စုန်းမကျိန်စာ.(ဇာတ်သိမ်း)
==========
မြူခိုးအလင်္ကာ
ဇော်မိုးမှသူ့ဇာတ်လမ်းကိုထိုနေရာတွင်
အဆုံးသတ်လိုက်သည်။
” အဖြစ်ကတော့ ဒါပဲကိုဖိုးတေ..၊ ဒီကြောက်စရာအကောင်ကြီးကြောင့်
ကျွန်တော်အလုပ်သမားတွေ ညဆိုအပြင်မထွက်ရဲကြတော့ဘူး။ သွေးလန့်
ကုန်ပစ္စည်းလာပို့သူတွေလည်းခရီးဝေးသမားတွေလည်း ညနေစောင်းချိန်တွေ
မလာဝံ့မပြန်ဝံ့ကြတော့ ကြာလာရင်
ကျွန်တော့်စီးပွားရေးထိခိုက်လာမှာ၊အခုတောင်လုပ်ငန်းမကောင်းတော့လို့
ဒီကဦးတင်မောင်နှင့်တိုင်ပင်ကြည့်တော့ ။
ရွာခံမုဆိုးတွေဖမ်းဖို့မစွမ်းဆောင်နိူင်တဲ့ကိစ္စကို ဖြေရှင်းနိူင်လောက်တဲ့မုဆိုးဖိုးတေဆိုတာရှိတယ်ဆိုပြီးခင်ဗျားအကြောင်းတွေပြောပြလာတယ် ။
ကျွန်တော်ကိုကူညီပါကိုဖိုးတေ ၊ကိုဖိုးတေအတွက်ငွေရေးကြေးရေးမနစ်နာစေရပါဘူး…”
” ကျွန်ုပ်လည်းကိုဇော်မိုးပြောသလောက် ၊ညွန်းသလောက်တော်သူ
မဟုတ်ပါဘူး။ တကယ်လို့ကျွန်ုပ်လိုက်လို့ဘာမှအဖြစ်ထူးမလာရင်မျက်နှာပျက်စရာတွေဖြစ်လာနိူင်တယ် ။…”
” လိုက်သာလိုက်ခဲ့ပါ ကိုဖိုးတေ ။
တကယ်လို့အကျိုးမထူးရင်တောင်
ကျွန်တော်အပြစ်မတင်ပါဘူးဗျာ…..”
” ကျွန်ုပ်လည်းခုပြသာနာကိုစိတ်ဝင်စားပါတယ်လိုက်ကြည့်ပေးပါမယ်။ ဒါပေမယ့်ကျွန်ုပ်တွဲဖက်လူတွေကိုပါခေါ်ရလိမ့်မယ်ကိုဇော်မိုး သူတို့ပါမှပဲပြသာနာကိုဖြေရှင်းရတာပိုလွယ်ပါလိမ့်မယ့်…”
” ကိုဖိုးတေ လိုက်မယ်ဆိုတာနဲ့တင်
ကျေနပ်နေပါပြီ ။ ကြိုက်တဲ့လူခေါ်ပါ
ကျွန်တော်တာဝန်ယူပါတယ်…. ”
ကျွန်ုပ်တို့စကားပြောနေချိန်တွင် သာဝနှင့်မဲလုံးရောက်လာကြရာ ကျွန်ုပ်မှကိုဇော်မိုးတို့နှင့်မိတ်ဆက်ပေးလိုက်သည်။
တဆက်တည်းခရီးတွင်ကျွန်ုပ်နှင့်လိုက်ပါမည့်သူဟုပါထည့်သွင်းမိတ်ဆက်ပေးလိုက်သည်။
ကျွန်ုပ်မှာယခုကိစ္စရပ်သည်သာမာန်ကိစ္စရပ်မဟုတ်နိူင်ကြောင်းတွေးမိသောကြောင့် ကိုဇော်မိုးနှင့်ဦးတင်မောင်ကိုအပြင်ခဏသွားမည်ပြောကာမဲလုံးကိုဧည့်ခံခိုင်းထားပြီး သာဝခေါ်ကာ
ရွာထိပ်ဘုန်းကြီးကျောင်းသို့ထွက်လာရင်း လမ်းတွင်သာဝအား ကိုဇော်မိုးတို့
လာသည့်အကြောင်းအကြမ်းဖျင်းပြောပြလိုက်သည်။
” အဲဒီရွာမှာကောင်မလေးတွေချောလား ကိုကြီးဖိုးတေ….”
” လူတွေကိုအူအသည်းနူတ်စားနေတဲ့
ကြောက်စရာကောင်းတဲ့အကောင်ကြီးကိုစိတ်မဝင်စားပဲ မဆီမဆိုင်အပျိုတွေ
အကြောင်းစိတ်ဝင်စားနေရလား သာဝရာ….”
” …ကြောက်စရာအကောင်ကြီးဆိုမှကြောက်ရမှာပေါ့မဖြစ်မနေတွေ့မှကြောက်တော့မယ်… ။ အပျိုလေးတွေကမှရင်ခုန်ဖို့ကောင်းတာ အပျိုတောင်နော်ချောချောလေးမှ…. ”
„ သြော်….ကမ္ဘာကျော်ဖွန်အကြောင်ဆုံးလူသားဘွဲ့မင်းကိုပေးရတော့မယ်.သာဝရယ်….”
” …လောကကြီးမှာလူလူချင်းမေတ္တာထားတာအပြစ်မရှိပါဘူး။ အမုန်းပွားနေမှသာ အကုသိုလ်ဖြစ်တာ အခုဟာကကျွန်တော်က မေတ္တပေးနေတာ ဘယ်လောက်မွန်မြတ်တဲ့စိတ်ထားလဲ
ကိုကြီးညီက သူတော်ကောင်းလေးပါ…”
သာဝ သူ့အပြစ်လွတ်အောင်ပြောသည့်စကားကိုကြားကာအသံထွက်ရယ်မိသည်။
” …မေတ္တာပေးတာတော့မှန်ပါတယ်။
ဒါပေမယ့်မင်းမေတ္တာက ကွက်ကျားမိုးလိုပဲ ရည်းစားမရှိ၊အပျိုချောချောလေးတွေကိုပဲမေတ္တာကွက်ကြားမိုးရွာနေတဲ့
ကောင်လေ….”
ကျွန်ုပ်စကားကိုသာဝစပ်ဖြီးဖြီးလုပ်နေသည်။ မကြာမှီကျွန်ုပ်တို့ရွာထိပ်ဘုန်းကျောင်းသို့ရောက်ရှိလာခဲ့ကြသည်။
ကပ္ပိယကြီးဦးသံလုံးကိုကျောင်းခြံဝိုင်းအတွင်းမတွေ့ရသောကြောင့်
ကျောင်းပေါ်သို့မတက်လိုသော်လည်း
တက်ရတော့သည်။
ထိုင်ခုံတစ်လုံးပေါ်ထိုင်နေသော
ရွာကျောင်းထိုင်ဆရာတော်
ဦးသုမဂ် ခြေထောက်အား
နှိပ်နယ်ပေးနေသော ဦးသံလုံးကိုတွေ့ရသည်။ ဦးသံလုံးက ကျွန်ုပ်တို့ကိုတွေ့သောအခါပြုံးပြလာသည်။ ကျွန်ုပ်တို့
ဆရာတော်ကိုရှိခိုးဦးချလိုက်ကြသည်။
” ..ဒကာတို့က.ဘယ်သူတွေတုန်းကွယ့်….”
”…အကုသိုလ်အလုပ်လုပ်နေတဲ့ မုဆိုးဖိုးတေနှင့် သူ့တပည့်သာဝပါဘုရား…”
ဆရာတော်က မျက်လုံးမှုန်ရာကျွန်ုပ်တို့ကိုမည်သူမည်ဝါမှန်းမသိရာ၊ ဦးသံလုံးမှကြားမှဝင်ဖြေလိုက်ခြင်းဖြစ်သည်။
” ဟေ…မလာစဖူး…ကျောင်းခြံထဲအမဲကောင်ဝင်ပြေးလို့လိုက်လာကြတာလား။…”
” …မဟုတ်ပါဘူးဘုရား၊ ကပ္ပိယကြီး
ဦးသံလုံးနဲ့တွေ့ဖို့ရောက်လာခဲ့တာပါ…”
” …အေး…ဒကာဖိုးတေ မင်းကိုဘုန်းကြီးတွေ့ချင်နေတာကြာပြီ။ မင်းကကျောင်းကိုတမင်ရှောင်ပြီးရောက်မလာလေတော့ ခုရောက်တုန်းရောက်ခိုက် သူ့အသက်ကိုသတ်တာမလုပ်ဖို့
တားချင်တယ်… ”
ဆရာတော်မှာကျွန်ုပ်ကိုသူ့အသက်ကိုသတ်၍အပါယ်ငရဲသွားရသည့်မုဆိုး
အကြောင်းပုံဝတ္ထုဥပမာဖြင့်တစ်နာရီခန့်ဆုံးမစကားပြောကြားနေရာ ပျင်းရိနေသော်လည်း တင်ပါ့ဘုရား ဟုအလိုက်သင့်ပြန်ဖြေနေရသည်။
ပြီးမှတရေးတမောကျိန်းစက်မည်ဆိုကာတိုက်ခန်းအတွင်းဝင်သွားမှ ဦးသံလုံးနှင့်ကျွန်ုပ်တို့နှစ်ယောက်ကျောင်း
အောက်ဆင်းလာခဲ့ကြသည်။
ကျောင်းဝင်းအတွင်းထိုင်နေကျကွက်ပစ်ပေါ်တွင်ဝိုင်းဖွဲ့ထိုင်လိုက်ကြသည်။
” ….ဦးသံလုံးကိုတွေ့ချင်လို့သာကျောင်းပေါ်တက်လာရတယ် ။ ဆရာတော်နဲ့တွေ့ရင် မုဆိုးအလုပ်စွန့်ဖို့တရားဟောလွန်းလို့ရှောင်နေတာ…”
ကျွန်ုပ်စကားကြောင့်ဦးသံလုံးအသံထွက်ရယ်မောနေသည်။
”..မင်းကောင်းဖို့ ဆုံးမတာပဲလေ။
မင်းကိုအပါယ်ငရဲမကျစေချင်လို့ ဆရာတော်က ဆုံးမနေတာ….”
” ဘုရားဟောပြီးချွတ်ရင်
တောင်မုဆိုးဘဝက ကျွတ်မှာမဟုတ်တာမို့ဆရာတော်ကို ကျွန်ုပ်ကအားနာလို့ပါ….”
