စံပယ်ဦး(စ/ဆုံး)
————
ဦးအေးကျော်၀င်း
မိတ်ဆွေတစ်ဦး၏ အလှူမှအပြန်
ကားကို လမ်းကြောယူရန် ကျောင်းလမ်းအ၀မှာ ခဏရပ်စောင့်နေသည်။
လမ်းမကြီးပေါ်တွင် ကားဆက်များနေသည် ။ ကိစ္စမရှိ ။ စိတ်ရှည်လေ
ကောင်းလေဖြစ်၏။ ခုဏပဲ ဆရာတော်က တရားဟောလိုက်သေးသည် ။ သည်းခံနိုင်လေ ကောင်းလေတရား ။
ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ ) ၏ စာတစ်အုပ်တွင် ဖတ်ဖူး
မှတ်ဖူးသေးသည် ။ လူငယ်နှစ်ဦး
ကုမ္ပဏီကို ကားဖြင့် လာသည်။
လမ်းသွယ်မှအထွက် တခြားကားတစ်စီးဖြင့် ငြိမလိုဖြစ်သွား ။
တဘက်ကားမှ ဒေါသတကြီးဆင်းလာပြီး ဆဲဆိုကြိမ်းမောင်းသည်။
” တောသား ကားမမောင်းတတ်ဘူးလား ။ ချိတ်မိသွားရင် ငါ့ကားတန်ဖိုးကို မင်းသိလား ”
စသည်ဖြင့် နိုင်ထက်စီးနင်း ပြောနေသည်။
ကားမောင်းသည့်လူငယ်က ဘာမှ
ပြန်မပြောပါ ။ ခေါင်းငုံ့ခံနေသည် ။
တဘက်လူက တစ်ဦးတည်း ရန်ဖြစ်နေသလိုဖြစ်ပြီး အားရအောင် ဆဲဆိုပြီးမှ ပြန်ထွက်သွားလေတော့သည် တဲ့ ။
အတူပါလာသည့် သူငယ်ချင်းက
အားမလိုအားမရဖြင့် ပြောသည်။
” မင်းကွာ အဲဒီလောက်ကြီး ဆဲဆိုနေတာကို ခေါင်းငုံ့ခံနေတယ် ”
” ငါကလည်း လောကြီးထွက်လာတာ
မှားသွားတာပဲလေ ” တဲ့ ။
အဲဒီလူငယ်က ရုံးမသွားခင် တရားထိုင်သေးသည် တဲ့ ။ စိတ်ရှည်သည်းခံမှုကြောင့် ပြဿနာတစ်ခု ပြီးငြိမ်းသွားရ ။ သူသာ မခံချင်စိတ်ဖြင့်
ကားအောက်ဆင်းလိုက်ပါက အတော်ပေရှည် ကြီးကျယ်သွားပေလိမ့်မည်။
သူသည် အသက်ငယ်သော်လည်း
အောင်မြင်သော လုပ်ငန်းကြီးများကို
လုပ်နေသူ ဖြစ်ပါသည် တဲ့ ။
ဦးအေးကျော်၀င်းသည် ယာဥ်ကြော
ရှင်းရန် ကားပေါ်မှာ အေးဆေးစွာ
ထိုင်စောင့်နေစဥ် စပယ်ပန်းရောင်းသော ကလေးနှစ်ယောက် သူ့ဆီပြေးလာပြီး ရောင်းကြသေးသည်။
လူငယ်လေးနှစ်ယောက်ဖြစ်သည်။
မိန်းကလေးက အရင်ရောက်ရလာသော်လည်း မောနေသေးသည်။
နောက်မှရောက်လာသော ကောင်လေးက အရင်ရောင်းလေပြီ ။
” ဘဘ စပယ်ပန်းလေးတွေ ၀ယ်ပါဦး။ မွှေးတယ်လေ ။ လတ်ဆတ်တယ်လေ ”
