ကုလားဘိုတီးနှင့် ဖွတ်တစ်ကောင်

Posted on

ပြည်ပန်းမိုး
ကုလားဘိုတီးနှင့် ဖွတ်တစ်ကောင်

ကုလားဘိုတီး ကျန်းမာရေးကောင်းသွားပြီ။

ဒီတော၊ ဒီတောင်၊ ဒီနေရာ၊ ဒီဒေသဝန်းကျင်သို့ ကုလားဘိုတီး မရောက်ဘူးသော ဒေသဟူ၍မရှိ။

ဒီခရီး၊ ဒီလမ်း၊ ဒီစခန်းတို့ကို ကုလားဘိုတီးအဖို့ နောဧကနောပေါ့။

ဒီတော့ ကုလားဘိုတီးက ကြွက်လိုက်ရန် နှစ်ထပ်ကွင်းကြောင်တောသို့ လှေတစ်စင်းနှင့် ခွေးတစ်ကောင်ကိုအဖော်ပြု၍ ရောက်လာသည်။ ဒီတစ်ခါတော့ မျက်မှန်ကို ကျွတ်မကျအောင် မျက်မှန်ကိုင်းကို သားရေကွင်းနှင့် ခပ်တင်းတင်းချည်ထားသည်။ ပိုမိုတင်းပြီး ခိုင်ခံ့စေရန် ကျားပျံမကောက် ဆေးပြင်းလိပ်ကြီးနှစ်လိပ်တို့ကို နောက်စေ့သားရေကွင်း၌ ထိုးညှပ်ထားလိုက်သေး၏။

သို့မှသာ ဆေးလိပ်သောက်ချင်လျှင် အခြားရှာစရာမလို၊ ခေါင်းကိုင်လိုက်သည်နှင့် ဆေးလိပ်ရပြီသား။

မီးခြစ်ကိုမူ အင်္ကျီအိတ်ထဲ၌ ချိတ်နှင့်ထိုးပြီး ထည့်ထား၏။ ထို့အပြင် ဆင်နှစ်ကောင်ဆေးပြင်းလိပ် နှစ်လိပ်ကိုလည်း အိတ်ထဲ၌ အသေအချာထည့်ထားသည်။ လိုရမည်ရသုံးရန် တစ်လုံးထိုးမှိန်း၊ တုတ်၊ ဓားနှင့် ကြိုးခွေများလည်း အပြည့်အစုံပါလာခဲ့သည်။

“ကုလားဘိုတီးရေ၊ ငါတို့ဇလပ်ဖြူမှာ တခြားဟင်းလျာတွေတော့ရှိတယ်။ ဒါပေမယ့် တောကြွက်ကြော် မရဘူးဖြစ်နေတယ်။ အဲဒါ တောကြွက် (လယ်ကြွက်) ရရင် လုပ်ပေးစမ်းပါ၊ ဈေးကောင်းပေးပါ့မယ်။ ဟိုတစ်ခါကလို တောကြောင်ရရင်လည်း ယူမယ်”

ဟု လှော်ကားလမ်းဆုံမှ စားသောက်ဆိုင်ပိုင်ရှင် ကိုရှည်ကြီးက ပြောထားသည်။

ထို့ကြောင့် ဒီနေ့ မိုးကလည်းထန်၊ ငါးကလည်း မြစ်ထဲ အဆင်းနည်း၍ ပိုက်မချတော့။

မြစ်ထဲချောင်းထဲမှ ကုန်းပေါ်တက်၍ ကြွက်လိုက်ရန် အစီအစဉ်ဆွဲပြီး ခွေးနီမပါခေါ်၍ နှစ်ထပ်ကွင်းကြောင်သို့ ကုလားဘိုတီး ရောက်လာရပြန်သည်။

မြေအောက်ကြွက်ကြီးများကို အရှင်ဖမ်းနိုင်ရန် သစ်သားကြွက်ထောင်ချောက်ကြီးနှစ်ခုကိုလည်း ယူဆောင်လာခဲ့၏။

