ရွှေဧည့်သည်(စ/ဆုံး)
——————
“ကိုဇော်ကြီး … ကျွန်မတော့ သည်းမခံနိုင်တော့ဘူး”
“ဘာတွေဖြစ်လာပြန်ပြီလဲကွာ”
တက္ကစီဆရာ ကိုဇော်ကြီးတစ်ယောက် အိမ်ကို ထမင်းစားပြန်လာချိန်တွင် ဇနီးဖြစ်သူက အိမ်ဝမှာ ဆီးပြော လိုက်ခြင်းဖြစ်သည်။
ကိုဇော်ကြီးက ထိုင်ခုံတွင် သွားထိုင်လိုက်ပြီး ချွေးတွေကို သူ့ပခုံးပေါ်တင်လာသည့် မျက်နှာသုတ်ပဝါလေးနှင့် သုတ်လိုက်သည်။
“ကဲ မရွှေမိ ဘာတွေဖြစ်နေပြန်ပြီလဲ”
“ရှင့်အစ်မ လုပ်ပုံကောင်းသေးလား”
“တိုးတိုးပြောပါကွ … ကြားသွားပါ့မယ်”
“ပူမနေနဲ့ အိမ်မှာမရှိဘူး။ ဘုရား သွားတယ်”
“ကဲ ပြော ဘာဖြစ်ပြန်ပြီလဲ”
“ရှင်စဉ်းစားကြည့်နော် … ရှင့်အစ်မ ရွာကလာပြီး ဆေးကုမယ်ပြောတယ်။ ကျွန်မ ငြင်းခဲ့သလား”
“မငြင်းခဲ့ဘူးလေ။ ဘာဖြစ်လို့လဲ”
“သူ့ဘာသူ ရွာမှာ ဘယ်လောက်ချမ်းသာချမ်းသာ၊ ဘယ်လိုကြီးနေနေ၊ ဒါရန်ကုန်ဆိုတာ ရှင့်အစ်မက နားလည်မှုကို မရှိတာ”
“ဘာဖြစ်လို့လဲ”
“ရှင်ပဲစဉ်းစားကြည့်လေ။ ရှင့်အစ်မက ရွာမှာ ငကျွဲဆန်ကောင်းကောင်းပဲ စားတာဆိုလို့ ရှင်က အကောင်းစား ငကျွဲဆန်ကိုပြောင်းဝယ် စားခိုင်းတယ်”
“ဟုတ်တယ်လေ”
“ခု ကျွန်မတို့ စားနေတဲ့ ဆန်က တစ်ပြည်ကို ၈၀၀၀ လောက်တန်တယ်ရှင့်”
“အဲဒီတော့”
“ရှင့်အစ်မက နို့ဆီဘူးတစ်လုံး ၁၀၀၀ လောက်တန်တဲ့ ဆန်ကို အိမ်ရှေ့မှာ ဒါနဆန်ဆိုလည်း နို့ဆီဘူးနဲ့ထွက် လောင်းလိုက်တာပဲ။ နောက်တစ်ခါ ဒါနဆန်ဆိုလည်း တစ်ဘူးလုံးအပြည့်ခပ်ပြီး သွားလောင်းပြန်ရော။ ကျွန်မတို့မှာက ဆန်အိတ်လုံး ထောင်စားနိုင်တာ မဟုတ်ဘူးရှင့်။ တစ်ခါဝယ် နှစ်ပြည်လောက်ပဲ ဝယ်နိုင်တာ။ ရှင်က ကျွန်မကို ဈေးဘိုးပေးလည်း တိုင်းပေးတာ။ ကျွန်မတို့အိမ်မှာ တစ်နေ့ နို့ဆီဘူး သုံးဘူးချက်ရတယ်။ ရှင့်အစ်မက တစ်နေ့ နို့ဆီဘူး နှစ်ဘူးလောက် ဆွမ်းဆန်စိမ်းလောင်းနေတော့ ကျွန်မရက်နဲ့တွက်ပြီး ဆန်ဝယ်လို့ မရတော့ဘူး”
ကိုဇော်ကြီးက ငြိမ်နေသည်။
“ပြီးတော့ ရှိသေးတယ်။ လာသမျှ ဘုန်းကြီးကို ဆွမ်းထွက်လောင်းနေတော့ အိမ်မှာ တစ်နေ့ နို့ဆီဘူး သုံးဘူးချက်နဲ့ မလောက်တော့ဘူး။ ဆွမ်းလောင်းလည်း တစ်ဇွန်းမဟုတ်ဘူးရှင့်။ တစ်ဇလုံ …”
“ခက်တယ်ကွာ ကုသိုလ်လုပ်တဲ့ကိစ္စ ဘယ်လိုလုပ်ပြီး ပြောရမလဲ”
