ပြည်ပန်းမိုး
ကုလားဘိုတီး ပိုက်ဆွေးနှင့် ဖာတစ်ရာလှေ
“မြစ်ပြင်ရယ် ကျယ်ပါဘိလေး အေးဟေ့အေး… စားစရာ ငါး… အားဟ… သတ္တဝါ … ခုန်လွှားပြန်ဆင်း… အင်းအင်း… မြင်ကွင်းက ဝါး… အားဟအား… တစ်ရာ… ပိုက်မှာ တွယ်ငြိ မိတန်ကောင်း… အောင်း. အောင်းရဲ့တစ်ခါ။
အသာအယာ လျှော့ကာဆွဲ၊ အသက်ပင် မရှူရဲ… လက်ထဲ… လက်ထဲရောက်လို့ ခုချိန်မှာ… လူက ဇရာ… ပိုက်မှာဆွေး… အေးဟေ့ ဟေ့… ငိုကြွေးမြည်တမ်း အမ်းအမ်း… မြစ်ကမ်းဗွေက ဝါးဟားဟဟ… ဝါးတစ်ရာ…”
ဝါးတစ်ရာမြစ်အတွင်း၌ နှင်းမှုန်တို့က တဖွဲဖွဲ ကျဆင်းလျက် ရှိ၏။ နှင်းက သိပ်သည်းစွာ ကျနေသည်မို့ လှေတစ်ကမ်းကိုပင် မမြင်ချင်။
ဤသည်ကို မြို့က စာရေးဆရာ ရွာကိုလာတုန်းက နှင်းသင်တိုင်းခြုံတယ်လို့ ပြောသွားလေရဲ့။ သူကတော့ စာရေးဆရာဆိုတော့ ပြောတတ်တာပေါ့။
ဘာပဲပြောပြော မြစ်ထဲမှာ အခုလို နှင်းတွေ တသည်းသည်းကျလျှင် ကုလားဘိုတီးအဖို့ ဝမ်းသာကြည်နူးရသည်လေ။
ကြည့်စမ်း … ဒီလို ဆောင်းရာသီဝင်စဆိုလျှင် ငါးသလောက်တွေ ပျော်မြူးပြီး မြစ်ထဲဆင်းချိန်ပေါ့။
“ငါးမှာ ငါးသလောက်၊ မယား ဆံတောက်” တဲ့။
တယ်နိပ်တဲ့ ဟာတွေလေ။ ရောင်းလို့ကောင်း၊ စားလို့
ကောင်းပေါ့။ ငါးကအဆင်း၊ ပိုက်ကအချ ဆိုလျှင် အဟေး တစ်ပိဿာကျော်တဲ့ ကောင်ကြီးများ ရလို့ကတော့ ဘိုတီး ထောပြီပေါ့။ ငါးသလောက် ပိဿာကောင်ဆို ရှစ်ထောင်၊ တစ်သောင်းဗျ။
မှန်သည်။
ယခုတလော ကုလားဘိုတီး ငါးတန်နှင့်သာ ညားညားနေရ၏။
“တစ်ခါတလေလေးများ တိုးစမ်းပါ ငါးသလောက်ကြီးရယ်”
လို့ ကုလားဘိုတီး တွေးနေမိသည်။
သို့ရာတွင် “လူက ဇရာ၊ ပိုက်မှာဆွေး” ဆိုသလို ကုလားဘိုတီး၏ ပိုက်က အတော်ဆွေးနေပြီ။ ဆွေး၍ ပေါက်ပြဲနေသော နေရာတွေကို ထပ်၍ ထပ်၍ ဖာထေးနေရသည်။ ပိုက်က ဖာတစ်ရာပိုက်။
လှေကလည်း ကြည့်ဦး။ ကုလားဘိုတီး လူပျိုကတည်းက ဒီလှေကို အသုံးပြုပြီး ရှင်ငြိမ်းသာနှင့် အကြောင်းပါခဲ့သည်။ ဒီလှေနှင့်ပင် ရှင်ငြိမ်းသာကို ခိုးပြေးခဲ့ဖူးသည့် မင်္ဂလာလှေလေးပေါ့။
ယခု ရှင်ငြိမ်းသာလည်း အသက် (၄ဝ) ကျော်ပြီ။ ကုလားဘိုတီးလည်း (၅ဝ) ဝန်းကျင်။
ပိုက်ကသာ တစ်ဖုံပြီးတစ်ဖုံ ပြောင်းပြောင်းသွားသည်။ လှေကတော့ ဒီနှစ်လည်း ဒီလှေ၊ မနှစ်ကလည်း ဒီလှေ၊ ယခုလည်း ဒီလှေ။ ဆွေးတဲ့သစ်သားတွေ ဖယ်ထုတ်၊ အစားပြန်ထည့်၊ ပွဲ့လျက်နဲ့ ဖာထေး၊ ရေနံသုတ်၊ ပြန်ထွက်။
ဖာတစ်ရာ ခတ်လှေမို့ ရေက သိပ်မလုံချင်တော့။ ဒီကြားထဲ ဖာတစ်ရာလှေကို ဝါးတစ်ရာမြစ်က မညှာချင်။ တစ်ခါတစ်ခါ မိုးသက်မုန်တိုင်းကျလျှင် ဝုန်းခနဲ ဒိုင်းခနဲ လှိုင်းက လာလာရိုက်လို့ ကုလားဘိုတီးအဖို့ ဘုရားတပြီး လှေပေါ် လိုက်ရ၏။
