Unicode Version
“စုန်းထီးကြီးဦးဘသာနှင့် ရွှေတဆင်ရိုးက ကျားဆိုး”(စ/ဆုံး)
———————————————————————–
အတွဲ(၄) စာစဉ်(၂၂)
(၁)
“အလတ်ကောင် ငါ့ကိုစောင့်ပါအုံးကွ”
အသံကြားလို့ လှည့်ကြည့်တော့မှ ဦးဘသာကခပ်လှမ်းလှမ်းမှာ ကျန်နေခဲ့တယ်ဗျ၊ ကျုပ်လည်း ချိုတူးလိုက်လာမှာစိုးတာနဲ့ ဒီကောင့်ကိုထိုးနှက်ပြီးတော့ ကွေးကောက်ရွာကနေခြေလှမ်းကျဲကြီးနဲ့ထွက်လာလိုက်တာ အခုဆိုရင် ရွာနဲ့တော်တော်လှမ်းလှမ်းရောက်ခဲ့ပြီဗျ၊ အဲဒီမှာ လမ်းကနှစ်လမ်းကွဲသွားတယ်၊ တစ်လမ်းကတော့ နိဗ္ဗာန်ရွာဘက်ကိုသွားတဲ့လမ်းဗျ၊ နောက်တစ်လမ်းကတော့ ရွှေတဆင်ရိုးလို့ခေါ်တဲ့ တောင်ရိုးပေါ်ကိုဖြတ်တက်တဲ့လမ်းပဲဗျာ၊ ကျုပ်ခြေလှမ်းကိုအမှီလိုက်လာရလို့ ဦးဘာလည်း တော်တော်မောနေတဲ့ပုံပဲဗျ၊ ဒါနဲ့ပဲ အဲဒီလမ်းခွမှာ ကျုပ်တို့နားလိုက်ကြတယ်။
“တွေ့ဆုံကြုံကွဲ ဓမ္မတာပဲကွ အလတ်ကောင်ရ၊ သိပ်လည်းခံစားမနေပါနဲ့”
ဦးဘသာက ကျုပ်ဘေးနားမှာဆောင့်ကြောင့်ထိုင်ပြီးပြောပါရော၊ ကျုပ်လည်း သစ်တုံးဆွေးတစ်ခုပေါ် ဖင်ထိုင်ချရင်း
“ကျုပ်က ဘယ်လိုမှတောင်မနေပါဘူးဗျာ”
“အေးပါ၊ မင်းဘာမှမဖြစ်ရင်ပြီးတာပဲ”
ခဏနားပြီးတာနဲ့ ကျုပ်တို့ရွှေတဆင်ရိုးဘက်ကို တက်ခဲ့ကြတာပေါ့ဗျာ၊ တောအုပ်ထဲဆိုပေမယ့်် လှည်းလမ်းကြီးကဖြူးလို့ဗျ၊ တောဆိုတာကလည်း သစ်ပင်ကြီးကြီးမားမားတွေမရှိဘဲ ချုံတွေ၊ နွယ်တွေလောက်သာရှိတဲ့ တောပါဗျာ၊ ကျုပ်တို့ဆက်သွားနေရင်း လမ်းကတဖြည်းဖြည်းမတ်စောက်လာတယ်ဗျ၊ ရွှေတဆင်ရိုးဆိုပြီး တောင်ကုန်းကြီးကိုခေါ်နေတာဆိုတော့ ကျုပ်လည်းတော်တော်ထူးဆန်းနေမိတယ်။
လျှောက်လာရင်း အရှေ့မှာတောင်ကုန်းကိုလှမ်းမြင်ရပြီဗျ၊ တောင်ကုန်းဆိုပေမယ့် ကျောက်စိုင်ကျောက်သားတွေချည်း ပြည့်နေတဲ့တောင်ပါဗျာ၊ တောင်က သိပ်တော့မမြင့်ပါဘူး၊ ဒါပေမယ့် ထူးခြားတာက တောင်ကြီးရဲ့အလယ်တစ်နေရာမှာ သဲတွေနဲ့လှည်းလမ်းကြီးဖြစ်နေပါရောဗျာ၊ အဲဒီလှည်းလမ်းက တောင်ကြီးနှစ်ခုရဲ့အလယ်မှာ ပက်ကြားအက်ကြီးလိုဖြစ်နေတာဗျ၊ လှည်းတစ်စီးကောင်းကောင်းသွားလို့ရအောင် ကျယ်တယ်ပေါ့ဗျာ၊ ကျုပ်တို့နွားတွေမောင်းပြီးတော့ လမ်းထဲကိုဝင်လာခဲ့ကြတယ်၊ လမ်းတစ်ဖက်တစ်ချက်မှာတော့ တောင်ကမ်းပါးယံကြီးတွေချည်းပါပဲဗျာ၊
အတော်ကလေးသွားမိတော့ ပတ်ဝန်းကျင်က တဖြည်းဖြည်းမှောင်လာတယ်ဗျ၊ တောင်နှစ်ခုကြားရောက်နေတာဆိုတော့ အလင်းရောင်သိပ်မဝင်တာလည်း ပါတာပေါ့ဗျာ၊ ကျုပ်တို့ဆက်လျှောက်လာရင်း တစ်နေရာရောက်တော့ လမ်းကတဖြည်းဖြည်းကျယ်သွားသဗျ၊ လှည်းနှစ်စီးစာလောက် ရှောင်တိမ်းသွားလို့ရတဲ့လမ်းဖြစ်သွားပြီးတော့ လမ်းဘေးမှာလည်း ကျောက်ရေအိုင်ကလေးတစ်ခုဖြစ်နေတယ်၊ နွားတွေလည်း လမ်းလျှောက်ရလွန်းလို့ ရေဆာတယ်နဲ့တူပါတယ်ဗျာ၊ ကျောက်ရေအိုင်တွေ့တာနဲ့ ရေအိုင်စပ်ပြေးဆင်းသွားပြီးတော့ ရေတွေကုန်းသောက်တော့တာပါပဲ၊ ရေအိုင်ကလေးက ဆယ်ပေလောက်ပဲကျယ်မှာဗျ၊ နက်တာကတော့ တော်တော်နက်ပုံရတယ်၊ လူတစ်ရပ်လောက်တော့ အသာကလေးပဲဗျာ၊ ရေတွေဆိုရင်လည်း ကြည်စိမ်းနေတာပဲ။
နွားတွေနားတော့ ကျုပ်တို့လည်းနားကြတာပေါ့ဗျာ။ ဦးဘသာက ကွမ်းအစ်ကလေးထုတ်ရင်း
“ဒီလမ်းကို ဘာဖြစ်လို့ ရွှေတဆင်ရိုးလို့ခေါ်တယ်ဆိုတာ မင်းသိပြီမဟုတ်လားအလတ်ကောင်”
“ကျုပ်တော့ သိပ်နားမလည်သေးဘူး”
“ဒီလိုကွ၊ ဟောဒီနေရာကိုကြည့်စမ်း တောင်ကမ်းပါးကြီးမှာ ရေညှိခြောက်တွေကပ်နေတယ်မဟုတ်လား၊ ဒီနေရာက မိုးအခါဆိုရင် ရေတံခွန်ကြီးတစ်ခုကွ၊ ဟိုးတောင်ပေါ်ကနေဆင်းလာတဲ့ ရေတွေက ဒီရေတံခွန်ကနေတဆင့် အောက်ကကျောက်မြေသားအပေါ်ကို အရှိန်နဲ့စီးဆင်းကျလာတာပေါ့ကွာ”
ဦးဘသာက ကျောက်ကမ်းပါးကြီးကိုထိုးပြတယ်၊ ကျုပ်လည်း အခုမှသတိထားမိတာဗျ၊
“ရေတံခွန်က ကျတဲ့ရေက ဟောဒီအောက်က ကျောက်သားကိုတိုက်စားပြီးတော့ အခုလိုချိုင့်ခွက်ကြီးဖြစ်ကျန်နေခဲ့တာပဲ”
“ဟာ၊ ဦးဘသာ၊ ဒါဆိုဒီနေရာက အရင်တုန်းက ရေချောင်းကြီးပေါ့”
“ဒါပေါ့ကွ၊ မိုးတွင်းဆိုရင်တော့ တောင်ကျရေကျတဲ့ ချောင်းဖြစ်မှာပေါ့၊ ခုလို ပွင့်လင်းရာသီ မိုးနည်းသွားပြီဆိုတော့ တောင်ကျရေလမ်းမဆင်းတော့ ချောင်းရိုးက လမ်းဖြစ်သွားတာပေါ့ကွာ၊ ဒါကြောင့် ဒီလမ်းကို ရွှေတဆင်ရိုးလို့ခေါ်ကြတာကွ”
“ကျုပ်နားလည်ပြီဗျ၊ ဒါဆို မိုးတွင်းဘက်တော့ ဘယ်သွားလို့ရမလဲဗျနော်”
“သေချာတာပေါ့ကွာ”
ဦးဘသာ ကွမ်းယာနေတုန်း နွားတွေက တရှူးရှူးနဲ့ဖြစ်လာတယ်ဗျ၊ နှာတွေမှုတ်ပြီးတော့ ခွာတွေလည်းယက်လို့ဗျာ၊ ကျုပ်လည်း နှင်တံနဲ့ နွားတွေကိုထိန်းရတာပေါ့၊ နွားတွေက ထိန်းတုန်းခဏပဲဗျ၊ ပြီးတာနဲ့ တရှူးရှူးပြန်လုပ်ကြတာပဲ၊ ကျုပ်က နွားတွေကိုကြိမ်းမောင်းနေတုန်း ဦးဘသာက ကျုပ်ကိုလှမ်းကြည့်ပြီး
“အလတ်ကောင် နားထောင်စမ်း”
ကျုပ်လည်း ရပ်လိုက်ပြီးတော့ နားကိုစွင့်လိုက်တယ်၊ နွားတွေက နှာမှုတ်နေတာဆိုတော့ ဘာသံမှ သေသေချာချာမကြားရတာအမှန်ပဲဗျ၊ ကျုပ်လည်း ဦးဘသာကိုကြည့်လိုက်ရင်း
“ဘာသံကြားလို့လဲ ဦးဘသာရ”
ဦးဘသာက ပြန်မဖြေပေမယ့် သူ့မျက်နှာက ထိတ်ထိတ်ပြာပြာဖြစ်နေတာကိုကြည့်ပြီး ကျုပ်လည်း တစ်ခုခုတော့ ထူးနေပြီဆိုပြီးသိလိုက်တာဗျ၊ ဒီအချိန်မှာပဲ ကျုပ်အနောက်ဘက် ကျောက်ကမ်းပါးပေါ်ကနေ အကောင်ကြီးတစ်ကောင်ခုန်ဆင်းလာတယ်ဗျ၊ ကျုပ်ကိုခေါင်းပေါ်ကနေ ကျော်သွားပြီးတော့ ကျုပ်အရှေ့တည့်တည့်ကိုကျတာဗျ၊ ညနေခင်း အလင်းရောင်အောက်မှာ ပီပီသသတွေ့လိုက်ရတာကတော့ ကျားကြီးတစ်ကောင်ဗျ၊ နည်းတဲ့အကောင်ကြီးမဟုတ်ဘူးဗျာ၊ ကိုးတောင်လောက်တော့ရှိမယ်ထင်တယ်၊ တစ်ကိုယ်လုံးကို အနက်နဲ့အဝါကျားအစင်းတွေက ဖုံးအုပ်ထားတယ်၊ ခေါင်းကြီးဆိုရင်လည်း တော်တော်ကြီးတာဗျာ။ ကျားကြီးက သူ့မျက်လုံးဝါဝါကြီးနဲ့ ကျုပ်ကိုစိုက်ကြည့်တော့ ကျုပ်ဖြင့် ကိုယ့်ဖာသာကိုယ် ဘာဖြစ်သွားမှန်းမသိဘူးဗျာ၊ ဒူးတွေ တဆတ်ဆတ်တုန်ပြီးတော့ ပုဆိုးထဲ သေးတွေတဝေါဝေါနဲ့ထွက်ကျကုန်တာဗျ။
ကျားကြီးက လှုပ်ရှားတာသိပ်မြန်တယ်ဗျာ၊ ရေအိုင်ဘေးနားက နွားတစ်ကောင်ကို ဝင်ဆွဲတော့တာပဲ၊ အရင်ဆုံးနွားရဲ့နောက်ခြေထောက်ကိုကိုက်ပြီး ခြေထောက်အကြောတွေကို ဖြတ်ပစ်လိုက်တယ်ဗျ၊ ကျားကိုက်ခံရတဲ့ နွားခမျာ အသက်လုပြီးပြေးဖို့ကြိုးစားတာပေါ့ဗျာ၊ ဒါပေမယ့် ခြေထောက်ကျောဖြတ်ခံလိုက်ရတော့ နွားခြေထောက်တွေက ဒရွတ်တိုက်ဆွဲသွားပြီဗျ၊ ဒီတော့မှ ကျားကြီးက နွားရဲ့ကျောကုန်းပေါ်ကို ခုန်တက်လိုက်တာဗျာ၊ လွှားခနဲပဲ၊ ပြီးတာနဲ့ နွားရဲ့လည်ကုပ်ကို ပါးစပ်နဲ့ဖမ်းကိုက်ပြီးတော့ နွားကိုနောက်ပြန်ဆွဲသွားသဗျာ။
ကျုပ်လည်းကြောင်ပြီး ငေးမောနေသလို ဦးဘသာလည်း ကွမ်းရွက်ကြီးကိုင်ပြီး မလှုပ်မယှက်ဖြစ်နေတယ်ဗျ။ ဒီအချိန်တစ်ဖက်ကမ်းပါးပေါ်က လူသုံးလေးယောက်ဆင်းလာတယ်၊ ကျုပ်တို့ကိုကြည့်ပြီးတော့
“ဟေ့လူတွေ၊ ဟေ့လူတွေ”
လှမ်းအော်ကြတယ်၊ သူတို့အထဲက လူတစ်ယောက်ကတော့ ဒူးလေးကိုင်ထားသဗျ။ ဒါနဲ့ နွားကိုဆွဲသွားတဲ့ ကျားကြီးကို သူ့ဒူးလေးနဲ့ချိန်ပြီး ပစ်လွှတ်လိုက်ပါရောဗျာ၊ ဒင်ခနဲမြည်သွားတဲ့ ဒူးလေးသံံံနဲ့အတူ ဒူးလေးမြှားတံတစ်ချောင်းက ဝှစ်ခနဲပျံံသန်းပြီးတော့ ကျုပ်ခေါင်းပေါ်က ဖြတ်သွားတယ်၊ ပြီးတော့ ဒူးလေးမြားတံက ကျားရဲ့ဘယ်ဖက်ခြေထောက် ဒူးဆစ်အနားကိုဖြတ်မှန်သဗျ၊ ကျားကြီးက တစ်ချက်ဝေါင်းခနဲ အော်ဟစ်လိုက်ပြီးတော့ နွားကိုကိုက်ချီရင်း နောက်ကျွမ်းပစ်ထည့်လိုက်တာဗျာ၊ ဦးဘသာထိုင်နေတဲ့အနောက်က ကျောက်ချပ်ပေါ်ကို လွှားခနဲကျသွားတာ၊ ပြီးတာနဲ့ ကျောက်တုံးကြီးတွေ တစ်ခုပေါ်တစ်ခု လွှားခနဲခုန်တက်ရင်း တောင်ကမ်းပါးပေါ်ပြေးတက်သွားပါရောလား။
ကျားကြီးလှုပ်ရှားတာ မြန်လိုက်တာဗျာ၊ နောက်တော့ ကမ်းပါးပေါ်က လူတွေပြေးဆင်းလာကြတယ်၊ ကျုပ်တို့နွားတစ်ကောင်ကတော့ ကျားစာဖြစ်သွားပြီဗျို့၊ ကျားကိုက်ခဲ့တဲ့နေရာမှာ သွေးကွက်ကြီးကျန်နေခဲ့တယ်။
“ခင်ဗျားတို့ဗျာ၊ မသေကောင်းမပျောက်ကောင်း”
ကျုပ်ဖြင့် အခုထိခြေတွေလက်တွေ မလှုပ်နိုင်သေးဘူးဗျ၊ ဒီလူတွေက ကျုပ်အနားရောက်လာပြီး ကျုပ်ကိုဝိုင်းထိန်းကြတယ်၊ ဦးဘသာလည်း လက်တွေတဆတ်ဆတ်တုန်နေတယ်။ ဒီလူတွေထဲက ဒူးလေးကိုင်ထားတဲ့လူက
“တောက်၊ ချက်ကောင်းမထိတာ နာသကွာ”
ဦးဘသာက အနားကပ်လာပြီး
“ငါတို့၊ ငါတို့တွေ့လိုက်တာ ကျားကြီးမဟုတ်လား”
“ဟုတ်တာပေါ့ဗျာ၊ ဦးလေးတို့နဲ့တွေ့လိုက်တာ ဟင်းမျိုးအစစ်ပေါ့ဗျ”
“နေစမ်းပါအုံးကွ၊ ဒီတော၊ ဒီတောင်မှာ ကျားနေပါ့မလားကွ၊ ငါဆိုလိုချင်တာကကွာ၊ ဒီတောအုပ်လောက်မှာ ကျားတစ်ကောင်ကျက်စားဖို့ သားကောင်မှမရှိတာ”
“အရင်ကတော့ ဟုတ်တယ်ဦးလေးရေ၊ အခုကတော့ မဟုတ်တော့ဘူး၊ ဒီကျားက ဒီတောင်ကကျားမဟုတ်ဘူး၊ တောပြောင်းလာတဲ့ကျားဗျ”
လူတစ်ယောက်က ကျုပ်နှာခေါင်းအနားကို အဝတ်ထုပ်ကလေးတစ်ထုပ်လာကပ်သဗျ၊ အနံ့ကတော့ ခပ်ရှိန်းရှိန်း၊ ခပ်မွှေးမွှေးလေးပါပဲဗျာ၊ ဒါလေးရှူပြီးမှ ကျုပ်လည်း ခြေတွေလက်တွေပြန်လှုပ်နိုင်တယ်၊ ကျုပ်ပုဆိုးကို ကျုပ်ငုံ့ကြည့်ပြီး ရှက်လိုက်တာပြောမနေပါနဲ့ဗျာ၊
“ငါ့ညီ၊ ဘာမှမရှက်နဲ့ကွ၊ ကျားနဲ့ရုတ်တရက်တွေ့ရင် ဒီလိုပဲဖြစ်တတ်တယ်၊ ကြက်သေသေသွားပြီးတော့ ကြောက်သေးတွေ ကြောက်ချေးတွေပန်းတာကို ကျားဟုန်တယ်လို့ခေါ်တယ်ကွ”
ကျုပ်လည်း ဒီလူတွေကိုကြည့်ရင်း
“ကျေးဇူးတင်လိုက်တာဗျာ၊ ခင်ဗျားတို့သာရောက်မလာရင် ကျုပ်နွားတွေကို ကျားကအကုန်ပဲဆွဲသွားမလား၊ ဒါမှမဟုတ် ကျုပ်တို့ကိုရန်ပြုသွားမလား၊ မတွေးရဲစရာပဲဗျာ”
“ခင်ဗျားတို့ကြည့်ရတာ ဒီကမဟုတ်ဘူးထင်တယ်၊ ဒီနားကရွာတွေကတော့ ဒီလမ်းကိုမဖြတ်ရဲတာကြာပြီ၊ ကဲ၊ ညမှောင်လာပြီဆိုတော့ ဒီမှာပဲဆက်မနေသင့်တော့ဘူးဗျ၊ ကျုပ်တို့နဲ့လိုက်ခဲ့”
ကျုပ်လည်း ဦးဘသာကိုကြည့်လိုက်တယ်၊ ဦးဘသာက ခေါင်းညိတ်လိုက်ပြီး ပုဆိုးတွေဘာတွေပြင်ဝတ်နေတာနဲ့ ကျုပ်လည်း နွားတွေမောင်းပြီး လိုက်လာခဲ့တာပေါ့ဗျာ၊ နွားတွေက အခုအချိန်အထိတောင် ကြောက်ရွံ့ပြီး တုန်လှုပ်နေကြတုန်းပဲဗျ။
(၂)
ချောင်းရိုးကလေးအတိုင်းဆက်လျှောက်လာရင်း အရှေ့နားရောက်တော့ ဘေးနားက ကမ်းပါးယံတွေက တဖြည်းဖြည်းနိမ့်ဆင်းသွားတယ်၊ တစ်နေရာရောက်တော့ ဒီလူတွေက ကမ်းပါးပေါ်တက်ပြီးတော့ တောထဲဝင်သွားတယ်၊ ခဏလောက်သွားမိတော့ တစ်ဖက်ရပ်တဲကလေးတစ်လုံးကိုတွေ့လိုက်ရတယ်ဗျ၊ တဲကအဖြစ်ဆောက်ထားတာပါဗျာ၊ တောထဲရှိတဲ့ ဝါးတွေ၊ သစ်ကိုင်းခြောက်တွေနဲ့ဆောက်ထားတဲ့တဲကလေးပါ၊ လူသုံးယောက်ထဲက တစ်ယောက်က တဲအရှေ့နားမှာ ကျောက်တုံးတွေနဲ့စီပြီးလုပ်ထားတဲ့ မီးဖိုကလေးဆီမှာ မီးပုံဖိုနေတယ်ဗျ။ ကျုပ်တို့လည်း ကျောက်တုံးတွေပေါ်မှာထိုင်ချလိုက်တာပေါ့ဗျာ။ နွားတွေကိုတော့ သစ်ပင်တွေနဲ့ချည်ထားလိုက်တာပေါ့။
ဒူးလေးကြီးကိုင်ထားတဲ့လူက ဒူးလေးကိုချလိုက်ပြီး
“ကျုပ်နာမည်ကတော့ မောင်စံလို့ခေါ်တယ်၊ အင်းခြေရွာက မုဆိုးပေါ့ဗျာ၊ သူ့နာမည်က လှဆွေ၊ သူကတော့ ကျော်ညွန့်တဲ့”
ဦးဘသာက ခေါင်းညိတ်ပြီးတော့
“အင်းခြေရွာဆိုတာ ကွေးကောက်အင်းရဲ့မြောက်ဘက်နားက ရွာမဟုတ်လား”
“ဟုတ်တာပေါ့ဗျာ”
“ဒါဆို ခင်ဗျားတို့က ဒီကျားအနောက်ကိုလိုက်နေကြတာလား”
ကျုပ်က ကျားလို့ပြောလိုက်တော့ မုဆိုးမောင်စံက မျက်မှောင်ကြုတ်ပြီး
“တောထဲတောင်ထဲမှာ ကျားကို ကျားလို့မခေါ်နဲ့ ငါ့ညီရေ၊ ဒီကောင်တွေကို နာမ်နှိမ်တဲ့အနေနဲ့ ဟင်းမျိုးလို့ ခေါ်ကြသကွ”
ကျုပ်လည်း ခေါင်းကုပ်ရင်း
“ကျားလို့ ဘာလို့ခေါ်မရတာလဲဗျ”
ဦးဘသာက ကျုပ်ကိုကြည့်ရင်း
“ကျားဆိုတဲ့အသံမှာ မမြင်နိုင်တဲ့စွမ်းအားတွေရှိတယ်လို့ ရှေးလူကြီးတွေက ယူဆကြတယ်ကွ၊ ပြီးတော့ ကျားကောင်ဟာလည်း တောရဲ့ဘုရင်ဖြစ်ပြီး သာမာန်တိရစ္ဆာန်တစ်ကောင်ဖြစ်ပေမယ့် ထူးခြားတဲ့အစွမ်းတွေရှိတယ်လို့ ယူဆကြတယ်၊ ဒီတော့ သူ့နာမည်မှာကိုက အစွမ်းတွေရှိနေတယ်လို့ ယူဆတယ်၊ ဒါကြောင့် တို့ယောက်ျားတွေ အားယူတဲ့အခါ “ကျား” လို့ အားယူပြီးအော်တတ်တယ်မဟုတ်လား”
မုဆိုးမောင်စံက ခေါင်းညိတ်ရင်း
“ဒီက ဦးလေးပြောတာမှန်တယ်ကွ၊ တို့မုဆိုးအယူအဆကတော့ တောထဲမှာ ကျားလို့ပြောရင် အဲဒီကျားက သူ့ကိုဘယ်နေရာကနေခေါ်တယ်၊ ဘယ်သူကခေါ်တယ်ဆိုတာကို ကြားရတတ်တယ်ဆိုပဲ၊ ဒါကြောင့် ဒီကောင်တွေကို နာမ်နှိမ်ရာလဲရောက်၊ သူတို့က ကိုယ်ပြောတာကိုမကြားရအောင်လို့ ဟင်းမျိုး၊ ဟင်းကောင်ဆိုပြီးတော့ အမည်လွှဲပြီးပြောကြတာ”
ကျုပ်လည်း ခေါင်းညိတ်ရင်း
“ဒါဆို အဲဒီကျား . . . အဲမေ့လို့၊ ဟင်းမျိုးကြီးက ဘယ်ကနေရောက်လာတာလဲဗျာ”
“ပြောရရင်တော့ ရှည်တယ်ကွ၊ ဒီဟင်းမျိုးကြီး ဘယ်ကရောက်လာမှန်းတော့ ငါတို့လည်းသေသေချာချာမသိဘူး၊ တို့အင်းခြေရွာက လူတွေမွေးမြူထားတဲ့ နွားတွေကိုစပြီး ဆွဲနေရာကနေ စတင်တာပဲ၊ အင်းခြေမှာ နွားငါးကောင်ကိုဆွဲပြီးပြီ၊ ဒါနဲ့ ငါတို့လည်း အပြင်းအထန်လိုက်ရှာကြတော့ အင်းခြေရွာကနေ ထွက်ပြေးပြီး အခုဒီတောင်ရိုးပေါ်ကိုရောက်လာတာပဲ”
“ကျုပ်တို့နွားတစ်ကောင်လည်း ပါသွားပြီဗျ”
“စိတ်တော့မကောင်းပါဘူးကွာ၊ မင်းတို့ ဒီညတော့ ဒီမှာနားလိုက်ကြပါ၊ မိုးလင်းတော့မှ အလိုရှိရာသွားကြပေါ့”
“ကျေးဇူးတင်ပါတယ်၊ ကျုပ်နာမည် ခင်မောင်ပါ၊ ဟောဒါကတော့ ဦးဘသာလို့ခေါ်ပါတယ်”
ဦးဘသာက ခေါင်းညိတ်ပြရင်း
“ဒါနဲ့ ဒီကျားက အခုနာသွားပြီနော်၊ ငါကြားဖူးတာကတော့ ကျားနာရင်ပိုဆိုးတယ်ဆိုပဲ”
မုဆိုးမောင်စံက
“ကျုပ်လည်းသိပါတယ်၊ ဒီကောင်ကျုပ်ကိုမှတ်ထားပြီးတော့ ချောင်းနေမှာအမှန်ပဲဗျ၊ လာစမ်းပါစေဗျာ၊ ဒီကောင်သာလာလို့ကတော့ ကျုပ်သူနဲ့အသက်ချင်းလဲပစ်လိုက်မယ်”
