#တွင်းကြီးဝမ်းမောင်
ကြောင်လိုက်သမား
အညာနွေနှောင်း မိုးဝင်ကာလ။
မိုးဦးရေ လေးငါးခါမျှ သောက်စို့ထားရရုံမျှဖြင့် အညာနွေဒဏ်ကို အန်တု၊ မြစိမ်းရောင်ဝတ်စုံနုတို့ဖြင့် မြမြစိမ်းနေသော အညာသဘာဝ ပေါက်ပင်ကြီးများ၊ ချုံတန်းချုံနွယ် ကဇာခင်တန်းရိုးကြီးများက ရှုလေရာဝန်းကျင်တစ်ခု၌ စိမ်းစိမ်းစိုစို၊ လန်းဆန်းဝေဖြာ အညာအလှ၊ ကဇာခင်တန်းရိုးအလှ၊ ရွာအလှကို ဖော်ပြနေပါ၏။
မရိုးနိုင်သော အညာကျေးလက် ဆည်းဆာရီမြင်ကွင်း။
ငုပ်လျှိုးစပြုသွားသော နေဝန်း နီနီရဲရဲကြီး။ အနောက်ဂေါယာကျွန်းယွန်း၍ တစ်ညခိုကာ အနားယူမှေးစက်တော့မည်ဖြစ်သော်လည်း နေဝန်းကြီးသာ ဝင်သွားသည်။ သူ့အရောင်အရှိန်အဝါ အလင်းဓာတ် များကို အားပါးတရ ပေးနေဆဲ။ လင်းလင်းထိန်ထိန်။
တိမ်တို့သည်လည်း အရောင်မျိုးစုံ။
ပန်းရောင်၊ ခရမ်းရောင်၊ ရွှေအိုရောင်၊ ငှက်ပျောညွန့်အရောင်၊ ပြာပြာလဲ့လဲ့အရောင်၊ ပုလဲလို ဖြူဖွေးနေသောအရောင် ရောင်စုံပန်းချီကားတစ်ချပ်ပမာ လှလှပပ။
ဘယ်နေရာကြည့်ကြည့် လေနှင်တိမ်မရှိ။
သူ့မူလပကတိနေရာမှာသာ တည်တည်ငြိမ်ငြိမ်။
တည်ငြိမ်စွာ လှပနေခြင်းသည်ပင်လျှင် ကျေးလက် အလှမြင်ကွင်းတစ်ခု။
နေဖင်ပြဲ တစ်တိုင်ခွဲတဲ့။ ရှေးကျေးလက်စာဆို။
နေဝင်လည်း တစ်တိုင်ခွဲတဲ့။ ရှေးလူကြီးသူမ အပြော။
နေမင်း ဝင်သွားပြီ မစိုးရိမ်ပါနှင့်တဲ့။ နေဝင်ချင်ဝင်ပါစေ နေမင်းက ထုတ်လွှတ်ပေးသောအရောင်ဖြင့် ခရီးတစ်တိုင်ခွဲ (မိုင်သုံးမိုင်) အထိ စိတ်ချလက်ချ သွားနိုင်ပါသေးသည်။ အမှောင်ထု မဖုံးကွယ်သေးပါဟု ဆိုထုံးရှိကြသည်။
နေဖင်ပြဲဟူသည် နေထွက်ချိန် နေမင်းကြီး မပေါ်သေးမီ အလင်းရောင်ထုတ်လွှင့်မှုက စတင်သကဲ့သို့ နေဝန်းစုံးစုံး မြုပ်သော်လည်း အလင်းရောင်ဓာတ် ထုတ်လွှတ်မှု ချန်ထားသေးသည်။
ပြဲရာမှ အကြိုအကြားက ထွက်ပေါ်တတ်သော အလင်းရောင်ကို ဆိုလိုသလား၊ ကာရန်နဘေကိုက် ဆို၍ကောင်းရန် ဆိုထုံးပြုထားလေသလား ရှေးလူကြီးများမှသာ သိလိမ့်မည်။ နောက်လူတွေကတော့ နေကြီး ဘယ်လိုဖင်ပြဲသည် မသိကြ။
လက်တွေ့ကတော့ နေမင်းကြီး ဝင်သွားလည်း အလင်းရောင်ဓာတ်က ကျန်ဆဲ။
နေဝင်ဆည်းဆာ၊ နွားရိုင်းသွင်းချိန်ဟု ယေဘုယျ ခေါ်သည်။ ထိုနောက်မှာတော့ နေဝင်မိုးချုပ်၊ ညီအစ်ကို မသိတသိအချိန်များ ကျရောက်တော့မည်။
နေဝင်ဆည်းရီ၌ ရွာဆီသို့ ပြန်လာကြသော နွားအုပ်ကြီးများ၊ သိုးအုပ်ဆိတ်အုပ်များ လမ်းကြောင်းကျရာ၌ ဖုန်တလုံးလုံး။ ဖုန်လုံးကြီးများသည် အလိပ်အလိပ်ဖြင့် အပေါ်ထောင်တက်နေကြသည်။ နွား တွန်သံ၊ ဆိတ်မြည်သံ၊ သိုးမြည်သံများက တဘူးဘူး၊ တဘဲဘဲ၊ တကြော်ကြော် ညံစာစာ။
အိပ်တန်းပြန်ငှက်များ အုပ်လိုက်အုပ်လိုက် ကောင်ရေများစွာ။ တစ်နေ့တာ အစာရှာခဲ့ပါ၏။ ဝမ်းဝခဲ့လေသလား၊ ဝမ်းမလှဘဲ မဝရေစာ ဖြစ်ခဲ့လေသလား ကာယကံရှင် ငှက်များမှသာ သိလိမ့်မည်။ အိပ်တန်းဝင်ချိန် အိပ်တန်းဝင်ရန် သူတို့မူလ အိပ်တန်းနေရာ သူတို့ပြန်လာကြပြီ။
ပြန်လာသော်လည်း ချက်ချင်း အိပ်တန်းတန်းမဝင်သေး။ သူတို့မျက်စိတစ်ကမ်း အပင်မှာ ခေတ္တနား၊ သူတို့အိပ်တန်းဝင်မည့်အပင်ကို လှမ်းကြည့်၊ အန္တရာယ်မရှိဟုထင်မှ အိပ်တန်းဝင်ကြမည်။
ငှက်ကျေးသာရကာတို့ အိပ်တန်းပြန် ပျံလာသကဲ့သို့ ရွာသူရွာ သားတို့သည်လည်း အိမ်အပြန် ရွာအပြန်ဖြစ်ရာ ခြေလှမ်းခပ်သွက်သွက်။ သူတို့ရွာက တွံတေးသိန်းတန်အကြိုက်ရွာ။ တွံတေးသိန်းတန်၏ ထွေးညိုသီချင်းကို အော်ဟစ်ဆိုလာသော ရွာပြန်လူစုအသံက တောယံကိုဖုံးလွှမ်းနေသည်။