နောက်မှ ရောက်လာသည့် ကလေးမလေးကလည်း သူ့ပန်းတွဲလေးများကို
ထိုးပေးနေသည် ။
” ဟဲ့ လူကြီးကို မရိုမသေ ”
” ဟုတ် သမီးပန်းလေးတွေက
ပိုမွှေးတယ် ဘဘ ”
ဦးအေးကျော်၀င်း ရယ်ချင်လာသည်။
ကလေးတွေကိုလည်း စကားပြောချင်လာသည် ။
” သမီးပန်းက သူ့ပန်းနဲ့ ဘာကွာလို့
လဲ ”
” ဟီး ဟုတ်တော့ ဟုတ်ပါတယ် ။
သမီးတို့က စပယ်ခြံမှာ ညကတည်းက သွားခူးထားကြတာ ။
အဖူးလေးတွေကို ရေစိုအ၀တ်နဲ့
ထုပ်ထားပြီး မနက်လေးနာရီမှာ
သီထားကြတာ ။ ဒါပေမဲ့ ဘယ်သူ
အရင်ကုန်အောင် ရောင်းနိုင်လဲလည်း
ပြိုင်ထားကြတာ ”
” ဟေ သမီးတို့က ဘာတော်လဲ ”
ကောင်လေးက လုဖြေသည် ။
” သားတို့ လက်ထပ်ပြီးပြီ ။ ခြောက်လ
ရှိပြီ ”
” သြော် ကောင်းပါတယ်ကွယ် ။
တက်ညီလက်ညီ ပန်းရောင်းနေကြတာ ”
ခပ်ညှက်ညှက်တွေမို့
ကလေးတွေလို့ ထင်ထားတာ
သူတို့က အရွယ်ရောက်နေကြပြီပဲ။
သူ စပယ်ပန်းကုံးများအား
၀ယ်ယူအားပေးလိုက်သည် ။
နောက်ရက်များတွင်လည်း ဒီကလေးနှစ်ယောက်ကို မျက်မှန်းတန်းနေမိသည်။ သူက ဒီလမ်းဘက်ကို
ခဏခဏ ရောက်နေရသည်။
ဒီမြို့နယ်ရဲ့အစွန်ဘက် တွင် ခြံ၀ယ်ထားသည် ။ ခြံထဲတွင် တိုက်ပုလေးတစ်လုံးလည်း ဆောက်နေသည်။
ပြီးတော့မည် ။
ပြီးလျှင် မေမေနှင့် အတူလာနေတော့မည်။ မြို့ထဲက တိုက်ခန်းကို အပြီးရောင်းလိုက်တော့မည် ။ ထိုတိုက်ခန်းကို သံယောဇဥ်ရှိငြား တစ်ဦးတည်းသော သမီးကလည်း
စိတ်မ၀င်စားပါ ။ အမွေဟူ၍လည်း
မက်ပုံမပေါ်ပါ ။ သူက ဟိုမှာအပြီးနေတော့မည့် အနေအထားဖြစ်နေပြီ ။ သမီး၏ အမေကလည်း ပြန်လာတော့မည် မဟုတ်ပါ။
သူသာ မေမေ့အတွက် ပြန်လာရခြင်း
ဖြစ်သည် ။
ဖေဖေရှိစဥ်တုန်းကတော့ လူကြီးနှစ်ယောက်ဆီ ခဏတော့ပြန်လာကြည့်ဖြစ်။ ခုတော့မေမေတစ်ယောက်တည်းဖြစ်ပြီ ။အဝေးကနေ ငွေကြေးထောက်ပံ့ရုံဖြင့် မဖြစ်တော့ ။
ပြီးတော့ မေမေ့ ဂေါက်ရောဂါက
ပိုပိုဆိုးလာနေသည် ။ အောက်ကို
သိပ်ပြီး မဆင်းနိုင်တော့ ။
အထပ်မြင့်တိုက်ဖြင့် မသင့်တော်။
ထိုတိုက်ခန်းကိုတောင် သူတို့
