ဆန်ရေ(စ/ဆုံး)
——–
သားတစ်ကောင်ကို လက်ကဆွဲပြီး ဘုံဆိုင်ထဲဝင်သွားသော သားအဖနှစ်ယောက်ကိုကြည့်ပါအဆွေ ။
လာလာသမျှဒုက္ခကို အရက်နဲ့ပဲဆေးကြောပစ်ဖို့ စိုင်းပြင်းခဲ့တာ သားအသက်နဲ့အမျှပဲဆိုပါတော့။ မီးတွင်းထဲမှာပဲ သေမင်းရဲ့ကျီစယ်မှုကို အရှုံးပေးသွားတဲ့ ဇနီးသည် ။ ဦးသောင်းဝေတစ်ယောက် လောကဓံကို သားလက်တစ်ဖက်ဆွဲ အရက်ခွက်တစ်ဖက်ဆွဲရင်း ရင်ဆိုင်လာခဲ့တာ အခုဆို သားမောင်မိုးညိုအသက် ရှစ်နှစ်တင်းတင်းပြည့်ခဲ့ချေပြီ။
သားဖနှစ်ယောက် ဆာလာအိတ်ခွံကြီးတွေ တစ်ယောက်တစ်လုံးစီနဲ့ လမ်းကြိုလမ်းကြား ၊ အိမ်ကြိုအိမ်ကြားထဲ သံတိုသံစ ၊ ပုလင်းခွံဗူးခွံကောက်ရင်း ဝမ်းတစ်ထွာအတွက် အထောင်အသောင်းမကတဲ့ ခြေလှမ်းပေါင်းမြောက်များစွာနဲ့ ကျင်လည်ရတယ်။
“ဟဲ့ ဒကာကြီးသောင်းဝေ ”
ဘုရားသုံးဆူ ဆရာတော်ကြီးဦးပညာစက္က။
“တင်ပါဘုရား ”
သေရည်နံ့ထောင်းခနဲထနေတဲ့ ဦးသောင်းဝေအနားက မောင်မိုးညို နာမည်နဲ့လိုက်လျောစွာပင် အသားခပ်ညိုညို ပေရေသောအဝတ်အစား ၊ အဟာရမပြည့်စုံတဲ့ ကိုယ်ခန္ဓာ ၊ အတောက်ပဆုံးက မျက်လုံးတွေပဲ။
ဆရာတော်ဘုရားကြီး ဦးပညာစက္ကကို သားဖနှစ်ယောက်ဆာလာအိတ်ခွံကြီးတွေ ဘေးချပြီး ထိုင်ကန်တော့ရှာတယ်။
“ဒကာကြီးသောင်းဝေ တစ်ကိုယ်ရည်တကာရဆိုရင် ဘုန်းကြီးမပြောလိုဘူး သားရှေ့ရေးဘယ်လိုစဉ်းစားထားတုန်း အခုဆိုရင်ကျောင်းနေရမဲ့အရွယ်တောင် ကျော်လွန်နေပြီ ဒကာကြီးခြေရာနင်းစေချင်လို့လား ”
ဦးသောင်းဝေ လက်အုပ်ချီခေါင်းငုံ့ထားရာက အတင်းခေါင်းမော့ကြည့်ပြီး
“မဟုတ်ပါဘူးဘုရား တပည့်တော်လို သားကိုမဖြစ်စေချင်ပါဘူးဘုရား”
“ကြိုးစားဒကာကြီး ရုန်းထွက်နိူင်အောင်ကြိုးစား သားအတွက်ဆိုတဲ့စိတ်နဲ့ကြိုးစားမှပေါ့ဒကာသောင်းဝေရဲ့ ဒါမှမဟုတ်ငါ့ကျောင်းကိုလာအပ်ထားလည်းရတာပဲ ”
ဆရာတော်ကြီး ဦးပညာစက္က သက်ပြင်းလေးချကာချကာနဲ့ ကျောင်းထဲပြန်ဝင်သွားတယ်။
ရင်ခွင်ကြားထဲ အိပ်ပျော်နေရှာတဲ့သားကိုကြည့်ရင်း မျက်ရည်တွေဝေ့သီလာတာ ဦးသောင်းဝေ ။ အမိဝမ်းတွင်းကကျွတ်ပြီဟေ့ဆိုတာနဲ့ လောကဓံရဲ့ကြိုးဝိုင်းအလယ်ရောက်ရရှာတဲ့သားလေး ။ ခုတော့ဆရာတော်ဘုရားကြီးက လက်ကျန်ဘဝတိုက်ပွဲကို အကောင်းဆုံးယှဉ်ပြိုင်ထိုးသတ်ဖို့ သူ့ကျောင်းမှာအနားတောင်းခိုင်းနေပြီ။
