ငမိုးနဲ့ အိုး (စ/ဆုံး)
—————–
အလို….ရွာလယ်လမ်းမကြီးတစ်ခုလုံး တယ်လဲ စည်ကားနေလိုက်ပါလား ၊ အရပ်ကတို့… ။
ကြည့်စမ်းပဦး၊ ရေပက်တဲ့ ကလေးလူကြီးကလဲ ရွာရှိလူကုန်လား အောက်မေ့ရတယ် ။
ဒီနေ့က အတက်နေ့ ၊ နောက်ဆုံးနေ့ဆိုတော့ ဗွက်ကြမ်းအောင် ပက်ကြမှာပေါ့လေ ။ ဟော…ဥပုသ်သည်တွေ ကလဲ ဝတ်ကောင်းစား လှတွေနဲ့ ၊ ထမင်းချိုင့်တွေနဲ့ ဘုန်းကြီးကျောင်း သွားကြဖို့ ရွာလမ်းမပေါ်မှာ ဘယ်သူရေ ၊ ဘယ်ဝါရေ တကြော်ကြော် ခေါ်ကြလို့ ။
အဲဒီလူတွေကြားထဲမှာ ပိုက်ကွန်စုတ် ပခုံးတင်ပြီး ကားရားကားရားနဲ့ သွားနေတဲ့ ငမိုးကို အားလုံးက မျက်စောင်းထိုး ကြည့်နေကြတယ် ။ လည်ပင်းမှာ စိတ်ပုတီးအကြီးကြီး တယမ်းယမ်းနဲ့ ဒေါ်ဖူးညိုကြီးကဆို မနေနိုင် မထိုင်နိုင် ရေပက်နေတဲ့ ကလေးတွေဆီလှမ်းပြီး ” ဟဲ့ကောင်လေးတွေ ၊ အခါကြီးရက်ကြီးနော် ၊ ကောင်းကောင်းနေကြ ” လို့ စောင်းပြောသေးတယ် ။
သူတို့ဟာသူတို့ ကြည့်ကြည့် ၊ စောင်းစောင်း ၊ ငမိုးတို့ကတော့ ဂရုစိုက်ပေါင်ဗျာ ၊ အရေးမဟုတ်ပေါင်ဗျာ ။ ဘယ်နှယ့် ဗိုက်ဆာတာက အရေးဗျ ။ ဟင်းမရှိတာက အရေးဗျ ။ မာကြမ်းကြမ်းထမင်းနဲ့ ခရမ်းချဥ်သီးချက်ရေလုံပြုတ်ကို သုံးရက်ဆက်တိုက် ဘယ်သူတွေ စားနိုင်တုန်း ပြောကြ ။ ကွယ်ရာမှာ သူခိုးငမိုးလို့ နာမည်ပျက်ပြီးသား အကောင်ပီပီ ပါးစပ်ကလဲ ပျက်နေပြီလေ ။ ဆူဖြိုးတဲ့အချိန်မှာ ဆူဖြိုးသလို ဝက်တစ်လဲ ၊ အမဲတစ်လဲ ၊ ငမိုးတို့ တုတ်ခဲ့ဘူးတာကိုး ။ အင်း…ဝက်မရခင် စပ်ကြား ငါးလေးနဲ့ဘဲ ပေါင်းကွပ်ထားရသေးတာပေါ့လေ ။
မြစ်ဆိပ်ကမ်းမှာ ငမိုးပိုက်စုတ် ဘုတ်ခနဲ ကျသံကြားတော့ အထက်နားကရေထဲမှာ ရေချိုးနေတဲ့ ဘသာတင့်က လှမ်းကြည့်တယ် ။
” အောင်မယ်…ငမိုးတို့ကတော့ကွာ ၊ အလုပ်ကောင်း အကိုင်ကောင်း လုပ်တော့မယ်နဲ့တူတယ် ၊ အောက်နားသွားကွာ ငါ ဒီမှာ ရေသတ္တဝါတွေ အတွက် မေတ္တာသုတ် ရွတ်နေတာကွ ၊ အခါကြီးရက်ကြီးကွာ ၊ မင်းနှယ်…”