ဒီလှေလေးက သနားစရာ။ နှစ်ပေါင်းများစွာ ကုလားဘိုတီးတို့ကို လုပ်ကိုင်ကျွေးနေသည့် သားကောင်းလေးလေ။
အင်း… ဘယ်ချက် လှေနှစ်ခြမ်း ဖြန်းခနဲ ကွဲမည်တော့ မသိ။ လေကအကွဲ၊ ပိုက်ကအပြဲနှင့် ဆိုတော့ ကုလားဘိုတီးအဖို့ ငါးသလောက်မဆွဲဘဲ အသည်းပင် ကွဲလေဦးမည်လား မဆိုနိုင်။
ထို့ကြောင့် ခါတိုင်းဆိုနေကျ သီချင်းမျိုးကို ကုလားဘိုတီး မဆိုချင်။ တံငါအိုသီချင်းကို ပိုက်ချရင်း အသံပြဲကြီးနှင့် ကုန်းအော်နေတော့သည်။
“လူ… က ဇရာ၊ ပိုက်မှာဆွေး… အေးအေး… ဟေ့… အေး၊ ငိုကြွေးမြည်တမ်း… အမ်း… အမ်း”
“ဟေ့ ဘိုတီး၊ ဒီတစ်ခါ သံစဉ်တွေဘာတွေ ပြောင်းနေပါလား”
ဓားမြဟန်လေ။ ကုလားဘိုတီး၏ သူငယ်ချင်း၊ ယောက်ဖ။
သူကတော့ ဦးချွန်းပဲ့ချွန်း လှေကအသစ်နဲ့ဆိုတော့ ကြွားနိုင်ဝါနိုင်တာပေါ့လေ။
ကြည့်ပါလား … ပိုက်ချတာ ရိုးရိုးမချ။ ရင်ဘတ်ကော့ကော့ပြီး ပိုက်အသစ်ဖြစ်ကြောင်း ကြွားရသည်မှာ အမော။
“အေးကွ မြဟန်ရ၊ စကားနောက်တရားပါဆိုသလို ငါးတန်တွေနဲ့ပဲ ညားညားနေတော့ သံစဉ်လေးပြောင်းဆိုရင် ငါးသလောက်လေး ဘာလေးများ ရမလားလို့။ ငါးကြင်းတွေ ဆန်၊ ငါးတန်တွေ သောင်ခြေ ဦးမှာဆိုတဲ့ သီချင်းကို မဆိုချင်လို့ သီချင်းပြောင်းဆိုတာ။ ဘယ်နှယ့်လဲ၊ ငါဆိုတာ ကောင်းလား”
“ကောင်း မကောင်းတော့ မသိဘူး။ နားငြီးတာကတော့ အတူတူပဲ။ ဘယ်နှယ့်လဲ အဆင်ပြေရဲ့လား”
“ဘယ်ပြေပါ့မလဲ။ လှေက ဖာတစ်ရာ၊ ပိုက်ကဆွေးဆိုတော့ နင့်နှမ ရှင်ငြိမ်းသာ ငါးသလောက်နဲ့ ဝေးနေတာကြာပေါ့ ယောက်ဖရဲ့။ ရှင်ငြိမ်းသာက ပြောလှပြီ။ တစ်နေ့တစ်နေ့ ရတာနဲ့၊ သောက်ပစ်တာနဲ့ မထူးဘူးတဲ့။ မသောက်မစားဘဲ စုထားရင် အခုလို ပိုက်စုတ်ကို ဒုက္ခခံပြီး ဖာနေစရာတောင် မလိုဘူးတဲ့။ အခုတော့ ပိုက်တစ်ဖုံပျက်လို့ တစ်ဖုံ မဝယ်နိုင်တာ ရှင်ညံ့လို့တဲ့”
“အဲဒီတော့ မင်းက ဘာပြောလိုက်သလဲ”
“အေး… ဟုတ်တယ်၊ အပေါင်းအသင်း မကောင်းလို့ အခုလို ဖြစ်တာ။ ရွှေရောင်းတဲ့ကောင်နဲ့ပေါင်းရင် ရွှေရောင်းရမှာ။ အခုဟာက မြဟန်လို တံငါသည်နဲ့ပေါင်းပြီး ပိုက်ချတော့ ပိုက်သမားပဲ ဖြစ်ဘာပေါ့။
ဒီကြားထဲ အခမဲ့ သုဘရာဇာအလုပ်ကလည်းရှိတော့ ဘယ်ကလာ ပိုက်တစ်ဖုံဖိုး ရမလဲ။ ငါရှာလို့ရသမျှလည်း နင်တို့မြေးအဘွားတွေပဲ စားကြတာလို့ ပြောလိုက်တာပေါ့။ ဒီတော့ ရှင်ငြိမ်းသာက…
“အမလေး … တော့်လုပ်စာကို အလကားထိုင်မစားဘူး။ လျှော်ရဖွပ်ရ၊ ချက်ရပြုတ်ရ၊ တော့်ပိုက်စုတ်ကို ဖာရထေးရနဲ့ ကျုပ် အားနေတာ မြင်လား။ အဲဒါကို မကျေနပ်ရင် နေရာချင်းလဲမယ်။ ကျုပ် မြစ်ထဲဆင်းမယ်။ ရှင်အိမ်မှာ ထမင်းချက်၊ လျှော်ဖွပ်။ ကျုပ်လုပ်သလို အိုးခွက်ပန်းကန်ကအစ တိုက်ချွတ်ဆေးကြော၊ ဘယ်နှယ့်လဲ”
