ကဝေပျိုအလွမ်း

Posted on

*ကဝေပျိုအလွမ်း*📖📖📖(စ/ဆုံး)

************————–
ဝိညာဉ်စုတ်တဲ့ နတ်မိစ္ဆာကြီးကို ငရဲပို့ဖို့
အဘိုးဆရာကြီးအဖေရှင်ကိုယ်တိုင်ကြွ
လာခဲ့ရတယ်။

လူသတ်မိစ္ဆာကြီးကို ကျုပ်ကိုယ်တိုင်
အဝီစိက တက်လာတဲ့ ငရဲမီးတောက်ထဲ
ကို ပစ်ထည့်ခဲ့တယ်။ ကိစ္စပြီးတာနဲ့ အ
ဘိုးဆရာကြီးလည်း ပြန်ကြွသွားပြီး
ကျုပ်လည်း အိမ်ပြန်ခဲ့တယ်။

ဒီတော့မှ အနယ်ထိုင်နေပြီဖြစ်တဲ့ ကျုပ်
ရဲ့ နှလုံးအိမ်မှာ အနယ်တွေ ပြန်ထခဲ့တော့
တာပေါ့ဗျာ။ ကျုပ်ရင်နဲ့အမျှ ချစ်ခဲ့ရတဲ့
လှယဉ်ကို ကျုပ်သတိရတယ်။ လွမ်း
တယ်။ အမှန်အတိုင်း ပြောရရင် တာ
တေ့ ရင်ထဲမှာ ဆို့နင့်နေအောင် လွမ်းရ
ပြန်ပြီဗျာ။

လှယဉ်ရဲ့မောင် သံခဲရောက်လာတာက
စတာပေါ့ဗျာ။ သံခဲ အိမ်ပေါ်ကို တက်
လာကတည်းက ကျုပ်ရင်တွေ ဗလောင်
ဆူတော့တာဗျ။ သံခဲကလည်း သူ့ချစ်သူ
ခင်သိန်းနွယ် ကောက်ကာငင်ကာထရူး
သွားတော့ သူကိုယ်တိုင် ရူးမတတ် ခံ
စားရတော့တာပေါ့ဗျာ။

သူ့မှာလည်း အားကိုးစရာဆိုလို့ ကျုပ်ပဲ
ရှိတာလေ။ ကျုပ်ဆီကို ပြေးချလာတော့
တာပေါ့။ ဒီတော့လည်း ကျုပ်ရင်ထဲမှာ
အတိတ်တွေက အရိပ်တွေ ပြန်ပေါ်လာ
ရောဗျာ။ လှယဉ်ကို သတိရလိုက်၊ နဂါး
ဆေးပေါ့လိပ်ကလေး ကောက်ဖွာလိုက်
ပြန်ချထားလိုက်နဲ့ ကျုပ်စိတ်တွေ ဂဏှာ
မငြိမ်တော့ဘူးဗျာ။

“လွမ်းလိုက်တာ လှရယ်ရယ်”
.
ကျုပ်စိတ်ထဲမှာ အော်ပြောလိုက်တာဗျ။
အော်လိုက်တာမှ တကယ့်ကို အကျယ်ကြီး
ဗျ။ ဒါပေမဲ့ ကျုပ်ပဲ ကြားတာပေါ့ဗျာ။ခင်
ဗျားကို ကျုပ်ပြောရဦးမယ်ဗျ။ အမေဆို
တာ သားသမီးတွေအတွက် တုနှိုင်းစရာ
မရှိတဲ့ အနန္တမေတ္တာရှင်ပါဗျာ။ ကျုပ်ဂဏှာ
မငြိမ် ဖြစ်နေတာကို မသိမသာ အကဲခတ်
နေတာက ကျုပ်အမေဗျ။

“တာတေရေ၊ သေတဲ့လူတွေလည်း သေ
သွားပြီ၊ ကောင်းတဲ့သူတွေလည်း ကောင်း
သွားပြီ၊ နောက်ဆုံး နင်ရူးသွားဦးမယ်၊
သတိထားနော်”

“ဟာ…အမေကလည်းဗျာ ကျုပ် မရူးပါ
ဘူးဗျ”

“အေး..ရူးသာ မရူးတယ်၊ နင့်စိတ်တွေက
ဂဏှာမငြိမ်ကို ဖြစ်နေတာ ဘာလဲ နင်လှ
ယဉ်ကို သတိရလာပြန်ပြီလား”

“မဟုတ်ပါဘူးဗျာ”

ကျုပ်က အမေ့ကို ဗြောင်လိမ်လိုက်ရတယ်

“တာတေ ငါက နင့်ကို မွေးထုတ်ထားတဲ့
အမေဟဲ့၊ နင့်မျက်နှာတစ်ချက်ကြည့်တာ
နဲ့ နင်ဘာဖြစ်နေတယ်ဆိုတာ စိတ်ထဲမှာ
သိတယ်”

“သံခဲကိုတွေ့လိုက်တော့ ကျုပ် ကျုပ်လှ
ယဉ်ကို သတိရသွားလို့ဗျ”

ကျုပ်အသံက တိမ်ဝင်သွားတယ်။ ငိုသံ
မပါအောင် ကျုပ်မနည်းကို သတိထားပြီး
ပြောလိုက်ရတာဗျ။

“သြော်…ငါသားနှယ် ၊ ဒီဘဝမှာ နင်နဲ့ လှ
ယဉ်နဲ့က ဖူးစာဖက်ဖို့ကံမှ မပါခဲ့တာ၊ နောင်
ဘဝတွေ ဆုံပါစေလို့ ဆုတောင်းပေါ့ဟယ်”

ကျုပ်အမေ့ကို ဘာမှပြန်မပြောတော့ပါ
ဘူးဗျာ။ နဂါးဆေးပေါ့လိပ်ကလေးကိုပဲ
ဆက်တိုက်ဖွာနေလိုက်တော့တယ်။အ
လွမ်းဆိုတာ ထိုင်နေရင် ပိုလွမ်းတာပေါ့
ဗျာ။ ကျုပ်လုပ်စရာရှိတာတွေ ထလုပ်
တယ်။ အဘ ဆီကြိတ်မလို့လုပ်နေတာ
ကို ချက်ချင်းသွားပြီး ကူလိုက်တယ်။

ကျုပ်ဆီဆုံထဲကို နှမ်းထည့်တယ်။ အဘ
က ဆီစကြိတ်ပြီ၊ ကျုပ်က လိုတာတွေ
လိုက်လုပ်ပေးတယ်။ အလုပ်နဲ့ လက်နဲ့
မပြတ်အောင် လုပ်နေတော့ နည်းနည်း
တော့ ခံသာသွားတာပေါ့ဗျာ။

တစ်နေ့လုံး ဝိုင်းထဲမှာ အလုပ်ရှာပြီး လုပ်
နေလိုက်တယ်။ အလုပ်တွေကတော့ လုပ်
မယ်ဆိုရင် ရှိပြီးသားပေါ့ဗျာ။ တစ်နေ့လုံး
အလုပ်တွေ လုပ်ထားလို့လား မသိဘူးဗျ။
ညမိုးချုပ်တာနဲ့ အိပ်ချင်နေရောဗျို့။ကျုပ်
စောစောပဲ အိပ်ရာဝင်ခဲ့ရောဗျို့။ ကျုပ်တို့
တောအရပ်ဆိုတာက ကိုးနာရီလောက်ဆို
ရင် တော်တော်ကို ညဉ့်နက်နေပြီဗျ။ခေါင်း
အုံးနဲ့ ခေါင်းနဲ့ ထိတာနဲ့ တစ်ပြိုက်နက်တည်း
အိပ်ပျော်တော့တာဗျ။

အိမ်မက်ဗျ။ ကျုပ်အိပ်မက် မက်တာ ထူး
တော့ ထူးဆန်းသားဗျို့။ ကျုပ်မက်တဲ့ အိပ်
မက်က အသံချည်းမက်တာ။ ရုပ်မပါဘူး။
အသံက တိုးတိုးလေးကနေ တဖြည်းဖြည်း
ကျယ်လာတာဗျို့။ ကျုပ်က အသံကို သေ
သေချာချာ နားထောင်တယ်။ တစ်ခုခုတော့
ပြောနေတာဗျ။ ဟော ကြားလာရပြီ။ ကြား
လာရပြီ။

“တာတေ ကိုယ်ပွားနဲ့လာ၊ ရွှေတောင်ကုန်း
ဘုရားကို လာခဲ့”

ဟာ ဒါ ဒါ လှယဉ်ဗျ။ လှယဉ်အသံ။ ကျုပ်
လန့်နိုးသွားတယ်။ဒါ အိပ်မက်လား။ ကျုပ်
စိတ်စွဲတာလား ။ တစ်နေ့လုံး လှယဉ်ကို သ
တိရနေလို့ အိပ်မက် မက်တာထင်ပါတယ်
လို့ ကျုပ်တွေးပြီး ပြန်အိပ်လိုက်တယ်။

“တာတေ ရွှေတောင်ကုန်းဘုရားကို လာခဲ့၊
ကိုယ်ပွားနဲ့ လာ”

မက်ပြန်ပြီဗျို့။အိပ်လိုက်တိုင်း ဒီအိပ်မက်
ကိုပဲ ကျုပ်မက်နေတာဗျ။ ကျုပ်စဉ်းစား
တယ်။ တကယ်များလားလို့၊ ကျုပ်သွား
ရင် ကောင်းမလား။

ကိုယ်ပွားမထုတ်တော့ပါဘူးလို့ အမေ့ကို
ကတိပေးပြီးသားဗျ။ ကျုပ်ဘာလုပ်ရင်
ကောင်းမလဲ။ အို…သွားကြည့်လိုက်တာ
ကောင်းမယ်၊ ဘာမှမဟုတ်တော့လည်း
ချက်ချင်းပြန်လာတာပေါ့ဗျာ။

ကျုပ်မလုပ်တာ ကြာနေပြီဖြစ်တဲ့ ကိုယ်ပွား
ထုတ်တဲ့အလုပ်ကို ကျုပ်လုပ်လိုက်ပြီ၊ အိပ်
ရာထဲမှာ အိပ်နေတဲ့ ကျုပ်ကိုယ်ကို ကျုပ်ပြန်
မြင်နေရတယ်။ ရွှေတောင်ကုန်းဘုရားကို
ကျုပ်အာရုံညွှတ်လိုက်တယ်။ ရောက်ပြီ။

ဘုရားရင်ပြင်မှာ ကျုပ်ရပ်နေတယ်။ လော
ကကြီးတစ်ခုလုံး မှောင်လို့။ မိုးသားပါးပါး
လေးကို ဖောက်ထွက်လာတဲ့ လရဲ့အလင်း
ရောင်ဖျော့ဖျော့လေးက ဘုရားရင်ပြင်ပေါ်
မှာ ဖျော့ဖျော့လေး လင်းနေတယ်။

“တာတေ”

ကျုပ်ရင်ထဲမှာ လှပ်ကနဲ ဖြစ်သွားတယ်။
ဒါ လှယဉ်အသံဗျ။ ကျုပ်နောက်က လာ
တာ။ ကျုပ် နောက်ကို ဆတ်ကနဲ လှည့်
ကြည့်တယ်။

“ဟာ…လှယဉ်၊ လှယဉ် မင်းလား၊ မင်း
ဟုတ်ရဲ့လား”

လှယဉ်က ဘာမှ ကျုပ်ကိုပြန်မပြောဘဲ
ကျုပ်ကို ငေးကြည့်နေတယ်ဗျာ။ လှယဉ်
က သရဲဆိုပေမယ့် ပုံဆိုးပန်းဆိုးကြီး မ
ဟုတ်ဘူးဗျ။ လူတုန်းက ပုံစံအတိုင်းပဲ။
ကျုပ်အံ့သြနေတယ်။ နာနာဘာဝဆိုတာ
တွေကလည်း ကာမဇိဒ္ဓိရှိကြတာဗျ။ လှ
ယဉ်ပုံစံဆောင်ပြီး ရောက်လာတာများ
လား ကျုပ်လည်း ဝေခွဲမရတာနဲ့ ငေး
ကြည့်နေမိတာပေါ့ဗျာ။

“တာတေ၊ အဲဒါ နင့်ရည်းစာ လှယဉ်”