ခြင်ကိုက်ထားတဲ့ ဘုလေးတွေကို တံထွေးနဲ့စွတ်ပေးရင်း အတွေးရှည်တဲ့ညဟာ ပိုရှည်ကြောင်း သဘောပေါက်ခဲ့ရပါတော့တယ်။
မနက်မိုးလင်းတော့ မထသေးတဲ့ဖခင်ကိုမနိုးသေးပဲ ရပ်ကွက်ထဲကဒေါ်ဘုမ ဆိုင်ကမုန့်ဟင်းခါးတစ်ပွဲဝယ် ညကကျန်တဲ့ထမင်းကြမ်းခဲနဲ့ မုန့်ဟင်းခါးရောနှယ်ပြီး အဖေဖြစ်သူကိုနိုးလိုက်တယ်။
မနက်အတွက်ဖြေဖို့ရာချန်ထားတဲ့ BEအဆီစပ်တစ်ပိုင်း ထဲရေစပ်ပေးနေတဲ့သားကိုကြည့်ရင်း ညကအတွေးတွေပြန်ဝင်လာတယ်။
“အဖေ ရော့ ဒါသောက်ပြီး ထမင်းစားရအောင်နော် ဒီနေ့ဈေးနားလေးသွားကောက်ရအောင်”
ဝမ်းနည်းစိတ်ကို အရက်နဲ့ရောသောက်ပြီး
“တော်စမ်းကွာ မိုးမှမလင်းသေးဘူး ဘယ်ဈေးနားမှမသွားဘူး မင်းရှိနေလို့ငါမနေမနားလုပ်နေရတာ ငါ့ဘာသာတစ်ယောက်ထဲ ကြိုက်တဲ့အချိန်ရှာစားလို့ရတယ် မင်းဒုက္ခမသေးဘူးမိုးညို မသေးဘူး”
မုန်တိုင်းဟာ မိုးညိုဆီကို မိုးရိပ်မဆင်ပဲဝင်တယ်။ ကြားနေကျစကားတွေမဟုတ်တော့ ဖခင်ရဲ့စကားတွေကို သူ့ခမျှဘာသာမပြန်တတ်ရှာဘူး။ ဖခင်မျက်နှာက ဝမ်းနည်းနေသလား ၊ ခက်ထန်နေသလား ဘာဆိုဘာမှမိုးညိုလိုက်မမီဘူး။ ဆရာတော်ဘုရားကျောင်းကို သွားအပ်မလို့တဲ့။ ဒါဆိုအဖေ့ကို ဘယ်သူအဖော်ပြုပေးမှာလဲ ၊ အဖေ့ဆေးလိပ်ဘယ်သူမီးညှိပေးမှာလဲ ၊ အဖေ့အဆီစပ်အရက်တွေ ဘယ်သူရေရောပေးမှာလဲ ၊ အဖေ့အတွက်မနက်စာမုန့်ဟင်းခါး ဘယ်သူကများတာဝန်ယူမှာမို့လဲ ၊ အဖေအမူးလွန်လာလို့ ငိုရင်ကျတဲ့မျက်ရည်တွေကော ဘယ်သူသုတ်ပေးမှာမို့လဲ မိုးညိုရဲ့ခေါင်းသေးသေးလေးထဲမှာ အတွေးအကြီးကြီးတွေနဲ့ မနိူင်ဝန်ထမ်းနေရလေပြီ။
တသိမ့်သိမ့်တုန်ခါနေတဲ့ ဖခင်ကျောပြင်ကို မျက်စိတစ်ဆုံးကြည့်ရင်း မိုးညိုအတွေးက မြင်ကွင်းထက်ဝေးရာဆီသို့ ။
ဘုရားသုံးဆူဆရာတော်ဘုရားကြီ ဦးပညာစက္က သားဖနှစ်ယောက်ရဲ့ သံယောဇဉ်မေတ္တာကြိုးတွေကို ခေါင်းတဆက်ဆက်နဲ့ အသိမှတ်ပြုရှာတယ်။
“အိမ်း…အပူတွေ အပူတွေ ဖခင်ကသားကိုထားခဲ့ရလို့ အပူ ၊ ဖခင်ထားခဲ့လို့ ကျန်နေခဲ့ရရှာတဲ့ သားရဲ့အပူ သြော် ပုထုဇဉ်ပဲကိုး..”