လာနေချင်တာမဟုတ် ။
သူတို့က ရွာမှာပဲ ပျော်သည် တဲ့ ။
မြေမနင်းရတာကို သဘောမတွေ့ကြ။
ထို့ကြောင့် ခြံ၀ယ်ဖြစ်တော့သည်။
ခြံက ပေလေးဆယ် ခြောက်ဆယ်
နှစ်ကွက်တွဲဖြစ်သည် ။ အမှန်က
တစ်ကွက်သာလိုသည် ။ မိတ်ဆွေတစ်ဦးက အခက်အခဲရှိနေ၍ နှစ်ကွက်တွဲကို ထိုးရောင်းနေသည် ။ ထို့ကြောင့်
နှစ်ကွက်တွဲ၀ယ်ဖြစ်သွားသည် ။
တစ်နေ့ ခြံထဲကအပြန် ပန်းရောင်းသော ကလေးနှစ်ယောက်ကို တွေ့ရသည်။ လမ်းသွယ်လေးထဲတွင်ဖြစ်သည်။ သူကားရပ်လိုက်ပြီး
နှုတ်ဆက်သည် ။
” ဘဘ ဘာလာလုပ်တာလဲ ”
” ဘဘ ဒီဘက်မှာ ခြံ၀ယ်ထားတယ်။
အဲဒါ အိမ်လေးဆောက်နေတာ
လာလာကြည့်တာ ”
” သြော် ဆေးအပြာနဲ့တိုက်ပုပုလေးလား ”
” ဟုတ်တယ် ”
” သားတို့က ဟိုးဘက် အဆုံးမှာ
နေတာ ။ ခုလည်း ပန်းသွားခူးတော့
မလို့ ”
” အစောကြီး ရှိပါသေးလား ”
” မစောဘူးဘဘ ။ ပန်းဖူးခူးတာက
ကြာတယ် ။ ညဆိုလည်း မမြင်ရတော့ဘူး ”
“အေးအေး သတိလည်းထားကြ ”
” ဟုတ် ”
~~~~~~~~~~~~~~~~
ဦးအေးကျော်၀င်း အိမ်ပြောင်းခဲ့ပြီ။
မေမေလည်း အတက်အဆင်းမလုပ်ရတော့ အဆင်ပြေသွားပြီ ။မေ့မေ့
ဒူးက တခါတခါ အတော်ကိုက်သည်။
ဆေးထိုး ဆေးသောက်လည်း ခဏသာ သက်သာသည် ။ မေမေ့ကို
၀ှီးချဲလ် ၀ယ်ပေးထားလိုက်သည်။
မေမေ ခြံထဲထိ ထွက်လို့ရပြီ ။
မေမေက ခြံထဲကို လေးချောင်းထောက်ဖြင့်လည်း ထွက်တတ်သည်။
မေမေအကြိုက်ဆုံးက ခြံထဲမှာ ၀ှီးချဲဖြင့်နေပူစာ လှုံရတာ ။ အိမ်လေးရှေ့တွင် သမံတလင်း ခင်းထားပေးလိုက်သည်။ အိမ်က အရှေ့ဘက် မျက်နှာ
မူထားသဖြင့် မနက်နေ ကောင်းကောင်းရသည်။ လူကြီးတွေ
မနက်နေပူစာ လှုံသင့်သည်ဟု
ဆိုကြသည်။
သူကတော့ မြို့ထဲ သွားနေရသေးသည်။ အလုပ်ကို လောဘတကြီး
မလုပ်တော့ဟု ဆိုငြား မိတ်ဆွေများဖြင့်တော့ တွေ့နေရသေးသည် ။
ယုံကြည် အားကိုးရသော မိတ်ဆွေများဖြင့် အစုစပ်တော့ လုပ်ထားရသေးသည် ။
မြို့ထဲသွားချိန်တွင် မေမေ့အတွက်တော့ နောက်ဆံတင်းရသေးသည်။
မေမေက အိမ်ဖေါ် မထားချင်ပါ။