” ..ကဲ.. ဘာတွေအပူကပ်ဖို့ရောက်လာတာလဲဖိုးတေ…”
” ကျွန်ုပ်ရောက်လာနှင့်ကိစ္စတခုခုပါလာမယ်ဆိုတာသိနေတာပေါ့… ”
” ခုမှသိတဲ့လူကျလို့မင်းအကြောင်းနောကျေနေပြီ။ အလိုရှိမှကျောင်းရောက်လာတတ်တာ၊နိူ့မို့ ကျောင်းဖက်
ခြေဦးတောင်မလှည့်တဲ့ကောင်….”
..ကျွန်ုပ်အိမ်မှာပဲခူးနယ်ကဧည့်သည်တွေရောက်နေတယ်ဦးသံလုံး ….
ကျွန်ုပ်မှ ဇော်မိုးတို့ရောက်လာသော
လာရင်းကိစ္စအကြောင်းအရာကိုဦးသံလုံးကိုပြောပြလိုက်သည်။
ဦးသံလုံးမှာကျွန်ုပ်စကားအဆုံးငြိမ်သက်စွာရှိနေသည်။
” ဒီကိစ္စကိုဦးသံလုံးအနေနဲ့ဘယ်လိုထင်လဲ၊ ကျွန်ုပ်ကတော့ဒီကိစ္စဟာ သားကောင်တကောင်ကောင်လက်ချက်
မဟုတ်နိူင်ဘူးထင်လို့ ဦးသံလုံးနဲ့တိုင်ပင်ဖို့ရောက်လာတာ….”
” ကိုယ်တိုင်ကိုယ်ကျ လေ့လာကြည့်မှ
ဒီကိစ္စဘာလဲဆိုတာအတိအကျသိမှာပေါ့ကွ …”
” ..ဦးသံလုံးကိုကျွန်ုပ်နဲ့လိုက်ခဲ့စေချင်တယ်ဗျာ…”
” ဟေ့ကောင်ရ မင်းဟာကဘယ်နှစ်ရက်ကြာမယ်မှန်းမသိ၊ဆရာတော်ဝေယျာဝစ္စလုပ်ဖို့လူလိုတယ်ကွ၊ငါခရီးဝေးသွားလို့မရဘူး….”
” ဒီအတွက်တော့ပူမနေပါနဲ့ ရွာထဲကဦးမောင်ဖြူကို ဦးသံလုံးပြန်မလာခင်အထိကျောင်းမှာနေဖို့ပြောထားခဲ့လို့ရပါတယ်။ သူကတကိုယ်ရည်တကာယသမားဆိုတော့ ကွမ်းဖိုး၊ဆေးဖိုးလေးကန်တော့ပြီး ကျွန်ုပ်အကူညီတောင်းရင်ရပါတယ်….”
” တတ်လည်းတတ်နိူင်တဲ့အကောင်
ငါ့ကိုခေါ်ဖို့အားလုံးစီစဥ်တွေးတောပြီး
မှကျောင်းကိုလာခဲ့တာကိုး…ကဲပါ…ဆရာတော်ကိုလျှောက်ပြီး မင်းနောက်လိုက်ခဲ့ပါ့မယ်ဖိုးတေ….”
” သေချာလေးပြောလျောက်အုံးနော်၊
တော်ကြာကပ္ပိယကြီးဦးသံလုံးတယောက်မုဆိုးဖိုးတေနဲ့ပေါင်းပြီးအမဲပစ်
ထွက်သွားဖို့လုပ်တယ်ထင်နေအုံးမယ်…..”
ကျွန်ုပ်စကားကြောင့်ဦးသံလုံးသဘောကျစွာရယ်မောနေသည်။
ဇော်မိုးတို့မှာကျွန်ုပ်အိမ်တွင်တစ်ညအိပ်ကြပြီးနောက်တနေ့မနက်စောစောမှာပင်ကျွန်ုပ်တို့လူစုရွာမှခရီးထွက်ကြသည်။
ဦးသံလုံးကိုလည်းမိတ်ဆက်ထားပြီးမို့
သိနေကြပြီဖြစ်သည်။
ဦးတင်မောင်တယောက်ဦးသံလုံးအဖွဲ့ထဲရောက်လာမှသူနဲ့ရွယ်တူခြင်းစကား
ပြောဖော်ရပြီမို့ အဂ္ဂိရတ်အကြောင်း၊တိုင်းရင်းဆေးအကြောင်းများရေပက်မဝင်ပြောဆိုနေကြ၏။
ကျွန်ုပ်တို့လူစုမှာရေပြာထမင်းဆိုင်မှကားကြုံစောင့်စီးကာ ထန်းနှစ်ပင်ရွာ
သို့ခရီးဆက်ခဲ့ကြပါတော့သည်။
တနေကုန်ကားစီးပြီးညနေလေးနာရီတွင်လမ်းတနေရာကားရပ်ခိုင်းပြီးကားလမ်းဘေးနွားလှည်းလမ်းကြောင်းအတိုင်းခြေလျှင်တစ်နာရီကျော်လျှောက်သွားပြီးချိန် ထန်းနှစ်ပင်ရွာသို့
ရောက်လာကြပါတော့သည်။
ထန်းနှစ်ပင်ရွာကားအိမ်ခြေသုံးရာခန့်ရှိပြီး ရွာဘေးတွင်စပါးခင်းများတမျှော်တခေါ်ရှိနေသည်။ စပါးရိတ်သိမ်းပြီးချိန် လယ်ကွင်းများတွင်ပဲစိုက်ကြောင်း ဇော်မိုးကပြောပြလာသည် ။
ရွာဘေးလမ်းမှတောင်ဖက်အရပ်သို့တစ်နာရီခန့်လျှောက်သောအချိန်တွင်ကား ဖုန်းဆိုးမြေဟုနာမည်တွင်ကာယခု
စပါးစက်၊ဆန်စက်တည်ထားသောနေရာသို့ရောက်လာကြသည်။
အလုပ်သမားနှစ်ဆယ်ကျော်၊အလုပ်သမားတန်းလျားများဖြင့်တည်ဆောက်ထားသောနေရာကရွာငယ်တရွာအလားရှိနေကြသည် ။
ကျွန်ုပ်တို့ရောက်ချိန်တွင်အလုပ်သိမ်းနေကြပြီဖြစ်သည်။
စက်ပိုင်ရှင်သူဌေးရောက်လာခြင်း
အတွက် အလုပ်သမားများဇော်မိုးအနီး
ရောက်လာကြ၏။
ကျွန်ုပ်တို့လူစုနှင့်သူ့လူများအား
ဇော်မိုးမှမိတ်ဆက်ပေးနေသည်။
” ….ဒါကျွန်တော်စက်ရုံကအလုပ်သမားခေါင်းဆောင် ကျွန်တော်ယောက်ဖပဲကိုဖိုးတေ နာမည်ကကိုတာတီးလို့ခေါ်တယ်….”
”..ယောက်ဖ မင်းသွားခေါ်တဲ့မုဆိုးဖိုးတေဆိုတာလား ငါကဘယ်ကရုပ်ရှင်မင်းသားခေါ်လာတာလဲလို့… ”
”..ကိုဖိုးတေတို့လူစုကိုယောက်ဖဆီအပ်ပါတယ် လိုလေသေးမရှိရအောင်
စီမံပေးလိုက်ပါ… ”
” …မောလာကြရောပေါ့ ကျွန်တော်နားမယ့်နေရာလိုက်ပြပေးမယ်… ”
” ကျွန်တော်နဲ့ဦးလေးတင်မောင်က
ရွာထဲပြန်သွားရမယ်၊ ကျွန်တော်မိန်းမနဲ့ခလေးတွေရောက်နေလို့သွားရတာပါ။
မနက်ပြန်ဆုံကြတာပေါ့ဗျာ…”
ကိုဇော်မိုးမှာသူ့ယောက်ဖတာတီးထံကျွန်ုပ်တို့လူစုကိုအပ်ပြီးဦးတင်မောင်နှင့်ရွာသို့ပြန်သွားကြသည်။
တာတီးမှာကျွန်ုပ်တို့နားနေရန်အိမ်ငယ်လေးတစ်လုံးပြပေးသည်။ ရေမိုးချိုးရန် စက်ရုံဝင်းဘေးဖက်မှရေတွင်းငယ်
တစ်ခုတွင်ချိုးနိူင်ကြောင်းပြောလာသည်။ ကိုတာတီးကားအရပ်အမောင်း
ခြောက်ပေနီးပါး၊ဗလတောင့်တောင့်
မေးရိုးကားကား မုတ်ဆိတ်မွေး၊ပါးသိုင်းမွေးထူလဗျစ်၊အသားညိုညိုဖြင့်
ရှိရာသူပုံစံကမြန်မာနှင့်မတူပဲအိန္ဒိယ
လူမျိုးနဲ့ပိုတူနေသည်။အသက်လေးဆယ်နီးပါးခန့်ရှိပြီး
လူပုံစံကမဟုတ်မခံစိတ်ရှိသူ၊ရိုးသားပုံရသူဟုအကြမ်းဖျင်းကောက်ချက်ချမိသည်။
ကျွန်ုပ်တို့လူစုမှာအထုတ်အပိုးများ
ချကာ ခဏတဖြုတ်နားပြီး ရေမိုးချိုး
ကြသည်။
ရေမိုးချိုးပြီးသောအခါမှောင်ရိပ်သန်းနေပြီဖြစ်သည်။
” ကိုဖိုးတေတို့ရေမိုးချိုးပြီးရင်တစ်ခွက်၊တဖလားသွားသောက်ကြရအောင်ဗျာ၊မိတ်ဖြစ်ဆွေဖြစ်ပေါ့…”
” အစီအစဥ်ထဲမှာဒီအစီအစဥ်ကအကောင်းဆုံးပဲ ကိုတာတီးရယ်… ”
ဦးသံလုံးမှာညစာလည်းမစားသည်မို့ မှောင်သည်နှင့်တရားထိုင်ပုတီးစိတ်
ရှိနေသည်။
ကျွန်ုပ်တို့မှာစက်ရုံအလည်မြေကွက်လပ်တွင်ဝိုင်းဖွဲ့ထိုင်လိုက်ကြသည်။
ဆန်ချက်အရက်ကို ကြက်သားသုတ်ဖြင့်ကျွန်ုပ်တို့လေးယောက်အရက်နှစ်လုံးကုန်အောင်သောက်ပြီးနားလိုက်
ကြသည်။
ကိုတာတီးနှင့်စကားပြောကြည့်မှကိုတာတီးမှာကျွန်ုပ်ခန့်မှန်းထားသလိုရိုးသားသူဖြစ်ကြောင်းသိလိုက်ရသည်။
ဒါကြောင့်မို့သာ လူရည်လည်သူဌေး
ဇော်မိုးအနေဖြင့်ယုံကြည်ရသော ကိုတာတီးလက်လွဲအပ်ထားခြင်းဖြစ်မှန်း
သိလိုက်ရသည်။
” ..ကိုဖိုးတေ ကျွန်တော်တို့နှစ်ယောက်တည်းစကားနည်းနည်းပြောရအောင်ဗျာ ၊… ”
” မင်းတို့နှစ်ယောက်ထမင်းစားပြီးအိပ်ကြတော့ ကျွန်ုပ်ကိုတာတီးနဲ့စကား
နည်းနည်းပြောလိုက်အုံးမယ်…. ”
” …တိုးမောင်ရယ်.. ညီလေးသာဝနဲ့မဲလုံးထမင်းစားဖို့ပြင်ပေးလိုက်ပါကွာ။
ငါ့ညီတို့အားမနာကြနဲ့နော် အဝသာစားကြ….”
