လိုက်ပွဲ

Posted on

လိုက်ပွဲ(စ/ဆုံး)
————

ဆရာဝန် တစ်ယောက်ဖြစ်ပြီဆိုတာနဲ့
လူနာ မျိုးစုံ ၊စရိုက် မျိုးစုံ ၊ရောဂါမျိုးစုံနဲ့
နေ့စဉ် ကြုံတွေရတာ ဆရာဝန်တွေရဲ့
နေ့တဓူဝ ကြုံရ တဲ့ စိတ်ညစ်စရာ
အလုပ်တစ်ခုပါပဲ။
ခုလည်းကြည့်လေ ပြောရဆိုရ အင်မတန်
ခက်တဲ့ လူနာ နဲ့ ဒေါက်တာ ဝေရည်ညွန့်
ကြုံတွေ့နေရသည်။
သူမ ဆေးခန်းကို ရောက်လာတဲ့ ခုလူနာက
သက်လတ်ပိုင်းအရွယ် နဖူးမှာ ကွဲရှ
ဒဏ်ရာနဲ့ သွေးတွေကလည်း သူ့လက်နဲ့
ဖိထားတဲ့ ကြားက ညာဘက် ပါးပြင်ပေါ်
ဖျာဆင်းနေသည်။

“ကျနော့် ဒဏ်ရာကို အမြန် ကုပေးပါ
ဆရာမ”

လူနာက မျက်နှာကို ရှုံ့မဲ့ရင်း ပြောလာသည်။

“ဘာဖြစ်လို့. ဒဏ်ရာက ရတာလဲ”

ဒေါက်တာ ဝေရည်ညွန့် ကမေးလိုက်သည်။

“မတော်တဆ ထိခိုက်မိတာပါဗျာ'”

လူနာရဲ့ လက်ကို ဖယ်ပြီး သူမက ဒဏ်ရာကို ကြည့်လိုက်သည်။

“ဒီက အစ်ကိုရဲ့ ဒဏ်ရာက ကျွန်မ
အတွေ့အကြုံအရ ပြောရရင် တစ်ယောက်
ယောက်က ရိုက်နှက်လိုက်တဲ့ဒဏ်ရာ
ဆိုတာအသိသာကြီးပါ၊ဒီတော့ ကျွန်မ
အနေနဲ့က ခုလိုဒဏ်ရာမျိုးကို ကုသခွင့်
မရှိပါဘူးရှင်”

“ဆရာဝန် တစ်ယောက်က လူနာကို
ကုသခွင့်မရှိ ဘူးဟုတ်လား ဆရာမ”

လူနာက ထို့သို့ စောဒကတက်သည်။
သူမအတက်နိုင်ဆုံး စိတ်ကို ရှည်ရှည်
ထားပြီး လူနာကို နားလည်အောင်
ရှင်းပြလိုက်သည်။

“ဒါကဒီလိုရှိပါတယ်၊အစ်ကို့ ခေါင်းက
ဒဏ်ရာက လူတစ်ယောက်နဲ့ ခိုက်ရန်ဖြစ်
ပွားပြီး ရခဲ့တာဆိုရင် ကျွန်မ ကုသပြီးမှ
အစ်ကိုက ရိုက်လိုက်တဲ့သူကို မကျေနပ်
လို့ အမှု့ တွေဘာတွေ ဖွင့်ခဲ့ရင်
ရဲလုပ်ထုံးလုပ်နည်းအရ ရရှိခဲ့တဲ့ ဒဏ်ရာကို
ဆေးကုသမှု့မပြုခင် အရင်ဆုံး အမှု့စစ်
ရဲအရာရှိက စစ်ဆေးပါလိမ့်မယ်။
နောက်မှ သက်ဆိုင်ရာ မြို့နယ်ဆေးရုံကို
ပို့ပြီး ဒဏ်ရာကို ကုသစေပါတယ်။
ကုသပြီးလို့ ထွက်လာတဲ့ ဆရာဝန်ရဲ့
ဆေးမှတ်တမ်းကို ကြည့်ပြီးမှ အမှု့တည်
ဆောက်ပြီး အမှု့ တွဲတင်ရပါတယ်။
ခု ..အစ်ကို့ ဒဏ်ရာကို ကျွန်မက ကုသ
ပေးပြီးမှ အစ်ကိုက အမှု့ ဖွင့်ခဲ့ရင်
အမှု့ စစ်အရာရှိ မကြည့်ရသေးပဲ
ကုသတဲ့အတွက် ကျွန်မဒုက္ခအများကြီး
ရောက်နိုင်ပါတယ်။ဥပဒေအရ ကုသခွင့်
လည်းမရှိပါဘူး”