မုဆိုးမောင်စံရဲ့သတ္တိကို ကျုပ်တော့ဖြင့် ချီးကျူးပါတယ်ဗျာ၊ ကျုပ်ဆိုရင် ကျားနဲ့တိုက်ခိုက်ဖို့မပြောနဲ့ ကျားကိုမြင်တာနဲ့တင် ကြက်သေသေပြီး ကြောက်သေးပန်းတယ်မဟုတ်လား။ ဦးဘသာက
“ကျားဟုန်တယ်ဆိုတာကတော့ လက်တွေ့ပဲဟေ့၊ ငါတောင်မှ ကျားမှန်းသိပေမယ့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားသကွ၊ ဟား၊ ဟား”
ဦးဘသာက ရယ်နိုင်သေးတယ်ဗျာ၊ ကျုပ်လည်း သေးစိုသွားတဲ့ပုဆိုးကို လဲဝတ်လိုက်ရတာပေါ့၊
ကိုလှဆွေက ထမင်းအိုးတစ်အိုးတည်တယ်ဗျ၊ ကိုလှဆွေက ပိန်ပိန်ပါးပါး၊ အရပ်ပုပုနဲ့လူဗျ၊ သူလည်း အင်းခြေရွာသားပဲဗျ၊ မကြောက်တတ်လို့ ကျားအနောက်ကိုလိုက်ခဲ့တာတဲ့ဗျာ၊ နောက်တစ်ယောက်ကတော့ ကိုကျော်ညွန့်တဲ့ဗျ၊ သူကတော့ ထောင်ထောင်မောင်းမောင်း၊ ဗလကောင်းကောင်းနဲ့ပဲ၊ အင်းခြေရွာက နွားပိုင်ရှင်တဲ့ဗျာ၊ သူ့နွားသုံးကောင် ကျားဆွဲခံံရလို့ ကျားကိုသတ်မယ်ဆိုပြီး လိုက်နေတဲ့လူဗျ။ မုဆိုးမောင်စံကတော့ ဗလတောင့်တောင့်ပဲ၊ တစ်ကိုယ်လုံးလည်း ဆေးမင်ကြောင်တွေနဲ့ဗျ၊ သူ့ဒူးလေးကြီးတင် တော်တော်ကြီးတယ်ဗျာ။ ခေါင်းမှာလည်း သျှောင်ထုံးခပ်သေးသေးတစ်ထုံး ထုံးထားသေးတယ်။ အဲဒီညက ကျုပ်တို့ခရီးမဆက်တော့ဘဲ မုဆိုးမောင်စံတို့ရဲ့ စခန်းမှာပဲ နားနေလိုက်ရတယ်၊ အင်းခြေရွာက ကျားသောင်းကျန်းပုံတွေကို ကိုကျော်ညွန့်က ပြန်ပြောပြတာပေါ့ဗျာ။
“တို့ရွာမှာ အစကတော့ ဟင်းမျိုးဆိုတာ ကြားတောင်မကြားဖူးဘူးကွ၊ စာပေတွေဘာတွေထဲမှာလောက်ပဲ ဖတ်ဖူးတာ၊ တစ်ညတော့ ထူးဆန်းတဲ့အသံကြားရတယ်ကွ၊ အဲဒီအသံကို ရွာထဲကလူတွေကတော့ ကျားတစ်တဲ့အသံလို့ပြောတယ်၊ ဒါပေမယ့် မင်းပဲစဉ်းစားကြည့်ကွာ၊ တို့ဘက်မှာ ဟင်းမျိုးဆိုတာ ရှိမှမရှိတာကွ၊ ငါလည်းမယုံဘူးပေါ့ကွာ”
လက်ဖက်ခြောက် သုံးလေးရွက်ခတ်ထားတဲ့ မြေရေနွေးကရားအိုးထဲက ရေကသိပ်သောက်ကောင်းတာပဲဗျာ၊ ကျုပ်တို့လည်း ကိုကျော်ညွန့်ပြောတာကို ရေနွေးသောက်ရင်း နားထောင်ကြတာပေါ့။
“အဲဒီနေ့က ငါ့သားနွားကျောင်းမလိုက်နိုင်ဘူးကွ၊ ဒါနဲ့ ငါပဲနွားတွေကျောင်းရင်း နေ့လည်နေပူလာတာနဲ့ နွားတွေအရိပ်ရအောင် စားကျက်ထဲကနေ တောထဲမောင်းသွင်းခဲ့တာပေါ့ကွာ၊ တောထဲရောက်တော့ နွားတွေက နှာတွေမှုတ်ပြီး ပေကပ်ကပ်ဖြစ်ကုန်တယ်ကွ၊ ပြီးတော့ ချုံထဲကနေ ဟင်းမျိုးကြီး ခုန်ထွက်လာတာပဲကွာ၊ ငါလည်း မင်းဖြစ်သလို တောင့်တောင့်ကြီးဖြစ်နေပါရော၊ ဟင်းမျိုးက ငါ့ရှေ့မှာတင်ပဲ ငါ့နွားအုပ်က နွားကိုချီပြီး ပြေးတာ မြန်လိုက်တာကွာ၊ ဒီတော့မှ ရွာကလူတွေလည်း ဟင်းမျိုးရှိတာ ယုံသွားကြတာပဲ”
“ဒါဆို နောက်ထပ်နွားတွေကရောဗျာ၊ ဘယ်လိုလုပ်ပြီး ပါသွားတာလဲ”
“ဟင်းမျိုးရှိတာသိတာနဲ့ တို့ရွာကလူတွေ ကြောက်လန့်ပြီး နွားတွေမထုတ်ကြတော့ဘူးကွ၊ ကိုယ့်အိမ်၊ ကိုယ့်ခြံထဲမှာပဲ ထားကြတော့တာ၊ အဲဒီနေ့ကလည်း ဖြစ်ချင်တော့ ငါ့မိန်းမက စပါးကုန်လို့ ဆန်ဖွပ်မယ်ဆိုပြီး စပါးကျီသွားဖွင့်တော့ စပါးကျီထဲမှာ ဟင်းမျိုးရောက်နေတာတဲ့ကွာ၊ ဘယ်လိုရောက်နေသလဲတော့ မပြောတတ်ဘူး၊ ဟင်းမျိုးက ငါ့မိန်းမကိုလည်းမြင်ရော ကျီထဲကခုန်ထွက်ပြီး တင်းကုတ်မှာချည်ထားတဲ့ နွားတစ်ကောင်ကိုချီပြီး ပြေးပါရော”
“ဟာဗျာ၊ ထူးဆန်းလိုက်တာ၊ ဟင်းမျိုးကဘယ်လိုလုပ်ပြီးတော့များ ခြံဝိုင်းထဲရောက်လာပါလိမ့်ဗျာ၊ တော်သေးတာပေါ့ ခင်ဗျားမိန်းမကို မကိုက်သွားလို့”
“အဲဒါပြောတာပေါ့ကွာ၊ ငါလည်း တော်တော်ဒေါသထွက်သွားတာကွ၊ ဒါနဲ့ပဲ မုဆိုးမောင်စံနဲ့ပူးပေါင်းမိတာပဲ၊ နောက်နွားတစ်ကောင်ကို တည်ကြက်လုပ်ပြီးတော့ မုဆိုးမောင်စံက ဟင်းမျိုးကိုမျှားခေါ်ပြီး လင့်စောင့်ပစ်တာပေါ့ကွာ”
“စောင့်ပစ်တော့ မမိဘူးလားဗျ”
မုဆိုးမောင်စံက
“မမိလို့ ဟင်းမျိုးက ဒီအထိရောက်လာတာပေါ့ကွ၊ ငါလည်း မုဆိုးအစဉ်အဆက် သင်ကြားခဲ့တဲ့ပညာတွေနဲ့ ဒီဟင်းမျိုးကိုရအောင်ထောင်ဖမ်းတာပဲကွ၊ ခက်တာက ဒီဟင်းမျိုးက ငါတို့ကြားဖူးနားဝရှိခဲ့တဲ့ ဟင်းမျိုးတွေနဲ့မတူဘူးကွ၊ သိပ်ပြီး ဉာဏ်ပြေးတဲ့ကောင်ကွာ၊ တို့တွေစောင့်ဖမ်းပြီး ပေါ်မလာ၊ ပေါ်မလာနဲ့ တစ်ညသာကုန်သွားတယ်ကွ၊ ဒါနဲ့စိတ်ဓါတ်ကျပြီး မနက်ရောက်တော့ နွားကိုဖြုတ်ပြီး ပြန်ဆွဲအလာမှာ လမ်းမှာစောင့်ပြီး ဆွဲတာပဲ”
“ဟင်းမျိုးက လည်သားဗျ”
“ဒါကြောင့် ထူးဆန်းတယ်ပြောတာကွ၊ ဒီဟင်းမျိုးက တခြားဟင်းမျိုးတွေနဲ့မတူဘူးကွ၊ အမဲလိုက်ထွက်တာကလည်း နေ့ခင်းကြီးဖြစ်ရင်လည်း ဖြစ်နေတတ်တယ်၊ ဟင်းမျိုးဆိုတာ ငါတို့ကြားဖူးသလောက်တော့ နေ့ခင်းမှအပြင်မထွက်ဘဲကွ”
“ဟာ၊ ဒါဆို အခုလည်း ကျုပ်တို့ဆီကိုရောက်လာအံံုံးမယ်ထင်တယ်ဗျ”
“မပူပါနဲ့ကွာ၊ ဒီကောင်ဒီညတော့မလာပါဘူး၊ ငါ့အထင်တော့ ဒီကောင်ငါတို့လက်က ဆက်ပြေးမယ်ထင်တာပဲ”
ဒါနဲ့ပဲ ကျုပ်တို့ညအိပ်ဖို့ပြင်ကြတာပေါ့ဗျာ၊ ဦးဘသာနဲ့ကျုပ်နဲ့ ကျောချင်းကပ်ပြီးတော့ ကျောက်တုံးတစ်တးပေါ်မှာအိပ်ကြတယ်၊ ဦးဘသာက မအိပ်ခင် ကျုပ်တိုခပ်တိုးတိုးကပ်ပြောတယ်။
“အလတ်ကောင်ရေ၊ ဒီဟင်းမျိုးကတော့ ထူးခြားနေပြီကွ”
“ဟုတ်ပါရဲ့ဗျာ”
“ငါပြောချင်တာက သာမန်သွေးရိုးသားရိုးမဟုတ်ဘူးကွ”
“ဗျာ၊ ဒါဆိုဘယ်လိုဖြစ်နိုင်သလဲဗျ”
“မင်း ဗျဂ္ဃကြီးတို့ ဘာတို့ တွေ့ဖူးတယ်မဟုတ်လား၊ ဒီတော့ င့ါအထင် ဒီဟင်းမျိုးကလည်း တိရစ္ဆာန်ဟင်းမျိုးဖြစ်ဟန်မတူဘူးကွ၊ လူတစ်ယောက်ယောက်များ ပညာနဲ့လုပ်ကြံဖန်တီးထားတာလားလို့”
“ဟာ၊ ဒါဆို လူကနေကျားဖြစ်တဲ့ သမန်းကျားလိုများလား”
“သမန်းကျားမရှိဘူးလို့တော့ တပ်အပ်မပြောချင်ပါဘူးကွာ၊ ဒါပေမယ့် ရှားတယ်ကွ”
“ဦးဘသာက ဘယ်လိုထင်လို့လဲ”
“သမန်းကျားဆိုတာက ဟိုးစစ်ကိုင်းတိုင်းအထက်၊ ချင်းနဲ့ကချင်စပ်တဲ့နေရာက ထမန်း လူမျိုးတွေပဲ တတ်တဲ့လှို့ဝှက်တဲ့ပညာရပ်တစ်ခုကွ၊ ထမန်းလူမျိုးက ရာဂဏန်းလောက်ပဲကျန်တော့တယ်၊ လှို့ဝှက်တဲ့ပညာရပ်ဆိုတော့ လူတိုင်းတောင်မတတ်ကြဘူး၊ လူစင်စစ်ကနေ ကျားဖြစ်ဖို့ကို အဆင့်ဆင့်လေ့ကျင့်ရသတဲ့ကွ၊ မှော်ကျင့်စဉ်တစ်ခုလိုပေါ့ကွာ၊ ထမန်းတွေက သစ်ပင်ကိုခြေဆင်းပြီးထိုင်လိုက်တာနဲ့ ကျားအဖြစ်ပြောင်းသွားသတဲ့၊ ဒါ့ကြောင့် ဒီကျားတွေကို ထမန်းကျားလို့ခေါ်တယ်၊ ထမန်းကိုခေါ်ရင်း ခေါ်ရင်း သမန်းကျားဆိုပြီးဖြစ်သွားတာပေါ့ကွာ”
“ဟာ၊ ဒါဆို သမန်းကျားက တကယ်ရှိတာပေါ့”
“ဒါပေါ့ကွ၊ အရင်က ချင်းတွင်းခရိုင်ဝန်ဖြစ်ခဲ့တဲ့ မစ္စတာဂရန့်ဘရောင်းဆိုတဲ့လူက သူတကယ်တွေ့ကြံုံခဲ့ရတာကို စာအုပ်ရေးသားထုတ်ဝေခဲ့လို့ အနောက်တိုင်းမှာ ဟိုးလေးတကြော်ဖြစ်ခဲ့ရသေးတယ်ဆိုပဲ၊ ထမန်းလူမျိုးတစ်ယောက်က လူစင်စစ်ကနေ ကျားအဖြစ်ပြောင်းပြီး လက်စားချေခဲ့တာကို စစ်ဆေးရင်း အဲဒီလူက သူ့ကိုယ်သူကျားအဖြစ် ပြောင်းပြခဲ့တယ်ဆိုပဲကွ”
“ဒါဆို အခုတွေ့နေတာကရော သမန်းကျားလိုပဲပေါ့”
“ထမန်းလူမျိုးတွေက အခုဆိုရင် သိပ်တောင်ကျန်မယ်မထင်တော့ဘူးကွ၊ ပြီးတော့ တို့ဖက်နဲ့လည်း ဝေးတယ်မဟုတ်လား၊ ငါထင်တာကတော့ မှော်ပညာနဲ့လုပ်ထားတဲ့၊ မှော်ကျားများလား၊ ဒါမှမဟုတ် နတ်ကျားရဲများလား၊ တစ်ခုခုတော့ တစ်ခုခုပဲ”
“ဒါဆို ဦးဘသာဘာဆက်လုပ်မလဲဗျာ”
“မောင်စံတို့ကို ဆက်လွှတ်ထားရင် ကြာလာရင် သူတို့ဒုက္ခဖြစ်မှာစိုးရိမ်ရတယ်ကွ၊ ဒီတော့ ဒီကိစ္စမှာ ငါဝင်ပါရလိမ့်မယ်”
“ဟုတ်မှလည်းလုပ်ပါ ဦးဘသာရာ၊ ခုနကတောင်မှ ဟင်းမျိုးတွေ့ပြီးတော့ ဦးဘသာကြီး မလှုပ်နိုင်ဘူးမဟုတ်လား”
“အေး၊ အဲဒီကတည်းက ငါထင်ခဲ့တာပဲကွ၊ ဒီဟင်းမျိုးဆင်းလာကတည်းက ငါ့စိတ်ထဲမှာ ထူးခြားတဲ့မှော်ပညာတစ်ခုခုကို ခံစားမိတာပဲ၊ မသေချာသေးလို့ မပြောသေးတာ၊ ခုနက မောင်စံတို့ပြောတာ နားထောင်ပြီးတော့မှ ဒီဟင်းမျိုးက သာမန်မဖြစ်နိုင်ဘူးလို့ သိလိုက်တာပဲ၊ တို့တွေ မနက်ကျရင် ခရီးမဆက်သေးဘူးကွာ၊ မောင်စံတို့ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်ကြတာပေါ့”
ကျုပ်လည်း ခေါင်းညိတ်လိုက်တယ်၊ အဲဒီညက အိပ်တယ်ဆိုပေမယ့် အိပ်လို့တောင်မပျော်ပါဘူးဗျ၊ မှေးခနဲအိပ်ပျော်သွားလိုက်ရင် ညနေကတွေ့ခဲ့တဲ့ ကျားမျက်လုံးဝါဝါကြီးတွေကို ပြန်မြင်လာတာပဲ၊ ဒါနဲ့ ကောင်းကောင်းအိပ်မပျော်ပါဘူးဗျာ၊ မနက်မိုးသောက်ခါနီးတော့ အသံတစ်ခုကိုကြားတယ်ဗျ။
“ထရိန်၊ ထရိန်” ဆိုတဲ့အသံက တောင်နံရံံတွေကြားထဲမှာ ပဲ့တင်ထပ်နေတယ်၊ ဒီအသံကြားတာနဲ့ မုဆိုးမောင်စံံက သူ့ဒူးလေးကြီးကိုယူလိုက်ပြီးတော့ ဒူးလေးကိုခြေတစ်ဖက်နဲ့နင်းပြီး အားနဲ့ဆွဲယူတင်တယ်၊ ပြီးတော့ မြှားတံထည့်ပြီး အသင့်ပြင်ထားတာပဲ၊ ဘေးနားကကိုလှဆွေနဲ့ ကိုကျော်ညွန့်တို့လည်း ငုတ်တုတ်ကောက်ထိုင်လိုက်ပြီးတော့ လှံတွေကိုင်လိုက်ကြတယ်။
“အဲဒါ ဘာသံံလဲဗျ”
“ကျားတစ်တယ်ဆိုတာ အဲဒီအသံပဲဗျ”
“ထရိန်၊ ထရိန်နဲ့အသံလား၊ ကျုပ်ဖြင့် အဲဒါငှက်တစ်မျိုးအော်တယ်လို့ ထင်နေတာဗျ”
ဦးဘသာလည်း ငုတ်တုတ်ကောက်ထိုင်ပြီး
“လူမရဲရင်ဟစ်၊ ကျားမရဲရင် တစ်တဲ့ကွ၊ ဒီအတိုင်းဆိုရင် ဒီဟင်းမျိုးက ငါတို့ကိုတိုက်ခိုက်ဖို့ မရဲဝံံ့တဲ့ပုံပဲ၊ မောင်စံထင်သလို တောပြောင်းပြေးတော့မှာများလား”
မောင်စံက ခေါင်းညိတ်ရင်း
“ဖြစ်နိုင်တယ်ဦးလေး၊ ကဲ ဦးလေးတို့လည်း သွားစရာရှိတာသွားကြတော့၊ အသံက ဟိုဖက်တောင်ကြောပေါ်ကလာတာဆိုတော့ ကျုပ်တို့လည်း ဒီကောင့်အနောက် လိုက်အုံးမယ်ဗျာ”
ကျုပ်လည်း မောင်စံတို့နဲ့လိုက်မယ်လို့ပြောချင်ပေမယ့် ဘာကြောင့်မှန်းမသိဘဲ ဦးဘသာက ကျုပ်လက်ကိုပုတ်ပြီးတားတယ်ဗျ၊ ဒါနဲ့ကျုပ်လည်း ရပ်လိုက်ရတာပေါ့ဗျာ၊ မောင်စံတို့သုံးယောက်က အိုးတွေခွက်တွေသိမ်းဆည်းပြီး ဂုန်နီအိတ်တွေလွယ်ပြီးတော့ ကျားသံကြားတဲ့အနောက်ကို လိုက်သွားတော့တာပဲဗျာ၊ ကျုပ်နဲ့ဦးဘသာပဲ ကျန်ခဲ့တော့တာပေါ့ဗျ။
(၃)
“ဦးဘသာ၊ ကျုပ်တို့ဘယ်လိုဆက်လုပ်မလဲ”
“မပူပါနဲ့ကွာ၊ တို့မှာနွားတွေရှိသားပဲ အဲဒီကျား ငါတို့ဆီကိုလာလိမ့်မယ်”
“ဟာဗျာ၊ ဦးဘသာကလည်း မုဆိုးမောင်စံကပြောဖူးတယ်မဟုတ်လား၊ ကျားကို ကျားလို့မခေါ်ပါနဲ့ဆို”
“ဟ အလတ်ကောင်ရ၊ ငါတို့က ကျားရန်ကကြောက်လို့မှ မဟုတ်တာပဲကွ၊ ကျားကို ငါတို့ဆီလာစေချင်တာပဲမဟုတ်လား၊ ပြောတော့ဘာဖြစ်လဲ၊ ကျားရေ၊ ဟေ့ကျား၊ တို့ဆီလာခဲ့ပါကွ၊ ဒီမှာနွားကိုးကောင်တောင်ရှိသေးသကွ”
ဦးဘသာက ရယ်ကျဲကျဲနဲ့ပြောတယ်၊ ကျုပ်လည်း ဦးဘသာရှိလို့သာမကြောက်တာ စိတ်ထဲခပ်လန့်လန့်ပဲဗျို့၊ ဒါနဲ့ ကျုပ်တို့လည်း လမ်းအတိုင်းဆက်လိုက်လာခဲ့တာပေါ့ဗျာ၊ တောင်တစ်ဝက်လောက်ရောက်တော့ ရွှေတဆင်ရိုးက ကောသွားပြီးတော့ ကျောက်သားထူထူနဲ့ လှည်းလမ်းပဲကျန်ရစ်တော့တာ၊ သစ်ပင်တစ်ပင်နားရောက်တော့ လူတစ်ရပ်အမြင့်လောက်နေရာမှာ ပျဉ်ပြားတစ်ပြားချိတ်ဆွဲထားသဗျ၊ ပျဉ်ပြားမှာတော့ ပေတောရွာသို့ဆိုပြီး ထုံးဖြူနဲ့ မညီမညာရေးထားတာတွေ့တော့ ကျုပ်တို့လာတဲ့လမ်း မှန်နေပြီဆိုပြီး တွေးမိတာပေါ့ဗျာ။
အရှေ့ကိုသာလျှောက်နေရတယ်၊ ကျုပ်ဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ကျီးကန်းတောင်းမှောက်လိုက်ကြည့်နေရတယ်ဗျာ၊ မကြာပါဘူး၊ ကျုပ်တို့ဘေးနားက တောင်ကမူလေးတစ်ခုပေါ်မှာ ခြေသံကြားတယ်ဗျ၊ သစ်ရွက်ခြောက်တွေနင်းတဲ့အသံပဲ၊ ကျုပ်ဖြတ်ခနဲလှည့််ကြည့်လိုက်တော့ ဘာမှမရှိဘူးဗျ၊ ဒါပေမယ့် နွားတွေကတော့ ရှူးရှူးရှဲရှဲဖြစ်လာတယ်။ သူတို့သဘာဝအရ ကျားလာပြီဆိုတာ သိတဲ့ပုံပါပဲဗျာ။
“ဦးဘသာရေ ကျားကြီးလာပြီဗျ”
ကျုပ်ပြောလို့မှ မဆုံးသေးဘူးဗျာ၊ ကျားက ကျုပ်ရဲ့တစ်ဖက်ကနေ လွှားခနဲခုန်ချလာပြီးတော့ ကျုပ်တို့မောင်းလာတဲ့ နွားတွေဆီကိုခုန်ဝင်လိုက်တာပဲ၊ နွားတစ်ကောင်ရဲ့နောက်ခြေကို ကိုက်ခဲဖို့ပြင်တော့ ဦးဘသာက ကျားကိုလက်ညှိုးထိုးလိုက်တယ်။
“ဟေ့ကျားရပ်လိုက်စမ်း”
ကျားက အနောက်ကိုခုန်ဆုတ်သွားတယ်ဗျ၊ ပြီးတော့ ဦးဘသာကိုကြည့်ပြီး ဟိန်းဟောက်တယ်၊ ကျားဟိန်းသံကြီးက တောကြီးတစ်ခွင် ဟိန်းထွက်သွားတာပေါ့ဗျာ၊ ကျားက ကျုပ်တို့ကြောက်သွားအောင်ဆိုပြီး ဟိန်းလိုက်တယ်ထင်ပါတယ်၊ ဦးဘသာက မဖြုံတဲ့အပြင် ကျားကိုလက်ညှိုးထိုးပြီးတော့ စက်တွေလှမ်းပစ်တယ်ဗျ၊ ကျားကလည်း တော်တော်လျှင်မြန်တာပဲဗျာ၊ ကျွမ်းထိုးပြီးရှောင်တာများ ကြောင်အတိုင်းပဲ၊ နောက်တော့ ခပ်လှမ်းလှမ်းကိုခုန်ဆင်းလိုက်ပြီးတော့
“နင်တို့မသေချင်ရင် အခုထွက်သွားကြ”
ကျားက လူစကားပြောတာဗျ၊ ပြောတာမှ မိန်းကလေးအသံလို စူးရှရှဗျ၊ ဦးဘသာက ခါးထောက်ပြီး
“အောင်မယ်၊ နင်ကများငါ့ကိုစိန်ခေါ်နေသေးတယ်၊ နင်လုပ်ရဲရင် လုပ်လိုက်စမ်း”
ကျားက ဦးဘသာကို လှမ်းခုန်အုပ်တယ်ဗျ၊ လက်သည်းကြီးတွေကလည်း တော်တော်ထက်တာပဲဗျာ၊ ဦးဘသာအပေါ်ကိုလှမ်းအခုန်မှာ ဦးဘသာက ဖြတ်ခနဲပျောက်သွားတာပဲ၊ ကျားက ဘာမှမရှိတဲ့ မြေကြီးပေါ်ကိုကျတာပေါ့ဗျာ၊ ဦးဘသာက အဲဒီနေရာနဲ့ လေးငါးပေလောက်အကွာ သစ်ပင်တစ်ပင်အနားမှာသွားပေါ်တယ်ဗျ။
“ဟား၊ ဟား ကျားတဲ့ နှေးလိုက်တဲ့ကျား”
ကျားကစိတ်တိုသွားပြီးတော့ လွှားခနဲလှမ်းခုန်ပြန်တယ်ဗျာ၊ ဦးဘသာကို ဘယ်ဖက်လက်သည်းနဲ့လှမ်းကုပ်ပါရော၊ ဦးဘသာက ဖြတ်ခနဲပျောက်သွားတော့ အနောက်ကသစ်ပင်ကိုကုပ်မိတယ်ဗျာ၊ လူကြီးပေါင်လုံးလောက်ရှိတဲ့ သစ်ပင်ကြီးကို ကျားကကုတ်မိပြီးတော့ သစ်ပင်အခေါက်တွေက ဖွာထွက်ကုန်တယ်ဗျ၊ သစ်ပင်မှာလည်း ကျားလက်သည်းရာကြီး ကျန်ခဲ့တာပေါ့။
“အလကားကျား၊ နင်က ကျားတော့ကျားပဲ၊ ဒါပေမယ့် ဖွတ်ကျား”