ဟာ အသံတစ်သံ ကျုပ်ကြားလိုက်ရတယ်
ဟိုအဝေးကြီးကနေ လွင့်လာတဲ့အသံဗျ။ဒီ
အသံကိုတော့ ကျုပ်ကောင်းကောင်းသိတာ
ပေါ့ဗျာ။ ဆယ့်နှစ်ရာသီ အဝါပင်အောက်
မှာ ကျုပ်တွေ့နေကျ မဖဲဝါရဲ့ အသံလေဗျာ

ဒီတော့မှ ကျုပ်ရင်တွေ တကယ်ခုန်တော့
တာဗျ။ လှယဉ်လည်း ကျုပ်ကို တော်တော်
လွမ်းနေပုံပဲ။ကျုပ် လှယဉ်လက်ကလေး
တွေ ကိုင်လိုက်တယ်။ဟာ ကိုင်လို့ရတယ်
ဗျ။ သြော် ကျုပ်က ကိုယ်ပွားကို။

ဒါကြောင့် ဝိညာဉ်ကိုကိုင်လို့ရတာပေါ့ဗျာ။
တောင်ပလဲကုန်းမှာ သွားကစားတာကို
ကျုပ်ချက်ချင်းသတိရသွားတယ်။ ကိုယ်
ပွားက ဝိညာဉ်တွေကို ကိုင်လို့ရတယ်။ အ
တူတူလည်း ကစားလို့ရတယ်။ တခြားဘုံ
ဘဝတွေကိုလည်း သွားလို့ရတယ်ဆိုတာ
ကျုပ် ခုမှသတိရသွားတာဗျို့။

လှယဉ်က ကျုပ်ရင်ခွင်ထဲကို တိုးဝင်ပြီး
ရှိုက်ကြီးတငင်နဲ့ ငိုတယ်။ ကျုပ်စဉ်းစား
တယ်။ လှယဉ် အခု ဘာဖြစ်နေတာတုံး။
နဂိုရုပ်ရည်အတိုင်းပဲ ရှိနေတာ ဘာသ
ဘောတုံး။ ကျုပ်နဲ့တွေ့ဖို့ တမင်ဖန်ဆင်း
ထားတဲ့ ရုပ်များလား၊ ကျုပ်စဉ်းစားလို့
မရတော့ မေးလိုက်တယ်။

“လှယဉ် မင်း အခု ဘယ်မှာနေတာတုံးဟင်”

“မြောက်ဘက်ရှင်မရဲ့ ဗိမာန်မှာ နေရတယ်
တာတေ”

“ဒါဆိုရင် နင်က သရဲ၊ တစ္ဆေလား”

“ငါက အဲဒါထက် အဆင့်မြင့်တယ် တာတေ”

“ဟင် ဟုတ်လား လှယဉ်၊ နင်က ဘယ်လို
အဆင့်မျိုးလဲဟ”

“မြောက်ဘက်ရှင်မ လက်ဝဲဘက်မှာနေတဲ့
‘နတ်စုန်း’ဟဲ့”

“ဒါဆိုရင် နင်က နတ်မိစ္ဆာတစ်မျိုးပဲပေါ့”

“အေး ….အဲဒီလိုမျိုးပေါ့လေ၊ ဒါပေမဲ့ တူ
တော့ မတူဘူးဟဲ့၊ ငါတို့က ပညာသည်နတ်
တွေ၊ ရှင်မခိုင်းတာကို လုပ်ပေးကြရတယ်၊
ရှင်မက ငါတို့မှာ လိုနေတဲ့ ပညာအဆင့်တွေ
ကို ထပ်ထပ် ဖြည့်ပေးတယ်”

“လှယဉ် ငါ နင့်ကို အရမ်းလွမ်းနေတာ
သိလား”

“သိတယ် တာတေ၊ နင့်အကြောင်းတွေကို
ရှင်မနန်းမှာ နေပေမယ့် ငါအမြဲလို ကြား
နေရတယ်”

“ဟေ…ဟုတ်လား၊ နင်က ငါ့အကြောင်းတွေ
ကို ဘယ်လိုလုပ်ပြီး ကြားတာတုံး”

“သြော်.. ဟုတ်လား လှယဉ်၊ နင်နဲ့ အောက်
လမ်းနဲ့တိုက်ကြတုန်းက ငါ မဖဲဝါကို လှမ်း
ပင့်တာ နောက်ကျသွားလို့လား မသိဘူး
လှယဉ်၊ မဖဲဝါရောက်တော့ လက်လွန်
နေပြီ”

“မဟုတ်ပါဘူး တာတေ၊ အဲဒီနေ့ဟာငါ
လူ့ဘဝမှာ နောက်ဆုံးနေရမယ့် နေ့မို့ပါ
ဘယ်သူကယ်လို့မှ မရပါဘူး”

“အခု နင် ဒီကိုလာတော့ နင်တို့ ရှင်မ သိ
လား၊ နင့်ကို အပြစ်တွေဘာတွေ ပေးနေ
ပါဦးမယ် လှယဉ်ရယ်”

“သိတယ် တာတေ၊ ရှင်မနန်းကို နင့်သ
တင်းရောက်တယ်”

“ဟေ…ဘယ်လို ဘယ်လို၊ မြောက်ဘက်
ရှင်မရဲ့နန်းထဲကို ငါ့သတင်းရောက်တယ်
ဟုတ်လား လှယဉ်”

“ရှင်မဆီကို မဖဲဝါ အခစားဝင်တဲ့အခါ
မဖဲဝါ သူလုပ်တာကိုင်တာတွေကို ရှင်မ
ဆီမှာ လျှောက်တင်ရတယ်။ အဲဒီအခါ
ကျရင် နင့်အကြောင်းက ပါလာတယ်
လေ၊ ဟိုတလောက အဖေရှင် ကြွလာ
ပြီး နတ်မိစ္ဆာကို ငရဲ့ပို့တုန်းကလည်း
နင်ပါတယ်မို့လား၊ အဲဒီသတင်းလည်း
ရှင်မဆီကို ရောက်တာပဲဟဲ့”

ကျုပ်နဲ့ လှယဉ် ဟိုတုန်းက ချိန်းတွေ့ရင်
ထိုင်နေကျ အုတ်ခုံလေးမှာ ထိုင်နေကြ
တာဗျ။ အကျော်ပင်လေးတွေ အောက်
မှာလေဗျာ။ အကျော်ပွင့်ဖြူဖြူလေး
တွေ လေတိုက်လို့ ကြွေကျရင် လှယဉ်
က ပြေးကောက်တာဗျ။ အခုတော့ ပန်း
တွေလည်းမကြွေဘူး။ လရောင်ဖျော့
ဖျော့လေးအောက်မှာတော့ ပန်းပွင့်ဖြူ
ဖြူလေးတွေက ကျုပ်နဲ့လှယဉ်ကို ငေး
တိငေးငိုင်နဲ့ ကြည့်နေကြတယ်။

ခါတိုင်း လှယဉ်နဲ့ ကျုပ်နဲ့ ချိန်းတွေ့ရင်
သူ့ခေါင်းမှာ ကျုပ်က အကျော်ပွင့်ဖြူ
ဖြူလေးတစ်ပွင့် ပန်းပေးနေကြလေဗျာ
ကျုပ် အကျော်ပွင့်လေးတစ်ပွင့်ခူးပြီး
လှယဉ်ခေါင်းမှာ ပန်ပေးလိုက်တယ်။
လှယဉ်က အရင်တုန်းကလိုပဲ အပြစ်
ကင်းတဲ့ အပြုံးလှလှလေးနဲ့ ကျုပ်ကို
ငေးငေးလေး ကြည့်တယ်။

“တာတေ၊ ငါ နင့်ဆီကို ကိစ္စရှိလို့လာတာ၊
ရှင်မကိုယ်တိုင် လွှတ်လိုက်တာ”

“ဟေ..ဟုတ်လား၊ ဘာကိစ္စတုံး လှယဉ်”

“ရော့… ဟောဒီပစ္စည်းလေး နင်ယူထား၊
ရှင်မက နင့်ဆီကို ပို့ခိုင်းလိုက်တာ၊ ဒီပ
စ္စည်းလေးက တစ်နေ့ အသုံးဝင်လိမ့်
မယ်တဲ့ တာတေ၊ ဒါပေမဲ့ ဒီပစ္စည်းကို
နင် နောက်ဆုံးအခြေအနေရောက်တော့
မှ သုံးရမယ်လို့ ရှင်မ မှာလိုက်တယ်”

လှယဉ်က သူ့ရဲ့ လက်ဝါးဖြူဖြူလေးကို
ဖြန့်ပြတယ်။ ရွှေရောင်လက်နေတဲ့ မြွေ
ရုပ်ကလေးဗျ။ မျက်လုံးနှစ်လုံးက ရဲ ပြီး
နီနေတယ်။

ပါးပျဉ်းထောင်ထားပြီး မာန်ဖီနေတဲ့ မြွေ
တစ်ကောင်ဗျ။ လျှာကလည်း နီရဲနေတာ။
မြွေက အခွေလေးခွေပြီး ပါးပျဉ်းထောင်
ထားတာ။ သေးသေးလေးဗျ။ငွေဒဂ်ါး
တစ်ကျပ်ဝိုင်းလောက်ပဲရှိတာ

ကျုပ်က လှယဉ်ပေးတဲ့ မြွေရုပ်ကလေး
ကို လက်ခံပြီး ယူလိုက်တယ်။

“လှယဉ် ငါက ဒါကို ဘယ်တော့သုံးရမှာ
တုံး”

“ဒါကို သုံးဖို့အချိန် ရောက်လာလိမ့်မယ်။
နင် ယူသာထားလိုက်ပါ”

“အေးပါ ငါ ယူထားပါမယ်”

“ရော့… ဒီစာရွက်ထဲမှာ မန္တန်ပါတယ်။ အဲဒီ
မန္တန်ကို ရွတ်ပြီးမှ ဒီမြွေကို ပစ်ရမှာ ကြား
လား ဒီမြွေနဲ့ပစ်ရင် ဘယ်လိုရန်သူမှ မခံ
နိုင်ဘူးလို့ ရှင်မက ပြောတယ်။ ဒါကို
‘မြွေစကြာ’လို့ ခေါ်တယ် တာတေ”

“သြော်…. နင် ငါ့ဆီကို ဒါလာပေးတာလား
လှယဉ်”

“အေး..ဟုတ်တယ် နင်နဲ့ ငါနဲ့ လူ့ဘဝတုန်း
က အကြောင်းရှိတာကို ရှင်မ သိတယ်
တာတေ၊ ဒါကြောင့် နင့်ဆီကို ဒီပစ္စည်း
ပို့ဖို့ ငါ့ကို လွှတ်လိုက်တာ၊ နင်နဲ့ ငါနဲ့ကို
လည်း တွေ့ခွင့်ပေးတာပေါ့ဟယ်။ ဒါပေ
မဲ့ ဒီအတိုင်း လွှတ်လိုက်တာတော့ မဟုတ်
ဘူး၊ မဖဲဝါက ငါတို့ကို တစ်နေရာကနေ
စောင့်ကြည့်နေမှာ၊ သူ့ကို ရှင်မက တာ
ဝန်ပေးထားတာ”

“သြော်…လှယဉ်ရယ် ဘာပဲဖြစ်ဖြစ် အခုလို
လွမ်းနေရတဲ့အချိန်မှာ တွေ့လိုက်ရတာကိုပဲ
ငါကျေနပ်လှပါပြီဟယ်၊ ပြီးတော့ နင့်ကို အ
ခုလို နဂိုပုံစံအတိုင်း ပြန်တွေ့ရတာ၊ ငါအ
ရမ်းဝမ်းသာတယ်”

လှယဉ်က အရင်တုန်းကလိုပဲ ကျုပ်ရင်ခွင်
ထဲကို သူ့ကိုယ်လုံးလေး ကပ်ထားတယ်။
ကျုပ်က လှယဉ်ကို ဖက်လိုက်ပြီး ပါးချင်း
ကပ်ထားလိုက်တယ်။ လှယဉ်ခေါင်းမှာ
ကျုပ်ပန်ပေးထားတဲ့ အကျော်ပန်းက
လေးက မွှေးလို့ဗျ။ ခဏနေတော့ လှ
ယဉ်ရဲ့ ကိုယ်လေး တွန့်ကနဲဖြစ်သွား
တယ်။

“တာတေ ငါပြန်ရတော့မယ်၊ အချိန်စေ့
သွားပြီ၊ ငါ့ကို ပြန်ခေါ်နေပြီ”

