အောက်လမ်းဘိုးထင် နှင့် လူမိစ္ဆာ
(၆၇)

မြောက်ပြင်ရွာရှိ ရွာလူကြီးဦးတောက်ထွန်း၏ နေအိမ်တွင်ဖြစ်သည်။အိမ်ပေါ်တွင် ရွာလူကြီးဦးတောက်ထွန်းတယောက် အရှေ့လျှောက်လိုက်၊အနောက်လျှောက်လိုက်နှင့် ပြတင်းပေါက်မှ အိမ်အောက်သို့လှမ်းကြည့်ပြီး မျက်နှာမသာ မယာဖြစ်နေသည်။သားဖြစ်သူ အထက်လမ်းဆရာရူးတယောက် ပညာသည်များအား ပညာထုတ်ပေးအပြီး သူ၏ကိုယ်ထဲသို့ အမှောင်ပညာများ ၀င်ရောက်ပူးကပ်သွားကာ ယခုထိ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိရ၍ စိတ်ပူနေမိသည်ကတကြောင်း၊အိမ်ရှေ့မန်ကျည်းပင်ကြီးအောက်ရှိ ကွပ်ပျစ်တွင် ချစ်ကြည်နူးနေသော သမီးဖြစ်သူနှင့် သမက်တို့ကို ကြည့်၍ စိတ်မသာမယာဖြစ်ရသည်ကတမျိုးနှင့် နေလို့မပျော်ပဲ ရှိနေ ၏။ထို့နောက် ဦးတောက်ထွန်းသည် သမီးဖြစ်သူအား အသံ ကျယ်လောင်စွာနှင့် အော်ခေါ်လိုက်ပါလေတော့သည် ။
“စုစု “
“ရှင် အဘ “
“ရှင်မနေနဲ့ နင် လာစမ်း”
“ဟုတ်ကဲ့ “
ဖခင်ဖြစ်သူ၏ခေါ်သံကြောင့် အောင်မော်နှင့်အတူ စုစုသည် အိမ်ကြီးပေါ်သို့ ပြေးတက်သွားလေသည်။အိမ်ပေါ်သို့ ရောက်သောအခါ ဦးတောက်ထွန်းသည် အောင်မော်ကို သေချာကြည့်ကာ
“ဟေ့ကောင် မင်းက ဘာလုပ်တာလဲ “
“ဟို ဟို အလုပ်ခိုင်းစရာလေးများရှိရင် ကူမလို့ပါ”
“မရှိဘူး ကိုယ့်အိမ်ကို ပြန် “
“အဲ့လိုတော့ မလုပ်ပါနဲ့ ရွာလူကြီးပဲပြောထားပြီးတော့”
“ငါ ဘာပြောလို့လဲ “
“ကျုပ်ကို ဘာလို့ပြန်ခိုင်းနေတာလဲ”
“မင်းအိမ် မင်းနေဦးလေကွာ အခုတော့ သဘောတူပြီဆိုတဲ့နေ့ကတည်းက ငါ့အိမ်ကကို မပြန်တော့ဘူး စုစု နင်လည်း အတူတူပဲ အကိုတယောက်လုံး သေသလား ရှင်သလား မသိဘူး နင်ကအေးအေးဆေးဆေးနဲ့ စိတ်ပူကြောင်းတောင် မပြောပါလား “
ဦးတောက်ထွန်း အိမ်ပေါ်ရောက်လာသော သမီးနှင့် သမက်ဖြစ်သူအား အားရပါးရပြောလိုက်မှ နေသာထိုင်သာရှိသွားဟန် နှင့် အိမ်ဦးခန်းတွင် ထိုင်ချလိုက်ကာ ကွမ်းအစ်ထဲမှ ကွမ်းကိုထုတ်ယာနေလေသည်။စုစုနှင့် အောင်မော်သည်လည်း သူ၏ ရှေ့မလှမ်းမကမ်းတွင်ထိုင်ကာ ဖခင်ဖြစ်သူ နောက်ထပ်ပြောလာမည့်စကားကို စောင့်မျှော်နေသည်။အချိန်အတော်ကြာသည်အထိ ဦးတောက်ထွန်း မည်သည့်စကားမှ ထပ်ပြောမလာသောအခါ စုစုမှ
“အဘ ကျမကိုခေါ်တာ ဘာခိုင်းမလို့လဲ”
“ဘာမှ မခိုင်းဘူး သောက်မြင်ကပ်လို့ ဟိုကောင့်ကိုတော့ ခိုင်းစရာရှိတယ် “
ဦးတောက်ထွန်းသည် အောင်မော်အားကြည့်၍ စကားဆိုလိုက်သည်။ထိုအခါ အောင်မော်သည် မျက်နှာသာလိုချင်နေသော သမက်ပီပီ
“အဘ ပြောပါ ခင်ဗျ အရိုးကြေကြေအရေခမ်းခမ်း ကျုပ်ထမ်းရွက်ဖို့ အသင့်ပါ”
“တောက် ပြောလိုက်ရင်သောက်ကြီးသောက်ကျယ်နဲ့ ငါ့သမီးကို ခိုးဖို့တောင် သောက်ရှက်မရှိ အမေနဲ့ အမကို အပူကပ်ရတဲ့ကောင်ကများ”
“ဒါတော့ ဒါ့ပေါ့ဗျာ ဒါပေမဲ့”
“တော်စမ်း မင်းအခု ပေပင်ရွာကိုသွား ဟိုကောင်လေးတွေကို အကျိုးအကြောင်းသွားမေး ကြားလား”
“ဘာမေးရမှာလဲ”
“တောက် ငါ့စကားနဲ့ ငါမို့နော် မင်းလို ငတုံးကောင်ကို ငါ့သမီးလင်တရူးမကြောင့်သာ သဘောတူရတာ သွား ငါ့သားကို ရှာနေတာ အခြေအနေဘယ်လိုလဲလို့ သွားမေး ဟုတ်ပြီလား”
“ဟုတ်ကဲ့ အဘ ကျုပ် အခုချက်ချင်း သွားလိုက်မယ် ခင်ဗျ”
အပိုးကျိုးလှသော လင်ဖြစ်သူအောင်မော်ကို ကြည့်ပြီးသဘောကျနေသူမှာ စုစုသာဖြစ်သည်။သို့ပေမဲ့ ဦးတောက်ထွန်း ၏မကျေမနပ်အကြည့်ကြောင့် မျက်နှာပိုးကို သတ်လိုက်ရပါလေတော့သည် ။

