ငါးကင်လုစားသည့်သရဲမ

Posted on

ငါးကင်လုစားသည့်သရဲမ (ဖြစ်ရပ်မှန်)

———————————-

လှည်းတန်းလမ်းမကြီးသည် ညနေ နေစောင်းပြီးသည်နှင့် လမ်းတစ်လျှောက်စည်ကားလာလေသည်။ အမျိုးစုံသော လမ်းဘေးဈေးဆိုင်များ ကျက်စားရာ စားကျက်ကြီးတစ်ခုဖြစ်လာလေ၏။ ယိုးဒယားအကင်ဆိုင်များ၊ တုတ်ထိုးဆိုင်များ၊ အသင့်စားအစားအသောက်ရောင်းချသည့်ဆိုင်များက လှည်းတန်းမီးပွိုင့်ထိပ်မှစတင်ပြီး ဗဟိုလမ်းအထိ တန်းစီပြီးတည်ရှိနေသည်။ နီယွန်မီးရောင်စုံတွေဖြင့် ညဈေးတန်းက အလွန်စည်ကားလှသည်။

လှည်းတန်းညဈေးတန်းတွင် ခေတ်အစားဆုံး အစားအသောက်တစ်ခုကတော့ ငါးကင်ဖြစ်သည်။ ငါးကို ခဲပတ်ကင်သည်၊ ဒီအတိုင်းကင်သည်၊ ငါးပေါင်း စသည်ဖြင့် ငါးမျိုးစုံရှိလေသည်။ ငါးကင်ဆိုင်များမှာ တန်းစီပြီးတည်ရှိနေကြသလို ဆိုင်တိုင်းမှာလဲ အလွန်လက်မလည်အောင် ရောင်းချရလေသည်။ တစ်ချို့ဆိုင်များမှာ တစ်ညကို အကောင် ၃၀၀၊ ၅၀၀ အထိရောင်းချရကြသည်။

(ခ)

မင်းမင်းက ရန်ကုန်သားတော့မဟုတ်၊ ကျိုက်ထိုဇာတိဖြစ်သည်။ သို့သော် ရန်ကုန်တွင် ငါးကင်ဆိုင်လာဖွင့်ရာမှ အဆင်ပြေသဖြင့် ဆိုင်ဆက်ဖွင့်ဖြစ်သည်။ ယခုဆို ဆိုင်အခြေအနေမှာ တော်တော်ကောင်းလာရာ တစ်ညလျှင် ငါးအကောင် တစ်ရာ၊ နှစ်ရာခန့် အသာကလေး ကုန်လေသည်။ နယ်မှ ဆွေမျိုးများပါခေါ်ပြီး ရန်ကုန်တွင် ငါးကင်ဆိုင်ကိုတိုးချဲ့ဖွင့်ကြသည်။

မနက်အစောဆို ကြည့်မြင်တိုင် ငါးဈေးသွားပြီး ငါးတွေကို ဝယ်ယူရသည်။ ငါးကင် ကင်သည့်ငါးမှာ ငါးဝက်မ(ခေါ်) စလားဗီးယားငါးဖြစ်သည်။ ငါးကင်သမားများကတော့ မာလာငါးဟု ခေါ်ကြသည်။ ထိုငါးမှာ အသားများပြီး အသားလဲချိုသဖြင့် ငါးကင်၊ ငါးပေါင်းများကို ထိုငါးဖြင့်သာပြုလုပ်ကြသည်။

ထိုငါးများကို ဝယ်ယူလာပြီးလျှင် ရေဆေးကာ ဗိုက်ခွဲကြသည်။ ထို့နောက် ငါးကင်ကင်ရန်အတွက် ခုတ်ထစ်ကိုင်တွယ်ပြီးလျှင် နေ့တစ်ဝက်ကျိုးပြီဖြစ်သည်။ ပြီးလျှင် ငါးကင် ကင်ရန်အသင့်ဖျော်စပ်ထားသော အကင်ရည်ဖြင့် ငါးကိုနှပ်ထားရသည်။ ညနေပိုင်းတွင်တော့ ငါးကို မကျက်တကျက်ဖြစ်အောင်ကြိုတင်ပြီးကင်ထားရသည်။ ဆိုင်ဖွင့်ပြီး စားသုံးသူများလာဝယ်ပါမှ ထိုကြိုကင်ထားသည့်ငါးကို ပြန်ပြီးကင်ပေးလိုက်ရလေသည်။ ငါးကင်သည်မှာ အချိန်ကြာသဖြင့် ထိုကဲ့သို့ ကြိုတင်ကင်ထားတော့မှ အချိန်မီရောင်းနိုင်လေသည်။ ထိုသည်မှာ ငါးကင်သမားများ နေ့စဉ်ပြုလုပ်နေကြ လုပ်ငန်းပင်ဖြစ်သည်။

