နှောင်ကြိုး(စ/ဆုံး)
————-
ဂျိန်း ဒလိန်း လိန်း
မိုးခြိမ်းသံတွေကြားမှာ စံအိမ်ကြီးက လျှပ်စီးအရောင်တွေနဲ့ ပိုပြီး သွေးပျက်စရာကောင်းနေခဲ့ပါတယ်။
လူမနေတဲ့စံအိမ်အပျက်ကြီးနားကို ဘယ်သူမှ ယောင်လို့တောင် လမ်းမှားရောက်မလာကြပါဘူး ။ခွေးလေးတစ်ကောင်တောင်မှပေါ့။
ဒါပေမယ့် စိုက်စိုက်မတ်မတ် ရောက်လာခဲ့တဲ့သူက အသားရည် ဖြူဖျော့ဖျော့ အသက် ၁၈ နှစ်အရွယ် ကောင်မလေးတစ်ယောက် မြကြေးမုံ။
အိမ်ကြီးနဲ့ပတ်သတ်ပြီး သူမအာရုံထဲမှာ ကလေးလေးတစ်ယောက်ကို မြင်မြင်နေတာ ကြာခဲ့ပြီ။ ယောကျာ်းလေးတစ်ယောက် ၁၂ နှစ်လောက်ပဲရှိဦးမယ်။ တစ်ကိုယ်လုံးလဲ သွေးတွေပေကျံလို့။ အကူအညီတောင်းခံနေတဲ့ မျက်နှာလေးနဲ့ သူမဆီ လာလာနေတာ ၁၄ရက်လောက်ရှိလာပြီ။ သူမ မနေသာတော့ဘူး။ ကလေးညွှန်ပြနေရာဆီလိုက်လာတော့ အဆုံးသတ်က စံအိမ်အိုကြီး။
မြကြေးမုံဆိုတာ ကြည့်ရင်တော့ သူလိုကိုယ်လို မိန်းကလေးတစ်ယောက်ပါပဲ။ ဘာမှတော့ မထူးဆန်းဘူး။ ထူးခြားတာက သူ့ရဲ့ စိတ်စွမ်းအင်။ မြကြေးမုံက ငယ်ငယ်လေးထဲက ထူးထူးဆန်းဆန်းတွေမြင်တတ်တယ်။ ၇နှစ်သမီးအရွယ်ထဲက မိဘတွေ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားကြတော့ အဘိုးနဲ့ပဲ နေရရှာတယ်။
မြကြေးမုံတို့အိမ်က စံအိမ်ပျက်ကြီးရှိတဲ့နေရာနဲ့ ၂လမ်းလောက်ပဲ ခြားတယ်။ အရင်တုန်းကတော့ အဲ့စံအိမ်ကြီးရှေ့မှာ လမ်းလေးရှိသေးတယ်။ ခုတော့ ရှေ့က ဘယ်သူမှမဖြတ်ဝံ့ကြတော့ လမ်းကလဲ ခြုံတွေနဲ့ ပိတ်သွားပြီ။
“သမီး မြကြေး ဘယ်သွားမလို့လဲ။”
“လမ်းလျှောက်ထွက်မလို့ပါ အဘိုး နောက်မကျဘူးနော် စောစောပြန်လာခဲ့မယ်”
“အေးပါ မြေးရယ် စံအိမ်ကြီးဘက်ကိုတော့ မရောက်စေနဲ့နော်”
“စိတ်ချပါ အဘိုးရဲ့ သမီးသိပါတယ်”
မြကြေးတစ်ယောက်တော့ ဒီတစ်ခါ စကားနားမထောင်တာ ခွင့်လွှတ်ပါ အဘိုးရယ် မြကြေး ဘေးမသိီ ရန်မခ ပြန်လာမှာပါ။
စိတ်ညွှတ်လိုက်တော့ ကလေးလေးပေါ်လာပြန်တယ်။ လက်လေးထိုးလို့ သူ့နောက်ကိုလိုက်ခဲ့ပါဆိုတဲ့ သင်္ကေတနဲ့။ မြကြေးမုံတော့ စံအိမ်ကြီးဆီရောက်ခဲ့ပါပြီ။
