ဝဋ်

Posted on

ဝဋ်(စ/ဆုံး)

——
ကျွန်တော်တို့ အထက်တန်းကျောင်းသားအရွယ်တွေက ၂၀ နီးပါးဖြစ်နေပြီ။ သူငယ်တန်းတွင် KG1, KG2, KG3 ဆိုကာ သုံးနှစ်တက်ပြီးမှ ပထမတန်းကို တင်ပေးသော စနစ်ကြောင့်ဖြစ်သည်။

အထက်တန်းကျောင်းသားဘဝကတည်းက စာကြမ်းပိုးဖြစ်နေသော ကျွန်တော့်ကို အောင်အောင်က “စာရူး” ဟု နောက်ပြောင်သည်။ သူ့ကိုလည်း ကျွန်တော်က “တဏှာရူး” ဟု ပြန်ခေါ်ပါသည်။ တစ်ယောက်နှင့် တစ်ယောက် ပြောမနာ၊ စ,မနာတွေဖြစ်သော်လည်း အောင်အောင်နှင့် မောင်မောင် ညီအစ်ကိုအား ကျွန်တော်ကတော့ ရှောင်သည်။ အဘယ်ကြောင့်ဆိုသော် တကယ့်ကို တဏှာရူးလွန်းသောကြောင့်ဖြစ်သည်။

ကျောင်းတွင် ချောလှသော ကောင်မလေးတွေကို စာလိုက်ပေးသဖြင့်လည်း မကြာခဏ ရုံးခန်းကိုရောက်သည်။ သို့သော် မိဘများက စိန်ကုန်သည်၊ ရွှေကုန်သည် သူဌေးတွေဖြစ်သောကြောင့် မျက်နှာကြီးမျိုးတွေကို အပြစ်ယူခြင်း နည်းလှသည်။ အောင်အောင်၏ အစ်မတစ်ဦးက ဆေးလိပ်ခုံထောင်သည်။ နာမည်ကျော် ဆေးလိပ်ဖြစ်သောကြောင့် လိပ်သားနှင့် ရောင်းအားကောင်းသည်။ အောင်အောင်တစ်ယောက် ဆေးလိပ်ခုံမှ ကောင်မလေးတွေကိုလည်း အလွတ်မပေး။

တစ်နေ့တွင် ဟိုးလေးတကျော်ကိစ္စတစ်ခုပေါ်ပေါက်ခဲ့သည်။ အောင်အောင် လက်တည့်စမ်းလိုက်သည့် ဆေးလိပ်ခုံမှ ကောင်မလေးတွင် ကိုယ်ဝန်ရှိသွားသည်။ သူ့အစ်မနှင့် မိဘတွေက ပိုက်ဆံနှင့်ပေါက်ပြီး လိုက်ရှင်း သည်။ ကောင်မလေး ဖခင်ဖြစ်သူက ကျောင်းအုပ်ဆရာကြီးကို လာတိုင်သည်။ မိကောင်းဖခင်သားသမီးပီပီ ပေးစားရန်အတွက် အောင်အောင့် မိဘတွေကို ပြောပေးပါရန် လာပြီးစစ်ကူတောင်းခြင်းဖြစ်သည်။ သို့သော် ဆရာကြီးကလည်း ဘာတတ်နိုင်ပါမည်နည်း။ အောင်အောင့်ကိုတော့ ကျောင်းထုတ်လိုက်သလား ဘာလား မသိ။ အောင်အောင်ရော သူ့ညီမောင်မောင်ပါ ကျောင်းပြောင်းသွားသည်။ ကျွန်တော်နှင့်လည်း အဆက်ပြတ် သွားသည်။ အကျင့်မကောင်းသူတစ်ယောက် မရှိတော့ခြင်းကြောင့်လည်း စိတ်ချမ်းသာမိသည်။

ကျွန်တော် ကျောင်းဆရာဖြစ်သည့်အခါတွင် အောင်အောင့်ကို နောက်ဆုံးပေါ်ကားကြီးစီးကာ ကြွားကြွားဝင့်ဝင့် မကြာခဏတွေ့ပါသည်။ မိဘများ ဆုံးသွားသော်လည်း သူကိုယ်တိုင် လက်ထပ်ထားသည် သူဌေးသမီးက စီးပွား ရေးလုပ်ငန်းများကို ဦးဆောင်ဦးရွက်ပြုနိုင်သောကြောင့် ပိုပြီး ချမ်းသာသည်။ သို့သော် အောင်အောင် တစ်ယောက်ကတော့ အရက်မူးလိုက်၊ အပျော်ကြူးလိုက်လုပ်နေသည်။ ပိုဆိုးသည်မှာ မြို့သစ်ဘက်တွင် မယားငယ်တွေကို အိမ်ခြံတွေဝယ်ပေးပြီး အလှည့်ကျ လာရောက်ပျော်ပါးနေတတ်ခြင်း ဖြစ်သည်။

