လူစိမ်း

Posted on

မောင်မောင်မိုးအောင်
လူစိမ်း

“ဆရာကြီးအဟိန် အသည်းအသန်ဖြစ်နေသည်။ အမြန်လာ”

ဟူသော စတိန်ရွာမှ လှေကြုံဖြင့် ပေးပို့လာသော စာတစ်စောင် ‘အဒန်း’ထံ ရောက်နေသည်မှာ ရက်အတန်ကြာခဲ့ပြီဖြစ်သည်။

ဆရာကြီး ‘အဟိန်’သည် မိမိ၏ ထမင်းရှင် ကျေးဇူးရှင်ဖြစ်သည်။ စာရရချင်း စတိန်ရွာသို့ သွားလိုသော်လည်း မိမိလုပ်ငန်းများ မပြီးပြတ်သေး၍ စိတ်ကသာ ရောက်နေခဲ့သည်။ လူကိုယ်တိုင်မရောက် နိုင်ခဲ့ပါ။ ယခု လုပ်ငန်းများပြီးပြတ်တော့မှ ဆရာကြီးရှိရာ စတိန်ရွာသို့ ထွက်လာခဲ့သည်။

ဆရာကြီး ‘အဟိန်’နေထိုင်လျက်ရှိသော စတိန်ရွာသည် ကံမော်ကျွန်းတန်းရှည်ကြီး အရှေ့ဘက်အစွန်အဖျားတွင် တည်ရှိသည်။

‘အဒန်း’နေထိုင်သော အလယ်မန်ကျွန်းမှ စက်လှေဖြင့် လေးနာရီခန့်မောင်းလျှင် ရောက်နိုင်သည်။ မိမိ ပိုင်လှေဖြင့် အလယ်မန်မှ နံနက်ပိုင်းတွင် ထွက်လာခဲ့သည်။ လှေပေါ် တွင် ‘အဒန်း’နှင့် လုပ်ဖော်ကိုင်ဖက် ‘ငညို’ဟုခေါ်သည့် မျောက်တစ်ကောင်သာ ပါရှိလာသည်။

‘ငညို’ သည်လည်း ဆရာကြီး ‘အဟိန်’၏ လက်ထွက်တပည့်ဖြစ်သည်။ ဆရာကြီးလေ့ကျင့်သင်ကြားပေးခဲ့မှုကြောင့် ‘ငညို’ကို အဒန်း အားကိုးနေရပြီဖြစ်သည်။

အုန်းသီးခူးရာတွင် ‘ငညို’ကိုသာ အားထားနေရသည်။ ‘အဒန်း’၏ အသက်မွေးကြောင်းအလုပ်မှာ အုန်းပင်ပြုပြင်ခြင်း၊ အခကြေးငွေဖြင့် အုန်းသီးခူးသောအလုပ်ဖြစ်သည်။

‘အဒန်း’၏စက်လှေပေါ်တွင် အခွံနွှာပြီးသားအုန်းသီး ထောင်ကျော်တင်ဆောင်နိုင်သည်။ ‘ငညို’မှာ လှေဦးတွင်ထိုင်လျက်သား လိုက်ပါလာသည်။ ရာသီဥတုသာယာနေပြီး လှိုင်းလေနည်းပါးချိန်ဖြစ်နေသဖြင့် အဒန်း စက်ရှိန်မြှင့်လျက် မောင်းလာသည်။ အဒန်း တို့ဒေသ အနောက်ဘက်တွင် ပင်လယ်ပြင်ကြီး ကာဆီးနေသည်။ ပင်လယ်နှင့် ဆက်စပ်နေသဖြင့် နွေမိုးမဟူ လှိုင်းလေကျလာနိုင်သည်။ လှိုင်းလေငြိမ်သက်ခိုက်တွင် ခရီးတွင်အောင် စက်ရှိန်မြှင့်၍မောင်းလာခဲ့သည်။

စတိန်ရွာတွင် ဆရာကြီးအဟိန်နှင့်အတူ နှစ်အတန်ကြာ အဒန်း နေထိုင်ခဲ့ဖူးသည်။ ရွာအဝင်လမ်းကိုကောင်းစွာ မှတ်မိနေသည်။ အဒန်းတို့လှေ စတိန်ရွာအဝင်ဝရောက်လာခဲ့ပြီး ရွာအဝင် ကျောက်တန်းနှင့်လွတ်ရာ သောင်ပြင်ဘက်သို့ လှေကို ဦးတည်လိုက် သည်။

စတိန်ရွာကို လှမ်းတွေ့နေရပြီ။ အဒန်း လှေကို ယာဘက်သို့ ကွေ့ပြီး စက်ရှိန်လျှော့လိုက်သည်။ အဒန်း စက်ရှိန်လျှော့လိုက်သည်နှင့် ငညိုက လှေချည်သည့်ကြိုးစကို ကောက်ကိုင်လိုက်သည်။

လှေမှာ ကမ်းစပ်သို့ရောက်လာသည်။ လှေဝမ်းဗိုက်နှင့် သဲသောင်ပြင် ပွတ်တိုက်သံ တရှဲရှဲမြည်သံကြားရပြီး လှေမှာ အရှိန်လျော့သွားသည်။ လှေအရှိန်မသေသေးမီအချိန်မှာပင် ငညိုက လှေချည်သည့်ကြိုးစကိုကိုင်ကာ သောင်ပြင်ပေါ် ခုန်ဆင်းသွားတော့သည်။ အသင့်တွေ့ရသော ငုတ်တိုင်တစ်တိုင်တွင် ငညိုက လှေချည်သည့် ကြိုးကို ပတ်ထားလိုက်သည်။

အဒန်းတို့လှေဆိုက်ကပ်ရာနေရာသည် စတိန်ရွာလှေဆိပ်ဖြစ်သည်။ မလှမ်းမကမ်းတွင် လှေအစီး ၂ဝ ခန့် ဆိုက်ကပ်ချည်နှောင်ထားသည်ကို တွေ့လိုက်ရသဖြင့် အဒန်းစိတ်ထဲ ထူးနေသလိုထင်ခဲ့သည်။

