မေတ္တာမျက်ဝန်း

Posted on

👁️မေတ္တာမျက်ဝန်း👁️(စ/ဆုံး)

———————–

“မောင်ရေ..အိမ်ရှေ့မှာ အဖွားကြီးတစ်ယောက် တုန်ချိချိနဲ့ ရစ်သီရစ်သီလုပ်နေတယ်”
“ဪ တောင်းစားတဲ့သူ နေမှာပေါ့ကွာ၊ ထမင်းကျန်ဟင်းကျန်ရှိသေးရင် ပေးလိုက်ပါကွာ”
“တစ်ယောက်စာတော့ ကျန်ဦးမှာပါ၊ ဝေ တစ်ခါသုံးဘူးလေးနဲ့ ထည့်ပေးလိုက်ပါ့မယ်”
ဝေနှင်းလည်း မီးဖိုထဲဝင်၊ ထမင်းကျန်လေးနဲ့ ကြက်သားဟင်းအကပ်လေးကို တစ်ခါသုံးပလတ်စတစ်ဘူးလေးထဲထည့်ပြီး၊ အိမ်ရှေ့ထွက်လာခဲ့ပါသည်။
ဝင်းတံခါးကို ဖွင့်လိုက်တော့ မိမိတို့တိုက်အိမ်လေးဆီ မျှော်ငေးကြည့်နေတဲ့ အဝတ်အစားနွမ်းဖတ်ဖတ်၊ ပါးရေနားရေတွန့်နေတဲ့ အဖွားတစ်ယောက်၊ လက်ထဲမှာလည်း စာရွက်ဝါကျင့်ကျင့်လေးကိုင်လျက်။
“အဖွား! ဒီမှာ ထမင်းနဲ့ကြက်သားဟင်း၊ သမီးတို့ အဖွားကို လှူတာပါရှင့်”
“ဪ..အေး..အေးပါ သမီးရယ်၊သာဓု သာဓု သာဓုပါကွယ်”
သာဓုခေါ်နေတဲ့အဖွားကို ဝေနှင်းသေချာကြည့်လိုက်တော့ မျက်စိတစ်ဖက်လပ်နေရှာပါသည်။
အကောင်းအတိုင်းကျန်နေတဲ့ မျက်လုံးတစ်ဖက်က ရီဝေမှုန်သီနေပြီး တစ်စုံတစ်ခုကို ရှာနေသလိုလို။
“သ..သမီးလေး၊ ဒီတိုက်က ကိုသစ်လွင်တို့တိုက်လားဟင်”
“ဟုတ်ပါတယ်အဖွား၊ သမီးက သူ့အမျိုးသမီးပါ၊ ဘာလို့လဲရှင့်၊ အဖွားက သူ့ကိုသိလို့လား”
“မ..မသိပါဘူးကွယ်၊ အဖွားသွားလိုက်ပါဦးမယ်”
“ဪ ဟုတ်ကဲ့အဖွား”
ဝေနှင်းလည်း ဇဝေဇဝါနဲ့ အဖွားကိုကြည့်ရင်း အဖြေရှာမရခဲ့ပါ။
“မောင်ရေ..အဲ့အဖွားကလေ မောင့်ကိုမေးနေတာသိလား”
“ဟုတ်လို့လားကွာ၊ မောင့်အသိမိတ်ဆွေထဲမှာ အဲ့လောက်ဆင်းရဲစုတ်ပြတ်တဲ့သူ တစ်ယောက်မှမရှိဘူးနော် ဝေ”
“တကယ်ပါဆိုမောင်ရယ်၊ မောင့်နာမည်ကို မေးတာ၊ ဒီတိုက်က ကိုသစ်လွင်တို့တိုက်လားတဲ့လေ”
“ဘာတွေလဲကွာ၊ရှုပ်ရှုပ်ယှက်ယှက်၊ ထားလိုက်ပါကွာ အာရုံနောက်စရာတွေ”
“အင်းပါမောင်ရယ်၊ သူမေးတာကိုပြောပြတာပါ”
+++++++
(၂)
တကယ်တော့ ဝေနှင်းနဲ့ကိုသစ်လွင်က ငယ်ပေါင်းကြီးဖော်တွေ မဟုတ်ကြပါ။
ကိုသစ်လွင်က ဝေနှင်းအဖေပိုင်သော ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်သည့် အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး၊ ဝေနှင်းကလည်း သူ့အဖေကုမ္ပဏီတွင်ပင် အလုပ်ဝင်နေသည့် စာရင်းကိုင်တစ်ယောက်။
ဝေနှင်း၏ဖခင်က သူ့သမီးကို အောက်သက်ကျေစေဖို့၊ ကုမ္ပဏီအား လက်လွှဲပေးနိုင်ဖို့ အလုပ်လုပ်ခိုင်းထားခြင်းဖြစ်သည်။