ဦးဘသာက ကျားအမြီးအနားမှာပေါ်တယ်ဗျ၊ ကျားက စွေ့ခနဲလှည့်ပြီး လက်နဲ့လှမ်းပုတ်ထည့်လိုက်တာ၊ မြန်ချက်ကတော့ လက်လန်တယ်ဗျာ၊ ကျုပ်တော့ ဦးဘသာရှောင်နိုင်မှာမဟုတ်ဘူးလို့ထင်ပြီး ရင်ထဲဟာခနဲဖြစ်သွားတာ၊ ဦးဘသာကပျောက်သွားပြီးတော့ ခပ်လှမ်းလှမ်းမှာ သွားပြန်ပေါ်ပါရော၊ ကျားကြီးက ဦးဘသာကိုမကြည့်တော့ဘဲ သူ့အရှေ့နားမှာ မတ်တပ်ကြီးရပ်နေတဲ့ ကျုပ်ကိုမျက်လုံးဝါဝါကြီးတွေနဲ့ စိုက်ကြည့်လိုက်တယ်၊ ကျုပ်လည်း ပြေးရမယ်ဆိုတာ သိလိုက်ပြီဗျ၊ ကျားက ဦးဘသာကိုမနိုင်တော့ ကျုပ်ဘက်ကိုလှည့်လာပြီပေါ့၊ ကျုပ်လည်း လှည့်ပြေးဖို့လုပ်ပေမယ့် ခြေထောက်တွေက မြေကြီးနဲ့ကပ်နေသဗျ၊ ကြွလို့ကိုမရဘူး၊ ကျားကြီးက ကိုယ်ကိုတစ်ချက်ဝပ်လိုက်ပြီးတော့ ကျုပ်အပေါ်ကို လွှားခနဲခုန်အုပ်ပါရောဗျာ၊
သူ့လက်သည်းကြီးတွေဆိုရင် နေရောင်အောက်မှာ ဝင်းလက်နေပါရော၊ ကျားကြီးက ကျုပ်ခေါင်းကို သူ့လက်နဲ့ပုတ်ချလိုက်တယ်၊ ဒါပေမယ့် ကျုပ်ဆံပင်ကိုထိတယ်ဆိုရင်ပဲ လေထဲမှာတန်းလန်းကြီးရပ်သွားတယ်ဗျ၊ ခြေကားယား လက်ကားယားကြီးနဲ့ လေပေါ်မှာတန့်နေတာ၊ ဦးဘသာက ကျုပ်အနားကိုဆင်းလာပြီးတော့ ရယ်တော့တာပဲဗျာ။
“ဟား၊ ဟား နင့်လောက်ကတော့ ငါလည်တာပေါ့ ကျားမရဲ့၊ နင်ငါ့ကိုမနိုင်ရင် သူ့ဘက်လှည့်မယ်ဆိုတာ ငါကကြိုတင်သိပြီးသား”
ကျားမတဲ့ဗျာ၊ ကျုပ်လည်းအခုမှ သေချာကြည့်တော့ သိုမပါတဲ့ကျားကြီးဗျ၊ ကျားမက ရပ်နေပေမယ့် မျက်လုံးကြီးတွေကတော့ လှုပ်နေသား၊ ကျုပ်ဖြင့် ကြောက်ကြောက်နဲ့အနောက်ဆုတ်လိုက်တယ်။
“မထိတ်သာမလန့်သာရှိလိုက်တာ ဦးဘသာရာ၊ ဒီလက်သည်းကြီးတွေနဲ့ ကျုပ်ခေါင်းကိုပုတ်မိလို့ကတော့ ကျုပ်ဖြင့် ဦးနှောက်တွေ အထွေးလိုက်ထွက်သွားမှာဗျ”
“မပူပါနဲ့အလတ်ကောင်ရ၊ သူမင်းကိုထိလို့မရပါဘူး၊ မင်းရဲ့အသားကိုမပြောနဲ့ မင်းကိုယ်က ဆံချည်တစ်မျှင်တောင်မှ ထိလို့မရပါဘူး၊ ထိတာနဲ့ ဘာဖြစ်သွားတယ်ဆိုတာ မင်းမြင်တယ်မဟုတ်လား”
ဒါပေမယ့် ကျုပ်ရင်တွေကတော့ တဒိန်းဒိန်းခုန်နေဆဲပေါ့ဗျာ၊ ဦးဘသာက ကျားမရဲ့မျက်နှာအနားကပ်ပြီးတော့ ကျားမရဲ့နဖူးကိုလက်ညှိုးနဲ့ထောက်ပြီး
“ဟဲ့ ကျားမ၊ နင့်ရဲ့ပုံစံအမှန်ကိုပြဟဲ့”
အဲဒီလိုပြောလိုက်တာနဲ့ ကျားမက အဝတ်အစားမပါတဲ့ မိန်းမတစ်ယောက်ဖြစ်သွားတာပဲဗျာ၊ အသက်က သုံးဆယ်လောက်ပဲထင်တယ်၊ ရှမ်းမလိုလို၊ ကချင်မလိုလိုမိန်းကလေးဗျ၊ အသားက ခပ်ဖြူဖြူပဲ၊ မျက်နှာပေါက်ကလည်း တိုင်းရင်းသားလို မျက်နှာပေါက်ပဲ၊ သူ့ကျောကုန်းမှာတော့ ကျားသားရေတစ်ခုကို စူပါမင်းဝတ်ရုံလိုလည်ပင်းမှာပတ်ထားတယ်ဗျ။ ကျုပ်ဖြင့် သူ့ကိုကြည့်ပြီးရှက်သွားတာပဲဗျာ၊ ဦးဘသာလည်း မိန်းကလေးမြင်တော့ စိတ်လျော့လိုက်ပြီးတော့ နဖူးကိုလက်ညှိုးနဲ့တောက်လိုက်တာနဲ့ အဲဒီမိန်းကလေးက မြေပေါ်ကိုဖုန်းခနဲပြုတ်ကျလာတာပဲဗျာ၊ အောက်ရောက်တော့ ကျားသားရေကိုဆွဲယူပြီး သူ့ကိုယ်ကိုဖုံးထားတယ်။
“ပြောစမ်း မိန်းကလေး၊ မင်းဘာကြောင့် နွားတွေခိုးစားနေရတာလဲ”
“ကျုပ်အကြောင်းနဲ့ကျုပ် ရှိလို့ပေါ့တော်”
“အောင်မယ်၊ ငါ့ကိုများ လေသံမာမာနဲ့ပြောနေသေးတယ်”
ဦးဘသာက လက်ဖြောက်တီးလိုက်တော့ အဲဒီမိန်းကလေးက နားနှစ်ဖက်ကိုလက်နဲ့ပိတ်ပြီး မြေကြီးမှာလူးလွန့်နေတာပဲဗျာ၊ တော်တော်ခေါင်းကိုက်နေတဲ့ပုံစံပဲဗျ၊ နောက်တော့မှ
“တော်ပါတော့၊ တော်ပါတော့ရှင်၊ ကျွန်မကိုလွှတ်ပေးပါတော့”
“ဒါဆို နင့်အတတ်ကိုနင်ဆင်ခြင်၊ နောက်ဆို ကျားပုံစံပြောင်းပြီး နွားတွေကိုခိုးစားနေအုံးမလား”
“မရလို့ပါရှင်၊ ကျုပ်အတွက် နွားတွေလိုအပ်လို့ပါ”
“အောင်မယ်၊ ပြောနေတာတောင်မှ ခေါင်းမာနေသေးတယ်၊ ငါလုပ်လိုက်ရ”
မိန်းကလေးက ဦးဘသာကို ကန်တော့ရင်း ငိုတော့တာပဲဗျာ၊ ကျုပ်တောင်မှ သနားသွားသေးတယ်၊ အဝတ်အစားမဲ့ဖြစ်နေတဲ့မိန်းကလေးကို ကျုပ်အိတ်ထဲက ပုဆိုးတစ်ထည်ထုတ်ပြီးတော့ ပြေးခြုံပေးလိုက်တာပေါ့ဗျာ။
“တော်ပါတော့ ဦးဘသာရာ၊ သူ့ကိုမနှိပ်စက်ပါနဲ့တော့”
“ဟ၊ မနှိပ်စက်လို့ရမလားကွ၊ သူက တို့နွားတစ်ကောင်ကို စားထားတာကွ၊ အခုလည်း ဒီလောက်ပြောဆိုနေတာတောင်မှ ခေါင်းမာနေသေးတယ်”
ကျုပ်က မိန်းကလေးကိုကြည့်လိုက်ရင်း
“ဟေ့၊ ခင်ဗျားလည်းတော်တော့လေဗျာ၊ ခင်ဗျား အင်းခြေရွာမှာ နွားသုံးကောင်စားပြီးပြီမဟုတ်လား၊ မနေ့ကလည်း ကျုပ်တို့နွားတစ်ကောင်ကို စားပြီးပြီ၊ ခင်ဗျားတော်တော်အစားပက်စက်တဲ့ လူပဲ၊ တောင်းပန်လိုက်၊ ဦးဘသာကိုတောင်းပန်ပြီး၊ နောက်မလုပ်တော့ပါဘူးလို့ ကတိပေးလိုက်ဗျာ”
မိန်းကလေးက ခေါင်းခါတယ်။
“တွေ့လားအလတ်ကောင်၊ ဒီကောင်မလေးက ခေါင်းသိပ်မာတာပဲကွာ၊ ကဲ နင်ဆက်ပြီးခေါင်းမာနေမယ်ဆိုရင် နင့်ရဲ့ပညာကြိုးတွေအကုန်လုံး ငါဖြတ်ပစ်မယ်ဟဲ့”
“ဒီလိုတော့မလုပ်ပါနဲ့ရှင်၊ ကျုပ်လုပ်နေရတာ ကျုပ်အတွက်မဟုတ်ပါဘူး”
ဦးဘသာက မျက်မှောင်ကြုတ်သွားပြီးတော့
“ဒါဆို နင့်အနောက်မှာ ဘယ်သူရှိသေးသလဲ မှန်မှန်ပြောစမ်း”
မိန်းကလေးက အတော်ကြာအောင်စဉ်းစားနေတယ်ဗျ။
“ပြောလေ၊ ကြောက်မနေနဲ့၊ တကယ်လို့ တစ်ယောက်ယောက်က နင့်ကိုခြိမ်းခြောက်ပြီးတော့ အကြပ်ကိုင်နေတယ်ဆိုရင် အဲဒီလူကိုပါ ငါရှင်းပေးမယ်”
မိန်းကလေးက ဦးဘသာစကားကိုကြားတော့ အံ့သြသွားတယ်ဗျ။
“ဘယ်လိုပြောလိုက်တာလဲ ဦးကြီး”
ဦးဘသာက အနားကိုတိုးကပ်လာရင်း
“နင်ဘာကြောင့်ဒီလိုလုပ်နေရတယ်၊ ဘာအခက်အခဲရှိသလဲဆိုတာ ငါသိချင်တယ်၊ ငါတို့က နင့်ကိုရန်ပြုချင်လို့မဟုတ်ဘူး၊ ပြော၊ နင့်ရဲ့အဖြစ်တွေကို အကုန်ပြောပြ”
မိန်းကလေးက ဘေးဘီကိုကြည့်လိုက်ရင်း
“ဒီနေရာက လမ်းဆိုတော့ ပြောလို့မသင့်ပါဘူးရှင်၊ ကျုပ်အနောက်လိုက်ခဲ့ကြပါ”
ဦးဘသာက မိန်းကလေးကိုလက်ညှိုးထိုးပြီး
“အေး၊ နင်ဉာဏ်များမယ်တော့ မကြံနဲ့နော်”
“မလုပ်ဝံ့ပါဘူးဦးကြီးရယ်၊ ခုနကတည်းက ဦးကြီးဘယ်လောက်စွမ်းတယ်ဆိုတာ ကျုပ်သိပြီးသားပါ၊ ကျုပ်မလုပ်ဝံ့ပါဘူး”
မိန်းကလေးက ထော့နဲ့ ထော့နဲ့နဲ့ တောင်ပေါ်တက်သွားတယ်ဗျ၊ ဘယ်ဘက်ခြေခုံမှာတော့ အနာပေါက်ကြီးတစ်ခုဗျ၊ ကျုပ်အထင် မနေ့က မုဆိုးမောင်စံရဲ့ ဒူးလေးမြှားဒဏ်ရာဖြစ်မယ်။ ဦးဘသာက သူ့အနောက်လိုက်သွားတာနဲ့ ကျုပ်လည်း နွားတွေကိုတစ်နေရာမှာချည်ခဲ့ပြီးတော့ သူတို့အနောက်ပြေးလိုက်ခဲ့တာပဲဗျာ၊ တောင်ကိုတက်ရင်း တောင်ကမက်စောက်သွားတယ်ဗျ၊ နောက်တော့ တောင်ချိုင့်ကြားတစ်ခုကိုဆင်းသွားတယ်၊ အဲဒီနေရာမှာ တောင်ကနှစ်ခြမ်းကွဲပြီး ပက်ကြားအက်သလိုဖြစ်နေတာဗျ၊ မတ်တာလည်း တော်တော်မတ်တယ်၊ ကျုပ်တို့တောင်မနည်း ကုပ်ဖက်ပြီးဆင်းရတယ်၊ သာမန်လူဆိုရင်တော့ ဒီတောင်ချိုင့်ကြားကို ဆင်းမယ့်ပုံမပေါ်ဘူးဗျ၊ အောက်ရောက်တော့ ဂူပေါက်ဝတစ်ခုကိုမြင်တွေ့လိုက်ရပါရောဗျာ။
“ဒါနင် နေတဲ့နေရာလား”
မိန်းကလေးက ခေါင်းညိတ်ပြီးတော့ အထဲကိုဝင်ဖို့လုပ်တယ်၊ ဂူပေါက်ဝအနားရောက်တာနဲ့
“အနု၊ အနု ပြန်လာတာလား”
အထဲက ကလေးတစ်ယောက် အသံကြားရတယ်ဗျ၊ ပြီးတော့ ကလေးက ဂူထဲကနေ ဖင်တရွတ်ဆွဲပြီးထွက်လာတာပဲဗျာ။ ကျုပ်ဖြင့် ဒီကောင်လေးကိုမြင်တော့ စိတ်မကောင်းဖြစ်သွားတာ၊ ကောင်လေးက ပိန်ပိန်လှီလှီကလေးနဲ့ ခြေထောက်အောက်ပိုင်းနှစ်ချောင်းက လိမ်ကျစ်ပြီး ကောက်ကွေးနေပါရောဗျာ၊ လက်တစ်ဖက်ကလည်း ခွေနေသေးတယ်၊ လမ်းသွားတာတောင်မှ လက်တစ်ဖက်အားနဲ့ယူပြီးသွားရတာ၊ ကျုပ်နဲ့ဦးဘသာကိုတွေ့တော့ လန့်သွားတယ်ထင်ပါရဲ့ဗျာ၊ သူ့အမေအနားကို ကပ်သွားတာနဲ့ ဟိုမိန်းကလေးက ထိုင်ပြီးတော့ ကောင်လေးကိုပွေ့ဖက်လိုက်တယ်။ ကောင်လေးက ငါးနှစ်လောက်တော့ရှိမယ်ထင်တယ်ဗျ။
“အနု၊ အဲဒါဘယ်သူလဲ”
“အဲဒီ အကြီးတွေက အနုတို့ကို ကူညီမယ့်လူတွေပါ၊ ရန်သူတွေမဟုတ်ပါဘူး”
ကျုပ်လည်း အရှေ့ကိုတိုးလိုက်ပြီး
“ငါတို့ကိုမကြောက်ပါနဲ့ကလေးရာ၊ ဒါနဲ့၊ သူက ခင်ဗျားရဲ့သားလား”
မိန်းကလေးက ခေါင်းညိတ်ပြီးတော့
“ကျုပ်နာမည် ခွန်ဂျာလို့ခေါ်ပါတယ်၊ ဟိုးအထက်ဘက်ကလာခဲ့တာပါ”
ဦးဘသာက အနားကိုကပ်လာပြီးတော့
“အဝေးကြီးကနေ ဒီကိုဘာလာလုပ်တာလဲ”
“ကျုပ်တို့မျိုးနွယ်တွေက လူအဖြစ်ကနေ ကျားအဖြစ်ကိုပြောင်းလဲနိုင်တဲ့ မှော်ပညာကိုလက်ဆင့်ကမ်းပြီး သင်ယူရတဲ့မျိုးနွယ်ပါ၊ မျိုးနွယ်တစ်စုလုံးမှာ သားအကြီးဆုံးဖြစ်သူရဲ့မျိုးဆက်က လူတစ်ယောက်ကပဲ ဒီပညာကို မတိမ်ကော မပပျောက်အောင်လို့ လက်ဆင့်ကမ်းသင်ယူရပါတယ်”
“ကျုပ်နားလည်ပြီ၊ ဒါဆိုခင်ဗျားက ဒီမှော်ပညာကို ခင်ဗျားရဲ့သားကို သင်ပေးဖို့ပေါ့၊ ဟုတ်တယ်မဟုတ်လား”
ခွန်ဂျာက ခေါင်းညိတ်ပြီးတော့
“မှန်ပါတယ်၊ ကျုပ်တို့မျိုးနွယ်မှာ အကြီးဆုံးဖြစ်တဲ့ ကျုပ်အဖေက ဒီပညာကိုသင်ယူခဲ့ရပါတယ်၊ အဖေက သားသမီးတွေမွေးခဲ့ပေမယ့် ကျုပ်တစ်ယောက်တည်းသာ အဖတ်တင်ပါတယ်၊ ဒါကြောင့် ကျုပ်က အဖေ့ရဲ့အမွေကို လက်ဆင့်ကမ်းသင်ယူခဲ့ရပါတယ်”
“ဒါဆိုရင် ခင်ဗျားရဲ့သားကို ခင်ဗျားက လက်ဆင့်ကမ်းပေးရမယ်မဟုတ်လား”
ခွန်ဂျာက ခေါင်းညိတ်တယ်၊ ကျုပ်လည်း ကောင်လေးအနားကိုကပ်သွားပြီးတော့
“ဒါနဲ့ ခင်ဗျားသားက ဒီလိုဖြစ်တာကြာပြီလား”
“မွေးတုန်းကတော့ အကောင်းပါ၊ ဒါပေမယ့် မွေးပြီး ခြောက်လလောက်အကြာမှာ အရိုးတွေပျော့ကုန်ပြီး အခုမြင်ရတဲ့အတိုင်းပါပဲရှင်”
ခွန်ဂျာက သူ့သားကိုဖက်ပြီးငိုတယ်ဗျ၊ သူ့သားကလည်း အမေဖြစ်သူငိုတော့ ရောယောင်ပြီးလိုက်ငိုပါရောဗျာ၊ ကျုပ်လိုယောက်ျားရင့်မကြီးတောင်မှ သူတို့ငိုတာကြည့်ပြီး ရင်ထဲတစ်ဆို့ဆို့ကြီးဖြစ်လာတယ်။ ဦးဘသာက သက်ပြင်းတစ်ချက်ချလိုက်ပြီးတော့
“ဒါဆို နင့်သားကို ကျားမှော်သွင်းပေးဖို့အတွက် နွားတွေကိုလိုအပ်တာပေါ့၊ ဒီလိုလား”
“ဟုတ်ပါတယ်၊ တကယ်လို့များ ကျားမှော်အောင်မြင်သွားရင် ကျုပ်သားကလေးများ ခြေတွေလက်တွေပြန်ကောင်းသွားမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျားမှော်သွင်းပေးတာပါ”
ကျုပ်လည်း ခွန်ဂျာခံစားချက်ကို ကိုယ်ချင်းစာမိပါတယ်၊ ဒုက္ခိတဖြစ်နေတဲ့ သားသမီးကို ပြန်ကောင်းစေချင်တာကတော့ မိဘတိုင်းရဲ့ မျှော်လင့်ချက်ပဲမဟုတ်လား၊ ဒီလိုအချိန်မှာ ကောက်ရိုးတစ်မျှင်ဖြစ်ဖြစ်တော့ အားကိုးရာ ရှာမိမှာပဲလေ။
“ဒါဆိုရင် ကျားဖြစ်သွားရင် သူ့ရဲ့ခြေတွေလက်တွေ ပြန်ကောင်းသွားနိုင်တယ်ဆိုတဲ့သဘောပေါ့၊ ဟုတ်တယ်မဟုတ်လား မခွန်ဂျာ”
“ဒါတော့ ကျုပ်လည်းမသိသေးဘူး၊ ဒါပေမယ့် အဖေတို့ပြောဖူးတာကတော့ လူဘဝမှာ မစွမ်းရင်တောင်မှ ကျားဘဝမှာစွမ်းနိုင်သေးတယ်လို့ပြောဖူးတယ်၊ ဒီစကားကိုထောက်ရင် ကျုပ်သားလေး ကျားဖြစ်ရင် သန်သန်စွမ်းစွမ်းပြန်ဖြစ်မယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်လား”
ဦးဘသာလည်း ခေါင်းညိတ်တယ်။
“ဒါဆို နွားဘယ်နှကောင်လိုသလဲ”
“ကျားဖြစ်ဖို့အတွက်က မှော်ပညာလည်းလိုတဲ့အပြင် လူသားတစ်ယောက်ဖြစ်ပေမယ့် သားရဲကောင်တစ်ယောက်ရဲ့ အတွင်းစိတ်မျိုးဖြစ်အောင် သွင်းပေးဖို့ကလည်းအရေးကြီးတယ် ဦးကြီး၊ လတ်လတ်ဆတ်ဆတ်အသားစိမ်း၊ သွေးစိမ်းကို စားသောက်ပြီး ဆာလောင်မွတ်သိပ်လာတဲ့အခါမှာ သားရဲတစ်ကောင်ရဲ့စိတ်ရိုင်းဝင်လာတတ်တယ်၊ သူစိတ်ရိုင်းဝင်တော့မှ ဟောဒီမှော်ပညာသွင်းထားတဲ့ ကျားရေကိုခြုံပြီး ကျားအဖြစ်ကူးပြောင်းနိုင်မှာ ဦးကြီး”
“အေးပါ၊ နင့်ကိုငါအပြစ်မတင်ပါဘူး၊ ဒါနဲ့ နင်ကတောထဲတောင်ထဲမှာ သွားမကျင့်ဘဲ ဒီနေရာကိုခေါ်လာတာလဲ၊ ဒီကိုဘယ်လိုရောက်လာတာလဲ”
“ကျုပ်ယောက်ျားက ကျုပ်ကိုခေါ်လာခဲ့တာပါ”
“အခုသူဘယ်ရောက်သွားပြီလဲ”
ဦးဘသာမေးတော့ ခွန်ဂျာက ခေါင်းခါတယ်။
“ဘယ်ရောက်သွားမှန်းမသိပါဘူးရှင်၊ ကျုပ်တို့သားအမိကို အင်းခြေရွာမှာ အပ်ထားခဲ့ပြီးတော့ သူနဲ့သူ့အဖေနဲ့ တစ်နေရာကိုထွက်သွားကြတာပါပဲ၊ အရင်ကတော့ တစ်လတစ်ခါလောက်တော့ စားစရာတွေ၊ ပိုက်ဆံငွေကြေးတွေ လာပေးပါတယ်၊ အခုက သူမလာတာ ကြာခဲ့ပါပြီ၊ ကျုပ်တို့လည်း စားစရာ သောက်စရာမဲ့သွားတဲ့အချိန်၊ ကျုပ်လည်း သားရဲကောင်စိတ်ဓါတ် ပြင်းပြလာတဲ့အချိန်မှာ စားစရာအသားစိမ်းမရှိတာနဲ့၊ အင်းခြေရွာက နွားတွေကိုဆွဲမိပါတယ်”
“ခင်ဗျားဆွဲတာ ကိုကျော်ညွန့်နွားတွေမဟုတ်လား”
“ဟုတ်ပါတယ်၊ ကိုကျော်ညွန့်အိမ်မှာ ကျုပ်တို့တည်းခိုကြတာပါ”
ကျုပ်လည်း ဒီတော့မှ သဘောပေါက်ပြီ။
“ပေါက်ပြီ၊ ပေါက်ပြီ၊ လတ်စသတ်တော့ ဒီလိုကိုးဗျ၊ ဒါကြောင့် ကိုကျော်ညွန့် ခြံဝိုင်းထဲကို ကျားကရောက်နေတာကိုး၊ ကျုပ်အခုမှပဲ နားလည်တော့တယ်၊ ကိုကျော်ညွှန့်ကို ကျုပ်အကဲခတ်ကြည့်ရသလောက်က သူကလူကောင်းပါဗျ၊ ခင်ဗျားဗျာ၊ ကိုယ်တည်းခိုတဲ့အိမ်ကလူကို ပြန်ဒုက္ခပေးတယ်ဆိုတော့ မလွန်လွန်းဘူးလား”
ခွန်ဂျာတစ်ယောက် တွေဝေသွားတယ်ဗျ။
“ကိုကျော်ညွန့်က ကောင်းပါတယ်ရှင်၊ မကောင်းတာက သူ့မိန်းမပါ၊ ကျုပ်တို့ငွေကြေးပေးနိုင်တုန်းကတော့ ကျုပ်တို့သားအမိအပေါ်ချိုသာပေမယ့် ငွေကြေးမပေးနိုင်တဲ့အခါကျတော့ ကျုပ်တို့သားအမိကို မောင်းထုတ်ချင်လာပါတယ်၊ ပြီးတော့ အနုနည်းနဲ့ ကျုပ်သားလေးကို အမျိုးမျိုး နှိပ်စက်ပါတယ်”
ကျုပ်နဲ့ဦးဘသာနဲ့ ပြိုင်တူသက်ပြင်းချလိုက်မိတယ်။
“အေး၊ ကောင်းပြီ၊ နင်တို့သားအမိ ဒီမှာမနေနဲ့တော့၊ တို့နဲ့လိုက်ခဲ့၊ နင့်သားကို ငါကုပေးမယ်”
ဦးဘသာပြောတော့ ခွန်ဂျာက မျက်လုံးအပြူးသားနဲ့
“ရှင်၊ ဘယ်ကိုလိုက်ခဲ့ရမှာလဲ”
“နင်တို့က ဒုက္ခသည်တွေပါပဲ၊ ကိုယ့်လင်ယောက်ျားကို အားကိုးပြီးတော့ တစ်ရပ်တစ်ကျေးကိုလိုက်လာခဲ့ရတယ်ဆိုပေမယ့် အခုတော့ ကူရာကယ်ရာမဲ့နေတယ်မဟုတ်လား၊ ငါတို့နဲ့လိုက်ခဲ့၊ တို့ရွာရောက်တော့ နင်အေးအေးဆေးဆေးနေလို့ရတယ်၊ ပြီးတော့ နင့်သားကိုလည်း ငါဆေးကုပေးမယ်”
“မဖြစ်နိုင်ဘူးထင်ပါတယ် ဦးကြီးရယ်၊ ကျုပ်သားကလေးကို ဆေးဆရာတွေ တော်တော်များများ လက်လျှော့ထားကြတာပါ”
