ဆေးရောင်စုံ ဘဝများ

Posted on

ဆေးရောင်စုံ ဘဝများ(စ/ဆုံး)

—————————–

ပိုက်ဆံကမ်းပေးပြီး လှည့်ထွက်သွားတဲ့ ကျောင်းသားလေးရဲ့လက်ထဲက ရောင်စုံအတုံးအတုံးလးတွေနဲ့ ချစ်စရာကောင်းတဲ့ ရေခဲချောင်းလေးကို ပိစိ ခပ်ငေးငေးကြည့်ရင်းတံတွေးကိုဂလုကနဲမြည်အောင် မျိုချလိုက်မိသည်။ဘယ်လောက်များပေးရပါလိမ့်…။ ခုနက ငွေပေးငွေယူလုပ်နေတာမြင်ပေမယ့် တရာတန်နှစ်ရာတန်ဆိုတာမျိုးသာသူသိပြီး ဘယ်လောက်တန်မို့ဘယ်လိုအမ်းတာမျိုးတော့ သူသိပ်နားမလည်ချေ။ နားမလည်ဆို သူမှကျောင်းမနေဖူးတာကိုး ။ဒါပေမယ့် ပိုက်ဆံကိုင်ပြီး အမ်းငွေ ပြန်ရငွေကိုတော့ သူသိပါသည်။

သူ့စိတ်ကရေခဲချောင်းလေးဆီပြန်ရောက်သွားပြီး နဖူးက ချွေးစီးတွေကိုလက်ခုံနှင့်ပွတ်ကာသုတ်လိုက်သည်။ နောက်ဖေးကြိုနောက်ဖေးကြား တိုးကာဝှေ့ကာ သွားထားသူမို့ လက်ကအညစ်ပတ်တွေနှင့် နဖူးကချွေးတွေ့သောအခါ မျက်နှာမှာ ဂျီးကြောင်းတစ်ခု ဖြစ်သွားလေတော့သည်။

ဟော…..နောက်တစ်ယောက်ဝယ်ပြန်ပြီ။

ပိစိ သူနှင့်ရွယ်တူ ကျောင်းသားလေးတွေကို အားမကျစဖူး အားကျမိလေသည်။ ရောင်စုံရေခဲချောင်းလေးတွေကလေးထောင့်တုံးလေးတွေ ကြယ်ပုံလေးတွေ အသံပုံလေးတွေ သက်တန့်ရောင်စုံဝိုင်းလေးတွေလည်းရှိတာကို ဆိုင်ထဲကအမကြီးထုတ်ပြနေတာကြောင့်ပိစိမြင်နေရလေသည်။

စားချင်လိုက်တာ…ဆိုတာများ ။

ပိစိ အရဲစွန့်ပြီး ဆိုင်ရှေ့မှာသွားရပ်လိုက်သည်။ စုတ်တီးစုတ်ချာဖြစ်နေသော သူ့ပုံစံကြောင့် ဆိုင်ထဲမှာထိုင်နေသော ပိုင်ရှင်ဖြစ်ဟန်တူသူမိန်းမကြီးက ထိုင်ရာက ထလာပြီး အော်တော့သည်။

“ဟဲ့….သွား။ ဆိုင်ရှေ့မှာ ဘာခိုးမလို့လာရပ်နေတာလည်း၊ မိုးမိုးရေ လာစမ်း။နင်လည်းတဆိတ်ရှိဆိုင်ခေါင်းထဲပဲဝင်နေ..သိလား။ရှေ့မှာ အလစ်သုတ်သွားလို့ကတော့ နင့်လစာထဲကဖြတ်မှာ….သွား၊ အရှေ့မှာသွားနေ”

