မမမြ(စ/ဆုံး)
———–
“ကိုကြီး အဲဒါသေချာပြောနော် .. မမကလျာကလည်းပြန်မလာသေးဘူး .. တကယ်ပဲ မမမြတစ်ယောက်ကိုတော့မပြောတော့ပါဘူး ..”
ညနေကားဂိတ်ကိုလိုက်ပို့စဉ်က ညီမထွေးရူပါပြောသောစကားကို ကျွန်တော်ပြန်တွေးနေမိသည်။ ကြီးဒေါ်ကြီးဆုံးပါးပြီး ရက်လည်ပြီးသည်နောက် ရူပါကရန်ကုန်သို့ပြန်ကာနီးပြောခဲ့ခြင်းဖြစ်သည်။
တကယ်တော့မမမြသည် ကျွန်တော်တို့မောင်နှမသုံးယောက်ကိုငယ်စဉ်ကတည်းကထိန်းခဲ့သူဖြစ်ပြီး အမေ့ဖက်မှဆွေမျိုးတော်စပ်သူဖြစ်သည်။ မမမြက ကျွန်တော့်ထက်အသက်ငါးနှစ်ခန့် ပိုကြီးသော်လည်း ကျွန်တော်ကြီးပြင်းလာသောအခါ လူကောင်ထွားသောကျွန်တော်က မမမြထက်အကြီးလိုဖြစ်လာသည်။ မမမြကိုယ်တိုင်ကလည်း ဘွဲ့ရပညာတတ်ဖြစ်သောကျွန်တော့်ကိုအထင်ကြီးအားကိုးကာ သူ့ထက်အကြီးတစ်ယောက်သဖွယ်ဆက်ဆံပါသည်။
ကျွန်တော်တို့တွင် ကျွန်တော်၊ ရူပါနှင့် ကလျာမောင်နှမသုံးယောက်ရှိပြီး အမေကကျွန်တော်တို့ငယ်စဉ်ကပင်ဆုံးပါးသွားခဲ့သောကြောင့် အမေ့အစ်မတော်စပ်သူကြီးတော်ကြီးနှင့်ကြီးပြင်းခဲ့ကြရသည်။ အဖေကသစ်ဝါးကုန်သည်ဖြစ်ကာ ကျွန်တော်တို့နှင့်အတူမရှိသည်ကများသည်။ မိဘမဲ့မမမြကိုလည်း ကြီးတော်ကြီးကပင်ခေါ်ယူမွေးစားခဲ့ကာ ကျွန်တော်တို့အိမ်တွင်ပင်နေစေသည်။ မမမြ ကျွန်တော်တို့ဆီသို့ရောက်လာစဉ်က မမမြကဆယ်နှစ်၊ ကျွန်တော်ကငါးနှစ်အရွယ်ဖြစ်သည်။ ကလျာကသုံးနှစ်အရွယ်၊ ရူပါကလေးက လသားအရွယ်၊ အမေသည်ရူပါကိုမွေးပြီးတစ်လအကြာတွင်ဆုံးပါးသွားခဲ့သည်။ သို့နှင့် မမမြမှာ ကျွန်တော်တို့မောင်နှမသုံးယောက်ကို ကြီးတော်နှင့်အတူထိန်းကျောင်းရပါသည်။
မမမြသည် သေစာရှင်စာကလေးတော့ရေးတတ်ဖတ်တတ်လျှက် အဖေကဘေးအိမ်မှဆရာမနှင့်စာသင်စေသော်လည်း သေစာရှင်စာအဆင့်ကမတက်ပဲ နောက်ပိုင်းစာသင်ရမည်ဆိုလျှင် အလွန်ပင်စိတ်ဆင်းရဲကာမျက်ရည်လည်ရွဲလုပ်နေတတ်၍ ကြီးတော်ကစာမသင်စေတော့။ ထို့အပြင်အိမ်တွင်လည်းကလေးတစ်ပုံ မီးဖိုချောင်တစ်ဖက်နှင့်မို့ အိမ်အလုပ်များကိုသာကူလုပ်စေလျှင် မမမတစ်ယောက်အလွန်သဘောကျလေသတဲ့။ မမမြမှာ စာမဖတ်ရလျှင်ပြီးရော၊ ကျန်တာကတော့ဘာခိုင်းခိုင်း စိတ်ပါလက်ပါ လုပ်သည်ချည်းဖြစ်သည်။ အထူးသဖြင့် ချက်ရပြုတ်ရလျှင် အလွန်ပင်စိတ်ဝင်စားကာ မီးဖိုချောင်မှမထွက်တမ်း ကြီးတော်ကြီးထံမှ အချက်အပြုတ်ပညာကိုသင်ယူတတ်လေသည်။
ကျွန်တော်တို့မောင်နှမတစ်တွေသည် ကြီးတော်ကြီး၊ မမမြတို့လက်ထဲတွင်ကြီးပြင်းလာရလျှက် မမမြသည်လည်းအရွယ်ရောက်သည့်တိုင် အိမ်ထောင်မပြုပဲ ကြီးတော်ကြီးကဲ့သို့အပျိုကြီးဘဝခံယူကာ ကျွန်တော်တို့ကြီးပြင်းသည်အထိအတူနေထိုင်ခဲ့သည်။ မမမြသည် ကျွန်တော်တို့ အပေါ်တွင်လည်းအနွံအတာခံချစ်ခင်လှသည်။ ကျွန်တော်ကို နာမည်ရင်းမင်းသုတဆိုသည်ကို မခေါ်ပဲ မောင်မောင်ဟုသာခေါ်ဝေါ်တတ်သည်။ ကလျာသည်မမမြကိုငယ်စဉ်ကပင်နိုင်စားလှသည်။ သူ့စိတ်မကျေမနပ်မချင်း ဂျီကျ၍ဆိုးပေသောဒါဏ်ကိုမမမြကအများဆုံးခံရပါသည်။ ရူပါကတော့ ဒိုးဒိုးဒေါက်ဒေါက်နိုင်ကာ စိတ်ဆိုးစိတ်ကောက်လည်း ခဏသာဖြစ်သည်။ ကျွန်တော်ကတော့ ခပ်အေးအေးသမားဖြစ်ကာ မမမြနှင့်အတည့်ဆုံးလည်းဖြစ်ပါသည်။ မမမြကလည်း သူ့အရေးကိစ္စရှိလျှင် မိန်းကလေးချင်းထက် ကျွန်တော်ကိုသာပြောလေ့ရှိသည်။ ကျွန်တော်အိမ်ထောင်ကျပြီး ယောက္ခမအိမ်တက်သမက်ဖြစ်သွားစဉ်က မမမြခမျာမျက်ရည်အဝိုင်းသားကျန်ရစ်လေသည်။ ကျွန်တော်ဇနီးမှာတစ်ဦးတည်းသမီးဖြစ်၍ ကျွန်တော်သည် ဇနီးသည်အိမ်သို့ပါသွားရခြင်းဖြစ်သည်။
