ဝေး (ဝတ္ထုတို)(စ/ဆုံး)
—————————-
မွန်းသည်းအိမ်
အဝေးက ဂစ်တာသံသဲ့သဲ့ ကြားနေရသည်။ မှိန်ပျပျ လရောင်အောက်မှာ ဆီးနှင်းတို့ကျဆင်းနေဆဲ။ ဆွယ်တာကို တင်းတင်းဆွဲစေ့ရင်း မျက်ဝန်းကိုအမှိတ်
မှာ သူ့အရိပ်တို့စွဲထင်လာသည်။
နေခဲ့တော့လို့ ပြောခဲ့တာ ကိုယ်လား မင်းလားကွယ်။
ရှိစေတော့လေ။ မနက်ဖြန်ဆိုတာမျိုးဟာ အရာရာပြောင်းလဲနေတတ်သလို တသမတ်ထဲလည်း ဖြစ်တတ်တာပဲ။ ဘာဖြစ်ဖြစ် ကံကိုပဲယုံလိုက်ချင်တော့သည်။ ဂစ်တာသံရဲ့ တေးသွားအလိုက်ကို သိသည်။ သူတီးနေကျသီချင်း။
“နောက်ကျနေတဲ့စာ”
***********
(၁)
၁၉၉၅ ဝန်းကျင်
ရန်ကုန်တက္ကသိုလ်က ကျောင်းအတူတူပြီးခဲ့ချိန်။ ထုံးစံအတိုင်း ယောင်ချာချာနှင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ဘယ်ဌာနမှာ အလုပ်ခေါ်မှန်းလည်းမသိ။ အမေ့ဆီက လက်ဖြန့်တောင်းနေရသော ဘဝကိုမလိုချင်တော့။
ချစ်သူကလည်း သူ့ဇာတိနယ်ကိုပြန်သွားပြီမို့ ရင်ထဲကဟာတာတာနှင့် ကျောင်းထဲက ကန်တင်း ကိုရောက်ရင်း
ထိုင်နေကျစားပွဲလေးမှာ စားနေကျစားစရာလေးတွေနှင့် ချစ်ရသူကို သတိရတတ်တာ။လမ်းထိပ်က PCO ဖုန်းလေးနှင့် နယ်ကချစ်သူကို အလွမ်းဖြေရတာ။
ကန်တင်းပဲသွားသွား၊ ဖုန်းပဲဆက်ဆက် ပိုက်ဆံကလိုသည်။ ကုန်စုံဆိုင်လေးတစ်ခုက ဝင်ငွေကိုအဓိက အားကိုးနေရသော မိသားစုမို့ ကြာလာတော့ အမေ ငြိုငြင်မှာကို လည်း စိုးသည်။ အဖေ့ပင်စင်လစာလေးကလည်း အဖေ့ဆေးဖိုးနှင့် ကုန်တတ်သည်မို့ အမေ့ကုန်စုံဆိုင်က တက္ကသိုလ်လေးနှစ်တာစရိတ်၊ မိသားစုသုံးယောက် စားဝတ်နေရေးစရိတ်တွေကို လုံလောက်အောင်ဖြည့်နိုင်ခဲ့သည်။
အမေ့ဆိုင်ကိုလည်း ကူညီစရာမလို။ အလုပ်သမားနှစ်ယောက်နှင့် ပုံမှန်လည်ပတ်နေသော အလုပ်မို့ အမေကလည်း ကူညီပါဟု တစ်ခါမှမတောင်းဆိုဖူး။
အောင်စာရင်းတွေထွက်တော့ သူမရော ကျွန်တော်ပါ အောင်သည်။ ရိုးရိုးသာ အောင်မြင်သည်မို့ မဟာတက်ရန်အခွင့်အရေးလည်း မရှိတော့။ သူမလည်းထို့အတူသာဖြစ်သည်။
သူမကတော့ သူတို့နယ်မှာပင် မူလတန်းဆရာမ ဝင်လုပ်သည်။ မိမိမှာတော့ ဘယ်ဌာနကိုအလုပ်လျှောက်ရမယ်မှန်းမသိသေး။ကုမ္ပဏီတွေကလည်း ဘွဲ့အပြင် ကွန်ပျူတာတို့ IELTS (Four Skills) တို့တက်ထားမှ
အလုပ်အဆင်ပြေသည်။ဒါမှမဟုတ် ဘာသာစကားတစ်မျိုးမျိုး ကျွမ်းကျင်စွာရေးပြောတတ်သူ ဖြစ်လျှင်ပို၍ အလုပ်ရလွယ်သည်။ မိမိကလည်း ဘွဲ့အပြင် နောက်ဆက်တွဲ လက်မှတ်၊ ဒီပလိုမာတွေ မရှိလေတော့ အလုပ်လျှောက်တိုင်း လှည့်ပြန်ခဲ့ရတာများသည်။
