သမီးကိုစွဲလန်း၍ သရဲဖြစ်ခဲ့ရသူ(စ/ဆုံး)
စစ်ကိုင်းတိုင်း မြောင်မြို့သည် မုံရွာ- မန္တလေး
လမ်းမကြီးပေါ်ရှိ မြင်းမူမြို့နှင့် ချောင်းဦးမြို့နယ်
အကြား ကားလမ်းခွဲမှ သွားရသည်။ ယင်းလမ်း
ခွဲကို ကင်းလမ်းခွဲဟု ခေါ်၏။ ကင်းလမ်းခွဲနှင့်
မြောင်မြို့နှင့် (၇)မိုင်ခန့် ကွာဝေးသည်။
မြောင်မြို့သို့ မန္တလေး၊စစ်ကိုင်း၊ မြင်းမူ၊
မုံရွာမြို့များမှ လည်းကောင်း၊ ချင်းတွင်းမြစ်
ကို ဇက်ဖြင့် ဖြတ်ကူးသွားလာရသည့်
ပခုက္ကူ၊ ရေစကြို၊ မန္တ္တလေးကားဖြင့်
လည်းကောင်း လွယ်ကူစွာ သွားလာ
နိုင်သည်။ ထို့အတူ ဧရာဝတီမြစ်
ကြောင်းမှ သင်္ဘောစီး၍ ရေလမ်းခရီး
ဖြင့်လည်း သွားလာနိုင်သည်။
ပုဂံခေတ်က ကျန်စစ်သားမင်းကြီး မွေးဖွားရာ
ပရိမ္မကျေးရွာနှင့် ရတနာပုံခေတ်မှာ ယောမင်း
ကြီးဦးဘိုးလှိုင် မွေးဖွားရာ ရွာပုလဲကျေးရွာ
တို့သည် မြောင်မြို့နယ်တွင် ရှိသည်။
ထိုအတူ မြောင်မြို့နယ်မှ ဒုတိယဝန်ကြီးများ၊
ညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာများ
အမျိုးသာစာပေဆုရ စာရေးဆရာများ
စသည့်ဖြင့် ပညာတတ် အကျော်အမော်
များစွာ မွေးထုတ်ပေးခဲ့သည်။
မြောင်မြို့သည် ဆေးရုံ၊ ရဲစခန်း၊
စည်ပင်သာယာစျေး၊ အစိုးရ အထက်
တန်းကျောင်း၊ မူလတန်းကျောင်း၊ဘုန်း
တော်ကြီးကျောင်းများနှင့် အထိုက်
အသင့် စည်ကားသည့် အထက်အညာ
ဒေသမှ မြို့ကလေးတစ်မြို့ဖြစ်သည်။
မြို့ပေါ်တွင် အလောင်းစည်သူ(မဏိ
စည်သူ)မင်းကြီး တည်ထားကိုးကွယ်
ခဲ့သည့် ဦးဘုရား (ရွှေပေါ်ကျွန်းဘုရား)
ဝင်းလှိုင်ဘုရား (နဂါးရုံဘုရား)နှင့် ပဲ့
ဘုရား (ပဲ့ရွှေကူဘုရား)ဟူ၍ တန်ခိုး
ကြီးဘုရားသုံးဆူရှိသည်။
မြန်မာနိုင်ငံတွင် ကျင်းပသည့် တန်ခိုး
ကြီးဘုရားပွဲ(၁၂)ပွဲတွင် မြောင်မြို့ပေါ်ရှိ
ရွှေပေါ်ကျွန်း ဘုရားပွဲတော်ပါဝင်သည်။
ရွှေပေါ်ကျွန်း ဘုရားပွဲတော်ကို
တော်သလင်းလဆန်း (၈)ရက်နေ့မှ
(၁၅)ရက် (လပြည့်နေ့)နေ့အထိ
စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ကျေးရွာနှစ်ရွာခန့်မှအပ မြောင်တစ်မြို့နယ်
