ဖိုးကျော့
တွေ့မြင်လို ရေးငယ်နှင့်
“ထွန်းမောင်ရယ် … ဟေး ထွန်းမောင်”
“ဟဲ့ – ဘယ်လူတုံး”
အချိန်မှာ ည ခုနစ်နာရီကျော်လောက် ရှိပေပြီ။ အိမ်ရှေ့မှ တစုံတယောက်သောသူက အကိုထွန်း မောင်အား လှမ်းခေါ်နေသဖြင့် အမေက လှမ်းမေး လိုက်၏။
“ကျွန်တော်ပါ ကြီးကြီး”
“ဟဲ့… ဘရင်လား””
“ဟုတ်ကဲ့”
“ဘာကိစ္စလဲ … ဝင်ခဲ့လေဟယ်”
ကိုဘရင်သည် အိမ်ထဲသို့ ဝင်လာ၏။
“ထွန်းမောင်ကော ကြီးကြီး”
ရေနံဆီမီးခွက်ရှေ့တွင် ဗိုင်းငင်နေသော အမေ့ကို မတ်တတ်ရပ်ကြည့်၍ ကိုဘရင်က ထပ်မေး၏။
“ညနေစာ စားပြီးကတည်းက အရှေ့ရွာဖက်ကို ထွက်သွားလေရဲ့။ ဖိုးချမ်းမြတို့အိမ် နေမှာပေါ့”
အရှေ့ရွာက ဖိုးချမ်းမြ ဒေါ်ငွေယုန်တို့၏သမီး မေလှိုင်နှင့် အကိုထွန်းမောင်တို့ ချစ်ကြိုက်နေကြသည်ကို သဘောမကျသော အမေက အကိုထွန်းမောင် အရှေ့ ရွာဖက်ကို ထွက်သွားသည်ဆိုကတည်းက ဖိုးချမ်းမြတို့အိမ်ကို သွားတာဖြစ်ရမည်ဟု အတပ်စွဲလိုက်သည်။
“နင်က ထွန်းမောင်ကို ဘာကိစ္စ ရှာတာလဲ”
“ဩော် … ကိစ္စအထူး မရှိပါဘူး ကြီးကြီးရယ်။ ပြင် သာလယ် သွားကြမလားလို့ပါ။ ဟိုတနေ့ကဘဲ ထွန်း မောင်ကို ကျွန်တော် သေသေချာချာမှာထားတယ်”
“ပြင်သာလယ်” သွားကြမလားလို့ပါဟု ဆိုခြင်းမှာ ဘင်္ဂလားကမ်းခြေကို ‘လိပ်ဥ’ လယ်ရှာသွားကြမည်ဟု အဓိပ္ပာယ်ရလေသည်။
ကျွန်တော်တို့ဆီက ပင်လယ်လိပ်တမျိုးကို “ပြင်သာ”ဟု ခေါ်၏။
“ပြင်သာလယ်” သွားကြမည်ဆိုသော ကိုဘရင်၏ စကားကို ကြားရမှ ကျွန် တော်က ကိုဘရင်ကို စူးစိုက်ကြည့်မိသည်။
ကိုဘရင်၏ ပခုံးပေါ်တွင် ပုဆိုးအပိုတထည်နှင့် သူ့ လက်တဖက်တွင် တလံနီးပါးရှည်သော သံချောင်းတချောင်းကို မြင်ရ၏။ ဤသည်မှာ ဘင်္ဂလားကမ်းခြေ လိပ်ဥရှာထွက်သူတို့၏ လက်နက်ကိုရိယာများပေတည်း။
“နင်က သေသေချာချာမှာထားပေမယ် ပြင်သာ လယ် သွားဖို့ကို ဘယ်သတိရနိုင်ပါ့မလဲ ဘရင်ရယ်။ နင်လဲ ကြားပြီးနေမှာပေါ့။ ခုတလော ထွန်းမောင်တို့ ညနေစာထမင်းကိုတောင် ဖြောင့်ဖြောင့်စားနိုင်လို့လားဟဲ့။ အားအားရှိ ဖိုးချမ်းမြတို့အိမ်ဘဲ သူ့စိတ်က လမိုင်းကပ်နေတာ။
ငါက အပြစ်ပြောတာ မဟုတ်ပါဘူး။ ဘုရားအလောင်း ဥဒေါင်းမင်းတောင် ညွတ်ကွင်း အမိခံရသေးတာဘဲ မှုတ်လား။
ဒါပေမယ့် ထွန်းမောင်တို့အဖြစ်က သဲ သဲလွန်းလို့ ပြောရတာ”
ကိုဘရင်သည် အမေ့အနား၌ ဝင်ထိုင်၏။ အမေ့ပြော စကားများကို နားထောင်ရန် မဟုတ်။ သူ့စိတ်သည် ဘင်္ဂလားမြစ်ကမ်းခြေသို့သာ ရောက်နေပေလိမ့်မည်။
“ခေတ်မကောင်း ကာလမကောင်းမှာ တရွာတကျေးကို အဖော်မပါဘဲ ညဉ့်အိပ်ညဥ့်နေ သွားလာတာ ဆင်ခြင်ပါသားရယ်လို့ ငါက အကောင်းပြောတာ၊ သူက ဘာပြန်ပြောတယ်မှတ်လဲ“
“ဘယ်ကိုသွားသွား အမေ့အပူ မပါဘူး၊ ကျုပ်ဘာသာကျုပ် ဘယ်မှာသေသေတဲ့”
“ကဲ နင်ဘဲ စဉ်းစားကြည့်စမ်း။ ငါက ဒင်းအတွက် စိုးရိမ်လို့ပြောတာကို သွားတာ ကြိုက်လို့ ပြောတယ်ထင်ပြီး စိတ်ဆိုးသွားတယ်။
မိဖစကား မိဖမေတ္တာဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာ နဲနဲလေးမှ တန်ဖိုးထားရမှန်း သိတာမဟုတ်ဘူး။ ဒင်းတို့ သားသမီးရမှ သိမယ်။
မိုးတွင်းက အနောက်ရွာကိုယ်တော်လေး အဇာတသတ်ဇာတ်တော် ဟောပြသွားတာ နင် မှတ်မိတယ်မှုတ်လား”
“ဟုတ်ကဲ့ မှတ်မိပါတယ်”
အမေ့စကားကို အားနာပါးနာနှင့် ကိုဘရင်က အင်းလိုက်နေရသည်။ အမေ့စကားကလည်း မဆုံးသေး။
“လူကို မပြောနဲ့ ၊ တိရစ္ဆာန်များမှာတောင် သား သမီး အပေါ်မှာ မိဖမေတ္တာဟာ ဘယ်လိုရှိတယ်၊ ဘယ်လောက်ကြီးမားတယ်ဆိုတာ နင်လဲ ကြားဘူးမှာပေါ့။ အောက်ချင်းငှက်တို့ဆို….””
“ဟုတ်ကဲ့ ကြီးကြီး … ဟုတ်ကဲ့ ကြားဘူးပါတယ်။ ကြီးကြီးပြောသလိုဆိုရင် ထွန်းမောင် ဒီညနေ ပြန်ရောက်မှာ မဟုတ်တော့ဘူး။ ကျွန်တော် ဖိုးထောင်ကို ခေါ်သွားပါရစေ။ အချိန်လင့်နေပြီ”
အမေ စကားကြောရှည်နေသည်ကို အောင့်အည်းနားထောင်နေရန် အချိန်မရှိတော့ပြီဖြစ်သဖြင့် ကိုဘ ရင်သည် အမေ့စကားကို ကြားဝင်ဖြတ်ပြောကာ နေ ရာမှ ထသည်။
ကိုဘရင်နှင့် ဘင်္ဂလားကမ်းခြေသို့ လိပ်ဥရှာ လိုက်ရမည်ဆိုသဖြင့် ကျွန်တော်ကလည်း ဝမ်းသာသည်။
“အေး… အေး… ခေါ်သွား… ခေါ်သွား။ အဲဒီမှာလဲ တကောင်ရှိသေး။ မိဖစကားဆို နဲနဲပါးပါးမှ နား ထောင်ရမှန်း သိတာမဟုတ်ဘူး။ ဒို့မျိုးရိုးမှာ ဒီလို ဟာ ….”