ပေပင်ရွာလယ်ရှိ မန်ကျည်းပင်တပင်၏အရိပ်အောက်တွင် မောင်ဘိုးထင်တို့အဖွဲ့ ထိုင်နေကြသည်။ထိုအပင်အောက်တွင် ရှိနေကြသောသူများမှာ မောင်ဘိုးထင်၊ပေတူး၊သာအေးနှင့် အောင်သန်းတို့အဖွဲ့ ဖြစ်ကြသည်။သူတို့သည် မြောက်ပြင်ရွာမှ အောင်ကြီးအကြောင်းအား ပြောဆိုနေကြသည်။
“ဘိုးထင် မင်းပြောပုံအရဆိုရင် ကိုအောင်ကြီးက စုန်းဖြစ်သွားတာလား”
“အဲ့ဒီလိုလည်း ပြောမရဘူးကွ ပညာသည်သုံးယောက်လုံးရဲ့ အမှောင်ပညာတွေ အကုန်ဝင်သွားတာဆိုတော့ ငါ့အထင် စုန်းထက်ဆိုးလောက်တယ်ဗျ”
မောင်ဘိုးထင်၏စကားကြောင့် ကျန်သောသူများသည် မျက်လုံးအပြူးသားနှင့် အံ့ဩနေကြပြီး ထိုအထဲမှ အောင်သန်းသည် သူ စိုးရိမ်နေသောအကြောင်းကို မေးလာလေသည်။
“ဟေ့ကောင် ဘိုးထင် မင်းပြောတဲ့ကိုအောင်ကြီးက လူတွေဘာတွေတော့ မစားလောက်ပါဘူးနော်”
“အဲ့တာတော့ ငါလည်းမပြောတတ်ဘူးဟ စားရင်လည်း စားနိုင်တာပဲ သူက မိစ္ဆာတပိုင်း ဖြစ်နေတာကို “
“ဟုတ်တယ် ဘိုးထင် မင်း အဲ့ဒီနေ့က ကိုအောင်ကြီးမျက်နှာကို မြင်လိုက်သေးလား အသုဘကြီးကျနေတာပဲ ရုပ်က တော်တော်ကို ပျက်သွားတာကွ “
မောင်ဘိုးထင်နှင့်အတူ သာအေးမှ ၀င်ရောက်စကားဆိုလိုက်ခြင်း ဖြစ်သည်။ထိုအခါ အောင်သန်းတို့အဖွဲ့ တယောက်မျက်နှာတယောက်ကြည့်ကာ မေးငေါ့ပြလိုက်ပြီးနောက် အောင်သန်းမှ စတင်စကားဆိုလေသည်။
“ဟို ဟိုလေ ငါတို့လိုက်မယ်ဆိုတာ အခုမလိုက်ဖြစ်တော့ဘူး”
“ဘာလဲ မင်းပြောတော့ ကိုအောင်ကြီးကို လိုက်ရှာရင် လိုက်ခဲ့မယ်ဆို “
“အစက လိုက်မလို့ကွ ငါ့အမေက အိမ်ပြန်နောက်ကျရင် ကြိမ်လုံးလို့ ပြောထားဖူးတာ အမှတ်ရလို့ အားနာပါတယ်ကွာ ငါ သွားတော့မယ်နော် “
အောင်သန်းပြောပြောဆိုဆိုနှင့် မန်ကျည်းပင်အရိပ်အောက်မှထွက်ခွာသွားလေသည်။သူ့နည်းတူ ကျန်သောသူများလည်း အကြောင်းအမျိုးမျိုးပြပြီး လစ်ကြလေသည်။
“ဘိုးထင် ငါ မေ့နေတာ ငါ့အမေက ဘဲကျောင်းခိုင်းထားတယ်”
“မင်းတို့မှာ ဘဲမှာ မရှိတာ ဪ မနက်ဖြန်ပေါက်ပြီလေ သွားမယ်ကွာ”
“အေး မောင်မြင့်ပြောမှ ငါလည်း အမှတ်ရတယ် ရွာဦးဘုန်း ကြီးအတွက် တောင်ဝှေးခုတ်ပေးရဦးမှာပဲပ “
“ဟေ့ကောင်တွေ နေပါဦး ရွာဦးဘုန်းကြီးက တောင်ဝှေးမထောက်ပါဘူး”
“နောက် ငါးနှစ်လောက်ဆို လိုပြီလေ ငါတို့က ကြိုခုတ်ထားမှာ ဟေ့ကောင်တွေ လာ လာ “
တယောက်ပြီးတယောက် အကြောင်းအမျိုးမျိုးပြ၍ အလျှိုအလျှိုထွက်သွားရာ နောက်ဆုံးအပင်အောက်တွင် သုံးယောက်သာ ကျန်ခဲ့တော့သည်။သူတို့မှာတော့ ထုံးစံအတိုင်း မောင်ဘိုးထင်၊သာအေးနှင့် ပေတူးတို့သာ ဖြစ်၏။ပေတူးသည် ထွက်သွားသောသူများကို ကြည့်ကာ
“တောက် အလကားကောင်တွေ ဘိုးထင် မင်းကလည်း လူသားစားနိုင်တယ်လို့ ဘာလို့ပြောတာလဲ “
“ဟဲ့ကောင်ရ ငါ့ကို မေးနေတာလေ သူတို့က အစောက မကြောက်သလိုလိုနဲ့ အခုတော့ ဘယ်လိုဖြစ်တာတုန်း”
“တော်စမ်းပါကွာ အဲ့ဒီကောင်တွေ အကြောင်းပြောမနေနဲ့ ငကြောက်တွေ “
“နေဦး ငါဪ
ယစစဏတို့သုံးယောက်တည်း သွားလို့မရဘူးလား”
“ရတာတော့ ရတယ်ကွ မိစ္ဆာကို ငါ နိုင်ရင်တောင် လူကိုတော့ မနိုင်ဘူးကွ ငါတို့တွေ ကိုဖိုးထွေးနဲ့ ကိုသာရကိုပဲ ခေါ်ကြည့်မလား”
“ရမယ် မထင်ဘူးကွ ဒီလူတွေက ကြံစိုက်ချိန်ရောက်နေပြီလေ အဲ့ဒီတော့ ပြန်ပြိုင်နေပြီ”
“ဘာပြိုင်တာလဲ ပေတူးရ”
“ဘယ်သူ့ကြံခင်းက ပိုထွက်တယ် ဘာတယ်ပေါ့ကွာ “
“သူတို့တွေက တည့်နေပြီ မဟုတ်လား အခု ဘယ်လိုကနေ ပြန်ဖြစ်ကြတာလဲ “
“မိန်းမတွေပေါ့ကွာ မိန်းမတွေပေါ့”
ရုပ်တူနာမ်တူ ဆရာကြီးအထာနှင့်ပြောလိုက်သူမှာ သာအေးဖြစ်၏။ထိုအချိန် အပင်အရိပ်အောက်သို့ လူတယောက်ရောက်လာသည်။ထိုသူမှာ အောင်မော်ဖြစ်၏။သူသည် မောင်ဘိုးထင်တို့ကို မြင်သည်နှင့် နဖူးမှစီးကျနေသော ချွေးများကို ပုဆိုးစနှင့်သုတ်ကာ စကားဆိုလေသည်။