ကိုတာတီးမှသူ့လူတယောက်ကိုခေါ်ပြီးသာဝနှင့်မဲ့လုံးထမင်းစားရန်စီစဥ်ခိုင်းရာထမင်းစားမည့်နေရာသို့ထိုလူမှလာခေါ်၍ လိုက်ပါသွားကြသည်။
မှန်အိမ်မီးစာကိုအလည်တွင်ချကာ
တဖက်တချက်တွင်ကျွန်ုပ်နှင့်ကိုတာတီးထိုင်နေကြသည်။
” လူတွေကိုအူ၊အသည်းဖောက်စားတဲ့
ကြောက်စရာအကောင်ကြီးဆိုတာ
ကိုတာတီးတွေ့လိုက်ရလား…. ”
”..မတွေ့လိုက်ရဘူး ကိုဖိုးတေ၊ ဖုတ်ဝင်သွားတဲ့မောင်ထွေးဆီလည်ပင်းတောင်ညှစ်ခံရတာ ၊မောင်ထွေးကငါးပေမပြည့်တဲ့လူဖလံလေးနော် ကျွန်တော်ဗလနဲ့ရုန်းလို့မလွတ်ဘူး။
သန်ချက်ဗျာ သုံးလေးယောက်အတင်း
ဆွဲဖြုတ်ရတယ် ။ တခုမေးကြည့်ရမယ်
ကိုဖိုးတေ သရဲတစ္ဆေရှိတယ်ဆိုတာယုံလား….”
” ကိုတာတီးစကားကိုပြန်ဖြေဖို့အကိုးအကား၊အထောက်အထားနဲ့ရှင်းပြမယ်နော် ၊ အနောက်နိူင်ငံသားတွေဟာ ရုပ်ဝါဒီသမားတွေ လက်တွေ့ကျတာယုံတာပေါ့ ၊ အဲလိုအနောက်နိူင်ငံသားတွေတောင်မှသရဲတစ္ဆေရှိတယ်ဆိုတာလက်ခံရတဲ့ညအိပ်ရင်သရဲခြောက်တဲ့
ကမ္ဘာကျော်တဲ့အထိသရဲခြောက်တဲ့ကြောက်စရာအိမ်တွေမှာမယုံလို့ကိုယ်တိုင်လက်တွေ့စမ်းကြည့်ရင်းယုံသွားကြတာရှိတယ်။…”
” နောက်တခုမေးကြည့်ရမယ်နော်။ လူတယောက်ကျိန်စာတိုက်ရင်တကယ်ဖြစ်တတ်လား၊ ကျိန်စာကရှိပါ့မလား..”
” ကျွန်ုပ်တော်တို့အရှေ့တိုင်းသားတွေက ကျိန်စာနဲ့ပတ်သက်ရင်ယုံကြည်ကြတယ်။ ရှေးကဘုရင်တွေဘုရားတည်ရင် ကျောက်စာမှာဘုရားတည်ရတဲ့ကုသိုလ်အတွက်
ဆုတောင်းနဲ့အတူ၊ကျိန်စာကိုပါထည့်သွင်းထားကြတယ်၊သူတည်ထားတဲ့ဘုရားကိုဖျက်ဆီးသူ ဘာဒုက္ခ၊ညာဒုက္ခ
ရောက်ပါစေကျိန်စာကို အနောက်နိူင်ငံသားတွေပျက်ရယ်ပြုကြတယ် ။
ဒါပေမယ့် သူတို့ကျိန်စာကိုယုံသွားတဲ့
အဖြစ်အပျက်တစ်ခုပေါ်လာတယ် ကိုတာတီး…. ”
” ဘယ်လိုအဖြစ်အပျက်များလဲကိုဖိုးတေ ၊ကျွန်တော်ကစာလည်းမတတ်၊ဗဟုသုတလည်းမရှိတော့ ကိုဖိုးတေပြောတာတွေနားထောင်ရတာ တကယ့်
အနှစ်သာရတွေကြီးပါပဲ… ”
” ဒီလိုလည်းဘယ်ဟုတ်ပါ့မလဲကိုတာတီးရယ်ကျွန်ုပ်လည်းလေ့လာမှတ်သားမူတွေပေါ့ ။
ဒါနဲ့အီဂျစ်ကပိရမစ်ကြီးတွေမြင်ဖူးလားဘုရင်တွေကသူ့ထက်ငါအပြိုင်ဆောက်ကြထားကြတာ ။ ပိရမစ်မှာသုံးတဲ့ကျောက်ပြားတချပ်လူလေးယောက်
ဆွဲရတယ်တဲ့ အဲလောက်အမြင့်ကိုဘယ်လိုတည်ကြတာလဲတော့မပြောတတ်ဘူး။ အဲတာကထားပါအခုလိုရင်းကကျိန်စာအကြောင်း။
အီဂျစ်ဘုရင်တွေဟာသူတို့မသေခင်
တည်းကမြေအောက်ထဲမှလျို့ဝှက်ဂူသင်းချိုင်းတွေတည်ဆောက်ထားကြတယ်တဲ့။
သူတို့သေရင်အဲဒီအောက်မှာပဲမြုတ်
ရတာပေါ့ ၊သူတို့မသေခင်ကသုံးခဲ့တဲ့
အသုံးအဆောင်တွေပါ အဲဒီမြေအောက်ဂူသင်းချိုင်းမှာထည့်သွင်းမြုတ်နှံပေးရတယ်။သူတို့စိတ်ကူးကသူတို့ဟာတနေ့မှာပြန်လည်ရှင်သန်လာမယ်တွေးထားကြတာလေ။
ဘူမိဗေဒပညာရှင်တဖွဲ့ အယောက်
လေးဆယ့်ကိုးလားငါးဆယ်လားပဲ သိပ်မမှတ်မိတော့ဘူး။
သူတို့အဖွဲ့ဟာအီဂျစ်မှာတူးဖော်ရေးလုပ်ရင်း ဖာရို ၁၉ဘုရင်ရဲ့ဂူသင်းချိုင်းကိုသွားတွေ့တယ် ။
ဂူရဲ့တခါးပေါက်ပေါ်မှာအီဂျစ်ရှေးဟောင်းဘာသာစကားနဲ့ကျိန်စာ
တိုက်ထားတာဖတ်မိကြတယ် ။ သူ့ဂူသင်းချိုင်းကိုဖျက်စီးသူကိုကျိန်ထားတာ၊ ကျိန်စာကအရှည်ကြီး အတိုချုပ်ကပြောရင် ရေသွား၊ရေဘေး၊ကုန်သွားကုန်းဘေးပုံစံကျိန်တာပေါ့၊ကြောက်စရာလန့်စရာကျိန်စာကြီးပေါ့….”
” ဒါနဲ့ဘယ်လိုဖြစ်သွားလဲ သူတို့ဖွင့်လိုက်ကြလား…”
” အနောက်နိူင်ငံသားတွေပဲလေကျိန်စာကို ဘယ်ယုံပါ့မလဲဖွင့်လိုက်ကြတာပေါ့….”
” ဒီတော့ ဘယ်လိုတွေဖြစ်သွားကြလဲ…”
” အဲဒီအဖွဲ့မှာပါဝင်သူအားလုံးဟာတစ်နှစ်ကျော်နှစ်နှစ်အတွင်းအားလုံးသေကုန်ကြတယ်။
သေတာတောင်ပုံစံမျိုးစုံနော်၊တချို့ကားအက်ဆီးဒင့်၊တချို့နှလုံးဖောက်၊
တချို့နေမကောင်းဖြစ်၊တချို့ကို့ဟာကို
သတ်သေဆိုတဲ့မတူညီတဲ့ပုံစံမျိုးစုံနဲ့သေကုန်ကြတာ…”
..ဟာ အတော်ကြီးထူးဆန်းပါလားဗျာ၊ ကျွန်တော်လည်းကျိန်စာတခုမိနေတယ်ကိုဖိုးတေ….
…ဘယ်လိုကိုတာတီး ကျိန်စာမိနေတယ် ဟုတ်လား ဘယ်လိုကျိန်စာမျိုးကိုဘယ်သူကတိုက်လိုက်တာလဲ….
…အလကားနောက်ပြောတာပါကိုဖိုးတေရယ်.. ဟဲဟဲ…တကယ်ယုံသွားတယ်မဟုတ်လား….
…အတော်နောက်တဲ့လူဗျာ ကျွန်ုပ်ကတကယ်အောက်မေ့နေတာ..
..ညနက်ပြီကိုဖိုးတေ ထမင်းဆာရောပေါ့.. တိုးမောင်ရယ်.. မင်းကိုကြီးဖိုးတေကိုထမင်းကျွေးဖို့လုပ်ကွာ….
…အတူစားကြရအောင်လေ
ကိုတာတီး…
…ကျွန်တော်မဆာသေးဘူးဆက်သောက်အုံးမယ် ကိုဖိုးတေ….
