မေတ္တာမီးအိမ်(စ/ဆုံး)
——————
ဝုန်းခနဲ အသံကြီးနဲ့ ခွမ်းဆိုတဲ့ ဖန်ကွဲသံတွေ၊ မေမေ့ကို မရိုက်ပါနဲ့ဆိုတဲ့ မြေးမလေးရဲ့ အော်သံငိုသံတွေကြောင့် အကြွေ့ ခြေလှမ်းတွေ အိမ်နောက်ဖေးဆွယ်ချထားတဲ့ အခန်းလေးဆီ အမြန်ရောက်သွားတယ်။
မြေးမလေးက အကြွေ့ကို မြင်တာနဲ့ သူ့အမေရင်ခွင်ထဲကနေ အကြွေ့ဆီ အပြေးလာဖက်တယ်။ ဆယ်ပေပတ်လည်အခန်းလေးထဲမှာ အင်္ကျီချုပ်စက်ခုံကလဲနေပြီး အပ်ချုပ်စက်ကလည်း စက်ခုံနဲ့တခြားစီဖြစ်နေတယ်။ ကတ်ကြေးတွေ အပ်ချည်လုံးတွေကလည်း ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲလို့။ပြီးတော့ လင်ဗန်းတခြား ကွဲကြေနေတဲ့ဖန်ပန်းကန်လုံးလေးတွေတခြားနဲ့ အခန်းကျဥ်းကျဥ်းလေးက မျက်လုံးထဲမှာ ရှုပ်ခတ်နေပုံပေါ်နေတယ်။
သက်မဲ့ပစ္စည်းတွေပဲ ဖရိုဖရဲဖြစ်နေတာမဟုတ်ဘူး။
မြမြအေး ဆံပင်တွေလည်း ဖွာလန်ကြဲနေတယ်။သနပ်ခါးတုံးသွေးပြီး လိမ်းထားတဲ့ ပါးကွက်နှစ်ဘက်မှာ မျက်ရည်စီးကြောင်းနဲ့။အခန်းနံရံကို လျော့ရဲရဲလေးမှီကာ ဒူးတုပ်ထိုင်လျက်အနေအထားနဲ့ အသံတိတ်ငိုကြွေးနေတာမြင်ရတော့ အကြွေ့ရင်တွေနာလိုက်တာ။မြမြအေးက အကြွေကိုမျက်လုံးလှန်ကြည့်ပြီးမှ ခေါင်းပြန်ငုံ့သွားတယ်။
အကြွေ့ခြေထောက်ကို အပြေးလာဖက်တဲ့ မြေးမလေးလက်ကိုဆွဲပြီး ပြတင်းပေါက်ဘောင်ကို လက်ထောက်လျက် နောက်ကျောပေးအနေအထားရှိနေတဲ့ သားဆီအကြွေလျှောက်လာခဲ့တယ်။
“မင်းသွေး´´
အကြွေ့ခေါ်သံက ရင်ခေါင်းကထွက်လာတဲ့အသံ။ဟိန်းပြီး မာတယ်။
အကြွေကို လှည့်ကြည့်လိုက်တဲ့ သားရဲ့ပါးပြင်ဆီ မြှောက်တက်သွားတဲ့ အကြွေရဲ့ညာလက်ဝါးက အရှိန်နဲ့ကျသွားတယ်။ အကြွေနဲ့မျက်နှာချင်းဆိုင်ရှိနေတဲ့ သားမျက်နှာ တစ်ဖက်သို့ ငဲ့စောင်းသွားခိုက်မှာ အကြွေ့မျက်ဝန်းက မျက်ရည်စက်ကလည်း လိမ့်ဆင်းကျလာတယ်။အဲ့မျက်ရည်တွေကို အကြွေ လက်ခုံနဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်တယ်။
ရဲတက်သွားတဲ့ ပါးပြင်ကို လက်နှင့်ကိုင်လျက် အံ့အား
သင့်သွားတဲ့ သားရဲ့ မျက်လုံးတွေကို အကြွေ ခပ်စူးစူး
ကြည့်ပစ်လိုက်တယ်။
“နာတယ်မို့လား
အေး…အသားထိရင် လူတိုင်း အဲ့လိုနာတတ်တယ်။´´
အကြွေလေ တစ်ခါမှ သားကို မရိုက်ဖူးဘူး။ သားကို မာထန်တဲ့စကားနဲ့လည်း မပြောဖူးပါဘူး။ဒါပေမဲ့ လူတစ်ယောက်ကိုရိုက်နှက်ခြင်းလုပ်တာ မုန်းတီးခါးသီးတဲ့ အကြွေ ကိုယ်တိုင် သားပါးပြင်ကို ရိုက်မိပြီ။ တချို့လူတွေအတွက်က ကိုယ်ချင်းစာတရားဆိုတာ တစ်ခါတစ်လေလည်း ကိုယ်ပြန်ခံရမှ နားလည်တတ်တဲ့သဘောမဟုတ်လား။