သူမက ထို့ကဲ့သို့ လူနာအား ရှည်လျားစွာ
ရှင်းပြလိုက်သည်။
ထိုအခါလူနာက ခေါင်းကိုရမ်း၍

“အဲဒီအတွက်ကြောင့် ကုသမပေး
တာဆိုရင်တော့ ရဲရဲသာကုပါ ဆရာမ
ကျနော် ဘယ်သူ့ကိုမှ အမှု့ မဖွှင့်ပါဘူး”

“လူနာရဲ့ စကားကို ယုံမိလို့ ဒုက္ခ ရောက်ရတဲ့ ဆရာဝန် တွေ ရှေ့မှာ
အများကြီး ကျွန်မ မြင်ခဲ့ဘူးပါပြီ။
ဆောရီးပါရှင်၊ ကျွန်မ ကုမပေးနိုင်ပါဘူး”

ထိုအခါ လူနာက မျက်နှာငယ်လေးဖြင့်

“ဆရာမရယ် လုပ်ပါဗျာ ကျနော် တအားကို
နာနေလို့ပါ”

သူ့ဒဏ်ရာကို လက်ဖြင့် ဖိရင်း လူနာက
တောင်းပန်သည်။သူမ သက်ပြင်း
တစ်ချက်ချမိသည်။
တော်တော် ပြောရခက်တဲ့လူ၊ကြာရင်
သွေးထွက် လွန်ပြီး ဒုက္ခရောက် နိူင်သည်။

“ကဲ ဒီလိုလုပ် ရှင် ရပ်ကွက်ရုံးကို အရင်
သွား ဒီဒဏ်ရာနဲ့ပတ်သက်လို့ ဘာပြဿနာမှ
မလုပ်ပါဘူးဆိုတာ ရပ်ကွက်အုပ်ချုပ်ရေးမှုး
ရဲ့ ထောက်ခံစာယူပြီး ဒီကို မြန်မြန် ပြန်လာ၊
အဲ့ဒါ ကျွန်မ ကူညီနိူင်တာအကုန်ပဲ၊
အဲဒါဆို ကုလို့ရပြီ”

“ဆရာမ ပြောသလိုဆိုရင် ကျနော်
အရိုက်ခံရလို့ ခေါင်းကွဲတာ တစ်ရပ်ကွက်
လုံး လှည့်ကြေငြာသလိုဖြစ်နေမှာပေါ့ဗျာ။
ဒါဆို ကျနော့် ဖြစ်စဉ်ကို ပြောပြ
မယ်။ပြီးမှ ကုပေးသင့် ကုမပေးသင့်
ဆရာမ စဉ်းစားပေါ့။”

လူနာပြောတာကို သူမ လက်ခံလိုက်သည်။
ထို့နောက် အရက်ပြန်နှစ်ထားတဲ့ ဂွမ်းစ
တော်တော် များများ ကို လူနာ၏ ဒဏ်ရာ
ပေါ်အုပ်ပြီး သွေးထွက်နည်းစေရန်
ယာယီသဘောမျိုးဖြင့် ပတ်တီးစည်း ပေး
လိုက်သည်။

“ဆရာမပြောသလိုပါပဲ၊ ကျနော် အရိုက်
ခံရတာပါ၊ဒါပေမဲ့ ရန်ဖြစ်ပြီး အရိုက်ခံရတာ
တော့မဟုတ်ပါဘူး။ဆရာမလည်းကြား
ဘူးမှာပေါ့။[နုတ်ကြောင့် သေ လက်ကြောင့် ကြေ] ဆိုတဲ့ စကားပုံလေ၊
ကျနော်ကတော့ နုတ်ကြောင့် ခုလို
နဖူးကွဲရတာဗျ။