တတ်နိုင်သလောက် အိမ်မှုကိစ္စများကို လုပ်နေသည်။သူကလည်း ရုံးချိန်လိုမျိုး မဟုတ်သဖြင့် မေမေနှင့်
နေချိန်များပါသည် ။
ဦးအေးကျော်၀င်း တဘက်ခြံကွက်လပ်ကို ကြည့်မိလျှင် ပန်းရောင်းသော ကလေးလင်မယားနှစ်ယောက်ကို မြင်မြင်နေမိသည်။
စပယ်ခြံ လုပ်ရရင် ကောင်းမလား
စိတ်ထဲပေါ်နေမိသည် ။
တနေ့ မြို့ထဲကအပြန် ကလေးနှစ်ယောက်ကို တွေ့ရပြန်သည်။
သူတို့လေးတွေက တစ်ဦးနှင့်တစ်ဦး
တွန်းထိုးစနောက် လာကြသည်။
ကလေးလင်မယား ပေကိုး ။
သူ စိတ်၀င်စားစွာဖြင့် လိုက်ကြည့်နေမိသည် ။ သူ့ဘ၀ ( လူငယ်ဘ၀ ) မှာ
ပျော်ဖူးခဲ့ရဲ့လား ။ ကြမ်းတမ်းသော
နိမ့်ပါးသောဘ၀ကို အဖတ်ဆည်ရန် လောဘတကြီး အလုပ်လုပ်ခဲ့ ။ မောင်းနှင်အားကို နှစ်ဆမြှင့်ခဲ့ ။
သူ ရေသန့်ပို့ခဲ့ရတာကိုလည်း မမေ့။
တိုက်အပေါ်ဆုံးကို ရေသန့်ဘူး ထမ်းတက်ရတာတော့ အတော်ပင်ပန်းသည်။
လူတကာတွေ ပျော်နေချိန်မှာ ၊
လူတကာတွေ ပြုံးနေချိန်မှာ သူအတွက်ကတော့ ခက်ခဲသည့် အချိန်များဖြစ်ခဲ့ ။
စွန့်စားခန်းများစွာကို ပြုခဲ့ ရ။
နောက်ဆုံး စင်္ကာပူကို ရောက်သည့်အထိ မောင်းနှင်အားကို မလျှော့ခဲ့ရ။
မိဘနှစ်ဦးကိုလည်း ပြန်ကြည့်နိုင်
သည့် အချိန်တွင် မိဘများကား
အိုကြလေပြီ ။
ငွေကြေးထောက်ပံ့နိုင်ပြီဖြစ်သော်လည်း လူအိုများကား
မစားနိုင် ၊ မ၀တ်နိုင် အရွယ်ရောက်ကြလေပြီ ။
တခါတခါ စဥ်းစားမိသည်။
ထမင်းရည်ပူ အတူလျက်ကြလည်း
ပျော်ရွှင်ကြရလျှင် မပြီးဘူးလား ။
ပိုဆိုးသည်က သူ့ထက်အရင် စင်္ကာပူ
ရောက်နေသည့် သူမနှင့် လက်ထပ်ဖြစ်ခဲ့ခြင်း ။ နှစ်ဦးသား လူငယ်တွေ
မဟုတ်တော့ ။ သူတို့ သိပ်ပြီး ရင်မခုန်တတ်တော့ ။
သူတို့နှစ်ဦးသည် အချစ်ထက်
ဦးနှောက်ကို ဦးစားပေးကြသူများ
ဖြစ်နေကြပြန်သည် ။ သူမသည်
သူ့ထက်ပိုဆိုးသည်က ( Homeless )
ဖြစ်နေသူပင် ။
သူကမှ သူ့ရွာ ၊ သူ့မြို့ ၊ သူ့မိဘတွေကို တွယ်တာစိတ် ရှိနေသေးသည်။
သူ ခဏခဏ ပြန်လာပြီး မိဘတွေကို