ဘသာတင့်ကို ဘာမှ ပြန်ပြောမနေဘဲ အောက်ဘက်ကို ငမိုး သုတ်သုတ် သုတ်သုတ်နဲ့ လျှောက်ခဲ့တယ် ။ ဒီအဖိုးကြီးနဲ့မှ တွေ့တတ်တယ် ။ ရွာ့သက်ကြီးဝါကြီးဆိုပြီး တစ်အိမ်တက်ဆင်း သြဇာလိုက်ပေးနေတဲ့ အဘိုးကြီး ၊ တစ်နေကုန်မူးနေတဲ့ သူ့သား ငမူးကိုသာသူ မနိုင်တာ ။
ပုဆိုးကို ခါးတောင်းကျိုက်ပြီး ရေထဲကို ငမိုး ဆင်းခဲ့တယ် ။ ခါးလောက်နက်တဲ့နေရာကျ အသာရပ်ပြီး ပိုက်စုတ်ကို ဖြန့်ပစ်လိုက်တယ် ။ ခဏနေပြီးတော့ ပိုက်ကို ဖြေးဖြေးချင်း ဆွဲယူရင်း စိတ်ဓာတ်က ကျချင်နေတယ် ။ ငါးပါဖို့ မလွယ်ဘူးဆိုတာ ငမိုး သိနေတယ်လေ ။ ေရနက်ပိုင်းလဲ မဟုတ် ၊ ပိုက်ကလဲ ဖြစ်ကတတ်ဆန်း ၊ ငမိုး ကိုယ်တိုင်ကလဲ ဒီအလုပ်ကို ကျွမ်းတာမဟုတ် ၊ မြစ်နား ကမ်းနားသားမို့သာ ဒီလောက် လုပ်တတ်တာ ။ မသေဝံ့လို့ စွန့်ရတာ ၊ စားချင်လွန်းလို့ စွန့်ရတာ ။
” ကုသိုလ်ရေးမို့ ကြိုးစားပါ ၊ တို့များသူငါ ချွေးတလုံးလုံး… ”
ငါး မရပါဘူးဆိုမှ အရေးထဲ မြစ်လယ်ခေါင် ဘုတ်ချပ်မော်တော်ပေါ်က ကောင်နာလေးတွေက သံချပ်ထိုးသွားကြသေးတယ် ။ သုံးခါပစ်ပြီးမှ ဘာမှမရတော့ လက်ကြောမတင်းတဲ့ ငမိုး ထုံးစံအတိုင်း လက်လျော့ချင်လာတယ် ။ ပါးစပ်ကလဲ စိတ်တိုတိုနဲ့ မြစ်ထဲက ငါးတွေကို မအေတွေ ၊ ငါတွေ ကုန်အောင် ကိုင်တုတ်ပြီးပြီ ။
နောက်တချက် ပိုက်ပစ်အပြီးမှာ စိတ်မရှည်ရတဲ့အထဲ ငမိုးခြေထောက် ရေထဲမှာ စူးကနဲ ဖြစ်သွားတယ် ။ သောက်ကျိူးနည်း ၊ ပုလင်းကွဲများ လားဟ ၊ ငါးမရဘဲ အနာရအောင် ။ ငမိုး သူ့ခြေထောက်ကို ကပျာကယာရွှေ့လိုက်တော့ ခြေထောက်က လုံးတုံးတုံးတခုကို သွားတိုက်မိပြန်တယ် ။
ဘာလဲဟ…၊ လိပ်လား ၊ မြွေလား ။ ကြောက်စိတ်နဲ့ ကမ်းပေါ်တက်ပြေးဖို့ ငမိုးကြံတုန်းမှာပဲ ဖျပ်ဆို သတိရသွားတယ် ။ နေဦးလေ ငမိုးရဲ့ ၊ ထစ်ကနဲ့ဆို ပြေးပေါက်ရှာတဲ့ အကျင့်ကို ခဏထားအုန်းဟ ၊ ဒီနားပတ်ဝန်းကျင် မြစ်ဆိပ်တလျှောက်ဟာ ကမ်းပါးတွေ ပြို ၊ အိမ်တွေ ပါပြီးကတည်းက