အထူးသဖြင့် ခွေးနီမ။ သူက နှုတ်သီးချွန်ပြီး သွက်လက်၏။ အနံ့ခံကောင်း၏။ ကြွက်တွင်းတွေ့သည်နှင့် ယက်သည်။ ကျင်းထဲသို့ ခေါင်းထိုးပြီး အနံ့ခံ၏။ ကြွက်နံ့ရသည်နှင့် ဟောင်၏။

ထိုအခါ ကုလားဘိုတီးက ကြွက်တွင်းသွားရာဆီကို ပေါက်ပြားနှင့် လိုက်ပေါက်လိုက်၏။ မြေကျင်းအောင်နေသောကြွက်မှာ ကြောက်လန့်၍ အပြင်ထွက်လာသောအခါ မျက်စိလျင်သည့် ခွေးနီမ၏ပါးစပ်ထဲ ကြွက်ကြီး ကားခနဲပါရမည်။

ဒီလိုနှင့်ပင် တစ်ကောင်ပြီးတစ်ကောင် ရမည်။

ထို့ပြင် အစာနှင့်ထောင်ထားသော ကြွက်ထောင်ချောက်များကလည်း လယ်ကြွက်အရှင်ကြီးများအား ဖမ်းပေးဦးမည် မဟုတ်ပါလား။

ဤသည်မှာ ကုလားဘိုတီး၏ ကြွက်ဖမ်းစီမံကိန်းပင်။ ဒီ စီမံကိန်းအတွက် မနေ့ကပင် လိုအပ်သောပစ္စည်းပစ္စယများကို အသေအချာစဉ်းစားပြီး စုဆောင်းလာခဲ့သည်။

မှန်သည်။ ယခု ဝါးတစ်ရာမြစ်မှဖြတ်ပြီး နှစ်ထပ်ကွင်းကြောင်ချောင်းဆီသို့ တရွေ့ရွေ့နှင့် လှေကိုလှော်ခဲ့ပြီး စခန်းချမည့်နေရာကို ရွေးချယ်နေခြင်းဖြစ်သည်။

အဆင်ပြေသည့်နေရာကောင်းရပြီမို့ အရိပ်ကောင်းသော လမုပင်ကြီးချေရင်း၌ လှေကိုထိုးစိုက်ပြီး ကြိုးချည်ထားလိုက်၏။ ပါလာသော ဝန်စည်စလယ်များကို ကုန်းပေါ်သို့တင်သည်။

ခွေးနီမက မျက်လုံးလေးကလယ်ကလယ်နှင့် ဟိုကြည့်ဒီကြည့်ဖြင့် လှေပေါ်က ခုန်ဆင်းသွားလေသည်။

တောထဲ ဝင်လိုက်သည်နှင့် အေးစိမ့်စိမ့်ဖြစ်လာသည်။ တသုန်သုန်နှင့် မြူးကြွစွာ တိုက်ခတ်နေသောလေမှာ အအေးဓာတ်ကို ပိုမိုအားပေးသလိုဖြစ်နေ၏။

အချိန်မှာလည်း နံနက်စောစော နေပင်မထွက်သေး။ မိုးနှင်းမြူတို့သည် နှစ်ထပ်ကွင်းကြောင်တောအုပ်ကို သိုင်းခြုံထားလေသည်။

မည်သို့ဆိုစေ တောထုံးစံ၊ တောင်ထုံးစံက ရှိသေး၏။ ဒီတော့ အသင့်ပါလာသော ချက်အရက်တစ်လုံး၊ ငါးကြော်နှင့် ထမင်းဦးပေါင်းကို ပန်းကန်းပြားတစ်ချပ်ထဲထည့်ပြီး ကွင်းပိုင်ကိုမြှောက်၊ အရက် တစ်လုံးနှင့်အတူ သစ်ငုတ်တစ်ခုပေါ်၌တင်ပြီး ပစ္စည်းပစ္စယများပါ ပြသ၍ ဟင်းစားများပေးပါ၊ အန္တရာယ်များ ဖယ်ရှားပေးပါ၊ အမှားအယွင်းများရှိပါက ခွင့်လွှတ်ပါဟု ပါးစပ်မှ တတွတ်တွတ်နှင့် ပြောဆို သည်။