ကလျာကတော့အပျိုကြီးဖြစ်မည့် မိန်းကလေးရယ်လေလား။ ပညာရေးဖက်ကိုစိတ်သန်လှကာ အခုအသက်သုံးဆယ် ကျော်သည်အထိရည်းစားသနာပင်မထားသေးပဲ နိုင်ငံရပ်ခြားတွင်ဘွဲ့လွန်ပညာကိုဆက်လက်သင်ယူနေသောကြောင့်ကြီးတော်ကြီး အသုဘကိုပင်ရောက်မလာနိုင်ခဲ့တော့ပေ။ ကလျာသည် ရန်ကုန်တွင်ကျောင်းတက်ရင်းအလုပ်လုပ်ကာဘွဲ့လွန်ဆက်တက်ရင်း၊ တဖန်နိုင်ငံခြားမှဘွဲ့ယူရန်နိုင်ငံရပ်ခြားသို့ထွက်ခွာသွားခြင်းစသည်တို့ဖြင့် အိမ်သို့ ရံဖန်ရံခါမှသာပြန်ရောက်လျှက် အိမ်တွင်မနေသည်မှာဆယ်စုနှစ်နီးပါးရှိခဲ့ပြီထင်သည်။ ရူပါသည်လည်း ရန်ကုန်တွင်ကျောင်းတက်ရင်း ရန်ကုန်တွင်ပင်အိမ်ထောင်ကျကာ ကလေးနှစ်ယောက်မိခင်ပင်ဖြစ်ခဲ့ပြီ။ သူ့အိမ်အလုပ်သူ့ကလေးအလုပ်များဖြင့် လုံးချာလည်ကာ ကိုယ်မွေးရပ်မြေသို့ပင်ပြန်မလာအားတော့ပေ။ ယခုလည်းကြီးတော်ကြီးဆုံးပါးသွားသောကြောင့် တပါတ်ဆယ်ရက်လာနေခြင်းဖြစ်သည်။
အဖေသည် ကြီးတော်ထက်အသက်ငယ်သော်လည်း လေဖြတ်ရောဂါခံစားရသည်မှာ ဆယ်စုနှစ်တိုင်ကာ ကြီးတော်ထက်အရင်ဆုံးပါးသွားခဲ့သည်။ ကြီးတော်သည်လည်း လူကြီးနာတရှောင်ရှောင်ဖြစ်ကာမကွယ်လွန်မီတစ်လခန့်ကလေဖြန်းသလို ဖြစ်ပြီး အိပ်ရာထဲလဲခဲ့သေးသည်။ ယခုကြီးတော်ကြီးဆုံးပါးသွားသောအခါ သည်အိမ်တွင်မမမြတစ်ယောက်တည်းကျန်ရစ်တော့မည်ဖြစ်သည်။ ထို့ကြောင့်မရူပါက ကိုကြီးတို့လာနေရင်နေ၊ လာမနေနိူင်ရင်လည်း အိမ်ကိုရောင်းဖို့စီစဉ်ပြီး မမမြကိုကိုကြီးအိမ် ခေါ်ထားလိုက်ပေါ့၊ ဒါမှမဟုတ်ရင်လည်း ရူပါ့ဆီပို့လိုက်၊ မမကလျာကဟိုကနေတောင်ပြန်လာပါ့မလားမသိဘူးဟု ကြီးတော်ကြီးရက်လည်မတိုင်ခင်ကပြောသည်။
တကယ်တော့သည်အိမ်မှာ ကျွန်တော်လည်းလာမနေနိုင်သည်မို့ သည်အစီအစဉ်ကသာလျှင် အသင်တော်ဆုံးဖြစ်မည် ဟုတွေးကာ မမမြကိုပြောပြခဲ့သည်။ ကျွန်တော်သည် ယောက္ခမလုပ်ငန်းများကိုလည်းဦးစီးနေရသည်မို့ တတ်နိုင်လျှင်မမမြကို ကျွန်တော်နှင့်နေစေချင်သည်။ ကျွန်တော့်ဇနီးနှင်းသည် အင်ဂျင်နီယာတစ်ဦးဖြစ်ပြီးသူ့လုပ်ငန်းကိုခင်တွယ်ကာ အလုပ်မထွက်နိုင်သည်မို့ ကျွန်တော်တို့ကလေးနှစ်ယောက်ကိုကြည်ရန် မမမြလိုလူမျိုးလိုအပ်သည်။ ယခင်က မမမြသည်လည်း အဖေလူမမာ၊ ကြီးတော်လူမမာများကိုပြုစုနေရသောကြောင့်ကျွန်တော်တို့သည် မမြဲသောအိမ်ဖော်များနှင့် ကလေးနှစ်ယောက်ကို ထိန်းကျောင်း နေရသည်မှာအဆင်မပြေလှ။ ရူပါကလည်း မမမြသာသူနှင့်နေမည်ဆိုလျှင် သူ့ကလေးများအတွက်ကော၊ အိမ်အတွက်ပါအဆင်ပြေသည်ဟုဆိုသည်။ သို့သော် မမမြ ဘယ်သူနဲ့နေချင်သလဲ၊ မမမြဆန္ဒကိုမေးမြန်းကြည့်ရန်စဉ်းစားကြသည်။ ရူပါကစိတ်မရှည်တတ်သူပီပီ ကိုကြီးပြောပါ၊ ကိုကြီးကအကြီးဆိုတော့ မမမြလည်းပြောရဆိုရကောင်းတာပေါ့ဟု ကျွန်တော်ကိုတာဝန်လွှဲသည်။
