သရဲကြီး ဆောတော

Posted on

သရဲကြီး ဆောတော(စ/ဆုံး)
°°°°°°°°°°°°°°°°°°°°°°°°°

“အောက်အီ အီး အွတ်…”
ကြက်တွန်သံကြားတာနဲ့ ကျင့်သားရနေတဲ့
မျက်စိတွေက ဖျက်ခနဲ ပွင့်သွားတယ်။
ဒေါ်မှုန် အိပ်ရာက လူးလဲထလိုက်တယ်။
တစ်ဆက်တည်းမှာပဲ…
“သားလေးနီတွတ်ရေ ထလော့ ။
အမေတို့ အကြော်ကြော်ဖို့
နောက်ကျနေတော့မယ် “
လို့ နှိုးတယ်။
မျက်လုံး ဖျက်ခနဲပွင့် ။ လူးလဲထ ။
နီတွတ်ကို နှိုး ဒီအလုပ်တွေက
ဒေါ်မှုန် နိုးနိုးချင်း ပြုနေကျအလုပ်တွေ။
ဒေါ်မှုန် မျက်နှာကို ကပျာကသီ သစ်လိုက်တယ်။
ပြီးတော့ ခေါင်းခုလုပ်တဲ့ ပုဆိုးဟောင်းနဲ့ မျက်နှာကို
သုတ်လိုက်တယ်…
ပြီးတာနဲ့ …
ညကတည်းက အဆင်သင့်လုပ်ထားတဲ့ အကြော်ကြော်ဖို့
ပစ္စည်းပစ္စယတွေထည့်ထားတဲ့ တောင်းကိုရွက်လိုက်တယ်…
အဲဒီအချိန်မှာ နီတွတ်ကလည်း မျက်နှာသစ်ပြီးနေပြီ။
မနက်တိုင်း သူယူနေကျ ရေပုန်းတို့ ရေနွေးအိုးတို့ကို
ဆွဲထားပြီး ။
တောင်းရွက်ပြီး ဒေါ်မှုန်ထွက်တာနဲ့
နီတွတ်လည်း နောက်ကနေ လိုက်ပါသွားတယ်။
တကယ်တော့ ဒေါ်မှုန်အကြော်ကြော်ရတာ
သိပ်မကြာသေးပါဘူး။
မနှစ်က သူ့ယောင်္ကျား သာအေး ပိုးထိပြီးဆုံးသွားမှ
သားလေးကို အဖော်ပြုပြီး အကြော်ရောင်းရတာ။
နီတွတ်ခမျာလည်း သေစာရှင်စာလောက်
ဖတ်တတ်သေး။
အသက် ရှစ်နှစ်နဲ့ ဘဝကျောင်းတက်နေရတယ်။
အမေကို ကူညီနေရှာတယ်။
တကယ်တော့ ဒေါ်မှုန် ဒီနေ့ အချိန်မှားပြီး ထမိတာပါ။
အရင်နေ့ကတွေဆို ကြက်တွန်သံကြားလို့
အိပ်ရာက နိုးတာနဲ့ ကောင်းကင်ကိုမော့ကြည့်တယ်။
ခုနှစ်စင်ကြယ်ဘယ်ရောင်နေလဲ ။
မောင်ရင်ဆိုင်းထမ်းဘယ်မှာလဲ ရှာတယ်။
တွေ့ရင် အချိန်ကို မှန်းတယ်။
ဒီနေ့တော့ မိုးအုံ့နေတယ်။ လကလည်း မိုက်တယ်။
ကောင်းကင်ပြင်ကျယ်ကြီးထဲမှာ
ကြယ်တစ်လုံးမှမတွေ့ရဘူး။
ညဉ့်နှစ်နာရီလောက် တွန်တဲ့ကြက်သံကို
လင်းကြက်တွန်သံ အောက်မေ့ပြီး ထလာကြတာ။
ထလာပြီးကာမှ အရမ်းစောနေသေးတယ်ဆိုတာ
ဒေါ်မှုန်သတိပြုမိလိုက်တယ်…
တစ်ရွာလုံးငြိမ်သက်နေတုန်း။