မြေရှင်ယာရှင် အရင်းရှင်စနစ်ဆိုးကို ထွေးညိုလေးအတွက် တိုက်ဖျက်မည်ဆိုပါလား။ မြေရှင်ယာရှင် အရင်းရှင်စနစ်ဆိုးကို ချေမှုန်းမည်ဆိုပါလား။
ရှေ့က ထွေးညိုသီချင်းကိုဆိုသူက ကြေကြေကွဲကွဲ သည်းလှိုက်အူလှိုက်ဆိုနေစဉ် တစ်ယောက်က သီချင်းတစ်မျိုးကို ကြားဖောက်ဆိုသည်။
အာလူးလာမပေးနဲ့ × × × လေနည်းနည်းလျှော့xxx လိမ်ပြီး ညာမပြောနဲ့× လေနည်းနည်းလျှော့× × ×ဖြည်းဖြည်းပေါ့×××ဖြည်း ဖြည်းပေါ့တဲ့။
တဝါးဝါး တဟားဟား ရယ်ကြမောကြသံ။
ကဇာခင်တန်းရိုးကိုကျော်၊ နွားတွန်သံ၊ ဆိတ်သိုးမြည်သံ လွှမ်းထွက်ပေါ်လာသည်။
“ဗျို့ ကိုကြီးတော ကိုကြီးကျင်နဲ့ ကိုကြီးကြည်၊ ဦးလေးချစ်ထွေးက မှာလိုက်တယ်။ ခင်ဗျားတို့ မလာမချင်း သူစောင့်နေမှာမို့ ခင်ဗျားတို့ တစ်ယောက်ယောက်အိမ်သွားပြောလို့ ကျုပ်ကို ခိုင်းလိုက် တယ်။ ဟန်ကျလိုက်တာ တည့်တည့်တွေ့တော့ ကြောင်ကြီးက အကြီးကြီး၊ ကြောင်မြင်းတဲ့ဗျ။ လူနဲ့လည်းတွေ့နေကျထင်တယ်တဲ့။ အဝေး မသွားဘဲ ရစ်သီရစ်သီနဲ့တဲ့။ ကိုကြီးသျှောင်စောင်း ခွေးပါလား။ သူ့ ခွေးလည်း ခေါ်ခဲ့တဲ့”
ကဇာခင်တန်းရိုးအတွင်း၌ တွေ့လာသော ရွာပြန်နွားကျောင်းသား အဖွဲ့ထဲမှ နွားကျောင်းသားလေး၏ ကရားရေလွှတ် တတွတ်တွတ်စကား။
ကဇာခင်တန်းရိုးဟူသည် ဝဲဘက် ယာဘက်၌ ချုံပုတ်ချုံနွယ် ချုံတန်းစဉ်များ ထူထပ်စွာ ပေါက်ရောက်နေသော နေရာ။ ထိုချုံပုတ် ချုံနွယ် ချုံတန်းစဉ်များအထဲ၌ အညာသဘာဝပေါက်ပင်ကြီးများ ပေါက် ရောက်လေ့ရှိသောနေရာ။
ထိုဝဲယာ ချုံနွယ်စဉ်တန်းများကြားမှ နွားလှည်းလမ်း၊ နွားအုပ် ကျွဲအုပ်လမ်း၊ လူလမ်းအဖြစ် အသုံးချသွားလာကြသောနေရာ။
အချို့ ကဇာခင်တန်းက ခပ်ကျဉ်းကျဉ်း၊ အချို့ ကဇာခင်တန်းက ဝါးလေးငါးဆယ်ပြန်အထိ ခပ်ကျယ်ကျယ်။ ဝင်ထွက်သွားလာရာ၌ ဆုံစည်းတွေ့ ကြုံလေ့ရှိသော နေရာ။
သည်နေရာမှာ ဦးချစ်ထွေး မှာလိုက်သော နွား ကျောင်းသားအဖွဲ့နှင့် ငတောတို့ ပက်ပင်းကြုံမိခြင်း။
“ကိုကြီးချစ်ထွေးက ဘာမှာလိုက်သေးလဲ”
“တောကြောင်ကို မရမချင်းလိုက်မှာမို့ သူ့တုတ်မီး(လက်နှိပ် မီး)ရော၊ ကိုကြီးတောတို့ တုတ်မီး(လက်နှိပ်မီး)ရော ယူခဲ့ဖို့လည်းမှာတယ်”
“အေး အေး သူမှာတာတွေ တို့ ပြည့်ပြည့်စုံစုံ ပါပါတယ်ကွာ၊ တို့ သွားတော့မယ်ဟေ့”
“ဟုတ် ဟုတ်”
ငတောတို့ ကြောင်လိုက်ရန် ထွက်လာသော လူအုပ်က လေးယောက်။ ငတော၊ ငကျင်၊ ငကြည်၊ သျှောင်စောင်းခေါ် ငရွှင်။
ကြောင်လိုက်ခွေးက ငါးကောင်။ တောလိုက်ရာ ပူးပေါင်းလိုက် နေကျ ခွေးအုပ်ဖြစ်သဖြင့် တစ်ကောင့်တစ်ကောင် ဟောင်ခြင်း၊ ကိုက်ခြင်းမရှိ။ အပေးအယူ အပူးအပေါင်း ညီညီညွတ်ညွတ်။
ငတောခွေးက သမင်လိုက်ကောင်းသော ခွေး။ ငကျင့်ခွေးက ယုန်လိုက်ကောင်းသော ခွေး။ ငကြည့်ခွေးက ဇရွေ့(စွေ့)လိုက်ရာ၊ ခါလိုက်ရာ၊ ဇီးကွက်လိုက် ရာ ကောင်းသော ခွေး။ သျှောင်စောင်း ငရွှင့်ခွေးက ကြောင်လိုက်ကောင်းသောခွေး။
ထူးထူးခြားခြား လူငယ်ကာလသားဖြစ်လျက် သျှောင်ထုံးထားသောကြောင့် ငရွှင်ဆိုသောနာမည် မှေးမှိန်၊ သျှောင်စောင်းနာမည် အသုံးများလာသော ငရွှင်။
သူတို့လေးယောက်စလုံး ကိုရင်ကြီးလူထွက် ကာလ သားပေါက်သန်များ။ လူလေးယောက်၊ ခွေးငါးကောင်အုပ်သည် ညနေဆည်းဆာ၌ ရွာအရှေ့တောင်တောများသို့ တောကြောင်လိုက်ရန် ထွက်လာခဲ့ပါ၏။