လှယဉ်သွားတော့မယ်ဆိုတော့မှ ကျုပ်ရင်
ထဲမှာ ဆိုနင့်သွားသလိုပဲဗျာ။ ရင်ဘတ်တစ်
ခုလုံး နာကျင်သွားသလိုပဲ။ ကျုပ်လှယဉ်
ကို လွှတ်မပေးဘဲ တအားဖက်ထားတယ်။

“တာတေ လှယဉ်ကို ပြန်လွှတ်လိုက်တော့”

အမိန့်ပေးတာ မဟုတ်ပေမယ့် သတိပေး
တဲ့အသံဗျ။ မဖဲဝါရဲ့အသံပေါ့ဗျာ။ ဆယ့်
နှစ်ရာသီပင်အောက်မှာ ကျုပ်မြင်နေကျ။
မဖဲဝါရဲ့အသံပေါ့။ ကောင်မလေးတစ်
ယောက်ရဲ့ အသံမျိုးလေဗျာ။ ဒီတော့မှ
သတိရပြီး ကျုပ် လှယဉ်ကို လွှတ်ပေး
လိုက်တယ်။ လှယဉ်က အုတ်ခုံလေးက
ထပြီး ကျုပ်ကို တစ်ချက်စိုက်ကြည့်တယ်
ဗျ။ ဟာ ပျောက်သွားပြီ။ လှယဉ်ပျောက်
သွားပြီ။

ကျုပ်လက်ထဲက ‘မြွေစကြာ’ရုပ်ကလေး
ကို တစ်ချက်ကြည့်လိုက်ပြီး အိမ်ကို ကျုပ်
စိတ်က ညွှတ်လိုက်တယ်။ ကျုပ်အိပ်နေ
ရာက လန့်နိုးသွားတော့တာပေါ့ဗျာ။.ဒါ
ပေမဲ့ ကျုပ်ပြန်အိပ်ပျော်သွားတယ်။ မ
နက်မိုးလင်းတော့ ညကအကြောင်းတွေ
ကို သတိရသွားပြီး ကျုပ်အိပ်ရာထဲမှာ
လိုက်ရှာကြည့်တယ်။

‘မြွေစကြာ’ရုပ်ကလေးက ကျုပ်ခေါင်းအုံး
ဘေးမှာဗျ။ ကျုပ်အရုပ်ကလေးကို သေ
သေချာချာ ကြည့်လိုက်တယ်။ ငွေနဲ့လုပ်
ထားတာဗျာ။ လက်ရာတော်တော်ကို
မြောက်တာဗျ။ မျက်လုံးနေရာမှာက နီ
ရဲနေတာ ပတ္တမြားလေးမြှုပ်ထားတာ
ထင်တယ်။ မာန်ဖီပြီးဟထားတဲ့ ပါးစပ်
ထဲမှာ လျှာလေးက နီရဲနေတာဗျ။

ဘယ်လိုသတ္တုနဲ့ လုပ်ထားတယ်ဆိုတာ
တော့ မသိဘူးဗျ။ လျှာကို ငွေနဲ့ လုပ်ထား
တာတော့ မဟုတ်ဘူး။ကျုပ်က မြွေစကြာ
ရုပ်ကလေးကို စက္ကူနဲ့ပတ်ပြီး ဆေးလွယ်
အိတ်ထဲမှာ သေသေချာချာ သိမ်းလိုက်
တယ်။

“တာတေ တစ်ယောက်ကတော့ မနေ့က
သေသွားတဲ့ရည်းစားကို လွမ်းရတာနဲ့၊
အိမ်အလုပ်တွေ လုပ်ရတာနဲ့ ဆိုတော့
စိတ်ရောလူရော တော်တော်ပင်ပန်းသွား
တင်ထင်တယ်၊ ညက အိပ်လိုက်တာမှ
တုံးထိုးထားသလိုပဲ လှုပ်သံတောင် မ
ကြားဘူးတော်”

အမေက ကျုပ်ကို ပြောတာဗျ။

“အမေ ကျုပ် ညက ဒီမှာမရှိဘူးဗျ၊ ရွှေ
တောင်ကုန်းမှာ လှယဉ်နဲ့ သွားတွေ့နေ
တာ”

လို့တော့ ကျုပ်ပြောလို့ ဘယ်ဖြစ်မလဲဗျာ၊
ကျုပ်ကိုယ်ပွားမထုတ်တော့ပါဘူးလို့ အ
မေ့ကို ကတိပေးထားတာလေဗျာ။ ကျုပ်
စဉ်းစားလို့ မရဘူးဗျ။ မြောက်ဘက်ရှင်
မက ကျုပ်ဆီကို ‘မြွေစကြာ’ရုပ်ကလေး
ပို့ပေးတာ။ ဘာရည်ရွယ်ချက်တုံးဆိုတာ
ကျုပ်စဉ်းစားပေမယ့် မရဘူးဗျာ။

ဘာပဲဖြစ်ဖြစ် ကျုပ်ချစ်သူ လှယဉ်ကို
ညက တွေ့လိုက်ရတော့ ကျုပ် လွှတ်
ပျော်တယ်ဗျာ။ သီတင်းကျွတ်တော့
ကျုပ်တို့ နှမ်းနှုတ်တယ်။ သီတင်း
ကျွတ်လကုန်ကာနီး နှုတ်တဲ့နှမ်းတွေ
က တန်ဆောင်မုန်းရောက်မှ ပြတ်တာ
ပေါ့ဗျာ။ နှမ်းတွေ အားလုံး အိတ်ထဲ
သွတ်ပြီးတော့ပဲ တန်ဆောင်တိုင်ပွဲ
တော် ရောက်ပြီဗျ။

အလုပ်အားလုံးပြီးတော့ ကျုပ်လည်း နား
နေတာပေါ့ဗျာ။အမေကတော့ ကျုပ်ကြိုက်
တဲ့ ဝက်သားကို ရိုးရိုးတစ်ခွက်၊ ပုန်းရည်
နဲ့ တစ်ခွက်၊ ကလီစာပါ ချက်ကျွေးတာ
ဗျ။ ဆရာတော့်ကျောင်းကို ဆွမ်းချိုင့်
လည်း ပို့ရတာပေါ့ဗျာ။

ကျုပ်ဆရာတော့်ကျောင်းကို ဆွမ်းချိုင့်
သွားပို့တော့မှ ဒီသတင်းကို ကျုပ်ကြား
တာဗျာ။ မကြားဆို ကျုပ်နဲ့ အဘလည်း
ယာထဲမှာတင် မိုးလင်းမိုးချုပ် အချိန်
ကုန်နေကြရတာလေဗျာ။ ဘယ်သူနဲ့မှ
မတွေ့ဖြစ်တော့ ဘာသတင်းမှလည်း
မကြားဘူးပေါ့ဗျာ။

“တာတေ”

“ဘုရား”

ကျုပ်က ဆွမ်းချိုင့်ကပ်နေတုန်း ဆရာ
တော်က မိန့်တာဗျ။

“ဘာသတင်းထူးများ ကြားသေးတုံး”
.
“တပည့်တော်တော့ ဘာမှမကြားဘူးဘု
ရား၊ အလုပ်တွေလည်း တစ်နေ့ကမှ ပြီး
သွားတာဘုရား၊ ဘယ်မှကို မသွားနိုင်
တာ”

“အေး အေး ဟုတ်တာပေါ့၊ မင်းအလုပ်
တွေ များနေတာကိုး၊ ဒီအနီးအနားမှာ
အောက်လမ်းတွေ ခြေရှုပ်နေသတဲ့ တာ
တေရဲ့”

“ဟာ… ဟုတ်လားဘုရား”

“အေး…အဲဒါကို မင်းနည်းနည်း လေ့လာ
ကြည့်လိုက်ဦး၊ အလုပ်တွေလည်း ပြီး
သွားပြီမို့လား”

“မှန်ပါ့ဘုရား၊ တပည့်တော် စုံစမ်းကြည့်
လိုက်ပါ့မယ်ဘုရား”

“အေး အေး၊ ကိုယ့်ရပ်ကိုယ်ရွာကို ဒီလို
မကောင်းတဲ့ အတတ်ပညာသယ်တွေ
ဝင်တာထွက်တာကို သတိထားပြီး စောင့်
ကြည့်ရမယ်၊ ဒီကောင်မျိုးတွေက ဘယ်
သူ့ကိုမှ ကောင်းကျိုးပေးမယ့်ကောင်
တွေ မဟုတ်ဘူး တာတေရဲ့”

“မှန်ပါတယ်ဘုရား၊ တပည့်တော် စုံစမ်း
လိုက်ပါ့မယ်ဘုရား”

ကျုပ်က ဆရာတော်နဲ့ စကားပြောဆိုပြီး
ဆွမ်းချိုင့်လှယ်တယ်။ ဆရာတော် နေ့
ဆွမ်းဘုဉ်းမယ့် စားပွဲဝိုင်းပေါ်မှာ ဆွမ်း
ဟင်းပွဲတွေကို သေသေချာချာ ပြင်ပေး
ခဲ့တယ်။ ဆွမ်းခံထွက်တဲ့ ကိုရင်တွေ
ကျောင်းသားတွေ ဆွမ်းခံမဝင်ကြသေး
ဘူးဗျ။ဆရာတော့်ကျောင်းက အိမ်ပြန်
ရောက်တော့ ဆရာတော်ပြောတဲ့ကိစ္စ
ကို စုံစမ်းဖို့၊ ကျုပ် ကျောက်ခဲနဲ့သံမဏိ
ကို လူကြုံနဲ့ မှာလိုက်တယ်။

လူကြုံက တခြားမဟုတ်ဘူးဗျ။ ကျောက်
ခဲတို့ ဝိုင်းနဲ့ကပ်လျက် မြောက်ဘက်ဝိုင်း
က လက်မလို့ခေါ်တဲ့ ကောင်နဲ့ မှာလိုက်
တာ။ လက်မက ကျောက်ခဲထက် နည်း
နည်းကြီးတယ်။ ဒါပေမဲ့ လူက ညှက်စိ
လေးဆိုတော့ သူ့ကို ငလက်မလို့ ကျုပ်
တို့ ရွာသားတွေက ခေါ်ကြတာ။

ကြီးလာတော့လည်း လက်မလို့ပဲ ခေါ်
တော့တယ်။ သိပ်မကြာဘူးဗျ။ကျောက်
ခဲနဲ့ သံမဏိ ကျုပ်ဆီကို ရောက်လာတယ်
ဒီကောင်နှစ်ကောင် ဝိုင်းထဲကို သုတ်သီး
သုတ်ပျာနဲ့ကို ဝင်ချလာတာဗျို့။ ကျုပ်
က မန်ကျည်းပင်အောက်က သစ်သား
ကွပ်ပျစ်မှာ ထိုင်ပြီး နဂါးဆေးပေါ့လိပ်
ကလေး ဖွာနေတာဗျ။ ကျုပ်ဘေးမှာ
ဒီကောင်နှစ်ကောင် ဝင်ထိုင်လိုက်ကြ
တယ်။ ကျုပ်မျက်နှာကိုလည်း အကဲ
ခတ်နေကြတာဗျ။

“ကိုကြီးတာတေ ဘာများအကြောင်းထူး
ရွိလို့တုံး”

ကျောက်ခဲက အာသွက်တဲ့ကောင်ဆိုတော့
ဒီကောင်က မေးတာဗျ။

“ငါ စောစောက ဆရာတော့်ကျောင်းကို
ဆွမ်းချိုင့်သွားပို့တာကွ၊ ဆရာတော်က
မေးတယ်၊ ဒီအနီးတစ်ဝိုက်မှာ အောက်
လမ်းတွေ ခြေရှုပ်နေတယ်လို့ ကြား
တယ်တဲ့ကွ၊ အဲဒါ သိလားလို့ ငါ့ကို
ဆရာတော်က မေးလို့ကွ၊ ငါကလည်း
နှမ်းသိမ်းနေရတာဆိုတော့ ဘာမှမ
ကြားမိဘူးကွ၊ မင်းတို့ရော ကြားမိ
သလား”

ကျောက်ခဲက ခေါင်းညိတ်ပြီး
ပြောတယ်ဗျ။

“ကျုပ်တွေ့ခဲ့တယ်ဗျ၊ ကိုကြီးတာတေရ”

“ဟေ…ဟုတ်လား ကျောက်ခဲ၊ မင်းကိုယ်
တိုင် တွေ့တာလား”

“ကျုပ်ရော သံမဏိရော တွေ့တာဗျ၊
အခု ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျုပ်
နဲ့ သံမဏိ မီးလောင်ကုန်းကို သွားကြ
တာဗျ။ သံမဏိ အမေခိုင်းလိုက်လို့”