အမေ့စကားမဆုံးခင်ပင် ကျွန်တော်နှင့် ကိုဘရင် အိမ်ပြင်သို့ ရောက်နေကြလေပြီ။
ကျွန်တော်သည် အသက် ၁၂-နှစ်သာ ရှိသေးသော ကလေးတယောက်မို့ ယခင်က ဘင်္ဂလားကမ်းခြေသို့ လိပ်ဥလယ်ရှာရန် လူကြီးတွေနှင့် တခါမျှ မလိုက်ဖူး မသွားဖူးချေ။ ယခု ကိုဘရင်နှင့် လိုက်လာသည်မှာ ပထမဦးဆုံးဖြစ်သည်။ ထို့ကြောင့် ကိုဘရင်နှင့် လိပ်ဥရှာလိုက်လာရသည်ကို စိတ်ထဲက အတိုင်းမသိ ပျော်နေမိ၏။
ကိုဘရင်ကတော့ သေသေချာချာ မှာထားလျက်နှင့် ကတိဖျက်သွားသော အကိုထွန်းမောင်ကိုသာ တဖြစ်တောက်တောက် မြည်တွန်လာသည်။
အကိုထွန်းမောင် မရှိ၍သာ ကျွန်တော့်အား အ ဖေါ်အလှော်အဖြစ် ခေါ်လာရသော်လည်း ကိုဘရင် သည် ကျွန်တော့်အား လုံးဝ ကျေနပ်စိတ်ချပုံမရပေ။
များသောအားဖြင့် ဘင်္ဂလားကမ်းခြေသူ အကာလ ညအချိန်၌ လိပ်ဥရှာထွက်ကြသူတွေမှာ စိတ်တူကိုယ်တူ လူကြီးများသာ ဖြစ်ကြသည်။
ဤလို တန်ဆောင်မုန်း၊ နတ္တော်လများတွင် လိပ်ဥရှာသမားများသည် ဘင်္ဂလားပင်လယ်ကမ်းခြေတွင် ခြေချင်းလိမ်နေတတ်ကြသည်။ တခါတခါ လိပ်ဥ လယ်ရှာသူအချင်းချင်း လိပ်ဥလုရှင်း ဓားထိုးမှု၊ ရိုက်မှုအထိပင် သွေးထွက်သံယို ဖြစ်တတ်ကြသည်။
ထို့ကြောင့်လည်း ကျွန်တော့်လို ကလေးငယ်တယောက်နှင့် ဘင်္ဂလားကမ်းခြေသို့ လိပ်ဥရှာထွက်သာရသည်ကို ကိုဘရင် စိတ်မချဖြစ်မည်ဆိုကလည်း ဖြစ်စရာပင်။
အကယ်၍ လိပ်ဥလုကြရင်း အရေးအခင်း တစုံတရာဖြစ်ချေက ကျွန်တော့်လို ခလေးတယောက်ကို အဘယ်မှာ အားကိုးရပါမည်နည်း။
သို့သော် အကိုထွန်းမောင် ပေါ်မလာ၍ သူ တယောက်တည်း လိပ်ဥရှာထွက်လာရသည်နှင့်စာသော် ကျွန်တော်တယောက် ပါလာရသည်မှာ သူ့အတွက် အနည်းငယ်သော အထောက်အကူကိုတော့ ရနိုင်တန်ရာ၏ ဟူသော သဘောနှင့် ကိုဘရင်က ကျွန် တော့်အား မခေါ်ချင့် ခေါ်ချင်နှင့် ခေါ် လာခဲ့ခြင်း ဖြစ်သည်။
တယောက်သွားသော် လူသေ၊ နှစ်ယောက်သွား တော့ လူရှင်ဆိုသည် မဟုတ်ပါလား။
သုံးယောက်ပေါင်းလျှင် လောင်းပင်ကျော်သည်ဟူသော မြန်မာတို့၏ ဆိုရိုးစကား။
xxx xxx xxx
လ,မထွက်သေးသဖြင့် မည်းနက်သော မိုးကမ္ဗလာ ထက်ဝယ် ငွေကြယ်ပွင့်ကလေးများက တလက်လက်တောက်ပနေကြသည်။ ဘော်ရောင်ဆမ်းထားသော ကောင်းကင်မှ နဂါးငွေ့တန်းဖြူဖြူဖွေးသည် မြစ်ရေထဲသို့ တန်းတန်းမတ်မတ် ထိုးကျနေ၏။ မြစ်ရေပြင်မှာ အမှောင်ထဲ၌ လှိုင်းတန်း ရေပန်းတို့ပွင့်၍ ပနာတင့်နေ၏။
ကိုဘရင်နှင့် ကျွန်တော်သည် လိပ်ဥရှာရန် ဘင်္ဂလားကမ်းခြေအတိုင်း လျှောက်လာနေကြသည်။ ရေ စပ်နှင့် သဲသောင်ကြားတွင် ထီးထီးမားမားရပ်တည် နေကြသော ကျောက်ဆောင် ကျောက်ချွန်း ကျောက် တန်းများကို ဝေးဝေးက လှမ်းမြင်နေရသည်မှာ အမှောင်ထဲ၌ စိတ်ချောက်ချားစရာပင်။
တဝေါဝေါ အော်မြည်နေကြသော လှိုင်းခေါင်းဖြူများ၏ အသံမှာ ကျောက်ဆောင် ကျောက်ချွန်း ကျောက်တန်းများ၏ အော်ညည်းနေကြသံလားဟုပင် ထင်ရသည်။
“ဖိုးထောင် လ,လဲ မထွက်သေးဘူး။ ဒို့ ဒီမှာ ခဏနားကြမယ်ကွာ”
ကိုဘရင်သည် ပြောပြောဆိုဆိုနှင့် ကျောက်တန်း ဖျား သဲသောင်ပေါ်တွင် ထိုင်ချလိုက်သည်။ ကျွန်တော်ကလည်း သူ့အနားတွင် ခြေပစ်လက်ပစ် ထိုင် ချလိုက်၏။
ကိုဘရင်သည် ကျောက်ချွန်းတခုကို မှီကာ ပင်လယ်ပြင်ထဲ ငေးမောကြည့်နေ၏။
ပင်လယ်ကမ်းဘက်ရှိ ကျောက်ဆောင် ကျောက်တန်းများကို လှိုင်းခေါင်းဖြူတို့က တဝေါဝေါ တိုက်ခတ်နေကြသည်။ တချက်တချက်တွင် ကျောက်ဆောင် ကျောက်တန်းများကို ကျော်တက်လာသော ရေပေါက်ရေစက်တို့မှာ ကျွန်တော်တို့ကိုယ်ပေါ်သို့ပင် စဉ်ကျလာတတ်သည်။ ဒီရေတက်လာပြီဆိုသော အထိမ်းအမှတ်ပင်။
လိပ်ဥရှာရန် (ပြင်သာလယ်) လျှောက်လာနေကြ သော လူရိပ်မဲမဲများသည် ကျွန်တော်တို့အနားမှ ဖြတ်ကျော်သွားတတ်ကြသည်။ ကျွန်တော်တို့ ဘက်သို့ လာနေကြသော လိပ်ဥရှာသမားများဆီမှ ဆေးလိပ်မီး ရဲရဲများကိုလည်း အဝေးကပင် လှမ်းမြင်နေရ၏။