ကြည့်ဖြစ်သည် ။ ဟော ခုတော့ ဖေဖေဆုံးပါးသွားပြီမို့ မေမေတစ်ယောက်တည်း ထား၍ မဖြစ်တော့ပါ ။ ဖေဖေ့ဇာပန တွင် တောက်တစ်ချက် ကျယ်ကျယ်လောင်လောင်
ခေါက်မိလိုက်သည် ။ သူ ဖေဖေ့ကို
အနီးကပ် မပြုစုလိုက်ရလေခြင်းက
တနုံ့နုံ့ဖြစ်နေသည် ။သူ့ဇနီးနှင့် မြေးမ
မပါသော ဖေဖေ့ဇာပန အပြီးတွင်
သူ ဆုံးဖြတ်ချက် ချလိုက်လေတော့သည်။အပြီးပြန်တော့မည်။
မေမေ့နှင့်ပတ်သက်၍တော့ နောင်တ
အဖြစ်မခံနိုင်တော့ ။
ပန်းသည် ကောင်လေးလင်မယားကို
သူဗျူးကြည့်သည် ။ ပန်းခြံကို
ဘယ်လို ငွေသွင်းရလဲ ။ တစ်နေ့
ပန်းရောင်းရငွေ ဘယ်လောက်ကျန်လဲ။ ဘယ်မှာ နေထိုင်ကြလဲ ။
” သားရဲ့အစ်မအိမ်မှာ အဖီဆွဲနေကြတာပါ ။သားအသက်က ၁၉ နှစ် ရှိပါပြီ။သူက ၁၈ နှစ် ။ သူက ဒီရောက်တာ
သိပ်မကြာသေးဘူး ။ နာဂစ်ဖြစ်ပြီးမှ”
” သြော် မိဘတွေရော ”
” သားမှာလည်း မိဘတွေ မရှိတော့ပါဘူး ။ အစ်မတစ်ယောက်ပဲ ရှိပါတယ်”
” သူတို့က ဘာလုပ်လဲ ”
” ယောက်ဖက ပန်းရံလုပ်တယ် ။ မမကတော့ ကြုံရာပေါ့ ”
” သမီး မိဘတွေကရော ”
” မရှိတော့ဘူး ။ နာဂစ်ထဲ ပါသွားကြပြီ ”
” သြော် ကွယ် ”
ကောင်လေးနာမည်က မင်းမင်းအောင်တဲ့ ။ ကောင်မလေးနာမည်က
သင်းသင်းနိုင် တဲ့ ။ မွန်မွန်ရည်ရည်
လေးတွေပါပဲ ။ သူ စကားစကြည့်လိုက်သည်။
” ဘဘမှာ ခြံလွတ်တကွက်ရှိတယ်။
အဲဒါက ဘာလုပ်ဖို့မှ အစီအစဥ်မရှိဘူး။ စပယ်ပန်း စိုက်လို့ရမလား
မသိဘူး ”
” ဟာ ရတာပေါ့ ဘဘရဲ့ ။ သားတို့
ယူနေတဲ့ စပယ်ခြံက ဘဘခြံလောက်တောင် ကျယ်တာမဟုတ်ဘူး ။
ဘဘ စိုက်ကြည့်ပါလား ။ သားတို့
ရောင်းပေးမယ်လေ ”
” ဘဘက ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး ။ သားတို့ လုပ်မလား ”
” ဘယ်လိုပုံစံလဲ ဘဘ ။ မြေငှားတာလား ”
” မဟုတ်ဘူး ။ သားတို့ဘာသာ စိုက် ၊
ရောင်း ။ ဘဘကို ဘာအခကြေးငွေမှ
ပေးစရာ မလိုဘူး ”
” ဗျာ ” “ရှင် ”
အဲဒီလိုနဲ့ ကလေးနှစ်ယောက်
တက်ညီလက်ညီ လုပ်ကြလေတော့သတည်း ။
မနက်ခင်း ပန်းရောင်း ။ နေ့လည်ခင်းမှစ၍ တူးကြဆွကြ ။ မြောင်းဖေါ်ကြ။