အဒန်းက ဘောင်းဘီရှည်ကို ပေါင်ရင်းအထိ လိပ်တင်လိုက်သည်။ အသင့်ပါလာသော ပျားရည်နှစ်ပုလင်းကိုကိုင်ကာ လှေပေါ်မှ ဆင်းလိုက်သည်။ တိုင်ငုတ် တွင် ငညိုပတ်ထာသော လှေကြိုးကို ကြည့်လိုက်သည်။

ရေတက်ချိန် ဖြစ်၍ ရေပြည့်အနေအထားနှင့် မှန်းကာ လှေကြိုးကို ပြန်ချည်လိုက်သည်။ ပြီးသည်နှင့် အဒန်းနှင့် ငညိုတို့ စတိန်ရွာအတွင်းသို့ ဝင်လာကြသည်။ ငညိုက ကွိကွိ ကွီကွီဖြင့် အော်မြည်လိုက်ပါလာသည်။

စတိန်ရွာသို့ အဒန်း မရောက်သည်မှာ နှစ်များကြာခဲ့ပြီဖြစ်သည်။ အိမ်သစ်လူသစ်များ တွေ့ ရသည်။ မျက်နှာစိမ်းများနှင့် ဆုံတွေ့လျှင် ငညိုမှာ အော်မြည်နေကျဖြစ်သည်။ ငညိုအသံတိတ်အောင် ထိန်း နေရသေးသည်။

အဒန်းတို့ ဆရာကြီးအဟိန်၏ ခြံဝင်းအဝင်ဝအရောက်တွင် ခြေလှမ်းများ တုံ့နှေးသွားခဲ့ရသည်။ ခြံဝင်းအတွင်း မျက်နှာစိမ်း ဧည့်သည်များဖြင့် စည်ကားနေသည်ကို တွေ့လိုက်ရသည်။

အဒန်းကိုမြင်သည်နှင့် ဆရာကြီးကတော် အပြေးအလွှားထွက်လာပြီး အဒန်းကိုဖက်ကာ ငိုပါတော့သည်။

“အဒန်း … မင်းလာသေးတယ်နော်၊ ငါရေးလိုက်တဲ့စာ ရတယ်မဟုတ်လား။ မင်းရဲ့ဆရာကြီး ဆုံးရှာပြီကွဲ့။ သူဆုံးတာ လေးရက်ရှိသွားပြီ။ ဟိုးခြံထောင့်မှာ သူ့မြေပုံ”

“ရေးလိုက်တဲ့စာရပေမဲ့ အလုပ်တွေ မပြတ်သေးလို့ ချက်ချင်း မလာနိုင်ခဲ့ဘူး။ ခုလိုဖြစ်မယ်လို့လဲ မထင်ခဲ့မိဘူး။ ဆရာကြီးကို သွားကန်တော့လိုက်ဦးမယ်။ ဒါ ဆရာကြီး ဆေးဖော်စပ်ဖို့ ယူလာခဲ့တဲ့ ပျားရည်စစ်တွေပါ”

“ကဲ ငညို၊ တို့ဆရာကြီးကို ကန်တော့ကြစို့။ မင်းရဲ့ဆရာဖြစ်သလို ငါရဲ့ကျေးဇူးရှင်လည်းဖြစ်တယ်”

အဒန်း ဆရာကြီးမြေပုံထိုင်ကန်တော့နေစဉ် ငညိုက အဒန်းကိုတစ်လှည့် မြေပုံကိုတစ်လှည့် ကွက်ကြည့်ကွက်ကြည့် လုပ်နေသည်။ အဒန်း မျက်ရည်မကျအောင်ထိန်းရင်း အံကြိတ်ထားလိုက်မိသည်။ အစားထိုး၍မရသော ဆုံးရှုံးမှုအတွက် ကြေကွဲနေမိသည်။

ဆရာကြီးအဟိန်၏ပညာကို မည်သို့မျှ အစားထိုး၍ မရနိုင်ပါ။ တတ်မြောက်သူလည်း မရှိနိုင်ပါ။ ဆရာကြီးကတော်က ညအိပ်ပါဆို၍ ဆရာကြီးအိမ်တွင် အဒန်းတို့ တစ်ညအိပ်ခဲ့ရသည်။ စတိန်ရွာတွင် မိမိက မျက်နှာစိမ်းဖြစ်ပြီး အသိအကျွမ်း နည်းပါးလှသည်။

ယခင်ဆရာကြီးထံတွင် နေထိုင်ခဲ့စဉ်က သိဟောင်း ကျွမ်းဟောင်းများ မရှိတော့ပါ။ အချို့မှာ စီးပွားရေး အဆင်ပြေသည့် မြိတ်မြို့သို့ ပြောင်းရွှေ့သွားကြသည်။ အချို့မှာ ပင်လယ်ပြင်ငါးဖမ်းထွက်နေကြသည်။

ငညိုကလည်း ပြဿနာကောင် ဖြစ်နေသည်။ မျက်နှာစိမ်းများကြားတွင် တကွိကွိနှင့် အော်နေတတ်သည်။ အခြားသူများ အနှောင့်အယှက်မဖြစ်စေရန် ငညိုကို ထိန်းနေရသည်။ နောက်တစ်နေ့ နံနက်တွင် ဆရာကြီးကတော်ကို နှုတ်ဆက် ကန်တော့သည်။ အကြောင်းကိစ္စရှိက လှေကြုံဖြင့် မိမိထံအကြောင်းကြားရန်နှင့် မိမိလည်း မကြာခဏ လာမည်ဖြစ်ကြောင်း နှစ်သိမ့်ပြောဆိုရသည်။

ရက်လည်သည် အထိနေရန် တားနေသည့်ကြားမှပင် မိမိနေထိုင်ရာကျွန်းသို့ပြန်ရန် အဒန်း ဆုံးဖြတ်လိုက်ရသည်။ မျက်နှာစိမ်းများ ရပ်ရွာတွင် ငညိုနှင့် မည်သို့မျှ နေ၍ မဖြစ်တော့ပါ။

