မယ်တစ်ထမ်း မောင်တစ်ရွက်(စ/ဆုံး)
————————————-
တစ်နေ့က ကျွန်တော့်ဆီကို ဖုန်းလာသည်။
“ဆရာ သမီးတို့အိမ်မှာ အရုဏ်ဆွမ်းကပ်မလို့။ ဆရာလာပေးပါလား။ ဆရာလာချင်တဲ့အချိန်လာပါဆရာ”
“ဘယ်နေ့လဲသမီး”
“အာဇာနည်နေ့ပါဆရာ”
“အေး အဲဒီနေ့ ဆရာအားတယ် လာခဲ့မယ်။ ၁၀ နာရီလောက်မှလာမယ်ဖြစ်လား”
“ဘယ်အချိန်လာလာပါဆရာ။ ဆရာလာမယ်ဆိုတာပဲ ဝမ်းသာနေပါပြီ”
ကျွန်တော့်တပည့်မလေး သီတာဆွေ
သူ့ကို ၁၀ တန်းတွင် ကျွန်တော် အင်္ဂလိပ်စာသင်ပေးခဲ့သည်။
သီတာဆွေသည် အခြားတပည့်များထက် ထူးခြားချက်မှာ အင်္ဂလိပ်စာကို ၁၀ တန်းအောင်ရန်အတွက် ဆိုခြင်းထက် အင်္ဂလိပ်စာကိုလေ့လာဖတ်ရှုရန် စိတ်ထက်သန်ခြင်းဖြစ်သည်။ ကျွန်တော်ကလည်း သူ့ကို အင်္ဂလိပ်ပုံပြင်လေးတွေနှင့် စတင်စည်းရုံးရာမှ နောက်ဆုံးတွင် Ladder Series အထိ ဖတ်နိုင်သည့် အနေ အထားကို ရောက်လာသည်။
ကျွန်တော် ကျောင်းဆရာအလုပ်ကထွက်ပြီး ရန်ကုန်ကိုရောက်လာချိန်တွင် သီတာဆွေသည် ရန်ကုန်တွင် ကျောင်းလာတက်နေသည်။ အင်္ဂလိပ်စာမေဂျာကိုတက်ပြီး ကျောင်းပြီးသည်။ နောက်တော့ သူနှင့်ကျွန်တော် အဆက်အသွယ်ပြတ်သွားသည်။
သူနှင့်ပြန်တွေ့ချိန်မှာ ကျွန်တော် သတင်းစာတိုက်တွင် အလုပ်လုပ်နေချိန်ဖြစ်သည်။ သူက ကျွန်တော်ရှိရာကို စုံစမ်းပြီး လာကန်တော့သည်။ သူနှင့်အတူ သူ့ခင်ပွန်းပါလာသည်။
“ဆရာ သမီးတို့ အကျဉ်းချုံးပြီး လက်ထပ်လိုက်ကြတာကြောင့် ဆရာ့ကို မဖိတ်တော့ဘူး”
“သမီးတို့ ခုဘယ်မှာနေကြသလဲ”
“သမီးတို့ မင်္ဂလာဒုံမှာနေတယ်ဆရာ။ သူ့အလုပ်က လိုင်းခန်းရတယ်လေ”
“ဟုတ်လား … သမီးကရော ဘာမှ မလုပ်ဖူးလား”
သူတို့လင်မယားတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ ကျွန်တော်က သူတို့ကို ဘာမျှ ဆက်မမေးတော့။ သူတို့ ကန်တော့ပြီး ပြန်သွားကြသည်။ နောက်ပိုင်း အဆက်အသွယ်ပြတ်သွားသည်မှာ တစ်နေ့ကအထိဖြစ်သည်။