သို့နှင့် ကြီးတော်ကြီးရက်လည်ပြီးတစ်ရက် ကျွန်တော်တို့မပြန်ဖြစ်ခင် မမမြနှင့်ကျွန်တော်စကားပြောဖြစ်ခဲ့သည်။
“အခြေအနေကတော့ အဲဒီလိုဖြစ်နေပြီမမမြ ကြီးတော်ကြီးလည်းမရှိ၊ ကျွန်တော်တို့ကလည်းအဝေးမှာဆိုတော့မမမြတစ် ယောက်တည်းဘယ်လိုနေမလဲ … ဒါပေမယ့် ကျွန်တော်တို့ကဆုံးဖြတ်လို့ မမမြလိုက်နာရတယ်လို့တော့ မဖြစ်စေချင်ဘူး .. ကျွန်တော်တို့ကိုထိန်းကျောင်းလာခဲ့တာဆိုတော့ တကယ်ကမမမြကို ကျွန်တော်တို့အစ်မလိုသဘောထားတာပါပဲ….”
ကျွန်တော်ကစကားကိုထိန်းပြောရင်း ခေတ္တတန့်သည်။ ဘာပဲဖြစ်ဖြစ် သည်အချိန်သည် မမမြအတွက် အမြဲအားကိုးခိုလှုံခဲ့သော အဖေ၊ ကြီးတော်ကြီးတို့မရှိတော့သည်အချိန်။ ထို့အပြင် ကြီးတော်ကြီးလည်းဆုံးပါးပြီးကာစမို့ မမမြအဖို့အားငယ်စိတ်လည်းဝင်နေနိုင်သည်အချိန်။ သည်နေရာဒေသသည် မမမြ၏မွေးရာဇာတိမဟုတ်သော်လည်း ငယ်စဉ်ကပင်နေထိုင်လာသော နေရာဖြစ်သည့်အတွက် သည်အိမ်မှခွဲခွာကာဘယ်ကိုမှမသွားဖူးသည့်မမမြအတွက် သည်နေရာမှအဝေးတစ်နေရာသို့သွားရန် စိုး ရွံ့စိတ်လည်းဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့်ကျွန်တော်သည် မမမြစိတ်အားမငယ်စေရန်အလို့ငှာ စကားကိုအတတ်နိုင်ဆုံး သတိထားပြောဆိုနေမိသည်။
မမမြမှာ ကျွန်တော်စကားကိုနားထောင်နေရင်း ခွန်းတုံ့မပြန်သေးပဲ ခေါင်းကြီးငုံ့ကာသာရှိနှင့်သည်။ ထို့နောက် ကျွန်တော်က စကားကိုဆက်ကာ ကျွန်တော်နှင် ရူပါဆွေးနွေးတိုင်ပင်ထားသောအကြောင်းအရာများကိုပြောပြလိုက်သည်။
လသာသောညဖြစ်၍ ကျွန်တော်တို့ထိုင်နေရာအိမ်ဘေးဝရံတာကလေးတွင် လရောင်ကဝင်းပနေသည်။ ဝရံတာနံဘေးရှိ ငှက်ပျောပင်မှအရွက်ဖားဖားအရိပ်များသည် ဝရံတာကလေးဖက်သို့ထိုးကျလျှက်ရှိသည်။ စံပါယ်ကြက်ရုန်းကလေးများသည် လရောင်အောက်တွင် ဖြိုးဖြိုးဖြောက်ဖြောက်လှပနေလေသည်။ တကယ်တော့ သည်အိမ်ခြံဝိုင်းကို ကျွန်တော်မရောင်းချင်၊ တခြားသူသို့ငှားလျှင်လည်းငှားထားမည်ဟုတွေးနေမိသည်။ မောင်နှမများ၏အခြေအနေအရပ်ရပ်ကြောင့်သည်အိမ်ခြံသို့ဘယ်သူမှပြန်လာရန်မသေချာတော့သော်လည်း သည်မိဘဘိုးဘွားပိုင်မြေကလေးကိုရောင်းချရန်နှမြောနေမိလေသည်။
မမမြသည် ကျွန်တော့်စကားများကိုနားထောင်ရင်း သူကိုယ်တိုင်သုပ်ထားသော လက်ဖက်သုပ်ပန်းကန်ကိုမွှေလိုက်၊ ကြက်သွန်ဖြူတွင်တွင်ခွာလိုက်နှင့် ကျွန်တော့်ကိုစကားတစ်စုံတစ်ရာမပြန်ပဲအလုပ်ရှုပ်နေလေသည်။ မမမြသည် သနပ်ခါးဘဲကြားကို ခါတိုင်းလိုပင်လိမ်းထားကာ စပါယ်ပန်းခွေကလေးကိုသူ့ဆံပင်နောက်တွဲဆံထုံးကလေးတွင်ရစ်ခွေပန်ဆင်ထားသည်။ သည်တစ်ခြံလုံးရှိဇီဇဝါ၊ စပါယ်၊ ကြက်ရုန်း၊ နှင်းဆီပန်းရောင်စုံတစ်မျိုးမဟုတ်တစ်မျိုးသည် မမမြပန်ဆင်စရာတွေချည်းဖြစ်သည်။ ခြံထောင့်မှခရေပင်ကြီးသည် ကျွန်တော်တို့ငယ်စဉ်ကမမမြနှင့်အတူပန်းကောက်ရင်း ခရေစေ့ထွင်ရင်း ဆော့ကစားရာနေရာတစ်ခု ဖြစ်သည်။
“ကဲ .. မမမြ – မမမြဆန္ဒလည်းပြောပါဦး..”
