လျှောက်ကြသူတို့၏လမ်းများ(စ/ဆုံး)
—————————-
အမေရေ
အမေ့ယောက်ကျားကြီးလည်းနည်းနည်းပြောပါအုန်းလား
အရက်ဆိုင်မှာ မနက်ညီလာခံကျင်းပပြီးသာယာနေလိုက်တာ ခက်တယ်ဗျာ
သားရယ် သားရဲ့အဖေရင်းပဲလေ
ငရဲမယူနဲ့နော် အချိန်တန်ရင်သူ့လမ်းသူသွားလိမ့်မယ်
သားက မခင်သိန်းဆိုင်ဘာသွားလုပ်တာလဲ
စျေးမှာ အရက်ဆိုင်က
ဆန်အိတ်လာဝယ်တော့ သားဆိုက်ကားကိုငှားလို့ သွားပို့တော့
တွေ့တာပေါ့
အေးလေ
လာ သားထမင်းစားကြမယ်
အမေ မြေပုံသီးနဲ့ဘူးသီးချဥ်ဟင်းချက်ထားတယ် မနေ့ကကျန်တဲ့ငခြောက်ကြော်လေးရယ်
ဟုတ်ကဲ့
ဌာနဆိုင်ရာရုံးတခု၏စာရေးကြီး
ဦးထင်ဟိန်း ပင်စင်ရခါနီးမှ မူးမူးနှင့်ရပ်ကွက်ဖဲဝိုင်းသို့ရောက်ပြီး ဖဲဒိုင်ခံအိမ်ကတိုက်သည်ကျွေးသည်များကိုစား၍
ဖဲဝိုင်းဘေးအိပ်ပျော်နေချိန် အရက်ဆိုင်မှာ သူနှင့် စကားများခဲ့သူက တိုင်သောကြောင့်
ဖဲဝိုင်းလာဖမ်းသည့်အထဲပါ၍
ထောင် တနှစ်ကျ အလုပ်ပြုတ်ခဲ့ရသူ
အိမ်တွင် စက်ချုပ်ပညာတတ်သူဇနီးက
အိမ်ထောင်ကျကတည်းကစက်ချုပ်၍
တဖက်တလမ်းက ငွေရှာ၍ တဦးတည်းသောသားအား ၉တန်းအထိကျောင်းထားပေးခဲ့သူ ဇနီး မအေးချစ်
ဖခင်အလုပ်လက်မဲ့ဖြစ်အပြီးကျောင်းထွက်၍ ကားစပါယ်ယာလိုက်သူ
နောက်တွင် အရက်သောက်သောကားသမားများနှင့်အဆင်မပြေ၍ ကိုယ်ပိုင်ဆိုက်ကားဝယ်၍ နင်းကာမိသားစုအတွက် လုပ်ကိုင်ကျွေးမွေးနေသူ သားလိမ္မာ ထွန်းစိန်
အမေ့ချဥ်ဟင်းနဲ့စားလို့ကောင်းလိုက်တာအမေ
ဟုတ်လားသား
အဲ့ဒါ သားရဲ့အဖွားဆီကရတဲ့ဟင်းချက်ပညာပေါ့
အမေကလေ ဟင်းချက်သိပ်ကောင်းတာ
အင်း အဖွားကိုလည်းသတိရတယ်
အမေတို့နေခဲ့တဲ့
သစ်သားအိမ်ကြီးကိုလည်းသားသတိရတယ်
ထိုစဥ်မှာအရက်ဆိုင်ကပြန်လာသူဦးထင်ဟိန်းရဲ့အသံကြီးက
မအေးချစ်ရေ
ဟော အဖေပြန်လာပြီ ဘာမှပူညံပူညံမပြောနဲ့အမေ
သားရှက်တယ်
အေးပါသားရယ်
အဆင်သင့်ပဲ စားမယ်ဆို
အုပ်ဆောင်းဖွင့်စား
ကိုထင်ဟိန်း
အေးအေး
သား အရက်ဆိုင်က မခင်သိန်းသမီးကိုမင်းယူမလားကွ
အဖေပြောပေးမယ်
မယူပါဘူးဗျာ ကျနော် နိုင်ငံခြားထွက်ပြီးအလုပ်လုပ်အုန်းမှာ
သြော် ငါ့သားကအလှမ်းကျယ်ချင်တာကို
အမေ ကျနော် သွားပြီဟုပြောကာဆိုက်ကားဖြင့်ထွက်သွား၏
အေးပါသား
ကိုထင်ဟိန်း ရှင်ကျမထက် အသက်ကြီးတယ် ကျမတို့ ညီအကိုမောင်နှမမိသားစုတွေထဲ အရက်သမားမပါသလိုသားလေးကလည်းကင်းတယ်