“ရှင်ပြောရမယ်ရှင့် … ကျွန်မပြောတော့ ကျွန်မကပဲ တိတ္ထိဖြစ်ရော။ ကျွန်မလည်း နေ့တိုင်း ဆွမ်းလောင်း ပါတယ်၊ သီလရှင်လေးတွေကို ဆွမ်းဆန်စိမ်းလောင်းပါတယ်။ ကိုယ်တတ်နိုင်သလောက်လေးပေါ့ရှင်။ သူ့လိုသာ ဝိသာခါကျောင်းအစ်မကြီးလုပ်နေရင် ကျွန်မတို့ ရေရှည်မှာ ခက်လိမ့်မယ်။ နေပါဦး သူက ဘယ်လောက်အထိ ဆက်နေရဦးမှာလဲ”
“သုံးလလောက် နေမယ်တဲ့ကွ”
“ကဲ အဲဒါဆိုလည်း ရှင်ကျွန်မကို ဈေးဖိုး တစ်နေ့ ငါးသောင်းလောက်သာ ပေးပေတော့”
“ဟာကွာ အဲဒါကြီးကတော့။ ငါကားမောင်းတာတစ်နေ့ ငါးသောင်းကျန်အောင်တောင် မနည်းလုပ်နေရတာ”
“ရှင်စဉ်းစားကြည့်။ ရှင့်အစ်မနဲ့ သူ့လင်က ဟင်းကလည်း ဇီဇာကြောင်လိုက်တာ မပြောနဲ့။ တောမှာတော့ ဘယ်လို စားနေသလဲ မသိဘူး။ ဘဲဥ ကြက်ဥချက်ရင် မစားဘူးတဲ့။ ငါးဆိုလည်း ပေါင်းမှတဲ့။ ကြက်သားဆိုလည်း စီပီကို မစားဘူးတဲ့။ နေ့တိုင်း အသားဟင်းတစ်ခွက်မပါရင် မျက်နှာ မကောင်းဘူး။ ဟိုနေ့ကဆိုကြည့်။ ငါးသလောက်ချက်ကျွေးတာ ပေါင်းမကျွေးလို့ဆိုပြီး ဟင်းရည်နဲ့ နယ်ပြီးသားထမင်းတွေကို ဆက်မစားဘူး ခွေးသွားကျွေးပစ်တယ်။ ပြောရဦးမယ် တစ်နေ့ တစ်နေ့ ထမင်းတွေကို ကုန်အောင်မစားဘဲ ခွေးကျွေးကျွေးနေ တာတွေကလည်း ပြောပြန်ရင် ငရဲကြီးတယ်ရှင့်။ ကျွန်မတို့က တစ်သက်လုံး တိုင်းတိုင်းထွာထွာနဲ့ စားသောက် နေကြရတာ။ ရှင့်အစ်မလုပ်ပုံနဲ့တော့ ရှင် မီးဖိုချောင်ထဲမဝင်ရင် ကျွန်မတော့ ကျွန်မ အမေအိမ်ပဲ ပြန်တော့မယ်။ ဆက်မချက်နိုင်တော့ဘူး”
“အေးပါကွာ ငါပြောပါ့မယ်။ ကိုင်း ထမင်းခူးပါ စားကြမယ်။ ထမင်းဆာလာပြီ”
“ထမင်းမရှိတော့ဘူး”
“ဟ ဘာဖြစ်လို့လဲ”
“မနက်ကလည်း ဘုရားသွားမယ်ဆိုတာ ကြိုမပြောဘူး။ သွားခါနီးမှ ဘုရားသွားမယ် … ဘုရားမှာပဲ ထမင်းစားမယ်ဆိုပြီး ချက်ထားတာတွေအားလုံး ချိုင့်ထဲထည့်သွားတယ်”
“ဟူး … ကဲ ဒါဆိုလည်း လာကွယ် အပြင်မှာပဲ သွားစားကြတော့မယ်။ ချက်မနေနဲ့”
လင်မယားနှစ်ယောက် အပြင်တွင် ထမင်းသွားစားကြသည်။
ညနေ ၆ နာရီခန့်တွင် ကိုဇော်ကြီး အစ်မနှင့် ယောက်ဖတို့ပြန်လာကြသည်။ ယောင်းမဖြစ်သူက
“အစ်မရေ … ယူသွားတဲ့ လေးဆင့်ချိုင့်ရော”
“ငါ ဘုရားပေါ်မှာ ဘုန်းကြီးတစ်ပါးကို လှူလိုက်တာ”