လက်နှိပ်ဓာတ်မီး သုံးခဲထိုး အဲဗားရယ်ဒီ တုတ်မီးကိုယ်စီ၊ သားရေဘတ်ခွလွယ်အိတ် လောက်စာလုံးဖောဖောထည့်လွယ်ကိုယ်စီ၊ ဓားလှံ တောလိုက်ဓားရှည်များ ယူဆောင်သူ ယူဆောင်ကာ တောကြောင်လိုက် ထွက်လာခဲ့ကြသည်။
သူတို့ကို စောင့်နေမည့်သူက တောကြောင်ကို စတင်တွေ့သူ ကိုကြီးချစ်ထွေး။
ကိုကြီးချစ်ထွေးက တောကြောင်ကို စတင် ခြေရာခံမိကတည်းက ရွာပြန် လူကြုံမှာသည်။ သူ့ဖို့လည်း တုတ်မီးယူခဲ့၊ သူက မလာမချင်း စောင့်နေမည်တဲ့။
ထိုစဉ်က ငတောတို့နှင့် ချိုင့်ကြီးရွာနှင့် အနီးအနားရွာများမှာ ဗမာဝါလုပ်သောဓလေ့ မပျောက်သေး။
ဗမာဝါသည် စိုက်ပျိုးရေးထုတ် ချည်မျှင်ရှည်ဝါ တစ်ရာသီဝါမဟုတ်။ သီးသန့်လုပ်ကြသော ဝါမဟုတ်။
ဗမာဝါကို ဗမာဝါကြီးဟုခေါ်သည်။ နှမ်းလျင်နှင့်လည်း ရောစိုက်ရသည်။ အနှံ့ပြောင်း၊ ပဲစဉ်းငုံနှင့်လည်း ရောလုပ်ရသည်။ ဗမာဝါက အတန်းလိုက်ချ၊ ပြောင်း၊ ပဲစဉ်းငုံ၊ ဗမာပဲတီ၊ နှမ်းလျင်ကို ရောစိုက်သည်။ အခြားသီးနှံများကို ရိတ်သိမ်းပြီး ဗမာဝါကို ဆက်ထားသည်။
ဗမာဝါမျိုး၌ နှစ်မျိုးရှိသည်။ ဝါဖြူ၊ ဝါနီ။
ဝါဖြူက ဖြူဖွေးဆွတ်နေသော ဝါ။ ထိုခါက ဖျင်လုံချည်၊ ထဘီ၊ တဘက်၊ လက်သုတ်ပဝါ၊ စောင်တို့ကို ဆေးဆိုးရက်သော ဝါ။
ဝါနီက ပင်နီစဟု လူအများသိကြသော ဗမာဝါ။ ဝါ ကွမ်းဝါပေါက်ကတည်းက ရဲရဲနီနေသောဝါ ။ ပင်နီ အင်္ကျီ၊ ပင်နီတိုက်ပုံချုပ်ကြသောအခါ ရောင်းတန်း ယခုခေတ် ပင်နီစတို့ကဲ့သို့ ရဲရဲတောက်မနေ။ နီတော့နီသည်။ ပင်ဖြူ(ဝါဖြူ)ထက်နီသည် ပြောရုံမျှသာ။
ထူးဆန်းသည်မှာ ရှေ့စကားက ဗမာဝါဖြူချည်း သီးသန့် စိုက်က ဝါဖြူပင်တို့က တစ္ဆေကြောက်၍ ဝါပင်ကောင်းသလောက် ဝါပေါက်အထွက်မကောင်းတဲ့။
ဝါထွက်ကောင်းစေရန် ဝါဖြူအခင်းထဲ ဝါနီ ဆယ့်လေးငါးခြောက်ပင် အနည်းဆုံး ထည့်ပေးရသည်တဲ့။
ထိုစကားက ဒေသသုံး ဆိုထုံးစကား။ သိပ္ပံနည်းကျ အယူအဆဖြင့်ပြောက ဝတ်မှုန်ကူး အောင်မြင်မှုကို ဝါနီ၊ ဝါဖြူ ရောစိုက်က အထောက်အကူပြု လေသလား စဉ်းစားစရာပင်။
ထိုအချိန်က ငတောတို့ ချိုင့်ကြီးတစ်ရွာလုံး လက်ရက်ကန်းစင်မှ ရက်ကန်းခတ်ကြသော မလေးလက်ခတ်သံ တစ်ရွာလုံးညံစာစာ။ အိမ်နေ့စဉ်ဝတ်၌ အဆင်တစ်မျိုး၊ ပွဲလမ်းသဘင်ဝတ်၌ အဆင်တစ်မျိုး။ စောင်၊ တဘက်၊ မျက်နှာသုတ်၊ လက်သုတ်ပဝါ စသည် စသည်တို့ကို ရက်ကြ၊ ဝတ်ကြ၊ ရောင်းကြ။
ဝါဖတ်ဝါဖန်သံ၊ ချည်ငင်သံ၊ ရစ်သံ၊ ရက်ဖောက်ရောက်သံ၊ ရက်ကန်းခတ်သံသည် ကျေးလက်ဘဝ ဖော်ပြနေပါ၏။
ဗမာဝါကို နှမ်းလျင်နှင့်ရောရော၊ ပြောင်း၊ ပဲစဉ်းငုံနှင့်ရောရော စိုက်လျှင် တစ်ကန့် (မြေစာရင်းအတိုင်းအတာအခေါ် ဒဿမခုနစ်ဆယ်) စိုက်က ဗမာဝါ ပိဿာခြောက်ဆယ်နှင့် ခုနစ်ဆယ်ကြား စစိုက်စ ပထမနှစ်၌ ရတတ်ကြသည်။
တောင်သူကလည်း ကျေကျေနပ်နပ်။ နှမ်း၊ ပဲ၊ ပြောင်းလည်းရ၊ ဗမာဝါလည်းရ၊ နှစ်စဆွဲဖြစ်ရာ အိမ်ရက်ကန်း စင်အတွက် ကုန်ကြမ်း ရှာဖွေဝယ်မနေရ။ အိမ်သုံးခန့်မှန်းဝါကို ချန်၊ ပိုသောဝါကို ပွဲစားရောင်းစားက ငွေရသေးသည်။
ပထမနှစ် တစ်ကန့်(ဒဿမ ခုနစ်ဆယ်)လုပ်က ပိဿာခြောက်ဆယ် ခုနစ်ဆယ်။ ဒုတိယနှစ်၌ ထပ်စိုက်စရာမလိုတော့။ ကိုယ်ရော စိုက်ချင်သည့် နှမ်း၊ ပဲ၊ ပြောင်းသာ ထပ်စိုက်။