အသံတိတ်လှသောမမမြကို ကျွန်တော်မေးမြန်းလိုက်သည်။ မမမြသည် ရေနွေးကြမ်းတစ်ခွက်ကောက်ငှဲ့ရင်း ကျွန်တော့်ကို စကားမဆိုသေး။ ကျွန်တော်သည် မေးသာမေးရသည်၊ အစီအစဉ်ကစီစဉ်ထားပြီးသားလိုဖြစ်ကာ ကျွန်တော်တို့စီစဉ် သည်ကိုလည်း မမမြအနေဖြင့် စောဒကတက်လိမ့်မည်မဟုတ်ဟုသိနေပြန်သည်။ သူ့အနေနှင့်က ကျွန်တော့်အိမ်လိုက်နေမလား၊ ရူပါနှင့်နေမလား ဒါကိုဆုံးဖြတ်ရန်သာဖြစ်သည်။
“ဒါမှမဟုတ် မမမြအေးအေးစဉ်းစားနှင့်ပေါ့ .. နောက်မှကျွန်တော့်ကိုပြောလေ”
ပြောရခက်နေဟန်မမမြကြောင့် ကျွန်တော်ပြောလျှင် မမမြကမျက်ဝန်းကြီးလှန်ကြည့်လျှက် “ပြောတာတော့ တစ်ခါတည်းပြောရမှာပါမောင်မောင် –” ဟုခပ်တိုးတိုးဆိုသည်။ “ပြန်သွားပြီးရင် မောင်မောင်လည်းအလုပ်အားတော့တာမှမဟုတ်တာ”
မမမြကိုကြည့်ရသည်မှာ တစ်စုံတစ်ရာကိုပြောရန်ခက်လျှက် ကျွန်တော်တို့ အစီအစဉ်များပျက်မှာကိုလည်း အားနာစိုးရိမ် ဟန်တူသည်။ မမမြကိုကြည့်ရင်း ကျွန်တော်သည် ရူပါနှင့်တိုင်ပင်ထားစဉ်ကမပါဝင်သော စကားတစ်ခွန်းကိုပြောလိုက်သည်။
“ဒါမှမဟုတ် မမမြသည်မှာပဲနေချင်သလား .. ဆွေမျိုးတစ်ယောက်ယောက်ကိုခေါ်ပြီးပဲဖြစ်ဖြစ်ပေါ့”
ဒါ မမမြကို အစ်မတစ်ယောက်သဖွယ်သဘောထားကာ အစွမ်းကုန်လိုက်လျောသောကျွန်တော့်သဘောထားဖြစ်သည်။ ရူပါသိလျှင်တော့ သဘောတူလိမ့်မည်မဟုတ်။ ကျွန်တော့်စကားကြောင့် မမမြသည် ခေါင်းကောလက်ပါခါရမ်းလျှက် ..
“အို .. မဟုတ်တာပဲ မောင်မောင် .. မမမြအဲဒီလိုလည်းမနေရဲပါဘူး .. နေလည်းမနေချင်ပါဘူး”
ဟုငြင်းဆိုလေသည်။ ထို့နောက် ကျွန်တော်မျက်နှာကိုမကြည့်ပဲ ခြံထဲသို့သာခပ်ငေးငေးကြည့်လျှက် မမမြသည် စကားကိုဖြည်းဖြည်းညင်သာပြောလာသည်။
“ တကယ်တော့ … မမမြ တကယ်တော့ ..”
ထို့နောက်စကားမဆက်ပဲတန့်နေပြန်လျှင် တကယ်တော့ ဘာဖြစ်လဲမမမြဟု ကျွန်တော်စကားထောက်ရသည်။
“တကယ်တော့ မမမြ မောင်မောင်တို့နဲ့မလိုက်ဖို့ဆုံးဖြတ်ပြီးသား .. ဒီအိမ်ကိုလည်း မောင်မောင်တို့ရောင်းလိုက်ပါ မမမြမထိန်းသိမ်းနိုင်ဘူး .. မောင်မောင်တို့အစီအစဉ်ကောင်းပါတယ်.. ဒီလိုပဲစီစဉ်ရမှာပါ”
“မမမြက ကျွန်တော်တို့နဲ့မလိုက်ရင် ဘယ်သူနဲ့နေမှာမို့လို့လဲ”
မမမြ သူ့ဆွေမျိုးသားချင်းတွေဆီများပြန်နေမလို့လားဟု ကျွန်တော်တွေးကြည်သည်။ မမမြသည် ကျွန်တော်မေးသည် ကိုမဖြေသေးပဲ မျက်လွှာတွင်တွင်ချလျှက်တိတ်ဆိတ်နေပြန်သည်။ တခဏမျှအကြာတွင်မှ တွန့်ဆုတ်ဆုတ်ပြောလာသည်။