ဒီနေ့ အလုပ်ကအပြန် လမ်းမှာ မိုးက
သည်းကြီးမဲကြီးကိုရွာတော့တာ။
မိုးကာအင်္ကျီတို့ ထီးတို့ယူရမှာကို သူက
အလွန်ပျင်းလေတော့ လိုင်းကားပေါ်ကအဆင်း မိုးရွာထဲမှာပဲ
အိမ်ကိုပြန်ချလာလိုက်တယ်။
အအေးမိသွားလို့ထင်ပါတယ်၊တကိုယ်
လုံးညောင်းညာကိုက်ခဲပြီး လူကမလှုပ်
ချင်အောင်ဖြစ်လာတယ်။
ဒါနဲ့သူ့မိန်းမကို

“သက်ရေ မောင်တော့ဖျားတော့မယ်
ထင်တယ် ကိုက်ခဲနေတာပဲကွာ”

“ဟုတ်လားမောင်၊မောင်က ထီးယူဆိုလည်း ယူတာမဟုတ်ဘူး၊
ခုတော့ဖြစ်ပြီ။

သူ့မိန်းမက တဗျစ်တောက်တောက်
ပြောရင်း ဒီကိုဂျင် တစ်လုံး တိုက်လိုက်
သည်။

“ညီမလေးရေ လိမ်းဆေးပုလင်းယူခဲ့စမ်းပါ”

သူ့မိန်းမက သူ့ညီမကို လှမ်းပြောသည်။
သူနဲ့ဆိုရင်တော့ ခယ်မ တော်တာပေါ့။
ရေချိုးပြီးစ ရှင်မတောင်သနပ်ခါး နံသင်းသင်းလေးဖြင့် သူတို့လင်မယား
အခန်းထဲသို့ ခယ်မလေးက ဝင်လာသည်။

“ရော့ မမ၊ အစ်ကိုကြီး ချော နှိပ်ပေးရအုံး
မလား”

သူပါးစပ်ဟမလို့ ပြင်တုန်း၊သူ့မိန်းမက

“နေနေ ညီမလေး လုပ်စရာရှိတာလုပ်
မမ မောင့်ကိုပြုစုလိုက်မယ်”

ဒီလိုနဲ့ ခယ်မဖြစ်သူ အခန်းထဲက
ထွက်သွားတာနဲ့ သူ့တကိုယ်လုံးကို
လိမ်းဆေးရည်တွေ နေရာလွတ်မကျန်
သူ့မိန်းမက လိမ်းပေးတော့တယ်။

“အဲဒီလိမ်းဆေးနာမည်က ဆေးမြစ်
တစ်ထောင် ဇော်ဂျီမောင် တဲ့ ဆရာမ
ကြားဖူးလားတော့မသိဘူး”

လူနာက ဒေါက်တာ ဝေရည်ညွန့် ကို
မေးလိုက်သည်။

“ကျွန်မ တိုင်းရင်းဆေးတွေ သိပ်မသိဘူးရှင့်
ထွန်းရွှေဝါတို့လောက်ပဲသိတယ်”

“အဲဒီ လိမ်းဆေးရည်တွေက ရှင်မတောင်
သနပ်ခါး အရည်တွေလိုပဲဗျ၊ ကြိုက်တဲ့
သူဆိုရင်တော့မွှေးနေမှာ၊ဆေးမြစ်စုံနဲ့
လုပ်ထားတာကိုး၊ အ..ဲပုလင်းက ၁ လီတာ
လောက်ရှိမယ်၊ရေသန့်ဘူးလောက်ပေါ့၊
ဖန်ပုလင်း နဲ့ ထည့်ထားတာဗျ၊
ကျနော်ကတော့ တော်တော် တန်န
ဝေဒနာလောက်တော့ ကျိတ်မှိတ်
ခံလိုက်တာ ဆရာမရေ၊ဘာလို့လည်း
ဆိုတော့ ဘာလေးပဲဖြစ်ဖြစ် ကျနော့်
မိန်းမ သက်က ဒီဆေးမြစ်တစ်ထောင်
ဇော်ဂျီမောင် နဲ့ချည့်ပဲဗျာ။ကြာတော့
အဲ့ဒီ ဆေးကြီးကို လန့်လာတာ၊ပူရှိန်းနေ
တာများ မီးနဲ့အကင်ခံနေရသလိုပဲ၊
မောင်ရေ ဇော်ဂျီမောင် လေးလိမ်းပြီး
စောင်လေးခြုံ နှပ်ထားလိုက်နော် ဆိုတာ
ကျနော့် မိန်းမ လက်သုံးစကား၊
ဘယ်ပြောကောင်းမလဲဆရာမရယ်
ပူကပူ စောင်ကြီးပါခြုံပေးထားတော့
ချွေးတွေသံတွေ တပြိုက်ပြိုက်ပေါ့ဗျာ။
ကဲတွေ့လားမောင် ချွေးတွေထွက်လာပြီ
အဲဒါဆို မောင်သက်သာပြီလုပ်တာ။
ခုလည်း ဇော်ဂျီမောင် လိမ်းပြီး စောင်ခြုံ
ထားရင်း သူက ကျနော့်ဘေးနား
ထိုင်စောင့်နေတာ၊ဒီတင် မဆီမဆိုင်
အတွေးတစ်ခု ကျနော့် ခေါင်းထဲ
ဝင်လာတယ်။အဲဒီအတွေးသာ မတွေးမိ
ခဲ့ရင် ခုလိုအဖြစ်မျိုးဘယ်ဖြစ်လိမ့်မလဲ
ဆရာမရယ်။