“နင့်သားကို နင်တတ်တဲ့ပညာမပေးနဲ့လို့ ငါမပြောဘူး၊ ဒါပေမယ့် ဆရာကောင်းသမားကောင်းနဲ့တော့ ပြသသင့်တယ်လို့ငါထင်တယ်၊ ဒီကနေလွန်ရင် ပေတောရွာဆိုတာရှိတယ်၊ ပေတောရွာရောက်တော့ ဆေးဆရာကြီး ဦးဖိုးခွေးဆိုတာ သိပ်စွမ်းတယ်၊ သူ့ကိုပြသကြည့်ပေါ့၊ ရေနစ်တဲ့အချိန်မှာ ကောက်ရိုးတစ်မျှင်လည်း အားကိုးရာပဲမဟုတ်လား”
ခွန်ဂျာက ဦးဘသာကို တဘုန်းဘုန်းနဲ့ကန်တော့တာပဲဗျာ။
“ကျေးဇူး၊ ကျေးဇူးတင်ပါတယ် ဦးကြီးရယ်၊ ဦးကြီးကျေးဇူးကို ကျုပ်တစ်သက်မမေ့ပါဘူး”
“ကဲ၊ ဒါဆိုရင်လည်း လိုက်ခဲ့တော့ဟာ”
ခွန်ဂျာက ဂူထဲဝင်သွားပြီးတော့ အဝတ်အစားတွေဝတ်ပြီးပြန်ထွက်လာတယ်၊ ကျားရေကို ကချင်လွယ်အိတ်တစ်လုံးထဲထည့်ပြီးလွယ်လိုက်တယ်၊ ကျုပ်တို့ ဂူနားကနေထွက်လာပြီးတော့ အပေါ်ပြန်တက်ဖို့ကျောက်တောင်ကြီးကို မော့ကြည့်ကြတယ်ဗျ၊ အဆင်းတုန်းကသာ လွယ်ပေမယ့် မတ်စောက်နေတဲ့ ကမ်းပါးကြီးကို တက်ဖို့ကမလွယ်ဘူးဗျို့။ ခွန်ဂျာက လွယ်အိတ်ထဲက ကျားရေကိုထုတ်ပြီးခြုံလိုက်တယ်။ ဦးဘသာကကြည့်ရင်း
“ဟေ့၊ ဘာလုပ်မလို့လဲ”
“လူအတိုင်းတက်တာထက်၊ ဒီလိုတက်တာက ပိုလွယ်တာပေါ့ရှင်၊ ဦးကြီးတို့စောင့်နေကြအုံး၊ ကျုပ်သားလေးကို အရင်ပို့ပေးလိုက်အုံးမယ်၊ ပြီးတော့မှ ဦးကြီးတို့ကိုလာဆင်းခေါ်မယ်”
ခွန်ဂျာက လေးဖက်ထောက်ပြီး အနောက်ကိုကျွမ်းတစ်ပတ်ထိုးလိုက်တာနဲ့ ကျားကြီးဖြစ်သွားပါရောဗျာ၊ ပြီးတော့ သူ့သားကလေးအရှေ့မှာ ဝပ်ပေးတယ်၊ သူ့သားက ခွန်ဂျာကျောကုန်းပေါ်ကိုတက်ပြီး ကျားမွှေးတွေကို လက်နဲ့ဆုပ်ကိုင်ထားပါရော၊ ခွန်ဂျာက တစ်ခါတည်း ကျောက်ကမ်းပါးကြီးကို ခုန်တက်သွားတာ မြန်သဗျာ။
“ဒီကလေးမကတော့ စိတ်မြန်လက်မြန်ပဲဟေ့”
“ကျုပ်တို့ကရော ဘယ်လိုတက်မှာလဲ ဦးဘသာ၊ သူလာခေါ်တာ စောင့်မှာလား”
“မင်းနဲ့ငါကတော့ ပညာနဲ့တက်ကြတာပေါ့ကွာ”
ဦးဘသာက ပြောပြောဆိုဆိုနဲ့ ကျောက်ကမ်းပါးကြီးဆီကို လမ်းလျှောက်သွားတာပဲဗျာ၊ ကိုးဆယ်ဒီဂရီလောက် မတ်စောက်နေတဲ့ ကမ်းပါးကြီးကို ခြေထောက်နဲ့တစ်လှမ်းချင်းတက်သွားတယ်၊ ဘေးစောင်းဖြစ်နေတဲ့ကမ်းပါးကြီးမှာ မတ်တပ်ကြီးပေါ့ဗျာ၊ ကျုပ်ဖြင့် ပါးစပ်တောင်မစေ့နိုင်ဘူး။
“အလတ်ကောင်လာခဲ့၊ ငါ့လက်ကိုကိုင်ပြီး လျှောက်ခဲ့”
“ဗျာ၊ ကျုပ်က၊ ကျုပ်က ဘယ်လိုလုပ်ပြီးလျှောက်လို့ရမှာလဲ”
“လာခဲ့ပါဆိုမှကွာ”
ကျုပ်လည်း ဦးဘသာလက်ကို လှမ်းဆွဲလိုက်ပြီးတော့ ဟုတ်သော်ရှိမဟုတ်သော်ရှိ သိရအောင်လို့ ကျောက်ကမ်းပါးကို ခြေတစ်ဖက်လှမ်းကပ်လိုက်တာပဲဗျာ၊ ထူးဆန်းတာက ကျုပ်ခြေထောက်က မြေကြီးပေါ်မှာရပ်နေသလို ရပ်သွားတာဗျ၊ ခြေထောက်တစ်ဖက်က ပြန်ပြုတ်ကျမလာတာနဲ့ နောက်တစ်ဖက်ကို ကပ်ထည့်လိုက်တယ်၊ ကျုပ်နဲ့ဦးဘသာက ကျောက်ကမ်းပါးနံရံမှာ မတ်တပ်ကြီးတွေဖြစ်နေတာဗျ။
“ကဲလာ၊ ဖြေးဖြေးလျှောက်”
လမ်းလျှောက်သလို တစ်လှမ်းချင်းလျှောက်ပြီးတော့ တက်သွားကြတာပါပဲ၊ ဒီလိုအတွေ့အကြုံက ကျုပ်ဘဝမှာ ပထမဆုံးရဖူးတာဆိုတော့ စိတ်ထဲတော်တော်ထူးဆန်းနေတာ၊ ဒီလိုနဲ့ ကမ်းပါးအတိုင်း ကပ်လျှောက်တက်သွားကြပြီးတော့ အပေါ်ရောက်သွားတာပေါ့ဗျာ၊ အပေါ်ရောက်တော့ တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် ကျုပ်နဲ့ဦးဘသာ ပြိုင်တူရေရွတ်လိုက်မိတာပဲ။
“ဟာ”
“သွားပါပြီဟေ့၊ သောက်ကျိုးတော့နည်းကုန်ပြီ”
ကျားဖြစ်နေတဲ့ ခွန်ဂျာက စင်းစင်းကြီးလဲကျလို့ဗျ၊ သူ့အနားမှာတော့ မုဆိုးမောင်စံနဲ့ ကိုလှဆွေ၊ ကိုကျော်ညွှန့်တို့မတ်တပ်ရပ်နေတယ်၊ ခွန်ဂျာရဲ့ခေါင်းမှာ ဒူးလေးမြားတံတစ်ခုက စိုက်ဝင်နေတယ်ဗျာ၊ ကိုလှဆွေက ခွန်ဂျာကိုဖက်ထားတဲ့ ကောင်လေးကို ဂုတ်ကနေဆွဲလိုက်တယ်၊ ကိုကျော်ညွှန့်က လှံတံကြီးကိုကိုင်ရင်း
“ငါ့နွားတွေကို ခိုးစားတဲ့ ကျားမ၊ သေပေတော့”
လှံကိုမြှောက်ပြီး အားယူလိုက်ပါရောဗျာ။
“မလုပ်နဲ့၊ ဟေ့လူ၊ မလုပ်နဲ့”
ကျုပ်အော်တာ နောက်ကျသွားပါတယ်ဗျာ၊ လှံတံက ခွန်ဂျာရဲ့ လက်ပြင်ကိုစိုက်ဝင်သွားတယ်၊ တအီးအီးအသံနဲ့ ခွန်ဂျာက ညည်းတွားနေတယ်ဗျ၊ ကိုကျော်ညွန့်ကတော့ တစ်ချက်နဲ့အားမရသေးလို့ သုံးလေးချက် ဆက်တိုက်ထိုးနှက်နေပါရော၊ ကျုပ်လည်း ကိုကျော်ညွှန့်ဆီကိုပြေးလာပြီး ကိုကျော်ညွှန့်ရင်ဘတ်ကို ဆောင့်တွန်းထည့်လိုက်တယ်။
“ဟေ့လူ၊ ခင်ဗျားဗျာ”
ကျုပ်မျက်ရည်တွေ ဝဲတက်လာတယ်ဗျ၊ ခွန်ဂျာကတော့ သွေးအိုင်ထဲမှာ ဖုတ်လှိုက်၊ ဖုတ်လှိုက်ဖြစ်နေပြီ၊ မုဆိုးမောင်စံက ကျုပ်တို့ကိုကြည့်ရင်း
“ခင်ဗျားတို့ကံကောင်းတယ်ဗျ၊ ဒီကျားက ကလေးလေးကို ချီလာတာဗျာ၊ နွားတွေစားရုံတင်အားမရလို့ လူသားပါစားဖို့ ကြံနေပြီဗျ”
ခွန်ဂျာသားလေးကတော့ ကိုလှဆွေလက်ထဲမှာ ငိုယိုနေတာပေါ့ဗျာ၊ ဦးဘသာက ခြေလှမ်းကျဲကြီးတွေနဲ့ တစ်လှမ်းချင်းလျှောက်လာရင်း အနားကိုရောက်လာတယ်။ မုဆိုးမောင်စံနဲ့ ကိုကျော်ညွန့်တို့က ကျားကိုသတ်လိုက်နိုင်ပြီဆိုပြီးတော့ ဂုဏ်ယူဝင့်ကြွားနေလို့ဗျ၊ ကျုပ်လည်း သူတို့ကိုကြည့်ရင်း ဒေါသတွေထွက်လာတယ်ဗျာ၊ ဦးဘသာက ကျုပ်လက်မောင်းကိုဖမ်းဆွဲထားပြီး ကျုပ်ကိုတားတယ်၊ ကိုကျော်ညွန့်က ကိုလှဆွေလက်ထဲက ကလေးကိုကြည့်ရင်း
“ဒီကောင်လေးက ကျုပ်တို့အိမ်မှာလာတည်းခိုတဲ့ ကချင်မလေးရဲ့ သားကလေးဗျ၊ သူ့အမေဘယ်ရောက်သွားလို့လဲ၊ မဟုတ်မှလွဲရော ကျားစာဖြစ်သွားတာလားဗျာ”
ဦးဘသာက ခွန်ဂျာခေါင်းအနားကို သွားကပ်လိုက်တယ်၊ မုဆိုးမောင်စံက
“ဦးလေး၊ သိပ်မရဲနဲ့ဗျ၊ ကျားဆိုတာ အလွန်စဉ်းလဲတဲ့ကောင်တွေ”
ဦးဘသာက မျက်လုံးပြူးကြီးတွေနဲ့ သူ့သားကိုကြည့်နေတဲ့ ခွန်ဂျာခေါင်းကိုပွတ်သပ်ရင်း
“ဘာမှစိတ်မပူနဲ့ခွန်ဂျာ၊ နင့်သားကိုငါတို့ ကြည့်ရှုပေးပါ့မယ်၊ နင်ကောင်းကောင်းသွားပါတော့”
ဒီတော့မှ ခွန်ဂျာက မျက်လုံးတွေမှေးစင်းသွားတော့တယ်ဗျာ၊ ဦးဘသာက ကျုပ်အနားကပ်လာပြီးတော့
“အလတ်ကောင်ရ၊ သတ္တဝါတစ်ခု ကံတစ်ခုတဲ့ကွ၊ ဒီကလေးမ တော်တော်ကံဆိုးရှာပါတယ်ကွာ”
နောက်တော့ ကိုကျော်ညွှန့်တို့ဆီကိုသွားရင်း
“ကျော်ညွှန့် အဲဒီကလေးကို ငါမွေးစားမယ်ကွာ၊ ငါ့ကိုပေးစမ်းပါ”
ကိုကျော်ညွန့်က ဦးဘသာကိုတစ်ချက်ကြည့်ပြီး ကလေးလေးကိုပေးလိုက်တယ်၊ ကျုပ်လည်း ကလေးကိုပြေးဆွဲချီလိုက်ရတယ်၊ ကလေးကတော့ ငိုလို့ပေါ့ဗျာ၊ ဦးဘသာက ကောင်လေးခေါင်းကိုပွတ်လိုက်တော့မှ ငြိမ်ကျသွားပြီး မှေးစင်းသွားတော့တယ်။ မုဆိုးမောင်စံက ကျားသေကြီးကို အရေခွံခွာပြီးတော့ ကျားစွယ်တွေဘာတွေဖြတ်ဖို့လုပ်ပါရောဗျာ၊ ကျုပ်တို့လည်း ဆက်မကြည့်ဝံ့တာနဲ့ ကလေးချီရင်း ဆင်းလာကြတာပေါ့၊ ကလေးက ကျုပ်လက်ပေါ်မှာ အိပ်လို့ဗျ။
“ဘာဆက်လုပ်မလဲ ဦးဘသာ၊ သူတို့အရေခွံခွာရင်း လူပုံပြန်ပေါ်လာမလားမသိဘူးဗျနော်”
“အေး၊ ဒါတော့ငါလည်းမသိဘူးဟေ့၊ ဒီပညာက ငါတို့ပညာနဲ့တော့အလှမ်းဝေးသကွ၊ ဒါပေမယ့် ငါ့အထင်တော့ ကျားအဖြစ်သေရင် ကျားပုံစံမပြောင်းဘူးထင်တာပဲကွာ၊ လာလာ မြန်မြန်သွားရအောင်၊ တော်ကြာ ဒီလူတွေအရေခွံခွာရင်း ခွန်ဂျာလူပြန်ဖြစ်သွားတော့မှ ငါတို့ကိုလာပြီး မေးမြန်းနေအုံးမယ်”
ကျုပ်တို့လည်း ခပ်မြန်မြန်ပြန်ဆင်းလာခဲ့တာပေါ့ဗျာ၊ နွားတွေချည်ထားတဲ့နားရောက်တော့ ဦးဘသာက နွားတွေကိုဖြုတ်ပြိးမောင်းခဲ့သဗျ၊ ကျုပ်ကတော့ ကလေးချီရင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်တွေးနေမိတယ်၊ ခွန်ဂျာသာ ကျုပ်တို့ထက်အရင် အဲဒီကမ်းပါးကို တက်မသွားခဲ့ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူးဗျာ။
(၄)
ညနေမစောင်းခင် ပေတောရွာကိုရောက်ခဲ့တယ်၊ ပေတောရွာက ဦးထွန်းရင်ဆီမှာ နွားတစ်ကောင်ဝင်ယူရမယ်မဟုတ်လားဗျာ၊ ပြီးတော့ တစ်လက်စတည်း ဒီကလေးကို ကုသလို့ရမရဆိုတာ ဦးဖိုးခွေးနဲ့ တိုင်ပင်ကြည့်ရအုံးမယ်မဟုတ်လား။ ဒါနဲ့ ဦးဖိုးခွေးအိမ်ကို အရင်ဝင်ခဲ့တာပေါ့ဗျာ၊ နွားတွေကိုခြံရှေ့မှာ ချည်ထားခဲ့ပြီး ကျုပ်နဲ့ဦးဘသာဝင်ခဲ့တော့ ခြံဝင်းထဲမှာ ထင်းခွဲနေတဲ့ လူတစ်ယောက်ကိုတွေ့တယ်ဗျ၊ ဒီလူငယ်က အပေါ်ပိုင်းကိုယ်လုံးတီးနဲ့ ထင်းတွေကို ပေါက်ဆိန်နဲ့ ပေါက်နေတာဗျာ၊ ကျောကုန်းမှာလည်း ကျားတက်နေတဲ့ ပုံတစ်ပုံနဲ့ ကျားဆင်းနေတဲ့ပုံတစ်ပုံဗျ၊ ဆံပင်ကလည်း ခပ်ရှည်ရှည်နဲ့ဗျ။
“နေပါအုံး ဒီလူကို ငါမြင်ဖူးပါတယ်”
ကျုပ်လည်း ထင်းခွဲနေတဲ့လူအနားတိုးသွားပြီးတော့
“မင်း၊ မင်းဗျဂ္ဃလေးမဟုတ်လား”
ကျုပ်အနောက်ကနေပြောလိုက်တော့ ထင်းခွဲနေတဲ့လူက ကျုပ်ကိုလှည့်ကြည့်တယ်၊ ပြီးတော့ အံ့သြသွားတဲ့ပုံစံနဲ့
“ဟော၊ ခင်ဗျား၊ ခင်ဗျားကိုကျုပ်မှတ်မိပြီ၊ ဒါနဲ့ အနောက်က ဦးသာဒင်မဟုတ်လား”
ဗျဂ္ဃလေး ကကျုပ်ကိုကြည့်ရင်း လက်ထဲချီထားတဲ့ကလေးကို ကြည့်တယ်၊ ပြီးတော့ သူ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။
“ဟင်၊ ခင်ဗျား၊ ခင်ဗျား ဒီကလေးကို ဘယ်ကနေရလာခဲ့တာလဲ”
ကျုပ်လည်း ခွန်ဂျာသားကို ငုံ့ကြည့်ရင်း
“သြော်၊ အေး၊ ပြောရရင်တော့ ဇာတ်လမ်းရှည်ပါတယ်၊ ဒါနဲ့ ဦးဖိုးခွေးအိမ်မှာရှိတယ်မဟုတ်လား”
ကျုပ်အိမ်ပေါ်တက်မယ်ပြင်တော့ ဗျဂ္ဃလေးက ကျုပ်ကိုအတင်းဆွဲရင်း
“ဒီကလေးကို ဘယ်လိုရခဲ့တာလဲလို့”
“ငါတို့မွေးစားဖို့ခေါ်လာတာကွ”
ဗျဂ္ဃလေးက မျက်ရည်တွေကျလာတယ်ဗျ။
“ဒါကျုပ်သားဗျ”
ကျုပ်နဲ့ဦးဘသာနဲ့ ပြိုင်တူရေရွတ်လိုက်မိတယ်။
“ဘာ၊ မင်းဘာပြောတာလဲ ဗျဂ္ဃလေး”
“ဒါ ကျုပ်သားပါ၊ ဒါနဲ့ သူ့အမေရော၊ သူ့အမေ ခွန်ဂျာရောဟင်”
ကျုပ်လည်း ဘာမှမပြောနိုင်တော့ဘူးဗျာ၊ အယောင်ယောင်အမှားမှားနဲ့ ကိုယ့်နဖူးကိုယ် လက်ဝါးနဲ့တဖြန်းဖြန်းရိုက်နေမိတာပဲ။ ဗျဂ္ဃလေးက ကျုပ်လက်ထဲက ကလေးကိုဆွဲယူပြီး သေချာထွေးပွေ့ထားတယ်။ တော်တော်ကြာတော့မှ ကျုပ်တို့တွေစကားပြောနိုင်ကြတယ်ဗျာ။ ကျုပ်တို့လည်း ဗျဂ္ဃလေးကိုဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တာပေါ့။
“ဒါဆို ခွန်ဂျာက ခင်ဗျားရဲ့မိန်းမပေါ့”
“မှန်ပါတယ်၊ ဗျဂ္ဃကြီးက ကျုပ်ကိုသားအဖြစ်မွေးစားပြီးတော့ ဟိုးအထက်ကချင်ဖက်ကိုတက်သွားခဲ့တယ်၊ အဲဒီမှာ သူကဓါးပြတိုက်ပြီး ကျုပ်ကိုကျွေးမွေးခဲ့တာပါပဲ၊ ကျုပ်ပညာတွေတတ်မြောက်ပြီး လူလားမြောက်တဲ့အခါမှာ ဓါးပြကလေးဖြစ်လာခဲ့တယ်၊ အဲဒီကနေမှ မိန်းကလေးတစ်ယောက်ကို ဓါးပြတိုက်ရင်း စွဲလမ်းခဲ့တယ် အဲဒါကတော့ ခွန်ဂျာပါပဲ”
“ခွန်ဂျာက ခင်ဗျားတို့သားအဖက ဓါးပြမှန်းမသိဘူးပေါ့”
ဗျဂ္ဃလေးက ခေါင်းခါပြတယ်။
“ကျုပ်နဲ့ ဗျဂ္ဃကြီးနဲ့ ဦးသာဒင်ကို လက်စားချေမယ်ဆိုပြီး ပြန်လာတော့ ခွန်ဂျာလည်းလိုက်လာခဲ့တယ်၊ ဒါနဲ့ကျုပ်လည်း ခွန်ဂျာကို အင်းခြေရွာက ကိုကျော်ညွန့်တို့အိမ်မှာအပ်ထားခဲ့ပြီး ကုန်ရောင်းကုန်ဝယ်လုပ်မယ်လို့ လိမ်ပြောပြီးထွက်ခဲ့တာပဲဗျာ၊ နိဗ္ဗာန်ရွာ တစ်ဝိုက်မှာ ဓါးပြတိုက်ပြီးတော့ ခွန်ဂျာတို့သားအမိဆီကို တစ်လတစ်ခါလောက် ပိုက်ဆံနဲ့ စားစရာတွေ ထောက်ပံ့ခဲ့တယ်”
“ဒါနဲ့များဗျာ၊ ခင်ဗျားသူတို့ဆီကိုပြန်မသွားဘူးလားဗျ”
“သွားပါတယ်၊ ခင်ဗျားတို့နဲ့ တွေ့ပြီး ကျုပ်အကိုလှသောင်ပြန်ကောင်းသွားပြီးတော့ ကျုပ်အင်းခြေရွာကို အပြေးအလွှားသွားရှာခဲ့ပါတယ်၊ ဒါပေမယ့်် ဟိုရောက်တော့ ခွန်ဂျာတို့သားအမိကိုမတွေ့ရတော့ဘူး၊ သူတို့သားအမိ ဘယ်ကိုထွက်သွားသလဲဆိုတာ ဘယ်သူမှလဲမသိကြဘူးတဲ့၊ ဒါနဲ့ ကျုပ်က သူတို့ရွာကိုပြန်သွားတယ်ပဲထင်တာ”
“ဒါဆို ခင်ဗျားအခု ဦးဖိုးခွေးဆီမှာဘာလုပ်နေတာလဲ”
“ကျုပ်လည်း ရွာကိုပြန်လိုက်သွားဖို့ လမ်းစရိတ်ရှာနေတာပါ၊ ဒီရွာမှာ ထင်းခွေ၊ ရေခပ်၊ ကြုံရာလုပ်ပြီးတော့ လမ်းစရိတ်စုမိရင် ခွန်ဂျာတို့ရွာကို ပြန်မလို့ပါ”
ဖြစ်ကြောင်းကုန်စင် သိပြီးတဲ့အခါမှာတော့ ကျုပ်ဘာမှမပြောနိုင်တော့ဘဲ သက်ပြင်းပဲအကြိမ်ကြိမ်ချနေမိတော့တယ်ဗျာ၊ ကံတရားက သိပ်ဆန်းကြယ်တာဗျ၊ တကယ်တမ်း ကံတရားဆန်းကြယ်တဲ့အခါ ဝတ္ထုဇာတ်လမ်းတွေ ရုပ်ရှင်တွေထက် အပုံကြီးသာတယ်ဆိုတာကို ကိုယ်တွေ့ကြုံဖူးလိုက်တာပဲ။
ဦးဖိုးခွေးက ကောင်လေးကို ကုကြည့်အုံးမယ်လို့တော့ ပြောတယ်ဗျ၊ ဒါနဲ့ ဗျဂ္ဃလေးလည်း ရွာမပြန်ဖြစ်တော့ဘဲ ပေတောမှာပဲ အခြေကျသွားတယ်ပေါ့ဗျာ၊ တိုတိုပြောရရင် ကောင်လေးခြေထောက်က ပြန်ကောင်းသွားတယ်၊ လမ်းလျှောက်ရင်တော့ ခြေတစ်ဖက် ဆာဆာနဲ့ပေါ့ဗျာ၊ ဗျဂ္ဃလေးလည်း ပေတောသူနဲ့ညားပြီး ပေတောသားစစ်စစ်ကြီးကိုဖြစ်သွားရောဗျို့။
နောက်ပိုင်းတော့ ကျုပ်တို့ရွာဖက်ကို ဗျဂ္ဃလေးတို့ လာတတ်သဗျ၊ ကျုပ်ကိုလည်း ဖက်လှဲတကင်းနှုတ်ဆက်ရှာပါတယ်၊ ကိုလှသောင်က နိဗ္ဗာန်ရွာကိုခေါ်ပေမယ့် နိဗ္ဗာန်ရွာမှာ မပျော်ဘူးတဲ့ဗျာ၊ အိမ်ရောက်တုန်းရောက်ခိုက်မှာလည်း ထင်းခွေ၊ ရေခပ်၊ အလုပ်ကြမ်းတွေအကုန်လုံး ကူလုပ်ပေးရှာတာ၊ ဓါးပြမတိုက်တော့တဲ့ ဗျဂ္ဃလေးက ပေတောရွာမှာ တော်တော်ခက်ခက်ခဲခဲလုပ်ကိုင်စားရရှာတာဗျ။
စက်ဘီးတွေခေတ်ထတော့ ဗျဂ္ဃလေးတစ်ယောက် စက်ဘီးပြင်ဆိုင်ဖွင့်တယ်၊ ခုလိုဆိုင်ကယ်ခေတ်ရောက်တော့ ဆိုင်ကယ်ပြင်တာပေါ့၊ ခုထိပေတောရွာထိပ်မှာ ကိုကျားလေးဆိုတဲ့ ဆိုင်ကယ်ဝပ်ရှော့တစ်ခုရှိတုန်းပဲဗျ၊ ဗျဂ္ဃလေးရယ်၊ ခွန်ဂျာရဲ့သား ဘရန်ဆိုတဲ့ကောင်လေးရယ် ဦးစီးပြီးဖွင့်ထားတာပေါ့ဗျာ၊ ခုဆိုတော်တော်စီးပွားကောင်းတယ်၊ ဆိုင်ကယ်ပြင်ရုံတင်မကဘဲ ဓါတ်ဆီ၊ ဒီဇယ်၊ ဘရိတ်ဆီ၊ ချောဆီအပြင် ဆိုင်ကယ်အပိုပစ္စည်းတော်တော်များများတင်ရောင်းတယ်၊ ကျုပ်ဆိုင်ကယ်တစ်ခုခုဖြစ်လို့ရှိရင် ပေတောရွာက ကိုကျားလေးဆိုင်သွားတာနဲ့ ပစ္စည်းရော၊ လက်ခပါ အခမဲ့ပြင်ပေးသဗျ၊ ကျုပ်ဖြင့်အားနာလိုက်တာ ပြောမနေပါနဲ့၊ ဟိုရက်ကတောင် ကျုပ်သူတို့ဆိုင်ရှေ့က ဆိုင်ကယ်နဲ့ဖြတ်တော့ ဘရန်က ဆိုင်ကယ်စက်သံမမှန်လို့ဆိုပြီး အတင်းပြင်ပေးလိုက်သေးသဗျ၊ အင်း၊ သူတို့သားအဖကိုမြင်တိုင်း ကျုပ်ကတော့ ရွှေတဆင်ရိုးမှာတွေ့ခဲ့ဖူးတဲ့ ခွန်ဂျာကို ပြန်ပြီးသတိရနေမိသားဗျ၊ ဦးဘသာကြီးလည်း အခုရှိရင် ကွမ်းတမြုံ့မြုံ့နဲ့ သတိရနေလောက်မှာပါ။
ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ
Zawgyi Version
“စုန္းထီးႀကီးဦးဘသာႏွင့္ ေ႐ႊတဆင္႐ိုးက က်ားဆိုး”(စ/ဆုံး)
———————————————————————–
အတြဲ(၄) စာစဥ္(၂၂)
(၁)
“အလတ္ေကာင္ ငါ့ကိုေစာင့္ပါအုံးကြ”
အသံၾကားလို႔ လွည့္ၾကည့္ေတာ့မွ ဦးဘသာကခပ္လွမ္းလွမ္းမွာ က်န္ေနခဲ့တယ္ဗ်၊ က်ဳပ္လည္း ခ်ိဳတူးလိုက္လာမွာစိုးတာနဲ႔ ဒီေကာင့္ကိုထိုးႏွက္ၿပီးေတာ့ ေကြးေကာက္႐ြာကေနေျခလွမ္းက်ဲႀကီးနဲ႔ထြက္လာလိုက္တာ အခုဆိုရင္ ႐ြာနဲ႔ေတာ္ေတာ္လွမ္းလွမ္းေရာက္ခဲ့ၿပီဗ်၊ အဲဒီမွာ လမ္းကႏွစ္လမ္းကြဲသြားတယ္၊ တစ္လမ္းကေတာ့ နိဗၺာန္႐ြာဘက္ကိုသြားတဲ့လမ္းဗ်၊ ေနာက္တစ္လမ္းကေတာ့ ေ႐ႊတဆင္႐ိုးလို႔ေခၚတဲ့ ေတာင္႐ိုးေပၚကိုျဖတ္တက္တဲ့လမ္းပဲဗ်ာ၊ က်ဳပ္ေျခလွမ္းကိုအမွီလိုက္လာရလို႔ ဦးဘာလည္း ေတာ္ေတာ္ေမာေနတဲ့ပုံပဲဗ်၊ ဒါနဲ႔ပဲ အဲဒီလမ္းခြမွာ က်ဳပ္တို႔နားလိုက္ၾကတယ္။
“ေတြ႕ဆုံႀကဳံကြဲ ဓမၼတာပဲကြ အလတ္ေကာင္ရ၊ သိပ္လည္းခံစားမေနပါနဲ႔”
ဦးဘသာက က်ဳပ္ေဘးနားမွာေဆာင့္ေၾကာင့္ထိုင္ၿပီးေျပာပါေရာ၊ က်ဳပ္လည္း သစ္တုံးေဆြးတစ္ခုေပၚ ဖင္ထိုင္ခ်ရင္း
“က်ဳပ္က ဘယ္လိုမွေတာင္မေနပါဘူးဗ်ာ”
“ေအးပါ၊ မင္းဘာမွမျဖစ္ရင္ၿပီးတာပဲ”
ခဏနားၿပီးတာနဲ႔ က်ဳပ္တို႔ေ႐ႊတဆင္႐ိုးဘက္ကို တက္ခဲ့ၾကတာေပါ့ဗ်ာ၊ ေတာအုပ္ထဲဆိုေပမယ့္္ လွည္းလမ္းႀကီးကျဖဴးလို႔ဗ်၊ ေတာဆိုတာကလည္း သစ္ပင္ႀကီးႀကီးမားမားေတြမရွိဘဲ ခ်ဳံေတြ၊ ႏြယ္ေတြေလာက္သာရွိတဲ့ ေတာပါဗ်ာ၊ က်ဳပ္တို႔ဆက္သြားေနရင္း လမ္းကတျဖည္းျဖည္းမတ္ေစာက္လာတယ္ဗ်၊ ေ႐ႊတဆင္႐ိုးဆိုၿပီး ေတာင္ကုန္းႀကီးကိုေခၚေနတာဆိုေတာ့ က်ဳပ္လည္းေတာ္ေတာ္ထူးဆန္းေနမိတယ္။
ေလွ်ာက္လာရင္း အေရွ႕မွာေတာင္ကုန္းကိုလွမ္းျမင္ရၿပီဗ်၊ ေတာင္ကုန္းဆိုေပမယ့္ ေက်ာက္စိုင္ေက်ာက္သားေတြခ်ည္း ျပည့္ေနတဲ့ေတာင္ပါဗ်ာ၊ ေတာင္က သိပ္ေတာ့မျမင့္ပါဘူး၊ ဒါေပမယ့္ ထူးျခားတာက ေတာင္ႀကီးရဲ႕အလယ္တစ္ေနရာမွာ သဲေတြနဲ႔လွည္းလမ္းႀကီးျဖစ္ေနပါေရာဗ်ာ၊ အဲဒီလွည္းလမ္းက ေတာင္ႀကီးႏွစ္ခုရဲ႕အလယ္မွာ ပက္ၾကားအက္ႀကီးလိုျဖစ္ေနတာဗ်၊ လွည္းတစ္စီးေကာင္းေကာင္းသြားလို႔ရေအာင္ က်ယ္တယ္ေပါ့ဗ်ာ၊ က်ဳပ္တို႔ႏြားေတြေမာင္းၿပီးေတာ့ လမ္းထဲကိုဝင္လာခဲ့ၾကတယ္၊ လမ္းတစ္ဖက္တစ္ခ်က္မွာေတာ့ ေတာင္ကမ္းပါးယံႀကီးေတြခ်ည္းပါပဲဗ်ာ၊
အေတာ္ကေလးသြားမိေတာ့ ပတ္ဝန္းက်င္က တျဖည္းျဖည္းေမွာင္လာတယ္ဗ်၊ ေတာင္ႏွစ္ခုၾကားေရာက္ေနတာဆိုေတာ့ အလင္းေရာင္သိပ္မဝင္တာလည္း ပါတာေပါ့ဗ်ာ၊ က်ဳပ္တို႔ဆက္ေလွ်ာက္လာရင္း တစ္ေနရာေရာက္ေတာ့ လမ္းကတျဖည္းျဖည္းက်ယ္သြားသဗ်၊ လွည္းႏွစ္စီးစာေလာက္ ေရွာင္တိမ္းသြားလို႔ရတဲ့လမ္းျဖစ္သြားၿပီးေတာ့ လမ္းေဘးမွာလည္း ေက်ာက္ေရအိုင္ကေလးတစ္ခုျဖစ္ေနတယ္၊ ႏြားေတြလည္း လမ္းေလွ်ာက္ရလြန္းလို႔ ေရဆာတယ္နဲ႔တူပါတယ္ဗ်ာ၊ ေက်ာက္ေရအိုင္ေတြ႕တာနဲ႔ ေရအိုင္စပ္ေျပးဆင္းသြားၿပီးေတာ့ ေရေတြကုန္းေသာက္ေတာ့တာပါပဲ၊ ေရအိုင္ကေလးက ဆယ္ေပေလာက္ပဲက်ယ္မွာဗ်၊ နက္တာကေတာ့ ေတာ္ေတာ္နက္ပုံရတယ္၊ လူတစ္ရပ္ေလာက္ေတာ့ အသာကေလးပဲဗ်ာ၊ ေရေတြဆိုရင္လည္း ၾကည္စိမ္းေနတာပဲ။
ႏြားေတြနားေတာ့ က်ဳပ္တို႔လည္းနားၾကတာေပါ့ဗ်ာ။ ဦးဘသာက ကြမ္းအစ္ကေလးထုတ္ရင္း
“ဒီလမ္းကို ဘာျဖစ္လို႔ ေ႐ႊတဆင္႐ိုးလို႔ေခၚတယ္ဆိုတာ မင္းသိၿပီမဟုတ္လားအလတ္ေကာင္”
“က်ဳပ္ေတာ့ သိပ္နားမလည္ေသးဘူး”
“ဒီလိုကြ၊ ေဟာဒီေနရာကိုၾကည့္စမ္း ေတာင္ကမ္းပါးႀကီးမွာ ေရညႇိေျခာက္ေတြကပ္ေနတယ္မဟုတ္လား၊ ဒီေနရာက မိုးအခါဆိုရင္ ေရတံခြန္ႀကီးတစ္ခုကြ၊ ဟိုးေတာင္ေပၚကေနဆင္းလာတဲ့ ေရေတြက ဒီေရတံခြန္ကေနတဆင့္ ေအာက္ကေက်ာက္ေျမသားအေပၚကို အရွိန္နဲ႔စီးဆင္းက်လာတာေပါ့ကြာ”
ဦးဘသာက ေက်ာက္ကမ္းပါးႀကီးကိုထိုးျပတယ္၊ က်ဳပ္လည္း အခုမွသတိထားမိတာဗ်၊
“ေရတံခြန္က က်တဲ့ေရက ေဟာဒီေအာက္က ေက်ာက္သားကိုတိုက္စားၿပီးေတာ့ အခုလိုခ်ိဳင့္ခြက္ႀကီးျဖစ္က်န္ေနခဲ့တာပဲ”
“ဟာ၊ ဦးဘသာ၊ ဒါဆိုဒီေနရာက အရင္တုန္းက ေရေခ်ာင္းႀကီးေပါ့”
“ဒါေပါ့ကြ၊ မိုးတြင္းဆိုရင္ေတာ့ ေတာင္က်ေရက်တဲ့ ေခ်ာင္းျဖစ္မွာေပါ့၊ ခုလို ပြင့္လင္းရာသီ မိုးနည္းသြားၿပီဆိုေတာ့ ေတာင္က်ေရလမ္းမဆင္းေတာ့ ေခ်ာင္း႐ိုးက လမ္းျဖစ္သြားတာေပါ့ကြာ၊ ဒါေၾကာင့္ ဒီလမ္းကို ေ႐ႊတဆင္႐ိုးလို႔ေခၚၾကတာကြ”
“က်ဳပ္နားလည္ၿပီဗ်၊ ဒါဆို မိုးတြင္းဘက္ေတာ့ ဘယ္သြားလို႔ရမလဲဗ်ေနာ္”
“ေသခ်ာတာေပါ့ကြာ”
ဦးဘသာ ကြမ္းယာေနတုန္း ႏြားေတြက တရႉးရႉးနဲ႔ျဖစ္လာတယ္ဗ်၊ ႏွာေတြမႈတ္ၿပီးေတာ့ ခြာေတြလည္းယက္လို႔ဗ်ာ၊ က်ဳပ္လည္း ႏွင္တံနဲ႔ ႏြားေတြကိုထိန္းရတာေပါ့၊ ႏြားေတြက ထိန္းတုန္းခဏပဲဗ်၊ ၿပီးတာနဲ႔ တရႉးရႉးျပန္လုပ္ၾကတာပဲ၊ က်ဳပ္က ႏြားေတြကိုႀကိမ္းေမာင္းေနတုန္း ဦးဘသာက က်ဳပ္ကိုလွမ္းၾကည့္ၿပီး
“အလတ္ေကာင္ နားေထာင္စမ္း”
က်ဳပ္လည္း ရပ္လိုက္ၿပီးေတာ့ နားကိုစြင့္လိုက္တယ္၊ ႏြားေတြက ႏွာမႈတ္ေနတာဆိုေတာ့ ဘာသံမွ ေသေသခ်ာခ်ာမၾကားရတာအမွန္ပဲဗ်၊ က်ဳပ္လည္း ဦးဘသာကိုၾကည့္လိုက္ရင္း
“ဘာသံၾကားလို႔လဲ ဦးဘသာရ”
ဦးဘသာက ျပန္မေျဖေပမယ့္ သူ႔မ်က္ႏွာက ထိတ္ထိတ္ျပာျပာျဖစ္ေနတာကိုၾကည့္ၿပီး က်ဳပ္လည္း တစ္ခုခုေတာ့ ထူးေနၿပီဆိုၿပီးသိလိုက္တာဗ်၊ ဒီအခ်ိန္မွာပဲ က်ဳပ္အေနာက္ဘက္ ေက်ာက္ကမ္းပါးေပၚကေန အေကာင္ႀကီးတစ္ေကာင္ခုန္ဆင္းလာတယ္ဗ်၊ က်ဳပ္ကိုေခါင္းေပၚကေန ေက်ာ္သြားၿပီးေတာ့ က်ဳပ္အေရွ႕တည့္တည့္ကိုက်တာဗ်၊ ညေနခင္း အလင္းေရာင္ေအာက္မွာ ပီပီသသေတြ႕လိုက္ရတာကေတာ့ က်ားႀကီးတစ္ေကာင္ဗ်၊ နည္းတဲ့အေကာင္ႀကီးမဟုတ္ဘူးဗ်ာ၊ ကိုးေတာင္ေလာက္ေတာ့ရွိမယ္ထင္တယ္၊ တစ္ကိုယ္လုံးကို အနက္နဲ႔အဝါက်ားအစင္းေတြက ဖုံးအုပ္ထားတယ္၊ ေခါင္းႀကီးဆိုရင္လည္း ေတာ္ေတာ္ႀကီးတာဗ်ာ။ က်ားႀကီးက သူ႔မ်က္လုံးဝါဝါႀကီးနဲ႔ က်ဳပ္ကိုစိုက္ၾကည့္ေတာ့ က်ဳပ္ျဖင့္ ကိုယ့္ဖာသာကိုယ္ ဘာျဖစ္သြားမွန္းမသိဘူးဗ်ာ၊ ဒူးေတြ တဆတ္ဆတ္တုန္ၿပီးေတာ့ ပုဆိုးထဲ ေသးေတြတေဝါေဝါနဲ႔ထြက္က်ကုန္တာဗ်။
က်ားႀကီးက လႈပ္ရွားတာသိပ္ျမန္တယ္ဗ်ာ၊ ေရအိုင္ေဘးနားက ႏြားတစ္ေကာင္ကို ဝင္ဆြဲေတာ့တာပဲ၊ အရင္ဆုံးႏြားရဲ႕ေနာက္ေျခေထာက္ကိုကိုက္ၿပီး ေျခေထာက္အေၾကာေတြကို ျဖတ္ပစ္လိုက္တယ္ဗ်၊ က်ားကိုက္ခံရတဲ့ ႏြားခမ်ာ အသက္လုၿပီးေျပးဖို႔ႀကိဳးစားတာေပါ့ဗ်ာ၊ ဒါေပမယ့္ ေျခေထာက္ေက်ာျဖတ္ခံလိုက္ရေတာ့ ႏြားေျခေထာက္ေတြက ဒ႐ြတ္တိုက္ဆြဲသြားၿပီဗ်၊ ဒီေတာ့မွ က်ားႀကီးက ႏြားရဲ႕ေက်ာကုန္းေပၚကို ခုန္တက္လိုက္တာဗ်ာ၊ လႊားခနဲပဲ၊ ၿပီးတာနဲ႔ ႏြားရဲ႕လည္ကုပ္ကို ပါးစပ္နဲ႔ဖမ္းကိုက္ၿပီးေတာ့ ႏြားကိုေနာက္ျပန္ဆြဲသြားသဗ်ာ။
က်ဳပ္လည္းေၾကာင္ၿပီး ေငးေမာေနသလို ဦးဘသာလည္း ကြမ္း႐ြက္ႀကီးကိုင္ၿပီး မလႈပ္မယွက္ျဖစ္ေနတယ္ဗ်။ ဒီအခ်ိန္တစ္ဖက္ကမ္းပါးေပၚက လူသုံးေလးေယာက္ဆင္းလာတယ္၊ က်ဳပ္တို႔ကိုၾကည့္ၿပီးေတာ့
“ေဟ့လူေတြ၊ ေဟ့လူေတြ”
လွမ္းေအာ္ၾကတယ္၊ သူတို႔အထဲက လူတစ္ေယာက္ကေတာ့ ဒူးေလးကိုင္ထားသဗ်။ ဒါနဲ႔ ႏြားကိုဆြဲသြားတဲ့ က်ားႀကီးကို သူ႔ဒူးေလးနဲ႔ခ်ိန္ၿပီး ပစ္လႊတ္လိုက္ပါေရာဗ်ာ၊ ဒင္ခနဲျမည္သြားတဲ့ ဒူးေလးသံံံနဲ႔အတူ ဒူးေလးျမႇားတံတစ္ေခ်ာင္းက ဝွစ္ခနဲပ်ံံသန္းၿပီးေတာ့ က်ဳပ္ေခါင္းေပၚက ျဖတ္သြားတယ္၊ ၿပီးေတာ့ ဒူးေလးျမားတံက က်ားရဲ႕ဘယ္ဖက္ေျခေထာက္ ဒူးဆစ္အနားကိုျဖတ္မွန္သဗ်၊ က်ားႀကီးက တစ္ခ်က္ေဝါင္းခနဲ ေအာ္ဟစ္လိုက္ၿပီးေတာ့ ႏြားကိုကိုက္ခ်ီရင္း ေနာက္ကြၽမ္းပစ္ထည့္လိုက္တာဗ်ာ၊ ဦးဘသာထိုင္ေနတဲ့အေနာက္က ေက်ာက္ခ်ပ္ေပၚကို လႊားခနဲက်သြားတာ၊ ၿပီးတာနဲ႔ ေက်ာက္တုံးႀကီးေတြ တစ္ခုေပၚတစ္ခု လႊားခနဲခုန္တက္ရင္း ေတာင္ကမ္းပါးေပၚေျပးတက္သြားပါေရာလား။
က်ားႀကီးလႈပ္ရွားတာ ျမန္လိုက္တာဗ်ာ၊ ေနာက္ေတာ့ ကမ္းပါးေပၚက လူေတြေျပးဆင္းလာၾကတယ္၊ က်ဳပ္တို႔ႏြားတစ္ေကာင္ကေတာ့ က်ားစာျဖစ္သြားၿပီဗ်ိဳ႕၊ က်ားကိုက္ခဲ့တဲ့ေနရာမွာ ေသြးကြက္ႀကီးက်န္ေနခဲ့တယ္။
“ခင္ဗ်ားတို႔ဗ်ာ၊ မေသေကာင္းမေပ်ာက္ေကာင္း”
က်ဳပ္ျဖင့္ အခုထိေျခေတြလက္ေတြ မလႈပ္ႏိုင္ေသးဘူးဗ်၊ ဒီလူေတြက က်ဳပ္အနားေရာက္လာၿပီး က်ဳပ္ကိုဝိုင္းထိန္းၾကတယ္၊ ဦးဘသာလည္း လက္ေတြတဆတ္ဆတ္တုန္ေနတယ္။ ဒီလူေတြထဲက ဒူးေလးကိုင္ထားတဲ့လူက
“ေတာက္၊ ခ်က္ေကာင္းမထိတာ နာသကြာ”
ဦးဘသာက အနားကပ္လာၿပီး
“ငါတို႔၊ ငါတို႔ေတြ႕လိုက္တာ က်ားႀကီးမဟုတ္လား”
“ဟုတ္တာေပါ့ဗ်ာ၊ ဦးေလးတို႔နဲ႔ေတြ႕လိုက္တာ ဟင္းမ်ိဳးအစစ္ေပါ့ဗ်”
“ေနစမ္းပါအုံးကြ၊ ဒီေတာ၊ ဒီေတာင္မွာ က်ားေနပါ့မလားကြ၊ ငါဆိုလိုခ်င္တာကကြာ၊ ဒီေတာအုပ္ေလာက္မွာ က်ားတစ္ေကာင္က်က္စားဖို႔ သားေကာင္မွမရွိတာ”
“အရင္ကေတာ့ ဟုတ္တယ္ဦးေလးေရ၊ အခုကေတာ့ မဟုတ္ေတာ့ဘူး၊ ဒီက်ားက ဒီေတာင္ကက်ားမဟုတ္ဘူး၊ ေတာေျပာင္းလာတဲ့က်ားဗ်”
လူတစ္ေယာက္က က်ဳပ္ႏွာေခါင္းအနားကို အဝတ္ထုပ္ကေလးတစ္ထုပ္လာကပ္သဗ်၊ အနံ႔ကေတာ့ ခပ္ရွိန္းရွိန္း၊ ခပ္ေမႊးေမႊးေလးပါပဲဗ်ာ၊ ဒါေလးရႉၿပီးမွ က်ဳပ္လည္း ေျခေတြလက္ေတြျပန္လႈပ္ႏိုင္တယ္၊ က်ဳပ္ပုဆိုးကို က်ဳပ္ငုံ႔ၾကည့္ၿပီး ရွက္လိုက္တာေျပာမေနပါနဲ႔ဗ်ာ၊
“ငါ့ညီ၊ ဘာမွမရွက္နဲ႔ကြ၊ က်ားနဲ႔႐ုတ္တရက္ေတြ႕ရင္ ဒီလိုပဲျဖစ္တတ္တယ္၊ ၾကက္ေသေသသြားၿပီးေတာ့ ေၾကာက္ေသးေတြ ေၾကာက္ေခ်းေတြပန္းတာကို က်ားဟုန္တယ္လို႔ေခၚတယ္ကြ”
က်ဳပ္လည္း ဒီလူေတြကိုၾကည့္ရင္း
“ေက်းဇူးတင္လိုက္တာဗ်ာ၊ ခင္ဗ်ားတို႔သာေရာက္မလာရင္ က်ဳပ္ႏြားေတြကို က်ားကအကုန္ပဲဆြဲသြားမလား၊ ဒါမွမဟုတ္ က်ဳပ္တို႔ကိုရန္ျပဳသြားမလား၊ မေတြးရဲစရာပဲဗ်ာ”
“ခင္ဗ်ားတို႔ၾကည့္ရတာ ဒီကမဟုတ္ဘူးထင္တယ္၊ ဒီနားက႐ြာေတြကေတာ့ ဒီလမ္းကိုမျဖတ္ရဲတာၾကာၿပီ၊ ကဲ၊ ညေမွာင္လာၿပီဆိုေတာ့ ဒီမွာပဲဆက္မေနသင့္ေတာ့ဘူးဗ်၊ က်ဳပ္တို႔နဲ႔လိုက္ခဲ့”
က်ဳပ္လည္း ဦးဘသာကိုၾကည့္လိုက္တယ္၊ ဦးဘသာက ေခါင္းညိတ္လိုက္ၿပီး ပုဆိုးေတြဘာေတြျပင္ဝတ္ေနတာနဲ႔ က်ဳပ္လည္း ႏြားေတြေမာင္းၿပီး လိုက္လာခဲ့တာေပါ့ဗ်ာ၊ ႏြားေတြက အခုအခ်ိန္အထိေတာင္ ေၾကာက္႐ြံ႕ၿပီး တုန္လႈပ္ေနၾကတုန္းပဲဗ်။
(၂)
ေခ်ာင္း႐ိုးကေလးအတိုင္းဆက္ေလွ်ာက္လာရင္း အေရွ႕နားေရာက္ေတာ့ ေဘးနားက ကမ္းပါးယံေတြက တျဖည္းျဖည္းနိမ့္ဆင္းသြားတယ္၊ တစ္ေနရာေရာက္ေတာ့ ဒီလူေတြက ကမ္းပါးေပၚတက္ၿပီးေတာ့ ေတာထဲဝင္သြားတယ္၊ ခဏေလာက္သြားမိေတာ့ တစ္ဖက္ရပ္တဲကေလးတစ္လုံးကိုေတြ႕လိုက္ရတယ္ဗ်၊ တဲကအျဖစ္ေဆာက္ထားတာပါဗ်ာ၊ ေတာထဲရွိတဲ့ ဝါးေတြ၊ သစ္ကိုင္းေျခာက္ေတြနဲ႔ေဆာက္ထားတဲ့တဲကေလးပါ၊ လူသုံးေယာက္ထဲက တစ္ေယာက္က တဲအေရွ႕နားမွာ ေက်ာက္တုံးေတြနဲ႔စီၿပီးလုပ္ထားတဲ့ မီးဖိုကေလးဆီမွာ မီးပုံဖိုေနတယ္ဗ်။ က်ဳပ္တို႔လည္း ေက်ာက္တုံးေတြေပၚမွာထိုင္ခ်လိုက္တာေပါ့ဗ်ာ။ ႏြားေတြကိုေတာ့ သစ္ပင္ေတြနဲ႔ခ်ည္ထားလိုက္တာေပါ့။
ဒူးေလးႀကီးကိုင္ထားတဲ့လူက ဒူးေလးကိုခ်လိုက္ၿပီး
“က်ဳပ္နာမည္ကေတာ့ ေမာင္စံလို႔ေခၚတယ္၊ အင္းေျခ႐ြာက မုဆိုးေပါ့ဗ်ာ၊ သူ႔နာမည္က လွေဆြ၊ သူကေတာ့ ေက်ာ္ၫြန႔္တဲ့”
ဦးဘသာက ေခါင္းညိတ္ၿပီးေတာ့
“အင္းေျခ႐ြာဆိုတာ ေကြးေကာက္အင္းရဲ႕ေျမာက္ဘက္နားက ႐ြာမဟုတ္လား”
“ဟုတ္တာေပါ့ဗ်ာ”
“ဒါဆို ခင္ဗ်ားတို႔က ဒီက်ားအေနာက္ကိုလိုက္ေနၾကတာလား”
က်ဳပ္က က်ားလို႔ေျပာလိုက္ေတာ့ မုဆိုးေမာင္စံက မ်က္ေမွာင္ၾကဳတ္ၿပီး
“ေတာထဲေတာင္ထဲမွာ က်ားကို က်ားလို႔မေခၚနဲ႔ ငါ့ညီေရ၊ ဒီေကာင္ေတြကို နာမ္ႏွိမ္တဲ့အေနနဲ႔ ဟင္းမ်ိဳးလို႔ ေခၚၾကသကြ”
က်ဳပ္လည္း ေခါင္းကုပ္ရင္း
“က်ားလို႔ ဘာလို႔ေခၚမရတာလဲဗ်”
ဦးဘသာက က်ဳပ္ကိုၾကည့္ရင္း
“က်ားဆိုတဲ့အသံမွာ မျမင္ႏိုင္တဲ့စြမ္းအားေတြရွိတယ္လို႔ ေရွးလူႀကီးေတြက ယူဆၾကတယ္ကြ၊ ၿပီးေတာ့ က်ားေကာင္ဟာလည္း ေတာရဲ႕ဘုရင္ျဖစ္ၿပီး သာမာန္တိရစာၦန္တစ္ေကာင္ျဖစ္ေပမယ့္ ထူးျခားတဲ့အစြမ္းေတြရွိတယ္လို႔ ယူဆၾကတယ္၊ ဒီေတာ့ သူ႔နာမည္မွာကိုက အစြမ္းေတြရွိေနတယ္လို႔ ယူဆတယ္၊ ဒါေၾကာင့္ တို႔ေယာက္်ားေတြ အားယူတဲ့အခါ “က်ား” လို႔ အားယူၿပီးေအာ္တတ္တယ္မဟုတ္လား”
မုဆိုးေမာင္စံက ေခါင္းညိတ္ရင္း
“ဒီက ဦးေလးေျပာတာမွန္တယ္ကြ၊ တို႔မုဆိုးအယူအဆကေတာ့ ေတာထဲမွာ က်ားလို႔ေျပာရင္ အဲဒီက်ားက သူ႔ကိုဘယ္ေနရာကေနေခၚတယ္၊ ဘယ္သူကေခၚတယ္ဆိုတာကို ၾကားရတတ္တယ္ဆိုပဲ၊ ဒါေၾကာင့္ ဒီေကာင္ေတြကို နာမ္ႏွိမ္ရာလဲေရာက္၊ သူတို႔က ကိုယ္ေျပာတာကိုမၾကားရေအာင္လို႔ ဟင္းမ်ိဳး၊ ဟင္းေကာင္ဆိုၿပီးေတာ့ အမည္လႊဲၿပီးေျပာၾကတာ”
က်ဳပ္လည္း ေခါင္းညိတ္ရင္း
“ဒါဆို အဲဒီက်ား . . . အဲေမ့လို႔၊ ဟင္းမ်ိဳးႀကီးက ဘယ္ကေနေရာက္လာတာလဲဗ်ာ”
“ေျပာရရင္ေတာ့ ရွည္တယ္ကြ၊ ဒီဟင္းမ်ိဳးႀကီး ဘယ္ကေရာက္လာမွန္းေတာ့ ငါတို႔လည္းေသေသခ်ာခ်ာမသိဘူး၊ တို႔အင္းေျခ႐ြာက လူေတြေမြးျမဴထားတဲ့ ႏြားေတြကိုစၿပီး ဆြဲေနရာကေန စတင္တာပဲ၊ အင္းေျခမွာ ႏြားငါးေကာင္ကိုဆြဲၿပီးၿပီ၊ ဒါနဲ႔ ငါတို႔လည္း အျပင္းအထန္လိုက္ရွာၾကေတာ့ အင္းေျခ႐ြာကေန ထြက္ေျပးၿပီး အခုဒီေတာင္႐ိုးေပၚကိုေရာက္လာတာပဲ”
“က်ဳပ္တို႔ႏြားတစ္ေကာင္လည္း ပါသြားၿပီဗ်”
“စိတ္ေတာ့မေကာင္းပါဘူးကြာ၊ မင္းတို႔ ဒီညေတာ့ ဒီမွာနားလိုက္ၾကပါ၊ မိုးလင္းေတာ့မွ အလိုရွိရာသြားၾကေပါ့”
“ေက်းဇူးတင္ပါတယ္၊ က်ဳပ္နာမည္ ခင္ေမာင္ပါ၊ ေဟာဒါကေတာ့ ဦးဘသာလို႔ေခၚပါတယ္”
ဦးဘသာက ေခါင္းညိတ္ျပရင္း
“ဒါနဲ႔ ဒီက်ားက အခုနာသြားၿပီေနာ္၊ ငါၾကားဖူးတာကေတာ့ က်ားနာရင္ပိုဆိုးတယ္ဆိုပဲ”
မုဆိုးေမာင္စံက
“က်ဳပ္လည္းသိပါတယ္၊ ဒီေကာင္က်ဳပ္ကိုမွတ္ထားၿပီးေတာ့ ေခ်ာင္းေနမွာအမွန္ပဲဗ်၊ လာစမ္းပါေစဗ်ာ၊ ဒီေကာင္သာလာလို႔ကေတာ့ က်ဳပ္သူနဲ႔အသက္ခ်င္းလဲပစ္လိုက္မယ္”