ဤရာသီ ဤကာလတွင် ဘင်္ဂလားပင်လယ်ပြင်သို့ လိပ်ဥရှာထွက်ကြသူတွေမှာ ဒုနှင့်ဒေး မဟုတ်ပါလား။
လ,ထွက်လာသောအခါ ကိုဘရင်နှင့် ကျွန်တော်တို့မှာ ရှေ့သို့ ခရီးတထောက် လျှောက်ထွက်လာကြ ပြန်သည်။ အတန်ကြာ သွားမိကြသောအခါ လိပ်ဥ ရ၍ ပြန်လာကြသူများ၊ လုံးဝမရကြသေးဘဲ လျှောက်ရှာတုန်းပင် ရှိသေးသော လူများကို ကမ်းခြေတ လျှောက်၌ မကြာမကြာ တွေ့ရသည်။
လရောင်ရှိသည်ဟု ဆိုသော်လည်း လဆုတ်လမှာ တောက်တောက်ပပ မရှိသဖြင့် ခပ်လှမ်းလှမ်းမှ သွားလာနေကြသူများကို မည်သူမည်ဝါဟု ခွဲခြားမသိရပေ။ တယောက်နှင့် တယောက် ခေါ်ခေါ် ပြောပြောလည်း မလုပ်ကြ။ ကိုယ့်လူနှင့်ကိုယ် တိုးတိုးတိတ်တိတ် ပင်လယ်ထဲမှ လိပ်တက်အုမည်ထင်ရသော သဲသောင် ချိုင့် ချောင် များကိုသာ တိုင်ပင်နှီးနှော၍ သွားလာနေကြသည်။
ညမှာ တဖြည်းဖြည်း နက်ရှိုင်းလာသည်၊ ကျွန်တော် စိတ်ပျက်စပြုလာပေပြီ။ ခရီးမှာလည်း ခေါ်ထူးရွာအောက်သို့ပင် ရောက်လာကြပြီး ဖြစ်၏။
သို့သော် လိပ်ဥဆို၍ကား တလုံးတလေမျှ မရကြသေး။ သလောက်ခရီးမှာ“ကောင်ပိုင်” မရသည့်တိုင် “ကောင်ဖို့” တော့ ရသင့်ပြီဟု ထင်သည်။
ထို့ကြောင့် ကျွန်တော်သာမဟုတ်။ ကိုဘရင်ကပါ စိတ်ပျက်လာပြီးဖြစ်သည်။
“ကောင်ပိုင်” ဆိုသည်မှာ ပင်လယ်ရေထဲမှ လိပ်မကြီး တက်လာသည်ကို ဦးစွာမြင်ရ၍ သဲသောင်ပြင်တွင် လိပ်မကြီးက ကျင်းရက်အုသည်အထိ စောင့်ကြည့်ကာ လိပ်ဥတကျင်းလုံး ရယူခြင်းကိုဆိုသည်။
“ကောင်ဖို့” ဆိုသည်မှာ သူတပါး စောင့်ကြည့်နေသောလိပ်သည် သဲသောင်ပေါ်တက်၍ ကျင်းရက်အထားခဲ့ပြီး စောင့်ကြည့်နေသူများ လိပ်ဥဖေါ်ယူနေကြစဉ် ထိုနေရာသို့ မမြှော်လင့်ဘဲ ရောက်သွားမိ၍ အနည်းအကျဉ်း ဝေစုအဖြစ် ရလိုက်ခြင်းကို ဆိုသည်။
နှစ်ယောက်အတူမြင်၍ စောင့်ကြည့်နေကြခြင်း တူပါက ညီတူမျှတူ ယူကြရသည်။
ဤဥပမာအရ တစုံတယောက်သောသူသည် ပင် လယ်ထဲမှ လိပ်မကြီးတကောင် တက်လာသည်ကို ဦး စွာမြင်တွေ့ရ၍ လိပ်မကြီး အုသည်အထိ စောင့်ကြည့်ကာ လိပ်ဥများ ယူနေချိန်တွင် နောက်လူများ ထိုနေရာသို့ ရောက်လာပါက ဘယ်နှစ်ယောက်ပင် ရောက်လာ ရောက်လာ ထိုလူများကို လိပ်ကျင်းထဲ၌ ကျန်ရှိနေသမျှ လိပ်ဥများကို ဝေစုအဖြစ် ပေးရ၏။
ထုပ်ပိုးပြီးသား လိပ်ဥများကိုမူ နောက်လူများ လာနေကြသည်ကို မြင်ကတည်းကပင် ပေ၅၀-၁ဝဝ ဝေးသောနေရာသို့ ပြောင်းရွှေ့ထားရ၏။
ထိုသို့ ပြောင်းရွှေ့မထားဘဲ လိပ်ကျင်းနားတွင် လိပ်ဥအထုပ်ကို ထားရှိပါက တခြားမှ ပါလာသော လိပ်ဥများကိုပါ ထိုကျင်းထဲကရသော လိပ်ဥလိပ်များဟုထင်ပြီး နောက်ရောက်လာသူများနှင့် စကားများ ရန်ဖြစ်တတ်ကြသည်။ ဤသည်မှာ လိပ်ဥရှာသမားများ၏ စည်းကမ်း ဥပဒေသ ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်တို့ဒေသတွင် လိပ်ဥရှာထွက် ပါက လိပ်ဥရှာ စည်းကမ်းဥပဒေကို နားလည်ထားရ
ပေသည်။ စည်းကမ်းဥပဒေကို နားမလည်လျှင် တခြားတနေရာမှ ရလာသော မိမိတို့ပိုင် လိပ်ဥများ သည်ပင် အများပိုင် ဖြစ်သွားတတ်လေသည်။
ကျွန်တော်တို့ ကမ်းရိုးတန်းတလျှောက်ရှိ ရွာများမှ လူများသည် လိပ်အုချိန် ၊ လိပ်ပေါက်ချိန်များ၌ လိပ်သားကို မစားကြချေ။ လိပ်များ၏ အသားသည် အုချိန် ပေါက်ချိန်များ၌ လုံးဝ မစားကောင်းဟု ဆိုသည်။
ထို့ကြောင့် လိပ်ကျွန်းမှာလို အုသောလိပ်များ သတ်စားလျှင် လိပ်သောင်အင်း ဥပဒေပုဒ်မ ၁၃ (ခ) (ဂ) အရ ဖမ်းဆီးအရေးယူသူ မရှိသော်လည်း ပင်လယ်လိပ်များကို သတ်မစားကြချေ။
“ကဲ ဖိုးထောင် ဒီနေ့ မင်းပါလို့ နတ်မလိုက်ဘူးကွ။ ခါတိုင်းဆိုရင် ဒီနေရာတဝိုက်မှာ လိပ်ဥတွေ ဒို့ ရနေကျဘဲ။ ဒီနေ့တော့ ကောင်ပိုင် ကောင်ဖို့ မပြောနဲ့ ။ ဟင်းစားတောင် သူများဆီက မရဘူး။ လာ … လာ ပြန်မယ်”
ကိုဘရင်က ကျွန်တော်ပါလာသဖြင့် နတ်မလိုက်၍ လိပ်ဥမရဟု ကျွန်တော်ကိုသာ ပြစ်တင်စကားဆို သော်လည်း လိပ်ဥရှာရန် ဘင်္ဂလားပင်လယ်ပြင်သို့ တခါမှ မလိုက်ဘူးသော ကျွန်တော့်မှာ စိတ်ထဲက မကျေမနပ် ဖြစ်မိသော်လည်း ကိုဘခင်ကိုကား ပြန် မပြောရဲပေ။ သူက ပြန်မည်ဆိုတော့လည်း သူ့နောက်ကိုသာ တကောက်ကောက် လိုက်ပါလာရသည်။
