မရှိစကား မကြားလို

Posted on

မရှိစကား မကြားလို(စ/ဆုံး)

——————————

“မကြီးမော်..ဆန်ချေးအုံး..ညနေပြန်လာမှပြန်ဆပ်မယ်”

“အေး…ယူသွား ”

“ကြီးကြီး…အမေကြီးကဆေးလိပ်ရှိရင်၂လိပ်လောက်ချေးပါတဲ့”

“ဟော့…ဟိုမှာ..နင့်အဘအိတ်ထဲသွားနှိုက်ပြီးယူသွား..နင့်အဘအိတ်ထဲမှာခုနကအထုပ်လိုက်ငါတွေ့လိုက်တယ်”

“တင်တင်မော်…နင်ငါကြည့်ကြည့်နေတာနော်..လာချေးသမျှလူတိုင်းအကုန်လျှောက်ချေးနေတာပဲ..ငါသောက်တဲ့ဆေးလိပ်ပါမချန်အကုန်ချေးနေတာ..ပြန်လာရောဆပ်ကြလို့လား”

“မသိဘူးလေ..လာဆပ်တယ်တော့ထင်တာပဲ”

“ဘာ….ထင်တာပဲဟုတ်လား..မရူးမကောင်းနဲ့ငါပြောထည့်လိုက်ရရင်..ငါကြည့်နေတာကြာပြီ။သူတို့ဆီကအလာပဲရှိတယ်..တစ်ခါမှအပြန်ဆိုတာမရှိဘူး..နောက်ကိုလာမချေးစေနဲ့…ကိုယ့်မှာမရှိရင်ငပိလက်တစ်ဆစ်တောင်ဘယ်မှာမှအလကားမရဘူး..နင်ရူးသလိုပေါသလိုမလုပ်နေနဲ့နော်မိတင်မော်..ဒီနားကလူတွေကနင့်ထက်အဆတစ်ရာလည်တယ်ကလေးတွေကအစအကုန်လူလည်တွေ..နောက်ကိုငါ့ရှေ့မှာလာမချေးစေနဲ့။”

“ဟုတ်..”

“ကြားလား…နောက်ကိုလာချေးရင်လေ…သူ့ရှေ့ကိုဆိုရင်မချေးပဲလှည့်ပြန်သွားသိလား..သူကလေကပ်စေးနှဲကော်တစ်ရာ။ရေတောင်မကောင်းတတ်လို့အိုးလိုက်ချပေးထားလို့နင်တို့လာတဲ့အချိန်ရေအိုးထဲခပ်သောက်လို့ရတာ..နို့မို့ရေတောင်သူကသထာတာမဟုတ်ဘူး”

မိရင်ထွေးကတစ်ခစ်ခစ်ရယ်ကာဆန်ထုတ်ကိုခေါင်းပေါ်ရွက်အိမ်နောက်ဖေးကနေတိတ်တိတ်ကလေးဆင်းသွား၏။ မိချောက..ဆေးလိပ်လေးလက်မှာဆုပ်၍ကုပ်ကုပ်ကလေးပြန်သွားသည်။မိမော်သည်အလိုက်တသိဖြင့်..အခုနမှအိမ်ပြန်ရောက်လာသောခင်ပွန်းသည်၏အိတ်ကိုယူကာအဝတ်အစားများထုတ်ပြီးလျှော်ရမည့်ထဲထည့်သည်။