ရေချိုးတဲ့လူတွေ လက်စွပ်တွေ့ ၊ လက်ကောက်တွေ့ ၊ ဆဲွဲကြိုးပြတ်တွေ့နဲ့ ၊ ဟိုတလောကဆို တံငါသည်တယောက် လှေလေးတစင်းနဲ့ ကမ်းစပ်ကပ်နေတုန်း အိုးလေးတလုံး တွေ့တယ်လေ ၊ ငွေဒင်္ဂါးပြားတွေ အိုးနဲ့အပြည့် ရပါရောလား ။ ဒီနေရာဟာ ရှေးက ချမ်းသာတဲ့သူတွေ နေတာတဲ့ ၊ ငွေအိုးအပြင် ရွှေအိုးတွေလဲ ဒီနေရာမှာ… ။
ငမိုးခြေထောက်က လုံးတုံးတုံးအရာကို အတင်းတွယ်ကပ်ထားရင်း ရေထဲကို စုပ်ကနဲ အမြန်ငုပ်ချလိုက်တော့တယ် ။ လက်ထဲက ပိုက်စုတ် သွားပေရော့ ၊ ငါကြီး အာနန္ဒာ ဝင်နေလဲ ငမိုး မမှုတော့ဘူးဟေ့ ။
ရေထဲက လုံးတုံးတုံးကို ငမိုး လက်နှစ်ဖက်နဲ့ အသာမပြီး ရေပေါ် ဖော်လိုက်တယ် ။ ဟာ…အိုးဘဲဟ ၊ အိုးလေး တလုံးပဲ ။ ထန်းရည်မြူအိုးလေး လိုပဲ ။ အဖုံးမပါဘူး ။ ရေတွေနဲ့ပြည့်ပြီး အိုးက လေးလို့ ၊ ငမိုး ရင်တွေတုန် လာတယ် ။
” အိုးကွ ၊ အိုးကွ ၊ ရွှေအိုးကွ ”
အသံတုန်ကြီးနဲ့ အော်ရင်း ငမိုး ကမ်းပေါ်ကို ပြေးတက်လာပြီး အိုးထဲက အရာတွေကို သွန်ချလိုက်တာနဲ့ အရင်ဆုံးရောက်လာတာက ဘသာတင့် ၊ ပြီးတော့ ကမ်းပါးပေါ် က ဖြတ်သွားရင်း ကြားလိုက်တဲ့ ကောင်လေးနှစ်ယောက် ။
” ဟ…ငမိုး ၊ ဘယ်မှာလဲကွ ရွှေတွေ ၊ သောက်အဓိပ္ပါယ်မရှိ ၊ မင်းဥစ္စာ အိုးခြမ်းကွဲတွေ ”
” ဟာဗျာ ”
ငမိုးမျက်လုံးတွေ ဝါးနေတယ် ။ တကိုယ်လုံးလဲ အားမရှိတော့ သလိုဘဲ ။ ဆိုးလိုက်တဲ့ကံ ၊ ခေလိုက်တဲ့ ကံ ။ အိုးတော့ ရပါရဲ့ ၊ ကြည့်ပါအုန်း ဗျာ ၊ သူများလို ငွေဒင်္ဂါးလဲ မဟုတ် ၊ ရွှေဒင်္ဂါးလဲ မဟုတ် ၊ မညီ မညာ မည်းမည်းသည်းသည်း အိုးခြမ်းကွဲတွေ ။
” အဲ့ဒါ လူပေါ်မူတည်တာပေါ့ကွ ၊ ကြားဖူးတယ်မှုတ်လား ၊ ကိုယ်နဲ့မထိုက်ရင် ရွှေအိုးကနေ အိုးခြမ်းကွဲတွေ ၊ မီးသွေးတွေ ဖြစ်သွားတတ်တယ် ဆိုတာလေ ”
ငမိုး ဘသာတင့်ကို ဘာမှ ခွန်းတုံ့မပြန်နိုင်ဘူး ၊ ဘုတ်ထိုင်ထိုင်ပြီး အိုးခြမ်းကွဲတွေကိုပဲ ကြည့်နေမိတယ် ။ ဟိုသောက်ကောင်လေး နှစ်ယောက်ကလဲ ဘာမလဲ နားလည်တာ မဟုတ်ဘဲနဲ့ တီးလိုတီးကြည့် ခေါက်လို ခေါက်ကြည့်နဲ့ ။