(ဂ)

မင်းမင်းတို့က လှည်းတန်းအောက်ဖက် မီးရထားလမ်းဘေး ရပ်ကွက်တစ်ခုတွင် ငှားနေကြသည်။ ငါးများကို ဝယ်ယူပြီး အိမ်တွင် ကိုင်တွယ်ရှင်းလင်းကြသည်။ မင်းမင်းကိုယ်တိုင်တော့ ငါးမကိုင်။ နယ်မှခေါ်လာသည့် ဆွေမျိုးများက ငါးကိုင်တွယ်နေသည့်အချိန်တွင် မင်းမင်းက ငါးကင်ကင်ရန်အတွက် အကင်ရည်ကို အချိုးအစားဖြင့် ဖော်စပ်ရသည်။ ထိုအကင်ရည်သည် ငါးကင်အတွက် အဓိက ကျသည့် အလုပ်ဖြစ်သည်။

ထိုအကင်ရည်စပ်နည်းကို မင်းမင်းက လွယ်လွယ်ရခဲ့တာတော့မဟုတ်၊ ရန်ကုန်ရှိ တရုတ်စားသောက်ဆိုင်တစ်ခုတွင် မီးဖိုချောင်အကူအဖြစ် အောက်ခြေသိမ်းဝင်လုပ်ရာမှ စားဖိုမှူးကြီးနှင့် ခင်မင်မှုရရှိပြီးမှ စားဖိုမှူးကြီးက နည်းလမ်းသင်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လဲ မင်းမင်းငါးကင်မှာ အခြားငါးကင်ဆိုင်များထက် အနံ့အရသာ ထူးခြားသဖြင့် စားသုံးသူများက ကြိုက်နှစ်သက်ကြပြီး ဖောက်သည်များလဲ အခိုင်အမာရရှိထားလေသည်။

ထို့နောက် ငါးများကို ထိုအရည်ထဲနှပ်ထားပြီးလျှင် မင်းမင်းအတွက် လက်စွမ်းပြချိန်ရောက်လာချေပြီ။ မင်းမင်းက ငါးများကို သူကိုယ်တိုင်ကင်လေသည်။ ငါးကင်မှာ လွယ်မယောင်နှင့် ပညာသားအလွန်ပါသည်။ ထို့ကြောင့် မင်းမင်းက ထိုအလုပ်ကို သူကိုယ်တိုင်လုပ်သည်။ သို့သော် ငါးကင်ကို ရပ်ကွက်ထဲတွင် ကင်မရ။ အလွန်ညှော်သောကြောင့် ပတ်ဝန်းကျင်က မကြိုက်ကြပေ။ ထို့ကြောင့် ငါးများကို မီးရထားလမ်းဘေး၊ လူနေအိမ်များနှင့်ဝေးသည့်နေရာတွင် မီးဖိုပြုလုပ်ကာ ထိုနေရာတွင် သွားကင်ရသည်။

မင်းမင်းကတော့ ရထားလမ်းဂုံးကျော်ကလေးတစ်ခု၏ အခြေနားတွင် မီးဖိုကလေးပြုလုပ်ထားသည်။ ထိုနေရာတွင် လူနေအိမ်များဝေးသဖြင့် ငါးကင်အညှော်နံ့အတွက် စိတ်ပူစရာမလိုတော့။ ထိုအနားတွင် သူတစ်ယောက်တည်းတော့မဟုတ်၊ အခြားငါးကင်သည့်သူများလဲ မီးရထားလမ်းတစ်လျှောက် ငါးလာကင်လေ့ရှိသည်။

(ဃ)

ဆောင်းတွင်းတစ်နေ့ဖြစ်သည်။ ဆောင်းရာသီဟုဆိုသော်လည်း ရန်ကုန်ဆောင်းက နေ့ဖက်တွင်အလွန်ပူပြင်းလေသည်။ မင်းမင်းလဲအိမ်မှ ထွက်ခဲ့ပြီး ငါးကင်သည့်နေရာကို ထွက်လာခဲ့သည်။ ထုံးစံအတိုင်း မင်းမင်းက ငါးကင်မည့်ကိရိယာများကို ယူပြီးထွက်ခဲ့သည်။ သူက ငါးကင်သည့်နေရာကို ကြိုသွားရပြီး မီးမွှေးထားရသည်။ မကြာခင်တွင် ငါးများကို သယ်နေကြ ရက်ကွက်ထဲမှ ဂါလီ(ဆိုက်ကားတစ်မျိုး) ဖင့်လာပို့လေသည်။ ထိုငါးများကို တစ်ညနေလုံးကင်ပြီး ညနေ ခြောက်နာရီ ဆိုင်ဖွင့်ချိန်အမီကင်ရသည်။