အမှောင်ထုအောက်မှာ အိပ်မောကျနေကြတုန်း…
အရင် သူထနေကျအချိန်မှာဆို
ဟိုအိမ်သည်အိမ် မီးတစ်လက်လက်နဲ့
ဆွမ်းချက်ဖို့ ပြင်ဆင်နေကြပြီ။
ဒေါ်မှုန် သားလေးကို သနားသွားမိတယ်။
“သား အိပ်ရေးမဝသေးဘူး မဟုတ်လား။
အကြော်တဲရောက်မှ အမေ့အနားမှာ
တစ်ရေးလောက် အိပ်လိုက်ဦးနော်”
“ဟုတ်ကဲ့ အမေ…”
သားအမိနှစ်ယောက် မီးအုပ်လေးဆွဲပြီး သွားနေကြတယ်…
ကွမ်းတစ်ရာညက်လောက်ကြာတော့ အကြော်တဲကို
ရောက်တယ်။
မုဆိုးမဆောက်တဲ့ အကြော်တဲ။
ခနော်ခနဲ့ပေမယ့် နေရာက နေရာကောင်း။
သူတို့ သစ်ဖြူပင်ရွာနဲ့ တောင်ဝှေးထောက်ရွာလမ်းဆုံ။
ကုက္ကိုပင်ကြီးအောက်မှာ ဒေါ်မှုန် ။
တောင်းကိုချပြီးတာနဲ့ မီးအရင် မွှေးတယ်။
တောင်းထဲက ဒယ်ပိုင်း ဆန်ခါ
မုံ့နှစ်ဇလုံ စတဲ့ပစ္စည်းပစ္စယတွေကို
နေရာတကျ ထားတယ်။
နီတွတ်ကလည်း သူလုပ်နိုင်တာတွေကို
ကျွမ်းကျွမ်းကျင်ကျင်နဲ့
သွက်သွက်လက်လက် ဝိုင်းကူပေးတယ်။
မလှမ်းမကမ်းရေတွင်းကနေ ရေခပ်ပေးတယ်။
ဒေါ်မှုန် အကြော်စကြော်တော့မှ
သူ့အမေဘေးမှာ ကပ်ပြီး နီတွတ်အိပ်သွားတယ်။
ဒေါ်မှုန်ကတော့ ပြုမြဲဝတ္တရားအတိုင်း အကြော်တွေ
ဒယ်အိုးထဲ ထည့်ကြော်လိုက် ဝါးတုတ်ချွန်လေးနဲ့
အပေါ်အောက် လှန်လိုက်။ ကျက်ပြီဖြစ်တဲ့
အကြော်တွေကိုခပ်ပြီး ဆန်ခါထဲထည့်လိုက်နဲ့
အလုပ်ကို ဇယ်ဆက်သလိုလုပ်နေတယ်…
မုန့်နှစ်တစ်ဝက်လောက်ကုန်တော့
ဒေါ်မှုန်ခါးဆန့်ပြီး အညောင်းဖြေလိုက်တယ်။
မျက်လုံးကလည်း အကြော်ထည့်တဲ့ ဆန်ခါဆီ
ရောက်သွားတယ်။
ဒေါ်မှုန် ရင်တွေပန်းတွေ တုန်ပြီး ထိတ်ခနဲဖြစ်သွားတယ်
ဆန်ခါထဲမှာ အကြော်တွေ တစ်ခုမှ မရှိတော့ဘူး။
“ဘုရား …ဘုရား…ဘုရား…ငါ့အကြော်တွေ
ဘယ်ရောက်ကုန်တာလဲ။
မုန့်နှစ်တွေလည်း တစ်ဝက်လောက်ပဲ ကျန်တော့တယ်။
ကြော်နေလိုက်ရတာလည်း ခါးတောင်းညောင်းနေပြီ…
မုန့်တွေ အများကြီးဖြစ်နေရမှာ ခုတော့ ဆန်ခါထဲမှာ
တစ်ခုမှ မရှိတော့ဘူး။
ဘယ်သူတွေများ ယူစားလည်း မသိဘူး။
ငါတော့ အရင်းပြုတ်ပါပြီ…”
ဒေါ်မှုန် အကြော်တောင် ဆက်မကြော်နိုင်တော့ဘူး။