ပြီးတော့ ဆေးပြင်းလိပ်ကို မီးညှိ၍ တောင်ပိုင်အဘိုးကို ဆက်လိုက်၏။

မှန်သည်။ ယခုလိုပြုလုပ်လိုက်သောအခါ စိတ်ထဲ၌ ရှင်းသွား၏။ မိမိ၏ ပစ္စည်းပစ္စယများကို ယူကာ အရိပ်ကောင်းသော နေရာတွင် ပလတ်စတစ်အခင်းလေးကို ခင်းကျင်းပြီး အမောပြေခဏထိုင်နေ၏။

တောတောင်အခြေအနေကို အကဲခတ်နေသည်။

တောကြွက်ကြီးတို့ သွားလာရာလမ်းကြောင်း၊ မြေပြင်အနေအထား၊ ကြွက် ရှိ မရှိတို့ကို မှန်ဘီလူး တပ်ထားသော လှည်းဘီးမျက်မှန်ကြီးနှင့် သေချာကြည့်နေသည်။

ခွေးနီမကလည်း တာဝန်ကျေ၏။ တရှူးရှူးနှင့် မြေပြင်အနှံ့ အနံ့ခံ၍ မြက်ရိုင်းပင်များကြားသို့ ဝင်ရောက်သွား၏။

“တောက်… တောက် … တောက်… တောက်တဲ့… တောက် တဲ့”

ကုလားဘိုတီး စခန်းချရာ ညောင်ပင်ကြီးဆီမှ တောက်တဲ့တစ်ကောင်၏ လေးလေးမှန်မှန် အော်သံကိုကြားရ၏။

“အင်း… အတိတ်ကောင်းတယ်။ အောင်မြင်မယ့်နိမိတ်ပဲ”

ဟု တွေးရင်း ကုလားဘိုတီးပြုံးနေမိ၏။

ပြီးလျှင် ကွင်းမြှောက်ထားသော ပန်းကန်ထဲမှ ထမင်းနှင့် ငါးကြော်များကို အားပါးတရ စားသုံးနေသည်ကို တွေ့မြင်ရ၏။ ဒီတော့ ကုလားဘိုတီးက တောက်တဲ့ကြီးကို မောင်းမထုတ်ဖြစ်ဘဲ ငြိမ်ပြီးကြည့်နေမိသည်။

နာနာဘာဝ ဝိနာဘာဝဆိုသည်များက ခက်သည်။ မြင်အပ်သော ကိစ္စရပ်မျိုးမဟုတ်။

အချို့လည်း ပုတ်သင်ညိုယောင်ဆောင်၍ နေတတ် သည်။ အချို့လည်း တောက်တဲ့ယောင်ဆောင်ထားတတ်သည်ဟု လူကြီးသူများ ပြောဆိုသံကြားဖူး၏။

ယခုလည်း ထူးတော့ထူးသည်။ စားပလေ့စေဟူသော သဘောနှင့် ကုလားဘိုတီး ငြိမ်၍ ကြည့်နေ၏။ စားလည်းစား၊ ပေးလည်းပေးဗျာ။ အန္တရာယ်ကင်းအောင် စောင့်ရှောက်ပါဟုလည်း ပြောနေမိသည်။

ရုတ်တရက် လေမတိုက်ဘဲငြိမ်သွား၏။ ပြီးလျှင်တဝေါဝေါနှင့် တောဟီသံကြီးကို မင်းဗန္ဓုဘုရားကုန်းဘက်ဆီမှ ကြားလိုက်ရ၏။ ဒီနေရာက အဓိကနေရာ။