ထိုဗမာဝါပင်များကို သင့်တော်ရုံ ချန်လှပ်ခုတ်ပိုင်းပေးရသည်။ တောင်သူအခေါ်က ထိုဝါပင်များ ခုတ်ပယ်ပြီး ပြန်မွေးခြင်းကို လမိုင်းတဲ့။ ထိုဗမာဝါပင်များကို လမိုင်းထား၊ ဒုတိယနှစ်သားကို တတိယနှစ်ဦးတွင် သင့်တော်ရုံချန်လှပ် ခုတ်ပိုင်း အသက်မွေးကြသည်။
တောင်သူအခေါ်က လမိုင်းပြီးသောအခါ လမက်တဲ့။ ဝါပိဿာအထွက်က သီးညှပ် ဗမာဝါတစ်ကန့် ဒသမခုနစ်ဆယ် စိုက်ပျိုးသော် ပထမနှစ် ပိဿာခြောက်ဆယ်၊ ခုနစ်ဆယ်၊ ဒုတိယလမိုင်းနှစ်၌ ပိဿာတစ်ရာဝန်းကျင်၊ တတိယနှစ် လမက်နှစ်၌ ပိဿာတစ်ရာ အစိတ်ဝန်းကျင်၊ မြေကောင်းလျှင် ကောင်းသကဲ့သို့၊ ထွန်ရေသွင်းကောင်းလျှင် ကောင်းသကဲ့သို့၊ ဝါကောက်ပြီး နွားချေးချလျှင် ချသကဲ့သို့ အထွက်နှုန်းကောင်းသည်။
လမက်ခေါ် တတိယနှစ်ပြီးလျှင် ထိုဝါခင်းကို ရွာထုံးစံအရ ဆက်လက်မထားကြတော့။ ပထမ ခုတ်ပစ်၊ နောက် အမြစ်ပါမကျန် အောင်တူးပစ်၊ ကိုယ် ဝါစိုက်ချင်သေးက အခြား ယာခင်းပြောင်းစိုက်၊ အခြားယာမရှိက သည်ယာမှာ ဝါစေ့သစ်၊ ဝါပင်သစ်နှင့် အသစ်ပြန် စိုက်မှ အထွက်ကောင်းသည်။
သုံးနှစ်ကျော်သွားလျှင် ဝါပင်အဟောင်း ထားလေ့မရှိ။ ကိုကြီးချစ်ထွေးယာက ဗမာဝါချည်း သုံးကန့်ရှိသော ယာ (၂ ဧကရှိသောယာ)။ နှစ်ကလည်း သုံးနှစ်ပြည့်၊ လမိုင်း လမက်လည်းဖြစ်တော့ ဝါတစ်ခင်းလုံး တူးခုတ်ပယ်လှဲရမည်။
ဗမာဝါပင်က ချည်မျှင်ရှည်ဝါကဲ့သို့ အပင်ပုမဟုတ်။ သုံးနှစ်သား (လမက်)ဝါပင်သည် လူလက်ခုပ်တစ်ဖောင်အထိရောက်သည့် အပင်ကရောက်၊ အများစုမှာ လူတစ်ရပ်မြုပ်။ သူ့လို ဆက်စပ်ယာများ တစ်ကွက်ကျော် နှစ်ကွက်ခြား ယာများ၌လည်း ဗမာဝါခေတ်ဖြစ်ရာ စိုက်ထားပျိုးထားကြသည်မှာ ဗမာဝါမှ ဗမာဝါ။ သူတို့နှင့် မနီးမဝေး၌ ကဇာခင်တန်းများ၊ ထန်းရိုင်းများ(ထန်းရိုင်း- ထန်းရည်ထုတ်လုပ်မရသေးသော ကျင့်သားမရှိသေးသော ထန်းပင်များ)။
ကိုကြီးချစ်ထွေးက ခေါ်လူငှားမရသေးသဖြင့် တစ်နိုင်တစ်ပိုင် တစ်ယောက်တည်း နားနားနေနေ ဝါပင်ကြီးများကို စတင်ခုတ်လှဲသည်။
ထိုအချိန်၌ တောကြောင်ကြီးကို ကြောင်ချေး သတိထားမိရာမှ၊ ကြောင်ခြေရာ သတိထားမိရာမှ ကြောင်ရှိနိုင်သည်ဟူသော သူ့အတွေးမှန်ကန်ကြောင်းကို သက်သေခံနိုင်ရန် ထုတ်ပြသည့်အလား ဘွားခနဲ မြင်လိုက်ရသည်။
တောကြောင်ကြီးက သူ့ကို မြင်မမြင်တော့မသိ။ သူကတော့ ထန်းရိုင်းပင်များပေါ် တက်ပြေးသည့် ရှဉ့်အုပ်အား အရအမိ လိုက်ဖမ် စားနေသော တောကြောင်ကြီးကိုမြင်သည်။
ကိုကြီးချစ်ထွေးသည် တောသူတောသား။ တောလိုက် ဝါသနာပါသူ။ သည်တောကြောင်ကြီးကို သူ အရအမိ ဖမ်းမည်၊ လိုက်မည်။ ခု ဘာလုပ်မလဲ။
တောကြောင်ကြီး သံသယဝင်မသွားဖို့ ပိပိရိရိ နေရမည်။ မသိမသာ အကဲခတ်၊ မှင်မပျက်ဘဲ ကိုယ့်ဝါခင်း ကိုယ့်ဝါပင် ခုတ်မြဲခုတ်နေ၊ သည်တောကြောင်ကြီး ဘယ်သွားမလဲ၊ ဝါခင်းများမှအပ သူသွားလာ ပုန်းအောင်းစရာ ဘာမှမရှိ။
မိုးဦးဝင်စဖြစ်၍ ယာမြေအားလုံးနီးပါး ဘာပင်မှမစိုက်ကြ၊ မပျိုးကြသေး။ အချို့ယာခင်းများ၌ ထယ်ထိုးထား၊ ယာထွန်ထားသော်လည်း အချို့ယာခင်းများမှာ ရိုးပြတ်ငုတ်များသာ။
ရန်သူမမြင်အောင် ဝါခင်းထဲ ပုန်းလျှိုးကွယ်လျှိုးနေ၊ ရန်သူတွေ့လာပါက ပြေးပုန်းကွယ်တတ်ရန် ထန်းရိုင်းတောများ၊ ယာကန်သင်းရိုးပေါက် သစ်ပင်ကြီးများရှိရာ တောကြောင်အဖို့ စားကျက်ချရန် အကောင်းဆုံးနေရာ။
ကိုကြီးချစ်ထွေးက ဝါခင်းဝါပင်ခုတ်နေတုန်း ထမင်းထုပ်ယူလာသူဖြစ်ရာ တစ်နေကုန် စောင့်ကြည့်နိုင်သည်။ ရွာလူကြုံရှိလျှင်ရှိချင်း ငတောတို့အဖွဲ့ လှမ်းမှာသည်။ တောကြောင်ရိုင်းလိုက်လာဖို့။