“ဟုတ်တယ်ဗျ၊ ကိုကြီးတာတေရ၊ မီး
လောင်ကုန်းက အရီးလေးမပုတို့အိမ်
ကိုသွားတာ၊ ကျုပ်တို့ဆီက နှမ်းမျိုးယူ
ထားလို့၊ အမေက နှမ်းဖိုးသွားတောင်း
ခိုင်းတာဗျ”

“အေး ဟုတ်ပြီ၊ ပြောပါဦးကွ သံမဏိရ”

ကျုပ်က အင်မတန် စကားနည်းတဲ့ သံ
မဏိကို တမင်မေးတာဗျ၊ သံမဏိက
ကျောက်ခဲကို လှည့်ကြည့်တယ်။

“ပြောလိုက်လေကွာ၊ ကိုကြီးတာတေက
မင်းပြောတာကို နားထောင်ချင်လို့ မင်း
ကို ပြောခိုင်းတာနေမှာပေါ့”

သံမဏိက ဘာပြောရမလဲလို့ စဉ်းစား
နေရောဗျ

“ဒီလိုဗျ၊ ကျုပ်နဲ့ ကျောက်ခဲနဲ့ မီးလောင်
ကုန်းက ပြန်လာတော့ ကျုပ်ရှေ့ကနေ
လူနှစ်ယောက် လျှောက်သွားတယ်။တစ်
ယောက်က သျှောင်ထုံးနဲ့ဗျ။ နောက်တစ်
ယောက်က ကတုံးနဲ့ နှစ်ယောက်စလုံး
ခေါင်းမှာ ပုဝါတွေပေါင်းလို့၊ သူတို့ချင်း
ပြောတဲ့ စကားကို ကျုပ်တို့ ကြားခဲ့တာ
ဗျ၊ မင်းလည်း ကြားတယ်နော် ကျောက်
ခဲ”

“အေးပေါ့ ကြားပါတယ် ဆက်သာပြော
ပါ သံမဏိရဲ့”

“အေး ဟုတ်ပြီ သံမဏိ၊ အဲဒီလူနှစ်ယောက်
က ဘာတွေ ပြောလို့တုံးကွ”

ကျုပ်က သံမဏိစကားကို ဝင်ပြီးထောက်
ပေးတယ်။

“သျှောင်ထုံးလူက ပြောတာဗျ

‘ဟေ့ကောင် ကတုံး၊ ဒီနေရာမှာ မြောက်
ဘက်ရှင်မရဲ့ အသက်ဗူးထားတယ်ဆို
တာ ဟုတ်ပါ့မလားကွ”

“ဟ သျှောင်ကြီးဗွေရာ၊ ဆရာကြီးက
မဟုတ်ဘဲ ပြောပါ့မလားကွ၊ ဟုတ်လို့
ပြောတာပေါ့၊ အသက်ဗူးရော ထားတာ
တဲ့ဟေ့၊ အဲဒီမြောက်ဘက်ရှင်မသိုက်
ကို မဖဲဝါ စောင့်ရတာတဲဗျာ၊ မဖဲဝါဆို
ပေမဲ့ ပေါ့သေးသေး သရဲမလို့တော့ မ
ထင်နဲ့ဟေ့၊ မြောက်ဘက်ရှင်မက သူ့ကို
ပညာစက်ရော အပ်ထားတာတဲ့ကွ၊ ဒါ
မှ သူ့ရဲ့သိုက်ကို စောင့်လို့ရမှာလေကွာ”

“ဟေ…ဟုတ်လား၊ အဲဒီသိုက်ထဲမှာ ရွှေ
တွေ ငွေတွေရော ရှိသတဲ့ကွ ကတုံးရဲ့”

“ဒီသိုက်က ရတနာတွေရှိတဲ့ သိုက်မဟုတ်
ဘူးလေကွာ၊ မြောက်ဘက်ရှင်မရဲ့ ပညာ
သိုက်ကွ သျှောင်ကြီးဗွေရဲ့၊ ဘာတုံး၊ မင်း
က ရွှေတွေလိုချင်လို့လား”

“ဟာ ကတုံးကလည်း မလိုချင်ဘဲ ရှိပါ့
မလားကွာ၊ မင်းရော မလိုချင်ဘူးလား”

“ငါက မင်းနဲ့ အတွေးချင်း မတူဘူးကွ၊
ငါက ရွှေထက် ပညာကို ပိုပြီးမက်တာ”

“နေပါဦး ကတုံးရဲ့၊ အဲဒီပညာဗူးကိုရရင်
တို့ဆရာကြီးက ဘာလုပ်မှာတဲ့တုံး”

“ဟာ…ဒီကောင်သျှောင်ကြီးဗွေ၊ မင်းမ
လည်း အ ချက်ကွာ၊ ပညာဗူးရရင် ဘာ
လုပ်ရမှာတုံး၊ မျိုချလိုက်မှာပေါ့၊ အဲဒီ
ပညာဗူးဝမ်းထဲ ရောက်သွားရင် တို့ဆ
ရာကြီးက ဇမ္ဗူတလူဆိုတာလိုပဲ ပညာ
စခန်းမှာ ပြိုင်ဘက်ကင်းပြီပေါ့ကွ၊ မှော်
စုံ၊ ကြိုးစုံ၊ ရေစုံ၊ မီးစုံ အကုန်ပိုင်တဲ့လူ
ဖြစ်ပြီပေါ့ကွ”

“ဟေ… ဒါဆိုရင် မြောက်ဘက်ရှင်မရဲ့
အသက်ဗူးကိုရော ဘာလုပ်မှာတုံးကွ”

“မင်း တော်တော်ကို အတဲ့ကောင်ပဲ
သျှောင်ကြီးဗွေရဲ့၊ အသက်ဗူးကို ဆ
ရာကြီးက သိမ်းထားလိုက်ရင် မြောက်
ဘက်ရှင်မကို တစ်သက်လုံးခိုင်းလို့
ရပြီပေါ့ကွ၊ မြောက်ဘက်ရှင်မရဲ့
လက်အောက်မှာ လိပ်ပြာအင်မတန်
လှတဲ့ ပညာသယ်လေးတွေ ရှိသေး
တာတဲ့ကြ”

“ဟေ…ဟုတ်လား၊ သူတို့က လူတွေလား
ကတုံး”

“ဘယ်ကလူတွေရမှာတုံး၊ နတ်တွေက
နတ်ဆိုပေ ပညာသယ်နတ်တွေပေါ့ကွာ
နတ်စုန်းလို့ ခေါ်တယ်ကွ”

“ဟ ကတုံး၊ မင်းက တော်တော်ကို သိနေ
တာပါလား”

“သိဆို ဆရာကြီး ပြောပြတာကိုး သျှောင်
ကြီးဗွေရဲ့၊ တို့ဆရာကြီးဆီမှာ ပညာယူ
တဲ့အခါကျတော့ အခြေခံအဆင့်မှာ မင်း
တို့လိုပဲ သျှောင်တစ်စောင်းတွေ ထားရ
တယ်၊ ပညာအဆင့်မြင့်သွားပြီဆိုတော့
ငါတို့လို အမြဲတမ်း ကတုံးနဲ့ပဲ နေရတယ်
မို့လား၊ အေး ကတုံးအဆင့် ပညာသယ်
ဖြစ်ရင် ဆရာကြီးက ပြောသင့်တာတွေ
အကုန်ပြောပြထားတာကွ၊ မင်းကိုလည်း
နောက်တော့ ဆရာကြီး ပြောပြမှာပေါ့
သျှောင်ကြီးဗွေရဲ့”

“ဒီလိုဖြင့် မြောက်ဘက်ရှင်မရဲ့ တပည့်
နတ်စုန်းတွေက ဘယ်လောက်များနေ
မှန်းမှ မသိတာ၊ ဆရာကြီးနိုင်ပါ့မလား
ကြ ကတုံးရဲ့”

“ဟေ့ကောင် သျှောင်ကြီးဗွေ၊ မင်းပြောတဲ့
စကားသာဆရာကြီး ကြားသွားရင် မင်းကို
ပါးထရိုက်မှာ သေချာတယ် သိလား၊ မင်း
လို စိတ်လျှော့တတ်တဲ့လူမျိုးကို ဆရာကြီး
က သိပ်ဒေါသဖြစ်တာကွ တိုက်ပွဲဆိုတာ
နိုင်တာနဲ့ ရှုံးတာ နှစ်မျိုးပဲရှိတာ၊ နိုင်ရင်
နိုင်မယ်၊ မနိုင်ရင် ရှုံးမယ်၊ တန်ဖိုးကြီးတဲ့
အရာတစ်ခုကို လိုချင်ရင်တော့ တန်ရာ
တန်ဖိုးပေးပြီး ယူရမှာပဲ သျှောင်ကြီးဗွေ၊
အဲဒီလို အရေးကြီးလို့လည်း မင်းတို့ ငါ
တို့တွေကို ရှေ့ပြေးလွှတ်ပြီး ရှင်းခိုင်းလင်း
ခိုင်းနေတာပေါ့ကွ၊ အခုဆိုရင် ဒီနားက
ထနောင်းကုန်း၊ ဘန့်ဘွေ့ကုန်း၊ မီးလောင်
ကုန်း၊ ငွေတွင်းကုန်း၊ သံခနောက်၊ ကျဟုန်း
ဆိုတဲ့ ရွာတွေအားလုံးမှာ ငါတို့လူတွေ
ရောက်နေပြီ၊ ကြိုတင်ရှင်းလင်းနေကြ
တာ မဟုတ်လား”

“အေး ဟုတ်ပါတယ်၊ ဆရာကြီးတို့က
ဘယ်တော့ ရောက်မှာတုံး”

“လကွယ်ညမတိုင်ခင် ရောက်မှာပေါ့
သျှောင်ကြီးဗွေရဲ့၊ တို့ဆရာကြီးက လ
ကွယ်ညမှာ အလုပ်လုပ်မှာလေကွာ”

“သြော်…သိပ်မလိုတော့ဘူးပဲကွ၊ ရှေ့ပြေး
လွှတ်ထားတဲ့ ငါတို့အဖွဲ့တွေက မင်းနဲ့ ငါ
လိုပဲ သခ်ျိုင်းကုန်းဇရပ်တွေမှာပဲ နေရ
တယ်၊ ဆရာကြီးမှာတဲ့အတိုင်း အားလုံး
ကို ထောက်လှမ်းပြီး ရှင်းသင့်တာတွေ
အားလုံး ရှင်းလင်းကြရတယ်”

“ခုအချိန်ထိတော့ ထူးထူးခြားခြား ဘာမှ
မတွေ့သေးဘူးမို့လား ကတုံး”

“အခု မင်းနဲ့ ငါနဲ့ ထနောင်းကုန်းသခ်ျိုင်း
ဇရပ်ကို သွားနေကြတာလေကွ၊ ထူးလို့
သွားရတာပေါ့ ၊ငါတို့တာဝန်က မီးလောင်
ကုန်းဇရပ်မို့လား”

“ဟေ ထူးလို့ဟုတ်လား၊ ဘယ်လိုများ
ထူးလို့တုံးကြ”

“ထနောင်းကုန်းရွာကို ညဘက်ပတ်ပြီး
စက်တွေလွှတ်ကြည့်တာ၊ အဆင်ပြေ
တယ်တဲ့၊ ဒါပေမဲ့ ရွာကိုကျော်ပြီ။ စက်
လွှတ်ကြည့်တာ မရဘူးတဲ့ကွ၊ စက်
တွေ ပြတ်တောင်ထွက်ကုန်သတဲ့”

“ဟေ…ဟုတ်လားကွ”

“အေး…အဲဒါ ဆရာကြီးဆီကို သတင်းပို့
တော့ ဆရာကြီးက ဒီည ငါသွားပြီး ပူး
ပေါင်းရမယ်ဆိုလို့ သျှောင်ကြီးဗွေရဲ့၊
ဒီည အဲဒီကိစ္စပြီးမှ မင်းနဲ့ငါ မီးလောင်
ကုန်းသခ်ျိုင်းကို ပြန်ရမှာ”

“သြော် ဒီလိုလား၊ အဲဒါ ဘယ်လိုကြောင့်
ဖြစ်တာတုံးကွ၊ ကတုံးရဲ့”