အချိန်မှာ သန်ကောင်ကျော်ပြီမို့ ဘင်္ဂလားကမ်းခြေ၌ လိပ်ဥရှာသူများကို ညဦးပိုင်းကလို ဥဒဟိုမတွေ့ရတော့။ လိပ်ဥရှာသူများသည် မိမိတို့ရွာများသို့ အလျှိုအလျှို ပြန်တက်သွားကြပြီ ဖြစ်လေသည်။
ကျွန်တော်တို့ လာစဉ်က ထိုင်၍ နားနေခဲ့ကြသော ကျောက်ဆောင် ကျောက်တန်းတို့မှာ ဒီလှိုင်းတွေ ဖုံးလွှမ်းနေပြီ ဖြစ်သဖြင့် အစအနပင် မမြင်ရတော့။ ကမ်းခြေမှာ ဖြောင့်ဖြူး၍ မျက်စိတဆုံး မိုးတဆုံး ဖြစ်နေ၏။
သည်လိုနှင့်ပင် ကိုဘရင်နှင့် ကျွန်တော်တို့သည် “တာဝတိန်သာချိုင်” ဟု ခေါ်သော ကမ်းခြေကွေ့ ချိုင်တခုသို့ ရောက်လာကြ၏။
တာဝတိန်သာချိုင်မှာ ယခုအခါ သဲသောင်ပြင်ကြီး ဖြစ်နေ၏။ လှိုင်းလေငြိမ်၍ နောက်ထပ် သတင်း တပတ်နှစ်ပတ်ကြာလျှင်တော့ ဤနေရာ၌ တံငါတဲများ အစီအရီ ပေါ်လာကြဘော့မည်။ ထိုအထဲတွင် ကျွန်တော်တို့တဲလည်း ပါမည်။
ပင်လယ်ထဲထွက်၍ ငါးမန်းကြီးများ သွားမျှားကြရန် လှေတွေ ဆိုက်ထားသည်ကိုလည်း တွေ့ရမည်။ ယခုတော့ ရာသီမရောက်တတ်သေး၍ တံငါတဲနှင့် လှေ စသည်တို့မှာ တာဝတိန်သာချိုင်၌ ဆိတ်သုဉ်းနေကြသေး၏။
တုံ့ကနဲရပ်သွားသော ကိုဘရင်၏ ခြေလှမ်းနှင့်အတူ ကျွန်တော့်ခြေလှမ်းကလည်း တုံ့ကနဲ ရပ်သွားမိ၏။ ကိုဘရင်၏ မျက်လုံးအစုံက ရှေ့တူရူသို့ စူးစူးစိုက်စိုက် ကြည့်နေပြီး ဖြစ်လေသည်။
ကျွန်တော် ရှေ့သို့ လှမ်းကြည့်လိုက်သောအခါ ပေ ၁၀၀-ကျော်ဝေးသော လရောင်အောက် သဲသောင်ပေါ်သို့ လူကြီး ၂-ယောက်ဖက်လောက်ပင် ရှိသော ဝိုင်းဝိုင်းမဲမဲ အရာဝတ္ထုတခု တရွေ့ရွေ့ တွားတက်နေသည်ကို မြင်ရ၏။
“ကို…. ကိုဘရင် အဲ့ဒါ ဘာလဲဟင်”
ဤမျှ ကြီးမားသော ပင်လယ်လိပ်ကို တခါမျှ မမြင် ဘူးသော ကျွန်တော်က အလန့်တကြား မေးလိုက်မိ၏။
“လိပ် … လိပ်”
“လိပ်”
အံ့သြဝမ်းသာလွန်း၍ ကျွန်တော့်အသံက ကျယ် လောင်သွားသည်။
“မအော်နဲ့ကွ။ အသာကြည့်နေရတယ်”
ကိုဘရင်နှင့် ကျွန်တော်တို့သည် သဲသောင်ပြင်ပေါ်၌ ဝမ်းလျားထိုးမှောက်၍ တအိအိ တက်လာနေသော လိပ်မကြီးကို စောင့်ကြည့်နေကြသည်။
ရေထဲမှတက်လာသော လိပ်မကြီးသည် မြစ်ရေဒီလှိုင်းတို့ တက်ရောက်ရာနှင့် ပေ ၁၀၀-နီးပါးအဝေးထိ သဲသောင်ပေါ်သို့ တွားတက်သွား၏။
ကျွန်တော်နှင့် ကိုဘရင်ကလည်း လိပ်မကြီးနည်းတူ မိကျောင်းတွား တက်၍ လိပ်မကြီး၏ မနီးမဝေးသို့ တက်လိုက်လာကြသည်။ ထိုသို့ တက်လာခြင်းမှာ မတော်တဆ ဤအချိန်၌ အခြား လိပ်ဥရှာသူများ မမြှော်လင့်ဘဲ ရောက်လာကြချေက ဤလိပ်မကို ကျွန် တော်တို့က ဦးစွာမြင်၍ စောင့်ကြည့်နေကြကြောင်း ပိုမိုထင်ရှားစေရန် ဖြစ်သည်။
လိပ်မကြီး သဲသောင်ထဲတွင် နစ်မြုပ်သွားသောအခါ သဲမှုန် သဲပွင့်များမှာ ကျစ်စာများအဖြစ် အပေါ် သို့ လွင့်တက်လာကြသည်။ လိပ်မကြီး ဥများအုရန် ကျင်းယက်နေပြီဖြစ်ကြောင်း ကိုဘရင်က အတပ်ပြော၏။
သူက အတွေအကြုံရှိသူမို့ သိနှင့်ပေပြီ။ မကြာခင်ပင် သဲမှုန်သဲပွင့်များ အပေါ် လွှင့်တက်မလာတော့ဘဲ စဲသွားသည်။ လိပ်မကြီး ဥများ အုနေပြီတည်း။
အုပြီးသော လိပ်မသည် သူ့ကျင်းသူပြန်၍ သဲတွေ နှင့် ယက်ဖုံး၏။ ပြီးလျှင် သူ့အုကျင်းအနားတဝိုက်ရှိ သဲသောင်ပြင်ကိုလည်း ပတ်ချာလှည့်၍ ယက်ကန်ကစားနေသေး၏။
သူလှည့်ပတ်ယက်ကန်၍ သဲများဖွထားခဲ့သော နေရာမှာ သလင်းရာတဝမ်းလောက် အကျယ်အဝန်းရှိသည်။ ဤသည်မှာ သူ၏ဥကို ရှာဖွေယူလိုကြသော ရန်သူများ ဥကျင်းကို ရှာမတွေ့အောင်ဟူသော သဘာဝအသိနှင့် ကျင်းဖျောက်နေခြင်း ဖြစ်သည်။
ကျင်းဖျောက် ယက်ကန် ကစားပြီးသောအခါ လိပ်မကြီးသည် သူ့ဥများကို စိတ်မချသလို ခေါင်းမော့်၍
အရပ်လေးမျက်နှာ၌ လူသူလေးပါး ရှိ မရှိကို ကျီးကန်းတောင်းမှောက် လှည့်ပတ်၍ ကြည့်သေး၏။
ပြီးမှ ပင်လယ်လှိုင်းရေစပ်သို့ တအိအိလျောဆင်း၍ ပျောက်ကွယ်သွားလေသည်။