” ကိုငမိုး ၊ ခင်ဗျား ဥစ္စာတွေက လေးတယ်ဗျ ၊ အိုးခြမ်းကွဲတော့ မဟုတ်ဘူးထင်တယ် ၊ လာခဲ့စမ်း ၊ စမ်းကြည့်လိုက်မယ် ၊ ယား… ”
” ဟာ… မကွဲဘူးဗျ ”
ဟိုကောင့် လက်ဝါးစောင်းဒဏ်နဲ့တောင် မကွဲဘူးဆိုတော့ ဘာတွေပါလိမ့်ဆိုတဲ့ အတွေးနဲ့ ငမိုး စိတ်တက်ကြွလာတုန်းမှာပဲ
” ဟာ ရှေးအိုးတွေက အထူကြီးတွေကွ မာတယ် ”
တော်ပါပြီ ၊ တော်ပါပြီ ၊ ဘာတွေပဲ ဖြစ်ဖြစ် ဘသာတင့်နားကနေ ငမိုး သွားမှ တော်မယ် ။ အိုးလေးထဲကို ဘာမှန်းမသိတဲ့ အကွဲတွေ မြန်မြန်ပြန်ထည့်ပြီး ငမိုး လှည့်ထွက်လိုက်တယ် ။
” ကိုသာတင့် ၊ တော် ရေနစ်သေနေပြီ အောက်မေ့လို့ ၊ ကျုပ်မယ် ထမင်းပွဲကြီးနဲ့ တစောင့်စောင့် ၊ ဥပုသ်သည်ရှင့် ၊ ဆာတယ် ၊ တော်ဟာလေ… ”
” လာပါပြီဟ ၊ ဒီမှာ ဟိုကောင်ငမိုး ၊ ရွှေအိုးရတယ် ဆိုလို့ ”
” ရွှေအိုး… ဟုတ်လား ”
” မဟုတ်ပါဘူး ၊ အိုးပေတဲ့ အထဲမှာ အိုးခြမ်းကွဲ တွေပါဟ ”
” ဟယ်…ဟုတ်ရဲ့လား ၊ ဟဲ့ ငမိုး ပြစမ်း ၊ ငါ့ ပြစမ်း ”
နတ်ဖတ်တဲ့ ဒီအဘိုးကြီး အဘွားကြီး လင်မယားကို ငမိုး ရှောင်မရတော့ဘူး ။ အဘွားကြီးက အချပ်တချပ်ကို ယူပြီး မှေးကုပ်ကြည့်ရင်း
” အိုးကွဲလိုလို ၊ စဥ့်ကွဲလိုလို ၊ မာတာတာနဲ့ ရွှေငွေတော့ မဟုတ်ဘူး ၊ ဟဲ့ ငါ့တချပ် ပေးခဲ့စမ်း ၊ ငါ့မြေးလေး ထွေပစ်ရအောင်လို့ ”
” ယူ…ယူ ”
မြန်မြန်နားအေးဖို့ အရေးကြီးတယ် ။ ဟုတ်တယ် ။ ဒါနဲ့ ငမိုး အိမ်ရောက်မှာ မဟုတ်တော့ဘူး။ ငမိုး မြန်မြန် လျှောက်ခဲ့တယ် ။ ဒါပေမယ့် အိမ်ကို တော်တော်နဲ့ မရောက်ဘူး ။
ငမိုး အိုးတလုံးရတယ်လို့ဆိုတဲ့ သတင်းဟာ ရွာလယ်လမ်းမမှာ ပြန့်နှံ့နေပြီလေ ။ အိုးထဲက မာတာတာအရာတွေကို ယူကြည့်ကြ ၊ ပွတ်ကြည့်ကြနဲ့ တချို့ကလဲ ဗဟုသုတအဖြစ် ကြည့်ရအောင် တချပ်လောက် တောင်းတယ် ။ ထွေလုပ်ချင်တဲ့ ကောင်လေးတွေ ကလဲ ကိုငမိုး ကွျန်တော့် တချပ်လောက် ၊ တချပ်လောက်နဲ့ ၊ တောင်းတဲ့သူတွေကို ငမိုး ဆွဲပစ်ပေးလိုက်တာ ဆယ်ချပ်လောက်တော့ ရှိမယ် ။ ဒါတောင် အိုးထဲမှာ အများကြီး ရှိသေးတယ် ။
