သေကံမရောက်

Posted on

“သေကံမရောက်”(စ/ဆုံး)

———————

လူ့လောကကြီးထဲမှာ နေထိုင်ရစဥ်တလျှောက်လုံး ၊ သေဖို့အကြောင်းအရာများဖြစ်ခဲ့ပေမဲ့ သူ့အချိန်မကျသေးလို့ ၊ တနည်းအားဖြင့်သေဖို့အချိန်မကျရောက်သေးလို့ လွတ်မြောက်လာရတဲ့အကြောင်းအရာများကိုပြောပြချင်ပါတယ်၊

ကျွန်မ ၅ နှစ်သမီးအရွယ်လောက်တုန်းကဖေဖေတာဝန်ကျရာ ကသာမြို့မှာနေထိုင်ကြစဥ်ကအဖြစ်အပျက်လေးပါ၊ ကျွန်မနဲ့ညီမလေးဖြူဖြူတို့အိမ်ရှေ့မှာဆော့ကစားနေကြစဥ် ၊ ဖေဖေကအပြင်ကပြန်လာပြီး ကျွန်မတို့ညီအမနှစ်ယောက်ကိုသူ သကြားလုံးဝယ်လာလို့စားဖို့ပေးလိုက်ပါတယ်၊

အဲဒီတုန်းကသကြားလုံးကခုခေတ်လိုလှလှပပထုတ်ပိုးထားတဲ့ပုံစံမျိုးမဟုတ်ဘဲ ၊ လောက်စာလုံးအရွယ်လောက်ရှိတဲ့လုံးလုံးဝိုင်းဝိုင်းကိုပလပ်စတစ်နဲ့ လုံးပတ်ထားတာမျိုးပါ၊ ကျွန်မနဲ့ညီမလေးတို့ကသကြားလုံးစားရလို့ပျှော်ရွှင်ပြီး၊ ပလပ်စတစ်ကိုဖြေပြီး ပါးစပ်ထဲပစ်သွင်းပြီးဆော့နေကြပါတယ်၊

ခဏအကြာမှာတော့သကြားလုံးကြီးကကျွန်မလည်ချောင်းမှာတစ်နေပြီး ၊ လည်ချောင်းထဲမှအောက်လည်းမကျ ၊ ပြန်ထွေးထုတ်လို့မရဖြစ်နေတာကိုညီမဖြစ်သူကသိသွားပြီး ဖေဖေ့ကိုပြေးပြောတာကြောင့်၊ ဖေဖေကကျွန်မကိုသူ့စက်ဘီးပေါ်ဆွဲတင်ပြီး ဆေးရုံကိုအပြေးနင်းသွားပါတော့တယ်၊

အဲဒီတုန်းက၊ ကသာကလမ်းတွေကချိုင့်ခွက်တွေနဲ့မညီမညာဖြစ်နေတဲ့လမ်းကို ဖေဖေကသမီးဇောနဲ့စက်ဘီးကိုအတင်းနင်းပြီးသွားတာကြောင့်၊ ဆေးရုံရောက်လို့ ကျွန်မကိုချီချပြီး အတင်းလက်ကဆွဲ၊ ပြေးဝင်မယ်အလုပ်မှာ-

“ဖေဖေ-သမီးလည်ချောင်းထဲမှာ သကြားလုံးကြီးမရှိတော့ဘူး ၊ အောက်ကျသွားပြီ ”

လမ်းတွေကမညီညာ ၊ ဖေဖေကစက်ဘီးကိုအတင်းနင်းလာတာကြောင့် ကျွန်မလည်ချောင်းမှာတစ်နေတဲ့သကြားလုံးကြီး ၊ ရင်ပါတ်ထဲကျသွားရတာပါ၊ တကယ်လို့လည်ချောင်းမှာတစ်နေသေးရင် ချက်ချင်းဘဲ ခွဲစိတ်ခန်းထဲဝင်ရမလားမသိပါဘူး၊

အဲဒီကတည်းကလောက်စာလုံးလောက်ရှိတဲ့သကြားလုံးမျိုးကိုဘယ်တော့မှဖေဖေကဝယ်မကျွေးတော့ပါဘူး၊ အမှတ်တရတွေထဲကတခုပါ၊

နောက်တခါကတော့လွန်ခဲ့တဲ့ ၅ နှစ်လောက်ကအဖြစ်အပျက်ပါ၊ ကွန်မကအဲဒီတုန်းကမေတ္တာညွန့်မှာနေစဥ်ကပါ၊ တရက်တော့ သုဝဏ္ဏဘက်သွားစရာရှိတာနဲ့ မေတ္တာညွန့်ထိပ်ကဖြတ်လမ်းကသွားရင်၊ သုဝဏ္ဏဘက်သွားတဲ့ကားစီးလို့ရတဲ့လမ်းရှိတာမို့ အဲဒီဖြတ်လမ်းကဖြတ်သွားမယ်ဆိုရင်၊ မီးရထားသံလမ်း ၂ ခုကိုဖြတ်သွားရပါတယ်၊

ပထမသံလမ်းကိုဖြတ်ပြီး ၊ ဒုတိယသံလမ်းကိုအဖြတ်မှာဘာကိုခလုတ်တိုက်လိုက်တယ်မသိ ၊ ရထားသံလမ်းပေါ်ကိုကန့်လန့်ဖြတ်လဲကျသွားပါတော့တယ်၊ ကန့်လန့်ဖြတ်လဲကျသွားတာမှ ပေါင် ၂ ဖက်ကဒီဖက်သံလမ်းပေါ်၊ ကိုယ်ထည်ကမြေကြီးပေါ် ၊ နောက်သံလမ်းတဖက်မှာက လက် ၂ ဖက်ကရောက်ပြီး အဲလိုကြီးလဲကျသွားတာပါ၊

