မေတ္တာစစ်

Posted on

မေတ္တာစစ်(စ/ဆုံး)

————-

ကျွန်မအနေနဲ့ တခုခုတော့ ဆုံးဖြတ်ချက် ချရပေလိမ့်မည်၊ ဒီလိုဆုံးဖြတ်ရန် အလွန်ခက်ခဲသော ကိစ္စကို ခုလိုကြုံတွေ့လာရလိမ့်မည်ဟု ဘယ်တုံးကမှ မျှော်လင့်မထားမိခဲ့ပေ၊ အချစ်ရေးကိစ္စတွေဟာ နူးညံ့သိမ်မွေ့နေတတ်သလို ကြမ်းတမ်းပြီး မာယာတွေကလည်း များလှပါဘိ၊ ကျွန်မရဲ့ ဆုံးဖြတ်ချက်သည် ကျွန်မဘဝ​၏ ကောင်းကျိုး ဆိုးကျိုးတွေ ဖြစ်နေသောကြောင့် အထပ်ထပ် အခါခါ စဉ်းစားဆင်ခြင်နိုင်မှ တော်ကာကြပေမည်။

တကယ်တော့ သူတို့နှစ်ယောက်လုံးသည် ကျွန်မရဲ့ ငယ်သူငယ်ချင်းများ ဖြစ်ကြသည်၊ တမြို့ထဲသားများ ဖြစ်ကြပြီး နေထိုင်သောရပ်ကွက်တွေ မတူကြသော်လည်း မူလတန်းဘဝမှ တက္ကသိုလ်ရောက်ကာ ဘွဲ့ရသည်အထိ အတူတူပင်ဖြစ်သည်။

တက္ကသိုလ်နောက်ဆုံးနှစ်​၏ နေ့လည်ပိုင်း စာမေးပွဲဖြေဆိုပြီးချိန်ဖြစ်သည်၊ အဲဒီနေ့ရက် အချိန်တွေကို ဘယ်သောအခါမှ ကျွန်မ မေ့ပျောက်၍ ရနိုင်မည်မဟုတ်ပေ၊ အဘယ့်ကြောင့်ဆိုသော် ကျွန်မအချစ်ဆုံး ငယ်သူငယ်ချင်း နှစ်ယောက်ရဲ့ ချစ်ခွင့်ပန်ခြင်းကို ခံခဲ့ရတဲ့ နေ့တနေ့ ဖြစ်သောကြောင့်ပင်၊ ကျွန်မရဲ့ ဝမ်းသာသော အံ့ဩသော တုံလှုပ်မိသော နေ့ဆိုရင်လည်း မှားမည်မထင်။

သူ့နာမည်က မျိုးမြင့်ခေါင်၊ ကျွန်မကတော့သူ့ကို ရင်းနှီးစွာဖြင့် ကိုမျိုးဟုခေါ်သည်၊ နောက်တယောက်နာမည်ကတော့ ကိုခင်မောင်ဝင်း၊ သူ့ကိုလည်း ကိုဝင်းဟု ကျွန်မကခေါ်သည်၊ နှစ်ယောက်စလုံးသည် ကျွန်မအား အစစအရာရာ ဂရုစိုက်ကြသည်၊ မိဘများသည်လည်း ရင်းနှီးနေသော မိတ်ဆွေများဖြစ်ကြသောကြောင့် ကျွန်မတို့သုံးယောက် တတွဲတွဲရှိနေသည်များကို အပြစ်မမြင်ဘဲ ချစ်ခင်မြဲ ရှိကြ​၏။

အမှန်ပြောရရင် ကျွန်မအနေနဲ သူတို့နှစ်ယောက်လုံးကို သူငယ်ချင်းသံယောဇဉ်ထက် ပိုမိသည်၊ နှစ်ယောက်လုံးကို သဘောကျ နှစ်သက်မိသည်၊ သူတို့နှစ်ဦးထဲမှ တဦးတယောက်က ချစ်ခွင့်ပန်လာပါက ကျွန်မအနေနဲ့ လက်သင့်ခံရန် အဆင်သင့် ရှိနေခဲ့သည်၊ တကယ်တန်း ချစ်ခွင့်ပန်လာသောအခါ နှစ်ယောက်လုံးဖြစ်နေသောကြောင့် ဆုံးဖြတ်ရခက်နေရပါသည်။