လူတစ်ယောက်မပြောနဲ့။သတ္တဝါလေးတွေတောင် နာကျင်အောင် မလုပ်တတ်တဲ့ အကြွေ့သားက သူရဲ့ချစ်လှပါတယ်ဆိုတဲ့ ဇနီးကို ရိုက်ထားတာ ညာဘက်ပါးပြင်တစ်ခုလုံးရောင်ကိုင်းနေတယ်။ သားလက်ပါတတ်နေပြီ။
“ဘာကိစ္စပဲဖြစ်ဖြစ် စကားနဲ့ဖြေရှင်းရတာကို မင်းဘာလို့လက်ပါရတာလဲ။မိန်းမကို ရိုက်တဲ့ ယောက်ျားတွေကို သေလောက်အောင် ငါမုန်းတယ်ဆိုတာ မင်းသိသားနဲ့ ။ ငါမုန်းတဲ့ ယောက်ျားတစ်ယောက်ရဲ့ စရိုက်ကိုမှ မင်းဆီမှာ ငါဘာလို့လာတွေ့ရတာလဲ။ မင်းဘာလို့ ပြောင်းလဲသွားတာလဲ…မင်းသွေး´´
အကြွေ့အသံက ဒေါသသံလွှမ်းနေသလို အကြွေအသားတွေ တဆတ်ဆတ်တုန်ခါနေတယ်။
“မြမြအေး ကျွန်တော့ကိုစွပ်စွဲတာ..အမေသိလား။အဲ့မိန်းမက ကျွန်တော်စားသောက်ဆိုင်မှာသီချင်းဆိုနေတုန်း ကျွန်တော့အသံကိုကြိုက်လို့ သူ့မိတ်ဆွေဆိုင်မှာလည်းကျွန်တော်ဆိုရအောင်မိတ်ဆက်ပေးချင်တယ်ဆိုပြီး ကျွန်တော်ဖုန်းနံပါတ်တောင်းယူသွားတာလို့ သူ့ကိုရှင်းပြပြီးပြီလေ။အဲဒါကို အဲ့မိန်းမနဲ့ကျွန်တော်ကို သူကမယုံသင်္ကာဖြစ်နေတာ´´
ရှူးရှူးရှားရှားဖြစ်သွားတဲ့ သားရဲ့လက်ညှိုးက မြမြအေးဆီ ရောက်သွားတယ်။ မြမြအေးက နံရံကိုကိုင်ပြီးမတ်တပ်ရပ်တယ်။
“ယုံစရာလား၊နင်တို့ရိုးသားတယ်ဆိုရင် ငါ့ရှေ့ဘာမပြောရဲစရာရှိလဲ။မနေ့ညကတည်းက အဲ့မိန်းမဖုန်းလာတိုင်း နင်မကိုင်ဘဲနဲ့ ချပစ်တယ်။ဒီနေ့လည်း ခဏခဏ ခေါ်နေလို့ ငါကိုင်မယ်လုပ်တော့ နင်တားတယ်။ အမေ…ကျမသံသယဖြစ်တာမှားလား´´
အကြွေ့မျက်နှာကို ကြည့်ပြီး မြမြအေးငိုသံပါကြီးနှင့်ပြောတယ်။ ဒီလိုစိတ်ဒဏ်ရာထင်ကျန်စေတဲ့ နာကျင်မှုမျိုး အကြွေကိုယ်တိုင်ခံစားဖူးတာပဲ။ဒီအဖြစ်မျိုး….မုန်းလိုက်တာ။
“တကယ်ပဲ အဲ့မိန်းမနဲ့ မင်း ကင်းတယ်ဆိုရင် သမီးယုံကြည်အောင် မင်းလုပ်ပေးလိုက်လေ။ သားသမီးကြည်ဖြူဖို့အတွက် အမှားကျူးလွန်တဲ့သားသမီးကို အားပေးအားမြှောက်လုပ်မဲ့ အမေမျိုး…ငါမဟုတ်ဘူး။ အေး…၊မင်း… မြမြအေးအပေါ်သစ္စာဖောက်ရင်
ငါကိုယ်တိုင် မင်းကိုထောင်ထဲထည့်မှာ၊ မင်းသိထား´´
သားက စကားတစ်ခွန်းမှ အကြွေ့ ကို မပြောပေမဲ့ အကြွေ့ကို သားကြည့်လိုက်တဲ့မျက်လုံးတွေထဲမှာ မကျေနပ်မှုတွေကို တွေ့လိုက်ရတယ်။ အကြွေ့ရှေ့က ထွက်သွားတဲ့သားကို အကြွေမတားမိဘူး။ သားလို့ နှုတ်က မခေါ်ချင်သွားလောက်အောင်ကို အကြွေ့ရင်ထဲမှာလည်း နာကျင်သွားတယ်။