ဆောင်းလာတဲ့ထီးကလွင့်ထွက်သွားပြီး အနားမှာဘယ်သူမှလည်းမရှိပါဘူး ၊ ကျွန်မတယောက်တည်းလဲကျနေရာမှကုန်းရုန်းထပြီး ၊ ဘာမှလည်းမနာမကျင် ၊ပွန်းပဲ့ရာတော​င်မရှိဘဲ ရှိတာမို့၊ ဘေးမှာလွင့်ကျနေတဲ့ထီးကိုကောက်ယူပြီး အဲဒီနေရာကကမန်းကတမ်းထွက်သွားလိုက်ပါတယ်၊

တကယ်လို့အဲလိုလဲကျနေချိန်မှာရထားလာနေရင်၊ မထနိုင်လောက်အောင် ခြေ ၊ လက် တို့နာကျင်သွားရင် ၊ ကျိုးသွားရင် ၊ သံလမ်းနဲ့နဖူးနဲ့ရိုက်မိလို့မေ့လဲနေရင်၊ ဘယ်သူမှမသိလိုက်ဘဲ ရထားကြိတ်ခံရမှာပါ၊

ကျွန်မအိမ်ပြန်ရောက်လို့သားတွေကိုလှမ်းပြောတော့ဆူကြပါရော၊ အဲဒီကတည်းကအဲဒီလမ်းကိုလည်းမဖြတ်ရဲ တော့ဘဲ ၊ အကြောက်ကြီးကြောက်သွားခဲ့ရပါတယ်၊

ပြန်တွေးလိုက်တိုင်း ကြက်သီးထမိတာမို့ သေရမဲ့ကံမပါသေးလို့ ၊ ကံသီလို့လွတ်သွားတယ်လို့မှတ်မိပါတယ်၊ တခုရှိတာက ကျွန်မကအိမ်ကထွက်တာနဲ့ ဘုရားဂုဏ်တော် ၉ ပါးကိုအမြဲရွတ်တတ်သူမို့၊ ဘုရားဂုဏ်တော်တွေက ကျွန်မကိုကယ်လိုက်တာပါ၊

ကျွန်မကအဲဒီအကြောင်းတွေစကားစပ်မိလို့ပြောပြတော့ကျွန်မအိမ်ကကောင်မလေးကလည်း ၊ သူလည်းသေဖို့ကံမပါလာသေးလို့ လွတ်ခဲ့ရတဲ့အကြောင်းလေးပြောပြပါတယ်၊ သူပြောတာက-

တညနေ သူတို့အိမ်အတွက်ရေစည်လှည်းသွားတိုက်တာအပြန်မှာသူတို့လမ်းထိပ်အရောက်မှာ ၊ ရေစည်လှည်းတင်လာတဲ့လှည်းက ကျိုးကျသွားပါရောတဲ့ ၊

လှည်းကျိုးကျတော့လှည်းမောင်းလာတဲ့သူကအောက်ကိုပြုတ်ကျ၊ ရေအပြည့်တင်လာတဲ့ရေစည်ကြီးကအောက်မှာကျနေတဲ့သူ့ကျောပေါ် ဒလိမ့် ဒလိမ့်နဲ့သူ့ဖြတ်ပြီးလိမ့်သွားပါရောတဲ့၊

သူကပုပုသေးသေးလေး၊ ဒီရေစည်ကြီးကသူ့ကျောပေါ်က ဒလိမ့် ဒလိမ့် နဲ့ဖြတ်နင်းသွားတာ အားလုံးကဝုန်းကနဲ အသံကြားလို့ထွက်ကြည့်ကြတော့မြင်ကြပါသတဲ့၊

သူ့အမေကတော့ ငါ့သမီးလေးသေပါပြီဆိုပြီး ပြေးလာထူတော့ သူကဘာမှဖြစ်ဘဲ ၊နေရာကထလိုက်ပါတယ်တဲ့၊ ကျောမှာအောင့်သွားတာဘဲရှိပြီး တခြားဘာဒဏ်ရာမှမရလိုက်ပါဘူးတဲ့ ၊ အားလုံးကရေစည်လှည်းကျိုးကျတဲ့ဒဏ်နဲ့သူ့ကိုနောက်နေ့မှာ အိပ်ရာထဲလဲပြီး ၊ မှတ်ကြတာတဲ့ ၊ သူကတော့အံ့သြလောက်အောင်ဘာမှမဖြစ်ခဲ့ပါဘူးတဲ့၊

အဲဒါကြောင့်သေဖို့ကံမပါသေးရင် သူ့အချိန်မရောက်သေးရင်မသေဘူးနော် ၊ ဒီလိုဘဲမှတ်ယူရမယ်ထင်ပါရဲ့၊

လောကကြီးမှာဖြစ်ပျက်နေတဲ့အကြောင်းအရာအဖြစ်အပျက်များသည်လည်း၊ အံ့သြဘွယ်ရာများနဲ့ပြည့်နှက်နေကြတာပါ၊ သေကံမရောက်သေးတဲ့သူအတွက်တော့ မရိုးနိုင်တဲ့အဖြစ်အပျက်များသည် နေ့စဥ်ဖြစ်နေကြအုန်းမှာပါဘဲရှင်၊

မေသင်းလှိုင် (ရွှေဘို)

Leave a Reply

Your email address will not be published. Required fields are marked *