စလိုက်ကြ ။ နောက်လိုက်ကြ ။ သီချင်းတွေ အော်ဆိုကြ ။
အပျော်တွေကူးစက် ။ မေမေက
ခဏခဏ ထွက်ကြည့် ။ တနေ့တော့
မေမေက ပြောသည် ။ သူ့ဖို့ မုန့်၀ယ်လာရင် များများ ၀ယ်လာပါတဲ့။
သူ သတိထားမိနေပြီ ။ ယခင်က
မေမေ့အတွက် မုန့်၀ယ်လာခဲ့ရင်
မစားဖြစ်တာများသည် ။ ခုတော့
ကုန်ကုန်နေသည် ။ လားလား
ကလေးတွေကို ကျွေးပစ်နေတာပါလား။
တခါတလေ ကောင်မလေးက
နားနေတတ်သည် ။ ကောင်မလေးက
သိပ်ပြီး ကျန်းမာရေး ကောင်းပုံမပေါ်။
ဖြူဖြူညှက်ညှက်ကလေး ဖြစ်သည်။
ကောင်မလေး နားနေလျှင် မေမေက
ထွက်ပြီး စကားပြောနေတတ်သည်။
မေမေ အဖေါ်ရနေသလိုပင် ။
သူတို့ပန်းခင်းလေး စိမ်းစို လာပြီ။
သူတို့ လုပ်တတ်သည်။
အဖူးလေးတွေ စတင်မြင်ရပြီ ။
သူတို့လေးတွေ ပျော်နေကြပြီ ။
မေမေလည်း ပိုပြီး ရွှင်လန်းလာလေပြီ ။
မကြာပါ စပယ်ပန်းတွေ ပွင့်ချေပြီ။
အစပိုင်း သူတို့ကိုယ်တိုင် ခူးရောင်းကြသည် ။ နောက်ပိုင်းကျ အခင်းပြင်ရ ၊ မြေသြဇာ ကျွေးရနှင့် ပန်းမရောင်းနိုင်တော့ ။ ဖေါက်သည်
ပေးရတော့သည် ။ သူတို့ကား
အခင်းရှင် ဖြစ်လေပြီ ။
တနေ့ သူတို့ မနက်အလာ နောက်ကျနေသည် ။ နေမြင့်မှ ရောက်လာကြသည်။ မေးကြည့်သောအခါ
သင်းသင်း ဗိုက်အောင့်နေလို့တဲ့ ။
” သူက တလတခါ ဗိုက်အောင့်တတ်တယ် ”
” ဟေ ဘာဖြစ်လို့လဲ ”
” ဆေးကပ်နဲ့ မတည့်ဘူးထင်ပါတယ်။
လူလည်း ပိန်ပိန်ကျလာတယ် ”
သူ သဘောပေါက်လိုက်ပြီ ။ ကလေးတွေ မိသားစု စီမံကိန်းထားနေတာဖြစ်မည် ။ ကောင်လေးကို သူပြောလိုက်သည် ။
” ဆေး ဖြတ်လိုက်တော့ ။ ကလေးယူလိုက်တော့ ”
” ဘဘ သားတို့ ပိုက်ဆံအဆင်သင့်မဖြစ်သေးဘူး ”
” ဘာမှ မပူနဲ့ ။ ဘဘ ဗိုက်လိုက်အပ်ပေးမယ် ”
ဦးအေးကျော်၀င်း အငှားပူ
လုပ်မိပြီလား ။ သူ့ ဘ၀နှင့်ယှဥ်ပြီး
စာနာနေမိ ။ ကလေးတွေကို လူမှုဒုက္ခတွေ မရှိစေချင်ပါ ။
သူ့သမီးကို သူ့အကူအညီမပါဘဲ
သူ့မိန်းမက တာ၀န်ယူသွားသည်။
အဆုံးထိပြောရလျှင် သမီးရယ်လို့
ချီတာပိုးတာပင် ဘယ်နှကြိမ်လုပ်ဖြစ်ခဲ့သည်လည်း မသိ ။ ထို့ကြောင့်ပင်