ပြောလည်းပြော ။ ငိုလည်းငိုနဲ့။
တော်တော်လည်းငိုပြီးမှ တဟင့်ဟင့်ရှိုက်ရင်းနဲ့
စိတ်မပါ လက်မပါ အကြော်ဆက်ကြော်နေရတယ်…
အဲဒီအချိန်မှာ နီတွတ်နိုးလာတယ်…
“အမေ ဘာလို့ ငိုနေတာလဲ”
“အကြော်တွေ ဘယ်သူယူစားမှန်းမသိဘူး သားရယ်
တစ်ခုမှ မကျန်တော့ဘူး…
အရင်းပြုတ်ရင်း နောက်နေ့ စျေးမရောင်းနိုင်တော့ဘူး
အမေတို့သားအမိတော့ ငတ်ပြီနဲ့ တူပါတယ် သားရယ်”
ဒေါ်မှုန်ကသားကို ပြောပြရင်း ဝမ်းနည်းလာတာနဲ့
ထပ်ပြီး ငိုမိပြန်တယ်…
တကယ်တော့ ဒေါ်မှုန်အကြော်တဲဆောက်ထားတဲ့
ကုက္ကိုပင်ကြီးမှာ သရဲကြီးတစ်ကောင်ရှိပါတယ်…
ပုံမှန်အားဖြင့်ဆိုလျှင် တစ္ဆေ သရဲတို့၏
အစာရှာချိန်က ညဘက်ပါ။
အရုဏ်လာတာနဲ့ ကိုယ်ဘုံ ကိုယ်ဌာနပြန်ကြတယ်။
ဒီနေ့ ဒေါ်မှုန် အချိန်မှားထလာတယ်။
အကြော်ကြော်တယ်။
အဲဒီချိန်က သရဲ တစ္ဆေ အစာရှာချိန် သူတို့က
ဘယ်လောက်စားရ စားရ မဝတဲ့သတ္တဝါတွေ
ဆာလောင်မွတ်သိပ်ခြင်း ဒုက္ခကို အမြဲခံစားနေရသူ
မဟုတ်လား။
ဒေါ်မှုန်ရဲ့ အကြော်နံ့လေးကလည်း
မွှေးတော့မနေနိုင်ဘူးနဲ့ တူရဲ့ …
ဒေါ်မှုန်ငိုနေတုန်းမှာပဲ အသံသြသြကြီးနဲ့
ပြောသံကို ကြားလိုက်ရတယ်။
ဒေါ်မှုန် လန့်သွားတယ်။ ငိုနေတာတောင် ရပ်သွားတယ်။
“ငါဆာလို့ စားတာပါ ။ အကြော်ဖိုး ပြန်ပေးပါ့မယ်။
မငိုပါနဲ့ …”
အသံချည်းပဲ ကြားရတယ်။ ဘယ်သူဘယ်ဝါ မမြင်ရဘူး။
နီတွတ်တောင်လန့်ပြီး သူ့အမေရင်ခွင်ထဲ
ရောက်သွားတယ်။
“လူလား …သရဲလား…ဘယ်ကပြောနေတာလဲ…”
ဒေါ်မှုန် အရဲစွန့်မေးလိုက်တယ် ။
ပြီးတော့ …
“ကျုပ်တို့က ဆင်းရဲလို့ အကြော်ရောင်းစားနေရတာပါ။
အရင်းအနှီးပိုက်ဆံကလည်း သူများဆီက
နေ့ပြန်တိုးယူရတာပါ။ အရင်းပြန်မဆပ်နိုင်ရင်
ကျုပ်တို့ကို ချေးမှာမဟုတ်တော့ဘူး။
နေ့ပြန်တိုးမချေးလို့ အကြော်မကြော်ရရင်
ကျုပ်တို့သားအမိဒုက္ခရောက်ရမှာပါတော်…”
“ငါက ဒီအပင်မှာနေတယ် ။ ငါနာမည်ဆောတောလို့ခေါ်တယ်။
ငါ့ရုပ်ကို ပြရင် နင်တို့ သားအမိ အရမ်းကြောက်သွားမှစိုးလို့
အသံနဲ့ပဲ ပြောမယ်။ အကြော်ဖိုးပေးပါမယ်…ရော့ ရော့”