အဒန်းတို့ ကမ်းနားရောက်ချိန်သည် ရေပြည့်နေချိန်ဖြစ်သည်။ လှေမှာ ကမ်းစပ်သို့ ရောက်နေသည်။ လှေချည်သည့် ငုတ်တိုင်မှာ ပေါင်ရင်းခန်းအထိ ရေမြှုပ်နေသည်။ အဒန်း ငုတ်တိုင်မှ လှေချည်သည့် ကြိုး ဖြေပြီးချိန်တွင် ငညို လှေပေါ်ရောက်နှင့်နေပြီ ဖြစ်သည်။ အဒန်း ပစ်ပေးသည့်ကြိုးကို ငညိုက ဖမ်းယူလိုက်သည်။

အဒန်းစက်ကို စစ်ဆေးနေစဉ်မှာပင် ငညိုက စက်နှိုးသည့် လက်လှည့်ကောက်တံကိုယူကာ အဒန်းကို ကမ်းပေးသည်။ အဒန်းက ငညို၏ ဦးခေါင်းကို ချစ်စနိုးဖြင့် အသာအယာ ပုတ်လိုက်သည်။

အဒန်း စက်နှိုးပြီး စတိန်ရွာမှ ထွက်လာခဲ့သည်။

ပင်လယ်ပြင်မှာ ကြည်လင်သာယာနေသည်။ လှေမှာ တရိပ်ရိပ် ပြေးနေသည်။ အဒန်း၏ စိတ်အတွေးများလည်း ပျံ့လွင့်နေသည်။ ဆရာကြီး၏ ပုံရိပ်များက အတွေးထဲ ပေါ်လာသည်။

“စတိန်ရွာ”

ကံမော်ကျွန်းကြီး၏ အစွန်အဖျားတွင်ရှိသော ရွာကြီးဖြစ်သည်။ ‘ သံဇုန်’၊ ‘သဲတန်း’၊ ‘အုန်းတောကမ်း’ ရွာများနှင့် ဆက်စပ်တည်ရှိနေသော်လည်း ‘စတိန်’ ရွာကိုသာ လူသိများသည်။

စတိန်ရွာ လူသိများ၍ ထင်ပေါ်ရခြင်းမှာ ဆရာကြီး ‘အဟိန်’ကြောင့် ဖြစ်သည်။ ‘စတိန်’ ရွာနှင့် ဆရာကြီး ‘အဟိန်’ သည် ခွဲခြား၍ မရစကောင်းပါ။

ဆရာကြီးအဟိန်၏ ပညာမျိုးက တတ်မြောက်သူ ရှားပါးလှသည်။ တောတောင်တွင်းမှ မျောက်တစ်ကောင်ကို လူ၏ အခိုင်းအစေဖြစ်ရန် လေ့ကျင့်သင်ကြားပေးရသည့် ပညာရပ်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။ ဆရာကြီးမှလွဲ၍ မည်သူမျှ မတတ်စွမ်းနိုင်ပါ။

မျောက်တစ်ကောင်ကို အနည်းဆုံး တစ်နှစ် သို့မဟုတ် တစ်နှစ်ခွဲခန့် လေ့ကျင့်သင်ကြားပေးရသည်။ တစ်ခါတစ်ရံ သည်ကာလထက်ပင် ပို၍ကြာသည်လည်း ရှိတတ်သည်။

မျောက်ကို လေ့ကျင့်သင်ကြားပေးရသည့် ပညာရပ်မှာ အခြားမဟုတ်ပေ။ ရေမြေဒေသနှင့် လိုက်ဖက်သည့် အုန်းသီးဆွတ်ခူးသောပညာဖြစ်သည်။ သင်ကြားသည့် အခကြေးငွေမှာ အချိန်ကြာလျှင် ကြာသရွေ့ပေးရသည်။

အုန်းသီးအခိုင်ရွေးခြင်း၊ အနုအရင့်၊ အစို အခြောက်ခွဲခြားခြင်း၊ သခင့်အလိုကျ ဆွတ်ခူးပေးခြင်း စသည့် ပညာရပ်များ လေ့ကျင့်သင်ကြားပေးသည်။ ထို့အပြင် သခင်ဖြစ်သူအပေါ် သစ္စာရှိရန်၊ သခင့်အမိန့် နာခံတတ်ရန်နှင့် မျက်နှာစိမ်း မျက်နှာကျက် ခွဲခြားတတ်ရန်လည်း လေ့ကျင့်သင်ကြားပေးသည်။

ဤဒေသတွင် အုန်းပင်များက ဖြစ်ထွန်းရှင်သန်လှသည်။ လူကို ခိုင်းခြင်းထက် မျောက်ကို ခိုင်းစေခြင်းက ဈေးနှုန်းပို၍ သက်သာသည်။ ထို့ကြောင့် မျောက်ကိုသာ ခိုင်းလေ့ရှိသည်။

ထိုပညာရပ်များ သင်ကြားပေးနိုင်သည့် ဆရာကြီး ‘အဟိန်’ ၏ အမည်မှာလည်း ထင်ပေါ်ကျော်ကြားနေတော့သည်။

အနီးအနားရွာများသာမက အရှေ့ဘက်ရှိ အလယ်မန်ကျွန်း၊ ပါဝယ်ကျွန်း၊ တောင်ဘက်ရှိ ဝက်ကျွန်း၊ မော်ခေါင်းတုံးကျွန်း၊ မြောက်ဘက်ရှိ ဘုတ်ကျွန်း၊ ကြက်ကျွန်းများအထိ ဆရာကြီး အဟိန်၏ အမည်က ပျံ့နှံ့ထင်ရှားလှသည်။ ဆရာကြီး အဟိန်မှာ တိုင်းရင်းဆေးဆရာလည်း ဖြစ်နေသည်။

