ရွှေအိုးထမ်း၍ပြန်လာသူများ(စ/ဆုံး)
————————–
“မောင်တော်
နိုးထပါတော့ နေမြင့်လှပါပြီ”
အိမ်သူသက်ထား၏
နိူးသံကြောင့်ကျွန်ုပ်မှာလူးလဲထလိုက်ရ၏။ တစ်နေ့တစ်နေ့ အလုပ်အကိုင်မရှိ
ဖုန်းပွတ်၊စာဖတ် အိပ်ရာဝင်
နောက်ကျ၊ မိုးလင်းဆွမ်းခံချိန်မှနိုးတတ်၍ မိန်းမက ခနဲ့
သံနှင့် နိုးခြင်းဖြစ်၏။
“အလို
အိမ်ရှေ့မှာ ဧည့်သည်တွေပါလား၊ ခင်ဗျားတို့ဘာကိစ္စ
ရောက်နေကြပါလိမ့် စောစောစီးစီး-”
“ရတနာသိုက်တူးဖို့
သွားရအောင်လာခေါ်တာ-”
“ဗျာ –ခင်ဗျားတို့ ရူးများနေကြလား ၊ ဘာရတနာသိုက်တုန်း ၊ ဒီလောက် အေအိုင်ခေတ်ကြီးမှာလေ-”
ကျွန်ုပ်၏ ချစ်မိတ်ဆွေများကိုကြည့်၍ ကျွန်ုပ်မှာအံ့ဩကြီး ကျကာပြန်ပြောနေမိ၏။
“အလိုတော်
ရတနာအိုးထမ်းပြီး ပြန်လာသူတွေကို ရှင်မမြင်ဘူးသေးလို့ပါ
နှော်-”
“မိန်းမရာ
ဒီလောက် တိုင်းပြည်မှာ စစ်မက်တွေဖြစ်၊ခိုးဆိုးလုယက် ၊ဓါးပြတိုက် ခေတ်ကြီးမှာ ဘယ်နေမှာ ရတနာသိုက်ရှိနိုင်ပါ့မလဲကွာ-”
“ကျုပ်တို့နှင့်မဟာမြိုင်
တောကိုသာ လိုက်ခဲ့စမ်းပါဗျာ-”
သို့ဖြင့် ကျွန်ုပ်သည်
မိန်းမနှင့်ချစ်မိတ်ဆွေများ
တိုက်တွန်းမှုကြောင့် မဟာမြိုင်
တောသို့ အထုပ်အပိုးပြင်ကာ
လိုက်ခဲ့လေ၏။
+++++
မဟာမြိုင်တောကြီးကား
ဝေးလံ ခေါင်သီ၏။ လမ်းခရီးတွင် မိုးကကမ်းမမြင် လမ်းမမြင်အောင် သည်းထန်၏။
အာကာပေါက်ပြီးယိုကျ
လေသလား ထင်မှတ်မှားရအောင်ရွာ၏။
လမ်းမကြီးများမှာရေကျော်နေ၍ ဖြည်းဖြည်းချင်းသွားရ၏။ အာကာတစ်ခွင်မှ ဖြိုးဖြိုးဖျတ်ဖျတ် နှင့်လျှပ်ပန်းနွယ်
တန်းများ လင်းလက်ကာ
ဂျိမ်းကနဲ ၊ဒိန်းကနဲ နှင့် ကမ္ဘာပြိုမတတ် အသံကြီးဟိန်းကာမိုးကြိုးများပစ်ချလေ၏။
” အော်
ကျုပ်တို့ ရတနာသိုက်ရှာဖွေရေးလမ်းမှာ ရတနာမိုး
ရွာချပေးပြီး သကြားမင်းက
အမြှောက်ကြီးနှင့်ဂုဏ်ပြုကာ
ပစ်ဖေါက်ကြိုဆိုတာပဲ ဗျို့-”
ကျွန်ုပ်က အတူပါလာသော
မိတ်ဆွေများကို အရွှန်းဖေါက်ကာ အကြောက်ပြေပြောလိုက်၏။
+++++
လမ်းမကြီး ဆုံးသော်