လုံးနီးပါးမျှ ဗုဒ္ဓဘာသာ ကိုးကွယ်ကြသဖြင့်
ဗုဒ္ဓဘာသာ ထွန်းကားရာ မြို့ကလေးဟု
လည်း ဆိုနိုင်သည်။ မြို့သူမြို့သား အများစု
သည်လည်း တောင်သူလယ်ယာလုပ်ငန်း
နှင့် ကုန်သည်စီးပွားလုပ်ငန်းတို့ဖြင့်သာ
ရိုးသားစွာ လုပ်ကိုင်စားသောက်ကြသည်။
မြောင်မြို့နယ်တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့်
ကျေးရွာပေါင်း(၆၀)ကျော်ခန့် ရှိသည်။
မြို့မအုပ်စုတွင် ပါရှိသည့် မြကုန်းကျေးရွာ
ကို မရိုးကုန်းကျေးရွာဟုလည်း ခေါ်သည်။
မြကုန်းကျေးရွာသည် မြောင်မြို့နှင့် အနီး
ဆုံးရွာ ဖြစ်သည်။ ဧရာဝတီမြစ်ရေတိုးချိန်
ဝါဆို/ဝါခေါင် /တော်သလင်းလများမှအပ
ကျန်လများတွင် ခြေလျင်ခရီး၊ စက်ဘီး
လှည်းတို့ဖြင့် မြို့ပေါ်သို့လာနိုင်သည်။
လမ်းလျှောက်၍လာလျှင် (၁၀)မိနစ်ခန့်မျှ
သာ ကြာသည်။
မြကုန်းကျေးရွာရှိ အိမ်တိုင်းတွင် ဆီးပင်၊
မာလကာပင်များ၊ သရက်ပင်များ စိုက်ပျိုး
ထားသည်။ ကျေးရွာသူ ကျေးရွာသား
အများစုသည် တောင်သူလုပ်ငန်းဖြင့်
အသက်မွေးဝမ်းကျောင်းပြုကြပြီး
ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း
ပြုသူ အနည်းငယ်မျှသာ ရှိသည်။
မြကုန်းကျေးရွာ၊ ရွာလယ်ပိုင်းတွင် ဦးဘခင်နှင့်
ဒေါ်ဖွားညွန့်တို့ဇနီးမောင်နှံ နေထိုင်ကြသည်။
ယင်းတို့ ဇနီးမောင်နှံမှ(၁ )မတင်ရီ၊
(၂)မအေးကြည်(၃)မအေးစိန်၊ (၄)မအေးမှီ
(၅)မစိန်တင်(၆)မတင်နုဟူ၍ သမီးခြောက်
ယောက်ထွန်းကားခဲ့သည်။
ဦးဘခင်နှင့် ဒေါ်ဖွားညွှန့်တို့ ဇနီးမောင်နှံမှာ
သမီးခြောက်ယောက်နှင့်အတူ ပင်ပန်းကြီးစွာ
လုပ်ကိုင်စားသောက်ကြရသည်။
ဦးဘခင်တို့တွင် မြေယာပိုင်ဆိုင်မှုမှာ
အနည်းငယ်မျှသာ ရှိသည်။ သို့အတွက်
ဇနီးဖြစ်သူ ဒေါ်ဖွားညွန့်မှာ ကြားပေါက်
အလုပ်များကို လုပ်ကိုင်၍ ဝင်ငွေရှာရသည်။
ဧရာဝတီမြစ်ရေကျချိန် တော်သလင်း၊
သီတင်းကျွတ်လများတွင် ငါးပေါသည်။
ထိုလများတွင်မူ ဒေါ်ဖွားညွန့်တစ်ယောက်
ငါးအသေများကို ဖောက်သည်ယူ၍
သားသမီးများအား ငါးရောင်းကျွေးသည်။