“ရှာလိုက်ရတာ မင်းတို့အိမ်တွေကိုလည်း ရောက်ခဲ့တယ် “
“ခင်ဗျားသွားတာ မြင်တယ်လေ ကျုပ်တို့က ဒီမှာ ထိုင်နေတာ ခင်ဗျားဘာသာ ပြုံးပြုံးကြီးလုပ်ပြီး ကျုပ်တို့ကို မမြင်တာ “
“ဟုတ်တယ် ပေတူးရေ ငါ တလမ်းလုံး တွေးလာတာကွ ဘာတွေးနေတာလဲ သိလား”
“မစုစုနဲ့ အာဝလ ဝိလာလ လား”
“တောက် ပေတူး သောက်တလွဲတွေ ပြောတော့မယ် ဘယ်ကလာအာဝလ ဝိလာလ ရမှာလဲ မှတ်ထား အာဝိဟ ဝိဟာဟ ကွ မှတ်ထားကြ”
အောင်မော် သူတို့ပြောချင်သည့်စကားကို သိသည်။သို့ပေမဲ့ ယခု မေ့သွားသည်။ထို့နောက် သူ အတော်စဉ်းစားလိုက်ပြီး
“မင်းတို့ပြောတဲ့ဟာကွာ ရွာက ဘိတ်သိတ်ဆရာ ပြောနေကြလေကွာ “
“အာဝလ ဝိလာလ လေဗျာ “
“မဟုတ်ပါဘူးကွာ တိတ်တိတ်နေစမ်းပါဟ စဉ်းစားနေတာ အာဝဟ ဝိလာဝ မဟုတ်ပါဘူး တောက် ပါးစပ်ဖျားမှာတင် မေ့နေပြီ”
“မသိရင်လည်း ပြောမနေနဲ့ ခင်ဗျား အဲ့ဒီအကြောင်းတွေးနေတာမလား”
“အေး အစောက ဟုတ်တယ် အခုတော့ မဟုတ်တော့ဘူး “
“ဘာဖြစ်လို့လဲဗျ “
“မင်းတို့ပြောတဲ့ အာဝါဟရဲ့နောက်ကဟာကို တွေးနေတာဟေ့ တွေးနေတာ “
အောင်မော်သည် မည်သည့်စကားမှမဆိုပဲ အတန်ကြာသည်အထိ သူတယောက်တည်း စကားများပြောပြီး အာဝါဟ၊ဝိဝါဟ ကိုသိရန်သာ တွေးနေလေသည်။အဖြေတခုကို မရလျှင် မကျေ နပ်သူပီပီ ယောက္ခမဖြစ်သူ၏ပြောစကားကိုမေ့ကာ အာဝါဟ အကြောင်းကိုသာတွေးပြီး မောင်ဘိုးထင်တို့ကို နှုတ်ဆက်ကာ မြောက်ပြင်သို့ ပြန်သွားပါလေတော့သည် ။

ဦးတောက်ထွန်း၏နေအိမ်တွင် ဖြစ်သည်။ဦးတောက်ထွန်းသည် ရေနွေးနှင့် အမျိုးစုံလှသော အမြည်းများဖြင့် လူတစုကိုဧည့်ခံနေသည်။သူ ဧည့်ခံနေသူများမှာ မောင်ဘိုးထင်၊သာအေး၊ဖိုးထွေးနှင့် ပေတူးတို့ ဖြစ်ကြသည်။သာရသည်ကား မပါပေ ။သူတို့နှစ်ယောက် ကြံခုတ်ပြီးမှ မျက်နှာချင်းဆိုင်မည်ဟု ပြောနေသောကြောင့် တယောက်သာခေါ်ခဲ့ရခြင်း ဖြစ်သည် ။ ယခု ပြိုင်ဆိုင်သည့်အကြောင်းမှာ လှရင်နှင့် မိကျော့တို့၏ အားပြိုင်မှုတွင် သကောင့်သားနှစ်ယောက်ပါ ငြိကြခြင်းလည်း ဖြစ်သည် ။ထို့အတွက် ယခုအချိန်တွင် သာရမပါပေ။ဦးတောက်ထွန်းသည် ရေနွေးခွက်ထဲသို့ ရေနွေးကိုငှဲ့ကာ မောင်ဘိုးထင်၏အရှေ့သို့ တိုးပေးလိုက်ပြီး
“ကျုပ်သားကို ကယ်ပါဦး ဆရာလေးရယ်”
“အယ် အဲ့လိုကြီးမခေါ်ပါနဲ့ဗျာ “
“ခေါ်ပါရစေဗျာ ဆရာလေး ကျုပ် ဆရာလေးအဘဆီကို သွားပြီးပြီ သူက ပြောတယ် သူ့အစီအရင်တွေအကုန်လုံး ဆရာလေးယူထားတယ်တဲ့လေ အဲ့တာကြောင့် ဆရာလေးကိုသာ အားကိုးပါတယ် ကူညီပါခင်ဗျာ”
“အယ် ဟုတ်သား ကျုပ် အစီအရင်တွေကို ခိုးပြီးဖွက်ထားတာ ကျုပ် တတ်နိုင်သလောက် ကူညီပါ့မယ် “
“ဆရာလေးတို့ကိုပဲ အားကိုးရမှာ သမက်တယောက်ရထားပါတယ်။ဆရာလေးတို့ဆီ အကျိုးအကြောင်းမေးခိုင်းတာကို အာဝါဟ ဝိဝါဟ မသိလို့ဆိုပြီး ပြန်လာမေးနေတယ် တကယ့်သောက်ပေါကောင် မင်္ဂလာဆောင်ချင်တာက တပိုင်းသေနေပြီ တစက်ကလေးမှ အားမကိုးရဘူး”
ဦးတောက်ထွန်းသည် မလှမ်းမကမ်းတွင် ထိုင်နေသော သမက်ဖြစ်သူ အောင်မော်အား မျက်ထောင့်နီဖြင့် ကြည့်ရင်းစကားဆိုလေသည်။များမကြာသောအချိန်တွင်တော့ ငြိမ်သက် နေသော အောင်မော်တယောက် အရှေ့သို့တိုးလာကာ ဦးတောက်ထွန်းအား ခပ်တည်တည်နှင့် ကြည့်နေ၍ မောင်ဘိုးထင်တို့ပါ အံ့ဩသွားရကာ ငေးကြည့်နေမိသည်။ဦးတောက်ထွန်းသည်လည်း နားမလည်နိုင်စွာနှင့် မေးငေါ့ပြီး
“ဘာလဲ မင်းက မကျေနပ်လို့လား”
“ကျုပ် ပြောမယ် “