“ဖြစ်ပါ့မလား ရှင်ငြိမ်းသာရယ်။ မင်း မြစ်ထဲဆင်းတော့ ငါးတွေ လန့်ပြေးကုန်မှ ခက်မယ်”
“အံမယ်… လူကို အထင်သေးလိုက်တာ။ ဟိုဘက်ပိုင်းက နွယ်နွယ်ဝင်းတို့ လင်မယားကို ကြည့်ပါလား။ လင်မယားနှစ်ယောက် ဦးစီးနဲ့ ပဲ့စီးလုပ်ပြီး ပိုက်ချတာ။ ဖြစ်တာပဲ”
“ဘာကိုဖြစ်တာလဲ၊ ရန်ဖြစ်တာလား။ အိမ်ထဲမှာ ရန်ဖြစ်တာ အားမရလို့ မြစ်ထဲဆင်းပြီး နောင်ဂျိန်ချတာ”
“ကြွကြွ … မြန်မြန်သာကြွ။ တော့်ပိုက်စုတ်နဲ့ လှေအိကို ကျုပ် မကြည့်ချင်တော့ဘူး” တဲ့။
အဲဒီလိုပြောပြီး ငါ့ကို နှင်ချလိုက်တာနဲ့ ငါလည်း စောစောစီးစီး စကားမများချင်လို့ ပိုက်ထမ်းပြီး မြစ်ထဲဆင်းလာတာ။ အဲဒါ မင်း မကောင်းလို့ မင်းရဲ့နှမလည်း မကောင်းတာ ယောက်ဖရဲ့”
“အေး… မကောင်းမှန်သိရင် မပေါင်းနဲ့ပေါ့ကွ။ ဘာဖြစ်လို့ ငါ့ကို လိုက်လိုက်ခေါ်ပြီး ပေါင်းနေရလဲ”
“မခေါ်လို့ ဘယ်ဖြစ်မလဲ။ မင်း မကောင်းမှန်း ငါ သိတယ်။ ဒါပေမယ့် ပေါင်းစရာလူ မရှိတော့ ဒီလိုပဲ ပေါင်းနေရတာ ယောက်ဖကြီးရေ”
ကုလားဘိုတီးက ပြောပြောဆိုဆိုနှင့် နောက်လှည့်ကြည့်လိုက်သောအခါ မြဟန် လှေကို မတွေ့ရတော့။ မြန်လိုက်တဲ့လှေ၊ စက်တပ်ထားသလား အောက်မေ့ရတယ်။ လိမ်ကုန်းဘက်သို့ ဦးတည်သွားလေရဲ့။
ဒီတော့ နေရာ၌ ကုလားဘိုတီး တစ်ဦးတည်း ကျန်ရစ်ခဲ့သည်။
ထိုအခါ ကုလားဘိုတီးက-
“လှေကအဖာ… ပိုက်မှာဆွေး… ငိုကြွေးမြည်တမ်း… မြင်စမ်းပါ့ ရှင်ငြိမ်းသာ… ဝါး… ဟားဟားဟား… ဝါးတစ်ရာ”
ဟူသော မောင်းကွဲသံဝါကြီးနှင့် အော်ဟစ်သီဆိုရင်း သူ၏ ပိုက်ဆွေးကို မြစ်အတွင်းသို့ ပစ်ချလိုက်လေတော့သည်။ သီချင်းထဲ၌ ရှင်ငြိမ်းသာကိုလည်း သတိရလို့ ထည့်ဆိုလိုက်ရပါသေး၏။
မြစ်ရေပြင်သည် တသွင်သွင်နှင့် စီးဆင်းနေဆဲ။
ညင်းသွဲ့သော လေမှာ နှင်းမှုန်တို့ကို သယ်ဆောင်ပြီး ဝါးတစ်ရာမြစ်ကို ဖြန့်ကြက်လွှမ်းခြုံနေဆဲပင် ဖြစ်လေသည်။
xxx xxx xxx
ရုတ်တရက် လှိုင်းလေလေးက မြူးတက်လာသည်။ ထိုလေနှင့်အတူ နှင်းပွင့်တို့က တွဲခိုလိုက်ပါလာသည်။ ပြီးတော့ ကုလားဘိုတီးကို နှင်းပွင့်တွေက ဖက်ယမ်းနမ်းရှုပ်တော့၏။
“အောင်မလေး အေးလိုက်တာ၊ ကျောထဲကို စိမ့်တက်သွားတာပဲ”
ကုလားဘိုတီး ဒီတစ်ခါတော့ အသံထွက်အောင်ပင် ညည်းညူလိုက်မိသည်။ ညနေက သောက်ထားသော အရှိန်ပင် ပျောက်သွားပြီ။ ဝမ်းထဲ၌ အပူဓာတ်ခံ မရှိတော့ ပိုချမ်းသည်၊ ပိုအေးသည်ဟု ကုလားဘိုတီး ထင်မိ၏။
ထိုအခါ ရှင်ငြိမ်းသာကို မျက်လုံးထဲ၌ ပြေးမြင်မိ သည်။ တစ်ဆက်တည်းပင် ရှင်ငြိမ်းသာ၏ မြည်တွန်တောက်တီးသံကို ကြားလာရ၏။