တော်သတင်းလပြည့်ကျော်ရက်များကား
‘တော်သတင်းနေ ပုစွန်သေ’ဆိုသကဲ့သို့
ပူပြင်းလှသည်။ အလွန်တရာ ပူုပြင်းလှသည့်
အပူရှိန်ကို အံတုလျက် ဒေါ်ဖွားညွန့်မှာ
သမီးများဇောနှင့် ငါးရောင်းမပျက်
ထွက်ခဲ့ရှာသည်။ တစ်ရက်တွင်မူ…
“ငါး…ငါး …ငါးစင်းရိုင်းတွေ လတ်လတ်
ဆတ်ဆတ်ရမယ် “
ဒေါ်ဖွားညွန့်တစ်ယောက် ငါးလည်ရောင်းရင်း
ဗိုက်နာလာသည်။ သူ့ဗိုက်နာလာသည်ကို
ဒေါ်ဖွားညွန့်က မမှု။
သာမန် အာဂန္တုရောဂါအဖြစ်သာ စိတ်က
ထင်မှတ်သည်။ ထမင်းဆာ၍ ဗိုက်အောင့်
သည်ဟု ယူဆခဲ့သည်။ တစ်လမ်းဝင်
တစ်လမ်းထွက် ငါးအော်ရောင်းရင်းနှင့်
ပို၍ ပို၍ နာလာသည်။
ထိုအချိန်တွင် ဒေါ်ဖွားညွန့်၏ ငါးဗန်းထဲတွင်
ငါးစင်းရိုင်း အနည်းငယ်မျှသာ ကျန်တော့သည်။
“အမြတ်လည်း ရနေပြီလေ။ ကျန်တဲ့ငါးလေး
သမီးတွေ စားဖို့ အိမ်ယူခဲ့တော့မှ…အား
ကျွတ် …ကျွတ်”
ဒေါ်ဖွားညွန့်သည် လက်ကျန်ငါးများကို
သမီးများအား ချက်ကျွေးရန် စိတ်ကူး
နေစဉ်အတွင်းမှာ ဗိုက်နာဝေဒနာက ပို၍
ခံစားလာရသည်။ သို့အတွက် အိမ်သို့
အမြန်သုတ်ခြေတင်ခဲ့သည်။
ငါးဗန်းကိုဦးခေါင်းထက်၌ ရွက်လျက်
လက်တစ်ဖက်က ဗိုက်ကိုဖိကာ သူ့အိမ်သို့
ဖြတ်လမ်းမှ ပြန်ခဲ့သည်။ ဒေါ်ဖွားညွှန့်ခမျာ
ဗိုက်နာဝေဒနာကြောင့် စိတ်သွားတိုင်း ကိုယ်မပါ။
စိတ်ထင်သလို လမ်းကောင်းကောင်း မလျှောက်
နိုင်သဖြင့် တဖြည်းဖြည်းလျှောက်ရင်းဖြင့်သာ
ပြန်ခဲ့ရသည်။
“မောင်ဘခင်…ဟဲ့ သမီးတို့၊ သမီးလေး တင်နု”
အိမ်ပေါက်ဝသို့ ရောက်သည်နှင့် ဒေါ်ဖွားညွန့်
သည် သူ့ခင်ပွန်းနှင့်သမီးများအား လှမ်းအော်ခေါ်
သည်။ဇနီးဖြစ်သူဒေါ်ဖွားညွန့်၏ အရေးတကြီး
ခေါ်သံကြောင့် ဦးဘခင် ထွက်လာသည်။
“အမေ…အမေကြီး ပြန်လာပြီဟေ့”
သမီးထွေးဖြစ်သူ မတင်နုလည်း
ဝမ်းသာအားရနှင့် မိခင်ထံသို့
ပြေးထွက်လာသည်။ ဒေါ်ဖွားညွန့်သည်
ဗိုက်ကို ဖိထားသည့်လက်အား သမီးငယ်
ဆီသို့ ကမ်း၍ တရွေ့ရွေ့အိမ်ထဲသို့
ဝင်လာသည်။ ခင်ပွန်းဖြစ်သူ ဦးဘခင်က
ငါးဗန်းကို လှမ်းယူလိုက်သည်
“ဟဲ့ …ဖွားညွန့်၊ နင့်မျက်နှာကြီးက
မကြည်မသာ ရှုံ့မဲ့မဲ့နဲ့ ဘာဖြစ်လာတာလဲဟ”