လိပ်မကြီး ပင်လယ်ထဲမှတက်လာစဉ်ကပင် လိုက်လံချောင်းကြည့်နေကြသော ကျွန်တော်တို့မှာ လွယ်လွယ်နှင့်ပင် လိပ်ဥများကို သဲသောင်ထဲမှ ဖော်ယူနေကြသည်။
အကယ်၍ လိပ်မကြီးတက်လာသည်ကိုလည်း မမြင်လိုက်ရ၊ ဥထားခဲ့သော ဥကျင်းနေရာကိုလည်း အတိအကျ မသိရဘဲ လိပ်မကြီး ပင်လယ်ထဲ ဆင်းသွားပြီးမှ ဤနေရာသို့ ရောက်လာချေက လိပ်မကြီး ကျင်းဖျောက်ယက်ကစားသွားသော သလင်းရာတဝှန်းလောက်ရှိသော သဲသောင်ပေါ်တွင် လိပ်ဥကျင်းကို သံချောင်းနှင့်ထိုး၍ လှည့်ပတ်ရှာဖွေရမည်။
လိပ်ဥကျင်း၌ လိပ်ဥများကို သဲထဲမှာ ထိုးမိ ထိမိပြီဆိုရင် ပျော့စိစိတွေ့ရ၏။
ထိုအခါ သဲထဲမှ သံချောင်းကိုနှုတ်၍ သံချောင်းဖျားကို နမ်းကြည့်ရသည်။ လိပ်ဥများကို ထိုးမိပါက အကျိ အချွဲနှင့် ညှီဟောက်သော အနံ့ကို ရသည်။
ထို့ကြောင့် လိပ်ဥရှာသမားများတွင် တလံနီးပါးရှည်သော သံချောင်းတချောင်း အမြဲပါရလေသည်။
ကျွန်တော်တို့ ဖော်ယူနေကြသော လိပ်ဥတွေမှာ ပြင်သာလိပ်ဥဟု ကိုဘရင်က ပြောသည်။
ကျွန်တော်တို့ဆီ၌ ပင်လယ်လိပ်ကြီးများကို ခွဲခြား၍ ခေါ်လေ့ရှိ၏။ ပြ၊ ဆောက်ရမ်း၊ ကြက်တူရွေး၊ ပြင်သာ ဟူ၍ လိပ် လေးမျိုးလေးစားရှိသည်။
ပြနှင့် ဆောက်ရမ်းဆိုသော အကောင်ကြီး ဥကြီး၍ အလုံးရေနည်းသည်။
ကြက်တူရွေးလိပ်နှင့် ပြင်သာတို့မှာ ဥသေး၍ အလုံးရေများသည်။
ကြက်တူရွေးလိပ်မှာ အခွံကို ဘီးလုပ်ရသော လိပ်ဖြစ်သည်။
ဆောက်ရမ်းနှင့် ပြ တို့မှာ အလုံးရေ ၇၀ မှ ၁၀၀ ထိ ဥတတ်ကြသည်။
ပြင်သာနှင့် ကြက်တူရွေးလိပ်တို့မှာ ၁၅၀ မှ ၂၀၀ ကျော် ၃၀၀ ထိ ဥတတ်ကြသည်။
ကြက်တူရွေးနှင့် ပြင်သာတို့၏ ဥမှာ အကျိအချွဲနည်းပီး အနှစ်များသည် စား၍ အလွန်အရသာရှိ၏။ ထို့ကြောင့် ကြက်တူရွေးနှင့် ပြင်သာဥတို့မှာ ဈေးကောင်းသည်။ ရှားလည်း ရှားပါးသည်။
ကိုဘရင် ဖြန့်ခင်းထားသော ပုဆိုးပေါ် လိပ်ဥများကို ကျွန်တော်က ဝမ်းသာအားရနှင့် ကောက်ထည့်နေသည်။ ကိုဘရင်ကလည်း ကျွန်တော့်နည်းတူပင်ဖြစ်၏။
ကျွန်တော်တို့ လိပ်ဥဖော်ယူနေကြချိန်တွင် တခြားလိပ်ဥရှာသူများ ရောက်လာကြလေမလားဟူသော စိုးရိမ်ကြောင့်ကြစိတ်နှင့် ဘေးပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်ကြည့်ရသေး၏။
“ဟိုက်…. ဟိုမှာလူတွေလာနေတယ်။ မြန်မြန်ထည့် ကွနော်”
ကိုဘရင်က လူတွေလာနေသည်ဆိုသဖြင့် ကျွန် တော့်ရင်ထဲမှာ ထိတ်သွားသည်။ ထို့ကြောင့် လိပ် ကျင်းထဲမှ လိပ်ဥများကို သလဲပါမကျန် အရောရော အနှောနှော ပုဆိုးထဲသို့ လက်ခုပ်နှင့် ကျုံးထည့်ရ၏။
ကျွန်တော် လှမ်းကြည့်လိုက်သောအခါ လိပ်ဥရှာသမားနှစ်ယောက်မှာ ကျွန်တော်တို့နှင့် ကိုက် ၁ဝဝ- ကျော်လောက်သာ ဝေးတော့သည်။ လရောင်ထဲ၌ မဲမဲအရိပ်နှစ်ခုက တဖြည်းဖြည်း နီးလာသည်။
“ဖိုးထောင် ဒီလိပ်ဥတွေကို ငါ နေရာရွှေ့ထားလိုက်မယ်။ ကျန်တဲ့လိပ်ဥတွေကို ဟိုလူတွေ ဒီနားမရောက်ခင် ရနိုင်သလောက် မင်း ကျုံးယူလာခဲ့”
ကိုဘရင်သည် ပြောပြောဆိုဆိုနှင့် လိပ်ဥပုဆိုး ထုပ်ကို ဆွဲမကာ လိပ်ကျင်းနှင့် ကိုက် ၁၀၀-နီးပါး အဝေးသို့ ပြေးသွား၏။ ဤသည်မှာ လိပ်ဥရှာသူများ စည်းကမ်းဥပဒေအရ နောက်ရောက်လာသူများအား လိပ်ဥဝေစုအဖြစ် ပေးရမည်ကို စိုးသဖြင့် နေရာရွှေ့ရခြင်းဖြစ်သည်။
ကျွန်တော်သည် ကျင်းထဲ၌ ကျန်နေသေးသော လိပ်ဥများကို ပုဆိုးနှင့်ထုပ်ကာ ကိုဘရင်နောက်သို့ ပြေးလိုက်လာသည်။ ကိုဘရင်သည် ကျွန်တော့်အား ကြောင်ပန်းချုံ့နားက ရပ်စောင့်နေသည်။
“ဟေး … ဟေး … မပြေးနဲ့လေ။ ဟင်းစားလေး ဘာလေး ပေးခဲ့ပါအုံး”
နောက်ရောက်လာသူများက ကျွန်တော့်ကို မြင်သွားသဖြင့် လှမ်းအော်ကြသည်။
မတတ်သာသဖြင့် ထိုလူများကို ဟင်းစားအဖြစ် တယောက် လေး ငါး ခြောက်ဥကျစီ ပေးလိုက်ရသည်။
ယနေ့အဖို့ သူတို့သည် ဟင်းစားပင် မရခဲ့ကြသေးဟု ဆို၏။
သို့သော် သူတို့ကို ဟင်းစားပေးရ၍ ကျွန်တော်တို့က ဝမ်းမနည်း။ ကျွန်တော်တို့ ပုဆိုးကွင်း လွယ်အိတ်ထဲတွင် လိပ်ဥ ၂ဝဝ-ကျော် ကျန်ပါသေးသည်။