စံအိမ်ကြီးအကြောင်းကို ပြောပြချင်ပါသေးတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စံအိမ်ကြီးဟာ လူတွေ ၁၅ ယောက်လောက်နဲ့ သိုက်သိုက်ဝန်းဝန်း ပျော်စရာကောင်းတဲ့အိမ်ကြီးပေါ့။ အဲ့ဒီ့အိမ်ကြီးဆီကို အပြင်လူတစ်ယောက် ရောက်လာတယ်။ ဒေါ်သက်ထားတဲ့။ စံအိမ်ပိုင်ရှင် ဦးနေလင်းက ဆန်စက်နဲ့ တခြားပွဲရုံတွေပိုင်တယ်။ သားလေးနဲ့ သမီးလေးတစ်ယောက်ရှိတယ် သားလေးက သက်ပိုင်မင်း သမီးလေးက ပိုးကြာဖြူတဲ့။ ဦးနေလင်းမှာက အမျိုးသမီးမရှိတော့ဘူး သက်ပိုင်မင်းကိုမွေးပြီး မကြာဘူး ဆုံးသွားတာ။ သားအဖ သုံးယောက်နဲ့ ဆွေမျိုးမခြားနေကြတဲ့ ကြီးဒေါ်တစ်ယောက်ရှိတယ် သူကတော့ အိမ်ထိန်းပေါ့။ တခြားအလုပ်သမားတွေနဲ့ဆိုတော့ အိမ်ကြီးက စည်ကားနေတာ။ တစ်နေ့ ဦးနေလင်းက အမျိုးသမီးတစ်ယောက်ကို ခေါ်လာတယ် သူ နောက်အိမ်ထောင်ပြုမယ့် အမျိုးသမီး ဒေါ်သက်ထား။
ဒေါ်သက်ထားက စစချင်းတော့ ကောင်းပြတာပေါ့ သားသမီးတွေအပေါ်ရော တခြားလူတွအပေါ်ရော။ ကြာလာတော့ သရုပ်မှန်က ပေါ်လာတယ်။ သူက ဦးနေလင်းရဲ့ စည်းစိမ်တွေကို လိုချင်လို့ ရောက်လာတာဆိုတော့ ကြံဖန်ပြီပေါ့။
ပစ္စည်းတချို့ကို အရင်ဆုံးသူ့နာမည်နဲ့ထားဖို့ အချိုသတ်ပြီး တောင်းဆိုတယ်။ ဦးနေလင်းက ပထမတော့ အနည်းအကျဥ်းဆိုတော့ လုပ်ပေးလိုက်ပါတယ်။ နောက်ပိုင်းကျတော့ ဦးနေလင်း ရိပ်မိလာပြီ။ ဘီလူးမအစွယ် ထွက်လာပြီကိုး။
စကားတွေ ခဏခဏ များကြတယ်။ ရန်ဖြစ်လိုက် ပစ္စည်းတွေပေါက်ခွဲလိုက်နဲ့ ကလေးနှစ်ယောက်လဲ တော်တော်စိတ်ဆင်းရဲတာပေါ့။ နဂိုထဲက မိထွေးကို ရွံကြောက်ကြီးနဲ့နေလာကြတာ။ တစ်ညတော့ ဦးနေလင်း ပွဲရုံကအပြန်ကားမှောက်ပြီး ပွဲချင်းပြီးဆုံးသွားတယ်။ ကလေးနှစ်ယောက်ခမျာ မျက်ရည်လည်ရွဲနဲ့ ကျန်ခဲ့ရှာတယ်။ ဦးနေလင်းက သူမဆုံးခင်မှာ သေတမ်းစာချန်သွားတယ်။
သက်ပိုင်မင်းနာမည်နဲ့ စီးပွားရေးတွေအကုန်လွှဲခဲ့တယ်။ ပိုးကြာဖြူ နာမည်နဲ့ အိမ်ကြီးနဲ့ အတွင်းပစ္စည်းတွေအကုန်ပေးခဲ့တယ်။ ဒေါ်သက်ထားအတွက်တော့ ဘာမှမပေးခဲ့ဘူး အရင်က နာမည်ပြောင်းပြီးပေးထားတဲ့ပစ္စည်းတချို့ပဲ လက်ထဲရှိတယ်။ ဒေါ်သက်ထားပေါက်ကွဲပြီလေ။