“နှစ်ထပ်ကွင်းကြောင်၊ ခွေးတစ်ဟောင်၊ သစ်ပင်ခြေရင်း၊ ရွှေကိုးတင်း၊ လူမင်းဖော်လို့ ရလိမ့်မယ်”

ဆိုသော သိုက်စာ တဘောင်ကလည်းရှိ၏။ ဒီနေရာက ဥစ္စာစောင့်တွေ ပေါ၏။ ဘုရားသိုက်ရှိ၏။ ထိုပစ္စည်းများကို ဖော်ယူနိုင်မှာသာ မင်းဗန္ဓုဘုရားကြီးကို တည်နိုင်မည့်သူ ဖြစ်သည်ဟုလည်း စာဆိုရှိ၏။ ထို့ကြောင့် မတော်လောဘစိတ်နှင့် ဒီနေရာသို့လာရောက်လျှင် တစ်ခုမဟုတ် တစ်ခု ဒုက္ခဖြစ်တတ်သည်ဟုလည်း အယူရှိ၏။

ထို့ကြောင့် ကုလားဘိုတီးသည် ထိုင်ရာမှထပြီး

“ကျွန်ုပ်သည် ဤနေရာသို့လာခြင်းမှာ တောကောင်၊ သားကောင်၊ မြေကြွက်များကို လာရောက်ရှာဖွေခြင်းဖြစ်၏။ အခြား မတော်လောဘစိတ်နှင့် လာရောက်ခြင်းမဟုတ်ပါ။ ဤမှန်သော သစ္စာစကားကြောင့် ဤထိတ်လန့်တုန်လှုပ်ဖွယ်ရာများ ပျောက်ကင်းပါစေသား”

ဟု သစ္စာဆိုသည်။

မည်သို့ဆိုစေ တဝေါဝေါနှင့် မြည်ဟည်းနေသည့် တောခြောက်သံသည် ရုတ်ခြည်းပင် ပျောက်ကွယ်သွားလေ၏။

ထို့ကြောင့် ကုလားဘိုတီး ထိုင်ရာမှ ထသည်။ ပေါက်တူးကို ထမ်းသည်။ ကြွက်လမ်းကို ရှာဖွေ၍ ကြွက်ထောင်ချောက်ကြီးများကို ငါးကြော်နှင့် ချိတ်ပြီး တောစပ်၌ သွားချထားသည်။

သစ်ပင်ငုတ်ပေါ်၌ တင်မြှောက်ထားသော ထမင်းတစ်ဝက်နှင့် ငါးကြော်တစ်ကောင်မှာ တောက်တဲ့ကြီးစား၍ ကုန်သွား၏။ အရက်ကိုမူ တောက်တဲ့ကြီး သောက်မသွား၍ တော်သေး၏။

ထမင်းနှင့် ကျန်သော ငါးကြော်ကို ခွေးနီမအား ကျွေးလိုက်သည်။ ကျန်သော ပစ္စည်းပစ္စယများ သိမ်းဆည်းထားပြီး ကြွက်ရှာပုံတော် ဖွင့်လေတော့၏။

စင်စစ်တွင် “မုဆိုးတစ်ယောက်၊ တောခြောက်ဆယ်ခါ၊ မကြောက်ပါ”ဟု စာဆိုရှိ၏။

မုဆိုးတိုင်း တောခြောက်မခံရဘူးသူ မရှိပါ။ တောဆယ်ခါခြောက်ခံရလည်း ကြောက်စရာမလိုပါ ဟူသော မုဆိုးစကား။ သို့ရာတွင် သတိတော့ ထာဝရရှိဖို့ လိုသည်သာ။

“ဝုတ်… ဝုတ်… ဝုတ်”

ခွေးနီမ၏ စူးစူးရှရှ ထိုးဟောင်လိုက်သော အသံအားကြားရ၏။ ထို့ကြောင့် ကုလားဘိုတီးသည် ခွေးနီမပြေးလွှားသွားရာနေရာသို့ ပေါက်တူးထမ်း၍ လိုက်သွား၏။