ကိုကြီးချစ်ထွေးမှာသောသူက ငတောတို့အိမ် လာရှာသည်။ ငတောတို့က ညောင်ပင်ခြောက်ကြီး သွားတူးလှဲဖြတ်နေသည်။ တွေ့ ချင်က ညောင်ပင်ခြောက်ကြီး တူးလှဲနေသော ရွာအနောက်တောလိုက် ဟု လမ်းညွှန်သည်။
ဟုတ်သည်။ ငတောတို့အဖွဲ့က ညောင်ပင်အခြောက်ကြီးကို လုပ်အားခ ကျပ်တစ်ဆယ်ဖြင့် အငှားအရမ်းတည့်ကာ လက်စသတ် ဖြတ်တောက်နေသည်။
ထိုစဉ်က တစ်ကျပ်ဖိုး ဘယာကြော် ဆယ်ခု၊ မုန့်ပျားသလက် ဆယ်ခု၊ ဆန်တစ်ပြည်မှ သ/မကထုတ်လျှင် ပြားခြောက်ဆယ်သာဖြစ်ရာ ငွေတစ်ဆယ်ကို ကိုရင်ကြီးလူထွက်စ ငတော၊ ငကျင် နှင့် ငကြည်တို့က မက်မက်မောမော။
ခက်သည်က သည်ညောင်ပင်ကြီးမှာစောင့်သော သရဲကြီးက ကုပ်အချိုး မိုက်သည်၊ ဗိုက်ဖောက် အူအသည်းဆွဲထုတ် မိုက်သည်။ ညောင်ကိုင်းအခြောက်တောင် မကောက်ဝံ့ဟု ရွာကပြောသည်။
နားလည်သူ ဆရာကြီးဦးစံပင်အား အခြောက်ပင်ကြီး ဖြတ်သင့်မဖြတ်သင့် ငတောတို့ မရဲတရဲဖြင့် သွားမေးသည်။ ဆရာကြီးက ညောင်သားကို သာမန်လူကတော့ ထင်းမစိုက်ကောင်းဘူးဆိုပြီး ထင်းမဆိုက်ကြဘူး။ မင်းတို့ကို ငွေတစ်ဆယ်နဲ့ငှားတဲ့ ထင်းဒိုင် သံချောင်းက အလံနီလူထွက်၊ ဘာမှ ထည့်တွက်တာ မဟုတ်ဘူး။ သူမို့လို့လည်း လူငှားလှဲဝံ့၊ ဖြတ်ဝံ့တာ။
မင်းတို့က ညောင်ပင်ကြီးကို သုံးခါသုံးကြိမ် ရိုရိုသေသေနဲ့ ဝပ်ချရှိခိုး၊ ကျွန်တော်တို့သည် ထင်းဒိုင် ဦးသံချောင်းက ငွေတစ်ဆယ်နဲ့ငှားရမ်း၍ အခစား ဖြတ်တောက်ရပါသည်။ ညောင်ပင်စောင့်များမှ မကျေနပ်က ဦးသံချောင်းအား ကိုင်တော်မူပါ။ ကျွန်တော်တို့အား ဘေးအန္တရာယ်မပေးပါနဲ့လို့ တိုင်တည် ဖြတ်တောက်ပေးကွာ။ ဒီလို တိုင်တည်မယ့်အကြောင်းလည်း သံချောင်းကို ဗြောင်ဖွင့်ပြောပြီးမှလုပ်။ မပြောဘဲ မလုပ်နဲ့ဟု လမ်းညွှန်သည်။
ဦးသံချောင်းက တဝါးဝါး တဟားဟား ရယ်သည်။
သူတို့ထင်းဖြတ်မည့် ပထမနေ့က အတူတူ လိုက်ပါလာပြီး ညောင်ပင်ခြောက်ကြီး ရှေ့ရပ်ကာ စကားပြောသည်မှာ ခပ်မာမာ။
“ငါ သံချောင်းနော် ညောင်ပင်ခြောက် အစောင့်သရဲတစ္ဆေတွေ ရှိရင်သိထား။ ငါ သံချောင်းဟာ အလံနီ လူထွက်နော်။ သရဲတစ္ဆေတွေမို့ အလံနီအကြောင်း မကြားဖူးရင် ကြားဖူးအောင်ပြောမယ်။ သတ်ရဲတာ အလံနီဟေ့ သေရဲတာအလံနီဟေ့ လုပ်ရဲတာအလံနီဟေ့ ခံရဲတာအလံနီဟေ့ ငါ ခိုင်းလို့ လူငယ်လေး သုံးယောက်က လုပ်တယ်။ မင်းတို့ ကိုင်စရာ၊ တွယ်စရာ၊ ကုတ်စရာ၊ ပုတ်စရာ၊ လုပ်စရာရှိရင် ငါ သံချောင်း ကိုလုပ်။ ကလေးသုံးယောက်ကို ဘာမှမလုပ်နဲ့။
ရှင်နေတဲ့ညောင်ပင်၊ စိမ်းလန်းဝေဖြာနေတဲ့ ညောင်ပင်ကြီးကို မသေအောင်၊ မညှိုးမခြောက်အောင် အစောင့်ဖြစ်တဲ့ မင်းတို့က မကာကွယ်ဘဲ သေအောင်၊ ခြောက်အောင်ပစ်ထားတာဟာ မင်းတို့မှာအပြစ်ရှိတယ်။ အစောင့်တစ်ယောက်ကို သုံးခါရိုက်နှက် ဆုံးမမယ်။ ပြေးနိုင် ပြေး”
ကိုသံချောင်းက သူ စီးလာသော တာယာဖိနပ် (ကားဖိနပ်)ဖြင့် သုံးနေရာခွဲ၊ ညောင်ပင်သေကြီးကို သုံးချက်နှုန်းရိုက်ပြီးမှ ငတောတို့ကို လှဲခိုင်း၊ ခွဲခိုင်း၊ စိတ်ခိုင်းသည်။
ငိုရအခက် ရယ်ရအခက် ကိုသံချောင်း လုပ်ရပ်ကြောင့် ငတောတို့ လှဲရဲ၊ ခွဲရဲ၊ စိတ်ရဲသွားသည်။
ယနေ့ နေ့လယ် သုံးနာရီလောက်တွင် အပြီးမှန်း၊ နားလိုက် ခွဲလိုက် စိပ်လိုက်လုပ်၊ လက်စသတ်ပြီးမှ ကိုသံချောင်းအိမ်သွား၊ အလုပ်ပြီးကြောင်းပြော၊ ငွေတစ်ဆယ် (ဆင်သစ်ဆွဲ ဆယ်တန်ပြာ)ထုတ်ပေး လိုက်ရာ သုံးယောက်သား ပီတိ ဝေဝေဖြာဖြာ။ ကိုသံချောင်းက
