အဖော်

Posted on

အဖော်(စ/ဆုံး)
————–

ဘာလိုလိုနဲ့ ရှင်နဲ့ ပေါင်းသင်းလာခဲ့ကြတာ ဆယ်စုနှစ် နှစ်ကြိမ်တိုင်လုပြီနော်။

မှတ်မိပါသေးတယ်။ အခုလို ဇူလိုင်လရဲ့ မိုးတွေသည်းနေတဲ့ နေ့တနေ့မှာ ရှင် ကျမအိမ်ကို ပထမဦးဆုံး ရောက်လာခဲ့တာကိုပေါ့။

မြန်မာပြည်ရဲ့အစွန်အဖျားက မြို့လေးတမြို့မှာသွားပြီး တာ၀န်ထမ်းဆောင်နေတဲ့ ကျမမောင်လေးနဲ့အတူ ရှင် ပါလာခဲ့တာလေ။အဲဒီတုန်းကတော့ ရှင့်ကို ကျမ သိပ်ပြီးစိတ်၀င်တစား မရှိခဲ့မိတာ အမှန်။ ခင်ပွန်းသည် ဆုံးပြီးကာစ၊ မုဆိုးမ ပူပူနွေးနွေးဘ၀မှာ သူ့ကို လွမ်းတာ ဆွေးတာ တမ်းတတာကလွဲပြီး ဘာကိုမှ ကျမ ဂရုမထားနိုင်တဲ့ ကာလပေါ့။

ဒါပေမယ့် ကျမ ဘယ်လောက်ကြာကြာ စိတ်လေနေနိုင်မှာလဲနော်။

နောက်ပြန်လှည့်မကြည့်စတမ်း၊ ထာဝရခွဲသွားတဲ့သူတယောက်အတွက် ကျမ အချိန်ပြည့်၊ နာရီပြည့်၊ စက္ကန့်မလပ် ကာလဘယ်လောက်ကြာကြာ ပူဆွေးနေနိုင်ပါတော့မလဲ။

‘စား-ဝတ်-နေရေး’ ဆိုတဲ့ အက္ခရာလေးလုံးက ကျမကို လာလာ ခြောက်လှန့်နေကြပြီလေ။ အဲဒီဘက်ကို ကျမ အာရုံမြားဦးလှည့်မိတဲ့အချိန်မှာ ရှင့်ကို ကျမ မျက်စိကျမိတော့တာပေါ့။

သိပ်ပြီးဆင်းရဲကြပ်တည်းလာတဲ့ မုဆိုးမတယောက်ရဲ့ ရွေးချယ်မှုဟာ မှားတယ်လို့ ရှင်ထင်သလား။ တရားသဖြင့် ရွေးချယ်ခြင်း မဟုတ်ဘူးလို့ရော ရှင် ပြောနိုင်သလား။

ရှင်နဲ့ကျမ တွေ့စမှာတော့ ခပ်ရှိန်းရှိန်း ခပ်စိမ်းစိမ်းပေါ့။ တဦးအလိုက် တဦးမှ၊ တဦးအကြိုက်တဦးမှ မသိတတ်သေးတဲ့ဟာကိုး။ ကြာတော့လည်း တဖြည်းဖြည်း အကျွမ်းတ၀င်နဲ့ ရင်းနှီးမှုအတိုင်းအတာ ပိုမိုခိုင်မာလာ ခဲ့ကြတာ နောက်ဆုံးတော့ အမြဲတမ်း တပူးတွဲတွဲနဲ့ မခွဲနိုင် မခွာရက်ပါပဲ။

သူတို့အဖေ ဆုံးပြီးကာစ သမီးကြီးက ၆ နှစ်၊ သမီးငယ်က ၄ နှစ်အရွယ် ယောင်လည်လည် အခြေမဲ့ အနေမဲ့ဘဝ မှာ ရှင်နဲ့ကျမ တွေ့ခဲ့ကြတာ မေ့စရာမှ မဟုတ်တာပဲ။