သူ့ဘဝတလျှောက်လုံး အပြောခံနေကျစကားဖြစ်သောကြောင့် ပိစိစိတ်ထဲဘယ်လိုမှမနေချေ။အခုချိန် သူ့စိတ်ထဲရှိတာက ထိုရေခဲချောင်းရောင်စုံလေးတွေပင်။ ခုနကရေခဲချောင်းရောင်းလိုက်သော အမကြီးဆိုင်ရှေ့ထွက်လာပြီး သူ့ရှေ့မှာ လာရပ်သောကြောင့်ပိစိ အားတက်သွားသည်။

“အစ်မကြီး၊ ခုနကရောင်စုံရေခဲချောင်းက တချောင်းကိုဘယ်လောက်လည်းဟင်”

“နင်က ဘာလုပ်မလို့လည်း ”

“သားအမေ မုန့်ဖိုးပေးရင် ဝယ်စားမလို့ပေါ့”

ဆိုင်ကအစ်မကြီးက မဲ့ကနဲဖြစ်သွားသည်အထိ ပိစိ ခပ်မော့မော့ပြောလိုက်သည်။ တနေ့တာပြီးလို့ အထုတ်ထဲက ပလက်စတစ်တွေ၊ကော်ရုပ်၊ကော်ခွက်၊ သားရေဖိနပ်အပြတ်တွေ၊ စီဒီချပ်တွေ ကိုရောင်းပြီးရင်အမေက ပိစိလက်ထဲ မုန့်ဖိုးငါးဆယ်ပေးနေကျ။ အမေမုန့်ဖိုးပေးတာနှင့် ပိစိတို့လမ်းထိပ်က မုန့်ဆိုင်ကိုပြေးကာရေခဲထုတ်ဝယ်စားနေကျ ။ ဒါပေမယ့် ပိစိစားဖူးသည့်ရေခဲထုတ်က အနီဆိုအနီ၊ အစိမ်းဆိုအစိမ်းတရောင်ထဲပဲပါသည် ။ပြီးတော့ ထိုရေခဲထုတ်ထဲက ရေခဲတုံးက သွားကျိုးမတတ်မာသည့်အပြင် အရောင်ကလည်း လှပမနေ။ ရေခဲထုတ်တွေအစားများသောကြောင့်ချောင်းတွေဆိုးတုန်းက အမေက ဇာပျံလေးလျှက်ဆားထုတ်ဝယ်ပြီးဆေးတိုက်ရင်းနောင်မစားဖို့ ဆူထားတာကြောင့် မစားရတာကြာချေပြီ။

“ဒီရေခဲချောင်းက နိုင်ငံခြားက လာတာဟဲ့ ။ တချောင်းကိုခြောက်ရာတောင်။ နင်မပြောနဲ့ ငါတောင် မစားနိုင်ဘူး”

“ခြောက်ရာတောင် ”

ပိစိမျက်လုံးကြီးပြူးကာအော်သည်။

ခြောက်ရာဆိုတာဘယ်လောက်များလဲဟု

လက်ချောင်းတွေကိုလည်းဟိုချိုးသည်ချိုးလုပ်ကာတွက်ချက်သည့်ဟန်လုပ်ပြီးမှ

“ဘာပဲဖြစ်ဖြစ် အမေ့ကိုဝယ်ကျွေးခိုင်းမှာ သားတို့အမေက သားကိုချစ်ပြီးသား”

ဟုတ်သည်ရှိမဟုတ်သော်ရှိ သူ့ကိုမဝယ်နိုင်ဘူးလို့လှောင်မှာကို ရှက်သောစိတ်ကြောင့်အနိုင်ပိ်ုင်းကာ ပြောခဲ့ပေမယ့် အမေဝယ်မကျွေးနိုင်တာ ပိစိသိပါသည်။ အမေက ဘယ်ပစ္စည်းပဲလိုလို တခုခုဝယ်မည်ဆိုပါက ‘ဒါဆို ဆန်ဘယ်နှစ်လုံးရသည်’ဟု တွက်ချက်ပြီးချင့်ချိန်မြဲ ။ ထိုသို့မတွက်လို့လဲမရ ။ အဖေ့လုပ်အားခကိုမျှော်လို့မရတဲ့မိသားစုမှာ ကလေးအင်အားက ပိစိအောက်မှာ ငါးယောက်ရှိသေးသည်။ ပိစိ သက်ပြင်းတစ်ချက်ချကာဆိုင်ကိုနောက်ခိုင်းလာခဲ့ပေမယ့် သူ့မျက်စိထဲ ရောင်စုံရေခဲချောင်းလေးတွေက ကပ်ခါ ပါလာလေသည်။

………..