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကလည်း အဲ့ဒီခံစားမှုမျိုး အကြွေခံစားခဲ့ရတယ်။ သားရဲ့အပြုအမူက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က သူ့အဖေ ကိုရဲရင့်နောင် ကို အကြွေပြန်မြင်လိုက်ရသလိုပဲ။သားက သူ့အဖေနဲ့ ရုပ်ချင်းဆင်ရုံတင်မကဘူး စိတ်ဓာတ်တွေပါ တူသွားပြီလား။
ရုတ်တရက် ပါးပြင်ပေါ်ကျလာတဲ့ လက်တစ်ဖက်ကို အကြွေရှောင်ချိန်မရလိုက်ပါဘူး။သားအိပ်ပျော်နေလို့
ကုတင်ပေါ်ချသိပ်အပြီး ပြန်အလှည့်မှာ အစ်ကိုနောင်က ဆီးကြို ရိုက်လိုက်တာပါ။ နောက်တစ်ချက်ရိုက်ဖို့ လက်မြှောက်ရွယ်လာတဲ့အခါမှာတော့ အကြွေ အားကုန်သုံးပြီး အစ်ကိုနောင့် ခန္ဓာကိုယ်ကို တွန်းဖယ်ပစ်လိုက်တယ်။
မမျှော်လင့်တဲ့ အကြွေရဲ့တုန့်ပြန်မှုက အစ်ကိုနောင့်ကိုဟန်ချက်ပျက်သွားစေပြီး ဒေါသအရှိန်နဲ့ ပိုပြီးမျက်နှာကခက်ထန်လာတယ်။ရင်ထဲအေးချမ်းသွားတာပဲဆိုတဲ့ အကြွေခံစားခဲ့ရတဲ့ အစ်ကိုနောင့်မျက်နှာက အကြည်ဓာတ်ကိုပျက်လို့။
“မင်းကပြန်ခုခံတယ်ပေါ့
ငါ..ဘာလို့ မင်းကိုဒီလိုလုပ်တယ်ဆိုတာ မင်းသိတယ်မဟုတ်လားအကြွေ။မင်းကို ငါဘာပြောထားလဲ။သူ့ကိုသွားမထိနဲ့လို့။ မင်းလုပ်တာ မင်းမှန်တယ်လို့ထင်နေလား။´´
စူးစူးရဲရဲစိုက်ကြည့်ပြီး ရှုးရှုးရှားရှားဖြစ်သွားတဲ့ အစ်ကိုနောင့် လေသံက တစိမ်းတွေ ထက်တောင်ပိုပြီး တစိမ်းဆန်နေပါရော..။မင်းနဲ့ငါနဲ့ အသုံးတွေတောင်ဖြစ်လို့။
အသားနာကျင်တာထက် ရင်ထဲက ပိုနာကျင်ရပါတယ်။
“မှန်တယ်။အကြွေ့လုပ်ရပ် မမှားဘူး။ မှားနေတာ အစ်ကိုနောင်နဲ့ အဲ့မိန်းမတို့။ မှားမှန်းသိရက်နဲ့ ဆက်မှားနေကြလို့အဲ့မိန်းမကို အကြွေသွားတွေ့တာ ။နောက်တစ်ခါဆို သူ့ယောက်ျားကိုတောင် သွားတွေ့ဖြစ်မလားမသိဘူး´´
“မင်းကွာ´´
ရိုက်ရန် ထပ်ရွယ်လိုက်တဲ့ အစ်ကိုနောင့် လက်ကို သူ့အမေက ဝင်ဆွဲပြီး ကြားထဲမှာ ဝင်ရောက်ရပ်တန့်လိုက်တယ်။ သူ့အမေကြောင့် ကိုယ်အရှိန်တန့်သွားပေမဲ့ အစ်ကိုနောင့်အကြည့်တွေက စိမ်းစိမ်းကားကားနဲ့ ခက်ထန်လွန်းပါတယ်။
“အကြွေ၊ညည်းပြဿနာရှာပြန်ပြီလား။ ငါ့သားအနာဂတ်ကို ညည်းလက်နဲ့ ဖျက်ဆီးပစ်ရမှ ကျေနပ်နိုင်မှာလား။
ရို့စ် ဆိုတာ ဂုဏ်သရေရှိ ကုမ္ပဏီပိုင်တဲ့ သူဌေးမအေ့။ အဲ့မိန်းမလို့ ညည်းအဆင့်နဲ့ သုံးနေတာတောင် လွန်လှပြီ။
ငါ့သားရဲ့အရည်အချင်းကိုသိလို့ အရေးပေးဆက်ဆံနေတာ။ ညည်း..ကြားစကားတွေနဲ့ မစွပ်စွဲနဲ့။ သူတို့က ရိုးရိုးသားသား´´
“ရိုးရိုးသားသား..ဟုတ်လား အမေ။