သူ့သမီးက သူ့ကို မခင်တွယ်တာလား။
ကလေးမလေး ဆေးဖြတ်လိုက်သည်ထင်သည် ။ စိုစိုပြေပြေဖြစ်လာသည်။
၀၀ဖြိုးဖြိုးဖြစ်လာသည် ။ မကြာပါ
သတင်းကောင်းကြားရသည် ။ ကလေးရှိပြီ တဲ့ ။
သူကိုယ်တိုင် အိုဂျီဖြင့် လိုက်အပ်ပေးသည်။ကလေးတွေ ပျော်နေကြသည်။
မေမေလည်း ထိုသတင်းကြားရတော့
ပျော်နေသည် ။ မြေးချီရတော့မည်တဲ့။
မြေးလို့ ပြောတော့ သူမျက်နှာပျက်ရပြီ ။ တကယ်က မေမေ့မှာ မြေးအရင်း ရှိတာပဲလေ ။ ဒါပေမဲ့
မေမေ မြေးမချီဖူးပါ ။ မချီဖူးရုံမက
လူကိုယ်တိုင်တောင် မတွေ့ဖူးပါ ။
သူ ခြံထောင့်မှာ အိမ်သေးသေးလေး
တစ်လုံး ဆောက်လိုက်သည် ။ သူ့မိတ်ဆွေ ဆောက်လုပ်ရေးကုမ္ပဏီက
လာဆောက်ပေးတာ တစ်ရက်မျှသာ
ကြာသည် ။ အိမ်လေးပြီးသွားတော့
ကလေးတွေကို ပြောင်းနေခိုင်းလိုက်သည်။ နှစ်ဦးသား မျက်ရည်တွေ၀ဲနေကြသည် ။
ထိုညက မေမေမအိပ်မီ ခြံလေးထဲက
အိမ်လေးကို ပြူတင်းပေါက်မှ
ငေးကြည့်နေတာ တွေ့ရသည်။
အိမ်လေးက သေးငယ်ငြား
လှတပတလေးဖြစ်သည်။ ခြံထောင့်မှာ မီးလင်းနေသည့် အိမ်လေးရှိတော့
ပိုပြီး လုံခြုံနွေးထွေးသည်ဟုလည်း
ထင်ရသည် ။
~~~~~~~~~~~~~~~
” ဘဘ ဒီည သားတို့ လာကန်တော့ချင်လို့ ”
” ဟေ အေး လာခဲ့လေကွာ ”
ဒီနေ့ ဆည်းဆာက လွမ်းလောက်အောင်ကို တောက်ပနေသည် ။
ညနေ အလုပ်သိမ်းပြီးလောက်မှာ
ကလေးနှစ်ယောက် ရောက်လာသည်။ သန့်သန့်ပြန့်ပြန့်လေးတွေ
၀တ်လို့ ။
ကလေးတွေသည် စည်းကမ်းရှိသည်။
အလွန်အလိုက်သိတတ်ကြသည် ။
အိမ်ထဲကို ယခင်က မ၀င်ဖူးကြပါ။
သီတင်းကျွတ် အခါသမယမှာ
ကန်တော့ချင်သည့်အကြောင်း
ခွင့်တောင်းသည် ။
ကိတ်မုန့်တစ်ဘူးသာဖြစ်သည်။
မေမေက မသိမသာ မျက်ရည်သုတ်သုတ်နေတာ တွေ့ရသည် ။
မေမေသည်ပင်မဟုတ် သူလည်း
မျက်ရည်၀ဲလာမိသည် ။ သူ့ယဥ်ကျေးမှုတွင် ကန်တော့ခြင်း ၊ ကန်တော့ခံရခြင်း အလေ့အထ မရှိခဲ့ ။မဆီမဆိုင်
အရွယ်ရောက်နေပြီဖြစ်သော ၊ သူ့ခြေထောက်ပေါ် သူရပ်နိုင်နေပြီဖြစ်သော စင်္ကာပူမှ သမီးကို သတိရလိုက်သေးသည် ။ ဗမာ့ယဥ်ကျေးမှု၊