“ပြောကွာ “
“ယင်းမာတောင်မှာ ကိုအောင်ကြီးကို တွေ့တယ်တဲ့ဗျ”
“အဲ့တာပြောတာပေါ့ ထိုင်ပြောရင်လဲရတာကို ခွီးတဲ့မှပဲ အလန့်တကြားလုပ်နေတယ် “
အောင်မော်၏စကားဆုံးမှ မောင်ဘိုးထင်တို့ သက်ပြင်းချလိုက်ပြီးနောက် အောင်ကြီးအား ရှာဖွေမည့်အစီအစဉ်ကို ဆွဲနေကြပါလေတော့သည် ။

မီးရောင်မရှိ၊လရောင်ပါ ကင်းမဲ့နေသော်လည်း ကြယ်လေးများ၏ အလင်းရောင်သည်ကား မှောင်မိုက်လွန်းသောနေရာများအတွက် အရိပ်သဏ္ဍာန်လောက်မြင်ရရန် အလင်းရောင် ပေးစွမ်းနေသည်။ထိုကြယ်ရောင်အောက်တွင် မြောက်ပြင်ရွာလေးသည် ညသန်းခေါင်ယံအချိန်၌ အလွန်တိတ်ဆိတ်လျက် ရှိသည်။ထိုရွာထဲရှိ ရွာလူကြီး၏အိမ်သည်လည်း တိတ်ဆိတ်လျက်ရှိသည်။အရင်ရက်များတွင် စုစု ယောကျာ်းနောက် လိုက်မည်စိုး၍သာ ရွာထဲကလူများကို အခကြေးငွေပေးပြီး ခေါ်သူက ခေါ် ၊စေတနာနှင့် လာစောင့်သူက စောင့်နှင့် လူအတော် စည်ကားခဲ့ပေသည်။သို့ပေမဲ့ ယခု စုစု လင်ရသွား၍ အခကြေး ငွေ ပေးမစောင့်ခိုင်းတော့သလို အညှီမရှိတော့၍ သကောင့်သား ယင်များသည်လည်း မလာတော့၍ တိတ်ဆိတ်နေသည်။ထိုတိတ်ဆိတ်နေသော ဦးတောက်ထွန်း၏အိမ်ထဲသို့ လူရိပ်တရိပ်သည် ပိတ်ထားသော ဝါးကပ်ခြံစည်းရိုးကို ကြောင်တကောင်အလား လွှားခနဲကျော်တက်သွားလေသည်။ထို့နောက် အိမ်တိုင်ကို တွယ်ကပ်ပြီး တက်သွားကာ အခန်းတခန်း၏ပြတင်းပေါက်ကို လက်ဖြင့် ခေါက်လေသည် ။
“ဒေါက် ဒေါက်”
မကြာသောအချိန်တွင် အခန်းလေးထဲမှ ရေနံဆီမီးခွက်အလင်းရောင်လေးထွန်းလင်းလာကာ ပြတင်းပေါက်တံခါး ပွင့်လာသည်။ထို့နောက် ပြတင်းပေါက်မှ ခေါင်းပြူထွက်ကြည့်သူမှာ ဦးတောက်ထွန်းဖြစ်သည်။သူသည် ရေနံဆီမီးခွက်လေးကို ကိုင်ကာ ပြုတင်းပေါက်မှ ကြည့်ပြီး မည်သည်မှ မတွေ့သော အခါ ပြုတင်းပေါက်အား ပြန်ပိတ်မည်ပြင်စဉ်
“အဘ “
“အောင်ကြီး မင်း ဒီကိုရောက်နေတယ် “
ဦးတောက်ထွန်းသည် ပြုတင်းပေါက်ပြန်ပိတ်မည်ပြုစဉ် သူ့အား ခေါ်သံနှင့်အတူ ပြုတင်းပေါက်ဘောင်ကို ကိုင်ပြီး ခိုတွဲလာသော အောင်ကြီးကို တွေ့ရ၍ အံ့ဩဝမ်းသာဖြစ်သွားရသည်။ အောင်ကြီး၏ရုပ်သွင်အား သူ ကိုင်ထားသော ရေနံဆီမီးခွက်အလင်းရောင်ကြောင့် ကောင်းစွာမြင်လိုက်ရသည်။အောင်ကြီး ၏ ရုပ်သွင်သည် အတော်ကို အကျည်းတန်သည်။မျက်နှာမှာ မဲခြောက်ခြောက်ဖြစ်နေသလို မျက်ကွင်းတို့သည်လည်း ညိုနေပြီး မျက်လုံးတို့မှာ သွေးကြောမျှင်များ ထပြီး ရဲနေသည်။နှုတ်ခမ်းတို့မှာ မဲနက်နေသေးသည်။ဦးတောက်ထွန်းသည် သားဖြစ်သူ၏ ရုပ်ရည်ကိုကြည့်ကာ စိတ်မသက်မသာဖြစ်သွားပြီး သက်ပြင်းတချက်ကို လေးပင်စွာချကာ စကားဆိုလေသည်။
“ငါ့သား မင်း အိပ်ရေးတွေပျက်တယ်ထင်တယ် ပြီးတော့ ဆေးလိပ်တွေ လျှော့သောက်ကွာ “
“ဗျာ “
“ဟုတ်တယ်လေ မင်းမျက်ကွင်းတွေခွက်ပြီး နှုတ်ခမ်းတွေလည်း ပြာနေပြီ”
“ဟာဗျာ ကျုပ်ကိုယ်ထဲကို အမှောင်ပညာတွေဝင်နေလို့ အဲ့လိုဖြစ်နေတာပါ အဘရ အခုလည်း ကျုပ် စိတ်ထိန်းနိုင်တုန်း ဒီကိုလာတာ “
“စိတ်မထိန်းနိုင်ရင်ဘာဖြစ်မှာလဲ ငါ့သား”
“ကျုပ် အခု အကောင်ပလောင်တွေကို အစိမ်းစားနေတာ တဖြည်းဖြည်းနဲ့ လူသားစား”
အောင်ကြီး၏ စကားမဆုံးခင်မှာပင် ဦးတောက်ထွန်းသည် ခြေထောက်ဖြင့် အောင်ကြီး၏မျက်နှာကို ကန်လိုက်ရာ အောင်ကြီး နောက်သို့ ပြုတ်ကျသွားသည်။အောင်ကြီး ပြုတ်ကျသွားသည်နှင့် ပြတင်းပေါက်ကို ကလန့်ထိုးလိုက်ပြီး အသံခပ်ကျယ်ကျယ်နှင့် အောက်ပြုတ်ကျသွားသော အောင်ကြီးအား စကားလှမ်းဆိုလေသည် ။