“အင်း ရွာထဲမှာ အထက်လမ်းဆရာ ရှိ
နေသလား၊ ဒါမှမဟုတ်ရင်လည်း အ
ထက်ဆရာကြီးတွေက ရွာရဲ့ထောင့်
လေးထောင့်မှာ အစွမ်းထက်တဲ့ အ
ထက်အင်းတွေ မြှုပ်ပေးထားလို့လား
ဆိုတာ လေ့လာကြည့်ရမှာပေါ့ကွာ”

“တကယ်လို့ ဆရာရှိတယ်ဆိုရင် တို့က
ဘယ်လိုလုပ်ရမှာတုံးကွ”

“ဟ ဆရာရှိတယ်ဆိုရင်တော့ ရွာပြင်ကို
ရအောင်ခေါ်ထုတ်ပြီး ရှင်းပစ်သင့်ရင်
ရှင်းပစ်ရမှာပေါ့ကွာ၊ သျှောင်ကြီးဗွေရဲ့၊
ဆရာကြောင့် မဟုတ်ဘဲ အင်းတွေဘာ
တွေကြောင့် ဆိုရင်တော့ ဒီအတိုင်းထား
လိုက်ရုံပေါ့၊ ထနောင်းကုန်းထဲကို တို့လူ
အလွယ်တကူ မဝင်ဖို့ ရွာပြင်ကပဲ ပတ်
သွားဖို့ ဆရာကြီး ပြောမှာပေါ့ကွာ၊ဘာ
ကြောင့်ဆိုတာ တိတိကျကျ အဖြေရှာ
ပေးရမှာပေါ့”

“သြော်…မင်းတို့ကတုံးတွေရဲ့ အဆင့်က
တော်တော်ကို မြင့်တာပဲနော်”

“အေး.. ကတုံးအဆင့်ကိုရောက်ရင် အ
ပေါ်မှာ သုံးဆင့်ပဲ ကျန်တော့တယ်ကွ၊
ဒါတောင် ထနောင်းကုန်းဇရပ်က ကတုံး
နဲ့ ငါနဲ့ နှစ်ယောက်ပေါင်းပညာနဲ့ ဒီည
ရှာရမှာ၊ ပြီးရင် မင်းနဲ့ငါ မီးလောင်ကုန်း
ဇရပ်ကို ပြန်အိပ်ကြတာပေါ့ကွာ”

“ဟာ…မင်းတို့ ဆရာကြီးဆီကို သတင်း
သွားမပို့တော့ဘူးလား”

“ဟား ဟား ဟား ဟား မင်း သိမှမသိ
သေးတာပဲကိုး သျှောင်ကြီးဗွေရဲ့၊ ငါတို့
က ဆရာကြီးဆီကို လူကိုယ်တိုင် သွား
ပြီးသတင်းပို့ဖို့ မလိုဘူးကွ၊ ဒီကနေ
လှမ်းလျှောက်လို့ရတယ်”

“ဟေ…မင်းတို့ပညာက ဒီလောက်တောင်
မြင်နေပြီလား”

“ဟာ မြင့်ပါတယ်ဆိုမှ သျှောင်ကြီးဗွေရာ”

သံမဏိက စကားကို ရပ်လိုက်တယ်။
ကျုပ် သံမဏိ ပြောတာကို စဉ်းစား
နေတာဗျ။

“အဲဒါ ဘယ်နေ့က တွေ့ခဲ့တာတုံးကွ
ကျောက်ခဲရဲ့”

“တနေ့ကဗျ၊ နှစ်ရက်ရှိပြီပေါ့ ကိုကြီးတာ
တေ”

ဒီလူတွေ ကျုပ်တို့ ထနောင်းကုန်းမှာ ဘာ
တွေ တွေ့သွားတုံး၊ ရွာပေါ်ကို စက်လွှတ်
လို့မရတာ၊ ကျုပ် ဆေးအိတ်ကြီးထဲမှာ
ရှိတဲ့ ဆရာကြီးတွေ ပေးထားတဲ့ အင်း
ချပ်တွေ အရုပ်တွေ ဆေးဝါးတွေ ရှိနေ
လို့ ဖြစ်မယ်ဗျ။

“တို့ထနောင်းကုန်စဇရပ်ထဲမှာ ဒီလူတွေ
ရှိတုန်းပဲလား”

“ဟာ ရှိတယ် ကိုကြီးတာတေ၊ မနက်က
ရွာပြင်ထွက်တော့ လူနှစ်ယောက် ထိုင်
နေတာကို ကျုပ်လှမ်းမြင်ခဲ့တယ်”

“မင်းတို့ ဒီလူတွေကို တွေ့ခဲ့ရဲ့သားနဲ့ ငါ့
ကို ဘာလို့ လာမပြောတုံး ကျောက်ခဲရဲ့၊
ဆရာတော်ပြောလို့ ငါသိရတာ”

“ကျုပ်တို့လည်း ပြောမလို့ပဲဗျ၊ ဒီလိုပဲ
အောက်လမ်းဆရာတွေ လာတတ်သွား
တတ်တာပဲလေ ကိုကြီးတာတေရာ၊ သူ
တို့ပြောတဲ့ မြောက်ဘက်ရှင်မတို့ ဘာ
တို့ ဆိုတာတွေကို ကျုပ်တို့နားမှမလည်
တာ၊ မဖဲဝါဆိုတာတော့ သိတာပေါ့ဗျာ၊
ကိုကြီးတာတေနဲ့ ကျုပ်တို့ သခ်ျိုင်းထဲ
ကို လိုက်နေကျပဲလေဗျာ၊ ပြီးတော့ ဒီ
လူတွေက ကျုပ်တို့ရွာထဲကို ဝင်တာပြု
တာမှ မရှိတာ၊ ဒါကြောင့် ကျုပ်က
နောက်မှပြောတာပေါ့ကွာ၊ ကိုကြီးတာ
တေလည်း ယာထဲမှာပဲ တစ်နေ့လုံး ကုန်
နေတာကွလို့ သံမဏိကို ကျုပ်က ပြော
ထားတာ”

“အေး..မင်းပြောတာလည်း ဟုတ်ပါတယ်
ငါကိုယ်တိုင်လည်း ဒီလူတွေကို ဘာတွေ
မှန်း မသိဘူးကွ၊ အခု မင်းတို့ပြောပုံကို
ထောက်ရင်တော့ ဒီလူတွေဟာ အောက်
လမ်းတွေလား၊ ကဝေတွေလား၊ တစ်ခု
ခုပဲကွ၊ ပြီးတော့ မြောက်ဘက်ရှင်မရဲ့
ပညာဗူးတွေ အသက်ဗူးတွေကို ဒီနယ်
မှာ ထားတယ်ဆိုတာတော့ ငါဖြင့် ကြား
တောင် မကြားဖူးပါဘူးကွာ၊ ငါတို့ သွား
လာနေကြတာပဲ၊ ဒီနေရာတွေမှာ အ
ဆောက်အဦးတွေ ဘာတွေ ရှိတာမှ
မဟုတ်တာ၊ အင်း…ဒါပေမဲ့ ဒီလူတွေ
လည်း ဒီကို အကြောင်းမဲ့တော့ လာနေ
မှာ မဟုတ်ဘူးကွ၊ သတိတော့ ထားရ
လိမ့်မယ်၊ မင်းတို့ ကြားခဲ့တဲ့အတိုင်း
ဆိုရင် လကွယ်နေ့ညမှာ တစ်ခုခုတော့
ထူးလိမ့်မယ်ထင်တယ် ကျောက်ခဲရဲ့”

“ဒါဆိုရင် ကိုကြီးတာတေ ဘာလုပ်မှာတုံး”

“ဟေ…ငါက ဘာလုပ်ရမှာတုံး ကျောက်
ခဲရဲ့၊ ဘာမှန်းမှမသိတာ၊ ပြီးတော့ ငါက
ဆရာမှ မဟုတ်တာ၊ ဘာလုပ်တတ်မှာ
တုံး၊ ကိုယ့်ရွာကို မထိအောင်တော့ သ
တိထားရမှာပေါ့ကွာ”

“ဒါပေါ့ ကိုကြီးတာတေရာ၊ ရွာထဲဝင်လာ
လို့ကတော့ ပညာချင်း မယှဉ်နိုင်ရင် ဓားနဲ့
ခုတ်ပစ်တာပေါ့ဗျာ”

ကျောက်ခဲက အာဂကောင်ဗျ။ နည်းနည်း
မှ ကြောက်စိတ်ရှိတဲ့ကောင် မဟုတ်ဘူး။

“အေး အေး မင်းတို့လည်း မျက်စိရော
နားရော ဖွင့်ထားကြ၊ ငါလည်း သတိအ
ပြည့်ထားမယ်၊ တစ်ခုခုထူးတာနဲ့ ငါ့ကို
ချက်ချင်းလာပြောကြကွာ၊ ပြီးတော့ ဒီ
သတင်းကို ရွာထဲမှာ လုံးဝမပြောနဲ့ ကြား
လား၊ တို့ရွာသားတွေအကြောင်းလည်း
မင်းတို့သိသားပဲ၊ တစ်စိတ်ဆိုရင် တစ်
အိတ်လုပ်ပြီး ပြောတတ်ကြတာ၊ တစ်
ရွာလုံး အုန်းအုန်းကျွက်ကျွက်တွေ ဖြစ်
ကုန်လိမ့်မယ်”

“စိတ်ချပါ ကိုကြီးတာတေ၊ ဒီအကြောင်း
ကို ကျုပ်တို့နှစ်ယောက်ရယ် ကိုကြီးတာ
တေရယ်ပဲ သိစေရမယ်”

“အေး အေး မင်းတို့နှစ်ယောက်ကိုတော့
ငါက စိတ်ချပြီးသားပါကွာ သတိပေးရုံ
ပြောတာပါ”

သိပ်တော့မကြာဘူးဗျ။ တန်ဆောင်မုန်း
လကွယ်ညရောက်လာတယ်။ကြယ်ရောင်
တွေနဲ့ မှုန်ပြပြတော့ လင်းတာပေါ့ဗျာ။
ညနေကတည်းက ကျောက်ခဲက ကျုပ်
ကို သတင်းပို့ပြီးပြီဗျ။မီးလောင်ကုန်း
သခ်ျိုင်းထဲက ဇရပ်ပေါ်မှာ သျှောင်ထုံး
နဲ့ လူတွေရော ကတုံးနဲ့လူတွေရော အား
လုံးဆယ်ယောက် စုနေကြတယ်တဲ့ဗျ။

ညကိုးနာရီထိုးတော့ ကျောက်ခဲနဲ့ သံမဏိ
က ကျုပ်ကို လာခေါ်ကြတယ်။ ကျုပ်က
တစ်ပတ်လောက်ကတည်းက ကြိုပြီး ပြင်
ဆင်ထားပြီးပါဗျာ။ အင်းတွေ ဆေးတွေ
ကို မန္တန်တွေ ရွတ်ပြီး နေ့တိုင်း နှိုးထား
တာ။ ဒီအထဲမှာ လှယဉ် ယူလာတဲ့ မြွေ
စကြာရုပ်လေးလည်း ပါတာပေါ့ဗျာ။

လှယဉ်က မြွေစကြာကို ပေးကတည်း
ကမန္တန်ပါတွဲပြီး ပေးသွားတာလေဗျာ။
နောက်ဆုံး အချိန်ကျမှ ဒီမြွေစကြာကို
သုံးရမယ့်လို့လည်း ပြောသွားတယ်။
ခုတော့ ကျုပ်သဘောပေါက်ပြီပေါ့ဗျာ
အုံလိုက်ကျင်းလိုက် ရောက်လာပြီး
မြောက်ဘက်ရှင်မရဲ့ ပညာသိုက်ကို
ဖော်ကြတော့မှာကိုး။

ဒီကိစ္စဟာ ကျုပ်နဲ့တော့ ဘာမှမဆိုင်ဘူး
ဗျ။ ဒါပေမဲ့ ကျုပ်ချစ်သူ လှယဉ်နဲ့ ပတ်
သက်နေတော့ ကျုပ်သွားကိုသွားရမှာ
ပေါ့ဗျာ။ ကျုပ်တို့က မီးလောင်ကုန်းသ
ခ်ျိုင်း အနောက်ဘက်က ကုက္ကိုပင်ကြီး
တွေဘက်က ပတ်ဝင်တယ်။