အိမ်ရာစီမံကိန်းတစ်ခုမှာ အတူအလုပ်လုပ်ကြရင်း အတူထားမိတဲ့ အိုးတွေ၊ကြိုးတွေလို ကိုသစ်လွင်နဲ့ဝေနှင်း ထိကုန်ငြိကုန်၊ ညားကုန်ကြတော့သည်။
ကိုသစ်လွင်က မိဘမဲ့တစ်ကောင်ကြွက်တစ်ယောက်ဖြစ်သော်လည်း လိမ္မာယဉ်ကျေးသူ၊ လူ့ကျင့်ဝတ်တွေကို တတ်သိနားလည် လိုက်နာသူ၊ စကားပြောကောင်းသူ ဖြစ်သည်။
မိဘမဲ့ဂေဟာတစ်ခုမှာ ကြီးပြင်းလာခဲ့ရပြီး အမိရယ်၊အဖရယ်လို့ မမြင်ဖူးခဲ့ဟု ဆိုပါသည်။
ကိုသစ်လွင်ရဲ့အပြောတွေမှာ ဝေနှင်းတစ်ယောက် မျောပါသွားပြီး၊ သနားဂရုဏာပိုခဲ့ရသည်။
မခိုမကပ်အလုပ်ကြိုးစားသူမို့လည်း ဝေနှင်း၏ဖခင်ဦးကျော်စွာက သဘောအကျကြီးကျကာ သူတို့နှစ်ယောက်ကို ကိုယ်တိုင်လက်ထပ်ပေးစားခဲ့သည်။
သူတို့အိမ်ထောင်ရေးက သာယာခဲ့ပါသည်။
+++++++
(၃)
“ဟော! တနေ့က လာတဲ့အဖွား လာပြန်ပြီတော့”
ဝေနှင်းတစ်ယောက် သူ့ဖာသာ တစ်ကိုယ်တည်းရေရွတ်ရင်း ပြတင်းလိုက်ကာစကို အသာပြန်ချလိုက်ပါသည်။
မိမိတို့အိမ်ဘက်သို့ ငေးမောကြည့်နေတဲ့အဖွား။ဘာများလုပ်မလို့ပါလိမ့်…
သူ့ပုံစံက ချို့ချို့တဲ့တဲ့ပေမဲ့ ပေစုတ်စုတ်တော့မဟုတ်ရှာပါ။
ယောဂီလုံချည်နွမ်းနွမ်းလေးနှင့် ဝါကျင့်ကျင့်ဖြစ်နေသောအင်္ကျီဖြူလက်ရှည်လေးဝတ်ထားသည်။
ဆံပင်ဖြူများဖြင့် ဖွေးဖွေးလှုပ်နေသော ဆံပင်လေးများကို စုစည်းကာ ထုံးထားသည်။
အသက်ထက်ပိုပြီး အိုမင်းရင့်ရော်နေသည့်ပုံ ပေါ်နေပြီး ခန္ဓာကိုယ်လေးမှာ ပိန်လှီလှသည်။
ငယ်စဉ်က ချောမောလှပသည့်အမျိုးသမီးတစ်ဦးဖြစ်ခဲ့ပါလိမ့်မည်။
ဖြောင့်စင်းသောနှာတံ၊ လှပသည့်မျက်လုံးမျက်ဖန်နှင့်တိကျသေသပ်သည့်နှုတ်ခမ်းတို့က တချိန်က မည်မျှလှပခဲ့ကြောင်း သက်သေထူနေကြသည်။
တစ်ခုပဲပြောစရာရှိသည်၊ မျက်လုံးတစ်ဖက်ကတော့ မျက်လုံးအိမ်မရှိရှာတော့ဘဲ ဟောက်ပက်ဖြစ်နေသည်။
“မမဝေ…ခြံရှေ့မှာ အဖွားကြီးတစ်ယောက် ရပ်နေတာ ကြာလှပြီ၊ မိဂျမ်းစောင့်ကြည့်နေတာ၊ ခိုးမလို့လားမသိဘူးနော်”
အိမ်အကူလေး မိဂျမ်း အနားရောက်လာပြီး ပြောလိုက်သံကြားမှ ဝေနှင်း သတိပြန်ဝင်လာသည်။
“သူခိုးတော့မဟုတ်လောက်ပါဘူး မိဂျမ်းရယ်၊ အဖွားပုံစံကြည့်ရတာ အေးအေးချမ်းချမ်းပါပဲ”
“ဟုတ်တယ် မမဝေ၊ မိဂျမ်းလည်း အဲဒါစဉ်းစားနေတာ”
+++++++
(၄)