ကျွန်တော်သည် သီတာဆွေတို့နေသည့် တိုက်ခန်းရှိရာ စမ်းချောင်းကို ရောက်လာခဲ့သည်။ သူပေးထားသည့် လိပ်စာအတိုင်း ကျွန်တော်ရောက်လာရာ သီတာဆွေက လမ်းထိပ်တွင် ထွက်ကြိုသည်။
“ဆရာရယ် လာတာဝမ်းသာလိုက်တာ”
“သမီးတို့ မင်္ဂလာဒုံကပြောင်းလာတာ ကြာပြီလား”
“ကြာပြီဆရာ သားတစ်သက်ပေါ့”
“ကလေးတောင်ရနေပြီလား”
“သမီးတစ်ယောက်၊ သားတစ်ယောက်ဆရာ”
“ဟုတ်လား … ငါ့မြေးတွေ ဘယ်အရွယ်တောင် ရှိနေပြီလဲ”
“သမီးကြီးက ၁၀ တန်း … သားက ၇ တန်း”
“ဪ”
“ဒါ သမီးတို့တိုက်ခန်းပဲဆရာ”
သူက မြေညီထပ်တွင်ရှိသော သံဘာဂျာတံခါးကို သော့ဖြင့် ဖွင့်လိုက်ပြီး
“ယောက်ျားရေ ပြန်လာပြီ … ဆရာရော ပါလာတယ်” ဟုအော်လိုက်သည်။ သို့သော် အထဲက မည်သူမျှ ထွက်မလာ။
“ဆရာ ထိုင်ပါဦး … မနက်အစောကြီး အရုဏ်ဆွမ်းကပ်တာဆိုတော့ ၉ နာရီလောက်ကတည်းက လူပါးသွားတာ ဆရာ။ ခုဆရာ့အတွက် သမီး သီးခြားစီစဉ်ထားတာ”
“အထွေအထူး လုပ်မနေပါနဲ့ကွယ်”
“အို လုပ်ရမှာပေါ့ဆရာ … ဆရာက အထူးဧည့်သည်ပါ”
“ကလေးတွေရော”
“ကလေးတွေက သမီးယောက္ခမအိမ်ကို ထမင်းတွေ၊ ဟင်းတွေ သွားပို့နေတယ်ဆရာ။ ပြန်လာတော့ မှာပါ။ ဆရာ ခဏလေး”
သီတာဆွေတို့ ဇနီးမောင်နှံက ကျွန်တော့်ကို ထမင်းပြင်ဆင်ကျွေးကာ ဧည့်ခံသည်။ ထမင်းစားပြီးနောက် သူ့ယောကျ်ားကပဲ ပန်းကန်တွေကို သိမ်းနေသည်။
“ကိုခင်မောင်သန်း”
“ဟေ လာပြီ”
“ဆရာ တစ်ခုခုသောက်ရအောင် လမ်းထိပ်မှာ အအေးသွားဝယ်ပါလား။ အိမ်က ရေခဲသေတ္တာက မီးမလာလို့ မအေးဘူး”
“အေး … အေး”
“ပြန်လာရင် ဂက်စ်မှာဖို့ မမေ့ခဲ့နဲ့ဦး … ကုန်တော့မယ်မဟုတ်လား”
“အေးပါ”
“ကလေးတွေ ပြန်လာတော့မယ်။ လမ်းထိပ်က တစ်ခါတည်း စောင့်ခေါ်ခဲ့”
သူ့ယောက်ျားက အင်္ကျီလေးထပ်ဝတ်က အပြင်ကို ထွက်သွားသည်။
“သီတာဆွေ”
“ရှင်ဆရာ”
“နင့်ယောက်ျား ခုဘာတွေ လုပ်နေသလဲ”
“ဘာအလုပ်မှ မရှိတော့ဘူးဆရာ။ အိမ်မှာ ထမင်းချက်”
“ညည်းကရော ဘာတွေ လုပ်နေသလဲ”