သာမန် ဒရိုင်ဘာတစ်ယောက်ရဲ့မွေးနေ့ကို နှစ်ယောက်တည်းကျင်းပပေးတာ။ သူဌေးမကနေမကောင်းဘူးဆိုပြီး အိမ်လိုက်မပို့ခိုင်းဘဲ ဒရိုင်ဘာကို ဟိုတယ်မှာ သီးသီးသန်သန့်ချိန်းပြီး ပြုစုခိုင်းတာ၊ အဲဒါရိုးရိုးသားသားလား အမေရဲ့။ အကြွေက အထင်နဲ့လည်းမပြောဘူး။မြင်တဲ့သူရှိလို့ ဓာတ်ပုံတောင် အကြွေ့ဆီပို့လိုက်တာ မဟုတ်လား။ အမေက ငါမေးပေးမယ်ဆိုလို့ အကြွေငြိမ်နေတာ။ အမေ့သား ..အိမ်ပြန််မလာတဲ့ရက်တွေ များနေတယ်ဆိုတာ အမေလည်းသိပါတယ်။ ´´
အစ်ကိုနောင့်အမေရဲ့ အကြည့်စူးစူးက အကြွေ့ဆီရောက်လာတယ်။
“ပြန်လာချင်စရာလား။ကြည့်စမ်း ညည်းပုံစံက။
ဟိုး သီပေါမင်းလက်ထက်က စတိုင်နဲ့။ တောကတက်လာတယ်လို့တောင် ပြောစရာမလိုဘူး။ ညည်းလို သူများဆီကပ်နေပြီး မုန့်ဟင်းခါးကူရောင်းပေးရတဲ့ ပညာတစ်ပိုင်းတစ်စနဲ့အလုပ်သမတစ်ယောက်ကို ငါ့သားလို ဘွဲ့ရ၊မြို့မှာအိုးပိုင်အိမ်ပိုင်ရှိတဲ့ သူတစ်ယောက်က သားမှတ်မှတ်မယားမှတ်မှတ်ပေါင်းသင်းနေခဲ့တာပဲ ကံကောင်းလှပြီ။ ငါ့မြေးမျက်နှာထောက်နေလို့ ။မဟုတ်ရင်ငါ့သားကို ကွာရှင်းခိုင်းပြီးပြီ။ ဘာမှ ငါ့သားအတွက် အထောက်အပံ့မရတဲ့ အလကားမိန်းမ။´´
အမေလို့ အကြွေသတ်မှတ်ခဲ့တဲ့ သူဆီက ထွက်လာတဲ့ စကားမှ ဟုတ်ပါရဲ့လား။ သမီးမရှိလို့ ကိုယ်ချင်းမစာတတ်ဘူးဆိုရင်တောင် သူကိုယ်တိုင် မိန်းမတစ်ယောက်ဖြစ်နေတာမို့ ဒီလောက်အထိ နှိမ့်နှိမ့်ချချချိုးချိုးဖဲ့ဖဲ့ ပြောဖို့တော့ မသင့်ဘူးလေ။ ယောက္ခမဇာတိပြလာပြီဆိုတာ ဒီလိုပါလားလို့ အကြွေ စိတ်ထိခိုက်နာကျင်စွာ တွေးမိလိုက်ပါတယ်။
“သွားစို့ သား။ဒီလိုမိန်းမနားနေ နေရတာ… ကျက်သရေကိုမရှိဘူး။ စောစောက ရို့စ် ဖုန်းဆက်တယ်။မင်းဆီခေါ်မရလို့တဲ့။ မနေ့က ဘန်ကောက်က ပြန်လာလို့ အမေ့အတွက် လက်ကိုင်အိတ် လက်ဆောင်ပေးလိုက်တာဆို။ သားကျန်နေခဲ့လို့တဲ့ ။ အဲဒါ ဒီညနေ အိမ်လာယူတဲ့။
အချစ်ဦးကို မြေးဦးရတောင်မမေ့ဘူးဆိုတာ ရို့စ်ကိုပြောတာပဲ ဖြစ်မယ်…။ရို့စ်က ခုထိ သံယောဇဥ်မကုန်သေးဘူးထင်ပါရဲ့´´
အစ်ကိုနောင့်ကို ဆွဲခေါ်သွားပြီး အကြွေကြားအောင် တမင်ပြောသွားတဲ့ ယောက္ခမစကားကြားမှ အကြွေ ဇာတ်ရည်လည်ပါတော့တယ်။ ရို့စ်ဆိုတာ ကိန်းကြီးခန်းကြီးနေတတ်တဲ့ မိသားစုမှကြီးပြင်းလာတဲ့သူ၊ရို့စ်မိဘတွေက သူတို့သမီးနဲ့ မတန်မရာလို့ ပြောခံခဲ့ရတဲ့အတွက် အစ်ကိုနောင်အဆက်ဖြတ်ခဲ့တယ်ဆိုတဲ့ အစ်ကိုနောင့် ရည်းစားဦးပေါ့။