“ဘယ့်နှယ်တော်၊ သောက်လည်း သောက်နိုင်တဲ့ဟာတွေ။ အေးရင်လည်း အေးလို့တဲ့၊ ပူပြန်တော့လည်း နေပူခံလေးပေါ့ကွာတဲ့။ စိတ်ညစ်တော့လည်း စိတ်ညစ်လို့၊ ပျော်ပြန်တော့လည်း ပျော်လို့သောက်တာပါ မိန်းမရယ်နဲ့။ အမျိုးမျိုးအကြောင်းပြပြီး သောက်တယ်။ မောပြန်တော့ မောလို့တဲ့။ ပြောကို မပြောချင်ဘူး။ အရက်သမားမယား ဖြစ်ရတာ ဒီဘဝ ဒီတစ်ခါပဲ နောက်ဆုံးဖြစ်ပါစေတော်”
ဟူသော စကားသံတွေကို ပြန်ကြားလာမိသည်။
စင်စစ် ရှင်ငြိမ်းသာက ပြောသာပြောသည်။ တကယ်တမ်းတော့ “အရက်သမား မယားချစ်” ဆိုသလို ကုလားဘိုတီးကို ငယ်လင်ငယ်မယားမို့ အလွန်ချစ်၏။
ကြည့်စမ်း … ဝါဆိုလပြည့်နေ့က ရွာဦးကျောင်းသွားပြီး လင်မယားနှစ်ယောက် ဝါဆိုသင်္ကန်းပင် အတူတူကပ်ပြီး ရေစက်ချ၍ လှူခဲ့သေးသည်။ ပြီးတော့ ရှင်ငြိမ်းသာက ပြောသေး၏။
“ကိုဘိုတီးတဲ့၊ ရှင် ဒီနေ့မနက်ကို စောစောထ။ တို့လင်မယား ကျောင်းသွားပြီး ဝါဆိုသင်္ကန်း သွားလှူရမယ်။ ဒါမှ နောင်ဘဝလည်း ရေစက်ဆုံအောင်လို့”တဲ့။
အဟီး … အဲဒီတုန်းက သူပြောခဲ့တဲ့စကားလေး။ သားတွေ၊ မြေးတွေ ရနေတာတောင် ကုလားဘိုတီးကို ငယ်ငယ်တုန်းကလိုပဲ ချစ်သေးသကိုး ဟု ကုလားဘိုတီး တွေးနေမိသည်။
မှန်သည်။ မြည်တွန်တောက်တီးတာက ရှင်ငြိမ်းသာ၏ ဝသီလို ဖြစ်နေပြီ။ ကုလားဘိုတီးကလည်း မူးတော့မူးသည်၊ ရမ်းသည်ဟူ၍ မရှိ။ ရှင်ငြိမ်းသာကို အရက်မူးပြီး ရိုက်သည်ဟူ၍ ယခုအချိန်ထိ မရှိခဲ့။ ထို့ကြောင့် ရှင်ငြိမ်းသာက ယခုလို သည်းခံပေါင်းသင်းနေခြင်းပင်တည်း။
ကုလားဘိုတီး အတွေးတွေက ပလုံစီနေသည်။ ရေစီအတိုင်း မျောပါသွားသော ပိုက်၏ ဖော့ခေါင်းလေးများကို ကြည့်ရင်း လှေအိုလေးကို လှော်ခတ်နေမိသည်။
“ဝုန်း…”
“ဘုတ်”
ရှည်မျောမျောသတ္တဝါကြီးသည် ပိုက်ထဲမှ ရုန်းထွက်ပြီး ကုလားဘိုတီး၏ လှေပေါ်သို့ ခုန်တက်လိုက်လေသည်။
“ဘုရား… ဘုရား”
ကုလားဘိုတီးမှာ ဘုရားတရတော့၏။ ထမခုန်မိအောင် မနည်းပင် စိတ်ကို ချုပ်တည်းထားလိုက်ရလေ၏။
အကြောင်းမူ ပေါင်လုံးနီးပါးရှိသော စပါးကြီးမြွေကြီးသည် ဒိုက်ပုံကို စီးလာပြီး ပိုက်အတွင်းသို့ ဝင်ရောက်သွားပုံရ၏။ ထို့နောက် ပိုက်တွင်း၌ မိနေဟန်ရသော ငါးကို ကိုက်ခဲဝါးမျိုစားသောက်ပြီး ပိုက်တွင်းမှ ခုန်ထွက်၏။ ထိုအခါ ပိုက်ကို ဆွဲရုပ်နေသော ကုလားဘိုတီးလှေပေါ်သို့ ပိုက်ပေါက်မှ တိုးထွက်လာပြီး ဝုန်းခနဲအသံနှင့်အတူ လှေပေါ်ကို တက်ရောက်လာလေတော့၏။
ထို့ကြောင့် ကုလားဘိုတီး မျက်လုံးများပင် ကျွတ်ထွက်မတတ် ဖြစ်သွားသည်။ ဘာလုပ်၍ ဘာကိုင်ရမှန်း မသိဘဲ ငိုင်တွေသွားသည်။
မိမိလှေပေါ်သို့ ဝုန်းခနဲ တက်ရောက်လာသော စပါးကြီးမြွေကြီးသည် ကုလားဘိုတီး၏ ပိန်ညှော်ညှော် ကိုယ်လုံးထက်ပင် ကြီး၏။ လှေဦးပင် အောက်ဆိုက်ပြီး ခါယမ်းသွားသည်။