ဆရာကြီးမှာ အဒန်း၏ မိဘများနှင့် ရင်းနှီးသူလည်း ဖြစ်သည်။ မိဘများ ကွယ်လွန်သွားပြီး အဒန်းမှာ တစ်ကောင်ကြွက်ဘဝမျိုးဖြင့် ကျန်ရစ်ခဲ့သည်။ ညီအစ်ကိုမောင်နှမ မရှိ၊ ဆွေမျိုးမရှိဖြင့် မိဘများ၏ အုန်းခြံကိုသာ အမွေခံအဖြစ် ရရှိခဲ့သည်။

အဒန်း အုန်းသီးခူး၊ အုန်းသီးရောင်းခြင်းဖြင့် အသက်မွေးသည်။ အဒန်း အုန်းသီးကို ကိုယ်တိုင်ခူးသည်။ အဒန်း ပင်ပန်းနေသည်ကို မကြည့်ရက်တော့၍ ဆရာကြီးအဟိန်က မျောက်တစ်ကောင်နှင့် အတူ အဒန်းကို သူ့ထံသို့ ခေါ်ထားလိုက်သည်။

အဒန်းတို့ ဒေသ တောတောင်များတွင် မျောက်များ ပေါများလှသည်။ သို့သော် ဆရာကြီးက မျောက်ညိုကိုသာ သင်ကြားပေးလေ့ရှိသည်။ မျောက်ညိုကို မရမှသာ မျောက်ဖင်နီကို အသုံးပြုသည်။ မျောက်တံငါကိုမူ အသုံးပြုလေ့ရှိပါ။

မျောက်ညိုတစ်ကောင်နှင့်အတူ အဒန်း ဆရာကြီးတို့ စတိန်ရွာတွင် တစ်နှစ်ကျော် နေထိုင်ခဲ့သည်။ သခင်ဖြစ်မည့်သူနှင့် ရင်းနှီးကျွမ်းဝင်စေရန် အဒန်းကိုပါ ခေါ်ယူထားခြင်းဖြစ်သည်။

မိဘများ၏ မျက်နှာဖြင့် သင်ကြားခ တစ်ပြားတစ်ကျပ်မှ မပေးခဲ့ရပေ။ ထိုမျှသာမက စားသောက်နေထိုင်ရေးအတွက်ပါ တာဝန်ယူကြသေးသည်။ ဆရာကြီးကတော်မှာလည်း မိခင်အရင်းသဖွယ် သဘောထားပြည့်ဝသူ ဖြစ်သည်။

အဒန်းကို သားတစ်ယောက်ကဲ့သို့ သဘောထားကာ ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ အဒန်း၏ဖခင်မှာ မြိတ်သားဖြစ်သော်လည်း ကျွန်းမှ ဆလုံတိုင်းရင်းသူ နှင့် အိမ်ထောင်ကျသည်။ အဒန်းတစ်ဦးတည်းသာ မွေးဖွားပြီး ကွယ်လွန်ခဲ့သည်။

အဒန်း၏မိခင်မှာ ဆလုံဘာသာစကား၊ ပသျှူးဘာသာစကားများ ပြောတတ်သည်။ မိခင်၏ ကျေးဇူးကြောင့် အဒန်းက ဆလုံစကား၊ ပသျှူးစကားများ ပြောတတ်ခဲ့သည်။ ဆရာကြီးအဟိန်၏ ကျေးဇူးကြောင့် ငညို့ကို အားကိုးနေရပြီ ဖြစ်သည်။

အုန်းသီးခူးရာတွင် ငညို့ကိုသာ ခိုင်းနေရသည်။ အဒန်းတို့ရွာတွင် ငညို့ကို မသိသူမရှိသလောက် ဖြစ်သည်။ ငညိုကို ရွာသားတိုင်းသိသလို ငညိုကလည်း ရွာသားတိုင်းကို သိနေသည်။

အဒန်း မည်မျှကြာအောင် တွေးတောနေမိသည်ကို မသိတော့ပါ။ ငညိုထံမှ ကွိကွိအော်သံကြားလိုက်ရမှ အတွေးများ ပြတ်သွားတော့သည်။ အဒန်းရှေ့သို့ ကြည့်လိုက်သည်။ မိမိတို့ရွာအနီး ရောက်ရှိနေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။ မိနစ်ပိုင်းအတွင်း ရွာသို့ ပြန်ရောက်တော့မည်ဖြစ်၍ ငညို လှုပ်လှုပ်ရွရွဖြစ်နေခြင်း ဖြစ်သည်။

အဒန်းက လှေဆိုက်ကပ်ရာ သောင်စပ်သို့ ဦးတည်လိုက်ပြီး စက်အရှိန်လျှော့လိုက်သည်။

လှေချည်တိုင်တွင် သေချာစွာ ချည်နှောင်ပြီး ကမ်းပေါ်သို့ တက်လာသည်။ ကမ်းပေါ်ရောက်ပြီး ရွာထဲဝင်စမှာပင် အုန်းသီးခူးလိုသည့် ခြံရှင်နှစ်ဦးကို တွေ့လိုက်ရသည်။ အဒန်းတို့ကို လာရောက် စောင့်ဆိုင်းနေခြင်းဖြစ်သည်။

“အဒန်းရေ နင်နဲ့ ငညို ငါ့ခြံကို လာခဲ့ကြ။ အုန်းသီးခူးမလို့“

“ဘယ်တော့လဲ၊ အခုပဲ လာခဲ့ရမလား”

“ဟုတ်တယ်၊ မြိတ်တက်မယ့် လှေကြုံရှိတုန်း အုန်းသီးတင်ပေးလိုက်ချင်လို့”

“ဟာ ဒီနေ့တော့ အချိန်မရှိတော့ဘူး ထင်တယ်။ ကျွန်တော်တို့ ခရီးပန်းလာတယ်။ မနက်ဖြန် မနက်စောစောမှ လာခဲ့မယ်”

“အေး ဒါဆိုလဲ နင့်သဘောပဲ။ စောစောသာ လာခဲ့ကြ၊ ကိုချိုင်း … ကိုချိုင်းနော်”