ကျွန်ုပ်ထမင်းစားရန်ထမင်းချက်ကောင်လေးတိုးမောင်ကခူးခပ်ပေးသည်။ ကြက်သားဟင်းငပိရည်တို့စရာဟင်းဖြစ်သည်။ ကျွန်ုပ်ထမင်းစားနေသည့်နေရာသို့ကိုတာတီးလာပြီးထမင်းဟင်းများထည့်စားရန်အားမနာရန်ပြောကာ ဟင်းများထည့်ပေးနေသည်။
ကိုတာတီးမျက်နှာကိုအကဲခတ်ကြည့်မိရာသူ့တွင်လူသိမခံလိုသောစိတ်ညစ်စရာအကြောင်းတခုရှိနေသည်
ဟုကျွန်ုပ်ခန့်မှန်းမိသည်။ မျက်နှာကပြုးနေသော်လည်း အပြုံးကတမင်ဖန်တီးထားသောအပြုးတုမှန်းကျွန်ုပ်ရိပ်စားမိသည်။
ကျွန်ုပ်မှာထမင်းစားပြီးချိန်ကိုတာတီးကိုနူတ်ဆက်ပြီးအိပ်ယာဝင်ခဲ့သည်။
ကိုတာတီးတယောက်ကားမီးအိမ်ကလေးထွန်းလျက်သောက်စားကျန်နေရစ်ခဲ့၏။
ကျွန်ုပ်ကားအိပ်ယာပေါ်ခေါင်းချသည်နှင့်အိပ်ပျော်သွားသည်။
နောက်တနေ့မနက်အစောကြီးကျွန်ုပ်တို့ကိုလာနိူးသူမှာကိုတာတီးဖြစ်သည်။
ဦးသံလုံးညစာမစားသည့်အတွက်မနက်စာထမင်းကိုသူ့လူတယောက်အားအစောကြီးထချက်ခိုင်းထားသည်ဆိုသည်။
ကျွန်ုပ်တို့သုံးယောက်မျက်နှာသစ်နေကြချိန်မှာပင်ဦးသံလုံးမှာစားသောက်ပြီးလမ်းပင်လျောက်နေပြီဖြစ်သည်။
ထမင်းကြော်ကိုငါးခြောက်ဖုတ်ဖြင့်
စားသောက်ကာ လဖက်ခြောက်ကျကျခပ်ထားသောရေနွေးကြမ်းကိုသောက်ရင်းကိုတာတီးနှင့်ကျွန်ုပ်စကားပြောဆို
ဖြစ်ကြသည်။
” ကိုတာတီး ညကဘယ်အချိန်မှအိပ်တာလဲ၊မနက်ကျတော့လည်းကျွန်ုပ်တို့ထက်အရင်နိူးနေတယ်…. ”
” ညနက်တယ်ကိုဖိုးတေ ဒါပေမယ့်
မနက်စောစောအမြဲထတော့အချိန်ရောက်တော့နိူးနေရော ဆက်အိပ်လို့မရတော့ဘူး…. ”
” ကျွန်ုပ်အနီးအနားတောတွေလျောက်ကြည့်ချင်တယ် ကိုတာတီး၊အဲတာတောကျွမ်းတဲ့လူတယောက်လောက်ထည့်ပေးလိုက်လို့ရမလား….”
” ရတာပေါ့ကိုဖိုးတေရယ် ၊ယောက်ဖကြီးက ကိုဖိုးတေဘာလိုလို လုပ်ပေးဖို့မှာထားတယ်။
..မောင်ထူးရယ်…မောင်ထူး….
ကိုတာတီးကကျွန်ုပ်စကားကိုအဆင်ပြေကြောင်းပြောပြီးတပြိုင်နက်
အလုပ်ဆင်းရန်ပြင်ဆင်နေကြသူများဖက်လှည့်ကာနာမည်တခုလှမ်းခေါ်လိုက်သည်။
အသက်ဆယ့်ရှစ်အရွယ်ကောင်လေးတယောက် ဗျာ..ဟုထူးရင်းအနားရောက်လာသည်။
….မင်းဒီကအစ်ကိုကြီးတွေကိုတောထဲလမ်းပြဖို့ခေါ်သွားလိုက်….
….ဟိုလေ ကျွန်တော်အလုပ်…အလုပ်..
…မင်းလုပ်အားခတနေ့စာအတွက်စိတ်ပူမနေနဲ့ လာရင်ပေးမယ်….
ကိုတာတီးစကားကြောင့်လူငယ်မျက်
နှာပြုံးရွင်သွားသည်။
” ….ဒီလိုဆိုကျွန်တော်တို့သွားပြီကိုတာတီး…”
ကျွန်ုပ်မှာဦးသံလုံးကိုပင်ပန်းမည်စိုး၍ စခန်းတွင်ချန်ထားရစ်ပြီး မောင်ထူးကိုရှေ့မှ လမ်းပြစေလျှက် ကျွန်ုပ်တို့ဆရာတပည့်သုံးဦးနောက်မှလိုက်ခဲ့
ကြသည်။ နေ့လည်စာရိက္ခာအလို့ငှာကောက်ညှင်းဆန်အနည်းငယ်ထည့်ယူ
လာခဲ့ကြသည်။
မောင်ထွေးကိုကြောက်စရာအကောင်
ကြီးအူ၊အသည်းနူတ်စားသော ဥနှဲပင်ကြီးမှာစခန်းနှင့် မိနစ်နှစ်ဆယ်ခန့်အကွာတွင်ရှိသည်။
ထိုမှတဆင့်တောတွင်းဝင်ရောက်ခဲ့ကြတော့သည်။
တောတွင်းမွန်းတည့်ချိန်အထိလှည့်
ပတ်သွားလာသော်လည်းမည်သည့်ထူး
ခြားမူကိုမှမတွေ့ရပေ ။
ကျွန်ုပ်တို့မှာမနက်စာစားချိန်ရောက်လာပြီမို့ ရေထွက်စမ်းပေါက်လေးရှိသောနေရာတွင်နားလိုက်ကြသည်။
သာဝနှင့်မဲလုံးကားဟင်းစားရှာရန်
ဟုဆိုကာထွက်သွားကြသည်။
ကျွန်ုပ်မှာဝါးတောအတွင်းမှကောက်ညှင်းကျဥ်တောက်ဖုတ်သည့်တင်းဝါးတစ်လုံးခုတ်ကာဝါးဆစ်ရှစ်ပိုင်းဖြတ်ပြီး မောင်ထူးကိုပေးလိုက်ရာ
မောင်ထူးမှာ ဆန်ကိုဝါးကျည်တောက်အတွင်းထည့်၊ရေထည့်နေချိန်တွင်ကျွန်ုပ်ကထင်းခြောက်များရှာပြီးမီးတပုံမွေးလိုက်သည် ။
မီးအရှိန်ကောင်းလာသောအခါငုတ်စိုက်တန်းထိုးပြီး ကောက်ညှင်းကျည်တောက်ကိုခပ်စောင်းစောင်းလေးမီးပုံအနီးကပ်ဖုတ်နေကြချိန်တွင်သာဝနှင့်မဲလုံးပြန်ရောက်လာကြသည်။ သူတို့လက်တွင်
အမွေးနူတ်ရင်းယူလာသော ငူ ခြောက်ကောင်ပါလာသည်။
မဲလုံးကားလေးဂွပစ်အလွန်လက်ဖြောင့်သူဖြစ်သည်။
” ငှက်စားပင်တွေ့တာနဲ့ပစ်လာတာကို
ကြီးရယ် ၊ ဒါတောင်ဆက်ပစ်ရင်ရအုံးမယ် စားဖို့နောက်ကျနေမှာစိုးလို့….”
သာဝနှင့်မဲလုံးပင်ငှက်ကို ခုတ်ထစ်၍
ပါလာသောဆားပွတ်ကာဝါးတွင်ညှပ်လျက်မီးကင်နေကြသည်။ ငှက်သားနှင့်ကောက်ညှင်းကျည်တောက်ကျက်ချိန်တွင်လေးယောက်သား အားပါးတရစားသောက်လိုက်ကြရာကောက်ညှင်းကျည်တောက်ရောငှက်သားပါတက်တက်ပြောင်လေတော့သည်။
စားသောက်ပြီးခဏတဖြုတ်နားပြီးသောအခါ ကျွန်ုပ်တို့မှာတောတောင်အနှံ့စမ်းတဝါးဝါးခြေဆန့်ကြပါတော့သည်။
ညနေစောင်းလာသည်အထိမည်သည့်ထူးခြားမှုမှမတွေ့သောကြောင့် စက်ရုံသို့ပြန်လာခဲ့ကြတော့သည် ။
လမ်းတွင်သာဝနှင့်မဲလုံးမှာကျွန်ုပ်နှင့်မောင်ထူးနောက်မှလိုက်လျှက်တိုးတိုးကြိတ်ကြိတ်ဖြင့် တစ်စုံတရာကိုတိုင်ပင်
နေကြသည်။ ကျွန်ုပ်နောက်လှည့်ကြည့်လျှင်နှစ်ယောက်သားငြိမ်သွားကြသည်။ သူတို့မည်သည့်ကိစ္စများလုပ်ထားသည်မပြောတတ်ပေ ။
စက်ရုံသို့ရောက်သောအခါနေပင်
မှောင်ခါနီးပြီမို့ ရေမချိုးဖြစ်ကြတော့ပေ။
” အခြေအနေမထူးဘူးဆိုကိုဖိုးတေ….ယောက်ဖတောင်ပြန်သွားတာမကြာသေးဘူး ကိုဖိုးတေတို့ကိုစောင့်ခဲ့သေးတယ်၊ ကျွန်တော်ကနေမမှောင်ခင်
ပြန်ခိုင်းလိုက်တာ…”
” အေးဗျာ…ဘာထူးခြားမှုမှမရှိဘူးကြည့်ရတာ ဒီကောင်ကြီးကညဖက်ပဲလှုပ်ရှားပုံရတယ်ဗျ ညဖက်တွေသတိထားရမယ်….”
” ဟုတ်လောက်တယ်ကိုဖိုးတေ၊ လူသတ်ရင်ညဖက်တွေပဲလာသတ်တာဆိုတော့ညဖက်လှုပ်ရှားပုံရတယ်… ။
ဒါနဲ့ညနေတစ်ခွက်တဖလား တောကြက်ဥကြော်လေးနဲ့ကစ်ကြရအောင်….”
” ..ဘယ်လို.. ဘယ်က တောကြက်ဥရတာလဲဗျ..”