“ဗိုက်အောင့်လို့ မောင်ဘခင်ရေ၊
ဗိုက်အောင့်လို့တော့ “
“ထမင်းအဆာလွန်လို့ နေမှာပေါ့ဟာ၊
ထမင်းစားမလား၊ ငါ သွားခူးလိုက်မယ်”
“ထမင်းဆာလို့တော့ ဟုတ်ဟန်မတူဘူးတော့၊
ဒီတစ်ခါ ဗိုက်နာတာက တစ်မျိုးကြီးပဲ”
“ကဲ…ဒါဖြင့်လည်း အိပ်ရာပေါ် ခဏလှဲနေလိုက်
ကွာ။ ဗိုက်ကို ပရုပ်ဆီလေး ပွတ်ထားလိုက်”
ဒေါ်ဖွားညွန့်လည်း ခင်ပွန်းဖြစ်သူ ဦးဘခင်
ပြောသည့်အတိုင်း ဗိုက်ကို ပရုပ်ဆီ ပွတ်လျက်
အိပ်ရာထက်၌ လဲလျောင်းနေသည်။ ထို့နေ့က
ဒေါ်ဖွားညွန့် ပရုပ်ဆီနှင့် အခန့်သင့်၍
ဗိုက်နာပျောက်သွားသည်။
ငါးရောင်းရသဖြင့် ဒေါ်ဖွားညွှန့်လည်း
ပင်ပန်းကာ ထိုနေ့ည၌ ညစာထမင်းပင်
မစားတော့ဘဲ အိပ်ရာစောစောဝင်ခဲ့သည်။
နောက်တစ်ပတ် နှစ်ပတ်ခန့်အကြာတွင်
မူ ဦးဘခင်နှင့် ဒေါ်ဖွားညွန့်တို့ ဇနီးမောင်နှံ
ဘုံကထိန်သင်္ကန်းကပ်ရန် စိတ်ကူးမိ
ကြသည်။ သူတို့ဇနီးမောင်နှံသည်
ငွေကြေးချမ်းသာသူများ မဟုတ်ကြ
သဖြင့် ရှိစုမဲ့စု ငွေကလေးများဖြင့်
နေအိမ်တွင် ဆွမ်းကျွေး၍ ကထိန်
သင်္ကန်းကပ်ရန် စီစဉ်ကြသည်။
ဆွမ်းကပ်မည့်နေတွင် ဒေါ်ဖွားညွန့်သည်
မီးဖိုချောင်အတွင်း ချက်ပြုတ်ရင်း အလုပ်
ရှုပ်နေသည်။ ထိုစဉ် ဒေါ်ဖွားညွန့်မှာ ရုတ်
တရက် ဗိုက်နာလာပြန်သည်။ အိပ်ရာ
သို့ သွားလျက် ပရုပ်ဆီလိမ်းကာ လဲ
လျောင်းနေသည်။ ဒေါ်ဖွားညွန့်မှာ
ဗိုက်က ပိုအောင့်လာသဖြင့် ညည်းညူ
နေမိသည်။
“အား …ကျွတ် …ကျွတ်…၊ နာလိုက်တာ
မောင်ဘခင်ရယ်၊ ကျုပ်ဗိုက်က ပိုပိုနာ
လာတယ်တော့ “
ဒေါ်ဖွားညွန့်ခေါ်သံကြောင့် ဦးဘခင်နှင့်အတူ
သမီးငယ် မတင်နုတို့ ရောက်လာသည်။ ဒေါ်
ဖွားညွန့်သည် ဗိုက်အောင့်ရင်းက သမီးငယ်
မတင်နုကို တစ်ချက် ပြုံးပြလိုက်သေးသည်။
“ဖွားညွန့် နင်ဗိုက်သိပ်နာနေရင် ကိုဘလှိုင်
ကြီးခေါ်ပြီး နှိပ်ခိုင်းရင် မကောင်းဘူးလား”
“ကောင်းသားပဲတော်၊ ပျောက်ပျောက်ငြားပေါ့”
ဦးဘခင်လည်း ပြောပြောဆိုဆိုနှင့် ဦးဘလှိုင်
အား ရှာ၍ ဒေါ်ဖွားညွန့်အနီးသို့ ခေါ်လာခဲ့
သည်။ ဦးဘလှိုင်မှာ ဒေါ်ဖွားညွန့်အနီးသို့