ဒီနားကိုပြောင်းလာပြီးအိမ်ဆောက်နေစဥ်တစ်နှစ်ကျော်ကျော်အတွင်းဒီနားဝန်းကျင်ကလူတွေအထာကိုမိမော်အတော်လေးတော့သိသင့်သလောက်တော့သိလာပါပြီ။ အချေးအငှားအလွန်ထူကြ၏။ အပေးအကမ်းရက်ရောသောမိမော်နှင့်တွေ့တော့..အချေးအငှား အလွန်ထူသူနှင့်အပေးအကမ်းရက်ရောသူတို့တွေ့ကြရာ။ ပြန်လာဆပ်ကြသူတို့လည်းရှိသလို။အမေ့ခံကာပြန်မပေးကြတော့သောသူတို့လည်းရှိလာသည်။ ယခင်လယ်တောမှာနေထိုင်ခဲ့စဥ်ကလိုအဆင်တပြေရှိစဥ်တုန်းကမိမော်ပေးကမ်းလက်လွယ်သမျှ ဘာတစ်ခုမှအပြစ်မပြောရှာသောခင်ပွန်းသည် ယခုလိုလယ်လည်းတစ်ကွက်မှမရှိ။စီးပွားရေးမှာလည်းဘာတစ်ခုရယ်လိုသယ်သယ်မယ်မယ်မရှိပဲ လက်သမားအငှားလိုက်နေရချိန်ချွေတာနေရချိန်အထိ ယခင်ဗီဇအတိုင်းအပေးကမ်းလက်မလျှော့ချင်သောမိမော်ကိုငြို ငြင်ချင်လာသည်မှာမလွန်။ မိမော်ကလည်း…မိမော်။ ကိုယ့်အိမ်မှာဆန်ရှိနေလျက် လာချေးလျှင် မရှိဟုမပြောချင်။ ကိုယ့်ဆီမှာ ငွေတစ်ထောင်ရှိနေလျှင်ငါးရာလောက်လာမျှချေးပါက လွှတ်ခနဲလွယ်လွယ်ထုတ်ချေးမိသည်ပင်။အကျင့်မှာဖျောက်မရ။ နောက်တော့တစ်ဖြေးတစ်ဖြေးမိမော်ခံရပါများလာ၍ နည်းနည်းတော့မှတ်ချင်လာသည်။ အချေးတင်မက အငှားပါ ပါလာသည်။ “မကြီးမော်..တူလေးခဏလောက်ငှားပါလွှလေးရော”

ငှားလိုက်ပြီး ချက်ချင်းပြန်မရ။ မိမော်ကလည်းမေ့။

မောင်ကြည်သန်းကသူ့ပစ္စည်းတွေထိလျှင်မကြိုက်။ မတွေ့လျှင်ဗြောင်းဆန်နေအောင်ဆူပူတော့မှ

မိမော်မှာအပြေးအလွှားစဥ်းစားရ။ “ဘယ်တုန်းက ဘယ်အိမ်ကလာငှားသွားပါလိမ့်”

“ဟေးး…ငါ့အိမ်မှာ..လွှတို့တူတို့ဘယ်သူလာငှားသေးလည်းဟေ့…အခုငါ့လင်ကမေးနေပြီ..ငှားကြပြီးရင်လည်းပြန်လာပေးကြပါတော့လားအေ…ငါကမေ့တတ်တော့ပြန်လာပေးပြီးပြီပဲထင်…နင်တို့တွေကငှားပြီးပြန်မပေးပဲအပိုင်လိုချင်..ဒါကြောင့်ငါ့ယောကျ်ားကငါ့ကိုတစ်ခါတစ်ခါဆူတာလည်းမပြောနဲ့..ငါကအပေါမအရူးမလိုကိုယ့်ပစ္စည်းကိုယ်တန်ဖိုးမထားသလိုချေးငှားမိနေတာကိုး…တော်ပါပြီအေ..နောက်ဆို.ဘာလာငှားငှား..ဘာလာချေးချေး..မရှိဘူးဆိုတဲ့စကားပဲပြောမယ်”

အဲ့လိုတွေအော်တတ်လာသည်။ လိုက်တောင်းရအောင်လည်းမည်သူတွေမှန်းမှမမှတ်မိတာကိုး။ကိုယ့်အပြစ်နှင့်ကိုယ်မောင်ကြည်သန်းဆူပူသမျှလှိမ့်ခံရသည်။ အဲ့သည်လိုနှင့်

တစ်​ဖြေး တစ်ဖြေး..လူပါးပဲဝတတ်လာတာလားလူရည်ပဲနပ်လာတာလားမပြောတတ်။

ကိုယ့်အိမ်သို့အချေးအငှား သူတို့ဘက်ကစမည့်ပုံမပေါ်ခင်

“ဟယ်…မနွဲ့..ဟင်သိင်္ဂီဦး..ဘာလာလုပ်ကြတာတုန်း..ငါအခုပဲနင်တို့အိမ်လာမလို့အရင်ချေးထားတဲ့ပိုက်ဆံလေ..အခုပြန်ရမလားလို့လိုက်တောင်းမလို့ငါ့ဆီမှာစျေးသုံးဖို့တစ်ကျပ်မှကိုမကျန်တော့လို့”