ဒီလိိုနဲ့ သက်ပိုင်မင်း ၁၂ ပြည့်မွေးနေ့လုပ်မယ့်ရက်ကို ရောက်လာတယ်။ ဧည့်သည်တွေဖိတ်ထားတဲ့ချိန်မရောက်ခင် ဒေါ်သက်ထားနဲ့ ပိုးကြာဖြူ စကားများကြတယ်။ ဖြစ်တာတော့ ဘာမဟုတ်တဲ့ ကိတ်မုန့်ကိစ္စကနေ ဒေါ်သက်ထားဦးတည်ရာ အမွေကိစ္စ ရောက်လာတယ်။
“ဟဲ့ နင်တို့ မောင်နှမနှစ်ယောက်ပဲ အကုန်လုံးကို မောင်ပိုင်စီးထားကြတာလေ ငါ့မှာ ဘာရှိတော့လို့လဲ”
“ဪ အန်တီရယ် မောင်လေးမွေးနေ့တော့ အေးအေးဆေးဆေးနေပါရစေ ဖေဖေလဲ အန်တီ့ကိုပေးသင့်သလောက် ပေးခဲ့တာပဲ မဟုတ်ဘူးလား”
“နင့်အဖေက ငါ့ကို နင်တို့ မုန့်ဖိုးလောက်တောင်မရှိတဲ့ဟာလောက် ပေးခဲ့တာလေ ငါက ကျေနပ်စရာလား”
“အဲ့ဒါတော့ သမီးလဲ မသိဘူး အန်တီ ပြောစရာဘာမှမရှိတော့ဘူး ဧည့်သည်တွေ ရောက်နေပြီ ဒီကိစ္စ နောက်မှ ဆက်ပြောကြတာပေါ့”
ပိုးကြာဖြူက စကားကိုအပြတ်ဖြတ်ပြီး အောက်ထပ်ကိုဆင်းလာခဲ့တယ်။ သက်ပိုင်မင်းက လှေကားကွယ်ကနေ အကုန်နားထောင်နေတာ။ပြီးတော့ သူလဲ အောက်ထပ်ဆင်းလာတယ်။ ပိုးကြာဖြူက မောင်လေးကို မွေးနေ့လက်ဆောင် piano လေးဝယ်ပေးတယ်။ အဲ့ piano လေးကို သက်ပိုင်မင်း အရမ်းစွဲလမ်းခဲ့တာ။
တစ်ရက်တော့ ဒေါ်သက်ထားက အောက်ထပ်ကိုပြေးဆင်းလာတယ်။ ဦးနေလင်းကို ဖျတ်ခနဲတွေ့လိုက်တယ်ပေါ့။ လူလဲ ကြောင်တောင်တောင်နဲ့။ အဲ့နောက်ပိုင်း ဒေါ်သက်ထား အခြေနေတွေ ပိုဆိုးလာခဲ့တယ်။ မျက်တွင်းဟောက်ပက်နဲ့ မြင်ချင်ရာ မြင်တဲ့ အနေအထားထိ ရောက်လာတယ်။
ဦးနေလင်း အမှန်တကယ်လဲ မကျွတ်လွတ်ဘူး။ သားနဲ့သမီးကို စိတ်မချလို့။ တခြားအိမ်သားတွေလဲ အိမ်ထဲမှာပဲဖြစ်ဖြစ် ခြံပြင်မှာပဲဖြစ်ဖြစ် ရိပ်ခနဲတွေ့လိုက်တာမျိုး ကိုယ်နံ့ရတာမျိုးတွေ ဆက်တိုက်ဆိုသလိုဖြစ်လာတယ်။ အတူနေတဲ့ ကြီးဒေါ်ကြီးကတော့ အိမ်ကိုဘုန်းကြီးပင့်ပြီး တရားနာဖို့ စီစဥ်တယ်။ တရားနာမယ့်နေ့မှာပဲ ဒေါ်သက်ထား တစ်ယောက် အိမ်ကြီးပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့တယ်။
အဖြစ်အပျက်တွေက ဆက်တိုက်ဆိုသလိုဖြစ်လာတော့ ကလးတွေလဲ မနေရဲတော့ဘူး။ ဒေါ်သက်ထားကလဲ မကျွတ်တော့ သူက အခြောက်အလှန့်ပိုကြမ်းတယ်။ ဆံပင်အရှည်ကြီးနဲ့ ကျောပေးထိုင်နေတာမျိုး၊ အပုပ်နံ့ပေးတာမျိုးတွေ၊ တံခါးတွေ လိုက်ခေါက်ပြီး ခြေသံကြမ်းကြမ်းပေးတာမျိုးတွေ။