“ကျုပ်အဖေ့ဆီပြန်ချင်တယ်”
ကိုရင်ကြီး အရှင်ဝိသုဒ္ဓပြုံးရုံလေးပြုံးလိုက်တယ်။
“ကိုရင်လေးရှင်ကောဝိဒ ကျုပ်လို့မပြောရဘူးလေ တပည့်တော်လို့ပြောရတယ် ကြားလား”
မောင်မိုးညိုတစ်ဖြစ်လဲ ကိုရင်လေးရှင်ကောဝိဒ ။
“ဟုတ်ကဲ့”
“ဟုတ်ကဲ့လို့လည်းမပြောရဘူး တင်ပါ့ဘုရားလို့ ပြောရတယ်ကိုရင်”
ကိုရင်ကြီးအရှင်ဝိသုဒ္ဓ ကျောင်းထိုင်ဆရာတော်ဘုရားကြီးဦးပညာစက္ကဆီလျှောက်တင်တယ်။
“အရှင်ဘုရား ကိုရင်လေးရှင်ကောဝိဒ ဆွမ်းခံလိုက်လာပေမဲ့ ဆွမ်းမစားဘူးဘုရား ရက်ကြာလာရင် လူဥပါတ်စိတ်ဥပါတ်ရောက်မှာ စိုးရိမ်မိပါတယ်ဘုရား”
ဦးပညာစက္က သက်ပြင်းရှည်တစ်ချက်ချရင်း
“ကိုရင်လေးကို ငါ့ဆီခေါ်လာခဲ့ကိုယ်တော်”
ကိုရင်လေးရှင်ကောဝိဒ ဆရာတော်ဘုရားဆီရောက်လာတယ်။
“ဟဲ့ ကိုရင်လေး”
“ဘုရား”
“ဆွမ်းမစားဘူးဆို ကိုရင်ကြီးအရှင်ဝိသုဒ္ဓ လာလျှောက်တယ် ဟုတ်သလားဟဲ့”
ကိုရင်လေးလက်အုပ်ချီထားရာက ဆရာတော်ကြီးအမေးကိုပြန်မဖြေနိူင်ရှာဘူး မျက်ရည်တွေသာသွင်သွင်စီးဆင်းနေတယ်။
“ကိုရင်ဆိုတာ မငိုကောင်းဘူး ဘုရားသားတော်ဆိုတာဘယ်တော့မှ မငိုရဘူးကိုရင်လေးရဲ့ ဘာလို့ဆွမ်းမစားတာလဲပြောလေ”
ငိုသံတွေရောထွေးပြီး ထွက်ကျလာတဲ့အဖြေက
“အဖေထမင်းမစားရမှာကြောက်လို့ပါ”
“ဟဲ့ကိုရင်လေး ရပါတယ် ဘုရားလက်ထက်က မိဘနှစ်ပါးကိုဆွမ်းခံပြီးကျွေးလို့ ရဟန်းတွေကသိတော့ကဲ့ရဲ့ကြတယ်ဘုရားရှင်အကြောင်စုံမေးမြန်းသိတဲ့ချိန် သာဓုတောင်ခေါ်ပါတယ် ”
ကိုရင်လေးရှင်ကောဝိဒ လက်ခေါက်သေးသေးလေးတွေနဲ့ မျက်ရည်တွေသုတ်ပြီး အပြုံးပန်းတွေပွင့်လန်းလာခဲ့တယ်ဆိုပါတော့။
“ကန်တော့ဆွမ်းပါဘုရား ပြန်ကြွပါတော့ တပည့်တော်လည်းသောက်စရာပဲရှိတယ် စားစရာမရှိပါဘူး ကန်တော့ဆွမ်းပါဘုရား ”