အိမ်ရှေ့ရောက်တာနဲ့ အဆင်သင့်စောင့်နေတဲ့ မိန်းမက ကုလားရွှေခွေးနင်းမေးတာကို ငမိုး ငေါက်ပစ်လိုက်ပြီး အိုးချပေးခဲ့တယ် ။ ပြီးတော့ အိမ်ရှေကြမ်းပြင်မှာ ရေစိုကြီးနဲ့ လှဲအိပ်နေလိုက်ရော ။ မိန်းမနဲ့ သူ့အမျိုးတွေအသံ ကြွက်စီကြွက်စီကတော့ နားကလောစရာ ကြားနေတယ် ။
ဒါပေမယ့် ငမိုးစိတ်တိုနေရတာ တစ်နာရီလောက်ဘဲကြာမယ် ။ ဟုတ်တယ် ၊ တစ်နာရီ လောက်ပါပဲ ။
” ငွေမုဆိုး ” ရောက်လာတာလေ ။
ငမိုးတို့လို လူတွေအခေါ် ငွေမုဆိုး ။ ငွေဒင်္ဂါးတွေ ငွေတိုငွေစတွေ လိုက်ဝယ်တဲ့ ငွေကုန်သည် ၊ သတင်းကြားနဲ့ အနံခံပြီး လိုက်လာတာပေါ့ ။
ငမိုးရဲ့ ဘာမှန်းမသိတဲ့ အကွဲတွေကို စမ်းသပ်စစ်ဆေးပြီး ငွေမုဆိုးက ပြောတယ် ။
ငမိုးရဲ့ အကွဲတွေဟာ ရှေးတုန်းက ငွေအစစ်တွေတဲ့ ။ ဒီခေတ် ပေါက်စျေးနဲ့ ငမိုး ငွေငါးသောင်းလောက်တော့ ရနိုင်တယ်တဲ့ ။
ငါးသောင်း… ၊ ငေွ ငါးသောင်းတဲ့ ။
” ခင်ဗျားဥစ္စာ သုံးပိသာနဲ့ ရှစ်ဆယ်သား ရှိတယ်ဗျ ”
” ဟာ… အိုးသေးပေမယ့် အချိန် တော်တော်စီးတယ်နော် ”
” စီးတာပေါ့ ၊ တချပ်တချပ်ကို ခင်ဗျာဟာ တစ်ဆယ်သားလောက် ချည့်ပဲဥစ္စာ ၊ အချပ်သေးဆိုရင်ကို ငါးကျပ်သား သာသာရှိတယ် ”
” ဟုတ်လား ”
” အဲ… စျေးကတော့ ခင်ဗျား ေကျနပ်တယ်နော် ၊ တစ်ကျပ်သား တစ်ရာ့ငါးဆယ်ဆိုတာ ကျွန်တော်လဲ အစွမ်းကုန် ပေးထားတာပါ ”
” ကျေနပ်ပါတယ် ၊ ကျေနပ်ပါတယ်ဗျာ ”
” ကဲ… ဒီလိုဆို ငွေချေရအောင် ”
ငွေတွေ…၊ ငွေတွေ ၊ ကြည့်စမ်းပါ ။ ငမိုးတစ်သက်မှာ မမြင်ဘူးခဲ့တဲ့ ငွေတွေ ၊ ငမိုး အော်လိုက်ချင်တယ် ။