အခမဲ့ကျွန်လိုမျိုး အိမ်တာဝန်တွေမညည်းမညူလုပ်ပေးခဲ့တဲ့ ချွေးမထက် ချွေးမ မတော်လိုက်ရတဲ့ သူဌေးမဘက် ရပ်လာတဲ့ ယောက္ခမဖြစ်သူရဲ့ပြောင်းလဲခြင်းတွေကို အကြွေနားလည်သလိုဖြစ်လာပါပြီ။အဲဒီနေ့ကတော့ နောက်ခံ၊ငွေအား ဘာမှမရှိတဲ့ အကြွေ့ကို ယောက္ခရဲ့ ငြိုငြင်မှုက ပိုသိသာစေလာပါတယ်။
နယ်ကသာမန်တောင်သူ လူတန်းစားမိဘတို့မှ မွေးဖွားလာတဲ့အကြွေက ကျောင်းမသွားခင်နဲ့ကျောင်းအပြန်မှာ မုန့်ဟင်းခါးကူရောင်းပေးရင်း အသုံးစရိတ်လေးမှရရ အပိုငွေရအောင်ရှာခဲ့တယ်။အကြွေတက္ကသိုလ်တတိယနှစ်တက်ရတော့မဲ့ အချိန်မှာ အစ်ကိုနောင်ရဲ့ ကလူ၏သို့မြူ၏သို့ စကားလုံးတွေကိုယုံပြီး အစ်ကိုနောင်နောက်လိုက်ခဲ့မိတယ်။ရုံးတက်လက်မှတ်ထိုးပြီး နှစ်ဘက်မိဘအသိုက်အဝန်းနည်းနည်းနဲ့ အိမ်မှာမင်္ဂလာဆွမ်းကျွေးပြီး အိမ်ထောင်ကျမိန်းမတစ်ယောက်ဖြစ်သွားတဲ့အခါ အိမ်ထောင်သည်မိန်းမတစ်ယောက်ကဘာကြောင့်ကျောင်းဆက်တက်နေရအုံးမှာလဲဆိုတဲ့ အစ်ကိုနောင့်အမေစကားနဲ့ အကြွေကျောင်းနားလိုက်ရတယ်။
ကျောင်းတက်ကတည်းက ကူရောင်းပေးခဲ့တဲ့ မုန့်ဟင်းခါးဆိုင်မှာလည်း အကြွေ့ကိုလုပ်ခွင့်မပေးတော့ဘူး။အိမ်ထောင်သည် မိန်းမတစ်ယောက်က အိမ်ထောင်မှုနိုင်နင်းရင်လုံလောက်ပြီလို့ ပါးစပ်ကသာပြောတတ်ပေမဲ့ တကယ့်တကယ်တော့ သူတို့လက်ခံလိုတာက ငွေရှာနိုင်တဲ့သူဆိုတာ အကြွေရှင်းရှင်းလင်းလင်းသိလိုက်တယ်။
အထောက်အပံ့ဆိုတဲ့ စကားလုံးကို မိန်းကလေးရှင်တွေထက် သားရှင်တွေက ပိုပြီးမက်မောနေခဲ့တာပါလား။ မိန်းမတစ်ယောက်က အရောင်တင်ပေးမှ ထွက်လာမဲ့ တောက်ပြောင်မှု ၊မိန်းမတစ်ယောက်ရဲ့ ပံ့ပိုးမှုကိုမျှော်
လင့်တဲ့ ခပ်ညံ့ညံ့အတွေးတွေ အစ်ကိုနောင်မှတ်ဥာဏ်ထဲမှာ ရှိနေခဲ့ပြီလား။
အကြွေ့ရှေ့က ထွက်သွားတဲ့ အစ်ကိုနောင်တို့ သားအမိကိုကြည့်ပြီး အကြွေ့ရင်ထဲ နာကျင်ရပေမဲ့ နှစ်နှစ်သားအရွယ်အကြွေ့ သားလေးအတွက် သည်းခံခြင်းဒီဂရီတွေ မြှင့်ခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း အိမ်ပြန်လာတိုင်း အမြဲလိုလိုဘီယာနံ့စွဲလာတဲ့ အစ်ကိုနောင်က အကြွေနဲ့မျက်နှာချင်းဆိုင်တိုင်းလည်း ပြဿနာအသေးအဖွဲလေးကို အကြီးအမားဖြစ်သွားတဲ့အထိ ပုံကြီးချဲ့ပြီး ရန်စကားစတတ်လာတယ်။သားရယ်သံ၊ငိုသံတွေလည်း စိတ်မဝင်စားတော့ဘဲ သားကို ထွေးပိုက်ဖို့ဆိုတာမပြောနဲ့ အိပ်ပျော်နေတဲ့သားကိုတောင် မြတ်နိုးစွာနမ်းရှိုက်ခြင်းမရှိတော့ဘဲ သီးသီးသန့်သန့်နေတတ်လာတယ်။ လင်ရှိမုဆိုးမဘဝဆိုတာ အကြွေကို ပြောနေသလားတောင် အဲ့ဒီတုန်းက အကြွေတွေးမိခဲ့သေးတယ်။