မှန်သည်။ ခွေးနီမသည် နှာမှုတ်သံ တရှူးရှူးပေး၍ မြေကျင်းတစ်ခုကို အားပါးတရ ယက်နေ၏။ ထို့ကြောင့် ခွေးနီမ ယက်နေသောနေရာကို ပေါက်တူးနှင့်ပေါက်ရင်း မြောင်းဖော်ပေးလိုက်သည်။

မကြာပါချေ။ လက်တစ်ဝါးစာခန့် လုံးပတ်ရှိသော မြေတွင်းအောင်းကြွက်ကြီးက ဝေါခနဲ ပြေးအထွက် ခွေးနီမက ဆတ်ခနဲ အကိုက်မို့ မြေကြွက်ကြီးတစ်ကောင် ရလိုက်၏။ ငါးဆယ်သားခန့်ပင် ရှိမည်ထင်၏။

ဒီလိုနှင့်ပင် ကြွက်တွင်းတွေ့လိုက်၊ ခွေးနီမက ယက်၍ဟောင်လိုက်၊ ကုလားဘိုတီးကမြောင်းပေါက်ပေးလိုက်နှင့် မွန်းမလွဲခင် ကြွက် ရှစ်ကောင်ခန့် ရရှိပြီးဖြစ်သည်။

ထို့ပြင် တောစပ်၌ ပုံးနှင့် ထောင်ထားခဲ့သော ထောင်ချောက်တွင်လည်း အနည်းဆုံး သုံးလေးကောင်တော့ မိနေမည်ထင်သည်။ သွားကြည့်ရာ ထင်သည့်အတိုင်း အမှန်ပင် တစ်ပုံး၌ နှစ်ကောင်မိနေသည် ကို တွေ့ရ၏။

ထို့ကြောင့် ပုံးထဲက ကြွက်တွေ ရှင်းလင်းပြီး အသစ်ပြန်ထောင်ထားခဲ့သည်။ ရရှိသော ကြွက်များကို အရေဆုတ် ရင်ခွဲ၍ မီးမွှေးကာ ကြပ်တင်ထားလိုက်သည်။

လူလည်း အတော်လေးမောသွားသည်မို့ အသင့်ပါလာသော ထမင်းနှင့် ငါးကြော်ကို ကွင်းပိုင်မြှောက်ထားသော အရက်ကျန်နှင့် မြည်း၍ နံနက်စာကို သစ်ပင်အောက်၌ပင် စားသောက်လိုက်သည်။

ကုလားဘိုတီး မီးမွှေး၍ ကြွက်ကင်ထားသောအနံ့မှာ တဖြည်းဖြည်း စူးရှ၍ ညှော်လာသည်။

ကုလားဘိုတီး ကြွက်များကို ရင်ခွဲ၍ အပြားလိုက်တံစို့ထိုး ကင်ထားခြင်းပင်။ ဝမ်းတွင်းသားကိုမူ မိနီအား ကျွေးလိုက်သည်။

ဒီအတိုင်းဆိုလျှင် ယခု ခဏနား၍ နေစောင်းလျှင် တစ်ခါထပ်ပြီး လိုက်ပါက လေးငါးပိဿာလောက်တော့ ရနိုင်မည်ဟုတွေးရင်း ကုလားဘိုတီး ပျော်နေသည်။

အရက်ကလေးလည်း အနည်းငယ် သောက်ထားသည်မို့ လူကလည်း ခပ်ထွေထွေဖြစ်နေ၏။ ဒီတော့ သစ်ပင်အောက်၌ ပင်စည်ကိုမှီရင်း မျက်တောင်က စင်းလာသည်။

မအိပ်မိအောင် ခေါင်း၌ထိုးထားသော ကျားပျံမကောက် ဆေးလိပ်ကြီးကို ယူ၍ မီးညှိဖွာရှိုက်ရင်းကြွက်ကင်များကို စောင့်ကြည့်နေလေသည်။