အကြော်ဗန်းထဲကို ငွေ ၁၅ ကျပ် ကျလာတယ်။
ဒေါ်မှုန် မျက်လုံး ပြူးသွားတယ် ။ သူကြော်တဲ့အကြော်တွေက
အလွန်ဆုံးရှိမှ အခုငါးဆယ် ။
တစ်ခုကို ဆယ်ပြားဆိုတော့ ငါးကျပ်ပဲကျသင့်မယ်။
ဒါကြောင့် …
“ကိုဆောတောရယ် ပေးတဲ့ပိုက်ဆံက များလွန်းနေပါတယ်။
ကျုပ်တို့က သမာအာဇီဝနဲ့ ရှာစားနေကြတာပါ။
မတရား မလိုချင်ပါဘူး…
ငါးကျပ်ပဲပေးပါ ပိုတဲ့ပိုက်ဆံ ပြန်ယူပါ”
ဒီတော့ အသံရှင်ဆောတေက။
“ပိုတဲ့ပိုက်ဆံ နင်တို့ရင်းနှီးစားပေါ့။
ငါနဲ့ နင်တို့ သားအမိနဲ့ မိတ်ဆွေဖြစ်သွားပြီပေါ့…”
“အေးပါတော် ။ ဒီလိုဆိုရင် နောက်နေ့တွေ့မှာ
ကိုဆောတောကို အကြော်တစ်ပန်းကန်ကျွေးပါ့မယ်
ဆေးလိပ်တစ်လိပ်လည်း တိုက်ပါ့မယ်…”
“အေး…အေး ငါလည်း နင်တို့အကြော်ရောင်းကောင်းအောင်
စျေးခေါ်ပေးမယ်…”
ဒေါ်မှုန်က ပြောင်းဖူးဖတ်ဆေးလိပ်ကြီးတစ်လိပ်ကို
မီးညှိပြီး သစ်ပင်တွေကြား တင်ပေးတယ်။
သရဲကြီးဆောတောလည်း သူရှိမှန်းသိအောင်
သစ်ပင်ခွကြားမှာ ဆေးလိပ်မီးကို ရဲခနဲ ရဲခနဲ
ဖွာပြတယ်…
အဲဒီနေ့က ဒေါ်မှုန်တို့ သားအမိအကြော်ရောင်းလို့
ကောင်းလိုက်ပုံများ လက်ကိုမလည်ဘူး။
ပိုက်ဆံတွေလည်း ခါတိုင်းထက် ပိုရတယ်။
ဒေါ်မှုန်ဝမ်းသားပြီး ပျော်နေတယ်။
အဲဒီအပျော်က သူ့သားနီတွတ်ဆီ ကူးသွားတယ်။
နီတွတ်လည်း ပျော်ပျော်ပါပါး သွက်သွက်လက်လက်နဲ့
အကြော်ပွဲတွေချပေး ပန်းကန်တွေ လိုက်သိမ်းလုပ်ပေးတယ်။
ဒီလိုနဲ့ ခါတိုင်းထက် စောပြီး အကြော်တွေကုန်သွားလို့
ဒေါ်မှုန်တို့သားအမိ ပြန်ကြတယ် ။
မပြန်မီမှာ …
“ကိုဆောတောရေ ကျုပ်တို့ပြန်တော့မယ်”
လို့ နှုတ်ဆက်ပြီး…အကြော်တစ်ပန်းကန်နဲ့
ဆေးလိပ်တစ်လိပ် သစ်ပင်ခွဆုံပေါ်တင်ပေးခဲ့ကြတယ်…
XXXXXX
သရဲကြီးဆောတောနဲ့ မိတ်ဆွေဖြစ်ပြီး နောက်ပိုင်း
ဒေါ်မှုန်တို့ သားအမိ ရောင်းပန်းဝယ်ပန်းတွေ
ကောင်းလာတယ် ။
စားဝတ်နေရေးတွေလည်း ပြေလည်လာတယ်။
နေ့ပြန်တိုး မချေးရတော့တဲ့အပြင် ငွေလေး။
ရွှေလေးတွေတောင် အနည်းအကျဉ်း