ထမင်းစားခန်းထဲမှာသားလေးကိုထမင်းခွံ့နေတဲ့အချိန် စားပွဲပေါ်ကို တစ်ထောင်တန်ငွေစက္ကူတစ်ထပ် အကြွေ့ရှေ့ပြုတ်ကျလာခဲ့တာမို့ အကြွေမော့ကြည့်လိုက်တဲ့အခါ အင်အားပါတဲ့ တွန်းအားတစ်ခုက အကြွေ့ပခုံးစွန်းဆီကျလာတယ်။ ယိုင်သွားတဲ့ကိုယ်ခန္ဓာက သားဘက်ယိမ်းသွားပြီး သားထိုင်နေတဲ့ထိုင်ခုံကျောမှီကိုယောင်ယမ်းလှမ်းဆွဲရလိုက်ပေမဲ့ ထမင်းပန်းကန်လေးက ကြမ်းပြင်ပေါ်ကျကွဲသွားတယ်။ သားရဲ့ငိုသံတွေက ထွက်လာတာမို့ ပခုံးစွန်းကနာကျင်မှုကို ဂရုမထားနိုင်ဘဲ သားတစ်ခုခုထိခိုက်သွားမလားစိုးရိမ်စိတ်နဲ့ အကြွေပွေ့ဖက်မိလိုက်တယ်။
“မင်းက ငါ့ငွေတွေခိုးပြီး မင်းမိဘကိုပေးကမ်းနေတာလား အကြွေ။ဒါကြောင့် အိမ်အသုံးစရိတ်မလောက်ဘူးဆိုပြီး ငါ့အမေဆီတောင်းတာပေါ့။ ငါ့အမေပြောလို့သာ ဗီရိုအောက်ကဒီငွေတွေရှာတွေ့တာ။ အမေ့ဆီမှာ ပိုက်ဆံအပ်မိတာ ငါကံကောင်းသွားတာပဲ။မင်းလက်ထဲသာ ငါ့ဝင်ငွေထည့်ပေးရင် ကုန်နေလောက်ပြီ။´´
“အဲ့ငွေက အစ်ကို့နောင်ငွေ မဟုတ်ဘူး။ အသုံးစရိတ်တောင်အလုံအလောက်မပေးတာ အကြွေ့အမေသိသွားလို့ အကြွေ့အမေ ဒီကိုလာတိုင်း အကြွေလိုအပ်ရင်သုံးဖို့ဆိုပြီး ပေးသွားတဲ့ငွေ။ အစ်ကိုအမေကို မေးကြည့်လိုက်။ကုန်ဈေးနှုံးတက်နေတာတောင် သမီးလောက်လားတစ်ချက်မေးခဲ့လားလို့ ။ဈေးဖိုးမလောက်လို့ ပြောရင်တောင် ငွေထုတ်ပေးခဲ့လို့လား။ လိုသမျှ အကြွေအမေပေးခဲ့တဲ့ ငွေထဲကပဲသုံးနေတာပါ ။´´
“မင်းလည်းငွေထုတ်သင့်တာပဲ။ အကျိုးခံစားခွင့်ကြ
ရချင်ပြီး နေရာတကာ ငါ့ငွေချည်းဆိုလည်းသိပ်တော့ မဟုတ်သေးဘူးလေ။အိမ်ထောင်တစ်ခုမှာ ယောက်ျားလုပ်စာပဲ မင်းတို့မိန်းမတွေထိုင်စားရမယ်လို့ မသတ်မှတ်ထားပါဘူးကွ။ မင်းငွေတစ်ပဲခြောက်ပြားလေးစိုက်ရတယ်ဆိုပြီး မာန်တက်မယ်တော့ မစဥ်းစားနဲ့။အခုချိန် မင်းလည်ပင်းတက်နင်းရင်းတောင် ငါရှာကျွေးလို့ စားထားတဲ့အရာတွေ အတောင့်လိုက်ထွက်လာမှာ။ထွီ…ကောင်မ သောက်ကြီးသောက်ကျယ်ပြောသေးတာ´´
သားကိုပွေ့ဖက်ထားတာကိုတောင် ဂရုမစိုက်ဘဲ အကြွေပခုံးကို နောက်တကြိမ်လက်ဖနောင့်နဲ့ ဆောင့်တွန်းပြီး စကားလုံးရိုင်းနဲ့ပြောလာတဲ့ အစ်ကိုနောင့်ကို အကြွေသည်းမခံနိုင်တော့လို့ အော်လိုက်တယ်။
“ရဲရင့်နောင်!´´
“သောက်ကောင်မ…ငါလုပ်ရင်သေတော့မယ်´´
အစ်ကိုနောင်က လက်ဝါးရွယ်ပြီး အကြွေကိုရိုက်မယ်အလုပ်မှာ သားကငိုတယ်။
တက်တစ်ချက်ခေါက်ပြီး လက်ရွယ်လိုက်တဲ့အစ်ကိုနောင်မျက်နှာကိုကြည့်ချင်စိတ်မရှိလောက်အောင် ရင်ထဲမှာနာကျင်သွားတယ်။ သားမျက်နှာကိုပါးခြင်းအပ်လိုက်တဲ့အခါ သားရဲ့မျက်ရည်လား အကြွေ့မျက်ရည်လားခွဲလို့မရအောင် မျက်ရည်စီးကြောင်းတို့ ရောထွေးသွားတယ်။