“မမမြ … မမမြ – မောင်မောင့်ကိုပြောရမှာလည်းခက်ပါတယ် .. ဒါ.. ဒါပေမယ့် မောင်မောင်ပဲ မမမြကိုနားလည်နိုင်လိမ့်မယ်လို့လေ”
သည်စကားကိုပြောအပြီးတွင်မတော့ ကျွန်တော့်မျက်နှာကိုအားကိုးတကြီးကြည့်ဟန်ကိုတွေ့ရသည်။ မျက်ရည်ကြည်ရစ်ဝိုင်းလျှက်ရှိသောမမမြ၏ ရိုးစင်းလှသောမျက်ဝန်းကြီးများ၊ ကျွန်တော်အပေါ်အားကိုးတကြီးအကြည့်များက ကျွန်တော့်ကို စိတ်မကောင်းဖြစ်စေသည်။
“ ပြောစရာရှိတာပြောပါမမမြ — မမမြပဲကျွန်တော့်ကိုပြောခဲ့တာလေ … တစ်ခုခုပြောစရာရှိရင် မောင်မောင့်ကိုပြောမယ်ဆိုတာလေ”
ကျွန်တော့်စကားကြောင့် မမမြအနည်းငယ်အားရှိသွားဟန်ကိုတွေ့ရသည်။
“ဟုတ်တယ် မောင်မောင် … ဒါကြောင့် မောင်မောင့်ကိုပြောတာပေါ့။ မောင်မောင့်ကိုမမမြထိန်းကျောင်းလာရရင်လည်း မောင်မောင်က လူကြီးလည်းဆန်တယ် .. ပြီးတော့ ပညာလည်းတတ်တယ် .. မမမြလိုတောသူလည်းမဟုတ်တော့… ဒါပေမယ့် … ဒါပေမယ့် မောင်မောင်မကြိုက်ရင် မမမြဘာမှမလုပ်ပါဘူး .. အဲဒီတော့ မမမြ .. မမမြ မောင်မောင့်အိမ်ကိုလိုက်ဖို့စဉ်းစားပါမယ်”
မမမြစကားကြောင့် ကျွန်တော်စိတ်ဝင်စားသွားရသည်။ သို့သော် ကျွန်တော်မကြိုက်လျှင် နောက်ဆုံးကျွန်တော့်အိမ်သို့လိုက်ပါမည်ဆိုသည်အကြောင်းတော့သိရပြီဖြစ်သည်။ သို့သော် ကျွန်တော်ကြိုက်မှ၊ မကြိုက်မှပြောရအောင် မမမြသည် ကျွန်တော့်သမီးမဟုတ်သလို ကလေးငယ်တစ်ယောက်လည်းမဟုတ်ပေ။ အသက်လေးဆယ်ကျော်စမမမြကို ကိုယ့်ဘာသာဆုံးဖြတ်နိုင်ရန် ကျွန်တော်ကူညီရပေမည်။ ယခုတော့ မမမြသည် ကျွန်တော့်ကိုချစ်ခင်သည့်စိတ်၊ အားကိုးသည့်စိတ်အစုံဖြင့် ကျွန် တော့်အကြိုက်လိုက်ပါရန်ပြောနေသော်လည်း အသက်လေးဆယ်ကျော်မမမြအနေဖြင့် ကိုယ့်ဘာသာကိုယ်ရွေးချယ်ဆုံးဖြတ်နိုင်ရမည်လေ။ တစ်ခုပဲပြောစရာရှိသည်မှာ ကျွန်တော်သည်မမမြ၏ရွေးချယ်မှုကို မမမြနှင်အတူလိုက်ပါစဉ်းစားတည့်မတ်ပေးရန်အတွက်တော့ပါဝင်ရလိမ့်မည်။ မမမြမှာ ဆွေမျိုးရင်းချာဆိုသည်ထက် ကျွန်တော်တို့သာရှိသည်လေ။
“မမမြ … မမမြ ဒီမှာပဲနေခဲ့ပြီး အိမ်ထောင်ပြုတော့မလို့”
မထင်မှတ်သောစကားကိုကြားရ၍ ကျွန်တော်ရုတ်တရက်အံသြသွားလေသည်။ မမမြကမပြောတော့လည်းမပြော.. ပြောတော့လည်းဗြုန်းဆိုပြောချကာ ခေါင်းကြီးတွင်တွင်ငုံ့ထားလေသည်။ ကျွန်တော်သည် ကြားလိုက်ရသောစကားကို သေချာပါတယ်ဟုတွေးကာ ဘာဆက်ပြောရမှန်းမသိဖြစ်နေခဲ့သေးသည်။ မမမြက ကျွန်တော်ရှေ့ခေါင်းကြီးငုံထိုင်ရင်း တလိမ့်လိမ့်ကျလာသော မျက်ရည်စက်ကိုဖျတ်ကနဲသုတ်လိုက်သည်ကိုမြင်မှသာလျှင် ..
“ ဘယ်သူနဲ့အိမ်ထောင်ပြုမှာလဲ မမမြ ..”