“မောင်လေး မမ အပြင်ခဏသွားဦးမယ်။ ကြီးကြီးရှိတယ် မောင်လေးနားမှာ သူနေပေးလိမ့်မယ်နော် မမ အလုပ်ကိစ္စ ပြီးတာနဲ့ ချက်ချင်းပြန်လာမယ်။ မောင်လေး piano လေးတီးနေလေ နော်”
“ဟုတ်ကဲ့ မမ မြန်မြန်ပြန်လာနော် သားကြောက်တယ်”
“အင်းပါ မောင်လေးရယ် မမ အိမ်ပြောင်းဖို့လဲ စီစဥ်နေပါတယ် တို့မောင်နှမတွေ အိမ်သစ်ကြီးကို ပြောင်းနေကြမယ်နော်”
” ဟုတ် သားစောင့်နေမှာနော်”
ပိုးကြာဖြူက အဖေ့အလုပ်တွေ ဆက်လုပ်ပေးနေရတယ်။ မောင်လေးအရွယ်မရောက်သေးခင်ထိ သူ့မှာ တာဝန်ရှိတယ်ဆိုပြီး အကုန်လုပ်ပေးရှာတယ်။ မောင်လေးကိုလဲ သိပ်ချစ်တယ်။
သက်ပိုင်မင်း ပီယာနိုတီးနေတုန်း အပေါ်ထပ်ကနေ လှေခါးတလျှောက် ပြေးဆင်းလာတဲ့ခြေသံကြားရတယ်။ သူ နည်းနည်းတော့ လန့်သွားတယ်။ ကြီးကြီးက မီးဖိုထဲမှာ ချက်ပြုတ်နေတာကိုး။ တဖြေးဖြေးအသံက သူ့အနား ရောက်လာတယ်။ ပြီးတော့ သက်ပိုင်မင်းထိုင်နေတဲ့ ပီယာနိုရှိတဲ့ အပေါ်မှာ မီးဆိုင်းကြီး အကြီးကြီးတစ်ခုရှိတယ်။ အဲ့မီးဆိုင်းကြီးက ဘာမှလဲ မဖြစ်ပါဘဲ သူ့အလိုလို သက်ပိုင်မင်းပေါ်ကို ပြုတ်ကျသွားခဲ့တယ်။ သက်ပိုင်မင်းရဲ့ ဗိုက်တွေ ရင်ဘတ်တွေပေါ်ကို အကုန်စိုက်ဝင်သွားခဲ့တယ်။
“အမယ်လေး”
“သားလေး လူလေးရယ် လာကြပါဦး”
ပိုးကြာဖြူလဲ အသက်မရှိတော့တဲ့ မောင်လေးအလောင်းကို ဖက်ငိုလိုက်တာ။ ရက်လည်ပြီးတာနဲ့ အိမ်ကြီးကို အပြီးအပိုင်ပိတ်ပလိုက်တယ်။ သူလဲ နိုင်ငံခြားကိုအပြီးထွက်သွားခဲ့တယ်။ ဒါပေမယ့်မပြီးတာက စံအိမ်ကြီးမှာ ကျန်ခဲ့တဲ့ မကျွတ်မလွတ်တွေ။
စံအိမ်ကြီးကို ခိုးဝင်တဲ့ သူခိုးတွေရှိတယ်။ နောက်ရက် ကြောင်တောင်တောင်ဖြစ်သွားပြီး သတ်သေကုန်ကြတယ်။ အဲ့လိုတွေဖြစ်ပြီး နှစ်နှစ်အကြာမှာ မြကြေးမုံဆီ သက်ပိုင်မင်းရောက်လာတာပဲ။
စံအိမ်ကြီးကိုရောက်တော့ မြကြေးမုံတွေ့လိုက်တာ ဒေါ်သက်ထားရော ဦးနေလင်းရော သက်ပိုင်းမင်းရော။ ဒေါ်သက်ထားကတော့ တော်တော်ကြောက်စရာကောင်းတဲ့ သွင်ပြင်ဖြစ်နေပြီ။ ဦးနေလင်းကတော့ သူကျွတ်လွတ်ချင်တဲ့အကြောင်း မြကြေးမုံကိုပြောရှာတယ်။ သားလေးနဲ့ရောပေါ့။ ဒေါ်သက်ထားရဲ့ တန်ခိုးဣဒိပတ်က ပိုကြီးလာတာကြောင့် သားလေးသေခဲ့ရတယ်။