“ဝုတ်… ဝုတ်… ဝုတ်”

သတိထားနေသည့်ကြားက မည်သို့မည်ပုံ အိပ်ပျော်သွားသည် မသိ။ ခွေးနီမ ထိုးဟောင်လိုက်သောအသံကြားမှ လန့်ပြီးနိုးသွား၏။

“ဟာ… နေတောင် စောင်းပါရောလား။ တောက်”

ကုလားဘိုတီးက ဒေါသဖြစ်သွား၏။

မအိပ်ပျော်အောင် မျက်လုံးပြူးထားသည့်ကြားက နှစ်နှစ်ခြိုက်ခြိုက်ကြီးပင် အိပ်ပျော်သွားသည်။ ယခုနေစောင်းမှပင် နိုးတော့၏။ ဒါတောင်မှ ခွေးနီမ၏ ဟောင်သံကြောင့် နိုးခြင်းပင်။ သို့မဟုတ်ပါက မိုးစုံးစုံးချုပ်မှသာ နိုးလျှင် အခက်ဟူ၍ တွေးမိကာမျက်မှန်ကို ဖယ်မ၍ မျက်လုံးကို ပွတ်လိုက်သည်။ ထို့နောက် မျက်မှန်ကို နေသားတကျ ပြန်တပ်လိုက်ရ၏။

“ဝုတ် ဟဲ … ဟဲ ဝုတ် ဝုတ်”

ခွေးနီမ ဒေါသတကြီးဖြစ်နေ၏။ ထို့ကြောင့် ခွေးနီမဟောင်နေသောနေရာသို့ စူးစူးစိုက်စိုက် ကြည့်လိုက်မိသည်။

“ဟာ… ငါ့ကြွက်ကင်တော့ သွားပါပြီ။ ဟ… ဘာကောင်ကြီးလဲဟ … သေပေတော့”

မီးဖိုက မီးတွေပင် ငြိမ်းသေစပြုပြီ။ တုတ်နှင့်ထိုး၍ ကင်ထားသော ကြွက်ကင်ကို တစ်စုံတစ်ခုသော သတ္တဝါတစ်ကောင်က အတင်း ကိုက်ချီနေ၏။

ခွေးကဟောင်၊ အသားကင်က ပူပူမို့ သတ္တဝါသည် မရဲတရဲဆွဲ၍လည်းကောင်း၊ ပြန်လွှတ်၍ ခွေးကို သူ့အမြီးနှင့် လှည့်ရိုက်လိုက်၊ အသားကင်ကို ပြေးဆွဲလိုက်နှင့် လုံးချာလိုက်နေသည်ကို တွေ့ရ၏။

“ဟာ… ထောတာပဲ၊ ဖွတ်ကြီးတစ်ကောင်ပဲ”

ပြောပြောဆိုဆိုနှင့် အနီးရှိ ပေါက်တူးရိုးကိုဆွဲပြီး ဖွတ်ကြီး၏ ဦးခေါင်းဆီကို ချိန်ရွယ်ပြီး ဆော်ပလော်တီးထည့်လိုက်၏။

ဖွတ်ကြီးမှာ ကုလားဘိုတီး မျက်စိအောက်၌ ငြိမ်သက်သွားလေတော့၏။

စင်စစ် သစ်ခေါင်းထဲတွင် ဝင်ခွေနေသော ဖွတ်ကြီးသည် ကုလားဘိုတီး၏ ကြွက်ကင်နံ့ကို ရသဖြင့် သစ်ခေါင်းထဲကထွက်ပြီး ကြွက်ကင်ကို လာဆွဲခြင်းဖြစ်သည်။

ဒီမှာတင် ခွေးနီမနှင့်တွေ့၍ လုံးလားထွေးလားဖြစ်နေကြစဉ် အိပ်ပျော်နေသောကုလားဘိုတီး နိုးသွား၏။