မဟာမြိုင်တောသို့အဝင်လမ်းမှာ ကျဉ်း၏။ချိုင့်ခွက်များ၊ဗွက်များကျွံ၏။ လမ်းဘေး ဝဲယာတစ်လျှောက်တွင်
ဝါးရုံတောများ၊ခြုံနွယ်ရိုင်းများထူထပ်စွာ ပေါက်နေ၏။
ဗွက်ထနေသောချိုင့်ခွက်များကို အုတ်ခဲကျိုးနီနီများဖြင့်
ဖြစ်သလိုခင်းထားသဖြင့်
လမ်းများမှာမညီမညာ၊ထိုးထိုး
ထောင်ထောင်နှင့်ခရီးသွားများအားခက်ခဲစေ၏။
သို့သော်
ကျွန်ုပ်တို့မှာ အရာအားလုံးကို
ကျော်ဖြတ်လျှက် ယောက်ျားတို့ဇွဲလုံ့လဖြင့် နောက်ပြန်မဆုတ် စတမ်းဖြတ်ကျော်ကြ၏။ ကြမ်းချင်သလောက်ကြမ်းပါစေမဟာမြိုင်တောကိုအရောက်သွားကြ၏။
+++++
အလို
မဟာမြိုင်တောကြီးကား
မာယာများဟန်ရှိ၏။ကျယ်ဝန်း၏။ ခမ်းနား၏။
သို့သော် သပ်ရပ်၏။
ငြိမ်သက်၏။ ရတနာရှာဖွေသူတွေ မှာလည်း မနည်းမနော များပြား၏။
ထိုလူများသည် လူများသလောက် ဆူညံမှုမရှိ၊တိတ်ဆိတ်နေ၏။ စည်းကမ်းရှိကြ၏။အားလုံးသူ့အာရုံ နှင့်သူ
စူးစိုက်နေကြ၏။ ရတနာသိုက်ကို တူးဖေါ်ရှာဖွေနေသူများပင်မဟုတ်ပါလော။
+++++
မဟာမြိုင်တောတွင်စမ်းချောင်းငယ်တစ်ချောင်းလည်းရှိ၏။
တောင်ထိပ်မှ စီးဆင်းလာသော စမ်းချောင်းငယ်တွင်
စမ်းရေသည် ငြိမ့်ညောင်းညင်သာစွာ စီးဆင်းနေ၏။
ကျွန်ုပ်သည် လမ်းတလျှောက်ပေကျံလာသောရွှံ့နွံများကို ရေဖြင့်ဆေးကြောလိုက်၏။
ရေကြောင့်ဖြစ်သောရွှံ့ကို
ရေဖြင့်ဆေးကြောမှသာစင်ကြယ်၏။ ထို့အတူ မိမိတို့
ဘဝတလျှောက်ပေလူးကျံနေသော အကုသိုလ် အစုစုတို့ကို
ကုသိုလ်ရေဖြင့်ဆေးကြောပစ်လျှင် စင်ကြယ်နိုင်ကြောင်း
သတိဝင်လာ၏။
စမ်းရေသည် အဆက်မပြတ် ညင်သာစွာ
စီးဆင်းနေသော်လည်း လက်ရှိ
မြင်နေရသောစမ်းရေအလျဥ်သည် ယခု စမ်းရေမဟုတ်တော့၊ စမ်းရေအသစ်အဖြစ်စီးဆင်းလာသော စမ်းရေကသာ နေရာယူကာ စီးဆင်းနေခြင်းက်ို ငေးကာရှုနေမိ၏။
မတည်မြဲသော ၊ဖြစ်လိုက်ပျက်လိုက် ၊ အစားထိုးလိုက်
စသော ဖြစ်ခြင်းပျက်ခြင်းသဘောတရားကို မြင်တွေ့ရ၍
ဆင်ခြင်မိ၏။
ကျွန်ုပ်သည် မြုပ်နေသောရတနာရှာအိုးကိုရှာဖွေ နေစဉ်
ပင်ပန်းနွမ်းနယ်လာ၏။ မောဟိုက်လာ၏။ သို့ကြောင့်သစ်ပင် ပင်စည်ကိုမှီကာ အမောဖြေရ၏။ မောဟိုက်နေသဖြင့် အသက်ရှူထုတ်ရာ