အဲ့အဖြစ်အပျက်ဖြစ်ပြီးနောက် အိမ်မှုကိစ္စ၊ မောင့်ဝေယျာဝစ္စ၊ ကိုယ်ဝန်ဆောင်သည်မို့ ဆေးခန်းပြရတဲ့ကိစ္စ၊ များမြောင်လှတဲ့ကိစ္စတွေကြောင့် ဝေနှင်းလည်း မေ့မေ့ပျောက်ပျောက်ပါပဲ။အဲဒီအဖွားလည်း နှစ်ပတ်လောက် ပေါ်မလာဘူးဆိုပါတော့။
တစ်ရက်သားကျ ကိုသစ်လွင်အလုပ်က ပြန်လာချိန်…
အိမ်ထဲကို တန်းဝင်မလာသေးဘဲ ခြံရှေ့မှာကားရပ်ပြီး အဲ့အဖွားနဲ့ စကားအချီအချပြောနေကြသည်။
အိမ်အပေါ်ထပ် ဘုရားခန်းမှာ ဝေနှင်းနဲ့မိဂျမ်း ဘုရားပန်းတွေလဲနေချိန်…
ဘေစင်က ဝရန်တာမှာမို့ ဘုရားပန်းအိုးတွေယူပြီး ဝရန်တာဘက်ထွက်လာတော့ ခြံအပြင်ဘက်မှာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဝေနှင်း ကြက်သေသေသွားပါသည်။
ဟုတ်ပါသည်။
ကိုသစ်လွင်က အဖွားကို ဒေါသတကြီး တွန်းလွှတ်နေတာပါ။
အဖွားက လက်ထဲက စာရွက်ခေါက်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ပါးစပ်ကလည်း တတွတ်တွတ်ရွတ်နေပါသည်။
အပေါ်ထပ်ကမို့ သဲသဲကွဲကွဲမကြားရပါ။
ဒါနဲ့…ဝေနှင်းလည်း…
“မိဂျမ်း ဘုရားပန်းတွေ ပြီးအောင်လဲထားလိုက်နော်၊ မမ အောက်ခဏဆင်းလိုက်ဦးမယ် ကြားလား”
“ဟုတ်..ဟုတ်ကဲ့မမဝေ၊ ပန်းတွေလဲပြီးရင် သောက်တော်ရေခွက်တွေပါ ဆေးထားလိုက်ရမလား”
“အေးအေး တစ်ပါတည်းလုပ်ထားလိုက်၊ ငါမကြာဘူး”
အနှီသို့ မိဂျမ်းအား မှာကြားပြီးသကာလ အောက်ထပ်သို့ ဒရောသောပါး ဆင်းသွားပါတော့သည်။
“မမဝေ ဖြည်းဖြည်း ဖြည်းဖြည်း ချော်လဲနေမယ် မမရဲ့”
“အေးပါအေ၊ ငါသတိမေ့သွားလို့ပါဟဲ့”
မိဂျမ်းလှမ်းသတိပေးမှ ကိုယ်ရှိန်သတ်ပြီး လှေကားအတိုင်း အသာဆင်းလာခဲ့ပါသည်။
ခြံပြင်ရောက်တော့…
“မောင်ရေ…အဖွားရော ပြန်သွားပြီလား၊ မောင်နဲ့ဘာတွေဖြစ်နေကြတာလဲ၊မောင်နဲ့က အသိတွေလား”
“မဟုတ်ပါဘူးကွာ၊ သားရူးနဲ့တူပါရဲ့ မောင့်ကို ‘သား’ လို့ချည်း ခေါ်နေလို့၊ နှင်လွှတ်လိုက်တာ”
“ဪ..မောင်ရယ်”
++++++
(၅)
ဒီမနက် ဝေနှင်းဈေးကပြန်လာတော့ သူမတို့အိမ်ရှေ့မှာ ရုတ်ရုတ်သဲသဲဖြစ်နေလို့ ဝေနှင်းရင်ထဲထိတ်ခနဲဖြစ်သွားရသည်။
ဘာများဖြစ်ပါလိမ့်ရယ်လို့ ဗိုက်ကြီးတကားကားနဲ့ အပြေးအလွှားသွားကြည့်မိတယ်ဆိုရင်ပဲ…
“သနားပါတယ်တော် အဖွားကြီး ကားတိုက်မိတာတဲ့”
“အမေ! အမေ! သား သားလေ..သားမှားပါတယ်အမေရယ်၊သားကိုခွင့်လွှတ်ပါ၊ ခွင့်လွှတ်ပါနော်”
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဝေနှင်းခမျာ ကြက်သေသေပြီး ကြောင်ငေးကြည့်နေမိပါ၏။