အုန်းသီးခူးလိုသူက ကိုချိုင်း … ကိုချိုင်းဟု ပြောသွားသည်မှာ ဆလုံဘာသာစကားဖြင့် မနက်ဖြန် … မနက်ဖြန်ဟု ဆိုလိုက်ခြင်းဖြစ်သည်။

အဒန်းပိုင်ဆိုင်သော အုန်းခြံသည် ကျွန်းကြီး အစွန်အဖျားတွင် တည်ရှိသည်။ ခြံလယ်တွင် တဲတစ်လုံးသာ ရှိသည်။ ထိုတဲ၏ အရှင်သခင်မှာ အဒန်းနှင့် ငညိုတို့သာ ဖြစ်သည်။

အဒန်းတို့ကဲ့သို့ ဆင်းရဲသူများသာ ကျွန်းအစွန်အဖျားတွင် နေထိုင်ကြသည်။ စီးပွားရေးပြေလည်သူများမှာ ကျွန်း၏ အတွင်းပိုင်းလေကွယ်ရာ မိုးကွယ်ရာတွင် နေထိုင်ကြသည်။ ကျွန်း၏ အတွင်းပိုင်းတွင် စည်ကားသော ရွာကြီးရှိသည်။ အိမ်ကြီးအိမ်ကောင်းများဖြင့် မြို့ငယ်လေးတစ်မြို့ကဲ့သို့ စည်ကားသော ရွာကြီးရှိသည်။

မြိတ်၊ ပုလော၊ ကျောက်ကာ၊ ကံမော်တို့မှ လာရောက်စီးပွားရှာသူများမှာ ရွာအစွန်အဖျားတွင် မနေကြပါ။ ကျွန်းကြီး၏ အတွင်းပိုင်းရှိရာ ရာသီဥတုဒဏ်အကာအကွယ်ရှိသော ရွာကြီးတွင်သာ နေထိုင်ကြသည်။

ရေလုပ်ငန်းကြောင့် အတွင်းပိုင်းရွာကြီးမှာ စည်ကားနေခြင်း ဖြစ်သည်။ ရေလုပ်ငန်းဆိုသော်လည်း ရေငန်ပုစွန်ဖမ်းသူ၊ ငါးဖမ်းသူနှင့် ရေခူရာသီတွင် ရေခူဖမ်းသူအမျိုးမျိုး ကွဲပြားလျက်ရှိသည်။ ကျွမ်းကျင်ရာလုပ်ငန်းဖြင့် စီးပွားရှာကြသည်။

ဗမာများမှာ ပုစွန်၊ ဒေသထွက်အုန်းသီးများ ဝယ်ယူစုဆောင်းပြီး မြိတ်မြို့ရှိ အဝယ်ဒိုင်များသို့ သွားရောက်ရောင်းချကြသည်။ မြိတ်မြို့မှ မုန့်များလုပ်ရန် သကာ၊ ထန်းလျက်၊ ဓနိနှင့် ဆန်များ သယ်ယူလာပြီး ကုန်းပေါ်တွင် ပြန်လည်ရောင်းချကြသည်။

ကျေးရွာအုပ်ချုပ်မှုကိစ္စများကို ဘုတ်ပြင်းမှ ဆောင်ရွက်ပေးသည်။ အဒန်းတို့ရွာသည် ဘုတ်ပြင်းမြို့နယ် လက်အောက်ခံဖြစ်သည်။ အိမ်ရာအတည်တကျမရှိဘဲ လှေပေါ်တွင်သာ နေထိုင်လေ့ရှိကြသည်။ ကျွန်းဒေသဖြစ်သဖြင့် လုံခြုံမှု၊ အုပ်ချုပ်မှုကိစ္စများကို ရွာလူကြီး၏ အစီအမံဖြင့် ဆောင်ရွက်လေ့ရှိသည်။

အုပ်ချုပ်မှုအလှမ်းဝေးသဖြင့် ဓားပြ၊ လူဆိုးများ၏ အန္တရာယ်လည်း ရှိနေသေးသည်။ ဓားပြတိုက်၊ လုယက်ခံခဲ့ရဖူး၍ အတွင်းပိုင်းရွာကြီးကို ခြံစည်းရိုးကာရံထားပြီး လုံခြုံရေးကင်းများ ချထားသည်။ ရွာသားများအလှည့်ကျ ကင်းစောင့်ရသည်။

ဓားပြတိုက်၊ လုယက်၊ ဆက်ကြေးတောင်းသူများကို ရွာခံများက ‘လူစိမ်း’ ဟု အမည်ပေးကာ ခေါ်ဝေါ်ကြသည်။

နောက်တစ်နေ့နံနက်စောစောတွင် အဒန်းက ငညိုကို ကျွေးနေကျ ငှက်ပျောသီးသာမက ကြက်ဥများပါ ကျွေးသည်။ ယနေ့ အုန်းခြံနှစ်ခြံ အုန်းသီးခူးရမည်ဖြစ်၍ ငညိုအားရှိအောင် ကျွေးမွေးထားခြင်း ဖြစ်သည်။

နံနက်စောစော စားသောက်ပြီးသည့် အဒန်းနှင့် ငညိုတို့ အုန်းသီးစခူးပါတော့သည်။ အဒန်းတစ်လှည့်၊ ငညိုတစ်လှည့် အုန်းပင်ပေါ်တက်ကြပြီး အုန်းသီးခူးသည်။

အုန်းပင်အခြေတွင် ကြိုးတစ်ချောင်း တွဲလောင်းကျနေသည်။ ငညို အုန်းပင်ထိပ်ဖျားရောက်သည့်တိုင် ကြိုးစမှာ မြေကြီးပေါ်တွင် ပုံနေသေးသည်။ အုန်းပင်အောက် မြေပေါ်မှ အဒန်းက ကြိုးစကိုင်လျက်ဖြင့် အုန်းပင်ပေါ်မှ ငညိုကို အမိန့်ပေးသည်။ အုန်းသီးခြောက်များ မြေပေါ်သို့ တဖုတ်ဖုတ် ပြုတ်ကျလာသည်။