အလုပ်လက်မဲ့ လူငယ်တို့၏ ထွက်ပေါက်ဖြစ်သော
Shore-Job လုပ်မလား၊ သင်္ဘောသားလုပ်မလား စဥ်းစားရပြီ။
*********
နှစ် နှစ်နီးပါးကြာမျှ သင်တန်းတွေတက်၊ ထီးဖြူဖိနပ်ပါး ဘဝဖြင့် သင်္ဘောလိုင်းပေါင်းစုံကိုလျှောက်ထားပြီး
ချိန်မှာ ရိုက်ကြေးအတန်အသင့်ဖြင့် လိုင်းအမှန်တစ်ခုနှင့် အဆင်ပြေသွားသည်။
ဘာဖြစ်ဖြစ် သင်္ဘောသားက သူ့ကန်ထရိုက်အချိန်အတိုင်းအတာအတိုင်း အလုပ်လုပ်လိုက် အိမ်ပြန်နားလိုက် ပြန်တက်လိုက်ဖြင့် ရေရှည်လုပ်ကိုင်လို့ရသည်။
ပင်လယ်လုပ်သက်ရလာလျှင်လည်း အရာရှိစာမေးပွဲ ဖြေခွင့်ရမည်။ အရာရှိလစာဖြင့် မိဘကိုထောက်ပံ့နိုင်သလို မိမိ၏ အိမ်ထောင်ရေး အတွက်လည်း အဆင်ပြေမည်။ အမေ့လက်ဝတ်လက်စားတစ်ချို့က ရိုက်ကြေးအဖြစ်ဘဝပြောင်းပြီး ကျွန်တော်လည်း သင်္ဘောသားဖြစ်ခဲ့ပြီ။
ချစ်သူကိုဖုန်းဆက်ပြောတော့ ဝမ်းသာစကားတွေ၊ မျှော်လင့်ချက်တွေဖြင့် နှစ်ကိုယ်တူချစ်ခရီးက ပျော်စရာတွေအပြည့်။
ဖုန်းနှင့်စကားပြောရတာအားမရ။ ညဘက် ချစ်သူကိုလွမ်းတဲ့ အလွမ်းစာတွေ ရေးရင်း ဂစ်တာတစ်လက်ဖြင့် သီချင်းလေးတွေနှင့် တစ်ကိုယ်တည်းလွမ်းခဲ့ရသော ညများစွာ။
*************
ပထမဆုံးသင်္ဘောသားဘဝမှာ လှိုင်းဒဏ်လေဒဏ်တွေကို ကြံ့ကြံ့ခံရင်းအလုပ်သင်ဘဝမှာ ပင်ပန်းသည်ဟု မတွေးခဲ့။ ကိုယ်တတ်ကျွမ်းမှ အလုပ်ခွင်မှာ အန္တရာယ်ကင်းစွာလုပ်ကိုင်နိုင်မည်။ မိမိထက်ရာထူးကြီးသူတွေ၊ အရာရှိတွေ၏ သင်ပြပေးမှုတွေကို တသွေမတိမ်း
လုပ်နိုင်အောင်ကြိုးစားသည်။ ညဘက်မှာ Bridge (သင်္ဘော ပဲ့ထိန်းစင်) သို့ သွားပြီး ရေကြောင်းပညာတွေကို သင်ယူသည်။ သင်္ဘောအရာရှိတွေကို အားကျစိတ်ဖြင့် ပင်ပန်းသော်လည်း ကြိုးစားရင်းဖြင့် ကန်ထရိုက်တစ်ခု တစ်ခုကို ဘယ်လိုကုန်သွားမှန်းမသိ။
ချစ်သူရေးသော အလွမ်းစာလေးတွေကလည်း ကိုယ့်အတွက် အားဆေးတွေဖြစ်ခဲ့သည်ပဲလေ။
**************
၂၀၀၃ခုနှစ်ဝန်းကျင်
တတိယကုန်းပတ်အရာရှိဖြင့် သင်္ဘောစတက်ရတော့မည်။ အရာရှိစာမေးပွဲအောင်မြင်ပြီး ပထမဆုံး Junior Officer ဘဝဖြင့်စတင်ရတော့မည်မို့ ဝမ်းသာရသည်။
ချစ်သူသက်တမ်းဆယ်နှစ်လည်းပြည့်ခဲ့ပြီ။ သည်တစ်ခေါက်ပြန်လာလျှင် ချစ်သူနှင့် ဘဝတစ်ခုကိုစတင်တော့မည်။ အပျော်တွေက သူရောကိုယ်ရော ကိုယ်စီနှင့်။
*******
ဆိုမာလီတွေလက်ထဲမှာ နှစ်နှစ်နီးပါးကြာသွားသည်။