မင်းမင်းလဲ သူငါးကင်သည့် မီးဖိုအရောက် ထင်းများဖြင့် မီးမွှေးလိုက်သည်။ မီးသွေးခဲလေးများ ထည့်ပြီးသည့်အခါတွင်တော့ မီးဖိုက အသင့်ဖြစ်နေပြီဖြစ်သည်။ ထိုနေရာတွင် ငါးကင်နေသည်မှာ နှစ်နှင့်ချီပြီးကြာနေပြီမို့ မင်းမင်းက မီးဖိုများ အခြားကိရိယာများကို ထိုနေရာတွင်သာ ထားခဲ့လေ့ရှိသည်။

မကြာမီ ဂါလီသမား ကိုစိုး ရောက်လာလေသည်။ ငါးများကိုလဲ ပလတ်စတစ်ခြင်းများဖြင့် သယ်ဆောင်လာခဲ့သည်။

”မင်းမင်းရေ၊ နောက်တစ်ခေါက်ထပ်လာဦးမယ်ကွ၊ ဒီနေ့ငါးများတယ်”

”ဟုတ်တယ်၊ ကိုစိုးရေ။ ဒီနေ့က လဆန်းရက်ဆိုတော့ ငါးကိုများများလုပ်ထားရတယ်။”

”အေးပေါ့ကွာ၊ လစာထုတ်ပြီးတဲ့ ဝန်ထမ်းတွေက လဆန်းရက်ဆို ငွေရွှင်တယ်မဟုတ်လား။”

ထိုသို့ပြောပြီး ငါးများကို ကိုစိုးက ချခဲ့ပြီး ပြန်သွားလေသည်။ မင်းမင်းအလုပ်စပြီ။

ငါးများက အိမ်ကတည်းက အသင့်ပြင်ထားခဲ့သည်မို့ ကင်ရုံအဆင်သင့်ဖြစ်နေပြီ။ မင်းမင်းက ထုံးစံအတိုင်း သီချင်းကလေး တစ်ငြီးငြီးနှင့် ငါးများကို ကင်နေလေသည်။ မြို့ပတ်ရထားကြီးက တစ်စီးပြီး တစ်စီး မင်းမင်းအနားမှ ဖြတ်သန်းသွားကြသည်။ အချိန်တွေက ကုန်မှန်းမသိကုန်ခဲ့သည်။

ဆောင်းတွင်းက နေ့တာတိုလှသည်။ ညနေ ၅ နာရီကျော်သည်နှင့် မှောင်စပြုလာပြီဖြစ်သည်။ သို့သော် နေအလင်းရောင်ကတော့ မကုန်သေး။

ကင်ပြီးသားငါးများကို အအေးခံပြီး ပလတ်စတစ်ခြင်းတွေထဲ ပြန်ထည့်ထားလိုက်သည်။ နောက်ထပ် ငါးအကောင် နှစ်ဆယ်လောက် ကင်ပြီးရင်တော့ မင်းမင်းအလုပ်ပြီးပြီဖြစ်သည်။

ထိုစဉ် မင်းမင်းအနောက်မှ အသံကြားလိုက်ရသည်။ အသံကတော့ ငါးကင်ထားသည့် ခဲပတ်များကို လာရောက်မွှေနေသဖြင့် တဂျွတ်ဂျွတ်မြည်နေသည့် အသံဖြစ်သည်။ မင်းမင်းလဲ လှည့်ကြည့်လိုက်သည်။

”အောင်မယ်လေး”

မင်းမင်းလန့်သွားသည်။ သူမြင်လိုက်ရသည်ကတော့ ကုလားမတစ်ယောက်ဖြစ်သည်။ ပိန်ပိန်ပါးပါးနှင့်ဖြစ်သည်။ ငါးကင်များကို လာရောက်မွှေနှောက်နေလေသည်။

”ခင်ဗျား ဘာလုပ်တာလဲဗျ”