သူ့ဘေးမှာထိုင်ရင်း လက်တစ်ဖက်ကို ဆုပ်
ထားတဲ့ မိန်းမကို သူတွေးမိတာကို
ပြောလိုက်တယ်။

“သက်”

“ဟင် ဘာလဲမောင်”

“တကယ်လို့များ မောင်သာခုနေ ဖြိုးကနဲ့
ဖျက်ကနဲသေသွားရင် သက် နောက်
အိမ်ထောင်ပြုမှာလား သက်”

“မောင်ရယ် မပြောကောင်း မဆိုကောင်း
နမိတ် မရှိစကားတွေ ဘာလို့ပြော နေတာလဲ”

“သက်ကလည်းကွာ လူဆိုတာ သေမဲ့သူ
တွေချည့်ပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို
သေမယ်လို့်မထင်ကြတာတော့ အံ့ဩဖို့
သိပ်ကောင်းတယ်။ငါတနေ့သေရမှာပါလား
ဆိုတဲ့ အသိလေးသာ အမြဲတမ်းရှိနေရင်
တစ်ယောက်နဲ့ တစ်ယောက် မနာလိုမုန်းတီးတာတွေ၊ဒေါသတွေနဲ့
ခိုက်ရန်ဖြစ် တာတွေ၊ မာန်မာနတွေ၊
မခေါ်နိူင်မပြောနိူင်ဖြစ်နေတာတွေက
တနေ့သေရမယ်ဆိုတာ မေ့နေကြလို့ကွ။
ကဲဒါတွေထားပါ ဖြေပါအုံး။မောင်သေသွား
ရင် သက်နောက်ထပ် ယောကျ်ား ယူအုံး
မှာလား”

သူက အဲဒီလို မေးတော့ ၊သူ့မိန်းမက
သူ့လက်ကလေးကို ဖျစ်ညှစ်၍

“သေချာပါတယ်မောင် ၊ မောင်သေသွား
ခဲ့ရင် သက် နောက်အိမ်ထောင်မပြု
တော့ဘူး”

သူ့မိန်းမ အဖြေကြားတော့ သူထပ်မေးလိုက်သည်။

“ဒါဆို သက်က ဘယ်သူနဲ့နေမှာလဲ”

“ညီမလေးနဲ့ပဲ နေမှာပေါ့မောင်ရဲ့”

“သက်ရယ်'”

ဆိုပြီး သူက မချိတင်ကဲ ရေရွတ်မိသည်။

“မောင်ကရော သက် ခုသေသွားခဲ့ရင်
နောက်မိန်းမ ယူမှာလားဟင်-”

သူအိပ်ယာက ထလိုက်ပြီး သူ့မိန်းမ
ပါးလေးကို ရွှတ်ကနဲ့ နမ်းလိုက်သည်။

“၂ခါပြန်မစဉ်းစားရပါဘူး သက်ရယ်။
သက်မရှိရင် မောင် နောက်မိန်းမ မယူ
ပါဘူးကွာ၊”

သက်က ချစ်မျက်စောင်း တစ်ချက်ထိုး၍

“မယုံပါဘူး ယောကျ်ား တွေက မိန်းမ
သေတဲ့အခါမပြောနဲ့ မသေခင်တောင်
ခြံခုန်ချင်ကျတာမို့လား”

သူ့မိန်းမ စကားကြားတော့ တဟားဟား
သူရယ်မိသည်။

“ဘုရားစူး မောင် တကယ် နောက်မိန်းမ
မယူတော့ဘူး”