“မင်းတို့ ငတ်ကြီးကျပြီး လုပ်လက်စပစ် ကြောင်လိုက်များ ထွက်သွားမလားလို့။ ယောက်ျားကွ စိတ်တည်ရ ငြိမ်ရတယ်။ အဓိကအလုပ် လမ်းကြုံအလုပ် သိရတယ်။ ပစ်ပြီး ကြောင်လိုက်ထွက်ပါပြီတဲ့။ မရတော့ မိအေးနှစ်ခါနာဖြစ်၊ ရတော့ကော အနုပ်မက်လို့ အခွက်ပျက် ဖြစ်၊ ခုလို ငွေတစ်ဆယ်ရပြီးမှသွားတော့ မင်းတို့တောကြောင်လိုက်ရုံတင်မကျေနပ်လို့ ကျားလိုက်လိုက်၊ ခြင်္သေ့လိုက်လိုက် လိုက်ဗျာ”
ဟုတ်သည်။ ကိုသံချောင်းစကား ဘဝအတွေ့အကြုံရှိသူစကားမို့ မှန်လွန်းနေသည်။
သူတို့အလုပ်မပြီးဘဲ ပစ်ပြန်စေဦး၊ ကိုချစ်ထွေး ရှိရာ ချက်ချင်းသွားမဖြစ်သေး။ သျှောင်စောင်း ခွေးနှစ်ကောင် စောင့်ရသေးသည်။ သျှောင်စောင်း နွားကျောင်းသွားသည်က အနောက်မြောက်တော။ တောကြောင်လိုက်သွားရမည်က အရှေ့တောင်တော။
သျှောင်စောင်းကို နွားကျောင်းရာလိုက်ခေါ်၊ နွားအုပ်ချင်းပေါင်းထားခဲ့၊ ခွေးနှစ်ကောင်သာ ခေါ်ခဲ့ခိုင်းသော်လည်း ထိုသို့ လုပ်မရ။ သျှောင်စောင်းခွေးများက သူတို့နွားအုပ်မပါ၍ မပြန်။ နွားအုပ်ပါ ရွာဆီရောက်မှ ခွေးနှစ်ကောင်ကလည်း ခေါ်၍ရသည်။
ညနေ ဆည်းဆာမှသာ ကြောင်လိုက်ရာ ထွက်နိုင်ခဲ့သည်။ နေဝင်မိုးချုပ် သို့မဟုတ် ညီအစ်ကို မသိတသိအချိန်။ သည်အချိန်ရောက်မှသာ ကိုကြီးချစ်ထွေး ဝါခင်း ယာသို့ရောက်သည်။
သူတို့လူအုပ်၊ ခွေးအုပ် တက်လာသည်မြင်ကတည်းက ကိုချစ်ထွေးက သူတို့ဆီလာသည်။ ငတောတို့ကလည်း ခြေလှမ်းပိုသွက်လာသည်။
“ကိုကြီးချစ်ထွေးရေ တောကြောင် အခြေအနေ ဘယ်လိုလဲ”
“နွားရိုင်းသွင်းချိန်လောက်တုန်းက ငါ့ယာ လေတင်အထက်က မြည်သံကြားတယ်။ စပြီး လိုက်ကြတာပေါ့။ တုတ်မီး(လက်နှိပ်မီး) တွေပါတယ် မဟုတ်လား”
“ကိုကြီးချစ်ထွေးဖို့လည်း ပါတယ်။ ရော့ ကျုပ်တို့လည်းပါတယ်။ စတော့မလား”
“စလေ ခုအချိန်က တုတ်မီးမလိုသေးပါဘူး။ ရွာထဲဖြစ်ရင်သာ မီးခွက်ထွန်းရမှာ။ တောထဲမှာဆိုတော့ နေအရောင်ပြန်နဲ့ မြင်သာထင်သာပဲ။ ခွေးတွေရှူးတိုက်တော့”
တောလိုက်နေကြ တောကျွမ်းကျင် ခွေးများ။ ဘာကောင် ညာကောင် အကောင်ကြီးမှပြသ၍ ရှူးတိုက် ကိုက်ခိုင်းသည်မဟုတ်။
ဝါခင်းများအကြား ဟေးဟေးဟိုးဟိုး ဟားဟားအော်ဟစ်၊ နီးစပ်ရာဝါပင်များ ပုတ်ထုတ်လုပ်ကတည်းက ထိုယာခင်းထဲမှာ သူတို့လိုက်ရမည့်သားကောင်ရှိသည်၊ ထိုသားကောင်ကို အနံ့ခံရှာရမည်၊ အမိအရ ကိုက်ရ ဆွဲရ ခါရမည်ဟု သိနေကြသည်။
ခွေးငါးကောင်အုပ်က ဘာဘာညာညာ ထည့်တွက်မနေ။ ဝါခင်းထဲ ဇွတ်ဝင်ဇွတ်တိုးကာ တဝေါင်းဝေါင်း တဝုတ်ဝုတ်ဖြင့်ဟောင်၊ တဖျောင်းဖျောင်း တဖျင်းဖျင်း တိုးကြ ဝှေ့ကြ ရှာကြသည်။
သို့ရာတွင် လန့်ပျံ အိပ်တန်းဝင် မြေဝပ်ငှက်၊ မြေလုံးငှက်များ ပျံသန်းသံသာ ကြားသည်။ ဘယ်တောကြောင်မှ ထွက်မလာ။ ခြေရာလည်းပျောက်၊ ကြောင်လည်းပျောက်။
နောက်ဝါတစ်ခင်း ရှာပြန်သည်။ ဘာမှမတွေ့။ နောက်တစ်ခင်း နောက်တစ်ခင်း ဘာကြောင် ဘာကောင်မှမတွေ့။
ဝါခင်း ရှာမတွေ့၍ တစ်ပတ် ပြန်ကျော့လာသော ကြောင်လိုက်သမားများ၊ ဝါခင်းဘေးရှိ ထန်းတောရိုင်းများမှ တောင်ကနေ မြောက်သို့ ခွေးအုပ်ကိုမောင်းသွင်း၊ လူက ညာသံပေးလိုက်သည်။
တောင်မှ မြောက်သို့ သွားနေသော ကြောင်လိုက်ခွေးအုပ်ထဲမှ ခွေးနှစ်ကောင်က ရှေ့ဆက်မသွားတော့။