***
ဝူးဝူးဝါးဝါးသံ ဗလုံးဗထွေးနဲ့ အတူ ငမိုး အိပ်ရာက လန့်နိုးလာတယ် ။ လူးလဲပြီး ထထိုင်လိုက်တယ် ။ ငါ ငွေတွေရတာ တကယ်လား ၊ အိမ်မက်လား ။ ဟား…ဟား…မဟုတ်ဘူးကွ ။ အိမ်မက် မဟုတ်ဘူး ။ မိုးလင်းခါစ အလင်းရောင်တွေအောက်မှာ အနီရောင် တလက်လက်ပြေးနေတဲ့ ငမိုးရဲ့ ရေဒီယိုကက်ဆက်ကြီးက အကောင်အထည်ကြီးနဲ့ သက်သေခံလို့ နေပါပကော။ ငွေမုဆိုး ဆီက ငါးထောင်နဲ့ ဝယ်ချလာခဲ့တဲ့ ကက်ဆက်ကြီးပေါ့ ။ အနီရောင် ကက်ဆက်ကြီးကို ငမိုး တယုတယ ေပွ့ထားလိုက်တယ် ။ အို…ဒီနေ့ နှစ်ဆန်းတရက်ပါလား ။ မင်္ဂလာရှိလှတဲ့ နှစ်ဆန်းတရက်ပါခင်ဗျာ ။ မင်္ဂလာရှိတဲ့အချိန်မှာ နံနက်ချိန်ခါ တေးသံသာလေးတွေကို ငမိုးရဲ့ ရေဒီယိုကနေ တရွာလုံးကြားအောင် လွှင့်ထုတ်လိုက်စမ်းမယ် ။
ငွေမုဆိုးပြတဲ့ လိုင်းဖမ်းနည်းအတိုင်း ဖမ်းပေမယ့် ခုနှစ်နာမထိုးသေးတဲ့ အတွက် ငမိုးရေဒီယိုက ကွီကွီကွာကွာတွေပဲ မြည်လာတယ် ။ ဖြစ်သေးပါဘူးဆိုပြီး ငမိုး ေရဒီယိုခလုတ်ကို ဒုတ်ခနဲ ပိတ်လိုက်တော့မှပဲ နံနက်ချိန်ခါ တေးသံသာက လာတော့တယ် ။ ဒါပေမယ့် ငမိုး ေရဒီယိုက မဟုတ်ဘူး ။ အိမ်ခေါင်းရင်းကနေ လာတာ ။
” အမေ မတရားမလုပ်နဲ့နော် ၊ လူကြီးဖြစ်ပြီး စိတ်ရင်းမယုတ်နဲ့ ၊ ပေး…ကျွန်မငွေပြားကို ခုပြန်ပေး ”
” အောင်မယ်…ငါ မွေးထုတ်လိုက်တဲ့ ကောင်မကများ ၊ ငါ့ကို စော်ကားလိုက်တာ ၊ ဟဲ့…မပေးဘူး ၊ မပေးဘူး ၊ မပေးေတာ့ နင်က ငါ့ ဘာလုပ်ချင်လဲ…ဟေ ၊ လာခဲ့…လာခဲ့ပါ ကောင်မရဲ့ ၊ ရှေ့တိုးခဲ့စမ်းပါ ”
” မတိုးရဲလို့တော့ မထင်နဲ့ ဒေါ်ဟိုဒင်းကြီးရေ့ ၊ မအေမို့ မအေမို့ လို့ ၊ နားလည်လား ၊ ဘယ်နှယ်တော်… မတရားသဖြင့် သူယူတာက အကြီးကြီးနှစ်ပြားတောင် ၊ ဒီက တပြားပဲ ပြန်တောင်းတာပါ ၊ ဒါကို ဒေါ်လောဘကြီးက ပြန်မပေးဘူးတဲ့ အရပ်ကတို့ရေ… ကြည့်မနေကြပါနဲ့ ”
” ဟဲ့ကောင်မရဲ့ ၊ နင့်သောက်ပြားကို ငါယူတာ ငွေမှန်းသိလို့ ယူတာလား ၊ ေလလန်ရင် ဖိရအောင်လို့ ကြီးတာ ၊ လေးတာဆိုပြီး ငါယူတာ ၊ အဲ့ဒီတုန်းက နင်ဘာပြောလဲ ဟဲ့ကောင်မ…ဟင် ၊ ဘာပြားတွေမှန်း မသိဘူးဆိုပြီး နင့်လင် အကုန်ဝေဖန်တိက လုပ်လာတာကျတော့ရော ၊ နင် လိုက်တောင်းပါလား ”