”ဟဲ့ငါ့ကို ငါးကင်နည်းနည်းကျွေးစမ်းပါ”

”အောင်မယ်၊ ပိုက်ဆံပါလို့လားဗျ”

”ပိုက်ဆံတော့မပါဘူး”

မင်းမင်းက မျက်မှောင်ကြုတ်လိုက်ပြီး ထိုအမျိုးသမီးကိုကြည့်လိုက်သည်။ အဝတ်အစားခပ်နွမ်းနွမ်းနှင့်ဖြစ်သည်။ အသားကမည်းပြီး အသားအရေက ခြောက်ကပ်နေသည်။ လက်တွေမှာလဲ အလွန်ပိန်လှီနေသည်။ ဆာရီတစ်ထည်ကို ဝတ်ဆင်ထားပြီး ထိုဆာရီမှာ စုတ်ပြဲနေလေသည်။ မင်းမင်းလဲ ဆင်းရဲသားတစ်ဦး သို့မဟုတ် ခြေသလုံးအိမ်တိုင်တစ်ဦးဟု ကောက်ချက်ချလိုက်သည်။

”ပိုက်ဆံမပါရင်တော့ သွားဗျာ၊ ကျုပ်လဲ အလှူလုပ်နေတာမဟုတ်ဘူး၊ ဒါတွေကရောင်းဖို့”

ထိုအခါ ထိုသူက မင်းမင်းက မျက်ထောင့်နီကြီးဖြင့် ကြည့်လိုက်သည်။

”နင်ငါ့ကို ကျွေးမလား မကျွေးဘူးလား”

”ပိုက်ဆံပေးလေ၊ ပိုက်ဆံပေးရင် ကျွေးမယ်”

”တောက်”

ထိုအခါ ထိုအမျိုးသမီးသည် တောက်တစ်ချက်ခေါက်ကာ မီးရထား ဂုံးကျော်တံတားအောက်သို့ ဝင်ရောက်သွားတော့သည်။ မင်းမင်းဘဲ သက်ပြင်းတစ်ချက်ချလိုက်ကာ လုပ်စရာရှိတာ ဆက်လုပ်နေလိုက်သည်။

(င)

သိပ်မကြာလိုက်၊ မင်းမင်းက ငါးအစိမ်းများကိုယူပြီး မီးဖိုပေါ်တင်လိုက်သည်။ ထိုအခါ ထိုငါးများမှာ မီးဖိုပေါ်ရောက်သည်နှင့် တဖြတ်ဖြတ်ထခုန်နေလေသည်။ မင်းမင်းလဲထူးဆန်းသွားသည်။ ဗိုက်ခွဲပြီး အကင်ရည်များဖြင့် နှပ်ထားသည့် ငါးများမှာ ရှင်နိုင်စရာ အကြောင်းမရှိ။ သို့သော် ငါးကြီးတွေက ခုန်နေရုံသာမက မျက်လုံးများက ဟိုကြည့်သည်ကြည့် ကြည့်နေကြသလို ပါးစပ်များကလဲ ဟစိဟစိဖြင့် အသက်ရှုနေကြလေသည်။

မင်းမင်းလဲ အလွန်ထိတ်လန့်သွားသည်။ ထို့ကြောင့် သူကင်နေသည့်ငါးများကို ထားပစ်ပြီး လှည့်ပြေးရန် စဉ်းစားလိုက်သည်။ သို့သော် သူမပြေးခဲ့။

”ငွေတွေ၊ ငါပြေးရင် ဒီငါးတွေကို သူများတွေယူသွားမှာပေါ့။ ငါ့ငါးတွေ၊ ငါ့ငွေတွေ။”

မင်းမင်းက ထိုသို့ရေရွတ်လိုက်ပြီးနောက် ကင်ပြီးသား အအေးခံထားသည့် ငါးများကို ယူရန်ဆုံးဖြတ်လိုက်သည်။ မင်းမင်းက ငါးတစ်ကောင် ကောက်ကိုင်လိုက်သည်။ ထိုအချိန်ပင် ကင်ပြီးသားငါးမှာ တဖြတ်ဖြတ်လူးပြီး မင်းမင်းလက်ထဲတွင် ရုန်းကန်နေရာ မင်းမင်းလဲ ကြောက်လန့်ပြီးလွှတ်ချလိုက်တော့သည်။