ဒါတောင် ရှင်နဲ့မရင်းနှီးသေးတဲ့ကာလမှာ သမီးကြီးကျောင်းအပ်ဖို့ ကျမရဲ့ တက်ထရွန် ရောင်စုံထမီလေးတွေ အထပ်လိုက် စျေးပေါပေါနဲ့ အဟောင်းဆိုင်ပို့ခဲ့ရတာ၊ သမီးငယ်လေး ကျန်းမာရေးကြောင့် နားထဲက နားကပ်သေး သေးလေးရောင်းပြီး ဆေးရုံပြေးခဲ့ရတာတွေ ရှင် မသိလိုက်ဘူးမဟုတ်လား။

တကယ်တော့ ရှင်နဲ့ကျမတွေ့မှ ကျမတို့သားအမိတွေ လူတန်းစေ့ခဲ့ရတာပါ။ ရှင်နဲ့ကျမ ဘ၀ခရီးဖော် ဖြစ်ခဲ့ရခြင်း ကိုက ကျမ သမီးလေး ၂ ယောက်ကို လူလားမြောက်စေခဲ့တာ မဟုတ်လား။

ရှင့်ကြောင့် ကျမ နေပူမိုးရွာမရှောင် စျေးဗန်းခေါင်းရွက်ရတော့မယ့်ဘ၀ကနေ လွတ်မြောက်ပြီး အရိပ်အာဝါသ အောက်မှာ တည်တည်တန့်တန့် နေနိုင်ခဲ့တာ မဟုတ်လား။ အဲဒီ ရှင့်ရဲ့ကျေးဇူးတရားတွေကို ကျမ တသက် မေ့ရက်ပါ့မလားရှင်။

ကုန်ဆုံးလွန်မြောက်ခဲ့ကြတဲ့ အချိန်ကာလတွေတုန်းက ရှင်ရော ကျမပါ ကျန်းမာသန်စွမ်းကြပြီး တက်ညီလက်ညီ ရှိခဲ့ကြတာ။ နည်းနည်းလေးမှ ပင်ပန်းတဲ့ အရိပ်အယောင်မပြဘဲ ပျော်ရွှင်တက်ကြွနေခဲ့ကြတာ။

ရှင်နဲ့ကျမ အကျိုးတူစီးပွားဖြစ်လာတဲ့ ငွေစကြေးစကလေးတွေနဲ့ သမီးတို့ကို ကျောင်းပို့ခဲ့တာ၊ ပြင်ခဲ့ ဆင်ခဲ့၊ ကျွေးခဲ့ မွေးခဲ့ကြတာလေးတွေကို ကျမ အမြဲအမှတ်ရနေမှာပါ… ။

ခုကျတော့ … အရင်က ပင်ပန်းခဲ့တဲ့ ဒဏ်ချက်တွေနဲ့ ရှင်ကလည်း မကျန်းမာ၊ ကျမကလည်း ချူချာ … နာတာရှည် နှစ်ဦးရဲ့ကမ္ဘာမှာ ၀မ်းနည်းကြေကွဲစရာတွေ ပေါ်လာပါပကော။

ရှင်နဲ့ကျမ တကုတ်ကုတ်နဲ့ လှုပ်ရှားရုန်းကန်ပြီးမှ လူလားမြောက်ခဲ့ကြတဲ့ သမီးတွေက လူတလုံး သူတလုံးဖြစ်ပြီး ရှာဖွေလာနိုင်ကြတော့ ရှင့်ကို မကြည်ဖြူကြတော့ဘူးတဲ့ ရှင်ရယ် … ။

သမီးကြီးကပြောတယ်၊ ရှင်နဲ့ကျမကို တပူးတွဲတွဲ မမြင်ပါရစေနဲ့တော့ တဲ့။ သမီးငယ်က မေ့မေ့တာ၀န်ကို သမီးယူ နိုင်ပါတယ်။ ဒါကြီးကိုတော့ သံယောဇဉ် ဖြတ်လိုက်ပါတော့တဲ့လေ၊ ပြောရက်လိုက်ကြတာ … ။