ထိုအခါ သူ့မိန်းမ သက်က တွေတွေလေး
ဖြစ်သွားပြီး

“ဒါဆို မောင့်မှာ မိဘတွေလည်းမရှိတော့
ဘူး။ညီအစ်ကိုမောင်နှမလည်းမရှိဘူး။
သက်မရှိရင် မောင်ဘယ်သူနဲ့နေမှာလဲ”

“သက် ညီမလေး ချောနဲ့နေမှာပေါ့ သက်ရဲ့”

ဆိုပြီး အားပါးတရ သူကပြောလိုက်သည်။

“ဘာရယ် ဘယ်သူနဲ့ နေမယ်”

သူ့မိန်းမက ထပ်မေးသည်။

“အော်..မင်းညီမ ချောနဲ့နေမယ်လို့”

“နေချင်အုံး ကဲဟယ်”

“ဒုတ်”

“အမလေး သေပါပြီဗျ”

ဆေးမြစ်တစ်ထောင် ဇော်ဂျီမောင် လိမ်းဆေး ပုလင်းကြီးနဲ့ နောက်တစ်ချက်
ဆော်ဖို့ ပြင်နေတဲ့ သူမိန်းမ သက်ကို
ကြောက်ပြီး အခန်းထဲက သူထွက်ပြေးခဲ့
သည်။

ခွီးးး😆

ထိန်းထားသည့်ကြားက ဒေါက်တာ
ဝေရည်ညွန့်. ရယ်လိုက်မိသည်။

“ကျနော် ပြောတာ ရယ်စရာပါလို့လား
ဆရာမ”

လူနာက မကျေမချမ်းဖြင့်မေးသည်။

“မပါပါဘူးရှင် ၊ကဲ အနာ ဆေးကုရအောင်”

ထိုနောက် သူမက လူနာ၏ နဖူးက
ဒဏ်ရာကို ချုပ်ပြီး ဆေးထည့် ပတ်တီး
စီးလိုက်သည်။

“အစ်ကို့ မိန်းမကိုတော့ တရားမစွဲပါဘူး
နော်”

“ဟာဗျာကိုယ့်မိန်းမကို တရားပြန်စွဲစရာ
လားဗျ”

လူနာက ဘုတောတော၍ပြောသည်။

“ဒဏ်ရာက ၅ချက်တောင်ချုပ်ရတယ် ကျွန်မ ပေးလိုက်တဲ့ဆေးမှန်မှန်သောက်
အညှော်မမိစေနဲ့။နောက်သုံးရက်နေရင်
ပြန်လာပြ ”

“ဟုတ်ကဲ့ပါ ဆရာမ ဆေးဖိုးကတော့
ဟိုလေ …ကျနော်လည်း ကမန်းကတမ်း
ပြေးလာရတာဆိုတော့……..

“ရပါတယ် ရှင်၊ကျွန်မနားလည်ပါတယ်။
နောက်တခါလာမှ ပေးပါ”

“ကျေးဇူးတင်ပါတယ် ဆရာမ”

လူနာက သူမကို နူတ်ဆက်၍ ထွက်သွား
သည်။လူနာဆေးခန်းဝရောက်မှ
သူမ သတိတစ်ခုဝင်လာပြီး

“အစ်ကို အစ်ကို..နာမည်လေးပြောခဲ့
ပါအုံး”

ထိုအခါလူနာက ပေစောင်းစောင်း
မျက်နှာပေးဖြင့်

“ဘာလဲဗျ ဆရာမက မိန်းမ အရိုက်ခံရတဲ့
ကောင်ဆိုပြီး လျှောက်ပြောမလို့လား”

“မဟုတ်ပါဘူးရှင်၊ဆေးကုသမှု့မှတ်တမ်း
မျှာ ရေးသွင်းရမှာမို့ပါ”

သူမက နေ့စဉ် ဆေးကုသမှု့ လူနာမှတ်တမ်း စာအုပ်ကို ပြလိုက်သည်။

ဒီတော့မှ လူနာက ဘုဆက်ဆက်ဖြင့်

“စိန်မင်းထွန်း ”

လို့ပြောပြီး ဆေးခန်းထဲက ထွက်သွား
လေတော့သည်။

ပီယ[12.8.2022\ 10:00 am ]