စုမိဆောင်းမိလာတယ်။
နီတွတ်ကိုလည်း ကျောင်းပြန်ထားနိုင်တယ်။
ဒီလိုအဆင်ပြေလာတာ ဆောတောကြောင့်ဆိုတာ
ဒေါ်မှုန် သိပါတယ် ။ ကျေးဇူးလည်း တင်တယ် ။
ဒါကြောင့် မကြာခဏဆိုသလို
ရွာဦးဘုန်းတော်ကြီးကျောင်းကို
ဆွမ်းကပ်တယ်။အလှူအတန်းလုပ်တယ်။
ဆောတောကြီးအတွက် ရည်းစူးပြီး
အမျှအတန်းပေးဝေတယ်။
ဆောတောကြီးကို သာဓုခေါ်ခိုင်းတယ်…
နီတွတ်က ကျောင်းက သူငယ်ချင်းတွေကို
သူ မိတ်ဆွေသရဲကြီးဆောတော အကြောင်း
ပြောပြတယ်။
သူငယ်ချင်းတွေကို ခေါ်လာပြီး ဆောတောကြီးနဲ့
စကားပြောတယ်။
ဒီလိုနဲ့ ဆောတောအကြောင်း တစ်ရွာလုံး သိသွားတယ်။
ဆောတောကြီးနေတဲ့ ကုက္ကိုပင်ပေါ်ကို
စားစရာတွေ ထားကြတယ်။
အကူအညီလိုအပ်တဲ့သူတွေလည်း လာပြီး
အကူအညီတောင်းကြတယ်။
အရောင်းအဝယ်သမားတွေလည်း ရောင်းပန်းဝယ်ပန်းလှဖို့
ကာလသားတွေက သမီးရည်းစားချိန်တွေ့တဲ့နေရာ။
ခိုးပြေးတဲ့နေရာမျိုးမှာ စောင့်ရှောက်ဖို့
ရပ်မိရပ်ဖလူကြီးတွေက ရပ်ရွာကို သူခိုး ဓါးမြရန်က
ကာကွယ်စောင့်ရှောက်ဖို့ အကူအညီတောင်းကြတယ်…
ဆောတောကြီးကတော့ အကူအညီတောင်းသမျှကို
တစ်ခုမှ မကျန်အောင် ကူညီပေးတယ်။
လိုအပ်ရင် အသံပေးပြီး ပြောတယ်။
သတိပေးတယ်။
ရွာကို သူခိုး ဓါးမြဝင်ရင်လည်း
ကြောက်အောင်လန့်အောင်
ခြောက်လှန့်ပြီး ဖမ်းဆီးပေးတယ်။
ဒီလိုနဲ့ ဆောတောကြီးဟာ ရပ်ရေးရွာရေးကိစ္စမှန်သမျှမှာ
မပါမဖြစ် ဖြစ်လာတယ်။
အစစအရာရာ အကူအညီပေးတတ်လို့
သရဲပေမယ့် ဆောတောကြီးကို ဘယ်သူမှ
မကြောက်ကြဘူး။
ကလေး လူကြီး ယောင်္ကျားမိန်းမ တစ်ရွာလုံးက
ချစ်ကြ ခင်ကြတယ် ။
အလှူအတန်းလုပ်ကြ။ အမျှဝေကြတိုင်း
ရွာဦးကျောင်းဆရာတော်ကတောင်
“ဆောတောကြီးနဲ့တကွ “
လို့ ထည့်ဆိုပြီးမှ သုံးဆယ့်တစ်ဘုံသားအားလုံးကို
အမျှဝေတယ်
ဒီလိုနဲ့ သစ်ဖြူပင်ရွာလေးနဲ့ သရဲကြီးဆောတောရဲ့
ခင်မင်မှုက နှစ်တွေကြာလာခဲ့တယ်။
ဒေါ်မှုန်တောင် အကြော်မရောင်းတာ ကြာပြီး
အိမ်ဆိုင်လေး ဖွင့်ပြီး အိမ်မှာပဲနေတယ်။
ဒါပေမယ့် ဆောတောကြီးအတွက်တော့