“သားကြီး ငါ့ကို ခွင့်လွှတ်ကွာ တော်ကြာ မင်း ငါ့ကို မစားဘူးလို့ မပြောနိုင်ဘူး “
“အင်းပါဗျာ ကျုပ် နားလည်ပါတယ် မြန်လိုက်တဲ့ခြေထောက် သိုင်းများသင်ထားသလား အဘရာ “
အိမ်အောက်တွင် ပက်လက်လန်လဲကျနေသော အောင်ကြီးသည် ခပ်ကျယ်ကျယ်ပြန်ပြောရင်း အိမ်ဝိုင်းအပြင်သို့ ခုန်ထွက်ကာ အမှောင်ထုထဲတွင် တိုး၀င်ပျောက်ကွယ်သွားပါလေတော့ သည် ။

မောင်ဘိုးထင်တို့သည် အောင်ကြီး၏ကိစ္စကိုရှင်းပေးရန် ဦးအုန်း၏အိမ်တွင် ရောက်ရှိနေပြီး လိုအပ်သည်များကို သင်ယူနေကြသည်။ဦးအုန်းသည် မောင်ဘိုးထင်တို့မှ ရိုသေစွာ စကားနာယူကြသည်ကို တပြုံးပြုံးနှင့်သဘောကျနေကာ ပြုလုပ်သင့်သည်များကို အကြံပေးမှာကြားနေလေ၏။
“မင်းတို့ပြောပုံအရဆိုရင် စုန်း၊ကဝေ သုံးယောက်လုံးရဲ့ ပညာတွေ စုပြုံပြီး ဝင်သွားတာပဲ “
“ဟုတ်တယ်အဘ အခုဆို ကိုအောင်ကြီးက ကြက်တွေကို ခိုးစားတာကနေ ဆိတ်တွေတောင် စပြီး ခိုးစားနေပြီပြောတယ် ရက်ပိုင်းလေးပဲ ရှိသေးတာနော် “
“စုန်းတွေက အဲ့လိုတော့ မလုပ်ဘူးကွ ငါ့အထင် အထက်ရော အောက်ရော ရောသွားတာ ထင်တယ် ချက်အရက်နဲ့ ထန်းရည်ရောသလိုပေါ့ကွာ “
“အဘကလည်း သောက်ချင်တာတွေ ပြောနေပြန်ပြီ”
“ငါက ဥပမာပေးတာပါကွာ “
“ကဲ အဘ ကျုပ်တို့ ဘယ်လိုလုပ်ရမှာလဲ ပြောပြဦး “
“ဇော်ဂနီတယောက်ကို ရှာတွေ့မှ ဖြစ်မယ်ကောင်လေး”
“ဇော်ဂနီက ဘယ်မှာရှိတာလဲ အဘ ကူညီပါဦးဗျာ အရေးကြုံရင် ကျုပ်တို့မှာ အဘပဲ ရှိတာဗျ “
“ဇော်ဂနီဆိုတာ ရိုးရိုး အိမ့်တလိမ့်စုန်းဇော်ဂနီကိုပြောတာမဟုတ်ဘူးကွ ဣန္ဒဇော်ဂနီလို့ခေါ်တယ် နတ်စိမ်းပေါ့ကွာ “
ဦးအုန်း၏စကားများကို မောင်ဘိုးထင် နားမလည်ပါ။ကျန်သောသူများဆိုလျှင် ဝေလာဝေးဖြစ်သည်။ထို့အတွက် မောင်ဘိုးထင်သည် သူတို့အား လမ်းညွှန်နေသော ဦးအုန်းအား မျက်နှာကိုအချိုသာဆုံးပြုံးပြပြီး စကားဆိုလေသည်။
“အဘ အဲ့တာတွေက နည်းနည်းမြင့်သွားပြီ ကျုပ် မတတ်နိုင်တော့ဘူး အဘ ကူညီပါဗျာ “
“မင်းက ဆရာကြီးပါကွာ ငါ့ကို မလိုပါဘူး”
“ဪ အဘရယ် ဆရာကြီးက ဆရာကြီးပါပဲဗျာ လုပ်ပါ ကူညီပါဗျာ “
မောင်ဘိုးထင်ပါမကျန် ကျန်သူများပါ ဝိုင်းဝန်းတောင်းဆိုနေ၍ ဦးအုန်း ငြင်းရခက်သွားပြီး
“အေးပါကွာ အေးပါ ကူညီမယ် ကျေနပ်ပြီလား ငါကတော့ ဣန္ဒဇော်ဂနီကို ပင့်ပေးပြီး မင်းတို့နေရာကို ခေါ်လာခဲ့မယ် မင်းတို့က ငါ ပြောတဲ့နေ့မှာ အောင်ကြီးကို ဖမ်းထားဖို့လိုတယ် “
“စိတ်ချအဘ လာမဲ့ သဘက်ခါ ကိုအောင်ကြီးကို ကျုပ်တို့ သူ့အဘတလင်းထဲမှာ ဖမ်းထားမယ် “
“အေး ပြီးရော “
“မပြီးသေးဘူး အဘ “
“ဘာလိုသေးတာလဲ ကောင်လေး”
“ဟိုလေ ကိုအောင်ကြီးကို ဖမ်းနိုင်မဲ့နည်းလမ်းလေးပါ ပေးပါဦး “
မောင်ဘိုးထင်၏စကားကြောင့် ဦးအုန်းသည် သူတို့အားလုံးကို မကျေမနပ်ကြည့်လိုက်ရင်း အောင်ကြီးအား ဖမ်းနိုင်မည့်နည်းလမ်းကို ပြောပြပါလေတော့သည်။

ဦးတောက်ထွန်းအိမ်ရှေ့တွင် ကုတင်တလုံးချထားပြီး ထိုကုတင်ပေါ်တွင် အမဲသားများ တင်ထားလေသည်။ထိုအမဲသားများသည် လတ်ဆတ်လွန်းသဖြင့် အတော်ညှီနေပြီး ယင်တလောင်းလောင်းနှင့်ဖြစ်သည်။ထိုအမဲသားပုံကြီးကို ကြည့်ကာ ဦးတောက်ထွန်းမှ ဘေးတွင်ရှိနေသော မောင်ဘိုးထင်အားစကားဆိုလေသည် ။
“ဆရာလေး အမဲသားတွေ ဒီလောက်အများကြီးကို ဘာလုပ်မှာလဲ “
“ကိုအောင်ကြီးကို မြှားမှာလေ”
“ကောင်းသလိုသာ လုပ်ပါ ကျုပ်ကတော့ နားကိုမလည်ဘူး “
“ဘကြီးက ကျုပ်တို့ကို တခုကူညီရမယ် “
“ပြောပါ ဆရာလေး”