ရှင့်ကိုဆရာဝန်ကနားသင့်ပြီလို့ပြောတာလည်းအခါမနဲတော့ဘူး
ငါမင်းတို့သားအမိကိုလုပ်ကျွေးခဲ့တဲ့ကာလတွေရဲ့ကျေးဇူး မင်းမေ့လိုက်ပြီလားကွ မအေးချစ်ပြောစမ်း
မမေ့လို့ရှင်သေမှာစိုးလို့ပြောနေတာ
သေသေကွာ သေသေ
ခြံဝမှအင်္ကျီလာရွေးသူသားအမိ၏ လှမ်းခေါ်သံထွက်ပေါ်လာ၏
မအေးချစ်ရေ ကျမတို့သားအမိအပ်ထားတဲ့ အင်္ကျီလေးတွေ
သြော် လာလေဝင်ခဲ့ပါပြီးပြီ
အဲ့လိုရက်ချိန်းမှန်လို့မအေးချစ်ကိုသဘောကျတာ အေးလေမိဘတွေကလည်း စည်းစနစ်အလွန်ကျတဲ့သူတွေဆိုတော့ မိဘခြေရာနင်းတာပေါ့
ဟုတ်ကဲ့ပါ မတင်ရယ်
ကဲရော့စက်ခ
ပြန်ပြီသမီးက အရက်မူးသမားဆိုကြောက်တယ် ခြံဝမှာကျန်ခဲ့တယ်
အားနာလိုက်တာ
ရတယ် သွားပြီ
အိမ်လယ်ဘုရားစင်ရှေ့တွင်ဦးထင်ဟိန်းတယောက်ပက်လက်
သြော်ထမင်းမစားပဲအိပ်သွားပြန်ပြီ
ဖြစ်ရလေကိုထင်ဟိန်းရေ
တလကျော်ကာလ နွေဦးရာသီ
နေ့လည်စာစားအပြီး
သားရေ မင်းစုဘူးကြီးအမေကိုင်ကြည့်တာတစ်နေတာပဲ
ဖောက်ပါလား
ဟုတ်တယ် လာအမေဖျာလေးယူခဲ့
ကဲ မနဲပါလား
ကဲ ရေကြမယ်
၄သောင်း၇ထောင်ပါလားသားရေ
ကဲအမေသိမ်းပေတော့
သားအတွက်၅၀၀တန် ပုဆိုးတထည်အမေဝယ်လိုက်မယ်နော်
ဒေါ်အေးချစ်ရေ ခင်ဗျားယောက်ကျားကြီးမိုက်ကြီး သွေးတွေအန်လို့
ဟယ်ခက်လိုက်တာ လာပါအုန်းသား
ဆေးရုံပို့ရအောင်
အသက်တော့ရှူသေးတယ်
ဆေးရုံအရေးပေါ်ဌာန
ဒေါ်လေးဒီဆေး၂မျိုးသွားဝယ်ပါ
သားမြန်မြန်သွားစမ်း
၃ရက်မြောက်နေ့ ညတွင်ဆေးရုံပေါ်၌
ဦးထင်ဟိန်းဆုံး၏
သူငယ်ချင်းများကဖဲဝိုင်းလုပ်ခိုင်းသော်လည်း ထွန်းစိန်ကမလုပ်
သားအမိနှစ်ယောက်၏ရိုးသားဖြူစင်အလုပ်ကြိုးစားသည်များကြောင့်အရပ်ကကူငွေ ၂သိန်းကျော်ရသည်
ထွန်းစိန်ရဲ့ဆန္ဒအတိုင်းမလေးရှားသို့အလုပ်သွားလုပ်ရန် သူငယ်ချင်း၅ယောက် ရန်ကုန်မှပွဲစားနှင့်ဆက်သွယ်ကြသည်
၃လခန့်အကြာ ထွန်းစိန်တို့မလေးရှားသို့ရောက်သွား၏
၅လခန့်အကြာ ထွန်းစိန်အတွက်ယူထားသည့်ကြွေးများဆပ်နိုင်ခဲ့သည်
မိခင်ဖြစ်သူ ဒေါ်အေးချစ်သည်အသက်၄၅ အရွယ်သည်
ထွန်းစိန်မလေးရှားမှာ တနှစ်ကြာသည့်ကာလတွင်
သူ့ထံမှာအင်္ကျီချုပ်နေကြဖောက်သည်
ကျောင်းဆရာမလေး၏ဖခင် မုဆိုးဘို
စက်ပြင်သမား ဦးအေးဝင်းနှင့်နောက်အိမ်ထောင်ပြုလိုက်သည်