” တောင်းမှာ ၊ တောင်းမှာ… စိတ်ချ ၊ အကုန်တောင်းမှာ ၊ ဘာမှ နားမလည်တဲ့ ငမိုးကိုလဲ သတ်ချင်တယ် ၊ ဝေခြမ်းရေးကောင်းကြီးလေ ၊ ဟင်း… ငါ့ငွေပြားတွေ အကုန်ပြန်ပေးရင်ပေး ၊ မပေးလို့ကတော့ အကုန်ရဲတိုင်မယ် ၊ မအေလဲ မရှောင်ဘူးမှတ်ပါ ”
မိန်းမနဲ့ ယောက္ခမရဲ့ နံနက်ချိန်ခါ တေးသံသာကို ငမိုး ပါးစပ်ကြီးဟပြီး နားထောင်နေမိတယ် ။ သြော်… ညက မအိပ်နိုင်ဘဲ ငွေထုပ်ကြီးပိုက်ပြီး ဒီမိန်းမ ငမိုးပေးခဲ့တဲ့ ငွေပြားစာရင်းကို ကောက်နေတာ ဒါကြောင့်ကိုး ။
” အရီးဖူးညို ၊ လည်ပင်းမှာ စိတ်ပုတီးကြီးနဲ့ မညာနဲ့ ၊ ကိုယ့်မြေး ကိုယ်မေး ၊ သံချောင်းတောင်းလို့ တချပ်ပေးခဲ့တယ်တဲ့၊ ပေးပါ ကျွန်မငွေပြား ”
” အိုး… ခုမှ သောက်ဇယား လာမရှုပ်နဲ့ ၊ ညည်းလင်ပေးတုန်းက ပေးပြီးတော့ ”
” ေငွပြားမှန်း မသိလို့ ပေးတာပေါ့ ၊ သိရင် ဘယ်သူကပေးမှာတုန်း၊ တစ်ကျပ်သား တစ်ရာ့ငါးဆယ်တောင် တန်တာ ၊ ဘယ်သူမှ မပေးနိုင်ဘူး ၊ ကိုယ်နဲ့ထိုက်လို့ ကိုယ်ရတာ ၊ ကြားက အချောင်မကြိတ်ချင် ကြနဲ့ဟေ့ ”
ဒေါ်ဖူးညို နဲ့ ငမိုးမိန်းမရဲ့ တစ်ပြိုင်နက်အော်သံတွေဟာ ရွာလမ်းမပေါ်မှာ ပွက်ပွက်ညံသွားတယ် ။
” ကျွန်တော်များ နှစ်ဆန်းတရက် အန္တရယ်ကင်း ပရိတ်တရားနာရန်… ပရိတ်အိုးများယူဆောင်ပြီး ရွာထိပ်ကို ကြွကြပါဗျို့… ”
ကာလသားခေါင်းရဲ့ ဗျိုးဟစ်သံဟာ ရန်ဖြစ်ပွဲကို မထွင်းဖေါက်နိုင်ဘဲ ရှိနေတုန်း ၊ ရွာအနောက်ဘက်ကနေ ဘုန်းကြီးတွေလဲ စီတန်းကြွလာ ခဲ့ကြပြီ ။
” စားနိုင်ကြပါစေတော် ၊ မျိုနိုင်ကြပါစေတော် ၊ သူများ မသထာရေစာကို စားနိုင်ကြပါစေ ၊ တချပ်ကို ထောင်ကျော်ရတော့ ဟန်ကိုကျလို့ပေါ့ ၊ တစ်သက်လုံး တစ်ထောင်မကိုင်နိုင်တဲ့ ဟာတွေ ၊ ကိုင်ကြပါစေ ၊ ကိုင်နိုင်ကြပါစေတော်… ”
” ဟေ့ကောင်မ ၊ သောက်ကြီးသောက်ကျယ်နဲ့ ၊ ညည်းက ဘယ်ဘဝက လာတာမို့လို့တုန်း ဟေ…၊ လူကြီးတန်မယ့် ငါ ပြောလိုက်ရလို့ ”