“အေးလေ ဆွမ်းနဲ့ ဆွမ်းဟင်းလှူပြီးတော့ ချိုင့်ကဘယ်မှာလဲ”
“သပိတ်ထဲမှာ ဆွမ်းတွေပြည့်နေလို့ ချိုင့်ပါလှူလိုက်တယ်”
မရွှေမိပေါက်ကွဲရပြီ။
“ဒီမှာအစ်မ … အစ်မမောင်ကို အစ်မကဇောတိကသူဌေးကြီးများ မှတ်နေသလား”
“နင်ကဘာစကားပြောတာလဲ”
“အစ်မကို ပြောရတာလည်း ငရဲကြီးတယ်။ လှူတာတန်းတာကို လိုက်ပြောရတာဆိုတော့ ကြားလို့လည်း မကောင်းဘူး။ အဲဒီချိုင့်က သူများချိုင့် ခဏငှားထားတာ”
“အဲဒါတော့ ငါဘယ်သိမလဲ”
“ကျွန်မတို့ မိသားစုမှာ အစ်မမောင် တစ်နေကုန်ရှာရတာလေးနဲ့ ခြစ်ခြုတ်ပြီး စားနေရတာ။ အစ်မက ဝိသာခါ ကျောင်းအစ်မကြီးလို လှူနေတာ ကျွန်မပြောရင် အပြစ်ဖြစ်တော့မယ်”
“ဟေ့ … ဒါဆိုလည်း မပြောနဲ့။ ညည်းတို့ မရှိလို့မလှူ … မလှူလို့ မရှိဖြစ်နေတာ”
“အဲဒါဆိုလည်း အစ်မ ငွေနဲ့ အစ်မလှူလေ”
“ငါ့မောင်ရှာတာ ငါနဲ့လည်းဆိုင်တယ်။ ငါ့ဘာသာလှူတာ ဘာဖြစ်သလဲ”
မရွှေမိက ကြာလျှင်ဒေါသတွေထွက်ပြီး စကားတွေမှားမည်စိုးရိမ်သဖြင့် အိမ်ပေါ်က ဆင်းသွားသည်။ သူလာနေသည်က သူ့ယောက်ျား တက္ကစီဂိတ်ကိုဖြစ်သည်။ ဂိတ်တွင် သူ့ယောကျ်ားတက္ကစီကိုမတွေ့။ သူက စိတ်ပျက်စွာဖြင့် မိုးချုပ်သည်အထိ ထိုင်စောင့်နေသည်။ အိမ်ကို မပြန်ချင်သောကြောင့် ဖြစ်သည်။
“ဟဲ့ ရွှေမိ နင့်ယောက်ျားကို လာစောင့်နေတာလား”
“ဟုတ်တယ်အစ်ကို”
“နင့်ယောက်ျားက ဒီအချိန်လောက်ဆိုရင် ဘီယာဆိုင်မှာ”
“ဘယ်ဆိုင်လဲအစ်ကို”
“တံတားအဆင်းက ဘီယာဆိုင်မှာ”
မရွှေမိ ဘီယာဆိုင်ကို လိုက်သွားသည်။ သူ့ယောက်ျားက အပေါင်းအသင်းတွေနှင့် ဘီယာခွက်တိုက် နေကြသည်။
မရွှေမိက သူယောက်ျားဆီကိုသွားမတွေ့။ ကွယ်ရာကကြည့်ပြီး ပြန်ခဲ့သည်။
သူအိမ်ရောက်သည့်အခါ သူ့ယောက်မက
“နင်ဘယ်တွေ လျှောက်သွားနေတာလဲ။ ထမင်းဆာနေပြီ ဘာဖြစ်လို့ မချက်သေးတာလဲ။ ဟင်းလည်း ဘာမှ မတွေ့ဘူး”
သူတစ်ခွန်းမျှ မပြောပါ။ ဆုံးဖြတ်ချက်ချလိုက်သည်။
အခန်းထဲဝင်လိုက်သည်။ သူလိုအပ်သည့် အဝတ်အစားလေး အနည်းငယ်ကို လက်ဆွဲအိတ်ထဲ ထည့်လိုက် သည်။ ထို့နောက် အိမ်က ထွက်လာခဲ့သည်။
“ဟဲ့ အထုပ်အပိုးတွေနဲ့ ဘယ်လဲ”
သူတစ်ခွန်းမျှ လှည့်မပြောခဲ့။
ခုတင်ပေါ်တွင်တော့ စာတစ်စောင်ရေးခဲ့သည်။
“ရှင့်အစ်မ မပြန်မချင်း လာမခေါ်နဲ့”
တင်ညွန့်
၁၇.၈.၂၀၂၅