ထိုအခါ ကုလားဘိုတီး ကံကောင်းချင်တော့ ဖွတ်ကြီး တစ်ကောင်ကိုပါ အသေရလိုက်ခြင်းပင် ဖြစ်သည်။

မှန်သည်။ ယခုမှ ကုလားဘိုတီး စဉ်းစားမိသည်။

ဒီနေရာ၌ တောခြောက်ပင်ကြီး ရှိသည်ဟူသော အချက်ပင်။ ယင်းတောခြောက်ပင်ကြီးတို့သည် လူသူအရောက်အပေါက်နည်းရာ တောကြီးမျက်မည်း အတွင်း၌ ရှိတတ်၏။

မြေကြမ်း၊ တောကြမ်းသောနေရာ၌ သိုက်ကုန်း၊ ကျတ်ကုန်း၊ ကျတ်တီးကုန်းနေရာ ပတ်ဝန်းကျင်၌ နှစ်ရှည်လများ အသက်အလွန်ကြီးသော အပင်ကြီးမျိုးမှာ တောခြောက်ပင်များဖြစ် လာတတ်သည်ဟု ဆို၏။

တောခြောက်ပင် အများဆုံး ဖြစ်လာတတ်သော အပင်ကြီးများမှာ ညောင်ပင်၊ ကညင်ပင်၊ ကျွန်းပင်၊ လက်ပံပင်၊ ကုက္ကိုပင်၊ ဝါပိုးဝါးပင်များ၌ ဖြစ်လေ့ဖြစ်ထရှိကြ၏။

ထိုသစ်ပင်ကြီးများမှာ သူ့အလိုလိုခြောက်ပြီး မလဲမပြိုဘဲ ထီးထီးကြီး ဖြစ်နေတတ်၏။ ထိုအပင်များကို ညောင်ပင်များက ထပ်မံပေါက်ပြီး ရစ်ပတ်ဝါးမျိုထားကြသည်ကိုလည်း တွေ့ရှိရ၏။

ထိုအပင်များကို အကြောင်းကြောင်းကြောင့် ခုတ်လှဲသောအခါ၌ အပင်ပြတ်သွားသော်လည်း မလဲဘဲ မတ်မတ်ကြီးဖြစ်ပြီး တဝေါဝေါနှင့် အော်ဟစ်ပြီး လူတစ်ဦး နေထိုင်မကောင်း၍ ညည်းညူသံမျိုးဖြင့် ညည်းညူနေတတ်၏။

ထိုအခါ သစ်ပင်ခုတ်လှဲသူက ကျင်ငယ်ရေများနှင့် ပန်းပြီး ဆဲဆိုမှသာ ဝေါခနဲမြည်၍ လဲကျသွားတတ်၏။ ထိုအပင်မျိုးကို အော်လဲဟုခေါ်၏။ ထိုအပင်များကို လူတွေအသုံးပြုပါက ခိုက်တတ်သည်ဟု အဆိုရှိသည်။

ပြီးတော့ နတ်သတ်ပင်တဲ့။ သူ့အလိုလို နွမ်းခြောက်ပြီး သေနေသောအပင်ကို ဆိုသည်။ ထိုအပင်ကို နတ်သတ်သဖြင့် နတ်သတ်ပင် ဟုခေါ်သည်။

အချို့ ကျွန်းပင်ကြီးများဆိုလျှင် ခုတ်လှဲ၍ပြီးသွားသော်လည်း နေရာက ရွှေ့၍မရ၊ မ,၍မရ။ ဆင်တို့၊ ကျွဲတို့နှင့် ဆွဲသော်လည်း တုတ်တုတ် မလှုပ်သဖြင့် သစ်တောဝန်ထမ်းအချို့မှာ သစ်လုံးနေရာ အနှံ့အပြားကို ဓားနှင့်ခုတ်ထစ်ခြင်း၊ အမိန့်ပြန်ခြင်း၊ ကျင်ငယ်ရေနှင့် ပန်းခြင်းပြုလုပ်မှသာ နေရာရွှေ့၍ ရသည်ဟုသိရ၏။