“သမီးက အင်္ဂလိပ်စာ ကျူရှင်လိုက်သင်တယ်ဆရာ။ ကိုယ်ပိုင်ကျောင်းမှာလည်း အင်္ဂလိပ်စာပြသေးတယ်”
“အဆင်ပြေရဲ့လား”
“ပြေပါတယ်ဆရာ”
“ဒါနဲ့ နင့်ယောက်ျားက အိမ်မှာထမင်းချက်ဆိုတာ ဘာကြီးလဲ”
“သမီးနဲ့သူနဲ့ရတော့ သူ့အလုပ်က ခိုင်တယ်လေဆရာ။ ဒီတော့ သမီးက အလုပ် လုပ်မယ်ဆိုတိုင်း ပြဿနာ တက်တယ်။ ယောက္ခမတွေကလည်း အိမ်မှာပဲ သူတို့အတွက် ထမင်းချက်ကျွေး၊ အိမ်အလုပ် လုပ်ပေးစေချင် ကြတာ။ အဲဒီမှာ သမီးနဲ့ ပြဿနာတက်တော့တာပဲ။ သမီးက အိမ်ဖော်လိုနေဖို့ ယောက်ျားယူတာမှ မဟုတ်တာ ဆရာရယ်။ ဒါကြောင့် ကိုယ်ပိုင်ကျောင်းမှာ အင်္ဂလိပ်စာပြဖို့ သွားလျှောက်တယ်။ သမီးနဲ့ သူနဲ့ရော သူ့မိဘ တွေနဲ့ပါ အကြီးအကျယ်ပေါ့ ပြဿနာတက်လိုက်ကြတာ။ နောက်ဆုံး ကွဲမယ် ကွာမယ် လုပ်လိုက်လို့ ငြိမ်သွားတာ”
“သမီးယောကျ်ား အလုပ်မရှိတော့ဘူးလား”
“အရင်အလုပ်က သူ့အထက်လူကြီးက နေရာရတော့၊ သူလည်း နေရာရတာပေါ့။ ခိုးလို့ကောင်းတဲ့ နေရာ ဆိုတော့ဆရာရယ် ဝင်ငွေလည်း ကောင်းတာပေါ့။ ဝင်ငွေကောင်းတယ်ဆိုပေမယ့် သမီးဆီကို သိပ်ပြီးတော့ ပါလာတာ မဟုတ်ပါဘူးဆရာရယ်။ သူ့မိဘနဲ့ သူ့ညီအစ်ကို မောင်နှမတွေကိုပဲ ထောက်ပံ့နေရတာ။ သမီးသာ သူ့ဆီက လက်ဖြန့်တောင်းစားရမယ်ဆိုရင် ပြဿနာတက်တာကြာပြီ။ ဒီလိုနဲ့ သူ့အထက်အရာရှိလည်း အလုပ်ပြုတ်၊ ဌာနဆိုင်ရာ အရေးယူခံရ၊ သူတောင် ကံကောင်းလို့ အဖမ်းမခံလိုက်ရတာဆရာ။ နောက်ဆုံး သူလည်း အလုပ်ပြုတ်ပေါ့”
“ဒီတိုက်ခန်းက”
“သမီးကိုယ်တိုင် စာသင်ပြီး ရှာထားတဲ့ ပိုက်ဆံတွေနဲ့ ဝယ်ထားတဲ့ တိုက်ခန်းဆရာ။ သူ့မိဘတွေနဲ့ ညီအစ်ကို မောင်နှမတွေ အသိုင်းအဝိုင်းကနေ ရုန်းထွက်ချင်လို့ သမီးကြိုးစားရှာပြီး ဝယ်ထားတာ။ ဒီကို ပြောင်းမယ် ဆိုတော့တောင် ပြဿနာဖြစ်လိုက်သေးတယ်။ သမီးက ရှင်မလိုက်ချင်နေခဲ့ဆိုမှ ဒီကိုပါလာတာ”
“အလုပ်ပြုတ်ပြီး ဘာမှ မလုပ်တော့ဘူးလား”