“ရေခဲချောင်းတစ်ချောင်းကိုခြောက်ရာတဲ့ကွ၊ ရောင်စုံကျောက်တုံးလေးတွေလို ကြည်တောက်နေတာပဲ”

ပိစိ သူ့အပြောကိုခဏရပ်လိုက်ပြီး ဘယ်သူစိတ်ဝင်စားနေလည်းဟုတစ်ချက်ငဲ့ကြည့်လိုက်သည်။အားလုံးက ပါးစပ်အဟောင်းသားနှင့်ကြည့်နေတာကိုတွေ့မှ တစ်ချက်ကျေနပ်သွားပြီး နောက်ဆုံးပိတ်ပြောချင်နေသောစကားကို ပြောဖို့ပြင်သည်။

“ငါတို့ စုပြီးဝယ်စားရအောင်”

“ငါတို့မှ မမြင်ဖူးတာ..။ပြီးတော့ခြောက်ရာတောင်…ငါတို့ကငါးယောက်ပဲရှိတာ တယောက်ကို တရာကျော်စိုက်ရမှာ…မစားချင်ပါဘူး…ငါတို့က တနေ့ငါးဆယ်တောင်အဖေအလုပ်ဆင်းမှရတာ။မင်းရေခဲချောင်းကဟောလောက်ကြီးလား”

“အေးလေ..ခြောက်ရာဆိုအကြီးကြီးရမှဖြစ်မှာပေါ့။ဒေါ်လေး မတင်တို့ဆိုင်မှာ နှစ်ချောင်းငါးဆယ်တန်ရေခဲချောင်းတောင်ငါတို့လက်ဝါးလာက်ရှိတယ်”

ဖိုးချစ်လက်နှစ်ဖက်က ဘေးကိုမဟားဒယားဆန့်ထွက်သွားသည်။

ကျန်သည့်ကောင်တွေကလဲ သူ့အဖြေကို စောင့်စားနေတာကြောင့် ပိစိစိတ်ညစ်သွားသည်။

“ဒေါ်လေးမတင်မိဆိုင်ကရေခဲချောင်းကချောင်းဆိုးတယ်၊ဒီရေခဲချောင်းကချောင်းဆိုးမှာမဟုတ်ဘူး။ ပြီးတော့နိုင်ငံခြားကလာတဲ့အကောင်းစား”

“တော်ပြီ ။ ဗိုက်မဝရင် ငါတို့စိတ်မဝင်စားဘူး..ငါ့မှာတစ်ရာရှိရင် ကျောင်းရှေ့က ကြာဇံသုတ်တပွဲသွားဝယ်စားမယ်..အဲ့ဒါက ဗိုက်ဝတယ်”

“ကျောက်ကျောလည်းစားလို့ရတယ် ..တခွက်ကိုငါးဆယ်ထဲ ”

တစ်ယောက်တစ်ပေါက်အပြောတွေထဲမှာ သူ့အဆို မအောင်မြင်တော့လောက်ဖူးဆိုတာသိသွားတာကြောင့်ပိစိခေါင်းကုတ်ပြီး အိမ်ပြန်လာလိုက်တော့သည်။ အုတ်ခဲနှစ်လုံးဆင့်ထားသည့် ထင်းမီးဖိုပေါ်က ဆန်က တဗွက်ဗွက်ဆူနေတာကိုကြည့်ပြီး ပိစိဗိုက်ဆာသွားသည်။ မိုးတောင်စုတ်စုတ်ချုပ်နေပြီ အဖေပြန်မလာသေး။ အလုပ်ကပြန်မလာသေးတာတော့မဟုတ်။အရက်ဆိုင်ကပြန်မလာသေးတာပင်။ပိစိဗိုက်ကိုပွတ်ရင်း အမေ့ဘေးရပ်သည်။