အဲဒီဘက်က ခြုံတွေထူတာဗျ။ ကျုပ်တို့
ကို ဘယ်သူမှ မြင်ကြမှာ မဟုတ်ဘူးလေ။
ပြီးတော့ အဲဒီဘက်မှာက ရှေးက မြို့စား
တစ်ယောက်ရဲ့ ဂူဟောင်းကြီးလည်း ရှိ
တယ်လေဗျာ။ ဒီအကြောင်းကို’ ကွင်းပိုင်
နှမ မဖဲဝါ’မှာ ရေးခဲ့ပြီးပါပြီ၊ ကျုပ်တို့
အဲဒီနေရာမှာ ငြိမ်ပြီး အခြေအနေကြည့်
နေကြတယ်။

ဇရပ်နဲ့ဆိုရင်တော့ ကျုပ်တို့အခုရောက်
နေတဲ့နေရာက အတော်ကလေး လှမ်းသေး
တာဗျ။ ကျုပ်တို့ကို ဘယ်သူမှ မြင်ရမှာ
မဟုတ်ဘူး။ စကားတိုးတိုးပြောရင်တောင်
ကြားမှာ မဟုတ်ဘူးဗျ။ ဇရပ်ထဲက ကတုံး
တွေရော၊ သျှောင်ထုံးတွေရော ငြိမ်နေကြ
လေရဲ့။ သူတို့စောင့်နေကြတာဗျ။လူတစ်
ယောက်ကို စောင့်နေတဲ့ပုံပဲ။ သူတို့ရဲ့ ဆ
ရာကြီးဆိုတဲ့လူကို စောင့်နေပုံရတယ်။

“အောက် အီ အီး အွတ်”

မီးလောင်ကုန်းရွာထဲမှာ သန်းခေါင်ကြက်
တွေ တွန်ကြပြီဗျို့။

“ဟာ ဟေ့ကောင်နှစ်ကောင် ငြိမ်နေ ငြိမ်
နေ၊ လာနေကြပြီ၊ တို့မြောက်ဘက်က
လာတာကွ၊ ငြိမ်နေ၊ ငြိမ်နေ”

ဟုတ်ပါ့ဗျာ၊ ရှေ့ဆုံးကလူက ဆံပင်ပွပွ
ကြီးကို ဖားလျားကြီးချထားတာဗျ။ အ
ရပ်ကလည်း တော်တော်ရှည်တယ်။လွယ်
အိတ်ကြီးတစ်လုံးကို စလွယ်သိုင်း လွယ်
ထားတယ်။ သူ့နောက်မှာလည်း လွယ်
အိတ်စလွယ်သိုင်းနဲ့ လူ ငါးယောက်ဗျ။
ဒါ အောက်လမ်းကြီးတွေပဲဗျ။

ဟော သွားကြပြီ၊ မီးလောင်ကုန်းသခ်ျိုင်း
ဟိုဘက် ဇရပ်ထဲကို ဝင်သွားကြပြီဗျ။ ဒီ
လူစုလာတာကို ဇရပ်ပေါ်ကလူတွေ မြင်
တော့ အားလုံးလှုပ်လှုပ်ရှားရှားဖြစ်ပြီး
မတ်တတ်ထရပ်ကြတယ်။

“အေး…မင်းတို့တွေတော်တယ်။ ဘာမှ
မရှိအောင် ရှင်းထားနိုင်ကြတယ်။ ငါ
လာခဲ့တဲ့ လမ်းတစ်လျှောက်မှာ ဘာအ
ထစ်အထောက်မှ မရှိခဲ့ဘူး၊ ကဲ တပည့်
တို့ နားထောင်ကြ၊ မကြာခင်မှာ မြောက်
ဘက်ရှင်မရဲ့ ပညာဗူးရှိတဲ့ ပညာသိုက်
ကို ငါဖော်တော့မယ်။

ဆရာက မြောက်ဘက်ရှင်မရဲ့ ပညာဗူး
ကို မျိုချပြီးတာနဲ့ ဆရာရဲ့ မူလပညာ
တွေဟာ အံမခန်းအောင် အရောင်တွေ
ထွက်လာလိမ့်မယ်၊ အဲဒီနောက်တော့
ဆရာဟာ အသက်တွေ ထောင်ချီပြီး
နေရမယ့် မှော်ဝိဇ္ဇာကြီးတစ်ယောက်
ဖြစ်ပြီကွဲ့၊ အဲဒီအခါကျရင် ငါ့တပည့်
များကိုလည်း ဇမ္ဗူတလူဖြစ်အောင်
ဆရာက ပညာတွေ အဆင့်မြှင့်မြှင့်
ပေးမယ်။အေး တစ်ခုပဲပြောချင်
တယ်။ သစ္စာတော့ ရှိကြပါ။

သစ္စာပျက်ရင်တော့ ကိုယ်ထိုက်နဲ့ ကိုယ်
ကံပဲနော်၊ ကဲ..လာကြ၊ ဆရာ့ကို ဘေးက
ဝိုင်းထားကြ၊ သျှောင်ကြီးဗွေတွေက ပ
ညာအဆင့်နိမ့်သေးတာ၊ နောက်မှာ နေ
ကြ၊ အန္တရာရယ်က ဘယ်လောက်ကြီး
မယ်ဆိုတာ မသိနိုင်ဘူးကွဲ့၊ ကတုံးတွေ
က ပညာအလယ်အလတ်တွေဆိုတော့
ရှေ့ကနေကြ၊ ငါ့ရဲ့ လက်ဝဲ လက်ယာ
မှာ နှစ်ယောက်၊ ငါရှေ့မှာ သုံးယောက်၊

အေး ဟုတ်ပြီ၊ ငါ စည်းတားတော့မယ်၊
စည်းဝိုင်းထဲကနေ အပြင်ကို ခြေတစ်
လှမ်းတောင် မထွက်နဲ့၊ ကြားကြလား၊
စည်းပေါက်တာနဲ့ ငါတို့ ရှုံးပြီသာ
မှတ်ပေတော့ ကြားကြလား”

“ကြားပါတယ် ဆရာကြီး”

ဆံပင်ဖားလျားနဲ့ မှော်ဝိဇ္ဇာဖြစ်ဖို့ ကြိုးစား
နေတဲ့ အောက်လမ်းကြီးက သူ့တပည့်တွေ
ကို ပတ်ပြီး စည်းချတယ်။ ပြီးတာနဲ့ သူ့နေ
ရာမှာသူ ဝင်ရပ်တယ်။ခြေထောက်နှစ်ဖက်
ကို ကားရပ်ပြီး ခေါင်းကို ကောင်းကင်ပေါ်
မော့ထားတယ်။ ဟာ ရွတ်ပြီဗျို့။

အသံအကျယ်ကြီးနဲ့ မန္တန်တွေ စပြီးရွတ်
ပြီဗျို့။ သူ့တပည့်တွေကလည်း သူတို့ရဲ့
စက်တွေကို နှိုးနေကြတယ်။ သူတို့ကိုယ်
ဘေးမှာ တစ်ချက် တစ်ချက် အရောင်
လေးတွေ လက်ကနဲ လက်ကနဲ ဖြစ်သွား
တယ်ဗျ။ ကျုပ်ကတော့ လွယ်အိတ်ထဲ
က မြွေစကြာအရုပ်ကလေးကို လက်နဲ့
ဆုပ်ထားတယ်။ မျက်ကွင်းဆေး ကွင်း
ပြီဆိုတော့ အားလုံးကို ကျုပ်မြင်မှာ
ပေါ့ဗျာ။

“ဝုန်း၊ ဝုန်း၊ ဂျိမ်း၊ ဂျိမ်း”

ဟာ မြေကြီးထဲက မြည်တဲ့အသံကြီးဗျ၊
ကျောက်ခဲနဲ့ သံမဏိတောင် လန့်သွား
ပြီး ကျုပ်လက်ကို ဆုပ်ထားကြတယ်။

“ကိုကြီးတာတေ ဒီဆရာ တော်တော်စွမ်း
ပုံရတယ်ဗျ”

“အေးကွ၊ ကျောက်ခဲရ၊ ကြည့်ကြသေး
တာပေါ့ကွာ”

အောက်လမ်းဆရာကြီးက မန္တန်ကို အ
ဆက်မပြတ် ရွတ်တယ်။ ဟာ ပေါ်လာ
ပြီဗျို့။ မြေကြီးထဲက ပေါ်လာပြီ။အုတ်
နဲ့ ဆောက်ထားတဲ့ အဆောက်အဦးဗျ။
ဆယ်ပေပတ်လည်လောက်ရှိတဲ့ အ
ဆောက်အဦးလေးဗျ။ ရှေ့မှာ အုတ်
လှေကားလေး ပါတယ်။ ပိတ်ထားတဲ့
တံခါးတစ်ချပ်လည်း ပါတယ်။ တံခါး
က အနီရောင်ဗျ။

အောက်လမ်းဆရာကြီးက အားတက်
သွားပြီး မန္တန်တွေကိုအဆက်မပြတ်
ရွတ်နေတယ်။ မြောက်ဘက်ရှင်မရဲ့
ပညာသိုက်က ပေါ်နေပြီဗျ။ ဒါပေမဲ့
တံခါးက မပွင့်ဘူး။ အောက်လမ်းဆ
ရာကြီးက ဒေါသဖြစ်လာပြီး အသံနက်
ကြီးနဲ့ ထအော်လိုက်တယ်။

“ဟဲ့ ကောင်မတွေ၊ နင်တို့တွေ ကိစ္စတုံး
မသွားချင်ရင် တံခါး ခုချက်ချင်းဖွင့်
လိုက်၊ ငါ့စက်နဲ့ ထိုးလိုက်လို့ ပွင့်သွား
ရင် နင်တို့အားလုံးကို ငါ့မယားလုပ်ပစ်
မယ်၊ မြောက်ဘက်ရှင်မရဲ့ အစေအပါး
မတွေ တံခါးဖွင့်ဆို ခုချက်ချင်းဖွင့်ကြ
စမ်း”

တံခါးအနီကြီးက လှုပ်တောင် မလှုပ်
ဘူးဗျ။

“ကဲ…တပည့်တို့ စက်တွေ ဆက်ကြစမ်း
ဟေ့”

ပြောပြောဆိုဆိုနဲ့ အောက်လမ်းဆရာ
ကြီးက သူ့တပည့်တွေရဲ့ ရှေ့ဆုံးကို
ထွက်လိုက်တယ်။ သူ့တပည့်တွေက
တစ်ယောက်နဲ့တစ်ယောက် ပခုံးတွေ
ကိုင်ပြီး စက်တွေစထုတ်ကြတယ်။
နောက်ဆုံးတစ်ယောက်က သူတို့ဆ
ရာရဲ့ ပခုံးကို လှမ်းကိုင်လိုက်တယ်။

အောက်လမ်းကြီးက သူတို့ရဲ့အောက်
လမ်းမန္တန်တွေကို ရွတ်တယ်။ ဟော
ထွက်လာပြီဗျို့။ စက်ရောင်စုံတွေ
ထွက်လာပြီ။ အောက်လမ်းဆရာကြီး
က ထွက်လာတဲ့ စက်တွေကို လက်ဝါး
နှစ်ဖက်နဲ့ လုံးသလို လုပ်လိုက်တယ်။
ခဏနေတော့ သူ့လက်ဝါးနှစ်ဖက်
ကြားက စက်လုံးကြီးနဲ့ တံခါးအနီ
ကြီးကို ပစ်ပေါက်လိုက်တယ်။ အ
ရောင်တွေ တလက်လက်ထွက်နေ
တဲ့ စက်လုံးကြီးက တံခါးကို သွား
ထိတယ်။

“ဝုန်း”

ဟာ ထိသွားပြီဗျို့။ တံခါးအနီကြီး ပွင့်
သွားပြီ။ ဟာ အထဲမှာ ရွှေကလပ်နဲ့ တင်
ထားတဲ့အရာလေးနှစ်ခုဗျ။ အရောင်တွေ
ဖြာထွက်နေတယ်။

“ဟား၊ ဟား၊ ဟား၊ ဟား၊ ကဲ အခုတော့
ဘာတတ်နိုင်သေးတုံးဟဲ့ မြောက်ဘက်
ရှင်မရဲ့၊ နင် ဖွက်ထားတဲ့ နင့်ရဲ့ပညာဗူး
နဲ့ အသက်ဗူးကို ငါရတော့မယ်၊ နင့်ကို
ငါတစ်သက်လုံး ခိုင်းစားလို့ ရပြီဟဲ့
မယ်တော်ဆိုတဲ့ ဟာမရဲ့၊ ဟား ဟား
ဟား ဟား”