နေ့စဉ်မပျက် စားစရာ သောက်စရာ ပို့ပေးတယ်…
နီတွတ်ဆိုရင်လည်း လူပျိုကြီးဖားဖားဖြစ်နေပြီ…
တစ်ရက် အရုဏ်မလာခင် နီတွတ် ဆောတောကြီးဆီကို
သွားတယ် ။
ဆောတောကြီးအတွက် မုန့်တွေလည်း ယူသွားတယ်
ကုက္ကိုပင်ကို ရောက်တော့ …
“ဦးဆောတောရေ ကျနော်လာတယ်ဗျို့။
ဦးဆောတောဖို့ မုန့်တွေလည်း ယူလာခဲ့တယ်ဗျ…”
လို့ အော်ပြောလိုက်တယ်။
မုန့်တွေကိုလည်း တင်နေကျ
ခွဆုံကြီးပေါ်မှာ တင်လိုက်တယ်။
အဲဒီအချိန်မှာ ဆောတောကြီးပြောတဲ့အသံကို
ကြားရတယ်။
“နီတွတ်ရေ ငါ မင်းတို့နဲ့ ခွဲရတော့မယ်ကွာ…”
ဆောတောကြီးရဲ့ အသံက ဝမ်းနည်းသံပေါက်တယ်…
“ဘာဖြစ်လို့လဲ ဦးဆောတောရဲ့…”
“မင်းတို့ ပေးဝေသမျှ ကုသိုလ်အမျှတွေကို ငါရတယ်
ဒါကြောင့် ဒီထက်မြင့်တဲ့ဘုံဘဝကို
ငါသွားရမယ်နီတွတ်ရေ…
မနက်ဖြန် မနက်လင်းကာနီးကျရင် ငါသွားမယ်.…
မင့်အမေကိုရော မင်းသူငယ်ချင်းတွေရော
ငါက နှုတ်ဆက်တယ်လို့ ပြောပေးပါ…”
ဝမ်းနည်းပမ်းနည်း ပြောနေတဲ့ ဆောတောကြီးရဲ့
အသံကြောင့် နီတွတ် စိတ်မကောင်းဖြစ်လာတယ်။
သူပါဝမ်းနည်းလာတယ်။အိမ်ပြန်ရောက်တော့
ဒေါ်မှုန်ကို ပြောပြတယ်။
သူငယ်ချင်းတွေကိုလည်း ပြောပြတယ်။
ညသန်းခေါင်ကျော်ချိန်မှာ နီတွတ်နဲ့
သူ့သူငယ်ချင်းတွေ ဆောတောကြီးကို နှုတ်ဆက်ဖို့
ကုက္ကိုပင်ကြီးဆီသွားကြတယ်။
ဆောတောကြီးစားဖို့ မုန့်တွေလည်း အများကြီး
ယူလာကြတယ်။
ဒေါ်မှုန်ကလည်း ဆောတောကြီးကို
နှုတ်ဆက်ချင်တယ်ဆိုလို့
နီတွတ်နဲ့ သူငယ်ချင်းတစ်ယောက်က တွဲပြီး
ခေါ်လာကြတယ်…
ကုက္ကိုပင်ရောက်တော့ ဆောတောကြီးကို
မုန့်တွေပေးပြီး စကားပြောကြတယ်။
ဆောတောကြီးက
“ဒီမှာ နင်တို့နဲ့ နေရတာ ငါပျော်ပါတယ်။
စားလည်းစားရပါတယ်။အခု အပိုင်စားရတဲ့နေရာကို
မသွားမဖြစ်လို့ သွားရမှာပါ။ငါ နင်တို့ကို ခွဲရတာ
စိတ်မကောင်းဘူး။ ငါ နင်တို့ အားလုံးကို
နှုတ်ဆက်ပါတယ်”
ဆောတောကြီးရဲ့ စကားသံကြောင့်
အားလုံးစိတ်မကောင်းကြဘူး။
ဒေါ်မှုန်ဆိုလည်း ဆောတောကြီးရဲ့
ကျေးဇူးကို အောက်မေ့ပြီး
မျက်ရည်လေး တစမ်းစမ်းနဲ့ ဖြစ်နေတယ်။