သိပါတယ်၊ ရှင်ကတော့ နေရာတကာ ကျမသဘောချည်းပါပဲ။ ကျမ စိတ်ချမ်းသာဖို့ အဓိက၊ ကျမ ပြုသမျှ နုမယ့် သူဆိုတာ သိပြီးသားပါ။ ရှင် ဘယ်တုန်းကမှ၊ နောင်လည်း ဘယ်တော့မှ ကျမရဲ့ အလိုဆန္ဒကို ဆန့်ကျင် ငြင်းဆိုမှာမဟုတ်ဘူးဆိုတာ ကျမ တသက်လုံး လက်ခံထားတဲ့ အမှန်တရားပဲ။

ဒါပေမယ့် သံယောဇဉ်ဆိုတာ လွယ်လွယ်နဲ့ ဖြတ်နိုင်ရိုးလားရှင်ရယ်။ ပြီးတော့ ရှင်ဟာ ကျမရဲ့ ကျေးဇူးရှင်ပါ။ နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ ကျမရဲ့နှလုံးသားကို ရှင် နားလည်ပြီးသားနေမှာပါ။

ကျေးဇူးတရားဆိုတာ မတင်တတ်ရင်သာ နေရမယ်၊ မဆပ်နိုင်ရင်သာ ရှိရမယ်၊ ကန်းသွားဖို့ဆိုတာကတော့ ဘယ်တော့မှ ကျမရဲ့အသိတရားက လက်ခံမှာမဟုတ်ဘူး။ ရှင့်ကို ကျမဘ၀အတွက် အသုံးချခံသက်သက်ကြီး ဘယ်တော့မှမဖြစ်စေရဘူး။

အဲ့ဒီနေရာမှာ သမီးတို့နဲ့ ကျမရဲ့သဘောထားဟာ ကွဲလွဲစပြုလာတာပဲ။

သူတို့က ကျမကို အလွန်ချစ်ကြတယ်။ ကြောက်လည်း ကြောက်ကြတယ်။ ဒါပေမယ့် ရှင့်ကိစ္စနဲ့ပတ်သက်လာရင် ခွန်းတုံ့ပြန်ချင်ကြတယ်။ ကန့်ကွက်ချင်တယ်။ အကြမ်းဖက်ချင်တယ်။ ဒါပေမယ့် သူတို့ဆန္ဒ မပြည့်နိုင်ဘူး။ ဘယ်တော့မှလည်း ပြည့်မှာမဟုတ်ပါဘူး။

ဘာလို့လည်းဆိုတော့ တသက်လုံး ကျမရဲ့အရိပ်အာဝါသအောက်မှာ ကြီးပြင်းခဲ့တဲ့ မျိုးဆက်တွေပဲ။ ကျမရဲ့ ရပ်တည်မှုကို ပြုပြင်ချင်ရင် သူတို့တောင်းပန်လို့ပဲရမယ်။

မေတ္တာရပ်ခံ၊ အသနားခံလို့ရမယ်။ သူတို့ ကျမကို ဘယ်တော့မှ အကြမ်းဖက်လို့ မရစေရဘူး။

အဲဒီ လိပ်ခဲတည်းလည်း ဝေဒနာတွေ ရင်မှာပိုက်ပြီး သိပ်မကြာတဲ့ကာလမှာ ကျမ အိပ်ရာထဲလဲပါပကော။

သမီး ၂ ယောက်ဟာ ကျမကို ဘယ်တယောက် ညာတယောက် ညှပ်ပြီး အခါမလပ် ပြုစုကြတာ ကြားလေတောင် မတိုးသာအောင်ပါပဲ။

ဒီကြားထဲ ကျမ ဝေဒနာက မသက်သာလို့ နောက်ဆုံး ဆရာဝန်က ဆေးရုံတက်ပါဆိုတာနဲ့ အတွင်းလူနာဘဝကို ရောက်ပြန်ရော။

ကျမလေ ဆေးရုံပေါ်ကနေ ရှင့်ကို သတိရနေတယ်။ ပြီးတော့ ရှင့်ရဲ့ကျန်းမာရေး။ လက်တွဲဖော် ကျမတောင် ဝေဒနာတွေ ဒီလောက်ဖောက်ပြန်နေတာ ရှင်ဆိုရင် ပိုများဆိုးလေမလား။ ပိုဆိုးလည်း ရှင့်ကို သူတို့ပစ်ထားကြမှာ ပါ။ နောက်တခု ကျမတွေးပူတာက ရှင် အိမ်မှာမှ ရှိသေးရဲ့လား။