“မင်းမိန်းမက သူ့မိဘတွေအဆင်ပြေလာပြီဆိုတော့ အားကိုး ရှိသွားလို့နေမှာပေါ့။ ကိုယ့်လင်ယောက်ျားကိုတောင် ပြန်အော်တယ်။ အံ့ပ´´
မဲ့ရွဲ့ပြောလိုက်တဲ့ အစ်ကိုနောင်အမေက အဆင်းကိုဘီးတပ်ပေးလိုက်သလိုပါပဲ။ အမြဲတမ်း လင်မယားစကားများရင် သူ့ကြောင့်ပြန်တည့်သွားတာမရှိဘဲ ပိုပြီး အမြင်မကြည်စေခဲ့တာကများတယ်။အဲ့ဒီနေ့ကအစ်ကိုနောင်တို့အိမ်ကို နောက်ဆုံး အကြွေရှိခဲ့တဲ့နေ့ပါပဲ။
သားကိုခေါ်ပြီးအိမ်ကထွက်သွားဖို့ ပြင်လိုက်တဲ့ အကြွေ့ကို
“ထွက်သွားဖို့စိတ်ကူးတယ်ဆိုရင် တသက်လုံးငါ့ဘဝထဲကပါ ထွက်သွားလိုက်အကြွေ။ဒီအိမ်ကိုလည်း မင်းဘယ်တော့မှ ပြန်မလာနဲ့ ။ မိန်းမအိမ်ပေါ်ကဆင်းသွားလို့ ပြန်လိုက်ခေါ်မယ်ဆိုတဲ့ယောက်ျားတွေထဲ ရဲရင့်နောင် မပါဘူး။မင်းမြဲမြဲမှတ်ထား။ငါ့သားကိုတော့ထားခဲ့´´
“ငါကလည်း ဝဋ်ကြွေးကြီးတဲ့ ဒီအိမ်မှာဆက်မနေပါဘူး။ငါတင်မကဘူး။ငါ့သားပါ ငါကခေါ်သွားမှာ။ငါ့သားကနင့်ဆီကနေ ဘာကိုကြည့်ပြီး သင်ယူကြီးပြင်းရမှာလဲ…ရဲရင့်နောင်။သားအတွက် မှန်ကန်တည့်မတ်ပေးမဲ့ အတုယူစရာအရည်အချင်း မရှိတဲ့ဒီအသိုက်အဝန်းမှာ ငါ့သားကိုမထားခဲ့နိုင်ဘူး။´´
အကြွေပွေ့ချီထားတဲ့ သားကို လုယူဆွဲခေါ်ဖို့ကြိုးစားလိုက်တဲ့ အစ်ကိုနောင်လက်ကို သူ့အမေက လှမ်းဆွဲတားလိုက်ပြီး ထွက်သွားတဲ့အကြွေကြားအောင်လှမ်းအော်တယ်။
“မင်းနေစမ်း၊ကလေးတစ်ယောက်ကို သူဘယ်အရည်အချင်းတွေနဲ့ မွေးမြူပျိုးထောင်မလဲ ငါစောင့်ကြည့်အုံးမှာ။အေး…တစ်ခုတော့ပြောလိုက်မယ်။ကလေးစရိတ်ဆိုပြီး ငါ့သားဆီကနေတောင်းဖို့တော့မစဥ်းစားနဲ့။ညည်းသဘောနဲ့ ကလေးကိုခေါ်သွားတာ။ပြီးတော့ …ငါ့သားနဲ့ ပြတ်ပြတ်ကင်းကင်းဖြစ်အောင် ညည်းကွာပေး။´´တဲ့။
သားကိုခေါ်ပြီး နောက်မလှည့်တမ်း အကြွေမိဘတွေဆီထွက်ခွါခဲ့တယ်။ အဲ့ဒီနေ့ကစပြီး အကြွေ..အစ်ကိုနောင်တို့သားအမိနဲ့ မပတ်သက်တော့ဘူး။ အစ်ကိုနောင်တို့ သားအမိဘက်က အကြွေတို့ကွာရှင်းပြီးပြီဆိုပြီး သတင်းလွှင့်တော့ လာမေးတဲ့သူတွေကို ခေါင်းမညိတ်မိသလို ခေါင်းလည်းမခါဖြစ်ခဲ့ဘူး။ လူတိုင်းကြိုက်သလိုထင်နိုင်ပါတယ်။
အကြွေဘဝအတွက် ခင်ပွန်းတစ်ယောက်ပဲရှိခဲ့သလို သားအတွက်လည်း အဖေတစ်ယောက်ပဲရှိစေရမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ အကြွေ့ဘက်ကသစ္စာပဲ။ဒါပေမဲ့ အစ်ကိုနောင်က သူ့ငယ်ချစ်ဦးနဲ့ခြေရှုပ်နေတာ သူ့ငယ်ချစ်ဦးရဲ့ ယောက်ျားသိသွားပြီး အစ်ကိုနောင်ကိုမယားခိုးမှုနဲ့ တရားစွဲထောင်ချလိုက်တယ်ဆိုပဲ။နောက်တော့……