ဒီမျှကြီးမားသော မြွေကြီးမျိုး ကုလားဘိုတီး တစ်သက်နှင့်တစ်ခါမျှ မမြင်ဘူးခဲ့။
မြွေကြီး သည် ရေစီးနှင့် မျောပါလာသော ဒိုက်ပုံကြီးထဲတွင် ဝင်ခွေပြီး ဒိုက်နှင့်အတူ မျောပြီးပါလာဟန်တူ၏။ ထို့နောက် ကုလားဘိုတီး၏ ပိုက်နား ရောက်သောခါ ကုလားဘိုတီး၏ ပိုက်ဆွေးကို ထိုးဖောက်ဝင်ရောက်ပြီး ပိုက်အတွင်းက ငါးတွေကို စားသောက်ဝါးမျိုပြီး ကုလားဘိုတီးရှိရာသို့ ခုန်ထွက်လိုက်ရာ လှေပေါ်သို့ ဝုန်းခနဲ ပစ်ကျခြင်းပင်တည်း။
ကြံကြံဖန်ဖန် ကြုံမှကြုံတတ်ပါပေ့။ မြစ်ထဲ၌ ငါးသလောက်လေးများ ရလိုရငြား ပိုက်ချပါသည်၊ မြွေကြီးနှင့် လာတိုး၍ ကုလားဘိုတီး အသည်းတုန်ဖြစ်သွားရလေသည်။
မြွေကြီးသည် ကုလားဘိုတီးကို တစ်ချက်လှမ်းကြည့်ပြီး-
“ဘိုတီး … နင် သတိထား”
ဟု ကြိမ်းမောင်းသည်ဟု ထင်၏။
ထို့နောက် ရေထဲသို့ ဝုန်းခနဲ ခုန်ဆင်းပြီး ရေကူးပျောက်ကွယ်သွားလေတော့သည်။ မြွေကြီး ရေကူးသွားရာ မြစ်ပြင်တစ်လျှောက်၌ စက်လှေတစ်စင်း ခုတ်မောင်းသွားသလို ရေလှိုင်းများ ထ၍ ကျန်ရစ်ခဲ့လေသည်။
ဪ… ကုလားဘိုတီး ဒုက္ခကလည်း မသေးလှ။
မြစ်ထဲဆင်း၍ ငါးသလောက် ပိုက်ချသည်။ သို့သော် ငါးသလောက် မရဘဲ မြွေကြီးတစ်ကောင်က ဒိုက်နှင့်မျောပြီး ကုလားဘိုတီး၏ ပိုက်ထဲဝင်၏။ ထို့ နောက် ပိုက်ပေါက်မှ ခုန်ထွက်ပြီး လှေပေါ် ပြေးတက်သည့်အဖြစ်။
ကုလားဘိုတီး၏ အဖြစ်မျိုး တံငါသည် (၁ဝ) ဦး၌ တစ်ဦးပင် ကြုံဖို့မလွယ်သော ကိစ္စမျိုးပင်တည်း။
မည်သို့ဆိုစေ မြွေတို့မှာ ကုန်းပေါ်၌ရှိသော တောနက်များတွင်သာ ပျော်ရွှင်စွာ နေထိုင်တတ်ကြသည်။ ကုလားဘိုတီးအဖို့ ရေထဲ၌ နေသော မြွေကြီးကိုလည်း မြင်တွေ့ခဲ့ရပြန်၏။
ထို့ကြောင့် ကုလားဘိုတီးသည် ပိုက်ချခြင်းအလုပ်ကို ယနေ့အဖို့ ရပ်တန့်လိုက်သည်။ ပိုက်အားလုံးကို လှေပေါ်သို့ ဆွဲတင်လိုက်၏။ ထို့နောက် ဝါးတစ်ရာရွာဆီသို့ လှေကို ဦးတည်လိုက်လေတော့သည်။
xxx xxx xxx
“ရှင်ငြိမ်းသာရေ… ရှင်ငြိမ်းသာ”
ကုလားဘိုတီးက ရေတွေစိုရွှဲပြီး အိမ်ပေါ်သို့ ကမန်းကတန်း တက်လာသည်။ ထို့နောက် ပခုံးပေါ်ထမ်းလာသော ပိုက်လိပ်ကြီးကို ဝုန်းခနဲ ပစ်ချလိုက်သည်။
“ဟယ်… ကိုဘိုတီး၊ ရှင် ဘာဖြစ်လာတာလဲ။ မျက်စိမျက်နှာလည်း မကောင်းပါလား။ ကျုပ်ရင်တွေ တုန်လိုက်တာ။ ပြောစမ်း … ရှင် မြစ်ထဲမှာ ဘယ်သူနဲ့ ရန်ဖြစ်လာလဲ”
ဒေါ်ငြိမ်းသာက မျက်စိပျက် မျက်နှာပျက်နှင့် အိမ်ပေါ်တက်လာသော ကုလားဘိုတီးကို ကြည့်၍ ရင်ထိတ်သွားမိသည်။ ခါတိုင်း ဒီလိုအချိန်၌ အိမ်ကို ပြန်လာလေ့မရှိ။ မြစ်ထဲက တက်လာသည်နှင့် ရှာဖွေ၍ ရလာသော ငါးတွေကို ငါးဒိုင်သွင်းပြီး ငွေယူ၍ အိမ်သို့ ဆွမ်းခံပြန်ချိန်သာသာလောက်မှ ပြန်ရောက်တတ်သည်။