အုန်းပင်ပေါ်မှ ငညိုက အုန်းသီးအခိုင်ကို ကိုင်ကာ မြေပြင်မှ သူ့သခင် အဒန်းကို ငုံ့ကြည့်လိုက်သည်။

အဒန်းက ကြိုးကို ကိုင်လှုပ်၍ ပသျှူးစကားဖြင့် ပါလက် … ပါလက် ဟု ဆိုပြီး ဝေးရာသို့ ရှောင်နေလိုက်သည်။

ပသျှူးစကား ‘ပါလက်’ ဆိုသည်မှာ ခြွေချလိုက်ဟု အဓိပ္ပာယ်ရသည်။

ငညိုက သူ့သခင် အမိန့်အတိုင်း အုန်းသီးများ ခြွေချပေးသည်။ ငညိုခြွေချပေးသမျှ အဒန်းက လိုက်လံကောက်ယူစုပုံထားလိုက်သည်။ ဤသို့ဖြင့် ငညို တစ်လှည့် အဒန်းတစ်လှည့်ဖြင့် အုန်းခြံနှစ်ခြံ ဆက်တိုက်ခူးလိုက်သည်။

ညနေစောင်းမှ အလုပ်ပြီးတော့သည်။ အလုပ်သိမ်းချိန်တွင် အဒန်းက ငညိုကို ကြက်ဥနှစ်လုံး ထပ်ကျွေးလိုက်သည်။

ယနေ့ အလုပ်ပင်ပန်းသဖြင့် အဒန်းနှင့် ငညိုတို့ ခပ် စောစောပင် အိပ်ရာဝင်ခဲ့ကြသည်။ ရာသီဥတုမှာ ကြည်လင်သာယာနေသည်။ လဆုတ်ရက် လရောင်အလင်းတန်းက အုန်းလက်များကြားမှ မပီဝိုးဝါး ထိုးဖောက်ကျရောက်နေသည်။

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ ကမ်းစပ်သို့ ရိုက်ခတ်လာသော လှိုင်းရိုက်သံများသာ ကြားနေရသည်။

သန်းခေါင်ကျော်အချိန်ခန့်တွင် ပင်လယ်ဘက်မှ မြည်လာသော ပဲ့ချိတ်စက်သံများ သဲ့သဲ့ကြားလိုက်ရသည်။ စက်သံများ ကမ်းနှင့်တဖြည်းဖြည်း နီးလာသည်။

လရောင်က မှုန်ဝါးဝါးသာ လင်းနေသည်။ ပဲ့ချိတ်စက်သံများ အဒန်းတို့ အုန်းခြံစပ်အနီးတွင် ရပ်တန့်တိတ်ဆိတ်သွားသည်။ စက်သံများ ပျောက်သွားသည်။

တစ်စုံတစ်ဦး လှုပ်နိုးခြင်းခံလိုက်ရသဖြင့် အဒန်း အိပ်ရာမှ နိုးလာရသည်။ မိမိခြေရင်းတွင် ငညိုကို တွေ့လိုက်ရသည်။ ငညို၏ နှာခေါင်းမှာလည်း ပွစိ ပွစိ ဖြစ်နေသည်။ တစ်ခုခု ထူးခြားမှုတွေ့ ရှိ၍သာ ငညိုက မိမိကို နှိုးလိုက်ခြင်းဖြစ်ကြောင်း အဒန်းသိလိုက်သည်။

အဒန်းက တဲတံခါးကို အသာဖွင့်လိုက်သည်။ လရောင်ဝိုးတဝါးအောက်တွင် တဲနှင့် မလှမ်းမကမ်းမှ လူအချို့ ဖြတ်သွားသည်ကို လှမ်းတွေ့လိုက်ရသည်။ အချို့မှာ သေနတ်ကိုင်ထားကြသည်။ အဒန်းက ဆလုံဘာသာစကား အသံထွက်ဖြင့် ရေတွက်ကြည့်လိုက်သည်။

“ခပ်၊ ဒွပ်၊ တလွိန်း၊ ပမ့်၊ နစ်မန့်၊ နာမ်(မ်)၊ ဝူကျ၊ ဝလေ့၊ ချပိုင်၊ ကပေါ့”

တစ်မှ တစ်ဆယ်ရောက်သည့်တိုင် လူမကုန်သေးပေ။ သည်အချိန် သေနတ်ကိုင်ပြီး ရောက်ရှိလာသူများသည် လူကောင်းများ မဖြစ်နိုင်၊ လူစိမ်းများသာ ဖြစ်မည်။ အတွင်းပိုင်းရွာကြီးကို ဓားပြတိုက်၊ လုယက်ရန် ရောက်လာသူများ ဖြစ်နိုင်သည်။

ထိုသို့ တွေးတောနေစဉ်မှာပင် ငညို့ထံမှ ကွိကွိ ကွိကွိနှင့် အသံထွက်လာသည်။ တိတ်ဆိတ်နေသောအချိန်မို့ ငညို့အသံက ကျယ်လောင်နေသည်ဟု ထင်ရသည်။

“ဟဲ့ ငညို တိတ်တိတ်နေစမ်း၊ အဲဒါ လူစိမ်းတွေကွ”

အဒန်း စကားမဆုံးမီမှာပင်…

“ဟိုတဲထဲက အသံကြားရတယ် ဆရာ”

“လုပ်မနေစမ်းပါနဲ့။ ဒီတဲထဲက ဘာရမှာမို့လဲ၊ ရွာထဲကိုသာသွား။ အသံလုံပစေ”

“မဟုတ်ဘူးဆရာ။ ကျွန်တော်တို့အတွက် အနှောင့်အယှက် ဖြစ်နေဦးမယ်။ ကျွန်တော် သွားကြည့်လိုက်ဦးမယ်”

လူတစ်ဦး သေနတ်ကိုင်လျက် တဲထဲသို့ လျှောက်လာနေသည်ကို လရောင်ဖြင့် တွေ့နေရသည်။ အဒန်းက ငညိုကို ပွေ့ယူလိုက်သည်။ တဲအနောက်ဘက်တံခါးဖွင့်ပြီး ရွာဘက်သို့ ဦးတည်၍ ပြေးထွက်ခဲ့သည်။