မုဆိုးေမာင္စံရဲ႕သတၱိကို က်ဳပ္ေတာ့ျဖင့္ ခ်ီးက်ဴးပါတယ္ဗ်ာ၊ က်ဳပ္ဆိုရင္ က်ားနဲ႔တိုက္ခိုက္ဖို႔မေျပာနဲ႔ က်ားကိုျမင္တာနဲ႔တင္ ၾကက္ေသေသၿပီး ေၾကာက္ေသးပန္းတယ္မဟုတ္လား။ ဦးဘသာက
“က်ားဟုန္တယ္ဆိုတာကေတာ့ လက္ေတြ႕ပဲေဟ့၊ ငါေတာင္မွ က်ားမွန္းသိေပမယ့္ ေျခမကိုင္မိ လက္မကိုင္မိျဖစ္သြားသကြ၊ ဟား၊ ဟား”
ဦးဘသာက ရယ္ႏိုင္ေသးတယ္ဗ်ာ၊ က်ဳပ္လည္း ေသးစိုသြားတဲ့ပုဆိုးကို လဲဝတ္လိုက္ရတာေပါ့၊
ကိုလွေဆြက ထမင္းအိုးတစ္အိုးတည္တယ္ဗ်၊ ကိုလွေဆြက ပိန္ပိန္ပါးပါး၊ အရပ္ပုပုနဲ႔လူဗ်၊ သူလည္း အင္းေျခ႐ြာသားပဲဗ်၊ မေၾကာက္တတ္လို႔ က်ားအေနာက္ကိုလိုက္ခဲ့တာတဲ့ဗ်ာ၊ ေနာက္တစ္ေယာက္ကေတာ့ ကိုေက်ာ္ၫြန႔္တဲ့ဗ်၊ သူကေတာ့ ေထာင္ေထာင္ေမာင္းေမာင္း၊ ဗလေကာင္းေကာင္းနဲ႔ပဲ၊ အင္းေျခ႐ြာက ႏြားပိုင္ရွင္တဲ့ဗ်ာ၊ သူ႔ႏြားသုံးေကာင္ က်ားဆြဲခံံရလို႔ က်ားကိုသတ္မယ္ဆိုၿပီး လိုက္ေနတဲ့လူဗ်။ မုဆိုးေမာင္စံကေတာ့ ဗလေတာင့္ေတာင့္ပဲ၊ တစ္ကိုယ္လုံးလည္း ေဆးမင္ေၾကာင္ေတြနဲ႔ဗ်၊ သူ႔ဒူးေလးႀကီးတင္ ေတာ္ေတာ္ႀကီးတယ္ဗ်ာ။ ေခါင္းမွာလည္း ေသွ်ာင္ထုံးခပ္ေသးေသးတစ္ထုံး ထုံးထားေသးတယ္။ အဲဒီညက က်ဳပ္တို႔ခရီးမဆက္ေတာ့ဘဲ မုဆိုးေမာင္စံတို႔ရဲ႕ စခန္းမွာပဲ နားေနလိုက္ရတယ္၊ အင္းေျခ႐ြာက က်ားေသာင္းက်န္းပုံေတြကို ကိုေက်ာ္ၫြန႔္က ျပန္ေျပာျပတာေပါ့ဗ်ာ။
“တို႔႐ြာမွာ အစကေတာ့ ဟင္းမ်ိဳးဆိုတာ ၾကားေတာင္မၾကားဖူးဘူးကြ၊ စာေပေတြဘာေတြထဲမွာေလာက္ပဲ ဖတ္ဖူးတာ၊ တစ္ညေတာ့ ထူးဆန္းတဲ့အသံၾကားရတယ္ကြ၊ အဲဒီအသံကို ႐ြာထဲကလူေတြကေတာ့ က်ားတစ္တဲ့အသံလို႔ေျပာတယ္၊ ဒါေပမယ့္ မင္းပဲစဥ္းစားၾကည့္ကြာ၊ တို႔ဘက္မွာ ဟင္းမ်ိဳးဆိုတာ ရွိမွမရွိတာကြ၊ ငါလည္းမယုံဘူးေပါ့ကြာ”
လက္ဖက္ေျခာက္ သုံးေလး႐ြက္ခတ္ထားတဲ့ ေျမေရေႏြးကရားအိုးထဲက ေရကသိပ္ေသာက္ေကာင္းတာပဲဗ်ာ၊ က်ဳပ္တို႔လည္း ကိုေက်ာ္ၫြန႔္ေျပာတာကို ေရေႏြးေသာက္ရင္း နားေထာင္ၾကတာေပါ့။
“အဲဒီေန႔က ငါ့သားႏြားေက်ာင္းမလိုက္ႏိုင္ဘူးကြ၊ ဒါနဲ႔ ငါပဲႏြားေတြေက်ာင္းရင္း ေန႔လည္ေနပူလာတာနဲ႔ ႏြားေတြအရိပ္ရေအာင္ စားက်က္ထဲကေန ေတာထဲေမာင္းသြင္းခဲ့တာေပါ့ကြာ၊ ေတာထဲေရာက္ေတာ့ ႏြားေတြက ႏွာေတြမႈတ္ၿပီး ေပကပ္ကပ္ျဖစ္ကုန္တယ္ကြ၊ ၿပီးေတာ့ ခ်ဳံထဲကေန ဟင္းမ်ိဳးႀကီး ခုန္ထြက္လာတာပဲကြာ၊ ငါလည္း မင္းျဖစ္သလို ေတာင့္ေတာင့္ႀကီးျဖစ္ေနပါေရာ၊ ဟင္းမ်ိဳးက ငါ့ေရွ႕မွာတင္ပဲ ငါ့ႏြားအုပ္က ႏြားကိုခ်ီၿပီး ေျပးတာ ျမန္လိုက္တာကြာ၊ ဒီေတာ့မွ ႐ြာကလူေတြလည္း ဟင္းမ်ိဳးရွိတာ ယုံသြားၾကတာပဲ”
“ဒါဆို ေနာက္ထပ္ႏြားေတြကေရာဗ်ာ၊ ဘယ္လိုလုပ္ၿပီး ပါသြားတာလဲ”
“ဟင္းမ်ိဳးရွိတာသိတာနဲ႔ တို႔႐ြာကလူေတြ ေၾကာက္လန႔္ၿပီး ႏြားေတြမထုတ္ၾကေတာ့ဘူးကြ၊ ကိုယ့္အိမ္၊ ကိုယ့္ၿခံထဲမွာပဲ ထားၾကေတာ့တာ၊ အဲဒီေန႔ကလည္း ျဖစ္ခ်င္ေတာ့ ငါ့မိန္းမက စပါးကုန္လို႔ ဆန္ဖြပ္မယ္ဆိုၿပီး စပါးက်ီသြားဖြင့္ေတာ့ စပါးက်ီထဲမွာ ဟင္းမ်ိဳးေရာက္ေနတာတဲ့ကြာ၊ ဘယ္လိုေရာက္ေနသလဲေတာ့ မေျပာတတ္ဘူး၊ ဟင္းမ်ိဳးက ငါ့မိန္းမကိုလည္းျမင္ေရာ က်ီထဲကခုန္ထြက္ၿပီး တင္းကုတ္မွာခ်ည္ထားတဲ့ ႏြားတစ္ေကာင္ကိုခ်ီၿပီး ေျပးပါေရာ”
“ဟာဗ်ာ၊ ထူးဆန္းလိုက္တာ၊ ဟင္းမ်ိဳးကဘယ္လိုလုပ္ၿပီးေတာ့မ်ား ၿခံဝိုင္းထဲေရာက္လာပါလိမ့္ဗ်ာ၊ ေတာ္ေသးတာေပါ့ ခင္ဗ်ားမိန္းမကို မကိုက္သြားလို႔”
“အဲဒါေျပာတာေပါ့ကြာ၊ ငါလည္း ေတာ္ေတာ္ေဒါသထြက္သြားတာကြ၊ ဒါနဲ႔ပဲ မုဆိုးေမာင္စံနဲ႔ပူးေပါင္းမိတာပဲ၊ ေနာက္ႏြားတစ္ေကာင္ကို တည္ၾကက္လုပ္ၿပီးေတာ့ မုဆိုးေမာင္စံက ဟင္းမ်ိဳးကိုမွ်ားေခၚၿပီး လင့္ေစာင့္ပစ္တာေပါ့ကြာ”
“ေစာင့္ပစ္ေတာ့ မမိဘူးလားဗ်”
မုဆိုးေမာင္စံက
“မမိလို႔ ဟင္းမ်ိဳးက ဒီအထိေရာက္လာတာေပါ့ကြ၊ ငါလည္း မုဆိုးအစဥ္အဆက္ သင္ၾကားခဲ့တဲ့ပညာေတြနဲ႔ ဒီဟင္းမ်ိဳးကိုရေအာင္ေထာင္ဖမ္းတာပဲကြ၊ ခက္တာက ဒီဟင္းမ်ိဳးက ငါတို႔ၾကားဖူးနားဝရွိခဲ့တဲ့ ဟင္းမ်ိဳးေတြနဲ႔မတူဘူးကြ၊ သိပ္ၿပီး ဉာဏ္ေျပးတဲ့ေကာင္ကြာ၊ တို႔ေတြေစာင့္ဖမ္းၿပီး ေပၚမလာ၊ ေပၚမလာနဲ႔ တစ္ညသာကုန္သြားတယ္ကြ၊ ဒါနဲ႔စိတ္ဓါတ္က်ၿပီး မနက္ေရာက္ေတာ့ ႏြားကိုျဖဳတ္ၿပီး ျပန္ဆြဲအလာမွာ လမ္းမွာေစာင့္ၿပီး ဆြဲတာပဲ”
“ဟင္းမ်ိဳးက လည္သားဗ်”
“ဒါေၾကာင့္ ထူးဆန္းတယ္ေျပာတာကြ၊ ဒီဟင္းမ်ိဳးက တျခားဟင္းမ်ိဳးေတြနဲ႔မတူဘူးကြ၊ အမဲလိုက္ထြက္တာကလည္း ေန႔ခင္းႀကီးျဖစ္ရင္လည္း ျဖစ္ေနတတ္တယ္၊ ဟင္းမ်ိဳးဆိုတာ ငါတို႔ၾကားဖူးသေလာက္ေတာ့ ေန႔ခင္းမွအျပင္မထြက္ဘဲကြ”
“ဟာ၊ ဒါဆို အခုလည္း က်ဳပ္တို႔ဆီကိုေရာက္လာအံံုံးမယ္ထင္တယ္ဗ်”
“မပူပါနဲ႔ကြာ၊ ဒီေကာင္ဒီညေတာ့မလာပါဘူး၊ ငါ့အထင္ေတာ့ ဒီေကာင္ငါတို႔လက္က ဆက္ေျပးမယ္ထင္တာပဲ”
ဒါနဲ႔ပဲ က်ဳပ္တို႔ညအိပ္ဖို႔ျပင္ၾကတာေပါ့ဗ်ာ၊ ဦးဘသာနဲ႔က်ဳပ္နဲ႔ ေက်ာခ်င္းကပ္ၿပီးေတာ့ ေက်ာက္တုံးတစ္တးေပၚမွာအိပ္ၾကတယ္၊ ဦးဘသာက မအိပ္ခင္ က်ဳပ္တိုခပ္တိုးတိုးကပ္ေျပာတယ္။
“အလတ္ေကာင္ေရ၊ ဒီဟင္းမ်ိဳးကေတာ့ ထူးျခားေနၿပီကြ”
“ဟုတ္ပါရဲ႕ဗ်ာ”
“ငါေျပာခ်င္တာက သာမန္ေသြး႐ိုးသား႐ိုးမဟုတ္ဘူးကြ”
“ဗ်ာ၊ ဒါဆိုဘယ္လိုျဖစ္ႏိုင္သလဲဗ်”
“မင္း ဗ်ဂၣႀကီးတို႔ ဘာတို႔ ေတြ႕ဖူးတယ္မဟုတ္လား၊ ဒီေတာ့ င့ါအထင္ ဒီဟင္းမ်ိဳးကလည္း တိရစာၦန္ဟင္းမ်ိဳးျဖစ္ဟန္မတူဘူးကြ၊ လူတစ္ေယာက္ေယာက္မ်ား ပညာနဲ႔လုပ္ႀကံဖန္တီးထားတာလားလို႔”
“ဟာ၊ ဒါဆို လူကေနက်ားျဖစ္တဲ့ သမန္းက်ားလိုမ်ားလား”
“သမန္းက်ားမရွိဘူးလို႔ေတာ့ တပ္အပ္မေျပာခ်င္ပါဘူးကြာ၊ ဒါေပမယ့္ ရွားတယ္ကြ”
“ဦးဘသာက ဘယ္လိုထင္လို႔လဲ”
“သမန္းက်ားဆိုတာက ဟိုးစစ္ကိုင္းတိုင္းအထက္၊ ခ်င္းနဲ႔ကခ်င္စပ္တဲ့ေနရာက ထမန္း လူမ်ိဳးေတြပဲ တတ္တဲ့လႈိ႕ဝွက္တဲ့ပညာရပ္တစ္ခုကြ၊ ထမန္းလူမ်ိဳးက ရာဂဏန္းေလာက္ပဲက်န္ေတာ့တယ္၊ လႈိ႕ဝွက္တဲ့ပညာရပ္ဆိုေတာ့ လူတိုင္းေတာင္မတတ္ၾကဘူး၊ လူစင္စစ္ကေန က်ားျဖစ္ဖို႔ကို အဆင့္ဆင့္ေလ့က်င့္ရသတဲ့ကြ၊ ေမွာ္က်င့္စဥ္တစ္ခုလိုေပါ့ကြာ၊ ထမန္းေတြက သစ္ပင္ကိုေျခဆင္းၿပီးထိုင္လိုက္တာနဲ႔ က်ားအျဖစ္ေျပာင္းသြားသတဲ့၊ ဒါ့ေၾကာင့္ ဒီက်ားေတြကို ထမန္းက်ားလို႔ေခၚတယ္၊ ထမန္းကိုေခၚရင္း ေခၚရင္း သမန္းက်ားဆိုၿပီးျဖစ္သြားတာေပါ့ကြာ”
“ဟာ၊ ဒါဆို သမန္းက်ားက တကယ္ရွိတာေပါ့”
“ဒါေပါ့ကြ၊ အရင္က ခ်င္းတြင္းခ႐ိုင္ဝန္ျဖစ္ခဲ့တဲ့ မစၥတာဂရန႔္ဘေရာင္းဆိုတဲ့လူက သူတကယ္ေတြ႕ႀကံဳံခဲ့ရတာကို စာအုပ္ေရးသားထုတ္ေဝခဲ့လို႔ အေနာက္တိုင္းမွာ ဟိုးေလးတေၾကာ္ျဖစ္ခဲ့ရေသးတယ္ဆိုပဲ၊ ထမန္းလူမ်ိဳးတစ္ေယာက္က လူစင္စစ္ကေန က်ားအျဖစ္ေျပာင္းၿပီး လက္စားေခ်ခဲ့တာကို စစ္ေဆးရင္း အဲဒီလူက သူ႔ကိုယ္သူက်ားအျဖစ္ ေျပာင္းျပခဲ့တယ္ဆိုပဲကြ”
“ဒါဆို အခုေတြ႕ေနတာကေရာ သမန္းက်ားလိုပဲေပါ့”
“ထမန္းလူမ်ိဳးေတြက အခုဆိုရင္ သိပ္ေတာင္က်န္မယ္မထင္ေတာ့ဘူးကြ၊ ၿပီးေတာ့ တို႔ဖက္နဲ႔လည္း ေဝးတယ္မဟုတ္လား၊ ငါထင္တာကေတာ့ ေမွာ္ပညာနဲ႔လုပ္ထားတဲ့၊ ေမွာ္က်ားမ်ားလား၊ ဒါမွမဟုတ္ နတ္က်ားရဲမ်ားလား၊ တစ္ခုခုေတာ့ တစ္ခုခုပဲ”
“ဒါဆို ဦးဘသာဘာဆက္လုပ္မလဲဗ်ာ”
“ေမာင္စံတို႔ကို ဆက္လႊတ္ထားရင္ ၾကာလာရင္ သူတို႔ဒုကၡျဖစ္မွာစိုးရိမ္ရတယ္ကြ၊ ဒီေတာ့ ဒီကိစၥမွာ ငါဝင္ပါရလိမ့္မယ္”
“ဟုတ္မွလည္းလုပ္ပါ ဦးဘသာရာ၊ ခုနကေတာင္မွ ဟင္းမ်ိဳးေတြ႕ၿပီးေတာ့ ဦးဘသာႀကီး မလႈပ္ႏိုင္ဘူးမဟုတ္လား”
“ေအး၊ အဲဒီကတည္းက ငါထင္ခဲ့တာပဲကြ၊ ဒီဟင္းမ်ိဳးဆင္းလာကတည္းက ငါ့စိတ္ထဲမွာ ထူးျခားတဲ့ေမွာ္ပညာတစ္ခုခုကို ခံစားမိတာပဲ၊ မေသခ်ာေသးလို႔ မေျပာေသးတာ၊ ခုနက ေမာင္စံတို႔ေျပာတာ နားေထာင္ၿပီးေတာ့မွ ဒီဟင္းမ်ိဳးက သာမန္မျဖစ္ႏိုင္ဘူးလို႔ သိလိုက္တာပဲ၊ တို႔ေတြ မနက္က်ရင္ ခရီးမဆက္ေသးဘူးကြာ၊ ေမာင္စံတို႔ဘာလုပ္မလဲဆိုတာကို ေစာင့္ၾကည့္ၾကတာေပါ့”
က်ဳပ္လည္း ေခါင္းညိတ္လိုက္တယ္၊ အဲဒီညက အိပ္တယ္ဆိုေပမယ့္ အိပ္လို႔ေတာင္မေပ်ာ္ပါဘူးဗ်၊ ေမွးခနဲအိပ္ေပ်ာ္သြားလိုက္ရင္ ညေနကေတြ႕ခဲ့တဲ့ က်ားမ်က္လုံးဝါဝါႀကီးေတြကို ျပန္ျမင္လာတာပဲ၊ ဒါနဲ႔ ေကာင္းေကာင္းအိပ္မေပ်ာ္ပါဘူးဗ်ာ၊ မနက္မိုးေသာက္ခါနီးေတာ့ အသံတစ္ခုကိုၾကားတယ္ဗ်။
“ထရိန္၊ ထရိန္” ဆိုတဲ့အသံက ေတာင္နံရံံေတြၾကားထဲမွာ ပဲ့တင္ထပ္ေနတယ္၊ ဒီအသံၾကားတာနဲ႔ မုဆိုးေမာင္စံံက သူ႔ဒူးေလးႀကီးကိုယူလိုက္ၿပီးေတာ့ ဒူးေလးကိုေျခတစ္ဖက္နဲ႔နင္းၿပီး အားနဲ႔ဆြဲယူတင္တယ္၊ ၿပီးေတာ့ ျမႇားတံထည့္ၿပီး အသင့္ျပင္ထားတာပဲ၊ ေဘးနားကကိုလွေဆြနဲ႔ ကိုေက်ာ္ၫြန႔္တို႔လည္း ငုတ္တုတ္ေကာက္ထိုင္လိုက္ၿပီးေတာ့ လွံေတြကိုင္လိုက္ၾကတယ္။
“အဲဒါ ဘာသံံလဲဗ်”
“က်ားတစ္တယ္ဆိုတာ အဲဒီအသံပဲဗ်”
“ထရိန္၊ ထရိန္နဲ႔အသံလား၊ က်ဳပ္ျဖင့္ အဲဒါငွက္တစ္မ်ိဳးေအာ္တယ္လို႔ ထင္ေနတာဗ်”
ဦးဘသာလည္း ငုတ္တုတ္ေကာက္ထိုင္ၿပီး
“လူမရဲရင္ဟစ္၊ က်ားမရဲရင္ တစ္တဲ့ကြ၊ ဒီအတိုင္းဆိုရင္ ဒီဟင္းမ်ိဳးက ငါတို႔ကိုတိုက္ခိုက္ဖို႔ မရဲဝံံ့တဲ့ပုံပဲ၊ ေမာင္စံထင္သလို ေတာေျပာင္းေျပးေတာ့မွာမ်ားလား”
ေမာင္စံက ေခါင္းညိတ္ရင္း
“ျဖစ္ႏိုင္တယ္ဦးေလး၊ ကဲ ဦးေလးတို႔လည္း သြားစရာရွိတာသြားၾကေတာ့၊ အသံက ဟိုဖက္ေတာင္ေၾကာေပၚကလာတာဆိုေတာ့ က်ဳပ္တို႔လည္း ဒီေကာင့္အေနာက္ လိုက္အုံးမယ္ဗ်ာ”
က်ဳပ္လည္း ေမာင္စံတို႔နဲ႔လိုက္မယ္လို႔ေျပာခ်င္ေပမယ့္ ဘာေၾကာင့္မွန္းမသိဘဲ ဦးဘသာက က်ဳပ္လက္ကိုပုတ္ၿပီးတားတယ္ဗ်၊ ဒါနဲ႔က်ဳပ္လည္း ရပ္လိုက္ရတာေပါ့ဗ်ာ၊ ေမာင္စံတို႔သုံးေယာက္က အိုးေတြခြက္ေတြသိမ္းဆည္းၿပီး ဂုန္နီအိတ္ေတြလြယ္ၿပီးေတာ့ က်ားသံၾကားတဲ့အေနာက္ကို လိုက္သြားေတာ့တာပဲဗ်ာ၊ က်ဳပ္နဲ႔ဦးဘသာပဲ က်န္ခဲ့ေတာ့တာေပါ့ဗ်။
(၃)
“ဦးဘသာ၊ က်ဳပ္တို႔ဘယ္လိုဆက္လုပ္မလဲ”
“မပူပါနဲ႔ကြာ၊ တို႔မွာႏြားေတြရွိသားပဲ အဲဒီက်ား ငါတို႔ဆီကိုလာလိမ့္မယ္”
“ဟာဗ်ာ၊ ဦးဘသာကလည္း မုဆိုးေမာင္စံကေျပာဖူးတယ္မဟုတ္လား၊ က်ားကို က်ားလို႔မေခၚပါနဲ႔ဆို”
“ဟ အလတ္ေကာင္ရ၊ ငါတို႔က က်ားရန္ကေၾကာက္လို႔မွ မဟုတ္တာပဲကြ၊ က်ားကို ငါတို႔ဆီလာေစခ်င္တာပဲမဟုတ္လား၊ ေျပာေတာ့ဘာျဖစ္လဲ၊ က်ားေရ၊ ေဟ့က်ား၊ တို႔ဆီလာခဲ့ပါကြ၊ ဒီမွာႏြားကိုးေကာင္ေတာင္ရွိေသးသကြ”
ဦးဘသာက ရယ္က်ဲက်ဲနဲ႔ေျပာတယ္၊ က်ဳပ္လည္း ဦးဘသာရွိလို႔သာမေၾကာက္တာ စိတ္ထဲခပ္လန႔္လန႔္ပဲဗ်ိဳ႕၊ ဒါနဲ႔ က်ဳပ္တို႔လည္း လမ္းအတိုင္းဆက္လိုက္လာခဲ့တာေပါ့ဗ်ာ၊ ေတာင္တစ္ဝက္ေလာက္ေရာက္ေတာ့ ေ႐ႊတဆင္႐ိုးက ေကာသြားၿပီးေတာ့ ေက်ာက္သားထူထူနဲ႔ လွည္းလမ္းပဲက်န္ရစ္ေတာ့တာ၊ သစ္ပင္တစ္ပင္နားေရာက္ေတာ့ လူတစ္ရပ္အျမင့္ေလာက္ေနရာမွာ ပ်ဥ္ျပားတစ္ျပားခ်ိတ္ဆြဲထားသဗ်၊ ပ်ဥ္ျပားမွာေတာ့ ေပေတာ႐ြာသို႔ဆိုၿပီး ထုံးျဖဴနဲ႔ မညီမညာေရးထားတာေတြ႕ေတာ့ က်ဳပ္တို႔လာတဲ့လမ္း မွန္ေနၿပီဆိုၿပီး ေတြးမိတာေပါ့ဗ်ာ။
အေရွ႕ကိုသာေလွ်ာက္ေနရတယ္၊ က်ဳပ္ျဖင့္ ပတ္ဝန္းက်င္တစ္ခုလုံးကို က်ီးကန္းေတာင္းေမွာက္လိုက္ၾကည့္ေနရတယ္ဗ်ာ၊ မၾကာပါဘူး၊ က်ဳပ္တို႔ေဘးနားက ေတာင္ကမူေလးတစ္ခုေပၚမွာ ေျခသံၾကားတယ္ဗ်၊ သစ္႐ြက္ေျခာက္ေတြနင္းတဲ့အသံပဲ၊ က်ဳပ္ျဖတ္ခနဲလွည့္္ၾကည့္လိုက္ေတာ့ ဘာမွမရွိဘူးဗ်၊ ဒါေပမယ့္ ႏြားေတြကေတာ့ ရႉးရႉးရွဲရွဲျဖစ္လာတယ္။ သူတို႔သဘာဝအရ က်ားလာၿပီဆိုတာ သိတဲ့ပုံပါပဲဗ်ာ။
“ဦးဘသာေရ က်ားႀကီးလာၿပီဗ်”
က်ဳပ္ေျပာလို႔မွ မဆုံးေသးဘူးဗ်ာ၊ က်ားက က်ဳပ္ရဲ႕တစ္ဖက္ကေန လႊားခနဲခုန္ခ်လာၿပီးေတာ့ က်ဳပ္တို႔ေမာင္းလာတဲ့ ႏြားေတြဆီကိုခုန္ဝင္လိုက္တာပဲ၊ ႏြားတစ္ေကာင္ရဲ႕ေနာက္ေျခကို ကိုက္ခဲဖို႔ျပင္ေတာ့ ဦးဘသာက က်ားကိုလက္ညႇိဳးထိုးလိုက္တယ္။
“ေဟ့က်ားရပ္လိုက္စမ္း”
က်ားက အေနာက္ကိုခုန္ဆုတ္သြားတယ္ဗ်၊ ၿပီးေတာ့ ဦးဘသာကိုၾကည့္ၿပီး ဟိန္းေဟာက္တယ္၊ က်ားဟိန္းသံႀကီးက ေတာႀကီးတစ္ခြင္ ဟိန္းထြက္သြားတာေပါ့ဗ်ာ၊ က်ားက က်ဳပ္တို႔ေၾကာက္သြားေအာင္ဆိုၿပီး ဟိန္းလိုက္တယ္ထင္ပါတယ္၊ ဦးဘသာက မၿဖဳံတဲ့အျပင္ က်ားကိုလက္ညႇိဳးထိုးၿပီးေတာ့ စက္ေတြလွမ္းပစ္တယ္ဗ်၊ က်ားကလည္း ေတာ္ေတာ္လွ်င္ျမန္တာပဲဗ်ာ၊ ကြၽမ္းထိုးၿပီးေရွာင္တာမ်ား ေၾကာင္အတိုင္းပဲ၊ ေနာက္ေတာ့ ခပ္လွမ္းလွမ္းကိုခုန္ဆင္းလိုက္ၿပီးေတာ့
“နင္တို႔မေသခ်င္ရင္ အခုထြက္သြားၾက”
က်ားက လူစကားေျပာတာဗ်၊ ေျပာတာမွ မိန္းကေလးအသံလို စူးရွရွဗ်၊ ဦးဘသာက ခါးေထာက္ၿပီး
“ေအာင္မယ္၊ နင္ကမ်ားငါ့ကိုစိန္ေခၚေနေသးတယ္၊ နင္လုပ္ရဲရင္ လုပ္လိုက္စမ္း”
က်ားက ဦးဘသာကို လွမ္းခုန္အုပ္တယ္ဗ်၊ လက္သည္းႀကီးေတြကလည္း ေတာ္ေတာ္ထက္တာပဲဗ်ာ၊ ဦးဘသာအေပၚကိုလွမ္းအခုန္မွာ ဦးဘသာက ျဖတ္ခနဲေပ်ာက္သြားတာပဲ၊ က်ားက ဘာမွမရွိတဲ့ ေျမႀကီးေပၚကိုက်တာေပါ့ဗ်ာ၊ ဦးဘသာက အဲဒီေနရာနဲ႔ ေလးငါးေပေလာက္အကြာ သစ္ပင္တစ္ပင္အနားမွာသြားေပၚတယ္ဗ်။
“ဟား၊ ဟား က်ားတဲ့ ေႏွးလိုက္တဲ့က်ား”
က်ားကစိတ္တိုသြားၿပီးေတာ့ လႊားခနဲလွမ္းခုန္ျပန္တယ္ဗ်ာ၊ ဦးဘသာကို ဘယ္ဖက္လက္သည္းနဲ႔လွမ္းကုပ္ပါေရာ၊ ဦးဘသာက ျဖတ္ခနဲေပ်ာက္သြားေတာ့ အေနာက္ကသစ္ပင္ကိုကုပ္မိတယ္ဗ်ာ၊ လူႀကီးေပါင္လုံးေလာက္ရွိတဲ့ သစ္ပင္ႀကီးကို က်ားကကုတ္မိၿပီးေတာ့ သစ္ပင္အေခါက္ေတြက ဖြာထြက္ကုန္တယ္ဗ်၊ သစ္ပင္မွာလည္း က်ားလက္သည္းရာႀကီး က်န္ခဲ့တာေပါ့။
“အလကားက်ား၊ နင္က က်ားေတာ့က်ားပဲ၊ ဒါေပမယ့္ ဖြတ္က်ား”