ဗိုက်က ဖေါင်းလိုက် ပိန်လိုက်ဖြင့်လှုပ်ရှားနေ၏။ ထိုလှုပ်ရှားမှုကို
နှာသီးဖျားသို့ပို့ပြီး ငြိမ်သက်စွာစူးစိုက်အာရုံပြုမိသော် ဝင်လေ ထွက်လေ လှုပ်ရှားမှုကို
နွေးတလှည့် အေးတလှည့်ခံစားမိ၏။ ထိုဝင်လေ ထွက်လေကိုသတိကပ်ပြီးစောင့်ကြည့်နေ၏။
အော်
ဝင်တာလေးက ရုပ်၊ ထွက်တာလေးကလည်းရုပ် ၊ သိနေတာက နာမ်၊ ရုပ်နာမ်၊ရုပ်နာမ် ဟူ၍ ရှင်းလင်းစွာသဘောပေါက်မိတော့၏။
တခါ
နှာခေါင်းပေါက်က ဝင်လေ၊ထွက်လေကို မိမိက ဝင်စေ ထွက်စေ ခိုင်း၍မဟုတ်ဘဲ သူ့သဘောနဲ့သူဖြစ်နေ၍ အစိုးမရခြင်း၊ သူ့သဘောသူဆောင်နေသော အနတ္တ သဘောသာဖြစ်
ကြောင်းသိလိုက်ရ၏။ ထိုသို့ ဝင်လိုက် ထွက်လိုက် အသက်ရှူနေရခြင်းပင်လျှင် သေချာကြည့်သောအခါ
ပင်ပမ်းလာ၏။ ရပ်တန့်၍မရသောကြောင့်ဆင်းရဲရ၏။
ဆင်းရဲခြင်းသည်ဒုက္ခဖြစ်၏။
တဖန် ထိုအရာသည် ထာဝရမဟုတ်၊အမြဲဖြစ်မနေသော
အနိစ္စတရားပါတကားဟုလည်း
နှလုံးသွင်းမိပြန်၏။ ထို အနတ္တ၊ဒုက္ခ၊အနိစ္စသည် လက္ခဏာရေးသုံးပါးဖြစ်သော
အနိစ္စ၊ဒုက္ခ၊အနတ္တသာဖြစ်၏။
+++++
မဟာမြိုင်တောကြီး၌
ကျွန်ုပ် မှီနေသောအပင်မှာ
ပိန္နဲပင်ကြီးဖြစ်၏။ ထိုပိန္နဲ ပင်ပေါ်သို့မော့ကြည့်လိုက်ရာ
ရွှေအိုရောင်လွှမ်းသောအရွက်တချို့သည် စိမ်းစိမ်းနုနေသော
အရွက်များကြား ထောင်လွှားနေ၏။ မျိုးတူ တပင်တည်းက အရွက်များဖြစ်လင့်ကစား
သူတို့ကရွှေရောင် ပြိုးပြိုးပြောင်ပြောင်နှင့် လှ၏။
တန်ဖိုးကြီးဟုအထင်
ရောက်နေ၏။ အများတကာလို စိမ်းစိမ်းဖတ်ဖတ်မဟုတ်ဟု မာနဂုဏ်မောက်နေ၏။ ထိုရွှေရောင်ရွက်ဝါတို့သည် အချိန်တန်လျှင်
ကြွေကျမြေခကာ ခြောက်သွေ့ဆွေးမြေ့ပြီး မြေကြီးထဲ ရောက်ရမည်ကို အလျင်းတွေးပုံမရ။
ကျွန်ုပ် မော့ကြည့်နေစဉ်မှာပင် လေတချက်သုတ်လိုက်ရာ
ထိုရွှေရောင်ရွက်ဝါတို့မှာ ဝေ့ဝိုက်ပြီးဖြုတ်ကနဲ ကြွေကျကာ မြေခလေတော့၏။
အော်
မမြဲသောသခ်ါရတရားပါကား၊နေ့မြင်ညပျောက် တရားကို
ဌိဓ မျက်ဆင်ခြင် ရှုမှတ်လိုက်၏။
လောဘ ဒေါသ မာန်မာနတို့တည်ရှိရာခန္ဓာ၊ဂုဏ် ဓန အလှတို့ဖြင့်တည်ထားသော ရုပ်ခန္ဓာကိုယ်ကြီးသည်