ရောက်သည်နှင့် ပင်…
“မောင်ဘခင် မင်းမိန်းမ ဗိုက်နာတာ
ရိုးရိုးတော့ ဟုတ်ဟန်မတူဘူးကွ၊
လေအောင့်တာနဲ့ တူတယ်၊ မှန်းစမ်း၊
ငါ ခဏ နှိပ်ကြည့်စမ်းမယ်”
ဦးဘလှိုင်လည်း ပြောပြောဆိုဆိုနှင့်
ဗိုက်ပေါ်ဖိထားသည့် ဒေါ်ဖွားညွန့်
လက်နှစ်ဖက်ကို ဖယ်၍ နှိပ်တော့သည်။
ဦးဘလှိုင်နှိပ်နေသည်ကို အနီးမှ သမီး
အချို့နှင့် ဦးဘခင်က ကြည့်နေသည်။
ဦးဘလှိုင် နှိပ်နေသည့်ကြားထဲက
ဒေါ်ဖွားညွန့်က ဗိုက်နာဝေဒနာကြောင့်
ပို၍အော်သည်။
“အား …ကိုဘလှိုင်၊ နာတယ်တော့၊
ဖြည်းဖြည်းလုပ်ပါ”
“နင်ဗိုက်က သကျည်းတင်းပြီး ငုတ်နေတယ်ဟ၊
သကျည်းထုတ်ပေးရင် ပျောက်သွားမှာပါဟာ”
ဦးဘလှိုင်အပြောကြောင့် ခင်ပွန်းဖြစ်သူ
ဦးဘခင်နှင့် သမီးများလည်း ကြည့်နေ
ကြရသည်။ ဒေါ်ဖွားညွန့်မှာ ဗိုက်နာဝေဒနာ
ကတစ်မျိုး၊ ဦးဘလှိုင်နှိပ်သည့် ဝေဒနာက
တစ်မျိုး ခံစားရလျက် အသံကျယ်ကျယ်
ဖြင့် အော်နေရှာသည်။
ဒေါ်ဖွားညွန့်မည်၍မည်မျှ အော်စေကာမူ
ဦးဘလှိုင်က အနှိပ်မလျော့၊ သူ့လက်မကြီး
ဖြင့်သာ ဖိနှိပ်နေသည်။
“ကိုဘလှိုင် တော်ပါတော့၊ အား…
နာလှပြီတော့၊ အမယ်လေး ကိုဘလှိုင်
တော်ပါတော့ရှင် “
ဒေါ်ဖွားညွှန့်ခမျာ မခံမရပ်နိုင်အောင်
နာကျင်လွန်းသဖြင့် အော်၍ ရပ်ခိုင်းသည့်
တိုင် ဦးဘလှိုင်က နှိပ်နေဆဲပင်။ ဘေးမှာ
ထိုင်နေသည့် သမီးငယ် မတင်နုမှာ မိခင်
ကြီး အော်ဟစ်၍ ဝေဒနာ ခံစားနေရသဖြင့်
သူကလည်း အော်၍ ငိုသည်။
“အား…ကျွတ်…ကျွတ်”
ဦးဘလှိုင် နှိပ်နေဆဲမှာပင် ဒေါ်ဖွားညွန့်
နှုတ်ဖျားမှ တိုးညင်းသည့် ညည်းညူသံနှင့်
အတူ တစ်ကိုယ်လုံး ပျော့ခွေသွားသည်။
ဒေါ်ဖွားညွန့်ထံမှ မည်သည့် အသံမျှ
ထွက်မလာတော့ပေ။
လုံးဝ အသက်ရှူရပ်သွားသည်။
ထိုအခါ ဦးဘလှိုင်တစ်ယောက် အနှိပ်ရပ်
လိုက်ပြီး ခင်ပွန်းဖြစ်သူ ဦးဘခင်ဘက်သို့
လှည့်၍ ကြည့်လိုက်သည်။ ဦးဘခင်မျက်နှာ
က ညှိုးငယ်နေပြီ ဖြစ်သည်။
ဦးဘလှိုင် ပြောပြသဖြင့် ဒေါ်ဖွားညွန့် သေဆုံး
သွားပြီဖြစ်ကြောင်း ဦးဘခင်လည်း သိရသည်။
သမီးများကမူ ချုံးပွဲချ၍ ငိုကြသည်။ ဦးဘခင်