ရွာတံခါးပေါက်ရှိရာသို့ သွားသည့်ဖြတ်လမ်းကို အဒန်း သိထားသည်။ ထိုလမ်းမှာ အသုံးပြုခဲသဖြင့် ချုံနွယ်များဖြင့် ပိတ်ဖုံးနေသည်။ အပြေးသွားရသဖြင့် ခလုတ်တိုက်လဲကျသွားသည်။ လက်ပေါ်မှ ငညိုလည်း လွတ်ထွက်သွားသည်။

“ဟာ ဟိုမှာ လူရိပ်တစ်ခု ပြေးသွားတယ်”

“ရှင်းပစ်လိုက်ကွာ ကြာတယ်”

သေနတ်မောင်းသံ ကြားလိုက်ရသည်။ ငညိုကို ဂရုမစိုက်နိုင်တော့ပါ။ အဒန်း အားသွန်ပြေးခဲ့သည်။

“ဟေ့ မလုပ်နဲ့ … မလုပ်နဲ့၊ သေနတ်သံကြားသွားလို့ မဖြစ်ဘူးကွ။ ကင်းသမားရှိပုံရတယ်၊ သတိထားကြ”

ခေါင်းဆောင်ဖြစ်ဟန်တူသူက ပြောလိုက်ခြင်း ဖြစ်သည်။

“ဟာ ဒီဘက်မှာ တလှုပ်လှုပ်နဲ့ ဘာကောင်လဲ၊ သေနတ်နဲ့ မပစ်ရဘူးဆိုတော့ ကဲကွာ … ကဲကွာ”

ထိုသူကပြောပြော သေနတ်ဖြင့် တအားလွှဲပြီး ရိုက်ထည့်လိုက်သည်။ ငညို၏ စူးစူးဝါးဝါးအော်သံ
အဒန်း ကြားလိုက်ရသည်။

အမှောင်ထဲဝယ် အဒန်း အလျင်အမြန် ပြေးသွားသည်။ မကြာမီ ခြံစည်းရိုးထိပ်မှ တုံးခေါက်သံကြားရသည်။ သံချောင်းခေါက်သံများလည်း ဟိုမှ သည်မှ ပေါ်ထွက်လာသည်။

မီးတုတ်များကိုင်ဆောင်ထားသော ရွာသားများ ခြံတံခါးအနီးသို့ စုရုံးရောက်ရှိလာကြသည်။ အလင်းရောင်ပေါ်စ အရုဏ်ဦးအချိန်သို့ ရောက်ခဲ့ပြီ ဖြစ်သည်။

“ခြံပြင်မှာ သေနတ်တွေနဲ့ လူစိမ်းတွေ ရောက်နေတယ်တဲ့။ အဝင်မခံနဲ့၊ ခြံတံခါးလုံအောင် ထိန်းထား၊ မည်းမည်းမြင်တာနဲ့ ပစ်ကွာ”

ရွာလူကြီး၏ အော်ဟစ်ပြောဆိုသံအဆုံးဝယ် တဝှီးဝှီးနှင့် မြားတံများ တစ်စင်းပြီးတစ်စင်း ပစ်လွှတ်နေကြသည်။ ဒူးလေးခလုတ်ဖြုတ်သံများ တဒုတ်ဒုတ်ကြားနေရသည်။

အလစ်အငိုက်ဖမ်း၍မရသော လူဆိုးဓားပြများ ရွာအတွင်းသို့ မဝင်နိုင်ခဲ့ပါ။ ရွာသားများက အကာ အကွယ်များနောက်တွင် နေရာယူပြီး ဒူးလေး၊ မြားတို့ဖြင့် ပစ်ခတ်နေသည်။

ရွာသားများက လူဆိုးဓားပြများကို မြင်တွေ့နေရသည်။ ဓားပြများက ရွာသားများကို မတွေ့ဘဲ ရမ်းသမ်းပစ်ခတ်နေသည်။ ရွာသားများနှင့် လူဆိုးဓားပြများ၏တိုက်ပွဲမှာ အချိန်အနည်းငယ်သာ ကြာလိုက်သည်။ အလင်းရောင်ကို ရင်မဆိုင်ဝံ့သော လူဆိုး ဓားပြများ ခွေးပြေးဝက်ပြေး ဆုတ်ခွာသွားခဲ့ရသည်။

ရွာလူကြီး၏ အမြော်အမြင်ရှိရှိ ကြိုတင်ပြင်ဆင်စီမံထားရှိမှုများနှင့် ရွာသားများ၏ နိုးကြားညီညွတ်မှုတို့ကြောင့် လူဆိုးဓားပြများ၏ လုယက်တိုက်ခိုက်ခံရမည့် ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ရသည်။

သွေးစည်းညီညွတ်မှုတည်းဟူသော တံတိုင်းမှာ ခြံစည်းရိုးထက်ပင် ပို၍ လုံခြုံနေတော့သည်။

အလင်းရောင်ပေါ်စပြုလာပြီဖြစ်သည်။

“ကဲ အလင်းရောင်ရနေပြီ။ လူဆိုးတွေ ဘယ်လမ်းကဝင်လာတယ်ဆိုတာ သိရအောင် ရွာပြင်ထွက်ကြည့်ကြမယ်”

ရွာလူကြီးဦးဆောင်ကာ ရွာသားများ ကင်းသမားတို့ခြံစည်းရိုးတံခါးဖွင့်ကာ အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။

“ဟာ ဒီမှာတစ်ယောက် မြားတန်းလန်းနဲ့ အသက်ပျောက်နေပါရောလား”

“ဒီကောင်တွေသေတာ အကြောင်းမဟုတ်ဘူး၊ တို့ရွာသားတွေ တစ်ယောက်မှ အထိအခိုက်မရှိတာ တော်လှပြီ”