” ကိုဖိုးတေ တပည့်နှစ်ယောက်ယူလာတာလေ မောင်တိုးကိုကြော်ခိုင်းနေကြတာကြားတယ် ။ …”
ကျွန်ုပ်ကားသာဝနှင့်မဲလုံး
တောကြက်ဥယူလာကြသည်ဆိုသည့်အတွက်စိတ်တွင်းထောင်းခနဲဒေါသဖြစ်သွားသည်။
ကျွန်ုပ်တို့မုဆိုးစည်းကမ်းအရသူတပါးအသိုက်အမြုံကိုမဖျက်ဆီးရန်၊ငှက်ဥ၊ကြက်ဥများတွေ့ပါကမယူရန် မကြာခဏသွန်သင်ဆုံးမပေးထားဖူးသည်။
ဒါကြောင့်အပြန်လမ်းတွင်နှစ်ကောင်သားအမှုအယာပျက်နေကြခြင်းဖြစ်သည်။
ကျွန်ုပ်ထမင်းချက်သည့်နေရာသို့
ခြေလှမ်းကျဲကြီးများဖြင့်လျောက်သွားရာကိုတာတီးက ကျွန်ုပ်ကို နားမလည်သောမျက်နှာဖြင့်နောက်မှလိုက်လာသည်။
ထမင်းချက်သည့်နေရာတွင်မဲလုံးနှင့်သာဝကိုမတွေ့ရပဲချက်ပြုတ်ရင်းအလုပ်ရှုတ်နေသည့် မောင်တိုးကိုတွေ့ရ၏။
” မောင်တိုးရယ် ဟိုနှစ်ကောင်တောကြက်ဥတွေလာပေးသွားတယ်ဆို
ဟုတ်လား…”
” ..ဟုတ်တယ်ကိုကြီးဖိုးတေ ဒီဟင်းအိုးကျက်မှကြော်တော့မလို့ ဟိုမှာလေ ကြက်ဥတွေ… ”
….ဟာ…
ကျွန်ုပ်ကားမောင်တိုးညွန်ပြရာခုန်ပေါ်ခြင်းကျားလေးပေါ်မှရှစ်လုံးခန့်ရှိမည်ဖြစ်သောတောကြက်ဥများကိုကြည့်ကာ စိတ်အတွင်းသက်ာမကင်းဖြစ်သွားပြီးကိုင်၍မီးရောင်အောက်တွင်အနီးကပ်ကြည့်မိရာရင်ထိတ်သွားရသည်။
…သာဝ.. မဲလုံး…..လာကြစမ်း…ခွေးကောင်တွေ….
ကျွန်ုပ်ဒေါသတကြီးခေါ်သံကြောင့်စက်ရုံမှလူငယ်များနှင့်စကားဝိုင်းဖွဲ့ပြောနေကြဟန်တူသော သာဝနှင့်မဲလုံး
ပြန်ထူး၍ရောက်လာကြသည်။ မောင်တိုးနှင့်ကိုတာတီးမှာကျွန်ုပ်ဒေါသဖြစ်သည်ကိုနားမလည်နိူင်ဟန်အကြောင်သားကြည့်နေကြသည်။
ထမင်းချက်သည့်နေရာရောက်လာသောသာဝနှင့်မဲလုံးကား ကျွန်ုပ်လက်တွင်းမှတောကြက်ဥကြည့်ကာခိုးထုတ်ခိုးထည်နဲ့မိသောသူခိုးလိုမျက်နှာငယ်လေးများဖြင့်ရှိနေသည်။
…မင်းတို့ကိုကျွန်ုပ်ဘယ်လိုသွန်သင်ဆုံးမထားလဲ၊သူများအသိုက်အမြုံကဥတွေမယူဖို့ သားကောင်ပေါက်လေးတွေမသတ်ဖို့ပြောတာမေ့နေကြပြီလား…
…ကျွန်တော်တို့ မှားသွားပါတယ်ကိုကြီး…
…နောက်မဖြစ်စေရပါဘူး ဒီတခါတော့ခွင့်လွတ်ပေးပါကိုကြီး….
ကျွန်ုပ်မဲလုံးနှင့်သာဝကိုမာန်မဲနေစဥ်ကျွန်ုပ်အသံကျယ်သွား၍ဦးသံလုံး
ရောက်လာသည်။
…ဖိုးတေ ဘာတွေများဒေါသဖြစ်နေတာလဲသူများနေရာမှာလေကွာ စိတ်လျှော့
ပါအုံး…
…ဒီကောင်တွေသေမယ့်လမ်းရွေးလာလို့ဦးသံလုံးရယ် ၊ အခုသူတို့ယူလာတာ
တောကြက်ဥမဟုတ်ဘူးဗျ ငန်းပုတ်လို့ခေါ်တဲ့တောကြီးမြွေဟောက်ဥတွေ
ဒီမြွေတွေက လူကိုတွေ့ရင်တောင်လိုက်တတ်တာ သူဥကိုယူတဲ့လူဆိုရင်အနံ့ခံပြီးရောက်ရာနေရာလိုက်တာ….
ငန်းပုတ်မြွေအကြောင်းကြားဖူးနားဝရှိကြသည်မို့ အားလုံးပါးစပ်အဟောင်းသားရှိနေကြသည်။
…လုပ်..လုပ်ပါဦး ကိုကြီးဖိုးတေ..
…ကျွန်တော်တို့ကိုကယ်ပါဗျာ…
….မင်းတို့တအားမှားတယ် ၊ တောကြက်ဥဒီလောက်ကြီးမလားကွာ
နောက်ပြီးသေချာကြည့်ရင်ဥမှာအစက်ပျောက်လေးတွေပါတယ်…
….ဖိုးတေရာ ဒီအတိုင်းပြောနေလို့မဖြစ်သေးဘူးလေ တခုခုလုပ်ရမှာပေါ့…
…လုပ်ရမယ် ဦးသံလုံးဒီကောင်တွေကြောင့်စခန်းကလူတွေပါအန္တရယ်ရှိနေပြီ…
သာဝနှင့်မဲလုံးကားဆောက်တည်ရာမရ
ငိုမဲ့မဲ့ဖြစ်နေကြသည်။
.. ကိုတာတီးလူတွေကိုအခန်းထဲမှာမနေခိုင်းပဲ အပြင်ကိုထွက်ခိုင်းပြီးကွင်းပြင်မှာနေခိုင်းဗျာ ဓားတွေ၊တုတ်တွေပါဆောင်ထားခိုင်း၊ပြီးရင်ဘေးပတ်ချာလည်မှာမီးစက်ဝိုင်းလုပ်ထားရမယ်။
၊ ဟိုနှစ်ကောင်မင်းတို့အဝတ်အစားတွေချွတ်မီးရှို့လိုက် မင်းတို့ကိုယ်နံ့ရသလောက်ဖျောက်ထားရမယ်….
ကိုတာတီးမှာကျွန်ုပ်ပြောသည့်အတိုင်းသူလူများကိုကွင်းပြင်တွင်ထွက်နေခိုင်းကာ သိုလှောင်ထားသော
ထင်းများအကုန်ထုတ်စေသည်။
ရိုးမနီးသောအရပ်မို့ထင်းကားအလျှံအပယ်ပူစရာမလို၊ လိုအပ်သည့်ပမာ
ဏအထိရလာသည်။ မီးစက်ဝိုင်းလုပ်ပြီးသောအခါလူအားလုံးအတွင်းသို့
ဝင်စေလျှက်သာဝနှင့်မဲလုံးအဝတ်အစားများကိုမီးရှို့ပြီးသူတို့ခန္ဓာကိုယ်အား ပေါင်ဒါမှုန့်များဖြူးကာ လူအုပ်အလယ်တွင်နေစေသည်။
ကျွန်ုပ်တွက်ဆချက်သာမလွဲပါက
ငန်းပုတ်မြွေကြီးသည်ကျွန်ုပ်တို့လာရာလမ်းအတိုင်းသူ့ဥယူသွားမည့်သူ၏အနံ့ကိုခံလိုက်လာမည်ဖြစ်ရာ ကျွန်ုပ်တို့ပြန်လာရာအရှေ့ဖက်မှလာမည်မှာကြိမ်းသေနေသည် ။
ယခုမြွေကိုသတ်မှရတော့မည်မို့ ပို၍သေချာစေရန် မြွေဥတစ်လုံးကိုကျွန်ုပ်တို့လူစုနဲ့ခပ်ဝေးဝေးအရှေ့ဖက်
အရပ်တွင် မြေပြင်ပေါ်ခွဲထားကာ အရှေ့ဖက်ခြမ်းကိုမီးတောက်များပို၍
များစေရန်ထည့်ထားခိုင်းလိုက်သည်။
ကျွန်ုပ်မှာအရှေ့ဖက်အခြမ်းကိုအဓိကဦးတည်ကာတာဝန်ယူမည်ဖြစ်ပြီး
တခြားသူများကို ဘေးပတ်လည်သို့ကြည့်ခိုင်းထားသည်။
ကျွန်ုပ်တို့လူစုမှာမည်သူမှစကားမဆိုငြိမ်သက်တိတ်ဆိတ်စွာရှိနေကြသည်။ ညသည်တဖြည်းဖြည်းနက်လာသည်။ ဆယ်နာရီခန့်အရောက်တွင် ကျွန်ုပ်မြေပြင်ပေါ်မြွေဥခွဲထားသောနေရာသို့ လျောတိုက်ရွေ့လျားလာသော
အရာတစ်ခုမြင်လိုက်ရသည် ။
ကျွန်ုပ်အားလုံးကိုလက်ထောင်ပြရင်း
အနောက်သို့ဆုတ်ခိုင်းပြီးသေနတ်ကိုမောင်းတင်ကာမြေပြင်ပေါ်မုဆိုးဒူးထောက်ထိုင်ချလိုက်သည်။
ငန်းပုတ်ကြီးမှာကျွန်ုပ်တို့ရှိရာဒေါသတကြီးအရှိန်ဖြင့်ပြေးလာကာမီးတောက်များအနီးရောက်သောအခါ
ကိုခန္ဓာအားမတ်လိုက်ရာ ကျွန်ုပ်မျက်လုံးပြူးသွားရသည်။
အကြောင်းမှာငန်းပုတ်ကြီးသည်ကျွန်ုပ်တွေးထားသည်ထက် အကောင်ကြီးသောကြောင့်ဖြစ်သည်။
ယောက်ကျားကြီးခြေသလုံးခန့်ကိုယ်ခန္ဓာရှိပြီး အပေါ်သို့မတ်လိုက်သောအခါ လေးပေကျော်ခန့်ပင်မြင့်နေသည်ကိုတွေ့လိုက်ရသည်။
မြွေကြီးမျက်လုံးများသည်မီးရောင်အောက်တွင်အခိုးအငွေ့များထွက်နေသည်လားထင်မှတ်ရကာ ခွက်ထားသောပါးပြင်းကြီးက ဒေါသမာန်ဟုန်မည်မျပြင်းထန်နေသည်ကိုဖော်ပြနေသည်။
ကျွန်ုပ်မှာငန်းပုတ်ကြီးကိုမမှိန်မသုန်စိုက်ကြည့်လျှက်စိတ်ကိုတည်ငြိမ်အောင်ထားနေရသည်။ မီးတောက်များသာမရှိပါက ငန်းပုတ်ကြီးသည်ရပ်နေမည်မဟုတ်ရှေ့တိုးကာတခါတည်းပေါက်သတ်သွားမည်မှာသေချာသည်။
….ဝှီး….ဒိုင်း…..ဖောင်း..ဘုတ်….