ပိုက်ဆံကလည်းရှိ တပည့်တပန်းတွေကိုလည်း ကျွေးမွေးထားနိုင်သည့်အပြင် အုပ်စုလိုက် ကားသုံးလေးစီးဖြင့် မြို့သစ်ကို ရောက်လာကာ သောင်းကျန်းတတ်သည်။ ကျွန်တော်ကတော့ ကျောင်းကို စက်ဘီးစုတ်လေးနင်းကာ သွားနေချိန်တွင်

“ဟေ့ စာရူး ကျောင်းကိုလိုက်ပို့ပေးမယ်လေ” ဟု နောက်က ကားဟွန်းတတီတီတီးကာ နောက်ပြောင်သည်။ ကျွန်တော်ကလည်း

“မင်းလို တဏှာရူးကားကို ငါကစီးရမှာလား” ဟုပြန်ပြောရာ ကားပေါ်တွင် ပါလာသည့် ကောင်မလေးရော သူပါ မျက်စိမျက်နှာတွေ ပျက်ကုန်သည်။ နောက်နောင်ကျွန်တော့်ကို လမ်းတွင် တွေ့လျှင်မခေါ်တော့။ မမြင်ချင် ယောင်ဆောင်ကာ မောင်းပြေးသည်။

တစ်နေ့တွင် ကျောင်းရုံးခန်းထဲ၌ စာဖတ်နေစဉ်

“ဆရာကြီးရှင့်”

“ဘယ်သူများလဲ ဝင်ခဲ့လေကွယ်”

“ကျွန်မ ခင်အေးနွယ်ပါဆရာကြီး”

“ဪ သမီး လာလေ … ဘာကိစ္စလဲ”

ခင်အေးနွယ်ကား ကျွန်တော် ၈ တန်းအထိသင်လိုက်ရသော ကျောင်းသူဖြစ်သည်။ ကျောင်းက ထိုအချိန်တွင် အလယ်တန်းသာ ရှိသေးသောကြောင့် ၈ တန်းအောင်သော် အထက်တန်းကျောင်းကိုပြောင်းကြသည်။ ထို့ကြောင့် တပည့်မလေးနှင့် မတွေ့ရသည်မှာကြာပြီ။

“လာလေသမီးထိုင် ဘာကိစ္စလဲ”

“ဆရာကြီး … သမီးအိမ်ထောင်ပြုတော့မလို့”

“ဟုတ်လား”

“အဲဒါ ဆရာကြီး အိမ်ကိုကြွခဲ့ပါလား … သမီးမှာ အဖေကမရှိတော့ ဆရာကြီးကိုပဲ ဖခင်နေရာကနေ စကားလေးဘာလေး ပြောပေးစေချင်ပါတယ်”

“ရတာပေါ့ကွယ် … ဘယ်တော့လဲ”

“မင်္ဂလာပွဲကတော့ အကျဉ်းရုံးမှာပါဆရာကြီးရယ် … လူကြီးစုံရာကန်တော့တာလောက်ပဲ … သမီးတို့ကလည်း ရှိမှ မရှိတာ။ အကျဉ်းရုံးပြီး တရားဝင်အောင် လုပ်ရတာပါ ဆရာကြီး”

“ဒါနဲ့ နင့်အမေရော”

“အမေက နေ့လယ်ရထားနဲ့မှ ပြန်လာတာ”

“ဘယ်သွားနေလို့လဲ”

“ပျဉ်းမနားလေ”

“အေး … အေး … ဆရာလာခဲ့မယ် … ဘယ်နှနာရီလောက်လဲ”

“ညနေ ၅ နာရီမှပါဆရာကြီး”

ခင်အေးနွယ်က အထည်ချုပ်စက်ရုံတွင် အလုပ် လုပ်နေသည်။ စီးပွားရေး အနေအထားကြောင့် ကျောင်းဆက် မတက်နိုင်တော့။ မိခင်ကို လုပ်ကျွေးနေသော လိမ္မာသည့် ကလေးမလေးဖြစ်သည်။

ညနေကျောင်းလွှတ်သည့်အခါတွင် ခင်အေးနွယ်တို့အိမ်ကို ကျွန်တော့်စက်ဘီးစုတ်လေးဖြင့် တစ်ကုန်းတက် တစ်ကုန်းဆင်း မောနေအောင် နင်းသွားရသည်။ သူတို့အိမ်လေးကား ယခင်ကထက်ပင် စုတ်ချာနေသည်။

ကျွန်တော်နှင့်အတူ ရပ်ကွက်လူကြီးတွေက တစ်ဝိုင်းထိုင်ပြီး စကားပြောနေသည်။ ကြုံကြိုက်တုန်း ကျောင်းကိစ္စလေးတွေ ဆွေးနွေးကြသည်။ ရပ်ကွက်လူကြီး ဦးလှဘော်က

“ဟဲ့ ခင်အေးနွယ် … နင့်သတို့သားက ခုထိမလာသေးဘူးလား” ဟု အော်လိုက်သည်

“လာပါတော့မယ်အဘိုးလေး”