ဟုမေးရတော့သည်။ တကယ်တော့မမမြခမျာ ကျွန်တော်အပေါ်လည်းအလွန်ရှက်နေမည်ဖြစ်ကာ မနည်းအားတင်း ပြောရရှာမှာပဲဟုတွေးလျှက် အခြေအနေကိုသက်သောင့်သက်သာဖြစ်ရန်ပြင်ဆင်ရသည်။ သို့သော် ယောင်္ကျားသံတစ်စုံတစ်ရာမကြားဖူး၊ ရည်းစားသနာလည်းရှိတယ်မကြားဖူးသော မမမြ ဘယ်သူနဲ့အိမ်ထောင်ပြုမှာလဲကို ကျွန်တော်အလွန်အမင်းသိချင်နေလေ သည်။
“ သူကိုမောင်မောင်သိပါတယ်… သတိမထားမိလို့သာပါ .. ဟို အိမ်မှာလေ .. ကွမ်းသီးလာလာသိမ်းပေးတဲ ့ ဟို .. မြင့်မောင်ရယ်လေ”
“ဟင် အဲဒီ့လူလား”
ကျွန်တော်ပါးစပ်ကလွှတ်ကနဲပြောမိလျှင် မမမြခေါင်းမှာပိုလို့ပင်ငုံ့လျှိုးသွားလေသည်။ အသားညိုခြောက်ခြောက်၊ အရပ်ခပ်ပျပ်ပျပ်နှင့် ခြံမှာကွမ်းသီးသိမ်းလျှင် အဖေခေါ်ခိုင်းနေကြလူတစ်ယောက်ဖြစ်သည်။ ကျွန်တော်တို့အရပ်သားမဟုတ် သော်လည်း ခပ်လှမ်းလှမ်းရွာတစ်ရွာဖက်ကလို့တော့ သိထားသည်။ ဒီထက်တော့ပိုမသိ၊ ကျွန်တော်နှင့်အဝင်အထွက်ဆုံဖူးရုံမျှသာ။
* သူက ဘာအလုပ်လုပ်လဲ”
ကွမ်းသီးလိုက်ခူးသည်ကိုမြင်နေလျှက် ကျွန်တော်သည်မမမြကိုသမီးတစ်ယောက်ကိုမေးသလိုမေးမိသည်။ မမမြကလည်း အဖေထံတွင် လင်ယူကာနီးသမီးသည်အမေးခံရသကဲ့သို့ဖြေရှာသည်။
“အရင်ကတော့ ကွမ်းသီးအုန်းသီးပဲအငှားလိုက်ခူးတာ .. အခုတော့ကွမ်းသီးတွေစုကောက်ပြီး.. ပွဲရုံတွေမှာလိုက်သွင်းတာတို့ဘာတို့လုပ်တယ်”
မမမြက သူ့လူစီးပွားရေးတိုးချဲ့လာသည့်သဘောမျိုးဖြေသည်။
“မမမြက ဘာမှတော့မပြောထားသေးပါဘူး .. မောင်မောင့်ကိုပြောမလို့ပဲ””
ဟုခပ်ဆိုင်းဆိုင်းဆက်ပြောသည်။ ကဲ ..မမမြ၏အပြောသည် ကျွန်တော့်ခေါင်းပေါ်လုံးလုံးကျလာလေပြီ။
“ မောင်မောင်သဘောမကျရင် မမမြမလုပ်ပါဘူး”
သည်စကားက ကျွန်တော့်ကိုဆုံးဖြတ်ရခက်စေသောစကား။
“သူက ဘယ်မှာနေသလဲ … အိမ်ပိုင်ရာပိုင်နဲ့လား … ပြီးတော့ လူပျိုကောဟုတ်ရဲ့လား”
သည်မျှတော့ ကျွန်တော်မေးရမည်။ ဘာပဲဖြစ်ဖြစ်ယခုအချိန်ခါတွင် ကျွန်တော်သည်မမမြ၏ အုပ်ထိန်းသူ။
“အရင်အိမ်ထောင်ကျဖူးတာ သူ့မိန်းမသေသွားပြီ … သားသမီးတော့မရှိပါဘူး”
အေးလေ၊ဒီလောက်တော့ရှိမှာပဲပေါ့ လူပျိုလူလွတ်တော့ဘယ်ဟုတ်တော့လေမလဲ။ ရွာသစ်ဖက်တွင်သူ့အိမ်ဝိုင်းကလေးတစ်ခုတော့ရှိသည်ဟုသိရလျှင် ဘာပဲဖြစ်ဖြစ်မြေကလေးဘာလေးပိုင်တာပဲဟုတွေးရသည်။ အသောက်အစားကော ကင်းရဲ့လားဟုမေးလျှင် တစ်ခါတစ်ခါပွဲရှိရင်တော့နည်းနည်းပါးပါးသောက်တာပါပဲဟု ဖြေသည်။ ထို့နောက် စိတ်ထဲရှိသည်ကို မေးမြန်းမိရင်း ညဉ့်လည်းအတော်နက်လာပြီပဲဟုသတိပြုမိသည်။ သည်နေ့ရူပါကကိုကိုပဲပြောပါဟုဆိုကာ စောစောစီးစီးအိပ်ရာဝင်နှင့်သည်မို့ ကျွန်တော်နှင့် မမမြသာကျန်ရစ်ခြင်းဖြစ်သည်။ သူရှိလျှင် သူ့စိတ်နှင်မတွေ့ကဝုန်းဒိုင်းပြောဆိုဦးမည်ဖြစ်ကာ မမမြကလည်းသည်သို့သည်နှယ်ပြောလိမ့်မည်မဟုတ်။
မမမြနှင့်စကားဝိုင်းသိမ်းကြလျှင် မမမြနောက်ဆုံးပြောသောစကားတစ်ခွန်းမှာ ကျွန်တော့်အတွေးထဲတဝဲလည်လည် ကျန်ရစ်သည်။
“မမမြလည်း အိမ်ထောင်ပြုချင်လှလို့တော့မဟုတ်ပါဘူး ကိုယ်အိမ့်ကိုယ်ရာကလေးနဲ့နေချင်တာလည်းပါပါတယ်”