သားကို သူ့အဖေနဲ့ပတ်သက်ပြီး အကြွေ့နှုတ်ကတစ်စုံတစ်ရာမပြောခဲ့ပေမဲ့ အကြွေ့ကိုမမေးဘဲ သားကသူ့အဖေအကြောင်းတွေကို သိလာတဲ့အရွယ်ရောက်လာတဲ့အခါ အကြွေမှာ ဆန္ဒတစ်ခုပဲရှိတော့တယ်။သူ့အဖေရဲ့လုပ်ရပ်တွေ သားခါးသီးငြင်းဆန်သွားစေဖို့…
။
အကြွေယုံပါတယ်။သားကသူ့အဖေလုပ်ရပ်တွေကို အကြွေ့ပယောဂမပါဘဲနဲ့တောင် မနှစ်မြိုခဲ့တာမို့ သူ့အဖေရဲ့ခြေရာကို သားမနင်းလောက်ပါဘူး။
အကြွေ့ပခုံးပေါ် မြမြအေးခေါင်းလေးမှီလာတယ်။ကျဆင်းလာတဲ့မျက်ရည်စတွေကို အကြွေသုတ်ပေးလိုက်တယ်။
အမေ…
လို့ခေါ်လိုက်တဲ့ မြမြအေးအသံက အင်အားမဲ့မဖြစ်စေရပါဘူး။အကြွေခံစားခဲ့ရတဲ့ ဝမ်းနည်းမှုတွေ အကြွေချွေးမလေးဆီ ဖိတ်စင်ခံစားရမဲ့အဖြစ်မျိုး အကြွေလက်မခံနိုင်။နာကျင်မှုဆိုတာ ဘယ်သူ့အတွက်မှမလိုအပ်ဘူးလေ။
သားပေးလို့ ချွေးမရတယ်ဆိုကြပြီး အများအားဖြင့် ယောက္ခမတွေက ချွေးမကို သမီးအဖြစ် သတ်မှတ်ဆက်ဆံပေးဖို့ကျ တွန့်ဆုတ်ကပ်ဖဲ့တတ်ခဲ့ကြတယ်မဟုတ်လား။
သမီးမရှိလို့ ကိုယ်ချင်းမစာတတ်ဘူးဆိုရင်တောင် ချွေးမဆိုတဲ့ နေရာတစ်ခုရောက်ခဲ့ဖူးတဲ့ မိန်းမတစ်ယောက်က ကိုယ်တွေ့ယောက္ခမကျမ်းတစ်စောင်တော့ ဖတ်ဖူးကြမှာပါပဲ။ ချွေးမက ယောက္ခမနေရာရလာတဲ့အခါ တချို့က သူမကြိုက်ခဲ့တဲ့ ယောက္ခမရဲ့ပုံစံတူကိုပဲ ကျင့်သုံးကြတယ်။တချို့ကတော့ သူ့လိုမခံစားရအောင် ညှာတာကြတယ်။
အကြွေလည်း တချိန်တုန်းက ချွေးမတစ်ယောက်ဖြစ်ခဲ့တာပဲ။ ဘယ်လုပ်ရပ်တွေက ချွေးမကိုနာကျင်စေပြီး ဘယ်လုပ်ရပ်တွေက ချွေးမကိုပျော်ရွှင်စေခဲ့တယ်ဆိုတာ အကြွေကောင်းကောင်းသိခဲ့တာပေါ့။
အကြွေကတော့ လွန်ခဲ့တဲ့အတိတ်တစ်ခုမှာတစ်ဖက်သတ်ရပ်ခဲ့တဲ့အကြွေ့ယောက္ခမရဲ့အပြုအမူ အပြောအဆိုတွေကို ရင်မှာကျင်ရှစွာကြုံခဲ့ပြီးကတည်းက အကြွေ့ရခဲ့တဲ့ဒဏ်ရာလိုမျိုး မြမြအေးမရစေချင်တော့ဘူး။
တံခါးအကွယ်မှာ အရိပ်တစ်ခုလှုပ်ရှားသွားတာကို အကြွေမြင်လိုက်တယ်။ အဲ့ဒီအရိပ်လေး အကြွေတို့နား နီးကပ်လာတယ်။အကြွေပခုံးပေါ်မှာ မှီတွယ်ထားတဲ့ မြမြအေးဦးခေါင်းလေးတည့်မတ်သွားတယ်။
“ကို..တောင်းပန်ပါတယ်အေး´´တဲ့။
ခေါင်းငုံ့စကားဆိုလိုက်တဲ့ သားကိုကြည့်ပြီး အကြွေကျေနပ်ပိတိဖြစ်သွားတယ်။
အကြွေ့သားလေးလည်း သူရှင်သန်ကြီးပြင်းခဲ့ရသလိုမျိုး
သူ့သမီးလေးကို ထပ်တူအရိပ်တွေ မချပေးလောက်ဘူးဆိုတာ အကြွေယုံကြည်ခဲ့ပြီးသားလေ……။
ခင်ဦး