“တခြားမဟုတ်ပါဘူး ကျုပ်တို့လေးယောက်က အမဲသားတွေကို ပလိုင်းထဲထည့်ပြီး နေရာအနှံ့သွားမှာ ဘကြီးတို့က ကျန်တဲ့ အမဲသားတွေကို ဘကြီးတလင်းထဲမှာ သွားထားပေးရမယ် ပြီးတော့ အားကောင်းမောင်းသန်လူ လေး၊ငါးယောက်ရယ် ကြိုး လေးငါးချောင်းလောက်ပါ အသင့်ယူထားရမယ် “
“စိတ်ချပါ ကျုပ် အကုန်လုပ်ထားပါ့မယ် “
“အဲ့တာဆို ကျုပ်တို့လည်း လုပ်စရာရှိတာ လုပ်လိုက်ဦးမယ် “
မောင်ဘိုးထင်တို့သည် ပလိုင်းများထဲသို့ အမဲသားများထည့်လိုက်သည်။ထို့နောက် ပလိုင်းအားနောက်တွင် ထားလွယ်လိုက်ပြီး ဦးတောက်ထွန်း၏အိမ်ဝိုင်းအပြင်သို့ ထွက်လာကြသည်။ အိမ်ဝိုင်းအပြင်ရောက်သောအခါ သာအေးမှ စတင်စကားဆိုလာလေသည်။
“ဘိုးထင် အမဲသားတွေလွယ်ပြီး လျှောက်သွားရမှာ ကိုအောင်ကြီးမလိုက်ပဲ တခြားသရဲတွေ လိုက်လာရင်ရော “
“မင်းတို့ကလည်း ကြောက်တတ်ရန်ကော ရော့ ရော့ ဒါလေးတွေ ယူထား “
“ဘာတွေတုန်းကွ”
“ကိုအောင်ကြီးကလွဲရင် တခြားဘယ်သူမှ မကပ်နိုင်တဲ့ အစီအရင်ပေါ့ကွာ “
မောင်ဘိုးထင်၏စကားကြောင့် သူတို့ထဲမှ အကြီးဆုံးဖြစ်သောဖိုးထွေးသည် အစီအရင်ကို သေချာကြည့်လိုက်ပြီး
“မင်းဟာက တကယ်ရော အလုပ်ဖြစ်ရဲ့လား”
“ကိုဖိုးထွေးရာ ခင်ဗျား ကျုပ်နဲ့ ပေါင်းလာတာလည်းကြာပြီ အခုထိ ကျုပ်ကို မယုံသေးဘူးလား”
“အရင်ကတော့ ယုံတယ် မင်းတို့ကောင်တွေ ငါ့အဘ ထိပ်တုံးထဲ ခဏခဏရောက်နေတော့ သိပ်မယုံချင်တော့ဘူး”
“ယုံလိုက်စမ်းပါဗျာ ကျုပ်ဆိုတဲ့ ဘိုးထင်က မသေချာတဲ့ အရာဆို ဘာတခုမှ မလုပ်တာ “
မောင်ဘိုးထင်၏ဟိတ်ကြီးဟန်ကြီးစကားကြောင့် သာအေး နှင့် ပေတူးသည် မကြည်သလိုကြည့်ကာ
“အပြောက အခုထိ မလျှော့ဘူး ပြီးရင်မင်းပဲ သောက်တလွဲ လုပ်တာ ကြာလာလေ မပေါင်းအပ်တဲ့ အထဲ မင်း ပါလာပြီ “
“အေးပါ အေးပါ ပြောပါကွာ မင်းတို့ အစီအရင်မယူဘူးဆိုရင်လည်း ငါ ပြန်သိမ်းထားလိုက်မယ် “
“ယူမယ် မင်းကို ယုံလို့မဟုတ်ဘူး ဘကြီးအုန်းကို ယုံလို့ “
“ပြီးတာပဲ ရော့ ရော့ “
ဤသို့ဖြင့် မောင်ဘိုးထင်ပေးသော လူလိုလို ဘီးလူလိုလို သစ်သားဖြင့်ထွင်းထားသော အရုပ်ကလေးများကို တယောက်တရုပ်စီ ယူလိုက်ကြသည်။ထို့နောက် သူတို့လေးယောက်သည် တယောက်တနေရာစီခွဲကာ အမဲသားထည့်ထားသော ပလိုင်းများကိုလွယ်ပြီး ထွက်သွားကြပါလေတော့သည် ။

နေရောင်သည် တဖြည်းဖြည်းနှင့် တောင်စွယ်သို့ဝင်ရောက်ပျောက်ကွယ်သွားပြီဖြစ်သည်။နေဝင်သည်နှင့်အတူ မှောင်မိုက်ခြင်းသည် အတူတွဲ၍ပါလာတတ်စမြဲဖြစ်၏။ထိုအမှောင်ထုထဲတွင် မြောက်ပြင်ရွာအပြင်ဘက်ရှိ သင်္ချိုင်းလမ်းတွင် ပလိုင်းတလုံးကို လွယ်ပြီးလမ်းလျှောက်နေသည်မှာ ဖိုးထွေးဖြစ်သည်။သူသည် ကြောက်စိတ် အနည်းငယ်ဝင်မိသော်လည်း သူ့ထက်ငယ် သော ကောင်လေးများသည်ပင် မကြောက်မရွံ့တယောက် တနေရာစီသွားနေသောကြောင့် ကြောက်စိတ်ကိုဖျောက်ကာ တယောက်တည်း လမ်းလျှောက်နေသည်။ညနေကတည်းက ယခုအချိန်အထိ လမ်းလျှောက်နေသည်။မှောင်သောအခါတွင်တော့ သူ၏နောက်မှ ခြေသံများ မကြာခဏကြားလာရသည်။ နောက်သို့ ပြန်လှည့်ကြည့်သော်လည်း မည်သူမှမရှိပေ။မကြာသောအချိန်တွင် မြောက်ပြင်သင်္ချိုင်းကို ဖြတ်ပြီး ရွာထိပ်ရှိ ဦးတောက်ထွန်းလယ်တလင်းထဲသို့ သွားရန် ဆုံးဖြတ်လိုက်သည်၊၊ထို့ကြောင့် မြောက်ပြင်သင်္ချိုင်းကို ဖြတ်စဉ် အုတ်ဂူများကြားမှ ရယ်မောသံ၊စကားပြောသံ၊ကလေးငိုနေ၍ ချော့မြှုသံများကြားလိုက်ရသည်။ထိုအသံများကြားထဲမှ ပို၍ကျယ်သော အသံတသံက ထွက်ပေါ်လာသည်။
“ဟေ့ကောင် မင်းပလိုင်းထဲက အမဲသားတွေလား”
“အဲ့ဒီကောင်ရဲ့ပလိုင်းထဲက အမဲသားအနံ့ရတယ် လုစားကြ မလား”