အမေ့ဘေးကစကောထဲမှာ မြေပုံသီးတထုတ်နှင့်ကြက်ဥနှစ်လုံးကိုမြင်တာနှင့်ကြက်ဥကြော်နှင့်မြေပုံသီးငပိချက်မှန်း ပိစိသိလိုက်ပြီ။

“ပိစိ..အမေ့ကို ရေတပုံးဆွဲပေးစမ်း..ဆန်က ဆန်သစ်တွေဆိုတော့ ပျစ်ချွဲနေတာပဲ..တော်ကြာ ထမင်းပျော့ရင် အိမ်ကသမ္မတထုထောင်းခံရဦးမယ်”

ပိစိရေပုံးကိုယူပြီး လမ်းထိပ်ကရေတုံကင်အိမ်ကိုပြေးရသည်။

ပြေးရင်း အမေ့ကိုပြောကြည့်ရကောင်းမလားမသိလို့တွေးမိပေမယ့် ရေခဲချောင်းမရပဲ ခေါင်းခေါင်ခံရမှာကိုသိနေတာကြောင့်ဆက်မတွေးတော့ ။ငွေခြောက်ရာဆိုတာ သူတို့အိမ်အတွက် ဆန်ခြောက်လုံးစာမဟုတ်ပါလား။

—————

“ဟဲ့ ပိစိ။ဟိုမှာ အိုကီဗူးခွံ”

သံတွန်းလှည်းကိုတွန်းရင်း အမေကမေးငေါ့ပြသည်။ ပိစိလမ်းဘေးရေနုတ်မြောင်းဘောင်နားမှာကျနေသော အိုကီဗူးခွံကို ပြေးကောက်ပြီး အမေ့တွန်းလှည်းထဲပစ်ထည့်လိုက်သည်။

ဟိုရှေ့နားမှာရေခဲချောင်းရောင်းသည့်ဆိုင်လေးရောက်တော့မည်။ သူ ရှေ့ဆက်တိုးဖို့ချီတုန်ချတုန်ဖြစ်နေပေမယ့်အမေက ဘာမှမသိသူမို့ ခပ်အေးအေးပင်။

“ဟဲ့ပိစိ..။ဟိုမှာ ကော်ပုံးကွဲကြီး လွှင့်ပစ်ထားတာလားမသိဘူး။သွားမေးပါလား”

အမေမေးငေါ့ပြရာကိုကြည့်ပြီး ပိစိတွန့်သွားသည်။

ရေခဲချောင်းဆိုင်က အစ်မကြီးက သူ့ကိုမြင်တော့ ခပ်ပြုံးပြုံးကြည့်နေတာမို့ပိစိရှက်သွားသည်။

“မမေးချင်ပါဘူးအမေရာ ..အမေ့ဖာသာသွားမေးချေ”

အမေက တွန်းလှည်းကို ဇိုးကနဲဇတ်ကနဲရပ်ကာ ပိစိခေါင်းကိုဒေါက်ကနဲခေါက်သည်။

“ပလက်စတစ်ကောက်စားတာ မရှိလို့လုပ်စားတာလေ …။သူများပစ္စည်းခိုးတာမဟုတ်ဘူး ..ဘာမှရှက်စရာမလိုဘူး။အဲ့ဒါမြဲမြဲမှတ်ထား”

“ဟုတ်”

ပိစိ အမေ့စကားကိုနားထောင်လိုက်သည်။ ပြီးမှ

“အမေ..အဲ့ဒီဆိုင်ကရေခဲချောင်းက တချောင်းခြောက်ရာတဲ့ ”