လည်း ရွာထုံးစံအတိုင်း (၃ )ရက်ထား၍
ဇနီးဖြစ်သူ ဒေါ်ဖွားညွန့်၏အလောင်းကို
မရိုးကုန်း(မြကုန်း)ရွာထိပ်နှင့် မြောင်မြို့
အကြားရှိ သုသာန်တွင် မြေမြှုပ်သင်္ဂြိုဟ်
ခဲ့သည်။
ဒေါ်ဖွားညွန့်မှာ ထိုစဉ်က အသက်(၄၀)
အရွယ်ခန့်သာရှိသေးသည်။ ဗိုက်နာဝေ
ဒနာကြောင့် သွေးရိုးသားရိုး သေခြင်း
မဟုတ်ဘဲ ဦးဘလှိုင် နှိပ်သည့်ဒဏ်
ကြောင့် သေရသဖြင့် အစိမ်းသေကဲ့သို့
ဖြစ်နေသည်။ ဒေါ်ဖွားညွန့် အသက်ထွက်
ခါနီးတွင် သမီးငယ်မတင်နု၏ ငိုသံကို
စွဲလန်း၍ သရဲဖြစ်ခဲ့ရရှာသည်။
ဒေါ်ဖွားညွန့်၏အလောင်း မြေကျရန်
သုသာန်သို့ သယ်ဆောင်သွားစဉ်က
သရဲဖြစ်လျက် လိုက်ပါသွားလေ၏။
သရဲဘဝနှင့် သမီးငယ်မတင်နုကို
စွဲလန်းနေသဖြင့် သုသာန်တွင် မနေဘဲ
သူ့အိမ်သို့ လိုက်လာသည်။
ဒေါ်ဖွားညွန့်မှာ သရဲဘဝသို့ ရောက်ရှိ
သွားသဖြင့် သူ့အိမ်တွင် နေခွင့်မရ။
အိမ်ခေါင်းရင်းမှ သနပ်ပင်ကြီးတွင်
နေခဲ့ရသည်။ သရဲဖြစ်နေသူ ဒေါ်ဖွားညွန့်
မှာ သူ့သမီးငိုနေလျှင် အိမ်ကို ခဲနှင့်
ပေါက်သည်။ ရံဖန်ရံခါ သနပ်ပင်ကြီး
ပေါ်မှ ဆေးလိပ်ဖွာပြသည်။
အိမ်သူအိမ်သားများနှင့် ခင်ပွန်းဖြစ်သူ
ဦးဘခင်တို့ ကိုယ်တိုင် မြင်တွေ့ကြရသည်။
သို့သော်ဒေါ်ဖွားညွန့် ၏ သရဲဘဝနှင့်
ခန္ဓာကိုယ်ကို မမြင်တွေ့ကြရပေ။
ရံဖန်ရံခါ သရဲဖြစ်နေသူ ဒေါ်ဖွားညွန့်က
သဲနှင့်ပက်သည်။
(၉ )နှစ်၊ (၁၀)နှစ် သမီးအရွယ်လေး
သမီးငယ် မတင်နု ရေတွင်းထဲကျစဉ်
က သရဲဖြစ်နေသူ ဒေါ်ဖွားညွန့်မှာ
သရက်ပင်ပေါ်မှ နားကွဲလုမတတ်
အော်ဟစ်၍ အကူအညီတောင်းခဲ့သည်။
သူ့အသံကို မည်သူမျှ မကြားရ။
အိမ်ကို ခဲနှင့် ပေါက်သည်။
ဆေးလိပ်မီးကို ရဲခနဲ ရဲခနဲ နေအောင်
ဖွာပြသည်။ အိမ်သူအိမ်သားများကမူ
ဒေါ်ဖွားညွန့် သရဲအဖြစ်နှင့် ခြောက်နေ
သည်ကို သိသော်လည်း သမီး ရေတွင်း
ထဲကျနေသည်ကို မသိချေ။
နောက်ပိုင်းမှ သမီးမတင်နုပျောက်နေ၍
ရေတွင်းပျက်ထဲကျနေကြောင်း သိသဖြင့်
ဆယ်ယူကြရသည်။
ဦးဘခင်မှာ ဇနီးဖြစ်သူ ဒေါ်ဖွားညွန့်
သရဲဖြစ်နေကြောင်းသိသဖြင့် အိမ်နီးချင်း
များနှင့် တိုင်ပင်သည်။ ထို့နောက် ကွယ်
