။
‎”တောင်းပန်ပါတယ် မောင်ရယ် ရပ်ပါတော့ မမတောင်းပန်ပါတယ် မမ မင်းကိုချစ်လို့လုပ်မိတာပါ အီးဟီးဟီး”
‎အသံတွေအားလုံးတိတ်ဆိတ်သွားပြီးခြေထောက်မှ အေးစက်စက်အရာတခုကိုခံစားမိသောကြောင့် လှမ်းကြည့်လိုက်သောအခါ ရေကန်ထဲမှ လက်တစုံကိုမြင်လိုက်ရသည်။
‎#Yamin