“ဖိုးထောင် … မင်း ကျင်းစောင့်တော့ ထားခဲ့ရဲ့ မှုတ်လား”
“ဘာကျင်းစောင့်လဲဗျ”
ကိုဘရင်စကားကို ကျွန်တော်က နားမလည်သဖြင့် ပြန်မေးရသည်။
“ဟ … ဘာကျင်းစောင့်ရမှာလဲ။ လိပ်ကျင်းထဲမှာ ကျင်းစောင့်အဖြစ် လိပ်ဥ သုံးလေးလုံး ထားခဲ့ရဲ့လား လို့ မေးတာကွ”
ကိုဘရင်စကားကို ကြားရသောအခါ ကျွန်တော် တွေဝေသွားမိသည်။ သို့သော် “မထားမိခဲ့ဘူး”ဟု ဆိုလျှင် ကိုဘရင် ဆူနေမှာစိုး၍
“ဪ … ဒါကိုမေးတာလားအကို။ ဟုတ်ကဲ့ … ထားခဲ့ပါတယ်”
ဟု လိမ်ပြောလိုက်ရ၏။
အမှန်က လိပ်ဥကျင်းထဲ၌ လိပ်ဥသုံးလေးလုံးကို ကျွန်တော် ချန်မထားမိခဲ့သည်မှာ အမှန်ပင်။ ဤသို့ ချန်ထားခဲ့ရကောင်းမှန်းလည်း ကျွန်တော်က မသိ။
လိပ်ကျင်းထဲ၌ ကျင်းစောင့်အဖြစ် လိပ်ဥချန်မထားခဲ့မိလျှင် မည်ကဲ့သို့ အကျိုးအပြစ်ရှိသည်ကိုလည်း ကျွန်တော်က နားမလည်။
ထို့ကြောင့် ကျင်းစောင့်အဖြစ် ကျွန်တော်က ချန်မထားခဲ့ခြင်း ဖြစ်လေသည်။
လိပ်တမရ၍ လိပ်ဥ ၂ ဝဝ-ကျော် ရလာခဲ့ကြသော ကိုဘရင်နှင့် ကျွန်တော်တို့မှာ ရွာအပြန် အိမ်အပြန်၌ ခြေထောက် မြေသို့ကျသည်ကိုပင် သတိမရနိုင်လောက်အောင် ပျော်မြူး၍ လာကြသည်။
xxx xxx xxx
ရာသီမှာ ပြာရီရီ မှိုင်းပျပျနှင့် လှိုင်းတို့ လေတို့သည်လည်း ငြိမ်သက်စပြုပေပြီ။
ထို့ကြောင့်လည်း ဘင်္ဂလားပင်လယ်ကမ်းခြေဝယ် တံငါလှေ တံငါတဲတို့ အစီအရီ နေရာယူထားကြပြီးဖြစ်သည်။
ထိုအထဲတွင် ကျွန်တော်တို့တဲနှင့် လှေသည်လည်း ပါဝင်၏။ ကျွန်တော်တို့ သားအဖသုံးယောက် ဘင်္ဂလားပင်လယ်ကမ်းခြေသို့ ရောက်နေကြသည်မှာ သတင်းတပတ် ကျော်သွားပြီဖြစ်သည်။
ကျွန်တော်သည် ပြာလွင်သော မိုးကုတ်စက်ဝိုင်းနှင့် တသားထဲ တပြင်ထဲ ထိကပ်နေသော ဘင်္ဂလား ပင်လယ်ရေပြင်ကြီးကို ငေးကြည့်ကာ အဖေနှင့် အကိုထွန်းမောင်တို့ ပြန်လာကြမည့် လှေရွက်ဖြူဖြူလေးကို မျှော်ငေးနေမိ၏။
လှေတစင်း ထိုးဆိုက်လာတိုင်း အဖေတို့လှေလားဟု လှမ်းလှမ်း ကြည့်ရသည်မှာလည်း အမောပင်။
တဲနောက်ဖက်တွင် ငါးမန်းခြောက်များ နေလှန်းထားသဖြင့် တဲနှင့်ဝေးဝေးသို့လည်း မသွားရဲ။
ရွာမှ ထမင်းပို့လာမည်ဖြစ်သော အမေသည်လည်း ယနေ့မှ အချိန်နောက်ကျနေသည်ဟု စိတ်ထဲက ထင်နေမိသည်။
နံနက်တိုင်း ထမင်းပို့လာနေကျဖြစ်သော အမေသည် မကြာခင်ပင် ထမင်းပို့ ရောက်လာ၏။ အမေ့ခေါင်းပေါ်က ထမင်းတောင်းကို ကျွန်တော်က လှမ်းယူရသည်။
အမေက ခေါင်းခု ကညွတ်ခွေနှင့် မျက်နှာကို ချွေးသုတ်ရင်း…”
“မောင်ဖိုးထောင် … ဟိုအနားက ကျောက်ဆောင်ခြေရင်း သဲသောင်ပြင်မှာ လိပ်ကြီးတကောင် တင်နေ တာ တွေ့ခဲ့ရတယ်။ ငါလဲ တယောက်ထဲ မနိုင်တာနဲ့ မြစ်ထဲ ချမပစ်ခဲ့ရဘူး။ လိပ်ကြီးက နင်တို့နှစ်ယောက်ဖက်လောက်တောင် ရှိတာ။ ဟိုဘက်တဲက ငရွှေခေါ် ပြီး ရေထဲသွားချလိုက်ပါလား။ သဲပြင်ထဲမှာ နေမြင့်လို့ သဲပူလာရှင် သေချင် သေနေမှာ။ သနားပါတယ်ဟယ်။ သူများအသက်ကို ကယ်တယ်ဆိုတာ အင်မတန် ကုသိုလ်ကြီးတာ။ နင်တို့ သွားလိုက်ကြပါ”
အမေက ပြောသဖြင့် ကျွန်တော်သည် မောင်ရွှေကိုခေါ်ကာ လိပ်မကြီးရှိရာသို့ ပြေးလာမိသည်။ လိပ် ကြီးဝပ်နေသော သဲသောင်ပြင်၏ နောက်မှာ ကျောက်ဆောင် ကျောက်တန်းတွေက ကာဆီးနေကြသဖြင့် လိပ်ကြီးသည် ဒီရေအကျမှာ မြစ်ရေထဲသို့ ပြန်မဆင်းနိုင်ဘဲ သောင်ပြင်တွင် တင်ကျန်နေရစ်ခြင်း ဖြစ်ရမည်။
ကျွန်တော်နှင့် မောင်ရွှေတို့သည် ပင်လယ်လိပ်ကြီး ကို ချီမကာ ကျောက်တန်းတခုပေါ်မှ မြစ်ရေထဲသို့ ပစ်ချလိုက်ကြသည်။
ကျွန်တော်တို့ တံငါတဲသို့ ပြန်ရောက်လာကြသောအခါ အမေသည် လိပ်ကြီးအကြောင်းကိုပင် မမေးနိုင်တော့ဘဲ အဖေတို့ ပင်လယ်ထဲမှ ရလာသော ငါးမန်းကောင်ကြီးများကို ရင်ခွဲ အသဲနုတ် အူနုတ်နှင့် အလုပ်ရှုပ်နေသည်။
အဖေနှင့် အကိုထွန်းမောင်တို့ကလည်း အမေ့နည်းတူပင်။