ဦးဘသာက က်ားအၿမီးအနားမွာေပၚတယ္ဗ်၊ က်ားက ေစြ႕ခနဲလွည့္ၿပီး လက္နဲ႔လွမ္းပုတ္ထည့္လိုက္တာ၊ ျမန္ခ်က္ကေတာ့ လက္လန္တယ္ဗ်ာ၊ က်ဳပ္ေတာ့ ဦးဘသာေရွာင္ႏိုင္မွာမဟုတ္ဘူးလို႔ထင္ၿပီး ရင္ထဲဟာခနဲျဖစ္သြားတာ၊ ဦးဘသာကေပ်ာက္သြားၿပီးေတာ့ ခပ္လွမ္းလွမ္းမွာ သြားျပန္ေပၚပါေရာ၊ က်ားႀကီးက ဦးဘသာကိုမၾကည့္ေတာ့ဘဲ သူ႔အေရွ႕နားမွာ မတ္တပ္ႀကီးရပ္ေနတဲ့ က်ဳပ္ကိုမ်က္လုံးဝါဝါႀကီးေတြနဲ႔ စိုက္ၾကည့္လိုက္တယ္၊ က်ဳပ္လည္း ေျပးရမယ္ဆိုတာ သိလိုက္ၿပီဗ်၊ က်ားက ဦးဘသာကိုမႏိုင္ေတာ့ က်ဳပ္ဘက္ကိုလွည့္လာၿပီေပါ့၊ က်ဳပ္လည္း လွည့္ေျပးဖို႔လုပ္ေပမယ့္ ေျခေထာက္ေတြက ေျမႀကီးနဲ႔ကပ္ေနသဗ်၊ ႂကြလို႔ကိုမရဘူး၊ က်ားႀကီးက ကိုယ္ကိုတစ္ခ်က္ဝပ္လိုက္ၿပီးေတာ့ က်ဳပ္အေပၚကို လႊားခနဲခုန္အုပ္ပါေရာဗ်ာ၊
သူ႔လက္သည္းႀကီးေတြဆိုရင္ ေနေရာင္ေအာက္မွာ ဝင္းလက္ေနပါေရာ၊ က်ားႀကီးက က်ဳပ္ေခါင္းကို သူ႔လက္နဲ႔ပုတ္ခ်လိုက္တယ္၊ ဒါေပမယ့္ က်ဳပ္ဆံပင္ကိုထိတယ္ဆိုရင္ပဲ ေလထဲမွာတန္းလန္းႀကီးရပ္သြားတယ္ဗ်၊ ေျခကားယား လက္ကားယားႀကီးနဲ႔ ေလေပၚမွာတန႔္ေနတာ၊ ဦးဘသာက က်ဳပ္အနားကိုဆင္းလာၿပီးေတာ့ ရယ္ေတာ့တာပဲဗ်ာ။
“ဟား၊ ဟား နင့္ေလာက္ကေတာ့ ငါလည္တာေပါ့ က်ားမရဲ႕၊ နင္ငါ့ကိုမႏိုင္ရင္ သူ႔ဘက္လွည့္မယ္ဆိုတာ ငါကႀကိဳတင္သိၿပီးသား”
က်ားမတဲ့ဗ်ာ၊ က်ဳပ္လည္းအခုမွ ေသခ်ာၾကည့္ေတာ့ သိုမပါတဲ့က်ားႀကီးဗ်၊ က်ားမက ရပ္ေနေပမယ့္ မ်က္လုံးႀကီးေတြကေတာ့ လႈပ္ေနသား၊ က်ဳပ္ျဖင့္ ေၾကာက္ေၾကာက္နဲ႔အေနာက္ဆုတ္လိုက္တယ္။
“မထိတ္သာမလန႔္သာရွိလိုက္တာ ဦးဘသာရာ၊ ဒီလက္သည္းႀကီးေတြနဲ႔ က်ဳပ္ေခါင္းကိုပုတ္မိလို႔ကေတာ့ က်ဳပ္ျဖင့္ ဦးေႏွာက္ေတြ အေထြးလိုက္ထြက္သြားမွာဗ်”
“မပူပါနဲ႔အလတ္ေကာင္ရ၊ သူမင္းကိုထိလို႔မရပါဘူး၊ မင္းရဲ႕အသားကိုမေျပာနဲ႔ မင္းကိုယ္က ဆံခ်ည္တစ္မွ်င္ေတာင္မွ ထိလို႔မရပါဘူး၊ ထိတာနဲ႔ ဘာျဖစ္သြားတယ္ဆိုတာ မင္းျမင္တယ္မဟုတ္လား”
ဒါေပမယ့္ က်ဳပ္ရင္ေတြကေတာ့ တဒိန္းဒိန္းခုန္ေနဆဲေပါ့ဗ်ာ၊ ဦးဘသာက က်ားမရဲ႕မ်က္ႏွာအနားကပ္ၿပီးေတာ့ က်ားမရဲ႕နဖူးကိုလက္ညႇိဳးနဲ႔ေထာက္ၿပီး
“ဟဲ့ က်ားမ၊ နင့္ရဲ႕ပုံစံအမွန္ကိုျပဟဲ့”
အဲဒီလိုေျပာလိုက္တာနဲ႔ က်ားမက အဝတ္အစားမပါတဲ့ မိန္းမတစ္ေယာက္ျဖစ္သြားတာပဲဗ်ာ၊ အသက္က သုံးဆယ္ေလာက္ပဲထင္တယ္၊ ရွမ္းမလိုလို၊ ကခ်င္မလိုလိုမိန္းကေလးဗ်၊ အသားက ခပ္ျဖဴျဖဴပဲ၊ မ်က္ႏွာေပါက္ကလည္း တိုင္းရင္းသားလို မ်က္ႏွာေပါက္ပဲ၊ သူ႔ေက်ာကုန္းမွာေတာ့ က်ားသားေရတစ္ခုကို စူပါမင္းဝတ္႐ုံလိုလည္ပင္းမွာပတ္ထားတယ္ဗ်။ က်ဳပ္ျဖင့္ သူ႔ကိုၾကည့္ၿပီးရွက္သြားတာပဲဗ်ာ၊ ဦးဘသာလည္း မိန္းကေလးျမင္ေတာ့ စိတ္ေလ်ာ့လိုက္ၿပီးေတာ့ နဖူးကိုလက္ညႇိဳးနဲ႔ေတာက္လိုက္တာနဲ႔ အဲဒီမိန္းကေလးက ေျမေပၚကိုဖုန္းခနဲျပဳတ္က်လာတာပဲဗ်ာ၊ ေအာက္ေရာက္ေတာ့ က်ားသားေရကိုဆြဲယူၿပီး သူ႔ကိုယ္ကိုဖုံးထားတယ္။
“ေျပာစမ္း မိန္းကေလး၊ မင္းဘာေၾကာင့္ ႏြားေတြခိုးစားေနရတာလဲ”
“က်ဳပ္အေၾကာင္းနဲ႔က်ဳပ္ ရွိလို႔ေပါ့ေတာ္”
“ေအာင္မယ္၊ ငါ့ကိုမ်ား ေလသံမာမာနဲ႔ေျပာေနေသးတယ္”
ဦးဘသာက လက္ေျဖာက္တီးလိုက္ေတာ့ အဲဒီမိန္းကေလးက နားႏွစ္ဖက္ကိုလက္နဲ႔ပိတ္ၿပီး ေျမႀကီးမွာလူးလြန႔္ေနတာပဲဗ်ာ၊ ေတာ္ေတာ္ေခါင္းကိုက္ေနတဲ့ပုံစံပဲဗ်၊ ေနာက္ေတာ့မွ
“ေတာ္ပါေတာ့၊ ေတာ္ပါေတာ့ရွင္၊ ကြၽန္မကိုလႊတ္ေပးပါေတာ့”
“ဒါဆို နင့္အတတ္ကိုနင္ဆင္ျခင္၊ ေနာက္ဆို က်ားပုံစံေျပာင္းၿပီး ႏြားေတြကိုခိုးစားေနအုံးမလား”
“မရလို႔ပါရွင္၊ က်ဳပ္အတြက္ ႏြားေတြလိုအပ္လို႔ပါ”
“ေအာင္မယ္၊ ေျပာေနတာေတာင္မွ ေခါင္းမာေနေသးတယ္၊ ငါလုပ္လိုက္ရ”
မိန္းကေလးက ဦးဘသာကို ကန္ေတာ့ရင္း ငိုေတာ့တာပဲဗ်ာ၊ က်ဳပ္ေတာင္မွ သနားသြားေသးတယ္၊ အဝတ္အစားမဲ့ျဖစ္ေနတဲ့မိန္းကေလးကို က်ဳပ္အိတ္ထဲက ပုဆိုးတစ္ထည္ထုတ္ၿပီးေတာ့ ေျပးၿခဳံေပးလိုက္တာေပါ့ဗ်ာ။
“ေတာ္ပါေတာ့ ဦးဘသာရာ၊ သူ႔ကိုမႏွိပ္စက္ပါနဲ႔ေတာ့”
“ဟ၊ မႏွိပ္စက္လို႔ရမလားကြ၊ သူက တို႔ႏြားတစ္ေကာင္ကို စားထားတာကြ၊ အခုလည္း ဒီေလာက္ေျပာဆိုေနတာေတာင္မွ ေခါင္းမာေနေသးတယ္”
က်ဳပ္က မိန္းကေလးကိုၾကည့္လိုက္ရင္း
“ေဟ့၊ ခင္ဗ်ားလည္းေတာ္ေတာ့ေလဗ်ာ၊ ခင္ဗ်ား အင္းေျခ႐ြာမွာ ႏြားသုံးေကာင္စားၿပီးၿပီမဟုတ္လား၊ မေန႔ကလည္း က်ဳပ္တို႔ႏြားတစ္ေကာင္ကို စားၿပီးၿပီ၊ ခင္ဗ်ားေတာ္ေတာ္အစားပက္စက္တဲ့ လူပဲ၊ ေတာင္းပန္လိုက္၊ ဦးဘသာကိုေတာင္းပန္ၿပီး၊ ေနာက္မလုပ္ေတာ့ပါဘူးလို႔ ကတိေပးလိုက္ဗ်ာ”
မိန္းကေလးက ေခါင္းခါတယ္။
“ေတြ႕လားအလတ္ေကာင္၊ ဒီေကာင္မေလးက ေခါင္းသိပ္မာတာပဲကြာ၊ ကဲ နင္ဆက္ၿပီးေခါင္းမာေနမယ္ဆိုရင္ နင့္ရဲ႕ပညာႀကိဳးေတြအကုန္လုံး ငါျဖတ္ပစ္မယ္ဟဲ့”
“ဒီလိုေတာ့မလုပ္ပါနဲ႔ရွင္၊ က်ဳပ္လုပ္ေနရတာ က်ဳပ္အတြက္မဟုတ္ပါဘူး”
ဦးဘသာက မ်က္ေမွာင္ၾကဳတ္သြားၿပီးေတာ့
“ဒါဆို နင့္အေနာက္မွာ ဘယ္သူရွိေသးသလဲ မွန္မွန္ေျပာစမ္း”
မိန္းကေလးက အေတာ္ၾကာေအာင္စဥ္းစားေနတယ္ဗ်။
“ေျပာေလ၊ ေၾကာက္မေနနဲ႔၊ တကယ္လို႔ တစ္ေယာက္ေယာက္က နင့္ကိုၿခိမ္းေျခာက္ၿပီးေတာ့ အၾကပ္ကိုင္ေနတယ္ဆိုရင္ အဲဒီလူကိုပါ ငါရွင္းေပးမယ္”
မိန္းကေလးက ဦးဘသာစကားကိုၾကားေတာ့ အံ့ၾသသြားတယ္ဗ်။
“ဘယ္လိုေျပာလိုက္တာလဲ ဦးႀကီး”
ဦးဘသာက အနားကိုတိုးကပ္လာရင္း
“နင္ဘာေၾကာင့္ဒီလိုလုပ္ေနရတယ္၊ ဘာအခက္အခဲရွိသလဲဆိုတာ ငါသိခ်င္တယ္၊ ငါတို႔က နင့္ကိုရန္ျပဳခ်င္လို႔မဟုတ္ဘူး၊ ေျပာ၊ နင့္ရဲ႕အျဖစ္ေတြကို အကုန္ေျပာျပ”
မိန္းကေလးက ေဘးဘီကိုၾကည့္လိုက္ရင္း
“ဒီေနရာက လမ္းဆိုေတာ့ ေျပာလို႔မသင့္ပါဘူးရွင္၊ က်ဳပ္အေနာက္လိုက္ခဲ့ၾကပါ”
ဦးဘသာက မိန္းကေလးကိုလက္ညႇိဳးထိုးၿပီး
“ေအး၊ နင္ဉာဏ္မ်ားမယ္ေတာ့ မႀကံနဲ႔ေနာ္”
“မလုပ္ဝံ့ပါဘူးဦးႀကီးရယ္၊ ခုနကတည္းက ဦးႀကီးဘယ္ေလာက္စြမ္းတယ္ဆိုတာ က်ဳပ္သိၿပီးသားပါ၊ က်ဳပ္မလုပ္ဝံ့ပါဘူး”
မိန္းကေလးက ေထာ့နဲ႔ ေထာ့နဲ႔နဲ႔ ေတာင္ေပၚတက္သြားတယ္ဗ်၊ ဘယ္ဘက္ေျခခုံမွာေတာ့ အနာေပါက္ႀကီးတစ္ခုဗ်၊ က်ဳပ္အထင္ မေန႔က မုဆိုးေမာင္စံရဲ႕ ဒူးေလးျမႇားဒဏ္ရာျဖစ္မယ္။ ဦးဘသာက သူ႔အေနာက္လိုက္သြားတာနဲ႔ က်ဳပ္လည္း ႏြားေတြကိုတစ္ေနရာမွာခ်ည္ခဲ့ၿပီးေတာ့ သူတို႔အေနာက္ေျပးလိုက္ခဲ့တာပဲဗ်ာ၊ ေတာင္ကိုတက္ရင္း ေတာင္ကမက္ေစာက္သြားတယ္ဗ်၊ ေနာက္ေတာ့ ေတာင္ခ်ိဳင့္ၾကားတစ္ခုကိုဆင္းသြားတယ္၊ အဲဒီေနရာမွာ ေတာင္ကႏွစ္ျခမ္းကြဲၿပီး ပက္ၾကားအက္သလိုျဖစ္ေနတာဗ်၊ မတ္တာလည္း ေတာ္ေတာ္မတ္တယ္၊ က်ဳပ္တို႔ေတာင္မနည္း ကုပ္ဖက္ၿပီးဆင္းရတယ္၊ သာမန္လူဆိုရင္ေတာ့ ဒီေတာင္ခ်ိဳင့္ၾကားကို ဆင္းမယ့္ပုံမေပၚဘူးဗ်၊ ေအာက္ေရာက္ေတာ့ ဂူေပါက္ဝတစ္ခုကိုျမင္ေတြ႕လိုက္ရပါေရာဗ်ာ။
“ဒါနင္ ေနတဲ့ေနရာလား”
မိန္းကေလးက ေခါင္းညိတ္ၿပီးေတာ့ အထဲကိုဝင္ဖို႔လုပ္တယ္၊ ဂူေပါက္ဝအနားေရာက္တာနဲ႔
“အႏု၊ အႏု ျပန္လာတာလား”
အထဲက ကေလးတစ္ေယာက္ အသံၾကားရတယ္ဗ်၊ ၿပီးေတာ့ ကေလးက ဂူထဲကေန ဖင္တ႐ြတ္ဆြဲၿပီးထြက္လာတာပဲဗ်ာ။ က်ဳပ္ျဖင့္ ဒီေကာင္ေလးကိုျမင္ေတာ့ စိတ္မေကာင္းျဖစ္သြားတာ၊ ေကာင္ေလးက ပိန္ပိန္လွီလွီကေလးနဲ႔ ေျခေထာက္ေအာက္ပိုင္းႏွစ္ေခ်ာင္းက လိမ္က်စ္ၿပီး ေကာက္ေကြးေနပါေရာဗ်ာ၊ လက္တစ္ဖက္ကလည္း ေခြေနေသးတယ္၊ လမ္းသြားတာေတာင္မွ လက္တစ္ဖက္အားနဲ႔ယူၿပီးသြားရတာ၊ က်ဳပ္နဲ႔ဦးဘသာကိုေတြ႕ေတာ့ လန႔္သြားတယ္ထင္ပါရဲ႕ဗ်ာ၊ သူ႔အေမအနားကို ကပ္သြားတာနဲ႔ ဟိုမိန္းကေလးက ထိုင္ၿပီးေတာ့ ေကာင္ေလးကိုေပြ႕ဖက္လိုက္တယ္။ ေကာင္ေလးက ငါးႏွစ္ေလာက္ေတာ့ရွိမယ္ထင္တယ္ဗ်။
“အႏု၊ အဲဒါဘယ္သူလဲ”
“အဲဒီ အႀကီးေတြက အႏုတို႔ကို ကူညီမယ့္လူေတြပါ၊ ရန္သူေတြမဟုတ္ပါဘူး”
က်ဳပ္လည္း အေရွ႕ကိုတိုးလိုက္ၿပီး
“ငါတို႔ကိုမေၾကာက္ပါနဲ႔ကေလးရာ၊ ဒါနဲ႔၊ သူက ခင္ဗ်ားရဲ႕သားလား”
မိန္းကေလးက ေခါင္းညိတ္ၿပီးေတာ့
“က်ဳပ္နာမည္ ခြန္ဂ်ာလို႔ေခၚပါတယ္၊ ဟိုးအထက္ဘက္ကလာခဲ့တာပါ”
ဦးဘသာက အနားကိုကပ္လာၿပီးေတာ့
“အေဝးႀကီးကေန ဒီကိုဘာလာလုပ္တာလဲ”
“က်ဳပ္တို႔မ်ိဳးႏြယ္ေတြက လူအျဖစ္ကေန က်ားအျဖစ္ကိုေျပာင္းလဲႏိုင္တဲ့ ေမွာ္ပညာကိုလက္ဆင့္ကမ္းၿပီး သင္ယူရတဲ့မ်ိဳးႏြယ္ပါ၊ မ်ိဳးႏြယ္တစ္စုလုံးမွာ သားအႀကီးဆုံးျဖစ္သူရဲ႕မ်ိဳးဆက္က လူတစ္ေယာက္ကပဲ ဒီပညာကို မတိမ္ေကာ မပေပ်ာက္ေအာင္လို႔ လက္ဆင့္ကမ္းသင္ယူရပါတယ္”
“က်ဳပ္နားလည္ၿပီ၊ ဒါဆိုခင္ဗ်ားက ဒီေမွာ္ပညာကို ခင္ဗ်ားရဲ႕သားကို သင္ေပးဖို႔ေပါ့၊ ဟုတ္တယ္မဟုတ္လား”
ခြန္ဂ်ာက ေခါင္းညိတ္ၿပီးေတာ့
“မွန္ပါတယ္၊ က်ဳပ္တို႔မ်ိဳးႏြယ္မွာ အႀကီးဆုံးျဖစ္တဲ့ က်ဳပ္အေဖက ဒီပညာကိုသင္ယူခဲ့ရပါတယ္၊ အေဖက သားသမီးေတြေမြးခဲ့ေပမယ့္ က်ဳပ္တစ္ေယာက္တည္းသာ အဖတ္တင္ပါတယ္၊ ဒါေၾကာင့္ က်ဳပ္က အေဖ့ရဲ႕အေမြကို လက္ဆင့္ကမ္းသင္ယူခဲ့ရပါတယ္”
“ဒါဆိုရင္ ခင္ဗ်ားရဲ႕သားကို ခင္ဗ်ားက လက္ဆင့္ကမ္းေပးရမယ္မဟုတ္လား”
ခြန္ဂ်ာက ေခါင္းညိတ္တယ္၊ က်ဳပ္လည္း ေကာင္ေလးအနားကိုကပ္သြားၿပီးေတာ့
“ဒါနဲ႔ ခင္ဗ်ားသားက ဒီလိုျဖစ္တာၾကာၿပီလား”
“ေမြးတုန္းကေတာ့ အေကာင္းပါ၊ ဒါေပမယ့္ ေမြးၿပီး ေျခာက္လေလာက္အၾကာမွာ အ႐ိုးေတြေပ်ာ့ကုန္ၿပီး အခုျမင္ရတဲ့အတိုင္းပါပဲရွင္”
ခြန္ဂ်ာက သူ႔သားကိုဖက္ၿပီးငိုတယ္ဗ်၊ သူ႔သားကလည္း အေမျဖစ္သူငိုေတာ့ ေရာေယာင္ၿပီးလိုက္ငိုပါေရာဗ်ာ၊ က်ဳပ္လိုေယာက္်ားရင့္မႀကီးေတာင္မွ သူတို႔ငိုတာၾကည့္ၿပီး ရင္ထဲတစ္ဆို႔ဆို႔ႀကီးျဖစ္လာတယ္။ ဦးဘသာက သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီးေတာ့
“ဒါဆို နင့္သားကို က်ားေမွာ္သြင္းေပးဖို႔အတြက္ ႏြားေတြကိုလိုအပ္တာေပါ့၊ ဒီလိုလား”
“ဟုတ္ပါတယ္၊ တကယ္လို႔မ်ား က်ားေမွာ္ေအာင္ျမင္သြားရင္ က်ဳပ္သားကေလးမ်ား ေျခေတြလက္ေတြျပန္ေကာင္းသြားမလားဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ က်ားေမွာ္သြင္းေပးတာပါ”
က်ဳပ္လည္း ခြန္ဂ်ာခံစားခ်က္ကို ကိုယ္ခ်င္းစာမိပါတယ္၊ ဒုကၡိတျဖစ္ေနတဲ့ သားသမီးကို ျပန္ေကာင္းေစခ်င္တာကေတာ့ မိဘတိုင္းရဲ႕ ေမွ်ာ္လင့္ခ်က္ပဲမဟုတ္လား၊ ဒီလိုအခ်ိန္မွာ ေကာက္႐ိုးတစ္မွ်င္ျဖစ္ျဖစ္ေတာ့ အားကိုးရာ ရွာမိမွာပဲေလ။
“ဒါဆိုရင္ က်ားျဖစ္သြားရင္ သူ႔ရဲ႕ေျခေတြလက္ေတြ ျပန္ေကာင္းသြားႏိုင္တယ္ဆိုတဲ့သေဘာေပါ့၊ ဟုတ္တယ္မဟုတ္လား မခြန္ဂ်ာ”
“ဒါေတာ့ က်ဳပ္လည္းမသိေသးဘူး၊ ဒါေပမယ့္ အေဖတို႔ေျပာဖူးတာကေတာ့ လူဘဝမွာ မစြမ္းရင္ေတာင္မွ က်ားဘဝမွာစြမ္းႏိုင္ေသးတယ္လို႔ေျပာဖူးတယ္၊ ဒီစကားကိုေထာက္ရင္ က်ဳပ္သားေလး က်ားျဖစ္ရင္ သန္သန္စြမ္းစြမ္းျပန္ျဖစ္မယ္ဆိုတဲ့ အဓိပၸါယ္မဟုတ္လား”
ဦးဘသာလည္း ေခါင္းညိတ္တယ္။
“ဒါဆို ႏြားဘယ္ႏွေကာင္လိုသလဲ”
“က်ားျဖစ္ဖို႔အတြက္က ေမွာ္ပညာလည္းလိုတဲ့အျပင္ လူသားတစ္ေယာက္ျဖစ္ေပမယ့္ သားရဲေကာင္တစ္ေယာက္ရဲ႕ အတြင္းစိတ္မ်ိဳးျဖစ္ေအာင္ သြင္းေပးဖို႔ကလည္းအေရးႀကီးတယ္ ဦးႀကီး၊ လတ္လတ္ဆတ္ဆတ္အသားစိမ္း၊ ေသြးစိမ္းကို စားေသာက္ၿပီး ဆာေလာင္မြတ္သိပ္လာတဲ့အခါမွာ သားရဲတစ္ေကာင္ရဲ႕စိတ္႐ိုင္းဝင္လာတတ္တယ္၊ သူစိတ္႐ိုင္းဝင္ေတာ့မွ ေဟာဒီေမွာ္ပညာသြင္းထားတဲ့ က်ားေရကိုၿခဳံၿပီး က်ားအျဖစ္ကူးေျပာင္းႏိုင္မွာ ဦးႀကီး”
“ေအးပါ၊ နင့္ကိုငါအျပစ္မတင္ပါဘူး၊ ဒါနဲ႔ နင္ကေတာထဲေတာင္ထဲမွာ သြားမက်င့္ဘဲ ဒီေနရာကိုေခၚလာတာလဲ၊ ဒီကိုဘယ္လိုေရာက္လာတာလဲ”
“က်ဳပ္ေယာက္်ားက က်ဳပ္ကိုေခၚလာခဲ့တာပါ”
“အခုသူဘယ္ေရာက္သြားၿပီလဲ”
ဦးဘသာေမးေတာ့ ခြန္ဂ်ာက ေခါင္းခါတယ္။
“ဘယ္ေရာက္သြားမွန္းမသိပါဘူးရွင္၊ က်ဳပ္တို႔သားအမိကို အင္းေျခ႐ြာမွာ အပ္ထားခဲ့ၿပီးေတာ့ သူနဲ႔သူ႔အေဖနဲ႔ တစ္ေနရာကိုထြက္သြားၾကတာပါပဲ၊ အရင္ကေတာ့ တစ္လတစ္ခါေလာက္ေတာ့ စားစရာေတြ၊ ပိုက္ဆံေငြေၾကးေတြ လာေပးပါတယ္၊ အခုက သူမလာတာ ၾကာခဲ့ပါၿပီ၊ က်ဳပ္တို႔လည္း စားစရာ ေသာက္စရာမဲ့သြားတဲ့အခ်ိန္၊ က်ဳပ္လည္း သားရဲေကာင္စိတ္ဓါတ္ ျပင္းျပလာတဲ့အခ်ိန္မွာ စားစရာအသားစိမ္းမရွိတာနဲ႔၊ အင္းေျခ႐ြာက ႏြားေတြကိုဆြဲမိပါတယ္”
“ခင္ဗ်ားဆြဲတာ ကိုေက်ာ္ၫြန႔္ႏြားေတြမဟုတ္လား”
“ဟုတ္ပါတယ္၊ ကိုေက်ာ္ၫြန႔္အိမ္မွာ က်ဳပ္တို႔တည္းခိုၾကတာပါ”
က်ဳပ္လည္း ဒီေတာ့မွ သေဘာေပါက္ၿပီ။
“ေပါက္ၿပီ၊ ေပါက္ၿပီ၊ လတ္စသတ္ေတာ့ ဒီလိုကိုးဗ်၊ ဒါေၾကာင့္ ကိုေက်ာ္ၫြန႔္ ၿခံဝိုင္းထဲကို က်ားကေရာက္ေနတာကိုး၊ က်ဳပ္အခုမွပဲ နားလည္ေတာ့တယ္၊ ကိုေက်ာ္ၫႊန႔္ကို က်ဳပ္အကဲခတ္ၾကည့္ရသေလာက္က သူကလူေကာင္းပါဗ်၊ ခင္ဗ်ားဗ်ာ၊ ကိုယ္တည္းခိုတဲ့အိမ္ကလူကို ျပန္ဒုကၡေပးတယ္ဆိုေတာ့ မလြန္လြန္းဘူးလား”
ခြန္ဂ်ာတစ္ေယာက္ ေတြေဝသြားတယ္ဗ်။
“ကိုေက်ာ္ၫြန႔္က ေကာင္းပါတယ္ရွင္၊ မေကာင္းတာက သူ႔မိန္းမပါ၊ က်ဳပ္တို႔ေငြေၾကးေပးႏိုင္တုန္းကေတာ့ က်ဳပ္တို႔သားအမိအေပၚခ်ိဳသာေပမယ့္ ေငြေၾကးမေပးႏိုင္တဲ့အခါက်ေတာ့ က်ဳပ္တို႔သားအမိကို ေမာင္းထုတ္ခ်င္လာပါတယ္၊ ၿပီးေတာ့ အႏုနည္းနဲ႔ က်ဳပ္သားေလးကို အမ်ိဳးမ်ိဳး ႏွိပ္စက္ပါတယ္”
က်ဳပ္နဲ႔ဦးဘသာနဲ႔ ၿပိဳင္တူသက္ျပင္းခ်လိုက္မိတယ္။
“ေအး၊ ေကာင္းၿပီ၊ နင္တို႔သားအမိ ဒီမွာမေနနဲ႔ေတာ့၊ တို႔နဲ႔လိုက္ခဲ့၊ နင့္သားကို ငါကုေပးမယ္”
ဦးဘသာေျပာေတာ့ ခြန္ဂ်ာက မ်က္လုံးအျပဴးသားနဲ႔
“ရွင္၊ ဘယ္ကိုလိုက္ခဲ့ရမွာလဲ”
“နင္တို႔က ဒုကၡသည္ေတြပါပဲ၊ ကိုယ့္လင္ေယာက္်ားကို အားကိုးၿပီးေတာ့ တစ္ရပ္တစ္ေက်းကိုလိုက္လာခဲ့ရတယ္ဆိုေပမယ့္ အခုေတာ့ ကူရာကယ္ရာမဲ့ေနတယ္မဟုတ္လား၊ ငါတို႔နဲ႔လိုက္ခဲ့၊ တို႔႐ြာေရာက္ေတာ့ နင္ေအးေအးေဆးေဆးေနလို႔ရတယ္၊ ၿပီးေတာ့ နင့္သားကိုလည္း ငါေဆးကုေပးမယ္”
“မျဖစ္ႏိုင္ဘူးထင္ပါတယ္ ဦးႀကီးရယ္၊ က်ဳပ္သားကေလးကို ေဆးဆရာေတြ ေတာ္ေတာ္မ်ားမ်ား လက္ေလွ်ာ့ထားၾကတာပါ”
“နင့္သားကို နင္တတ္တဲ့ပညာမေပးနဲ႔လို႔ ငါမေျပာဘူး၊ ဒါေပမယ့္ ဆရာေကာင္းသမားေကာင္းနဲ႔ေတာ့ ျပသသင့္တယ္လို႔ငါထင္တယ္၊ ဒီကေနလြန္ရင္ ေပေတာ႐ြာဆိုတာရွိတယ္၊ ေပေတာ႐ြာေရာက္ေတာ့ ေဆးဆရာႀကီး ဦးဖိုးေခြးဆိုတာ သိပ္စြမ္းတယ္၊ သူ႔ကိုျပသၾကည့္ေပါ့၊ ေရနစ္တဲ့အခ်ိန္မွာ ေကာက္႐ိုးတစ္မွ်င္လည္း အားကိုးရာပဲမဟုတ္လား”