ဟု မမမြက ကျွန်တော်ကိုပြောခဲ့လေသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ရူပါပြန်သွားပြီးသည်နောက် ကျွန်တော်သာလျှင်ကျန်ရစ်နေသေးသည်။ ရူပါကိုအကျိုးအကြောင်းတော့ပြောပြလိုက်ရပြီ ဖြစ်ကာ မရွှေရူပါအားမမမြကိုတစ်ခွန်းမှမပြောမဆိုရန်နှင့် မသိသလိုအနေအထားနှင့်နေရန်ကိုသာ ပြောထားရသည်။ ရူပါက ကျွန်တော်စကားကိုနားထောင်သော်လည်း ပြန်ကာနီးအချိန်အထိ ကျွန်တော်ကို ပွစိတက်ရေရွတ်သွားလေသည်။ သူ့သဘောက သည်အရွယ်ကြီးလင်မယူစေလိုတော့ပဲ သူ့အိမ်ဖြစ်ဖြစ်၊ ကျွန်တော်အိမ်ဖြစ်ဖြစ်လိုက်နေစေရန်ဖြစ်သည်။
ကျွန်တော်သည်မပြန်ခင် မမမြကိုတစ်စုံတစ်ခုတော့ပြောရတော့မည်။ သူ့ခမျာ မောင်မောင်မကြိုက်လျှင်မလုပ်ပါဟု ပြောနေရှာသည်ကို ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ မမမြသည် ကျွန်တော့်ကိုမောင်လို၊ အစ်ကိုလိုအားကိုးရှာပါသည်။ မြင့်မောင်ကိုလည်း ကြီးတော်ကြီးရက်လည်တွင်လာကူလုပ်ကိုင်နေသည်ကို မမမြပြောမှကျွန်တော်ပြန်တွေးကြည့်မိသည်။ မျက်နှာသွင်ပြင်မှာရိုးသားဟန်ရှိလျှက် ရိုရိုကျိုးကျိုးပါပဲဟုတွေးမိသည်။ ကျွန်တော့်ကိုနှုတ်မဆက်လှပဲ ခပ်ရို့ရို့ဖြစ်နေသည်မှာ သူ့ဘာသာမလုံမလဲဟန်တူသည်။
မမမြသည်ခပ်သွယ်သွယ်၊ အပျိုကြီးလည်းအပျိုကြီးပေမို့အသက်ထက်စာလျှင်နုပျိုဟန်ရှိသည်။ သနပ်ခါးဖွေးနေအောင်လိမ်းလျှက်ခြံထဲရှိပန်းတစ်မျိုးမျိုးကိုပန်ထားတတ်ကာ ရုပ်ရည်မလှသော်လည်း ကြီးတော်လက်ထွက်ပေမို့ ရှင်းရှင်းကျော့ကျော့နေတတ်သည်။
မမမြအကြောင်းကိုတွေးမိတိုင်း အခြားသောအကြောင်းများထက် ထိုညကသူနောက်ဆုံးပြောခဲ့သောစကားတစ်ခွန်းက ကျွန်တော့်အတွေးထဲရောက်လာတတ်သည်။
မမမလည်း အိမ်ထောင်ပြုချင်လှလို့တော့မဟုတ်ပါဘူး မောင်မောင် … ကိုယ့်အိမ်ကိုယ့်ရာကလေးနဲ့နေချင်တာလည်းပါပါတယ် ..
သည်စကားကိုတွေးကြည့်လျှင် အဓိပ္ပါယ်များစွာပါကြောင်းတွေ့ရမည်။ ကျွန်တော်သည် မမမြပြောသောသည်စကား ၏အဓိပ္ပါယ်ကို အပြန်ပြန်အလှန်လှန်တွေးနေခဲ့သည်။
တကယ်တော့မမမြအကြောင်းကိုတွေးကြည့်လျှင် မမမြသည်ငယ်စဉ်ကပင်မိဘမဲ့ဘဝနှင့် ကျွန်တော်တို့အိမ်ရောက်လာသည်။ ကျွန်တော်တို့မည်မျှပင်ကောင်းစေဦးတော့ သူ့စိတ်ထဲတွင်အမြဲအားငယ်စိတ်ရှိနေပေလိမ့်မည်။ ကျွန်တော်ညီမများ၏ ဂျီတိုက်သောဒဏ်ကိုလည်း သူခံခဲ့ရပေသည်။ ထို့အပြင် အသက်အရွယ်ကလေးကြီးလာတော့လည်း စည်းကမ်းကြီးလှသောကြီးဒေါ်အပျိုကြီး၏အုပ်ထိန်းမှုအောက်တွင်နေထိုင်ရင်း သူကိုယ်တိုင်လည်းရိုးအေးလှသည်ဖြစ်ရာ ယောင်္ကျားကလေးကိစ္စနှင့်ပါတ်သတ်၍ မမမြသည်အပြစ်အနာဆာမရှိ။
ထို့နောက် အဖေလေဖြတ်သောကြောင့်၊ ကြီးတော်ကြီးအိုမင်းမစွမ်းသောကြောင့် သည်လူနာများကိုပြုစုရင်း သည်အိုကြီးအိုမများနှင့်သာ အချိန်ကုန်ခဲ့ရသည်။ ကျွန်တော်တို့ကိုလည်း အဖေကရန်ကုန်မှာကျောင်းထားသောကြောင့် မမမြသည်အဖော်မရ။ လူအိုလူမင်းများသာရှိသောကျွန်တော်တို့အိမ်သည် ရုတ်တရက်ကြည့်လျှင် သီလရှင်ကျောင်းကလေးကဲ့သို့ငြိမ်သက်တိတ်ဆိတ်လှသည်။ သည်အိမ်ကြီးထဲတွင် မမမြသည်ဘုရားစာရွတ်ရင်း၊ လူနာများကိုပြုစုရင်း၊ ရံဖန်ရံခါ ကျွန်တော်တို့မိသားစုများလာလည်ချိန်တွင် အိုးကြီးအိုးမဒိုင်ခံချက်ရင်း မမမြ၏ဘဝသည်ခြောက်သွေ့စွာအချိန်ကုန်ခဲ့ရပေလိမ့်မည်။