လက်ရှိနေအိမ်လေးကို သားပြန်လာလျှင် နေရန် ပိတ်ထားခဲ့ပြီး ဦးအေးဝင်းတို့အိမ်သို့လိုက်နေရသည်
အစစ အဆင်ပြေ၍အေးချမ်းပြည့်စုံသောအိမ်ထောင်သစ်လေးတွင်မအေးချစ်ပျော်နေသလို သားဖြစ်သူကလည်း
ဘာတခုမှအပြစ်မဆိုပဲ ပိုက်ဆံမှန်မှန်ပို့ပေးသည်
မအေးချစ်ကလုံးဝမသုံးပဲစုပေး၏
ဦးအေးဝင်း၏စက်ပြင်အလုပ်ကလည်း
မအားရအောင်လုပ်ရသည်
မြို့တွင်စက်အသစ်ဝယ်ရန်ခေါ်လည်းလိုက်ဝယ်ပေးရသည်ပွဲခရသည်
အသောက်အစားမရှိ၍ အားလုံးကလေးစားကြသည်
လင်ပါသမီးကျောင်းဆရာမအပျိုကလည်း မိထွေးမအေးချစ်အားလေးစားချစ်လခင်၏
အားသည့်အခါ မိထွေးထံမှစက်ချုပ်ပညာသင်ယူသည်
မလေးရှားမှသားဖြစ်သူထွန်းစိန်လည်း
၄နှစ်အကြာ ပြန်ရောက်လာပြီး
သူတို့အိမ်လေးကို ကျကျနနပြုပြင်လိုက်သည်
ပလာတာ အီကြာကွေးလုပ်သူ သူငယ်ချင်းနှင့်တွဲ၍ ရွှေမင်္ဂလာဟုအမည်တပ်၍လက်ဘက်ရည်ဆိုင်ဖွင့်သည်
မိခင် ပထွေးတို့၏မိတ်များ သူ၏ဆိုက်ကားဂိတ်ကမိတ်သဟာများ
လာရောက်အားပေးကြသည်
ရောင်းကောင်းလှပါသည်
ယခုဆိုလျှင် ၃နှစ်အကြာမှာ ပတ်ဘလစ်ကာကားလေးဝယ်စီးနိုင်ပြီဖြစ်သည်
မိခင်မှအိမ်ထောင်ပြုရန်ပြောတိုင်း
သူတပါး၏သမီးကိုယူပြီး
တာဝန်ကျေစွာထားနိုင်ရန်မလွယ်ဘူးဟု
ထွန်းစိန်ကပြန်ပြောသည်
တရက်မိခင်ဖြစ်သူမှ ဆိတ်သားဟင်းချက်၍သားအတွက်လာပို့သည်
ဆိုင်ထဲတွင်သားအမိထိုင်၍စကားပြောနေခိုက်အမေဖြစ်သူမအေးချစ်က
သား ရော့ ဟောဟိုဘုရားစင်အောက်ကတိုင်မှာချိတ်လိုက်အမေနဲ့သားအဖေရဲ့
ဓာတ်ပုံကိုအမေအသစ်ပြန်ကူးထားတာ
ဟုတ်ကဲ့ ဟုပြောရင်း ထ ချိတ်လိုက်သည်
(သား အဖေကို ငါ့သားမေ့ယောင်ဆောင်နေတာအမေစိတ်မကောင်းလို့ပါသားရယ်
ဟုစိတ်ထဲကပြောမိသူက မအေးချစ်ပါ)
သားကို အမေကအထင်သေးတာပဲ
သားအဖေ့ကိုမမေ့ပါဘူးအမေရယ်
သူ့လမ်းသူရွေးသွားတာသူ့ရွေးချယ်မှုပါ
သား ညတိုင်းမေတ္တာပို့ပါတယ်
အမျှဝေပါတယ်
မှန်တာတခုသားပြောမယ်နော် အမေ
အိမ်တအိမ်မှာ မူးရူးနေသူအရက်သမားတယောက်ရှိရင် ကျန်သူတွေဘာလုပ်လုပ်မိသားစုဘဝအဆင်မပြေကြဘူး
မှန်တာပေါ့သားရယ်
ကဲ အမေပြန်မယ်
သားလိုက်ပို့မှာပေါ့
ပိတောက်ခြောက်ရောင်ပတ်ဘလစ်ကာကားလေးသည်
အေးငြိမ်းချမ်းသာကြည်လင်သောမျက်နှာတို့ဖြင့် မအေးချစ်တို့သားအမိကိုတင်ဆောင်၍ လမ်းမလေးထက်
ဖြေးဖြေးသာသာရွေ့နေ၏