ဟာ မဖဲဝါကြီး ပြေးလာပြီဗျို့။ ကျူပ်
တစ်သက်မှာ မဖဲဝါ ဒီလောက်ကြမ်း
ကြမ်းတမ်းတမ်းနဲ့ ပြေးတာလွှားတာ
တစ်ခါမှ မမြင်ဖူးဘူးဗျာ။ ဆံပင်ဖား
လျားကြီးနဲ့ဗျို့။ အရပ်ဆယ့်နှစ်ပေ
လောက်ကြီးနဲ့ဗျာ။ မျက်လုံးကြီးက
လည်း နီရဲပြီး ပြူးထွက်နေတာဗျ။

ဟင်…မဖဲဝါရဲ့ ပခုံးပေါ်မှာ ခေါင်းကြီး
တစ်လုံး ထမ်းလာတာဗျို့။ မြောက်
ဘက်ရှင်မရဲ့ ပညာသိုက်ရှေ့မှာ မဖဲ
ဝါ ဘွားကနဲ ပေါ်လာတယ်။ ပခုံးပေါ်
မှာ ခေါင်းကြီးထမ်းလို့ဗျ။

“ဟာ…အောင်မယ်လေး၊ မဖဲဝါကြီးဗျ”

အောက်လမ်းကြီးရဲ့ တပည့်တွေထဲက
သျှောင်ကြီးဗွေငါးယောက်က ပညာက
လည်း နုသေးတော့ မဖဲဝါကို တအား
လန့်သွားကြတာ။ ဒီမှာတင် ဒီလူငါး
ယောက် ထွက်ပြေးရောဗျို့။

“ဟာ ဟေ့ကောင်တွေ ဟေ့ကောင်တွေ”

အောက်လမ်းကြီး စကားတောင် မဆုံး
သေးဘူးဗျ။ မဖဲဝါက ထွက်ပြေးတဲ့
သျှောင်ကြီးဗွေငါးယောက်ဆီကို သူ့
ပခုံးပေါ်မှာ ထမ်းထားတဲ့ ခေါင်းကြီး
ကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး ခေါင်းကြီး
ကို လေထဲမှာ ဝှေ့လိုက်တယ်။

“ဝီ၊ ဝီ၊ ဝီ၊ ဝီ၊ ဝီ”

မဖဲဝါလက်ထဲက ခေါင်းတလားကြီး လေ
ထဲမှာ ‘ဝီ၊ ဝီ၊ ဝီ’နဲ့ မြည်နေတာဗျ။ ဟာ ပစ်
လိုက်ပြီဗျို့။ ပစ်လိုက်ပြီ။ လက်ထဲက
ခေါင်းကြီးနဲ့ ပစ်လိုက်တာဗျာ။

“ဝီ၊ ဝီ၊ ဝီ ဝီ”

ဟော မဖဲဝါရဲ့ ခေါင်းကြီးက လေထဲမှာ
‘ဝီ၊ ဝီ၊ ဝီ’နဲ့ အော်ပြီး ပျံထွက်သွားတယ်၊

“ဘုန်း၊ ဘုန်း၊ အား၊ အား၊ ဘုန်း”

ထွက်ပြေးသွားတဲ့ သျှောင်ကြီးဗွေတွေ
ကို ဘုန်းကနဲ ဘုန်းကနဲ ရိုက်ပစ်လိုက်
တာ ငါးယောက်စလုံး သခ်ျိုင်းကုန်းထဲ
မှာ ဝမ်းလျားကြီးတွေ မှောက်သွား
တယ်ဗျို့။

“ဝီ၊ ဝီ၊ ဝီ၊ ဝီ ဝီ”

ဟော လေထဲမှာ ပျံနေတဲ့ ခေါင်းကြီးက
မဖဲဝါဆီကို ပြန်ရောက်သွားပြီဗျို့။ မဖဲ
ဝါက ခေါင်းကြီးကို လက်နှစ်ဖက်နဲ့ ဖမ်း
ယူပြီး ပခုံးပေါ်မှာ ပြန်ထမ်းထားလိုက်
တယ်

“တောက်၊ ငါ အတန်တန်ပြောရဲ့သားနဲ့
ဒီကောင်တွေကွာ”

“ဆရာကြီး စည်းပေါက်သွားပြီနော်”

“အေး ငါသိတယ် သာဂိ၊ မကြောက်ကြ
နဲ့ အားလုံး သတိထားပြီးနေကြ၊ ကဲ စက်
တွေ ဆွဲထုတ်လိုက်၊ ဒီကောင်မဆီကို
တစ်ယောက်ချင်း စက်လွှတ်ကြစမ်း”

အောက်လမ်းကြီးရဲ့ တပည့်တွေက မဖဲဝါ
ဆီကို စက်တွေ ဝိုင်းလွှတ်ကြတယ်ဗျို့။

“ဝုန်း”

ဟော မဖဲဝါက ခေါင်းကြီးထမ်းလျက်သား
နဲ့ ပျောက်သွားပြီ။

“သတိထားကြဟေ့၊ သရဲမ ပျောက်သွားပြီ”

“ဝုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း၊ ခွပ်၊ အား၊ အား”

မဖဲဝါက အောက်လမ်းတွေရဲ့ နောက်က
နေ ဘွားကနဲ ပေါ်လာပြီး ခေါင်းကြီးနဲ့
လွဲပြီး ရိုက်တယ်။ ကတုံးတွေ အကုန်
လုံး ဟပ်ထိုးကြီးတွေ လဲကျကုန်ရော
ဗျို့၊ အောက်လမ်းတွေက နောက်ကို
ဆတ်ကနဲ လှည့်ပြီး မဖဲဝါကို စက်တွေ
နဲ့ ဝိုင်းပစ်ကြတယ်။

“ဝုန်း”

မဖဲဝါ ပျောက်သွားပြန်ပြီဗျို့။ အောက်
လမ်းတွေ ဘာလုပ်ရမှန်း မသိအောင်
ဖြစ်ကုန်ရောဗျို့။ ဘေးပတ်လည်ကို
လှည့်ပြီး ကြည့်နေကြတယ်။ ဟာ မဖဲ
ဝါက ခြုံပုတ်ထဲက ထွက်လာတာဗျ။
အရွယ်က တစ်တောင်လောက်က
လေး ရှိတယ်ဗျ။

ပခုံးမှာလည်း ခေါင်းသေးသေးတစ်လုံး
ထမ်းလို့ဗျ။ ဟော ပြေးပြီ၊ ပြေးပြီ၊ မဖဲ
ဝါ ပြေးပြီး ပခုံးပေါ်က ခေါင်းနဲ့ လွဲပြီး
ရိုက်ပြီဗျို့။

“ဘုန်း၊ ဘုန်း၊ ဘုန်း၊ အား၊ အား”

အောက်လမ်းဆရာကြီးရဲ့ လက်ဝဲဘက်
က နှစ်ယောက် လဲကျသွားပြန်ပြီဗျို့။
ဒီတော့မှ အောက်လမ်းတွေက မဖဲဝါ
ကို တွေ့သွားပြီ။

“ဟာ….ဟိုမှာ၊ ဟိုမှာ”

ဆိုပြီး မြေကြီးပေါ်မှာ ပြေးနေတဲ့ နှစ်
တောင်လောက်ရှိတဲ့ မဖဲဝါဆီကို စက်
တွေ လွှတ်ကြပြန်ရောဗျာ။

“ဝုန်း”

မဖဲဝါက ပျောက်သွားပြန်ပြီဗျို့။ ဒီတစ်
ခါ မဖဲဝါ ပျောက်သွားတာ တော်တော်
ကြာတယ်ဗျ။

“ဟိုသရဲမ ဘယ်ရောက်သွားတုံးကွ”

အောက်လမ်းဆရာတွေလည်း ဟိုကြည့်
ဒီကြည့် လုပ်နေကြရောဗျ။ ဒီတုန်းမှာ
မဖဲဝါက မြေကြီးထဲက ခုန်ထွက်လာ
ရောဗျာ။

“ဝုန်း၊ ဟာ၊ ဘုန်း၊ ဘုန်း၊ ခွပ်၊အား၊ အား”

ရိုက်သံ အော်သံတွေက မီးလောင်ကုန်း
သခ်ျိုင်းထဲမှာ ဆူညံသွားတော့တာပေါ့
ဗျာ။ ကျောက်ခဲနဲ့ သံမဏိကတော့ ဘာ
မှ မမြင်တော့ အောက်လမ်းတွေ လဲကျ
သွားပြီး သွေးတွေ အန်ကြတာတွေ၊ဆန့်
ငင် ဆန့်ငင်ဖြစ်ပြီး ငြိမ်သွားကြတာတွေ
ပဲ တွေ့ကြတာပေါ့ဗျာ။

“ကိုကြီးတာတေ ၊ ဟိုဆရာတွေ သေကုန်
တာ ဘာဖြစ်လို့တုံးဗျ”

လို့ ကျောက်ခဲက ကျုပ်ကို အသံအုပ်အုပ်
ကလေးနဲ့ မေးတယ်။

“မဖဲဝါကြီး ခေါင်းနဲ့ရိုက်သတ်နေတာကွ”

ကျုပ် ကျောက်ခဲကို လှည့်ပြောတုန်းမှာ
ပဲ အောက်လမ်းဆရာကြီးရဲ့ ညာဘက်
က တပည့်နှစ်ယောက် လဲကျသွားပြီဗျာ
ဆရာကြီးနဲ့ သူ့တပည့်တစ်ယောက်ပဲ
ကျန်တော့တာဗျာ။ ဟာ နောက်ကျသွား
ပြီဗျို့။ ဒီတစ်ခါတော့ မဖဲဝါ ကိုယ်
ဖျောက်တာ နောက်ကျသွားပြီဗျ။

အောက်လမ်းဆရာကြီးရဲ့ စက်တွေ
က မဖဲဝါရဲ့ တစ်ကိုယ်လုံးကို ပတ်
သွားပြီဗျို့။ ပခုံးပေါ်က ခေါင်းကြီး
လည်း ပြုတ်ကျသွားပြီဗျို့။ ဒီတုန်း
မှာပဲ အောက်လမ်းဆရာကြီးက တံ
ခါးပွင့်နေတဲ့ ပညာသိုက်ထဲကို လှစ်
ကနဲ ပြေးဝင်လိုက်တယ်။ ဒါပေမဲ့
အထဲကို မရောက်ဘူးဗျ။

“ဘုန်း”

ဟာ အောက်လမ်းဆရာကြီးရဲ့ ရင်ဘတ်
ကို ခြေထောက်နဲ့ ကန်ထုတ်လိုက်တာဗျ
အောက်လမ်းဆရာကြီး နောက်ပြန်လဲ
ကျသွားတယ်။

“ဟာ…ဆရာကြီး”

သူ့တပည့်က ပြေးပွေ့တယ်။ အောက်
လမ်းဆရာကြီးက သူ့ရင်ဘတ်ကို
ဆောင့်ကန်လိုက်တဲ့သူကို မျက်လုံး
ထဲက မီးတွေ ဝင်းဝင်းတောက်ပြီး
လှမ်းကြည့်လိုက်တယ်။ ဟာ…လှ
ယဉ်၊ လှယဉ်ပါလား။ တစ်ကိုယ်လုံး
မှာ အနီရောင် ဝတ်ထားတာဗျ။
ကြယ်ရောင်တွေအောက်မှ လှ
ယဉ်ရဲ့အလှက ထင်းနေအောင်
ပေါ်နေတာပေါ့ဗျာ။

“ဟား၊ ဟား၊ ဟား၊ ဟား၊ ငါ့မယားလေး
က တယ်လှပါလား၊ ဟား၊ ဟား၊ ဟား၊
ပညာဗူးမျိုပြီးရင် နင့်ကို ငါ့မယားလေး
အဖြစ် သိမ်းပိုက်မယ် ကြားလား၊ ဟား
ဟား၊ ဟား၊ ဟား၊ ဟား”

အဲဒါ အောက်လမ်းဆရာကြီးရဲ့ အမှားပဲ
ဗျ။ လှယဉ်က အော်ရယ်နေတဲ့ အောက်
လမ်းဆရာကြီးရဲ့ ပါးစပ်ထဲကို စက်တွေ
ပစ်ထည့်လိုက်တယ်။ ဟာ…. ဂျွမ်းပြန်
သွားပြီဗျို့။ လှယဉ်ရဲ့စက်တွေ ပါးစပ်
ထဲ ဝင်သွားတဲ့အချိန်မှာ အောက်လမ်း
ဆရာကြီး ဂျွမ်းပြန်သွားတယ်။

ဒီမှာတင် သူ့တပည့်က လှယဉ်ဆီကို
အစိမ်းရောင် စက်တွေနဲ့ လှမ်းပစ်
လိုက်တယ်။ လှယဉ်က အနီစက်တွေ
လွှတ်ပေးလိုက်တာ စက်လုံးကြီးနှစ်
ခုတွေ့ပြီး….