ခြေအစုံရပ်ကာ နှာခေါင်းရှုံ့ပွပွ၊ တဂူးဂူးလုပ်ကာ အနံ့ခံသည်။ ထပ်ပြန်တလဲလဲ အနံ့ခံရာမှ နောက်ခြေနှစ်ချောင်းပေါ် စုံရပ်၊ ရှေ့လက်နှစ်ဖက်ဖြင့် မြင်းများ ပတတ်ရပ်သကဲ့သို့၊ နွားများ ပတတ်ရပ်သကဲ့သို့ ပတတ်ရပ်သည်။
ပတတ်ရပ် အနံ့ခံရာမှ ရှေ့လက်နှစ်ဖက် ပြန်ချ၊ ထန်းတောရိုင်းထဲမှ ထန်းပင်တစ်ပင်အခြေသွား စူးစူးဝါးဝါး အားရပါးရ ဟောင်သည်။
သျှောင်စောင်း၏ တောလိုက်ခွေးနှစ်ကောင်။ တောကြောင်အနံ့ အတိအကျရရှိ၍ စတင်ဟောင်ခြင်း။
နေရောင်ပြန် အလင်းရှိသေးသော်ငြား ထန်းလက်ထန်းရွက်အရိပ်များကြောင့် မှိုင်းမှိုင်းဝေဝေ။ ပီပီသသ ကွဲကွဲပြားပြား အလင်းမရရှိတော့။ ကိုကြီးချစ်ထွေးက ခိုင်းသည်။
“သျှောင်စောင်း ခွေးနှစ်ကောင်ဟောင်နေတဲ့ အပင်ပေါ် တုတ်မီးထိုးကြည့်စမ်း”
“ဟာ ကြီးလိုက်တဲ့ ကြောင်မြင်းကြီး၊ ဘယ်ကာလက တောကြောင်ကြီးမှန်း မသိဘူး”
လက်နှိပ်ဓာတ်မီးသုံးလက် စုပြုံထိုးလိုက်သည့် မီးအလင်းရောင်အောက်မှာ တောကြောင်ကြီး။ လည်ဆံမွေးကလည်း မြင်းလည်ဆံမွေး မျိုး၊ အမြီးကလည်း မြင်းအမြီးမျိုး။ အလေးချိန် ငါးပိဿာတော့ အသာ လေးကျော်မည်။
သူ့ကို မာန်ဖီနေသော ခွေးအုပ်ကို သူက ပြန်မာန်ဖီနေ သည်။ ထန်းပင်ရိုင်းခွအိုးကြားတွင် အဆင်သင့် နေရာယူထားဟန်။
“ဟေ့ကောင်တွေ ကြောင်တက်နေတဲ့ ထန်းပင်ရဲ့မြောက်ဘက်ထန်းပင်ခန့်မှန်းအရေအတွက်နဲ့ တောင်ဘက်က ထန်းပင်ခန့်မှန်းအရေအတွက် မှန်းကြည့်စမ်း”
အတိအကျတော့ ရေတွက်မနေ။ မြောက်ဘက်က ခန့်မှန်း ဆယ်ပင်ခန့်၊ တောင်ဘက်က ခန့်မှန်း အပင်နှစ်ဆယ်ခန့် ရှိနိုင်သည်။ ထန်းရိုင်းများဖြစ်ရာ တစ်ပင်နှင့်တစ်ပင် လက်ယှက်ထိုးခမန်း ရှိနေသည်။ ထန်းကျင့်သားရ တက်ထန်းကဲ့သို့ပင် ကြားထန်းပင် ထန်းပင်ညပ် မပယ်မလှဲသေးရာ တစ်ပင်မှတစ်ပင် ကူးရသန်းရ လွယ်လွယ်ကူ။ ကိုကြီး ချစ်ထွေးက ခိုင်းသည်။
“ကြောင်တက်နေတဲ့ ထန်းပင်ရဲ့တောင်ဘက်က ငါးပင်ခြားလောက်က ထန်းပင်အပေါ် တစ်ယောက်က တက်၊ တစ်ယောက်က အောက်ကနေ မီးထိုးပြ၊ အခု တောကြောင်ခေါင်းက အနောက်လှည့်နေတယ်။
သူ့မီးထိုးမြဲထိုးထား၊ တောင်က ပစ်ခတ်သံပေးလို့ မြောက်ခေါင်းလှည့်မှ မြောက်အပင်ကူး ကူးသွားဖို့လိုတယ်၊ အဲဒါ သဘောပေါက်လား။ ကဲ တောင်ငါးပင်ခြား ထန်းပင်တက်တဲ့သူတက်၊ ပစ်ခတ် အသံပေးသူက ပေးတော့”
ကိုကြီးချစ်ထွေး စကားကို အားလုံး သဘောပေါက်သည်။ ယခု တောကြောင်သည် သစ်ပင်သစ်ကိုင်းပေါ်မှ ကြောင်မဟုတ်။ ထန်းရွက်များ၊ ထန်းလက်များ၊ ထန်းဖူးထန်းခိုင်များ၊ ထန်းခွာပလပ်အိုးများက ဝိုင်းဝန်းအကာအကွယ်ပေးထားသောကြောင့် တစ်ပင်ပြီးတစ်ပင် ကူးပြေးနေမည့်ကြောင်။ ကူးသန်းပြေးလွှားက အဆုံးရောက်အောင် မြောက် အဆုံး ထန်းပင်ဆီသို့ ပို့ပေးရမည်။ မြောက်အဆုံး ထန်းပင်ရောက်မှ မီးကုန်ယမ်းကုန် ပစ်ရ ခတ်ရမည်။
ထန်းပင်ပေါ်တက်သော ငတောက တောကြောင်ကိုမပစ်၊ သူ့ဘက်ခွပတ်ကောင်းမည့် ထန်းလက်၊ ထန်းရွက်များကို မရပ်မနားဘဲ တဖုန်းဖုန်း တဖောင်းဖောင်း ပစ်ခတ်အသံပေးသည်။
ပစ်သံခတ်သံက တောင်ဘက်ဆီမှဖြစ်ရာ တောကြောင်ခေါင်း မြောက်လှည့်၊ မြောက်ထန်းပင်ကူးသည်။ ကိုကြီးချစ်ထွေးတို့အဖွဲ့က တောကြောင်ကို ထိအောင် မပစ်သေး။ သူ ကူးသွားသော မြောက်ထန်းပင် တောင်ဘက်ထန်းလက် ထန်းရွက်၊ ထန်းပလပ်ခွာအိုးများ ပစ်လှန့်ပေးသည်။