ဖိုးထွေး ခေါင်းကြီးသွားသည်။ထို့ကြောင့် စကားသံများကို ဂရုမပြုပဲ ခပ်မြန်မြန်လျှောက်နေစဉ် သူ၏ပုခုံးကို လက်တဖက်လာတင်သောကြောင့် လန့်ဖျန့်သွားရာ လက်တင်သူကို အမှောင်ထုထဲတွင် သေချာမမြင်ရသော်ငြား လူတယောက်ဖြစ်နေသည်ကို သတိပြုမိသည်။ထိုသူသည် ဖိုးထွေးကို အသံခပ်ဩဩနှင့် စကားဆိုလေသည် ။
“ဟေ့ကောင် မင်းအမဲသားတွေ ငါ့ကို ပေးပါလား”
“ခင်ဗျားက ဘယ်သူတုန်း”
“ငါ အောင်ကြီး”
“အောင်ကြီးဟုတ်လား ရွာလူကြီး ဦးတောက်ထွန်းရဲ့သား အောင်ကြီးလား”
“ဘယ်သူ့သားလဲက ငါလည်း မေ့နေပြီ ငါ အမဲသားစားချင်တယ်ကွာ စကားကို နောက်မှပြော “
“ကျုပ် ခင်ဗျားကို ကျွေးဖို့လိုက်ရှာနေတာ ကျုပ်နောက်လိုက်ခဲ့ နွားတကောင်လုံးပေါ်ထားတယ် ခင်ဗျားကို ကျွေးဖို့အတွက်လေ “
“မင်းပြောတာ တကယ်လား”
“လိုက်ခဲ့ရင် သိရမှာပေါ့ “
ဖိုးထွေးလည်း ရှိသမျှသတ္တိကိုစုစည်းကာ သူ့အား ကြောက်ဟန်မပြပဲ ခပ်အေးအေးစကားဆိုနေလေရာ အောင်ကြီးသည် ပလိုင်းထဲမှ အမဲသားများကိုနှိုက်ပြီး စားရင်း ဖိုးထွေးနောက်မှ လိုက်ပါလာပါလေတော့သည် ။
ဖိုးထွေးသည် တလင်းထဲသို့ ခပ်မြန်မြန် ရောက်ရန်သွားနေ သည်။ပလိုင်းထဲရှိ အမဲသားများကုန်သွားပါကာ သူ့အတွက် အန္တရာယ်ရှိသောကြောင့် ဖြစ်သည်။သူ ခပ်မြန်မြန်လမ်း လျှောက်သောအခါ အောင်ကြီးလည်း နောက်မှ ခပ်မြန်မြန်လိုက်လာလေသည်။မကြာသောအချိန်တွင် ဦးတောက်ထွန်း၏ တလင်းပြင်ထဲ ရောက်ရှိလာလေသည်။တလင်းပြင်ထဲတွင် ကုတင်ပေါ်၌တင်ထားသောအမဲသားများအား အမှောင်ထဲမှ သာမာန်လူများအဖို့ မမြင်ရသော်လည်း ဖိုးထွေး၏နောက်မှ အောင်ကြီးသည် နှာခေါင်းတရှုံရှုံ့လုပ်ပြီး အနံ့ခံကာ အမဲသားများတင်ထားသော ကုတင်ဆီသို့ အလျင်အမြန်ပြေးကာ ဆောင့်ကြောင့်ထိုင်၍ စားနေလေသည်။ထိုအချိန် အောက်လင်း ဓာတ်မီးသည် ရုတ်ချည်လင်းလာ၍ ကုတင်ပေါ်၌ ဆောင့် ကြောင့်ထိုင်ပြီး အမဲသားများစားနေသော အောင်ကြီးတယောက် ကြောင်ငေးကြည့်နေစဉ် မောင်ဘိုးထင်တို့ နှင့်အတူ ဦးတောက်ထွန်းခေါ်ထားသည့် သန်မာသော ရွာသားများသည် အောင်ကြီးအား ပြေးဖမ်းလိုက်ကြပြီး ကြိုးချည်ရန်ကြိုးစားကြလေသည်။သန်မာသော လူကြီးလေးယောက်ဝိုင်းချုပ်သည်ကိုပင် အတော်ခက်ခက်ခဲခဲ ချုပ်လိုက်ရသည်။ထို့နောက် ကြိုးများဖြင့်တုတ်ကာ တလင်းအလယ်တွက် အသင့် စိုက်ထားသော ငုတ်တိုင်ကြီးတွင် ချည်လိုက်သည်။အချည်ခံလိုက်ရသော အောင်ကြီးသည် တဝူးဝူးတဝါးဝါးနှင့် အော်ဟစ်နေလေသည်။သူသည် လူပုံသဏ္ဍန်ပျောက်လုနီးပါးဖြစ်နေပြီး မိစ္ဆာတကောင် ၏ အသွင်သဏ္ဍာန် တဖြည်းဖြည်းပေါ်နေပြီ ဖြစ်သည်။ထိုစိတ်မချမ်းမြေ့စရာမြင်ကွင်းအား မြင်နေရသော ဦးတောက်ထွန်းသည် သားဖြစ်သူအား ခပ်လှမ်းလှမ်းမှနေ၍ သတိပေးစကားဆိုနေသော်လည်း အောင်ကြီးမှာ လူ့စိတ်ပျောက်လုနေပြီ ဖြစ်၍ အရာမထင်ပေ။
“ငါ့သားအောင်ကြီး သတိထားစမ်း ငါ မင်းအဖေလေ”
“မင်း မင်းသေမယ် အမဲသားကပေါ့နေပြီ လူသားစားမယ် ငါ့ကို လွှတ်”
“ငါ့သားအောင်ကြီး မင်းအဖေ ငါ လေကွာ “
“မင်းကို စားမယ် “
“ငါ ပြောပါတယ် အောင်ကြီးရာ မိန်းမနောက်ပိုးတဲ့ကောင်က အထက်လမ်းဆရာလုပ်လို့ မရပါဘူးလို့ မင်းက ဖင်မနိုင်ပဲ ပဲကြီးစားတာကိုး ငါ့သားရ “
ဦးတောက်ထွန်းသည် သားဖြစ်သူအားစကားဆိုနေရာ မည်သို့သောထူးခြားမှုမှ မရှိသောကြောင့် မောင်ဘိုးထင်ဘက်သို့လှည့်ကာ
“ဆရာလေး ဟိုမှာ ရုန်းနေတာနော် တော်ကြာ ကြိုးမပျက်ဘူးလို့ ပြောမရဘူး”
“ကျုပ်လည်း ဘာလုပ်ရမှန်းမသိတော့ဘူး အဘက နတ်စိမ်းပင့်လာမယ် ပြောတာပဲ “