“အုန်း”

ဆိုတဲ့ အသံကြီး ထွက်လာပြီး အောက်
လမ်းကြီးရဲ့ တပည့်နောက်ကို ခြေတစ်
လှမ်းဆုတ်သွားတယ်။ ဒီမှာတင် မထင်
မှတ်တာ ဖြစ်တော့တာဗျို့။

မြေကြီးပေါ်ကို ဂျွမ်းပြန်ပြီး ကျသွားတဲ့
အောက်လမ်းဆရာကြီးက သူ့ကိုယ်ထဲ
က လှယဉ်ရဲ့ စက်တွေကို ထိန်းလိုက်
တယ်။ ပြီးတာနဲ့ ချက်ချင်းမတ်တတ်
ထပြီး ပါးစပ်ထဲက စက်တွေထုတ်
လိုက်တယ်။ ထွက်လာတဲ့ စက်တွေ
က အရောင်တွေ တောက်လွန်းလို့
လှယဉ်မှာ ခုခံဖို့နေနေသာသာ ကြည့်
တောင် မကြည့်နိုင်လို့ မျက်လုံးကို
လက်နဲ့ ကာထားလိုက်ရတယ်။

သွားပြီပေါ့ဗျာ။ အောက်လမ်းရဲ့စက်
တွေက လှယဉ်ကို ချက်ချင်းပတ်တော့
တာပဲဗျာ။ လှယဉ် လှုပ်ကို မလှုပ်နိုင်
တော့ဘူးဗျ။

“ဟား၊ ဟား၊ ဟား၊ နင့်စက်က မြောက်
ဘက်ရှင်မရဲ့ စက်မို့လား၊ ငါက ရအောင်
ထိန်းလိုက်တော့ ချက်ချင်းတန်ပြန်လို့ရ
သွားတာပေါ့၊ ငါ့မယားလေးရဲ့၊ ဟား၊
ဟား၊ ဟား၊ လှလိုက်တဲ့ ငါ့မယားလေး
ရယ်၊ ဘာလို့ဖြစ်လို့များ မြောက်ဘက်
ရှင်မရဲ့ အစေအပါး ဖြစ်နေရတာတုန်း
ကွယ်၊ အစ်ကိုကြီး ကယ်နိုင်ပါပြီကွယ်၊
ဘာမှမပူနဲ့၊ အစ်ကိုကြီး နင့်သခင်မရဲ့
ပညာဗူးကို မျိုလိုက်ဦးမယ်”

ပြောပြောဆိုဆိုနဲ့ အောက်လမ်းဆရာ
ကြီးနဲ့ သူ့တပည့်က ပညာသိုက်ထဲကို
ဝင်ဖို့ ပြင်ဆင်ကြတော့တာပေါ့ဗျာ။

“တာတေ ပစ်တော့”

လှယဉ်အသံဗျ။ ဒီအသံကို သူ့မှာ မနည်း
ကို ညှစ်ဖျစ်ပြောလိုက်ရတာဗျ။

“မင်းတို့နှစ်ယောက် ဒီမှာနေခဲ့ ကျောက်
ခဲ”

ပြောပြောဆိုဆိုနဲ့ ကျုပ်က မီးလောင်
ကုန်းသခ်ျိုင်းထဲကို ပြေးဝင်လာပြီး
လက်ထဲက ‘မြွေစကြာ’ရုပ်ကလေးကို
မန္တန်ရွတ်ပေးလိုက်တယ်။

“ဝေါ၊ ဝေါ၊ ဝေါ”

ဟာ ကျုပ်လက်ထဲက မြွေစကြာရုပ်
ကလေးက လေထဲကို ပျံထွက်သွားပြီး
မီးတောက်တွေ ထွက်လာတယ်ဗျို့။
ဟာ မြွေ၊ မြွေ။ မြွေကြီးဖြစ်သွားပြီ
ဗျို့။ ပါးပျဉ်းကြီးထောင်လို့ဗျာ။လူ
ကြီးလက်မောင်းလုံးလောက်ရှိတယ်၊
အရှည်က ငါးပေလောက် ရှိမယ်ဗျ။
မီးတွေတောက်ပြီး လေထဲမှာ ပတ်
ပျံနေတာဗျို့။

အောက်လမ်းဆရာကြီးနဲ့ သူ့တပည့်က
ကျောချင်းကပ်လိုက်ပြီး မြေစကြာကို
စက်တွေနဲ့ ပစ်ကြတယ်ဗျ။ ဒါပေမဲ့ သူ
တို့ပစ်တဲ့စက်က မြွေစကြာကို မှန်ဖို့နေ
နေသာသာ အနားတောင် မရောက်ဘူး
ဗ်။

“ဝေါ၊ ဝေါ၊ ဝေါ၊ ဝေါ”

မြေစကြာကတော့ ပါးပျဉ်းကြီးထောင်
ပြီး လေထဲမှာ ဝေါကနဲ ဝေါကနဲ ပျံနေ
တာဗျ။ ဟာ…လွှတ်ပြီဗျို့။ မြွေစကြာရဲ့
ပါးစပ်ထဲက မီးတန်းကြီး လွှတ်လိုက်ပြီ
ဗျို့။ ဟာ မီးတန်းကြီးက ကျောချင်း
ကပ်ပြီး ရပ်နေတဲ့ အောက်လမ်းဆရာ
ကြီးတို့ ဆရာတပည့်နှစ်ယောက်ကို
ပတ်လိုက်ပြီဗျာ။ ပတ်ပြီဗျို့။ ပတ်တာ
မှ တစ်ကိုယ်လုံးကို ပတ်နေတော့တာ
ဗျာ။

“အား၊ အား၊ အား၊ အား အား”

မြေစကြာက ပတ်ပျံရင်းကနေ မီးတန်း
ကြီး လွှတ်နေတုန်းဗျ။

“အောင်မယ်လေးဗျ၊ ပူလှချည့်ရဲဗျာ
ကြောက်ပါပြီဗျာ”

အောက်လမ်းဆရာတပည့်ရဲ့ အော်သံ
ကြီးက ညအမှောင်ထဲမှာ လွှမ်းသွား
တော့တာပေါ့ဗျာ။ ဟော ဒူးကြီးတွေ
ထောင်ကျသွားပြီဗျို့။ ဟာ ခေါင်း
ကြီးတွေ စိုက်ကျသွားပြီဗျာ။

“ဝေါ့၊ ဝေါ့၊ ဝေါ့”

ဟာ သွေးတွေထိုးအန်ကြတာဗျာ။ မြင်
လို့တောင် မကောင်းဘူးဗျာ၊ ဟော လှ
ယဉ်ကိုယ်ပေါ်က စက်တွေရော၊ မဖဲဝါ
ရဲ့ ကိုယ်ပေါ်က စက်တွေရော ပျောက်
သွားပြီဗျို့။

“တာတေ ဖမ်းလိုက်”

လှယဉ်က ကျုပ်ကို အော်ပြောလိုက်တာ
ဗျ။ အဲဒီလိုပြောပြီး ပျံနေတဲ့ မြွေစကြာ
ကို သူ့လက်နဲ့ ယမ်းလိုက်တာ။ မီးတွေ
တောက်နေတဲ့ မြွေစကြာကြီး ‘ဝုန်း’က
နဲ မြည်ပြီး ပျောက်သွားတယ်။ ကျုပ်
က လက်နှစ်ဖက်ကို ရှေ့ထုတ်ပြီး ဖြန့်
ထားလိုက်ရောဗျ။

“ဖျတ်”

ဟော မြွေစကြာရုပ်ကလေးက ကျုပ်
လက်ဝါးပေါ်ကို ပြန်ရောက်လာရောဗျို့၊
ဒီအချိန်မှာပဲ မဖဲဝါကြီးက ထလာပြီး
ပြုတ်ကျသွားတဲ့ ခေါင်းကြီးကို ပြန်
ကောက်တယ်။ ပြီးတော့ လေထဲမှာ
ဝှေ့တယ်ဗျ။

“ဝီ၊ ဝီ၊ ဝီ၊ ဝီ”

ခေါင်းကြီးကို လေထဲမှာဝှေ့ပြီး
အောက်လမ်းဆရာနှစ်ယောက်
လွှဲရိုက်လိုက်တယ်

“ဘုန်း၊ ခွမ်း၊ အား၊ အား”

သွေးပွက်ပွက်အန်နေတဲ့ အောက်လမ်း
နှစ်ယောက်မြေကြီးပေါ်ကို ဘုန်းကနဲ လဲ
ကျသွားရောဗျာ။ သူတို့ကိုယ်ပေါ်က မီး
တောက်တွေလည်း ငြိမ်းသွားရောဗျ။

မဖဲဝါက ခေါင်းကြီးကို ပခုံးမှာထမ်းပြီး
ဂူတွေပေါ်ကနေ ရိပ်ကနဲ ပျံထွက်သွား
တယ်။ လှယဉ်ကတော့ မြောက်ဘက်
ရှင်မရဲ့၊ ပညာသိုက်ဘက်ကို လှည့်ပြီး
သူ့လက်တွေနဲ့ ယမ်းလိုက်တာ ပွင့်နေ
တဲ့ တံခါးအနီကြီး ပိတ်သွားရောဗျို့။

“ဝုန်း” “ဂျိမ်း၊ ဂျိမ်း၊ ဂျိမ်း”

လှယဉ်က လက်နဲ့ ထပ်ယမ်းလိုက်တယ်
ပညာသိုက်က မြေကြီးထဲကို တဖြည်း
ဖြည်း မြုပ်ပြီး ပျောက်သွားတယ်။
ကျုပ်ကတော့ ကျုပ်ချစ်သူ လှယဉ်
လုပ်သမျှကို ငေးကြည့်နေမိတာပေါ့
ဗျာ။ လှယဉ်က ကျုပ်ဘက်ကို လှည့်
ကြည့်လိုက်ပြီး….

“တာတေ၊ ရှင်မ လွှတ်တဲ့နေ့ကျရင်
ငါလာယူမယ်၊ သေသေချာချာ သိမ်း
ထား”

လို့ ပြောပြီးတာနဲ့ ဖျက်ကနဲ ပျောက်
သွားတယ်။ ကျုပ်ကတော့ အတုံးအ
ရုန်းလဲပြီး သေနေတဲ့ အောက်လမ်း
ဆရာတွေကို ကြည့်ရင်း လှယဉ်ပြော
သွားတဲ့ အသံလေးကိုပဲ နားထဲမှာ
ကြားနေတော့တာပေါ့ဗျာ။

ငိုင်ငိုင်ကြီးရပ်နေတဲ့ ကျုပ်ကို ကျောက်
ခဲက ပခုံးလာပုတ်တယ်ဗျ။

“ကိုကြီးတာတေ ကိုကြီးတာတေ”

“ကိုကြီးတာတေ၊ နေကောင်းရဲ့လား”

“ဟာ အေး ကောင်း ကောင်းပါတယ်ကွာ”

လို့ ပြောလိုက်ရပေမယ့် ကျုပ်ရင်ထဲမှာ
ကြိတ်ပြီးလွမ်းနေခဲ့ရတာကိုတော့ ဘယ်
သူ သိမှာတုံးဗျာ။ ကျုပ်က မြွေစကြာ
ရုပ်ကလေးကို ကြည့်လိုက်တယ်။

ဒီမြွေစကြာရုပ်ကလေးကို လှယဉ်
လာပြန်ယူမှာတဲ့။ မြောက်ဘက်ရှင်
မ လွှတ်တဲ့နေ့ကို လှယဉ်လာမှာ။
အဲဒီနေ့ကို ကျုပ်မျှော်ရတော့မှာ
ပေါ့ဗျာ။

“လွမ်းလိုက်တာ လှယဉ်ရယ်”

လို့ ကျုပ်ပါးစပ်က တိုးတိုးလေးပြော
လိုက်တာကိုတော့ ကျောက်ခဲရော
သံမဏိရော မကြားလိုက်ကြဘူးဗျ။

ရေးသူ ဆရာတာတေ