အလုပ်ပြီး၍ ညနေစောင်းသောအခါ အမေသည် ရွာသို့ပြန်သွား၏။ ကျွန်တော်တို့ သားဖသုံးယောက်က တော့ တာဝတိန်သာချိုင်ဟုခေါ်သော ပင်လယ်ပြင်မှ တဲ၌ပင် ကျန်နေခဲ့ကြ၏။
နောက်တနေ့ အမေ ထမင်းပို့လာသောအခါ မနေ့ကတွေ့ခဲ့ရသော သဲသောင်ပြင်၌ပင် မနေ့ကလိပ်ဟု ထင်ရသော လိပ်ကြီးတကောင်ကို တွေ့ခဲ့ရပြန်ပြီဟု ဆိုလာပြန်သည်။
ကျွန်တော်နှင့် မောင်ရွှေတို့က မနေ့ ကလိုပင် လိပ်ကြီးကို မြစ်ရေထဲသို့ ပစ်ချကြပြန်၏။
နောက်တနေ့မှာလည်း ထိုနည်း၎င်းပင် အမေက ထို လိပ်ကြီးကို ထိုနေရာ၌ တွေ့လာပြန်သည်။
ထို့ကြောင့် စိတ်မရှည်တော့သော မောင်ရွှေက လိပ်ကြီးဝပ်နေရာနားသို့ ရောက်သောအခါ
“ကဲ… ဒီလောက် သေချင်တဲ့လိပ်၊ ဒို့ သတ်စားလိုက်ကြရင် မကောင်းဘူးလားကွ ဖိုးထောင်”
ဟု ဆိုသည်။
“ဟ … ဒီအချိန် လိပ်ပေါက်တဲ့ အချိန်ဘဲကွ။ လိပ်ပေါက်တဲ့အချိန်မှာ လိပ်သားဟာ စားလို့ ဘာမှ အရသာမရှိဘူးတဲ့။ ပြီးတော့ ငရဲလဲ သိပ်ကြီးတယ်လို့ လူကြီးတွေက ပြောကြတယ်”
ဤရာသီ၌ လိပ်သားကို တခါမျှ မစားဖူးသော်လည်း လူကြီးသူမတွေ ပြောစကားကို ကြားရရုံနှင့် ကျွန်တော်က မောင်ရွှေကို ဆရာလုပ်လိုက်သည်။ မောင်ရွှေနှင့် ကျွန်တော်သည် ဟိုနေ့တွေတုန်းကလိုပင် ပင်လယ်လိပ်ကြီးကို နှစ်ယောက်သား မနိုင်မနင်း မ,ချီကာ မြစ်ရေထဲသို့ ပစ်ချလိုက်ကြပြန်သည်။
နောက်တနေ့ အမေ ထမင်းပို့လာသောအခါ ထိုနေရာ၌ပင် ထိုလိပ်ကြီးကို တွေ့ခဲ့ရပြန်ပြီဟု ဆိုပြန် သည်။
ဤနေ့ပါဆိုလျှင် လေးရက်ရှိပေပြီ။
“ကဲ ဒီလောက်တောင် ကြမ္မာငင် သေချင်လှတဲ့ လိပ်၊ ဒီနေ့တော့ ဒို့ သတ်စားကြမယ်။ နို့မို့ရင် ဒီကောင်ကြီးကို နေ့တိုင်းနေ့တိုင်း မြစ်ရေထဲ ပစ်ပစ်ချနေရတာက အလုပ်တခုလို ဖြစ်နေပြီ။ ကိစ္စတုံး စီရင်လိုက်မှ အေးတော့မယ်”
သဲသောင်ပေါ်တွင် ဝပ်နေသော လိပ်ကြီး၏ ကျောကုန်းကို ဖနောင့်နှင့်ဆောင့်ရင်း မောင်ရွှေက ဆို၏။
“အေး မင်းသဘောဘဲ ။ စားဖူးတယ် ရှိတာပေါ့။ ဒါပေမယ့် ဒို့တဲမှာသတ်လို့တော့ မဖြစ်ဖူးကွ။ အမေ မြင်ရင် ဆူချင် ဆူနေမှာ”
“ကောင်းပြီ … ဒို့တဲမှာ သတ်ထားကြမယ်။ အဘတို့ ပြန်လာလို့မေးတော့ သေနေတာတွေလို့ ယူထား ကြတယ် ပြောတာပေါ့”
မောင်ရွှေနှင့်ကျွန်တော်သည် လိပ်ကြီးကို မနိုင်မနင်း မ,ချီကာ မောင်ရွှေတို့တဲသို့ ယူလာကြသည်။
“ဟဲ့ နင်တို့ဟာက လိပ်ကြီးကို ရေထဲပစ်မချခဲ့ကြဘဲ ဘာလို့ ထမ်းလာကြတာလဲ”
မောင်ရွှေတိုတဲနားအရောက်တွင် အမေက လှမ်း အော်လိုက်၏။ အမေ့အသံကြောင့် ကျွန်တော် လန့် ဖျပ်၍ ကြောင်သွား၏။
“လိပ်ကြီးက သေနေပြီ ဂျီးတော်ရဲ့။ အဲ့ဒါကြောင့် လိပ်ခွံယူရအောင်ဆိုပြီး ကျွန်တော်တို့ ယူလာကြတာပါ”
“ဒီလိပ်မျိုးက လိပ်ခွံရောင်းရတဲ့ လိပ်မျိုးမှ မဟုတ် တာ။ သနားပါတယ်ဟယ်”
မောင်ရွှေက လိမ်ပြောသည်ကို တကယ်ထင်၍ အမေက နောက်ထပ်မမေးတော့။
လိပ်ကြီးက မပြူချင် ပြူချင်နှင့် ခေါင်းပြူထွက်၍ ဟိုဟိုဒီဒီ မော့်ကြည့်၏။ ကျွန်တော်တို့က ခေါင်းကို ကျောက်နှင့် ထုသောအခါ ခေါင်းပု၍ ဝင်သွားသည်။
ထုလိုက်၊ ဝင်သွားလိုက်၊ ထွက်လာလိုက်နှင့် မောင်ရွှေတို့တဲထဲမှာ ပင်လယ်လိပ်ကြီးကို နှစ်ယောက်ဝိုင်းသတ်ရသည်။
ဘယ်လိုမှသတ်၍ မသေသောအခါ ပွက်ပွက်ဆူနေသော ရေနွေးပူနှင့် ခေါင်းထဲကို လောင်းထည့်၍ လိပ်ကြီးကို သတ်ထားလိုက်ကြ၏။
ညနေ လိပ်သားဟင်းနှင့် ထမင်းမြိန်မြိန် စားရမည်မို့ မောင်ရွှေနှင့်ကျွန်တော် ပျော်နေကြသည်။
“ဟဲ့ … ဒီ ပြင်သာလိပ်ကြီးကို မင်းတို့ ဘယ်ကရလဲ”
မောင်ရွှေတို့အဖေ ဦးကျော်အေးသည် တဲရှေ့သို့ လှေကိုထိုးကပ်ရင်း ခရီးရောက်မဆိုက် မေးသည်။
“ဒီလိပ်ကြီးကို ဖိုးထောင်အမေ ထမင်းပို့လာရင်း ဟိုနားက ကျောက်ဆောင်ခြေရင်း သဲလဲပြင်မှာ တွေ့တွေ့နေတာ သုံးလေးရက်ရှိသွားပြီ အဘရဲ့။
အစကတော့ သူ့နောက်မှာ ကျောက်ဆောင်တွေ ခံနေလို့ ရေထဲ မဆင်းတတ် ဖြစ်နေတယ်ထင်တာ။ ကျွန်တော်တို့ ရေထဲ ပစ်ပစ်ချပေးကြရတာလဲ သုံးလေး ရက်ရှိသွားပြီ။ ဒါပေမယ့် ဒီလိပ်ကြီးက ဒီရေအ တက်မှာ ပြန်ပြန်တက်လာပြီး ဒီနေရာမှာချည်း ဝပ် ဝပ်နေတယ်။