အိမ်နှင့်လည်း အဆက်အသွယ်မရ။ မိဘတွေကိုတော့ ရန်ကုန်ရုံးမှ အမြဲဆက်သွယ်ပြီး အားပေးစကားပြောကြောင်း ပြန်ရောက်တော့သိရသည်။ ချစ်ရသူနှင့်တော့ ဘယ်လိုမှအဆက်အသွယ်လုပ်လို့မရ။
ရတနာသုံးပါးကို အားကိုးရင်း အသက်အန္တရာယ်ကင်းစွာ အိမ်ကိုပြန်ရောက်ခဲ့သည်။ ရန်ကုန်ရုံးရောက်တော့ မိမိတို့သင်္ဘောကို ပို့လာသောစာတွေကို ရုံးကပြန်ပေးသည်။ စာအများစုက ချစ်သူဆီကစာတွေဖြစ်သည်။ စာတစ်စောင်ကတော့ထူးခြားသည်။ မိမိရန်ကုန် မရောက်ခင် ရေးပို့လိုက်သောစာ။
အဆက်အသွယ်လုပ်လို့မရတော့တဲ့အချိန်မှာ သူမ၏ မိဘတွေသဘောတူသော တစ်ယောက်နှင့်လက်ထပ်ရတော့မည့်အကြောင်းရေးထားသောစာ။ မိမိ ဒုက္ခရောက်နေမှန်းလည်း သူမ သိပုံမရခဲ့။
နောက်ကျနေပြီ။ သူမထံသို့ ဖုန်းခေါ်လိုက်သည်။
အံ့အားသင့်စွာဖြင့် သူမ ဘာတစ်ခွန်းမှပြန်မပြောနိုင်လောက်အောင် မှင်သက်သွားသည်။
ပြီးတော့ သူမငိုသည်။ ကိုယ်လည်းဝမ်းနည်းခြင်းများစွာ။
ကံကြမ္မာက ကိုယ်တို့နှစ်ဦးကိုခွဲရက်လေပြီလား။
နောက်ကျနေတဲ့စာ ကြောင့် ဆယ်နှစ်ကျော် ချစ်ခရီးလေးပြီးဆုံးသွားမှာကို မလိုချင်။
********
သူမတို့မြို့လေးကိုရောက်တော့ တည်းခိုခန်းတစ်ခုမှာတည်းသည်။ ထိုတည်းခိုခန်းက ချစ်သူ့အိမ်နှင့် ဝေးလှသည်မဟုတ်။ ကိုယ်ရောက်နေမှန်းသူမ မှလွဲ၍ဘယ်သူမှမသိကြ။ သူမနှင့်အဆက်အသွယ်ရတော့ နောက်အပတ်မှာ သူမ မင်္ဂလာပွဲ ဟုသိလိုက်ရသည်။ သူမကို ကိုယ့်နောက်လိုက်ရဲလားဟုမေးတော့ လိုက်ရဲသည်တဲ့။
ကိုယ်ပိုင်ကားဝယ်စီးနိုင်သော ဝင်ငွေရှိခဲ့ပြီမို့ ကိုယ့်ကားနှင့်ကိုယ် သူမတို့မြို့ကို လာဖြစ်ခဲ့သည်ပဲလေ။
မနက်ဖြန် မိုးမလင်းခင် ချစ်သူကို ခေါ်တော့မည်မို့ ကားကိုကြိုတင်စစ်ဆေးဆီအပြည့်ဖြည့်ထားလိုက်သည်။ အိပ်မပျော်သေးသောညမှာ ပါလာသည့်ဂစ်တာဖြင့်တီးဖြစ်သည့် သီချင်းက “နောက်ကျနေတဲ့စာ”
********
ချစ်သူ့အရိပ်ကလေး ဖြည်းညှင်းတိတ်ဆိတ်စွာ ခြံထဲမှထွက်လာသည်။ မတွေ့ရတာ နှစ်များစွာကြာနေသည့် ချစ်သူကိုယ်ပါးလှပ်လှပ်လေးကို ပွေ့ဖက်ရင်း မနက်ဖြန်များစွာကို ပျော်ရွှင်စွာဖြတ်သန်းတော့မည်။ ကားစက်ကိုနှိုးပြီး အမြန်မောင်းထွက်လိုက်သည်။ သူတို့မြို့လေးက ထွက်တော့မှ သက်ပြင်းချရင်း ကား ကတ်ဆက်ကိုဖွင့်လိုက်သည်။ ကြားရသောသီချင်းက Adjustorရဲ့ “နောက်ကျနေတဲ့စာ”
ဖူးစာမှန်လို့ထင်ပါသည်။
အခုတော့ ချစ်ရသူက ကိုယ့်ဘေးမှာ ထာဝရအဖော်အဖြစ်။
မေတ္တာဖြင့်
မွန်းသည်းအိမ်