ထို့နောက် ပိုက်တွေ၊ လှေတွေ သိမ်းဆည်းပြီး ငါးရောင်းရငွေကို ဒေါ်ငြိမ်းသာလက်ထဲ ထည့်သည်။ ပြီးမှ အရက်တစ်လုံးဖိုးလောက် ပြန်ယူပြီး ရွှေပြည်တန်ကို သွားတတ်သည်။
ထို့နောက် အိမ်ပြန်ပြီး ထမင်းစား၊ တစ်ရေးတစ်မော အိပ်ပြီးမှ ညရေအတွက် မြစ်ထဲဆင်းတတ်သည်။
တစ်ခါတစ်ခါ၌ နံနက်ပိုင်း ရေတက်ဦးမီ၍ မြိုးမြိုးမြက်မြက်လေး ငါးရသည့်အခါမျိုးတွင် ညနေဘက် မဆင်းတော့။ အေးအေးဆေးဆေး အနားယူတတ် သည်။
ယခုတော့ ဒီလိုမဟုတ်။ လူတစ်ကိုယ်လုံးလည်း ရေတွေစိုရွှဲပြီး မျက်စိပျက် မျက်နှာပျက်နှင့် အစောကြီး ပေါက်ချလာသည်။ မျက်စိပျက် မျက်နှာပျက်နေသော ကုလားဘိုတီးကိုကြည့်၍ ဒေါ်ငြိမ်းသာ ရင်တုန်ပန်းတုန် ဖြစ်ရသည်။
“ရှင်ငြိမ်းသာရေ၊ ဒီနေ့တော့ ဘာငါးမှ မရဘူးကွာ။ ပိုက်ကြီးလည်း ပြဲကွဲပြီး ဒုက္ခရောက်လိုက်တာ ငြိမ်းသာရယ်။ ငါ သေပြီတောင် အောက်မေ့နေတာ။ ငါ တစ်ခါမှ ဒီလိုအဖြစ်မျိုး မကြုံဘူးပေါင်ကွာ”
ကုလားဘိုတီးက ဝမ်းနည်းပက်လက်နှင့် ဖြစ်ပျက်ပုံအလုံးစုံကို သူ့မိန်းမ ရှင်ငြိမ်းသာအား ပြောပြသည်။ မြွေကြီးက ပိုက်ထဲမှ ဖောက်ထွက်ပြီး သူ့လှေပေါ် ခုန်တက်သည့်အကြောင်း၊ ထို့နောက် သူ့အား မျက်လုံးကြီးပြူးကြည့်ပြီး ရေထဲခုန်ဆင်းသွားသည့်အတွက် သူ့မှာ ရင်တွေတုန်ပြီး ကျန်ရစ်ခဲ့ရသည့်အကြောင်းများကို ရှင်ငြိမ်းသာအား ပြောပြလိုက်သည်။ ရေထဲ၌ စပါးကြီးမြွေညှို့ပြီး မြွေမျိုခံရမည့် အဖြစ်မျိုး။
“အဲဒါကြောင့် ငါလည်း စိတ်ညစ်ပြီး ပိုက်ဆက်မချတော့ဘဲ အိမ်ပြန်လာတာ။ ငါးမရလို့ ရေချိုးပြန်ရတယ်ဆိုတာ ဒီတစ်ခါပဲ ကြုံဖူးတယ် မိန်းမရာ။ ငါ့ကို ခွင့်လွှတ်ပါကွာ”
“အို… ကိုဘိုတီးကလည်းရှင်၊ ကလေးကျနေတာပဲ။ ငါးမရတာနဲ့ ငိုတော့မလို ဖြစ်နေရသလား။ ရှင် ယောက်ျား မဟုတ်ဘူးလား။ ဘာလဲ … ရှင့်ပိုက်က သုံးလို့မရတော့ဘူး မဟုတ်လား”
“အေးပေါ့ ရှင်ငြိမ်းသာရယ်။ ငါး မရရတဲ့ကြားထဲ ပိုက်ကဆွေးပြီး ပြဲထွက်သွားတော့ ငါ စိတ်ညစ်ပြီး အိမ်ပြန်ပြေးလာတာ”
ကုလားဘိုတီးက ပြောရင်းဆိုရင်းမှ ဝမ်းနည်းသံတွေပင် ပါ၏။ ရှင်ငြိမ်းသာကို မြင်မှ ပို၍ ဝမ်းနည်းသွားသလို ခံစားရလိုက်ရ၏။
ဒီနေ့မနက် အိမ်က ထွက်ကတည်းက ရှင်ငြိမ်းသာက သူ့ကို အိမ်ပေါ်က နှင်ချခဲ့သည်လေ။
“တော့်ရဲ့ ပိုက်စုတ်နဲ့ လှေအိုကို ကျုပ် မမြင်ချင်တော့ဘူး။ ကြွကြွ … မြန်မြန်သာကြွ”
ဟူ၍ ရှင်ငြိမ်းသာက ပြောခဲ့သည် မဟုတ်ပါလား။ စကားနောက်တရားပါ ဆိုသလို ပိုက်စုတ်နှင့် လှေအိုကို အဖော်ပြုလိုက်သည်မို့ ငါးမရဘဲ မြွေမျိုခံရမည့်ဘေးမှ သီသီလေး လွတ်ကင်းခဲ့ရသည်သာ။