ဒီနေ့လဲ အရင် ဟိုနေ့ ဟိုနေ့တွေတုန်းကလို မြစ်ရေထဲပစ်ချရအောင်လို့ ကျွန်တော်နဲ့ ဖိုးထောင် သွားကြတော့ သေနေပြီ။ အဲတာကြောင့် လိပ်ခွံယူရအောင် တဲထဲသွင်းထားတာ”
မောင်ရွှေက ခပ်တည်တည် လိမ်ပြောသည်ကို သူ့ အဖေက တကယ်ထင်၏။
“ဟယ်… ဟုတ်လား။ ဒါဟာ လိပ်ဥရှာသမားတွေ အကျင့်ယုတ်လို့ဘဲကွ။ မင်းတို့လဲ နောင်ကို မြဲမြဲမှတ် ထားကြ။
ဒီ ပြင်သာဆိုတဲ့ လိပ်တမျိုးဟာ သားသမီး တွေအပေါ်မှာ လူတွေထက်တောင် သံယောဇဉ်ကြီးသေးတယ်။
ဥပေါက်ချိန် ရောက်ပြီဆိုရင် လိပ်မကြီးဟာ သူ့ဥကျင်းအောက်က လိပ်ကလေးတွေ အကောင်ပေါက်ပြီး ရေထဲဆင်းအလာကို စောင့်ကြိုနေတတ်တယ်။
တကယ်လို့ လိပ်ဥရှာသမားတွေက ကျင်းစောင့်အဖြစ် လိပ်ဥတခုမှ မထားခဲ့ကြလို့ အကောင်ကလေးတွေ ပေါက်တဲ့အချိန်မှာ ကျင်းအောက်ဘက်က လိပ်ကလေးတွေ တကောင်မှ ရောက်မလာကြဘူးဆိုရင် ကျင်းအောက်ဘက်က သူ့သားသမီးတွေကို တွေမြင်လိုစိတ်နဲ့ စောင့်ကြိုနေတဲ့ လိပ်မကြီးဟာ သားသမီးတွေကို မမြင်ရမချင်း သေတဲ့အထိ စောင့်ကြိုနေလေ့ရှိတယ်။
လိပ်ဥရှာသူတွေက လိပ်ကျင်းကိုတွေ့လို့ ဥတွေကို ယူသွားကြပေမယ် ကျင်းစောင့်အဖြစ် ၃-လုံး , ၄-လုံးကို ကျင်းထဲမှာ ပြန်ထားခဲ့ကြရင်တော့ အဲဒီဥ သုံးလေးလုံးတွေဟာ အကောင်ကလေးတွေပေါက်ပြီး သူ့အမေ စောင့်ကြိုနေရာကို သဘာဝအသိနဲ့ ရောက်လာလေ့ရှိတယ်တဲ့။
“အဲဒီအခါမှာ သူက ဥတရာနှစ်ရာ အုထားခဲ့ပေမယ့် ရန်သူတွေလက်ထဲက လွတ်မြောက်လာကြတဲ့ သူ့ သားသမီးတွေဟာ ဒီသုံးလေးကောင်ဘဲဆိုတဲ့ အသိနဲ့ လိပ်မကြီးဟာ ကျေနပ်ပြီး သူ့သားသမီးတွေကို ကျောကုန်းပေါ်တင်လို့ ပင်လယ်ရေပြင်ထဲ ထွက်သွားတယ်။
လိပ်ပေါက်ချိန်မှာ လိပ်ဥရှာသူတွေက ဥကျင်းရလို့ ကျင်းစောင့်အဖြစ် လိပ်ဥမထားခဲ့ရင် လိပ်မကြီး သေရသလို လိပ်ပေါက်ချိန်မှာ လိပ်မကြီးကို လူတွေသတ်စားပစ်ကြရင်လဲ ဥက အကောင်ကလေးတွေပေါက်ပြီး သူ့အမေ စောင့်ကြိုနေတယ်အထင်နဲ့ ရေပြင်ထဲဆင်းလာကြတဲ့ လိပ်ကလေးတွေဟာ ငါးတွေဖမ်းစားလို့ အားလုံး ပြုတ်ပြုတ်ပြုန်းကုန်တာဘဲ။
သူ့အမေ စောင့်ကြိုနေရင်တော့ အမေက သူ့သား သမီးတွေကို သားငါးတွေဘေးရန်က ကာကွယ်ပေး မယ်ပေါ့။
အဲ့ဒါကြောင့် လိပ်ပေါက်ချိန်မှာ လိပ်မကြီးတွေကို ပင်လယ်ကမ်းခြေမှာ တွေ့ကြပေမယ့် မသတ်ရဘူး၊ သိပ်ငရဲကြီးတယ်လို့ ပြောကြတယ်မှုတ်လား။
လိပ်များဟာ သဲသောင်ပြင်ထဲမှာ အုထားခဲ့ပေမယ့် တခြားတိရိစ္ဆာန်တွေ့လို ဥကို ဝပ်နေစရာ မလိုဘူး။ မြစ်ရေထဲက လိပ်မကြီး မေတ္တာပို့ရုံနဲ့ မေတ္တာဇောအဟုန်နဲ့ ဥတွေဟာ အကောင်ကလေးတွေ ပေါက်လာကြဘယ်။
မိဘစကား မိဘမေတ္တာကို တန်ဘိုးထားရမှန်းမသိတဲ့ မင်းတို့လူငယ်တွေ မှတ်သားစရာဘဲ။
အသိဥာဏ်နည်းပါးတဲ့ တိရစ္ဆာန်များမှာတောင် သားသမီးအပေါ်မှာ ထားရှိတဲ့ မိဘရဲ့မေတ္တာဟာ ဘယ့်ကလောက်ကြီးမားတယ်၊ ဘယ့်ကလောက်မွန်မြတ်တယ်ဆိုတာ မှတ်ထားကြ။ လူဆိုရင် ပြောနေစရာ မလိုတော့ဘူး….”
မောင်ရွှေတို့အဖေ ဦးကျော်အေး၏ စကားကို ကြားရသောအခါ ကျွန်တော့်တကိုယ်လုံး သိမ့်သိမ့်ခါ တုန်လှုပ်သွားမိသည်။
ယခင် သတင်းသုံးလေးပတ်က ကိုဘရင်နှင့် ကျွန်တော်သည် တာဝတိန်သာချိုင်၌ပင် ပြင်သာလိပ်ဥတကျင်းကို ရခဲ့ဖူး၏။ ကျင်းစောင့်အဖြစ် လိပ်ကျင်းထဲ၌ လိပ်ဥ သုံးလေးလုံး ထားခဲ့ရရိုးထုံးစံ ရှိသည်ကို မသိသော ကျွန်တော်သည် ကျင်းထဲမှ လိပ်ဥအားလုံးကို ယူလာခဲ့မိ၏။
ဦကျော်အေး ပြောစကားအရဆိုလျှင် ကျွန်တော်နှင့် ကိုဘရင်တို့ ဥယူလာခဲ့ကြသော လိပ်မကြီးသည် လိပ်ပေါက်ချိန်ရောက်သောအခါ သူ့သားသမီးများကို တွေ့မြင်လိုရေးငယ်နှင့် ကမ်းခြေတနေရာမှ သေသည်အထိ စောင့်မြှော်နေပေလိမ့်မည်တကား။
မြဝတီမဂ္ဂဇင်း
– ပြီး –
စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