ထို့အပြင် ဘက်မလိုက်တမ်းဆိုရလျှင် ကျွန်တော်တို့သည် သည်သို့သာလျှင်နေထိုင်ခဲ့ရသောမမမြ၏ဘဝကို သက်တမ်းရှည်အောင်စီစဉ်ဖန်တီးကြပြန်သည်ဟုဆိုရမည်ဖြစ်သည်။ မမမြကို ကျွန်တော့်အိမ်သို့မဟုတ် ရူပါ့အိမ်တွင်ထားကာ ကျွန် တော်တို့၏ကလေးများကိုထိန်းကျောင်းရင်း အိမ်စောင့်ရင်းဆက်လက်အချိန်ကုန်စေရန်တွေးခဲ့ကြသည်။
တကယ်တော့ မမမြအနေဖြင့် သည်သို့ချည်းသာဘယ်နေချင်လိမ့်မလဲဟု ကျွန်တော်တွေးမိလာသည်။ ထို့အပြင် ကျွန်တော့်ဇနီးသည်သည် တစ်ဦးတည်းသမီး၊ ပညာတတ်ပြီး ပိုက်ဆံလည်းအသင့်အတင့်ရှိသောကြောင့် လူတန်းစားခွဲခြားတတ်သည်။ ရူပါသည် သူ့စိတ်အလိုမကျလျှင် ငယ်ငယ်ကတည်းက မမမြကိုအော်ဟစ်ပြောဆိုနေကြဖြစ်သည်။ ကြီးတော်ကရိုက်နှက်သည်အထိဆုံးမသော်လည်း သည်ကောင်မလေးကငယ်စဉ်ကပင်သူစိတ်ဆိုးချိန်ထိုသို့လုပ်တတ်လျှက် အပေးအကမ်းတော့ ရက်ရောတတ်သူဖြစ်သည်။ မမမြကို ရွှေ၊ ငွေနှင့် အင်္ကျီအကောင်းစားများကို သူပဲဆင်ယင်တတ်သေးသည်။ သို့သော် ယခုအခါတွင် မမမြသည် ကျွန်တော့်အိမ်တွင်ဖြစ်စေ၊ ရူပါ့အိမ်တွင်ဖြစ်စေသည်လိုအခြေအနေမျိုးတွေကြုံနေရလျှင် မမမြပျော်ပါ့မလား၊ စိတ်ချမ်းသာနိုင်ပါ့မလား။
တစ်ချို့က သည်အရွယ်ကြီးတရားစခန်းသွားပါလား၊ သီလရှင်ဝတ်လိုက်ပေါ့ဟုတိုက်တွန်းတတ်သေးသည်။ သည်သို့ဖြစ်လျှင် သည်သို့သာဖြစ်ရမည်ဟူသောသတ်မှတ်ချက်များ၊ သူများဘဝကိုဝင်ရောက်ဆုံးဖြတ်သောစကားများကို ကျွန်တော်မကြိုက်။ ကိုယ်တွေက မိသားစုများပျော်ပျော်ရွှင်ရွှင်နှင့် သည်သောင်ယံကဖြင့် မခွာရက်နိုင်ပဲ သူတစ်ဖက်သားအား ဘိုးဘွားရိပ်သာရှိတာပဲ၊ ဘုရားတရားလုပ်တော့ပေါ့ဟု .တစ်ဖက်သတ်တိုက်တွန်းချက်များကို ကျွန်တော်သဘောမကျ။ သည်စကားများက စေတနာပါသယောင်ထင်ရသော်လည်း တစ်ဖက်သားခမျာ သူတို့ငါ့ကိုမလိုအပ်တော့လို့ဘေးဖယ်ကြပြီပေါ့ဟု ခံစားရစေနိုင် သည်။ သို့မဟုတ် သမားရိုးကျတွေးကာ တစ်ဖက်သားကိုလက်လွတ်စပယ်ပြောသလိုအနေအထားဖြစ်စေသည်။ အားလုံးသည် ကံကြမ္မာအတိုင်းသာလျှင်ဖြစ်ကြရလျှက် ကိုယ့်ဘဝနှင့် ကိုယ်သာလျှင်ဖြစ်သည်။
ယခုမမမြက ကိုယ်အိမ်ကိုယ်ယာကလေး တနည်းဆိုရလျှင် သူ့ဘဝနှင့်သူ သူ့ခြေသူ့လက် လူ့ဘဝတစ်သက်မှာတစ်ခါတော့ နေဖူးချင်ရှာပေလိမ့်မည်။ ကျွန်တော်တို့သည် မမမြကိုကျွေးမွေးစောင့်ရှောက်ခဲ့သည်မှန်သော်လည်း ကိုယ့်အတွက်သာ ထည့်တွေးသည်များလည်းဖြစ်ခဲ့ပေသည်။ သူလည်းသူ့ဘဝသူ့ရပ်တည်ချင်ရှာလိမ့်မပေါ့ဟု ကျွန်တော်တွေးသည်။ အဆင်ပြေ နိုင်သည် မပြေနိုင်သည်များမှာမှန်းဆကြရသည်သာဖြစ်ပြီး ကံတရားအတိုင်းသာဖြစ်ကြရပေမည်။
ကျွန်တော်သည် အတွေးကိုခိုင်ခိုင်တွေးရင်း မနက်ဖြန် ကျွန်တော့်အိမ်၊ ရူပါ့အိမ်များသို့ဖုန်းဆက်ရမည်ဖြစ်သည်။ ကျွန်တော်သည်မှာခဏကြာဦးမည်ဖြစ်ကြောင်းနှင့်အကြောင်းအရာများကိုပြောပြရပေဦးမည်။ ထို့အပြင် မမမြကိုပြောကာ မြင့်မောင်ဆိုသူကိုခေါ်တွေ့ခြင်း၊ ရပ်ကွက်လူကြီးစုံရာနှင့်တောင်းရမ်းစေခြင်း၊ အနည်းဆုံးမင်္ဂလာဆွမ်းကျွေးကိုကမကထပြုစီစဉ်ခြင်း၊ အိမ်ကိစ္စတစ်ချို့ဆောင်ရွက်ခြင်း၊ မမမြကိုအမွေတစ်ချို့နှင့် ပစ္စည်းပစ္စယပေးခဲခြင်းစသည်ဖြင့် ကျွန်တော်စီစဉ်ရဦးမည်ဖြစ်ပေသည်။
(နွေးထွေး)
စာဖတ်ပေးလို့ ကျေးဇူးပါရှင်။ 😍