“ခိုးစားတဲ့ဌာနကပြုတ်လာတော့ တခြားဘာလုပ်တတ်မှာလဲဆရာ။ ဒါကြောင့် အိမ်မှာလည်း ကလေး နှစ်ယောက်နဲ့ သမီးကလည်း မိုးလင်းထွက် မိုးချုပ်ပြန် အိမ်မှုကိစ္စတွေ မလုပ်နိုင်ဘူးလေ။ သူ့ကိုပဲ ဘာအလုပ် မှလည်းမလုပ်နဲ့ အိမ်မှာပဲ အိမ်အလုပ်နဲ့ ကလေးတွေအလုပ် ကျောင်းပို့ ကျောင်းကြိုလုပ်ဆိုပြီး သူ့ကို ဒီအတိုင်း ထားလိုက်တာ”
“အင်း ငါ့သမီး ဆုံးဖြတ်ချက်က မှန်ပါပေတယ်။ သမီးသာ သူ့ကို မှီခိုပြီးနေရင် ခုဆိုဘယ်လိုလုပ်ပြီး ဒီလို နေနိုင်မလဲနော်”
“သမီးသိတာပေါ့ဆရာ … ကိုယ်ယူထားတဲ့လင်ပဲ သူ့အနေအထား အကဲခတ်လို့ရတာပေါ့။ သူ့ကိုချည်း အားကိုးနေရင် သမီးခုဆိုရင် သူ့အိမ်မှာ ထမင်းချက်ပြီး အိမ်ဖော်လိုဖြစ်နေမှာ”
“အေးပါကွာ ခုတော့ သမီးက ကိုယ့်ကို အိမ်ဖော်လုပ်ခိုင်းတဲ့သူကို ပြန်ပြီး အိမ်ဖော်လိုထားတာ သူ့မိဘတွေ သိတော့ စိတ်မကောင်းဖြစ်မှာပေါ့ကွယ်”
“စိတ်မကောင်းဖြစ်လည်း မတတ်နိုင်ဘူးဆရာ။ သူကိုယ်တိုင်က ဘာမှဦးဆောင်ပြီး လုပ်ချင်စိတ်ကို မရှိတာတော့ သမီးလည်း မတတ်နိုင်ဘူးလေ။ ပြီးတော့ ခုအိမ်အလုပ်ဆိုတာလည်း တခြားသူအိမ်မှာ လုပ်နေရတာမှ မဟုတ်တာ။ ကိုယ့်သားသမီး ကိုယ့်အိမ်အလုပ်ကို ကိုယ်လုပ်နေရတာပဲဆရာ”
“ဘာဖြစ်ဖြစ်ပါကွယ် ငါ့သမီးကို ဆရာတော့ ချီးကျူးပါတယ်။ ယောက်ျားကို အိမ်မှာခိုင်းနိုင်တာကို မဟုတ်ဘူးနော်။ အမြော်အမြင်နဲ့ ရှေ့ရေးကိုတွေးပြီ ဆုံးဖြတ်နိုင်တာ။ ပြီးတော့ ပညာနဲ့လုပ်စားနိုင်တာကိုပါ။ ယောက်ျားကို နိုင်လို့ရတာပဲဆိုပြီး မနိုင်နဲ့နော်”
“ဆရာရယ် သမီးကနားလည်ပါတယ်။ သူဦးမဆောင်နိုင်တော့လို့ ကိုယ်ဦးဆောင်တာပါ။ သူ့စည်း ကိုယ့်စည်းနဲ့ နေပါတယ်။ ဟော ဟိုမှာ ကလေးတွေ ပြန်လာကြပြီ”
သူတို့မိသားစုက ကျွန်တော့်ကို မပြန်မီ ကန်တော့လိုက်ကြပါသည်။
အိမ်ရောက်တော့ သီတာဆွေပေးလိုက်သည့် စာအိတ်လေး ဖွင့်ကြည့်မိသည်။
ဆရာ့အတွက်ဆိုကာ စာအိတ်ပေါ်တွင် ရေးထားသည့်အထဲတွင် ငွေငါးသိန်းထည့်ထားသည်။
တင်ညွန့်
၂၀.၇.၂၀၂၅