မြောက် ရွေ့ရွေ့ ရွေ့ရွေ့ ကူးသွားရာ ထန်းနှစ်ပင်သာ ကျန်တော့သည်။ တောင်မှ ပစ်နေသော ငတောအဖွဲ့ခေါ် အဖွဲ့ချင်း ကူးပူးလိုက်သည်။ မြောက်ဆုံးထန်းပင် တစ်ပင်ပေါ် တောကြောင်ကူးရေး ပစ်လှန့် လှန့်လှန့်ပေးရာ တောကြောင်ကြီး မြောက်ဆုံးထန်းပင်အပေါ်ရောက်သွားသည်။
ဟိုဘက်မှာ ကူးစရာ ထန်းပင်မရှိတော့။ အောက်မှ ပြုံအုံပစ်က မြေကြီးပေါ် ခုန်ချချင်ချ၊ ထန်းပင်ပေါ်မှာတင် အသေခံချင် အသေခံပေတော့၊ ပိတ်မိလိုက်ပြီ။
“ငကျင် မင်း ဘတ်ခွလွယ်အိတ် ငါ့ပေးစမ်း။ ငါက စပစ်ရင် တောကြောင်ကြီးကို ထိရာမှန်ရာ မိအောင်ပစ်။ ငါ့ဘက်တောင်ကို အန်ထွက်၊ လှန်ထွက်လာရင် မင်းတို့ကပါ ဝိုင်းပစ်၊ ငါကလည်း ပစ်မယ်။ ရမ်းသမ်းပစ်လို့ ငါ့မျက်လုံးမှန်ပြီး ငါကန်းဦးမယ်။ ငါက သူရောက်နေတဲ့ တောင်ဘက်က ထန်းပင်ပေါ်တက် သူ့ကိုပစ်မယ်။ မင်းတို့ကလည်း ပစ်။ ငါ စပစ်ပစ်ချင်း ဝိုင်းပစ်။ အဓိကကတော့ တောကြောင်ကြီး မြေကြီးပေါ် ခုန်ချဖို့ပဲ။ ကဲ ထန်းပင်ပေါ် ငါတက်ပြီး ငါ့ကို မီးတစ်လက်ထိုးပြ၊ ကျန်တာ တောကြောင်ကြီးကို စွတ်ထိုး၊ စုပြုံအုံပစ်”
ကိုကြီးချစ်ထွေးနှင့် အခြားတစ်ယောက်က တောင်ထန်းပင်ပေါ် တက်သူက တက်၊ အောက်ဘက်မှ မီးထိုးပြသူကပြနှင့် ကြောင်ပစ်ကွင်း ကို ရွေးချယ်ချိန်ဆသော်လည်း တိုက်ရိုက်ထိမှန်အောင် ပစ်ခွင့်မသာ။
ထန်းလက်၊ ထန်းရွက်၊ ထန်းခွာပလပ်အိုးများ ပတ်ပတ်လည်ဝိုင်းနေ၊ ရင်ပေါင်တန်း ပစ်နေရသောကြောင့် ပစ်ကွင်းမကောင်း။ သို့ရာတွင် တောကြောင်ကြီး တောင်ဘက် ပြန်လည်မထွက်စေရန် တားဆီးနိုင်ချက် က ထိရောက်သည်။
အောက်က ခွေးငါးကောင်အုပ်က ဝါးမလို စားမလိုဖြင့် ပတ်ချာလှည့်ပြေး၊ ကြောင်ကျအလာကို စောင့်နေသည်။
အောက်က ဘတ်ခွလေးစင်းက မီးရောင်အောက်ရှိသော ကြောင်ကြီးကို စုပြုံအုံပစ်နေရာ ငါးချက်တစ်ချက်၊ ခြောက်ချက်တစ်ချက်ထိမှန်လာရာ တောကြောင်ကြီး အထိနာနာလာရာက ထန်းပင်ပေါ် မနေဝံ့တော့။
တောင်ဘက် ပြန်လှည့်ထွက်ရန် ထန်းလက်ပေါ်နင်း၊ ထန်းရွက်ပေါ်အတက်၌ ကိုကြီးချစ်ထွေး ပစ်ကွင်းကောင်းရသွားပြီ။
တောကြောင်ကြီး ခေါင်းတည့်တည့် ချိန်ရွယ်ပစ်ခတ်လိုက်ရာ ဖျန်း ဝှီး ဖောင်းခနဲမြည်သံ၊ ခေါင်းမှန်၍ ထန်းရွက်ပေါ်မှ အောက်လိမ့်ကျ၊ မူးမိုက်ကျလာသော တောကြောင်ကြီးကို ခွေးငါးကောင်အုပ်က ထိုးစီး ဝိုင်းဝန်းကိုက်ခဲရာ တောကြောင်ကြီးမှ ပြန်လည်ကိုက်သည့်တိုင် ထိထိ ရောက်ရောက် ကိုက်ခွင့်မသာတော့။
ခွေးအုပ်အောက်၌ အသက်ပျောက်သွားသည်။
ငတောတို့အဖွဲ့မှ တောလိုက်ခွေးများကို ခြောက်လှန့်ထုတ်သည့်တိုင် သျှောင်စောင်းခွေးနှစ်ကောင်က မလွှတ်။ တစ်ကောင်က ကြောင်ကြီး၏ ဒူးခေါက်ကွေး(ဒကောက်ကွေး) ကိုက်ဖြတ်ထားသည်။ တစ်ကောင်က ကြောင်ကြီး လည်မျိုခဲထားသည်။
သျှောင်စောင်းက သူ့ခွေးနှစ်ကောင် ဓာတ်သိ၍ တစ်ကောင်ပြီးတစ်ကောင် ချော့မော့ မယူပွေ့ ထုတ်မှ အကိုက်ရပ်သည်။
ငတောတို့ ကြောင်လိုက်သမားတို့ ရရှိခဲ့သော ကြောင်မြင်းကြီးမှာ ဓား၊ လှံရိုး ထမ်းပိုးလုပ်၍ ထမ်းလာသည့်တိုင် အမြီးက မြေကြီးအိသည်အထိ ကြီးမှကြီး။
မီးရောင်ဝင်းထိန်နေအောင်ထိုး၍ ကြောင်လိုက်သမားတို့ အပြန်၌ စကားသံ ဆူဆူညံညံ။
ခွေးများ မြူးတူး ခုန်ပေါက်ဟောင်သံ တဝေါင်းဝေါင်း။
– ပြီး –
စာရေးသူ – တွင်းကြီးဝမ်းမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