ထို့ကြောင့် ရှင်ငြိမ်းသာ ပြောသော စကားကို ပြန်တွေးမိကာ ယခုလို ဖြစ်ပျက်မှုကြောင့် ကုလားဘိုတီးအဖို့ ဝမ်းနည်းကြေကွဲသွားခြင်းလည်း ဖြစ်ဟန်တူလေသည်။
“ဪ… ဒါကြောင့်ကိုး။ အတိတ် နိမိတ်ဆိုတာ မယုံလို့ မရဘူး။ မြွေက လှေပေါ်တက်တော့ တို့ စီးပွားတက်တော့မှာပေါ့။ ဘာမှ အားမငယ်နဲ့။ တို့ လွန်ခဲ့တဲ့ ဝါဆိုလပြည့်နေ့က တို့လင်မယားနဲ့ မြေးလေး ဖိုးသင်္ကြန်ပါ ရွာဦးကျောင်းသွားပြီး ဝါဆိုသင်္ကန်းလှူတာ သတိရသေးလား”
“အေး… ရသားပဲ၊ ငါ ကျောင်းက မုန့်ဟင်းခါးတွေ အရမ်းစားတော့ ဗိုက်နာပြီး အိမ်ကို ပြန်ပြေးရတာလေ”
“အေး… ဟုတ်တယ်၊ အဲဒီနေ့က ကိုဘိုတီးလည်း ပြန်သွားရော တို့မြေးအဘွားနှစ်ယောက် ပြန်လာတော့ လမ်းမှာ ထီရောင်းတဲ့ စက်ဘီးလေးတွေ့တာနဲ့ ကျုပ် ထီဆယ်စောင်ထိုးခဲ့တယ်။ အဲဒါ အခု သိန်းတစ်ရာဆုမှာ ရှေ့အက္ခရာနဲ့ သုံးလုံးတူလို့ တွတ်နှစ်သိန်းရတယ်ဆိုပြီး ထီသမားလေးက ခုနကပဲ လာပြောသွားတယ်။ ငွေနှစ်သိန်းဆိုတာ နည်းတဲ့ငွေမှ မဟုတ်ဘဲ”
“ဟာ… တကယ်ပြောတာလား ရှင်ငြိမ်းသာရယ်။ ငါ အသက် (၅ဝ) ပြည့်တော့မယ်။ တစ်ခါမှ ထီမပေါက်ဖူးဘူး။ အခု မင်း ထီ နှစ်သိန်းပေါက်တယ် … ဟုတ်လား။ ဟုတ်မှလည်းလုပ်ပါ ရှင်ငြိမ်းသာရယ်။ ငွေက နှစ်သိန်းတောင် … ဟုတ်လား”
ကုလားဘိုတီးက သူ့မိန်းမ ရှင်ငြိမ်းသာ ပြောသည်ကို မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေ၏။ ရင်ထဲ၌ ဝမ်းသာလုံးကြီး တစ်ဆို့ဆို့ကြီး ဖြစ်နေ၏။
“ဟုတ်တယ် … ထီသမားလေးမှာ ထီပေါက်စဉ်ပါ ပါလာတယ်။ သူက တိုက်ပြလို့ တို့တစ်တွေ သိရတာ။ အခု ရှင်သာ မသိသေးတာ။ တို့ တွတ်နှစ်သိန်းရတယ်ဆိုတာ တစ်ရွာလုံး ဟိုးဟိုးကျော်နေတာ ကိုဘိုတီးရဲ့။ ဝမ်းမသာဘူးလား”
“ဘယ့်နှယ်ပြောလိုက်ပါလိမ့် ရှင်ငြိမ်းသာရယ်။ ဝမ်းသာလွန်းလို့ မျက်ရည်တွေတောင် ဝဲကျလာတယ် ငြိမ်းသာရယ်။ သိပ်ချစ်ဖို့ကောင်းတဲ့ ရှင်ငြိမ်းသာရယ်၊ ငွေနှစ်သိန်းပိုင်ရှင် ကံထူးသူကြီးရယ်”
ကုလားဘိုတီးက ပြောပြောဆိုဆိုနှင့် ဝမ်းသာအားရ ဒေါ်ငြိမ်းသာ၏ ပါးပြင်ကို အားပါးတရ နမ်းရှုပ်ပစ်လိုက်၏။
“ဟာ… ထီပေါက်တယ်ဆိုတာနဲ့ ဘွားဘွားကြီးကို ဘိုးဘိုးကြီးက နမ်းတယ် … နမ်းတယ်”
ဖိုးသင်္ကြန် ဘယ်လိုက ဘယ်လို သူတို့အနား ရောက်လာသည် မသိ။ အသံလေး တစာစာနှင့် အော်ပါလေတော့၏။
“အေးပေါ့ကွ၊ မင်းချည်းပဲ မင်းဘွားဘွားကို နမ်းတော့ ကောင်းလား။ ငါလည်း တစ်ခါတလေ နမ်းတာ ဘာဖြစ်လဲ။ နမ်းတယ် … နမ်းတယ်ကွာ။ အဲဒါဘာဖြစ်လဲ။ ရင်ထဲကို အေးပြီး မွှေးသွားတာပဲ ရှင်ငြိမ်းသာရယ်။ အခုမှပဲ အမောတွေ ပြေသွားတော့တယ်”