“ဟောတော့…ကျမတို့လည်း..မကြီးမော်ဆီအရင်ချေးထားတဲ့ပိုက်ဆံနဲ့အခုနောက်ထပ်ဖြည့်ချေးချင်လို့လာပြောတာဒီလကုန်ကျမယောကျ်ားလုပ်အားခရတာနဲ့ပြန်လာဆပ်ပါ့မယ်ဆိုပြီး”

“ကျမကဆန်နောက်ထပ်နှစ်ပြည်ထပ်ချေးမလားလို့မတင်မော်ရယ်..အရင်ဆန်နဲ့ပေါင်းပြီးနောက်သုံးရက်နေမတင်မော်မောင်ပြန်လာရင်ပြန်ဝယ်ဆပ်မလားလို့”

“ဟင်…အဲ့ဒါဘယ်လိုလုပ်ကြမလဲ..ငါ့မှာလည်းမရှိတော့ဘူး..နင်တို့ဆီကအခုပြန်ရမှ..ငါလည်းချက်ရမှာ”

အဲ့သလိုတွေ..ကိုယ့်မှာလည်းရှိနေရက်နဲ့.နောက်ထပ်အချေးအငှားကိုကြောက်၍..လိမ်လည်ခြင်းကိုစတင်ခဲ့ရပါသည်။အစမှာတော့..ကိုယ့်ကိုယ်ကိုယ်..ငါတယ်ဟုတ်ပါလား..ငါတောင်မရှိဟု ပြောတတ်ပြီပဲ။

ငါတောင်တဖြေးတဖြေးသူတို့လိုလူလည်ကျတတ်လာပြီပဲဟု..အထင်ကြီးထင်မိခဲ့ကာ ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီထင်တတ်ခဲ့ပြီ။

စကားနောက်တရားပါဆိုသလို။ ထိုနေရာမှာနေခဲ့စဥ်ဆယ်စုနှစ်တစ်စုအတွင်း မိမိမော်တို့အိမ်မှာ..ဆန်ကအစရှားပါးလာသည်။ အိတ်လိုက်ဆွဲစားရသောအခြေအနေမှ တစ်ပြည်ခြင်းတစ်ခွက်ခြင်း

ဆီကိုပိဿပုံးလိုက်ဝယ်စားရာမှ တစ်ဆယ်သားငါးကျပ်သားခြင်း။

အခုချိန်မှာ ပြန်စဥ်းစားမိတော့…မရှိစကားလွယ်လွယ်ပြောခဲ့မိလို့လားလို့မိမော်ထင်မိသည်။

ဒါဆိုလျှင် မရှိဟုမပြောပဲ၊ ရှိသည်သို့သော်မချေးနိုင်ပါဟု..ဗြောင်ပြောသင့်ပါသလားဟုလည်းကပ်သတ်စွာတွေးနေမိသည်။ အမှန်က အားနာလွယ်သော
သနားလွယ်သော
နဂိုပင်ကိုယ်စိတ်ကပေးချင်ကမ်းချင်လွယ်သော မိမော်၏အားနည်းချက်ကြောင့်ပင်အဓိကလိမ်လည်ရခြင်းအကြောင်းတရားပဲဖြစ်ရပါသည်ဆိုသည့်အကြောင်းနှင့်

မိမော်တို့..ဆင်းရဲသားလူတန်းစားတစ်ရပ်တွင်မရှိမာနအစား၊မရှိလျှင်အလွယ်လေးသူများဆီအချောင်လိုချင်အချောင်ရချင်သောစိတ်များရှိနေသောလူတန်းစားတစ်ရပ်ကြောင့် ထိုအားနာတတ်သနားပေးကမ်းလွယ်သောသူတို့ဒုက္ခရောက်ကြပုံအား

သတိရစွာရေးဖွဲ့လိုက်ရင်း

မရှိစကားမကြားလို၍.မရှိစကားလည်းဘယ်တော့မှမပြောကြားမိအောင်နေကြပါစေလိုရည်ရွယ်ရင်း

တစ်ချိန်က

စရိုက်အလွန်ဆိုးခဲ့ဖူးသောမိမိကိုယ်မိမိပြန်မြင်ယောင်ရေးဖွဲ့ပါသည်။

#ဝါလှဖြူ(ရွက်ဝါရင့်ရင့်)