” အံမယ်လေး…ဒီလိုဆိုလဲ ဘွားတဆုပ်လက်နဲ့ ယူလိုက်တဲ့ ကျွန်မငွေပြား ပြန်ပေးပေါ့ ၊ ငါ့မြေးကစားဖို့ ဆိုပြီးလေ ”
” ဟဲ့…ငါယူတာ အိုးခြမ်းကွဲမှတ်လို့ဟဲ့ ”
” ဟေ့… စကားရှည်တယ်ကွာ ၊ ပြန်ပေးလိုက်စမ်း မိတဆုပ် ၊ လူကြီးသူမတွေ လာစော်ကားနေတယ် ၊ ငါ့ချီးတဲ့မှ ငွေပြားတစ်ပြား သောက်ဖိုးထိုက်လွန်းလို့ ”
” အလို… ကိုသာတင့် ၊ ဘုရားဒကာကြီးရဲ့ ၊ ထိုက်တယ်တော့ ထိုက်တယ် ၊ သောက်ဖိုးထိုက်တယ် ၊ တော်သိရဲ့လား ၊ တော်သာအားအားရှိ ရေထဲသွားပြီး ရေသတ္တဝါတွေ မေတ္တာပို့ ၊ တပို့တည်းပို့ ၊ ရေထဲရပ်နေတုန်း တော့်ခြေထောက်တွေက ဘာလုပ်နေလဲဟင် ၊ ဟိုထိုး ဒီထိုး ထိုးကြည့်ပါတော့လား ၊ စမ်းကြည့်ပါတော့လား ”
” နင့်အမေလွှားတဲ့မှကွာ ၊ အသာနေစမ်း ၊ ဘယ့်နှယ်ဗျာ ၊ ကံတရား များကလဲ အခါကြီးရက်ကြီး သတ္တဝါသတ်မလို့ကြံတဲ့ကောင်ဘက်လိုက်တယ် ၊ သတ္တဝါ မေတ္တာပို့နေတဲ့လူဘက်ကျတော့ ငါ့ချီးတဲ့မှ…”
ဒေါနဲ့မောနဲ့ လက်ထဲက ပရိတ်အိုးကို ဘသာတင့်ဆောင့်ချလိုက်တယ် ၊ ကွဲသွားတဲ့ ပရိတ်အိုး ၊ အိုးခြမ်းကွဲအစစ်တွေက မြေကြီးပေါ်မှာ ဖွေးခနဲ ။
” လောဘ…မောဟဆိုတာ လောင်မီးကိလေသာ…တဟုန်းဟုန်းတောက်လို့သာ ၊ တဖြုန်းဖြုန်းမောက်မို့စွာ… ”
ဟော… ဘာပါလိမျ့လို့ ၊ ငမိုးပါလား ။
ကြည့်ကြစမ်းပါ အရပ်ကတို့ ။ သူ့ ကက်ဆက်အနီကြီးကို ပွေ့လို့ ရွှာလယ်လမ်းမှာ ပြုံးဖြီးဖြီးကြီး လျှောက်လာနေပုံများ ။
ရွာထိပ် ရေဆိပ်မြစ်ကမ်းပါးမှာ ငမိုးရပ်လိုက်တယ် ။
ဟောဗျာ… ရေထဲမှာ ၊ ငမိုး အိုးရတဲ့နားတဝိုက်က ရေထဲမှာ ငုပ်လိုက် ဖော်လိုက်နဲ့ ရွာထဲက ယောင်္ကျားဘသားတွေ ။
မျက်လုံးအပြူးသားနဲ့ ငမိုး ကြောင်ကြည့်နေမိတယ် ။
ငမိုးရင်ခွင်ထဲက ကက်ဆက်နီရဲ့ နံနက်ချိန်ခါ တေးသံသာကတော့ မြစ်ကမ်းပါးတစ်ခိုမှာ ပျံလွင့်နေဆဲ ၊ ဘာတဲ့…
” လောဘ…ဒေါသ…မောဟဆိုတာ…လောင်မီးကိလေသာ ” တဲ့
🌿🌿🌿🌿
နုနုရည် အင်းဝ
( ၁၉၉၃ မတ်လ ဓနမဂ္ဂဇင်း )