ကွေးသောလက်မဆန့်ခင်၊ဆန့်သောလက်မကွေးခင် သေပွဲဝင်နိုင်ပါတကားဟု တွေးတောဆင်ခြင်ရပြန်ပါ၏။
တခါ အပင်အောက်
မြေကြီးတစ်နေရာတွင် အစေ့မှပြူထွက်ကာပေါက်နေသော ပိန္နဲပင် ပေါက်ကလေးများကိုမြင်ရ၏။
ပိန္နဲပင်ကြောင့် ပိန္နဲစေ့ဖြစ်ရသလို ပိန္နဲစေ့ကြောင့် ပိန္နဲပင်ကြီး
ဖြစ်လာရသော အကြောင်းအကျိုးကိုလည်းသတိထားမိပြန်၏။
ကျွန်ုပ်၌ မိဘရှိ၏။
ကျွန်ုပ်မိဘ၏ မိဘများကို
ကျွန်ုပ်မှာအဘိုးတော်၏။
ကျွန်ုပ်၏ အဘိုးမှာလည်း
အဘိုးရှိလေမည်မှာသေချာ၏။
ထိုအဘိုးမှာလည်း အဘိုးတွေ
ရှိသလို အဘိုးတွေ အဘိုးတွေ
အဘိုးတွေ ရှိခဲ့ လေမည်မှာလည်း မြေကြီးလက်ခတ်မလွဲ
အမှန်တရားဖြစ်လေ၏။
တဖန်
ကျွန်ုပ်မှာ မြေးမြစ်များရှိ၏။
ထိုမြေး မြစ်များကြီးပြင်းလာပြီး အိမ်ထောင်ပြုသော်
သားသမီး၊မြေးမြစ်၊တီ၊တာ၊တွတ် တို့ရှိလာမည်မှာသေချာ၏။
ထိုသားသမီး၊မြေး မြစ်၊တီ၊တာ၊တွတ် မှာလည်း မဆုံးနိုင်သော မျိုးဆက်သစ် တို့မွေးဖွားလာမည်မှာ ပြေးမလွတ်သော
နိယာမတရားပင်ဖြစ်၏။
ထိုသို့ လောကဓမ္မ သဘာဝ
တရားတို့ ဆက်စပ်သော
အကြောင်းအကျိုးတရားကို
ဆင်ခြင်သိရှိရသည်မှာ တန်ဘိုးကြီးလှပါ၏။
အပင်ရှိ၍ အရိပ်ဖြစ်လာသော အကြောင်းအကျိုးတရား
၊မွေးလာ၍ သေရ၏။ သေပြီးနောက်တဖန် ကံအလျှောက်
ဇာတိဖြစ်လာသောသဘောတရားကို သိရှိလာပြန်၏။ ထိုအရာသည် မည်သူတစ်စုံတစ်ယာက်က ဖန်တီးခြင်းမဟုတ်ရာ။သူ့သဘာဝအလျှောက် ဇီဝဓါတ်သဘောအရ
ဖြစ်တည်လာခြင်းသာဖြစ်ကြောင်း ကောင်းစွာ
သိမြင်လာ၏။
ကျွန်ုပ်သည် သစ်ပင်ခြေရင်း၌ ထိုင်ဖန်များလာသောအခါ ညောင်းညာကိုက်ခဲလာ၏။နာကျင်လာ၏။
ထိုနာကျင်မှုကို ဝေဒနာဟု
သမုတ်ကြ၏။ တကယ်ဆိုရမူ
ထိုဝေဒနာသည် ဝေဒနာမဟုတ်
ဘဲ သိမှု ၊ခံစားမှု သက်သက်သာဖြစ်၏။ ဓါတ်ကြီးလေးပါးနှင့် ဖွဲ့စည်းထားသောခန္ဓာ၏ဖေါက်ပြန်မှုကြီးသာဖြစ်၏။
ထိုဖေါက်ပြန်မှုကြီးကို
“အသိ-” ဖြင့်ဆင်ခြင်လိုက်လျှင်ဝေဒနာ၏ “သဘော” ကိုတွေ့ရ၏။ သဘောကိုတွေ့လျှင်
“ငါ-“ပြုတ်၏။ ထို သဘော