သူမယောကျာ်းကိုသစ်လွင်က သွေးအိုင်ထဲလဲနေသော ဟိုအဖွားကို ပွေ့ထားပြီး ပါးစပ်ကလည်း ‘အမေ’ဟု တတွတ်တွတ်ရွတ်နေရှာသည်။
ဝေနှင်းဘာမျှ နားမလည်နိုင်တော့။
အဖွားက တဖြည်းဖြည်းမျက်လုံးပွင့်လာသည်။
“သား! သား! အမေ့သားလေး၊ ဘာမှမဖြစ်ဘူးနော်”
“ဘာမှမဖြစ်ပါဘူးအမေရယ်၊သားကိုခွင့်လွှတ်ပါနော်”
“ခွင့်လွှတ်ပါတယ်သားရယ်၊ အမေ့ကိုလည်း ခွင့်လွှတ်ပေးပါ”
တစ်ဖက်တည်းသာ ကျန်နေသည့် မျက်ဝန်းလေးမှ မျက်ရည်များ တသွင်သွင်ကျလျက် သားဖြစ်သူ ကိုသစ်လွင်အား ရီဝေစွာ ငေးစိုက်ကြည့်နေရှာသည်။
ဝေနှင်းလည်း သူတို့သားအမိနံဘေးမှာ အသာဒူးထောက်ရင်း
“မောင်..အဖွားကို ဆေးရုံပို့ရအောင်၊ စကားတွေ နောက်မှ ပြောပါမောင်ရယ်၊ အသက်မီအောင်ကယ်ဖို့က အရေးကြီးတယ်”
ပြောလည်းပြော ဘေးမှာဝိုင်းကြည့်နေသူတွေကိုလည်း အကူအညီတောင်းရင်း ဆေးရုံပို့ဖို့ စီစဉ်ပါသည်။
+++++
(၆)
ကားတိုက်ခံရသည့် ဒဏ်ရာတွေကို တစ်လခန့် အချိန်ယူ ကုသလိုက်ရပြီး အဖွားဒေါ်သန်းရင် ပြန်လည်သက်သာလာခဲ့သည်။
ကိုသစ်လွင်၏ ဝန်ခံပြောကြားချက်ကြောင့် ဇာတ်ကြောင်းအစုံ သိခွင့်ရခဲ့ပြီး ဝေနှင်းကလည်း အဖွားဒေါ်သန်းရင်ကို ‘အမေ’ ဟု ကြည်ကြည်ဖြူဖြူခေါ်ခဲ့ပါသည်။
ကိုသစ်လွင် ငယ်ကတည်းက ဖခင်ဆုံးပါးသွားခဲ့ပြီး မိခင်ဖြစ်သူဒေါ်သန်းရင်က ခက်ခဲပင်ပန်းစွာ မွေးမြူခဲ့ရသည်။
တစ်နေ့မှာတော့ မောင်သစ်လွင်လေး မတော်တဆမျက်လုံးထိခိုက်မိပြီး မျက်လုံးတစ်ဖက်‌လုံးဝပျက်စီးခဲ့ရသည်။
ဒေါ်သန်းရင် သားကိုချစ်စိတ်ဖြင့် သူမ၏မျက်လုံးတစ်လုံးထုတ်ကာ သားကိုပေးခဲ့သည်။
ဆင်းရဲလွန်းသည့်ဘဝတွင် သားကိုမကြီးပြင်းစေလိုသဖြင့် မိဘမဲ့ဂေဟာတစ်ခုသို့ ပို့ခဲ့ခြင်းဖြစ်သည်။
အတန်အသင့်အရွယ်ရောက်နေပြီဖြစ်သော မောင်သစ်လွင်လေးက အမေက သူ့ကိုစွန့်ပစ်ခဲ့သည် ဆိုသောအသိဖြင့်သာ ကြီးပြင်းလာခဲ့ပြီး အမေကိုမုန်းတီးနေခြင်းဖြစ်သည်။
ခုချိန်မှာတော့ ‌အထင်လွဲခြင်းမိုးတိမ်၊ မုန်းတီးခြင်းမြူတို့ ကင်းစင်ပပျောက်သွားပြီဖြစ်၍ ကိုသစ်လွင်နဲ့ဝေနှင်းတို့ အိမ်ဂေဟာလေးမှာ ကြည်နူးချမ်းမြေ့ခြင်းကောင်းကင်အောက်တွင် ပျော်ရွှင်နေကြပြီဖြစ်ပါတော့သည်။
အမေ့မျက်ဝန်းဟူသည် တစ်ဖက်တည်းသာကျန်ပေဦးတော့ မေတ္တာဓာတ်အပြည့်နဲ့ပါတကား။
#မိကေသီ(စကားဝါမြေ)
(ဘာသာပြန်တစ်ခုအား မှီငြမ်းပြုပါသည်။)