ယိုင်နဲနဲတဲစုတ်လေးရှေ့မှာ ခြေစုံရပ်နေရှာတဲ့ကိုရင်လေးရှင်ကောဝိဒ ဖခင်ရဲ့ရုပ်သွင်ပြင်ကို မျက်တောင်မခတ်စိုက်ကြည့်ရင်း ဝေ့ဝဲလာတဲ့မျက်ရည်ပူတွေ အတင်းပုတ်ထုတ်နေသည့်တိုင် သပိတ်ဖုံးအထက် မျက်ရည်စက်တွေ တစ်စက်ချင်း ။ ဆန်ရေလို့သာသတ်မှတ်ပါအဆွေ ။
“ဒကာကြီး ”
“ကိုရင်လေးကန်တော့ဆွမ်းပါဘုရား”
“ဒကာကြီးဆီအလှူခံတာမဟုတ်ပါဘူး အလှူခံလို့ရလာတဲ့ဆွမ်းကိုစွန့်တာပါ ”
ဒီအသံကိုဦးသောင်းဝေ မှတ်မိတာပေါ့ ။ ဟုတ်တယ် သားမှသားအစစ် ။ကြည့်စမ်းငါ့မျက်လုံးတွေစုံလုံးသာကန်းသွားချင်ရဲ့ ၊ ငါ့ကြားနိူင်စွမ်းတွေ ပင်းစို့ပစ်ချင်ရဲ့ သင်္ကန်းဝတ်ပြီး အရက်ပုလင်းထဲဘဝလဲနေရှာတဲ့ငါ့ကို ဆွမ်းခံကျွေးသတဲ့ ။ ကြားလို့မှကောင်းရဲ့သေးလား ။ ကိုရင်လေးငရဲကြီးရချည့်ရဲ့ ။
“မစားဘူးသွား ကိုရင်လေးတပည့်တော်ကို အထင်သေးတာလား ခြေလက်အစုံရှိတယ် သူတောင်းစားမဟုတ်ဘူး ထွက်သွား”
“ဒကာကြီး ဆရာတော်ဘုရားမိန့်လိုက်တာ သင်္ကန်းဝတ်နဲ့မိဘအလုပ်အကျွေးပြုတာ ဘုရားရှင်တောင်သာဓုခေါ်ပါသတဲ့ လက်ခံပါ”
တည်ငြိမ်လွန်းပေစွ ။ အကြိမ်ကြိမ်ဦးကုန်းချရင်း ဝမ်းနည်းမျက်ရည်လား ၊ ဝမ်းသာမျက်ရည်လား မခွဲခြားနိူင်ပေ။
မိဘတို့သည် သားသမီးများအား ကျွေးမွေးပြုစု ယုယခြင်းသည်ဓမ္မတာပင်ဖြစ်သည် ။ ထိုနည်းတူစွာ သားသမီးများမှလည်း မိဘကျေးဇူးအား ဆပ်နိူင်စေရန် အခွင့်အရေးအားစဉ်ဆက်အပြတ်စောင့်ဆိုင်းနေသင့်ပါသည်။
အစဉ်မြဲမပြတ်စီးဆင်းနေသော စုန်ရေတို့သည် သဘာဝပင်ဖြစ်၏ ။ ဆန့်ကျင်ဘက်အရပ်သို့ဆန်တက်ပြသော ဆန်ရေတို့သည်လည်း မင်္ဂလာတစ်ပါးပင်ဖြစ်နေပေလိမ့်မည်။
#ကျီးကန်း(မကွေး)