ကျမ သူတို့ကိုလည်း ရှင့်အကြောင်း မေးမကြည့်ချင်ဘူး။ မေးရင်လည်း သူတို့ အမှန်ကိုပြောကြမှာမှ မဟုတ်တာ။ ဒီတော့ ကျမ မြန်မြန်နေကောင်း၊ အိမ်ကို မြန်မြန်ပြန်ရောက်၊ ဒီတော့မှ ရှင်နဲ့ မြန်မြန်ပြန်တွေ့ရမှာပေါ့။ ရှင်ရော ကျမကို မျှော်မနေဘူးလား။

ကျမ ဒီနေ့ဆေးရုံက ဆင်းရတော့မယ်တဲ့။ ဝမ်းသာလိုက်တာရှင်။ မနက်က ဂျူတီလှည့်ဆရာဝန်ကြီးက ကျမကို ဆင်းခွင့်ပေးလိုက်ပြီ။ သမီးတွေ ဆေးရုံပေါ်မှာရှိတဲ့ ပစ္စည်းပစ္စယတွေသိမ်းပြီး အငှားကားနဲ့ ကျမကို အိမ်ပြန်ခေါ် လာကြတယ်။

အပြန်လမ်းတလျှောက်လုံး ကားပေါ်မှာ အိမ်ကို သူတို့ ဘယ်လိုမွန်းမံထားကြောင်း၊ ကျမအတွက် သီးသန့်အိပ်ခန်းလေးရဲ့နံရံကို ကျမ နှစ်သက်တဲ့ ဘယ်အရောင် သုတ်ထားကြောင်း၊ မွေ့ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို ကျမ တဖွဖွပြောခဲ့ဖူးတဲ့ ကျမ စိတ်ကူးယဉ်ခဲ့ဖူးတဲ့ ဘယ်အဆင် ဘယ်အရောင်တွေ ရှာဖွေပြီး အသစ်ပြင်ဆင် ခင်းကျင်း ထားကြောင်း ခန်းဆီးပိတ်စတွေက ဘယ်လိုလှကြောင်း တယောက် တလှည့် ရေပက်မဝင်အောင် ပြောနေကြတယ်။

သူတို့ဟာ ကျမကို ကျောင်းစနေခါနီး ကလေးတယောက်ကို ချော့သလို နိဒါန်းပျိုးနေတာ ကျမ သိပ်သိတာပေါ့။ သူတို့ပြောတဲ့စကားတွေ တလုံးမှ မှတ်မှတ်သားသား ကျမ နားထဲမဝင်ဘူး။ ကျမ ဘာကိုတွေးတောပူပန်နေမယ် ဆိုတာ ရှင်သိတယ်မဟုတ်လား။

ကျမ ထင်တဲ့အတိုင်းပဲ …

အိမ်ပေါ်ကို လှမ်းတက်လိုက်တယ်ဆိုရင်ပဲ ကျမ အကြည့်က ရှင်ရှိနေကျ နေရာကလေးဆီကို ရောက်သွားတယ်။ ကွက်လပ်ဖြစ်နေတဲ့ ကြမ်းပြင်ပြောင်ချောဟာ ကျမ ရင်ကို ဟာကနဲ ဖြစ်သွားစေတယ်။

ကျမ ဧည့်ခန်းအလယ်မှာ ဗြုန်းကနဲ ရပ်ပစ်လိုက်တယ်။ ကျမ သမီးတွေအပေါ် သည်းခံနိုင်တဲ့စွမ်းအားတွေ ကုန်ဆုံးသွားပြီ ထင်ပါရဲ့။

ကျမ ရပ်လိုက်တဲ့အရှိန်နဲ့ ဘေးတဖက်တချက်က ကျမကို တွဲထားကြတဲ့ သူတို့တွေပါ တန့်ကနဲ ဖြစ်ကုန်တယ်။ ကျမကိုငေးကြည့်ကြတဲ့ သူတို့မျက်လုံးတွေဟာ အချင်းချင်းလည်း စကားပြောနေကြတယ်။