ထူးခြားသည်မှာ တောခြောက်ပင်များပေါ်တွင် ငှက်သိုက်များကို တွေ့မြင်ရခဲ၏။ အကယ်၍ရှိခဲ့လျှင်လည်း ထိုငှက်သိုက်ထဲ၌ ငှက်ဥ အမြုတေ (အမတေ)များ ရရှိတတ်၏။

တောခြောက်ပင် ငှက်သိုက်မှ ရရှိသော ငှက်ဥအမြုတေမှာ မီးကွင်းသည်၊ ကျည်မထွက်ဟု အဆိုရှိ၏။

များသောအားဖြင့် ချိုးအမြုတေ၊ စွန်အမြုတေ၊ သိမ်းငှက်အမြုတေများအား တောခြောက်ပင်ရှိ ငှက်သိုက်များပေါ်မှ ရရှိတတ်လေသည်။

ယခုလည်း ဒီနေရာသို့ ကုလားဘိုတီး ရောက်ရောက်ချင်း တဝေါဝေါနှင့် မြည်သောအသံများကြားရခြင်း၊ ဖွတ်ထွက်လာသော သစ်ပင်ကြီးမှာ လေမတိုက်ဘဲ လှုပ်ယမ်းနေသည်ကိုယခုမှ သတိထား မိသည်။

မည်သို့ဆိုစေ ဒီနေရာ၌ ဆက်လက်နေထိုင်ရန် မသင့်တော့။ အချိန်ရှိနေတုန်း နေရာပြောင်းမှ ဖြစ်မည်ဟုတွေးကာ ကင်ထားသော ကြွက်ကင်များကို အသင့်ပါလာသော တောင်းထဲသို့ ယူထည့်သည်။ ထို့နောက် ဖွတ်အသေပါ တောင်းထဲထည့်ပြီး ပါလာသော ဝန်စည်စလယ်များကို သယ်ပိုးပြီး တောစပ်တစ်နေရာသို့ ရွှေ့ပြောင်းရန် ထွက်ခွာသွားလေသည်။

“အို… ငါးကြင်းတွေဆန်၊ ငါးတန်တွေ သောင်ခြေဆင်းပါလို့… ကိုတံငါလှေယာဉ်စီးပါလို့၊ ပိုက်ကြီးကို ရေ.. ချ… တာ…”

ကုလားဘိုတီးက သီချင်းကို သံဝါကြီးနှင့် အော်ဟစ်သီဆိုရင်း ငါးပိုက်ကိုထမ်း၍ ဝါးတစ်ရာမြစ်အတွင်းရှိ သူ့လှေကလေးရှိရာသို့ ဆင်းသွားပါလေတော့သည်။

ကုလားဘိုတီး၏ သံဝါကြီးနှင့် ဟစ်လိုက်သော သီချင်းသံမှာ ဝါးတစ်ရာမြစ်အတွင်းသို့ ပဲ့တင်ထပ်သွားလေတော့၏။

ဒီသီချင်းသံကိုကြားသည်နှင့် “ဟေ… ဘယ်သူတုံး” ဟု မေးစရာ မလိုချေ။ ကုလားဘိုတီးမှ ကုလားဘိုတီး၏အသံပင်ဖြစ်ကြောင်း ဝါးတစ်ရာ တစ်ရွာလုံး အသိပင်ဖြစ်လေသည်။

[မတ်လ၊ ၂ဝဝ၆ ခုနှစ် သိဒ္ဓိမိုးမဂ္ဂဇင်း]

– ပြီး –

စာရေးသူ – ပြည်ပန်းမိုး
စာစီစာရိုက် – မုဆိုးတံငါစာပေများ
မုဆိုး တံငါ စာပေများpageမှကူးယူဖော်ပြသည်