မြကြေးမုံလဲ ဒေါ်သက်ထားကိုဖျောင်းဖျဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် အရမ်းကြမ်းလွန်းတာကြောင့် မြကြေးမုံ လက်လျှော့ခဲ့ရတယ်။ ဦးနေလင်းနဲ့ သက်ပိုင်မင်းကိုတော့ ကျွတ်လွတ်အောင်လုပ်ပေးမယ်ဆိုတာ ကတိပေးခဲ့ပြီး ပြန်လာခဲ့လိုက်တယ်။
ညရောက်တော့ မြကြေးမုံ အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ ဒေါ်သက်ထားက မကောင်းဆိုးဝါးအဖြစ်ကို ကူးပြောင်းသွားတာတွေ့လိုက်ရတယ်။ မြကြေးမုံ တော်တော်လဲ လန့်သွားတယ်။ မနက်ရောက်တော့ အဘိုးကို အကုန်ဖွင့်ပြောလိုက်တယ်။ ပထမတော့ အဘိုးက ဆူတာပေါ့။ ပြီးတော့ စီစဥ်စရာရှိတာတွေ စီစဥ်ပေးပါတယ်။ အမျှအတန်းဝေပေးဖို့ပေါ့။ မြကြေးမုံတစ်ခုသိထားတာက သက်ပိုင်မင်းရဲ့ အစွဲအလန်းတစ်ခု။ သူက ပီယာနိုကို စွဲလန်းနေတာလေ အဲ့တာကိုစွဲပြီး သူဘယ်မှ မသွားနိုင်ဖြစ်နေတာ။
မြကြေးမုံ စံအိမ်ကြီးကို နောက်တစ်ခေါက်ထပ်သွားပါတယ်။ ယောင်းနွမ်းပြီး ဖုန်အလိမ်လိမ်းတက်နေတဲ့ ပီယာနိုကို သိပ်မရှာလိုက်ရပါဘူး။ အဲ့ပီယာနိုနားမှာ သက်ပိုင်မင်း။
“မောင်လေးက ဒီဘဝကြီးမှာ နေရတာ အရမ်းဆင်းရဲတယ်မလား မောင်လေး ကောင်းတဲ့ဘဝရောက်ဖို့ ဒီပီယာနိုကြီးကို စိတ်ထဲ မစွဲနဲ့တော့နော် ဖေဖေနဲ့ ကောင်းရာဘဝကို အတူတူသွားလိုက်ပါကွယ်။”
သက်ပိုင်မင်း မျက်ရည်တွေစီးကျလာပြီး ခေါင်းငြိမ့်ပြတယ်။ ဘေးမှာ ဦးနေလင်းက ရပ်လို့။ မြကြေးမုံပြန်တော့ အိမ်ထဲက သားအဖက လက်ပြနှုတ်ဆက်နေတာ နောက်ဆုံးတွေ့လိုက်ရတယ်။
စီစဥ်ထားတဲ့ နေ့ကိုရောက်လာတော့ ရေစက်ချ တရားနာပြီး ၃ယောက်စလုံးကို အမျှဝေကြတယ်။ ထူးဆန်းစွာနဲ့ ဒေါ်သက်ထားက မကျွတ်လွတ်သေးပေမယ့် အဝတ်အစားကောင်းကောင်းမွန်မွန်နဲ့ဖြစ်သွားပြီး ဦးနေလင်းနဲ့ သက်ပိုင်မင်းကတော့ အပြီးတိုင် ကျွတ်လွတ်သွားကြတယ်။ မြကြေးမုံ နောက်ဆုံးမြင်လိုက်တာက ဒေါ်သက်ထားရဲ့ ကြေကွဲနေတဲ့ အပြုံးတစ်ခု။
နတ်သမီး
29.6.2025 (10:22PM)