“အခုထိ မလာသေးဘူးလား “
“သူက ပင့်ခဲ့မယ်ပြောတာပဲ လာမှာပါ “
“မလာရင်တော့ ဒုက္ခပါပဲ “
“လာမှာပါ စိတ်ချ “
သူတို့ ဦးအုန်းကို မျှော်နေကြသည်။သို့ပေမဲ့ ယခုထိပေါ်မလာသေးပေ။ဦးတောက်ထွန်းမှ မလာသေးဘူးလားဟု တမေးတည်းမေးနေ၍ ဘိုးထင်တယောက် အတော်စိတ်ညစ်နေရသည်။အောင်ကြီးမှာ လူသဏ္ဍန် တဖြည်းဖြည်း ပိုပျောက်လာပြီး အံတကြိတ်ကြိတ်လုပ်ကာ ကြိုးကို ပါးစပ်တပြင်ပြင်နှင့် ရုန်းကန်နေသဖြင့် သူ့အား ချည်ထားသည့်တိုင်ပင် လှုပ်ယမ်းစ ပြုလာသည်။အခြေအနေကောင်းဟန်မရှိသောအခါ ဦးတောက်ထွန်းခေါ်ထားသည့် ရွာသားများသည် တလင်းကို စွန့်ခွာကာ ရွာထဲသို့ ပြေးကြပြီဖြစ်သည်။ယခု တလင်းထဲတွင် မောင်ဘိုးထင်တို့နှင့် ဦးတောက်ထွန်းသာ ရှိနေလေသည်။ ဦးတောက်ထွန်းလည်း စိတ်ဓာတ်ကျကာ တလင်းပြင်တွင် ဖင်ချပြီး ထိုင်နေစဉ်
“ကောင်လေး ငါတို့ လာပြီ နောက်ကျသွားတယ်ကွာ ကိုယ်တော်က ကြက်ကြော်စားချင်တယ်ဆိုတာနဲ့ ကြော်ကျွေးနေရလို့ဟေ့ “
အသံလာရာ ကြည့်လိုက်သောအခါ အောက်လင်းဓာတ်မီးထိုးထားသော တလင်းပြင်ထဲသို့ ဦးအုန်းနှင့်အတူ သူ၏ရှေ့မှ တောင်ရှည်ပုဆိုးကိုဝတ်ထားပြီး ပိုးသားအင်္ကျီနှင့် ပိုးသားပုဝါကိုပေါင်းထားသော လူရွယ်တယောက်ပါ ပါလာလေသည်။ ထိုလူရွယ်သည် မျက်နှာမှာခက်ထန်ပြီး အတော်အကြောတင်းသည့် ရုပ်သွင်ရှိသည်။ထို့နောက် ဦးအုန်းသည် မောင်ဘိုးထင်တို့၏ မလှမ်းမကမ်းသို့ရောက်သောအခါ သူ ပင့်လာသည် ဣန္ဒဇော်ဂနီခေါ် နတ်စိမ်းအား လက်အုပ်ချီစကားဆိုလေသည်။
“ကိုယ်တော် သားတော်ပြောတဲ့ လူ့မိစ္ဆာဆိုတာ ဟိုတိုင်မှာ ချည်ထားတဲ့ သူပါပဲ သူ့ကိုယ်ထဲက မိစ္ဆာဓာတ်တွေ ထုတ်ပေးပါဘုရား “
“သားတော်မောင်က ကိုယ်တော်ကို ရိုရိုသေသေနဲ့ ပင့်ထားတယ်ဆိုတော့ ကူညီရမှာပေါ့ “
နတ်စိမ်းသည် ပြောပြောဆိုဆို ပုဆိုးတောင်ရှည်စကို ခြေ ထောက်နှင့် မင်းသားများကဲ့သို့ မယူလိုက်ပြီး လက်ဖျံပေါ်တင်လိုက်ပြီးသည်နှင့် ခြေဖြင့် တလင်းပြင်ကို ပေါက်ပြီး အောင်ကြီးဆီသို့ လက်ညိုးညွှန်လိုက်သည်နှင့် အောင်ကြီး၏ပါးစပ်သည် ဟလာကာ ပါးစပ်ထဲမှ ယင်စိမ်းများထွက်လာပြီး ကောင်းကင်သို့ ပျံတက်သွားပြီးမီးလောင်ကာ ပြာကျကုန်သည်။ယင်ကောင်များ မကျန်တော့သောအခါမှ အောင်ကြီး၏မျက်နှာသည် သာမန်လူတယောက်မျက်နှာ ပြန်ဖြစ်သွားလေသည်။နတ်စိမ်းသည် မည်သူ့ကိုမှ စကားမဆိုပဲ တလင်းအပြင်သို့ ထွက်သွားရာ ဦးအုန်းသည်လည်း နောက်မှ လိုက်သွားလေသည်။ဦးတောက် ထွန်းသည်လည်း ဝမ်းသာအားရဖြစ်ကာ သားဖြစ်သူထံ သွားကာ ကြိုးများကို ဖြည်ပေးပြီး တွဲထူလေသည်။မောင်ဘိုးထင်တို့သည်လည်း အောင်ကြီးလူကောင်းဖြစ်သွားသဖြင့် ခုမှ သက်ပြင်းချနိုင်ကာ တလင်းပြင်တွင် ခြေပစ်လက်ပစ်ထိုင်နေစဉ် ဦးအုန်းတယောက်သုတ်သီးသုတ်ပြာဖြင့် ပြန်ရောက်လာသည်။သူ၏မျက်နှာတွင်လည်း အညိုအမဲများစွဲနေလေရာ မကောင်းတာ တခုခုတော့ဖြစ်လာပြီဆိုတာ သူတို့သိလိုက်သည်။သူတို့ မေးမြန်းမည်ဟု ကြံလိုက်ရုံရှိသေးသည်။ ဦးအုန်းမှ အသံခပ်ကျယ်ကျယ်နှင့်စကားဆိုလာလေသည်။
“ကောင်လေးတို့ရေ သောက်ပြဿနာတော့တက်ပြီဟ”
“ဘာလို့လဲ အဘ”
“ဘာရမှာလဲကွာ ဟိုနတ်စိမ်းက ဒီမှာ ပျော်တယ်တဲ့ ငါ ပြန်ပို့တာ မသွားဘူး ငါ့ကို သူ့ဘုံကို ပို့လို့ဆိုပြီး ဆော်လွှတ်လိုက်တာဟေ့ “
“ဗျာ “
ဤသို့ဖြင့် မောင်ဘိုးထင်တို့အား အကူညီတောင်းသည့် အကြည့်ဖြင့် ကြည့်နေသောဦးအုန်းအား မောင်ဘိုးထင်တို့သည်လည်း နားမလည်နိုင်စွာဖြင့် ပြန်ကြည့်နေမိပါတော့သည် ။