ခြန္ဂ်ာက ဦးဘသာကို တဘုန္းဘုန္းနဲ႔ကန္ေတာ့တာပဲဗ်ာ။
“ေက်းဇူး၊ ေက်းဇူးတင္ပါတယ္ ဦးႀကီးရယ္၊ ဦးႀကီးေက်းဇူးကို က်ဳပ္တစ္သက္မေမ့ပါဘူး”
“ကဲ၊ ဒါဆိုရင္လည္း လိုက္ခဲ့ေတာ့ဟာ”
ခြန္ဂ်ာက ဂူထဲဝင္သြားၿပီးေတာ့ အဝတ္အစားေတြဝတ္ၿပီးျပန္ထြက္လာတယ္၊ က်ားေရကို ကခ်င္လြယ္အိတ္တစ္လုံးထဲထည့္ၿပီးလြယ္လိုက္တယ္၊ က်ဳပ္တို႔ ဂူနားကေနထြက္လာၿပီးေတာ့ အေပၚျပန္တက္ဖို႔ေက်ာက္ေတာင္ႀကီးကို ေမာ့ၾကည့္ၾကတယ္ဗ်၊ အဆင္းတုန္းကသာ လြယ္ေပမယ့္ မတ္ေစာက္ေနတဲ့ ကမ္းပါးႀကီးကို တက္ဖို႔ကမလြယ္ဘူးဗ်ိဳ႕။ ခြန္ဂ်ာက လြယ္အိတ္ထဲက က်ားေရကိုထုတ္ၿပီးၿခဳံလိုက္တယ္။ ဦးဘသာကၾကည့္ရင္း
“ေဟ့၊ ဘာလုပ္မလို႔လဲ”
“လူအတိုင္းတက္တာထက္၊ ဒီလိုတက္တာက ပိုလြယ္တာေပါ့ရွင္၊ ဦးႀကီးတို႔ေစာင့္ေနၾကအုံး၊ က်ဳပ္သားေလးကို အရင္ပို႔ေပးလိုက္အုံးမယ္၊ ၿပီးေတာ့မွ ဦးႀကီးတို႔ကိုလာဆင္းေခၚမယ္”
ခြန္ဂ်ာက ေလးဖက္ေထာက္ၿပီး အေနာက္ကိုကြၽမ္းတစ္ပတ္ထိုးလိုက္တာနဲ႔ က်ားႀကီးျဖစ္သြားပါေရာဗ်ာ၊ ၿပီးေတာ့ သူ႔သားကေလးအေရွ႕မွာ ဝပ္ေပးတယ္၊ သူ႔သားက ခြန္ဂ်ာေက်ာကုန္းေပၚကိုတက္ၿပီး က်ားေမႊးေတြကို လက္နဲ႔ဆုပ္ကိုင္ထားပါေရာ၊ ခြန္ဂ်ာက တစ္ခါတည္း ေက်ာက္ကမ္းပါးႀကီးကို ခုန္တက္သြားတာ ျမန္သဗ်ာ။
“ဒီကေလးမကေတာ့ စိတ္ျမန္လက္ျမန္ပဲေဟ့”
“က်ဳပ္တို႔ကေရာ ဘယ္လိုတက္မွာလဲ ဦးဘသာ၊ သူလာေခၚတာ ေစာင့္မွာလား”
“မင္းနဲ႔ငါကေတာ့ ပညာနဲ႔တက္ၾကတာေပါ့ကြာ”
ဦးဘသာက ေျပာေျပာဆိုဆိုနဲ႔ ေက်ာက္ကမ္းပါးႀကီးဆီကို လမ္းေလွ်ာက္သြားတာပဲဗ်ာ၊ ကိုးဆယ္ဒီဂရီေလာက္ မတ္ေစာက္ေနတဲ့ ကမ္းပါးႀကီးကို ေျခေထာက္နဲ႔တစ္လွမ္းခ်င္းတက္သြားတယ္၊ ေဘးေစာင္းျဖစ္ေနတဲ့ကမ္းပါးႀကီးမွာ မတ္တပ္ႀကီးေပါ့ဗ်ာ၊ က်ဳပ္ျဖင့္ ပါးစပ္ေတာင္မေစ့ႏိုင္ဘူး။
“အလတ္ေကာင္လာခဲ့၊ ငါ့လက္ကိုကိုင္ၿပီး ေလွ်ာက္ခဲ့”
“ဗ်ာ၊ က်ဳပ္က၊ က်ဳပ္က ဘယ္လိုလုပ္ၿပီးေလွ်ာက္လို႔ရမွာလဲ”
“လာခဲ့ပါဆိုမွကြာ”
က်ဳပ္လည္း ဦးဘသာလက္ကို လွမ္းဆြဲလိုက္ၿပီးေတာ့ ဟုတ္ေသာ္ရွိမဟုတ္ေသာ္ရွိ သိရေအာင္လို႔ ေက်ာက္ကမ္းပါးကို ေျခတစ္ဖက္လွမ္းကပ္လိုက္တာပဲဗ်ာ၊ ထူးဆန္းတာက က်ဳပ္ေျခေထာက္က ေျမႀကီးေပၚမွာရပ္ေနသလို ရပ္သြားတာဗ်၊ ေျခေထာက္တစ္ဖက္က ျပန္ျပဳတ္က်မလာတာနဲ႔ ေနာက္တစ္ဖက္ကို ကပ္ထည့္လိုက္တယ္၊ က်ဳပ္နဲ႔ဦးဘသာက ေက်ာက္ကမ္းပါးနံရံမွာ မတ္တပ္ႀကီးေတြျဖစ္ေနတာဗ်။
“ကဲလာ၊ ေျဖးေျဖးေလွ်ာက္”
လမ္းေလွ်ာက္သလို တစ္လွမ္းခ်င္းေလွ်ာက္ၿပီးေတာ့ တက္သြားၾကတာပါပဲ၊ ဒီလိုအေတြ႕အႀကဳံက က်ဳပ္ဘဝမွာ ပထမဆုံးရဖူးတာဆိုေတာ့ စိတ္ထဲေတာ္ေတာ္ထူးဆန္းေနတာ၊ ဒီလိုနဲ႔ ကမ္းပါးအတိုင္း ကပ္ေလွ်ာက္တက္သြားၾကၿပီးေတာ့ အေပၚေရာက္သြားတာေပါ့ဗ်ာ၊ အေပၚေရာက္ေတာ့ ေတြ႕လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ က်ဳပ္နဲ႔ဦးဘသာ ၿပိဳင္တူေရ႐ြတ္လိုက္မိတာပဲ။
“ဟာ”
“သြားပါၿပီေဟ့၊ ေသာက္က်ိဳးေတာ့နည္းကုန္ၿပီ”
က်ားျဖစ္ေနတဲ့ ခြန္ဂ်ာက စင္းစင္းႀကီးလဲက်လို႔ဗ်၊ သူ႔အနားမွာေတာ့ မုဆိုးေမာင္စံနဲ႔ ကိုလွေဆြ၊ ကိုေက်ာ္ၫႊန႔္တို႔မတ္တပ္ရပ္ေနတယ္၊ ခြန္ဂ်ာရဲ႕ေခါင္းမွာ ဒူးေလးျမားတံတစ္ခုက စိုက္ဝင္ေနတယ္ဗ်ာ၊ ကိုလွေဆြက ခြန္ဂ်ာကိုဖက္ထားတဲ့ ေကာင္ေလးကို ဂုတ္ကေနဆြဲလိုက္တယ္၊ ကိုေက်ာ္ၫႊန႔္က လွံတံႀကီးကိုကိုင္ရင္း
“ငါ့ႏြားေတြကို ခိုးစားတဲ့ က်ားမ၊ ေသေပေတာ့”
လွံကိုေျမႇာက္ၿပီး အားယူလိုက္ပါေရာဗ်ာ။
“မလုပ္နဲ႔၊ ေဟ့လူ၊ မလုပ္နဲ႔”
က်ဳပ္ေအာ္တာ ေနာက္က်သြားပါတယ္ဗ်ာ၊ လွံတံက ခြန္ဂ်ာရဲ႕ လက္ျပင္ကိုစိုက္ဝင္သြားတယ္၊ တအီးအီးအသံနဲ႔ ခြန္ဂ်ာက ညည္းတြားေနတယ္ဗ်၊ ကိုေက်ာ္ၫြန႔္ကေတာ့ တစ္ခ်က္နဲ႔အားမရေသးလို႔ သုံးေလးခ်က္ ဆက္တိုက္ထိုးႏွက္ေနပါေရာ၊ က်ဳပ္လည္း ကိုေက်ာ္ၫႊန႔္ဆီကိုေျပးလာၿပီး ကိုေက်ာ္ၫႊန႔္ရင္ဘတ္ကို ေဆာင့္တြန္းထည့္လိုက္တယ္။
“ေဟ့လူ၊ ခင္ဗ်ားဗ်ာ”
က်ဳပ္မ်က္ရည္ေတြ ဝဲတက္လာတယ္ဗ်၊ ခြန္ဂ်ာကေတာ့ ေသြးအိုင္ထဲမွာ ဖုတ္လႈိက္၊ ဖုတ္လႈိက္ျဖစ္ေနၿပီ၊ မုဆိုးေမာင္စံက က်ဳပ္တို႔ကိုၾကည့္ရင္း
“ခင္ဗ်ားတို႔ကံေကာင္းတယ္ဗ်၊ ဒီက်ားက ကေလးေလးကို ခ်ီလာတာဗ်ာ၊ ႏြားေတြစား႐ုံတင္အားမရလို႔ လူသားပါစားဖို႔ ႀကံေနၿပီဗ်”
ခြန္ဂ်ာသားေလးကေတာ့ ကိုလွေဆြလက္ထဲမွာ ငိုယိုေနတာေပါ့ဗ်ာ၊ ဦးဘသာက ေျခလွမ္းက်ဲႀကီးေတြနဲ႔ တစ္လွမ္းခ်င္းေလွ်ာက္လာရင္း အနားကိုေရာက္လာတယ္။ မုဆိုးေမာင္စံနဲ႔ ကိုေက်ာ္ၫြန႔္တို႔က က်ားကိုသတ္လိုက္ႏိုင္ၿပီဆိုၿပီးေတာ့ ဂုဏ္ယူဝင့္ႂကြားေနလို႔ဗ်၊ က်ဳပ္လည္း သူတို႔ကိုၾကည့္ရင္း ေဒါသေတြထြက္လာတယ္ဗ်ာ၊ ဦးဘသာက က်ဳပ္လက္ေမာင္းကိုဖမ္းဆြဲထားၿပီး က်ဳပ္ကိုတားတယ္၊ ကိုေက်ာ္ၫြန႔္က ကိုလွေဆြလက္ထဲက ကေလးကိုၾကည့္ရင္း
“ဒီေကာင္ေလးက က်ဳပ္တို႔အိမ္မွာလာတည္းခိုတဲ့ ကခ်င္မေလးရဲ႕ သားကေလးဗ်၊ သူ႔အေမဘယ္ေရာက္သြားလို႔လဲ၊ မဟုတ္မွလြဲေရာ က်ားစာျဖစ္သြားတာလားဗ်ာ”
ဦးဘသာက ခြန္ဂ်ာေခါင္းအနားကို သြားကပ္လိုက္တယ္၊ မုဆိုးေမာင္စံက
“ဦးေလး၊ သိပ္မရဲနဲ႔ဗ်၊ က်ားဆိုတာ အလြန္စဥ္းလဲတဲ့ေကာင္ေတြ”
ဦးဘသာက မ်က္လုံးျပဴးႀကီးေတြနဲ႔ သူ႔သားကိုၾကည့္ေနတဲ့ ခြန္ဂ်ာေခါင္းကိုပြတ္သပ္ရင္း
“ဘာမွစိတ္မပူနဲ႔ခြန္ဂ်ာ၊ နင့္သားကိုငါတို႔ ၾကည့္ရႈေပးပါ့မယ္၊ နင္ေကာင္းေကာင္းသြားပါေတာ့”
ဒီေတာ့မွ ခြန္ဂ်ာက မ်က္လုံးေတြေမွးစင္းသြားေတာ့တယ္ဗ်ာ၊ ဦးဘသာက က်ဳပ္အနားကပ္လာၿပီးေတာ့
“အလတ္ေကာင္ရ၊ သတၱဝါတစ္ခု ကံတစ္ခုတဲ့ကြ၊ ဒီကေလးမ ေတာ္ေတာ္ကံဆိုးရွာပါတယ္ကြာ”
ေနာက္ေတာ့ ကိုေက်ာ္ၫႊန႔္တို႔ဆီကိုသြားရင္း
“ေက်ာ္ၫႊန႔္ အဲဒီကေလးကို ငါေမြးစားမယ္ကြာ၊ ငါ့ကိုေပးစမ္းပါ”
ကိုေက်ာ္ၫြန႔္က ဦးဘသာကိုတစ္ခ်က္ၾကည့္ၿပီး ကေလးေလးကိုေပးလိုက္တယ္၊ က်ဳပ္လည္း ကေလးကိုေျပးဆြဲခ်ီလိုက္ရတယ္၊ ကေလးကေတာ့ ငိုလို႔ေပါ့ဗ်ာ၊ ဦးဘသာက ေကာင္ေလးေခါင္းကိုပြတ္လိုက္ေတာ့မွ ၿငိမ္က်သြားၿပီး ေမွးစင္းသြားေတာ့တယ္။ မုဆိုးေမာင္စံက က်ားေသႀကီးကို အေရခြံခြာၿပီးေတာ့ က်ားစြယ္ေတြဘာေတြျဖတ္ဖို႔လုပ္ပါေရာဗ်ာ၊ က်ဳပ္တို႔လည္း ဆက္မၾကည့္ဝံ့တာနဲ႔ ကေလးခ်ီရင္း ဆင္းလာၾကတာေပါ့၊ ကေလးက က်ဳပ္လက္ေပၚမွာ အိပ္လို႔ဗ်။
“ဘာဆက္လုပ္မလဲ ဦးဘသာ၊ သူတို႔အေရခြံခြာရင္း လူပုံျပန္ေပၚလာမလားမသိဘူးဗ်ေနာ္”
“ေအး၊ ဒါေတာ့ငါလည္းမသိဘူးေဟ့၊ ဒီပညာက ငါတို႔ပညာနဲ႔ေတာ့အလွမ္းေဝးသကြ၊ ဒါေပမယ့္ ငါ့အထင္ေတာ့ က်ားအျဖစ္ေသရင္ က်ားပုံစံမေျပာင္းဘူးထင္တာပဲကြာ၊ လာလာ ျမန္ျမန္သြားရေအာင္၊ ေတာ္ၾကာ ဒီလူေတြအေရခြံခြာရင္း ခြန္ဂ်ာလူျပန္ျဖစ္သြားေတာ့မွ ငါတို႔ကိုလာၿပီး ေမးျမန္းေနအုံးမယ္”
က်ဳပ္တို႔လည္း ခပ္ျမန္ျမန္ျပန္ဆင္းလာခဲ့တာေပါ့ဗ်ာ၊ ႏြားေတြခ်ည္ထားတဲ့နားေရာက္ေတာ့ ဦးဘသာက ႏြားေတြကိုျဖဳတ္ၿပိးေမာင္းခဲ့သဗ်၊ က်ဳပ္ကေတာ့ ကေလးခ်ီရင္း ျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ေတြကို ျပန္ေတြးေနမိတယ္၊ ခြန္ဂ်ာသာ က်ဳပ္တို႔ထက္အရင္ အဲဒီကမ္းပါးကို တက္မသြားခဲ့ရင္ ဒီလိုျဖစ္မွာ မဟုတ္ဘူးဗ်ာ။
(၄)
ညေနမေစာင္းခင္ ေပေတာ႐ြာကိုေရာက္ခဲ့တယ္၊ ေပေတာ႐ြာက ဦးထြန္းရင္ဆီမွာ ႏြားတစ္ေကာင္ဝင္ယူရမယ္မဟုတ္လားဗ်ာ၊ ၿပီးေတာ့ တစ္လက္စတည္း ဒီကေလးကို ကုသလို႔ရမရဆိုတာ ဦးဖိုးေခြးနဲ႔ တိုင္ပင္ၾကည့္ရအုံးမယ္မဟုတ္လား။ ဒါနဲ႔ ဦးဖိုးေခြးအိမ္ကို အရင္ဝင္ခဲ့တာေပါ့ဗ်ာ၊ ႏြားေတြကိုၿခံေရွ႕မွာ ခ်ည္ထားခဲ့ၿပီး က်ဳပ္နဲ႔ဦးဘသာဝင္ခဲ့ေတာ့ ၿခံဝင္းထဲမွာ ထင္းခြဲေနတဲ့ လူတစ္ေယာက္ကိုေတြ႕တယ္ဗ်၊ ဒီလူငယ္က အေပၚပိုင္းကိုယ္လုံးတီးနဲ႔ ထင္းေတြကို ေပါက္ဆိန္နဲ႔ ေပါက္ေနတာဗ်ာ၊ ေက်ာကုန္းမွာလည္း က်ားတက္ေနတဲ့ ပုံတစ္ပုံနဲ႔ က်ားဆင္းေနတဲ့ပုံတစ္ပုံဗ်၊ ဆံပင္ကလည္း ခပ္ရွည္ရွည္နဲ႔ဗ်။
“ေနပါအုံး ဒီလူကို ငါျမင္ဖူးပါတယ္”
က်ဳပ္လည္း ထင္းခြဲေနတဲ့လူအနားတိုးသြားၿပီးေတာ့
“မင္း၊ မင္းဗ်ဂၣေလးမဟုတ္လား”
က်ဳပ္အေနာက္ကေနေျပာလိုက္ေတာ့ ထင္းခြဲေနတဲ့လူက က်ဳပ္ကိုလွည့္ၾကည့္တယ္၊ ၿပီးေတာ့ အံ့ၾသသြားတဲ့ပုံစံနဲ႔
“ေဟာ၊ ခင္ဗ်ား၊ ခင္ဗ်ားကိုက်ဳပ္မွတ္မိၿပီ၊ ဒါနဲ႔ အေနာက္က ဦးသာဒင္မဟုတ္လား”
ဗ်ဂၣေလး ကက်ဳပ္ကိုၾကည့္ရင္း လက္ထဲခ်ီထားတဲ့ကေလးကို ၾကည့္တယ္၊ ၿပီးေတာ့ သူ႔မ်က္လုံးေတြ ျပဴးက်ယ္သြားတယ္။
“ဟင္၊ ခင္ဗ်ား၊ ခင္ဗ်ား ဒီကေလးကို ဘယ္ကေနရလာခဲ့တာလဲ”
က်ဳပ္လည္း ခြန္ဂ်ာသားကို ငုံ႔ၾကည့္ရင္း
“ေၾသာ္၊ ေအး၊ ေျပာရရင္ေတာ့ ဇာတ္လမ္းရွည္ပါတယ္၊ ဒါနဲ႔ ဦးဖိုးေခြးအိမ္မွာရွိတယ္မဟုတ္လား”
က်ဳပ္အိမ္ေပၚတက္မယ္ျပင္ေတာ့ ဗ်ဂၣေလးက က်ဳပ္ကိုအတင္းဆြဲရင္း
“ဒီကေလးကို ဘယ္လိုရခဲ့တာလဲလို႔”
“ငါတို႔ေမြးစားဖို႔ေခၚလာတာကြ”
ဗ်ဂၣေလးက မ်က္ရည္ေတြက်လာတယ္ဗ်။
“ဒါက်ဳပ္သားဗ်”
က်ဳပ္နဲ႔ဦးဘသာနဲ႔ ၿပိဳင္တူေရ႐ြတ္လိုက္မိတယ္။
“ဘာ၊ မင္းဘာေျပာတာလဲ ဗ်ဂၣေလး”
“ဒါ က်ဳပ္သားပါ၊ ဒါနဲ႔ သူ႔အေမေရာ၊ သူ႔အေမ ခြန္ဂ်ာေရာဟင္”
က်ဳပ္လည္း ဘာမွမေျပာႏိုင္ေတာ့ဘူးဗ်ာ၊ အေယာင္ေယာင္အမွားမွားနဲ႔ ကိုယ့္နဖူးကိုယ္ လက္ဝါးနဲ႔တျဖန္းျဖန္း႐ိုက္ေနမိတာပဲ။ ဗ်ဂၣေလးက က်ဳပ္လက္ထဲက ကေလးကိုဆြဲယူၿပီး ေသခ်ာေထြးေပြ႕ထားတယ္။ ေတာ္ေတာ္ၾကာေတာ့မွ က်ဳပ္တို႔ေတြစကားေျပာႏိုင္ၾကတယ္ဗ်ာ။ က်ဳပ္တို႔လည္း ဗ်ဂၣေလးကိုျဖစ္ေၾကာင္းကုန္စင္ေျပာျပလိုက္တာေပါ့။
“ဒါဆို ခြန္ဂ်ာက ခင္ဗ်ားရဲ႕မိန္းမေပါ့”
“မွန္ပါတယ္၊ ဗ်ဂၣႀကီးက က်ဳပ္ကိုသားအျဖစ္ေမြးစားၿပီးေတာ့ ဟိုးအထက္ကခ်င္ဖက္ကိုတက္သြားခဲ့တယ္၊ အဲဒီမွာ သူကဓါးျပတိုက္ၿပီး က်ဳပ္ကိုေကြၽးေမြးခဲ့တာပါပဲ၊ က်ဳပ္ပညာေတြတတ္ေျမာက္ၿပီး လူလားေျမာက္တဲ့အခါမွာ ဓါးျပကေလးျဖစ္လာခဲ့တယ္၊ အဲဒီကေနမွ မိန္းကေလးတစ္ေယာက္ကို ဓါးျပတိုက္ရင္း စြဲလမ္းခဲ့တယ္ အဲဒါကေတာ့ ခြန္ဂ်ာပါပဲ”
“ခြန္ဂ်ာက ခင္ဗ်ားတို႔သားအဖက ဓါးျပမွန္းမသိဘူးေပါ့”
ဗ်ဂၣေလးက ေခါင္းခါျပတယ္။
“က်ဳပ္နဲ႔ ဗ်ဂၣႀကီးနဲ႔ ဦးသာဒင္ကို လက္စားေခ်မယ္ဆိုၿပီး ျပန္လာေတာ့ ခြန္ဂ်ာလည္းလိုက္လာခဲ့တယ္၊ ဒါနဲ႔က်ဳပ္လည္း ခြန္ဂ်ာကို အင္းေျခ႐ြာက ကိုေက်ာ္ၫြန႔္တို႔အိမ္မွာအပ္ထားခဲ့ၿပီး ကုန္ေရာင္းကုန္ဝယ္လုပ္မယ္လို႔ လိမ္ေျပာၿပီးထြက္ခဲ့တာပဲဗ်ာ၊ နိဗၺာန္႐ြာ တစ္ဝိုက္မွာ ဓါးျပတိုက္ၿပီးေတာ့ ခြန္ဂ်ာတို႔သားအမိဆီကို တစ္လတစ္ခါေလာက္ ပိုက္ဆံနဲ႔ စားစရာေတြ ေထာက္ပံ့ခဲ့တယ္”
“ဒါနဲ႔မ်ားဗ်ာ၊ ခင္ဗ်ားသူတို႔ဆီကိုျပန္မသြားဘူးလားဗ်”
“သြားပါတယ္၊ ခင္ဗ်ားတို႔နဲ႔ ေတြ႕ၿပီး က်ဳပ္အကိုလွေသာင္ျပန္ေကာင္းသြားၿပီးေတာ့ က်ဳပ္အင္းေျခ႐ြာကို အေျပးအလႊားသြားရွာခဲ့ပါတယ္၊ ဒါေပမယ့္္ ဟိုေရာက္ေတာ့ ခြန္ဂ်ာတို႔သားအမိကိုမေတြ႕ရေတာ့ဘူး၊ သူတို႔သားအမိ ဘယ္ကိုထြက္သြားသလဲဆိုတာ ဘယ္သူမွလဲမသိၾကဘူးတဲ့၊ ဒါနဲ႔ က်ဳပ္က သူတို႔႐ြာကိုျပန္သြားတယ္ပဲထင္တာ”
“ဒါဆို ခင္ဗ်ားအခု ဦးဖိုးေခြးဆီမွာဘာလုပ္ေနတာလဲ”
“က်ဳပ္လည္း ႐ြာကိုျပန္လိုက္သြားဖို႔ လမ္းစရိတ္ရွာေနတာပါ၊ ဒီ႐ြာမွာ ထင္းေခြ၊ ေရခပ္၊ ႀကဳံရာလုပ္ၿပီးေတာ့ လမ္းစရိတ္စုမိရင္ ခြန္ဂ်ာတို႔႐ြာကို ျပန္မလို႔ပါ”
ျဖစ္ေၾကာင္းကုန္စင္ သိၿပီးတဲ့အခါမွာေတာ့ က်ဳပ္ဘာမွမေျပာႏိုင္ေတာ့ဘဲ သက္ျပင္းပဲအႀကိမ္ႀကိမ္ခ်ေနမိေတာ့တယ္ဗ်ာ၊ ကံတရားက သိပ္ဆန္းၾကယ္တာဗ်၊ တကယ္တမ္း ကံတရားဆန္းၾကယ္တဲ့အခါ ဝတၳဳဇာတ္လမ္းေတြ ႐ုပ္ရွင္ေတြထက္ အပုံႀကီးသာတယ္ဆိုတာကို ကိုယ္ေတြ႕ႀကဳံဖူးလိုက္တာပဲ။
ဦးဖိုးေခြးက ေကာင္ေလးကို ကုၾကည့္အုံးမယ္လို႔ေတာ့ ေျပာတယ္ဗ်၊ ဒါနဲ႔ ဗ်ဂၣေလးလည္း ႐ြာမျပန္ျဖစ္ေတာ့ဘဲ ေပေတာမွာပဲ အေျခက်သြားတယ္ေပါ့ဗ်ာ၊ တိုတိုေျပာရရင္ ေကာင္ေလးေျခေထာက္က ျပန္ေကာင္းသြားတယ္၊ လမ္းေလွ်ာက္ရင္ေတာ့ ေျခတစ္ဖက္ ဆာဆာနဲ႔ေပါ့ဗ်ာ၊ ဗ်ဂၣေလးလည္း ေပေတာသူနဲ႔ညားၿပီး ေပေတာသားစစ္စစ္ႀကီးကိုျဖစ္သြားေရာဗ်ိဳ႕။
ေနာက္ပိုင္းေတာ့ က်ဳပ္တို႔႐ြာဖက္ကို ဗ်ဂၣေလးတို႔ လာတတ္သဗ်၊ က်ဳပ္ကိုလည္း ဖက္လွဲတကင္းႏႈတ္ဆက္ရွာပါတယ္၊ ကိုလွေသာင္က နိဗၺာန္႐ြာကိုေခၚေပမယ့္ နိဗၺာန္႐ြာမွာ မေပ်ာ္ဘူးတဲ့ဗ်ာ၊ အိမ္ေရာက္တုန္းေရာက္ခိုက္မွာလည္း ထင္းေခြ၊ ေရခပ္၊ အလုပ္ၾကမ္းေတြအကုန္လုံး ကူလုပ္ေပးရွာတာ၊ ဓါးျပမတိုက္ေတာ့တဲ့ ဗ်ဂၣေလးက ေပေတာ႐ြာမွာ ေတာ္ေတာ္ခက္ခက္ခဲခဲလုပ္ကိုင္စားရရွာတာဗ်။
စက္ဘီးေတြေခတ္ထေတာ့ ဗ်ဂၣေလးတစ္ေယာက္ စက္ဘီးျပင္ဆိုင္ဖြင့္တယ္၊ ခုလိုဆိုင္ကယ္ေခတ္ေရာက္ေတာ့ ဆိုင္ကယ္ျပင္တာေပါ့၊ ခုထိေပေတာ႐ြာထိပ္မွာ ကိုက်ားေလးဆိုတဲ့ ဆိုင္ကယ္ဝပ္ေရွာ့တစ္ခုရွိတုန္းပဲဗ်၊ ဗ်ဂၣေလးရယ္၊ ခြန္ဂ်ာရဲ႕သား ဘရန္ဆိုတဲ့ေကာင္ေလးရယ္ ဦးစီးၿပီးဖြင့္ထားတာေပါ့ဗ်ာ၊ ခုဆိုေတာ္ေတာ္စီးပြားေကာင္းတယ္၊ ဆိုင္ကယ္ျပင္႐ုံတင္မကဘဲ ဓါတ္ဆီ၊ ဒီဇယ္၊ ဘရိတ္ဆီ၊ ေခ်ာဆီအျပင္ ဆိုင္ကယ္အပိုပစၥည္းေတာ္ေတာ္မ်ားမ်ားတင္ေရာင္းတယ္၊ က်ဳပ္ဆိုင္ကယ္တစ္ခုခုျဖစ္လို႔ရွိရင္ ေပေတာ႐ြာက ကိုက်ားေလးဆိုင္သြားတာနဲ႔ ပစၥည္းေရာ၊ လက္ခပါ အခမဲ့ျပင္ေပးသဗ်၊ က်ဳပ္ျဖင့္အားနာလိုက္တာ ေျပာမေနပါနဲ႔၊ ဟိုရက္ကေတာင္ က်ဳပ္သူတို႔ဆိုင္ေရွ႕က ဆိုင္ကယ္နဲ႔ျဖတ္ေတာ့ ဘရန္က ဆိုင္ကယ္စက္သံမမွန္လို႔ဆိုၿပီး အတင္းျပင္ေပးလိုက္ေသးသဗ်၊ အင္း၊ သူတို႔သားအဖကိုျမင္တိုင္း က်ဳပ္ကေတာ့ ေ႐ႊတဆင္႐ိုးမွာေတြ႕ခဲ့ဖူးတဲ့ ခြန္ဂ်ာကို ျပန္ၿပီးသတိရေနမိသားဗ်၊ ဦးဘသာႀကီးလည္း အခုရွိရင္ ကြမ္းတၿမဳံ႕ၿမဳံ႕နဲ႔ သတိရေနေလာက္မွာပါ။
ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