“အထိအခိုက်မရှိတာ ရွာပြင်ကမ်းစပ်မှာနေတဲ့ အဒန်းကို ကျေးဇူးတင်ရမယ်။ အဒန်း အပြေးအလွှားရောက်လာပြီး သတင်းပို့လို့ ကင်းသမားကတစ်ဆင့် တို့ အချိန်မီ ပြင်ဆင်နိုင်ခဲ့တာ”

ထိုအခါ ကင်းစောင့်သူကပြောလိုက်သည်။

“ခုလို မဖြစ်တာလဲကြာပြီဆိုတော့ ကျွန်တော်တို့ကင်းသမားနှစ်ယောက်လည်း ငိုက်နေမိတာ။ အဒန်းနေရာမှာ လူစိမ်းတွေသာဆိုရင် ကျွန်တော်တို့နှစ်ယောက် အသက်ပျောက်နေပြီ။ အဒန်း မင်းကို ကျေးဇူးတင်ပါတယ်ကွာ”

“ကျွန်တော်ကို ကျေးဇူးတင်တာထက် ကျွန်တော့်သား ငညိုကို ဝိုင်းရှာပေးကြပါဦး။ လူစိမ်းတွေဝင်လာတာ ငညို အရင်ဆုံးတွေ့ခဲ့တာ။ အိပ်ပျော်နေတဲ့ ကျွန်တော့်ကို ငညိုနှိုးခဲ့လို့ ဒီကိုပြေးလာနိုင်တာ။ ဒီကို ပြေးအလာမှာ ငညို လွတ်ထွက်သွားတယ်။ ပြီးတော့ ငညို့အော်သံလည်း ကြားလိုက်ရတယ်”

ရွာလူကြီးနှင့်ရွာသားများ အဒန်းနေထိုင်ရာတဲဘက်သို့ ထွက်လာကြသည်။ ငညိုကို ဝိုင်းရှာကြသည်။ ထိုအခိုက် ရွာသားတစ်ဦးထံမှ အသံကြားလိုက်ရသည်။

“အဒန်းရေ ဒီမှာ … ဒီမှာ မင်းရဲ့ငညိုကိုတွေ့ပြီ။ ဒါပေမဲ့”

အဒန်းနှင့် ရွာသားများ အပြေးအလွှားရောက်ရှိလာကြသည်။ အဒန်းက ငညိုကို ပွေ့ယူကာ ရင်ခွင်တွင်းဖက်ထားသည်။

ငညို အဖြစ်မှာ မြင်ရက်စရာပင် မရှိတော့ပါ။ ဦးခေါင်းနှင့်မျက်နှာတွင် သွေးအလိမ်းလိမ်းဖြစ်နေသည်။ ငညိုထံမှ မည်သည့်အသံမျှ မကြားရပါ။ မချိအားငယ်သောမျက်လုံးဖြင့် သခင်ဖြစ်သူ အဒန်းကို မော့ ကြည့်နေသည်။ မျက်တောင် ပုတ်ခတ် ပုတ်ခတ်နှင့် အသက်ငွေ့ငွေ့ သာရှိတော့သည်။ ဦးခေါင်းနှင့် မျက်နှာတွင် အရိုက်ခံထားရသည်။

“ဖြစ်မှဖြစ်ရလေ ငညိုရယ်၊ တောက် လူစိမ်းတွေ လုပ်ရက်လိုက်တာ”

အဒန်းမှာ ငညို့ဖြစ်အင်ကိုကြည့်ရင်း ကြေကွဲဆို့နစ်စွာ ငိုရှိုက်နေသည်။ စကားများ တတွတ်တွတ်ပြောရင်း ငညို့ကို ထွေးပွေ့ထားသည်။ ငညိုက ငြိမ်နေသည်။ သခင်ဖြစ်သူ အဒန်းကို မော့ကြည့်နေသည်။

မြင်ရသူ ရွာသားတို့မှာလည်း မျက်ရည်များရစ်ဝဲလျက် ရှိနေကြသည်။ အတန်ကြာမှ အဒန်းက သတိဝင်လာပြီး ငညို့ကို ငုံ့ကြည့်လိုက်သည်။ ငညိုက သခင့်အလာကို စောင့်ဆိုင်းနေသယောင် ဖြစ်နေသည်။

အဒန်းငုံ့ကြည့်နေခိုက်မှာပင် ငညို့ဦးခေါင်း တစ်ဖက် သို့ စောင်းကျသွားပြီး မျက်လုံးများပိတ်ကာ သခင့်ရင်ခွင်ထက်မှာပင် အသက်ပျောက်သွားခဲ့ပါတော့သည်။

“ငညို” ဟု ကျယ်လောင်စွာ အော်ဟစ်ရင်း အဒန်းက ဝိုင်းအုံကြည့်နေသူများကို မော့ကြည့်လိုက်သည်။

“ဟောဒီတစ်ရွာလုံး လူဆိုးဓားပြတွေ အလုအယက်မခံရအောင် ကျွန်တော့်သားငညိုက အသက်ပေး ကာကွယ်သွားခဲ့တာ။ ငညိုရယ် မျက်နှာစိမ်း လူစိမ်းတွေကိုတွေ့ ရင် သခင့်ကို အသိပေးတတ်တဲ့ မင်းအသိဉာဏ်က မင်းကို ပြန်သတ်လိုက်သလိုပါပဲလား။ ကြည့်ကြပါဦးဗျာ၊ ခု ကျွန်တော် ဘယ်သူနဲ့ နေရတော့မှာလဲ”

အဒန်းမှာ အသက်မဲ့ငညိုကို ထွေးပွေ့ထားဆဲပင်ဖြစ်သည်။ အံကိုတင်းတင်းကြိတ်လျက် မျက်ရည်များစီးကျနေသည်။

ငညိုကြောင့် အဒန်း မျက်ရည်ကျသည်လား၊ လူစိမ်းများကို နာကြည်းမုန်းတီးမှုကြောင့် မျက်ရည်ကျသည်လားဆိုသည်ကို အဒန်းမှတစ်ပါး မည်သူမျှ မသိနိုင်တော့ပါ။ ။

– ပြီး –

စာရေးသူ – မောင်မောင်မိုးအောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