“အဲ့ဒါ ဘာဖြစ်တုန်း…ရေခဲချောင်းတချောင်းခြောက်ရာစားရအောင်နင်က ဘုရင့်သားလား။ပြီးရင်ချောင်းကတဟွတ်ဟွတ်ဖြစ်မယ် …ခြောက်ရာတန်မကလို့ ခြောက်ထောင်တန်ဖြစ်ဖြစ် ချောင်းဆိုးတာက ချောင်းဆိုးတာပဲ”

အမေ့ထံတွင် သူ့အဆိုရှုံးမည်မှန်းသူသိပြီးသားပင်။မစားရလေလေ ရေခဲချောင်းရောင်စုံလေးတွေက သူ့ကိုကျီစားလေပင်။

မနေ့ကတော့ ဖိုးချစ်တို့ သွပ်စက်မှာ သွားကောက်တာ တော်တော်ရခဲ့သည်တဲ့ ။ နောက်နေ့ကျ အမေ့နောက်မလိုက်ပဲ ဖိုးချစ်တို့နှင့် သူပါလိုက်သွားမည်ဟု ပိစိအားခဲထားသည်။ ပိုက်ဆံရခဲ့ရင်နိုင်ငံခြားဖြစ် ရေခဲချောင်းကိုတော့ စားဖူးအောင်စားပစ်လိုက်မည်ဟု အားခဲထားလေသည်။

……….

ခြေထောက်က တဆစ်ဆစ်ကိုက်နေပေမယ့် အမေ့ရှေ့ပိစိဟန်မပျက်လမ်းလျောက်ဖို့ကြိုးစားမိသည်။ အမေက ပိစိကိုလှည့်ပင်မကြည့်အား။ဝါယာကြိုးထဲမှ နန်းကြိုးတွေကို ဓါးတစ်ချောင်းနှင့်လှီးဖြတ်နေရင်းက

“နင်က တနေကုန်တနေခမ်းဘယ်သဝေထိုးနေတာလဲ။ မိဘကိုကူမယ်မရှိဘူး..ဖအေအချိုးအတိုင်းပဲ၊ လူသိမသိတဲ့ဟာတွေ။နင်တို့ဝဋ်ကျွေးတွေဆပ်ဖို့ငါလူဖြစ်လာတာလားမသိဘူး…”

အမေ့အသံတဖျစ်တောက်တောက်က ပိစိနားထဲဝင်တစ်ချက်မဝင်တစ်ချက်။ ခြေထောက်ကနာသည်။ ပြီးတော့ရင်ထဲမှာ ရေငတ်သလိုလိုနှင့်ပူကာ နင်တင်တင်ကြီးဖြစ်ကာနေသည်။ မနက်က သွပ်စတွေကောက်ရင်းသူ့ခြေထောက်ကို သွပ်စရှသွားသည်။ ဒဏ်ရာက နက်ပေမယ့် ဖိုးချစ်တို့က သွပ်ရှတာများအဆန်းလုပ်လို့ဆိုကာ သူ့ကို ဝိုင်းလှောင်ကြတာမို့ သူအားတင်းကာနေခဲ့ပေမယ့် သွေးတွေက မနည်း။ အမေ့ကိုပြောလိုက်ရင်ကောင်းမလားမသိ။

အမေသိရင် ဆူမှာလည်းကြောက်သည်။

ဖိုးချစ် သူအိပ်နေကျ ညစ်စုတ်စုတ်ခေါင်းအုံးရဲ့ ချုပ်ရိုးလွတ်နေသောနေရာကို လက်ညှိုးနှင့်ထိုးကာ ပိုက်ဆံလိပ်ကလေးကိုထိုးထည့်လိုက်သည်။ ဒီနေ့တော့ သူ သွားဝယ်ဖို့မဖြစ်တော့ ။ခြေထောက်သက်သာမှ သွားစားရမည်။

သူ့ပိုက်ဆံလေးလုံခြုံသွားပြီမို့ ကျန်သည့်ပိုက်ဆံတစ်ထောင်ကျော်ကို အမေ့လေးချပေးရင်း ခေါင်းဦးပေါ် အသာလှဲချလိုက်သည်။

“ဘယ်က ပိုက်ဆံလည်း ပိစိ။ လောင်းကစားမလုပ်နဲ့လို့ ငါပြောထားတယ်နော်..”