တရားကို ပြောပြ ရေးပြဖို့ရန်
ခက်ခဲပေလိမ့်မည်။
ထို “သဘော” ကို မြင်၍
ငါ မရှိတော့လျှင် အသက်ဝိဉာဏ်၊အတ္တ ၊အကောင်၊သူတပါး ၊ပုဂ္ဂိုလ် သတ္တဝါ၊ မရှိတော့ဘဲ သဘာဝနိယာမတရားကို သံသယ
ကင်းစွာ ပြက်ပြက်ထင်ထင်
မြင်လေ၏။
+++++
မဟာမြိုင်တောကြီးတစ်ခွင်လုံး ရွှေရည်လောင်းသောနေခြည်အောက်တွင် ဝင်းလက်တောက်ပနေ၏။
လေနုအေးအသုတ်တွင်
ရောင်စုံပန်းများမှာ ယိမ်းနွဲချီကာ ကပြ ဖြေဖျော်နေကြပြီး
ပန်းရနံ့တို့ဖြင့်ထုံမွှမ်းကာ
သင်းပျံ့မွှေးကြိုင်လို့ နေ၏။
ရောင်စုံ လိပ်ပြာကလေးများမှာလည်းနိမ့်ချီ မြင့်ချီ
လူးလာပျံသန်းကာ ပျော်ရွှင်မြူးတူးနေကြ၏။
တကုကူကူး ကုကူး ကုကူး နှင့် ချစ်ခွန်းဖွဲ့သီဆိုနေကြသော ချိုးကလေးမောင်နှံတို့၏ တွန်သံမှာလည်းအထူးချိုမြိန်လှပါ၏။
စာကလေးတို့က တစစ်စစ်
အော်ကာ ဆော့နေကြသလို
ဆက်ရက်တို့မောင်နှံတို့မှာလည်းပျော်ပျော်ပါးပါး အော်မြည်နေကြ၏။
ရတနာသိုက်လာရှာသူများမှာလည်းအပြုံးပန်းတို့ဝေသီကာ ရွှင်လန်းတက်ကြွနေကြ၏။ အတွေးသစ် အမြင်သစ်တို့သည် လူကို နုပျိုလန်းဆန်းစေသည်မဟုတ်ပါလော။
+++++
အလာလမ်းက သံသယများဖြင့်ကြမ်းတမ်း ခက်ထန်သလောက်၊အပြန်လမ်းမှာ
ချောမွှတ်အိစက်နေ၏။
လမ်းကျဉ်းချိုင့်ခွက်ကိုဖို့ထေးထားသော အုတ်ခဲကျိုး
နီနီကလေးများသည်ပင်
ပတ္တမြားများစီခင်းထားသည့်နှယ် နီနီစွေးစွေး ရဲရဲစိုစို
တောက်ပြောင်လှပလို့နေ၏။
လမ်းဘေးဝဲယာ ဝါးရုံတောများနှင့်ခြုံနွယ်ပင်များမှာလည်း စိမ်းစိမ်းစိုစို နှင့်လန်းလန်းဆန်းရှိကာ ကျွန်ုပ်တို့အား
ဂုဏ်ပြု နုတ်ဆက်နေကြသလို
သာယာလှပေ၏။
သဘာဝ လောကတစ်ခွင်လုံးမှာလည်းအကြည်ဓါတ်များဖြင့်လွှမ်းခြုံကာ ကြည်လင်တောက်ပလို့နေလေ၏။
မေတ္တာတရားတို့လွှမ်းခြုံ
ထားသော စိတ်အလျဉ်တွင်
အရာရာသည်ပကတိ အေးမြလို့နေ၏။
သူတော်ကောင်းနတ်အပေါင်းတို့သည်လည်းသာဓု
ခေါ်ကာ ဝမ်းမြောက်ပီတိဖြစ်ကြမည်မှာမလွဲဧကန် သာတည်း။
➡️လူအများအားလုံး
ကျန်းမာချမ်းသာကြပါစေ
အောက်ဆီဂျင်
(ခေတ္တ လုပြည်)
၁၀၊၁၀၊၂၀၂၅