ထိုငါးက မြေပြင်တွင် ခုန်ပေါက်နေလေသည်။ မင်းမင်းလဲ အခြားကင်ပြီးသားငါးများကို ပလတ်စတစ်ခြင်းများနှင့်ထည့်ထားသည်မို့ ပလတ်စတစ်ခြင်းများကိုယူပြီး ပြေးတော့သည်။ ပလတ်စတစ်ခြင်းထဲမှ ငါးများမှာလဲ အကုန်လူးလွန့်နေပြန်သည်။ မင်းမင်းက ပြေးပြီး ကားလမ်းမဘေးတစ်နေရာတွင် ချထားလိုက်သည်။ ထို့နောက် နောက်ထပ်ခြင်းတစ်ခြင်းကို ပြေးယူပြန်သည်။

”ဘုရား”

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကြောက်လန့်သွားသည်။ မြင်ကွင်းမှာတော့ လူမည်းမည်းကြီးများက သူ့ငါးကင်များကို မွှေနှောက်လှန်လှောနေကြသည်။ အချို့က ငါးများကို ပါးစပ်အတွင်းသို့ အကောင်လိုက် ထိုးထည့်နေကြသည်။ နေ့အလင်းရောင်မှာ မကွယ်ပျောက်သေးသဖြင့် ထိုလူမည်းကြီးများကို သေချာမြင်နေရသည်။

မင်းမင်းက ကြောက်စိတ်ထက် ဒေါသစိတ်ထွက်လာလေသည်။ ထိုသရဲကြီးများမှာ သူ့ငါးတွေကို လုပ်ချင်သလို လုပ်ပစ်နေကြသောကြောင့်ဖြစ်သည်။

”တောက်၊ ငါ့ငါးတွေကို လုပ်တဲ့ကောင်တွေ တွေ့ကြသေးတာပေါ့”

မင်းမင်းလဲ စိတ်ရူးပေါက်ပြီး ဘေးဘီသို့ ဝေ့ကြည့်လိုက်ရာ နှစ်တောင်ခန့် ဝါးလုံးတစ်ချောင်းကျနေသည်ကို တွေ့လိုက်ရသည်။ ထိုဝါးလုံးကို ကောက်ပြီး ငါးကင်သည့်နေရာသို့ ပြေးသွားလိုက်သည်။

အရင်ဆုံးတွေ့ရသည့် သူ့ကိုကျောပေးနေသည့် လူမည်းကြီးတစ်ကောင်၏ခေါင်းကို ပြေးပြီး အားဖြင့် ရိုက်ထည့်လိုက်သည်။

”ဘုတ် . . . .”

ရိုက်လိုက်သော်လည်း လူကိုရိုက်ရခြင်းမျိုးမဟုတ်ဘဲ ဖျာလိပ်ကြီးတစ်လိပ်ကို ရိုက်ရလိုဖြစ်နေသည်။ ထိုအရိပ်မည်းကြီးမှာ ဟန်ချက်ပျက်ပြီး လဲကျသွားလေသည်။

မင်းမင်းလဲ ကျန်သည့်အရိပ်ကြီးများကို လိုက်ရိုက်သလို ငါးကင်သည့် မီးဖိုကြီးကိုလဲ ခြေဖြင့်ကန်ထည့်လိုက်သည်။ မီးဖိုအတွင်းမှ မီးခဲများက ပြန့်ကျဲသွားသည်။ ထိုအရိပ်မည်းကြီးများက ငါးယောက်ခန့်ရှိပြီး မင်းမင်းကို ကြည့်လိုက်ကြသည်။ ထိုတော့မှ မင်းမင်းလဲ ကြောက်စိတ်ဝင်လာတော့သည်။

ထိုအရိပ်မည်းကြီးများမှာ မျက်နှာတွေပါပြီး လူမျက်နှာတွေဖြစ်သည်။ ငါးယောက်စလုံးက မင်းမင်းဆီသို့ လေးလံသော ခြေလှမ်းကြီးများဖြင့် လှမ်းလာကြလေသည်။ မင်းမင်းလဲ ဘာလုပ်ရမလဲမသိတော့ လက်ထဲက ဝါးလုံးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေသည်။

”ဟဲ့ ဘာလုပ်နေတာလဲ”

မင်းမင်းအရှေ့မြေကြီးထဲမှ မျက်နှာတစ်ခုက ပေါ်ထွက်လာလေသည်။ သူခုနက မြင်တွေ့လိုက်သည့် ကုလားမလေးဖြစ်သည်။ ကုလားမလေးက တဖြေးဖြေးနှင့် မြေကြီးထဲမှ ပေါ်ထွက်လာကာ သူ့ရှေ့တွင် ရပ်လိုက်သည်။