….ဟာ…..
….နည်းတဲ့ငန်းပုတ်ကြီးလား…
….ငါ့တသက်ဒီလောက်ကြီးတဲ့ငန်းပုတ်
မမြင်ဖူးပါဘူးကွာ….
….အသေကြီးမြင်ရတာတောင်ကြောက်ဖို့ကောင်းတယ်….
ကျွန်ုပ်ကားသက်ပြင်းမောကြီးချလိုက်မိသည်။ အေးနေသောအချိန်မှာပင်နဖူးမှစီးကျလာသောချွေးစေးများကို လက်ဖဝါးဖြင့်ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်သည်။
ငန်းပုတ်မြွေကြီးမှာ ကိုယ်ခန္ဓာယိမ်းနွဲ့ကာ
မီးပုံကြောင့်မြေကြီးပေါ်မှလာမရသော
အခါအမြီးဖျားကိုအားပြုပြီးခုန်လိုက်သည်။ ကျွန်ုပ်ကားငန်းပုတ်မြွေကြီးထိုသို့လုပ်မည်မထင်သောကြောင့်မျက်
လုံး စိတ်လှုပ်ရှားသွားသော်လည်းအလေ့အကျင့်ရနေသောလက်ကအန္တရာယ်နှင့်ကြုံချိန်တဒဂ်ဆုံးဖြတ်ချက်ဖြင့်ငန်းပုတ်ခေါင်းကိုချိန်ရွယ်ပစ်ခတ်လိုက်သည်။
ကံကောင်းထောက်မစွာမြွေခေါင်းကိုသေနတ်ကျည်ဆန်ထိမှန်ပြီး ဦးခေါင်းကြေမွသွားကာ ကျွန်ုပ်အနီးမြေပြင်ပေါ်ပြုတ်ကျလျှက်ကိုယ်လုံးကြီးမြေပြင်ပေါ်တွန့်လိမ်လျှက်ရှိနေသည်။
…အန္တရာယ်ကင်းပြီမို့ အားလုံးကိုယ့်နေရာကိုယ်ပြန်လို့ မြွေကိုရော၊မြွေဥကိုရောစားလို့ အန္တရာယ်မရှိတော့ပါဘူး…
စက်ရုံလုပ်သားများမှာပျော်ရွင်စွာဖြင့်
မြွေကြီးကိုဆွဲယူသွားကြတော့သည်။
ကျွန်ုပ်အနီးတွင် ဦးသံလုံး၊ကိုတာတီး၊မဲလုံး၊သာဝသာကျန်နေရစ်ခဲ့ကြသည်။
…ဖိုးတေရယ် မင်းသာတရားထိုင်ရင်
အတော်အကျိုးရှိမယ်။..အသက်ဘေးနဲ့ကြုံနေရချိန်စိတ်ကိုတည်ငြိမ်အောင်ထားနိူင်တာအတော်ကြီးစိတ်အင်အားကောင်းတယ်၊ထိန်းချုပ်နိူင်တယ်။.
ခက်တာက အဲလိုစိတ်တည်ငြိမ်လို့သတ္တဝါတွေဘေးဒုက္ခရောက်ကြရတာ….
…ဦးသံလုံးကတော့နော်လုပ်လာပြီ ၊
အစောနကငန်းမြွေကြီးကိုဦးသံလုံးကိုမေတ္တာပို့ပြီးနှင်ခိုင်းရကောင်းမလားတွေးနေတာ….
..ခွေးကောင်ငါ့ကိုသတ်နေတာလား၊
မနိူင်းစကောင်း တရားကိုအဆင့်တစ်ခုအထိရောက်နေသူနဲ့ လာနိူင်းယှဥ်နေတယ်။ ငါအဆင့်နဲ့မေတ္တာသွားပို့ရင်သေသွားမှာပေါ့…
ဦးသံလုံးစကားကြောင့်ကျွန်ုပ်တို့သဘောကျစွာရယ်မောလိုက်ကြသည်။
…ကိုကြီးဖိုးတေ ကျွန်တော်နောက်နောင် သူများအသိုက်အမြုံမဖျက်စီးတော့ပါဘူး…
….ကျွန်တော်လည်း ကတိပေးပါတယ်
နောက်ဘယ်တော့မှ သူများအသိုက်အမြုံမဖျက်စီးတော့ပါဘူး…
သာဝနှင့်မဲလုံးမှာကျွန်ုပ်အနီးမဝံ့မရဲတိုး
ကပ်ပြောလာကြသည်။
…အေးအေး..ကျွန်ုပ်အသိမြန်လို့မင်းတို့မသေတာ ပြောရရင်သေနေ့မစေ့သေးဘူးပြောရမှာပေါ့။ မုဆိုးလုပ်မယ့်သူလိုက်နာရမယ့်စည်းကမ်းချက်တွေရှိတယ် ၊ ဇီးနဲ့သားကောင်မပစ်ခတ်ရဘူး။
သားမခွဲသေးတဲ့သားသည်အမေမိခင်ကြီးကိုမပစ်ခတ်ရဘူး၊
မိခင်ကိုသတ်မိရင်တောသဘာဝနားမလည်သေးတဲ့ကောင်လေးတွေဟာ သားစားသတ္တဝါတွေလက်ချက်နဲ့အကုန်သေကုန်လို့တိရိစ္ဆာန်မျိုးလည်းတုံးတာပေါ့ကွာ ။ ကဲကဲ အန္တရာယ်မရှိတော့ဘူး
ထမင်းသွားစားကြတော့….
ဦးသံလုံးက အိပ်စက်မည့်အဆောင်ထွက်သွားပြီဖြစ်သလို မဲလုံးနှင့်သာဝကလည်းမြွေသားချက်ပြုတ်ရန်
ပြင်ဆင်သည့်နေရာထွက်သွားသည်။
ကိုတာတီးမှာအရက်ပုလင်းနှင့်ဖန်ခွက်များကိုင်ပြီး ကျွန်ုပ်အနီးရောက်လာသည်။
…မြွေသားမကျက်ခင်သောက်ရင်း
စောင့်ကြတာပေါ့ ကိုဖိုးတေ လောလောဆယ်မြွေဥကြော်ခိုင်းထားတယ်….
…ကျွန်ုပ်မြွေသားမစားဘူး ကိုတာတီး ရာသက်ပန်ရှောင်ထားတယ်။ သတ်ရင်တောင်မလွဲသာမရှောင်သာမှသတ်တာ….
…မုဆိုးဖြစ်ပြီးအစားရွေးလှချည်လားဖိုးတေရ…
…စည်းထားတာကိုတာတီးရ ကျွန်ုပ်အဖေပြောပြဖူးတယ်။ မြွေသားမစားသူဟာ မြွေအန္တရာယ်ပြုခံရတာနည်းတယ်တဲ့ မြွေသားစားသူကိုတခြားမြွေတွေကသိတယ်တဲ့ သူတို့အမျိုးအနွယ်ကိုစားသူဆိုပြီးအန္တရယ်ပြုကြတယ်ဆိုပဲ၊ ဒါကရှေးလူကြီးတွေပြောစကားနော်
ဟုတ်မဟုတ်ကျွန်ုပ်လည်းမပြောတတ်ဘူး….
မောင်ထူးမှာကျွန်ုပ်တို့အနီးရောက်လာသောကြောင့် ကိုတာတီးမှ ကြက်သား
ကြော်ယူခိုင်းလိုက်ရာကြက်သားကြော်ဖြင့် အရက်သောက်ဖြစ်ကြသည်။
…ဒါနဲ့ အစောနကမြွေကြီးက အတော်ဒေါသကြီးတာပဲ ကိုဖိုးတေလူအုပ်စုတွေ့တာတောင်ရှောင်မသွားဘူး….
…ငန်းပုတ်လေကိုတာတီးတောကြီးမြွေဟောက်လို့လည်းခေါ်ကြတယ်။ ကိုက်ရင်သေပဲ ဆေးကုမရဘူး….”
…ဟာ….အဲလောက်တောင်ပြင်းတာလား…
…မြွေပေါက်တယ်ဆိုတာကအဆိပ်အိတ်ထဲကအဆိပ်ရည်ကိုအစွယ်ဖျားကိုပို့လိုက်တာ အစွယ်အဖျားအပေါက်လေးကတဆင့် အဆိပ်ကိုထုတ်လိုက်တာဆေးထိုးသလိုပေါ့ ၊ တခြားအဆိပ်ရှိမြွေတွေလူကိုကိုက်ရင်အဆိပ်သုံးစက်လောက်ပဲ ထုတ်လွတ်နိူင်ပေမယ့်၊ငန်းပုတ်တွေကတခါပေါက်ရင်အဆိပ်ရည်
အစက်သုံးဆယ်လောက်ထုတ်လွတ်နိူင်တယ် ၊ ကဲ ဒီတော့တွေးကြည့်လေကိုက်ရင်ဘယ်ဆေးမှီပါ့မလဲ….
…ဘုရား…ဘုရား…အတော်ကြောက်စရာကောင်းတဲ့မြွေပါလား…
..အဆိပ်အားကိုးနဲ့မိုက်နေတဲ့မြွေမျိုးဗျ၊
တခြားမြွေတွေကလူကို ဒီအတိုင်းတွေ့ရင်မလိုက်ဘူးနော်။ ဒီကောင်တွေက
တောင်သုံးလေးတောင်ကျော်တဲ့အထိလိုက်တတ်တယ် ။ ကျွန်ုပ်ကတော့ငန်းပုတ်ကိုတွေ့ရင်သတ်တယ်။ ကျွန်ုပ်တို့တောသူတောင်သားတွေက တောကိုအမှီပြုနေရတာလေ တောထဲဒီကောင်တွေနဲ့ တွေ့ရင်နေရင်းထိုင်းရင်းအသက်ဘေးကြုံမှာစိုးလို့ သတ်တာပါ…..
….ကိုဖိုးတေအကြောင်းဦးတင်မောင်ပြောတုန်းက ကျွန်တော်က တအားအမွန်းတင်ပြောတယ်ထင်မိတယ်။
မုဆိုးဘွဲ့နာမည်က ပစ်မလွဲဖိုးတေတဲ့၊
အတွေ့အကြုံဗဟုသုတစုံတယ်။ တောတောင်သဘာဝအခြေအနေကိုမှန်းဆနိူင်တယ်။ နယ်မြေဗဟုသုတဆိုလည်းမြန်မာပြည်တခွင်အမဲပစ်ဖူးရုံမက ဟိမဝန္တာထိရောက်ဖူးတယ်။ ခေါင်းဆောင်စိတ်ရှိပြီး အန္တရာယ်ကြုံရင်ရှေ့က ရင်ဆိုင်တဲ့လူစားမျိုးတဲ့.အဲလောက်ညွန်းနေတော့ပိုပြောတယ်ထင်နေတာ ၊လက်တွေ့ကြုံမှသူပြောတာလိုနေသေးမှန်းသိရတော့တယ်…..