ဒီကိစ္စကို စဉ်းစားကြည့်မိလေတိုင်း ကျွန်မရင်ထဲတွင် မွန်းကြပ်လာရသည်၊ ဒါကြောင့်ပင် အမေအား ဖွင့်ဟ၍ တိုင်ပင်မိသည်၊ ပထမ ကျွန်မပြောနေသော စကားများကို နားထောင်ရင်း အမေကပြုံးသည်၊ အဲဒီနောက် လေးလေးနက်နက် နားထောင်ကာ အကြံဉာဏ်များကို ပေးလေသည်၊ ကျွန်မလည်း ကိုမျိုးနှင့်ကိုဝင်းတို့ကို နောက်တပတ် တနင်္ဂနွေနေ့ မနက် ၁၀ နာရီအရောက် ကျွန်မအိမ်သို့ ကိစ္စရှိလို့ လာရောက်ရန် ချိန်းဆိုလိုက်ပါသည်။

ကျွန်မချိန်းဆိုခဲ့သော နေ့ရက်သို့ ရောက်ရှိလာခဲ့သည်၊ ကျွန်မရင်ထဲတွင် အမည်မသိသောခံစားချက်တမျိုးကို ခံစားနေရသည်၊ သူတို့နှစ်ယောက် ရောက်ရှိလာမည့်အချိန် နီးကပ်လာလေလေ ကျွန်မရဲ့ ရင်တွေ ခုံလေလေပင်၊ အဲဒါကိုပင် အချစ်လို့ ခေါ်လေမလားမသိချေ။

အမေရဲ့ ဆီးကြိုနုတ်ဆက်တဲ့ အသံကိုကြားလိုက်ရသည်၊ သူတို့နှစ်ဦး ရောက်ရှိလာခဲ့ပေပြီ၊ အဖေက အလိုက်သိစွာပင် အပြင်သွားစရာရှိသည်ဟုဆိုကာ ရှောင်ထွက်သွားသည်၊ ကျွန်မကတော့ အိမ်ခန်းထဲမှ သူတို့ပြောဆိုကြမည့် စကားများကို ရင်ခုံစွာ နားစွင့်လျှက်ရှိသည်။

“လာ..သားတို့ ဒီမှာလာထိုင်” ဟုအမေကပြောကာ ဧည့်ခန်းမှာ ထိုင်ခိုင်းသည်။

“နွယ်ကမှာထားလို့ပါအန်တီ” ကိုမျိုးကပြောသည်။

“အေးကွယ်.. သားတို့သူငယ်ချင်း သိပ်နေမကောင်းလို့..သားတို့ကိုထွက်တွေ့နိုင်မယ်မထင်ဘူး”

အမေကသာယာမှု့မရှိသော မျက်နှာထားဖြင့်ပြောသည်။

“ဘာဖြစ်လို့လည်းအန်တီ…ဖျားတာလား”

“မဟုတ်ဘူးကွဲ့…အန်တီ ပွင့်ပွင့်လင်းလင်းဘဲ ပြောပါရစေ..သားတို့နှစ်ယောက်က သမီးကိုချစ်ခွင့်ပန်ထားကြောင်း သမီးပြောပြလို့ သိထားပါတယ်..သမီးက သားတို့နှစ်ယောက်လုံးကို သံယောဇဉ်ကြီးရှာပါတယ်ကွယ်”

အမေက စကားခနရပ်လိုက်ပြီး ကိုမျိုးနဲ့ကိုဝင်းအား အကဲခတ်လိုက်ကာ ဆက်ပြောသည်။

“သမီးမှာ သားတို့ကို ပြောပြရခက်ခဲတဲ့ ကိစ္စတခု ရှိခဲ့တယ်..ပြီးခဲ့တဲ့ နှစ်လလောက်က နယ်မှာရှိတဲ့ အဖိုးအဖွားတွေဆီ သမီးသွားလည်ခဲ့တယ်..အဲဒီမှာ လူတယောက်ရဲ့ အတင်းအဓမ္မ ပြုကျင့်ခြင်းကို သမီးလေးခံလိုက်ရတယ်..နားနဲ့မနာ ဖဝါးနဲ့နာပါသားတို့ရယ်..မိန်းကလေးသဘာဝ ဓမ္မတာမလာလို့ ဆရာဝန်ပြကြည့်လိုက်တော့ အဲဒီလူယုတ်မာရဲ့ ကိုယ်ဝန်ကို သမီးလေး လွယ်ထားရတယ်တဲ့ကွယ်..အဲဒါ…သားတို့နှစ်ယောက်ထဲက တယောက်ယောက် သမီးရဲ့အရှက်ကို ကာကွယ်ပေးဖို့ အမေတယောက်အနေနဲ့ မေတ္တာရပ်ခံပါတယ်”