”နင့်ကိုငါခုနက တောင်းစားတာ နင်ကျွေးမှ မကျွေးတာ”

မင်းမင်းလဲ ဘာပြန်ပြောရမှန်းမသိတော့။ အရိပ်မည်းကြီးတွေက နီးကပ်လာချေပြီ။

”ဘာလုပ်နေတာလဲ ပြေးလေ . . . ပြေးတော့ . . . မပြေးရင် နင့်ကိုငါတို့စားပစ်မယ်”

မင်းမင်းလဲ ဒူးတွေတုန်လာသည်။ လက်တွေလဲ တုန်ယင်လာပြီး လက်ဖျားတွေလဲ အေးစက်လာလေသည်။ ထို့နောက် လက်ထဲမှ ဝါးလုံးကိုပစ်ချလိုက်ပြီးနောက် မီးရထားလမ်းတစ်လျှောက် တစ်ဟုန်ထိုး ပြေးထွက်လာခဲ့တော့သည်။

”ပြေးထား . . . ပြေးထား . . . ဟား . . .ဟား”
အနောက်မှ အသံနက်ကြီးများကို နားထဲတွင် ကြားနေရသေးသည်။

(စ)

မင်းမင်းအိမ်နှင့် ငါးကင်သည့်နေရာမှာ တော်တော်လှမ်းလေသည်။ မင်းမင်းလဲ ပြေးလိုက်သည်မှာ အိမ်ပြန်ရောက်သည့်အထိပြင်ဖြစ်သည်။ အိမ်ရောက်တော့ မင်းမင်းစကားမေးမရ၊ အိမ်ထဲဝင်လိုက်သည်နှင့် မေ့လဲသွားလေသည်။ အိမ်မှလူများလဲ ထူးဆန်းသဖြင့် မင်းမင်းငါးကင်ရင်း တစ်ခုခုဖြစ်ခဲ့သည်ဟုထင်ပြီး လူစုကာ ငါးကင်သည့်နေရာသို့ လိုက်သွားကြသည်။ ထိုနေရာတွင်ပြန့်ကျဲနေသည့် မီးဖိုနှင့် ငါးခေါင်းများကိုသာတွေ့လိုက်ရသည်။

မင်းမင်းမှာ ဖျားပြီး ဂယောင်ဂတမ်းတွေဖြစ်နေသည်။ မင်းမင်းမှာ ထိုမာလာငါးများကို မြင်လျှင် ကလေးတစ်ယောက်ကဲ့သို့ ကြောက်လန့်နေလေသည်။ ငါးအသေကောင်များကို လက်ညှိုးထိုးရင်း ငါးတွေ တဖြတ်ဖြတ်နဲ့ ခုန်ပေါက်နေတယ်လို့ အော်လေ့ရှိသည်။ အိမ်သားများက ကြည့်သော်လည်း ငါးသေတွေမှာ တုတ်တုတ်မျှပင်မလှုပ်ချေ။

ငါးရက်ခန့်ကြာမှ သက်သာလေသည်။ သက်သာတော့မှ အိမ်သားတွေ ထိုအကြောင်းအသေးစိတ်ကို သိရတော့သည်။ မင်းမင်းနေမကောင်းသဖြင့် ဆိုင်ကိုလဲ ပိတ်ထားရလေသည်။

မင်းမင်းနေပြန်ကောင်းသွားတော့ ဆိုင်ပြန်မဖွင့်တော့၊ ကျိုက်ထိုဘက်သို့ ပြန်သွားလေသည်။ သို့သော် သူ့ဆွေမျိုးများကတော့ မင်းမင်းထံတွင် ငါးကင်နည်းတောင်းပြီး ဆိုင်ဆက်ဖွင့်ကြသည်။ မင်းမင်းကင်သည့်နေရာတွင်တော့ ငါးဆက်ကင်ဖြစ်မည်မဟုတ်ပါ။

မင်းမင်းကတော့ ထိုအဖြစ်အပျက်များဖြစ်ပြီး တစ်နှစ်ခန့်အကြာတွင်တော့ ထိုင်းကိုထွက်သွားပြီး အလုပ်သွားလုပ်သည်ဟု သိရသည်။ သို့သော် မင်းမင်းမှာ ထိုအချိန်မှစပြီး ငါးမစားတော့။ အထူးသဖြင့် မာလာငါးများမြင်လျှင် ကြောက်လန့်နေသေးသည်ဟု ဆိုကြလေသည်။

ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်
#လမိုက်ည#သရဲ #horror