ကျွန်တော်တို့ စကားပြောနေစဉ်မှာပင် အိမ်ရှေ့ကို လင်းရိုဗာကားတစ်စီး ထိုးဆိုက်လာသည်။ ကားပေါ်က ဘောင်းဘီရှည် စပို့ရှပ်အဖြူနှင့် မင်းသားစတိုင် ဆင်းလာသူမှာ အောင်အောင်ဖြစ်နေသည်။ ကျွန်တော်က ခင်အေးနွယ်တို့ စက်ရုံအနေဖြင့် လာသည်ဟုထင်သည်။ အောင်အောင့်မိန်းမကလည်း အထည်ချုပ်စက်ရုံ ထောင်ထားသော ကြောင့်ဖြစ်သည်။

“ဆရာကြီး လာပြီ”

“သူလား နင်နဲ့ လက်ထပ်မှာ”

“ဟုတ်ကဲ့ ဆရာကြီး”

“ဟာ”

ကျွန်တော် အံ့အားသင့်သွားသည်။

“သမီး ခင်အေးနွယ် ဆရာပြန်တော့မယ်”

“ဘာဖြစ်လို့လဲဆရာ”

“အဲဒီကောင်ကို ကြည့်မရလို့”

“မလုပ်ပါနဲ့ဆရာရယ်”

အောင်အောင်က စပ်ဖြဲဖြဲနှင့် ကျွန်တော့်ကို

“ဆရာကြီးတဲ့လား … ကောင်းလိုက်တာ မင်္ဂလာစကားပြောမယ်ပေါ့ ဟုတ်လား” ဟု ဆိုသည်။

“ဟေ့ကောင် ငအောင် ငါ့တပည့်မို့လို့ အားနာပြီးနေတာ … မင်းကို ထရိုက်ချင်နေတာ”

အောင်အောင်က စပ်ဖြဲဖြဲနှင့်

“မလုပ်ပါနဲ့ ဆရာကြီးရယ် ကြောက်လို့ပါ”

ထိုစဉ် ခင်အေးနွယ် က

“အမေ … အမေ … အမေဘယ်သွားနေလဲ”

“နင့်အမေ ဒီမှာ အလှပြင်လို့ မပြီးသေးဘူး”

“ဟား … ဟား … ဟား”

ထိုစဉ် အိမ်ခန်းထဲက ခင်အေးနွယ်မိခင်ကထွက်လာသည်။

“အမေ ကန်တော့ခံဖို့ ရှေ့ကိုလာလေ”

ကျွန်တော်ကတော့ အောင်အောင်ကန်တော့တာကို မခံချင်သဖြင့် အိမ်အောက်တွင် ရပ်နေသည်။

“ဆရာကြီး လာလေ … ဆရာကြီးကို ကန်တော့မလို့”

“နေပါကွယ် … ဒီကောင်နဲ့ငါက သူငယ်ချင်းတွေ မဖြစ်ပါဘူး”

“လာပါကွ … ဆရာကြီးအမှတ်နဲ့ ကန်တော့မှာပါ”

ကျွန်တော့်ကို ခင်အေးနွယ်က အတင်းလာဆွဲသည်။

“အမေ ဆရာကြီးနားမှာထိုင်လေ”

သူ့အမေက လူတွေကိုကျော်ကာ ရှေ့ကိုထွက်လာပြီး ကျွန်တော့်ဘေးတွင် ထိုင်လိုက်သည်။ ထို့နောက် သမီးဘေးတွင် စပ်ဖြဲဖြဲနှင့်ထိုင်နေသော အောင်အောင့်ကိုကြည့်ကာ

“ဟင် … နင် … အောင်အောင် မဟုတ်လား” ဟုမေးလိုက်သည်

အောင်အောင်က မျက်စိမျက်နှာပျက်သွားပြီး

“ဟုတ်တယ် … နင်ရော တို့အစ်မဆေးလိပ်ခုံကမဟုတ်လား”

“ဟုတ်တယ်လေ … နေဦး … သမီးကို မေးရဦးမယ် မှန်မှန်ပြော … ဒီကောင်နဲ့ ဗြုန်းစားကြီးယူဖို့ ဘာဖြစ်လို့ စီစဉ်ရတာလဲပြော”

ခင်အေးနွယ်က ခေါင်းငုံ့နေသည်

“ပြောလေ”

သူ့မိခင်အော်သံက ငိုသံပါရောစွက်လာသည်

“သမီးကို အိမ်ပြင်ဆောက်ပေးမယ် ပိုက်ဆံလည်း ထောက်မယ်ဆိုလို့”

“မှားကုန်ပြီ … မှားကုန်ပြီ … ဟဲ့ … ငအောင် အဲဒါ ဘယ်သူထင်သလဲ”

“ဘယ်သူလဲ”

“နင့်သမီး … နင်သောင်းကျန်းပြီးတော့ ငါ့ကို မယူဘဲ ပစ်ထားခဲ့လို့ လင်ကောင်မပေါ်ဘဲ မွေးခဲ့ရတဲ့ နင့်သမီး”

#တင်ညွန့်

၁၇.၁၀.၂၀၂၁