လွန်သူ ဇနီး ဒေါ်ဖွားညွန့်အား ရည်စူး၍
သံဃာတော် များအား ဆွမ်းကပ်သည်။
အမျှအတန်း ပေးဝေသည်။ သို့တိုင်
ဒေါ်ဖွားညွန့်မှာ သရဲဘဝနှင့် သုံးလေး
ရက်ခန့် ခဲနှင့် ပေါက်ခဲ့သည်။
ဆေးလိပ်မီးကို ဖွာပြခဲ့သည်။ ထို့နောက်
ဒေါ်ဖွားညွန့်သည် သရဲဘဝမှ ကျွတ်၍
လူဝင်စားဖြစ်လာသဖြင့် ခဲနှင့် ပေါက်ခြင်း၊
ဆေးလိပ်မီး ဖွာပြခြင်းတို့ကို လုံးဝ
မမြင်တွေ့ကြရတော့ပေ။
ဒေါ်ဖွားညွန့်မှာ သရဲဘဝနှင့် တစ်လခန့်
နေခဲ့ရပြီး ၁၉၄၈ – ခုနှစ်၊ ဒီဇင်ဘာ(၁၈)ရက်
နေ့တွင် မတင်တင်လှ အမည်ဖြင့် စစ်ကိုင်းတိုင်း၊
မြောင်မြို့ အလည်ရပ်မှ ဦးကျော်နှင့် ဒေါ်အေးစု
တို့၏ သမီး မတင်တင်လှအဖြစ် လူဝင်စား
ဖြစ်လာသည်။
စကားပြောတတ်သည့်အရွယ် သုံးလေး
နှစ်သားခန့်တွင် ဘဝဟောင်းမှ ခင်ပွန်း
ဦးဘခင်နှင့် သမီး ခြောက်ယောက်ထံသို့
သွားရောက် တွေ့ဆုံသည်။
ဘဝဟောင်းမှ ခင်ပွန်းနှင့် သမီးများက
ဇနီးအဖြစ်၊ အမေအဖြစ် လက်ခံယုံကြည်နိုင်
လောက်အောင် မတင်တင်လှက ပြောပြသည်။
လုပ်ပြသည်။ သို့အတွက် ဦးဘခင်နှင့်သမီး
များက ယုံကြည်ကာ လက်ရှိဘဝ မိဘများ
ထံမှ တောင်းယူ၍ အမွေစား အမွေခံအဖြစ်
ပြန်လည်မွေးစားခဲ့ကြသည်။
မတင်တင်လှ အရွယ်ရောက်၍ အိမ်ထောင်
ပြုသည့်အခါ ရွှေဘီး၊ ရွှေလက်စွပ် စသည့်
ဖြင့် ရွှေငါးကျပ်သားခန့် အမွေအဖြစ်၊ လက်
ဖွဲ့အဖြစ် ပေးခဲ့ကြသည်။
ယခုအခါ မတင်တင်လှမှာ ခင်ပွန်းဖြစ်သူ
ဦးကြီးရင်နှင့် အတူ သားနှစ်ယောက် ၊
သမီးတစ်ယောက် ထွန်းကားလျက် ရန်ကုန်မြို့
ဒဂုံမြို့သစ်တောင်ပိုင်း၊ အမှတ်(… )ရပ်ကွက်
တွင် သမာအာဇီဝလုပ်ငန်းဖြင့် လုပ်ကိုင်စား
သောက် နေထိုင်လျက် ရှိသည်။
ဘဝဟောင်းမှ ခင်ပွန်းဟောင်း ဦးဘခင်နှင့်
သမီးများမှာ မတင်တင်လှ ကလေးဘဝမှ
စ၍ အိမ်ထောင်ကျသည့်တိုင်အောင်
အဆက်အသွယ်ရှိလျက် နေပေတော့သည်။
မူရင်းရေးသူ ဆရာ မောင်ခိုင်ခန့်
ပြိတ္တာဘဝ တမလွန်မှ
ပူးကပ်ခြောက်လှန့်ကြသူများ
စာအုပ်မှ ကောက်နုတ်တင်ပြထားသည်
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