ကိုမျိုးနှင့်ကိုဝင်းတို့ရဲ့ မျက်နှာများသည် အံ့ဩခြင်း ထိတ်လန့်ခြင်းဖြစ်ကာ အမူအရာ ပျက်သွားသည်၊ ကိုဝင်းကစပြီး ပြောလိုက်သည်။

“စိတ်မကောင်းပါဘူးအန်တီ…ကျွန်တော် နွဲ့ကိုချစ်နေတယ်ဆိုတာ မှန်ပါတယ်..ဒါက အရင်က သန့်ရှင်းနေတဲ့ နွဲ့ကိုချစ်တာပါ..ခုလို မသန့်ရှင်းရင်တော့..ကျွန်တော်လည်း ဘာမှမတတ်နိုင်ပါဘူး..ရှင်းရှင်းပြောရရင် သူတပါးရဲ့ လှည်းကျိုးကို ထမ်းတဲ့ နွားမဟုတ်ပါဘူးအန်တီ…ရိုင်းသွားရင်ခွင်လွှတ်ပါ”

ထိုအခါ ကိုမျိုးက ကိုဝင်းကိုကြည့်ကာပြောလိုက်သည်။

“မင်း..ဘယ်လိုပြောလိုက်တာလဲ…နွယ်ဟာ ငါတို့ရဲ့ အချစ်ဆုံး သူငယ်ချင်းလေကွာ..နောက်ပြီး ငါတို့ချစ်ခွင့်ပန်ထားတဲ့ချစ်သူ..
ဒီမယ်ကိုဝင်း..နွယ်ဘယ်လိုဘဝမှာရောက်ရောက် ငါကတော့…သူငယ်ချင်းကောင်း တယောက်အနေနဲ့ရော..ချစ်သူတယောက်အနေနဲ့ပါ .. နွယ်ရဲ့အရှက်ကို ကာကွယ်ပေးရမှာဘဲ”

အဲဒီနောက် ကိုမျိုးသည် ကျွန်မ​၏အမေဘက်သို့လှည့်ကာ လက်အုပ်ချီ၍ ပြောလိုက်သည်။

“ခွင့်ပြုပါအန်တီ…နွယ်ကို ကျွန်တော်လက်ထပ်ပါရစေ”

ကျွန်မသည် အိပ်ခန်းထဲမှ ရုတ်တရက်ထွက်လာကာ ဝမ်းသာ ဝမ်းနည်းနေသော မျက်နှာဖြင့် ဧည့်ခန်းဆီသို့ ဝင်ရောက်လာခဲ့သည်။

“ကျွန်မ အကုန်ကြားပြီးပါပြီ…တကယ်တော့ ကျွန်မကို ဘယ်သူကမှ အဓမ္မ မပြုခဲ့ပါဘူး..ရှင်တို့နှစ်ယောက်ကို ကျွန်မရဲ့ လက်တွဲဖေါ်အဖြစ် ရွေးချယ်ရခက်လွန်းလို့သာ..အမေနဲ့တိုင်ပင်ပြီး ဒီလိုလုပ်မိတာပါ..ကိုဝင်းက ကျွန်မကို ချစ်တော့ချစ်တယ်…ဒါပေမဲ့ အတ္တနဲ့ချစ်တာပါ…

“ကိုမျိုးကတော့ ကျွန်မအပေါ်မှာ ခွင့်လွှတ်ခြင်း အနစ်နာခံခြင်း ဆိုတဲ့ ​မေတ္တာတရားနဲ့ချစ်တာပါ…ဒါကြောင့် ကိုမျိုးကို ကျွန်မရဲ့ ဘဝကြင်​ဖေါ်အဖြစ် ရွေးချယ်လိုက်ပါတယ်”

ကျွန်မသည် သဘောထားကြီးမြတ်သော ကိုမျိုးရဲ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး ပြုံးပန်းဝေနေမိပါတော့သည်။

(ကိုယ့်ချစ်သူအပေါ်မှာ နားလည်ခြင်း ခွင့်လွှတ်ခြင်း အနစ်နာခံခြင်း ဆိုတဲ့ မေတ္တာတရားတွေ ပေးဝေနိုင်ကြပါစေ)

သင်းချို
၂၀ /၀၆/ ၂၀၂၂