….ကိုတာတီးက မြှောက်ပြောမှန်းသိပေမယ့် ကျွန်ုပ်က အမြှောက်တော့ ကြိုက်တယ်ဗျ…
…မြှောက်ပါ့မလားကိုဖိုးတေရာ ငန်းပုတ်ကြီးမီးပုံပေါ်ကျော်ပြီးခုန်ထွက်လာတော့.. ဟာ…သွားပြီဆိုပြီးတွက်ထားတာ ၊ သေနတ်သံလည်းကြားလိုက်ရော
မြွေကြီးလည်းမြေပေါ်ပြုတ်ကျနေရော၊ တကယ့်ပစ်မလွဲပါပဲ။ စကားပြောကြည့်တော့မှအတွေ့အကြုံဗဟုသုတလည်းစုံမှန်းသိရတယ်။…ဒါနဲ့လေမြွေကိုသတ်ရင်ခေါင်းကိုဖြတ်ပြီးမြုတ်ရတယ်ဆိုတာဘာကြောင့်များလဲကိုဖိုးတေ…
…ဒါကတော့သိပ္ပံသဘောတရားနဲ့လည်းဆက်စပ်နေတယ်ကိုတာတီး မြွေရဲ့မျက်လုံးဟာ ဓာတ်ပုံဖလင်ကွက်လိုအကွက်လေးပေါင်းထောင်ချီပြီးရှိတယ်တဲ့ ။ မြွေတကောင်သေဆုံးချိန်မှာ
သူရဲ့နောက်ဆုံးပုံရိပ်တွေကိုမျက်လုံးမှာမှတ်တမ်းအဖြစ်အရိပ်ထင်ပြီးကျန်နေရစ်ခဲ့တယ် ။ တခြားမြွေတွေကအဲဒီမြွေနားရောက်လာလို့မျက်လုံးကိုကြည့်မိရင်သတ်သူရဲ့ပုံရိပ်ကိုမြင်ရတာမို့
အဲဒီလူကိုရန်သူလို့သဘောထားပြီးတွေ့တဲ့နေရာမှာပေါက်သတ်ကြလို့
မြွေသတ်ပြီးရင်ခေါင်းကိုမြုတ်တတ်ကြတာ…
…စကားပြောလို့ကောင်းပေမယ့် ညလည်းနက်လာပြီ၊ ကိုဖိုးတေကတနေကုန်တောလည်ထားတော့ပင်ပန်းနေတာ၊ ကျွန်တော်ကအားမနာတမ်းစကားပြောနေမိတယ်…
…ရပါတယ် ကိုတာတီးရယ် ၊ ကိစ္စမရှိပါဘူး….
…လာ ကိုဖိုးတေ ထမင်းသွားစားမယ်
…
ကိုတာတီးကား ကျွန်ုပ်ကိုအားနာဟန်စကားဆိုရင်း ထမင်းချက်သည့်နေရာရှေ့ထမင်းစားပွဲတွင် မောင်တိုးကို ထမင်းခူးခိုင်းကာ မြွေသားနှင့်မြွေဥလုံးဝမပါရန်မှာကြားနေသည်။ မြွေသားစားလျှင်မြွေနဲ့ရန်သူဖြစ်နိူင်သည်မို့သူလည်းမစားတော့ကြောင်းပြောသည်။
သူကားထမင်းမစားသေး ကျွန်ုပ်အနီးတွင်ထိုင်ကာ အရက်တစ်လုံးထိုင်သောက်ရင်းအားမနာတမ်းစားရန်တဖွဖွပြောနေသည်။
စားသောက်ပြီးကျွန်ုပ်အိပ်ရန်အဆောင်သို့ပြန်ချိန်ရှေ့ထိလိုက်ပို့ပေးသည်။
…နောက်များလည်းကိုဖိုးတေဆီကဗဟုသုတစကားတွေထပ်ကြားချင်ပါသေးတယ် ။ နောက်နေ့ဆက်ပြောကြမယ်ကိုဖိုးတေ ၊ ကောင်းသောညဖြစ်ပါစေ…
…ကိုတာတီးလည်း ညနက်ထိသောက်မနေပါနဲ့ ကြာလာရင်ကျန်းမာရေးထိခိုက်လာနိူင်တယ် ။..
…ဟုတ်ကဲ့ ကိုဖိုးတေ ကျွန်တော်ကိုဖိုးတေစေတနာစကားကိုနားထောင်ချင်ပေမယ့် ကျွန်တော်က ကျိန်စာမိထားတယ်ဗျာ.. အိပ်တော့ ကိုဖိုးတေ…
ကိုတာတီးကားမူးနေပြီလားသူ့လျို့ဝှက်ထားသောကိစ္စ၏တစွန်းတစလား
မဆိုနိူင် ကျွန်ုပ်နားလည်ရခက်သောစကားများပြောကာ မီးကွင်းလုပ်ထားသောနေရာသို့သွားကာအရက်ထိုင်သောက်နေသည်။
အချိန်ကလည်းညဆယ့်တစ်နာရီခန့်ရှိနေပြီမို့ကျွန်ုပ်ကား အိပ်ယာပေါ်လှဲချကာစိတ်ကိုဖြေလျော့ချလိုက်သည်။ တနေကုန်လှုပ်ရှားသွားလာရသောကြောင့်ပင်ပန်းသည့်အပြင်ထမင်းဗိုက်လေးအောင်စားထားသည့်အတွက်အိပ်ယာပေါ်ခေါင်းချသည်နဲ့တပြိုင်နက်အိပ်ပျော်သွားသည်။
….လုပ်ကြပါအုံး… လုပ်ကြပါအုံး…
…ကြောက်စရာမကောင်းဆိုးဝါး အကောင်ကြီးရောက်နေလို့…
…..ထကြဟေ့.. ထကြ.. ကြောက်စရာမကောင်းဆိုးဝါးကြီးရောက်နေလို့…
…ဖိုးတေ…ထထ… မကောင်းဆိုးဝါးရောက်လာပြီ….
ကျွန်ုပ်မှာလူများဆူညံ့စွာအော်ဟစ်သံကိုအစပထမအိပ်မက်ဟုထင်နေသေးသော်လည်း ဦးသံလုံးအသံကြားမှကမန်းကတန်းအိပ်ယာဘေးမှသေနတ်ကိုစမ်းကိုင်ရင်းအဆောင်အောက်သို့
အိပ်မှုန်စုန်ဝါးပြေးဆင်းလာခဲ့သည် ။
ကျွန်ုပ်တို့ညနေက ငန်းပုတ်မြွေတားရန်မီးစက်ဝိုင်းပြုလုပ်ထားသောနေရာသို့လူများပြေးလွားသွားနေကြသည်။
မီးများငြိမ်းသွားပြီဖြစ်သော်လည်းလက်နှိတ်ဓာတ်မီးရောင်များဖြင့်လင်းထိန်နေသည်။ ထိုအလည်တွင် ကြောက်လန့်စရာမြင်ကွင်းတခုကကျွန်ုပ်ကိုဆီးကြိုနေရာ ကျွန်ုပ်မှာအိပ်ချင်နေသောမျက်လုံးများပြူးကျယ်ကုန်သည်။
ကိုတာတီးနှင့် ကြောက်လန့်စရာရုပ်သွင်ရှိသောမကောင်းဆိုးဝါးကောင်
လုံးထွေးနေကြခြင်းဖြစ်သည်။
ကိုတာတီးမှာအားကောင်းမောင်းသန်မို့ ခံလုံးနေနိူင်ခြင်းဖြစ်သည်။ ကိုတာတီးတလှည့်မကောင်းဆိုးဝါးကောင်တလှည့်လုံးထွေးနေရာ ကိုတာတီးအောက်ရောက်သွားချိန်စက်ရုံမှရဲတင်းသောလူငယ်တချို့က ဓား၊လှံများဖြင့်ဝင်ထိုး
ဝင်ခုတ်ကြသည်။
သို့ရာတွင် မကောင်းဆိုးဝါးကောင်ကြီးမှာနာကျင်ဟန်မပြပေ ။
…အားလုံးနောက်ဆုတ်ကြ ဒါဖုတ်ဝင်နေတာ မင်းတို့လက်နက်တွေမရဘူး
ဖိုးတေ ရော့…ဒီဓားနဲ့သတ်…
ကျွန်ုပ်မှာသေနတ်နဲ့ပစ်ခတ်ရန်ချိန်ရွယ်နေရာ ဦးသံလုံးအော်ဟစ်သတိပေးသံကြောင့် သေနတ်ကိုနံဘေးမှတယောက်ဆီအပ်လိုက်သည်။
ဦးသံလုံးပေးသောဓားမြှောင်တိုကိုကိုင်ကာ မကောင်းဆိုးဝါးကောင်ကြီးအပေါ်ရောက်ချိန်ကျောကုန်းကိုပြေးထိုးလိုက်သည်။
…အီး…
…အ…
..ဝိုင်းချုပ်ထားကြ မကြောက်နဲ့ ချုပ်ကြလေကွာ မင်းတို့ဆရာသေတာကြည့်ချင်နေကြလား….
မကောင်းဆိုးဝါးကျောကုန်းကိုဓားဖြင့်ပြေးထိုးရာ နာကျင်စွာအော်ညီးသံနဲ့အတူ လက်ပြန်ရိုက်လိုက်ရာ ကျွန်ုပ်ခါးသို့မကောင်းဆိုးဝါးလက်သည်းများထိသွားသည်။
ဘေးမှအခြေအနေကြည့်နေသောဦးသံလုံးမှာမကောင်းဆိုးဝါးကိုဝိုင်းချုပ်ရန်ပြောရင်း ပရိတ်ရေဗူးကိုထုတ်ကာ
ပရိတ်ရေဖြင့်ပက်ဖြန်းနေရာ မကောင်းဆိုးဝါးမှာ အက်ရှရှအသံကြီးဖြင့်အော်ဟစ်ရင်းထွက် ကိုတာတီးကိုယ်ပေါ်မှခွာ၍ ထွက်ပြေးရန်ကြိုးစားနေသည်။
ဦးတာတီးအော်သံကြောင့်မဲလုံးသာဝနှင့် တခြားသောလူငယ်များမကောင်း
ဆိုးဝါးကိုဝိုင်းချုပ်ကာ ခြေလက်များကိုတယောက်နှစ်ဖက်စီကိုင်၍မြေပြင်ပေါ်
ပက်လက်လှန်ထားလိုက်ကြသည်။
မကောင်းဆိုးဝါးကားစူးရှစွာအော်ဟစ် ရုန်းကန်နေ၏ ။
…ဖိုးတေ အသည်းကိုထိအောင်ထိုး…
….စွတ်….အီး….အူး….