“အို… ကိုဘိုတီးကလည်း ကလေးကလားနဲ့၊ သွားစမ်းပါတော်။ နောက် တစ်ရက် နှစ်ရက်လောက်ကြာရင် ရှင့်ကို ပိုက်အသစ်တစ်ဖုံ ဝယ်ပေးမယ်။ ဒီပိုက်ဆံလေးနဲ့ လှေလေးကို အကောင်းဆုံးဖြစ်အောင် ပြင်မယ်။ ဒီလှေလေးက အိုပေမယ့် အကျိုးပေးတဲ့ အဖိုးတန်လှေလေးပါ။ တို့မင်္ဂလာဦးလှေမို့ အကောင်းဆုံးပြင်ပြီး သုံးရမယ်။ ပြီးတော့ ဒီမြေးလေး ဖိုးသင်္ကြန် မင်္ဂလာဆောင်ရင် လက်ဖွဲ့ရမယ်”
“ဟုတ်လိုက်လေ ရှင်ငြိမ်းသာရယ်။ တို့ရဲ့မင်္ဂလာလှေအိုလေးပေါ်ကို မြွေကြီးတက်လာကတည်းက ထူးခြားတဲ့နိမိတ်ဆိုတာ ငါ မတွေးမိဘူးကွာ။ ကဲ… ဝမ်းသာတဲ့ အထိမ်းအမှတ်နဲ့ ငါ့ကို တစ်လုံးဖိုး လောက်ပေးကွာ။ ဟိုမှာ မင်းအစ်ကို ငါ့ယောက်ဖ မြဟန် ရွှေပြည်တန်မှာ စောင့်နေလေရဲ့”
“ရော့ ရော့ … သိပ်ပြီးမူးအောင် မသောက်နဲ့။ မြန်မြန်ပြန်ခဲ့။ ကျုပ် စိတ်မပူပါရစေနဲ့တော်”
“အေးပါ ရှင်ငြိမ်းသာရယ်။ ပေါက်မယ့်ပေါက်လည်း သိန်းတစ်ရာတို့၊ သိန်းငါးရာတို့ ပေါက်ပါတော့လား။ အခု ငွေနှစ်သိန်းဆိုတော့ ပိုက်အသစ်နဲ့ လှေအိုလေးကို ပြင်လို့ရတာပေါ့။ ပိုတာလေးကို ရွာဦးကျောင်းသွားပြီး တို့လင်မယား ဆွမ်းကပ်ကြတာပေါ့ကွာ”
“အင်း… ဟုတ်တယ် ဟုတ်တယ်။ လှူလို့ရတာ ရတော့ ပိုလှူရတာပေါ့ ကိုဘိုတီးရယ်”
ဒေါ်ငြိမ်းသာသည် အိမ်ပေါ်မှ ဝမ်းသာအားရဖြင့် ဆင်းသွားသော ကုလားဘိုတီး၏ကျောပြင်ကို ကြည့်၍ ကြည်နူးရွှင်မြသော အပြုံးနှင့် ပြုံးပြုံးကြီးလုပ်နေလေတော့သည်။
ကုလားဘိုတီးက ကြံဖန်၍ ကံကောင်းသည်ဟု ဆိုရမည်ပင်။ ငါးမရ၍ ရေချိုးပြန်ခဲ့ရသော်လည်း ရှင်ငြိမ်းသာ၏ ကံထူးမှုကြောင့် ကုလားဘိုတီး ပျော်ရွှင်ရပြန်လေသတည်း။
“ဘွားဘွားကြီး၊ သားသားကို ဘာဝယ်ပေးမှာလဲ။ ဘွားဘွားကြီး ငွေနှစ်သိန်းတောင် ရမှာဆို”
ဖိုးသင်္ကြန်က သူ့ဘွားဘွား၏ လက်ကိုဆွဲရင်း မေး၏။ စကားတတ်သော ကလေးမို့ ဒီမြေးဦးလေး ဖိုးသင်္ကြန်ကို ဒေါ်ငြိမ်းသာက အသည်းစွဲချစ်ရသည်။
“ဝယ်ပေးမှာပေါ့ သားသားရဲ့”
“ဘာဝယ်ပေးမှာလဲ”
“လှေတစ်စီးနဲ့ ပိုက်တစ်ဖုံ”
“ဘယ်တော့လဲ၊ အခုလား”
“သားသား ကြီးတော့ မိန်းမယူရင် ဘွားဘွားကြီး ဝယ်ပေးမှာပေါ့ သားသားရယ်”
ဟုပြောပြီး သူ့မြေးကြီး ဖိုးသင်္ကြန်ကို ကောက်ချီရင်း မြေးကြီး၏ ပါးပြင်ကို မွှေးမွှေးပေးလိုက်လေတော့သည်။
ထိုအခါ ဖိုးသင်္ကြန်က တစ်စုံတစ်ခုကို သတိရသွားဟန်တူ၏။ ပြီးလျှင် သူ့မျက်လုံးလေးကို မှိတ်တုတ် မှိတ်တုတ်လုပ်ရင်း-
“ဘိုးဘိုးကြီးက ဘွားဘွားကြီးကို နမ်းတာ ဒီလို… ဒီလို”
ဟု ပြောပြောဆိုဆို နံသာဖြူနံ့တွေ သင်းပျံ့မွှေးကြူနေသော သူ့ဘွားဘွား ဒေါ်ငြိမ်းသာ၏ ပါးပြင်ကို အားပါတရ မွှေးကြူနမ်းရှုပ်လိုက်လေတော့သည်။
သိဒ္ဓိမိုးမဂ္ဂဇင်း
မတ်လ ၊ ၂ဝဝ၉ ခုနှစ်
– ပြီး –
စာရေးသူ – ပြည်ပန်းမိုး
စာစီစာရိုက် – မုဆိုးတံငါစာပေမျာ