“မလုပ်ပါဘူး အမေရယ်။မနေ့က ဖိုးချစ်တို့နဲ့ သွပ်စတွေသွားကောက်တာ …။အဲ့ဒါသူတို့တွေ ဒီနေ့ သွားရောင်းကြတာ လိုက်သွားတာ ။သားက သိပ်မကျွမ်းသေးလို့ သိပ်မရဘူး”

“နောက်နေ့ သွားမကောက်နဲ့ ပိစိ။ဖိနပ်လည်းပါတာမဟုတ်ဘူး ..သွပ်စတွေက ဟိုစင် ဒီစင်နဲ့ ခြေထောက်ရှမယ်..ကြားလား”

“အင်း”

သူ့အင်းက အသံတိုးတိုး ။ မျက်လုံးတွေလေးလာတာမို့ သူမျက်စိကိုမှိတ်လိုက်မိသည်။အနာက ယင်းများနေသလားမသိ။ မနေ့ကတော့ သံဆူးရင် ပြာသိပ်ပြီး အသက်အောင့်ကာဖိနပ်ဖြင့်ခုနစ်ချက်ရိုက်ရတယ် ဆိုသဖြင့် အသားအနာခံပြီးကြိတ်မှိတ်ရိုက်ခဲ့ပြီးပြီ။ပိစိတကိုယ်လုံးပူကာ အာခေါင်တွေခြောက်လာသည်။ ဒါပေမယ့်ကိစ္စမရှိ။ကိုယ်ပူတာမျိုးနေမကောင်းတာမျိုးက ပိစိတို့ဖြစ်နေကျ မနက်ကျကောင်းသွားလိမ့်မည်။

ပိစိမျက်ခွံတွေလေးလာသည်။ အိပ်ပျော်သွားတာလားဘာလားသေချာမသိလိုက်ခင် ပိစိကိုယ်က လေထဲမှာလွင့်ကနဲ ဖြစ်သွားသည်။ ပြီးတော့ သူဘာမှ မသိတော့။

အမေ့အော်သံ ၊အိမ်ဘေးမှ လူတွေ အိမ်ပေါ်ပြေးတက်လာသံနှင့်အတူ ပိစိရှေ့မှာအရိပ်တွေအမျိုးမျိုးဖြတ်ပြေးနေတာကိုတွေ့ရသည်။ ဒါပေမယ့် ဒါတွေကိုသူဂရုမစိုက်အား ။ခေါင်းအုံးထဲမှာ ပိုက်ဆံလိပ်ကိုဆွဲထုတ်ကာ ရေခဲချောင်းဆိုင်ကိုပြေးသည်။

တွေ့လား..ပြေးရတာလည်းပေါ့ပါးနေတာပဲ.. သူနေကောင်းသွားပြီ ဖြစ်သည်။ အာခေါင်တွေ ခြောက်တာကတော့ကိစ္စမရှိ။ မကြာခင်အရသာ အသစ်နဲ့ရောင်စုံရေခဲချာင်းက သူ့ကိုယ်က အပူတွေကိုငြိမ်းစေမှာသေချာနေသည်မဟုတ်လား ……။

(မပြင်ဆင်ရသေးတဲ့စာမူအကြမ်းပါ။လတ်စသတ်ပြီးပြီးချင်း ဖတ်စေချင်လို့တင်ပေးလိုက်ပါတယ် ခင်ဗျာ..ဝေဖန်ပေးကြပါဦးး)

အညို