ဓလေ့တွေဖြင့် ဘယ်လောက်ကင်းကွာနေပြီလဲမသိ ။
သူလည်း ကန်တော့ခံအပြီး ထိုင်ခုံအောက်ကို ဆင်းထိုင်လိုက်သည်။
မေမေ့ကို ဦးသုံးကြိမ်ချ ကန်တော့လိုက်သည် ။ မေမေငိုလေပြီ ။
မေမေက ကလေးတွေရော သူ့ကိုပါ
ဆုတွေ အကြာကြီးပေးနေသည်။
မေမေမျက်ရည်တွေကြားမှ ပြုံးလိုက်သည် ။ မေမေက ဣန္ဒြေဆောင်နိုင်သည် ။ မေမေက အလယ်တန်းပြ
ကျောင်းအုပ်ဖြင့် ပင်စင်ယူခဲ့သူပေပဲ။
အတွေ့အကြုံများလှသည်ပေါ့ ။
မေမေက ကလေးတွေကို မုန့်တွေချကျွေးသည် ။ သူကလည်း တစ်ယောက်ကို ငါးသောင်းဆီ မုန့်ဖိုးပြန်ပေးသည် ။
စကားတွေပြောကြရင်း ဧည့်ခန်းထဲတွင် ချိတ်ထားသော ဘွဲ့၀တ်စုံဖြင့်
ဓာတ်ပုံများကို တွေ့ရသဖြင့် ကလေးမလေးက ပြောသည် ။
” သမီးရဲ့ကလေး ကိုတော့ ပညာတတ်ကြီးဖြစ်အောင် သင်ပေးရမယ် ”
” ဖြစ်ရမှာပေါ့ကွာ ” ကောင်လေးကလည်းပြောသည် ။
သူကလည်း ပညာတတ်ကြီးဖြစ်ရုံမျှမက မိဘဆွေမျိုးသားချင်းများအပေါ် သိတတ်သော ၊ အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းနိုင်သော
ယဥ်ကျေးလိမ္မာသည့် ကလေးဖြစ်ရန်
ဆုတောင်းပေးလိုက်သည်။
ကလေးမလေး၏
ဗိုက်သည်ပင် အတော်ထွက်နေပေပြီ။
သူတို့ကို ဆေးခန်းပုံမှန်သွားခိုင်းထားသည်။
” အိုဂျီ ကို ပုံမှန် သွားပြတယ်
မဟုတ်လား ”
” ဟုတ် ဘဘ ။ ကလေးက
ကျန်းမာပါတယ် တဲ့ ။ သားတို့
အယ်ထရာဆောင်းတောင် ရိုက်ခဲ့သေးတယ် ။ မိန်းကလေး တဲ့ ”
” အေးအေး ။ သမီးလေးမွေးမှာဆိုတော့ ဘဘက ကြိုပြီး နာမည်
ပေးထားမယ် ။ စပယ်ဦး လို့ ”
” ဟုတ် ” ” ဟုတ် ”
” မင်းတို့ဘာသာ ကြိုက်ရာပေးကြ။
ဘဘကတော့ စပယ်ဦးလို့ပဲ ခေါ်မယ်”
” သားတို့လည်း ကြိုက်တယ် ”
” စပယ်ဦး ”
” စပယ်ဦး ”
မေမေကလည်း လိုက်ခေါ်ကြည့်သည် ။
” စပယ်ဦး ”
” မြေးလေး စပယ်ဦး ”
ဖြူစင်သော ၊ မွှေးသော ပန်းလေးများ
ဒီမြေမှာ ပွင့်လန်းနေစေချင်ပါသည် ။
~~~~~~~~~~~~~
*စိုးမိုးနိုင်အောင် *
~~~~~~~~~~~~~~