အဲဒီအချိန်မှာ ကျမရဲ့မျက်လုံးတွေဟာလည်း လူမမာတယောက်နဲ့ ဆန့်ကျင်စွာပဲ အေးစက်တောက်ပြောင်ပြီး အရောင်တလက်လက် ထွက်နေမလားမသိဘူး။

သူတို့ငယ်ငယ်တုန်းက ကျမမျက်လုံးတွေ အဲဒီအရောင်ထွက်လာရင် သူတို့တွေ အလိုလိုတုန်ယင်လာပြီး ကြောက်ကြောက်လန့်လန့်နဲ့ ကြက်သီးမွေးညင်းတွေ ထခဲ့ကြဖူးတာ သူတို့သတိရမှာပေါ့။

“ညည်း … … ညည်းတို့”

ကျမ ဒေါသနဲ့ တစုံတရာပြောမယ်အလုပ်မှာ သမီးကြီးက ကျမလက်မောင်းကို မရဲတရဲ ဆုပ်ကိုင်ပြီး … …

“မေမေရယ်၊ သမီးတို့ကို ရိုက်ချင်လဲ ရိုက်ပါ၊ မေမေ့စက်ကြီးကို ရောင်းပစ်လိုက်တာ မဟုတ်ပါဘူး၊ မေမေ သံယောဇဉ်ကြီးမှန်းသိလို့ မေမေ့အခန်းထဲရွှေ့ပြီး သိမ်းထားလိုက်တာပါ။ အိမ်ရှေ့မှာထားရင် အထည်လာအပ်နေ ကြလို့ပါ၊ မေမေ စက်မချုပ်တော့ဘူး၊ အပ်ထည်လုံးဝလက်မခံတော့ဘူး၊ မေမေ့ကျန်းမာရေးကြောင့် ချုပ်လို့လည်း မရတော့ဘူးလို့ သမီးတို့ ရပ်ကွက်ထဲမှာ ကြေညာထားလိုက်ပြီ”

ကျမတွေးနေမိတုန်းမှာပဲ သမီးငယ်က ကျမရဲ့ညာဘက်လက်ကလေးကို ဆွဲပြီး …

“ကြည့်စမ်းပါဦးမေမေရယ် သမီးတို့ငယ်ငယ်လေးတည်းက မေမေ ကတ်ကြေးတလက်၊ စက်တလုံးနဲ့ ညှပ်လိုက်ရ၊ ချုပ်လိုက်တဲ့ အင်္ကျီတွေ၊ ကတ်ကြေးစားပြီး လက်ဆစ်ကလေးတွေတောင် အညိုအမဲစွဲလို့ အသားမာ တက်နေပြီ၊ သမီးတို့ကိုသနားရင် နားပါတော့နော်၊ သမီးတို့ကို ကုသိုလ်ရစေချင်တယ်မဟုတ်လားဟင်” တဲ့။

ကျမ သူတို့တတွေကို ဘာမှပြန်ပြေဖို့ ခွန်အားမရှိတော့ဘူး။

အခန်းထဲက ကုတင်ဆီကို အားယူခြေလှမ်းပြီး နွမ်းခွေစွာ လဲလျောင်းလိုက်တယ်။

ဟုတ်တယ်၊ ကျမ နားရတော့မယ်။ ရှင့်ကိုလည်း ကျမ အနားပေးချင်နေပါပြီ။ ရှင်လည်း ကျမတို့ကို ပင်ပန်းကြီးစွာ ရှာဖွေကျွေးခဲ့ပြီးပြီပဲ။ ဒါကြောင့် ရှင်လည်း ချူချာနေပြီမဟုတ်လား။

ရှင် နားဖို့အချိန်တန်ပြီ။

နားလိုက်တော့နော်၊ ပြီးတော့ ကျမရဲ့မျက်စိအောက်မှာပေါ့။

_______****_____

#အဖော်
#သန်းမြင့်အောင်
#လုံမလေးမဂ္ဂဇင်း_အမှတ်_၁၂_အတွဲ_၁၀_၁၉၉၄_ခုနှစ်_ဒီဇင်ဘာလ
#အညတြဘိက္ခုပေ့ခ်ျမှကူးယူဖော်ပြပါသည်။