ဒီအချိန်မှာ နီတွတ်တို့ ကာလသားတစ်စုက
ဆောတောကြီးကို ဂျီကျကြတယ်…
“ဦးဆောတောကြီး မသွားခင်။
ဦးဆောတောရဲ့ ရုပ်ပုံသဏ္ဍာန်ကို
ကျနော်တို့ မြင်ဖူးအောင်ပြပါ”
လို့ ဝိုင်းပြောတယ်။
“မင်းတို့ ကြောက်သွားမယ် မပြဘူး”
လို့ ဆောတောကြီးက ပြောတယ်။
နီတွတ်တို့ ကာလသားတွေကလည်း
မကြောက်ပါဘူး ပြောပြီး အတင်းပြခိုင်းတယ်။
ဒီအချိန်မှာပဲ ရွာဦးကျောင်းက အုန်းမောင်းခေါက်သံကို
ကြားလိုက်ကြတယ်။
“ကဲ…ငါသွားတော့မယ် နီတွတ်ရေ။
ငါ ရုပ်သဏ္ဍာန်ကိုပြမယ်
မင်းဒို့ မကြောက်ကြနဲ့နော်”
လို့ ပြောပြီး ဆောတောကြီးက သူ့ရုပ်ကို ပြတယ် …
ဆောတောကြီးရဲ့ ရုပ်ကိုမြင်ရတော့ တစ်ချို့က
ကြောက်ဒူးတုန်ပြီး သေးတောင်ထွက်ကျကြတယ်။
တစ်ချို့က စကားမေး မရတော့ဘဲ
ကြောင်တောင်တောင်ကြီးဖြစ်သွားတယ် …
ဆောတောကြီးရဲ့ မျက်နှာကြီးက
အိမ်တစ်လုံးစာလောက်ကြီးတယ်။
မျက်လုံးကြီးတွေက ဆန်ကောကြီးလောက်ရှိပြီး
နီရဲနေတယ်။
နားရွက်ကြီးတွေကလည်း ခါးတစ်ဝက်လောက်
ရောက်နေတယ်။
ပါးစပ်ကြီးက ဖျာတစ်ချပ်စာလောက်ကျယ်ပြီး
လျှာကြီးက တွဲလောင်းထွက်ကျနေတယ် …
သွားကြီးတစ်ချောင်းတစ်ချောင်းကလည်း
ရေပုန်းကြီးလောက်ရှိတယ် ။
ဆောတောကြီးရဲ့ တစ်ကိုယ်လုံး တစ်တောင်လောက်ရှိတဲ့
အမွှေးရှည်ကြီးတွေနဲ့ အရပ်က ထန်းပင်ကိုကျော်ပြီး
မိုးနေတယ် …
ဒေါ်မှုန်နဲ့နီတွတ်ကတော့ ဟိုတုန်းကတည်းက
ခင်မင်လာတဲ့ ရင်နှီးလာတဲ့ မိတ်ဆွေရင်းမို့
ဆောတောကြီးကို ကြောက်စိတ်မဖြစ်ဘဲ
သနားစိတ်တောင် ပိုနေကြတယ်…
ဆောတောကြီးက နီတွတ်တို့ သားအမိကို
လက်ပြပြီး ကျောခိုင်းလိုက်ပါတယ်…။
ပြီးတော့ ကြီးမားလွန်းတဲ့ ခန္ဓာကိုယ်ကြီးကို သယ်ပြီး
တရွေ့ရွေ့ ထွက်ခွါသွားပါတော့တယ်…
တဖြည်းဖြည်း ဝေး၍ ဝေး၍ သွားပါတော့တယ်…
နီတွတ်တို့ သားအမိကတော့ သရဲကြီးဆောတော
ပျောက်ကွယ်သွားချိန်ထိ လက်ပြလို့
ကုက္ကိုပင်ကြီးအောက်မှာ ကျန်ရစ်ခဲ့ပါတော့တယ်…

ပြီးပါပြီ

မူရင်းရေးသူ ဆရာ မောင်မှိုင်းညို့ (ချောင်းဦး)