ဦးသံလုံးစကားအတိုင်းမကောင်းဆိုးဝါးရင်ဘတ်အသည်းဆီထိုးထည့်လိုက်ရာမကောင်းဆိုးဝါးကြီးမှာနာကျင်စွာညီးညူရင်းတဖြည်းဖြည်း
ငြိမ်ကျသွားသည်။
ထို့နောက်အသားများတဖြည်းဖြည်း
အရည်ပျော်ပုတ်ပွကာမခံမရပ်နိူင်အောင်နံလာခြင်းကြောင့်အားလုံးနောက်ဆုတ်လိုက်ကြသည်။
…ကိုတာတီး အခြေအနေကောင်းလား….
…လက်သည်းနဲ့ကုတ်မိတဲ့အပေါ်ယံဒဏ်ရာတွေပါကိုဖိုးတေ သေလောက်တဲ့ ဒဏ်ရာမဟုတ်ပါဘူး အေးဆေးပါ…
….ဒါနဲ့ ဘယ်ကဘယ်လိုဒီကောင်ကြီးရောက်လာတာလဲဗျ..
…အရက်သောက်နေတုန်းဗြုန်းဆိုဝင်ချလာတာပါပဲ ကျွန်တော်လည်းအကိုက်မခံရအောင်လုံးထွေးသတ်ပုတ်ရင်း အသံကုန်အော်နေတာ ၊ တော်သေးတာပေါ့ လူတွေအရောက်မြန်လို့.
မြန်မာ့သိုင်းနည်းနည်းတတ်ထားတာလည်းပါတာပေါ့..ဟဲ..ဟဲ….
ကိုတာတီးကားတကယ့်အာဂလူပင်
တကိုယ်လုံးသွေးသံတရဲရဲကြားမှပြုံးနိူင်ရယ်နေနိူင်သေးသည်။ ကိုတာတီးမညေ့်အပြင် မကောင်းဆိုးဝါးလည်းသေပြီမို့စက်ရုံမှလူငယ်များဝမ်းမြောက်ဝမ်းသာ၊ရှိနေကြသည်။
ကျွန်ုပ်မှာအရည်ပျော်ကျနေသောမကောင်းဆိုးဝါးကောင်အနီးလျောက်သွားပြီးကြည့်လိုက်ရာတခြားအသားများမရှိတော့သော်လည်းလတ်လတ်ဆတ်ဆတ်လူအသည်းပေါ်ကျွန်ုပ်ထိုးစိုက်ထားသောဓားရှိနေသည်ကိုတွေ့လိုက်ရသည်။
…အဆန်းပါလား အသည်းကခုမှထုတ်လာသလိုလတ်လတ်ဆတ်ဆတ်ကြီးပဲ
ဦးသံလုံး…
…အစိမ်းသေရဲ့အသည်းနှလုံးနဲ့ဖန်တီးထားတဲ့မကောင်းဆိုးဝါးမျိုးပဲဖိုးတေရယ် ၊ ဒါကအဆင့်မြင့်အောက်လမ်းဆရာတွေပဲဖန်တီးနိူင်တာ
သူ့ကိုမွေးထားတဲ့အောက်လမ်းဆရာရှိသေးတယ်….
……အား……
…ဟာ..ကိုတာတီး….
…..ဟားဟား…ဟား..ဟား…..
..ငါ့ယောက်ကျားရဲ့အသည်းနှလုံးနဲ့မကောင်းဆိုးဝါးဖန်တီးပြီးနင်တို့တရွာလုံးသတ်ဖို့လုပ်ထားတာ ခုနင်တို့ကဒုတိယတခါငါ့ယောက်ကျားသတ်လိုက်ကြပြန်ပြီ သတ်မယ် သတ်မယ် နင်တို့တရွာလုံးကိုသတ်မယ်….
ဆံပင်စုတ်ဖွားထမီရင်လျားဖြင့်အရူးမလိုမိန်းမကြီးတယောက်မှာလူအုပ်ကြားသို့မည်သည်သည့်အချိန်ကရောက်နေသည်မသိကိုတာတီးအနီးလျောက်သွားကာ ဝမ်းဗိုက်ကိုသူကိုင်လာသောဓားမြှောင်ဖြင့်ထိုးသွင်းလိုက်ရာ ကိုတာတီးမှာ မြေပြင်ပေါ်ခွေကျသွားတော့သည်။
မိန်းမကြီးကားသွေးစွန်းနေသောဓားမြောင်ကိုကိုင်ကာအရူးမကြီးလိုရယ်မောရင်း မကောင်းဆိုးဝါးကို
သူယောက်ကျားအသည်းဖြင့် ဖန်တီးထားကြောင်းပြောလာသည်။
…ရင်ရွှေ ခွေးမကြီး ဘာရပ်ကြည့်နေကြတာလဲသတ်ကြကွာ…
…ဟေ့ကောင်တွေ လက်လွန်ခြေလွန်ဖြစ်ကုန်မယ် မလုပ်ကြနဲ့…
…ဒီအတိုင်းဖမ်းချုပ်ပြီးရွာလူကြီးကိုအပ်လိုက်ကြလေကွာ ကိုယ်ထိလက်ရောက်မလုပ်ကြနဲ့…
ကျွန်ုပ်နှင့်ဦးသံလုံးပြောစကားသည်ဒေါသထွက်နေသောလူငယ်များနားသို့မဝင်တော့ ရင်ရွှေအားဓားဖြင့်ခုတ်သူခုတ်၊ တုတ်ဖြင့်ရိုက်သူရိုက် ရင်ရွှေကိုအမဲဖျက်သလိုဝိုင်းဖျက်နေကြသည်။
…ကိုတာတီး အားတင်းထားနော် ကျွန်တော်ခင်ဗျားကိုဆေးရုံရောက်အောင်ပို့ပေးမယ်….
…ငါအခြေအနေငါသိပါတယ်ဖိုးတေ
ငါမနေရတော့ဘူး မသေခင်ငါမင်းကို
ဝန်ခံသွားစရာရှိတယ် ငါပြောတာတွေကိုမင်းစိတ်ထဲပဲတသက်လုံးသိမ်းသွားပေးပါ….
…စိတ်ချကိုတာတီး ခင်ဗျားဘာပြောစရာရှိလဲ…
ကိုတာတီးမှာဗိုက်မှသွေးများဒလဟောထွက်နေသည်ကိုလက်ဖြင့်
ဖိအုပ်ကိုင်ထားသည်။ လေသံသည်အားပျော့နေပြီဖြစ်၏ ။ ကျွန်ုပ်မှာ လူအုပ်စုနဲ့ဝေးရာကိုတာတီးကိုပွေ့ချီခေါ်ကာမြေပြင်ပေါ်ထိုင်ချရင်းကျွန်ုပ်ပေါင်ပေါ်ခေါင်းတင်ပေးထားလိုက်သည်။
….တင်သောင်းကိုသတ်လိုက်တာငါပဲဖိုးတေ….
…..ဗျာ…ကိုတာတီး….
ကိုတာတီး၏မထင်မှတ်သောပြောစကားကြောင့်ကျွန်ုပ်အံ့သြတုန်လှုပ်သွားရသည်။
…ဟုတ်တယ်ဖိုးတေ တဖက်ရွာသွားတဲ့လမ်းမှာဒီကောင်နဲ့ငါတွေ့တော့ ၊ငါကညှိနိူင်းတယ် ဒီဖုန်းဆိုးမြေအတွက်ကျသင့်ငွေလည်းပေးမယ် ၊သူတို့နေချင်လည်းဆက်နေ အလုပ်လိုချင်လည်း
လုပ်လို့ရတယ်ပြောတာ ငါ့ကိုမအေနှမနဲ့ဆဲပြီးဓားနဲ့ခုတ်တာ လူကောင်ခြင်းလည်းကွာသလိုငါကသိုင်းနည်းနည်းပါးပါးတတ်တော့ သူ့ဓားကိုပြန်လုပြီးဒေါသဖြစ်ဖြစ်နဲ့ခုတ်သတ်ပစ်ခဲ့တာဖိုးတေ ငါအပြစ်ကိုငါဖုန်းကွယ်ပြီးနေရတာပင်ပန်းလှပါပြီ….
…ခင်ဗျားမောနေမယ်ကိုတာတီးစကားမပြောပါနဲ့တော့…
..ငါကသေမယ့်လူပါကွာ မသေခင်ငါလေးစားရတဲ့မင်းဆီအပြစ်ဝန်ခံရတာ
စိတ်ရှင်းသွားသလိုခံစားရတယ်…
ကိုတာတီးလေသံကအတော်ကြီးအားလျော့နေပြီဖြစ်သောကြောင့်သူ့ပါးစပ်သို့ကျွန်ုပ်နားကပ်ကာထောင်နေရသည်။
….မင်းပြောတဲ့ကျိန်စာလေ ငါမိတာဖိုးတေ….ငါယောက်ကျားသတ်တဲ့လူအသေဆိုးနဲ့သေပါစေတဲ့….စုန်း..စုန်းမကျိန်….
…ကိုတာတီး…..ကိုတာတီး….ဟာ…
ကိုတာတီးကားကျွန်ုပ်လက်ပေါ်အသက်ပျောက်သွားခဲ့ပြီဖြစ်သည်။
သူဖုန်းကွယ်ထားသောလျို့ဝှက်ချက်တခုကိုကျွန်ုပ်ထံအပ်နှံ၍ တမလွန်သို့
ကူးပြောင်းသွားခဲ့ချေပြီ။
ရင်ရွှေရှိရာလှမ်းကြည့်မိရာ သွေးအိုင်အတွင်းရုပ်ပျက်ဆင်းပျက် အသက်ပျောက်နေသည်ကိုမြင်လိုက်ရသည်။
အာရုံဦးရှေ့ပြေးရောင်ခြည်များစတင်ဝင်ရောက်လာပြီဖြစ်သည်။
သွေးအတိဖုံးလွမ်းနေသောပတ်ဝန်းကျင်ကြောင့်မနက်ခင်းအာရုံဦးကအရုပ်ဆိုးအကျည်းဆန်လွန်းနေပါတော့သည်။
============================
ပြီးပါပြီ
မြူခိုးအလက်ာ